← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အပိုင်း ၂၆၂ : လျော်ဖို့မလိုပါဘူး

ထိုလူက ဆောင့်ကြွားဆောင့်ကြွားဖြင့် အနားသို့လျှောက်လာလေသည်။

ဤအနောက်တိုင်းစားသောက်ဆိုင်မှာ မိုတုမြို့တွင် ဈေးအကြီးဆုံးဆိုင်ဖြစ်ပြီး အနိမ့်ဆုံးဟင်းပွဲတစ်ပွဲကပင် ယွမ်တစ်သောင်းပေးရသည်။

ထို့ပြင် လူတိုင်းလည်း ဤစားသောက်ဆိုင်တွင် လာမစားရဲချေ။ မိုတုမြို့၏ လူကုံထံများသာ လာစားနိုင်ကြသည်။

ရောက်လာသူကိုမြင်သော် ကျောက်ယင်းမှာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဆောင့်ကြွားဆောင့်ကြွားအမူအရာကြောင့် သူ့မျက်နှာကို မြင်နေရရုံဖြင့် သူ(မ) ရွံရှာမိသည်။

ဤလူမှာ ဈေးဝယ်စင်တာတွင် တွေ့ခဲ့သော ကျန်းခယ်ပင်တည်း။

ကျန်းခယ်က ယဲ့ချန်းထံမှ အရှက်ခွဲခံခဲ့ရသဖြင့် အလွန်စိတ်တိုခဲ့ရသည်။ ထို့ကြောင့် ညစာစားရန်အတွက် အင်တာနက်ဆယ်လီတစ်ယောက်ကို ဖိတ်ကြားခဲ့သည်။

အစတုန်းကတော့ ထိုမိန်းကလေးကို အနောက်တိုင်းစားသောက်ဆိုင်တွင် ဟိတ်ဟန်ထုတ်ပြရန် ပြင်ထားသော်ငြား ယဲ့ချန်းနှင့် ကျောက်ယင်းတို့ကို တွေ့ရလိမ့်မည်ဟု ထင်မထားချေ။

သူတို့နှစ်ယောက် အလွန်ပူးကပ်နေသည်ကို မြင်သောအခါ ကျန်းခယ် ဒေါသူပုန်ထလုနီးပါးပင်။

ကျောက်ယင်းက သူ့ကောင်မလေးဖြစ်သင့်သည်သာ။ သို့သော် ယခုမူ သူ(မ)က တခြားယောကျ်ားတစ်ယောက်နှင့် ညစာစားနေပေသည်။ ဤခံစားချက်မှာ သည်းခံရခက်လှသည်။

အထူးသဖြင့် သူ့ဘေးရှိ အင်တာနက်ဆယ်လီမလေးနှင့် ကျောက်ယင်းကို ယှဉ်ကြည့်လိုက်လျှင် မိုးနှင့်မြေအလား ကွာခြားလှသည်ဖြစ်ရာ ကျန်းခယ်မှာ ဘက်မညီသလိုပင် ခံစားနေရသည်။

ယဲ့ချန်းနှင့် ကျောက်ယင်းတို့က သူ့အား လှမ်းကြည့်ပြီးနောက် လုံးဝလျစ်လျူရှုထားကြသည်။

ယခုအချိန်တွင် ကျောက်ယင်း၏နှလုံးသားထဲ၌ ယဲ့ချန်းတစ်ယောက်သာရှိ၏။ ကျန်းခယ်ကိုမူ လေလိုသာ သဘောထားသည်။

ကျန်းခယ်၏ဘေးနားရှိ မိန်းကလေးကလည်း ကျန်းခယ်၏အကြည့်က ဘေးစားပွဲရှိ မိန်းကလေးထံသို့ ကျရောက်နေကြောင်း သတိထားမိသဖြင့် အတန်ငယ်မကျေမနပ်ဖြစ်သွားလေသည်။

"ရှင်က ကျွန်မရှိနေတာတောင် တခြားမိန်းမတစ်ယောက်ကို ကြည့်နေသေးတာလား"

"မဟုတ်ပါဘူးကွာ။ သူတို့ကို ရင်းနှီးနေသလိုခံစားရလို့ပါ"

သူတို့နှစ်ယောက်က ယဲ့ချန်းတို့စားပွဲ၏ဘေးနားတွင် ထိုင်နေခြင်းပင်။

ကျောက်ယင်းနှင့် ယဲ့ချန်းတို့က အလွန်ချစ်ခင်ကြင်နာနေကြသည်။ ယဲ့ချန်းက အသားလွှာကို ခက်ရင်းဖြင့်ထိုး၍ ကျောက်ယင်းကို ခွံ့ကျွေးနေလိုက်သေးသည်။

ဘေးနားရှိ ကျန်းခယ်မှာမူ အံတင်းတင်းကြိတ်လျက် ဒေါသပုံချစရာမရှိသဖြင့် သူ့ပန်းကန်ထဲရှိ အသားလွှာကို ခက်ရင်းဖြင့် ခပ်ကြမ်းကြမ်းထိုးချလိုက်သည်။

ကျောက်ယင်းက တစ်ကိုက်စားပြီးနောက် ပြောလိုက်သည်။

"ယဲ့ချန်း.. ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၏။

"အင်း သွားနိုင်တယ်မလား။ ကိုယ်ရော လိုက်ပေးရမလား"

"မပူပါနဲ့။ ကျွန်မ သက်သာနေပါပြီ"

ကျောက်ယင်း မတ်တတ်ထရပ်လိုက်ချိန်မှာ ရုတ်တရက်ခြေချော်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ(မ)က အလိုလိုသိစိတ်ဖြင့် နံရံကိုမှီ၍ ကိုယ့်ကိုယ်ကိုယ်ထိန်းရန် ကြိုးစားလိုက်သည်။

ဤသို့ဖြင့် စားပွဲက ယိုင်နဲ့သွားပြီး ကြွေအိုးလေးခမျာ ကြမ်းပြင်ပေါ်သို့ ကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားလေသည်။

ခွမ်း!

ကြွေအိုးလေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလေပြီ။ စားသောက်ဆိုင်ထဲရှိ ဧည့်သည်များအားလုံးလည်း အသံလာရာသို့ လှမ်းကြည့်ကြသည်။

ဤနေရာသို့ ရောက်လာကြသူများအားလုံးမှာ ဤစားသောက်ဆိုင်ထဲရှိ ကြွေအိုးများမှာ အလွန်အဖိုးတန်လှကြောင်း ကောင်းကောင်းသိကြသည်။

အထူးသဖြင့် ကျောက်ယင်းခွဲလိုက်သော ကြွေအိုးမှာ အပြာနှင့်အဖြူစပ်ကြွေအိုး ဖြစ်ဟန်တူသည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ စားသောက်ဆိုင်မန်နေဂျာကလည်း အပြေးရောက်ချလာသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ကျကွဲနေသော ကြွေအိုးအပိုင်းအစများကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"မိန်းကလေး.. ဘာလို့ ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ။ ဒီကြွေအိုးက အရမ်းတန်ဖိုးကြီးတာ"

ကျောက်ယင်းလည်း အတန်ငယ်ရှက်ရွံ့သွားချေသည်။

"တောင်းပန်ပါတယ်။ ကျွန်မ ခြေထောက်ယိုင်သွားလို့ပါ"

