အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အပိုင်း ၂၆၈ - ခပ်လျှိုလျှိုနေတတ်သော ဒိတ်ဒိတ်ကြဲသူဌေးကြီး
ဥက္ကဋ္ဌမာကိုယ်တိုင် ယဲ့ချန်းကို လက်ဆွဲနှုတ်ဆက်နေခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။
ဤသည်မှာ ဥက္ကဋ္ဌမာနှင့် ယဲ့ချန်းအကြား ရင်းနှီးလှသော ဆက်ဆံရေးတစ်ခုရှိကြောင်း ပြသနေသည်။ အနည်းဆုံးတော့ သူတို့က အဆင့်အတန်းချင်း အတူတူပင်။
ဥက္ကဋ္ဌမာနှင့် တစ်ဆင့်တည်းပင်။ သို့ဆိုပါက ယဲ့ချန်းသည် မည်သူများဖြစ်နိုင်မလဲ။
ဤအချက်ကို သဘောပေါက်လိုက်ချိန်မှာ လူတိုင်းလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
ဟွားနိုင်ငံထဲတွင် ဥက္ကဋ္ဌမာကိုယ်တိုင် လက်ဆွဲနှုတ်ဆက်သူဟူ၍ ရှားလှပေသည်။
ယဲ့ချန်းကလည်း လက်ဆန့်ထုတ်လိုက်လေရာ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ခန်းမတစ်ခုလုံးလည်း တစပြင်အလား တိတ်ဆိတ်သွားသည်။ ဤအဖြစ်ကား မယုံနိုင်စရာပင်။
"အစ်ကိုယဲ့"
ဥက္ကဋ္ဌမာက ယဲ့ချန်းကို အစ်ကိုဟု ခေါ်လိုက်သဖြင့် လူတိုင်းမှာ တစ်ဖန်ကြက်သေသေသွားရပြန်သည်။ အထူးသဖြင့် လုယွီခမျာ ရင်ထိတ်သွားရသည်။
ဥက္ကဋ္ဌမာကိုယ်တိုင် အစ်ကိုဟု ခေါ်ရလောက်သည်အထိဆိုလျှင် ဤလူ၏အဆင့်အတန်းက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိုက်မလဲ။
"ဒီလိုပွဲအခမ်းအနားမျိုးကိုတောင် တက်ရဲ့သားနဲ့ ကျုပ်တို့အားလီလုပ်ငန်းစုရဲ့ နှစ်ကုန်ပါတီကိုတော့ လာတာမမြင်ဘူးနော်။ ဒါက နည်းနည်းတော့ အားမနာရာမကျဘူးလား"
ဥက္ကဋ္ဌမာ၏လေသံထဲတွင် သဘောမကျဟန်များ ပြည့်နှက်လျက်။
ဤစကားကိုကြားလိုက်ရချိန်ဝယ် လူတိုင်း၏ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။
အမလေး.. ယဲ့ချန်းက အားလီလုပ်ငန်းစုရဲ့နှစ်ကုန်ပါတီကို လာဖို့တောင် အဖိတ်ခံရတယ်ပေါ့။ ဒါတောင် သူက မတက်ဘူးပေါ့လေ..
အဓိပ္ပာယ်မှာ မယ်ရီယော့လုပ်ငန်းစု၏ နှစ်ကုန်ပါတီကို ယဲ့ချန်း တက်ရောက်ပေးတာကတင် ကျေးဇူးတင်ဖို့ကောင်းနေပြီဟု သတ်မှတ်ရမည်။
အားလီလုပ်ငန်းစုနှင့် ယှဉ်လိုက်လျှင် မယ်ရီယော့လုပ်ငန်းစုမှာ ပုရွက်ဆိတ်သာသာလောက်ပင်။
ဥက္ကဋ္ဌမာလည်း အံ့အားသင့်သွားရသည်။ မယ်ရီယော့ဟိုတယ်၏ အဆင့်နိမ့်နှစ်ကုန်ပါတီကို ယဲ့ချန်းလို လူတစ်ယောက် မလာသင့်ဘူးဟု သူ ထင်သည်။
ယဲ့ချန်း၏နောက်ခံအကြောင်း ဥက္ကဋ္ဌမာ ကောင်းကောင်းသိထားသည်။
သူတို့၏အားလီလုပ်ငန်းစုကပင် မဖိတ်နိုင်သော လူတစ်ယောက်မှာ ဤနေရာကိုတော့ ရောက်နေချေသည်။ ဤသည်မှာ မထူးဆန်းလွန်းဘူးလား။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဥက္ကဋ္ဌမာ.. ခင်ဗျားရဲ့ရုံးချုပ်က စုကျိုးနဲ့ ဟန်ကျိုးမှာရှိတာဆိုတော့ ဝေးလွန်းတယ်လေ။ ကျွန်တော်က တက္ကစီမောင်းရင်း လမ်းကြုံလို့ ဒီကို ပျော်ရအောင် ဝင်လာလိုက်တာ"
ထိုအခိုက်ဝယ် ခန်းမထဲရှိ လူများမှာ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောရဲကြပေ။
ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်သော ယဲ့ချန်းသည် စီမံခန့်ခွဲရေးအပိုင်းတွင် ဝင်ပါခဲသည်။ ထို့ကြောင့် သူ့သရုပ်မှန်ကား လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ သို့သော် ယဲ့ချန်းက ဥက္ကဋ္ဌမာနှင့် ယှဉ်နိုင်လောက်သည့်အဆင့်အထိ ရောက်နေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
ဤသတင်းကို ကြားလိုက်ရသည်နှင့် လူတိုင်း အံ့အားသင့်ကုန်ကြသည်။
သူ့ဘေးရှိ ဥက္ကဋ္ဌလုယွီကမူ ကိုးရိုးကားရားပြုံးလျက် မူမမှန်ဖြစ်နေလေသည်။
"မစ္စတာယဲ့က အလုပ်များနေတဲ့ကြားက ကျွန်တော်တို့ရဲ့နှစ်ကုန်ပါတီကို တက်ရောက်ပေးတာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိပြန်သည်။
ဥက္ကဋ္ဌမာကတော့ တဟားဟားရယ်၏။
"ကောင်းပြီလေ။ ကျုပ်မှာ လုပ်စရာလေးရှိလို့။ နောက်မှပဲ ခင်ဗျားရဲ့ဟွားစံအိမ်တော် နံပါတ်တစ်ဗီလာကိုလာပြီး လက်ဖက်ရည်သောက်ရင်း ဘဝအကြောင်း လာဆွေးနွေးပါဦးမယ်"
ဟွားစံအိမ်နံပါတ်တစ်ဗီလာတဲ့လား။
လူတိုင်း တစ်ဖန်အံ့အားသင့်ကုန်ကြပြန်သည်။
ဟွားစံအိမ်တော်၏ နံပါတ်တစ်ဗီလာဆိုသည်မှာ အလွန်ခမ်းနားလှသော နေရာတစ်ခုပင်။ ထိုနေရာကို ဥက္ကဋ္ဌမာထက် ပိုချမ်းသာသော ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ပိုင်ဆိုင်ထားခြင်းပင်။
ထိုပိုင်ရှင်မှာ ယဲ့ချန်းပင်တည်း။
ခန်းမတစ်ခုလုံးလည်း တစပြင်အလား တိတ်ဆိတ်သွားသည်။
ယဲ့ချန်း၏သရုပ်မှန်က ဤမျှအထိ အထင်ကြီးဖို့ကောင်းလှသည်။ ဥက္ကဋ္ဌမာက ယဲ့ချန်းကို အစ်ကိုဟု ခေါ်ခြင်းမှာလည်း မဆန်းပါချေ။
ဥက္ကဋ္ဌမာ ပြန်သွားသောအခါ မယ်ရီယော့ဟိုတယ်၏ အဆင့်မြင့်အမှုဆောင်များမှာ ယဲ့ချန်းကို မတူကွဲပြားသော အမူအရာများဖြင့် ကြည့်နေကြသည်။
ထိုနေရာရှိ လူအားလုံးမှာ ကုမ္ပဏီအမှုဆောင်များဖြစ်လေရာ မည်သူမှ မတုံးအကြပေ။
ဥက္ကဋ္ဌမာ၏အဆင့်အတန်းမှာ စီးပွားရေးလောကတွင် ထိပ်ဆုံး၌ ရပ်တည်နေသူပင်။
တစ်လျှောက်လုံးတွင် ဥက္ကဋ္ဌမာက ယဲ့ချန်းကိုသာ အာရုံစိုက်ပြီး အခြားမည်သူ့ကိုမှ အရေးမလုပ်ခဲ့ပေ။ ဤအချက်ကပင် ယဲ့ချန်း မည်မျှအထိ အံ့ဩဖို့ကောင်းကြောင်း သက်သေပြနေသည်။
