အခန်း (၁၂၁၆-၁၂၁၈)
Vol. 82 Ch. 1216-1218
အခန်း (၁၂၁၆)
ကောင်းကင်မီးနိုင်ငံတော်၌ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ခြင်း
“ကျွန်တော့်ကို ဂရုမစိုက်နဲ့... ခင်ဗျားကိစ္စကို အရင် ရှင်းလိုက်”
လုချန်းက မုကျန့်ချင်းထံသို့ စိတ်အာရုံမှတစ်ဆင့် အသံလွှင့် ပြောလိုက်သည်။
ထိုအရာကို ကြားသောအခါ မုကျန့်ချင်း၏ အကြည့်က ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးအပေါ်သို့ စူးရဲစွာ ကျရောက်သွားသည်။ တစ်ချိန်တည်းမှာပင် မုကျန့်ချင်း၏ မျက်လုံးထဲရှိ လူသတ်လိုစိတ်ကို သူတို့ အာရုံခံမိလိုက်သည်။
ထို့ကြောင့် ကျင့်ကြံသူနှစ်ဦးက အလျင်အမြန်ပင်
“မင်းကြီး... ကျွန်တော်တို့ကို ချမ်းသာပေးပါ... ဒီနတ်လှေပေါ်မှာ ဝါစဉ်ကြီး တစ်ယောက် ပါလာမှန်း ကျွန်တော်တို့ လုံးဝ မသိခဲ့ပါဘူး။”
“ကျွန်တော်တို့ အပြစ်ပေးတာကို ခံယူပါ့မယ်..... ပြီးတော့ ကောင်းကျိုးတွေ ပြန်လုပ်ပြီး အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေး ပေးသနားတော်မူပါ။”
မုကျန့်ချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ သူတို့ကို သက်ညှာလွန်းခဲ့ပုံရသည်။ ပုံမှန်နေ့များ၌ မောက်မာပြီး ဗိုလ်ကျစိုးမိုးနေသည်သာမက ယခုအခါ ကောင်းကင်ဧကရာဇ်ကိုပင် ပြစ်မှားရဲသည့် သတ္တိ ရှိနေကြသည်။
လုချန်း ကောင်းကင်ဧကရာဇ် ဖြစ်ကြောင်း သူတို့ မသိခဲ့လျှင်ပင် သူတို့၏ အပြုအမူက သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူတို့ ဆက်လက်အသက်ရှင်မနေသင့်တော့ပေ။
ထို့နောက် ချက်ချင်းပင် မုကျန့်ချင်း သူ၏ လက်ကို မြှောက်လိုက်သည်။ ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့်အတူ ကောင်းကင်မှ ကြီးမားသော လက်ဝါးကြီးတစ်ခု ဆင်းသက်လာခဲ့သည်။
တစ်စုံတစ်ခု လွဲမှားနေသည်ကို အာရုံခံမိသော ကျင့်ကြံသူနှစ်ဦးလည်း ကာကွယ်ရန် ကြိုးစားသည့်အနေဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အလျင်အမြန် စုစည်းလိုက်ကြသည်။
သို့သော် သူတော်စင်ဟူသည် သူတော်စင်သာ ဖြစ်သည်။ ရွှေရောင်လက်ဝါးကြီး ကျဆင်းလာသည်နှင့် ကျင့်ကြံသူနှစ်ဦး၏ ခန္ဓာကိုယ်များ ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
သို့သော်လည်း ကိစ္စက ဤနေရာတွင် မရပ်တန့်သွားခဲ့ပေ။
ကောင်းကင်မီးနိုင်ငံတော်ရှိ လျှို့ဝှက်အခန်း နှစ်ခန်းအတွင်း၌ ကျင့်ကြံသူနှစ်ဦး၏ ပင်မကိုယ်များ ရုတ်တရက် မျက်လုံးပွင့်လာကြသည်။ သူတို့၏ ကိုယ်ပွားများ ဖျက်ဆီးခံလိုက်ရသည်ကို အာရုံခံမိပြီးနောက် သူတို့ တွန့်ဆုတ်မနေတော့ပေ။ မတ်တတ်ရပ်ကာ လျှို့ဝှက်အခန်းမှ ထွက်ခွာပြီး ကောင်းကင်မီးနိုင်ငံတော်မှ ထွက်ပြေးရန် စီစဉ်လိုက်ကြသည်။
မီးဧကရာဇ်တွင် သူတို့အား သတ်လိုစိတ် ရှိနေပြီဖြစ်သည်။ ကိုယ်ပွားတစ်ခုကို ဖျက်ဆီးပစ်ရုံဖြင့် ပြီးသွားမည် မဟုတ်ပေ။
သို့သော်အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုလုံးကို အာရုံခံနိုင်စွမ်းများဖြင့် လွှမ်းခြုံထားနိုင်ခြင်းက သူတော်စင်တစ်ဦးအတွက် ကြီးမားသော စိန်ခေါ်မှု မဟုတ်ပေ။ ထို ကျင့်ကြံသူနှစ်ဦး၏ ကိုယ်ခန္ဓာအစစ်များကို ရှာဖွေရန် သူ့အတွက် အတွေးတစ်ချက်သာ လိုသည်။
ကောင်းကင်မီးကမ္ဘာမှ ထွက်ပြေးရန် ကြိုးစားနေကြသော ကျင့်ကြံသူနှစ်ဦး၏ ကိုယ်ခန္ဓာအစစ်များကို မုကျန့်ချင်း လျင်မြန်စွာ တွေ့ရှိသွားသည်။ မည်သည့် တွန့်ဆုတ်မှုမှ မရှိပဲ မုကျန့်ချင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်လိုက်သည်။
ကြီးမားသော ရွှေရောင်လက်ဝါးကြီး နှစ်ခုကို ကောင်းကင်မီးကမ္ဘာမှ လူများ မြင်တွေ့လိုက်ရသောအခါ အားလုံး ကြောင်ငေးသွားကြသည်။
အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတွင် ကျင့်ကြံသူများ၏ အင်အားကို ကောင်းကင်ဘုံ လမ်းစဉ်၏ ဥပဒေနိယာမများဖြင့် ဖိနှိပ်ထားလေ့ရှိသည်။ သာမန်ကျင့်ကြံသူများ၏ တိုက်ပွဲများသည် ဤကဲ့သို့သော လှုပ်ခတ်မှုမျိုး မဖြစ်ပေါ်စေနိုင်ပေ။ သူတော်စင်များ၏ စွမ်းအားသာလျှင် ဤမျှအတိုင်းအတာအထိ ထင်ရှားလာနိုင်သည်။
သူတော်စင်တစ်ဦးက အဘယ်ကြောင့် ဤမျှ လက်လွတ်စပယ် ပြုမူရသနည်း။
ပစ်မှတ်က မည်သူနည်း။
ရန်သူများ ကောင်းကင်မီးကမ္ဘာကို ကျူးကျော်လာခြင်းတော့ မဟုတ်လောက်ပေ။
တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းနှင့် ဆက်ဆံရေး တင်းမာနေမှုကို ထည့်သွင်းစဉ်းစားမိလိုက်ကြပြီး တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းက ကောင်းကင်မီးကမ္ဘာသို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပြီဟု လူများ သံသယဝင်လာကြကာ ကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။
