သေချာပေါက် သေလိမ့်မယ်
Vol. 1 Ch. 360
တမလွန်တောအုပ်၏ မြေအောက်တွင် သားရဲကြီးတစ်ကောင်သည် ဟိန်းဟောက်ရင်း ပြေးလွှားနေခဲ့သည်။ ကျန်းရီသည် ရှေ့ဘက်တွင်ထိုင်၍ မျက်လုံးများမှိတ်ကာ အနားယူနေခဲ့ပြီး ဟဲလောင်သည် အနောက်ဘက်တွင်ထိုင်၍ ဒဏ်ရာများ ကုသနေခဲ့သည်။
တစ်နေ့လုံး ခရီးပြင်းနှင်ပြီးနောက် တမလွန်တောအုပ်၏ နယ်နိမိတ်အဆုံးသို့ သူတို့ရောက်ရှိသွားကြသည်။ အနည်းငယ်ရှေ့ဆက်သွားလျှင် ရှားနိုင်ငံနယ်နိမိတ်အတွင်း ပြန်ရောက်ပြီဖြစ်သည်။ ကျန်းရီသည် စုလောရွှယ်နှင့်ကျန်လူများအား စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် ရှားနိုင်ငံသို့ တန်းတန်းမတ်မတ် ပြန်နေခဲ့ခြင်းဖြစ်သည်။
"ဒီနားလောက်မှာ မဟုတ်လား"
တစ်နာရီကြာပြီးနောက် ကျန်းရီသည် မျက်လုံးများ ဖွင့်လိုက်သည်။ ရှားနိုင်ငံပိုင်နက်အတွင်း သူတို့ရောက်နေလောက်ပြီဖြစ်သည်။ သူသည် စုလောရွှယ်နှင့် ကျန်လူများ ဘေးကင်းမကင်း သိချင်နေသည့်အတွက် သတင်းအချို့ စုံစမ်းရန် စိတ်လောနေခဲ့သည်။
"ဟွမ်ကြီး...မြေပေါ်တက်မယ်"
အချိန်အနည်းငယ်ကြာ ထပ်မံ ခရီးဆက်ပြီးနောက် ကျန်းရီ၏ အော်သံထွက်ပေါ်လာခဲ့ပြီး ဟဲလောင်နိုးသွားခဲ့သည်။ နောက်တစ်ရက် ကုစားပြီးနောက် သူ့ဒဏ်ရာများ ပြန်ကောင်းလုနေပြီဖြစ်သည်။ သူ၏ကျိုးသွားသည့် အရိုးများမှာလည်း နာကျင်ခြင်းမရှိတော့ပေ။ သို့သော်လည်း လမ်းလျှောက်ရန်တော့ အနည်းငယ် ခက်ခဲဦးမည်ဖြစ်သည်။
ဘန်း...
ဟွမ်ကြီးသည် အထက်သို့ တက်သွားခဲ့ပြီး မြေပြင်ပေါ် တိုးထွက်လိုက်သည်။ ကျန်းရီနှင့်ဟဲလောင်သည် ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သော် သူတို့ရောက်နေသည်မှာ ရှားနိုင်ငံပိုင်နက်ဖြစ်ကြောင်း သေချာသွားခဲ့သည်။ သူတို့ရောက်နေသော နေရာအနီးတွင် မြစ်ကြီးတစ်စင်း ရှိနေလေ၏။
"ဝူမြစ်"
ဟဲလောင်သည် အကဲခတ်လိုက်ပြီးနောက် မြေပုံတစ်ခုထုတ်ယူကာ စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
"သခင်လေးရီ...ဒီနားမှာ လောင်မြို့ဆိုတဲ့ တောင်ခြေမြို့လေးရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ ကျန့်ဂိုဏ်းနဲ့ ချမ်ဂိုဏ်း ခြေကုပ်ယူထားတဲ့မြို့ပဲ။ အဲ့ဒီမှာ ကျွန်တော်တို့ သတင်းတစ်ချို့ စုံစမ်းလို့ရတယ်"
ကျန်းရီသည် ကျန့်ဂိုဏ်း၊ ချမ်ဂိုဏ်းတို့နှင့် ပူးပေါင်း၍ ယွင်လု၏စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားလောက်ပြီး ရှန်မိနိုင်ငံ၏ ဘုရင်မှာ အလွန်ဒေါသထွက်နေလောက်သည်။ သူတို့နှစ်ယောက်သည် တားမြစ်နယ်မြေထဲတွင် လဝက်ကျော် ပိတ်မိနေခဲ့ရာ အပြင်မှအခြေအနေများကို မသိခဲ့ပေ။ သတင်းအချို့ အရင်စုံစမ်းကြည့်သည်က ကောင်းမွန်လိမ့်မည်။