ခန်းမထဲရှိ အခြေအနေကား အလွန်အမင်းကိုးရိုးကားရားနိုင်နေလေသည်။
အစောတုန်းကမူ ယဲ့ချန်းက သာမန်ရှယ်ယာရှင်တစ်ယောက်ဟုသာ လူတိုင်း ထင်ထားကြသည်။ သို့သော် ယခုမူ ယဲ့ချန်း၏နောက်ခံက ကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။
မယ်ရီယော့လုပ်ငန်းစု၏ ရှယ်ယာများမှာ သူ့အတွက်တော့ အပေါ်ယံသက်သက်ပင်။ တစ်နည်းဆိုရသော် ဤသည်မှာ အပျော်သက်သက် ရင်းနှီးမြှုပ်နှံလိုက်သောအရာများပင်။
ဥက္ကဋ္ဌလုက ခပ်မြန်မြန်မှတ်ချက်ပေးလိုက်သည်။
"မစ္စတာယဲ့.. အဓိကထိုင်ခုံမှာ ထိုင်လိုက်ပါ။ ကျွန်တော်ဧည့်ခံတာ လိုသွားတယ်။ ခင်ဗျားကို အပေါက်ဝမှာလာကြိုသင့်တာကို။ အဲဒီအတွက် ကျွန်တော်တောင်းပန်ပါတယ်"
ယဲ့ချန်းမှာ လက်ယမ်းပြလိုက်သည်။
"အဆင်ပြေပါတယ်"
ထျန်းဖန်၏မျက်ဝန်းအစုံကား ချီတုံချတုံဖြစ်သွားချေသည်။ ယခုမူ ယဲ့ချန်း၏သရုပ်မှန်ကို သူ သိလိုက်လေပြီ။
အစောတုန်းက ယဲ့ချန်းကို သူ မထီမဲ့မြင်လုပ်ခဲ့မိသည်ကို ပြန်သတိရမိသောအခါ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
ထိုအချိန်ဝယ် သူ့အကြည့်မှာ လုမင်နှင့် လုသုန်းတို့ထံသို့ ရောက်သွားလေသည်။
သူတို့က သူ့အမျိုးများဖြစ်သော်ငြား အကျိုးအမြတ်နှင့်ပတ်သက်လာလျှင် ဆွေမျိုးဆိုသည်မှာ အရေးမပါတော့ပေ။
ထျန်းဖန်က မတ်တတ်ထရပ်၍ ဥက္ကဋ္ဌလုကို ပြောလိုက်လေသည်။
"ဥက္ကဋ္ဌလု.. ခုနက မစ္စတာယဲ့က ကိစ္စတစ်ခု ပြောလိုက်တယ်လေ။ လုမင်နဲ့ လုသုန်းက အဝယ်တော်ကို အကြောင်းပြပြီး ကုမ္ပဏီရဲ့ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်နေတယ်လေ။ ကုန်သည်တွေဆီကတောင် လာဘ်စားလိုက်သေးတယ်။ ဒီလိုလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်"
ထျန်းဖန်၏စကားကို ကြားသောအခါ လုယွီ၏မျက်နှာမှာ ခက်ထန်သွားပြီး လုမင်နှင့် လုသုန်းတို့ကို အေးတိအေးစက်အမူအရာဖြင့် လက်ညှိုထိုးပြလိုက်၏။
"မင်းတိုနှစ်ယောက်.. ဒီလိုကိစ္စမျိုးကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ။ အရည်အသွေးမပြည့်ဝတဲ့ထုတ်ကုန်တွေကို သုံးတယ်။ ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ထိခိုက်စေခဲ့တယ်။ ဒီတော့ မင်းတို့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးမှဖြစ်မယ်"
အခြားရှယ်ယာရှင်များ၏ စိတ်ထဲတွင်လည်း ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်များ ပေါ်ပေါက်လာကြသည်။
"ဒါက တရားလွန်လွန်းတယ်။ ပြင်းပြင်းထန်ထန်အပြစ်ပေးမှဖြစ်မယ်"
"ဒီလိုလူမျိုးတွေကို လွှတ်ပေးထားလို့မဖြစ်ဘူး"
လူတိုင်း၏တိုက်တွန်းမှုကြောင့် လုမင်နှင့် လုသုန်းတို့ခမျာ ထိုနေရာမှာပင် သာခွေယိုင်ဖြစ်ကုန်တော့သည်။
ထျန်းဖန်မှာ လုသုန်းနှင့် လုမင်တို့ကို အလွဲသုံးစားမှုဖြင့် ဖမ်းဆီးရန်အတွက် ရဲကိုပင် ဖုန်းဆက်လိုက်သေးသည်။
အစကမူ ထျန်းဖန်မှာ သူတို့အတွက် ကာပေးချင်ခဲ့ပါသော်ငြား ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရချိန်မှာ သူသာ ဆင်ခြင်ဉာဏ်ရှိရှိ မဆုံးဖြတ်ပါက အမှုပတ်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။
လတ်ရှိတွင် ကုမ္ပဏီဥက္ကဋ္ဌမှာ လုယွီဖြစ်နေသော်လည်း ယဲ့ချန်း၏စကားက ဥက္ကဋ္ဌထက်ပင် ပိုအရာရောက်ကြောင်း လူတိုင်း နားလည်ထားသည်။
ဧည့်ခံပွဲကို တက်ရောက်ပြီးနောက် ယဲ့ချန်းလည်း အပေါက်ဝသို့ လျှောက်လာရာ ဖန်ရှောင်းတိနှင့် ပက်ပင်းတိုးလေသည်။
ဖန်ရှောင်းတိမှာ လုသုန်းနှင့်လုမင်တို့ ဖမ်းခေါ်ခံလိုက်ရသည်ကို မြင်လိုက်ရပေသည်။
ယဲ့ချန်းကို မြင်လိုက်သည်နှင့် ဖန်ရှောင်းတိက အမြန်ဆိုလာလေသည်။
"ယဲ့ချန်း... ငါ့ကို ခွင့်လွှတ်ပေးလို့ရမလား"
ယဲ့ချန်းက ဖန်ရှောင်းတိကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အေးအေးလူလူပင် ပြောလိုက်၏။
"ငါတို့ကြားမှာ အစကတည်းက ဘာမှမှမရှိခဲ့တာ။ ခွင့်လွှတ်စရာလည်း မရှိသလို ခွင့်မလွှတ်စရာလည်း မလိုပါဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လှည့်ထွက်ပြီး လိုင်ကန်ကားဆီသို့ လျှောက်သွားလိုက်သည်။
ယဲ့ချန်းတစ်ယောက် လိုင်ကန်ကားပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ ဖန်ရှောင်းတိ၏ မျက်ဝန်းများမှာ အရောင်တောက်သွားလေတော့သည်။
သူ(မ)လည်း စပ်စုချင်စိတ်ဖြင့် အွန်လိုင်းတွင် ရှာကြည့်လိုက်လေရာ ထိုကားမှာ သန်း၁၂၀ပေးရကြောင်း သိလိုက်ရသည်။
ထိုကားမှာ ယဲ့ချန်း၏ကားများ ဖြစ်နေမလားဟု သူ(မ) တွေးနေခဲ့မိသည်။
မထင်မှတ်ထားဘဲ အမှန်တကယ်ပင် ယဲ့ချန်း၏ကား ဖြစ်နေပေသည်။
ဖန်ရှောင်းတိအတွက်တော့ ယဲ့ချန်းက သူ(မ)၏အိပ်မက်၊ သူ(မ)၏မျှော်လင့်ချက် ဖြစ်သွားလေပြီ။
ဘာပဲဖြစ်ဖြစ် ယဲ့ချန်းကို သူ(မ) အမိဖမ်းရမည်။
ထိုအချိန်တွင် ယဲ့ချန်းမှာမူ ကားစက်နှိုးပြီး အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာသွားပြီဖြစ်၏။
ဖန်ရှောင်းတိလည်း တက္ကစီတစ်စီးကို အမြန်တားပြီး အနောက်မှ လိုက်လေတော့သည်။
...
