← Chapters

ယွင်ဖေးနဲ့ ယွင်ရှန်းရဲ့ အလောင်းတွေ အေးသွားလောက်ပြီ

Vol. 1 Ch. 361

ယွင်ဖေးနဲ့ ယွင်ရှန်းရဲ့ အလောင်းတွေ အေးသွားလောက်ပြီ

Vol. 1 Ch. 361

"အခြေအနေ ဘယ်လိုရှိလဲ"

ကျန်းရီနှင့် ဟဲလောင် နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ကျန်းရီသည် မျက်မှောင်ကျုံ့၍ မေးမြန်းလိုက်သည်။

"ယွင်ဟဲနှင့် ယွင်လုကသေပြီ။ ယွင်ဖေးရဲ့မောင်က အိမ်ရှေ့စံနေရာကို ဆက်ခံဖို့ အရည်အချင်း အပြည့်မှီဆုံး မဟုတ်ဘူးလား။ ဘာလို့ သူတို့က အဲ့ဒီမောင်နှမနှစ်ယောက်ကို တစ်ခုခုလုပ်မှာလဲ။ ယွင်ဟဲရဲ့ ထောက်ခံသူတွေက ရှန်မိနိုင်ငံဘုရင်ရဲ့ ဒေါသကိုဆွမိမှာ မကြောက်ကြဘူးလား။ သူတို့က ဘယ်သူမှ ထီးနန်းဆက်ခံခွင့် မရအောင် မင်းသားတွေအားလုံးကို သတ်ပစ်တော့မလို့လား"

ယွင်လုသေသွားလျှင် သူတို့ဘက်၌ ထီးနန်းဆက်ခံရန် မင်းသားမရှိတော့သည့်အတွက် ယွင်ရှန်း အိမ်ရှေ့စံဖြစ်လာရန် အတားအဆီးမရှိတော့ဟု ကျန့်ဝူရွှမ်း ပြောခဲ့ဖူးသည်။ ယခု အစီအစဉ် အောင်မြင်သွားခဲ့သော်လည်း အဘယ့်ကြောင့် အခြေအနေ ပိုဆိုးသွားရသနည်း။

"ဒီသတင်းက စိတ်ချရလား။ အောက်လမ်းမှော်မျိုးနွယ်စုက ဘယ်တော့လှုပ်ရှားမှာလဲ"

ဟဲလောင်သည် မယုံနိုင်စွာ မေးမြန်းလိုက်သည်။ ကျန့်ဝူရွှမ်း ယွင်ဖေးကို မည်မျှကြိုက်ကြောင်း သူအသိဆုံးဖြစ်သည်။ ထို့ပြင် ရှန်ဝူနိုင်ငံမှ အရှုပ်အထွေးများအကြား အကောင်းဆုံးထွက်ပေါက်မှာ ရှန်မိနိုင်ငံဖြစ်သည်။ ယွင်ဖေးသေသွားလျှင် ကျန့်ဝူရွှမ်း ဝမ်းနည်းပူဆွေးရရုံတင်မကပဲ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းလည်း ထွက်ပေါက်တစ်ခု ပျောက်ဆုံးသွားလိမ့်မည်။ စတေးမှုအားလုံးမှာ အလဟဿ ဖြစ်ကုန်လိမ့်မည်။

"ဒီသတင်းက တိကျပါတယ်"

ကျန့်ဂိုဏ်းမှ မြို့အစောင့်အရှောက်က သေချာနေသည့် လေသံနှင့် ပြောလာခဲ့သည်။

"ဆယ့်နှစ်ရက်အကြာမှာ ရှန်မိနိုင်ငံဘုရင်က ရှန်မိမြို့ပြင်မှာရှိတဲ့ စုန်းနတ်ဘုရားတောင်မှာ စုန်းနတ်ဘုရားကို ဂါရဝပြုတဲ့ အခမ်းအနား ကျင်းပလိမ့်မယ်။ အောက်လမ်းမှော်မျိုးနွယ်စုက အဲ့ဒီနေ့မှာ လှုပ်ရှားလိမ့်မယ်။ အခု မင်းသမီးယွင်ဖေးနဲ့ မင်းသားယွင်ရှန်းက နေအိမ်အကျယ်ချုပ် ကျနေတုန်းပဲ။ တစ်ဖက်ကသာ တကယ်လှုပ်ရှားလာရင် သူတို့ သေမှာ အသေအချာပဲ။ ဒီသတင်းက ဟော်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ဟော်ရှုဆီက ရလာခဲ့တာ...ကိုယ်စားအုပ်ချုပ်သူအရှင်က သူ့ကို သိပြီးသားဖြစ်မှာပါ"

