← Chapters

အခန်း (၂၅၆−၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆−၂၅၈)

Vol. 18 Ch. 256-258

အပိုင်း ၂၅၆ : သီးသန့်ပြိုင်ကွင်း

ယဲ့ချန်းက သူ့ဆိုင်ကယ်ဖြင့် ပြေးလမ်းဆီသို့ မောင်းနှင်သွားသည်။

ဤသည်မှာ မိုတုမြို့ရှိ အကြီးဆုံးသီးသန့်ပြေးလမ်းပင်။ ဤနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စံနှုန်းသတ်မှတ်ချက်ကလည်း အလွန်မြင့်မားလှ၏။

ပြေးလမ်းနားသို့ နီးကပ်လာသည့်အချိန်မှာပင် တောင်တက်လမ်းပေါ်ရှိ အင်ဂျင်သံများကို ယဲ့ချန်း ကြားလိုက်ရသည်။

ယခုလိုပတ်ဝန်းကျင်မျိုးတွင် ရှိနေရုံမျှဖြင့် သွေးပွက်ပွက်ဆူလာစေသည်။ ထိုအချိန်မှာပင် လူတော်တော်များများက ဆွေးနွေးပြောဆိုနေကြသည်။

ယနေ့ပြိုင်ပွဲကား အလွန်စိတ်လှုပ်ရှားဖို့ကောင်းလှသည်။ ဟွားနိုင်ငံမှ အံ့ဖွယ်အကောင်းဆုံး ဆိုင်ကယ်နတ်ဘုရားနှစ်ယောက်ရောက်နေသည်ဟု သိရသည်။

"မယုံနိုင်စရာပဲ။ လက်မှတ်တွေကို တစ်သိန်းနဲ့တောင် ပြန်ရောင်းလို့ရနေပြီ"

"လက်မှတ်တစ်စောင်ကို တစ်သိန်းတဲ့"

ယဲ့ချန်းနှင့် ကျောက်ယင်းတို့လည်း ငွေချေပြီးနောက် သူတို့၏ဆိုင်ကယ်များကို ပြေးလမ်းအတွင်းသို့ မောင်းလာခဲ့လိုက်သည်။

ယဲ့ချန်း ခေါင်းလှည့်ကြည့်လိုက်ချိန်ဝယ် ကျောက်ယင်း၏ရင်အစုံက တုန်ယင်နေဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်။

အစောက ဆိုင်ကယ်ကို ဝိုက်ဆွဲလိုက်သည့်အတွေ့အကြုံကြောင့် ကျောက်ယင်း အလွန်တရားရင်ဖိုစိတ်လှုပ်ရှားသွားသည်မှာ သိသာလှသည်။

ကျောက်ယင်း၏မျက်နှာလှလှလေးမှာ ရှက်သွေးဖြာနေပြီး အစောတုန်းက ခံစားချက်မှာ အိပ်မက်တစ်ခုအလားပင်။ နည်းနည်းကြောက်ခဲ့ရသည့်တိုင် အလွန်အမင်းစိတ်လှုပ်ရှားခဲ့ရသည်။

ဤမိန်းကလေးက ကြုံခဲ့ဖူးသည့် မိန်းကလေးများနှင့် စင်စစ်မတူလှပေ။

ကျောက်ယင်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း..ရှင့်ဆိုင်ကယ်စကေးက အရမ်းမိုက်တာပဲ။ ကျွန်မ ရှင့်ကို တကယ်လေးစားသွားပြီ။ ရှင် အဲဒီအကွေ့ကို ဘယ်လိုကွေ့လိုက်တာလဲ။ ကျွန်မတို့ တောင်စောင်းက ပြုတ်ကျတော့မယ်လို့ထင်လိုက်တာ"

ယဲ့ချန်းကမူ တဟားဟားရယ်လေသည်။

"အဲဒါက ပရော်ဖက်ရှင်နယ်ပြိုင်ပွဲဝင်တွေပဲ လုပ်နိုင်တဲ့ ဝိုက်ဆွဲနည်းတစ်ခုလေ"

ပရော်ဖက်ရှင်နယ်ပြိုင်ပွဲဝင်တဲ့လား။

"ရှင်က ပရော်ဖက်ရှင်နယ်ဆိုင်ကယ်သမားလား"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"ကိုယ်က ပရော်ဖက်ရှင်နယ်ဆိုင်ကယ်သမားမဟုတ်ပေမဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲဝင်တွေတောင် ကိုယ့်ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

ယဲ့ချန်း၏ဆိုင်ကယ်ကို မြင်လိုက်ရသောအခါ လူအမြောက်အများ အံ့အားသင့်သွားကြဟန်ပင်။

ဘုရားရေ.. အဲဒါက ဩဂတ်စတာမဟုတ်လား။

"ဟုတ်တယ်..ဟုတ်တယ်.. ငါ ဒီဆိုင်ကယ်ကို အရင်ကမြင်ဖူးတယ်။ ယွမ်၂၅သန်းကျော်တယ်ထင်တယ်။ အဲဒါက ဆိုင်ကယ်တွေထဲမှာ ဖယ်ရာရီအဆင့်ပဲ"

လူအမြောက်အများ၏ မျက်လုံးများမှာ ခန့်ညားထည်ဝါလှသော ဩဂတ်စတာဆီသို့ ရောက်နေကြသည်။

"ဒီဆိုင်ကယ်က ထိန်းရခက်တယ်လို့ ကြားဖူးတယ်။ ဒါကို စီးနိုင်ဖို့ဆိုရင် အနည်းဆုံး နှစ်လလောက် လေ့ကျင့်ရမှာ"

"အံ့ရောပဲ။ ဒီဆိုင်ကယ်ကို မောင်းနိုင်တဲ့လူက တကယ့်ဆရာကြီးပဲဖြစ်ရမယ်"

"ဝိုး..နောက်ခုံက အလှလေးက အရမ်းလှတာပဲ"

...

လူအမြောက်အများက ယဲ့ချန်း၊ ကျောက်ယင်းနှင့် မိမိုက်လှသော ထိုဆိုင်ကယ်အကြောင်း အုန်းအုန်းကျက်ကျက် ပြောဆိုနေကြသည်။

ယဲ့ချန်းလည်း ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သောအခါ ပြေးလမ်းထဲတွင် ဇိမ်ခံကားများနှင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။

ဘီအမ်ဒဗလျူနှင့် ဘန့်စ်တို့က ဤနေရာတွင် အဆင့်နိမ့်သည်ဟု သတ်မှတ်နိုင်သည်။ မာဆယ်ရာတီ၊ လမ်ဘော်ဂီနီနှင့် ဖယ်ရာရီတို့က နေရာအနှံ့တွင် ရှိနေချေသည်။

သန်းပေါင်းများစွာ တန်ဖိုးရှိသော ဆိုင်ကယ်များလည်း အများအပြားရှိပေသည်။

ကျောက်ယင်း တအံ့တဩရေရွတ်လိုက်မိသည်။

"ဒီနေ့ အကျော်အမော်ပြိုင်ပွဲတစ်ခုရှိတယ်။ ဒီပြိုင်ပွဲက ဟွားနိုင်ငံရဲ့ ထိပ်တန်းဆိုင်ကယ်သမားနှစ်ယောက်ဖြစ်တဲ့ ကျန်းဖုန်းနဲ့ စွန်းဟောင်တို့ကြားက ဗိုလ်လုပွဲလေ"

"ဒီလူနှစ်ယောက်က အရမ်းတော်တာလား"

ယဲ့ချန်းလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"တလောတုန်းက မိုတုမြို့က သူဌေးသားနှစ်ယောက်ဖြစ်တဲ့ ခုန်းခုန်းနဲ့ တင်းပေါ်တို့က အင်တာနက်ဆယ်လီတစ်ယောက်ကြောင့် အချင်းချင်းမသင့်မမြတ်ဖြစ်ကြရာက ဒီနေရာမှာ စာရင်းရှင်းဖို့အတွက် ဟွားနိုင်ငံက ထိပ်တန်းအဆင့်ဆိုင်ကယ်သမားတွေကို ငှားခဲ့ကြတယ်လေ"

