မကောင်းဆိုးဝါးနှင့် ထိပ်တိုက် တွေ့ဆုံခြင်း (၂)
Vol. 9 Ch. 124
“တာဝန် ဟုတ်လား”
လင်ကျဲက မျက်ခုံးပင့်လိုက်၏။ ရှေ့မှ ဘုန်းတော်ကြီးမှာ တာဝန်သိတတ်ပြီး ကြိုးစားအားထုတ်သူဟု ထင်ရသော်လည်း သူ၏ စကားလုံးများနောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်အချို့ ရှိနေသည်ကို လင်ကျဲ အာရုံခံမိသည်။ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း တိုက်ရိုက်ပြောရန် ဝန်လေးနေသကဲ့သို့ပင်။
တာဝန်အရ လာခြင်းဖြစ်ပြီး ရည်ရွယ်ချက် တစ်ခုခု ရှိပုံရသဖြင့် ၎င်းမှာ သူ၏ အလုပ်နှင့်သာ သက်ဆိုင်မည်ဟု လင်ကျဲ သံသယဝင်လိုက်သည်။ သို့ဆိုလျှင် ဘုန်းတော်ကြီးတစ်ပါး၏ အလုပ်က ဘာများ ဖြစ်နိုင်သနည်း။ အသင်းသားများကို ထိန်းသိမ်းခြင်း၊ သာသနာပြုခြင်း၊ မင်္ဂလာဆောင်များ ဆောင်ရွက်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ အပြစ်ဝန်ခံခြင်း၊ ဘာသာရေး အခမ်းအနားများ ပြုလုပ်ခြင်းနှင့်... တစ္ဆေနှင်ထုတ်ခြင်းတို့ပင် ဖြစ်သည်။
ဘုန်းတော်ကြီးတစ်ပါး ရုတ်တရက် ရောက်လာခြင်းမှာ သူ့ကို ဘာသာပြောင်းရန် ကြိုးစားခြင်း မဟုတ်နိုင်သကဲ့သို့ အခြား အကြောင်းရင်းများ ဖြစ်နိုင်ခြေမှာလည်း နည်းပါးလှသည်။ ထို့ကြောင့် သူက ဆက်စပ်တွေးတောလိုက်ပြီး ရဲအရာရှိများ ပြောသွားခဲ့သည့် ဘေးအိမ်မှ ဆိုင်ရှင် သူ့ကို ‘မိစ္ဆာဆိုး’ ဟု ထင်မှတ်နေသည့် ကိစ္စနှင့် ပတ်သက်နေမည်လားဟု တွေးမိသွားသည်။
လင်ကျဲသည် အခြေအနေကို ရုတ်ချည်း သဘောပေါက်သွားကာ ရယ်မောလိုက်မိ၏။
“ကိုလင် မဟုတ်လား... သူက ကျွန်တော့်ကို မိစ္ဆာလို့ သတ်မှတ်ပြီး တစ္ဆေနှင်ပေးဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်တာပေါ့”
‘ဟူး... ဒီဖာသာ ဝန်လေးနေတာ အဓိပ္ပာယ် ရှိသွားပြီ... ကိုလင်က ငါ့ကို မိစ္ဆာလို့ တကယ် ထင်ပြီး ဘုန်းတော်ကြီးကိုပါ အထူးတလည် ခေါ်လိုက်တာကိုး’
ဗင်းဆင့်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အားနည်းချက်ကို မပေါ်လွင်စေရန် အတတ်နိုင်ဆုံး ထိန်းလိုက်သည်။ သို့သော်လည်း... သူ့ လက်ထဲမှ ငွေရောင် အထိမ်းအမှတ် တံဆိပ်မှာမူ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
‘သူ တကယ်ပဲ သိနေတာလား...’