သို့သော် ဧရာမလက်ဝါးကြီး နှစ်ခုသာ ပေါ်လာပြီး နောက်ထပ် ဘာမှဆက်မဖြစ် တော့သဖြင့် လူများ တဖြည်းဖြည်း စိတ်အေးသွားကြသည်။ သူတော်စင်များအကြား တိုက်ပွဲသာ ဖြစ်ခဲ့လျှင် ဒီထက်ပို၍ ကြီးကျယ်မှာ သေချာသည်။
တော်ဝင်မိသားစုမှ အကြီးအကဲ သို့မဟုတ် မီးဧကရာဇ်က ရန်သူကို ရှာဖွေတွေ့ရှိသွားပြီး ခြိမ်းခြောက်မှုကို ဖယ်ရှားရန် လှုပ်ရှားလိုက်ခြင်း ဖြစ်နိုင်သည်။
ကျင့်ကြံသူနှစ်ဦးကို ရှင်းလင်းပြီးနောက် မုကျန့်ချင်း လုချန်း၏ ရှေ့သို့ ချက်ချင်း ရောက်လာသည်။
“ ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။ ကျွန်တော်ရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းခဲ့တဲ့အတွက် လက်အောက်ငယ်သားတွေက မင်းကြီးကို ပြစ်မှားမိကြပါတယ်။ ..မင်းကြီး အလိုရှိတဲ့အတိုင်း အပြစ်ပေးပါ။”
လုချန်းက ခပ်အေးအေးပင်
“ကိစ္စမရှိပါဘူး.....ထားလိုက်ပါ”
မုကျန့်ချင်းက လျင်မြန်စွာပင်
“ကျေးဇူးတင်ပါတယ် မင်းကြီး”
လုချန်းက
“နည်းဗျူဟာပုံစံ တည်ဆောက်ဖို့ သင့်တော်တဲ့နေရာ ရှာတွေ့ပြီလား။”
မုကျန့်ချင်းက
“ရှာတွေ့ပါပြီ... တော်ဝင်သင်္ချိုင်းက အသင့်တော်ဆုံးနေရာလို့ ကျွန်တော် ထင်ပါတယ်။”
တော်ဝင်သင်္ချိုင်းကို အမြဲတမ်း စောင့်ကြပ်ထားပြီး သာမန်လူများ ဝင်ရောက်၍ မရနိုင် ပေ။ တော်ဝင်မိသားစုဝင်များနှင့် ကောင်းကင်မီးမျိုးနွယ်မှ သီးသန့်ပုဂ္ဂိုလ်များသာ ဝင်ရောက်ခွင့်ရှိသဖြင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ရန် အသင့်တော်ဆုံးနေရာ ဖြစ်ပေသည်။
လုချန်းက
“ကောင်းပြီလေ။ အဲ့ဒီကို အရင် လမ်းပြပေးပါ။”
ယခု အရေးအကြီးဆုံးမှာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ရန်ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ထိုနည်းဗျူဟာပုံစံကို အသုံးပြု၍ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် ဖြစ်သည်။
မုကျန့်ချင်းက
“ဟုတ်ကဲ့ပါ မင်းကြီး။ ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ။”
ထို့နောက် မုကျန့်ချင်းက လုချန်းနှင့် မုချင်းလန်ကို တော်ဝင်သင်္ချိုင်းသို့ ခေါ်ဆောင်သွားသည်။ သူ့တို့ သင်္ချိုင်းဝင်ရောက်လိုက်သည်နှင့် အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုစဉ် အဘိုးအိုတစ်ဦး သူတို့ထံ လျှောက်လာပြီး မုကျန့်ချင်းကို ဇဝေဇဝါဖြင့် ကြည့်ကာ
“အကြီးအကဲ...မင်းကြီး... ဘာကိစ္စများ ရှိလို့ပါလဲ”
အဆင့်တက်ဖို့ အခွင့်အလမ်း ရှာရန် ကောင်းကင်မီးနိုင်ငံတော်မှ ထွက်ခွာမည်ဟု မုချင်းလန်က ပြောခဲ့သော်လည်း သူမ အဘယ်ကြောင့် ဤမျှမြန်မြန်ပြန်ရောက်လာရသနည်းဟု မုချန်ဝမ် သူ့ဘာသာ တွေးတောနေသည်။
မုချန်ဝမ် ဇဝေဇဝါ ဖြစ်နေစဉ်တွင် လုချန်းအပေါ်သို့ သူ့အကြည့် ကျရောက်သွားသည်။ လုချန်းကို မြင်လိုက်ရသည့် ခဏတွင် သူ လုံးဝ ဆွံ့အသွားသည်။
“ကောင်းကင်......ကောင်းကင်ဧကရာဇ်”
စိတ်တည်ငြိမ်သွားပြီးနောက် မုချန်ဝမ်က အလျင်အမြန် ဂါရဝပြုလိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။”
လုချန်း၏ အင်အားက သိပ်မကြီးကြောင်း အာရုံခံမိသော်လည်း လုချန်း၏ ပုံပန်းသဏ္ဌာန်အရ ကောင်းကင်ဧကရာဇ် ဖြစ်နိုင်ခြေ အလွန်များသည်။
မုချင်းလန် ထွက်ခွာသွားပြီးနောက် တော်ဝင်သင်္ချိုင်းတစ်ခုလုံးကို လွှဲပြောင်းရယူကာ မုချန်ဝမ် တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ပြင်ပလောကတွင် ဖြစ်ပျက်နေသည်များနှင့် အဆက်ပြတ်နေသူလည်းဖြစ်၏။ ယခု တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာပြီးပြီးချင်း ကောင်းကင်ဧကရာဇ်နှင့် တွေ့ဆုံရလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။
လုချန်းက
“ထုံးစံတွေ ထားလိုက်ပါ”
မုချန်ဝမ်က လုချန်းကို အလွန် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
“.မင်းကြီး... နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ။”
ကောင်းကင်မီးမျိုးနွယ်ဝင်များသည် လုချန်းကို အလွန် ကျေးဇူးတင်ကြ၏။ အထူးသဖြင့် ကောင်းကင်မီးတော်ဝင်မိသားစုသည် သူ့အပေါ် လုံးဝ သစ္စာရှိသူများ ဖြစ်ကြသည်။
သို့သော် ကောင်းကင်ဧကရာဇ်က ကောင်းကင်မီးမျိုးနွယ်ကို စွန့်ပစ်ခဲ့ပြီဟု တစ်ချိန်က သူတို့ ယုံကြည်ခဲ့ကြသည်။ တစ်နေ့တွင် ကောင်းကင်ဧကရာဇ်ကို ပြန်လည်တွေ့မြင်ရလိမ့်မည်ဟု မုချန်ဝမ် စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။
မုကျန့်ချင်းက
“ဦးလေး သုံး..... မင်းကြီးက တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ဖို့ လာတာပါ။”
မုချန်ဝမ်က ဘေးသို့ အမြန်ဖယ်ပေးလိုက်ပြီး ပြောလိုက်သည်။
“ကြွပါ မင်းကြီး”
ထို့နောက် ဝါးတောတစ်ခုသို့ သူတို့ ရောက်ရှိလာကြသည်။ အချိန်မဖြုန်းပဲ လုချန်းသည် သူ၏ ကိုယ်တွင်းကမ္ဘာထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ပြီး သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို စတင်တည်ဆောက်လိုက်သည်။
သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံက ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သုံးစွဲနေသည်ကို မြင်သောအခါ မုချန်ဝမ် အနည်းငယ် မှင်သက်သွားသည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တစ်ခုက ဝိညာဉ်ကျောက်တုံး ဤမျှအများကြီး လိုအပ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ကောင်းကင်မီးနိုင်ငံတော်တွင် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံများ ရှိသော်လည်း ဤတစ်ခုလောက် ဝိညာဉ်ကျောက်တုံး သုံးစွဲခြင်း မရှိပေ။
ဝိညာဉ်ကျောက်တုံးများက တံခါးပေါက်တစ်ခုအဖြစ် တဖြည်းဖြည်း ပုံဖော်လာသောအခါ လုချန်း သက်ပြင်းချလိုက်ပြီး
“ဒီ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ကျွန်တော် အရင် စမ်းသပ်ကြည့်လိုက်မယ်။”
တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ အတွင်းသို့ လုချန်း ဝင်ရောက်ရန် ပြင်ဆင်နေစဉ်တွင် မုချင်းလန် ရုတ်တရက် ပြောလိုက်သည်။
“မင်းကြီး......တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပထမဆုံးအကြိမ် သုံးတာဆိုတော့ မငြိမ်မသက် ဖြစ်နိုင်ပါတယ်.....ဒါကြောင့် ကျွန်မ မင်းကြီးနောက် လိုက်ခဲ့ရမလား။”
ထိုစဉ် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပထမဆုံး ဖြတ်သန်းစဉ် လုချန်းနှင့် လက်တွဲခဲ့ဖူးသော ယခင်အကြိမ်ကို မုချင်းလန် ပြန်လည်အမှတ်ရမိလိုက်ပြီး သူမ၏ အေးစက်သော မျက်နှာ အနည်းငယ် နီရဲလာသည်။
လုချန်းက မငြင်းပဲ
“ကောင်းပြီလေ”
စကားဆုံးသည်နှင့် လုချန်းက လက်ကမ်းပေးလိုက်ရာ မုချင်းလန် အလျင်အမြန် လျှောက်သွားပြီး လုချန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော မုကျန့်ချင်းနှင့် မုချန်ဝမ်တို့ နှစ်ဦးစလုံး လုံးဝ ဆွံ့အသွားကြသည်။ ထိုအချိန်တွင် လုချန်းက သူတို့နှစ်ဦးဘက်သို့ အနည်းငယ် လှည့်ကြည့်လိုက်ပြီး
“ကျွန်တော်တို့ မကြာခင် ပြန်လာခဲ့မယ်။”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦး တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် အတွင်းသို့ သူတို့ ဝင်ရောက်သွားပြီးသည်နှင့် မုကျန့်ချင်းနှင့် မုချန်ဝမ်တို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ပြီး တစ်ဦးနှင့်တစ်ဦး မျက်လုံးများထဲတွင် အံ့သြမှုများ မြင်တွေ့လိုက်ရသည်။
မုချင်းလန် ကောင်းကင်ဧကရာဇ်အပေါ် အမြဲတမ်း သစ္စာရှိခဲ့သည်ကို သူတို့ ကောင်းကောင်း သိထားကြသည်။ တစ်ချိန်က ကောင်းကင်ဧကရာဇ်၏ ဘေးနားတွင် နေလိုသော ဆန္ဒဖြင့် မုချင်းလန် အသည်းအသန် လေ့ကျင့်ခဲ့ဖူးသည်။ မုချင်းလန်၏ ပင်ကိုပါရမီသညိ ထူးချွန်သည်ဟု မဆိုနိုင်သော်လည်း သူမ၏ အတွင်းစိတ်ဆန္ဒ ပြင်းပြမှုကြောင့် သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်ဧကရာဇ် ထွက်ခွာသွားစဉ်က မုချင်းလန်ကို ခေါ်မသွားခဲ့ပေ။
တစ်နေ့တွင် ကောင်းကင်ဧကရာဇ်နှင့် မုချင်းလန် လက်တွဲနိုင်လိမ့်မည်ဟုလည်း သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
……………
အခန်း (၁၂၁၇)
ပြစ်တင် ဝေဖန်ခြင်း
မုကျန့်ချင်း ပထမဆုံး သတိပြန်ဝင်လာပြီး မုချန်ဝမ်ကို ပြုံးပြကာ
“ဦးလေးသုံး..... ကောင်းကင်ဧကရာဇ်ရဲ့ အင်အားကို အခုလောက်ဆို ဦးလေး သဘောပေါက်လောက်ပါပြီ။”
မုကျန့်ချင်းက ဆက်မပြောသော်လည်း သူဆိုလိုသည့် အဓိပ္ပာယ်ကို မုချန်ဝမ် ချက်ချင်း နားလည်လိုက်ပြီး
“အဲ့ဒီလိုကိုး... ပြန်လည်ဝင်စားဖို့ ကောင်းကင်ဧကရာဇ်တစ်ယောက် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ဦးလေး မသိသေးပေမဲ့ အခုချိန်မှာ သူ့မှတ်ဉာဏ်တွေ အပြည့်အဝ ပြန်မရသေးတာ ဖြစ်နိုင်တယ်။”
ကောင်းကင်မီးမျိုးနွယ်မှ လူတိုင်းကို ကောင်းကင်ဧကရာဇ်က ကယ်တင်ခဲ့သော်လည်း အချစ်ရေးနှင့်ပတ်သက်လာလျှင် ကောင်းကင်ဧကရာဇ်သည် အမှန်တကယ် အေးစက်သောသူတစ်ဦး ဖြစ်သည်ကို ဝန်ခံရပေမည်။
ပိုအားကောင်းလာစေရန်သာ သူ၏ အတွေးများအားလုံးကို အာရုံစိုက်ထားခဲ့သူဖြစ်သည်။ ကောင်းကင်ဧကရာဇ်က မှတ်ဉာဏ်များ ပြန်မရသေးသဖြင့်သာ မိန်းမပျိုတစ်ဦးကို လက်ကိုင်ခွင့်ပြုခြင်း ဖြစ်နိုင်သည်။
ထို့နောက် မုကျန့်ချင်းက
“ဘာပဲဖြစ်ဖြစ်.....အကြီးအကဲရဲ့ဆန္ဒကို ပြည့်ခဲ့ပြီးပြီဆိုတော့ ဒါက သူရဲ့ ကျင့်စဉ်အဆင့် အနှောင်အဖွဲ့တွေကို ချိုးဖျက်နိုင်ပြီး သူရဲ့ ကျင့်စဉ်အရှိန်ကို ပို မြန်လာစေနိုင်တယ်။”
ကျင့်ကြံသူများအတွက် အရေးကြီးဆုံးမှာ စိတ်ကြည်လင်မှု ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အကြောင်းကို အမြဲ တွေးတောနေခြင်းကြောင့် မုချင်းလန် လက်ရှိအဆင့်တွင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဧကရာဇ်အပေါ်ထားရှိသော သူမ၏ ခံစားချက်များကို ကောင်းကင်မီးမျိုးနွယ်မှ လူတိုင်း ကောင်းစွာ သိထားကြသည်။ မုချင်းလန်သည် အချစ်၏ ဖမ်းစားခြင်းကို ခံထားရသဖြင့် သူတော်စင် တတိယအလွှာတွင်သာ ထာဝရ ကန့်သတ်ခံရမည်ကို စိုးရိမ်ခဲ့ကြသည်။