မန်နေဂျာက ဆက်ပြောလိုက်သည်။

"ဒီကြွေအိုးကို ကျွန်တော်တို့မန်နေဂျာက ကျားတိလေလံပွဲက ဝယ်လာတာ။ ဒါက မင်မင်းဆက်ကြွေအိုးတစ်လုံးနော်။ မိန်းကလေး.. မင်းတော့ ပြဿနာအကြီးကြီးရှာလိုက်မိပြီ"

ဤကြွေအိုးမှာ မင်မင်းဆက်ကြွေအိုးတစ်လုံးဟု ကြားလိုက်ရသည့်အခါ ကျောက်ယင်း၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။

မင်မင်းဆက်ကြွေအိုးဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်ပေ။

သူ(မ) ဤမျှအထိ ကံဆိုးလိမ့်မည်ဟု ထင်မထားပေ။ အဖိုးတန်ကြွေအိုးတစ်လုံးကို ဖျက်ဆီးမိလိုက်သည့်အတွက် လျော်ကြေးပေးရတော့မည်ဖြစ်၏။

ယဲ့ချန်းကလည်း အနားသို့ရောက်လာပြီးနောက် ကြမ်းပြင်ပေါ်ရှိ ကြွေအိုးအကွဲများကို မကြည့်ဘဲ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"ရှောင်ယင်း အဆင်ပြေရဲ့လား"

"ကျွန်မ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကြွေအိုးက…"

ကျောက်ယင်းခမျာ အတန်ငယ်စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။

ယဲ့ချန်းလည်း အသာပြုံးလိုက်သည်။

"ရပါတယ်။ မင်မင်းဆက်ကြွေအိုးလေးတစ်လုံးပဲဟာကို.. ဘာမှအရေးမကြီးပါဘူး"

ယဲ့ချန်း၏စကားကိုကြားသောအခါ မန်နေဂျာလည်း မကျေမနပ်ဖြစ်သွားချေသည်။

"လူကြီးမင်း.. ဒီကြွေအိုးက အစစ်ပါ။ ကျွန်တော်တို့မှာ အစစ်ဖြစ်ကြောင်း ထောက်ခံစာလည်းရှိတယ်။ တန်ဖိုးက ၁.၈သန်းပါ"

ကြွေအိုး၏တန်ဖိုးကို ကြားလိုက်ရချိန်ဝယ် စားသောက်ဆိုင်ထဲရှိ လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

ဤမိန်းကလေးမှာ ပြဿနာအကြီးကြီးရှာလိုက်မိလေပြီ။ ၁.၈သန်းဆိုသည်မှာ နည်းနည်းနောနောမဟုတ်ချေ။

ကျောက်ယင်း၏မိသားစုက ချမ်းသာသော်ငြား သူ(မ)၏ နမော်နမဲ့နိုင်မှုအတွက် ဤမျှများပြားသော ငွေကို ပေးချေရမည်ဆိုခြင်းမှာ သူ(မ)ကို စိတ်ဓာတ်ကျစေသည်။

"မန်နေဂျာ စိတ်မပူပါနဲ့။ ကျွန်မ ပေးပါ့မယ်"

ကျောက်ယင်းက ပြောလိုက်၏။

ယဲ့ချန်းကမူ သူ့ဘေးရှိ ကျောက်ယင်း၏ခေါင်းကို အသာပုတ်လိုက်သည်။

"ငတုံးမလေး.. မင်း မေ့နေပြန်ပြီလား။ ကိုယ်က မင်းကို ညစာစားဖို့ဖိတ်ခဲ့တာလေ။ အခုလိုကိစ္စမျိုးဖြစ်လာမှတော့ မင်းကို ဘယ်ပေးခိုင်းနိုင်မှာလဲ"

ထိုသို့ပြောပြိးနောက် ယဲ့ချန်းသည် မန်နေဂျာကို ပြောလိုက်၏။

"ဒီကြွေအိုးအတွက် ကျုပ် လျော်ပေးပါ့မယ်။ ဒါက ကျုပ်ရဲ့ဘဏ်ကတ်ပါ"

ယဲ့ချန်းက ငွေချေမည်ဟု သိရသောအခါ မန်နေဂျာ၏အမူအရာလည်း ပျော့ပျောင်းသွားချေသည်။

ထိုအချိန်မှာပင် အခြားလူတစ်ယောက်က စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ ဝင်လာသူကား ဤစားသောက်ဆိုင်၏ ဖောက်သည်ဟောင်း အစ်ကိုထန်ပင်။

အစ်ကိုထန်က ကြမ်းပြင်ပေါ်တွင် ကျကွဲနေသော ကြွေအိုးကို မြင်သောအခါ အခြေအနေကို နားလည်သွားဟန်ဖြင့် မန်နေဂျာကို ပြောလိုက်၏။

"မန်နေဂျာ ဒီကြွေအိုးက အတုကြီးနော်"

"ဘာ? အတုလား"

အစ်ကိုထန်၏စကားကို ကြားသောအခါ ထိုမန်နေဂျာလည်း ကြောင်အသွားသည်။

ဤကြွေအိုးမှာ သူတို့သူဌေးကိုယ်တိုင် ဝယ်လာခဲ့ခြင်းဖြစ်လေရာ အတုမဖြစ်နိုင်ပေ။ ထို့ပြင် ဤကြွေအိုးကို သူတို့သူဌေးနှင့် အစ်ကိုထန်ကိုယ်တိုင် လေလံပွဲမှ ဝယ်လာခြင်းဖြစ်၏။ ဤသည်မှာ အစစ်ဖြစ်ကြောင်း အစ်ကိုထန်မသိခြင်းမှာလည်း မဖြစ်နိုင်ပေ။

ထိုအချိန်တွင် အစ်ကိုထန်က သူ့အား မျက်လုံးမှိတ်ပြလိုက်သည်ကို မန်နေဂျာ မြင်လိုက်ရ၏။ သူ တစ်စုံတစ်ခုကို သဘောပေါက်လိုက်ချေသည်။

အစ်ကိုထန်က သူတို့သူဌေးနှင့် ရင်းနှီးပေသည်။ သူသည် ရည်ရွယ်ချက်တစ်ခုကြောင့် ဤသို့လုပ်နေခြင်းပင်။ မစ္စတာယဲ့က သာမန်လူတစ်ယောက်မဟုတ်သောကြောင့် လျော်ကြေးတောင်းရန် မသင့်တော်ကြောင်း အရိပ်အမြွက်ပေးနေခြင်းဖြစ်၏။

ဤကြွေအိုးမှာ နှစ်သန်းတန်သော ကြွေအိုးပင်။ ဤအိုးအတွက်နှင့် အထင်ကရပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိသွားပါက မတန်ပါချေ။

စားသောက်ဆိုင်မန်နေဂျာကလည်း ကိုးရိုးကားရားရယ်လိုက်လေသည်။

"အစ်ကိုထန်.. ကျွန်တော့်မှတ်ဉာဏ်က မကောင်းတော့ဘူးထင်တယ်။ ဒီကြွေအိုးက တကယ့်အတုကြီးဗျ။ မှားသွားလို့ တောင်းပန်ပါတယ်။ ခင်ဗျားတို့နှစ်ယောက် လျော်ပေးစရာမလိုပါဘူး"

စားသောက်ဆိုင်မန်နေဂျာ၏ သဘောထားက ပြောင်းလဲသွားကြောင်း မြင်လိုက်ရသောအခါ ကျောက်ယင်းလည်း ကြောင်အသွားချေသည်။

အစောကမှ ငွေမလျော်ဘဲ ထွက်သွားခွင့်မပေးဘူးဟု ဘူးခံငြင်းနေခဲ့သော မန်နေဂျာက ဘာကြောင့်များ ခဏအတွင်း လေသံပြောင်းသွားရလေသလဲ။

