← Chapters

အခန်း (၂၅၉−၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉−၂၆၁)

Vol. 18 Ch. 259-261

အပိုင်း ၂၅၉ : ယဲ့ချန်း ဝင်ပြိုင်ခြင်း

ယဲ့ချန်း၏စကားကို ကြားသောအခါ တင်းပေါ်နှင့် ကစားသမားစွန်းဟောင်တို့မှာ စိုးရိမ်ပူပန်သွားလေသည်။

သိပ်မကြာခင်တုန်းက တင်းပေါ်သည် စွန်းဟောင်ကို ဤနေရာတွင် ရက်ပိုင်းလောက်လေ့ကျင့်ရန် စီစဉ်ပေးခဲ့ဖူးသည်။ သို့သော် ညနက်အချိန်ကြီးဖြစ်သောကြောင့် အနားတွင် မည်သူမှမရှိပေ။

သို့တိုင် ယဲ့ချန်းက ထိုအကြောင်းကို မည်သို့သိလေသလဲ။

သာမန်ဆိုင်ကယ်သမားတချို့ကလည်း ဝင်ပြောလာသည်။

"ငါမှတ်မိပြီ။ ဒီဆိုင်ကယ်နဲ့ ဆိုင်ကယ်သမားက လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဒီနေရာမှာ မကြာခဏလာလေ့ကျင့်နေတာကို ငါတွေ့ဖူးတယ်"

ဝမ်ခုန်းခုန်းလည်း ချက်ချင်းဆိုသလို ဒေါသထွက်သွားပြီး ဆဲဆိုလေတော့သည်။

"တင်းပေါ်… လူယုတ်မာကောင်! မင်း ငါ့ကို လှည့်စားခဲ့တာပေါ့။ မင်းပြောတော့ ကစားသမားနှစ်ယောက်စလုံးက ဒီပြေးလမ်းပေါ်မှာ ပထမဆုံးကစားဖူးရမယ်ဆို။ မင်းကျတော့ မင်းရဲ့ဆိုင်ကယ်သမားကို ဒီနေရာမှာ တိတ်တိတ်လေးလာလေ့ကျင့်ခိုင်းထားတယ်"

တင်းပေါ်ကလည်း ထိုအချက်ကို ဝန်မခံပါဘဲ ပြန်ပက်လေသည်။

"ပေါက်ကရတွေ။ ငါ့ဆိုင်ကယ်သမားကလည်း ဒီပြေးလမ်းမှာ ပထမဆုံးအကြိမ်မောင်းဖူးတာကွ။ ငါ့ကစားသမား လေ့ကျင့်ထားတယ်ဆိုတာ မင်းမှာ သက်သေရှိလို့လား"

"လူတစ်ယောက်က မြင်လိုက်တယ်တဲ့။ မင်းက ဒါတောင် ငြင်းချင်သေးတာလား"

"သေချာပေါက်မြင်တာပေါ့။ ဒါပေမဲ့ ဗီဒီယိုသက်သေရှိလို့လား။ ငါ့ကစားသမားက ဒီနေ့မှ မိုတုမြို့ကိုရောက်တာ။ မင်း အရှုံးကို လက်မခံနိုင်ဘူးဆိုရင်လည်း မကစားနဲ့လေ"

ယဲ့ချန်းက ဒေါသူပုန်ထနေသော ဝမ်ခုန်းခုန်းကို ဝင်တား၍ ကြားဝင်လိုက်သည်။

"ကောင်းပြီလေ။ ခုန်းခုန်း.. မင်းရဲ့ဆိုင်ကယ်သမားက သူ့ဆိုင်ကယ်သမားထက်တောင် ပိုသာနေရမှာ။ ပြေးလမ်းကို မရင်းနှီးဘဲ နှစ်စင်တီမီတာလေးနဲ့ သူတို့ဆိုင်ကယ်သမားကို ရှုံးတာကတောင် တော်တော်အထင်ကြီးဖို့ကောင်းနေပြီ"

တင်းပေါ်က အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

"ဒီမှာ..မင်းက ဘာကောင်ကြီးမို့လို့ လာဟန်လုပ်ပြနေတာလဲ။ မင်း တအားတော်နေတယ်ဆိုရင်လည်း ငါ့ကစားသမားကို လာပြိုင်လေ"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"ရတယ်လေ။ ဒါပေမဲ့ လောင်းကြေးထပ်ကြတာပေါ့"

"ဘာလောင်းကြေးလဲ"

တင်းပေါ်က မေးလိုက်၏။

"ငါရှုံးရင် မင်း ဒီဆိုင်ကယ်ကိုယူသွားလိုက်။ ပြီးတော့ ငါ မင်းကို သန်းနှစ်ဆယ်ပါ ထပ်ပေးမယ်။ မင်းကို အဖေလို့ခေါ်မဲ့ကိစ္စကိုတော့ မေ့ထားလိုက်။ ငါက မင်းလို သစ္စာမရှိတဲ့သားမျိုးကို ရှုံးမှာမဟုတ်တဲ့အတွက် ငါ့ကို ဦးလေးလို့သာခေါ်"

ယဲ့ချန်း၏စကားကြောင့် အားလုံး ထိတ်လန့်သွားကြသည်။

ဒီကောင်လေးက တော်တော်ယုံကြည်မှုရှိနေတာပဲ…

တင်းပေါ်၏အကြည့်ကား ပိုအေးစက်သွားလေသည်။

"ကောင်းပြီလေ။ မင်းက ငါ့ကို စိန်ခေါ်ချင်တယ်ပေါ့။ ငါ မင်းကို အရှက်ခွဲပြမယ်။ ဒါပေမဲ့ ငါ့ဘက်က လောင်းကြေးကို နောက်ထပ်ဆယ်သန်းထပ်ဖြည့်မယ်။ မင်း သတ္တိရှိလား။ သန်းသုံးဆယ်ပဲ"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်လေသည်။

"မင်းရဲ့လောင်းကြေးက မလုံလောက်သေးဘူး။ ငါ့ဆိုင်ကယ်က ၂၅သန်းတောင်တန်တာ။ နောက်ထပ်သန်းနှစ်ဆယ်ဖြည့်ထားတာဆိုတော့ စုစုပေါင်းလေးဆယ့်ငါးသန်းနော်။ မင်းရဲ့ပိုက်ဆံလေးနဲ့ ငါ့ကို လာယှဉ်နိုင်မယ်များ ထင်နေတာလား"

တင်းပေါ်ခမျာ အံတင်းတင်းကြိတ်လိုက်မိတော့သည်။

"ကောင်းပြီလေ။ ဒါဆို ငါ နောက်ထပ်သန်းနှစ်ဆယ် ထပ်ဖြည့်လိုက်မယ်"

ထိုနေရာတွင် အုန်းအုန်းကျက်ကျက် ဆူညံသွားလေတော့သည်။ သန်းငါးဆယ်လောင်းကြေးဆိုသည်မှာ ဆိုင်ကယ်ပြိုင်ပွဲလောကတွင် မကြုံဖူးသောဖြစ်ရပ်ပင်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

"ကိစ္စမရှိဘူး"

တင်းပေါ်က သန်းငါးဆယ်ရင်းထားသဖြင့် ယဲ့ချန်းကလည်း လောင်းကြေးကို ငါးသန်းထပ်မြှင့်လိုက်သည်။

