မကောင်းဆိုးဝါးနှင့် ထိပ်တိုက် တွေ့ဆုံခြင်း
Vol. 9 Ch. 123
ကျွီ...
ဗင်ဆင့် တံခါးကို ဖွင့်လိုက်၏။ ကိုလင်က ဘေးအိမ်မှ မိစ္ဆာဆိုးမှာ မည်မျှ ကြောက်စရာကောင်းကြောင်း တတွတ်တွတ် ဆက်လက်ပြောဆိုနေသော်လည်း ယခုတစ်ကြိမ်တွင်မူ ဗင်းဆင့် စိတ်မတိုတော့ပေ။
သူ ကိုလင်ကို ကူညီကာ နယ်နိမိတ်များ၊ ဝိညာဉ်နှင်သည့် အစီအမံများနှင့် ကိရိယာများကို တစ်ခုချင်းစီ စစ်ဆေးလိုက်ပြီး အရာအားလုံး စနစ်တကျ ရှိမရှိ သေချာအောင် စစ်ဆေးလိုက်သည်။
ထိုအတောအတွင်း ဗင်းဆင့်မှာ အီသာစွမ်းအင်ကို အသုံးပြုကာ ဘေးချင်းကပ် စာအုပ်ဆိုင်ကို စူးစမ်းရန် ကြိုးပမ်းခဲ့သော်လည်း ထူးခြားသည့် အချက်အလက်တစ်စုံတစ်ရာကိုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။
“မင်းပြောတာ တံခါးအပြင်ဘက်ကနေ တစ်မိနစ်နီးပါးလောက် အော်နေခဲ့တာပေါ့... ဟုတ်လား”
ဗင်းဆင့် မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် မေးလိုက်၏။
“ကျွန်တော် ကျိန်ရဲပါတယ်... ကျွန်တော် တကယ် ပြောနေတာပါ...”
ကိုလင်က ချက်ချင်းပင် အတည်ပြုသည်။
“အပြင်ကနေ တော်တော်ကြာအောင် လှမ်းခေါ်နေတာပါ... ဘာမှ ပြန်မထူးတာနဲ့ တံခါးကို ထုလိုက်တာ”
ဟူး...
ဗင်းဆင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ အခြေအနေမှာ သူ ထင်ထားသည်ထက် ပို၍ စိုးရိမ်ဖွယ် ကောင်းနေချေပြီ။ မိမိကိုယ်တိုင် အာရုံခြောက်ခြားမှု အတွင်း နစ်မြုပ်နေခဲ့သည်ကို လုံးဝ သတိမထားမိခဲ့ပါချေ။
ဗင်းဆင့် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။ မည်သို့ပင်ဖြစ်စေ ယခုအချိန်၌ အရေးကြီးဆုံးမှာ ကိုလင်၏ ပြဿနာကို ကူညီဖြေရှင်းပေးရန်သာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ပြဿနာကိုမူ လက်ရှိကိစ္စ ပြီးမြောက်သွားမှသာ အေးအေးဆေးဆေး ပြန်လည်စစ်ဆေးရပေမည်။
ညမှောင်လာသည်နှင့်အမျှ ဗင်းဆင့် မျက်လုံးများကို အနက်ရောင် အဝတ်စဖြင့် စည်းလိုက်၏။ ထို့နောက်... တစ္ဆေနှင်ထုတ်သည့် ကိရိယာများကို ပြင်ဆင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ညဉ့်ကောင်းကင်ယံအောက်ရှိ လရောင်ဝင်းပနေသော အချိန်တွင် သူ ဘေးအိမ်မှ စာအုပ်ဆိုင်တံခါးကို တွန်းဖွင့်လိုက်တော့သည်။
...
ကလောင်... ကလောင်...
“ကြိုဆိုပါတယ်ခင်ဗျာ... ဘာများ...”
လင်ကျဲ တစ်ယောက် ယနေ့အတွက် ရောက်ရှိလာသည့် ကံပါသူ ဖောက်သည်သစ်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။
သို့သော်လည်း... စကားမဆုံးမီမှာပင် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးကို အဝတ်စဖြင့် စည်းထားသည့် ထိုလူကို မြင်လိုက်ရသဖြင့် လင်ကျဲ ခဏမျှ မှင်တက်သွားရသည်။
‘မျက်မမြင် တစ်ယောက်လား... မဟုတ်သေးဘူး... မျက်မမြင် ဘုန်းတော်ကြီးတစ်ပါး ဆိုရင် ပိုမှန်လိမ့်မယ်’
သူတစ်ပါးအား လမ်းပြရမည့်သူကိုယ်တိုင်က သူတစ်ပါး၏ လမ်းပြမှုကို ခံယူရမည့်သူ ဖြစ်နေခြင်းမှာ အနည်းငယ် သရော်စာဆန်ကြောင်း လင်ကျဲ ဝန်ခံရပေမည်။
“ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျာ... စာအုပ်ဝယ်တာ၊ ငှားတာ ဒါမှမဟုတ် ဒီမှာပဲ ဖတ်ချင်တာပဲဖြစ်ဖြစ် စိတ်ကြိုက်လုပ်နိုင်ပါတယ်... ခဏလောက် အနားယူချင်ရင်လည်း ရပါတယ်နော်”
လင်ကျဲ၏ လေသံမှာ ပုံမှန်ထက် ပို၍ နူးညံ့နေပြီး နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ မွန်းက ဘုန်းတော်ကြီးကို ကူညီဖို့ အတွက် ရှေ့ကို တိုးလာသော်လည်း လင်ကျဲက လက်မြှောက်ကာ တားဆီးလိုက်သည်။
မွန်းကို တိတ်တိတ်နေရန် အမူအရာဖြင့် အချက်ပြလိုက်ပြီးနောက်...