နောက်တစ်နေ့ မနက်ခင်းတွင် ယဲ့ချန်းသည် လင်းရှစ်ယင်၏အိမ်သို့ ကားမောင်း၍ ထွက်လာခဲ့သည်။
လင်းရှစ်ယင်မှာ ယနေ့ ပြိုင်ပွဲတစ်ခုကို သွားပြိုင်မည်ဖြစ်သဖြင့် သူ(မ)ကို လေဆိပ်လိုက်ပို့ပေးရန် ယဲ့ချန်းအား ချိန်းဆိုထားခြင်းပင်။
ဝမ်ယွမ်အိမ်ရာသို့ ရောက်သောအခါ ယဲ့ချန်းကပြုံးလျက် မေးလိုက်သည်။
"ဒီရက်ပိုင်း ကုချင်တီးနည်းလေ့ကျင့်ရတာ အခြေအနေဘယ်လိုရှိလဲ"
"ရှင်ပေးတဲ့သီချင်းကို ဆရာ့ကိုပြလိုက်တာ သူ့ခမျာ ကြက်သေသေသွားတယ်။ ရှင်က ပါရမီရှင်လို့လည်း ပြောလိုက်သေးတယ်"
ယဲ့ချန်းက အသာပြုံးလိုက်မိသည်။
"ပါရမီရှင်ရယ်တော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါးသိရုံပါ"
လင်းရှစ်ယင်က ပြောလိုက်သည်။
"ရှင့်သီချင်းနဲ့သာ ချန်ပီယံဆုရခဲ့ရင် ပြန်လာတဲ့အခါ ရှင့်ကို ထမင်းတစ်နပ်လိုက်ကျွေးမယ်"
"ကောင်းပြီလေ... မင်းဆီက သတင်းကောင်းစောင့်နေမယ်"
ကားက လေဆိပ်သို့ အမြန်ရောက်လာသည်။
လင်းရှစ်ယင်က ပြုံးပြီး မေးလိုက်၏။
"ကြယ်ငါးပွင့်ပေးရမှာမလား"
"ဟုတ်တာပေါ့။ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် ကြယ်ငါးပွင့်ရီဗျူးက အရမ်းအရေးကြီးတယ်လေ"
လင်းရှစ်ယင်က ပြုံးလျက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
[တင်! ဂုဏ်ယူပါတယ်။ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်ပါပြီ။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို ရရှိလိုက်တဲ့အတွက် နှင်းဆီဥယျာဉ်အိမ်ရာထဲက ဗီလာအလုံးနှစ်ဆယ်ကို ဆုလာဘ်အဖြစ်ရရှိပါတယ်]
ဗီလာအလုံးနှစ်ဆယ်တဲ့လား။
ရှယ်ပဲဟေ့။
ယဲ့ချန်းထံတွင် အိမ်ခြံမြေပိုင်ဆိုင်မှုများစွာ ရှိနေပြီးသားဖြစ်သော်လည်း ယခုအခါ နောက်ထပ် ဗီလာအလုံးနှစ်ဆယ်ကိုပါ ထပ်ရလိုက်ပြန်သည်။
နှင်းဆီဥယျာဉ်၏ ဒီဇိုင်းပုံစံမှာ ဟွားစံအိမ်တော်နှင့် ဆန့်ကျင်ဘက်ပင်။ ဤပုံစံကို ၂၀ရာစုနှောင်းပိုင်းရှိ ဥရောပတိုက်၏ အဆင့်မြင့်အိမ်ရာပုံစံများကို နမူနာယူထားခြင်းဖြစ်ပြီး ပြင်သစ်၊ အီတလီ၊ စပိန်၊ အင်္ဂလန်နှင့် အမေရိကန်စတိုင်များကဲ့သို့ ခေတ်ပြိုင်နိုင်ငံတကာအဆင့်မြင့် အိမ်ရာဒီဇိုင်းများကို ပေါင်းစပ်ထားခြင်းဖြစ်၏။
မိုတုမြို့တွင် ဟွားစံအိမ်တော်က နံပါတ်တစ်ဖြစ်ပြီး နှင်းဆီဥယျာဉ်ကမူ ဒုတိယနာမည်အကြီးဆုံးပင်။
ယဲ့ချန်းက လင်းရှစ်ယင်ကို လုံခြုံရေးစစ်ဆေးရေးဂိတ်အထိ လိုက်ပို့ပေးလိုက်သည်။
"ယဲ့ချန်း... သတင်းကောင်းကို စောင့်နေနော်"
"ကောင်းပြီလေ။ မင်းပြန်လာရင် ဂုဏ်ပြုပွဲလုပ်ပေးမယ်"
လင်းရှစ်ယင် လုံခြုံရေးဂိတ်က ဖြတ်သွားပြီးမှသာ ယဲ့ချန်း ပြန်ထွက်လာခဲ့သည်။
အစကတော့ နှင်းဆီဥယျာဉ်ဘက်ကို ကားမောင်းပြီး သွားကြည့်ရန် စိတ်ကူးထားသော်လည်း တစ်ကီလိုမီတာမျှ သွားရသေးချိန်မှာပင် ယာဉ်ကြောများ အလွန်အမင်း ပိတ်ဆို့နေတော့သည်။
ထို့ကြောင့် ယဲ့ချန်းလည်း ကားကို လမ်းဘေးသို့ ထိုးရပ်၍ ဖုန်းဖြင့်စကန်ဖတ်ပြီး အငှားစက်ဘီးတစ်စီးကို ငှားလိုက်သည်။ ထို့နောက် သီချင်းလေးညည်းရင်း နှင်းဆီဥယျာဉ်ဘက်သို့ စက်ဘီးနင်းပြီး ထွက်လာခဲ့လိုက်သည်။
••••••••••••••••
အခန်း ၂၆၉ : ငွေကြေးနှင့်အချစ်
လမ်းမပေါ်တွင် ထျန်းဖန်သည် မာစီးတီးဘန့်စ်ကားပေါ်၌ လိုက်ပါရင်း ဟိုတယ်တစ်ခုသို့ ဦးတည်နေသည်။
ထိုစဉ် အငှားစက်ဘီးဘေးတွင် ရပ်စောင့်နေသော ယဲ့ချန်းကို လှမ်းမြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။
သေစမ်း... တကယ့်လူပဲဟေ့။ ဒါကြောင့်လည်း သူဌေးဖြစ်နေတာကိုး။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ စက်ဘီးစီးတာတဲ့။ ကြည့်ရတာတော့ ငါလည်း နောက်ဆိုရင် ရုံးသွားရင် စက်ဘီးစီးမှဖြစ်တော့မယ်...