ဘုန်းတော်ကြီး၏ မျက်နှာပေါ်မှ သိမ်မွေ့သည့် အပြောင်းအလဲကို လင်ကျဲ သတိပြုမိလိုက်၏။ သူတို့နှစ်ဦးစလုံးမှာ အခြေအနေတူ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ဤသည်က တကယ်ပင် ရှက်စရာကောင်းသော အခြေအနေ ဖြစ်ပေသည်။ ကိုလင်မှာ တကယ်ကို လွန်လွန်းလှသည်။ ဘုန်းတော်ကြီးကို အဝေးကြီးမှ ပင့်ဖိတ်လာပြီးမှ ယခုကဲ့သို့ အကျပ်ရိုက်စရာ အခြေအနေမျိုးကို ဖန်တီးနေသည်။
ရဲအရာရှိများ၏ လေသံအရဆိုလျှင် ကိုလင်မှာ သူကို့ ‘မိစ္ဆာ’ တစ်ကောင်ဟု အပြင်းအထန် ယုံကြည်နေခြင်း ဖြစ်သည်။ သူက ဤဘုန်းတော်ကြီးကိုလည်း အလားတူပင် ပြောခဲ့သည့်ဟန် ရကာ တော်တော်လေး အခက်တွေ့စေခဲ့ပုံရသည်။ ထို့ကြောင့်သာ ဘုန်းတော်ကြီးမှာ သက်ဆိုင်သူဖြစ်သည့် လင်ကျဲထံသို့ လာရောက်ကာ ဖြေရှင်းနည်းတစ်ခု ရှာဖွေရန် ကြိုးပမ်းခြင်း ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက... မျက်စိ မမြင်သူ တစ်ယောက်မှာ စာအုပ်ဆိုင်ကို ဘာလာလုပ်မည်နည်း။
“တကယ်တော့ ဒါက အထင်လွဲနေတာပါ... ကိုလင်က ဘာလို့ အဲဒီလို ထင်နေလဲဆိုတာ မသိပေမဲ့ ကျွန်တော်က တခြားသူတွေလိုပဲ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ သာမန် စာအုပ်ဆိုင်ပိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်”
လင်ကျဲက ညည်းတွားလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“ဪ... ဟုတ်သားပဲ... ကိုလင်ရဲ့ မဟုတ်ကဟုတ်က စကားတွေကို ကြားပြီး မကြာသေးခင်က ရဲအရာရှိ တချို့တောင် ရောက်လာသေးတယ်... ကျွန်တော် သူတို့ကို ရှင်းပြလိုက်လို့ သူတို့က သေချာပေါက် သက်သေခံပေးနိုင်ပါလိမ့်မယ်”
ဗင်းဆင့်၏ မျက်နှာမှာ ပို၍ပင် ပျက်သွားတော့၏။ ထိုရဲအရာရှိ သုံးယောက်မှာ ပုခုံးပေါ်တွင် ထမ်း၍ ပြန်သယ်သွားခဲ့ရသည် မဟုတ်ပါလော။
“ကြည့်ပါဦး ဘုန်းတော်ကြီး”
လင်ကျဲက အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် ဘေးတွင်ရှိသည့် ကျောက်ဂါဂွိုင်းကို လှမ်းယူလိုက်သည်။ ထို့နောက် သူက ပြုံးရွှင်စွာဖြင့်...
“ဒီဂါဂွိုင်းအကြောင်းကိုတော့ ဟိုရဲအရာရှိ သုံးယောက်ကို ပြောဖို့ မေ့သွားခဲ့တယ်... ဒါကို ဖောက်သည်တစ်ယောက်က အမှတ်တရလက်ဆောင် ပေးထားတာပါ... ဂါဂွိုင်းဆိုတာ မိစ္ဆာဆိုးတွေနဲ့ ဝိညာဉ်တွေကို မောင်းထုတ်ဖို့ ထားတာ မလား... အကယ်၍ ကျွန်တော်သာ မိစ္ဆာဆိုးဆိုရင် ဒီဂါဂွိုင်းကို ကောင်တာပေါ်မှာ ဘယ်လိုလုပ် တင်ထားရဲပါ့မလဲ”
ဗင်းဆင့်ကတော့ ရှေ့မှ ဂါဂွိုင်းနှင့် အကြည့်ချင်း ဆုံမိချိန်တွင် မျက်လုံးများ ပြူးကျယ်သွားလေ၏။
“ဪ... ဟုတ်သား...”
ဘုန်းတော်ကြီးက မျက်မမြင် ဖြစ်ကြောင်း လင်ကျဲ မေ့သွားခဲ့သည်။ သူက ဗင်းဆင့်၏ လက်ကို ဆွဲယူကာ ထိုကျောက်ရုပ်ပေါ်သို့ တင်ပေးလိုက်၏။
“ဖာသာ... စမ်းကြည့်ပါဦး... ဒီဂါဂွိုင်းရဲ့ လက်ရာက တကယ်ကို ပြောင်မြောက်တယ်...”
