← Chapters

အခန်း (၁၂၂၅-၁၂၂၇)

Vol. 82 Ch. 1225-1227

အခန်း (၁၂၂၅-၁၂၂၇)

Vol. 82 Ch. 1225-1227

အခန်း (၁၂၂၅ )

နည်းလမ်းရှိမှာ သေချာတယ်

မုချင်းလန်သည် သူတော်စင် အဆင့်ငါးဖြစ်သည်။ ချန်ဟိုင်ဂိုဏ်း၏ အကြီးအကဲချုပ်မှာမူ သူတော်စင် ဒုတိယအဆင့်တွင်သာ ရှိသေးသည်။ ချန်ဟိုင်ဂိုဏ်း၏ အကြီးအကဲချုပ်သည် မုချင်းလန်၏ ပြိုင်ဘက် မဟုတ်ပေ။

သို့သော် ထိုအကြီးအကဲချုပ်ကို ရှင်းလိုက်ပါက ချန်ဟိုင်ဂိုဏ်းမှ လူများသည် ဖရိုဖရဲကြယ်ပင်လယ်နှင့် ပတ်သက်သော ကိစ္စရပ်များကို လူသိရှင်ကြား ဖွင့်ချကြလိမ့်မည်။ ထျန်းချန်ကမ္ဘာ တည်ရှိမှုကို ထုတ်ဖော်လိုက်ကြလိမ့်မည်။ ထိုအခါ ဖရိုဖရဲကြယ်ပင်လယ်သည် အခြားအင်အားစုများနှင့် စွမ်းအားရှင်များ၏ အာရုံကို ဧကန်မုချ ဆွဲဆောင်လာလိမ့်မည်။

ထျန်းချန်ကမ္ဘာ တည်ရှိမှုကို တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း သိသွားပြီး ဖရိုဖရဲကြယ်ပင်လယ်သို့ လာရောက်ရန် တံခါးပိတ်ကျင့်ကြံ‌နေရာမှ စောထွက်လာပါက သူတို့ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

ဤအချိန်တွင် လုချန်း၏ မျက်နှာ အလွန် တည်ကြည်လေးနက်နေသည်။ အတန်ကြာ စဉ်းစားပြီးနောက်တွင်လည်း ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို မစဉ်းစားနိုင်ခဲ့ပေ။ သူ ဆက်ပြီး စိုးရိမ်ပူပန် မနေချင်တော့ပေ။

တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း တကယ် စောထွက်လာပြီး ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာပါက သူတို့အားလုံးပေါင်းလိုက်လျှင်ပင် ထိုလူ၏ ပြိုင်ဘက် မဟုတ်ပေ။ သူ၏ လူများကို ခေါ်ဆောင်သွားပြီး ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ပြေးသွားရုံသာ တတ်နိုင်‌ ပေလိမ့်မည်။

ယခု ဆက်လက်တွေးတောနေခြင်းက အကျိုးမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ချန်ဟိုင်ဂိုဏ်း လာရောက်ခြင်းကို သူ တားဆီးနိုင်မည် မဟုတ်ပေ။ သူတို့ ဖရိုဖရဲကြယ်ပင်လယ်သို့ ရောက်ရှိလာသည်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

ရှနိုင်ငံတော်၏ ဧကရာဇ်တစ်ပါး အနေနှင့် ချန်ဟိုင်ဂိုဏ်း ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်လာသည်ကို သူ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပေ။

ပြိုင်ဘက်က သူတော်စင်တစ်ပါး ဖြစ်နေလျှင်တောင် သူတို့ အရေးယူဆောင်ရွက်ရပေမည်။ လိုက်လျောပေးစရာ အကြောင်းမရှိပေ။

ရန်သူလာလျှင် ခုခံကာကွယ်ရမည်သာဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လုချန်း စီစဉ်လိုက်သည်။

ထို့နောက် မုချင်းလန်ထံသို့ သတင်းစကား ပေးပို့လိုက်ရာ နောက်တစ်ခဏတွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော မုချင်းလန်နန်းတွင်းစာကြည့်ခန်းထဲသို့ ရောက်ရှိလာသည်။

မုချင်းလန်ထံမှ ကျင့်စဉ်အရှိန်အဝါများ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ လုချန်းနှင့် ထိုကိစ္စကို ပြုလုပ်ပြီးနောက် သူမသည် ပို၍ ညှို့ဓာတ်ပြင်းကာ ကျက်သရေရှိလာသည်။

သူမ၏ ခန္ဓာကိုယ်ကို လုချန်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ မုချင်းလန်၏ အေးစက်သော မျက်နှာပေါ်တွင် ရှက်သွေးဖြာသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“မင်းကြီး......ကျွန်မကို ရှာစရာကိစ္စ ရှိလို့လား။”

လုချန်း သူမထံ သတင်းစကား ပေးပို့လိုက်စဉ်က လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ဖြင့် သူ့ကို ထိန်းချုပ်ခိုင်းမည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် ရောက်ရှိလာပြီး နန်းတွင်းစာကြည့်ခန်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လုချန်းတွင် အလေးအနက် ဆွေးနွေးစရာ ကိစ္စ ရှိနေကြောင်း သူမ သဘောပေါက်လိုက်သည်။

လုချန်းက သူမထံသို့ စာတစ်စောင် တိုက်ရိုက် ပေးလိုက်သည်။ မုချင်းလန်လည်း ချက်ချင်းယူလိုက်ပြီး အကြောင်းအရာကို လျင်မြန်စွာ ဖတ်ရှုလိုက်ရာ ဖတ်လိုက်ရသည့် အရာကြောင့် အနည်းငယ် လန့်သွားသည်။

ထို့နောက် မုချင်းလန်က

“မင်းကြီး... ချန်ဟိုင်ဂိုဏ်းက ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သံသယရှိနေတာလား။”

လုချန်းက

“ဖြစ်နိုင်ခြေ အများကြီး ရှိတယ်။ ကိုယ်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုမယ်။”

မုချင်းလန် တစ်ခဏခန့် စဉ်းစားလိုက်သည်။ သတင်းအချက်အလက် အရဆိုလျှင် ချန်ဟိုင်ဂိုဏ်းတွင် သူတော်စင် ဒုတိယအဆင့် အင်အားကြီး တစ်ဦးသာရှိသည်။ သူမ ရှိနေသမျှ ချန်ဟိုင်ဂိုဏ်းက မည်သည့် ခြိမ်းခြောက်မှုကိုမှ ဖြစ်စေမည် မဟုတ်ပေ။

သို့သော် တကယ့် ခြိမ်းခြောက်မှုမှာ ချန်ဟိုင်ဂိုဏ်း မဟုတ်ပေ။ ထျန်းချန်ကမ္ဘာ တည်ရှိမှုကို အခြားအင်အားစုများအား ချန်ဟိုင်ဂိုဏ်းမှ ပေါက်ကြားသွားစေမည့် ကိစ္စဖြစ်သည်။

တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အတွင်းရှိ အခြားအင်အားစုများသည် သူတို့ကြယ်နေမြေ အနီးတွင် မှတ်တမ်းမဝင်သော ကြယ်နယ်မြေတစ်ခု ရှိနေကြောင်း သိသွားပါက ထိုနေရာတွင် လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနေရမည်ဟု ဧကန်မုချ တွေးထင်ကြမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရန် လူများ စေလွှတ်ကြပေလိမ့်မည်။

မုချင်းလန်က

“အခု ကျွန်မတို့ ချန်ရန်ကမ္ဘာကို သွားကြမလား”

လုချန်း ခဏစဉ်းစားလိုက်သည်။

“ခဏလောက် စောင့်ပါဦး... ကိုယ် စီစဉ်စရာကိစ္စတချို့ ရှိသေးတယ်။”

ချန်ဟိုင်ဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ်သို့ လာရောက်ရန် ရည်ရွယ်ထားလျှင်တောင် တစ်ရက် နှစ်ရက်အတွင်း ရောက်ရှိလာနိုင်မည် မဟုတ်ပေ။ လက်ရှိရနေသော အချိန်ကို အသုံးပြု၍ ကိစ္စရပ်အချို့ကို စီစဉ်ရန် လုချန်း ရည်ရွယ်ထားသည်။

စကားပြောပြီးသည်နှင့် လုချန်း ထိုင်ခုံမှ ထလိုက်ပြီး ကျင့်ကြံသူများ ညီလာခံ ကျင်းပရန် အမိန့်ပြန်တမ်းတစ်ခုထုတ်ပြန်ဖို့ လုချန်းဖုန်းအား စေခိုင်းလိုက်သည်။

ယနေ့ခေတ် ကျင့်ကြံသူများ ညီလာခံသည် ကမ္ဘာတစ်ခုတည်းအတွက် မဟုတ်တော့ပေ။ ကျင့်ကြံသူများ ညီလာခံ ကျင်းပတိုင်း ဖရိုဖရဲကြယ်ပင်လယ်အတွင်းရှိ အင်အားစုများ အားလုံး တက်ရောက်ကြရ၏။ ကမ္ဘာအားလုံးရှိ အင်အားကြီးသော အင်အားစုများ မဖြစ်မနေ ပါဝင်ကြရသည်။

ရှနိုင်ငံတော်မှ အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပြီးနောက် ဖရိုဖရဲကြယ်ပင်လယ်ရှိ အဓိက အင်အားစုများ၏ အဆင့်မြင့် ပုဂ္ဂိုလ်များသည် နဂါးနက်မြို့သို့ ဦးတည်လာကြသည်။

ဤကျင့်ကြံသူများ ညီလာခံကို ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ဦးစီးကျင်းပမည်ဟု ကြားသိရသောအခါ ရှနိုင်ငံတော်တွင် တစ်စုံတစ်ခု ထပ်မံ ဖြစ်ပျက်တော့မည်ဟု လူများ ခန့်မှန်းလိုက်ကြသည်။

ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ကျင့်ကြံသူများ ညီလာခံကို ဦးစီးကျင်းပသည့် အချိန်တိုင်း အလွန် အရေးကြီးသော ကိစ္စတစ်ခု ရှိတတ်စမြဲဖြစ်ပြီး ပြင်ပရန်သူများ ကျူးကျော်ခြင်းနှင့် သက်ဆိုင်လေ့ရှိသည်။

သုံးရက်ကြာပြီးနောက် နဂါးနက်မြို့တွင် ကျင့်ကြံသူများ ညီလာခံကို ကျင်းပခဲ့သည်။ အင်အားစု အသီးသီးမှ အဆင့်မြင့် အဖွဲ့ဝင်များသည် အောက်တွင် နေရာယူထားကြပြီး နဂါးပလ္လင်ထက်ရှိ လုချန်း စကားပြောမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

လုချန်းက ခန်းမထဲရှိ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီး

“ယနေ့ကျင့်ကြံသူများ ညီလာခံကို အဓိက အကြောင်းပြချက် တစ်ခုတည်းအတွက် ကျင်းပရခြင်း ဖြစ်တယ်။ ဖရိုဖရဲကြယ်ပင်လယ်ကို ရန်သူတစ်စု ကျူးကျော်လာတော့မယ်။ အဲဒီ အင်အားစုက သူတော်စင်အဆင့် ကျင့်ကြံသူတွေ ပါဝင်တဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်တယ်။”

ထိုစကားကို ကြားသောအခါ ခန်းမတစ်ခုလုံး ရုတ်တရက် ပွက်လောရိုက်သွားသည်။

“ထင်တဲ့အတိုင်း ပြင်ပကျူးကျော်မှုက ဖြစ်လာတာပဲ။”

“ဘုရားရေ... သူတော်စင်အဆင့် ကျင့်ကြံသူတွေတဲ့လား။ ဒါဆို ဖရိုဖရဲကြယ်ပင်လယ်တော့ သွားပြီပေါ့။”

“အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။ ကျုပ်တို့က သူတော်စင်တစ်ပါးရဲ့ ပြိုင်ဘက် မဟုတ်တာ သေချာတယ်။”

“ဘာလို့ ထိတ်လန့်နေကြတာလဲ။ ကောင်းကင်ဧကရာဇ်မှာ အစီအစဉ် ရှိမှာ သေချာတယ်။”

“ဒါပေမဲ့ အဲဒါက သူတော်စင်လေ။ ကောင်းကင်ဧကရာဇ်က သူတော်စင် မဖြစ်သေးဘူး မဟုတ်လား။”

လုချန်းသည် ခန်းမထဲရှိ မှတ်ချက် အမျိုးမျိုးကို နားထောင်ရင်း ဝင်ရောက်မဟန့်တားပဲ လွတ်လပ်စွာ ဆွေးနွေးခွင့် ပြုထားလိုက် သည်။

လုချန်းအတွက်မူ ရှနိုင်ငံတော် ကြုံတွေ့ရသော အကျပ်အတည်းတိုင်းသည် ပြည်တွင်းကို စုစည်းညီညွတ်စေရန် အခွင့်အရေး တစ်ရပ် ဖြစ်သည်။

အကျပ်အတည်း ရှိနေသမျှ ကာလပတ်လုံး ရှနိုင်ငံတော် အတွင်း၌ သစ္စာဖောက်လိုသော အင်အားစုအချို့ ရှိနေမည်သာ ဖြစ်သည်။ သစ္စာဖောက်လိုသော ရည်ရွယ်ချက်ရှိသည့် အင်အားစုများကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကျန်ရစ်သူများသည် ရှနိုင်ငံတော်အပေါ် သစ္စာစောင့်သိကြပေလိမ့်မည်။

အကြိမ်ကြိမ် သန့်စင်ပြီးနောက် ကျန်ရစ်သူများသည် ရှနိုင်ငံတော်၏ ခိုင်မာသော ထောက်ခံသူများ ဖြစ်လာကြသည်။