"သြော် အဲဒီလိုကိုး"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

နိုင်ငံထဲရှိ ထိပ်တန်းဆိုင်ကယ်သမားများကို ငှားရမ်းခြင်းမှာ ငွေကုန်ကြေးကျများလွန်းလှ၏။ ကြွယ်ဝချမ်းသာပြီး ပျင်းရိနေကြသော သူဌေးသားများကသာ ထိုသို့သောကိစ္စမျိုးကို လုပ်ကြလိမ့်မည်။

သူတို့နှစ်ယောက်သား ဆိုင်ကယ်အကြောင်း ဆွေးနွေးနေကြချိန်တွင် ကောက်ကြောင်းလှပပြီး ဆက်စီကျသည့် မိန်းကလေးတစ်ယောက်က အနားသို့ ရောက်လာသည်။

"ရှောင်ယင်း.. နင်က ဒီနေ့ပြိုင်ပွဲကို နင့်ရည်းစားပါ အပါခေါ်လာတာလား"

"အစ်မဟွား.. အဲဒီလိုမဟုတ်ပါဘူး"

"ဟားဟား..နင့်မျက်နှာက နီရဲနေတာပဲ။ နင်က အစ်မဟွားရှေ့မှာတောင် ရှက်နေသေးတာလား"

ကျောက်ယင်းလည်း အမြန်မိတ်ဆက်ပေးလိုက်သည်။

"ယဲ့ချန်း.. ဒါက အစ်မဟွားလေ။ ဒီပြေးလမ်းရဲ့မန်နေဂျာပေါ့"

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် လက်ဆန့်ပေးလိုက်၏။

"တွေ့ရတာဝမ်းသာပါတယ် အစ်မဟွား"

အစ်မဟွားကလည်း ယဲ့ချန်းနှင့် လက်ဆွဲနှုတ်ဆက်ရင်း မျက်လုံးလှလှလေးများဖြင့် သူ့ကို သေချာအကဲခတ်နေချေသည်။

"ရှောင်ယင်း.. နင်ကအမြင်ရှိသားပဲ။ ကောင်ချောလေးကို ရှာထားနိုင်တယ်"

"အစ်မဟွား.. မစပါနဲ့တော့"

အစ်မဟွားထံမှ စနောက်ခံနေရသဖြင့် ကျောက်ယင်း၏မျက်နှာလှလှလေးမှာ ပို၍ပင် နီမြန်းလာသည်။

"စကားမစပ် ဒီနေ့ ဆိုင်ကယ်ပြိုင်ပွဲရှိတယ်လေ။ နင်ရော ဝင်ပြိုင်ချင်လား"

အစ်မဟွားက မေးလိုက်၏။

ကျောက်ယင်းက ယဲ့ချန်းကို ကြည့်လိုက်လေသည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၏။

"ကျွန်တော့်ကို စာရင်းသွင်းပေးပါဦး အစ်မဟွား.. ကျွန်တော် Aအဆင့်မှာ ဝင်ပြိုင်မယ်"

"Sအဆင့်လား"

အစ်မဟွားခမျာ တဒင်္ဂမျှကြက်သေသေသွားလေသည်။

Sအဆင့်ဆိုသည်မှာ မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွင် အဆင့်အမြင့်ဆုံးပင်။

"Sအဆင့်မှာပြိုင်ချင်တာ သေချာပြီလား။ ယှဉ်ပြိုင်သူတွေအကုန်လုံးက ပရော်ဖက်ရှင်နယ်တွေချည်းပဲနော်"

အစ်မဟွားက ပြုံးစစဖြင့် ပြောလိုက်သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်။ ကျွန်တော် ပြိုင်တော့မယ်ဆိုရင် ကျွမ်းကျင်သူတွေနဲ့ပဲ ပြိုင်မယ်။ မဟုတ်ရင် နိုင်သွားရင်တောင် ပျော်ဖို့ကောင်းမှာမဟုတ်ဘူး"

မောက်မာလှသော ယဲ့ချန်း၏စကားများကို ကြားသောအထခါ အစ်မဟွား ပြုံးလိုက်ချေသည်။

လူငယ်တော်တော်များများက သူတို့၏မောင်းနှင်ရေးအစွမ်းအစက တော်လှပြီဟု ထင်ကြသည်။ သို့သော် Sအဆင့်အတွက် စာရင်းသွင်းပြီးသည်နှင့် တကယ်ယှဉ်ပြိုင်ရချိန်တွင် ကြောက်သွားတတ်ကြသည်။

ပရော်ဖက်ရှင်နယ်များ၏ အစွမ်းအစက သာမန်ကစားသမားများနှင့် လုံးဝမတူပေ။

အစ်မဟွားကလည်း ခေါင်းညိတ်ပြ၏။

"ဒါဆိုလည်း ကောင်းပြီလေ။ မင်း စာရင်းသွင်းချင်တယ်ဆိုရင် ငါ မင်းအတွက် စာရင်းသွင်းပေးမယ်။ စာရင်းသွင်းခက နှစ်သိန်း"

ယဲ့ချန်းလည်း မအံ့သြဘဲမနေနိုင်ချေ။ ဤသီးသန့်ပြိုင်ကွင်းက ငွေရှာနည်းကို ကောင်းကောင်းသိလေသည်။ လက်မှတ်ခအတွက် တစ်သိန်း၊ စာရင်းသွင်းခအတွက် နှစ်သိန်း။ ဘာမှမလုပ်ရသေးပါဘဲ သုံးသိန်းကုန်သွားလေပြီ။

သို့သော် ဤကဲ့သို့သော သီးသန့်ပြိုင်ပွဲမျိုးမှာ လူကုံထံများအတွက်ဖြစ်သောကြောင့် ဤသူဌေးသားများအတွက်တော့ နှစ်သိန်းသုံးသိန်းဆိုသည်မှာ မပြောပလောက်ချေ။

ယဲ့ချန်းလည်း ချက်ချင်းကတ်ဖြတ်ပေးလိုက်သည်။ သုံးသိန်းဆိုသည်မှာ သူ့အတွက် မမှုလောက်ပေ။

ယခင်က အိမ်ငှားခထောင်ဂဏန်းလောက်နှင့် စိုးရိမ်ပူပန်နေခဲ့ရသော အဖြစ်ကို ပြန်တွေးမိသောအခါ ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။ ပိုက်ဆံရှိခြင်းမှာ ကောင်းလှပေသည်။

အစ်မဟွားက မေးလိုက်သည်။

"မင်းရဲ့ဆိုင်ကယ်က ဘာမော်ဒယ်လဲ"

ယဲ့ချန်းကလည်း သူ့ဘေးရှိ ဆိုင်ကယ်ကို လက်ညှိုးထိုးပြလိုက်သည်။

သြဂတ်စတာလား?

အစ်မဟွား၏ပါးစပ်ထဲရှိ စီးကရက်ကား မြေပြင်ပေါ်သို့ ပြုတ်ကျသွားရှာသည်။

သူ(မ)က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဆိုင်ကယ်နားသို့ ပြေးသွားပြီး သဘောကျရသော အရုပ်လေးတစ်ရုပ်အလား ပွတ်သပ်လိုက်သည်။

"အမလေး.. ဒါက တကယ်ကြီး သြဂတ်စတာပဲ။ ဆိုင်ကယ်တွေကြားက ဖယ်ရာရီလေ။ ငါ ဒီဆိုင်ကယ်အကြောင်း အွန်လိုင်းပေါ်မှာ ဖတ်ဖူးတယ်။ ဒီဆိုင်ကယ်ကို အရမ်းမိုက်တာပဲလို့တွေးနေတာ။ ဒီနေ့ လူကိုယ်တိုင်မြင်ရလိမ့်မယ်လို့ ထင်မထားဘူး"

အစ်မဟွားက အားကျလေဟန်အထင်းသားဖြင့် ဆိုင်ကယ်ကို ပွတ်သပ်နေလေသည်။

"ယဲ့ချန်း ငါ စီးကြည့်လို့ရမလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ဒီဆိုင်ကယ်က ထိန်းရတာ နည်းနည်းခက်တယ်နော်။ ကျွန်တော် အရင်သင်ပေးမယ်"

