ချန်းဖူအရွက်
Vol. 1 Ch. 359
"ဒါကအဓိပ္ပါယ်ရော ရှိလို့လား"
ကျန်းရီသည် လက်နက်များအားလုံးကို ဘေးဘက်သို့ တွန်းဖယ်ပစ်လိုက်ပြီး သေတ္တာတိုင်းကိုဖွင့်ကာ စစ်ဆေးလိုက်သော်လည်း ဆေးပင်များကိုသာ တွေ့ရလေသည်။ ထို့နောက် သူမယုံနိုင်စွာ ရေရွတ်လိုက်သည်။
"စုန်းနတ်ဘုရားက ဒီလောက်စွမ်းအားကြီးပြီး ကောင်းကင်ကျောက်တုံး တစ်ခုမှတောင် မရှိဘူး။ ကောင်းကင်ကျောက်တုံး အကုန်လုံးကို သူသုံးလိုက်တာများလား"
"ရှာနေတာ ရပ်လိုက်တော့"
အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာရာ ကျန်းရီမှာ ထိတ်လန့်သွားခဲ့သည်။ စုန်းနတ်ဘုရား၏ စကားသံ ထွက်ပေါ်လာခဲ့သည်။
"ဒီနေရာမှာ ကောင်းကင်ကျောက်တုံး တစ်ခုမှ မရှိဘူး။ သိုင်းတာအိုခရီးကို လျှောက်လှမ်းတဲ့အခါမှာ အခြေခံက အရမ်းအရေးကြီးတယ်။ ဒီအဘိုးကြီး ငယ်တုန်းက ကောင်းကင်ကျောက်တုံးတွေကို သုံးခဲ့လို့ နောက်ဆုံးအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့တာပဲ။ သိုင်းတာအိုရဲ့ အမြင့်ဆုံးနေရာကို သွားတဲ့လမ်းမှာ ဖြတ်လမ်းဆိုတာ မရှိဘူး။ ကောင်းကင်ကျောက်တုံးထဲက စွမ်းအင်တွေက သန့်စင်ပြီး လူ့ကိုယ်အတွက် ဆိုးကျိုးမရှိဘူးဆိုပေမယ့် မင်းရဲ့အင်အားက တစ်ဆင့်ချင်းစီ တိုးသွားတာ မဟုတ်သလို မင်းကိုယ်က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ အဲ့လောက်အင်အားကြီးတဲ့ အတွင်းအားတွေကို ခန္ဓာကိုယ်က မခံနိုင်တော့ရင် ပေါက်ကွဲတောင်သွားနိုင်တယ်။ အဲ့ဒါက မင်းရဲ့အင်အားနဲ့ အနာဂတ်ခရီးလမ်းကို သက်ရောက်နိုင်တယ်"
"ကျွန်တော်သိပြီ"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲမထားခဲ့ပေ။
သူသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် အင်အားကြီးလာဖို့ အမြန်လိုအပ်နေသည်။ သုံးနှစ်ကတိသည် သူ့ခေါင်းပေါ်တွင် ဓားမိုးခံထားရသကဲ့သို့ သူ့အား မွန်းကြပ်အောင် ဖိအားပေးနေခဲ့သည်။ သူ့ဘက်တွင် နတ်ဆိုးသားရဲဘုရင် အမြင့်ဆုံးအဆင့်၏ အကူအညီ ရကောင်းရနိုင်သော်လည်း မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီး၏အင်အားသည် နတ်ဆိုးသားရဲဘုရင်အောက် လျော့နည်းမည်မဟုတ်ပေ။ ထို့ပြင် အခြားနိုင်ငံငါးခုမှ ဗာဂျရာအဆင့် ပုဂ္ဂိုလ်ကြီးများလည်း ကျန်နေသေးသည်။
အနာဂတ်...သူသည် ထိုအဝေးကြီးမှ ကိစ္စကို တွေးပူမနေနိုင်ချေ။ သူအသက်ရှင်နေသရွေ့ သူ့ခန္ဓာကိုယ် အခြေအနေကို ပြောင်းလဲပစ်ရန် နောက်မကျပေ။
