ဗင်းဆင့်၏ ပြဿနာ
Vol. 9 Ch. 125
“အဆင်ပြေပါတယ်”
ဗင်းဆင့် နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်ရင်း အားတင်းကာ ပြုံးပြလိုက်သည်။
“ဒီကိုလာရတာ နည်းနည်း အလောတကြီး ဖြစ်သွားလို့ အိပ်ရေးပျက်သွားတာ ဖြစ်မှာပါ... လမ်းမှာလည်း ကောင်းကောင်း မအိပ်ခဲ့ရဘူးလေ”
ရှင်းပြလိုက်သော်လည်း သူ၏ လေသံက အနည်းငယ် တုန်ရီလို့နေသည်။ သူ၏ အကြည့်များမှာ ကောင်တာပေါ်ရှိ အထိမ်းအမှတ် တံဆိပ်ပေါ်သို့ ကျရောက် သွားခဲ့ပြန်၏။
တုန်လှုပ်နေသော စိတ်ကို သူ မနည်း ထိန်းချုပ်ရန် ကြိုးစားနေမိသည်။ သူ အသုံးပြု၍ရနိုင်သည့် တစ်ခုတည်းသော မှော်လက်နက်မှာ စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ထဲတွင် ရှိနေခဲ့ပြီ ဖြစ်သည်။ “အဆင်ပြေတဲ့အချိန် ယူလိုက်ပါ” ဟူသော စကားက သူ၏အမြင်တွင် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။
ကံဆိုးစွာဖြင့် ဗင်းဆင့်မှာ တိုက်ခိုက်ရေးစွမ်းရည် မရှိသော သာမန်ဘုန်းတော်ကြီးတစ်ပါးမျှသာ ဖြစ်သည်။ အထိမ်းအမှတ် တံဆိပ်၏ အကူအညီမပါဘဲ ၎င်းကို ပြန်လည်ရယူရန် သူ မဝံ့ရဲပေ။ မျှော်လင့်ချက် ကင်းမဲ့သော ခံစားချက်ကြီးက သူ့ကို လွှမ်းမိုးလာတော့၏။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဤအစွမ်းထက်လှသော တန်ခိုးရှင်ကြီး ဘာကို ရည်ရွယ်နေသည်ကို တွေးတောရင်း အရှုံးပေးရန်သာ ရှိတော့သည်။
“ဒါက တကယ့်ကို အထင်လွဲမှုကြီးပါပဲ... ကိုလင်ကတော့ တကယ်ကို လွန်လွန်းပါတယ်... ဘယ်လိုတွေ တွေးပြီး အခုလို အထင်လွဲသွားလဲ မသိပေမဲ့ သူက တခြားသူတွေကို တကယ် ဒုက္ခပေးနေတာပဲ”
လင်ကျဲက စိတ်ပျက်လက်ပျက်ဖြင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ... ကျွန်တော်က မကောင်းဆိုးဝါး မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို သူ့ကို သေသေချာချာ ပြောပြပေးပါဦးနော်... ဒီအခြေအမြစ်မရှိတဲ့ အထင်လွဲမှုတွေ အမြန်ဆုံး ရှင်းလင်းသွားဖို့ မျှော်လင့်ရတာပါပဲ”
‘မင်းက မကောင်းဆိုးဝါး မဟုတ်ရင်တောင် အဲဒီထက် ပိုကြောက်စရာကောင်းတယ်...’