"သခင်လေးဟော်ရှုရဲ့ ဝိဉာဉ်စည်းတံဆိပ်က မင်းသမီးယွင်ဖေးရဲ့ လက်ထဲမှာ၊ မင်းသမီးယွင်ဖေးသေရင် သူလည်းသေမှာပဲ။ ဒါကြောင့် သူက အသက်ကိုရင်းပြီး ကျွန်တော်တို့ဆီ ဒီသတင်းရောက်အောင် ပို့ိလိုက်တာ။ ကျွန်တော်တို့ ရှန်မိနိုင်ငံကရတဲ့ တခြားသတင်းတွေနဲ့ ကိုးကားကြည့်လိုက်တော့ ဒီသတင်းက တိကျတယ်လို့ သတ်မှတ်နိုင်ပါတယ်"

"အောက်လမ်းမှော်မျိုးနွယ်စုက မင်းသမီးယွင်ဖေးနဲ့ မင်းသားယွင်ရှန်းကို ဘာလို့သတ်ဖို့ ကြိုးစားလဲဆိုတဲ့ အကြောင်းအရင်းကတော့...."

ကျန့်ဂိုဏ်း၏ မြို့အစောင့်အရှောက်သည် ရပ်တန့်သွားခဲ့ပြီး အချိန်အနည်းငယ်ကြာမှ ဆက်ပြောလာခဲ့သည်။

"မင်းသားယွင်ရှန်း နန်းတက်မှာကို သူတို့ကြောက်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ယွင်ဖေးနဲ့ယွင်ရှန်းရဲ့ အစ်ကိုကြီးက အောက်လမ်းမှော်မျိုးနွယ်စုကြောင့် သေဆုံးသွားခဲ့တာ။ ဒါကြောင့် မင်းသားယွင်ရှန်းက တစ်ဖက်လူတွေကို နာကျည်းမုန်းတီးနေပါတယ်။ ရှန်မိနိုင်ငံရဲ့ဘုရင်က အားနည်းနေပြီး နှစ်အနည်းငယ်အတွင်း သေဆုံးသွားမယ့် အခြေအနေမှာ ရှိပါတယ်။ မင်းသားယွင်ရှန်းသာ နန်းတက်ရင် အောက်လမ်းမှော်မျိုးနွယ်စုကို သွေးကြွေးဆပ်ခိုင်းပါလိမ့်မယ်..."

"ငါသိပြီ"

ကျန်းရီ ခေါင်းငြိမ့်လိုက်သည်။ ယွင်ဖေး၏အစ်ကို သေဆုံးရခြင်းမှာ ယွင်ဟဲ၏လက်ချက်ဟု သူကြားခဲ့ပြီးသားဖြစ်သည်။ ယွင်ဖေး၏ အောက်လမ်းမှော်မျိုးနွယ်စုအပေါ်ထားသည့် အမုန်းတရားကို သူတောင် ခံစားမိခဲ့သည်။ ယွင်ရှန်းသာ ဘုရင်ဖြစ်သွားပါက အောက်လမ်းမှော်မျိုးနွယ်စုကို သွေးနှင့်ဆေးပစ်မည်မှာ ကျိန်းသေသည်။ ထို့ကြောင့် တစ်ဖက်မှ ထိုမောင်နှမအား သတ်ဖြတ်ရန် အသေအလဲကြိုးစားနေကြခြင်း ဖြစ်သည်။

"ဒါကို ရှန်မိနိုင်ငံဘုရင် သိလား။ သူက ယွင်ရှန်းသေမှာကို လက်ပိုက်ကြည့်နေတော့မှာလား"

ကျန်းရီသည် တိတ်ဆိတ်သွားခဲ့ပြီး ထပ်မံမေးမြန်းလိုက်သည်။

"မသေချာပါဘူး"

ကျန့်ဂိုဏ်းသားသည် တစ်ခဏစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ယွင်ဟဲနဲ့ ယွင်လုရဲ့ မယ်တော် စုန်းဧကရီက အောက်လမ်းမှော်ကို ကျင့်ကြံပြီး ညှို့ယူတဲ့ ကျင့်စဉ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါတယ်။ သူမက တော်တော်စွမ်းအားကြီးတဲ့ အမျိုးသမီးပါ။ သူမက အနောက်ဆောင်ကို လုံးဝထိန်းချုပ်ထားနိုင်ပြီး ဘုရင်ကလည်း ဒီအတောအတွင်း နန်းတော်ထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေနေပါတယ်။ ဟော်ရှုလို သာမန်သခင်လေးတစ်ယောက်က ဒီသတင်းကို ဘုရင်ဆီ အရောက်ပို့ပေးဖို့ အခွင့်အရေး မရှိပါဘူး။ အခုပြဿနာရဲ့ ကြိုးကိုင်သူကလည်း ဒီစုန်းဧကရီပါပဲ"