အကျပ်အတည်း ပေါ်ပေါက်လာတိုင်း ကျင့်ကြံသူများ ညီလာခံ ကျင်းပရခြင်း အကြောင်းရင်း တစ်ခုမှာ ရှနိုင်ငံတော်အတွင်း ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ဤလူများ သိစေရန်ဖြစ်သည်။ ထို့နောက် အရေးပေါ် အခြေအနေတစ်ခုကို ဖန်တီးပြီး ဤအကျပ်အတည်းကို အသုံးပြု၍ ကိုယ်ကျိုးရှာလိုသူများ ရှိမရှိ ကြည့်ရှုရန် ဖြစ်သည်။

ဤအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် သက်သက်ဆိုပါက မုချင်းလန် တစ်ယောက်တည်းဖြင့် လုံလောက်သည်။ ဤလူများကို အသိပေးရန် မလိုအပ်ပေ။

သို့သော် ထိုသို့ အမြဲတမ်း လုပ်ပြီး အကျပ်အတည်းတိုင်းကို တိုးတိုးတိတ်တိတ် ဖြေရှင်းနေပါက နောင်တွင် ဤလူများထံ၌

အရေးပေါ်အခြေအနေကို သိတတ်နားလည်သောစိတ် ပျောက်ကွယ်သွားကြပေလိမ့်မည်။

ရှနိုင်ငံတော်တွင် ကောင်းကင်ဧကရာဇ် ရှိနေသရွေ့ အခြားကိစ္စများက သူတို့နှင့် မသက်ဆိုင်ဟုပင် ဤလူများက စတင် တွေးတောလာကြပေလိမ့်မည်။

သူတို့၏ စိတ်ထဲတွင် တာဝန်သိစိတ် ကိန်းအောင်းလာစေရန်နှင့် သူတို့သည် ရှနိုင်ငံတော်နှင့် တစ်သားတည်း ဖြစ်ကြောင်း နားလည်လာစေရန် လုချန်းလုပ်ဆောင်လိုခြင်း ဖြစ်သည်။

အချိန် မည်မျှကြာသွားသည်မသိ ခန်းမတွင်းရှိ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်သည် နဂါးပလ္လင်ပေါ်၌ တည်ငြိမ်စွာ ထိုင်နေပြီး ဤအကျပ်အတည်းကို ဂရုမစိုက်သလို ဖြစ်နေသည်ကို လူများ သတိထားမိလိုက်ကြသည်။

ကောင်းကင်ဧကရာဇ် သူတော်စင်အဆင့်သို့ အဆင့်တက်ပြီးသွားတာများ ဖြစ်နေမလားဟု လူများ မတွေးပဲ မနေနိုင်ကြတော့ပေ။

ဒါ့ကြောင့် သူ တည်ငြိမ်နေနိုင်တာလား။

ထိုစဉ် ကျင့်ကြံသူတစ်ဦးက ရဲဝံ့စွာ မေးလိုက်သည်။

“မင်းကြီးက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာ မေးခွင့်ပြုပါ။”

ကျင့်ကြံသူများ ညီလာခံသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို အလေးပေး၏။ ဒါက လုချန်း၏ မူဝါဒ အမြဲဖြစ်ခဲ့သည်။ သူ့အဆင့်နှင့် ပတ်သက်၍ ဤကဲ့သို့ တိုက်ရိုက်မေးမြန်းမှုကို သူက ဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

“ပြန်လည်ပျက်စီးခြင်း အဆင့်ရှစ်”

ထိုအဖြေကို ကြားသောအခါ ခန်းမထဲတွင် ဆွေးနွေးသံများဖြင့် တဖန် ဆူညံသွားပြန်သည်။

ယခု အခြေအနေက တကယ်ကို ဒုက္ခရောက်တော့မည့် အနေအထား ဖြစ်သည်။ ကောင်းကင်ဧကရာဇ်သည် ပြန်လည်ပျက်စီးခြင်း အဆင့်တွင်သာ ရှိနေသေးသည်။ သူတော်စင်အဆင့် ကျင့်ကြံသူများကို သူတို့ မည်သို့ ရင်ဆိုင်ကြမည်နည်း။

ရှနိုင်ငံတော် ‌ဒီလောက်စောစောစီးစီး ကျဆုံးရတော့မှာလား။

ရှနိုင်ငံတော် သက်တမ်းမှာ နှစ်တစ်ရာပင် မပြည့်သေးပေ။ ဤမျှ လျင်မြန်စွာ ပျက်စီးမသွားသင့်ပေ။

သို့သော် အချို့က စိတ်ဆင်းရဲနေကြသော်လည်း အချို့က ဝမ်းသာနေကြသည်။ ကောင်းကင်ဧကရာဇ်သည် အင်အားစု အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်း ဖိနှိပ်ထားခဲ့သူဖြစ်သည်။ ရှနိုင်ငံတော် တည်ရှိနေခြင်းက ကျင့်ကြံသူ အင်အားစု အမြောက်အမြားအတွက် အကျိုးမရှိပေ။

ယခု ရှနိုင်ငံတော် ပျက်စီးမည့် အရေးနှင့် ကြုံတွေ့နေရခြင်းက ထိုအင်အားစုများအတွက် ရောင်နီသစ်ကို ကြိုဆိုနေခြင်းလည်း ဖြစ်သည်။

……………..

အခန်း (၁၂၂၆ )

နားမလည်နိုင်ဖြစ်နေသော မုချင်းလန်

လူတိုင်း၏ မျက်နှာအမူအရာ အပြောင်းအလဲများကို လုချန်း အကဲခတ်နေခြင်းဖြစ်သည်။ သူ၏ အကြည့်များက ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်နေသည်။

လူအတော်များများ ချန်ဟိုင်ဂိုဏ်းဘက်သို့ ဘက်ပြောင်းရန် တွေးတောနေကြကြောင်းလည်း သူ သိလိုက်သည်။

သို့သော် သူ လုံးဝ ဂရုမစိုက်ပေ။

အင်အားကြီး အဖွဲ့အစည်း အားလုံးတွင် အထူးကိုယ်ရံတော် အဖွဲ့ဝင်များကို သူ ထည့်သွင်းထားပြီး ဖြစ်သည်။ ထိုအင်အားစုများ ပုံမှန်မဟုတ်သော လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုလုပ်ပါက သူ ချက်ချင်း သိရှိနိုင်မည် ဖြစ်ပြီး ထိုက်သင့်သလို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။

ခန်းမတစ်ခုလုံး တဖြည်းဖြည်း ငြိမ်သက်သွားရန် အချိန်တစ်ခု ကြာသွားသည်။ မည်သူမှ စကားမပြောကြတော့သည်ကို မြင်သောအခါ လုချန်းက နောက်ဆုံးတွင် စကားစပြောလိုက်သည်။

“ဒီတစ်ခါ ရန်သူက အရမ်းအားကြီးတယ်။ ဒါပေမဲ့ သူတို့ကို ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်လာခွင့် ကျွန်တော် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။”

“ဖရိုဖရဲကြယ်ပင်လယ်က ကျွန်တော်တို့အားလုံးရဲ့ အိမ်ဖြစ်တယ်။ ဒီရန်သူတွေက ကျွန်တော်တို့အိမ်ကို ဖျက်ဆီးပစ်တာကို ခင်ဗျားတို့လည်း မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ အချို့လူများ ရယ်ချင်သွားကြသည်။ သူတို့အတွက်တော့ ဘယ်သူက အုပ်စိုးလဲ ဆိုတာအရေးမကြီးလှပေ။