ဗင်းဆင့်က စိတ်ထဲမှ အော်ဟစ်နေမိ၏။ သူ၏ လည်ချောင်းမှာ ခြောက်ကပ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆက်ဆက် တုန်ရီနေခဲ့သည်။
ဗင်းဆင့်သည် ကြောက်တတ်သောသူ မဟုတ်သော်လည်း ယခုတွင်တော့ စိုးရိမ်ထိတ်လန့်မှုနှင့် နှလုံးခုန်မြန်ခြင်းများမှာ တစ်ပြိုင်နက်တည်းပင် အလုံးအရင်းနှင့် စီးဝင်လာနေခဲ့သည်။
ဤခံစားချက်မှာ ဖော်ပြရန် ခဲယဉ်းလှသော်လည်း ၎င်းမှာ စိတ်ကြောင့်ဖြစ်သည့် ခံစားချက်မျိုး မဟုတ်ဘဲ ခန္ဓာကိုယ်၏ တုံ့ပြန်မှုသာ ဖြစ်ကြောင်း သူ ခွဲခြားနိုင်ခဲ့သည်။ သူသည် ချွေးစေးများ ထွက်လာပြီး အသက်ရှူနှုန်း မြန်လာ၏။ နှလုံးခုန်သံမှာလည်း ပြင်းထန်လှကာ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသကဲ့သို့ ခံစားရသည်။ တဖြည်းဖြည်းနှင့် သူ၏ အမြင်အာရုံများပင်လျှင် ဝေဝါး လာခဲ့တော့သည်။
ဗင်းဆင့် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာသကဲ့သို့ ခံစားရကာ ကြွက်သားများမှာလည်း အကြောဆွဲလုနီးပါး ဖြစ်လာသည်။
‘အသက်ရှူရတာ... အသက်ရှူရတာ ခက်လှချေလား... ရင်ဘတ်ထဲမှာ တအား မွန်းကျပ်နေပြီ... ငါ... ငါ စီးကရက် တစ်လိပ်လောက်... သောက်မှ ဖြစ်တော့မယ်...’
ဗင်းဆင့်၏ လက်ချောင်းများမှာ မသိစိတ်ဖြင့် လှုပ်ရှားသွားကာ နှစ်ချက်ခန့် ချောင်းဆိုးလိုက်ရင်း ရင်ဘတ်အိတ်ကပ်ထဲမှ စီးကရက်ဗူးကို လှမ်းယူလိုက်သည်။ ထို့နောက် သူက နောက်ဆုံးသော မျှော်လင့်ချက်ကဲ့သို့ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိဖို့ ကြိုးပမ်းလိုက်သည်။ ထိုတောင့်တမှုက စာအုပ်ဆိုင်ပိုင်ရှင် စောင့်ကြည့်နေသည်ကိုပင် ခဏတာ မေ့လျော့သွားစေ၏။
ဗင်းဆင့် စီးကရက် ထိပ်ဖျားကို စိုက်ကြည့်ရင်း...
“ကျွန်တော်... ကျွန်တော် ကိုလင်ကို သေသေချာချာ ရှင်းပြပါ့မယ်... သူလည်း ခင်ဗျားအပေါ် အမြင်ပြောင်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”
ဟု ဆိုလိုက်၏။
ရှုပ်ထွေးနေသော စိတ်များ ပြန်လည် ငြိမ်သက်သွားချိန်တွင် သူသည် သက်ပြင်းတစ်ချက်ကို မအောင့်နိုင်ဘဲ ချလိုက်မိသည်။
‘ဒီစာအုပ်ဆိုင်ပိုင်ရှင်က သူ ဘယ်သူလဲဆိုတာကို သူ့ရဲ့ အိမ်နီးချင်းကို မသိစေချင်ပုံရတယ်... ငါသာ အဲဒါကို ဖုံးကွယ်ပေးဖို့ ကူညီရင် ငါ့ကို သတ်မှာ မဟုတ်ဘူး... ဟုတ်တယ် မလား’
‘ဒါပေမဲ့ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်နဲ့ အမှန်တရား အသင်းတော်တို့က ဒီလို တည်ရှိမှုမျိုးကို ဒီအတိုင်း လွှတ်ထားပါ့မလား’
‘ငါ အသင်းတော်ကို အစီရင်ခံရမလား’
ဂျစ်... ဂျစ်...