"ဒါက အတော်လေး ဒုက္ခများမှာပဲ"

ဟဲလောင်သည် စိတ်ပူပန်လာခဲ့သည်။ အချိန်သည် ဆယ့်နှစ်ရက်သာ ကျန်တော့သည်။ ကျန့်ဂိုဏ်းမှ သူတို့အား ကယ်တင်ချင်လျှင်တောင် စွမ်းအားမြင့်သူ လူတစ်အုပ်စုဆောင်း၍ ရှန်မိမြို့သို့ လိုက်လာရန်မှာ အတော်နောက်ကျသွားလိမ့်မည်။ ရှန်မိနိုင်ငံတွင် ပုန်းအောင်းနေကြသော ကင်းထောက်သူလျှိုများမှာလည်း သတင်းပို့ရန်သာ တာဝန်ယူရသည့် အားနည်းသော သိုင်းသမားများသာ ဖြစ်မည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမအဆင့်လူတောင် အနည်းငယ်ရှိသည်။ ထို့ကြောင့် သူတို့ထံတွင် လူကယ်ရန် နည်းလမ်းမရှိပေ။

ယွင်ဖေးနှင့် ယွင်ရှန်းသည် နေအိမ်အကျယ်ချုပ် ကျနေခဲ့သည်။ ရှန်မိနိုင်ငံဘုရင်မှ စုန်းနတ်ဘုရားကို ဂါရဝပြုရန် မြို့ပြင်ထွက်ချိန်တွင် မြို့တွင်းမှ စွမ်းအားမြင့်သူအားလုံးမှာ သူ့အားအဖော်ပြု၍ လိုက်ပါသွားကြလိမ့်မည်။ ယွင်ဖေးနှင့် ယွင်ရှန်းတွင် စွမ်းအားမြင့် သက်တော်စောင့်များ ရှိနေလျှင်တောင် အောက်လမ်းမှော်မျိုးနွယ်စုသည် အင်အားကြီးလွန်းသည်။ စုန်းဧကရီ၏ ရက်စက်လှသော အကွက်ချမှုအောက်တွင် သူတို့နှစ်ယောက် သေချာပေါက် သေရလိမ့်မည်။

"ဆယ့်နှစ်ရက်...ဆယ့်နှစ်ရက်"

ဟဲလောင်သည် ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ သူ့မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူအော်ဟစ်လိုက်သည်။

"ကျန့်ဂိုဏ်းက ကင်းထောက်တွေကို ရှန်မိမြို့ထဲက ဖောက်ထွက်ပြီး ငါ့အမိန့်ကိုစောင့်နေလို့ သတင်းပို့လိုက်၊ ဘာပဲဖြစ်လာလာ မင်းသမီးယွင်ဖေးနှင့် မင်းသားယွင်ရှန်းကို ငါရအောင်ကယ်မယ်။ မဟုတ်ရင် ခေါင်းဆောင်ငယ် ဖြေမဆည်နိုင် ဖြစ်နေလိမ့်မယ်"

"အကြီးအကဲဟဲ"

ကျန့်ဂိုဏ်းမှ မြို့အစောင့်အရှောက်သည် အလန့်တကြား ရေရွတ်လိုက်သည်။ ဟဲထျဲရှုသည် ရာစုနှစ်ပေါင်းများစွာ တိတ်တဆိတ် နေထိုင်ခဲ့သဖြင့် လူအများစုက သူ့စွမ်းဆောင်ရည်များအကြောင်း မသိကြပေ။ သို့သော် အကြီးအကဲဟဲကို ကျန့်ဂိုဏ်းက မည်မျှအလေးထားကြောင်း သူသိသည်။ အကြီးအကဲဟဲသည် ကျန့်ဝူရွှမ်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူဖြစ်ပြီး ကျန့်ဝူရွှမ်းအား သားအရင်းပမာ ချစ်မြတ်နိုးသည်။

သူ ရှန်မိမြို့ထဲသို့ တစ်ယောက်တည်း ဝင်သွားပါက ပြန်မရောက်လာတော့သည်လည်း ဖြစ်နိုင်သည်။ သူသည် သေရေးရှင်ရေးအခြေအနေတွင် ကျန့်ဂိုဏ်းပေါ်မသွားအောင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်၍ သူ့အကြွင်းအကျန်များကိုတောင် ဖျက်ဆီးခဲ့မည့် လူစားမျိုးဖြစ်သည်။