မည်သူနိုင်သည်ဖြစ်စေ နိုင်သည့်ဘက်မှ သူတို့ ရပ်တည်ကြမည်သာ ဖြစ်သည်။

ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာမည့် အင်အားစုများနှင့် စောစီးစွာ ဆက်သွယ်ထားပါက ထိုအင်အားစုများက နောက်ပိုင်းတွင် သူတို့ကို ဒုက္ခပေးမည် မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။

အချို့က သစ္စာဖောက်ရန် စဉ်းစားနေကြသော်လည်း ရှနိုင်ငံတော်နှင့်အတူ သေအတူ ရှင်မကွာ ရပ်တည်မည်ဟူသည့် ပုံစံမျိုး ဟန်ဆောင်နေကြသည်။

“စိတ်ချပါ မင်းကြီး..... ပြင်ပအင်အားစုတွေရဲ့ ကျူးကျော်မှုကို ခုခံဖို့ ကျွန်တော်တို့ ကြယ်မီးတောက်ဂိုဏ်းက အစွမ်းကုန် ကြိုးစားပါ့မယ်။”

“ကျွန်တော်တို့ ကောင်းကင်နှင့်မြေကြီးဂိုဏ်းကလည်း မင်းကြီးရဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။”

“ကျွန်တော်တို့ လအေးဂိုဏ်းက မင်းကြီးရဲ့ အမိန့်ကို အပြည့်အဝ နာခံပါ့မယ်။”

သူတို့၏ စိတ်ရင်းအမှန်နှင့် မသက်ဆိုင်စွာပင် အင်အားစုကြီး အသီးသီးမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ သစ္စာခံယူသံများ ခန်းမတစ်ခုလုံး မကြာမီ ပြည့်နှက်သွားသည်။ ယခုလို အချိန်မျိုးတွင် လူကြားကောင်းသော စကားများကို ပြောဆိုရန် လိုအပ်၏။

ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်မည့် အင်အားစုများ ရောက်မလာသေးပေ။ ရှနိုင်ငံတော်ကို ဆန့်ကျင်ကြောင်း စော

စောစီးစီး ထုတ်ဖော်ပြသလိုက်ခြင်းဖြင့် မည်သည့် အကျိုးမှ မရှိနိုင်ပေ။ နှိမ်နင်းခံရခြင်းသာ တစ်ခုတည်းသော ရလဒ် ဖြစ်ပေလိမ့်မည်။

အတွင်းစိတ်ထဲ သစ္စာစောင့်သိမှု လုံးဝမရှိပဲ ရှနိုင်ငံတော်အတွက် တရားမျှတမှုလိုလားဟန် ပြသနေသည့် အဆင့်မြင့် ပုဂ္ဂိုလ်အချို့ကို မြင်လိုက်ရသောအခါ လုချန်း ရယ်ချင်မိသွားသည်။

ခဏကြာသောအခါ လုချန်းက

“ခင်ဗျားတို့အားလုံးရဲ့ သစ္စာရှိမှုကို ကျွန်တော် ယုံကြည်တယ်။ ဒီတစ်ခါ ပြင်ပရန်သူ ကျူးကျော်မှုကို ထိရောက်စွာ ခုခံနိုင်ဖို့အတွက် အင်အားစု အသီးသီးက ဂိုဏ်းသားတွေကို ရှနိုင်ငံတော်ရဲ့ နဂါးတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျွန်တော် စီစဉ်ထားတယ်။”

ထိုကြေညာချက်ကို ကြားသောအခါ ခန်းမထဲရှိ အင်အားစု အသီးသီးမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်ခုံးများ တွန့်တက်သွားကြသည်။

သူတို့၏ ဂိုဏ်းသားများကို ရှနိုင်ငံတော်ရဲ့ နဂါးတပ်မတော်နဲ့ ပေါင်းစည်းစေမယ် ဟုတ်လား။

ဟာသတစ်ခုလိုပါပါပဲလား။

သူတို့၏ ဂိုဏ်းသားများ နဂါးတပ်မတော်သို့ စစ်သည်များအဖြစ် ဝင်ရောက်သွားပါက သူတို့ ပြန်လာကြဦးမှာလား။

ရှနိုင်ငံတော် စစ်တပ်ကပေးသော ခံစားခွင့်များက အလွန်ကောင်းပြီး ဂိုဏ်းအင်အားစုများထက် များစွာ သာလွန်ကြောင်း ယခု မသိသူ မရှိပေ။

စိတ်ထဲတွင် မလိုလားကြသော်လည်း ဆွမ်ဧကရာဇ်က ကျူးကျော်မှုကို အကြောင်းပြချက်အဖြစ် အသုံးပြုနေသဖြင့် အင်အားစုများ အနေနှင့် ကန့်ကွက်ရန် ခက်ခဲနေသည်။

ကောင်းကင်ဧကရာဇ်၏ စီစဉ်မှုများကို သဘောတူကြောင်းနှင့် သစ္စာစောင့်သိကြောင်း သူတို့ ကတိပြုခဲ့ပြီး ဖြစ်သည်။ အကယ်၍ ချက်ချင်း ဆန့်ကျင်လိုက်လျှင် သူတို့ဘက်၌ ရိုးသားမှု မရှိခြင်းကို သက်သေပြရာ ရောက်သွားမည် မဟုတ်ပါလား။

သို့သော် သူတို့၏ ဂိုဏ်းသားများကို နဂါးတပ်မတော်ထဲသို့ ပေါင်းစည်းစေလိုက်ခြင်းအားဖြင့် ရှနိုင်ငံတော်၏ လျှို့ဝှက်လက်နက်များကို သူတို့လူများမှတစ်ဆင့် ရရှိနိုင်မည်ဟု တွေးမိရန် အချိန်များစွာ မယူရလိုက်ပေ။

မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက်ကဲ့သို့သော လက်နက်များ တည်ရှိမှုကို အဓိက အင်အားစုများ အားလုံး သိထားပြီး ဖြစ်သည်။ သို့သော် ရှနိုင်ငံတော်က ထိုလက်နက်များကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး စစ်တပ်ကသာ သုံးစွဲခွင့် ရှိသည်။

အဓိက အင်အားစုများအားလုံးသည် မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက် ထုတ်လုပ်သည့် နည်းပညာများကို ရယူရန် ကြိုးပမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အားလုံး ကျရှုံးခဲ့ရသည်။

ယခု ရှနိုင်ငံတော်က ဤအင်အားစုကြီးများ၏ ဂိုဏ်းသားများကို နဂါးတပ်မတော် အတွင်းသို့ ထည့်သွင်းရန် စီစဉ်နေခြင်းက သူတို့ကို မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက်များ ရရှိရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။

၎င်းတို့သည် အဆင့်မြင့် ရန်သူများကို အလွယ်တကူ ရှုံးနိမ့်စေနိုင်သော လက်နက်များ ဖြစ်သည်။ မည်သူက မလိုချင်ပဲ ရှိမည်နည်း။

