← Chapters

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉ )

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဟန်ဆောင်သစ္စာခံခြင်း

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။ တစ်လခန့် ကြာပြီးနောက် မုကျန့်ချင်း သူတော်စင်တစ်ပိုင်းတစ်ယောက်ကို မောင်းထုတ်လိုက်သည့် အဖြစ်အပျက်လည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို သစ္စာခံသင့် မခံသင့်ဆိုသည့် အကြောင်းအရာကိုသာ လူအများက ပြန်လည်ငြင်းခုံ ဆွေးနွေးလာကြသည်။

သဘာဝအတိုင်းပင် ကောင်းကင်မီး မျိုးနွယ်စုဝင်များသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို သစ္စာမခံလိုကြပေ။ သူတို့ သစ္စာရှိသည့် တစ်ဦးတည်းသောသူမှာ ကောင်းကင်ဧကရာဇ်သာ ဖြစ်သည်။

ကောင်းကင်မီးကမ္ဘာတွင် တစ်လခန့် လှည့်လည်ပြီးနောက် သူ၏ အတိတ်ဘဝ လွှမ်းမိုးမှု မည်မျှ ကြီးမားသည်ကို လုချန်း တွေ့ရှိခဲ့၏။ အထူးသဖြင့် ကောင်းကင်မီး မျိုးနွယ်စုဝင်များကြားတွင် ဖြစ်သည်။ စကားစပြောတတ်ခါစ ကလေးငယ်များပင် ကောင်းကင်ဧကရာဇ်အကြောင်းကို သိနေကြသည်က အံ့အားသင့်ဖွယ် ကောင်းလှသည်။

ထို့ပြင် ကောင်းကင်မီး မျိုးနွယ်စုဝင်များသည် ကောင်းကင်ဧကရာဇ် ရုပ်တုများကို နေအိမ်များတွင် ထားရှိတတ်ကြပြီး အမွှေးတိုင်များဖြင့် ထွန်းညှိပူဇော်ကြသည်။ တကယ်တော့ ကောင်းကင်မီး မျိုးနွယ်စုဝင်များသာမက ကောင်းကင်မီးနိုင်ငံတော်မှ သာမန်ပြည်သူ အမြောက်အမြားများလည်း ကောင်းကင်ဧကရာဇ်ကို ယုံကြည်ကြ၏။ သို့သော် နှိုင်းယှဉ်ကြည့်လျှင် ထိုပြည်သူများ၏ ယုံကြည်မှုမှာ ကောင်းကင်မီး မျိုးနွယ်စုဝင်များလောက်တော့ မလေးနက်ကြပေ။

ဤလူများသည် ကောင်းကင်ဧကရာဇ်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံဖူးခြင်း မရှိကြပေ။ သူတို့၏ ယုံကြည်မှုမှာ ကောင်းကင်မီးမျိုးနွယ်၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်၏။ ယခုအခါ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်မီးနိုင်ငံတော်တွင် ယုံကြည်မှုတစ်ခုထက် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတစ်ခုနှင့် ပိုတူနေသည်။

ကောင်းကင်မီးကမ္ဘာတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီးနောက် အခြားလုပ်စရာ မရှိတော့ဟု လုချန်း ခံစားရ၏။ ထို့ကြောင့် နန်းတော်တွင် အချိန်အနည်းငယ် ထပ်မံနေထိုင်ရန် ပြန်လာခဲ့သည်။

……

ကောင်းကင်မီးနိုင်ငံတော်။

နေပြည်တော်။

နန်းတော်။

ကုတင်ပေါ်တွင် လုချန်း တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေစဉ် ထျန်းဟုန်ဧကရီက ဘေးနားမှ ရပ်ကြည့်နေသည်။

လုချန်း၏ ကျင့်ကြံမှုမှတစ်ဆင့် ထူးခြားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာမည်ဟု ထျန်းဟုန်ဧကရီ မျှော်လင့်ထားပြီး ထိုဖြစ်ရပ်ကို သူမ၏ နတ်ဝိညာဉ်စွမ်းအား ပြန်လည်ရယူရန် အသုံးပြုလိုခြင်း ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လုချန်း ကျင့်ကြံနေစဉ် မည်သည့် ထူးခြားမှုမျှ ဖြစ်မလာခဲ့ပေ။

ဤအချက်က ထျန်းဟုန်ဧကရီကို ဇဝေဇဝါ ဖြစ်စေ၏။ ယခင်က ဖေးဟုန်နတ်လှေ၌ လုချန်း ကျင့်ကြံသည့်အခါတိုင်း ထူးခြားမှုများ ပေါ်ပေါက်လေ့ရှိသည်။ ယခု ဤတစ်ကြိမ်တွင် အဘယ်ကြောင့် မဖြစ်ရသနည်း။ လုချန်း တက်ကြွစွာ ကျင့်ကြံသည့် အခါတိုင်း ထူးခြားသော ဖြစ်ရပ်များ ပေါ်လာလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

ထိုကဲ့သို့သော ဖြစ်ရပ်များက ဖေးဟုန်နတ်လှေ၌သာ ဖြစ်ပေါ်တတ်တာလား။

ထျန်းဟုန်ဧကရီ ဆက်လက် တွေးတောမနေတော့ပေ။ ထူးခြားသော ဖြစ်ရပ် မရှိလျှင်လည်း မရှိပါစေတော့။

ယခုအခါ သူမသည် ပြန်လည် အသက်ရှင်လာပြီ ဖြစ်ရာ လွတ်လပ်စွာ ကျင့်ကြံနိုင်ပြီဖြစ်သည်သည်။ ပိုမြန်သော နည်းလမ်းကို ဆုံးရှုံးလိုက်ရသော်လည်း လုချန်း မပါလည်း သူမ၏ နတ်ဝိညာဉ်ကို ပြန်လည်ရယူနိုင်မှာ သေချာသည်။

ထိုအချိန်တွင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်၏။ ကောင်းကင်မီးကမ္ဘာ၏ ကံစွမ်းအား တစ်ဝက်ကို စုပ်ယူလိုက်လျှင် သူ့မိဖုရား တစ်ပါးပါးအတွက် ရင်သွေးကမ္ဘာတစ်ခု တည်ဆောက်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ခြင်း ဖြစ်သည်။ ကောင်းကင်မီးကမ္ဘာသို့ ဝင်ရောက်လာချိန်တွင် ကောင်းကင်ဘုံလမ်းစဉ်ထံမှ ထူးခြားသော ရင်းနှီးမှုကို လုချန်း ခံစားခဲ့ရ၏။ ထို့ကြောင့် ကံစွမ်းအား တစ်ဝက်ကို တောင်းခံရန် ဖြစ်နိုင်သည်ဟု သူ ယူဆမိသည်။

သို့သော်...