မလှမ်းမကမ်းတွင်မူ မျက်လုံးတစ်စုံက ယဲ့ချန်းကို မမှိတ်မသုန်စိုက်ကြည့်နေသည်။
ဇိမ်ခံကားကို စွန့်ပယ်ပြီး စက်ဘီးစီးရန်ပြင်နေသော ယဲ့ချန်းကိုမြင်သောအခါ ဖန်ရှောင်းတိတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ဒါကြောင့်လည်း သူဌေးဖြစ်နေတာကိုး။ နှိမ့်ချတတ်လိုက်တာ။ အဆင့်အတန်းဆိုတာ ဒါမျိုးလေ။ ငါ့ရဲ့ချန်းချန်းက တကယ့်ကိုထူးခြားတာပဲ"
သူ(မ)သည် ယဲ့ချန်းကို အလျင်အမြန် တားလိုက်လေသည်။
"ယဲ့ချန်း... ရှင့်ကိုပြောစရာရှိလို့"
ယဲ့ချန်းက စက်ဘီးကို ခြေထောက်ဖြင့် ထောက်ရပ်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။
"မင်းက ငါ့ကို ဘာများပြောစရာရှိလို့လဲ"
ဖန်းရှောင်းတိက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ယဲ့ချန်း.. ရှင့်ကို ကျွန်မ ဖွင့်ပြောချင်လို့ပါ။ ကျွန်မ ရှင့်ကိုကြိုက်တယ်။ ချစ်တယ်။ ရှင်က အရင်လို မဟုတ်တော့ဘူးဆိုတာ သိပေမယ့် ရှင့်ချစ်သူဖြစ်ခွင့်ရချင်တယ်။အငယ်အနှောင်း ဖြစ်ရရင်တောင် ကျေနပ်ပါတယ်။ ကျွန်မ ရှင့်ကို အရမ်းချစ်တယ်။ ရှင့်အတွက်ဆိုရင် အရာအားလုံးကို စွန့်လွှတ်နိုင်ပါတယ်"
ဖန်ရှောင်းတိသည် ထိုသို့ပြောရင်း နှင်းဆီပန်းစည်းကို ကိုင်ကာ ဒူးတစ်ဖက်ထောက်ချလိုက်လေသည်။
"ယဲ့ချန်း... ကျွန်မရဲ့ချစ်သူ ဖြစ်ပေးမလား။ တစ်သက်လုံးအတွက်လေ..."
ဖန်ရှောင်းတိ၏ မျက်နှာလေးမှာ ရှက်သွေးဖြာနေပြီး မျက်ဝန်းထဲတွင်လည်း ခံစားချက်တို့ ပြည့်လျှံနေသည်။
ယဲ့ချန်း : "..."
သွားပြီ... ဒီအကွက်က တော်တော်ကြမ်းတာပဲ။ လမ်းလယ်ခေါင်ကြီးမှာ ချစ်ခွင့်ပန်နေပါလား။
ထိုအကြည့်၊ ထိုမျက်နှာပေးမျိုးဖြင့် သရုပ်ဆောင်မလုပ်တာကပင် နှမြောစရာကောင်းလှသည်။
ယဲ့ချန်းက သူ(မ)ကို ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။
သူမ၏ ဟန်ဆောင်မှုရမှတ်က ၉၀အထိရှိပြီး စံမီတန်းမီဟန်ပိုသူတစ်ယောက်ဖြစ်နေချေသည်။ သူမလို မိန်းကလေးမျိုးက အချစ်ကြီးသူတစ်ယောက်အဖြစ် သရုပ်ဆောင်နိုင်သဖြင့် ယဲ့ချန်း လေးစားသွားသည်။
ထိုအချိန်တွင် လမ်းပေါ်၌ လူသွားလူလာများနေသဖြင့် စက်ဘီးသမားတစ်ယောက်ကို မိန်းကလေးတစ်ယောက်က ဒူးထောက်လျက် ချစ်ရေးဆိုနေသည်ကိုမြင်သော် လူတိုင်း စိတ်ဝင်စားသွားကြသည်။
"ဝိုး... မိန်းကလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို လိုက်ပိုးနေတာဟ။ စိတ်ဝင်စားစရာပဲ"
"မိန်းကလေးဘက်က ဖွင့်ပြောရလောက်အောင်လည်းကောင်လေးက ချောတာကိုး"
"မိန်းကလေးတွေက ဇိမ်ခံကားစီးတဲ့ကောင်တွေကိုပဲ ကြိုက်တယ်လို့ ထင်ခဲ့တာ။ အခုလို စက်ဘီးသမားလေးကို ဖွင့်ပြောတာမြင်ရတော့မှ အချစ်ကို ပြန်ယုံကြည်လာတော့တယ်"
"ကြည်နူးစရာလေး။ ကောင်မလေးက တကယ်လေးနက်ပုံပဲ။ လက်ခံလိုက်စမ်းပါကွာ"
"ဟုတ်တယ်... လက်ခံလိုက်! လက်ခံလိုက်!"
လူအုပ်ကြီးက ဝိုင်းဝန်းအားပေးထောက်ခံနေကြသည်။
ထိုအချိန်မှာပင် BMW 740တစ်စီး ရောက်ရှိလာသည်။ ကားပေါ်မှ အရပ်ခပ်ပုပု၊ ရုပ်ဆိုးဆိုးလူတစ်ယောက် ဆင်းလာသည်။ မျက်နှာပေါ်တွင်လည်း ကျောက်ပေါက်ရာများ ရှိနေ၏။
ထိုသူဌေးသားက ကားပေါ်မှဆင်းလာပြီး ဖန်ရှောင်းတိရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ရှောင်းတိ.. မင်းကိုစတွေ့ကတည်းက ကိုယ် ချစ်မိသွားတာပါ။ ဒါပေမဲ့ မင်းမှာ ရည်းစားရှိနေမှန်းသိလို့ ဖွင့်မပြောရဲခဲ့ဘူး။ အခု မင်းတို့ ပြတ်သွားပြီကြားလို့ ကိုယ်သတ္တိမွေးပြီး လာခဲ့တာ။ ရှောင်းတိ.. ကိုယ့်ချစ်သူဖြစ်ပေးပါနော်။ ကိုယ် မင်းကို BMWကားလည်းဝယ်ပေးမယ်။ ဗီလာအကြီးကြီးလည်း ဝယ်ပေးမယ်။ ကိုယ့်ကိုလက်ထပ်ပါနော်"
ထိုလူ့နာမည်မှာ ကျန့်ရှုန်းဖြစ်သည်။ ယခင်က ဖန်ရှောင်းတိကို လိုက်ဖူးသော်လည်း လုသုန်းရှိနေ၍ လက်လျှော့ခဲ့ရသူပင်။
ကျန့်ရှုန်းနှင့် လုသုန်းတို့၏ ကြွယ်ဝချမ်းသာမှုမှာ တန်းတူလောက်ရှိသော်လည်း လုသုန်းက ပိုချောသဖြင့် ဖန်ရှောင်းတိက လုသုန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ကျန့်ရှုန်း၏လုပ်ရပ်ကို မြင်သော် သူ(မ) အံ့သြသွားသည်။
သူမက ယဲ့ချန်းကို ကြိုးစားပမ်းစား ဖွင့်ပြောနေချိန်မှ ဤလူက ဘာလို့ရောက်လာရတာလဲ။
ယခုအခါတွင် လုသုန်းလည်း ရဲအဖမ်းခံလိုက်ရပြီဖြစ်၍ အရန်လူ ကျန့်ရှုန်းကို ရွေးချယ်ရမလိုဖြစ်နေသည်။ သို့သော် ယခု သူမရှေ့တွင် ချောလည်းချော၊ အရည်အချင်းလည်းရှိသော ယဲ့ချန်းရှိနေပေသည်။ သို့ဖြစ်လေရာ သူ့ကိုပစ်ထားခဲ့ပြီး ယခုလိုရုပ်ဆိုးလှသော လူကို ဘယ်လိုလုပ်ရွေးနိုင်ပါ့မလဲ။
ကျန့်ရှုန်း၏ ဝန်ခံမှုကိုကြည့်ပြီး သူမ စိတ်လှုပ်ရှားသွားသည်ကတော့ အမှန်ပင်။
သို့သော် လောဘက အနိုင်ရသွားသည်။ ချောမောခန့်ညားသည့် ယဲ့ချန်းနှင့် မလှမ်းမကမ်းရှိ လိုင်ကန်ပြိုင်ကားကို ကြည့်ပြီးနောက် သူ(မ)၏အသိဉာဏ်ကို လောဘက လွှမ်းမိုးသွားသည်။ ကြိုးစားကြည့်မှ ဖြစ်ပေမည်။
ဖန်ရှောင်းတိ၏အမြင်တွင် ယဲ့ချန်းက သန်းတစ်ရာကျော်တန်ကားကို စီးပြီး ရုပ်ကလည်း ချောသည်။ ယဲ့ချန်း၏ချစ်သူ ဖြစ်ခွင့်ရပါလျှင် တစ်သက်လုံးထိုင်စားနေရုံပင်။ ထို့ကြောင့် သူမ လက်မလျှော့ချင်ပေ။
ယခုဆိုလျှင် ဘေးပတ်ပတ်လည်၌ လူများဝိုင်းနေလေပြီ။ ဤမြင်ကွင်းကြောင့် အားလုံး အံ့သြမှင်တက်နေကြသည်။
သေစမ်း..မိုက်လိုက်တာ..