ရှနိုင်ငံတော်ကို သစ္စာဖောက်လိုသော အင်အားစုများအတွက်တော့ ရှနိုင်ငံတော်၏ အင်းကွက်လက်နက်များကို ရယူနိုင်ပါက သူတို့တွင် ရှနိုင်ငံတော်ကို ဆန့်ကျင်ရန် နည်းလမ်း ရှိလာမည်ဖြစ်သည့်အပြင် ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာမည့် အင်အားစုအား မျက်နှာလုပ်ရန် လက်ဆောင်အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

ထိုအင်အားစုများ ရှနိုင်ငံတော်၏ အင်းကွက်လက်နက်များကို ရရှိသွားပါက သူတို့ကို ထောက်ပံ့မှု မပေးလျှင်တောင် ဒုက္ခပေးမည်တော့ မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။

ခန်းမထဲရှိ လူအချို့၏ သစ္စာစောင့်သိမှုရမှတ်များ လျင်မြန်စွာ ကျဆင်းနေသည်။ အချို့မှာ အနှုတ်လက္ခဏာ အထိထိုးကျနေသည်ကို မြင်လိုက်သဖြင့် သူတို့ ဘာတွေးနေသည်ကို လုချန်း ခန့်မှန်းမိလိုက်သည်။

လုချန်း ခပ်ဖွဖွပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ ဤလူများ၏ အကြံအစည်များက သူတို့စိတ်ထဲတွင် ကျယ်လောင် ရှင်းလင်းနေသော်လည်း ကံမကောင်းစွာဖြင့် သူတို့၏ အစီအစဉ်က ကျရှုံးရန် သတ်မှတ်ထားပြီး ဖြစ်သည်။

ထို့နောက် အစီအစဉ်အချို့ကို လုချန်း ပြုလုပ်ခဲ့သည်။ ကျင့်ကြံသူများ ညီလာခံသည် တစ်ရက်ပင် မကြာပဲ လေးနာရီခန့်သာ ကြာမြင့်ပြီး လျင်မြန်စွာ ပြီးဆုံးသွားသည်။

ကျင့်ကြံသူများ ညီလာခံ ပြီးဆုံးသောအခါ ပြင်ပရန်သူများ ကျူးကျော်လာတော့မည် ဖြစ်ကြောင်း ရှနိုင်ငံတော်က ကြေညာချက်တစ်စောင် ချက်ချင်း ထုတ်ပြန်လိုက်သည်။

လုချန်းသည် မြေကမ္ဘာမှ သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိထားသော်လည်း သူ၏ အယူအဆ အချို့ကတော့ မြေကမ္ဘာမှ အတွေးအခေါ်အချို့နှင့် ကွဲပြားနေဆဲ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ အကျပ်အတည်း ကြုံတွေ့ရပါက အများပြည်သူကြား ထိတ်လန့်မှုကို ရှောင်ရှားရန်နှင့် အတွင်းပိုင်း ပြိုလဲမှုကို ကာကွယ်ရန် အရေးပေါ်အခြေအနေအချို့ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း မပြုလုပ်သင့်ဟု မြေကမ္ဘာသား အချို့ ယူဆကောင်း ယူဆနိုင်သည်။

သို့သော် လုချန်းကမူ ဆန့်ကျင်ဘက် တွေးခေါ်သည်။ မည်သည့် အကျပ်အတည်း ဖြစ်ပါစေ ပြည်သူလူထုကို အသိပေးသင့်သည်ဟု သူ ယုံကြည်သည်။

သူတို့သည် အန္တရာယ်နှင့် အမြဲတမ်း ကြုံတွေ့နေရကြောင်း လူများကို သိရှိစေမှသာ သူတို့၏ တိုင်းပြည်အပေါ် တာဝန်သိတတ်စိတ်ကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်သည်။

ထို့ပြင် အစောပိုင်းတွင် သေးငယ်သော အကျပ်အတည်း အချို့ကို တွေ့ကြုံရခြင်းက လူများ၏ စိတ်ကို ပိုမိုခိုင်မာစေသည်။ ထိုခိုင်မာသော စိတ်ဓာတ်များသည် တကယ့် အကျပ်အတည်းကြီးတစ်ခု ဖြစ်ပေါ်လာသည့်အခါ လူထုကြားထဲ တည်ငြိမ်မှု ရှိစေသည်။

ဖြစ်ပျက်နေသည်များကို ပြည်သူလူထုက မသိပဲ အမြဲတမ်း အရာအားလုံး ချောမွေ့နေပါက တစ်စုံတစ်ခု ဖြစ်ပေါ်လာသည့်အခါ လူအများစုက ထိုအရာများ သူတို့နှင့် မသက်ဆိုင်ဟု ခံစားရလိမ့်မည်။

ကျင့်ကြံသူများ ညီလာခံ ပြီးနောက် လုချန်းသည် နန်းတွင်းစာကြည့်ခန်းသို့ ပြန်လာပြီး အဓိက အင်အားစုများ တင်သွင်းထားသော ဂိုဏ်းအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများကို စတင်ဖတ်ရှုလိုက်သည်။

ဖရိုဖရဲကြယ်ပင်လယ်ရှိ အင်အားစု အားလုံးသည် ယခုအခါ ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသဖြင့် ကျင့်ကြံသူများ ညီလာခံ ကျင်းပတိုင်း မကြာသေးမီနှစ်များအတွင်း သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများကို တင်ပြရန် လိုအပ်သည်။ ထိုမှသာ ကောင်းကင်ဧကရာဇ် အနေနှင့် သူတို့၏ တိုးတက်မှုကို နားလည်နိုင်မည်ဖြစ်သည်။

အချို့အင်အားစုများက ကိစ္စအချို့ကို ဖုံးကွယ်ထားနိုင်သော်လည်း အထူးကိုယ်ရံတော်များ ရှိနေသဖြင့် သူတို့ မည်သို့ပင် ဖုံးကွယ်ရန် ကြိုးစားစေကာမူ အမှန်တရားက နောက်ဆုံးတွင် ပေါ်ပေါက်လာမည်သာ ဖြစ်သည်။

ဂိုဏ်းအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများကို လုချန်း စစ်ဆေးနေစဉ် မုချင်းလန်က သူ့ဘေးတွင် ပေါ်လာကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းကြီး... ပြင်ပရန်သူတွေ ကျူးကျော်မယ့်အကြောင်း သူတို့ကို တိုက်ရိုက် အသိပေးလိုက်ရင် ထိတ်လန့်မှုတွေ ဖြစ်သွားမှာ မစိုးရိမ်ဘူးလား။ တချို့ဆိုရင် ချန်ဟိုင်ဂိုဏ်းနဲ့ ကြိုတင် ဆက်သွယ်ဖို့တောင် တွေးလာနိုင်တယ်။”