"ကောင်းပြီ"
ကျန်းရီသည် စဉ်းစားလိုက်ပြီးနောက် ဟွမ်ကြီးကို ထိန်းချုပ်ကာ အနီးအနားသို့ လှည့်လည်သွားလာလိုက်သည်။ တစ်နာရီခန့်ကြာပြီးနောက် တောင်ခြေတစ်ခုတွင် မြို့ငယ်လေးတစ်မြို့ကို သူတို့ ရှာတွေ့သွားခဲ့သည်။
"အဲ့ဒါပဲ...ဒါက လောင်တောင်...ကျွန်တော်တို့ဂိုဏ်းရဲ့ လျှို့ဝှက်အမှတ်အသားက အဲ့ဒီကျောက်နံရံပေါ်မှာပဲ။ သခင်လေးရီက တိုက်ရိုက်ဝင်သွားလို့ရတယ်။ ဒီမြို့က ချမ်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ကျွန်တော်တို့ ရှိနေတဲ့နေရာကို သူတို့ပေါက်ကြားစေမှာ မဟုတ်ဘူး"
ဟဲလောင်သည် တောင်ကြီး၏ ကျောက်သားပေါ်မှ မထင်မရှား အမှတ်အသားတစ်ခုကို မြင်သောအခါ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူသည် ကျန်းရီနှင့်အတူ ပြန်လာနိုင်ခဲ့သည်။ ထိုသတင်းသာ ကျန့်ဂိုဏ်းသို့ ပြန်ရောက်သွားပါက ကျန့်ဝူရွှမ်းဝမ်းသာပေလိမ့်မည်။
"ဟွမ်ကြီး...သွားစို့"
ကျန်းရီသည် ဟဲလောင်ကို ယုံသည့်အတွက် ဟွမ်ကြီးကို မလှမ်းမကမ်းရှိ မြို့ငယ်လေးဆီ ဦးတည်စေလိုက်သည်။
ဝှစ်...ဝှစ်
သူတို့ မြို့အနီး မရောက်ခင်တွင် ခြံအသီးသီးမှ သိုင်းသမားများပြေးထွက်လာကြသည်။ ကျန်းရီသည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် နှစ်ဦး၏တည်ရှိမှုကို အာရုံခံမိလိုက်သည်။ သို့သော် သူတို့မှာ သိပ်၍ စွမ်းအားမမြင့်ကြပေ။
"ဝူး...ဝူး"
ဦးချိုမှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြို့ငယ်လေးမှာ ဝုန်းဒိုင်းကြဲသွားခဲ့သည်။ သာမန်လူများနှင့် သိုင်းသမားအချို့သည် သူတို့၏အခန်းများမှ ပြေးထွက်လာကြကာ မြို့၏အခြားထွက်ပေါက်ထံ အပြေးအလွှားသွားကြသည်။ ဟွမ်ကြီး၏အရှိန်အဝါသည် အားကောင်းလွန်းသဖြင့် မြို့ထဲမှ လူတိုင်းမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
"ဝူး၊ ဝူးး....ဝူးး...."
ဟဲလောင်သည် ခေါင်းမော့၍ သံပြတ်တစ်ခုနှင့် သံရှည်နှစ်ခုဆွဲ၍ ပြန်အော်လိုက်သည်။ ၎င်းမှာ ဆက်သွယ်ရေး စကားဝှက်ဖြစ်သည်။ သူအော်ပြီးပြီးချင်းတွင် မြို့ထဲမှ ဝမ်းသာအားရ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အားလုံးပဲ မကြောက်ကြပါနဲ့။ နတ်ဆိုးသားရဲတွေ လာတိုက်တာမဟုတ်ဘူး...အဲ့ဒါ ငါတို့ဂိုဏ်းသားပါပဲ"
ဝှစ်...