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကောင်းကင်မီးကမ္ဘာ၏ ကံစွမ်းအား တစ်ဝက်ကို စုပ်ယူလိုက်ခြင်းက ကောင်းကင်မီးကမ္ဘာအတွက် ကောင်းကျိုး ဖြစ်မည်မဟုတ်ကြောင်း လုချန်း လျင်မြန်စွာ သဘောပေါက်လိုက်၏။ ကောင်းကင်မီးကမ္ဘာသည် မရေရာသော အခြေအနေတစ်ခုတွင် ရှိနေနှင့်ပြီးသား ဖြစ်သည်။ ကံစွမ်းအား လျော့နည်းသွားလျှင် ပိုများသော ဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုသို့ တွေးတောပြီးနောက် လုချန်းလည်း ထိုအကြံအစည်ကို စွန့်လွှတ်လိုက်၏။ ထိုသို့ဆိုလျှင် ကောင်းကင်မီးကမ္ဘာ၌ သူ ဆက်နေရန် အကြောင်းမရှိတော့ပေ။ ပြန်ရမည့်အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လုချန်းက မုချင်းလန်ကို စိတ်အာရုံမှတစ်ဆင့်

“လန်။ ကိုယ် ပြန်တော့မယ်လို့ မီးဧကရာဇ်နဲ့ တခြားသူတွေကို အသိပေးလိုက်ပါ။”

လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန်က မုကျန့်ချင်းထံသို့ သတင်း ချက်ချင်း ပေးပို့လိုက်သည်။ မကြာမီပင် မုကျန့်ချင်းနှင့် မုချန်ဝမ်တို့အပြင် တော်ဝင်မိသားစုမှ အကြီးအကဲ အချို့ပါ အဆောင်ဝင်းထဲသို့ ရောက်ရှိလာကြ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တော်ဝင်မိသားစုမှ အရေးကြီးပုဂ္ဂိုလ်များကို ကောင်းကင်ဧကရာဇ် ပြန်ဝင်စားသည့်အကြောင်း မုကျန့်ချင်း အသိပေးခဲ့သည်။ ပြင်ပလူများကို ကောင်းကင်မီးကမ္ဘာသို့ မုကျန့်ချင်း ခေါ်ဆောင်လာခဲ့သည့်အတွက် တော်ဝင်မိသားစုဝင်များက မကျေမနပ် ဖြစ်နေခဲ့ကြ၏။ မုကျန့်ချင်းက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် မဟာမိတ်ပြုရန် ရည်ရွယ်နေခြင်းလားဟု သူတို့ စိုးရိမ်ခဲ့ကြသောကြောင့် ဖြစ်သည်။

တော်ဝင်မိသားစုဝင်များကို တည်ငြိမ်အောင်ထိန်းထားဖို့က အလွန်အရေးကြီး၏။ မုကျန့်ချင်း မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်ဧကရာဇ် အသက်ရှင်နေသေးကြောင်း တော်ဝင်မိသားစုဝင်များ ကြားသိရသောအခါ မည်သူမှ မုကျန့်ချင်းကို ဆက်လက် မဆန့်ကျင်ကြတော့ပေ။

ခြံဝင်းထဲတွင် လူများ ရောက်ရှိနေသည်ကို အာရုံခံမိသဖြင့် လုချန်းက ခပ်အေးအေး ပြောလိုက်၏။

“အားလုံးပဲ ဝင်လာခဲ့ကြပါ”

စကားဆုံးသည်နှင့် နန်းဆောင်တံခါးများ ပွင့်သွားပြီး မုကျန့်ချင်းနှင့်အတူ တော်ဝင်မိသားစုဝင်များ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာကြသည်။ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာသည်နှင့် အားလုံးက ပြိုင်တူ ဂါရဝပြုလိုက်ကြ၏။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ခေါင်းညိတ်ပြလိုက်ပြီး

“ထုံးစံတွေ ထားလိုက်ပါ”

လုချန်းက အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး

“ကျွန်တော် ကောင်းကင်မီးကမ္ဘာကနေ ပြန်တော့မယ်။ နောက်ပိုင်း တစ်ခုခု ဖြစ်လာခဲ့ရင် ဖရိုဖရဲ ကြယ်ပင်လယ်ဆီ လူလွှတ်လိုက်လို့ ရပါတယ်။”

ထိုစကားကို ကြားသောအခါ မုကျန့်ချင်း စိတ်ထဲ သက်ပြင်းချလိုက်မိ၏။ ကောင်းကင်ဧကရာဇ် ရောက်ရှိနေသည်မှာ တစ်လကျော်သာ ရှိသေးသော်လည်း ပြန်ထွက်သွားရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ကောင်းကင်ဧကရာဇ် ရှိနေခြင်းက တော်ဝင်မိသားစုဝင်များကို တည်ငြိမ်စေရန် အထောက်အကူ ဖြစ်စေသောကြောင့် မုကျန့်ချင်းကတော့ ကောင်းကင်ဧကရာဇ်ကို အချိန်ကြာကြာ နေထိုင်စေလိုသည်။

သို့သော် မုကျန့်ချင်း သိပ်ပြီး စိတ်မပျက်ပေ။ တော်ဝင်သင်္ချိုင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကြောင့် နောင်တွင် ဖရိုဖရဲ ကြယ်ပင်လယ်သို့ သွားရောက်ရန် အလွန် လွယ်ကူမည် ဖြစ်၏။ ကောင်းကင်ဧကရာဇ် အနေနှင့်လည်း ကောင်းကင်မီးကမ္ဘာသို့ အချိန်မရွေး လာရောက်နိုင်မည် ဖြစ်သည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိနေသဖြင့် ကောင်းကင်ဧကရာဇ် ကောင်းကင်မီးကမ္ဘာသို့ ထပ်လာဦးမှာ သေချာသည်။

ထိုသို့ ပြောရင်း တစ်စုံတစ်ခုကို လုချန်း တွေးမိလိုက်ပြီး မုကျန့်ချင်းဘက်သို့ လှည့်ကာ

“ကောင်းကင်မီးကမ္ဘာရဲ့ အခြေအနေက မကောင်းဘူး..... တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းရဲ့ လက်အောက်ခံ အင်အားစုတွေကို သစ္စာရှိကြောင်း ပြဖို့ လူတစ်ယောက် လွှတ်လိုက်ပါ။”

ထိုစကားကို ကြားသောအခါ မုကျန့်ချင်း ခေတ္တမျှ မှင်သက်သွား၏။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဟန်ဆောင်သစ္စာခံရန် သူလည်း စဉ်းစားခဲ့ဖူးသော်လည်း ကောင်းကင်မီး မျိုးနွယ်စုဝင်များက သဘောမတူကြမှာ သေချာသည်။ ပထမဆုံး ကန့်ကွက်မည့်သူများမှာ တော်ဝင်မိသားစုဝင်များ ဖြစ်ကြလိမ့်မည်။