သို့သော်လည်း... ဗင်းဆင့်အနေဖြင့်မူ ထိုဂါဂွိုင်း၏ ကြောက်မက်ဖွယ် ကောင်းလှသော သွေးရောင် မျက်လုံးများထဲမှ ငိုကြွေးအော်ဟစ်ကာ အပြင်သို့ ရုန်းထွက်ရန် ကြိုးစားနေကြသည့် ရာနှင့်ချီသော သရဲတစ္ဆေများကို မြင်တွေ့နေရသည်။
လင်ကျဲက ဂါဂွိုင်းကို နေရာပြန်ချလိုက်ပြီးနောက် ပန်းအိုးကို ရှေ့သို့ တိုးပေးလိုက်ပြန်၏။
“ပြီးတော့ ကျွန်တော် ကိုယ်တိုင် စိုက်ထားတဲ့ ဒီနှင်းဆီပန်းကိုလည်း ကြည့်ပါဦး... ဘယ်လောက် လှသလဲလို့... တကယ်တော့ ကျွန်တော်က ဘဝကို ချစ်မြတ်နိုးတဲ့သူ တစ်ယောက်ပါဗျာ”
ဗင်းဆင့် တစ်ယောက် သူ၏ လက်ကို အမြန် ပြန်မဆွဲနိုင်မီမှာပင် နှင်းဆီပန်းနှင့် ထိတွေ့မိသွား၏။ ချက်ချင်းပင်... သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွေးအမှင်များမှာ ထောင်ထသွားတော့သည်။
ထိုပွင့်ချပ်များမှာ လူတစ်ဦး၏ အသားများ ကဲ့သို့ ခံစားရပြီး ၎င်းတို့ကြားတွင်လည်း ထက်မြက်လှသည့် သွားများ အစီအရီ ရှိနေသည်။ ထို့ပြင် သွေးကြောများဖြင့် ပြည့်နှက်နေပြီး လှုပ်ရှားနေသည့် လုံးဝန်းသော အရာတစ်ခုမှာ... မျက်လုံးတစ်လုံးနှင့် တူနေခဲ့သည်။
“တော်... တော်ပါတော့...”
ဗင်းဆင့် တစ်ယောက်ေလက်ကို ဝုန်းခနဲ ပြန်ဆွဲလိုက်ရင်း မအောင့်နိုင်ဘ အော်ဟစ်လိုက်မိ၏။
ချွမ်...
သတ္တုပစ္စည်းတစ်ခု စားပွဲပေါ်သို့ ကျသွားသည့် အသံကြောင့် ဗင်းဆင့် သူ့ အထိမ်းအမှတ် တံဆိပ်ကို လွတ်ကျသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
“တော်... တော်ပါတော့ ဆိုတာက ဒီလောက်ဆိုရင် ကိုလင်ကို ရှင်းပြဖို့ လုံလောက်တဲ့ သက်သေတွေ ရသွားပြီလို့ ပြောချင်တာပါ...”
ဗင်းဆင့် သူ့ စကားကို အမြန် ပြန်ပြင်လိုက်ရသည်။ လင်ကျဲက အထိမ်းအမှတ် တံဆိပ်ကို ကောက်ယူလိုက်ရင်း ပြုံးလျက် ကမ်းပေးလိုက်၏။
“ဘုန်းတော်ကြီး... ဒါလေး ကျသွားပါတယ်ခင်ဗျာ”
...
ဂလု...
ဗင်းဆင့် တစ်ယောက် မိမိကိုယ်တိုင် တံတွေးမြိုချလိုက်သံကို ရှင်းလင်းစွာ ကြားနေရသည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် သေမင်းတမျှ တိတ်ဆိတ် နေခဲ့၏။
စာအုပ်ဆိုင်ပိုင်ရှင်က ငွေရောင် အထိမ်းအမှတ် တံဆိပ်ကို ပြုံးရွှင်သော မျက်နှာဖြင့် ကမ်းပေးနေသည်ကို ကြည့်ရင်း သူ လှမ်းယူရန်ပင် မဝံ့မရဲ ဖြစ်နေမိသည်။
ဗင်းဆင့် မှားသွားခဲ့ပြီ။ သူ အကြီးအကျယ် မှားယွင်းခဲ့ပြန်ပြီ ဖြစ်သည်။
ပြဿနာက စာအုပ်ဆိုင်နှင့် ပစ္စည်းများတွင် ရှိနေခြင်း မဟုတ်ဘဲ ဤစာအုပ်ဆိုင်ပိုင်ရှင် ကိုယ်တိုင်၌သာ ရှိနေခြင်း ဖြစ်သည်။
အသင်းတော်၏ မှတ်တမ်းများကို ဖတ်ရှုစဉ်က ‘အောက်လမ်း မှော်ဆရာ’ များ အသုံးပြုလေ့ရှိသော အစီအမံများနှင့် ဖန်တီးမှု နည်းလမ်းများကို လေ့လာဖူးသည်။ ဤကျောက်သား ဂါဂွိုင်းမှာ အတွင်းပိုင်း၌ ဝိညာဉ်ပေါင်း တစ်ရာကျော်ကို ပိတ်လှောင်ထားပြီး ၎င်းတို့ကိုပင် အဓိက စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုနေခဲ့သည်။