"တော်လောက်ပြီ"

ဟဲလောင်သည် အေးစက်စွာ ပြောလိုက်သည်။

"ရှန်မိမြို့ထဲကနေ သူတို့တွေ ထွက်လာပြီးရင် ငါ့မှာ ဟော်ရှု၊ ကုထယ်တို့နဲ့ ပူးပေါင်းဖို့ အစီအစဉ်တစ်ခု ရှိတယ်။ မင်းသမီးယွင်ဖေးနဲ့ မင်းသားယွင်ရှန်းကို ကယ်ဖို့ အခွင့်အရေး ရလာနိုင်တယ်"

သူ့စကားဆုံးသော် ဟဲလောင်သည် ကျန်းရီအား ဦးညွှတ်၍ ပြောလိုက်သည်။

"သခင်လေးရီ...ရှားယွိမြို့ကို အရင်ပြန်လိုက်ပါ။ အဖိုးကြီးဟဲ အဖော်ပြုမပေးတော့ပါဘူး"

ကျန်းရီသည် နှုတ်ဆိတ်နေခဲ့သည်။ ဟဲလောင်ပြေးထွက်သွားမည် ပြုသောအခါ သူသည် ဟဲလောင်၏လက်မောင်းကို ဆုပ်ကိုင်၍ ခေါင်းမော့ကာပြောလိုက်သည်။

"ဟဲလောင်...ငါမင်းနဲ့သွားမယ်"

"မဖြစ်ဘူး..."

"လုံးဝ မဖြစ်ပါဘူး"

ဟဲလောင်နှင့် ကျန့်ဂိုဏ်းသားသည် ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ဟဲလောင်တစ်ဦးတည်းသွား၍ ကျရှုံးခဲ့လျှင် ကိုယ့်ကိုယ်ကို ဖောက်ခွဲ၍ သက်သေဖျောက်ခဲ့နိုင်သည်။

ကျန်းရီ၏ အဆင့်အတန်းသည် ဘာများနည်း။

ထို့ပြင် သူ၏စွမ်းရည်များမှာ သူမတူ၍ အလွယ်တကူ ပေါ်သွားနိုင်သည်။ သူပေါ်သွားလျှင် ဗာဂျရာအဆင့်များ ပါဝင်လာလိမ့်မည်။ ထိုသို့ဆိုပါက ကျန်းရီတွင် ပြေးစရာမြေမရှိဘဲ မည်သူကမှ သူ့အား ကယ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူကိုယ်တိုင်က သေတွင်းထဲ ခုန်ချသူဖြစ်သည့်အတွက် ရွှေယို့လန်၊ နတ်ဆိုးဧကရီနှင့် အခြားလူများ ဝင်ပါကြမည် မဟုတ်ပေ။

ကျန်းရီသည် ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး လက်ကာပြလိုက်သည်။

"ဟဲလောင်...မင်းငါ့ရဲ့ ဝှက်ဖဲကို သိပါတယ်။ မင်းငါ့ရဲ့ အထူးအဆင့်အတန်းတစ်ခုကို မေ့သွားပုံရတယ်။ ငါတခြားနိုင်ငံကိုသွားရင် သေသွားနိုင်တယ်။ ရှန်မိနိုင်ငံမှာ တစ်ခုခု ဖြစ်သွားခဲ့ရင်တော့ ငါသေမှာမဟုတ်ဘူး။ မင်းပြောသလိုပဲ သေချာတဲ့ အစီအစဉ်နဲ့ဆို ယွင်ဖေးတို့ကို ကယ်တင်နိုင်ချေရှိတယ်။ ငါပါလိုက်လာရင် အောင်မြင်နိုင်ချေ အဆအများကြီး ပိုမြင့်သွားလိမ့်မယ်"

ဟဲလောင်သည် တစ်ခဏမှင်တက်သွားပြီးနောက် မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ကျန်းရီ၏ဝှက်ဖဲ၊ နတ်ဆိုးသားရဲဘုရင်သည် အမှန်တကယ် အင်အားကြီးလှသည်။ ၎င်းအား ရှန်မိနိုင်ငံမှ ဗာဂျရာအဆင့် ပုဂ္ဂိုလ်တောင် အလွယ်တကူ အနိုင်ရမည်မဟုတ်ချေ။