ပုံရိပ်တော်တော်များသည် မြို့ထဲမှ ပြေးထွက်လာကြပြီး ဟွမ်ကြီးကို စီးနင်းလာသော ကျန်းရီနှင့် ဟွမ်ကြီးကို တွေ့သွားကြသည်။ လူတိုင်းသည် နားမလည်နိုင်စွာ မျက်တောင်တစ်ခတ်ခတ်ဖြစ်နေကြပြီး အလျင်အမြန် သဘောပေါက်သွားကြသည်။ အထူးသဖြင့် ကျန်းရီ၏ သွေးနီရောင်ဆံပင်များကို မြင်ပြီးနောက်တွင် အချို့မှာ ကိုယ်များတုန်ယင်သည်အထိ စိတ်လှုပ်ရှားလာကြသည်။
အားလုံးသည် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကြပြီး စိတ်လှုပ်ရှားနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အခုရောက်လာတာက ကိုယ်စားအုပ်ချုပ်သူနဲ့ အကြီးအကဲဟဲ တို့ပါလား"
ကျန်းရီသည် စကားမပြောဘဲ ဟဲလောင်မှ ခေါင်းငြိမ့်၍ ပြောလိုက်သည်။
"ငါက ဟဲထျဲရှူပဲ...မြို့ကို ပိတ်လိုက်တော့။ ငါတို့ရောက်နေတဲ့နေရာ ပေါက်ကြားသွားလို့ မဖြစ်ဘူး"
"နားလည်ပါပြီ"
ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းသားများသည် ဝမ်းသာသွားကြပြီး ကျန်းရီကို လေးစားအားကျသည့် မျက်လုံးများနှင့် ကြည့်လာကြသည်။ ကျန်းရီနှင့် ဟဲလောင် တားမြစ်နယ်မြေအတွင်း ဝင်ရောက်သွားကြောင်းနှင့် သေပြီဟု ယူဆရကြောင်း သူတို့သိထားကြသည်။ ထိုနှစ်ယောက်သည် အနှီအကျိုးနည်းနေရာမှ လွတ်မြောက်လာမည်ဟု သူတို့မမျှော်လင့်ထားကြပေ။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် သုံးလေးရက်ခြားတစ်ခါ ထိုနှစ်ယောက်၏ အကြောင်းအား လှမ်းမေးလေ့ရှိသည်။
မြို့တံခါးကိုစောင့်သော ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ဦးသည် ကျန်းရီနှင့်ဟဲလောင်အား မြို့ထဲသို့ လိုက်ပို့ကြပြီး ကျန်လူများမှာ လူစုကာ မြို့အား ပိတ်ဆို့ကြသည်။
ကျန်းရီသည် ဟွမ်ကြီးကို ပြန်သိမ်းလိုက်ပြီး ခြံကြီးတစ်ခုအတွင်း လျှောက်သွားလိုက်သည်။ ဟဲလောင်အား ကျန့်ဂိုဏ်းသားတစ်ဦးက တွဲခေါ်လာခဲ့လေသည်။ ကျန်းရီသည် ရေချိုးအဝတ်အစားလဲခြင်းပင် မလုပ်ဘဲ ချက်ချင်းမေးမြန်းလိုက်သည်။
"အခြေအနေ ဘယ်လိုရှိလဲ။ လောရွှယ်အဆင်ပြေရဲ့လား...ဝူရွှမ်းနဲ့ ဝမ်ကွမ်းရော ဘယ်လိုနေကြလဲ"
ချမ်ဂိုဏ်းမှ လူတစ်ဦးသည် လက်နှစ်ဖက်ယှက်၍ ဦးညွှတ်လိုက်ပြီး တလေးတစား ဖြေလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်...ဘုရင်မလောရွှယ် ဘေးကင်းပြီး အဆင်ပြေနေပါတယ်။ ခေါင်းဆောင်ငယ်နဲ့ သခင်လေးဝူရွှမ်းက ရှားနိုင်ငံဆီ အောင်အောင်မြင်မြင် ပြန်ဆုတ်နိုင်ခဲ့တယ်။ သူတို့ အခုရှားယွိမြို့မှာ ရှိနေကြတယ်...အခြေအနေက တစ်မျိုးပြောင်းသွားတော့ ဘုရင်မလောရွှယ်က လူတစ်ယောက်ရှာပြီး အရှင်အဖြစ် ဟန်ဆောင်ခိုင်းထားပါတယ်။ ရှန်မိနိုင်ငံကလည်း အရှင့်လက်ချက်ဖြစ်ကြောင်း သံသယမဝင်ခဲ့ပါဘူး"
"ဟူး..."