သူ တွေးတောရင်း စကားပြောနေစဉ်မှာပင် မီးခြစ်ကို နှစ်ကြိမ်တိုင်တိုင် ခြစ်လိုက်သော်လည်း မီးတောက် မလာခဲ့ပေ။ ထိုအခိုက်အတန့်တွင် လင်ကျဲက လှမ်း၍ သတိပေးလိုက်သည်။
“ဖာသာ... စာအုပ်ဆိုင်ထဲမှာ ဆေးလိပ်သောက်တာ တားမြစ်ထားပါတယ်ခင်ဗျာ”
လင်ကျဲ၏ မသိမသာ တင်းမာနေသည့် လေသံကြောင့် ဗင်းဆင့် တုန်လှုပ်သွား၏။ ထိုလေသံမှာ သူ နုငယ်စဉ် ဘဝက ဘာသာရေးစာပေ သင်တန်းများတွင် အပြစ်ပေးခံရတုန်းကလိုမျိုး အငွေ့အသက်မျိုးကို ပေးစွမ်းနေသည်။
“တောင်းပန်ပါတယ်...”
ဗင်းဆင့် စီးကရက်ကို အမြန် ပြန်သိမ်းလိုက်ပြီးနောက် စာအုပ်ဆိုင်ပိုင်ရှင်၏ တည်ကြည်နေသော မျက်နှာကို မော့ကြည့်လိုက်မိသည်။
ဘာလုပ်ရမှန်းမသိလေရာ ဗင်းဆင့် ထိတ်လန့်သွားတော့၏။ သူ၏ လက်ခြေများမှာ ပျော့ခွေသွားကာ အရေပြားများမှာလည်း ထုံကျင်လာသည်။
“တကယ် တောင်းပန်ပါတယ်... ကျွန်တော် မသိလို့ပါ... ကျွန်... ကျွန်တော်...”
“ဖာသာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး... ဟုတ်တယ်မလား”
လင်ကျဲ၏ မျက်နှာပေါ်မှ အပြုံးများမှာ လုံးဝ ကွယ်ပျောက်သွားကာ လက်ကို စုံပိုက်လိုက်၏။
“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖာသာ တစ်ခုခုကို ဂနာမငြိမ်ဖြစ်နေတာ၊ အိပ်နေရင်း ချွေးတွေထွက်တာ၊ စိတ်အပြောင်းအလဲ မြန်တာ၊ မထိန်းချုပ်နိုင်ဘဲ တုန်ရီတာ၊ အသက်ရှူရ ခက်ခဲတာနဲ့ တစ်ခုခုကို ပြင်းပြင်းထန်ထန် လိုချင်တောင့်တနေတာမျိုးတွေ ခံစားနေရတယ် မဟုတ်လား...”
လင်ကျဲက ဗင်းဆင့် လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော စီးကရက်ကို ညွှန်ပြလိုက်၏။
“ဆေးလိပ်သောက်ချင်တာမျိုးပေါ့”
စာအုပ်ဆိုင်ထဲကို ဝင်လာကတည်းက ဤဘုန်းတော်ကြီးမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မကောင်းကြောင်း လင်ကျဲ သတိပြုမိခဲ့သည်။ သို့သော်လည်း... အလုပ်ဖိစီးမှုနှင့် အိပ်ရေးပျက်ခြင်းကြောင့်ဟုသာ သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့ စကားပြောဆိုနေစဉ်အတွင်း ဘုန်းတော်ကြီး၏ အမူအရာ အမျိုးမျိုး ပြောင်းလဲ နေသည်ကို သတိထားမိခဲ့ကာ ချွေးစေးပြန်လိုက်၊ ဂနာမငြိမ် ဖြစ်လိုက်နှင့် ဗျာများနေသည်။ နောက်ဆုံး ဗင်းဆင့် စီးကရက်ကို ထုတ်ယူလိုက်ချိန်တွင်တော့ လင်ကျဲ၏ သံသယမှာ အတည်ဖြစ်သွားခဲ့သည်။
သူ့ရှေ့တွင် ထိုင်နေသော ဘုန်းတော်ကြီးမှာ ဘိန်းစွဲသလိုမျိုး ဝေဒနာ ခံစားနေရခြင်း ဖြစ်သည်။ သို့သော် ဘုန်းတော်ကြီးကိုယ်တိုင်မှာ ထိုအချက်ကို သတိထားမိပုံမရဘဲ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဆိုလိုသည်က တစ်စုံတစ်ယောက်က သူ့ကို အကွက်ဆင်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ဗင်းဆင့် သူ့ လက်ထဲမှ စီးကရက်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။ လင်ကျဲ၏ အကြည့်များက မပြောင်းလဲသေးပဲ သူ့ကို တည်ကြည်စွာ စိုက်ကြည့်နေရင်း မေးမြန်းလိုက်သည်။
“ဖာသာ... ဒီစီးကရက်က ဘယ်ကနေ ရတာလဲ ခင်ဗျာ”
...