"ကောင်းပြီလေ"

အစ်မဟွားက ဆိုင်ကယ်ပေါ်တွင် ထိုင်ချလိုက်ချိန် ယဲ့ချန်းကမူ သူ(မ)အား ဆိုင်ကယ်ကို ဘယ်လိုထိန်းရမလဲဆိုသည့်အကြောင်း အနောက်မှ သင်ပေးလိုက်သည်။

ဆိုင်ကယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် အစ်မဟွား၏နားလည်နိုင်စွမ်းက မြင့်မားလှလေရာ အမြန်မှတ်သားလိုက်နိုင်သည်။

သို့သော် ဤဆိုင်ကယ်မှာ ထိန်းရအခက်ဆုံး ဆိုင်ကယ်များထဲမှ တစ်ခုဖြစ်သဖြင့် ယဲ့ချန်းကတော့ လုံးဝစိတ်မချပေ။

"လိုအပ်လာတဲ့အချိန် ကူညီပေးလို့ရအောင် ကျွန်တော် အနောက်မှာထိုင်နေလိုက်ရင်ရော"

"ရတယ်လေ"

အစ်မဟွားနှင့် ယဲ့ချန်းတို့လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်ကို စက်နှိုးလိုက်၏။

"ဝိုး.. အစ်မဟွားရဲ့အနောက်မှာထိုင်နေတာ ဘယ်သူလဲ"

"အံ့ချက်ကွာ။ အစ်မဟွားနဲ့ အတူထိုင်ခွင့်ရသတဲ့"

"ငါ ဒီပြိုင်ကွင်းထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာကြာပြီ။ အစ်မဟွားရဲ့ဆိုင်ကယ်ပေါ်မှာ ယောကျ်ားတစ်ယောက်ထိုင်နေတာကို တစ်ခါမှမမြင်ဖူးဘူး"

...

ပတ်ပတ်လည်ရှိ အတင်းအဖျင်းများကို နားထောင်ရင်း ကျောက်ယင်း၏ရင်ထဲ မနာလိုစိတ်များ ဘာကြောင့်ပေါက်ဖွားလာသလဲဆိုသည်ကို သူ(မ)ကိုယ်တိုင်လည်း မသိတော့ပေ။

ဧကန္တ.. ငါ ဒီလူ့ကို အရမ်းချစ်မိသွားတာလား။

ဗရွန်း ဗရွန်း ဗရွန်း!

အစ်မဟွားက သြဂတ်စတာဆိုင်ကယ်ဖြင့် တောင်တက်လမ်းဆီသို့ မောင်းသွားလိုက်သည်။

ဤမြင်ကွင်းကိုမြင်သော် တင်းပေါ်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

"အစ်မဟွားရဲ့အနောက်မှာ ထိုင်နေတဲ့လူက ဘယ်သူလဲ"

"မသိဘူး။ ဒီကိုပထမဆုံးအကြိမ်ရောက်ဖူးတာတဲ့။ ငါတို့အသိုင်းအဝိုင်းထဲက ဟုတ်ပုံမရဘူး။ ကျောက်ယင်းနဲ့အတူပါလာတာ"

"ရှောင်ယင်းလား"

ဤစကားကိုကြားသော် တင်းပေါ်၏မျက်နှာကား မည်းခနဲဖြစ်သွားသည်။

ပြေးလမ်းတစ်ပတ်မောင်းပြီးနောက် အစ်မဟွားလည်း စိတ်လှုပ်ရှားလာလေတော့သည်။

သြဂတ်စတာက အမှန်စင်စစ် မိမိုက်လွန်းလှသည်။

ယဲ့ချန်းကိုကြည့်ရင်း တင်းပေါ်၏မျက်ဝန်းထဲဝယ် အေးစက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့သော် ထိုအချိန်မှာပင် ဝမ်ခုန်းခုန်းက အနားသို့လျှောက်လာသည်။

လူအုပ်ကြီး၏အာရုံကလည်း ဝမ်ခုန်းခုန်းနှင့် တင်းပေါ်တို့ထံသို့ ပြန်ရောက်လာခဲ့သည်။

••••••••••••••

အပိုင်း ၂၅၇ : မင်း ဦးနှောက်ပျက်နေတာလား

ယဲ့ချန်းနှင့် ကျောက်ယင်းတို့လည်း လူအုပ်ထဲသို့ ဝင်တိုးလိုက်ကြသည်။

အစ်မဟွားက သူတို့နှစ်ယောက်နားသို့ လျှောက်သွားကာ ပြောလိုက်၏။

"ရှင်တို့နှစ်ယောက်က ပြေးလမ်းထဲမှာ ခဏခဏလာပြိုင်ဖူးတယ်ဆိုတော့ စည်းမျဉ်းတွေကို သိပြီးရောပေါ့"

ဝမ်ခုန်းခုန်းနှင့် တင်းပေါ်တို့လည်း ငွေလွှဲပေးလိုက်ကြသည်။

ပြိုင်ကွင်း၏စည်းမျဉ်းအရ လူနှစ်ယောက်၏ဆိုင်ကယ်ပြိုင်ပွဲအတွက် လောင်းကြေးမှာ သန်းနှစ်ဆယ်ဖြစ်၏။ ထို့ကြောင့် ပြိုင်ကွင်းဘက်က ဆယ်ရာခိုင်နှုန်းကို ကော်မရှင်ခအဖြစ် ယူသည်ဖြစ်ရာ တစ်ယောက်ချင်းစီထံမှ နှစ်သန်းပင်တည်း။

နှစ်သန်းဟူသော ပမာဏမှာ ထိုသူဌေးသားနှစ်ယောက်အတွက် မမှုလောက်သဖြင့် ချက်ချင်းပင် လွှဲပေးကြသည်။

ယဲ့ချန်းလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဒီသီးသန့်ပြိုင်ကွင်းက ငွေရှာဖို့ သိပ်လွယ်တာပဲ။ ငွေလေးသန်းကို ဒီအတိုင်းရလိုက်တာပေါ့"

ပြိုင်ပွဲကား စတင်လေပြီ။

အစ်မဟွားကလည်း ငွေကောက်ခံခြင်း ပြီးစီးသွားပြီဖြစ်သဖြင့် တောင်တက်လမ်းကို ရှင်းလင်းထားရန်အတွက် ဝန်ထမ်းများကို အကြောင်းကြားလိုက်သည်။

ထိုအချိန်တွင် ဝမ်ခုန်းခုန်းနှင့် တင်းပေါ်တို့က စကားများကြလေတော့သည်။

တင်းပေါ်က အေးတိအေးစက်သရော်လိုက်၏။

"ဝမ်ခုန်းခုန်း.. မင်း ငွေနှစ်သိန်းကိုယူပြီး ဒူးထောက်ရင်း ငါ့ကို အဖေလို့ခေါ်လိုက်တာ ပိုကောင်းမယ်နော်။ ဒါဆို ငါတို့ ကျေအေးလို့ရတယ်"

ဝမ်ခုန်းခုန်းကလည်း နည်းနည်းမျှမကြောက်ဘဲ ဆဲဆိုလိုက်လေတော့သည်။

"အရေးမပါတာ။ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ အခုထိမသေချာသေးပါဘူး။ ငါက မင်းကိုကြောက်မယ်များ ထင်နေလား"

ဝမ်ခုန်းခုန်း၏အနောက်ရှိ ဆိုင်ကယ်သမားက ပြောလိုက်လေသည်။

"သခင်လေးဝမ်.. ကျွန်တော် ခင်ဗျားရဲ့ဆိုင်ကယ်ကို စမ်းကြည့်ဖို့လိုမယ်ဗျ။ နည်းနည်းပါးပါးစမ်းသပ်ရမှာ။ ဒီလူနဲ့ အချိန်ဖြုန်းမနေပါနဲ့"