ပို၍ အရေးကြီးသည်မှာ ကျန်းရီသည် စုန်းနတ်ဘုရား၏ ဆက်ခံသူ ဖြစ်နေသည်။ စုန်းနတ်ဘုရားသည် ရှန်မိနိုင်ငံ၏ ဂုဏ်သရေနှင့် အာဏာအမြင့်ဆုံး ပိုင်ဆိုင်သည့် ပါရမီရှင်ဖြစ်သည်။ ရှန်မိနိုင်ငံ၏ ဘုရင်တိုင်းသည် စုန်းနတ်ဘုရား၏ မွေးနေ့ရောက်တိုင်း ရှန်မိမြို့ပြင်ရှိ စုန်းနတ်ဘုရားတောင်တွင် ဂါရဝသွားပြုရသည်။ ရှန်မိနိုင်ငံတွင် စုန်းနတ်ဘုရား၏အဆင့်အတန်း မည်မျှမြင့်မားကြောင်း စိတ်ကူးကြည့်နိုင်ပါသည်။ ကျန်းရီသာ စုန်းနတ်ဘုရား၏ ဆက်ခံသူအဖြစ် သွားရောက်ခဲ့လျှင် ဗာဂျရာအဆင့်များအပါအဝင် ရှန်မိနိုင်ငံရှိ မည်သူကမှ ကျန်းရီကို ထိရဲမည်မဟုတ်ပေ။

ကျန်းရီတွင် ဆက်တိုက်နေရာရွှေ့ပြောင်းနိုင်သည့်စွမ်းရည်၊ ကျုံးဝူသားရဲနှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များကို ထမင်းစားရေသောက်သလို သတ်ဖြတ်ပစ်နိုင်သည့် သတ်ဖြတ်ခြင်းအင်အားတို့ ရှိသည်။ ယွင်ဖေးနှင့် ယွင်ရှန်းကို သူသွားကယ်ပါက အောင်မြင်နိုင်ချေ ပိုများလေသည်။

ဟဲလောင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။

"မဖြစ်ဘူး။ အန္တရာယ်များလွန်းတယ်။ သခင်လေးရီသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ သေပေးရင်တောင် လုံလောက်မှာ မဟုတ်ဘူး"

"စကားများတယ်"

ကျန်းရီသည် နှာမှုတ်လိုက်ပြီး အပြင်သို့ထွက်သွားကာ ကျုံးဝူသားရဲကို ဆင့်ခေါ်လိုက်သည်။ သူသည် နောက်ပြန်လှည့်၍ အေးစက်စွာ ပြောလိုက်သည်။

"မင်းသွားမှာလား။ အချိန်ဆွဲနေရင် ယွင်ဖေးနဲ့ ယွင်ရှန်းရဲ့ အလောင်းတွေ အေးသွားလိမ့်မယ်"

ကျန့်ဝူရွှမ်းနှင့် ကျန်းရီသည် သေခြင်းတရားကို အတူကျော်ဖြတ်ခဲ့ဖူးပြီး ယွင်ဖေးသည် တစ္ဆေတောအုပ်ထဲတွင် သူ့အား ကူညီပေးခဲ့ဖူးသည်။ ကျန်းရီတွင် တစ်စုံတစ်ယောက်က သူ့အပေါ် ကောင်းပေးခဲ့လျှင် ထိုသူကို ဆယ်ဆပြန်လည်ပေးဆပ်မည့် စိတ်နေစိတ်ထားရှိသည်။ ယွင်ဖေးသေတော့မည်ကို သိနေလျက် သူမည်သို့ လက်ပိုက်ကြည့်နေနိုင်မည်နည်း။

"ကောင်းပြီလေ"

ကျန်းရီ ဆုံးဖြတ်လိုက်သည်နှင့် မည်သူက တားဆီးနိုင်မည်မဟုတ်ကြောင်း ဟဲလောင်သိလေသည်။ သူသည် ကျန့်ဂိုဏ်းသားအား ကျန့်ဝူရွှမ်းထံ အကြောင်းကြားရန်နှင့် အချိန်မရွေး အကူညီပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရန် ညွှန်ကြားလိုက်သည်။ ထို့နောက် ဟဲလောင်သည် ကျုံးဝူသားရဲထက် ခုန်တက်လိုက်သည်။

"ဟွမ်ကြီး...ရှန်မိမြို့ကို သွားကြစို့"

ကျန်းရီအော်ဟစ်လိုက်သည်။ ကျုံးဝူသားရဲသည် မြေပြင်ကို စတင်တူးလိုက်ပြီး ကျန့်ဂိုဏ်းမှ မြို့အစောင့်အရှောက်၏ မြင်ကွင်းထဲမှ အလျင်အမြန် ကွယ်ပျောက်သွားခဲ့သည်။

*****

All Chapters