"မင်းရဲ့ စိတ်စွမ်းအားနဲ့ ကိုုယ်ခန္ဓာက အားနည်းနေသေးတယ်။ မင်း ဒီက ဆေးပင်တွေကို သုံးတော့မယ်ဆိုရင် သုံးခုမြောက်သေတ္တာထဲက နေနဂါးဆေးပင်နဲ့ ခြောက်ခုမြောက် သေတ္တာထဲက ချန်းဖူအရွက်ကို အရင်ဆုံး သုံးသင့်တယ်။ မင်းရဲ့ လက်ရှိအင်အားက သိပ်ပြီးမသင့်တော်သေးလို့ ကျန်တဲ့ ဆေးပင်တွေကို မထိသင့်သေးဘူး။ လက်နက်တွေကိုလည်း မင်းအားမကိုးသင့်ဘူး။ သိုင်းသမားအစစ်အမှန်က လက်နက်တွေ၊ ရတနာတွေကို ဘယ်တော့မှ အားမကိုးဘူး။ တာအိုနဲ့တိုက်ခိုက်ခြင်းကသာ ငါတို့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်နေလို့ပဲ"
ပြောစရာရှိသည်တို့ကို ပြောပြီးနောက် စုန်းနတ်ဘုရား၏အသံ တိတ်ဆိတ်သွားခဲ့ပြန်သည်။ ကျန်းရီသည် ကျေးဇူးတင်သည့်အနေနှင့် လက်နှစ်ဖက်ယှက်၍ ဦးညွှတ်လိုက်ပြီးနောက် သုံးခုမြောက်သေတ္တာနှင့် ခြောက်ခုမြောက်သေတ္တာကို ကြည့်လိုက်သည်။
"ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်"
ကျန်းရီ၏ ကိုယ်သည် အလွန်အားနည်းသည်။ ထို့ကြောင့်ပင် သူ့အတွင်းအားမှာ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ပဉ္စမအဆင့်ခန့်ကို ရောက်နေသော်လည်း သူ့လှုပ်ရှားမှုနှုန်းနှင့် တိုက်ခိုက်မှုနှုန်းမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမအဆင့်တွင်သာ ရှိနေသေးခြင်းဖြစ်သည်။ စိတ်ဝိဉာဉ်အကြောင်းကိုမူ သူပို၍ပင် မသိသေးပေ။ သို့သော်လည်း စုန်းနတ်ဘုရားက ပြောပြလာရာ ထိုဆေးပင်နှစ်ခု၏ အစွမ်းကိုစုပ်ယူရန် သူပြင်လိုက်သည်။
သူသည် သုံးခုမြောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သော် အစိမ်းရောင် နဂါးငယ်နှင့် သဏ္ဍာန်တူသည့် ဆေးပင်တစ်ခုကို သူတွေ့လိုက်ရသည်။ ၎င်းမှ အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေပြီး သာမန်ပစ္စည်းမဟုတ်ကြောင်း သက်သေပြနေခဲ့သည်။
ကျောက်စိမ်းသေတ္တာထဲတွင် စာအုပ်ငယ်တစ်အုပ်ပါ ရှိနေသေးသည်။ ကျန်းရီသည် အလျင်အမြန် ဖတ်ကြည့်လိုက်သော် သံသယပင်ဝင်လာရသည်။ စာအုပ်ငယ်ထဲတွင် နေနဂါးဆေးပင်၏ အစွမ်းကို စုပ်ယူရာတွင် အရေးကြီးသည့် အချက်များကို အသေးစိတ် ဖော်ပြထားသည်။ အဘယ့်ကြောင့် စုန်းနတ်ဘုရားသည် ဤသို့ပြင်ဆင်ပေးထားသည်အထိ သူ့အား ကောင်းကောင်းဆက်ဆံနေသနည်း။
"မင်းသား"
စာအုပ်၏ နောက်ဆုံးနားမှ အမည်ကို ဖတ်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို ကျန်းရီသဘောပေါက်သွားခဲ့သည်။ ဤဆေးပင်ကို စုန်းနတ်ဘုရားအား ရှန်မိနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးမှ လက်ဆောင်ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် စုန်းနတ်ဘုရားသည် ဆေးပင်ကို အသုံးမပြုခဲ့ပေ။ ဤစာအုပ်ကို ထိုအချိန်က ရှန်မိနိုင်ငံ၏ မင်းသားတစ်ပါး ရေးထားခဲ့ခြင်းဖြစ်ရမည်။ သူ၏ရည်ရွယ်ချက်မှာ စုန်းနတ်ဘုရားအား မျက်နှာလုပ်ရန်ဖြစ်သည်။