ဘာတွေဖြစ်ကုန်တာလဲ။

ယဲ့ချန်းကမူ အကြောင်းပြချက်ကို နားလည်သည်။ ကြမ်းပြင်ပေါ်ရှိ ဤအကွဲစများကို သူ စစ်ဆေးကြည့်ပြီးလေပြီ။ ဤကြွေအိုးမှာ အစစ်ပင်။

မန်နေဂျာ၏သဘောထား ရုတ်တရက်ပြောင်းလဲသွားရခြင်းမှာ အစ်ကိုထန့်ကြောင့်သာ ဖြစ်ရပေမည်။

ယဲ့ချန်းက အစ်ကိုထန့်ကို ပြုံးပြလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုထန်… ကျွန်တော်တို့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

"ဟုတ်တယ်။ ရေစက်ပဲပေါ့ဗျာ။ ကျွန်တော်က မစ္စတာယဲ့ကို ညစာဖိတ်ကျွေးချင်နေတာ။ ဒီမှာလာဆုံရလိမ့်မယ်လို့ လုံးဝထင်မထားဘူး"

ယဲ့ချန်းဘေးရှိ ကျောက်ယင်းကို မြင်သောအခါ အစ်ကိုထန်က စဉ်းစားဉာဏ်ရှိရှိဖြင့် ပြောလိုက်လေသည်။

"ကဲ. .. ကျွန်တော် ဖောက်သည်တစ်ယောက်နဲ့ တွေ့ရဦးမှာမို့ မစ္စတာယဲ့နဲ့ မိန်းကလေးတို့ကို မနှောင့်ယှက်တော့ပါဘူး။ နောက်မှတွေ့ကြတာပေါ့"

အစ်ကိုထန်ထွက်သွားသောအခါ မန်နေဂျာက ကြမ်းပြင်ပေါ်ရှိ ကြွေထည်အပိုင်းအစများကို ရှင်းလင်းရန် လူတစ်ယောက်အား ခိုင်းလိုက်သည်။

ဘေးနားရှိ ကျန်းခယ်မှာမူ ကြောင်အမ်းသွားချေသည်။

အစောကပင် ကျောက်ယင်းမှာ ကြွေအိုးကို ခွဲမိလိုက်ကြောင်း သူမြင်လိုက်ရသဖြင့် ယဲ့ချန်းနှင့် ကျောက်ယင်းတို့ အရှက်ကွဲမည့်အချိန်ကို စောင့်မျှော်နေခဲ့မိသည်။

ထင်မှတ်မထားပါဘဲ အခြေအနေက အလှည်အပြောင်းဖြစ်သွားခဲ့သည်။

မန်နေဂျာက ထိုကြွေအိုးကို အတုဟုဆိုလာပြီး လျော်ကြေးမတောင်းခဲ့ပေ။

ဤသည်မှာ စိတ်တိုချင်စရာပင်။

သေစမ်း.. ဘာလို့ အစစ်မဟုတ်ရတာလဲ။ သူတို့သာ ပိုက်ဆံမပေးနိုင်သဖြင့် ရဲဖမ်းခံလိုက်ရလျှင် အလွန်စိတ်ဝင်စားဖို့ကောင်းပေတော့မည်။

ကျန်းခယ်မှာ နောင်တရနေတော့သည်။

သူ့ဘေးတွင် ထိုင်နေသော မိန်းကလေးကလည်း ကျန်းခယ်၏မျက်လုံးက ကျောက်ယင်းထံသို့ ကျရောက်နေကြောင်း မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်သွားလေသည်။

"ကျန်းခယ်.. ရှင်က ကျွန်မကို ညစာစားဖို့ဖိတ်ထားပြီးတော့ တခြားမိန်းမတစ်ယောက်ကိုပဲ ကြည့်နေတယ်ပေါ့လေ။ ဒါက ဘာအဓိပ္ပာယ်လဲ"

ထိုမိန်းကလေးမှာ ရုတ်တရက်ပေါက်ကွဲလာပြီး ကျန်းခယ်ကို အော်ဟစ်လိုက်တော့သည်။

"ရှင် အဲဒီမိန်းမကို သဘောကျနေတာလား လူယုတ်မာ"

ထိုမိန်းကလေးမှာ ပို၍ စိတ်တိုလာသဖြင့် ကျန်းခယ်ကိုရိုက်ရန် သူ(မ)၏လက်ကိုင်အိတ်ကို လွှဲယမ်းပစ်လိုက်၏။

ကျန်းခယ်ကလည်း ရှောင်လိုက်သည်။

ထိုအိတ်က တစ်ဖက်သို့လွင့်သွားပြီး သူ့အနောက်ရှိ ကြွေအိုးတစ်လုံးကို ရိုက်ချသလို ဖြစ်သွားလေသည်။ ထို့နောက် ထိုကြွေအိုးမှာ လဲကျပြီးနောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ တစ်စစီကွဲသွားလေတော့သည်။

••••••••••••••••••••

အပိုင်း ၂၆၃ : ခင်ဗျား လျော်ကြေးပေးရမယ်

ကျကွဲသွားသော ကြွေအိုးကိုမြင်သောအခါ ဒေါသူပုန်ထနေသော ထိုမိန်းကလေးမှာ ရုတ်ခြည်းငြိမ်ကျသွားသည်။

ဘေးနားရှိ မန်နေဂျာကတော့ ရူးသွပ်လုမတတ်ပင်။

ဒီနေ့ ဘာတွေဖြစ်နေတာလဲ။

ဤအုပ်စုက ကြွေအိုးများကို ခွဲရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းလေလား။

ထိုအမျိုးသမီးခမျာ ကျကွဲသွားသော ကြွေအိုးကိုကြည့်၍ အစကမူ ထိတ်လန့်သွားသည်။ သို့သော် အစောတုန်းက ကျောက်ယင်းလည်း ကြွေအိုးကို ခွဲလိုက်မိသည့်တိုင် လျော်ကြေးမပေးလိုက်ရကြောင်း သတိရလိုက်သဖြင့် တည်ငြိမ်သွားလေသည်။

"ကျန်းခယ် ဒီကိစ္စကို ရှင်ပဲရှင်းလိုက်တော့"

ယခင်ကသာ ဤကြွေအိုးကို ခွဲလိုက်မိပါက ကျန်းခယ်လည်း သေလောက်အောင် လန့်မိမည်သာ။ သို့သော် အစောတုန်းက ယဲ့ချန်းတစ်ယောက် ဘာပြဿနာမှမရှိဘဲ ပြီးသွားသည်ကို မြင်လိုက်သဖြင့် သူလည်း စိတ်ငြိမ်သွားသည်။

ကြွားဝါရန် အခွင့်ကောင်းတစ်ခုပင်ဖြစ်လေရာ ကျန်းခယ်က မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

ကျန်းခယ်က မန်နေဂျာကို တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။

"ဆောရီး… ငါ့ကောင်မလေးက မင်းတို့ကြွေအိုးကို မတော်တဆခွဲမိသွားတယ်။ ဒါပေမဲ့ ရပါတယ်။ ငါ အပြည့်ပြန်လျော်ပေးမယ်"

ဤကြွေအိုးက အတုဖြစ်ကြောင်း သိထားသဖြင့် ကျန်းခယ်မှာ အလွန်ရက်ရောနေလေသည်။ ကြေအိုးအတုတစ်လုံးက မည်မျှပေးရမည်နည်း။ အများဆုံးရှိလှ ထောင်ဂဏန်းလောက်သာ ရှိရပေမည်။