မမျှော်လင့်ပဲ ကောင်းကင်ဧကရာဇ် ပြန်ရောက်လာခြင်းက မုချင်းလန်အတွက်သာမက ကောင်းကင်မီးမျိုးနွယ် တစ်ခုလုံးအတွက်ပါ အကျိုးရှိစေသည်။ မုချင်းလန်သည် ကောင်းကင်မီး တော်ဝင်မိသားစု၏ အကြီးအကဲတစ်ဦး ဖြစ်သောကြောင့် သူမ ပို အားကောင်းလာလေလေ ကောင်းကင်မီးမျိုးနွယ် ပိုအင်အားကြီးမားလေလေ ဖြစ်သည်။
လုချန်းနှင့် မုချင်းလန် ထွက်ခွာသွားပြီး မကြာမီတွင် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် လုချန်းနှင့် မုချင်းလန်တို့ လက်ချင်းချိတ်လျက် ထွက်လာကြသည်။
တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမှ မုချင်းလန် ထွက်လာသောအခါ သူမ၏ အေးစက်ပြီး ဖြူဖွေးသော ပါးပြင်များ နီရဲနေပြီ ဖြစ်သည်။
နည်းဗျူဟာပုံစံမှ ထွက်လာပြီးနောက် မုချင်းလန်၏ လက်ကို လုချန်းက လွှတ်လိုက်သဖြင့် သူမ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ထိုအချိန်တွင် လုချန်းက
“ကဲ... တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ပြီးသွားပြီ။ နောက်ဆိုရင် ဖရိုဖရဲကြယ်ပင်လယ်ကို သွားဖို့ ဒီနည်းဗျူဟာပုံစံကို အသုံးပြုလို့ရပြီ။”
သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံသည် ထျန်းချန်ကမ္ဘာသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သော်လည်း ဤနည်းဗျူဟာပုံစံဖြင့် ထျန်းချန်ကမ္ဘာသို့ တိုက်ရိုက်မဝင်ရောက်နိုင်ရန် လုချန်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။ ဤနည်းဗျူဟာပုံစံသည် ချန်ရန်ကမ္ဘာသို့သာ ပို့ဆောင်ပေးနိုင်သည်။
အနာဂတ်တွင် ကောင်းကင်မီးကမ္ဘာ အန္တရာယ်များနှင့် ရင်ဆိုင်ရချိန် ရန်သူများက ဤနည်းဗျူဟာပုံစံကို ရှာဖွေတွေ့ရှိသွားပြီး ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်ရန် အသုံးပြုမှာ စိုးရိမ်သဖြင့် ထျန်းချန်ကမ္ဘာ၏ လုံခြုံရေးအတွက် လုချန်း ထိုသို့ လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကြိုတင်ကာကွယ်မှုများက အမှန်တကယ် လိုအပ်သည်။
အနာဂတ်တွင် ရန်သူများက ဤနည်းဗျူဟာပုံစံကို ရှာဖွေတွေ့ရှိပြီး ဖရိုဖရဲကြယ်ပင်လယ်သို့ တိုက်ရိုက်သွားရောက်ရန် အသုံးပြုလျှင်ပင် ချန်ရန်ကမ္ဘာသို့သာ ရောက်ရှိမည်ဖြစ်သည်။ ထိုအခါ သူ့အနေနှင့် တုံ့ပြန်ရန် အချိန်အလုံအလောက် ရရှိမည် ဖြစ်သည်။
လုချန်း ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် မုကျန့်ချင်း အနားသို့ ရောက်လာပြီး
“မင်းကြီးရဲ့ နောက်ထပ် အစီအစဉ်က ဘာများပါလဲ။”
ကောင်းကင်ဧကရာဇ် ရောက်လာပြီဖြစ်ရာ သူ ချက်ချက်းပြန် ထွက်ခွာသွားမည် မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်ကို ကောင်းမွန်စွာ ဧည့်ခံရန် အခွင့်အရေးကို မုကျန့်ချင်း အမိအရ ဆုပ်ကိုင်လိုသော်လည်း ယခင်ဘဝမှ သူ၏ ကျင့်စဉ်အဆင့်ဖြင့် ကောင်းကင်ဧကရာဇ်သည် အရာအားလုံးကို ကြုံတွေ့ခဲ့ဖူးကြောင်း သူ နားလည်ထားသည်။
သို့သော် ဤဘဝမှ ကောင်းကင်ဧကရာဇ်သည် မကြာသေးမီကမှ ပြန်လည်ဝင်စားလာခြင်း ဖြစ်ပြီး မှတ်ဉာဏ်များ ပြန်မရသေးပေ။ သူ့ကို စိတ်ဝင်စားစေမည့် အရာများစွာ ရှိနေဦးမည် ဖြစ်သည်။
“လန်ကို လိုက်ပို့ခိုင်းလိုက်မယ်”
ဟု လုချန်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ မုကျန့်ချင်းနှင့် မုချန်ဝမ်တို့ ခေတ္တမျှ အံ့အားသင့်သွားသော်လည်း အလေးအနက်ကြီး မတွေးနေတော့ပဲ
“ကောင်းပါပြီ မင်းကြီး”
ထို့နောက် မုချင်းလန်အပေါ် မုကျန့်ချင်း၏ အကြည့်များ ကျရောက်သွားပြီး
“ဒါဆိုရင် အကြီးအကဲကိုပဲ ဒုက္ခပေးရပါတော့မယ်။”
မုချင်းလန်က
“အင်း”
ဟု ခံစားချက်မပါပဲ တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် မုကျန့်ချင်း၏ စိတ်အာရုံထဲ၌
“မင်းကြီး... ဧည့်သည်တော်အကြီးအကဲ လီကဲ့ချင်းက မင်းကြီးကို ရှာနေပါတယ်။ သူ တော်တော်လေး ဒေါသထွက်နေပုံရပါတယ်။”
ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာကို ကြားသောအခါ မုကျန့်ချင်း၏ မျက်ခုံး အနည်းငယ် တွန့်သွားပြီး မျက်နှာထား တည်သွားခဲ့သည်။
မုကျန့်ချင်း၏ မျက်နှာထား ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသဖြင့်
“တစ်ခုခု ဖြစ်လို့လား”
ဟု လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ကိစ္စအသေးအဖွဲလေးပါ မင်းကြီး...”
ဟု မုကျန့်ချင်းက အလျင်အမြန် ပြန်ပြောလိုက်သည်။
မုကျန့်ချင်း စကားမဆုံးခင် လုချန်းက ဖြတ်ပြောလိုက်သည်။
“အခြားလုပ်စရာ ဘမှမရှိမှတော့ ကျွန်တော်လည်း လိုက်ကြည့်ရတာပေါ့။”
“ဒါက...”