“ဖာသာက အမိုးခုံး ဘုရားကျောင်းက ဘုန်းတော်ကြီးတစ်ပါးလား ခင်ဗျာ”
ဟု မေးမြန်းလိုက်လေတော့သည်။
...
ဗင်းဆင့် ခြေလှမ်းများကို ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူ၏ မူလ အစီအစဉ်က စာအုပ်ဆိုင်ပိုင်ရှင်ကို အကဲခတ်ရန် ဖြစ်သည်။ ကိုလင် ပြောပြချက်အရဆိုလျှင် ဤစာအုပ်ဆိုင်မှာ ပုံမှန်အတိုင်းပင် လည်ပတ်နေဆဲ ဖြစ်သည်။ အကယ်၍ ဆိုင်ရှင်သည် အမှန်တကယ်ပင် မိစ္ဆာဆိုး သို့မဟုတ် တန်ခိုးရှင်တစ်ဦး၏ ထိန်းချုပ်မှုကို ခံထားရသည်ဆိုလျှင်ပင် သာမန်အချိန်များတွင် ပုံမှန်လူကဲ့သို့ပင် မြင်တွေ့ရမည် ဖြစ်သည်။
ဗင်းဆင့်အနေဖြင့် ယခင်ကလည်း ယခုလို အခြေအနေမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် လူ့လောကတွင် ကျန်ရစ်ခဲ့သော ဝိညာဉ်အချို့မှာ မိမိကိုယ်ကိုယ် သေဆုံးသွားပြီမှန်း မသိဘဲ လူ့ဘဝက အပြုအမူများကို ထပ်ခါတလဲလဲ လုပ်ဆောင်နေတတ်ကြသည်။ ထို့ပြင် တစ္ဆေ၏ စွမ်းအားမှာ အိမ်ရှင်ကို တိုက်ရိုက်လွှမ်းမိုးရန် မလုံလောက်သည့် အခြေအနေမျိုးတွင် ပင့်ကူတစ်ကောင်ကဲ့သို့ ထောင်ချောက်ဆင်ကာ အိမ်ရှင်ကို တဖြည်းဖြည်းချင်း သေဆုံးစေသည့် ထူးခြားသော ဖြစ်ရပ်မျိုးလည်း ရှိတတ်ပေသည်။
ထို့ပြင်... ကိုလင်၏ ပြောပြချက်အရ ယခင်က မည်သည့် ထူးခြားမှုမျှ မရှိခဲ့ဘဲ လွန်ခဲ့သည့်လကမှ စာအုပ်ဆိုင်ပိုင်ရှင်ကို လျှပ်စစ်မိန်းခလုတ် တက်တင်ခိုင်းပြီးနောက်ပိုင်းတွင် ဤကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်များ စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင်... ဗင်းဆင့်က တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိသည်။ ဤသည်မှာ အခရာအဆင့် အိပ်မက်သားရဲကြီး ပေါက်ဖွားလာစဉ် ဖြစ်ပေါ်ခဲ့သည့် အိပ်မက်ဘုံ အက်ကြောင်းတစ်ခုမှ တစ်ဆင့် အဆင့်နိမ့် အိပ်မက်သားရဲတစ်ကောင် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ အဆိုပါ အဆင့်မြင့် သားရဲကြီး၏ အီသာလှိုင်းထန်မှုများကို အကာအကွယ်ယူ၍ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့၏ အကြည့်ကို ရှောင်ကွင်းကာ ပုန်းကွယ်နေခြင်း ဖြစ်နိုင်ပေသည်။
လောလောဆယ်တွင် ဗင်းဆင့်အနေဖြင့် တစ္ဆေသရဲ တစ်ကောင်၏ အငွေ့အသက်မျိုးကို မခံစားရလေရာ ဤသည်မှာ အိပ်မက်သားရဲ သို့မဟုတ် ထူးခြားသည့် တည်ရှိမှုတစ်ခု၏ လက်ချက်ဖြစ်မည်ဟု သံသယဝင်နေမိသည်။
မလာခင်ကပင် လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အစပျိုးလိုက်သည်နှင့် ယခုကဲ့သို့ အမှားအယွင်းမျိုး ကြုံရလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ပေ။
ထို့အပြင်... တစ်ဖက်လူမှာ သူ ထင်ထားသည်ထက် ပို၍... သတိဝီရိယရှိနေသည်။ ခန္ဓာကိုယ်အား ပူးကပ်ထားသည့် လက္ခဏာ တစ်စုံတစ်ရာကိုမျှ ထုတ်မပြသည့်အပြင် သူ့ကိုလည်း အမိုးခုံး ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ကြောင်းကိုပင် ချက်ချင်း သိမြင်သွားခဲ့သည်။