“ဒီဆေးလိပ်တွေမှာ... ပြဿနာရှိနေတာလား”
ဗင်းဆင့် သတိပြန်ဝင်လာကာ လင်ကျဲ၏ တည်ကြည်လှသည့် မျက်နှာထားကို ကြည့်ရင်း ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
“မဖြစ်နိုင်တာ...”
ဘုန်းတော်ကြီး၏ တုံ့ပြန်မှုကို လင်ကျဲ မအံ့သြမိပေ။ သူက ဤဆေးလိပ်ကို ဘာမှမသိဘဲ လက်ခံသောက်သုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း... မိမိကိုယ်ကို ဆေးစွဲသည့် လက္ခဏာများကိုပင် သတိမထားမိခဲ့ခြင်းမှာ ဤဆေးလိပ်ကို သူ အလွန်ယုံကြည်ရသော နေရာတစ်ခုမှ ရရှိခဲ့ခြင်းကြောင့်သာ ဖြစ်ရပေမည်။
ထိုအချက်က ဘုန်းတော်ကြီး၏ အခြေအနေကို ပို၍ ထိတ်လန့်ဖွယ် ကောင်းစေသည်။ ၎င်းကို ဝယ်ယူခဲ့သည့် ဆိုင်ဖြစ်စေ၊ လက်ဆောင်ပေးခဲ့သူဖြစ်စေ ယခုလို အကွက်ဆင်မှုမျိုးမှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှပေသည်။
“လူ့ပြည်ဆိုတာက နတ်ပြည်တစ်ပိုင်း ငရဲပြည် တစ်ပိုင်းတဲ့ဗျ... တခြားသူတွေ ဘာတွေးနေလဲဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်သလို ဘယ်သူ့ကိုမှလည်း အကြွင်းမဲ့ ယုံကြည်လို့ မရဘူး”
လင်ကျဲက လက်ပိုက်ထားဆဲဖြစ်ပြီး အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
“တကယ်တမ်းတော့ မဖြစ်နိုင်တာဆိုတာ မရှိပါဘူး... ဖာသာ... အရင်ဆုံး ကျွန်တာ့်ရဲ့ မေးခွန်းတချို့ကို ဖြေကြည့်ပေးပါလား”
‘ငါ့မှာ ရွေးချယ်စရာမှ ရှိလို့လား’
ဗင်းဆင့်က စိတ်ထဲမှ တွေးလိုက်မိ၏။ သို့သော်လည်း... ထိုစကားကို အပြင်သို့ ထုတ်ပြောရန် လုံးဝ မဖြစ်နိုင်ပေ။
လင်ကျဲကလည်း တစ်ဖက်လူ၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ စတင်မေးမြန်းလိုက်လေသည်။
“ဖာသာ... ဒီဆေးလိပ်တွေက ဘယ်ကနေ ရတာလဲ”
ဗင်းဆင့်သည် လက်ထဲမှ ဆေးလိပ်ကို စိုက်ကြည့်ရင်း ခဏမျှ ဝေခွဲမရဖြစ်နေခဲ့၏။ ထို့နောက်... ဆေးလိပ်ဗူးထဲတွင် ကျန်ရှိနေသည်များကို သွန်ချလိုက်သည်။