ထိုအချိန်တွင် တင်းပေါ်၏စိတ်ထဲမှာတော့ စိတ်လှုပ်ရှားနေပေသည်။

သန်းငါးဆယ်ဆိုသည်မှာ သူ့ပိုင်ဆိုင်မှုအကုန်ပင်။

သူ့မိသားစုက ချမ်းသာပါသော်ငြား သူ့မုန့်ဖိုးကတော့ ဤမျှသာရှိ၏။

အကယ်၍ သူရှုံးခဲ့လျှင် မွဲပြာကျပေလိမ့်မည်။

သူ့ဘေးရှိ ကစားသမားစွန်းဟောင်က ပြောလာလေသည်။

"သခင်လေးတင်း.. စိတ်ချပါ။ ကျွန်တော် ဟွားနိုင်ငံက ဆရာ့ဆရာကြီးတွေအကုန်လုံးကို သိပါတယ်။ ဒီကောင်လေးက လူသစ်အဆင့်ပဲရှိတာ။ ကျွန်တော် သူ့ကိုတော့ ရှုံးမှာမဟုတ်ပါဘူး"

တင်းပေါ်မှာ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

"မင်းနိုင်ရင် ငါ မင်းရဲ့ဘောနပ်စ်ကို နှစ်ဆပိုပေးမယ်"

ပွဲကြည့်သူများအားလုံးကလည်း မိုတုလူကုံထံအသိုင်းအဝိုင်းထဲရှိ အမွေဆက်ခံသူများပင်။ တင်းပေါ်တွင် ထိန်းသိမ်းရမည့် ဂုဏ်သိက္ခာလည်းရှိသေးသည်။

ယခုလိုအခြေအနေမျိုးတွင် နောက်ဆုတ်၍မရတော့ပေ။

ပတ်ပတ်လည်ရှိ ချမ်းသာကြွယ်ဝသော သူဌေးသားများမှာ ဤပြိုင်ပွဲအကြောင်း ကြားလိုက်ရချိန်ဝယ် ပင့်သက်ရှိုက်ကုန်ကြသည်။

တစ်ယောက်ကို သန်းငါးဆယ်စီ လောင်းကြေးတင်ထားသည်ဖြစ်ရာ အကုန်ပေါင်းလိုက်ပါက သန်းတစ်ရာပင်။

ဤနှစ်ယောက်တော့ ရူးသွားလေပြီ။ ယခုလိုမျိုးအထိ လောင်းကြေးထပ်ရဲသတဲ့လား။

"ဒီနေ့ဝယ်ထားတဲ့ လက်မှတ်ကတော့ တန်တယ်ဟေ့။ ဒီလိုလောင်းကြေးမြင့်တဲ့ ပွဲမျိုးကိုပါ ကြည့်လိုက်ရတယ်"

အစ်မဟွားလည်း တဒင်္ဂမျှကြက်သေသေသွားလေသည်။

တင်းပေါ်၏ ခမ်းနားဝင့်ထည်မှုက သူ(မ)မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း ရှိသော်ငြား ယဲ့ချန်း၏သတ္တိကြောင့် သူ(မ) အံ့ဩသွားရသည်။

ဤအသိုင်းအဝိုင်းထဲရှိ လူတိုင်းနီးပါးနှင့် သူ(မ) ရင်းနှီးသည်။ သို့သော် ယဲ့ချန်းဟုခေါ်သော လူတစ်ယောက်ကိုမူ သူ(မ) မကြားဖူးပေ။

တကယ်တမ်းတွင် ယဲ့ချန်းက အမွေဆက်ခံသူတစ်ယောက်ဟု သူ(မ) မထင်ပေ။ သူသည် မီလျံနာစစ်စစ်တစ်ယောက်ပင်။

သန်းငါးဆယ်လောင်းကြေးတင်ထားသည့်အတွက် အစ်မဟွားကလည်း ငါးသန်းကို ကော်မရှင်ခအဖြစ် ရရှိသည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ ဆယ်သန်းအထိ ရလိုက်ပေသည်။

ဤပမာဏမှာ သူ(မ)၏နှစ်စဉ်ဝင်ငွေပင်တည်း။

အစ်မဟွားလည်း သူ(မ)၏ဝေစုကိုယူ၍ ပြောလိုက်လေသည်။

"ရှင်တို့နှစ်ယောက်က ပြိုင်ချင်နေမှတော့ ကျွန်မလည်း စီစဉ်ပေးရတာပေါ့။ ပြင်ထားကြတော့။ နာရီဝက်အတွင်း ပြိုင်ပွဲစမယ်"

ထိုအချိန်အတောအတွင်း တင်းပေါ်၏ကစားသမား စွန်းဟောင်မှာ ဆိုင်ကယ်ကို စိတ်လှုပ်ရှားစွာ စစ်ဆေးနေသည်။

တစ်ဖက်တွင်မူ ယဲ့ချန်းကတော့ လက်ရန်းကိုမှီကာ ကျောက်ယင်းနှင့် အေးအေးလူလူစကားပြောနေပြီး စိတ်လှုပ်ရှားဟန်လည်းမရှိချေ။

ဝမ်ခုန်းခုန်းက အနားသို့လျှောက်လာလေသည်။

"အစ်ကိုယဲ့..ဒီကောင့်ရဲ့ကစားသမားက တော်တော်ကျွမ်းတာနော်။ ခင်ဗျား မပြင်ဆင်ထားတော့ဘူးလား"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"ဘာမှပြင်စရာမလိုပါဘူး။ အဲဒီကစားသမားက ငါ့ပြိုင်ဘက်မဟုတ်ဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဝမ်ခုန်းခုန်းလည်း အံ့အားသင့်သွားရလေတော့သည်။

ဤလူက အလွန်ယုံကြည်မှုပြည့်ဝနေပေသည်။

သို့သော် ဤသည်မှာ သူတို့၏ပြိုင်ပွဲဖြစ်ပြီး သူသည် ပွဲကြည့်သူသက်သက်မျှသာ။ ထို့ကြောင့် ထပ်မပြောရဲတော့ပေ။

ကျောက်ယင်းကမူ တိတ်တဆိတ်ပြောလိုက်၏။

"ယဲ့ချန်း.. ရှင် အဲဒီကစားသမားကို အနိုင်ယူနိုင်လား"

မည်သို့ပင်ဖြစ်စေ သန်းငါးဆယ်ဆိုသည်မှာ မနည်းလှပေ။ ယဲ့ချန်းက ဤပြိုင်ပွဲတွင် သူ(မ)၏အပေါင်းအဖော်ဖြစ်သောကြောင့် အကယ်၍ သူသာ ရှုံးသွားခဲ့လျှင် ကျောက်ယင်း၏စိတ်ထဲ အပြစ်ရှိသလို ခံစားရမည်သာ။

ယဲ့ချန်းက ဆို၏။

"မပူပါနဲ့။ ဒါနဲ့ ပြီးရင် မင်း ကိုယ့်ဆိုင်ကယ်ကို စီးချင်လား"

"ဟင် စီးလို့ရတာလား"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"ရတာပေါ့။ ဒါပေမဲ့ ကိုယ့်ဆိုင်ကယ်က အရမ်းမြန်တယ်နော်။ မင်း လိုက်စီးရဲပါ့မလား"

ကျောက်ယင်းခမျာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

"စီးရဲတာပေါ့"

မိနစ်သုံးဆယ်ကား အလျင်အမြန်ကုန်ဆုံးသွားသည်။ ယဲ့ချန်းကလည်း စမှတ်မျဉ်းသို့ ဆိုင်ကယ်ကို မောင်းသွားလိုက်သည်။

ကျောက်ယင်းက ယဲ့ချန်း၏ဆိုင်ကယ်ပေါ်တွင် လိုက်လာသည်ကို မြင်သောအခါ အစ်မဟွားလည်း သူ့ကို သတိပေးလိုက်သည်။

"ယဲ့ချန်း.. ပြိုင်ပွဲမှာ ခရီးသည်တင်ခေါ်လာတာက အရှိန်နဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေတယ်နော်"

ယဲ့ချန်းကား ပြုံးရုံပြုံး၏။

"မပူပါနဲ့ဗျာ။ အနောက်မှာလူပါရင်တောင် သူတို့ကိုနိုင်ဖို့ဆိုတာ အလွယ်လေးပါ"

ယဲ့ချန်း၏စကားကို ကြားသော် စွန်းဟောင်ခမျာ ဒေါသများ ပေါက်ကွဲလေတော့သည်။

ဆိုင်ကယ်ပေါ်တွင် လူတင်၍ သူ့ကို ယှဉ်ပြိုင်နေခြင်းမှာ သူ့အား အထင်သေးနေခြင်းပင်။

စွန်းဟောင် အံတင်းတင်းကြိတ်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲကို သူနိုင်မှဖြစ်မည်။

သူသာ ဤလူသစ်လေးကို ရှုံးသွားပါက ဆိုင်ကယ်လောကတွင် မျက်နှာပျက်အရှက်ကွဲရပေလိမ့်မည်။

အစ်မဟွားက ဆိုင်ကယ်နှစ်စီးကြားတွင် ရပ်လိုက်သည်။

သူ(မ)က လက်ကို လေထဲသို့ မြှောက်လိုက်ပြီးနောက် စတင်ရေတွက်လိုက်သည်။

သုံး!