အကယ်၍ ထိုဂါဂွိုင်းသာ‘အသက်ဝင် လာခဲ့လျှင် သူ သေချာပေါက် သေဆုံးရတော့မည်ဟု ဗင်းဆင့် ခံစားနေရသည်။
လမင်း၏ မျက်လုံးများမှတစ်ဆင့် ကြည့်လိုက်လျှင် ထိုအာဃာတကြီးမားသော ဝိညာဉ်တိုင်းမှာ အလွန်ပင် နာကျင်ခါးသီးစွာ သေဆုံးခဲ့ရသည့် တန်ခိုးရှင်များ ဖြစ်ကြကြောင်း ဗင်းဆင့် မြင်တွေ့နေရသည်။ သူတို့၏ ဝိညာဉ်များကို စွမ်းအင်ထုကြီးတစ်ခုအဖြစ် ပေါင်းစပ်ကာ ဤကျောက်ရုပ်၏ စိတ်ဆန္ဒအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။
ဤသည်မှာ အလွန် အစွမ်းထက်သည့် အောက်လမ်း မှော်ဆရာ တစ်ယောက်သာ တတ်နိုင်သည့် အစွမ်းမျိုး ဖြစ်သည်။ ထို့အပြင် ကျောက်ဂါဂွိုင်းကို ဖန်တီးခဲ့သည့် အောက်လမ်း မှော်ဆရာမှာ လူပေါင်းများစွာကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည့် အလွန်ပင် ရက်စက်ကြမ်းကြုတ်သူ ဖြစ်ရပေမည်။ ဖန်တီးသူက မည်သူပင်ဖြစ်စေကာမူ... ၎င်းကို ပိုင်ဆိုင်ထားသည့် စာအုပ်ဆိုင်ပိုင်ရှင်မှာမူ အနည်းဆုံး ဖျက်ဆီးခြင်းအဆင့် (D - အဆင့်) ရှိသည့် တန်ခိုးရှင်တစ်ဦး ဖြစ်ရပေမည်။
ထို့အပြင်... ကျောချမ်းဖွယ် နှင်းဆီပန်းမှာလည်း ဗင်းဆင့်ကို နက်ရှိုင်းလှသော အမှောင်ထုနှင့် ချောက်ကမ်းပါးကြီးတစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ ခံစားရစေသည်။ သွားများ အစီအရီရှိနေသည့် ယင်း၏ လောဘဇောတက်နေသည့် ပါးစပ်ကြီးမှာ တစ်စုံတစ်ခုကို အမြဲတစေ ဝါးမြိုရန် ချောင်းနေသကဲ့သို့ပင်...။ ဝါးမြိုခံရသမျှ အရာအားလုံးသည်လည်း ဘယ်သောအခါမှ ပြန်လည် ထွက်ပေါ်လာတော့မည် မဟုတ်ပေ။ ဗင်းဆင့်အတွက်မူ ဤနှင်းဆီပန်းအပေါ် ကြောက်ရွံ့မှုမှာ ဂါဂွိုင်းထက်ပင် ပို၍ ကြီးမားနေတော့သည်။
“ဖာသာ... ဘာဖြစ်လို့လဲခင်ဗျာ”
လင်ကျဲ မျက်စိစည်းထားသော ဘုန်းတော်ကြီးကို အံ့သြစွာ ကြည့်လိုက်မိ၏။ တစ်ဖက်လူက အဘယ်ကြောင့် အထိမ်းအမှတ် တံဆိပ်ကို လှမ်းမယူသနည်းဟု သူ တွေးတောနေမိသည်။
သို့သော်လည်း... ဤဘုန်းတော်ကြီးမှာ မျက်မမြင်တစ်ဦးဖြစ်ကြောင်း သတိရသွားသောအခါမှ လေထဲတွင် ကမ်းပေးထားခြင်းမှာ မသင့်တော်ကြောင်း လင်ကျဲ သဘောပေါက်သွားသည်။ ထို့ကြောင့် သူက တံဆိပ်ကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်ပြီး အသံကြားစေရန် တဒေါက်ဒေါက် အချက်ပေးလိုက်သည်။
“ဒါဆို ဒီမှာပဲ တင်ထားလိုက်ပါမယ်... အဆင်ပြေတဲ့အချိန် ယူလိုက်ပါ”
ထို့နောက် လင်ကျဲက ခပ်ပေါ့ပေါ့ပင် ဆက်ပြောလိုက်၏။
“ဒါနဲ့... ဖာသာရဲ့ မျက်နှာက နည်းနည်း ဖြူဖျော့နေသလိုပဲ... အဆင်ပြေရဲ့လား...”
***