"ဒီနေနဂါးဆေးပင်က စုပ်ယူဖို့ ဒုက္ခများမယ်။ ပြီးတော့ အနည်းဆုံးနှစ်ပတ်တောင် ကြာဦးမှာ...ငါနောက်မှပဲ စုပ်ယူတော့မယ်"
ကျန်းရီသည် ၎င်းကို ကျောက်စိမ်းသေတ္တာထဲတွင် သေချာပြန်သိမ်းလိုက်ပြီး မီးဝိဉာဉ်ပုလဲအတွင်း ပစ်ထည့်လိုက်သည်။ ထို့နောက်သူသည် ခြောက်ခုမြောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သော် ကျောက်စိမ်းဖြူကဲ့သို့ သန့်စင်၍ ဝိဉာဉ်စွမ်းအင်များ ပြည့်ဝနေသည့် အရွက်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် မွှေးရနံ့ ဖျော့ဖျော့ကိုလည်း ထုတ်လွှတ်နေလေသည်။
ထိုကျောက်စိမ်းသေတ္တာထဲတွင်လည်း စာအုပ်ငယ်တစ်အုပ် ရှိနေသည်။ သို့သော် လက်ရေးမှာ ကွဲပြားနေပြီး လက်ဆောင်ပေးထားသူမှာ အခြားတစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။ ကျန်းရီသည် အမြန်ဖတ်ကြည့်ပြီးနောက် ထိုချန်းဖူအရွက်ကို အရင်စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုဆေးပင်သည် စုပ်ယူရန် အလွန်လွယ်ကူပြီး အထူးသတိပြုစရာ အချက်များလည်း မရှိချေ။ ထို့ပြင် ၎င်းကိုစုပ်ယူရန် တစ်ရက်သာကြာမည်ဖြစ်ပြီး ဆေးအာနိသင်မှာလည်း စိတ်ဝိဉာဉ်ထံ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားလိမ့်မည်။
စိတ်ဝိဉာဉ်အကြောင်းကို ကျန်းရီ ဘာမှမသိထားချေ။ စိတ်ဝိဉာဉ်အားကောင်းလျှင် မည်သို့အသုံးဝင်မည်နည်း။ ကျန်းရီမသိချေ။ သို့သော် စုန်းနတ်ဘုရား၏ပြောစကားကို သူဆန့်ကျင်မည် မဟုတ်။ သူသည် ချန်းဖူအရွက်ကို အသာထုတ်ယူလိုက်ပြီး စတင်၍ စုပ်ယူရန် ပြင်ဆင်လိုက်သည်။
သူသည် သူ့အတွင်းအားကို အရွက်၏ဘေးပတ်လည်တွင် ခြုံလွှမ်းစေလိုက်သည်။ အရွက်သည် ဖြည်းဖြည်းချင်း သေးသထက်သေးသွားပြီး လန်းဆန်းစေသည့် စွမ်းအင်တစ်မျိုးသည် သူ့ကိုယ်ထဲ ဝင်ရောက်လာခဲ့သည်။ ထိုစွမ်းအင်ကို ထိန်းချုပ်စရာလည်း မလိုအပ်ဘဲ စိတ်ဝိဉာဉ်ဆီသို့သာ တိုက်ရိုက်စီးဆင်းစေလိုက်သည်။
"ကောင်းသားပဲ"
ကျန်းရီသည် ခေါင်းစခြေဆုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်မှ မွှေးညှင်းပေါက်များလည်း ပွင့်သွားခဲ့သည်။ ထိုခံစားချက်မှာ အလွန်အံ့အားသင့်စရာကောင်းရာ သူသည် ချန်းဖူအရွက်ကို စုပ်ယူရန်သာ အာရုံစိုက်ထားလိုက်တော့သည်။
တစ်ရက်ကြာပြီးနောက် ချန်းဖူအရွက်မှာ ပျောက်ကွယ်ခဲ့သည်။ ကျန်းရီ၏ စိတ်ဝိဉာဉ်အား အစိမ်းရောင်စွမ်းအင်က ရစ်ပတ်ထားပြီး ထိုစွမ်းအင်မှာ စိတ်ဝိဉာဉ်ထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်။ သူ၏ကိုယ်တွင်းအမြင်အာရုံဖြင့် ကြည့်လိုက်သော် သူ့စိတ်ဝိဉာဉ်မှာ တဖြည်းဖြည်း ကြီးလာကြောင်း သူသတိပြုမိလိုက်သည်။ အလွန်ထူးဆန်းလှချေသည်။