မုကျန့်ချင်း ခဏခန့် တုံ့ဆိုင်းနေပြီးနောက်
“ကောင်းပါပြီ... လိုက်ခဲ့ပါ မင်းကြီး”
ဟု သဘောတူလိုက်သည်။
မုကျန့်ချင်း စကားဆုံးသည်နှင့် ကောင်းကင်မီးမျိုးနွယ်မှ အခြားသူများ မှတ်မိခြင်း မရှိစေရန် ရုပ်ဖျက်ကျင့်စဉ်ကို အသုံးပြုပြီး သူ၏ ရုပ်သွင်ကို လုချန်း ချက်ချင်း ပြောင်းလဲလိုက်သည်။
ထို့နောက် သူတို့ကို အဆောင်တစ်ခုဆီသို့ မုကျန့်ချင်း ခေါ်သွားသည်။
အဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် မုကျန့်ချင်းက
“မင်းကြီး... ကျေးဇူးပြုပြီး ထိုင်ပါဦး။ ဒီကိစ္စကို ကျွန်တော် အခုပဲ ဖြေရှင်းလိုက်ပါမယ်။”
စကားဆုံးသည်နှင့် သူ့ကို ဆက်သွယ်ခဲ့သော လက်အောက်ငယ်သားထံသို့ မုကျန့်ချင်းက စိတ်အာရုံဖြင့် သတင်းစကား ပေးပို့လိုက်သည်။ မကြာမီတွင် သူတို့ရှိရာ အဆောင်ဆီသို့ အလင်းတန်းတစ်ခု တဟုန်ထိုး ရောက်ရှိလာသည်။
နောက်တစ်ခဏတွင် အဆောင်၏အလယ်သို့ လူရိပ်တစ်ခု ဆင်းသက်လာသည်။
ဧည့်သည်သည် ပညာရှိ နတ်ဘုရားတစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်နေသော အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။
ထိုအဘိုးအို ဆင်းသက်လာပြီးနောက် လုချန်းအပေါ် အကြည့်မရောက်ပဲ မုကျန့်ချင်းကို စိုက်ကြည့်ကာ
“မင်းကြီး......ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ဒီနေ့ ဘာကြောင့် သတ်ဖို့ ရွေးချယ်ခဲ့တာလဲ။”
လီချွမ်၏ လေသံက လူတစ်ယောက်ယောက်ကို ပြစ်တင်ဆူပူရန် ရောက်လာသည့်အလား ဖြစ်နေသည်။ ထိုကျင့်ကြံသူနှစ်ဦးကို ကောင်းကင်မီးကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သူက လီချွမ် ဖြစ်ပြီး ၎င်းတို့ကို လီချွမ်၏ လူများဟု သတ်မှတ်နိုင်သည်။
ထို့ပြင် ယနေ့ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မသိရသော်လည်း မုကျန့်ချင်း၏ လက်ချက်ဖြင့် သူတို့ သေဆုံးသွားခဲ့သည်။ အကြောင်းရင်းကိုတော့ လီချွမ် မသိပေ။ နတ်လှေဆိပ်ကမ်းတွင် မုကျန့်ချင်းက ဝင်ရောက်တိုက်ခိုက်သည်ကိုသာ သူ့လူများ မြင်တွေ့ခဲ့ရကြောင်း သိထားသည်။
မုကျန့်ချင်း၏ လုပ်ရပ်များက လီချွမ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်ဆိုတာက သံသယဖြစ်ဖွယ် မရှိပေ။ ကောင်းကင်မီးကမ္ဘာသို့ လူများကို သူ ဦးဆောင်ခေါ်ယူလာသော်လည်း အံ့အားသင့်စရာကောင်းစွာပင် ကောင်းကင်မီးကမ္ဘာက သူ့ မျက်နှာကို မထောက်ထားခဲ့ပေ။
သူကိုယ်တိုင် သူတော်စင်တစ်ပိုင်း အဆင့် ဖြစ်နေသဖြင့် မုကျန့်ချင်းအပေါ် လီချွမ် ရိုသေလေးစားမှု မရှိပေ။ ကောင်းကင်မီးကမ္ဘာတွင် သူတော်စင်နှစ်ပါး ရှိသော်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေကဲ့သို့သော နေရာများ၌ သူတော်စင် အဆင့်များကို အထင်ကြီးစရာ မလိုဟု သူယူဆထားသည်။
သူကဲ့သို့ သူတော်စင်တစ်ပိုင်းများ ကောင်းကင်မီးကမ္ဘာဘက်မှ မရပ်တည်ပါက ကောင်းကင်မီးကမ္ဘာ၏ အလုံးစုံ အင်အား သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။ ကိစ္စရပ်များစွာကို ကိုင်တွယ်ဖြေရှင်းရန် သူတော်စင်တစ်ပိုင်းများ လိုအပ်သည်။
သူတော်စင်များသည် အင်အားစုတစ်ခု၏ ဝှက်ဖဲများ ဖြစ်ကြသော်လည်း အရာအားလုံးကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည်ဟု မမျှော်လင့်နိုင်ပေ။
ထို့ကြောင့်ပင် ဧည့်သည်တော်အကြီးအကဲ လီချွမ်ကဲ့သို့သော ပုဂ္ဂိုလ်များက မုကျန့်ချင်းအပေါ် ရိုသေမှု မပြသခြင်း ဖြစ်သည်။ တကယ်တော့ ဤသူတော်စင်တစ်ပိုင်းများကို စည်းရုံးရန် မုကျန့်ချင်းဘက်က လိုက်လျောမှုများစွာ ပြုလုပ်ခဲ့ရ၏။ ထိုလိုက်လျောမှုများက သူတော်စင်တစ်ပိုင်းများကို ပို၍ စည်းကျော်လာစေသည်။
ကောင်းကင်ဧကရာဇ်ရှေ့မှောက်တွင်ပင် သူ့ကို ဤကဲ့သို့ ပြောဆိုရဲသည်ကို မြင်လိုက်ရသဖြင့် မုကျန့်ချင်း၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး
“လီချွမ်.....ခင်ဗျားက ကျုပ်ကို လာပြီး စစ်ဆေးမေးမြန်းနေတာလား”
ဟု အေးစက်စွာ မေးလိုက်သည်။
“ဒီသူတော်စင်တစ်ပိုင်းက မင်းကြီးလို သူတော်စင်တစ်ပါးကို အပြစ်မတင်ရဲပါဘူး”
ဟု လီချွမ်က ခပ်အေးအေး ပြန်ဖြေလိုက်သည်။
လီချွမ်က ထိုသို့ပြောသော်လည်း သူ၏ လေသံအရ မုကျန့်ချင်းကို အထင်မကြီးကြောင်း ပြသနေသည်။
လီချွမ်က ဆက်လက်၍
“အဲဒီနှစ်ယောက်က ကျွန်တော် ကိုယ်တိုင် ကောင်းကင်မီးကမ္ဘာကို ခေါ်လာတဲ့သူတွေပါ။ အကြောင်းရင်းကို မရှာဖွေပဲ မင်းကြီးက သူတို့ကို သတ်ပစ်လိုက်တယ်။ ဒါက ကျွန်တော့်ကို ဘယ်လိုအခြေအနေ ရောက်သွားစေပါသလဲ။”
“ဒီနေ့ ရှင်းပြချက်တစ်ခု မင်းကြီး မပေးဘူးဆိုရင် ကျွန်တော် ဧည့်သည်တော်အကြီးအကဲ ရာထူးကနေ နုတ်ထွက်ပြီး ကောင်းကင်မီးကမ္ဘာကနေ ချက်ချင်း ထွက်ခွာပါ့မယ်။”
…………..