အလှလေးက စက်ဘီးသမားကို ချစ်ရေးဆိုနေပြီး တစ်ချိန်တည်းမှာပင် သူဌေးသားတစ်ယောက်ကလည်း ထိုအလှလေးကို လိုက်ပိုးနေပြန်သည်။
တီဗီဇာတ်လမ်းတွေထဲမှာပင် ဤမျှမမိုက်ပေ။
ယခုတော့ ထိုဇာတ်ဝင်ခန်းက သူတို့မျက်စိရှေ့တွင် တကယ်ဖြစ်ပျက်နေလေပြီ။
"သေစမ်း။ အရမ်းမိုက်တာပဲ"
"ကောင်မလေးက ဘယ်သူ့ကိုရွေးမှာပါလိမ့်"
"ငါသာဆိုရင်တော့ သူဌေးသားကိုပဲရွေးမှာ"
"ငါရောပဲ။ အခုခေတ်က ပိုက်ဆံရှိမှလေ။ ရုပ်ချောတာက အရာမဝင်ဘူး"
"အချစ်က နိုင်မလား။ ပိုက်ဆံက နိုင်မလား။ သိချင်လှပြီ"
လူတိုင်းက ဖန်ရှောင်းတိ ဘာရွေးမလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။
ထိုအချိန်မှာပင် ကျန့်ရှုန်းက နောက်ထပ်ဗျူဟာခင်းလိုက်ပြန်သည်။ သူက အိတ်ကပ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်လိုက်သည်။
ဘူးကိုဖွင့်လိုက်သည်နှင့် စိန်လက်စွပ်တစ်ကွင်းက တောက်ပစွာ ထွက်ပေါ်လာသည်။
"အချစ်... ဒီလက်စွပ်က မင်းအတွက်ပါ။ မင်းက စိန်ကြိုက်မှန်း ကိုယ်သိတယ်လေ။ ကိုယ့်ရဲ့အချစ်သက်သေအဖြစ် နှစ်သိန်းပေးပြီး ဝယ်လာခဲ့တာ။ ရှောင်းတိ... လက်ခံပါနော်"
ဘေးနားရှိ မိန်းကလေးများမှာ အံ့သြမှင်တက်သွားကြသည်။ စိန်လက်စွပ်ကိုမြင်လျှင် ဘယ်မိန်းကလေးမှ တောင့်မခံနိုင်ပေ။ အော်ဟစ်သံများနှင့် ရှိုက်သံများ ရောထွေးသွားသည်။ ဤမြင်ကွင်းမှာ ရင်ထဲထိမိလွန်းသည်။
ထိုအချိန်တွင် ကျန့်ရှုန်း၏လုပ်ရပ်ကြောင့် မိန်းကလေးများ ကြွေကုန်ကြသည်။ ကျန့်ရှုန်းက ရုပ်မချောသော်လည်း သူပေးမည့်စိန်က အကြီးကြီးပင်။ နှစ်သိန်းတန်စိန်လက်စွပ်ကြီးကို ပိုင်ဆိုင်ရဖို့ဆိုသည်မှာ မိန်းကလေးများ၏ အိပ်မက်ပင်မဟုတ်ပါလား။
"အားကျလိုက်တာ။ ငါသာဆိုရင် လက်ခံလိုက်ပြီ"
"ဒါကမှ အချစ်စစ်"
"ရုပ်ဆိုးတာ ဘာမှအရေးမကြီးဘူး။ ကိုယ့်ကို လှအောင်ထားနိုင်ရင် ပြီးတာပဲ"
"ဟုတ်တယ်။ လူကို အပြင်ပန်းပဲ မကြည့်သင့်ဘူး။ စိတ်ထားအလှကိုလည်း ကြည့်ရတယ်"
"ဟုတ်တယ်။ ဒီတစ်ယောက်က ချစ်ဖို့တောင်ကောင်းလာသလိုပဲ"
"သူ့ကိုလက်ထပ်လိုက်ပါ... လက်ထပ်လိုက်ပါ..."