လုချန်း၏ လုပ်ဆောင်ပုံနှင့် ပတ်သက်၍ မုချင်းလန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ အကယ်၍ သူမသာ ဆိုလျှင် သူမ၏ စွမ်းရည်များဖြင့် ဤအကျပ်အတည်းကို ကိုင်တွယ်ရန် မခက်ခဲသောကြောင့် ချန်ဟိုင်ဂိုဏ်းကို တိတ်တဆိတ် ဖြေရှင်းလိုက်မည် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ချန်ဟိုင်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် သူတော်စင်တစ်ပါးကို စေလွှတ်ရန် အလားအလာ ရှိနေသည်။ သူတော်စင်တစ်ပါးကို ရင်ဆိုင်ရန် ရှနိုင်ငံတော်၏ အင်အားစုများသည် များစွာ အထောက်အကူ ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ချန်ဟိုင်ဂိုဏ်းအကြောင်း သူတို့ကို အသိပေးရန် ပို၍ပင် မလိုအပ်ပေ။

ထိုအင်အားစုများကို အသိပေးခြင်းက ထိတ်လန့်မှု ဖြစ်စေသည်မှလွဲ၍ ကောင်းမွန်သော အကျိုးသက်သက်ရောက်မှု တစ်စုံတစ်ရာ ရှိစေနိုင်ပုံ မရပေ။

မုချင်းလန်၏ စကားကို ကြားသောအခါအစီရင်ခံစာများကို လှန်လှောကြည့်ရှုရင်း

လုချန်း ပြုံးလိုက်ကာ

“သူတို့ အဲ့ဒီလို လုပ်ရဲရင် ရှနိုင်ငံတော်အတွက် တကယ် ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်။”

ဒါက...

မုချင်းလန် တစ်စုံတစ်ခုကို နားလည်လိုက်ပုံရသည်။ ကောင်းကင်ဧကရာဇ်သည် ဤအကျပ်အတည်းကို အသုံးပြု၍ ရှနိုင်ငံတော် အတွင်းရှိ ငြိမ်သက်ခြင်း မရှိသော အတွင်းပိုင်း အင်အားစုများကို သန့်စင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

…………

အခန်း( ၁၂၂၇ )

လေထိန်းဂိုဏ်း၏ ရွေးချယ်မှု

ကျင့်ကြံသူများ ညီလာခံ ပြီးသွားသည်နှင့် ရှနိုင်ငံတော်၏ အစိုးရ သတင်းစာက ပြင်ပရန်သူ ကျူးကျော်မည့် သတင်းကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ ရက်အနည်းငယ် အတွင်းတွင် ရှနိုင်ငံတော် လက်အောက်ခံ ကမ္ဘာများအားလုံးသည် ဖရိုဖရဲကြယ်ပင်လယ်အား သူတော်စင်အဆင့် အင်အားစုတစ်ခုက ကျူးကျော်တော့မည် ဖြစ်ကြောင်း သိသွားကြသည်။

သတင်းထုတ်ပြန်ပြီးနောက် ရှနိုင်ငံတော်၏ ပြည်သူလူထုကြားတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ကောင်းကင်ဧကရာဇ်သည် ပြန်လည်ပျက်စီးခြင်း အဆင့် အင်အားကိုသာ ပိုင်ဆိုင်ထားပြီး သူတော်စင်အဆင့် အင်အားစု၏ ပြိုင်ဘက် မဟုတ်ကြောင်း သတင်းစာများတွင် ဖော်ပြထားသောကြောင့် ဖြစ်သည်။

ရုတ်တရက်ဆိုသလို လူများ ထိတ်လန့်သွားကြပြီး အချို့သော အင်အားစုများက သူတို့၏ နောက်ထပ် ခြေလှမ်းများကို စတင်ကြံစည်လာကြသည်။

……

ထျန်းချန်ကမ္ဘာ။

လေထိန်းဂိုဏ်း။

ဂိုဏ်းခန်းမအတွင်း၌ အကြီးအကဲ အမြောက်အမြားသည် ဝမ်းသာစရာ ကိစ္စတစ်ခုခု ကြုံတွေ့နေရသကဲ့သို့ စိတ်လှုပ်ရှားသော မျက်နှာထားများဖြင့် သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ခန်းမထိပ်၌ ထိုင်နေသော ဂိုဏ်းချုပ် ရှုဉာဏ်ရှောင်က စကားစပြောလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ သဘောထားက ဘယ်လိုလဲ။”

စကားဆုံးသည်နှင့် ရှုဉာဏ်ရှောင်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။

ရှနိုင်ငံတော်ကို သစ္စာဖောက်မည့် ကိစ္စနှင့် ပတ်သက်၍ သူတို့ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

သူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦး ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်တော့မည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ ရှုဉာဏ်ရှောင်၏ ပထမဆုံး အတွေးမှာ ရှနိုင်ငံတော်ကို သစ္စာဖောက်ပြီး ထိုသူတော်စင်ထံ သစ္စာခံရန် ဖြစ်သည်။

သို့သော် ရှုဉာဏ်ရှောင်သည် လေထိန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ဂိုဏ်းကိစ္စ အဝဝကို ဆုံးဖြတ်နိုင်သော်လည်း သူတော်စင်ထံ သစ္စာခံမည်ဟု ချက်ချင်း မကြေညာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှနိုင်ငံတော်သည် ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ ကျင့်ကြံသူများအပေါ် လွှမ်းမိုးမှု ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

လေထိန်းဂိုဏ်း အတွင်း၌ပင် လူအမြောက်အမြားသည် ရှနိုင်ငံတော်၏ လွှမ်းမိုးမှုကို ခံနေရသည်။ သူက ရှနိုင်ငံတော်ကို သစ္စာဖောက်မည့်အကြောင်း ဤအကြီးအကဲများကို တိုက်ရိုက်ပြောလိုက်ပါက လေထိန်းဂိုဏ်း သစ္စာဖောက်မည့် အကြောင်းကို ရှနိုင်ငံတော် နန်းတွင်းထံ ချက်ချင်း သတင်းပို့မည့်သူ မရှိနိုင်ဟု ခန့်မှန်း၍ မရပေ။

ရှနိုင်ငံတော်ကို သစ္စာဖောက်မည် ဆိုပါက ရှုဉာဏ်ရှောင် အနေနှင့် သတိထားရန် လိုအပ်သည်။ သူယခု ဆွေးနွေးမှုကို စတင်ရခြင်း၏ အဓိက အကြောင်းရင်းကလည်း ရှနိုင်ငံတော်ကို သစ္စာဖောက်ခြင်းနှင့် ပတ်သက်၍ ဤအကြီးအကဲများ၏ ရပ်တည်ချက်ကို သိလိုသောကြောင့် ဖြစ်သည်။

အကြီးအကဲများ၏ သဘောထားကို သူ အရင်စမ်းသပ်လိုသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဆန့်ကျင်ပါက နောင်တွင် ပြဿနာ မဖြစ်စေရန် ထိုဆန့်ကျင်သူများကို သိုသိပ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှာရမည်ဖြစ်သည်။

ထိုအချိန်တွင် အကြီးအကဲတစ်ဦး ထရပ်လိုက်ပြီး

“ဂိုဏ်းချုပ်.... ဒါက ကျွန်တော်တို့ ရှနိုင်ငံတော် လက်အောက်ကနေ လွတ်မြောက်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။”