မန်နေဂျာကလည်း ခေါင်းတညိတ်ညိတ်လုပ်၍ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်လေသည်။

"လူကြီးမင်း.. ခင်ဗျားခွဲလိုက်တဲ့ ကြွေအိုးက မင်မင်းဆက်ကြွေအိုးပါ။ တန်ဖိုးကတော့ ၃.၂၈သန်းရှိပါတယ်"

"ဖွီး"

အေးအေးလူလူဟန်ပန်ဖြင့် ဝိုင်နီတစ်ငုံမော့သောက်လိုက်သော ကျန်းခယ်ခမျာ မန်နေဂျာ၏စကားကြောင့် ပြန်ထွေးထုတ်မိလိုက်သည်။

"ဘာ? ၃.၂၈သန်း ဟုတ်လား"

ကျန်းခယ်လည်း ချက်ချင်းဆိုသလို ဒေါသထွက်ရလေပြီ။

"မင်း ငါ့ကိုလာနောက်နေတာလား။ ဒါက အတုကြီးလေ။ ၃.၂၈သန်းတဲ့.. မင်းက ငါ့ကို ငအများမှတ်နေလား"

စားသောက်ဆိုင်မန်နေဂျာက ကျန်းခယ်၏ဆက်ဆံပုံကြောင့် သရော်လိုက်သည်။

"အတုတဲ့လား။ ဒီဆိုင်မှာရှိသမျှ ကြွေထည်တွေအားလုံးက အစစ်တွေချည်းပဲ။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"

"ဒါပေမဲ့ ခုနတုန်းက ဟိုလူခွဲပစ်လိုက်တဲ့ ကြွေအိုးက အတုကြီးလို့ မင်းပဲ ပြောခဲ့တာလေ"

ကျန်းခယ်က‌ ဒေါသတကြီး ပြောလိုက်၏။

မန်နေဂျာကမူ သရော်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"မင်းရဲ့အဆင့်အတန်းက သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ သူက ငါတို့စားသောက်ဆိုင်ရဲ့ အထူးဧည့်သည်တော်လေ။ သူက ကြွေအိုးအစစ်ကို ခွဲလိုက်မိတယ်ဆိုရင်တောင် အတုဖြစ်သွားမှာပဲ။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ"

"သူက ဘယ်သူမို့လို့လဲ"

"အဲဒီလူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ သူခွဲလိုက်တာကျတော့ အတုဖြစ်ပြီး ငါခွဲမိတော့မှ ဘာလို့ တာဝန်ယူရတာလဲ"

ကျန်းခယ်ခမျာ ဒေါသူပုန်ထလေပြီ။

"နားလည်ပြီ။ မင်းတို့တွေက ငါ့ဆီက ငွေညှစ်ဖို့အတွက် သက်သက်ပေါင်းကြံကြတာမလား။ ငါ ရဲခေါ်မယ်"

မန်နေဂျာကလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"လူကြီးမင်း.. မလျော်ချင်ဘူးဆိုရင်လည်း ရဲကိုခေါ်နေစရာမလိုပါဘူး။ ကျွန်တော်တို့ပဲ ခေါ်ပေးပါ့မယ်။ ကျွန်တော်တို့မှာ ပစ္စည်းစစ်ကြောင်း‌ ထောက်ခံစာနဲ့ စာရွက်စာတမ်းအပြည့်အစုံရှိတယ်။ ဒီမင်မင်းဆက်ကြွေအိုးကို ကျုပ်တို့သူဌေးကိုယ်တိုင် ကျားတိလေလံပွဲကနေ ၃.၂၈သန်းနဲ့ ဝယ်လာတာ။ စာရွက်စာတမ်းအပြည့်အစုံရှိတယ်"

ကျန်းခယ်၏ကောင်မလေးမှာ ဒေါသတကြီးပြောလိုက်လေသည်။

"သူတို့ကျတော့ ပစ္စည်းခွဲမိတာတောင် ဘာမှမပေးရဘဲ ကျွန်မတို့ကျမှ ဘာလို့ပေးရတာလဲ။ ရှင်တို့က ကျွန်မတို့ကို သက်သက်အနိုင်ကျင့်နေတာ"

"ဟုတ်တယ်။ ငါတို့ကို လာလှည့်လို့မရဘူး"

ထိုနေရာတွင် ဝရုန်းသုန်းကားဖြစ်သွားလေသည်။

ကျောက်ယင်းကလည်း လူပြက်နှင့်တူလှသော ကျန်းခယ်၏ပုံစံကိုကြည့်ရင်း လုံးဝစိတ်ကုန်သွားသည်။

ယဲ့ချန်းကမူ အလားတူအခြေအနေကို ချောချောမွေ့မွေ့သာ ကိုင်တွယ်ခဲ့သည်။ ကျန်းခယ်ကတော့ လူမိုက်တစ်ယောက်အလား ပြုမူနေချေသည်။ ကွာဟချက်ကား ကြီးမားလှ၏။

ယဲ့ချန်းကမူ ဘေးနားတွင် ပွဲကြည့်ရင်း တစ်ခွက်တစ်ဖလားသောက်နေချေသည်။

ဤဒရမ်မာက အလွန်စိတ်ဝင်စားဖို့ကောင်းလှသည်။

ဘယ်ဘက်ကမှ အရှုံးမပေးကြချေ။

မန်နေဂျာကလည်း အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"လူကြီးမင်း.. ခင်ဗျား မလျော်ဘူးဆိုရင် ကျွန်တော်တို့ ရဲကိုခေါ်ရလိမ့်မယ်။ အဲဒီကျမှ ခင်ဗျားတို့ဘာသာ ကြည့်ရှင်းပေါ့"

ကျန်းခယ်မှာ အံတင်းတင်းကြိတ်လိုက်မိသည်။

"ကောင်းပြီလေ။ မင်းတို့က ကျန်းမိသားစုကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။ စောင့်နေလိုက်"

သူက ဖုန်းထုတ်၍ သူ့အဖေကို ဖုန်းဆက်လိုက်လေတော့သည်။

ယဲ့ချန်းလည်း အစောတုန်းက အိုးတစ်လုံးကို ခွဲလိုက်မိသည့်တိုင် သူ့အဆင့်အတန်းကြောင့် အဆင်ပြေသွားခဲ့သည်။ သူ့အဖေကလည်း စီးပွားရေးလောကတွင် အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်သဖြင့် ဘာပြဿနာမှရှိမည်မဟုတ်။

သူ့အဖေ၏အဆင့်အတန်းက ယဲ့ချန်း၏အဆင့်အတန်းကို မမီဘူးဟုတော့ သူ မယုံနိုင်ပေ။ သူ့အဖေ ဝင်ပါလိုက်သည်နှင့် ဤပြဿနာကို အသာလေးဖြေရှင်းနိုင်လိမ့်မည်ဟု ကျန်းခယ် ယုံကြည်ထားသည်။

ကျန်းခယ် ဖုန်းခေါ်နေသည်ကို မြင်သောအခါ မန်နေဂျာကတော့ စိုးရိမ်မှုမရှိပေ။

ဖုန်းခေါ်နေတာလား။ ငါက မင်းကိုကြောက်ရမှာလား…

ယခင်ကလည်း စားသောက်ဆိုင်ထဲတွင် သူတို့နောက်ခံကိုသုံး၍ မောက်မာပြခဲ့သော သူဌေးသားများ ရှိခဲ့ဖူးသည်။ သို့သော် အဆုံးမှာမူ ဖော်ဖော်ရွေရွေဖြစ်ကုန်ကြသည်သာ။