နှစ်!

တစ်!

ပဝါကို ပစ်လိုက်လေပြီ။

ဆိုင်ကယ်နှစ်စီးကလည်း အရှေ့သို့ အပြင်းနှင်သွားချေသည်။

ကျောက်ယင်းမှာမူ ယဲ့ချန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ဘေးဘီနှစ်ဖက်စလုံးမှ လေပြင်းများ ဖြတ်တိုက်သွားသည်ကို ခံစားနေရသည်။

သူ(မ)မှာ အထက်သို့ပျံတက်တော့မည့်အလားပင်။

ယဲ့ချန်း၏ဆိုင်ကယ်က ခရီးသည်တင်ထားသည့်အတွက် အရှိန်ကို သက်ရောက်မှုရှိပြီး စတင်ထွက်ခွာချိန်တွင် ယဲ့ချန်းက ဆိုင်ကယ်တစ်စီးစာ နောက်ကျနေခဲ့သည်။

"ငတုံး…လူတင်ပြီးခေါ်သွားချင်နေသေးတယ်။ ဆိုင်ကယ်ပြိုင်ပွဲမှာ စက္ကန့်ပိုင်းလောက် နောက်ကျရင်တောင် အနိုင်အရှုံးကို သက်ရောက်မှုရှိတယ်ဆိုတာ မသိဘူးလား"

တင်းပေါ်၏မျက်နှာထက်တွင်မူ လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။ ဤပြိုင်ပွဲတွင် သူနိုင်တော့မည်ဟု အပြည့်အဝယုံကြည်နေတော့သည်။

ပွဲကြည့်သူများမှာ ဖန်သားပြင်ကြီးကိုသာ စိုက်ကြည့်နေကြသည်။

ဤသည်မှာ သန်းတစ်ရာတန်သော ကစားပွဲတစ်ခုပင်။ အလွန်ရင်ဖိုဖွယ်ကောင်းလှပေသည်။

ယဲ့ချန်းသည် ဤပြေးလမ်းထက်တွင် ပထမဆုံးအကြိမ် မောင်းဖူးခြင်းပင်။ သို့သော် တစ်ချက်ကြည်လိုက်ရုံဖြင့် သူသည် ထိုပြေးလမ်းကို အသေးစိတ်နားလည်လိုက်သည်။

ယဲ့ချန်းက သူ့ဆိုင်ကယ်မောင်းစွမ်းရည်ကို အသက်သွင်းလိုက်၏။ ထို့နောက် ဆိုင်ကယ်နှင့် သူက တစ်သားတည်းဖြစ်သွားသလို ခံစားလိုက်ရသည်။

နှစ်ယောက်သားက ခပ်မြန်မြန်ပင် ပထမဆုံးအကွေ့ကို ရောက်လာခဲ့သည်။

လူတိုင်း၏မျက်လုံးကလည်း ဖန်သားပြင်ကိုသာ စိုက်ကြည့်နေကြသည်။ ယခုလိုအချိုးအကွေ့မျိုးက အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်သောအရာပင်။

ပထမဆုံးအကွေ့က အတန်ငယ်ဖြောင့်တန်းသောကြောင့် သူတို့နှစ်ယောက်စလုံး အရှိန်မလျှော့ဘဲ အရှေ့ကိုသာ ချီတက်သွားကြသည်။

ဗရွန်း ဗရွန်း ဗရွန်း!

ဆိုင်ကယ်နှစ်စီးစလုံးမှာ တစ်ပြိုင်တည်းနီးပါး နိမ့်လျှောလိုက်၏။

ကျွီ!

ဆိုင်ကယ်နှစ်စီးလုံး၏ တာယာသံများမှာ လူတိုင်း၏နှလုံးသားကို ထိတ်ခနဲဖြစ်စေသည်။

ပထမဆုံးအကွေ့ကို ဖြတ်ကျော်ပြီးနောက် စွန်းဟောင်မှာ ယဲ့ချန်းထက် ဆိုင်ကယ်တစ်စီးစာ သာနေပေသည်။

ဤမြင်ကွင်းကို မြင်သောအခါ တင်းပေါ်၏မျက်နှာထက်တွင် ဘဝင်ခိုက်လေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

ဆိုင်ကယ်တစ်စီးစာ အကွာအဝေးဆိုသည်မှာ စွန်းဟောင်ကဲ့သို့သော ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်ကို လိုက်မီနိုင်သော အကွာအဝေးမဟုတ်ပေ။

ထိုအချိန်မှာပင် ဖန်သားပြင်ကြီးရှေ့၌ စွန်းဟောင်ကို အားပေးနေကြသော ပရိသတ်များက စိတ်အားထက်သန်စွာ အော်ဟစ်အားပေးနေကြတော့သည်။

••••••••••••••••••

အပိုင်း ၂၆၀ : ဆိုင်ကယ်နတ်ဘုရား

ယဲ့ချန်း နောက်ကျကျန်ရစ်နေခဲ့သည်ကို မြင်သောအခါ စွန်းဟောင်၏ပရိသတ်များက စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြလေတော့သည်။

"စွန်းဟောင်က အရမ်းတော်တာပဲ"

"ဟားဟား.. ငါတို့တောင်တက်လမ်းဆိုင်ကယ်ဘုရင်ကို လာစိန်ခေါ်ရတာကိုက ကိုယ့်သေတွင်းကိုယ်တူးတာပဲ"

"ဂုဏ်ယူပါတယ် သခင်လေးတင်း… ဒီနေ့တော့ ပွပေါက်တိုးလိုက်တာပဲ"

"ဟူး.. ငါက သူ့ကို ရွှေအဆင့်ကစားသမားတစ်ယောက်လို့ ထင်လိုက်တာ။ တကယ်တော့ ကြေးအဆင့်ဖြစ်နေတာပဲ။ သူက ပိုက်ဆံတွေကို အလကားပေးပစ်နေတာပဲ။ ငတုံး"

ဝမ်ခုန်းခုန်းလည်း ဖန်သားပြင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက သူ့ဘက်က ရပ်တည်ပေးခဲ့သည်။

"မင်းက ဘာတွေအော်နေတာလဲ။ ပြိုင်ပွဲမကြည့်ချင်ဘူးဆိုရင် ထွက်သွားလိုက်။ ထပ်အော်နေတဲ့လူတွေကို ငါကိုယ်တိုင် တောင်ပေါ်က ပစ်ချမှာ"

ဝမ်ခုန်းခုန်း၏အော်သံကြောင့် ထိုနေရာတစ်ခုလုံး တိတ်ကျသွားလေတော့သည်။

ဝမ်ခုန်းခုန်းကမူ ဖန်သားပြင်ကိုစိုက်ကြည့်ရင်း တိတ်တိတ်လေးစိုးရိမ်နေမိသည်။

ယဲ့ချန်းက လူတစ်ယောက်တင်ခေါ်သွားပြီး ဘာကြောင့် ဟိတ်ဟန်ထုတ်ရလေသလဲ။

တကယ်တမ်းတွင် သူသာ လူမတင်သွားပါက ယဲ့ချန်းကသာ ဤပြိုင်ပွဲကို အနိုင်ရပေလိမ့်မည်။

"ယဲ့ချန်း နိုင်နိုင်ခြေရှိတယ်လို့ မင်းထင်လား"