အကယ်၍ သူ တကယ် ထိုသို့လုပ်ခဲ့လျှင် ကောင်းကင်မီးနိုင်ငံတော်၌ စိတ်ဝမ်းကွဲပြားမှုများသာ ဖြစ်ပေါ်လာနိုင်သည်။ သို့သော် ယခု တော့ အခြေအနေ ကွဲပြားသွားပြီ ဖြစ်၏။ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်သောကြောင့် သူ လုပ်လျှင်ပင် တော်ဝင်မိသားစုဝင်များ များများစားစား ပြောနိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်ဧကရာဇ်သည် ဝင်စားပြီးကာစသာ ရှိသေးသဖြင့် အသံတိတ် နေထိုင်ရန် တကယ်လိုအပ်၏။ ကောင်းကင်ဧကရာဇ် အင်အား ပြန်လည်ရရှိလာမှသာ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ယှဉ်ပြိုင်နိုင်မည့် နည်းလမ်းများ ရှိလာမည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်း ကုတင်ပေါ်မှ ထရပ်လိုက်၏။

“ကောင်းပြီ... ဒီအတိုင်းပဲ လုပ်လိုက်ပါ... ကျွန်တော် ဖရိုဖရဲ ကြယ်ပင်လယ်ကို အရင် ပြန်လိုက်ဦးမယ်။”

မုကျန့်ချင်းက အလျင်အမြန် ဦးဆောင်၍ နှုတ်ဆက်လိုက်၏။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ထို့နောက် လုချန်းနှင့် ဧကရီထျန်းဟုန်တို့၏ ပုံရိပ်များ ထိုနေရာမှ ပျောက်ကွယ်သွားပြီး တော်ဝင်သင်္ချိုင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှေ့သို့ ရောက်ရှိသွားကြသည်။ လုချန်း ထွက်ခွာသွားသောအခါ တော်ဝင်မိသားစုဝင်များ သက်ပြင်း မချပဲ မနေနိုင်ကြတော့ပေ။

“ကောင်းကင်မီးနိုင်ငံတော်ရဲ့ အင်အားသာ ပို ကြီးခဲ့ရင် ကောင်းမှာပဲ။”

“ကျုပ်တို့သာ ပိုစွမ်းအားကြီးခဲ့ရင် မင်းကြီးကို ပိုပြီး ထောက်ပံ့ပေးနိုင်မှာ။ အခုလို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို အရှက်ကွဲခံပြီး ဟန်ဆောင်သစ္စာခံစရာ မလိုတော့ဘူးပေါ့။”

“ဒီသတင်းသာ ပေါက်ကြားသွားရင် ကျုပ်တို့ မျိုးနွယ်စုဝင်တွေကြားမှာ မကျေနပ်ချက်တွေ ရှိလာလိမ့်မယ်။”

“ဟူး.....အခုတော့ မင်းကြီး သူ့ရဲ့ ကျင့်စဉ်အဆင့်ကို မြန်မြန် ပြန်ရဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။”

ခန်းမဆောင်ကြီးထဲမှ အသံများကို ကြားရသဖြင့် မုကျန့်ချင်းက

“ခင်ဗျားတို့ သိပ်ပြီး စိုးရိမ်မနေပါနဲ့..... တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဧကရာဇ်အဆင့်ကို ဝင်ရောက်နိုင်ဖို့ အခြေအနေ ရှိရင်တောင် နှစ်ထောင်ချီ မကြာပဲ ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ ခက်ခဲပါတယ်.....မင်းကြီးရဲ့ တိုးတက်မှုနှုန်းကို ကြည့်ရင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းတကယ့်ဧကရာဇ်အဆင့် မရောက်ခင်မှာ သူရဲ့ နဂိုကျင့်စဉ်အဆင့် ပြန်ရလာနိုင်ပါတယ်။”

“ကောင်းကင်ဧကရာဇ်ရဲ့ ကျင့်စဉ်အဆင့် ပြန်ရလာဖို့ကိုပဲ ကျွန်တော်တို့ စောင့်ဖို့ လိုတာပါ။”

မုကျန့်ချင်း သေချာ စဉ်းစားပြီးသား ဖြစ်၏။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးအတွက် တောင်ဝင်တောင်တန်း ဧကရာဇ် လောင်းကို သစ္စာခံပြီး လက်အောက်ခံ အင်အားစု ဖြစ်လာခြင်းက ရှောင်လွှဲမရနိုင်သော လမ်းကြောင်း ဖြစ်သည်။ ကောင်းကင်မီးနိုင်ငံတော် အနေနှင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို သစ္စာခံကြောင်း သတင်းအချို့ ထုတ်ပြန်လိုက်ရုံဖြင့် ကောင်းကင်မီးနိုင်ငံတော်သည် ဖိအားကို မခံနိုင်တော့ပဲ သစ္စာခံရန် ရွေးချယ်လိုက်ပြီဟု တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အခြားအင်အားစုများက ထင်မှတ်သွားကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း အဆင့်တက်သွားသည်နှင့် သူသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၌ တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။ မည်သူကမှ သူ့ကို အာခံရဲမည် မဟုတ်ပေ။

ထိုအခါ ဧကရာဇ်လောင်း၏ လက်အောက်ခံ အင်အားစုများက ကောင်းကင်မီးကမ္ဘာကို ဘာမှမလုပ်ပဲ နေကြမှာတော့ မဟုတ်ပေ။

ဟန်ဆောင်အညံ့ခံခြင်းက ကောင်းကင်မီး မျိုးနွယ်စုဝင်များအတွက် သည်းခံရန် ခက်ခဲနိုင်သော်လည်း နန်းတွင်းမှ တိုက်ရိုက် ကြေညာချက် မထုတ်ပဲ မပြတ်သားသော ရပ်တည်ချက်ကို ထိန်းသိမ်းထားသရွေ့ မျိုးနွယ်စုဝင်များကို နှစ်သိမ့်ရန် သိပ်ပြီး ပြဿနာ မရှိနိုင်ချေ။ ကျန်သည့် ကိစ္စများကိုကတော့ ကောင်းကင်ဧကရာဇ် ကျင့်စဉ်အဆင့် ပြန်လည်ရရှိသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

………………

အခန်း( ၁၂၂၀ )

ကံကောင်းတယ်လို့ ပြောရမယ်

လုချန်း ကောင်းကင်မီးကမ္ဘာမှ ထွက်ခွာသွားပြီးနောက် မုကျန့်ချင်းက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံ အင်အားစုတစ်ခုဖြစ်သော နဂါးစီးဂိုဏ်းသို့ လက်ဆောင်ပစ္စည်း အမြောက်အမြား ပေးပို့လိုက်သည်။ ထို့နောက် ကိုယ်စားလှယ် တစ်ဦးအား တိတ်တဆိတ် သွားရောက်လည်ပတ်စေခဲ့သည်။

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၌ လက်အောက်ခံ အင်အားစုများစွာ ရှိသည်။ သို့သော် ယခုအချိန်အထိ နိုင်ငံ တည်ထောင်ထားခြင်း မရှိပေ။ လက်အောက်ခံ အင်အားစုများကိုလည်း စုစည်းအုပ်ချုပ်ခြင်း မရှိချေ။

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အင်အားစုများက သူ့ကို သစ္စာခံပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ဆက်သနေသရွေ့ သူတို့ကို စီမံခန့်ခွဲရန် စိတ်မဝင်စားပဲ လွတ်လပ်စွာ နေခွင့်ပေးထားပုံ ရသည်။

…….