ကျန်းခယ်က ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

"အဖေ.. ကျွန်တော် ကျွန်တော့်ကောင်မလေးနဲ့အတူ ညစာစားဖို့ အပြင်ထွက်လာတာ။ သူက ကြွေအိုးတစ်လုံးကို မတော်တဆခွဲလိုက်မိလို့ စားသောက်ဆိုင်ဘက်က ကြွေအိုးအတုတစ်လုံးအတွက်နဲ့ ကျွန်တော်တို့ကို ၃.၂၈သန်း အလျော်တောင်းနေတယ်။ အ‌ဖေ… ဒါက အနိုင်ကျင့်တာမဟုတ်ဘူးလား"

"ဘာ? အဲဒီလိုလား"

ဖုန်းတစ်ဖက်ရှိ ကျန်းခယ်၏အဖေက မျက်မှောင်ကြုတ်လိုက်သည်။

"အဖေ..သူတို့က ကျွန်တော်တို့ဆီက ငွေလိမ်ယူမလို့။ ဒါက ကျွန်တော်တို့ကျန်းမိသားစုကို ပါးဖြတ်ရိုက်လိုက်တာမဟုတ်ဘူးလား"

သူ့ကောင်မလေးထံမှ လေးစားအားကျဖွယ်အကြည့်ကို မြင်သောအခါ ကျန်းခယ်မှာ အလွန်မာန်တက်သွားသည်။ ဤလုပ်ရပ်ကား စင်စစ်အထင်ကြီးချင်စရာပင်။

ဖြစ်စဉ်ကို ကြားလိုက်ရသောအခါ ကျန်းခယ်၏အဖေလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်စားသောက်ဆိုင်ကများ ငါ့သားကို လာထိပါးရဲတာလဲ။ အဲဒီနေရာက နာမည်ဘယ်လိုခေါ်လဲ။ ငါ အဲဒီဆိုင်ကိုဖျက်ဆီးဖို့ လူလွှတ်လိုက်မယ်"

ဤစကားကိုကြားသော် ကျန်းခယ်လည်း စိတ်လှုပ်ရှားသွားသည်။

"ဒီစားသောက်ဆိုင်က ရိုမန့်တစ်စားသောက်ဆိုင်တဲ့"

"ဘာ? ရိုမန့်တစ်စားသောက်ဆိုင်လား"

ဤနာမည်ကို ကြားလိုက်ရချိန်ဝယ် ကျန်းရှန်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ အသံပင် အနည်းငယ်တုန်ယင်သွားသည်။

"ဟုတ်တယ် အဖေ.. ဒီစားသောက်ဆိုင်ပဲ။ ဒီဆိုင်ကိုဖျက်ဆီးဖို့ လူမြန်မြန်လွှတ်လိုက်။ သူတို့ကများ ကျွန်တော်တို့ကျန်းမိသားစုကို ရန်စရဲရတယ်လို့။ သေချင်နေတာ"

"ချီးကိုဖျက်ဆီးရမှာလား။ ရိုမန့်တစ်စားသောက်ဆိုင်ကို ဘယ်သူပိုင်တာလဲ မင်းသိလား။ မင်းက အဲဒီမှာပြဿနာသွားရှာနေတာလား။ ရူးသွားပြီလား"

သူ့အဖေက ဤစားသောက်ဆိုင်၏နာမည်ကြောင့် ယခုလိုတုံ့ပြန်လာသဖြင့် ကျန်းခယ်မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရသည်။

တက္ကစီဒရိုင်ဘာတစ်ယောက်၏အဆင့်အတန်းက ပြဿနာကိုဖြေရှင်းနိုင်သည့်အပြင် သူ့အဖေကိုပါ ကြောက်လန့်စေနိုင်သည်အထိ ဖြစ်ရလေသလား။

ကျန်းရှန်မှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ ဒီစားသောက်ဆိုင်ကို ခဏခဏသွားဖြစ်တယ်။ အဲဒီကြွေအိုးတွေအကုန်လုံးက အစစ်တွေ။ မင်း မြန်မြန်တောင်းပန်ပြီး လျော်ကြေးပေးလိုက်တာ ပိုကောင်းမယ်။ တကယ်လို့ ဆိုင်ပိုင်ရှင်ကို ရန်စမိခဲ့ရင်တော့ ငါလည်း မင်းကို ကာကွယ်မပေးနိုင်ဘူးနော်"

ဘန်း!

ဖုန်းကျသွားလေပြီ။

ကျန်းခယ်ခမျာ ဖုန်းကိုင်ထားရင်း လုံးဝထိတ်လန့်သွားရသည်။

သူ့အဖေ၏အရှိန်အဝါဖြင့် ဤကိစ္စကို အသာလေးဖြေရှင်းနိုင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် သူ့အဖေဘက်က ဤမျှမြန်မြန်ဆန်ဆန်ကြီး လက်လျှော့လိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်လေ!

လူတိုင်းက သူ့ကို ဘာလို့မျက်နှာလိုက်နေကြတာလဲ။ ငါကရော သူဌေးသားမဟုတ်လို့လား။ ငါကျတော့ ဘာလို့ ဒီလိုဖြစ်နေရတာလဲ။

သို့သော် သူ့အဖေကိုယ်တိုင်တောင် မကူညီနိုင်သည်ဖြစ်ရာ ကျန်းခယ်လည်း အရှုံးပေးရုံအပြင် မရှိပေ။

ကျန်းခယ်လည်း ဖုန်းကိုဘေးချပြီးနောက် ခေါင်းငုံ့ကာ မန်နေဂျာနားသို့ ချဉ်းကပ်လိုက်၏။

"တောင်းပန်ပါတယ် မန်နေဂျာ.. ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် အပြည့်လျော်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"

စားသောက်ဆိုင်မန်နေဂျာကတော့ ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလေသည်။

"တောင်းပန်တာကို လက်ခံပါတယ်။ ပိုက်ဆံပေးပြီးရင် ကျုပ်တို့စားသောက်ဆိုင်ထဲက ချက်ချင်းထွက်သွားပေးပါ။ အခုကစပြီး ခင်ဗျားကို အမည်ပျက်စာရင်းသွင်းလိုက်ပြီ။ ကျုပ်တို့ဘက်က ခင်ဗျားရဲ့ကြိုတင်ချိန်းဆိုမှုတွေကို လက်ခံမှာမဟုတ်တော့ပါဘူး"

ကျန်းခယ် စိတ်ဓာတ်ကျနေပုံကိုမြင်သော် သူ့ကောင်မလေးလည်း မျှော်လင့်ချက်ပျောက်ဆုံးသွားချေသည်။

သူ(မ)တော့ မိမိုက်လှသော သူဌေးသားတစ်ယောက်နှင့် ချိတ်မိပြီဟု ထင်ခဲ့မိသော်ငြား ယခုမူ အတုအယောင်များသာ ဖြစ်နေသည်။

ဒီလိုယောကျ်ားမျိုးက ဘာအသုံးဝင်မှာလဲ။ ဟိုကောင်မလေးရဲ့ချစ်သူကိုပဲ ကြည့်လေ။ စကားတစ်ခွန်းတည်းနဲ့ အကုန်ရှင်းပစ်လိုက်တာ…

ထိုမိန်းကလေးမှာ စားသောက်ဆိုင်ထဲက ထွက်လာသည်နှင့် ဤအရှုံးသမားကို လမ်းခွဲပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ကျောက်ယင်းမှာမူ ကျန်းခယ်၏အဖြစ်ဆိုးမှုကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

ဤညစာမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ အစားအသောက်က အရသာရှိပြီး ဒရမ်မာကလည်း ကြည့်ကောင်းလှ၏။

ကျန်းခယ်ခမျာ ထိုလျော်ကြေးငွေကို ပေးနိုင်ရန်အတွက် ဘဏ်ကတ်ထဲမှ ရှိသမျှအကုန် ထုတ်သုံးခဲ့ရပြီး ထပ်တောင်ချေးခဲ့ရသေးသည်။ ထို့နောက်တွင်မူ ခေါင်းငိုက်စိုက်ချလျက် ပြန်သွားလေတော့သည်။

"အာ.. ဒီအနောက်တိုင်းစားသောက်ဆိုင်က အရမ်းမိုက်တာပဲ။ အစားအသောက်တင် ကောင်းတာမဟုတ်ဘူး။ မျောက်ပွဲလည်း ကြည့်လို့ရတယ်။ အရမ်းပျော်ဖို့ကောင်းတာပဲ"

ကျန်းခယ် : "…"

သူ့မှာ ယဲ့ချန်းကို မုန်းတီးမိပါသော်ငြား ယဲ့ချန်းမှာ သူထိပါး၍ရသော လူတစ်ယောက်မဟုတ်ကြောင်း နားလည်လိုက်ပြီဖြစ်ရာ ကြိတ်မှိတ်သည်းခံရုံသာ တတ်နိုင်လေသည်။

သူ ယခုအထိ နားမလည်နိုင်ပေ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကို လူတိုင်းက ဘာကြောင့် ဤမျှအထိ လေးစားပြီး ကြောက်နေကြရသလဲ။

ဤကမ္ဘာကြီး ဘာတွေများ ဖြစ်ကုန်ပြီလဲ။

•••••••••••••••

အပိုင်း ၂၆၄ : ရဲစခန်းထဲသို့မောင်းသွားသော တက္ကစီ

ယဲ့ချန်းလည်း စားသောက်ပြီးစီးသောအခါ ကျောက်ယင်းကို အိမ်ပြန်ပို့ပေးပြီးနောက် ဟွားစံအိမ်တော်သို့ ဆိုင်ကယ်မောင်း၍ ပြန်လာခဲ့လိုက်သည်။

သူ အချိန်ကို တစ်ချက်စစ်ကြည့်လိုက်သည်။ လင်းဝမ်ယိုလည်း တစ်နာရီအကြာတွင် ပြန်ရောက်လာမည်ဖြစ်၏။

ယဲ့ချန်းလည်း ဟွားစံအိမ်တော်ထဲမှ ထွက်လာခဲ့လိုက်ပြီးနောက် ရုတ်တရက် အမှာစာတစ်ခုဝင်လာသည်။

နေရာကား အနီးအနားရှိ နိုက်ကလပ်တစ်ခုပင်။ ယဲ့ချန်းလည်း ထိုနိုက်ကလပ်ကို‌ မောင်းသွားလိုက်၏။

ထိုအချိန်တွင် အမူးသမားများက မိန်းကလေးတစ်ယောက်ကို ကားထဲသို့ ကူတွဲပေးကြသည်။ ကားထဲသို့ ဝင်လာသူကို မြင်လိုက်ရသောအခါ ယဲ့ချန်း ခဏမျှ လန့်ဖျပ်သွားသည်။

တိုက်ဆိုင်လိုက်တာ…

ကားပေါ်သို့တက်လာသူမှာ သုန်းရှောင်ယာပင်။ ထိုယောကျ်ားများထဲမှ တစ်ယောက်ကလည်း ယဲ့ချန်းကို မှတ်မိလေသည်။ ထိုလူမှာ တင်းပေါ်ပင်။

တင်းပေါ်သည် သန်းငါးဆယ်ဆုံးရှုံးထားသဖြင့် အလွန်စိတ်တိုနေသောကြောင့် သုန်းရှောင်ယာကို နိုက်ကလပ်တွင် အတူသောက်ရန်ခေါ်လိုက်သည်။ သူ့ရည်ရွယ်ချက်မှာမူ ဟိုတယ်တစ်ခုတွင် သွားပျော်ပါးရန်ပင်။

ယခုမူ သုန်းရှောင်ယာမှာ ဆေးခတ်ခံထားရပြီး သတိလစ်နေချေသည်။

ဒီလူယုတ်မာတွေကတော့….

သုန်းရှောင်ယာ၏စရိုက်ကို ယဲ့ချန်း ကောင်းကောင်းသိသည်။ သူ(မ) အကွက်ဆင်ခံရခြင်းပင် ဖြစ်ရမည်။ မဟုတ်ပါက ဤလူများနှင့် အတူရှိနေမည်မဟုတ်ချေ။

ကားထဲသို့ ဝင်ပြီးနောက် တင်းပေါ်က ဆိုလာလေသည်။

"ဟက်.. ဒီစွာတေးမကတော့.. ငါ့ရှေ့မှာ လာဖြူစင်ပြနေတယ်။ သခင်လေးတင်းရဲ့ဝိုင်ကို သောက်လိုက်တာနဲ့ ငါ့လက်ထဲကလွတ်ဖို့ မဖြစ်နိုင်တော့ဘူး"

"သခင်လေးတင်း.. သုန်းရှောင်ယာက နာမည်ကြီးစတားတစ်ယောက်နော်။ သူသာ ဒီကိစ္စကို မကျေနပ်ရင်…"

"ချီးကိုမကျေနပ်ရမှာလား။ သူတို့လို စတားတွေက လူသိသွားမှာ သိပ်ကြောက်ကြတာ။ ဖြစ်ပြီးသွားရင် မျိုသိပ်ထားရုံပဲ တတ်နိုင်တော့တာ"

တင်းပေါ်က အေးတိအေးစက်သရော်လိုက်လေသည်။

ထင်ထားတဲ့အတိုင်းပဲ…

ယဲ့ချန်းမှာ ဤမကောင်းဆိုးဝါးများကို ခပ်ကျိတ်ကျိတ်ဆဲဆိုလိုက်မိသည်။ ကံကောင်းချင်တော့ သူတို့နှင့် ကြုံကြိုက်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက အကျိုးဆက်များကား မတွေးရဲစရာပင်။

ထိုလူတစ်သိုက်က ကားထဲတွင်ထိုင်၍ ညစ်တီးညစ်ပတ်စကားများ ပြောနေကြသည်။ ထို့ပြင် ခဏအကြာ ဘာလုပ်ကြမလဲဆိုသည်ကိုပါ ဆွေးနွေးနေလိုက်သေးသည်။

ထိုအချိန်မှာပင် ယဲ့ချန်းကလည်း ခြံဝင်းကြီးတစ်ခုဆီသို့ မောင်းလာပြီး ကားရပ်လိုက်၏။ တင်းပေါ်ကလည်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒါက ဘယ်နေရာလဲ"

"ငါတို ဟွားသိုက်ဟိုတယ်ကိုသွားမှာလို့ မင်းကိုပြောထားတယ်လေ။ မင်း ငါတို့ကို ဘာလို့ ရဲစခန်းကိုခေါ်လာတာလဲ"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်သာ ပြုံးပြလိုက်သည်။

"ဒီနေရာက မင်းတို့သွားသင့်တဲ့နေရာပဲလေ"

ယဲ့ချန်းကိုမြင်သောအခါ တင်းပေါ်၏အမူအရာကား ပြောင်းလဲသွားသည်။

"သေစမ်း မင်းကိုး"