ဝမ်ခုန်းခုန်းက သူ့ဘေးရှိ ကစားသမားကို မေးလိုက်လေသည်။

ထိုကစားသမားကမူ ခေါင်းသာခါယမ်းပြသည်။

"နိုင်ဖို့တော့ ခ်က်တယ်။ စွန်းဟောင်က နောက်ပိုင်းကျမှ အစွမ်းပြတတ်တဲ့လူလေ။ သူ့ကို ဦးဆောင်ခိုင်းထားတာက အလှည့်အပြောင်းလုပ်ဖို့ ခက်တယ်"

ဝမ်ခုန်းခုန်းလည်း သက်ပြင်းချလိုက်မိလေသည်။

"ကြည့်ရတာတော့ ငါတို့တွေ အံ့ဖွယ်ဖြစ်ရပ်ဆန်းတစ်ခုကိုပဲ မျှော်လင့်ရတော့မယ်ထင်တယ်"

ပထမဆုံးအကွေ့ကို ကျော်ဖြတ်လာပြီးနောက် ယဲ့ချန်းက အလျင်မလိုပါဘဲ စွန်းဟောင်၏ဆိုင်ကယ်နောက်က ကပ်လိုက်လာခဲ့သည်။

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ မီတာဝက်မျှရှိ၏။ တောင်တက်လမ်းတွင် အကွေ့လေးခုရှိပြီး တစ်ခုက ရှေ့တစ်ခုထက် ပိုကြမ်းတမ်းသည်။

ဆိုင်ကယ်နှစ်စီးက တောင်တက်လမ်းနားသို့ အမြန်ရောက်ချလာသည်။ စွန်းဟောင်က အလွန်ထက်မြက်လှပေသည်။ အတွင်းလမ်းကိုသာ အမြဲနေရာယူထားသည်။

ယဲ့ချန်းအနေနှင့် ကျော်တက်လိုပါက အပြင်လမ်းမှ လုပ်မှဖြစ်ပေလိမ့်မည်။ ဤသည်မှာ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို ပိုဟသွားစေမည်သာ။ု

လူတိုင်း ခေါင်းတခါခါလုပ်လိုက်မိကြသည်။ သူတို့စိတ်ထဲတွင်မူ ရလဒ်ကား ရှင်းနေပေသည်။ ယဲ့ချန်း ရှုံးရတော့မည်သာ။

အရှေ့တွင် ကိုးဆယ်ဒီဂရီရှိသော အကွေ့တစ်ခုပင်။ ထိုကဲ့သို့သော အကွေ့မျိုးမှာ အရှိန်လျှော့ချရန် လိုအပ်ပေသည်။

စွန်းဟောင်လည်း သူ့ဆိုင်ကယ်ကို အရှိန်လျှော့ချလိုက်သည်။ သို့သော် သူ့အနောက်ရှိ ယဲ့ချန်းကမူ အရှိန်မလျှော့ရုံသာမက အရှိန်တင်လိုက်သေးသည်။

ဤမြင်ကွင်းကြောင်း လူတိုင်း အံ့ဩမှင်တက်ကုန်သည်။

ဒီလူက သေချင်နေတာလား။

ဤကဲ့သို့သော အကွေ့မျိုးတွင် အရှိန်တင်ပစ်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပင်။ ဖန်သားပြင်ရှေ့တွင်မူ လူတိုင်း၏နှလုံးခုန်သံကား တလှပ်လှပ်…။

ကြောက်တတ်သော မိန်းကလေးတချို့ဆိုလျှင် မျက်လုံးများပင် မှိတ်ထားကြပြီဖြစ်၏။ ထိုဆိုင်ကယ် လက်ရန်းကို ဝင်တိုက်မိမည့်မြင်ကွင်းကို မကြည့်ရဲကြပေ။

ကျောက်ယင်းမှာမူ ယဲ့ချန်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ သူ(မ)နှလုံးမှာ လည်ချောင်းထဲအထိ ဆန်တက်လာသလို ခံစားရသည်။

အကွေ့ကား လေးမီတာမျှသာ ဝေးတော့သည်။ ယဲ့ချန်းကမူ စွန်းဟောင်ကို ကျော်တက်သွားလေပြီ။

သို့သော် အချိန်တိုလေးအတွင်း မည်သို့ကွေ့မည်နည်း။

လူတိုင်းမှာ ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။ ဝမ်ခုန်းခုန်းမှာမူ လက်သီးတင်းတင်းဆုပ်ထားမိသည်။

သူလုပ်နိုင်မှဖြစ်မယ်…လုပ်နိုင်မှဖြစ်မယ်…

သူ့ဘေးရှိ တင်းပေါ်ကတော့ လှောင်ပြောင်သရော်ပြန်သည်။

"မင်းက သေချင်နေတာပဲ။ ကြည့်ရတာ‌တော့ မင်းကိုရှင်းပစ်ဖို့ ငါ လူရှာစရာမလိုတော့ဘူးထင်တယ်။ ကျောက်ယင်းခမျာတော့ သနားစရာ"

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်းသည် ထိုအကွေ့ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ယဲ့ချန်း၏ခန္ဓာကိုယ်က ညာဘက်ကို ယိမ်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း မြေပြင်နှင့် ထိလုမတတ်ပင်။ ထို့နောက် ရုတ်ခြည်း ဘရိတ်ကိုဖိနင်းလိုက်သည်။

အင်နားရှာသဘောတရားကြောင့် ဆိုင်ကယ်ကလည်း ဘေးဘက်သို့ လွင့်စင်သွားသည်။

ဆိုင်ကယ်က လက်ရန်းဖြင့် တိုက်မိတော့မည့်ဆဲဆဲမှာပင် ယဲ့ချန်း၏ခြေထောက်က လက်ရန်းကို ကန်လိုက်လေရာ ဆိုင်ကယ်မှာ ထိုအကွေ့ကို ရွှစ်ခနဲဖြတ်သန်းသွားလေတော့သည်။

ပြေးလမ်းတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားချေသည်။

ယဲ့ချန်း၏ ဆိုင်ကယ်မောင်းစွမ်းရည်ကြောင်း လူတိုင်း ကြက်သေသေကုန်ကြသည်။

ရူးလောက်စရာပင်။

ယဲ့ချန်း၏အနောက်ရှိ စွန်းဟောင်လည်း တစ်ဖက်လူ၏ကွေ့ပုံကွေ့နည်းကိုမြင်ပြီးနောက် လုံးဝကြောင်အသွားသည်။

ဤလူက အလွန်ရဲလွန်းသည်။

အရှိန်မလျှော့ပါဘဲ အင်နားရှားသဘောတရားကို မှီခိုလိုက်ခြင်းပင်။ ဤနည်းစနစ်ကို သူ တစ်ခါမျှသာ မြင်ဖူးသည်။ ကမ္ဘာ့ချန်ပီယံဆိုင်ကယ်ဘုရင်ဝုဒ်က တောင်တက်လမ်းပြိုင်ပွဲတစ်ခုတွင် ဤနည်းကို သုံးခဲ့ဖူးသည်။

သို့သော် ယဲ့ချန်း၏ခက်ခဲမှုအဆင့်က သူ့ထက် ပိုသာသည်။

ထို့ပြင် ယဲ့ချန်း၏ဆိုင်ကယ်ပေါ်တွင် နောက်ထပ်လူတစ်ယောက် ပါနေသည့်အချက်ကိုလည်း မေ့ထား၍ မရပေ။

