ကြည့်ရှုဖို့ သုံးရက်တာ
Vol. 9 Ch. 126
‘တကယ်ပဲ ပြဿနာ ရှိနေတာလား...’
ဗင်းဆင့်သည် ခေါင်းကို နောက်တစ်ကြိမ် ခါယမ်းလိုက်ပြန်၏။
“ဒါပေမဲ့ မဖြစ်နိုင်တာ... အက်ရှ် ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်သိက္ခာက ဘယ်တုန်းကမှ သံသယဖြစ်စရာ မရှိခဲ့ဘူး... နောက်ပြီး တမန်တော်ကိုယ်တိုင်နဲ့ ကျွန်တော် သိတဲ့ တခြား ဘုန်းတော်ကြီးတွေကလည်း ဒီဆေးလိပ်က တကယ် အစွမ်းထက်တယ်လို့ ပြောကြတယ်...”
သူ့တစ်ယောက်တည်းတွင်မှာသာ ဘေးထွက်ဆိုးကျိုးများ ခံစားနေရသကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
‘အက်ရှ် ကုန်သည်ကြီးများအသင်း’
လင်ကျဲ အနည်းငယ် အံ့သြသွား၏။ ဤကဲ့သို့ ရင်းနှီးပြီးသား အမည်တစ်ခုကို ဘုန်းတော်ကြီး၏ ပါးစပ်မှ ကြားရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။
သို့သော်လည်း စဉ်းစားကြည့်လျှင် နားလည်နိုင်စရာ ရှိပါသည်။ အက်ရှ် ကုန်သည်ကြီးများအသင်းမှာ အရင်းအမြစ် အမြောက်အမြားရှိသော အဖွဲ့အစည်းကြီး ဖြစ်သည်။ နော်ဇင်မြို့အတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ မှတ်ပုံတင်အတုများကို အလွယ်တကူ ပြုလုပ်ပေးနိုင်ခြင်းက သက်သေပင်။
သူတို့သည် ‘ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေး အဖွဲ့’ (မြေအောက် အရင်းအရင်း ဖွင့်ဖြိုး တိုးတက်ရေး ကုမ္ပဏီ) နှင့် အဆင့်ချင်း မတူနိုင်သော်လည်း နယ်ပယ်တစ်ခုတွင်တော့ ထိပ်သီးများ ဖြစ်ကြသည်။ နှိုင်းယှဉ်ရလျှင် ‘ရိုးလ် အဖွဲ့’ မှာ နယ်ပယ်စုံတွင် ထုတ်ကုန်များစွာ ထုတ်လုပ်နေသော ကော်ပိုရေးရှင်းကြီး ဖြစ်ပြီး ‘အက်ရှ် ကုန်သည်ကြီးများအသင်း’ မှာမူ အလွန် ကြီးကျယ်လှသည့် အရောင်းပလက်ဖောင်းကြီး ဖြစ်သည်။ ယင်းကဲ့သို့သော အရောင်းပလက်ဖောင်းကြီးပေါ်တွင် ဘာသာရေး လူပုဂ္ဂိုလ်များအတွက် သီးသန့်ပစ္စည်းများ ရှိနေခြင်းမှာ မဆန်းလှပေ။
အကယ်၍ အက်ရှ် ကုန်သည်ကြီးများအသင်းမှ ပစ္စည်းဖြစ်နေပါက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဘုန်းတော်ကြီးအနေဖြင့် စီးကရက်များ၏ အရည်အသွေးအား အကြွင်းမဲ့ ယုံကြည်နေခြင်း အပေါ် လင်ကျဲ နားလည်ပေးနိုင်ပါသည်။
ချယ်ရီ နှင့် မဆုံတွေ့ခဲ့လျှင်ပင် အက်ရှ် ကုန်သည်ကြီးများအသင်းမှာ အလွန် ဂုဏ်သတင်းကြီးပြီး ယုံကြည်စိတ်ချရသည့် နေရာတစ်ခုဖြစ်ကြောင်း လင်ကျဲ သိရှိထားပြီး ဖြစ်သည်။