နဂါးစီးဂိုဏ်း။

ခန်းမကြီး အတွင်း၌ သံကြိုးချည်ထားသော နဂါး အကောင်ရေ အတော်များများ ရှိနေသည်။ ထိုနဂါးများသည် ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန် ရှိသော်လည်း အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ယဉ်ပါးစွာ ပြုမူနေကြသည်။ ယခု ၎င်းတို့သည် ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ဝပ်နေကြသည်။

ခန်းမကြီး၏ အထက်တွင် ကြီးမားသော ရွှေနဂါးရုပ်တုကြီးများဖြင့် အလှဆင်ထားသည့် ပလ္လင်ကြီးတစ်ခု ရှိနေသည်။

ပလ္လင်ကြီးသည် ခမ်းနားထည်ဝါလှသည်။ သို့သော် ထိုင်နေသူမှာ ယဉ်ကျေးသိမ်မွေ့ပြီး ဖော်ရွေသော အဘိုးအိုတစ်ဦး ဖြစ်နေသည်။

ခန်းမဆောင်ကြီးထဲရှိ နဂါးများနှင့် ပလ္လင်ပေါ်မှ ယဉ်ကျေးသိမ်မွေ့သော အဘိုးအို၏ မြင်ကွင်းမှာ အနည်းငယ် လိုက်ဖက်မှု မရှိသကဲ့သို့ ဖြစ်နေသည်။

ခန်းမဆောင်ကြီး၏ တစ်ဖက်တွင် အခြားအဘိုးအိုတစ်ဦး ထိုင်နေပြီးမျက်နှာချိုသွေးသော အပြုံးတစ်ခုကို ပြသနေသည်။

ပလ္လင်ပေါ်မှ အဘိုးအိုက ပြုံး၍

“ကောင်းကင်မီးနိုင်ငံတော်က ဒီကို လူလွှတ်လိုက်တာ ရှားပါးတဲ့ ကိစ္စပဲ။”

“ခင်ဗျားတို့က ယုံကြည်ချက် ခိုင်မာပြီး ကောင်းကင်ဧကရာဇ်ဆိုတဲ့သူ ပြန်လာမှာကို စောင့်နေကြတယ်လို့ ကျွန်တော် ထင်ထားတာ။”

ကောင်းကင်မီးနိုင်ငံတော်နှင့် ပတ်သက်သော ကိစ္စရပ်များကို နဂါးစီးဂိုဏ်း ခေါင်းဆောင် ဝူဖုန်း ကောင်းစွာ သိထားသည်။

ကောင်းကင်မီးနိုင်ငံတော် ကိုးကွယ်သော နတ်ဘုရားသည် ကောင်းကင်ဧကရာဇ် ဖြစ်သည်ဟု ဝူဖုန်း မယုံကြည်တာကတော့ သေချာသည်။ အကယ်၍ ကောင်းကင်ဧကရာဇ်ဆိုတာ ရှိခဲ့လျှင်ပင် အတိတ်က အရာသာ ဖြစ်ပေသည်။

ကောင်းကင်မီးနိုင်ငံတော်သည် အင်အားနည်းပါးသော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးက သူတိုကို ဘာ့ကြောင့် ကာကွယ်ပေးမည်နည်း။ ဝူဖုန်း၏ အမြင်အရ ကောင်းကင်မီးနိုင်ငံတော်က တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းကို သစ္စာမခံလိုခြင်းမှာ ဆက်သရမည့် ပစ္စည်းများကို မပေးလိုသောကြောင့်ဖြစ်သည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ရန် မုကျန့်ချင်းထံသို့ လူလွှတ်ပြီး သူ အကြံပေးခဲ့ဖူးသည်။ သို့သော် ကောင်းကင်မီးနိုင်ငံတော်က ကောင်းကင်ဧကရာဇ်ကို ကိုးကွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် မုကျန့်ချင်းက အမြဲတမ်း ငြင်းပယ်လေ့ရှိသည်။

ဝူဖုန်းက

“အခုကျတော့ ခင်ဗျားတို့ရဲ့ ကောင်းကင်ဧကရာဇ် အပြစ်ပေးမှာကို မကြောက်တော့ဘူးလား။”

ထိုစကားကို ကြားသောအခါ ခန်းမဆောင်ကြီးထဲရှိ မုကျင်ရှန်းက ပြုံး၍ တုံ့ပြန်လိုက်သည်။

“ ဝူဂိုဏ်းချုပ်က နောက်နေပါပြီ။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို သစ္စာခံရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ အခုအခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်ပါပြီ။”

ဝူဖုန်းက တစ်ချက်ရယ်လိုက်ပြီး

“ကျွန်တော့်အမြင်ပြောရရင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း အဆင့်တက်သွားတဲ့အခါ ခင်ဗျားတို့နဲ့ စာရင်းရှင်းမှာကို ကြောက်လို့နေမှာပါ။”

ဝူဖုန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ခပ်ဖွဖွပြုံးလိုက်သည်။

“တကယ်တော့ ဧကရာဇ်လောင်းက ခင်ဗျားတို့နဲ့ စာရင်းရှင်းမယ့်ကိစ္စကို စိတ်ပူစရာ မလိုပါဘူး။”

“ခင်ဗျားတို့ ကောင်းကင်မီးနိုင်ငံတော်က တကယ် ကံကောင်းတယ်လို့ ပြောရမယ်။ တကယ်လို့ တခြားအင်အားစုတစ်ခုခုသာ ဧကရာဇ်လောင်းကို ဒီလို အာခံခဲ့ရင် အဲဒီအင်အားစု ပျက်စီးသွားတာ ကြာလောက်ပြီ။”

မုကျင်ရှန်းက ဇဝေဇဝါဖြင့်

“ ဝူဂိုဏ်းချုပ်..... ဘာကို ဆိုလိုတာပါလဲ”

ဝူဖုန်းက တဲ့တိုး ပြောလိုက်သည်။

“သူ့ရဲ့ တံခါးပိတ် ကျင့်စဉ်စခန်း မပြီးမချင်း ကောင်းကင်မီးနိုင်ငံတော်ကို ဘယ်အင်အားစုကမှ မထိပါနဲ့လို့ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက အမိန့်ထုတ်ထားတယ်။”

“တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းရဲ့ ဒီအမိန့်သာ မရှိရင် တခြားဧကရာဇ် တစ်ယောက်ကို ကိုးကွယ်တဲ့ ကောင်းကင်မီးနိုင်ငံ အခုထိ ရှိနေဦးမယ်လို့ ခင်ဗျား ထင်လား။”