စွန်းဟောင်မှာ ဆိုင်ကယ်ကိုကွေ့ရန်အတွက် အရှိန်လျှော့ချခဲ့သော်လည်း ယဲ့ချန်းကတော့ အရှိန်ကုန်တင်ပစ်ခဲ့သည်။

ဤအကွေ့တွင် ယဲ့ချန်းက ဦးဆောင်နိုင်ခဲ့ရုံသာမက သူတို့ကြားရှိ အကွာအဝေးကလည်း အလွန်ဟသွားခဲ့သည်။

ပွဲကြည့်စင်တွင်မူ တအံ့တဩရေရွတ်သံများ ညံစီနေတော့သည်။

"သောက်ကျိုးနည်းဟေ့.. ရူးချင်စရာကြီး။ ဒီလိုကွေ့နည်းမျိုးကို ငါ ပထမဆုံးမြင်ဖူးတာပဲ"

"ဒီလိုဆိုင်ကယ်စွမ်းရည်မျိုးက ဒီကမ္ဘာပေါ်မှာတောင် ရှိပါ့မလား။ ငါက ဝင်တိုက်မိတော့မယ်လို့ထင်လိုက်တာ"

"ဒီဆိုင်ကယ်သမားက တော်တော်ရဲတာပဲ။ ဒီလိုအရှိန်မျိုးနဲ့ဆိုရင် တစ်စက္ကန့်လောက်မှားသွားရင်တောင် အကြီးစားဝင်တိုက်မှုကြီးဖြစ်မှာ"

"ဒီလူက တော်တော်ကံကောင်းတာပဲ။ သူ တအားစိတ်လှုပ်ရှားနေလို့ အရှိန်လျှော့ဖို့ မေ့သွားတယ်လို့ ထင်နေတာ"

….

လူတိုင်းမှာ အမျိုးမျိုးဆွေးနွေးနေကြပြီး ဝမ်ခုန်းခုန်းကတော့ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"ယဲ့ချန်းရဲ့ဆိုင်ကယ်စွမ်းရည်ကို မင်း ဘယ်လိုမြင်လဲ"

ဝမ်ခုန်းခုန်းက သူ့ဘေးရှိ ကျန်းဖန်ကို မေးကြည့်လိုက်၏။

ကျန်းဖန်မှာမူ အစောတုန်းက ယဲ့ချန်း၏စွမ်းဆောင်ရည်ကြောင့် အံ့ဩမှင်တက်နေရာမှ ပြန်သတိဝင်မလာသေးပေ။

သူ့ခမျာ အသက်ပြင်းပြင်းရှူသွင်းပြီး‌ ပြောလိုက်၏။

"သခင်လေး.. ယဲ့ချန်းရဲ့ဆိုင်ကယ်မောင်းစွမ်းရည်က ကျွန်တော့်ထက်တောင် ပိုသာနေသေးတယ်။ သူ့ကိုယှဉ်နိုင်မဲ့လူဆိုတော့ တစ်ကမ္ဘာလုံးမှာ မော်တော်ဆိုင်ကယ်နတ်ဘုရားဝုဒ်တစ်ယောက်ပဲ ရှိလိမ့်မယ်"

"ဘာ?"

ကျန်းဖန်၏စကားကို ကြားသောအခါ ဝမ်ခုန်းခုန်း အံ့အားသင့်သွားလေသည်။

ရလဒ်ထွက်ပေါ်နေပြီဖြစ်သော ပြိုင်ပွဲတွင် ယဲ့ချန်းကသာ ဦးဆောင်နေသည်။

စွန်းဟောင်ခမျာ ကျော်တက်ရန် ကြိုးစားပါသော်ငြား ယဲ့ချန်းက အတွင်းလမ်းတွင် ဆက်တိုက်နေရာယူထားပြီး သူ့အား အခွင့်အရေးနည်းနည်းမှမပေးချေ။

လူတိုင်းမှာ အသက်အောင့်ထားရင်း ဖန်သားပြင်ကို အာရုံစိုက်ထားကြသည်။

စွန်းဟောင်ခမျာ ဒေါသစိတ်ကြောင့် အသိစိတ်လွတ်တော့မတတ်ပင်။

ယဲ့ချန်း၏ဆိုင်ကယ်က ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်ဖြစ်နေသဖြင့် သူ့ကို လုံးဝပိတ်ကာထားလေရာ ကျော်တက်ရန် မဖြစ်နိုင်ပေ။

"ဒီလိုအစွမ်းအစမျိုးနဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူလို့ ခေါ်ရဲသေးတယ်ပေါ့"

ယဲ့ချန်းက လှောင်ပြောင်သရော်ပြီး နောက်ဆုံးအကွေ့ဆီသို့ တန်းတန်းမတ်မတ်မောင်းသွားလိုက်၏။

ဤတစ်ခေါက်တွင်လည်း ယဲ့ချန်း အရှိန်မလျှော့ခဲ့ပေ။ ဤအကွေ့မှာ တောင်တက်လမ်းတစ်ခုလုံးတွင် အန္တရာယ်အများဆုံးအကွေ့ဟု လူသိများသည်။

ယဲ့ချန်းကမူ အရှိန်ကုန်တင်၍ ဝိုက်ဆွဲနေဆဲသာ။ စွန်းဟောင်၏မျက်လုံးထဲတွင် အေးစက်စက်အပြုံးရိပ်တစ်ခု လင်းလက်သွားသည်။

ယခုလိုအကွေ့မျိုးတွင် ဆိုင်ကယ်နတ်ဘုရားဝုဒ်ကိုယ်တိုင်ပင် အရှိန်လျှော့ရလိမ့်မည်။ ဤနေရာတွင် အရှိန်ကုန်တင်၍ ဖြတ်ကျော်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ။

ဝှစ်!

ယဲ့ချန်း၏ခန္ဓာကိုယ်က ဘေးဘက်သို့ ယိုင်သွားပြီးနောက် ထိုနည်းစနစ်ကိုပင် အသုံးပြု၍ အင်နားရှားသဘောတရားဖြင့် ဆိုင်ကယ်ကို အရှေ့သို့ တွန်းပို့လိုက်သည်။

စွန်းဟောင်ကား ကြက်သေသေသွားရသည်။

ဒါက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား။

ယဲ့ချန်းက ကွေ့ပြီးနောက် အရှိန်ကုန်တင်၍ မောင်းလေတော့သည်။

နောက်ဆုံးအကွေ့မှာ ဆိုင်ကယ်နှစ်စင်းကြားတွင် ဆယ်မီတာအကွာအဝေးကို ကွာဟသွားစေသည်။ အရှေ့တွင်မူ လမ်းဖြောင့်ကြီးတစ်ခု ရှိ၏။ စွန်းဟောင်အနေနှင့် ယဲ့ချန်းကို ကျော်တက်နိုင်မည့် အခွင့်အရေးမျိုး မရှိတော့ပေ။

စွန်းဟောင် ရှုံးတော့မည်ဖြစ်ကြောင်း လူတိုင်းသိသည်။

ဗရွန်း! ဗရွန်း!

ကျယ်လောင်လှသော အင်ဂျင်သံနှင့်အတူ ယဲ့ချန်းက အရှေ့သို့ အပြင်းနှင်လာလေသည်။

စွန်းဟောင်ကလည်း အစွမ်းကုန်ထုတ်သုံး၍ သူ့အနောက်က လိုက်လာသော်လည်း ဤမျှအကွာအဝေးတွင် သူကိုယ်တိုင်လည်း အမီမလိုက်နိုင်တော့ချေ။

ဝှစ်!