ထိုအခါမှ ကျန်းရီနှင့် ဟဲလောင်မှာ ထိုအခါကျမှ သက်ပြင်းချနိုင်သည်။ ကျန့်ဂိုဏ်းသားတစ်ယောက်သည် ဦးညွှတ်လိုက်ပြီး ဆက်ပြောလာခဲ့သည်။
"ရှန်မိနိုင်ငံက ကျွန်တော်တို့ ကျန့်ဂိုဏ်းကို သံသယဝင်နေလို့ ရှားနိုင်ငံဆီ လူလွှတ်ပြီး အချိန်တော်တော်ကြာတဲ့အထိ စုံစမ်းခဲ့သေးတယ်။ သူတို့က ရှန်ဝူနိုင်ငံကို လူလွှတ်ပြီး ကျွန်တော်တို့ဂိုဏ်းရဲ့ ကင်းထောက်တွေကို ဖမ်းဆီးခဲ့သေးတယ်။ ကျွန်တော်တို့ ဂိုဏ်းချုပ်နဲ့ သခင်ကြီးချမ်က သေချာအစီအစဉ်ချပြီး လျှို့ဝှက်အင်အားစုတွေကိုပဲ သုံးခဲ့လို့ ရေတွက်နိုင်တဲ့ အဖွဲ့ဝင်တွေ လှုပ်ရှားမှုမရှိခဲ့တာ တော်ပါသေးတယ်။ ဒါကြောင့် ကြိုးကိုင်သူကို ရှန်မိနိုင်ငံက မခန့်မှန်းနိုင်သေးဘူးလို့ ထင်ပါတယ်"
"သူတို့ ခန့်မှန်းနိုင်တော့ရော ဘာဖြစ်လဲ။ သက်သေမရှိဘဲ သူတို့ဘာလုပ်နိုင်မှာလဲ"
ဟဲလောင်သည် နှာခေါင်းရှုံ့လိုက်သည်။ သူတို့ စနစ်တကျ လှုပ်ရှားခဲ့ပြီး သက်သေတစ်ခုမှ မချန်ခဲ့ပေ။ ကျန့်ဝူရွှမ်းသည် တိုက်ပွဲဖြစ်ပွားရာ နေရာကိုပါ သေသေချာချာ ရှင်းလင်းခဲ့သည့်အတွက် ရှန်မိနိုင်ငံ၏ လက်ထဲတွင် သက်သေရှိမည်မဟုတ်။
ဟဲလောင်သည် ကျန်းရီနှင့် တိုင်ပင်ပြီးနောက် အမိန့်ပေးလိုက်သည်။
"ခေါင်းဆောင်ငယ်နဲ့ သခင်လေးချမ်ကို ငါတို့ပြန်ရောက်ကြောင်း ချက်ချင်းသတင်းပို့...ငါတို့ ဘေးကင်းကင်းပြန်ရောက်လာကြောင်းနဲ့ ဘာမှမလှုပ်ရှားသေးဖို့ပြောလိုက်...သခင်လေးရီ ရှားယွိမြို့ကို အရင်ပြန်ရောက်တဲ့အထိ စိတ်ရှည်လက်ရှည်စောင့်ပါလို့လည်း ပြောလိုက်ဦး"
ချမ်ဂိုဏ်းမှ မြို့စောင့်သည် သတင်းပို့ရန် ချက်ချင်းသွားစီစဉ်လေသည်။ ဟဲလောင်သည် ကျန်းရီဘက်လှည့်၍ ပြောလိုက်သည်။
"သခင်လေးရီ...တစ်ရက်နှစ်ရက်လောက် အရင်နားပါဦး။ သခင်လေးလည်း ဒီအချိန်အတောအတွင်း တော်တော်ပင်ပန်းခဲ့မှာပဲ။ ကျွန်တော့် ခြေထောက် အပြည့်အဝပြန်ကောင်းသွားတဲ့အခါ ကျွန်တော်လည်း ရှားယွိမြို့ကို တစ်ခါတည်း ပြန်လိုက်နိုင်တာပေါ့"
"ကောင်းပြီလေ"
ကျန်းရီသည် သူ၏ အနံ့ဆိုးထွက်နေသည့်ကိုယ်နှင့် မုတ်ဆိတ်ဗရပွကို ခံစားမိသွားကာ ခေါင်းငြိမ့်လိုက်သည်။ စုလောရွှယ်နှင့် ကျန်လူများ သင့်တော်အောင် စီမံထားကြောင်း သူသိပြီးပြီဖြစ်ရာ သူစိတ်အေးသွားပြီဖြစ်သည်။ ချမ်ဂိုဏ်းသားသည်လည်း ကျန်လူများစိတ်အေးစေရန် သတင်းပြန်ပို့လိုက်ပြီဖြစ်သည်။ သူတစ်ရက်စောပြန်ပြန်၊ နောက်ကျမှပြန်ပြန် သိပ်မကွာခြားပေ။ ထို့ပြင် သူ အလွန်ပင်ပန်းနေခဲ့ရာ ကောင်းကောင်းအနားယူသင့်သည်။