ဝမ်ခုန်းခုန်းလည်း ခေါင်းညိတ်ပြလိုက်၏။

မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲအတွက် ပေးရမည့်ပိုက်ဆံက ပမာဏနည်းလှသည်။ သူတို့၏တစ်လစာမုန့်ဖိုးသာရှိ၏။

အရေးအကြီးဆုံးမှာ ဤပြိုင်ပွဲတွင် ဝမ်ခုန်းခုန်းနှင့် တင်းပေါ်တို့၏မာနကို ရင်းထားရသည်။

ဤဆက်ခံသူများ၏ အမြင်တွင် မာနက အခြားအရာများထက် ပိုအရေးကြီးသည်။

ဝမ်ခုန်းခုန်းက ဆိုင်ကယ်သမားနှင့်အတူ ထွက်သွားခဲ့သည်။

တင်းပေါ်၏အကြည့်က ယဲ့ချန်းထံသို့ ရောက်လာလေသည်။ ယခင်တုန်းက တင်းပေါ်မှာ ကျောက်ယင်းကို အမြဲလိုက်ပိုးခဲ့သည်။ သို့သော် ကျောက်ယင်းကမူ သူ့ကို နည်းနည်းမှစိတ်မဝင်စားပေ။

ယခုမူ ကျောက်ယင်းကို သူစိမ်းတစ်ယောက်နှင့် တွဲမြင်လိုက်ရသည့်အတွက် စိတ်မတိုဘဲ ရှိမည်တဲ့လား။

တင်းပေါ် လိုက်ပိုး၍မရခဲ့သော မိန်းကလေးက အခြားယောကျာ်း၏ဘေးနားတွင် ရှိနေခြင်းကို သူ လက်မခံနိုင်ပေ။

ထို့ပြင် မိုတုမြို့တွင် ကျောက်ယင်းကို သခင်လေးတင်းက လိုက်ပိုးနေသည့်ကိစ္စကို မသိသူမရှိပေ။ ယခု ဤမိန်းကလေးက အခြားယောကျာ်းတစ်ယောက်နှင့် ရယ်ရယ်မောမောစကားပြောနေခြင်းမှာ သူ့ကို ပါးဖြတ်ရိုက်လိုက်သလိုပင်။

"အဲဒီလူအကြောင်း မင်းသိလား"

"ငါ့ညီအစ်ကိုတစ်ယောက်ကတော့ သူတို့တွေစကားပြောနေတာကို ကြားလိုက်တယ်တဲ့။ ကြည့်ရတာတော့ ဒီလူက တက္ကစီဒရိုင်ဘာထင်တယ်"

"ဘာ? တက္ကစီဒရိုင်ဘာ ဟုတ်လား"

တင်းပေါ်၏အကြည့်ကား အေးစက်သွားလေသည်။

အကယ်၍ ယဲ့ချန်းက လူကုံထံအမွေဆက်ခံသူတစ်ယောက်ဆိုလျှင်ပင် သူ့စိတ်ထဲ အတန်ငယ်ခံစားရသက်သာပေဦးမည်။ ယခုမူ သူ့ကောင်မလေးကို တက္ကစီဒရိုင်ဘာတစ်ယောက်က လုယူသွားသည်ဖြစ်ရာ သူ့အနေနှင့် လွယ်လွယ်တော့ လွှတ်မပေးနိုင်ပေ။

တင်းပေါ်က အေးတိအေးစက်နိုင်သော အကြည့်ဖြင့် သူ့နောက်လိုက်များနှင့်အတူ ယဲ့ချန်းထံသို့ လျှောက်သွားလိုက်၏။

ယဲ့ချန်းက ကျောက်ယင်းနှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောနေချိန်ဝယ် တင်းပေါ်က တင်းမာနေသော အမူအရာဖြင့် အနားသို့လျှောက်လာသည်ကို မြင်လိုက်ရ၏။

ကျောက်ယင်းမှာ တင်းပေါ်ကို မြင်သောအခါ အမူအရာပြောင်းသွားချေသည်။

"ယဲ့ချန်း သွားရအောင်.. ဒီမှာ လူယုတ်မာတစ်ယောက်ရှိတယ်"

သို့သော် တင်းပေါ်ကတော့ သူတို့နှစ်ယောက်ကို သွားခွင့်မပေးချေ။ သူသည် အရှေ့သို့ အမြန်လှမ်းလာပြီး သူတို့လမ်းတွင် ပိတ်ရပ်လိုက်သည်။

ကျောက်ယင်းမှာ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"တင်းပေါ်.. ရှင် ဘာလုပ်တာလဲ။ ကျွန်မ ပြောမယ်။ ရှင် ပြဿနာရှာရဲလို့ကတော့ ကျွန်မလည်း ရှင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး"

တင်းပေါ်အကြောင်း သူ(မ) ကောင်းကောင်းသိသည်။

ဤလူက အလွန်ယုတ်မာရက်စက်ပြီး သဘောထားသေးသိမ်လှသည်။

တစ်ခါတုန်းက ကျောက်ယင်း၏အခန်းဖော်တစ်ယောက်က သူ့ကို နည်းနည်းပါးပါးပြောဆိုခဲ့သဖြင့် သူသည် ထိုသူငယ်ချင်း၏ခြေထောက်ကို လူလွှတ်၍ ရိုက်ချိုးခိုင်းခဲ့သည်။

ထို့ကြောင့် တင်းပေါ်က ယဲ့ချန်းကိုလည်း တစ်ခုခုလုပ်လိုက်မည်ကို ကျောက်ယင်း စိုးရိမ်မိသည်။

တင်းပေါ်ကမူ သရော်ပြုံးပြုံးလိုက်၏။

"ရှောင်ယင်း.. မင်း အတွေးလွန်နေပြီ။ ကိုယ်က ဒီညီအစ်ကိုကို တွေ့ချင်ရုံသက်သက်ပါ"

ထိုသို့ပြောပြီးနောက် တင်းပေါ်က လှောင်ပြုံးပြုံးလိုက်လေသည်။

"ကိုယ့်လူ… မင်းကို မမြင်ဖူးသလိုပဲ။ ဘယ်ကလာတာလဲ"

ယဲ့ချန်းကမူ ခပ်ဖွဖွသာ ပြုံး၏။

"ဪ တကယ်လား။ မင်းကိုလည်း မမြင်ဖူးသလိုပဲ။ ငါက ကိုယ့်ကိုယ်ကိုယ်အရင်စနှုတ်ဆက်တတ်တဲ့ အကျင့်မရှိဘူး။ ငါဘယ်သူလဲဆိုတာ သိချင်လား။ ဒါဆို မင်းဘယ်သူလဲဆိုတာ ငါ့ကို အရင်ပြောပြလေ"

"မင်း…"

တက္ကစီဒရိုင်ဘာတစ်ယောက်က ဤမျှအထိ မောက်မာလိမ့်မည်ဟု တင်းပေါ် လုံးဝထင်မထားချေ။

ကျောက်ယင်းသာ သူ့ဘေးတွင်ရှိမနေပါက အစောကတည်းက စိတ်လွတ်သွားလောက်ပြီဖြစ်၏။

ကျောက်ယင်းကို စိတ်ဆိုးအောင် မလုပ်ချင်သည့်အတွက် တင်းပေါ်လည်း အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။

"ချာတိတ်.. ငါက မိုတုမြို့ရဲ့ လူကုံထံအသိုင်းအဝိုင်းက တင်းပေါ်ပဲ။ ငါ့ကိုမသိတဲ့လူ မရှိဘူး"

ယဲ့ချန်းကလည်း သူ့စကားကိုနားထောင်ပြီး‌ ပြောလိုက်လေသည်။

"ဪ ဆောရီးပဲ။ ငါက မင်းတို့အသိုင်းအဝိုင်းထဲက မဟုတ်ဘူး"