တောင်ဝင်တောင်တန်း ကြယ်နယ်မြေသည် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ နယ်မြေဖြစ်သည်။ သူ့နယ်မြေအတွင်း၌ အခြားဧကရာဇ်ကို ကိုးကွယ်သော အင်အားစုများ ရှိနေခြင်းက ဘယ်လိုမှ သည်းခံနိုင်စရာ မကောင်းပေ။

ပုံမှန်အားဖြင့် မည်သည့်ဧကရာဇ်လောင်းကမှ ဤအရာကို သည်းခံမည် မဟုတ်ပေ။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဂရုမစိုက်လျှင်ပင် သူ့ကို မျက်နှာလုပ်လိုသော အင်အားစုများက ကြိုတင်ရှင်းလင်းပစ်ကြမည် ဖြစ်သည်။

ဤအရာက သူတို့၏ သစ္စာစောင့်သိမှုကို ပြသရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် ထိုသို့ပြုလုပ်လိုသော အင်အားစုများ သဘာဝအလျောက် ရှိနေကြသည်။ အထူးသဖြင့် ကောင်းကင်မီးနိုင်ငံတော်၌ သူတော်စင်နှစ်ပါးသာ ရှိပြီး အထူးတလည် အင်အားမကြီးသောကြောင့် ဖြစ်သည်။

ယခုအချိန်အထိ ကောင်းကင်မီးနိုင်ငံတော်ကို မည်သည့်အင်အားစုကမှ မတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း အစကတည်းက ထုတ်ပြန်ခဲ့သော အမိန့်ကြောင့်သာ ဖြစ်သည်။

ဝူဖုန်း၏ စကားကို ကြားသောအခါ မုကျင်ရှန်း ထပ်မံ မှင်သက်သွားသည်။ ဤကိစ္စကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ခဏခန့် သူ အလွန်စိတ်ရှုပ်ထွေးသွားသည်။ ကောင်းကင်မီးနိုင်ငံတော်ကို အရေးယူခြင်း မပြုရန် လက်အောက်ခံ အင်အားစုများကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက အဘယ်ကြောင့် တားမြစ်ထားသနည်း။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း ကြောက်ရွံ့ရသူ တစ်စုံတစ်ဦး ကောင်းကင်မီးနိုင်ငံတော်တွင် ရှိနေလို့လား။

ကောင်းကင်ဧကရာဇ် တကယ် ရှိနေကြောင်း တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သိထားသဖြင့် ကောင်းကင်မီးနိုင်ငံတော်ကို မထိရဲခြင်း ဖြစ်နိုင်သလား။

မုကျင်ရှန်းက တိုက်ရိုက် မေးလိုက်သည်။

“တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ဘာကြောင့် အဲ့ဒီလိုအမိန့်မျိုး ထုတ်ခဲ့တာလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား။”

ဝူဖုန်းက ပြုံး၍

“ဘာကြောင့်လဲဆိုတော့ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက ခင်ဗျားတို့ ကောင်းကင်မီး တော်ဝင်မိသားစုရဲ့ အကြီးအကဲတစ်ယောက်ကို သဘောကျနေလို့ပဲ။ သူ ဧကရာဇ်အဆင့်ကို ရောက်ပြီးတာနဲ့ အဲ့ဒီအကြီးအကဲကို လက်ထပ်ဖို့ စီစဉ်ထားတယ်”

“ဒါကြောင့် ခင်ဗျားတို့ ကောင်းကင်မီးနိုင်ငံတော်က တကယ်ပဲ ကံကောင်းတယ်လို့ ကျွန်တော် ပြောတာပေါ့။ တခြားအင်အားစုတွေအတွဆို အသေအလဲ ကြိုးစားရင်တောင် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းရဲ့ အာရုံစိုက်မှုကို မရနိုင်ပေမဲ့ ခင်ဗျားတို့ နိုင်ငံကျတော့ လူတစ်ယောက်ကြောင့် သူ့ရဲ့ ကာကွယ်မှုကို ရနေတယ်။”

မုကျင်ရှန်း အနည်းငယ် ကြောင်အသွားသည်။ သူတို့၏ အကြီးအကဲနှင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းတို့ ပတ်သက်ဆက်နွယ်မှု လုံးဝ ရှိပုံမရပေ။ ထို့ကြောင့် မုချင်းလန်ကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သဘောကျနေလိမ့်မည်ဟု သူ နည်းနည်းမှ မထင်မှတ်ထားခဲ့ပေ။

သူတို့၏ အကြီးအကဲသည် အချိန်အများစုကို တော်ဝင်သင်္ချိုင်းတွင် တံခါးပိတ် ကျင့်စဉ်စခန်းဝင်ရင်း ကုန်ဆုံးလေ့ရှိသည်။ နေပြည်တော်မှပင် ထွက်ခဲလှသည်။ ကောင်းကင်မီးကမ္ဘာမှ ထွက်ခွာဖို့က ပို၍ ဝေးသည်။

ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားကြောင်း သိပြီးနောက်မှသာ ကောင်းကင်မီးကမ္ဘာမှ သူမ အချိန်အတော်ကြာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ဝူဖုန်းက ဆက်လက်၍

“ဒါကြောင့် ခင်ဗျား ပြန်ရောက်တဲ့အခါ ဒီသတင်းကို အကြီးအကဲဆီ ပြန်ပြောပြလိုက်ပါ။ ဒါမှ သူ စောစောစီးစီး ပြင်ဆင်လို့ရမှာပေါ့။”

ကောင်းကင်မီးမျိုးနွယ်နှင့် ကောင်းကင်မီးတော်ဝင်မိသားစုမှ အကြီးအကဲကို ဓားစာခံအဖြစ် ထားရှိပါက သူမ ထွက်ပြေးနိုင်ဖွယ် မရှိဟု ဝူဖုန်း ယုံကြည်ထားသည်။

စိတ်ပြန်လည်တည်ငြိမ်သွားပြီးနောက် မုကျင်ရှန်းက မျက်နှာချိုသွေးသော အပြုံးကို တဖန်ပြသလိုက်သည်။

“ဒီအကြောင်း ပြောပြပေးတဲ့ ဂိုဏ်းချုပ် ဝူကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အကြီးအကဲက တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို လက်ထပ်ဖြစ်ရင် ကောင်းကင်မီးနိုင်ငံတော်က ဧကန်မုချ ကျေးဇူးတင်နေမှာပါ။”

ဝူဖုန်းက

“ရပါတယ်..... ဒီနေ့တော့ ဒီလောက်ပါပဲ”

မုကျင်ရှန်းက ချက်ချင်းထရပ်ပြီး ဦးညွှတ်လိုက်သည်။

“ဒါဆိုရင် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး”

“ကောင်းပါပြီ”

ထို့နောက် မုကျင်ရှန်း လှည့်ထွက်သွားပြီး ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားသည်။ သူထွက်ခွာသွားသည်ကို ကြည့်ရင်း ဝူဖုန်း သူ့ဘာသာ ရေရွတ်လိုက်သည်။

“အဲဒီအမျိုးသမီးမှာ ဘာတွေများ ရှိနေလို့ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သဘောကျသွားတာလဲ မသိဘူး။ သူက အမျိုးသမီး သူတော်စင် ဖြစ်နေလို့များလား။”

တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးတွင် မုချင်းလန်သည် လက်ရှိ တစ်ဦးတည်းသော အမျိုးသမီး သူတော်စင် ဖြစ်သည်။ ကျင့်ကြံဖော် ရွေးချယ်ရာ၌ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ စံသတ်မှတ်ချက်များ မြင့်မားနေပါက သူမ၏ ကျင့်စဉ်အဆင့်ကြောင့် ဖြစ်နိုင်သည်။

…….