ထိုအချိန်တွင် ကျိုးစုစုနှင့် ရဲအရာရှိများက ကားအနားသို့ ဝိုင်းလာလေသည်။

ယဲ့ချန်းကလည်း ကားထဲမှထွက်ပြီးနောက် ပြောလိုက်၏။

"စုစု.. ဒီလူတွေက ရုပ်ရှင်စတားသုန်းရှောင်ယာကို ဆေးခပ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့အတွက် ဟိုတယ်ကို ခေါ်သွားမလို့ ကြံစည်နေကြတာ။ အဲဒါကြောင့် ငါ သူတို့ကို ရဲစခန်းကိုခေါ်လာလိုက်တာ"

"နားလည်ပြီ။ ကျေးဇူးတင်ပါတယ်"

ကျိုးစုစု၏မျက်လုံးအကြည့်များမှာ အေးစက်သွားလေသည်။

သုန်းရှောင်ယာက သူ(မ)အကြိုက်ဆုံး ရုပ်ရှင်သရုပ်ဆောင်ပင်။ စက်ဆုပ်ဖို့ကောင်းလှသော ဤလူများက သူ(မ)၏အိုင်ဒေါကို ယခုလိုကိစ္စမျိုး ကြံစည်ရဲသတဲ့လား။

သူ(မ)လည်း ကားတံခါးကို ချက်ချင်းဆွဲဖွင့်ပြီးနောက် အထဲကို အော်ပြောလိုက်သည်။

"အကုန်လုံး အပြင်ထွက်ခဲ့ကြ"

တင်းပေါ်တို့တစ်သိုက်မှာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြသည်။

သူတို့ ဤမျှအထိ ကံဆိုးလိမ့်မည်ဟု လုံးဝထင်မထားချေ။ ယဲ့ချန်း၏ကားကိုမှ ငှားစီးမိပြီး ရဲစခန်းအထိ အခေါ်ခံလာရသည်။

တင်းပေါ်နှင့် သူ့အဖွဲ့သားများကို ရဲအရာရှိများက ရဲစခန်းထဲသို့ ဆွဲခေါ်သွားကြသည်။

ယဲ့ချန်းနှင့် ကျိုးစုစုလည်း သုန်းရှောင်ယာကို ဆေးရုံသို့ လိုက်ပို့ပေးခဲ့ကြသည်။ ကုသမှုအပြီးတွင် သုန်းရှောင်ယာလည်း ချက်ချင်းသတိပြန်လည်လာသည်။ ယဲ့ချန်းကိုမြင်သောအခါ သုန်းရှောင်ယာ ကြက်သေသေသွားချေသည်။

"ယဲ့ချန်း.. ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ။ ကျွန်မ ဘာဖြစ်သွားတာလဲ"

"ငတုံးမလေး.. မင်း ဆေးခပ်ခံခဲ့ရတာလေ။ ဒါလေးတောင်မသိဘူးလား"

ထိုအခါမှသာ သုန်းရှောင်ယာလည်း ပွဲတစ်ခုတက်ရောက်ခဲ့ကြောင်းနှင့် ပွဲစီစဉ်သူများက သူ(မ)ကို ဘားကိုသွားပြီး အရက်သောက်ခိုင်းခဲ့သည်။

အစတုန်းကတော့ သုန်းရှောင်ယာလည်း ငြင်းခဲ့သေးသည်။ သို့သော် သူ(မ)၏မန်နေဂျာက တစ်ခွက်တည်းဟု ပြောခဲ့သည်။

ဤသို့ဖြင့် ထိုတစ်ခွက်ကိုသောက်ပြီးနောက် သူ(မ)လည်း သတိလစ်မေ့မြောသွားခဲ့ရသည်။

ဖြစ်စဉ်အစအဆုံးကို ကြားလိုက်ရချိန်ဝယ် သုန်းရှောင်ယာမှာ ကြောက်ရွံ့မှုကြောင့် ကြက်သီးတဖြန်းဖြန်းထသွားသည်။

"ယဲ့ချန်း. ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ.."

"ဟုတ်ပါပြီ။ အခု ဘာမှမဖြစ်တော့ဘူးနော်။ နောက်တစ်ခါကျရင် ပိုသတိထားပေါ့"

ယဲ့ချန်းလည်း အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။

"ကိုယ် လေဆိပ်မှာ မိတ်ဆွေတစ်ယောက်ကို သွားကြိုရဦးမယ်။ စုစု.. ရှောင်ယာ့ကို စောင့်ရှောက်ပေးထားပါဦး"

ကျိုးစုစုကလည်း ခေါင်းညိတ်ပြသည်။

"စိတ်မပူပါနဲ့။ ကျွန်မ နားလည်ပါတယ်"

"ပြီးတော့ တင်းပေါ်နဲ့ သူ့လူတွေကိုလည်း ကောင်းကောင်းဆုံးမလိုက်ပါ"

ကျိုးစုစုက ခေါင်းညိတ်ပြလိုက်ပြန်သည်။

"စိတ်ချပါ။ ကျွန်မလူတွေကို စောင့်ရှောက်ခိုင်းထားတယ်"

"စောင့်ရှောက်ခိုင်းထားတယ်"ဟူသော စကား၏အဓိပ္ပာယ်မှာ ကောင်းကောင်းအပြစ်ပေးလိုက်မည်ဟု ဆိုလိုခြင်းပင်။

ယဲ့ချန်းလည်း လေဆိပ်သို့ မောင်းလာခဲ့သည်။ အချိန်ကိုတစ်ချက်ကြည့်လိုက်လေရာ လေယာဉ်မဆိုက်ခင် ဆယ်မိနစ်လိုသေးကြောင်း သိလိုက်ရသည်။

ထိုအခိုက်မှာပင် ကားတံခါးက ရုတ်တရက်ပွင့်သွားပြီး မိန်းမလှလေးတစ်ယောက်က ကားထဲသို့ ဝင်လာလေသည်။

ကားထဲသို့ဝင်လာပြီးနောက် သူ(မ)က နေကာမျက်မှန်၊ ဦးထုပ်နှင့် မက်စ်ကိုချွတ်ပြီးနောက် အေးတိအေးစက်ပြောလိုက်လေသည်။

"မြန်မြန်မောင်းပေးပါ။ သတင်းထောက်တွေက ကျွန်မတို့နောက်ကို လိုက်နေတာ"

ယဲ့ချန်းခမျာ အတန်ငယ်ကိုးရိုးကားရားဖြစ်သွားသည်။

"မိန်းကလေး.. ခင်ဗျား ကားမှားနေပြီထင်တယ်။ ကျွန်တော်တို့ အချင်းချင်းမသိကြဘူးလေ"

"အာ! ရှင်က ကုမ္ပဏီက လွှတ်လိုက်တဲ့လူမဟုတ်ဘူးလား"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော်က မိတ်ဆွေတစ်ယောက်ကို လာကြိုတာ။ ခင်ဗျားကိုမဟုတ်ဘူး"

ယဲ့ချန်းလည်း နောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်လေရာ ထိုမိန်းကလေးကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်"

သူ(မ) ကားမှားပြီး ဝင်လာခဲ့ကြောင်း သိလိုက်ရချိန်မှာ နေကာမျက်မှန်၊ ဦးထုပ်နှင့် မက်စ်ကို ပြန်တပ်ပြီးနောက် ကားထဲက ထွက်သွားလိုက်သည်။