နောက်ထပ် အကြီးအကဲတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ် ဂိုဏ်းချုပ်... ကောင်းကင်ဧကရာဇ်က သူတော်စင်တစ်ပါးရဲ့ ပြိုင်ဘက် မဟုတ်တာ သေချာတယ်။ ကျွန်တော်တို့ အဲဒီသူတော်စင်ဆီ စောစောစီးစီး သစ္စာခံထားရင် အသက်ရှင်ဖို့ လမ်းစ ရှိကောင်းရှိလိမ့်မယ်။ နောက်ကျသွားရင်တော့ အဲဒီသူတော်စင်က ကျွန်တော်တို့ကို ကောင်းကင်ဧကရာဇ်ရဲ့ လက်အောက်ခံ အင်အားစုတွေလို့ သတ်မှတ်ပြီး တစ်ပါတည်း သုတ်သင်ပစ်လိုက်လိမ့်မယ်။”

ထို့နောက် ခန်းမထဲရှိ အကြီးအကဲများ တညီတညွတ်တည်း သဘောတူလိုက်ကြပြီး ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်မည့် သူတော်စင်ထံ လျင်မြန်စွာ သစ္စာခံရန် မျှော်လင့်နေကြသည်။

ဤအကြီးအကဲများ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှုဉာဏ်ရှောင် အလွန် ကျေနပ်သွားသည်။ ဤအကြီးအကဲများ သူ့ဘက်တွင် ရှိနေသမျှ ကာလပတ်လုံး ပြဿနာ ရှိမည်မဟုတ်ပေ။

သို့သော်...

ထိုအချိန်တွင် ရှုဉာဏ်ရှောင်၏ အကြည့်က လေထိန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သူ အပေါ် ကျရောက်သွားသည်။

အခြားအကြီးအကဲများ အားလုံး သူတို့၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုနေကြချိန်တွင် ဒုတိယခေါင်းဆောင် ကျန်းရီတုန်းကတော့ တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ကျန်းရီတုန်း တုံ့ပြန်ရန် နှောင့်နှေးနေသည်ကို မြင်သောအခါ ရှုဉာဏ်ရှောင်၏ မျက်ခုံး အနည်းငယ် တွန့်သွားသည်။ ကျန်းရီတုန်းသည် လေထိန်းဂိုဏ်း၏ ဒုတိယခေါင်းဆောင် ဖြစ်ပြီး ဂိုဏ်းချုပ် ရှုဉာဏ်ရှောင်ကို မကြာခဏ ဆန့်ကျင်လေ့ရှိသူလည်းဖြစ်သည်။

အခြားအကြီးအကဲများကို ရှုဉာဏ်ရှောင် အတော်လေး စိတ်ချသော်လည်း ကျန်းရီတုန်းနှင့် ပတ်သက်လျှင်‌တော့ ရှုဉာဏ်ရှောင် အနည်းငယ် စိတ်မအေးနိုင် ဖြစ်နေသည်။ ကျန်းရီတုန်းသည် သတိထားရမည့် လူတစ်ယောက် ဖြစ်သည်။

ကျန်းရီတုန်းသာ ပူးပေါင်းရန် ဆန္ဒမရှိပါက ပြဿနာအချို့ ရှိလာနိုင်ကြောင်း သူ တွေးလိုက်သည်။

ကျန်းရီတုန်း၏ ဂိုဏ်းအတွင်း ဩဇာလွှမ်းမိုးမှုကကြီးမား၏။ ထို့ကြောင့်လည်း လေထိန်းဂိုဏ်း၏ ဒုတိယ အကြီးအကဲ ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ လေထိန်းဂိုဏ်း အတွင်းရှိ လူအမြောက်အမြားသည် ကျန်းရီတုန်းဘက်မှ ရပ်တည်ကြသည်။

ကျန်းရီတုန်းကို ဆန့်ကျင်ရန် ကြိုးစားခြင်းက သိသာထင်ရှားသော လှုပ်ရှားရုန်းကန်မှုများ မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်ပြီး အလွန်အကျွံ ဖြစ်သွားပါက ရှနိုင်ငံတော်၏ အာရုံကို ဆွဲဆောင်မိသွားနိုင်သည်။

ထို့နောက် ရှုဉာဏ်ရှောင်က

“ညီငယ်ရဲ့ သဘောထားက ဘယ်လိုလဲ။”

ထိုအချိန်တွင် ကျန်းရီတုန်း သတိပြန်ဝင်လာပြီး အရေးမကြီးသလိုဖြင့်

“သူတော်စင်အဆင့် ကျင့်ကြံသူတွေ ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်လာတာ တကယ်မှန်တယ်ဆိုရင် ရှနိုင်ငံတော် ပျက်စီးဖို့ မဝေးတော့တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီသူတော်စင်နဲ့ ကြိုတင်ပြီး ဘယ်လို ဆက်သွယ်မလဲ ဆိုတာကို အစ်ကို စဉ်းစားပြီးပြီလား။”

“အင်အားစုတစ်ခုက ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာတော့မယ်လို့ပဲ ကောင်းကင်ဧကရာဇ်က ပြောခဲ့တာ။ ဒီအင်အားစုက ဘယ်ကလာတာလဲ၊ ဘယ်လို အင်အားစုမျိုးလဲ ဆိုတာကို ကျွန်တော်တို့ ဘာမှမသိရဘူး။ ကျွန်တော်တို့ သူတို့နဲ့ ဘယ်လို ချိတ်ဆက်မလဲ။”

ကျန်းရီတုန်း ထိုသူတော်စင်နှင့် မဟာမိတ်ဖွဲ့ခြင်းကို မဆန့်ကျင်ကြောင်း မြင်လိုက်ရသောအခါ ရှုဉာဏ်ရှောင် သက်ပြင်းချလိုက်မိသည်။ ယခု အခြေအနေတွင် သူ ကျန်းရီတုန်းနှင့် မတိုက်ခိုက်လိုပေ။

ယခု ကျန်းရီတုန်းကလည်း ထိုသူတော်စင်နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်သဖြင့် ကိစ္စများ ပိုလွယ်ကူသွားတော့မည် ဖြစ်သည်။ ထို့နောက် ရှုဉာဏ်ရှောင်က

“ညီလေး စိတ်ပူစရာ မလိုပါဘူး။ အစ်ကိုတို့ဂိုဏ်းက ချန်ရန်ကမ္ဘာမှာ တပ်စွဲထားချင်တယ်လို့ ကောင်းကင်ဧကရာဇ်ဆီ ကြိုတင် အဆိုပြုထားလိုက်မယ်။ ဖရိုဖရဲကြယ်ပင်လယ် အစွန်အဖျားမှာ ကိုယ်တို့လူတွေ ကင်းလှည့်တဲ့အခါ အဲ့ဒီအင်အားစုရဲ့ ကင်းထောက်တွေနဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။”