ယဲ့ချန်း၏ဆိုင်ကယ်က အဆုံးသတ်မျဉ်းကို ကျော်ဖြတ်သွားလေပြီ။ စက္ကန့်ပိုင်းအကြာတွင် စွန်းဟောင်၏ဆိုင်ကယ်ကလည်း အနောက်ကလိုက်လာသည်။

ရလဒ်ကား ဆုံးဖြတ်ပြီးဖြစ်၏။

ပြိုင်ပွဲကွင်းတစ်ခုလုံး အားပေးသံများဖြင့် ညံသွားချေသည်။

"နတ်ဘုရားယဲ့.. ဆိုင်ကယ်နတ်ဘုရားယဲ့.."

ယဲ့ချန်း၏ဆိုင်ကယ်စီးစွမ်းရည်က ထိုနေရာရှိ လူတိုင်း၏နှလုံးသားကို အပိုင်သိမ်းလိုက်နိုင်သည်။

ဆိုင်ကယ်ကား ရပ်တန့်သွားလေပြီ။ ယဲ့ချန်းက သူ့အနောက်ရှိ ကျောက်ယင်းကိုကြည့်လိုက်၏။

"ရှောင်ယင်း..အဆင်ပြေရဲ့လား"

ကျောက်ယင်းမှာမူ လက်ခါပြသည်။

"အဆင်ပြေပါတယ်။ နည်းနည်းလောက်သက်သာအောင် အချိန်ယူဖို့ပဲလိုတာ"

ခြေတစ်လှမ်းလှမ်းလိုက်ရုံမျှဖြင့် ကျောက်ယင်းခမျာ သူ(မ)၏ခြေထောက်အစုံ အားနည်းပျော့ခွေးသွားသလို ခံစားလိုက်ရသည်။

ယဲ့ချန်း၏ဆိုင်ကယ်ကို လိုက်စီးရခြင်းမှာ ရိုလာကိုစတာထက်ပင် ပိုရင်ဖိုဖွယ်ကောင်းသေးသည်။

အထူးသဖြင့် သေတော့မည့်ဆဲဆဲမှာပင် ပြန်မွေးဖွားလာသလို ခံစားချက်မျိုးမှာ စိတ်လှုပ်ရှားဖို့လည်း ကောင်းသလို အံ့ဩဖို့လည်း ကောင်းလှသည်။

ကျောက်ယင်း လဲကျတော့မတတ်ဖြစ်သွားသည်ကိုမြင်သော် ယဲ့ချန်းက သူ(မ)ကို ထိန်းပေးထားလိုက်သည်။

"မင်း အနားယူလို့ရအောင် ကိုယ် နားနေခန်းထဲကို ပွေ့သွားပေးရမလား"

ကျောက်ယင်းလည်း ခပ်ရှက်ရှက်ဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ကျောက်ယင်းကိုပွေ့ချီ၍ နားနေခန်းထဲသို့ ထွက်လာခဲ့လိုက်သည်။

လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်းက ကျောက်ယင်းကိုပွေ့ချီသွားလေရာ အားပေးသံများက ညံစီနေလေတော့သည်။

ယဲ့ချန်းက အစ်မဟွားကို ပြောလိုက်၏။

"အစ်မဟွား.. ကျွန်တော် နားနေခန်းကို ခဏလောက်ငှားသုံးလို့ရမလား"

အစ်မဟွားကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ချန်းအား နားနေခန်းဆီသို့ လမ်းပြပေးလိုက်သည်။

ယဲ့ချန်းက ကျောက်ယင်းကို ဆိုဖာပေါ်သို့ချပေးပြီးနောက် ပြုံးလိုက်မိသည်။

"မင်း ခဏနားလိုက်ဦးလေ။ ကိုယ် အပြင်ကို ခဏသွားလိုက်ဦးမယ်"

"အင်း"

ကျောက်ယင်းလည်း နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းနှင့် အစ်မဟွားတို့က ပြေးလမ်းဆီသို့ ပြန်လာခဲ့ချိန်မှာ အစတုန်းက မောက်မာနေခဲ့သော တင်းပေါ်၏မျက်နှာကား ယခုမူ ဖြူဖျော့နေလေသည်။

ယခုကား သူ လုံးဝရှုံးသွားရလေပြီ။

ယဲ့ချန်းရောက်လာသည်ကိုမြင်သော် တင်းပေါ်၏မျက်ဝန်းများမှာ အတန်ငယ်ကျဉ်းမြောင်းသွားချေသည်။

•••••••••••••••••

အပိုင်း ၂၆၁ : ဦးလေးယဲ့

အစတုန်းကတော့ ဟွားနိုင်ငံ၏ ထိပ်တန်းဆိုင်ကယ်သမားကို ငှားလိုက်မည်ဆိုလျှင် အပျော်တမ်းကစားသမားတစ်ယောက်ကို အသာလေးအနိုင်ရလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။

ထင်မှတ်မထားပါဘဲ သူ့ကစားသမားကို ယဲ့ချန်းက လုံးဝအနိုင်ယူပစ်လိုက်သည်။

ယဲ့ချန်း နိုင်သွားကြောင်း မြင်လိုက်ရချိန်တွင် ဝမ်ခုန်းခုန်းလည်း ဝမ်းသာသွားသည်။

"တင်းပေါ်… မင်း ခုနတုန်းကတော့ တအားမောက်မာနေတာမဟုတ်ဘူးလား။ အခုရော ဘယ်လိုလဲ"

"မင်းက ဘာတွေမာန်တက်နေတာလဲ။ မင်းနိုင်တာမှမဟုတ်တာ"

"ငါမနိုင်ဘူးဆိုပေမဲ့ မင်း အပြတ်အသတ်ရှုံးသွားတာကို မြင်ရတော့ ငါ ဝမ်းသာတယ်လေ။ ဘာလဲ။ မင်းက မကျေနပ်လို့လား"

အစ်မဟွားက ပြောလာလေသည်။

"ပြိုင်ပွဲပြီးသွားပြီ။ ယဲ့ချန်းနိုင်တယ်နော်။ စည်းမျဉ်းအရ ယဲ့ချန်းရဲ့ဘဏ်အကောင့်ထဲကို သန်းငါးဆယ်လွှဲပေးလိုက်"

အစ်မဟွား၏စကားကိုကြားသော် တင်းပေါ်ခမျာ ရင်ထဲ နင့်သွားရသည်။

တစ်နှစ်စာမုန့်ဖိုးတော့ ပြောင်ချေပြီ။

မည်သို့ပင်ဖြစ်စေ လူတွေအများကြီး ဝိုင်းကြည့်နေကြသည်ဖြစ်ရာ တင်းပေါ်အနေနှင့် လွတ်လမ်းမရှိပေ။ သူလည်း အံတင်းတင်းကြိတ်၍ ပြောလိုက်၏။

"မင်း‌ နေနှင့်ဦးပေါ့။ ငါတို့ကိစ္စ မပြီးသေးဘူး။ မင်း ဒီနေ့ ငါ့ဆီကနိုင်ခဲ့တာမှန်သမျှ ငါ အကုန်ပြန်ယူပြမယ်"

ယဲ့ချန်းကတော့ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ။ ငါ စောင့်နေတယ်။ ငါက အသိတရားထက် ပိုက်ဆံပိုရှိတဲ့ မင်းလိုလူမျိုးတွေကို သိပ်သဘောကျတာ"

တင်းပေါ်မှာမူ အံတင်းတင်းကြိတ်လျက် ထွက်သွားရန် ပြင်လိုက်သည်။

"ခဏနေဦး"

ယဲ့ချန်းက တင်းပေါ်ကို ရုတ်တရက်လှမ်းခေါ်လိုက်သည်။ တင်းပေါ်ကလည်း မကျေမနပ်ဖြင့် ယဲ့ချန်းကိုကြည့်လိုက်သည်။

"မင်းဘာလိုချင်လို့လဲ"

ယဲ့ချန်းက သရော်လိုက်လေသည်။

"မင်း တစ်ခုခုများမေ့သွားတာလား။ ငါ့ကို ဦးလေးလို့ ခေါ်ရဦးမှာမဟုတ်ဘူးလား"