"ဟုတ်ပြီ"
သူ့တစ်ကိုယ်လုံးအား မည်သည့်ပြဿနာမှ မရှိကြောင်း သေချာအောင် စစ်ဆေးလိုက်ပြီးနောက် ကျန်းရီသည် ထရပ်ကာ ဘေးပတ်လည်မှ ရတနာများကို ကြည့်လိုက်သည်။ သူ့အကြည့်တို့သည် ဓားရှည်တစ်ချောင်း၊ လေးတစ်ခုနှင့် လှပသော ခြုံထည်တစ်ခုတို့ထံတွင် ရပ်တန့်သွားခဲ့သည်။
ဓားရှည်နှင့် လေးတို့မှာ သူတော်စင်အဆင့်များ ဖြစ်ကြသည်။ အထူးသဖြင့် လေး၏ ပတ်ပတ်လည်တွင် အလင်းရောင်များ တောက်ပနေခဲ့ပြီး အလွန်အမင်း တင့်တယ်နေသည်။
စုန်းနတ်ဘုရားသည် သူ့အား လက်နက်နှင့် ရတနာများကို အားမကိုးရန် ပြောခဲ့သော်လည်း ဤနေရာမှ လက်နက်များကို မထိနှင့်ဟု မပြောခဲ့ပေ။ ထို့ကြောင့် သူသည် ဤပစ္စည်းများကို လက်ဆောင်အဖြစ် ယူသွားမည်ဖြစ်သည်။
လေးနှင့် ဓားရှည်မှာ စုလောရွှယ်အတွက် သင့်တော်သည်။ ခြုံထည်မှာ သူတော်စင်အဆင့် မဟုတ်သော်လည်း ကောင်းကင်အဆင့် အကာအကွယ်ပစ္စည်းတစ်ခု ဖြစ်သည်။ သူသည် ခြုံထည်အား ကျန်းရှောင်နူထံ ပေးလိုသည်။ ထိုမိန်းကလေးငယ်သည် သူမကိုယ်သူမ ကာကွယ်ရန် နည်းလမ်းမရှိရာ ဤခြုံထည်သည် သူမအား ချောင်းမြောင်းတိုက်ခိုက် ခံရမှုများမှ ကာကွယ်ပေးလိမ့်မည်။
ထိုရတနာသုံးခုကို သိမ်းလိုက်ပြီးနောက် ကျန်းရီသည် ကြုံရာ ကောင်းကင်အဆင့် လက်နက်အချို့ကို ကောက်လိုက်သည်။ စုန်းနတ်ဘုရားသည် ဆေးပင်များကို မထိရန် ပြောခဲ့ရာ လက်နက်များ ယူပြီးနောက် တံဆိပ်ပြားသုံး၍ စတုတ္ထထပ်သို့ သူပြန်သွားလိုက်သည်။
တစ်နေ့လုံးလုံး ဒဏ်ရာများကုစားပြီးနောက် ဟဲလောင်၏ ဒဏ်ရာများမှာ အတော်လေး ပြန်ကောင်းနေပြီဖြစ်သည်။ သို့သော် သူ၏ ဘယ်ခြေထောက်ကျိုးထားရာ ထိုဒဏ်ရာသည် နှစ်ရက်သုံးရက်ခန့် ပြန်မကုစားဘဲ ပြန်ကောင်းမည်မဟုတ်။ ဟဲလောင်သည် ကျန်းရီပြန်လာသည်ကို မြင်သောအခါ ဝမ်းသာသွားခဲ့သည်။ သူသည် အံကြိတ်၍ ကြိုးစားရပ်လိုက်ကာ ပြောလာခဲ့သည်။
"သခင်လေးချမ်...ဒီအဖိုးကြီး ပြန်ကောင်းပါပြီ။ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိရသေးဘူး။ ဘုရင်မလောရွှယ်၊ ခေါင်းဆောင်ငယ်နဲ့ သခင်လေးချမ်လည်း တော်တော်စိတ်ပူနေကြမှာ"
"အင်း...အဆင်ပြေသွားမှာပါ။ အပြင်ကို ထွက်ပြီးရင် ငါတို့ ဟွမ်ကြီးကို စီးသွားကြမယ်။ လမ်းမှာ မင်းဒဏ်ရာတွေကို ကုစားနေလို့ရတယ်"
ကျန်းရီသည် ခေါင်းငြိမ့်၍ ပြောလိုက်သည်။ ထို့နောက် ရေခဲပင်လယ်ထံ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
"နတ်ဆိုးသားရဲဘုရင် ထွက်လာခဲ့တော့"
ဘန်း...