နဂါးစီးဂိုဏ်းမှ ထွက်ခွာပြီးနောက် မုကျင်ရှန်းသည် ကောင်းကင်မီးကမ္ဘာသို့ အလျင်အမြန် ပြန်လာပြီး မုကျန့်ချင်းထံ သတင်းပို့လိုက်သည်။

သူတို့၏ အကြီးအကဲကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက လက်ထပ်လိုသည်ဟု ကြားသိရသောအခါ မုကျန့်ချင်းလည်း လုံးဝ မှင်တက်သွားသည်။

တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အင်အားစုအသီးသီးက ကောင်းကင်မီးကမ္ဘာကို တိုက်ခိုက်ချင်သော်လည်း အဘယ်ကြောင့် အမှန်တကယ် အရေးယူခြင်း မရှိခဲ့တာလဲ ဆိုတာကို သူ နားလည်သွားသည်။

ဤအကြောင်းရင်းကြောင့် ဖြစ်သည်။

သို့သော်...

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် မုချင်းလန် မည်သည့်အချိန်က ဆုံစည်းခဲ့သည်ကို မုကျင်ရှန်းကဲ့သို့ပင် မုကျန့်ချင်းလည်း သိချင်နေသည်။ သူတို့ ဘယ်တုန်းကမှ မတွေ့ဆုံဖူးဘူး မဟုတ်လား။

သူတို့၏ အကြီးအကဲက တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ တစ်ဦးတည်းသော အမျိုးသမီး သူတော်စင် ဖြစ်နေသောကြောင့်နှင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သလား။

မည်သို့ပင် ဖြစ်စေ ဤသတင်းကို ကောင်းကင်ဧကရာဇ်ထံ မုချ အစီရင်ခံရမည် ဖြစ်သည်။

မကြာမီတွင် လုချန်းထံသို့ ဤသတင်းစကား ပေးပို့ရန် မုကျန့်ချင်း စီစဉ်လိုက်သည်။

……………..

အခန်း (၁၂၂၁ )

သင့်တော်သော ကျင့်စဉ်တစ်ခု

ထျန်းချန်ကမ္ဘာ။

ရှနိုင်ငံတော်။

ရန်မြို့။

နန်းတွင်း စာကြည့်ခန်း။

လုချန်းသည် စာကြည့်စားပွဲတွင် ထိုင်နေပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရှနိုင်ငံတော်က ကိုင်တွယ်ဖြေရှင်းခဲ့သော နိုင်ငံရေးရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေသည်။

ယခုအခါ ရှနိုင်ငံတော်တစ်ခုလုံးကို အိမ်ရှေ့မင်းသား လုချန်းဖုန်းက စီမံခန့်ခွဲနေပြီဖြစ်သည်။ လုချန်းက တာဝန်များကို လုံးဝ လက်လွှဲပေးထားပြီး အရာရှိသစ်အများစုကိုလည်း လုချန်းဖုန်းကပင် ရာထူးတိုးပေးခဲ့သည်။

သာမန် လူသားနိုင်ငံတော်များမှ ဧကရာဇ်များနှင့် မတူပဲ သူ့နေရာကို သားဖြစ်သူ ဆက်ခံမည့်အပေါ် လုချန်း လုံးဝ စိတ်မပူချေ။ ခေတ်မီ စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှုအချို့ကို ပေးရုံမှလွဲ၍ တာဝန်အားလုံးနီးပါးကို လက်လွှဲပေးထားပြီး ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထျန်းချန်ကမ္ဘာသည် စက်မှုခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ခောတ်ဟောင်း စီမံခန့်ခွဲမှု နည်းလမ်းများက ထိရောက်မှု မရှိတော့ပေ။ မြေကမ္ဘာမှ ရောက်ရှိလာသော တစ်ဦးတည်းသော ခေတ်မီလူသားအနေနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော အကြံဉာဏ်များကို သူသာလျှင် ပေးနိုင်သည်။

သို့‌သော် သူ လုံးဝနီးပါး လက်လွှတ်ထားသော်လည်း လုချန်းဖုန်း၏ နိုင်ငံရေးရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးရန် တစ်ခါတစ်ရံ စာကြည့်ခန်းသို့ လူကိုယ်တိုင် လာရောက်လေ့ရှိသည်။

လုချန်းဖုန်း ထုတ်ပြန်ခဲ့သော အမိန့်များ၊ ရာထူးခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းများ စသဖြင့် အရာအားလုံးကို နန်းတွင်းမှတ်တမ်းများတွင် အသေးစိတ် ရေးသားထားသည်။

ထိုအချိန်တွင် ပိုင်ချင်းချင်း၏ အေးစက်သောအသံ တံခါးဝမှ ထွက်ပေါ်လာ၏။

“မင်းကြီး...... ကောင်းကင်မီးကမ္ဘာက လူတစ်ယောက် ရောက်နေပါတယ်။”

ထိုအသံကို ကြားသောအခါ လုချန်း သတိပြန်ဝင်လာသည်။ သူ စိတ်ဝင်စားသွားသည်။ ကောင်းကင်မီးကမ္ဘာမှ သူထွက်လာခဲ့တာ သိပ်မကြာသေးချေ။ မည်သို့ ဤမျှမြန်မြန်ဆန်ဆန် လူလွှတ်လိုက်ရသနည်း။

သူထွက်ခွာပြီးနောက် ကောင်းကင်မီးကမ္ဘာတွင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့၍များလား။

ထို့နောက် မှတ်တမ်းစာအုပ်ကို ချလိုက်ပြီး လုချန်းက

“ဝင်ခဲ့ပါ”

နောက်တစ်ခဏတွင် ကောင်းကင်မီး တော်ဝင်မိသားစုမှ လူတစ်ဦး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

“ထုံးစံတွေ ထားလိုက်ပါ.....ကောင်းကင်မီးကမ္ဘာမှာ ဘာဖြစ်လို့လဲ။”