မိန်းကလေးအများစုမှာ မနေနိုင်တော့ဘဲ အော်ဟစ်တိုက်တွန်းကြသည်။ သူဌေးသားကျန့်ရှုန်းလည်း ကျေနပ်သွားသည်။ သူ့စိန်လက်စွပ်ကြောင့် ဤအလှလေးကို သေချာပေါက်ရပြီဟု ယုံကြည်ထားသည်။
"ရှောင်းတိ ကိုယ်ကတိပေးတယ်။ မင်းသာ ကိုယ့်ကိုလက်ထပ်မယ်ဆိုရင် မင်းလိုချင်တဲ့ဘရန်းအိတ်တွေနဲ့ အဝတ်အစားတွေက ဈေးဘယ်လောက်ကြီးကြီး ကိစ္စမရှိဘူး။ ကိုယ့်ကိုလက်ထပ်ပါနော်"
ဤစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီးမှာ နောက်တစ်ကြိမ် အံ့သြသွားကြပြန်သည်။ မိန်းကလေးများမှာ အသက်ရှူပင် မမှန်ချင်တော့ပေ။
"ဘုရားရေ... ဒီလောက်တောင် အလိုလိုက်မယ့် ယောကျာ်းမျိုးပါလား"
"ငါသာဆိုရင်တော့ သူဌေးသားကိုပဲ တန်းရွေးလိုက်မှာ"
"ဘယ်သူကငြင်းနိုင်မှာလဲ။ ရင်ထိတ်နေစရာတောင် မလိုတော့ဘူး။ ကောင်မလေးက သေချာပေါက်လက်ခံတော့မှာ"
"ဇာတ်သိမ်းက မေးနေစရာတောင်မလိုဘူး။ ကောင်မလေးတော့ ပါသွားပြီသာမှတ်လိုက်တော့"
"နောက်ဆုံးတော့လည်း အချစ်က ငွေကို ရှုံးသွားတာပါပဲ"
ထိုသူဌေးသား၏ မျက်နှာထက်တွင် အပြုံးပန်းဝေနေပြီး မိန်းကလေး သူ့ရင်ခွင်ထဲသို့ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေသည်။
ဘေးနားမှ ကြည့်နေကြသူများကလည်း ဘာမှ ထွေထွေထူးထူး ဖြစ်လာတော့မည်မဟုတ်ဟု ထင်နေကြသည်။
ဖန်ရှောင်းတိက သက်ပြင်းတစ်ချက်ချပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ရှင်က ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်လို့ ထင်နေတာလား။ ပိုက်ဆံရှိတာနဲ့ပဲ အချစ်ကို ဝယ်လို့ရမယ်များ ထင်နေလား။ ကျွန်မက ပိုက်ဆံကြောင့် စုံလုံးကန်းမယ့် မိန်းမမျိုးလို့ ထင်နေတာလား။ ကျွန်မလိုချင်တာ အချစ်စစ်အချစ်မှန်ပဲ။ ရှင်က ကျွန်မအပေါ်ကောင်းတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ချစ်ရတဲ့လူ ရှိပြီးသားပါ။ တောင်းပန်ပါတယ်။ ကျွန်မချစ်တဲ့လူက သူပါ။ ဒီလူပါပဲ"
ထိုသို့ပြောရင်း ဖန်ရှောင်းတိ၏ မျက်ဝန်းများမှာ ဆွေးမြေ့ရိပ်သန်းသွားပြီး စက်ဘီးပေါ်ရှိ ချောမောခန့်ညားသည့် ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။
ဖန်ရှောင်းတိက လေးနက်စွာ ပြောလိုက်၏။
"ယဲ့ချန်း.. ကျွန်မ ရှင့်ကို အလယ်တန်းကျောင်းသူဘဝကတည်းက တိတ်တခိုးချစ်ခဲ့ရတာပါ။ နှစ်တွေအများကြီး ကြာသွားပေမယ့် အဲဒီငယ်ဘဝအမှတ်တရတွေက ကျွန်မရင်ထဲမှာ ရှိနေတုန်းပါပဲ။ ကျွန်မရဲ့ချစ်သူ ဖြစ်ပေးနိုင်မလား"
ရုတ်ခြည်းပင် အားလုံး ကြက်သေသေသွားကြသည်။
ဤဇာတ်သိမ်းက ဘယ်သူမှ ထင်မှတ်မထားသော အခြေအနေပင်။
"ဘုရားရေ... ပိုက်ဆံရှေ့မှာတောင် ဒီမိန်းကလေးက အချစ်ကိုပဲ ရွေးလိုက်တာပါလား"
"တီဗီဇာတ်လမ်းဆန်လိုက်တာ။ လက်တွေ့ဘဝမှာ ဒီလိုမျိုး ဖြစ်နိုင်ပါ့မလား"
"ဒီကောင်မလေးက နုံအလွန်းတယ်။ သေချာပေါက်နောင်တရရတော့မှာ"
တစ်ဖက်တွင်မူ ဘီအမ်ဒဗလျူကားရှိပြီး တစ်ဖက်မှာတော့ စက်ဘီးတစ်စီးပင်။ ကောင်မလေးက စက်ဘီးကို ရွေးချယ်လိုက်လိမ့်မည်ဟု ဘယ်သူမှထင်မထားခဲ့ကြပေ။
•••••••••••••••••
အခန်း ၂၇၀ - အငှားလျှပ်စစ်စက်ဘီးပိုင်ရှင်
ဖန်ရှောင်းတိ၏ ရွေးချယ်မှုက လူတိုင်း၏ အချစ်အပေါ်ထားရှိသော အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။
သူတို့အမြင်မှာတော့ ဤကောင်မလေးက ဘီအမ်ဒဗလျူကား၊ ငုံးဥအရွယ် စိန်လက်စွပ်နှင့် ဘရန်းအိတ်များကိုသာ သေချာပေါက် ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ဖန်ရှောင်းတိက စက်ဘီးသမားကို ရွေးချယ်လိုက်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။
လူအမြောက်အများ မျက်ရည်ပင်ဝဲလာကြသည်။
ဒီလောကကြီးမှာ အချစ်စစ်ဆိုတာ ရှိသေးတာပဲ။ ဒီလောကကြီးမှာရှိတဲ့ မိန်းကလေးတိုင်းက ငွေမက်ကြတာ မဟုတ်ပါလား။
"လက်ခံလိုက်... လက်ခံလိုက်..."
လူအများအပြားက မျက်ရည်သုတ်ရင်း ဖန်ရှောင်းတိအတွက် ဝိုင်းဝန်းအားပေးကြသည်။
စက်ဘီးသမားလေး စိတ်လှုပ်ရှားသွားပြီး ကောင်မလေးကို လက်ခံလိုက်မည့် မြင်ကွင်းကိုကြည့်ရန် အသင့်ပြင်နေကြချိန်မှာပင် ထိုကောင်လေးက တည်ငြိမ်စွာပြောလိုက်သည်။
"နည်းနည်းလောက် ဖယ်ပေးလို့ရမလား... လမ်းပိတ်နေလို့ပါ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းမှာ ဖန်ရှောင်းတိဘေးမှ စက်ဘီးနင်းကာ ထွက်သွားလေတော့သည်။
လူတိုင်း ကြောင်အကုန်ကြသည်။
စက်ဘီးသမားက ကောင်မလေးကို ငြင်းလိုက်တာလား။
ဇာတ်လမ်းက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။
ဖန်ရှောင်းတိလည်း အံ့သြသွားရသည်။
ယဲ့ချန်း စိတ်လှုပ်ရှားသွားပြီး သူ(မ)ကို လက်ခံလိမ့်မည်ဟု ထင်ထားသော်လည်း ယဲ့ချန်းကမူ သည်အတိုင်း ထွက်သွားခဲ့သည်။
သူ(မ)အတွက် စကားတစ်ခွန်းတောင် အပိုမပြောခဲ့ပေ။
သူ(မ)မှာ ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားရသည်။