ဤစကားကိုကြားသော် တင်းပေါ် လှောင်ရယ်လိုက်၏။

"ဟုတ်တာပေါ့။ တက္ကစီဒရိုင်ဘာတစ်ယောက်ပဲဟာကို။ ငါတို့အသိုင်းအဝိုင်းထဲကိုဝင်ဖို့ ဘယ်မှာ အရည်အချင်းရှိလို့လဲ။ ဒါနဲ့ မင်း ရှောင်ယင်းနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ။ ငါ မင်းကိုပြောမယ်။ မင်းကိုယ်မင်း တန်ဖိုးထားတယ်ဆိုရင် သူနဲ့ဝေးဝေးနေ"

တင်းပေါ်၏စကားကို ကြားလိုက်ရချိန်မှာမူ ကျောက်ယင်းလည်း ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားသည်။

"တင်းပေါ်.. ရှင် ဘာပြောလိုက်တာလဲ။ ရှင်ကများ ကျွန်မမိတ်ဆွေကို လာဝေဖန်နေတယ်ပေါ့"

တင်းပေါ်က ဆိုလာလေသည်။

"ရှောင်ယင်း… ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကြီးက သိပ်ရှုပ်ထွေးတာ။ မင်း လှည့်စားခံရမှာစိုးတယ်။ ဒီလူက မင်းရဲ့ရုပ်ရည်ကြောင့် ကပ်နေတာ။ မင်းကို သူ့ရှူးဂါးမာမီဖြစ်စေချင်တာလေ"

တင်းပေါ်၏စကားကိုကြားသော် ကျောက်ယင်းလည်း ရုတ်ခြည်းထရယ်လိုက်လေသည်။

ယဲ့ချန်းက တစ်သန်းတန်ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို သူ(မ)အတွက် အသာလေးဝယ်ပေးခဲ့သည့်အပြင် သန်းပေါင်းများစွာ တန်ဖိုးရှိသော ဆိုင်ကယ်တစ်စီးကိုလည်း စီးသေးသည်ဖြစ်ရာ တင်းပေါ်ထက်တော့ အဆင့်မနိမ့်နိုင်ပေ။

သူ(မ)မှာ တင်းပေါ်နှင့် အချိန်ဖြုန်းချင်စိတ်မရှိသောကြောင့် ယဲ့ချန်း၏လက်ကိုဆွဲကာ ပြောလိုက်၏။

"ယဲ့ချန်း သွားရအောင်"

တင်းပေါ်က ဤမြင်ကွင်းကိုမြင်သောအခါ အကြည့်များ အေးစက်လာသည်။

"ကိုယ့်လူ… ငါ မင်းကိုပြောမယ်။ အခုချက်ချင်း ရှောင်ယင်းနဲ့ဝေးဝေးနေလိုက်တော့။ မဟုတ်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့နော်"

ဤစကားကို ကြားလိုက်ရချိန်ဝယ် ယဲ့ချန်းမှာ မျက်လုံးမှေးကျဉ်းလိုက်မိသည်။

အစတုန်းကတော့ ပြဿနာမရှာချင်ခဲ့သောကြောင့် ဘာမှဝင်မပြောခဲ့ပေ။ တစ်ဖက်လူကတော့ တစ်ထွာလောက်ပေးလျှင် တစ်မိုင်လောက်လိုချင်လာပေသည်။

ယဲ့ချန်းက တင်းပေါ်ကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။

သူက ကျောက်ယင်းကို ရင်ခွင်ထဲသို့ ရုတ်တရက်ဆွဲသွင်း၍ လူတိုင်းရှေ့မှာပင် ချိုမြိန်သောအနမ်းတစ်ပွင့် ခြွေလိုက်သေးသည်။

ကျောက်ယင်းခမျာ လုံးဝကြက်သေသေသွားလေသည်။

နှုတ်ခမ်းထက်ရှိ စိုစွတ်မှုကြောင့် ကျောက်ယင်း၏မျက်နှာလှလှလေးလည်း နီမြန်းလာပြီး နှလုံးခုန်သံများလည်း မြန်ဆန်လာချေသည်။

ဒီလူက တကယ်တက်ကြွနေတာပဲ…

ယဲ့ချန်းက ကျောက်ယင်းကို လွှတ်ပေးပြီး ပြုံးလိုက်သည်။

"ထွက်သွားဖို့တော့ မဖြစ်နိုင်ဘူး။ ရှောင်ယင်းက ငါ့ကောင်မလေးလေ။ ဒီတော့ မင်းက ဘာလုပ်မှာလဲ။ ငါ့ကိုကိုက်မှာလား"

ထို့နောက် ယဲ့ချန်းမှာ ကျောက်ယင်းကို ရင်ခွင်ထဲသို့ထည့်၍ ထောင်လွှားစွာ လှည့်ထွက်သွားလေတော့သည်။

တင်းပေါ်ခမျာ ထိုနေရာမှာပင် မတ်တတ်ရပ်၍ ကျန်ရစ်နေခဲ့သည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဤမျှအထိ မာန်တက်နေလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။

ထို့ပြင် လူအများကြီးရှေ့မှာပင် သူ့အား အရှက်ခွဲသွားခဲ့သည်။

အရေးအကြီးဆုံးမှာ ကျောက်ယင်းက ယဲ့ချန်းထံမှ အနမ်းခံလိုက်ရသည့်တိုင် ဘာတုံ့ပြန်မှုမှမရှိဘဲ အလွန်ပျော်ရွှင်နေပုံပင် ပေါက်နေသည်။

"သူတို့ကို တားထားစမ်း"

တင်းပေါ် အော်ပြောလိုက်သည်။

အနောက်ရှိ သူ့နောက်လိုက်များကလည်း ယဲ့ချန်းကို ချက်ချင်းဝိုင်းထားပြီး ပိတ်တားလိုက်ကြသည်။

ယဲ့ချန်းလည်း အတန်ငယ်စိတ်မရှည်ဖြစ်လာပြီး ပြောလိုက်လေတော့သည်။

"တင်းပေါ်.. မင်း မပြီးသေးဘူးလား"

တင်းပေါ်က အေးတိအေးစက် လှောင်ပြုံးပြုံးလိုက်၏။

"ချာတိတ်… ငါဘယ်သူလဲလို့ မင်း ပတ်မေးကြည့်လိုက်စမ်းပါ။ ငါ့ကောင်မလေးကိုများ ခိုးရဲတယ်ပေါ့။ ဒီနေ့မှ ငါ မင်းကို ဒုက္ခိတဖြစ်အောင်မလုပ်နိုင်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရတော့မလဲ"

ယဲ့ချန်း၏အကြည့်ကား အေးစက်သွားသည်။

"ငါ မင်းကို လေးစားသင့်သလောက် လေးစားပေးပြီးသွားပြီနော်။ မျက်နှာမပျက်ချင်ဘူးဆိုရင် လစ်လိုက်တော့"

သူတို့နှစ်ယောက် ရန်ဖြစ်တော့မည်ကို မြင်သောအခါ အစ်မဟွားက အပြေးရောက်ချလာသည်။

"တင်းပေါ်… ရှင်ဘာလုပ်နေတာလဲ။ ပြိုင်ပွဲကို မပြိုင်ချင်တော့ဘူးလား။ ကျွန်မရဲ့ခန်းမထဲမှာ ရှင် ပြဿနာရှာလို့ကတော့ ကျွန်မ ရှင့်ကို နာမည်ပျက်စာရင်းသွင်းလိုက်မှာနော်။ နောက်တစ်ခေါက် ထပ်မလာခဲ့နဲ့တော့"

အစ်မဟွား၏နောက်ခံက အလွန်တောင့်တင်းလှသည်ဖြစ်ရာ တင်းပေါ်လည်း သူ(မ)ကို ရန်မစရဲချေ။

ထို့ကြောင့် အမြန်ပြုံး၍ ပြောလိုက်ရသည်။

"အစ်မဟွား.. ကျွန်တော်က စနေတာပါ။ ခင်ဗျားပိုင်နက်ထဲမှာ ဘယ်လိုလုပ်ပြီး ပြဿနာရှာရဲမှာလဲ"

အစ်မဟွားက ယဲ့ချန်းဘက်က ကာပေးနေသည်ကို မြင်သောအခါ တင်းပေါ်လည်း ယဲ့ချန်းကို ပြဿနာရှာဖို့ မဖြစ်နိုင်ကြောင်း သိလိုက်သည်။