စီးကရက် အားလုံး၏ အလယ်ဗဟိုတွင် ငွေရောင် သစ်ပင် ဦးရစ်သရဖူ ပုံသဏ္ဌာန် အမှတ်တံဆိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့နေရသည်။
သာမန်အားဖြင့် ယခုလို ထူးခြား ဆန်းပြားသည့် အရာဝတ္ထုများအား အရောင်းအဝယ်ပြုလုပ်ခြင်းကို လျှို့ဝှက်ထားရမည် ဖြစ်သော်လည်း အနည်းဆုံး ဖျက်ဆီးခြင်းအဆင့် ရှိသည့် တန်ခိုးရှင်တစ်ဦး၏ ရှေ့တွင်မူ လျှို့ဝှက်နေရန် မလိုအပ်တော့ဟု ဗင်းဆင့် ယူဆလိုက်သည်။
“အက်ရှ် ကုန်သည်ကြီးများအသင်းကပါ”
ဗင်းဆင့် ဆေးလိပ်ဗူးကို ပြန်ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။
“ဒါကို အက်ရှ် ကုန်သည်ကြီးများအသင်းဆီက ရတာပါ... ဒီစီးကရက်တွေကို လပြည့်ဝန်း အဆီအနှစ် လို့ ခေါ်ပါတယ်ပြီး အခုတလောမှ စတင်ရောင်းချတာပါ... လက်ရှိမှာ စမ်းသပ်ဆဲအဆင့်ပဲ ရှိသေးပြီး အသင်းတော်က ရွေးချယ်ထားတဲ့ ဘုန်းတော်ကြီးတွေကိုပဲ ပေးတာပါ...”
“သတ္တမမြောက် တမန်တော်ကလည်း လပြည့်ဝန်း အဆီအနှစ်ရဲ့ အာနိသင်ကို အတည်ပြုပေးထားပြီး တရားမှတ်တဲ့နေရာမှာရော... လမင်းနဲ့ ပိုပြီး ခိုင်မာတဲ့ ဆက်နွှယ်မှု ရရှိဖို့အတွက်ပါ အထောက်အကူပြုတယ်လို့ မိန့်ကြားထားပါတယ်”
ထို့ကြောင့်ပင် တရားမှတ်နိုင်စွမ်း ကျဆင်းလာချိန်၌ ဗင်းဆင့် တစ်ယောက် မိမိကိုယ်တိုင်တွင်သာ အမှားအယွင်း ရှိနေသည်ဟု ယူဆခဲ့ပြီး ဆေးလိပ်များတွင် ပြဿနာရှိလိမ့်မည်ဟု တစ်ခါမျှ သံသယ မဝင်ခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်ကြီးများအတွက်မူ ‘နာခံခြင်း’ ဆိုသည်မှာ မသင်မနေရ သင်ခန်းစာတစ်ခု မဟုတ်ပါလော။
တမန်တော်များမှာ ဘုန်းတော်ကြီးများအပေါ် စီရင်ပိုင်ခွင့်ရှိပြီး ဘာသာရေး အထက်တန်းအဆင့်တွင် တတိယမြောက် တည်ရှိသူများ ဖြစ်ကြသည်။ သူတို့က လမင်း၏ အလိုတော်ကို ကိုယ်စားပြုသူများဖြစ်ရာ အကြွင်းမဲ့ အာဏာရှိကြသည်။
သို့သော်လည်း... ယခုအခါ စာအုပ်ဆိုင်ပိုင်ရှင်၏ စကားများကြောင့် ဗင်းဆင့်၏ စိတ်ထဲတွင် သံသယရိပ်တို့ စတင် ကိန်းအောင်းလာခဲ့ပြီ ဖြစ်သည်။
‘တကယ်ပဲ ပြဿနာ ရှိနေတာလား...’
***