အခန်း (၁၂၁၈)
အုပ်ချုပ်သူ လုပ်ရတာ မလွယ်
လီချွမ်၏ စကားကို ကြားလိုက်ရသောအခါ မုကျန့်ချင်း၏ မျက်နှာထား ပို၍ အရုပ်ဆိုးသွားခဲ့သည်။ သူတော်စင်တစ်ပါးဖြစ်သည့်အပြင် ကောင်းကင်မီးမင်းဆက်၏ အရှင်သခင်ဖြစ်ပါလျက် ယခု သူတော်စင်တစ်ပိုင်း၏ ခြိမ်းခြောက်ခြင်းကို သူ ခံနေရသည်။
ဤကိစ္စသာ ပြန့်ပွားသွားပါက ဧကရာဇ်တစ်ပါးအနေနှင့် သူ၏ အာဏာစက်က ဘယ်မှာ ရှိတော့မည်နည်း။
လီချွမ်က မုကျန့်ချင်းကို အထင်သေးစွာ ဆက်လက်ကြည့်ရှုနေသည်။ သူ့အမြင်တွင် မုကျန့်ချင်းသည် အင်အားကြီးမားသော်လည်း ကောင်းကင်မီးမင်းဆက်နှင့် ကောင်းကင်မီးမျိုးနွယ်အတွက် အရာအားလုံးကို မလွှဲမရှောင်သာ လိုက်လျောပေးရမည်ဟု တွေးထင်နေသည်။
ယနေ့ ကောင်းကင်မီးနိုင်ငံတော်၏ စည်ပင်ဝပြောမှုသည် အတိုင်းအတာတစ်ခုအထိတော့ မုကျန့်ချင်း၏ လိုက်လျောမှုမှ ရရှိလာသော ရလဒ် ဖြစ်သည်။ တော်ဝင်မိသားစုသည် ထိန်းချုပ်မှုကို လျှော့ချခဲ့ပြီး စည်းမျဉ်းစည်းကမ်းများ နည်းပါးလာသဖြင့် ကောင်းကင်မီးကမ္ဘာသို့ လူများ ပိုဆွဲဆောင်နိုင်ခဲ့သည်။
သို့သော်လည်း ရောက်လာသူများမှာ လီချွမ်ကဲ့သို့ စည်းကမ်းမရှိသောသူများ ဖြစ်လေ့ရှိသည်။ ကောင်းကင်မီး တော်ဝင်မိသားစု၏ ဧည့်သည်တော်အကြီးအကဲ ဖြစ်လာခဲ့သော်လည်း ကောင်းကင်မီး တော်ဝင်မိသားစု သို့မဟုတ် ဧကရာဇ် မုကျန့်ချင်းကို သူ အထင်မကြီးခဲ့ပေ။
“ဒီနှစ်ယောက်က သူတို့ရာထူးကို အလွဲသုံးစားလုပ်ပြီး လာဘ်ယူတယ်။ တော်ဝင်မိသားစု အကြီးအကဲ ဆီကတောင် ပိုက်ဆံညှစ်တဲ့အထိ ရဲတင်းခဲ့တယ်။ သူတို့ကို မကွပ်မျက်ရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာက ဘယ်မှာရှိတော့မလဲ”
ဟု မုကျန့်ချင်းက အေးစက်စွာ ပြောလိုက်သည်။
“အခု ခင်ဗျားက ဒီနှစ်ယောက်ဘက်ကနေ ဒီလောက်တောင် လိုက်နေတာဆိုတော့... သူတို့ ခိုးယူထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို ခင်ဗျားဆီ ပေးထားလို့များလား။”
လီချွမ်၏ မျက်ခုံးများ တွန့်သွားပြီး မျက်နှာက ချက်ချင်း ဖြူဖျော့သွားကာ
“မင်းကြီး... ဒါက ဘာသဘောလဲ။ သက်သေအထောက်အထားမရှိပဲ ကျွန်တော့်ကို စွပ်စွဲတာက ကောင်းကင်မီးကမ္ဘာမှာ ဧည့်သည်တော်အကြီးအကဲတွေ မလိုအပ်တော့လို့ ကျွန်တော့်ကို မောင်းထုတ်ချင်နေတယ်ဆိုတဲ့ သဘောလား။”
ထိုကျင့်ကြံသူများထံမှ ထိုစိတ်ဝိညာဉ်ကျောက်တုံးများကို လီချွမ် အမှန်တကယ် လက်ခံခဲ့သော်လည်း သူ့အမြင်တွင် ထိုအရာ၌ မှားယွင်းမှု မရှိပဲ ထိုက်တန်သည်ဟု ယူဆထားသည်။
သူ့ကို စိတ်ဝိညာဉ်ကျောက်တုံး ရှာပေးမည့်သူများကို သူ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဘာများ မှားယွင်းနေသနည်း။ ထိုသူတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများ မည်သည့်နေရာမှ ရရှိသည် ဆိုသည်တာက သူနှင့် မသက်ဆိုင်ပေ။
မုကျန့်ချင်းက သူ့ကို လုံးဝ အဆက်ဖြတ်ရဲလိမ့်မည်ဟု လီချွမ် ဘယ်သောအခါကမှ မယုံကြည်ခဲ့ပေ။ ယခု တော်ဝင်မိသားစု၏ လုပ်ရပ်သည် အလွန် အာဏာပြလွန်းအားကြီးသဖြင့် သူသာ ထွက်ခွာသွားပါက အခြားသော သူတော်စင်တစ်ပိုင်းများလည်း သူ့နှင်အတူ ထွက်ခွာသွားကြပေလိမ့်မည်။ ကောင်းကင်မီးကမ္ဘာတွင် နေထိုင်ခြင်းက ယခင်ကကဲ့သို့ အဆင်မပြေတော့ကြောင်းထိုသူတော်စင်တစ်ပိုင်းများ မုချခံစားရပေလိမ့်မည်။
ပထမတစ်ယောက် ရှိလာသည်နှင့် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် အလျင်အမြန် ရှိလာပေလိမ့်မည်။
ကောင်းကင်မီးမင်းဆက်၏ လက်ရှိအခြေအနေကလည်း သိပ်မကောင်းလှပေ။ ကောင်းကင်မီးမင်းဆက်အား သစ္စာခံစေရန် တောင်းဆိုနေသော တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းထံမှ ကိုယ်စားလှယ်များ ဆက်တိုက် ရောက်ရှိနေပြီး ကောင်းကင်မီးမင်းဆက်ကလည်း အစဉ်တစိုက် ငြင်းပယ်နေခဲ့သည်။
ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် သူတော်စင်တစ်ပိုင်းများကို မုကျန့်ချင်း မောင်းထုတ်လိုက်ပါက ကောင်းကင်မီးမင်းဆက်၏ အင်အား ပို၍ကျဆင်းသွားပေလိမ့်မည်။ ဤအချိန်တွင် အခြားကမ္ဘာများက ကောင်းကင်မီးမင်းဆက်ကို လာရောက်တိုက်ခိုက်ပါက မျိုးတုံးပျောက်ကွယ်ခြင်းမှတစ်ပါး အခြားရလာဒ် ရှိတော့မည် မဟုတ်ပေ။
ဤအကြောင်းကြောင့်ပင် တော်ဝင်မိသားစု၏ ဧည့်သည်တော်အကြီးအကဲများက သူတော်စင်တစ်ပါးဖြစ်သော မုကျန့်ချင်း၏ ရှေ့မှောက်၌ မောက်မာရဲခြင်း ဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် ဧည့်သည်တော်အကြီးအကဲတစ်ဦးကို မောင်းထုတ်ခြင်းက အခြားသော သူတော်စင်တစ်ပိုင်းများကို စိုးရိမ်ပူပန်စေမည်ဟု မုကျန့်ချင်း အမှန်တကယ် စိတ်ပူမိသည်။