အစ်မဟွားက အမြန်ပြောလိုက်သည်။

"ယဲ့ချန်း.. ဒီပြိုင်ပွဲပြီးရင် ရှင့်အလှည့် ရောက်ပြီ။ ပြင်ဆင်ထားတော့"

ယဲ့ချန်းလည်း ဝင်ပြိုင်မည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ တင်းပေါ်၏မျက်ဝန်းများ လက်ခနဲဖြစ်သွားလေသည်။

"ယဲ့ချန်း.. မင်းကများ ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့။ မင်းသာနိုင်ရင် ငါ မင်းနဲ့ရှောင်ယင်းကြားမှာ ဝင်မဖျက်တော့ဘူး။ ရှုံးရင် ရှောင်ယင်းနားက ချက်ချင်းထွက်သွား"

"မင်း ဦးနှောက်ပျက်နေတာလား။ ငါ့ဘာသာ ရှောင်ယင်းနဲ့ တွဲတွဲမတွဲတွဲ မင်းနဲ့ လုံးဝမဆိုင်ဘူး။ ငါနဲ့လာပြိုင်ရအောင် မင်းနဲ့တန်လို့လား"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကျောက်ယင်းနှင့်အတူ လှည့်ထွက်သွားပြန်သည်။

ယဲ့ချန်းနှင့် ကျောက်ယင်းတို့နှစ်ယောက် ချစ်ခင်ကြင်နာစွာဖြင့် လက်ချင်းတွဲထားသည်ကို မြင်လိုက်ရချိန်ဝယ် တင်းပေါ်မျာ ဒေါသထွက်လွန်းသဖြင့် သွားများပင် ယားယံလာသည်။

"ချာတိတ်… ငါ့ကောင်မလေးကို ခိုးရဲတယ်ပေါ့။ မင်း နေနှင့်ဦးပေါ့ကွာ"

•••••••••••••••••

အပိုင်း ၂၅၈ : ငါ ဒီကိစ္စကို သေချာပေါက်ဝင်ပါရတော့မယ်

တင်းပေါ်က ကောင်လေးတစ်ယောက်ကို လှမ်းခေါ်ပြီး အေးအေးလူလူပြောလိုက်သည်။

"နောက်ပြိုင်ပွဲအတွက် ငါ့ကိုစာရင်းသွင်းပေး။ ယဲ့ချန်းဘေးနားက ပြေးလမ်းကိုပဲ လိုချင်တယ်"

"သခင်လေးတင်း.. စိတ်မပူပါနဲ့။ ကျွန်တော် ချက်ချင်းစီစဉ်ပေးပါ့မယ်"

ထိုကောင်လေးက လှောင်ပြုံးပြုံးလိုက်သည်။

ကျန်းဖန်နှင့် စွန်းဟောင်တို့ကလည်း တောင်တက်လမ်းပေါ်သို့ မောင်းလာခဲ့ကြသည်။

စွန်းဟောင်က တင်းပေါ်ကို ကိုယ်စားပြုပြီး ကျန်းဖန်ကတော့ ဝမ်ခုန်းခုန်းကို ကိုယ်စားပြုသည်။

ဝမ်ခုန်းခုန်းနှင့် တင်းပေါ်က ဘယ်တော့မှ မသင့်မြတ်ကြပေ။ ဤဆိုင်ကယ်သမားနှစ်ယောက်ကလည်း ပြည်တွင်းဆိုင်ကယ်ပြိုင်ပွဲများတွင် အမြဲတမ်း ပြိုင်ဘက်များ ဖြစ်နေခဲ့သည်။

ပြေးလမ်းထက်တွင် စွန်းဟောင်နှင့် ကျန်းဖန်တို့၏ဆိုင်ကယ်များက ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။ စွမ်းအားများ ထုတ်လွှတ်တော့မည့် သားရဲကောင်နှစ်ကောင်အလားပင်။

ပြေးလမ်းတစ်လျှောက်ရှိ ပရိသတ်များလည်း စိတ်လှုပ်ရှားကုန်ကြသည်။ ဤသည်မှာ ဟွားနိုင်ငံရှိ ထိပ်တန်းဆိုင်ကယ်သမားနှစ်ယောက်ကြားရှိ ဗိုလ်လုပွဲအဆုံးအဖြတ်ပင်။

ဗရွန်း ဗရွန်း ဗရွန်း!

ဆိုင်ကယ်များက သူတို့၏အင်ဂျင်ကို အမြင့်ဆုံးအထိ စက်ရှိန်မြှင့်တင်နေကြသည်။

အစ်မဟွားက ဆိုင်ကယ်နှစ်စင်း၏ အလယ်နားတွင် မတ်တတ်ရပ်ပြီး လက်ကိုင်ပဝါလေးကို ပစ်ချလိုက်လေရာ ဆိုင်ကယ်နှစ်စီးကလည်း အော်ဟစ်ဟိန်းဟောက်လျက် ထွက်ခွာသွားလေသည်။

ဆိုင်ကယ်နှစ်စင်းမှာ လေးတံမှလွှတ်လိုက်သော မြားနှစ်စင်းအလား အရှေ့သို့ အပြေးနှင်သွားပြီး တောင်တန်းဆီသို့ ဦးတည်သွားလေသည်။

နှစ်ဖက်စလုံးတွင် အပြိုင်အဆိုင်ကြွေးကြော်အားပေးမည့် ပရိသတ်ကိုယ်စီရှိကြသည်။

ဖန်သားပြင်ကြီးကလည်း ဆိုင်ကယ်နှစ်စီး၏ ဗီဒီယိုကို ပြသနေသည်။ ထိုဆိုင်ကယ်နှစ်စီးကလည်း သူမသာကိုယ်မသာဖြစ်နေချေသည်။

ကျောက်ယင်း မေးကြည့်လိုက်သည်။

"ယဲ့ချန်း… သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်မယ်လို့ထင်လဲ"

ယဲ့ချန်းကမူ ဖန်သားပြင်ကြီးကိုကြည့်ရင်း ခေါင်းတခါခါလုပ်နေလေသည်။

"သူတို့နှစ်ယောက်ရဲ့အစွမ်းအစက သူမသာကိုယ်မသာပဲ။ ဆိုင်ကယ်နှစ်စီးရဲ့ လုပ်ဆောင်ချက်ကလည်း အတူတူနီးပါးပဲ။ လမ်းကြောင့်အဖြောင့်ပေါ်မှာတော့ အနိုင်အရှုံးဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။ လမ်းကွေ့တွေမှာ အဆုံးအဖြတ်ပေးလိမ့်မယ်"

ကျောက်ယင်းလည်း‌ ခေါင်းညိတ်လိုက်မိသည်။ သူ(မ)သည် ဆိုင်ကယ်မောင်းရခြင်းကို အလွန်နှစ်သက်သည်။

အကယ်၍ ကစားသမားများ၏ အရည်အချင်းက သူမသာကိုယ်မသာဖြစ်ပြီး ဆိုင်ကယ်၏လုပ်ဆောင်ချက်ကလည်း အတူတူဖြစ်နေခဲ့ပါလျှင် လမ်းကွေ့များကသာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။

လမ်းအကွေ့များကို ထိန်းချုပ်နိုင်ခြင်းကသာ ဆိုင်ကယ်သမားတစ်ယောက်၏ အရည်အချင်းအစစ်ပင်။ အမှားသေးသေးလေးတစ်ခုကပင် အရေးနိမ့်သွားစေနိုင်သည်။

ထိုအချိန်တွင် ဆိုင်ကယ်နှစ်စီးက ပထမဆုံးအကွေ့ဆီသို့ တစ်ပြိုင်တည်းနီးပါး ရောက်လာခဲ့သည်။

ဆိုင်ကယ်နှစ်စီးမှာ သူမသာကိုယ်မသာ ရှိနေချေသည်။ ပထမဆုံးအကွေ့သို့ ရောက်သောအခါ သူတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်း အရှိန်လျှော့ချလိုက်ပြီး ဆိုင်ကယ်ကိုယ်ထည်များကို နိမ့်လျှောကာ အကွေ့ကို လှလှပပကြီးကွေ့ပြသွားသည်။

ဝှစ် ဝှစ်!