ထိုသူက သူ့လက်ထဲမှ စာအိတ်ကို လုချန်းထံ အလျင်အမြန် ကမ်းပေးလိုက်သည်။

“မင်းကြီးအတွက် မီးဧကရာဇ် ပေးလိုက်တဲ့ စာပါ။ ဖတ်ကြည့်လိုက်ရင် မင်းကြီး နားလည်သွားလိမ့်မယ်လို့ မီးဧကရာဇ်က မှာလိုက်ပါတယ်။”

လုချန်းက လက်လှမ်းလိုက်ရာ သူ့လက်ထဲသို့ ထိုစာလွှာ ပျံဝဲရောက်ရှိလာသည်။ ထို့နောက် စာအိတ်ကို ဖောက်၍ စာကို ဖတ်ရှုလိုက်သည်။

စာထဲမှ အကြောင်းအရာများကို ဖတ်ပြီးနောက် လုချန်း မျက်ခုံးတွန့်လိုက်သည်။

အဘိုးကြီးတစ်ယောက်က သူ့မိန်းမကို တပ်မက်နေတယ်တဲ့လား။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မုချင်းလန်အပေါ် ထိုကဲ့သို့သော ကိစ္စမျိုး လုချန်း မလုပ်ခဲ့ပေ။ သို့သော် မုချင်းလန်ကို သူ့မိန်းမအဖြစ် သတ်မှတ်ထားခဲ့တာ ကြာပြီဖြစ်သည်။ သူ့အဆင့်အတန်းကို အခွင့်ကောင်းယူပြီး မုချင်းလန်အပေါ် အမြတ်ထုတ်မထုတ်ရန် မိမိကိုယ်ကို ထိန်းချုပ်ထားခဲ့ခြင်းသာ ဖြစ်သည်။

ခဏခန့် စဉ်းစားပြီးနောက် အချိန် နေရာ ကြေးမုံကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး မုကျန့်ချင်းကို ဆက်သွယ်လိုက်သည်။

လုချန်း၏ ပုံရိပ်ကို မြင်လိုက်ရသည့်အခါ မုကျန့်ချင်းက အလျင်အမြန် ဂါရဝပြုလိုက်သည်။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

လုချန်းက ခပ်အေးအေး ပြောလိုက်သည်။

“ကျွန်တော်ခင်ဗျားရဲ့ စာကို ရပြီးပြီ”

“လောလောဆယ်တော့ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းရဲ့ အင်အားစုကို ဆက်ပြီး တည်ငြိမ်အောင် လုပ်ထားပါ။ တခြား ဘာမှလုပ်စရာ မလိုပါဘူး။”

မုကျန့်ချင်းက တုံ့ပြန်လိုက်သည်။

“ဝါစဉ်ငယ်သူ နားလည်ပါပြီ”

ယခုတော့ လုချန်းနှင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကြားမှ ပြိုင်ပွဲတစ်ခု ဖြစ်လာပြီဖြစ်သည်။

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း အဆင့်မတက်သေးသရွေ့......

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းထက် စော၍ လုချန်း ဧကရာဇ်အဆင့်ဖြစ်လာနိုင်ပါက...

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းသည် လုချန်းအတွက် မည်သည့်ခြိမ်းခြောက်မှုမှ ဖြစ်လာမည် မဟုတ်ပေ။

မုကျန့်ချင်းကို ညွှန်ကြားချက်အချို့ ထပ်မံပေးပြီးနောက် အချိန်နေရာကြေးမုံကို ပိတ်လိုက်ကာ ထိုင်ခုံမှ ထရပ်ပြီး စာကြည့်ခန်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လုချန်း ငေးကြည့်လိုက်သည်။ သူ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ယခု အရေးအကြီးဆုံးက သူ လျင်မြန်စွာ အားကြီးလာရန် ဖြစ်သည်။ ယခု သူသည် ဧကရာဇ်လောင်းကို ယှဉ်ပြိုင်ရန် မဆိုထားနှင့် သူတော်စင်အဆင့်သို့ပင် မဝင်ရောက်နိုင်သေးပေ။

ဧကရာဇ်ဖြစ်လာရန် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း တံခါးပိတ် ကျင့်စဉ်စခန်းမှ ရုတ်တရက် ထွက်ခွာမလာဘူးဟု မည်သူမှ အတပ်မပြောနိုင်ပေ။ အကယ်၍ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း လမ်းတစ်ဝက်မှ ထွက်လာပြီး မုချင်းလန်ကို လက်ထပ်လိုပါက ပြဿနာရှိလာနိုင်သည်။

ထိုသို့ တွေးမိပြီးနောက် လုချန်း၏ ပုံရိပ် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် မုချင်းလန်၏ အဆောင်၌ သူပေါ်လာသည်။

ကျင့်ကြံနေသော မုချင်းလန်လည်း လုချန်းရောက်ရှိနေသည်ကို အာရုံခံမိလိုက်သဖြင့် ခဏခန့် ကြောင်အသွားသည်။ သူမ ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ကုတင်ပေါ်မှ ထကာ ဦးညွှတ်လိုက်သည်။

“ကောင်းကင်ဧကရာဇ်... ဘာကိစ္စများ ရှိလို့ပါလဲ”

မုကျန့်ချင်း ပေးပို့လိုက်သော စာကို မုချင်းလန်ထံ လုချန်း ကမ်းပေးလိုက်သည်။ မုချင်းလန်က စာကို ယူလိုက်ပြီး အလျင်အမြန် ဖတ်ရှုလိုက်သည်။

စာထဲမှ အကြောင်းအရာများကို ဖတ်ပြီးနောက် မုချင်းလန် မျက်ခုံးအနည်းငယ် တွန့်သွားသည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သူမကို စိတ်ဝင်စားနေခဲ့တာကို သူမ မယုံကြည်နိုင်အောင် ဖြစ်နေသည်။

လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်း တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနဲ့ သိလား။”

လုချန်း ဇဝေဇဝါ ဖြစ်နေသည်။ အကယ်၍ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက မုချင်းလန်ကို မသိခဲ့လျှင် သူမကို လက်ထပ်ရန် အဘယ်ကြောင့် စိတ်ကူးနေမည်နည်း။

မုချင်းလန်က

“ကျွန်မ တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းနဲ့ တစ်ခါပဲ တွေ့ဖူးပါတယ်”

ကျင့်ကြံသူများအတွက် တစ်နေရာတည်းတွင် နေထိုင်ပြီး ကျင့်ကြံခြင်းက ညှဉ်းပန်းနှိပ်စက်မှု တစ်မျိုးဖြစ်သည်။ ထို့ကြောင့် မုချင်းလန်သည် အခြားကမ္ဘာများတွင် အပန်းဖြေရန် ကောင်းကင်မီးကမ္ဘာမှ တိတ်တဆိတ် ထွက်ခွာခဲ့ဖူးသည်။