အက်ရှ် ကုန်သည်ကြီးများ အသင်း၏ ဂုဏ်သိက္ခာ အပြင်... တမန်တော်ကိုယ်တိုင်က ထိုဆေးလိပ်များကို အတည်ပြုပေးထားပြီး အခြားသူများလည်း အသုံးပြုနေကြသည် ဟု ဆိုသည်။
သို့သော်လည်း... ဤဘုန်းတော်ကြီး ခံစားနေရသော လက္ခဏာများမှာလည်း အစစ်အမှန် ဖြစ်နေပြန်သည်။ အခြေအနေမှာ လင်ကျဲ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေပုံရသည်။
“ကျွန်တော် ပြောခဲ့သလိုပဲ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး... အက်ရှ် ကုန်သည်ကြီးများအသင်း အကြောင်းကိုတော့ ကျွန်တော် စုံစမ်းကြည့်ပါ့မယ်... ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ဖာသာကိုယ်တိုင်က ပိုပြီး အရေးကြီးပါတယ်... ဖာသာ ဘယ်သူ့ကို ယုံကြည်မှာလဲ”
စာအုပ်ဆိုင် ပိုင်ရှင် ပြောလိုက်သည့် အဓိပ္ပာယ်ကို ဗင်းဆင့် တန်းကာ သိလိုက်၏။ အသင်းတော်ကို ယုံကြည်မည်လော။ သို့မဟုတ် သူ့ကိုလော။
“...”
ဗင်းဆင့် နှုတ်ဆိတ်နေခဲ့၏။ စာအုပ်ဆိုင်အတွင်း၌ တိတ်ဆိတ်မှုက တမလွန် အလား ထပ်မံ လွှမ်းမိုးသွားပြန်သည်။ ဗင်းဆင့် စိတ်တည်ငြိမ်ရန် လမင်းထံ ဆုတောင်းလိုသော်လည်း သူါ လက်ထဲမှ အထိမ်းအမှတ် တံဆိပ်မှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
သူ မသိစိတ်ဖြင့် နောက်ထပ် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိရန် ပြင်လိုက်သော်လည်း လမ်းခုလတ်မှာတင် မိမိကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။ ဗင်းဆင့် လက်ထဲမှ ဆေးလိပ်ကို စိုက်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
ဆေးလိပ်ကို စိုက်ကြည့်လိုက်ချိန်တွင် အလွန်ပင် မနှစ်မြို့ဖွယ်ကောင်းသော ခံစားချက်ကြီးက သူ့ကို တစ်ဖန် လွှမ်းမိုးလာပြန်သည်။ အာရုံပျံ့လွင့်ခြင်း မရှိသည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ ပုရွက်ဆိတ်များစွာ တက်နေသကဲ့သို့လည်းကောင်း၊ သူ၏ ကလီစာများအတွင်းမှ ယားယံနေသကဲ့သို့လည်းကောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သို့သော်လည်း ဗင်းဆင့် အသင်းတော်အပေါ် သံသယမဝင်ရဲပေ။ သူ သင်ယူခဲ့ရသော ပညာရပ်များနှင့် သွန်သင်ချက်များ အားလုံးမှာ အသင်းတော်ကို မေးခွန်းထုတ်ခြင်းမှ တားမြစ်ထားသည်။
“ကျွန်တော် မသိဘူး... တကယ်ကို မသိတော့ဘူး... ကျွန်တော့်ကို လမ်းပြပေးပါဦး...”