အကွေ့အတွက် အရှိန်လျှော့ချလိုက်သည့် အချိန်ကိုက်ကား ဆိုင်ကယ်သမားနှစ်ယောက်စလုံးအတွက် အလွန်ချောမွေ့လှသည်။ ဤသည်မှာ ပြင်းထန်လှသော လေ့ကျင့်မှုနှင့် အတွေ့အကြုံကို ပြသနေပေသည်။

ဆိုင်ကယ်များမှာ အလွန်လျင်မြန်လှသည်။ အကွေ့ကိုဖြတ်ကျော်ပြီးသည့်တိုင် သူမသာကိုယ်မသာရှိနေကြဆဲပင်။

ကျောက်ယင်းကလည်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။

"ယဲ့ချန်း… အခုရော ဘယ်သူနိုင်မလဲဆိုတာ ပြောနိုင်ပြီလား"

ထိုအချိန်တွင် သူတို့နှစ်ယောက် သိပ်မကွာသေးကြောင်း ကျောက်ယင်း မြင်နေရသည်။ ပထမဆုံးအကွေ့က အကွာအဝေးကို အများကြီးမကွာဟစေခဲ့ပေ။

ယဲ့ချန်းက ပြော၏။

"တင်းပေါ်ရဲ့ဆိုင်ကယ်သမား စွန်းဟောင်က နိုင်လိမ့်မယ်လို့ထင်တာပဲ"

"ဘယ်လို? ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ"

ကျောက်ယင်း၏ မျက်ဝန်းလှလှလေးမှာ ဖန်သားပြင်ထက်တွင် မြဲမြံနေချေသည်။ သူတို့၏လုပ်ဆောင်နိုင်စွမ်းက အတူတူနီးပါးဖြစ်နေသည်။ ဤသည်ကို ယဲ့ချန်းက ဘာကြောင့် အတပ်ပြောနိုင်ရသလဲ။

ကျောက်ယင်းက တင်းပေါ်ကို အလွန်မနှစ်မြို့ပေ။ ထို့ကြောင့် ဝမ်ခုန်းခုန်း၏ဆိုင်ကယ်သမားကိုသာ နိုင်စေချင်သည်။

ယဲ့ချန်းကမူ ရှင်းပြလာသည်။

"ကစားသမားနှစ်ယောက်စလုံးက အကွေ့ကို အချိန်ကိုက် ကောင်းကောင်းကွေ့နိုင်ခဲ့တယ်။ ဒါပေမဲ့ စွန်းဟောင်ကိုကြည့်ရတာ ဒီတောင်တက်လမ်းကို တောင်တော်ရင်းနှီးကျွမ်းဝင်ပုံပဲ။ အဲဒါကြောင့် သူ့ရဲ့အရှိန်လျှော့နှုန်းက ကျန်းဖန်ထက် ၀.၀၁စက္ကန့်နောက်ကျတယ်။ သူတို့လို ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက်တော့ အဲဒီလောက်ကွာခြားချက်ကလေးကတောင် ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တယ်"

"ရှင်က အဲဒါကိုပါ မြင်တယ်ပေါ့"

ကျောက်ယင်း ကြက်သေသေသွားရလေသည်။

ယဲ့ချန်းက ပြောလိုက်၏။

"စွန်းဟောင်က ဒီပြေးလမ်းပေါ်မှာ ခဏခဏပြိုင်ဖူးတာပဲဖြစ်ရမယ်။ ဒါပေမဲ့ ကျန်းဖန်ကတော့ ပထမဆုံးအကြိမ်ဖြစ်လောက်တယ်။ ဝမ်ခုန်းခုန်းကို တင်းပေါ် လှည့်စားလိုက်တယ်ဆိုတာ အသိသာချည်း"

အကြောင်းမှာ ဤကစားသမားနှစ်ယောက်စလုံးက ဤတောင်တက်လမ်းတွင် ပထမဆုံးအကြိမ်မောင်းဖူးခြင်းဖြစ်သည်ဟု ယဲ့ချန်း ကြားထားမိသောကြောင့်ပင်။

သို့သော် စွန်းဟောင်၏လုပ်ဆောင်ချက်အရ သူသည် ဤပြေးလမ်းနှင့် အလွန်ရင်းနှီးနေကြောင်း သိသာလှသည်။ ဤအဓိပ္ပာယ်မှာ ကျန်းဖန်ဘက်က အရေးနိမ့်နေသည်ဟု ဆိုလိုခြင်းပင်။

သိပ်မကွာလှသော အရည်အချင်းနှင့် ဆိုင်ကယ်၏လုပ်ဆောင်ချက်မျိုးတွင် ပြေးလမ်းနှင့် ရင်းနှီးမှုရှိမရှိဆိုသည်မှာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သော အချက်တစ်ခု ဖြစ်လာနိုင်သည်။

လူတိုင်းနီးပါးကမူ အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲလှသည်ဟု ထင်နေကြသည်။ သို့သော် ဒုတိယအကွေ့တွင်မူ ယဲ့ချန်း အသာခေါင်းခါလိုက်မိသည်။

ဝမ်ခုန်းခုန်း၏ဆိုင်ကယ်သမားမှာ ရှုံးသွားလေပြီ။

နောက်ဆုံးအကွေ့ကို ကျော်ဖြတ်ပြီးနောက် ဆိုင်ကယ်သမားများမှာ သူမသာကိုယ်မသာဖြစ်နေဆဲပင်။ အဆုံးသတ်မျဉ်းဆီသို့ အတူပြေးနေကြသည်။

ဗရွန်း!

ဗရွန်း!

ဆိုင်ကယ်နှစ်စီးစလုံး အဆုံးသတ်မျဉ်းကို တစ်ပြိုင်တည်းဖြတ်သွားကြသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလာလေသည်။

"ဝမ်ခုန်းခုန်း ရှုံးသွားပြီ"

ပြိုင်ပွဲကား အဆုံးသတ်သွားလေပြီ။ သို့သော် ဆိုင်ကယ်နှစ်စီးက တစ်ပြိုင်တည်းပန်းဝင်လာသောကြောင့် နောက်ဆုံးအဆုံးအဖြတ်ကို အနှေးပြကွက်ဖြင့် ဆုံးဖြတ်မည်ဖြစ်၏။

တင်းပေါ်က ဘဝင်ခိုက်နေဟန်ဖြင့်‌ ပြောလိုက်၏။

"ဝမ်ခုန်းခုန်း… မင်းတော့ ဒီနေ့ ရှုံးမှာပဲ။ ဒူးထောက်ပြီး ငါ့ကို အဖေလို့ခေါ်ဖို့ အဆင်သင့်ပြင်ထားတော့"

ဝမ်ခုန်းခုန်းက အေးတိအေးစက်သရော်လိုက်သည်။

"ရလဒ်က အခုထိမကြေညာရသေးဘူး။ မင်းက ဘာတွေမာန်တက်နေတာလဲ။ ဘယ်သူက ဘယ်သူ့ကို အဖေလို့ခေါ်ရမယ်ဆိုတာ မသေချာသေးပါဘူး"

ဆယ်မိနစ်အကြာတွင် အနှေးပြကွက်ဗီဒီယိုကား ထွက်လာလေပြီ။

ဝမ်ခုန်းခုန်းက ချက်ချင်းမေးလိုက်၏။

"အစ်မဟွား ဘယ်သူနိုင်သွားတာလဲ"

အစ်မဟွားက ရီမုကိုကောက်ကိုင်၍ အသာနှိပ်လိုက်သည်။

"ကိုယ့်ဘာသာကြည့်ကြည့်လိုက်"

ထိုအချိန်တွင် ဖန်သားပြင်ကြီးထက်၌ ဆိုင်ကယ်နှစ်စီး အဆုံးသတ်မျဉ်းကို ဖြတ်သွားသည့် ဗီဒီယိုကို ပြသနေသည်။