ဖန်ရှောင်းတိလည်း ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ပွင့် ဆင်မြန်းကာ အမြန်လှည့်လိုက်သည်။
"အားရှုန်း..ရှင့်ကမ်းလှမ်းမှုကို ကျွန်မလက်ခံပါတယ်။ ရှင့်ချစ်သူ ဖြစ်ပေးပါ့မယ်"
ထိုအချိန်တွင် ကျန့်ရှုန်းမှာမူ စိန်လက်စွပ်ဘူးကို ကိုင်လျက် မျက်နှာပျက်နေချေသည်။
သူသည် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ပင်။
ဖန်ရှောင်းတိကို လေးလေးနက်နက် လိုက်ပိုးခဲ့သည်။ ဖွင့်ပြောခဲ့သည်။ သို့သော် ဤမိန်းမက နောက်ဆုံးကျတော့ စက်ဘီးသမားကိုသာ ရွေးချယ်ခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ လူတွေအများကြီးရှေ့မှာ ဖြစ်သွားခြင်းပင်။ သူဌေးသားဆိုသည်မှာ သိက္ခာကို အလေးထားသည်မဟုတ်လား။
သူ့မျက်နှာတစ်ခုလုံး ပူထူလာပြီး ပါးရိုက်ခံလိုက်ရသလို ခံစားနေရသည်။
ထိုသူဌေးသား၏ မျက်လုံးများမှာ အေးစက်သွားပြီး လက်ထဲရှိ နှင်းဆီပန်းစည်းဖြင့် ဖန်ရှောင်းတိ၏မျက်နှာကို ပစ်ပေါက်လိုက်တော့သည်။
"မင်းပဲ အဲဒီစက်ဘီးသမားကို ကြိုက်တယ်ဆို... မင်းပဲ အချစ်ကိုပဲ လိုချင်တာဆို... သွားလေ... ငါ စိတ်ပြောင်းသွားပြီ"
ထိုသို့ပြောပြီးနောက် ထိုလူက ဖန်ရှောင်းတိ၏ငိုကြွေးသံများကို လျစ်လျူရှုကာ ဘီအမ်ဒဗလျူကားပေါ်သို့ တက်၍ မောင်းထွက်သွားလေတော့သည်။
အရှက်လည်းကွဲပြီး လက်ဗလာချည်းသာ ကျန်ရစ်ခဲ့ရလေပြီ။
ဖန်ရှောင်းတိခမျာ မြေပြင်ပေါ်ထိုင်ချကာ အော်ဟစ်ငိုကြွေးနေလေတော့သည်။
ဤဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်သည်နှင့် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခု ဖြစ်သွားသည်။
အချစ်နှင့် ငွေကြေးဆိုသည်မှာ လူသားများအကြား ထာဝရပြောမကုန်သော ခေါင်းစဉ်တစ်ခုပင်။
ဗီဒီယိုက အလျင်အမြန်ပျံ့နှံ့သွားသည်။ ဇာတ်လမ်းအလှည့်အပြောင်းများက ကြည့်ရှုသူများကို အာမေဋိတ်တစေခဲ့သည်။
"သေစမ်း... ဒီကောင်လေးက တော်တော်ရက်စက်တာပဲ။ ကောင်မလေးရဲ့ချစ်ရေးဆိုမှုကိုတောင် ငြင်းရက်တယ်လို့"
"ကောင်မလေး သနားပါတယ်"
သို့သော် မကြာခင်မှာပင် နောက်ထပ်ဗီဒီယိုတစ်ခုက အွန်လိုင်းပေါ်သို့ တက်လာပြန်သည်။ ၎င်းမှာ ယဲ့ချန်းတစ်ယောက် လိုင်ကန်ပြိုင်ကားကိုမောင်းနေသည့် ဗီဒီယိုပင်။
"အဲဒါ လိုင်ကန်ပြိုင်ကားမဟုတ်လား။ ငါ အခုလေးတင် အွန်လိုင်းပေါ်မှာ ရှာကြည့်လိုက်တာ တန်ဖိုးက သန်း ၁၂၀တဲ့"
"သောက်ကျိုးနည်း... အစတုန်းကတော့ ကောင်မလေးက အချစ်ကိုရွေးတယ်လို့ထင်ခဲ့မိတာ။ ငါ အလိမ်ခံရတော့မလို့"
"စက်ဘီးသမားက လိုင်ကန်မောင်းတာကိုး။ သေလိုက်ပါတော့... ဘာကို အချစ်နဲ့ငွေကြေးလဲ။ ဒါက လူကုံထံကိုမှ မှန်းနေတဲ့ သိုက်တူးသမားဇာတ်လမ်းပဲ"
"ကောင်မလေးက အချစ်ကြောင့် စက်ဘီးသမားကို ရွေးတာမဟုတ်ဘဲ အဲဒီစက်ဘီးသမားကမှ တကယ့်သူဌေးအစစ်ဖြစ်နေလို့ ရွေးတာပါလား"
...
ထိုအချိန်တွင် ယဲ့ချန်းမှာမူ လမ်းမပေါ်ရှိ ဖြစ်ရပ်က လူအမြောက်အများ၏စိတ်ဝင်စားမှုကို ခံနေရကြောင်း မသိပေ။
သူသည် အငှားစက်ဘီးကို စီးပြီး 'နှင်းဆီဥယျာဉ် အိမ်ရာ'၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။
ပြောစရာပင်မလိုပေ။ နှင်းဆီဥယျာဉ်၏ အပြင်အဆင်မှာ အလွန်ခမ်းနားထည်ဝါလှသည်။ ဝင်ပေါက်မုခ်ခုံးကို အောင်ပွဲခံမုခ်ဦးနှင့် ပုံစံတူတည်ဆောက်ထားလေရာ အလွန်ကြီးကျယ်ခမ်းနားသည်။
ဝင်ပေါက်တွင် လုံခြုံရေးဂိတ်တစ်ခုရှိသည်။ ယဲ့ချန်း အထဲဝင်ရန် ပြင်လိုက်စဉ်မှာပင် လုံခြုံရေးတစ်ယောက်က သူ့ကို တားလိုက်သည်။
"လူကြီးမင်း... ဒီအိမ်ရာက နေထိုင်သူတွေကိုပဲ ဝင်ခွင့်ပေးထားပါတယ်။ သာမန်လူတွေ ဝင်ခွင့်မရှိပါဘူး"
ဤအိမ်ရာတွင် နေထိုင်သူအရေအတွက် သိပ်မများလှသဖြင့် လုံခြုံရေးများက နေထိုင်သူအားလုံးကို မှတ်မိနေကြသည်။
ယဲ့ချန်းမှာ မျက်နှာစိမ်းတစ်ယောက်ပင်။
ထို့ပြင် သူသည် သာမန်လူတန်းစားတို့၏ သင်္ကေတဖြစ်သော အငှားစက်ဘီးကိုပင် စီးလာသည်မဟုတ်ပါလား။
"ယဲ့ချန်း.. မင်း ဒီမှာဘာလာလုပ်တာလဲ"
ထိုစဉ် အနောက်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
ယဲ့ချန်း လှည့်ကြည့်လိုက်လေရာ အံ့သြသွားရသည်။ သူ့အထက်တန်းကျောင်းနေဖက်သူငယ်ချင်း ဝမ်မုန့်ပင်။
"ဝမ်မုန့်.. မင်းကရော ဒီမှာဘာလုပ်နေတာလဲ"
ယဲ့ချန်းလည်း အနည်းငယ်အံ့သြသွားသည်။
သူတို့နှစ်ယောက်မှာ အထက်တန်းတုန်းက တစ်ခုံတည်းအတူထိုင်ခဲ့ဖူးပြီး မတွေ့ရသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်၏။
ထိုစဉ်က ယဲ့ချန်းက စာတော်သော်လည်း ဝမ်မုန့်၏ မိသားစုမှာမူ မပြေလည်သဖြင့် ကျောင်းဆင်းချိန်တွင် အလုပ်လုပ်ခဲ့ရပြီး နောက်ပိုင်းတွင်လည်း တက္ကသိုလ်မတက်ခဲ့ရပေ။ ကျောင်းပြီးသွားသောအခါ နှစ်ယောက်သား အဆက်အသွယ်ပြတ်သွားခဲ့သည်။
မထင်မှတ်ထားဘဲ ဤနေရာမှာ ပြန်ဆုံရသည်။