ဗင်းဆင့်က ဆေးလိပ်ဗူးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဆိုလိုက်၏။
လင်ကျဲ သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ‘အဘိုးဝယ်လ်’ ကို ပြန်လည် မြင်တွေ့နေရသကဲ့သို့ သူ ခံစားလိုက်ရသည်။
ထိုစဉ်က ဝယ်လ်သည်လည်း နာကျင်ဖွယ်ရာ ကာလတစ်ခုကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။ ယုံကြည်ချက်များ ပြိုလဲပျက်စီးသွားသဖြင့် လမ်းပျောက်နေခဲ့ပြီး မိမိကိုယ်ကိုယ် ဖျက်ဆီးမည့် လမ်းစပေါ်သို့ ရောက်ရှိနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်... သူ ဤစာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး လင်ကျဲကဲ့သို့ နွေးထွေးသော စေတနာရှင်နှင့် ဆုံတွေ့ခဲ့သည်။ ယခုအခါ သူ၏ ဘဝမှာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... အဘိုးဝယ်နှင့် နှိုင်းယှဉ်လျှင် လင်ကျဲရှေ့မှ ဤဘုန်းတော်ကြီးမှာ ပို၍ပင် ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားနေရခြင်း ဖြစ်နိုင်ပေသည်။
ဘာသာရေး လူပုဂ္ဂိုလ်တစ်ဦးအတွက် မိမိ၏ အသင်းတော်ကို မေးခွန်းထုတ်ရသည်မှာ အလွန်ပင် ရက်စက်လှသော အလုပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း... ကိုယ်ပိုင်တွေးခေါ်မှုများ စတင်လာချိန်တွင် ခံစားရမည့် နာကျင်မှုမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ အကယ်၍ အမိုးခုံး ဘုရားကျောင်းအတွင်း၌ အမှန်တကယ်ပင် ပြဿနာများ ရှိနေခဲ့သည်။ ထိုအရာကို ဘုန်းတော်ကြီး နားလည် သဘောပေါက်ဖို့ လိုအပ်သည်။
“စိတ်လျှော့ထားပါဦး... တခြားကိစ္စတွေကို ဘေးဖယ်ထား... စုံစမ်းစစ်ဆေးတာတွေကိုတော့ နောက်မှ လုပ်လို့ရပါတယ်... အခုလောလောဆယ်မှာ ဖာသာရဲ့ ကျန်းမာရေး အခြေအနေက အရေးအကြီးဆုံးပါ”
လင်ကျဲ ဖျောင်းဖျလိုက်၏။
“ဒါနဲ့ ဖာသာက ဆေးလိပ် သိပ်သောက်တတ်တဲ့သူ မဟုတ်ဘူး ထင်တယ်”
လင်ကျဲက သူ့ သုံးသပ်ချက်ကို ဆက်ပြောလိုက်၏။
“ဖာသာရဲ့ ပြောပြချက်အရဆိုရင် ဖာသာရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဘာဘေးထွက်ဆိုးကျိုးမှ မရှိကြဘူး... ဆန့်ကျင်ဘက်အနေနဲ့ သူတို့က ပိုပြီးတောင် သောက်ကြသေးတယ်... ‘လပြည့်ဝန်း ရဲ့ အစွမ်းအောက်မှာ သူတို့က ပုံမှန်အတိုင်းပဲ ရှိနေကြတယ်... ဟုတ်တယ် မလား”
“အခု ဖာသာရော ဘယ်လို ခံစားရလဲ”
