အခန်း (၁၂၂၈-၁၂၃၀)
Vol. 82 Ch. 1228-1230
အခန်း (၁၂၂၈ )
တစ်ယောက်တည်း လှုပ်ရှားနေတာ မဟုတ်
ကျန်းရီတုန်း၏ စကားကို ကြားပြီးနောက် ကောာကျင်းမင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ တကယ်တော့ သူ့အတွေးများကလည်း ကျန်းရီတုန်းနှင့် အတူတူပင် ဖြစ်သည်။
ဂိုဏ်းအစည်းအဝေးအတွင်း ဂိုဏ်းချုပ် ရှုဉာဏ်ရှောင်၏ အကြံဉာဏ်များကို သူ သဘောတူခဲ့ရသည့် အကြောင်းရင်းမှာ ဂိုဏ်းထဲတွင် အပယ်ခံတစ်ယောက် မဖြစ်လိုသောကြောင့်သာ ဖြစ်၏။ အထူးသဖြင့် အခြားအကြီးအကဲများက ဂိုဏ်းချုပ်ကို ထောက်ခံနေကြချိန်တွင် ဖြစ်သည်။ ထိုအချိန်တွင်သာ သူထ ကန့်ကွက်ခဲ့လျှင် ဂိုဏ်းချုပ်၏ ညိုညင်မှုကို ခံရဖို့ အလွန်ဖြစ်နိုင်ခြေ ရှိသည်။
ကျန်းရီတုန်းက ဆက်ပြောလိုက်သည်။
“ဒီနေ့ ဆွေးနွေးဖို့ ရှုဉာဏ်ရှောင်က အကြီးအကဲတွေကို ခေါ်လိုက်တာက အကြီးအကဲတွေရဲ့ သဘောထားကို စမ်းသပ်ချင်လို့ ဖြစ်ဖို့များတယ်... ဘယ်သူမဆို သူ့ကို ဆန့်ကျင်ရင် အဲဒီလူတွေကို သူ မလွဲမသွေ အရေးယူလိမ့်မယ်။”
ထိုအရာကို ကြားသောအခါ ကောကျင်းမင် လန့်ဖျပ်သွားသည်။ ဂိုဏ်းချုပ်နှင့် သဘောထားမကွဲလွဲပြခဲ့သည့် အတွက်လည်း အနည်းငယ် စိတ်သက်သာရာ ရသွား၏။ မဟုတ်ပါက သူ အသက်ရှည်ရှည် နေရတော့မည် မဟုတ်ချေ။
ထို့နောက် ကောကျင်းမင်က
“အကြီးအကဲ..... ကျွန်တော်တို့ နောက်ဆက်တွဲ ဘာလုပ်ကြမလဲ”
“ဂိုဏ်းချုပ်က ဖရိုဖရဲ ကြယ်ပင်လယ်ကို ကျူးကျော်မယ့် အင်အားစုတွေနဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ ကြံစည်နေပြီ။ ဒီကိစ္စကို ရှနိုင်ငံတော်က သိသွားရင် လေထိန်းဂိုဏ်းက လူတိုင်း ပါသွားမှာကို စိုးရိမ်ရတယ်။”
ကျန်းရီတုန်း ခဏခန့် စဉ်းစားလိုက်ပြီး
“ဂိုဏ်းချုပ်ရဲ့ အလိုအတိုင်း အချိန်ကျလာတဲ့အခါ ချန်ရန်ကမ္ဘာမှာ စောင့်ကြပ်ဖို့ ခင်ဗျား ဦးဆောင်ပြီး သွားလိုက်ပါ.....ကျူးကျော်မယ့် အင်အားစုတွေအကြောင်း သတင်းအချက်အလက်ကို ရသလောက် စုဆောင်းပါ... ကျန်တာကိုတော့ ကျွန်တော် ကြံဖန်လိုက်ပါ့မယ်။”
ကောကျင်းမင်က
“နားလည်ပါပြီ”
ရက်အနည်းငယ် ကြာပြီးနောက် ရှနိုင်ငံတော်က လေထိန်းဂိုဏ်း၏ တောင်းဆိုမှုကို အတည်ပြုလိုက်ပြီး ဂိုဏ်းအကြီးအကဲ လေးဦးနှင့် ဂိုဏ်းသား တစ်ထောင်ကျော်ကို ချန်ရန်ကမ္ဘာတွင် စောင့်ကြပ်ရန် စေလွှတ်လိုက်သည်။
သို့သော် လေထိန်းဂိုဏ်းမှ ဂိုဏ်းသားများ ချန်ရန်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့် သူတို့ကို လူစုခွဲခံလိုက်ရပြီး နဂါးတပ်မတော် တပ်ဖွဲ့အသီးသီးကြားတွင် တာဝန်ချထားလိုက်ရာ အကြီးအကဲများလည်း လူစုကွဲသွားကြသည်။