သို့သော်လည်း... ဤစာအုပ်ဆိုင် ပိုင်ရှင်မှာ အမှန်တကယ်ပင် ထူးဆန်းသော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေပြီး ဗင်းဆင့် ဆိုင်ထဲသို့ ဝင်လာချိန်တွင် အီသာစွမ်းအင် အကြွင်းအကျန်အချို့ကို အမှန်တကယ်ပင် ခံစားလိုက်ရသည်။
ဆိုလိုသည်က ဤစာအုပ်ဆိုင်အတွင်း၌ တန်ခိုးရှင်များ သို့မဟုတ် ထူးခြားသော သတ္တဝါများ လှုပ်ရှားသွားဖူးသည့် လက္ခဏာပင် ဖြစ်သည်။
ဥပမာအားဖြင့် ကောင်တာပေါ်ရှိ ကျောက်ဂါဂွိုင်းမှာ အလွန်ပင် အေးစိမ့်ပြီး အာဃာတကြီးမားသော အရှိန်အဝါကို ထုတ်လွှင့်နေသည်။ ခဏမျှအတွင်းမှာပင် ၎င်းမှာ အဓိက တရားခံဖြစ်လိမ့်မည်ဟု ဗင်းဆင့် ထင်မှတ်သွားမိသည်။
ကိုလင်၏ အကူအညီတောင်းခံမှုက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ သို့သော်... သူ မှားသွားခဲ့သည်။ ပြဿနာမှာ စာအုပ်ဆိုင်ပိုင်ရှင်တွင် မဟုတ်ဘဲ ဆိုင်အတွင်းရှိ အရာဝတ္ထုများတွင်သာ ရှိနေခြင်း ဖြစ်သည်။
သို့သော်လည်း... လက်ရှိ အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိပုံရသည်။ သူက ဝိညာဉ်နှင်ရန် လက်နက်အပြည့်အစုံဖြင့် ရောက်လာချိန်တွင် တစ်ဖက်လူက သူသည် လမင်းအသင်းတော်မှ ဘုန်းတော်ကြီးလားဟု ရုတ်တရက် မေးမြန်းလိုက်ခြင်းမှာ သတိပေးချက်တစ်ခုလားဟု ဗင်းဆင့် တွေးတောနေမိသည်။
ဗင်းဆင့် သတိဝီရိယကို အစွမ်းကုန်မြှင့်ထားရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းကာ အခြေအနေကို အမြန်ဆုံး သုံးသပ်လိုက်သည်။
ထို့နောက်... သူက လည်ချောင်းကို တစ်ချက်ဟန့်လိုက်ရင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
“မှန်ပါတယ်... ကျုပ်က ဒီနယ်မြေမှာ တာဝန်တစ်ခုနဲ့ ရောက်နေတာပါ”
တစ်ချိန်တည်း၌ ဗင်းဆင့် စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။ အသင်းတော်၏ ဘုန်းတော်ကြီးများမှာ လမင်းကို မမြင်တွေ့စေရန် ညတိုင်း မျက်လုံးကို စည်းထားရသော်လည်း သူတို့တွင် ‘လမင်း၏ မျက်လုံးများ’ ဟုခေါ်သော ထူးခြားသော အမြင်အာရုံ ကောင်းချီးကို ရရှိထားကြသည်။ ထိုကောင်းချီးနှင့် အတူ အမှောင်ထဲတွင်လည်းကောင်း၊ မြူထုထဲတွင်လည်းကောင်း မြင်နိုင်စွမ်းရှိသည့်အပြင် အခြားသူများ၏ ခန္ဓာကိုယ် အခြေအနေကိုပါ သိမြင်နိုင်ပေသည်။
သို့သော်လည်း... စာအုပ်ဆိုင်ပိုင်ရှင်ကို အကဲခတ်လိုက်ချိန်တွင် ဗင်းဆင့် မြင်တွေ့ရသည်မှာ လုံးဝ သာမန်လူတစ်ယောက်၏ ပုံရိပ်သာ ဖြစ်သည်။
အကယ်၍ ပြဿနာက ဤလူ့ထံတွင် မရှိဘူး ဆိုလျှင် ကိုလင် မသိရှိသေးသည့် အခြားသော အခြေအနေတစ်ရပ် ရှိနေမည်မှာ သေချာလှသည်။ ဤစာအုပ်ဆိုင်ပိုင်ရှင်သည်လည်း သားကောင်တစ်ဦး ဖြစ်နိုင်ပေသည်။ ထို့ကြောင့် တစ်ဖက်လူကို အရင်ဆုံး ဆိုင်အပြင်သို့ ထွက်သွားရန် နားချပြီးမှသာ ဤဂါဂွိုင်းကို တစ္ဆေနှင်ထုတ်ခြင်း ပြုလုပ်ရပေမည်။
***