ဖန်သားပြင်ထက်တွင် ထိုမှတ်တမ်းကို အနီးကပ်ဆွဲပြထားသည်။

ဆိုင်ကယ်နှစ်စီး အဆုံးသတ်မျဉ်းကို ဖြတ်သန်းနေသည့် နောက်ဆုံးစက္ကန့်လေးက လူတိုင်း၏မျက်စိရှေ့တွင် ရှိနေပေသည်။

ထိုမှတ်တမ်းထဲတွင် ဆိုင်ကယ်နှစ်စီးမှာ နှစ်စင်တီမီတာမျှသာ ကွာဝေးသည်။ အဆုံးတွင်မူ တင်းပေါ်၏ဆိုင်ကယ်သမား စွန်းဟောင်က နိုင်သွားခဲ့သည်။

"သေစမ်း။ စင်တီမီတာလောက်လေးပဲ ကွာတာ"

"သီသီလေးကပ်ရှုံးသွားတာကွာ"

"သူတို့တွေက ထိပ်တန်းဆိုင်ကယ်သမားတွေဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ"

"မိုက်တယ်ဟေ့… ဒီနေ့ပြိုင်ပွဲကတော့ ကြည့်ရတာတန်တယ်ကွာ"

…..

ရလဒ်ကို သိလိုက်ရချိန်မှာ ဝမ်ခုန်းခုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းဖန်ကလည်း ရှက်ရွံ့စွာ ပြောလာလေသည်။

"သခင်လေးဝမ်.. တောင်းပန်ပါတယ်။ ကျွန်တော်ရှုံးသွားပြီ"

ဝမ်ခုန်းခုန်းကမူ ခေါင်းခါပြလိုက်သည်။

"မင်း အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာ ငါသိပါတယ်။ ရှုံးတာက ရှုံးတာသက်သက်ပါပဲ"

ဤသို့ဖြင့် ဝမ်ခုန်းခုန်းက ဘဏ်ကတ်တစ်ကတ်ကိုထုတ်၍ တင်းပေါ်ကိုပေးလိုက်၏။

"ကတ်ထဲမှာ သန်းနှစ်ဆယ်ရှိတယ်။ လျို့ဝှက်နံပါတ်က ၆ရှစ်လုံး"

ဝမ်ခုန်းခုန်း၏ သဘောထားကြီးသော အပြုအမူကိုမြင်သော် ယဲ့ချန်း ခေါင်းညိတ်လိုက်မိသည်။

ရီတာ့၏သခင်လေးတစ်ယောက်အနေနှင့် သူသည် အရှုံးကို လက်ခံနိုင်ပေသည်။ ယောကျ်ားပီသပါပေသည်။

ရီတာ့၏သခင်လေးဝမ်ခုန်းခုန်း… သူ့အကြောင်းကို အွန်လိုင်းပေါ်တွင် မကြာခဏတွေ့မိပါသော်ငြား အပြင်မှာတော့ လူကိုယ်တိုင် မတွေ့ဖူးပေ။

ယနေ့ သူ့ကို မြင်လိုက်ရချိန်မှာမူ သူသည် လူကောင်းတစ်ယောက်ဟု ထင်ရသည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချန်းကလည်း ရီတာ့လုပ်ငန်းစု၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်လေရာ လောင်ဝမ်၏သားကို အနိုင်ကျင့်နေခြင်အား လက်မခံနိုင်ပေ။

တင်းပေါ်က အနိုင်ရသွားသဖြင့် အလွန်မာန်တက်နေချေသည်။

"ဟားဟား ဝမ်ခုန်းခုန်း.. ပိုက်ဆံပေးရုံနဲ့ မရသေးဘူးလေ။ မင်း တစ်ခုခုကိုများ မေ့နေတာလား"

တင်းပေါ်၏စကားကိုကြားသောအခါ ဝမ်ခုန်းခုန်း၏မျက်နှာကား အေးစက်သွားလေသည်။

"တင်းပေါ်.. ငါတို့တွေက အသိုင်းအဝိုင်းတစ်ခုတည်းကပဲနော်။ အပိုတွေလုပ်မနေနဲ့"

တင်းပေါ်က "အဖေ"ဟု ခေါ်ရမည့်ကိစ္စကို ဆိုလိုခြင်းဖြစ်ကြောင်း ဝမ်ခုန်းခုန်း ကောင်းကောင်းသိသည်။

ဟွားနိုင်ငံ၏ တိုင်းသိပြည်သိခင်ပွန်းသည်တစ်ယောက်အနေနှင့် ဝမ်ခုန်းခုန်းမှာ တင်းပေါ်ကို အဖေဟုခေါ်ဖို့ မဖြစ်နိုင်ချေ။

တင်းပေါ်ကမူ ဘဝင်ခိုက်နေလေဟန်ပင်။

"ဟားဟား ချာတိတ်.. မင်းက ဒီလောက်ပဲအစွမ်းအစရှိတာကိုး။ အရှုံးကို လက်မခံနိုင်ဘူးပေါ့‌လေ။ သိပ်ရှက်ဖို့ကောင်းတာပဲ"

ဝမ်ခုန်းခုန်းလည်း ဒေါသထွက်သွားလေတော့သည်။

"တင်းပေါ်.. ငါ မင်းကိုကြောက်မယ်များ ထင်နေတာလား။ မင်းက ကြမ်းရမ်းပြချင်တယ်ပေါ့။ ဒီနေ့ ငါ ခွန်အားအစစ်ကို မင်းကိုပြမယ်"

ဤသို့ပြောပြီး ဝမ်ခုန်းခုန်းက အင်္ကျီလက်ကိုမတင်ကာ တင်းပေါ်နှင့် ရန်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေလေသည်။

ယဲ့ချန်းကလည်း ဝမ်ခုန်းခုန်းကို အမြန်ဝင်တားလိုက်သည်။

"သခင်လေးဝမ်.. ဒီအမှိုက်နဲ့ ရန်ဖြစ်နေဖို့အထိ မတန်ပါဘူး။ တစ်ပွဲလောက်လေး ရှုံးရုံနဲ့ ဘဝပျက်သွားတာမှမဟုတ်တာ။ နောက်တစ်ပွဲကျရင် အနိုင်ယူလိုက်ပေါ့"

အစ်မဟွားကလည်း ဘေးနားမှ ဝင်ပြောပေးသည်။

"ရှင်တို့နှစ်ယောက် သတိထားကြနော်။ ကျွန်မ သတိပေးလိုက်မယ်။ ကျွန်မရဲ့ခန်းမထဲမှာ ရန်ပွဲစတဲ့လူကို ဒီနေရာမှာ ထပ်ခြေချခွင့်မပေးဘူး"

ထိုအခါ ဝမ်ခုန်းခုန်းက စိတ်လျှော့ပြီးနောက တင်းပေါ်ကို အေးတိအေးစက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ယဲ့ချန်း ဝင်ပါလာသည်ကို မြင်သောအခါ တင်းပေါ်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် သရော်လိုက်သည်။

"ကိုယ့်လူ မင်းက ဝင်ရှုပ်တာလား။ မင်းက တက္ကစီဒရိုင်ဘာအဆင့်ပဲရှိတာနော်။ ဘာမို့လို့လဲ။ လစ်စမ်းပါ"

ယဲ့ချန်းကမူ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"တင်းပေါ်… ဒီကိစ္စကို ငါ တကယ်ဝင်ပါမှဖြစ်မယ်။ မင်းပြောတော့ ဒီပြေးလမ်းက ဆိုင်ကယ်သမားနှစ်ယောက်စလုံးအတွက် ပထမဆုံးပြိုင်ရတဲ့ပြေးလမ်းဖြစ်ရမယ်ဆို။ ဒါပေမဲ့ မင်းရဲ့ဆိုင်ကယ်သမားက ဒီပြေးလမ်းပေါ်မှာ ခဏခဏပြိုင်ဖူးတယ်လေ။ ဟုတ်တယ်မလား"

••••••••••••••••••

All Chapters