သို့သော် ယခုအခါ သူတော်စင်တစ်ပိုင်းဖြစ်သော လီချွမ်က ကောင်းကင်ဧကရာဇ်၏ ရှေ့မှောက်၌ အလွန် မောက်မာပြနေသည်။ သူသာ ပြတ်သားမှုကို မပြသပါက ကောင်းကင်ဧကရာဇ်က သူ့ကို မည်သို့ ထင်သွားမည်နည်း။
လီချွမ်ကို သတ်လို့တော့ မရပေ။ လီချွမ်ကို သတ်လိုက်ပါက သူတော်စင်တစ်ပိုင်းများနှင့် တော်ဝင်မိသားစုကြား ပဋိပက္ခကို ပိုမီးထိုးပေးသလို ဖြစ်စေမည်ဖြစ်ပြီး နောက်ပိုင်းတွင် မည်သူမှ တော်ဝင်မိသားစုကို လာရောက်အားကိုးတော့မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် သူတော်စင်အဆင့်၏ ကြီးမားသော အရှိန်အဝါကို မုကျန့်ချင်း ထုတ်လွှတ်လိုက်ပြီး
“လီချွမ်......ကောင်းကင်မီးနိုင်ငံကနေ မခင်ဗျားကို မမောင်းထုတ်ရဲဘူးလို့ တကယ် ယုံကြည်နေတာလား”
ဟု အေးစက်စွာ ပြောလိုက်သည်။
“ဒီအချိန်ကစပြီး ခင်ဗျားက ကောင်းကင်မီးမင်းဆက်ရဲ့ ဧည့်သည်တော်အကြီးအကဲ မဟုတ်တော့ဘူး။ ကောင်းကင်မီးကမ္ဘာကနေ ချက်ချင်း ထွက်သွားလိုက်တော့...... မဟုတ်ရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။”
မုကျန့်ချင်းထံမှ ဖိအားကို ခံစားလိုက်ရပြီး သူပြောထွက်လာသည့် စကားများကို ကြားလိုက်ရသောအခါ လီချွမ် လုံးဝ ကြောင်ငေး သွားခဲ့သည်။ မုကျန့်ချင်း ယခုလို လုပ်ရဲမည် မဟုတ်ဟု သူ အမြဲ ထင်ထားခဲ့သော်လည်း ယနေ့တွင် မုကျန့်ချင်းက သူ့ကို အမှန်တကယ် မောင်းထုတ်လိုက်ပြီ ဖြစ်သည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
နောက်ပိုင်းတွင် အခြားအင်အားစုတွေ ကောင်းကင်မီးနိုင်ငံကို တိုက်ခိုက်လာမှာ မုကျန့်ချင်း မကြောက်ဘူးလား။
သတိပြန်ဝင်လာပြီးနောက်
“မီးဧကရာဇ်......ဒီနေ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျား နောင်တမရဖို့ မျှော်လင့်ပါတယ်”
ဟု လီချွမ်က အေးစက်စွာ ပြောလိုက်သည်။
လီချွမ်က သူ၏ သွားကို တင်းတင်းစေ့လိုက်ပြီး လှည့်ထွက်သွားကာ စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်မီးကမ္ဘာမှ ထွက်ခွာသွားတော့ သည်။
ထိုအရာကို မြင်လိုက်ရသဖြင် လုချန်းက ရယ်မောလျက်
“မီးဧကရာဇ်... အုပ်ချုပ်သူတစ်ယောက် လုပ်ရတာက ခင်ဗျားအတွက်လည်း လွယ်ကူပုံမရဘူး။”
မုကျန့်ချင်း ဘာကို စိုးရိမ်နေသည်ကိုလည်း လုချန်း သဘာဝကျကျ နားလည်လိုက်သည်။ ကောင်းကင်မီး နိုင်ငံတော်၏ အခြေအနေကို သူ အကြမ်းဖျင်း သဘောပေါက်ပြီး ဖြစ်သည်။
ကောင်းကင်မီး နိုင်ငံတွင် သူတော်စင်တစ်ပိုင်း သုံးဦးသာ ရှိသည်ဟု စနစ်က ဖော်ပြထားသော်လည်း လက်တွေ့တွင် ကောင်းကင်မီး နိုင်ငံရှိ သူတော်စင်တစ်ပိုင်း အရေအတွက်မှာ တစ်ဒါဇင်ကျော် ရှိနေသည်။ သို့သော် စနစ်က ဖော်ပြထားသော သူတော်စင်တစ်ပိုင်း သုံးဦးမှလွဲ၍ ကျန်သူများမှာ ကောင်းကင်မီးမျိုးနွယ်ဝင်များ မဟုတ်ကြပေ။
ထိုသူတော်စင်တစ်ပိုင်းများကို မုကျန့်ချင်းက စုဆောင်းထားခြင်း ဖြစ်သည်။ သူတော်စင်တစ်ပိုင်းတစ်ဦးကို မုကျန့်ချင်း မောင်းထုတ်လိုက်သည်ကို သိသွားသည်နှင့် တစ်နေ့တွင် သူတို့လည်း ထိုကံကြမ္မာမျိုး ကြုံတွေ့ရနိုင်မလားဟု အခြားသူတော်စင် တစ်ပိုင်းများလည်း တွေးတောကြမည်မှာ သေချာသည်။ ထိုအချိန်ကျလျှင် သူတော်စင်တစ်ပိုင်း အမြောက်အမြား ထွက်ခွာသွားကြပေလိမ့်မည်။
သူတော်စင်တစ်ပိုင်းများသည် သူတော်စင်များလောက် အားမကြီးသော်လည်း ဆန္ဒရှိပါက အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုကို ရှာဖွေနေထိုင်နိုင်ပြီး ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်သည်။ ကောင်းကင်မီးနိုင်ငံကို အားမကိုးလျှင်ပင် သူတို့ကို လိုချင်သော အင်အားစုများစွာ ရှိနေဆဲ ဖြစ်သည်။
ထိုသူတို့ကို ကြိုဆိုမည့် နေရာတစ်ခုက အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ကောင်းကင်မီး နိုင်ငံ ဟူသော သစ်ပင်တစ်ပင်တည်းပေါ်တွင် မှီခိုနေမည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူတော်စင်တစ်ပါးဖြစ်သော မုကျန့်ချင်းက သူတော်စင်တစ်ပိုင်းတစ်ဦးကို ပေါ့ပေါ့ဆဆ မဆက်ဆံရခြင်းဖြစ်သည်။
ယခုအချိန်တွင် အခြေအနေများ ရှုပ်ထွေးနေပြီး ကောင်းကင်ဧကရာဇ်ကလည်း အင်အားနှင့် မှတ်ဉာဏ်များ ပြန်လည်မရရှိသေးသဖြင့် မုကျန့်ချင်းအနေနှင့် ဤအချိန်တွင် သူတော်စင်တစ်ပိုင်းတစ်ဦးကို မဆင်မခြင် မဆက်ဆံနိုင်ပေ။
စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မုကျန့်ချင်းက
“မင်းကြီး..... ကျွန်တော့်ရဲ့ အရှက်ရစရာတွေကို မြင်သွားရပါပြီ။”
လုချန်းက ခပ်အေးအေးလေသံဖြင့်
“ကျွန်တော့်အင်အားက အခုထိ ပြန်မရသေးဘူးဆိုတော့ သိုသိုသိပ်သိပ်နေဖို့ လိုအပ်တယ်။ ဒါပေမဲ့ တစ်နေ့ ကျွန်တော့်စွမ်းအားတွေ ပြန်ရလာရင် ခင်ဗျားတို့အားလုံး အဲ့ဒီလို လုပ်စရာ မလိုတော့ပါဘူး။”
ထိုစကားကို ကြားသောအခါ မုကျန့်ချင်း အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ ကောင်းကင်ဧကရာဇ်က ကောင်းကင်မီးမျိုးနွယ်ကို ဆက်လက် ထောက်ပံ့ပေးရန် ရည်ရွယ်ထားပုံရသည်။ ကောင်းကင်ဧကရာဇ်၏ အကူအညီဖြင့် ကောင်းကင်မီးမျိုးနွယ်သည် သူတို့ဘိုးဘေးများ၏ ဂုဏ်အရှိန်အဝါကို တစ်နေ့တွင် ပြန်လည်ရရှိနိုင်ပေလိမ့်မည်။
“ကဲ..... ခင်ဗျားကိစ္စတွေ သွားရှင်းလိုက်ပါဦး။ လန်နဲ့ ကျွန်တော် လမ်းလျှောက်ထွက်လိုက်ဦးမယ်”
ဟု လုချန်းက ဆက်ပြောလိုက်သည်။
အသံဆုံးသည်နှင့် မုချင်းလန်နှင့်အတူ ထိုနေရာမှ လုချန်း ပျောက်ကွယ်သွားခဲ့သည်။
“ကောင်းကောင်း သွားပါ မင်းကြီး”
လုချန်း ထွက်ခွာသွားပြီးနောက် မုကျန့်ချင်း သက်ပြင်းချလိုက်သည်။ ကောင်းကင်ဧကရာဇ်အား သူ၏ အားနည်းသည့်အခြမ်းကို ပြသလိုက်ရခြင်းဖြစ်သည်။ ထိုအရာ သူ့ကို အစွမ်းမရှိသူတစ်ယောက်လို ထင်မြင်သွားစေနိုင်ပြီး ကောင်းကင်မီးမျိုးနွယ်အပေါ် အပျက်သဘောဆောင်သော အတွေးများ ဖြစ်ပေါ်လာစေနိုင်မလား မုကျန့်ချင်း အနည်းငယ် စိုးရိမ်မိသည်။
ဤအရာက မုကျန့်ချင်းကို ဖိစီးမှုများစွာ ပေးနေသော်လည်း ကောင်းကင်ဧကရာဇ် နောက်ဆုံးပြောသွားသော စကားများအရ သူ၏ အခက်အခဲများကို နားလည်ပေးပုံရသည်။
နောက်လဝက်အတွင်းတွင် သူတော်စင်တစ်ပိုင်းတစ်ဦးကို တော်ဝင်မိသားစုက မောင်းထုတ်လိုက်သည့် သတင်း ကောင်းကင်မီးကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းက အလွန် အံ့အားသင့်ခဲ့ကြသည်။
မီးဧကရာဇ်သည် အမြဲတမ်း လိုက်လျောလေ့ရှိသူ ဖြစ်သော်လည်း အဘယ်ကြောင့် ရုတ်တရက် ဤမျှ ပြတ်သားသွားရသနည်း။
ထို့ပြင် ကောင်းကင်မီးမင်းဆက်၏ အခြေအနေက ကောင်းမနေပေ။ ယခုအချိန်တွင် ကောင်းကင်မီးကမ္ဘာ၏ အခြေအနေကို စုံစမ်းရန် သူလျှိုများ စေလွှတ်သော အင်အားစုများ ပိုများလာသည်။ တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းက ကောင်းကင်မီးမင်းဆက်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားနေသည်။
ထိုကဲ့သို့ အချိန်မျိုးတွင် သူတော်စင်တစ်ပိုင်းတစ်ဦးကို မောင်းထုတ်လိုက်ခြင်းက အခြားသော သူတော်စင်တစ်ပိုင်းများအကြား မကျေနပ်မှုများ ဖြစ်ပေါ်စေမည်ကို မီးဧကရာဇ် မကြောက်ဘူးလား။
သူတော်စင်တစ်ပိုင်းများ ထွက်ခွာသွားပါက ကောင်းကင်မီးမင်းဆက်၏ အင်အားသည် မလွှဲမရှောင်သာစွာပင် သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။
မုကျန့်ချင်း မျှော်လင့်ထားသည့်အတိုင်းပင် တော်ဝင်မိသားစုက သူတော်စင်တစ်ပိုင်းတစ်ဦးကို မောင်းထုတ်လိုက်သည့် သတင်း ပျံ့နှံ့သွားပြီးနောက် နောက်ထပ် သူတော်စင်တစ်ပိုင်း နှစ်ဦးလည်း ကောင်းကင်မီးကမ္ဘာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။
ကောင်းကင်မီးကမ္ဘာက သူတို့ကို ကောင်းမွန်သော ဆက်ဆံမှုများ ပေးသော်လည်း အခြားအင်အားစုများကလည်း သူတို့ကို ထပ်တူ ပေးစွမ်းနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် မုကျန့်ချင်း လီချွမ်ကို အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ မကြာမီ လီချွမ်ကို မောင်းထုတ်ရသည့် အကြောင်းအရင်းကို မုကျန့်ချင်းထံ မေးမြန်းရန် ကျန်ရှိနေသော သူတော်စင်တစ်ပိုင်းများ နန်းမြို့တော်သို့ ရောက်လာပြီးနောက် လီချွမ်ဘက်က လွန်သည်ဟု သူတို့အားလုံး ခံစားလိုက်ရသည်။
လီချွမ်၏ လက်အောက်ငယ်သားများသည် တော်ဝင်မိသားစု အကြီးအကဲထံမှပင် လာဘ်ယူသည်အထိ လွန်ကျူးခဲ့ကြသည်။ မုကျန့်ချင်းက သူ့ကို မောင်းထုတ်လိုက်တာ အံ့သြစရာ မဟုတ်ပေ။
ကောင်းကင်မီး နိုင်ငံအတွင်းရှိ အင်အားကြီးပုဂ္ဂိုလ် အများစုသည် ပြင်ပလူများအပေါ်ရှိ တော်ဝင်မိသားစု အကြီးအကဲ၏ သဘောထားကို သိထားကြသည်။ ယခုအခါ တော်ဝင်မိသားစု အကြီးအကဲ ကိုယ်တိုင် ငွေညှစ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမ အလွန် ဒေါသထွက်နေပေလိမ့်မည်။ ဤအရာက လီချွမ်ကို မောင်းထုတ်ရန် မုကျန့်ချင်းကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
…………….