ဗင်းဆင့် စာအုပ်ဆိုင် ပိုင်ရှင်ကို မော့ကြည့်လိုက်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။ နောက်ဆုံးတွင် သူက ပြန်လည် ဖြေကြားလိုက်သည်။
“ကျွန်တော့်ရဲ့ စိတ်ကူးထဲမှာ လမင်းကို မြင်လိုက်ရတယ်... ဒါပေမဲ့ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါ”
လင်ကျဲ ခေါင်းညိတ်လိုက်မိ၏။ မျက်မမြင်တစ်ဦးက မြင်တွေ့ရသည်ဆိုခြင်းမှာ အမှန်ပင် မဖြစ်နိုင်ပေ။ ဤသည်မှာ အိပ်မက် သို့မဟုတ် အာရုံခြောက်ခြားမှုတစ်ခုသာ ဖြစ်ရပေမည်။ သို့သော်လည်း... ဤအဆင့်အထိ ရောက်နေပြီဆိုလျှင် အခြေအနေမှာ တော်တော်လေး စိုးရိမ်နေရပြီ ဖြစ်သည်။
“လပြည့်ဝန်း အဆီအနှစ်ကို သောက်သုံးတာ ရပ်လိုက်တဲ့အခါမှာ အခုလို ထူးဆန်းတဲ့ အာနိသင်တွေ ခံစားရပြီး ဂနာမငြိမ် ဖြစ်လာတာ ဖြစ်နိုင်ပါတယ်... တခြား တစ်ခုခုကို ပြုလုပ်ပြီး ဖာသာ့ရဲ့ အာရုံကို ပြောင်းလဲကြည့်ပါ”
လင်ကျဲ မတ်တတ်ရပ်လိုက်ရင်း မျက်မမြင် လက်နှိပ်စာဖြင့် ရေးသားထားသည့် ‘ကြည့်ရှုဖို့ သုံးရက်တာ’ စာအုပ်ကို ရွေးချယ် ရယူလိုက်သည်။
“ဒီစာအုပ်က ဖာသာ့အတွက် အလွန် သင့်တော်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်... ဖြစ်နိုင်ရင် ဒီစာအုပ်ထဲကနေ ထူးခြားတဲ့ အရာတစ်ခုခုကို ဖာသာ မြင်နိုင်ပါလိမ့်မယ်”
ဗင်းဆင့်မှာ သူ၏ အမြင်အာရုံအတွင်း၌ အဖြူရောင် မီးလျှံကြီးတစ်ခုကဲ့သို့ တောက်ပနေသည့် စာအုပ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိ၏။
‘ထူးခြားတဲ့ အရာတစ်ခုခု...’
မှန်ပါပေသည်။ ဗင်းဆင့် တစ်ယောက် ‘လမင်း၏ မျက်လုံးများ’ မှတစ်ဆင့် ထိုစာအုပ်သည် စင်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အလင်းတန်းများကို ထုတ်လွှတ်နေကြောင်း မြင်လိုက်ရသည်။
၎င်းမျာ နေမင်းကြီးကဲ့သို့ တောက်ပလှပြီး စာအုပ်ဆိုင်တစ်ဆိုင်လုံးကို လင်းထိန်သွားစေသည်။ စာအုပ်ဆိုင်ပိုင်ရှင်မှာ မီးလျှံလုံးကြီးတစ်ခု သို့မဟုတ် နေမင်းငယ်လေးတစ်ခုကို ကိုင်ထားသကဲ့သို့ပင်။
ထိုမီးလျှံအတွင်း၌ ကိန်းအောင်းနေသည့် စွမ်းအားများကိုလည်း ဗင်းဆင့် အာရုံခံနိုင်စွမ်း ရှိနေသည်။ ဆိုင်ရှင်၏ မျက်နှာပေါ်မှ အပြုံးနှင့် အတူ စာအုပ် အတွင်းမှ ထွက်ပေါ်လာသည့် ကြီးမြတ်လှသော ဘုရားသခင် အငွေ့အသက်ကြောင့် ဗင်းဆင့်မှာ အကြီးအကျယ် တုန်လှုပ်သွားရတော့သည်။