တင်းပေါ်၏အကြည့်ကား အေးစက်သွားလေသည်။

ယခုလေးတင် သန်းငါးဆယ်ဆုံးရှုံးထားရသဖြင့် အလွန်ဒေါသထွက်နေချေသည်။ ယခုမူ သူ့အား ဦးလေးဟုပါ ခေါ်ခိုင်းနေသည်။ ဤသည်မှာ လွန်လွန်းလှပြီဖြစ်၏။

ထိုအချိန်တွင် တင်းပေါ်၏ နောက်လိုက်တစ်စုက ဝိုင်းလာကြသည်။

ယဲ့ချန်းကမူ နှာခေါင်းရှုံ့လိုက်၏။

"ဘာလဲ။ အရှုံးကို လက်မခံနိုင်ဘူးလား"

အစ်မဟွားက အနားသို့လျှောက်လာပြီး ပြောလိုက်လေသည်။

"တော်လိုက်တော့ ယဲ့ချန်း.. အစ်မဟွားရဲ့မျက်နှာကို ထောက်ထားပြီး ဒီဦးလေးကိစ္စကို ဘေးဖယ်ထားလိုက်။ ပြီးတော့ တင်းပေါ်… ဘယ်အချိန်မှာရပ်သင့်လဲဆိုတာ ရှင်သိပါတယ်။ ဒီကိစ္စသာပြန့်သွားရင် ရှင့်အတွက်လည်း ကောင်းမှမဟုတ်ဘူးနော်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"အစ်မဟွားက ပြောနေမှတော့ ကျွန်တော်လည်း ဒီနေ့ မျက်နှာသာပေးလိုက်ပါ့မယ်"

တင်းပေါ်က ယဲ့ချန်းကို စူးစူးရဲရဲကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။

အစ်မဟွားကတော့ ယဲ့ချန်းအား ပိုက်ဆံလွှဲပေးရန်အတွက် သူ့ဘဏ်အကောင့်ကို တောင်းလိုက်သည်။

ယဲ့ချန်းက ပြောလိုက်သည်။

"ဝမ်ခုန်းခုန်းကို သန်းနှစ်ဆယ်လွှဲပေးလိုက်ပါ။ ကျွန်တော်က သူ့အဖေနဲ့ ရင်းနှီးတယ်"

ဝမ်ခုန်းခုန်းလည်း ကြက်သေသေသွားရသည်။

"ကျွန်တော့်အဖေကိုသိတာလား"

ယဲ့ချန်း‌ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ငါက မင်းတို့ရီတာ့လုပ်ငန်းစုရဲ့ ရှယ်ယာရှင်လေ"

ဝမ်ခုန်းခုန်းခမျာ အကြောင်သားဖြစ်သွားရသည်။

"ခင်ဗျားက ဦးလေးယဲ့ချန်းလား"

"ရင်းရင်းနှီးနှီးပဲခေါ်ကြတာပေါ့။ မင်း ငါ့ကို အစ်ကိုယဲ့လို့ ခေါ်လို့ရပါတယ်"

သက်တူရွယ်တူတစ်ယောက်ထံမှ ဦးလေးဟု အခေါ်ခံရသဖြင့် ယဲ့ချန်း နေရခက်မိသည်။ ထို့နောက် နားနေခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။ ကျောက်ယင်းကမူ သက်သာနေပြီဖြစ်၏။

ထို့နောက် ဝမ်ခုန်းခုန်းမှာ ဝမ်မု၏ဖုန်းကို ခေါ်လိုက်သည်။

"အဖေ ကျွန်တော် အခုပဲ မစ္စတာယဲ့နဲ့တွေ့ခဲ့တယ်"

"ဘာ? ကောင်စုတ်လေး.. မင်း မစ္စတာယဲ့နဲ့ မိန်းမပြိုင်လုနေတာတော့မဟုတ်ဘူးမလား"

ဝမ်မုက ယဲ့ချန်းနှင့် ပတ်သက်ဆက်ဆံမှု များများစားစားမရှိသော်ငြား လုပ်ငန်းရှင်တစ်ယောက်အနေနှင့် ယဲ့ချန်း၏လုပ်နိုင်စွမ်းကို ကောင်းကောင်းသိသည်။

ဝမ်ခုန်းခုန်းလည်း အတန်ငယ်အံ့အားသင့်သွားရသည်။

နာမည်ကိုကြားလိုက်ရုံမျှဖြင့် သူ့အဖေတောင် ထိတ်လန့်သွားရလောက်သည်အထိ ယဲ့ချန်းက မည်မျှအထိ ကြီးကျယ်ခမ်းနားလေသလဲ။

ဝမ်မုက ပြောလိုက်၏။

"မဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့ တင်းပေါ်နဲ့ လောင်းကြေးထပ်ထားတာ။ ကျွန်တော်ရှုံးသွားတာ။ ဒါပေမဲ့ ယဲ့ချန်းက ကျွန်တော့်ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ပေးခဲ့တယ်"

"ဪ.. ဒီလိုကိုး။ မစ္စတာယဲ့က သာမန်လူတစ်ယောက်မဟုတ်ဘူးနော်။ မင်း သူ့အနားမှာ ကော်နဲ့ကပ်သလို ကပ်နေရမယ်။ နားလည်လား"

ဝမ်မုလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"အဖေပြောတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်ပါ့မယ်"

ဝမ်ခုန်းခုန်းလည်း သဘောတူလိုက်လေသည်။

ဖုန်းချပြီးသည့်တိုင် ဝမ်ခုန်းခုန်းမှာ အံ့ဩမှင်တက်နေဆဲပင်။ သူနှင့် သက်တူရွယ်တူမျှသာရှိသော ယဲ့ချန်းက ဤမျှအထိ ဩဇာညောင်းပြီး သူ့အဖေကိုပါ စိတ်လှုပ်ရှားအောင်လုပ်နိုင်လိမ့်မည်ဟု ထင်မထားပေ။

ဝမ်ခုန်းခုန်းမှာ ယဲ့ချန်းကို ကပ်တွယ်ထားပြီး သူ့အနားတွင်သာ ကပ်နေဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ယဲ့ချန်းက ကျောက်ယင်းအတွက် ရေတစ်ခွက်ငှဲ့ပေးပြီးနောက် ပြောလိုက်၏။

"ကိုယ့်အမှားပါ။ ဒီလိုမှန်းသိရင် မင်းကို ခေါ်မသွားပါဘူး"

"မဟုတ်ပါဘူး။ ဒါက ကျွန်မကြုံဖူးသမျှထဲမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးပွဲပဲ။ အခုကစပြီး ကျွန်မ ရှင့်ဆိုင်ကယ်နောက်မှာ ခဏခဏလိုက်စီးချင်တယ်"

ရုတ်ခြည်းပင် ကျောက်ယင်းက ယဲ့ချန်းအား ချိုမြိန်သောအနမ်းတစ်ပွင့် ခြွေလိုက်လေသည်။

ထိုအချိန်မှာပင် ဝမ်ခုန်းခုန်းက တံခါးတွန်းဖွင့်လိုက်မိပြီး ကိုးရိုးကားရားနိုင်သော ဤမြင်ကွင်းကို မြင်လိုက်ရ၏။

"အာ အစ်ကိုယဲ့.. ကျွန်တော် အခန်းမှားပြီးဝင်လာတာ။ ခင်ဗျားတို့ ဆက်လုပ်ကြပါ"

ယခင်က ယခုလိုအခြေအနေမျိုးနှင့် ကြုံဖူးသဖြင့် ဝမ်ခုန်းခုန်းခမျာ သူတို့အား နေရခက်ဟန်ဖြင့် နှုတ်ဆက်၍ မြန်မြန်လှည့်ထွက်လာခဲ့လိုက်သည်။