ဝမ်မုန့်မှာ လုံခြုံရေးဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဤနေရာတွင် အစောင့်လုပ်နေမှန်း သိသာလှ၏။
ကျောင်းနေဖက်သူငယ်ချင်းဟောင်းကို တွေ့လိုက်ရသဖြင့် ဝမ်မုန့် အနည်းငယ်ရှက်ရွံ့သွားသည်။
သူငယ်ချင်းဟောင်းက သူ လုံခြုံရေးဝန်ထမ်းလုပ်နေကြောင်း သိသွားသည်မှာ အနည်းငယ်တော့ မျက်နှာပူစရာ ကောင်းသည် မဟုတ်လား။
လူ့အဖွဲ့အစည်းထဲတွင် လုံခြုံရေးများမှာ အထင်သေးခံရတတ်ပြီး အချို့ဆိုလျှင် အိမ်စောင့်ခွေးဟုပင် ရိုင်းရိုင်းစိုင်းစိုင်း ခေါ်တတ်ကြသည်။
သို့သော် ယဲ့ချန်း၏ မျက်လုံးများမှာမူ နွေးထွေးပြီး ရွှင်လန်းနေသည်။
ယဲ့ချန်း၏အကြည့်ထဲတွင် အထင်သေးမှု သို့မဟုတ် စက်ဆုပ်ရွံရှာမှု၏ အရိပ်အယောင်အနည်းငယ်မျှပင် မတွေ့ရသဖြင့် ဝမ်မုန့် ကျေးဇူးတင်မိသွားသည်။
"ယဲ့ချန်း..မင်း လူလာရှာတာလား"
ဝမ်မုန့်က မေးလိုက်သည်။
"မဟုတ်ဘူး။ ငါက ဒီမှာနေတာ"
"ဒီမှာနေတာလား"
ဝမ်မုန့်က ယဲ့ချန်းကို သေချာအကဲခတ်ကြည့်လိုက်သည်။
"မိုက်တယ်ကွာ... ဒီနေရာမှာ ဗီလာဝယ်နိုင်တယ်ဆိုတော့ တော်ရုံချမ်းသာတာ မဟုတ်ဘူးပဲ။ ငါ့သူငယ်ချင်းကြီး ကြီးပွားသွားပြီကိုး"
ယဲ့ချန်းက အငှားစက်ဘီးစီးလာသော်လည်း ဝမ်မုန့်ကတော့ ယဲ့ချန်း၏စကားကို သံသယမဝင်ခဲ့ပေ။ သူ့မှတ်ဉာဏ်ထဲရှိ ယဲ့ချန်းသည် အလွန်ရိုးသားဖြောင့်မတ်ပြီး ဘယ်တော့မှ မကြွားဝါတတ်ပေ။
ထိုစဉ် အနောက်ဘက်မှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဝမ်မုန့်..ဘယ်သူက မင်းကို ဒီမှာ စကားရပ်ပြောခိုင်းထားလို့လဲ။ အလုပ်ချိန်ဆိုတာ မသိဘူးလား"
ယဲ့ချန်းမှာ သူငယ်ချင်းဟောင်းနှင့် စကားပြောနေခိုက် ဖြတ်ပြောခံလိုက်ရသဖြင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ဝမ်မုန့်ကတော့ ထိုလူ့ကို အနည်းငယ်ကြောက်ရွံ့ပုံရပြီး မတ်မတ်ရပ်ကာ အလေးပြုလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော် ကျောင်းနေဖက်သူငယ်ချင်းနဲ့ တွေ့လို့ စကားနည်းနည်းပြောမိတာပါ"
ထိုအချိန်တွင် အသက်သုံးဆယ်ခန့်ရှိသော လုံခြုံရေးတစ်ယောက် ရောက်ချလာသည်။ ကျန်လုံခြုံရေးများကလည်း သူ့ကို ကြောက်ရပုံပေါ်သည်။
"ကျောင်းနေဖက်နဲ့ စကားပြောရအောင် ဒါက အလုပ်ချိန်ဆိုတာ မသိဘူးလား။ ဘယ်သူက မင်းကို စိတ်ကြိုက် စကားပြောခွင့်ပေးထားလို့လဲ"
ထိုသို့ပြောရင်း လုံခြုံရေးခေါင်းဆောင်က ဝမ်မုန့်ကို ခြေထောက်နှင့် ကန်လိုက်သည်။
ဝမ်မုန့်ခမျာ အနောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ယိုင်သွားရှာသည်။ သူ့မျက်နှာထက်တွင် ဒေါသရိပ်ဖြတ်ပြေးသွားသော်လည်း အောင့်အည်းသည်းခံလိုက်သည်။
"မတ်မတ်ရပ်စမ်း။ ငါ့လက်အောက်မှာ အလုပ်လုပ်နေသရွေ့ စည်းကမ်းချိုးဖောက်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်မလား"
"ခေါင်းဆောင်... ကျွန်တော်စည်းကမ်းမဖောက်ပါဘူး"
ဝမ်မုန့်ကလည်း မကျေနပ်ဟန်ဖြင့် ပြန်ပြောသည်။
"မင်းက ခံပြောရဲတယ်ပေါ့လေ"
ထိုလုံခြုံရေးခေါင်းဆောင်က ဝမ်မုန့်ကို ပါးရိုက်ရန် လက်ရွယ်လိုက်သည်။ ဤရိုက်ချက်မှာ အလွန်ပြင်းထန်ပုံရပြီး အကယ်၍ ဝမ်မုန့်သာ အရိုက်ခံလိုက်ရလျှင် မျက်နှာတစ်ခုလုံး ရောင်ကိုင်းသွားမည်မှာ သေချာသည်။
သို့သော် ထိုအချိန်မှာပင် လုံခြုံရေးခေါင်းဆောင်၏ လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားလိုက်သည်။
လုံခြုံရေးခေါင်းဆောင်လည်း မျက်နှာပျက်သွားပြီး ယဲ့ချန်းကို ကြည့်လိုက်သည်။
"အေးဆေးပြောလို့ရတာပဲ။ လူကိုရိုက်တာတော့ မကောင်းဘူးထင်တယ်နော်"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
လုံခြုံရေးခေါင်းဆောင်က ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်လေရာ အငှားစက်ဘီးကို မြင်သောအခါ အထင်သေးသည့်အမူအရာတစ်ခု ပေါ်လာလေသည်။
ဤသည်မှာ ဝမ်မုန့်ပြောသည့် သူငယ်ချင်းပင် ဖြစ်ရမည်။
ဝမ်မုန့်လိုလူက ဆင်းရဲမှတော့ စက်ဘီးစီးလာသည့် သူ့သူငယ်ချင်းကလည်း အခြေအနေသိပ်ကောင်းမည်မဟုတ်။
လုံခြုံရေးခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက လူကဲခတ်တတ်သည်။ ထို့ကြောင့် ယဲ့ချန်းကလည်း ဝမ်မုန့်လိုပင် ဆင်းရဲသားတစ်ယောက်ဟု ကောက်ချက်ချလိုက်သည်။
"ဟေ့ကောင်... ငါ့လက်ကိုလွှတ်စမ်း။ ငါ့ဝန်ထမ်းကို ငါဆုံးမတာ မင်းနဲ့ဘာဆိုင်လို့လဲ"
လုံခြုံရေးခေါင်းဆောင်က မောက်မောက်မာမာ ပြောလိုက်လေသည်။
ယဲ့ချန်းကမူ နှာခေါင်းရှုံ့လိုက်၏။
"ကျုပ်က ဒီမှာနေတာ။ ဒီလုံခြုံရေးက ကျုပ်ကို ကူညီပေးနေတာ။ သူ ဘာစည်းကမ်းများ ဖောက်ဖျက်မိလဲဆိုတာ ကျုပ် နားမလည်ဘူး"
"ဟားဟား... မင်းက ဒီမှာနေတာ ဟုတ်လား။ ဟေ့ကောင်... အငှားစက်ဘီးစီးလာပြီး ဒီမှာနေတာလို့ လာပြောရအောင် ငါ့ကို ကန်းနေတယ်များထင်နေလား"
လုံခြုံရေးခေါင်းဆောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။
•••••••••••••