ပင်လယ်ရေများ ဖြာထွက်လာပြီးနောက် လှိုင်းလုံးကြီးများနှင့်အတူ နတ်ဆိုးသားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ကျန်းရီ၏ လက်ထဲတွင် မြစိမ်းကြည်လင်ပန်းအိုး ထွက်ပေါ်လာခဲ့ပြီး အသာအယာ ပြောလိုက်သည်။
"နတ်ဆိုးသားရဲဘုရင်...ဒီပန်းအိုးထဲက သီးသန့်နယ်မြေက သိပ်မကြီးဘူးဆိုပေမယ့် ခင်ဗျားက ထင်ထင်ပေါ်ပေါ် မနေချင်ဘူးဆိုတော့ ဒီအထဲမှာ ပုန်းနေသင့်တယ်။ အရေးပေါ်အခြေအနေမဟုတ်ရင် ကျွန်တော်ခင်ဗျားကို မခေါ်ထုတ်ဘူး"
နတ်ဆိုးသားရဲဘုရင်သည် လေထဲသို့ ရောက်လာခဲ့ပြီး မကျေမနပ် ပြောလာခဲ့သည်။
"မင်းအသတ်ခံရတော့မှာ မဟုတ်ရင် ဒီဘုရင်ကို မခေါ်နဲ့။ အဲ့ဒါက အရမ်းအရှက်ခွဲရာကျတယ်...နားလည်လား ကောင်လေး"
မြစိမ်းကြည်လင်ပန်းအိုးသည် လင်းလက်လာခဲ့ပြီး အစိမ်းရောင်အလင်းသည် နတ်ဆိုးသားရဲဘုရင်ကို လွှမ်းခြုံသွားကာ လေထုထဲမှ သားရဲကြီး ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီသည် ပန်းအိုးအတွင်းသို့ တစ်ချက်ကြည့်လိုက်သည်။ အတွင်းမှနယ်မြေသည် မကျယ်လွန်းရာ ယာ့ဇီသားရဲ၏ ကိုယ်ကြီးသည် သီးသန့်နယ်မြေ၏ တစ်ဝက်ကျော်ကို နေရာယူထားခဲ့သည်။ ၎င်းသည် မကျေမနပ်ဖြင့် နှာမှုတ်လိုက်ပြီးနောက် အိပ်စက်ရန် မျက်လုံးများ မှိတ်လိုက်သည်။
"သခင်လေးရီ...ပန်းအိုးထဲက နယ်မြေက အရမ်းသေးတယ်။ လတိုင်းအတွင်းအားတွေ ဖြည့်ပေးသင့်တယ်...မဟုတ်ရင် နတ်ဆိုးသားရဲဘုရင် မွန်းကြပ်ပြီး အသက်ထွက်သွားလိမ့်မယ်"
ဟဲလောင်သည် ကျန်းရီအား သတိပေးလိုက်သော်လည်း ကျန်းရီမှာ စိတ်ထဲမထားပေ။ အနှီယာ့ဇီသားရဲသည် အင်အားကြီးလွန်းရာ သုံးလေးနှစ်ခန့် အစာမစားရလျှင်တောင် ပြဿနာရှိမည်မဟုတ်ချေ။
"သွားမယ်...အပြင်ထွက်ကြစို့"
ကျန်းရီသည် လက်ဝှေ့ယမ်းလိုက်ပြီး သူ့လက်ထဲမှ တံဆိပ်ပြားသည် လင်းလက်လာခဲ့သည်။ အဖြူရောင်အလင်းတန်းနှစ်ခုသည် သူတို့အား လွှမ်းခြုံသွားခဲ့သည်။ သူတို့ မျက်လုံးပြန်ဖွင့်လိုက်သော အချိန်တွင် တမလွန်တောအုပ်၏ ချောက်ကမ်းပါးအစွန်း၌ ရောက်နေကြောင်း သူတို့တွေ့လိုက်ရသည်။
"ငါတို့ အပြင်ရောက်ပြီ...နောက်ဆုံးတော့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပြီကွ"
ကျန်းရီနှင့် ဟဲလောင်၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ ကျန်းရီသည် ဝိဉာဉ်သားရဲအဆောင်အား ထုတ်ယူလိုက်ပြီး ကျုံးဝူသားရဲကိုဆင့်ခေါ်ကာ ဟဲလောင်နှင့်သူ စီးနင်းလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ တံဆိပ်ပြား လင်းလက်သွားပြီး သူတို့၏ဘေးပတ်လည်မှ မြူထုကြီး ကွယ်ပျောက်သွားခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဟွမ်ကြီး...သွားစို့။ ရှားယွိမြို့ကို ပြန်ကြမယ်"
*****