သူသည် ထရပ်၍ အဆောင်အတွင်း ဝင်သွားလိုက်သည်။ ရေချိုးပြီးနောက် သူနှင့်ဟဲလောင်သည် စားကောင်းသောက်ဖွယ်တို့ကို စားသောက်ခဲ့သည်။ ချက်ပြုတ်ထားသည့် စားစရာတို့ကို သူတို့မစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ဗိုက်တင်းအောင် စားသောက်ပြီးနောက် ကျန်းရီသည် သူ့အတွက် စီစဉ်ပေးထားသည့် အခန်းအတွင်းဝင်၍ ချက်ချင်းအိပ်စက်လိုက်သည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ မိုးလင်းမှ နိုးထလာခဲ့သည်။ ကျန်းရီသည် နာရီအနည်းငယ် ကျင့်ကြံပြီးနောက် သူ့အနာဂတ်အတွက် အစီအစဉ်များ စတင်ရေးဆွဲလိုက်သည်။
သူသည် ကောင်းကင်သတ္ထုကြောကို နှစ်ဝက်အတွင်း ရအောင်တူးဖော်ရန် စိတ်ဆုံးဖြတ်လိုက်သည်။ သို့သော် ကောင်းကင်ကျောက်တုံးများကို သူသုံး၍ မဖြစ်ပေ။ မဟုတ်ပါက စုန်းနတ်ဘုရား ဒေါသထွက်ပေလိမ့်မည်။ ကောင်းကင်သတ္ထုကြောကို တူးဖော်ပြီးလျှင် တားမြစ်နယ်မြေထံ ပြန်သွား၍ မှော်ပညာနှင့် အစီအရင်တို့ကို သင်ယူမည်။ ထိုမှော်ပညာတို့ သင်ယူပြီးနောက် သူ့အင်အားမှာ အလွန်တိုးတက်သွားလိမ့်မည်။ ထို့နောက်တွင်မှ ကောင်းကင်ကျောက်တုံးမှ စွမ်းအားများကို စုပ်ယူ၍ ဗာဂျရာအဆင့်သို့ သူတက်လှမ်းမည်။ ယာ့ဇီသားရဲ၏ အကူအညီကိုပါ ထပ်ပေါင်းလိုက်လျှင် သုံးနှစ်အကြာတွင် အင်အားစုကြီးခြောက်ခုကို သူရင်ဆိုင်နိုင်လောက်ပေပြီ။
မြို့လေးတွင် တစ်ရက်ကြာ အေးအေးဆေးဆေး အနားယူပြီးနောက် နောက်တစ်နေ့ နံနက်တွင် ထွက်ခွာကြရန် ကျန်းရီ ပြောလိုက်သည်။ ဟဲလောင်၏ ဒဏ်ရာများအားလုံးလည်း လုံးဝပြန်ကောင်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ ကျန်းရီ အဆိုပြုလာသည့်အခါ ဟဲလောင်မှ ချက်ချင်းသဘောတူလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်၊ အကြီးအကဲဟဲ"
သူတို့ ထွက်ခွာရန် အခွင့်အရေး မရခင်တွင် ကျန့်ဂိုဏ်းမှ မြို့အစောင့်အရှောက်မှာ ခပ်သွက်သွက် လျှောက်လာပြီး မျက်နှာပျက်ပျက်နှင့် သတင်းပေးလာခဲ့သည်။
"တစ်ခုခုတော့ ဖြစ်ပြီ။ ကျွန်တော်တို့ ရှန်မိနိုင်ငံကနေ အခုပဲ သတင်းရတယ်။ ယွင်ဟဲနဲ့ ယွင်လုတို့ရဲ့ ထောက်ခံသူတွေက မင်းသမီးယွင်ဖေးနဲ့ မင်းသားယွင်ရှန်းအပေါ် တစ်ခုခုလုပ်ဖို့ ပြင်ဆင်နေကြတယ်။ ပြင်ပအကူအညီမရရင် သူတို့... သူတို့သေချာပေါက် သေပါလိမ့်မယ်"
*****