ကျောက်ယင်းကမူ နီမြန်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"နောက်ကျနေပြီ။ သွားရအောင်လေ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သား ပြန်ထွက်လာခဲ့လိုက်သည်။

ဝင်ပေါက်နားသို့ ရောက်လာချိန်ဝယ် ဝမ်ခုန်းခုန်းက ကျေးဇူးတင်စကား ပြောလေတော့သည်။

"အစ်ကိုယဲ့.. ဒီနေ့ ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျား တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုသာပြောပါ။ ကျွန်တော် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မယ်"

ယဲ့ချန်းလည်း ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မပြောပလောက်ပါဘူး။ ဒါနဲ့ မင်းက ဂိမ်းကုမ္ပဏီတစ်ခုကို ပိုင်တယ်မလား"

ဝမ်ခုန်းခုန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို သန်းငါးရာပေးပြီး သန်းတစ်ရာရှာနိုင်အောင် လေ့ကျင့်ခိုင်းခဲ့တယ်လေ"

ယဲ့ချန်း ရယ်လိုက်မိသည်။

"ဒါဆို အခွင့်ကြုံတဲ့အခါကျရင် ငါတို့ ပူးပေါင်းသင့်တယ်"

"အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ အခွင့်အရေးရရင် ကျွန်တော့်ကို မမေ့နဲ့နော်။ အစ်ကိုယဲ့.. ကျွန်တော် ကျေးဇူးဆပ်တဲ့အနေနဲ့ ညစာဖိတ်ကျွေးချင်တယ်"

ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။

"နောက်မှပေါ့"

ဝမ်ခုန်းခုန်းက ကျောက်ယင်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် နားလည်သွားလေဟန်ပင်။

"နားလည်ပါပြီ။ မရီးနဲ့အတူ သာယာတဲ့ညချမ်းလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

ဝမ်ခုန်းခုန်းက သူ(မ)အား မရီးဟု ခေါ်လိုက်သဖြင့် ကျောက်ယင်း၏ပါးပြင်နှစ်ဖက်ကား နီမြန်းသွားလေသည်။

ယဲ့ချန်းလည်း ပြေးလမ်းပေါ်က ထွက်ခွာလာပြီးနောက် ဆိုင်ကယ်ကို တောင်အောက်သို့ ဦးတည်လိုက်သည်။

"ယဲ့ချန်း ကျွန်မဗိုက်ဆာတယ်။ ကျွန်မကို ညစာစားဖို့ ခေါ်သွားပေးပါ့လား"

ယဲ့ချန်းကလည်း လက်ခံလေသည်။

"ရတယ်လေ။ မင်း ဘာစားချင်လဲ"

"ဒီနေ့ ရှင် အများကြီးနိုင်လာတယ်ဆိုတော့ ကျွန်မ အခွင့်အရေးယူမှဖြစ်မယ်။ ကျွန်မ စားသောက်ဆိုင်ကောင်းတစ်ဆိုင်ကိုသိတယ်။ ကျွန်မကို လိုက်ပို့ပေးလို့ရလား"

"ရတယ်"

ယဲ့ချန်းက ကျောက်ယင်းပြောသည့် စားသောက်ဆိုင်ကို မောင်းလာခဲ့လိုက်သည်။

နာရီဝက်အကြာတွင် ယဲ့ချန်းသည် အဆင့်အတန်းမြင့်လှသော အနောက်တိုင်းစားသောက်ဆိုင်တစ်ခုရှေ့တွင် ဆိုင်ကယ်ကို ရပ်လိုက်သည်။ ဤအနောက်တိုင်းစားသောက်ဆိုင်မှာ ရိုမန့်တစ်စားသောက်ဆိုင်ဟု အမည်ရပြီး မိုတုမြို့ရှိ ထိပ်တန်းအဆင့် အနောက်တိုင်းစားသောက်ဆိုင်ပင်။

ဤစားသောက်ဆိုင်မျာ ဟွားနိုင်ငံရှိ ထိပ်တန်းလူကုံထံအသိုင်းအဝိုင်းများ မကြာခဏလာရောက်တတ်သော နေရာတစ်ခုပင်။

ထို့ပြင် အတွင်းပိုင်းအပြင်အဆင်မှာ အလွန်အဆင့်မြင့်လှသည်။ အထူးသဖြင့် လက်ရာမြောက်လှသော ကြွေအိုးများကို စားပွဲတစ်လုံးချင်းစီတွင် အလှဆင်ထားသည်။ မန်နေဂျာ၏စကားအရ ကမ္ဘာအနှံ့မှ လေလံဆွဲထားသော ပစ္စည်းအစစ်များဟု သိရသည်။

ဤစားသောက်ဆိုင်တွင် အနိမ့်ဆုံးဈေးမှာ ယွမ်တစ်သောင်းအထိရှိပြီး သီးသန့်ခန်းကလည်း ရှစ်ခန်းသာ ရှိ၏။

ယဲ့ချန်းနှင့် ကျောက်ယင်းလည်း စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။

စကျင်ကျောက်ကြမ်းခင်းနှင့် ရှေးဟောင်းစတိုင်လ်တို့ကြောင့် ရဲတိုက်တစ်ခုထဲသို့ ရောက်သွားသလို ခံစားရသည်။

ဘေးနှစ်ဖက်ရှိ နံရံများတွင် ကမ္ဘာကျော်ပန်းချီကားများကို ချိတ်ဆွဲထားပြီး ဗီရိုများတွင်လည်း ကြွေထည်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံကလည်း ဖွင့်ထားလေရာ ကြည်နူးဖွယ်ကောင်းသော လေထုတစ်ခုကို ဖန်တီးပေးနေချေသည်။

ယဲ့ချန်းနှင့် ကျောက်ယင်းမှာ စားပွဲအလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ အလယ်ခေတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မီနူးစာအုပ်ကိုကိုင်ထားသည့် နိုင်ငံခြားသားစားပွဲထိုးတစ်ယောက်က တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောလိုက်၏။

"လူကြီးမင်း.. ဘာမှာမလဲဗျ။ ကျွန်တော်တို့ဆီက အဓိကဟင်းလျာကတော့ အသားလွှာပါ။ အဲလ်ပ်တောင်တန်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့သီးသန့်မွေးမြူရေးခြံက လာတာပါ။ နွားတွေအကုန်လုံးကိုလည်း ရိုးရာနည်းလမ်းနဲ့ မွေးမြူထားတဲ့အတွက် အရမ်းနူးညံ့ပါတယ်။ ကျွန်တော်တို့ရဲ့ကြက်ဆင်ခြေထောက်ကတော့ အထူးဟင်းလျာဖြစ်ပါတယ်"

"မိန်းကလေးကိုပဲ အရင်မှာခိုင်းလိုက်ရအောင်"

ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့်‌ ပြောလိုက်၏။

ကျောက်ယင်းက မီနူးစာအုပ်ကို ကောက်ကိုင်၍ သူ(မ)အကြိုက်ဆုံးဟင်းလျာတချို့ကို မှာလိုက်သည်။ ယဲ့ချန်းကတော့ အသားလွှာနှစ်ပွဲနှင့် ကြက်ဆင်ခြေထောက်နှစ်ပွဲကို မှာလိုက်၏။

ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်လေရာ ငါးသောင်းကျော်လောက်ရှိကြောင်း သိလိုက်ရ၏။

ဤသည်မှာ လူကုံထံများ၏လောကပင်တည်း။ ဟင်းပွဲအနည်းငယ်ကို မှာရုံမျှဖြင့် ငါးသောင်းကျော်သွားချေသည်။

ထိုအချိန်မှာပင် ဆုံလည်တံခါးနားမှ ရင်းနှီးနေသော အသံတစ်သံကို သူတို့ ကြားလိုက်ရပြီးနောက် ရင်းနှီးနေသော ပုံရိပ်တစ်ခုက အထဲသို့ဝင်လာလေသည်။

•••••••••••••••••••

All Chapters