ထိုခရီးစဉ်အတွင်း ထိုစဉ်က သူတော်စင်အဆင့်သာ ရှိသေးသော တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းနှင့် မတော်တဆ ဆုံတွေ့ခဲ့သည်။ သို့သော် သူတို့ကြားတွင် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ပေ။ ဧကရာဇ်လောင်းက သူမကို တက်ကြွစွာ ပိုးပန်းခြင်းလည်း မရှိခဲ့ဖူးပေ။ သူ ဧကရာဇ်ဖြစ်လာပြီးနောက် သူမကို လက်ထပ်ရန် အဘယ်ကြောင့် စဉ်းစားသည်ကို မုချင်းလန် နားမလည်နိုင်အောင် ဖြစ်နေသည်။

လုချန်းက ပြုံး၍

“ဒါဆိုရင် အဲဒီလူက မင်းကို မြင်မြင်ချင်း ချစ်မိသွားတဲ့ပုံပဲ။ သူက မင်းနဲ့ မတန်ဘူးလို့ ခံစားရပြီး ဧကရာဇ်ဖြစ်လာမှ မင်းကို လက်ထပ်ဖို့ စီစဉ်ထားတာလား”

မုချင်းလန်က အလျင်အမြန် ပြောလိုက်သည်။

“မင်းကြီး... ကျွန်မ ဘယ်တော့မှ သူ့ကို လက်မထပ်ပါဘူး။”

မုချင်းလန် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။ အမျိုးသမီးများ အကြောက်ရွံ့ဆုံးအရာမှာ မိမိချစ်ရသူက အခြားသူတစ်ဦးနှင့် အထင်လွဲသွားခြင်းဖြစ်သည်။ သို့မဟုတ် အခြားသူတစ်ဦးအား မိမိက ချစ်နေကြောင်း ထင်မှတ်သွားမည်ကိုဖြစ်သည်။

မုချင်းလန်၏ စိတ်ထဲမှ ထိတ်လန့်မှုကို လုချန်း သတိပြုမိလိုက်သည်။

“မင်းက ကိုယ့်ရဲ့ အစောင့်အရှောက်ပဲ..... မင်း သူ့ကို လက်မထပ်နိုင်တာ သေချာပါတယ်။”

“ကိုယ့်ရဲ့ ကျင့်စဉ်ကို အရှိန်မြှင့်ဖို့ လိုအပ်နေပြီနဲ့တူတယ်..... မဟုတ်ရင် ကိုယ့်အစောင့်အရှောက်ကိုတောင် ကိုယ် မကာကွယ်နိုင်ပဲ နေလိမ့်မယ်။”

လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန် ရင်ထဲ နွေးထွေးမှုတစ်ခု ခံစားလိုက်ရကာ မျက်နှာ အနည်းငယ် နီရဲလာသည်။ ကောင်းကင်ဧကရာဇ်၏ စကားအရ သူက သူမအတွက် ကျင့်ကြံနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယခင်က ကောင်းကင်ဧကရာဇ်ကို ကျင့်စဉ်အပေါ် စိတ်အားထက်သန်လာစေရန်နှင့် မိန်းမကိစ္စများကို အာရုံမစိုက်စေရန် နည်းလမ်းများကို သူမ အမြဲတမ်း တွေးတောခဲ့သည်။ သို့သော် သူမ၏ နည်းလမ်းများက လုံးဝ ထိရောက်မှု မရှိခဲ့ပေ။ မမျှော်လင့်ပဲ ထူးဆန်းစွာဖြင့် ယခုအခြေအနေက ကောင်းကင်ဧကရာဇ်ကို စိတ်အားထက်သန်လာစေသည်။

ထို့ပြင် ကောင်းကင်ဧကရာဇ် စိတ်အားထက်သန်လာရသည့် အကြောင်းရင်းမှာ သူမကိုယ်တိုင် ဖြစ်နေသည်။

ထိုအချက်ကို တွေးမိပြီး ကောင်းကင်ဧကရာဇ်၏ နှလုံးသားထဲတွင် သူမအတွက် နေရာတစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်တွင် လုချန်း၏ အကြည့်က မုချင်းလန်၏ အေးစက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာပေါ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူမ၏ ကျော့ရှင်းသော ကိုယ်လုံးပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်သွားသည်။

မုချင်းလန်သည် အပြာရောင် ပိုးသားဝတ်စုံ ရှည်ကို ဝတ်ဆင်ထားပြီးသူမ၏ အလှကို ပြီးပြည့်စုံစွာ ပေါ်လွင်နေစေသည်။

အချိန်တန်ပြီဟု လုချန်း တွေးလိုက်သည်။

လုချန်းက သူမ၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ မုချင်းလန်၏ ရင်ထဲ ပို၍ လှုပ်ရှားလာသည်။ ကောင်းကင်ဧကရာဇ် တစ်စုံတစ်ခု သတိပြုမိသွားပြီလားဟု သူမ မတွေးပဲ မနေနိုင်တော့ပေ။

ဒါက ပြဿနာ ရှိနိုင်သည်။ သူမ၌ သု့အပေါ်ခံစားချက်များရှိနေသဖြင့် မသင့်လျော်ဟု ကောင်းကင်ဧကရာဇ် ထင်မှတ်ပြီး ကောင်းကင်မီးကမ္ဘာသို့ ပြန်လွှတ်လိုက်လျှင် မည်သို့လုပ်မည်နည်း။

ထိုအချိန်တွင် လုချန်းက

“လန်... မင်းအတွက် သင့်တော်မယ့် ကျင့်စဉ်တစ်ခုကို ကိုယ် ရုတ်တရက် သတိရလိုက်တယ်။ အဲဒါက မင်းရဲ့ ကျင့်စဉ်အဆင့်ကို အမြန်တိုးတက်စေနိုင်တယ်။ မင်း ကျင့်ကြည့်ချင်လား။”

မုချင်းလန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းကြီး.....အဲဒါ ဘာကျင့်စဉ်လဲဆိုတာ ကျွန်မ သိခွင့်ရှိမလား။”

လက်ရှိ မုချင်းလန် လေ့ကျင့်နေသော ကျင့်စဉ်မှာ လုချန်း အရင်က ပေးထားခဲ့သော ကျင့်စဉ်ဖြစ်သည်။ လုချန်းက ကျင့်စဉ်အသစ်တစ်ခု ပေးလိုသည်ဟုသာ သူမ ရိုးရှင်းစွာ ထင်မှတ်ထားသည်။ အခြားသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။

တုံ့ဆိုင်းမနေပဲ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်၏ အကြောင်းအရာများကို မုချင်းလန်ထံ လုချန်း တိုက်ရိုက် ပေးပို့လိုက်သည်။

ထိုအချိန်တွင် လုချန်း၏ နဖူးမှ အလင်းလုံး တစ်လုံး မုချင်းလန်၏ ဦးနှောက်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလို လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်၏ အကြောင်းအရာများကို မုချင်းလန် သိသွားသည်။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် ကျင့်ကြံခြင်းတွင် အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံမှုများ ပါဝင်သည်ကို သိလိုက်ရသောအခါ သူမ ထိုနေရာမှာပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

…………..

All Chapters