သူ ချက်ချင်းပင် မတ်တပ် ထရပ်လိုက်မိ၏။ ဤကဲ့သို့သော ခံစားချက်မျိုးနှင့် သူ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည်။
တရားမှတ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်တိုင်း... စိတ်ဝိညာဉ်နှင့် အထိမ်းအမှတ် တံဆိပ်တို့ ပဲ့တင်ထပ်ချိန်တိုင်းတွင် စိတ်အာရုံမှာ လမင်း၏ အီသာနယ်ပယ်အတွင်းသို့ နစ်ဝင်သွားလေ့ရှိသည်။ လမင်း၏ ကောင်းချီးနှင့် စောင့်ရှောက်မှုကို ရရှိချိန်တွင် ဝေဒနာရှင်များကို ကုသရန် သို့မဟုတ် မိစ္ဆာများကို နှင်ထုတ်ရန် မှော်ပညာများကို အသုံးပြုနိုင်ကြသည်။
အမိုးခုံး ဘုရားကျောင်းရှိ ဘုန်းတော်ကြီးတိုင်းတွင် ယင်းကဲ့သို့သော စွမ်းအားများ ကိန်းအောင်းနေသဖြင့် သာမန်လူများနှင့် မတူသော တန်ခိုးရှင်များ ဖြစ်လာကြခြင်း ဖြစ်သည်။ အမိုးခုံး၏ အထက်တွင် ရှိသော လမင်းကြီးမှာ ကြည်ညိုကိုင်းရှိုင်းသူများကို ၎င်း၏ ဘုရားသခင် အငွေ့အသက်များဖြင့် ကောင်းချီးပေးထားသည်။
သို့သော်လည်း... ယခု ဤစာအုပ်အတွင်းမှ ထွက်ပေါ်လာသော ‘ဘုရားသခင်၏ အငွေ့အသက်’ နှင့် စွမ်းအားမှာ ပို၍ ပြင်းထန်ကာ၊ ပို၍ လွှမ်းမိုးနိုင်စွမ်းရှိပြီး အသက်အားမာန်များဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ လမင်း၏ ဝိညာဉ်စွမ်းအား အမြောက်အမြားကို စုစည်းကာ မီးရှို့လိုက်သကဲ့သို့ပင်။
ထိုစွမ်းအားနှစ်ခု၏ မြစ်ဖျားခံရာ အရင်းအမြစ်များမှာ တူညီနေကြောင်း ဗင်းဆင့် ရှင်းလင်းစွာ အာရုံခံမိသည်။ ထို့ထက် ပို၍ ထိတ်လန့်စရာ ကောင်းသည်က... အဆိုပါ စွမ်းအားနှစ်ခုသည် သီးခြားအရင်းအမြစ်များ မဟုတ်ဘဲ တစ်ခုမှ တစ်ခုသို့ ဆင်းသက်လာခြင်းဖြစ်ကြောင်း သူ ဝိုးတဝါး သိမြင်လိုက်ခြင်း ဖြစ်သည်။
ဘယ်အရာက ဘယ်အရာဆီ ဆင်းသက်လာသလဲ ဆိုသည့် အတွေးကိုတော့ ဗင်းဆင့်က အတင်းအကျပ် လျစ်လျူရှုထားလိုက်သည်။
သို့သော်လည်း... လမင်း၏ မျက်လုံးများမှာ သူ၏ အမြင်အာရုံအတွင်းရှိ ထူးခြားသော ဖြစ်စဉ်မှန်သမျှကို လွဲချော်မသွားစေခဲ့ပေ။ ထိုတောက်ပလှသော အလင်းတန်းများအကြားတွင် အခြားသော မှိန်ဖျော့ဖျော့ အလင်းရင်းမြစ်တစ်ခု ပေါ်လာပြန်သည်။ ဗင်းဆင့် မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိချိန်တွင် သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး မျက်စိအား စည်းထားသည့် အဝတ်ကိုပင် ဆွဲခွာမိတော့မတတ် ဖြစ်သွားသည်။