သူ(မ)၏ကားက ရောက်မလာသေးပုံပင်။ ထို့ကြောင့် ထိုအမျိုးသမီးလည်း စိုးရိမ်ပူပန်စွာဖြင့် ဖုန်းခေါ်လေတော့သည်။

ခဏအကြာမှာပင် လင်းဝမ်ယိုက လက်ဆွဲသေတ္တာတစ်ခုလုံးနှင့်အတူ ရောက်ချလာသည်။

ယဲ့ချန်းလည်း လင်းဝမ်ယို၏ လက်ဆွဲသေတ္တာကို ကားထဲသို့ ကူထည့်ပေးလိုက်ပြီးနောက် အထဲသို့ ပြန်ဝင်လိုက်သည်။

အထဲသို့ရောက်သည်နှင့် ယဲ့ချန်း ရယ်မောလိုက်မိတော့သည်။

"ပင်ပန်းသွားပြီ"

ဤတစ်ခေါက်တွင် လင်းဝမ်ယိုသည် ဗွီအာစက်ကိရိယာထုတ်လုပ်ရေးအတွက် ခရီးထွက်ခဲ့ရပြီး ဗွီအာစက်ရုံကိစ္စကို လက်စသတ်ရန်အတွက် မြို့များနှင့် စီရင်စုအမြောက်အများကို လှည့်လည်သွားလာခဲ့ရသည်။

လင်းဝမ်ယိုက ကားထဲသို့ရောက်သည်နှင့် ယဲ့ချန်းကို ချိုမြိန်သောအနမ်းတစ်ပွင့် ခြွေလိုက်သည်။

"ကျွန်မ ရှင့်ကို အရမ်းလွမ်းတာပဲ"

ထိုအခိုက် ကားတံခါးမှာ တစ်ဖန်ဆွဲဖွင့်ခံလိုက်ရပြန်သည်။ ဤသို့ဖြင့် ချစ်ခင်ကြင်နာနေသော ဤမြင်ကွင်းကို ချန်းဖေးမြင်လိုက်ရသည်။

ချန်းဖေးလည်း စိုးရိမ်တကြီးမေးလိုက်သည်။

"တစ်ဆိတ်လောက်.. ကျွန်မ မြို့ထဲကို ရှင်တို့နဲ့အတူ ပြန်လိုက်ခဲ့လို့ရမလား။ ကျွန်မကားက လမ်းတစ်ဝက်မှာ ကားပျက်နေလို့တဲ့။ ကျွန်မကလည်း အလောတကြီးပြန်ရမဲ့ကိစ္စတစ်ခုရှိလို့"

သူ(မ)ကိုမြင်သောအခါ လင်းဝမ်ယိုခမျာ ခဏမျှကြက်သေသေနေပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ရှင်က ချန်းဖေးမလား"

ချန်းဖေးကလည်း ခပ်ဖွဖွပြုံးပြုလိုက်သည်။

"ဟုတ်တယ်။ ကျွန်မက ချန်းဖေးပါ။ မိန်းကလေး.. ရှင့်ချစ်သူကို ကျွန်မကိုပါ ခေါ်သွားပေးနိုင်မလားလို့ မေးပေးပါလား"

လင်းဝမ်ယိုက ပြုံးလိုက်လေသည်။

"ကိစ္စမရှိပါဘူး။ အချစ်ရေ.. ချန်းဖေးကိုပါ ကျွန်မတို့နဲ့အတူ ခေါ်ခဲ့ပါ့လား"

ယဲ့ချန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"မင်းတို့က မိတ်ဆွေတွေလား"

လင်းဝမ်ယိုခမျာ စိတ်တိုတိုဖြင့် မေးလိုက်မိသည်။

"အချစ်ရေ.. ရှင် ဟွားနိုင်ငံရဲ့နာမည်ကျော်ချန်းဖေးကို တကယ်မမှတ်မိဘူးလား။ ကျွန်မက သူ့သီချင်းတွေကို အရမ်းကြိုက်တာ"

အဆုံးမှာတော့ ယဲ့ချန်းလည်း သူ(မ)ကို တီဗီထဲမှာ မြင်ဖူးခြင်းဖြစ်ကြောင်း သတိရလိုက်သည်။ ရင်းနှီးသလို ခံစားနေရသည်မှာ မထူးဆန်းတော့ပါချေ။

လင်းဝမ်ယိုဘက်က တောင်းဆိုလာသည်ဖြစ်ရာ ယဲ့ချန်းလည်း ငြင်းစရာမရှိပါပေ။

ချန်းဖေး ကားပေါ်သို့ တက်လာပြီးနောက် ယဲ့ချန်းလည်း ကားကို မောင်းလာခဲ့လိုက်သည်။

ချန်းဖေးကိုလာကြိုမည့်ကားက ကူလီနန်တစ်စီးဖြစ်၏။ သို့သော် လမ်းတစ်ဝက်တွင် မတော်တဆဖြစ်သွားရရှာသည်။

ထို့ကြောင့် ချန်းဖေးက လမ်းဘေးတွင် ကူလီနန်တစ်စီး ရပ်ထားသည်ကိုမြင်လိုက်ရချိန်ဝယ် သူ(မ)ကို လာကြိုသည်ဟု အထင်မှားခဲ့ခြင်းပင်။

ချန်းဖေး၏ပရိသတ်ဖြစ်သော လင်းဝမ်ယိုကမူ လမ်းတစ်လျှောက်တွင် သူ(မ)နှင့် ပျော်ပျော်ကြီးစကားပြောလာသည်။

"ချန်းဖေး.. ကျွန်မ ရှင့်သီချင်းတွေကို အရမ်းကြိုက်တာ။ လက်မှတ်လေး တောင်းလို့ရမလားဟင်"

ယခုမူ လင်းဝမ်ယိုမှာ ပရိသတ်မိန်းမပျိုလေးတစ်ယောက်အဖြစ် အသွင်ပြောင်းသွားပေသည်။

ချန်းဖေးက ဟိတ်ကြီးဟန်ကျယ်မနိုင်ပေ။ သူ(မ)က လက်မှတ်ထိုးပေးရုံသာမက လင်းဝမ်ယိုနှင့် ဓာတ်ပုံပါ အတူတွဲရိုက်သေးသည်။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ခဏနေရင် ကျွန်မ ပွဲတက်စရာရှိလို့။ ရှင်တို့ကြောင့်သာမဟုတ်ရင် ကျွန်မ ပွဲတက်ဖို့လွဲသွားဦးမှာ"

"ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့လည်း လမ်းကြုံနေတာပဲ။ ကျွန်မရဲ့ချစ်သူကလည်း သီချင်းဆိုတာ အရမ်းတော်တာ။ ကျွန်မ ရှင့်ကို ဖွင့်ပြပေးမယ်"

"တကယ်လား"

ချန်းဖေး ခပ်ဖွဖွပြုံးလိုက်လေသည်။

အပျော်တမ်းအဆိုတော်များလည်း ကောင်းကောင်းဆိုနိုင်ပါသော်ငြား ပရော်ဖက်ရှင်နယ်များကိုတော့ မမီချေ။

သို့သော် ယဉ်ကျေးမှုအရ ချန်းဖေး မငြင်းခဲ့ပေ။

ချန်းဖေး အများကြီးမမျှော်လင့်ထားပေ။ သို့သော် သီချင်းဖွင့်လိုက်သည်နှင့် သူ(မ) အံ့ဩမှင်တက်သွားရသည်။

ဤသီချင်းကား အလွန်သာယာနာပျော်ဖွယ်ကောင်းလှသည်။

••••••••••••••••••••

All Chapters