တစ်ဖက် အင်အားစုသည် ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်ရန် စီစဉ်နေသောကြောင့် ဖရိုဖရဲကြယ်ပင်လယ်ရှိ အခြေအနေကို စူးစမ်းရန် ကင်းထောက်အချို့ကို ဧကန်မုချ စေလွှတ်လိမ့်မည်ဟု ရှုဉာဏ်ရှောင် ယူဆသည်။

သူတို့သာ ဖရိုဖရဲကြယ်ပင်လယ် အစွန်အဖျားတွင် စောင့်ကြပ်နေပါက ထိုအင်အားစု၏ ကင်းထောက်များနှင့် မတွေ့ဆုံရမှာကို ကြောက်စရာ လိုပါဦးမလား။

တစ်ခဏခန့် စဉ်းစားပြီးနောက် ကျန်းရီတုန်းက

“အစ်ကို့ရဲ့ နည်းလမ်းက ဖြစ်နိုင်ပါတယ်။ အစ်ကို့အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့။”

ကျန်းရီတုန်း သဘောတူသည်ကို မြင်သောအခါ ရှုဉာဏ်ရှောင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တက်သွားပြီး

“တို့အားလုံး ဆုံးဖြတ်ပြီးပြီ ဆိုတော့ ကျင့်ကြံသူများ အသင်းဆီ လျှောက်လွှာစာတစ်စောင် အခုချက်ချင်း ရေးလိုက်ပါ့မယ်။”

ကျင့်ကြံသူများ အသင်းသည် ရှနိုင်ငံတော် နန်းတွင်းပိုင် ဖြစ်ပြီး ဂိုဏ်းအင်အားစုများကို စီမံခန့်ခွဲရန် အထူး တာဝန်ရှိသည်။ ဂိုဏ်းအင်အားစုများနှင့် ပတ်သက်သော မည်သည့် ကိစ္စရပ်ကိုမဆို ကျင့်ကြံသူများ အသင်းသို့ တိုက်ရိုက် တင်ပြနိုင်သည်။

ရှုဉာဏ်ရှောင်သည် ဂိုဏ်းသားများကို ချန်ရန်ကမ္ဘာတွင် တပ်စွဲရန် စေလွှတ်လိုသဖြင့် ကျင့်ကြံသူများ အသင်းသို့ လျှောက်လွှာစတင်သွင်းရန် လိုအပ်သည်။

ဂိုဏ်းအစည်းအဝေး ပြီးဆုံးပြီးနောက် ကျန်းရီတုန်း သူ၏တောင်ဆီသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် အတွင်းစည်း အကြီးအကဲတစ်ဦး ကျန်းရီတုန်း၏ တောင်ဆီသို့ ရောက်လာသည်။

“အကြီးအကဲက... အဲ့ဒီသူတော်စင်နဲ့ မဟာမိတ်ဖွဲ့ဖို့ တကယ် စီစဉ်နေတာလား။”

လာရောက်သူမှာ ကျန်းရီတုန်း၏ လူယုံတစ်ဦး ဖြစ်ပြီး ကျန်းရီတုန်း ဘက်တော်သား ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသည်လည်း ဂိုဏ်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး သူတော်စင်ဟု ဆိုသူနှင့် မဟာမိတ်ဖွဲ့ရန် အပြင်ပန်းတွင် သဘောတူခဲ့သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် မသေချာသလို ခံစားနေရသည်။

ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာမည့် အင်အားစုတွင် သူတော်စင်အဆင့် စွမ်းအားရှင် တကယ် ပါဝင်ပါက ယေဘုယျအားဖြင့် အလွန် အင်အားကြီးသော အဖွဲ့အစည်း ဖြစ်ရပေမည်။

ဆန့်ကျင်ဘက် အင်အားစုက တကယ် အင်အားကြီးမားပါက အရိုင်းကြယ်နယ်မြေမှ သေးငယ်သော အင်အားစုလေး တစ်ခုကို သူတို့ မည်သို့ စိတ်ဝင်စားနိုင်မည်နည်း။ လေထိန်းဂိုဏ်းတွင် သူတို့အတွက် အသုံးဝင်သည့် တန်ဖိုးတစ်ခုတလေပင် ရှိချင်မှ ရှိလိမ့်မည်။

သို့သော် ထိုအချက်က အရေးကြီးဆုံးအချက် မဟုတ်သေးပေ။

ကောကျင်းမင်၏ စကားကို ကြားပြီးနောက် ကျန်းရီတုန်းက အရေးမကြီးသလို ပြောလိုက်သည်။

“သူတော်စင် ဆိုတာကြီး ရှိမရှိက မသေချာ သေးဘူး။ ဒါပေမဲ့ ရှုဉာဏ်ရှောင်က သူများရဲ့ခွေး ဖြစ်ဖို့ အရမ်း စိတ်အားထက်သန်နေတယ်။ နောက်ဆုံးကျရင် သူ ဘယ်လို သေသွားမလဲ ဆိုတာတောင် သူ သိမှာ မဟုတ်ဘူး။”

ကျန်းရီတုန်း၏ စကားကို ကြားသောအခါ ကောကျင်းမင် အနည်းငယ် လန့်သွားသည်။

ကျန်းရီတုန်းက ဆက်လက်၍

“လေထိန်းဂိုဏ်းက ရှနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတာတောင် ကောင်းကင်ဧကရာဇ် ဘယ်လိုလူမျိုးလဲ ဆိုတာကို ရှုဉာဏ်ရှောင် သဘောမပေါက်သေးဘူး။ သူက ကောင်းကင်ဧကရာဇ်ကို ဆန့်ကျင်ဖို့တောင် စဉ်းစားနေတယ်။”

ဒါက ကောင်းကင်ဧကရာဇ်အတွက် တကယ့် အကျပ်အတည်း တစ်ခု ဖြစ်သည်ဟု ကျန်းရီတုန်း လုံးဝ မယုံကြည်ပေ။ နှစ်များတစ်လျှောက် ရှနိုင်ငံတော်သည် ရံဖန်ရံခါ၌ အခွင့်ကောင်းယူရန် အခွင့်အရေး ရှိသည်ဟု လူအများ ထင်မှတ်အောင် အားနည်းချက် အချို့ ပြသလေ့ရှိသည်။ သို့သော် နောက်ဆုံးတွင် ထိုအခြေအနေကို အခွင့်ကောင်းယူသော အင်အားစုများ အရှင်းခံရခြင်းသာ အဖတ်တင်သည်။

ကောကျင်းမင်က

“ဒါပေမဲ့ သူတော်စင်အဆင့် စွမ်းအားရှင်က ဖရိုဖရဲကြယ်ပင်လယ်ကို တကယ် ကျူးကျော်လာရင် ဘယ်လိုလုပ်မလဲ။”

ကျန်းရီတုန်းက တဟားဟား ရယ်မောလိုက်ပြီး

“သူတော်စင်အစစ် ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာရင်တောင် ကောင်းကင်ဧကရာဇ်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး။ မဟုတ်ရင် ကျင့်ကြံသူများ ညီလာခံမှာ ကောင်းကင်ဧကရာဇ် ဒီလောက် တည်ငြိမ်နေမှာ မဟုတ်ဘူး။”

……………

All Chapters