အဘယ်ကြောင့်နည်း။ စာအုပ်၏ ဘုရားသခင် တစ်ပါး အလား အငွေ့အသက်ကို ပဲ့တင်ထပ်လျက် မှိန်ဖျော့ဖျော့ အလင်းကို ထုတ်လွှင့်နေသည့် အခြားအလင်းရင်းမြစ်မှာ သူ၏ ကိုယ်ပိုင် အထိမ်းအမှတ် တံဆိပ် ဖြစ်နေခဲ့ခြင်းပင်။
မှန်ပေသည်။ အမိုးခုံး ဘုရားကျောင်း၏ အမှတ်အသားဖြစ်သော ငွေရောင်လခြမ်း တံဆိပ်မှာ ယခုအခါ ကိုယ်ပိုင် နူးညံ့သော အလင်းရောင်များဖြင့် တောက်ပနေချေပြီ ဖြစ်သည်။ ဗင်းဆင့် တစ်ယောက် ဆွံ့အ ငြိမ်သက်စွာပင် သူ၏ တံဆိပ်မှာ ပို၍ ပို၍ တောက်ပလာသည်ကို ကြည့်နေမိသည်။ ၎င်း၏ လင်းလက်မှုမှာ သူ တရားမှတ်စဉ် သို့မဟုတ် မှော်ပညာ သုံးစွဲစဉ်ကထက်ပင် ပို၍ တောက်ပနေတော့သည်။
ဗင်းဆင့် သူ့ အထိမ်းအမှတ် တံဆိပ်ကို ငေးကြည့်ရင်း ဤအရာ၏ အစစ်အမှန် ပိုင်ရှင်မှာ မည်သူနည်းဟုပင် သံသယဝင်လာမိသည်။
အိပ်စက်ချိန်မှာပင် ခွဲမရအောင် အမြဲတစေ ဆောင်ထားခဲ့သည့် တံဆိပ်က သူ့ကို သစ္စာဖောက်လိုက်သကဲ့သို့ မဖော်ပြနိုင်သည့် ခံစားချက်မျိုးကို ဗင်းဆင့် ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အထိမ်းအမှတ် တံဆိပ်မှာ ဗင်းဆင့်၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုနှင့် ပေါင်းစပ်ထားလေရာ... နွေးထွေးလှသည့် စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာလေသည်။ ဗင်းဆင့်ထံတွင် ထိုအစွမ်းထက်လှသည့် စွမ်းအင်ကို တွန်းလှန်နိုင်စွမ်း မရှိပါချေ။
တွန်းလှန်စရာလည်း မလိုပါချေ။ အဘယ်ကြောင့် ဆိုသော် ထိုစွမ်းအင်များ စီးဝင်လာသည်နှင့် တစ်ပြိုင်နက် သူ့ ခန္ဓာကိုယ်အတွင်းရှိ မသက်မသာဖြစ်မှုနှင့် စိုးရိမ်စိတ်အားလုံး ချက်ချင်းပင် ငြိမ်သက်ကျသွားသောကြောင့်ပင်။
ပင်ပန်းနွမ်းနယ်လှသော နေ့တစ်နေ့အပြီးတွင် ရေပူစည်ပိုင်းအတွင်း စိမ်လိုက်ရသကဲ့သို့ ဗင်းဆင့် စိတ်လက်ပေါ့ပါးသွားခဲ့၏။ ၎င်းမှာ အိမ်ပြန်ရောက်သွားသကဲ့သို့ ခံစားချက်မျိုးပင်။
ခန္ဓာကိုယ်က အစွမ်းကုန် အေးချမ်းသွားချိန်တွင် ထိတ်လန့်ဖွယ် အတွေးတစ်ခုက ဗင်းဆင့်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
‘ဒါ... ဒါက စစ်မှန်တဲ့ ဘုရားသခင်လား’
[ဘာသာပြန်သူ၏ မှတ်ချက်။ ကြည့်ရှုဖို့ သုံးရက်တာ (Three days to see ဆိုသည်မှာ မျက်မမြင် နားမကြား စာရေးဆရာမ ဟယ်လင်ကယ်လာ ရေးခဲ့သည့် နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်သည်]
***