လေထိန်းဂိုဏ်းသာမက အခြားဂိုဏ်းများနှင့် မျိုးနွယ်စု အင်အားစုများမှ ဂိုဏ်းသားများကိုလည်း ထိုနည်းတူ ဆက်ဆံခဲ့ကြသည်။ ကျင့်ကြံသူများ ညီလာခံအတွင်း အင်အားစုအားလုံးမှ ဂိုဏ်းသားများကို စစ်တပ်ထဲ ပေါင်းစည်းမည့်အကြောင်း ကောင်းကင်ဧကရာဇ်က ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ရပ်အပေါ်အင်အားကြီး အဖွဲ့အစည်းများကြားတွင် မကျေနပ်မှုများ ရှိသော်လည်း မည်သူမှ ထုတ်ဖော်မပြခဲ့ကြပေ။
အင်အားစုအချို့ကတော့ သူတို့၏ ဂိုဏ်းသားများ မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက်တို့ကို ရရှိရန် မျှော်လင့်နေဆဲ ဖြစ်သည်။
……
ထျန်းချန်ကမ္ဘာတွင် ရက်အနည်းငယ်ကြာ ဆက်လက်နေထိုင်ပြီးနောက် အချိန်တန်ပြီဟု ခံစားလိုက်ရသဖြင့် ချန်ရန်ကမ္ဘာသို့ သွားရောက်ရန် လုချန်း ပြင်ဆင်လိုက်သည်။
လုချန်း ထွက်ခွာရန် ပြင်ဆင်နေစဉ် လင်ဝမ်ရွန်၏ အိပ်ဆောင်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းကြီး..... ဂိုဏ်းကြီးတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်း အတော်များများကို အထူးကိုယ်ရံတော်တွေ လာပို့ထားပါတယ်။”
ထိုအသံကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး လင်ဝမ်ရွန်၏ ပါးပြင်ကို ပွတ်သပ်ကာ
“ဝမ်ရွန်... ကိုယ် အလုပ်ရှုပ်တော့မယ်နဲ့ တူတယ်... ကိုယ် ပြန်လာရင် ဆက်ကြတာပေါ့။”
ထိုစကားကြောင့် မိန်းမလှ၏ ပါးပြင်များ ချက်ချင်း ပူနွေးသွားပြီး နီရဲလာသည်။ ထို့နောက် သူမ၏ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ငြိမ်သက်စေလိုက်ပြီး တစ်ကိုယ်လုံးကို လျှော့ချလိုက်သည်။
လုချန်းက နောက်ဆုတ်လိုက်ပြီး ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်ရာ ရွှေဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။
လင်ဝမ်ရွန်က အလျင်အမြန်ပင်
“မင်းကြီးကို နှုတ်ဆက်ပါတယ်”
လင်ဝမ်ရွန် စကားပြောပြီးနောက် နန်းတွင်းစာကြည့်ခန်းသို့ လုချန်း ရောက်ရှိလာသည်။
ယခုအခါ နန်းတော်ထဲတွင် စာကြည့်ခန်း နှစ်ခုရှိသည်။ တစ်ခုမှာ လုချန်းဖုန်း နိုင်ငံရေးရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်နေရာဖြစ်ကာ အခြားတစ်ခုမှာ လုချန်း၏ စာကြည့်ခန်း ဖြစ်သည်။
လုချန်း၏ စာကြည့်ခန်းတွင် နိုင်ငံရေးရာကိစ္စများနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ မပါရှိပဲ ထောက်လှမ်းရေး စာလိပ်အများစုသာ ရှိသည်။
စာကြည့်ခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် အထူးကိုယ်ရံတော် တပ်မှူးတစ်ဦးက ဂိုဏ်းအင်အားစုအသီးသီး၏ လတ်တလော လှုပ်ရှားမှုများအကြောင်း လုချန်းကို ချက်ချင်း သတင်းပို့လိုက်သည်။
စားပွဲပေါ်ရှိ စာရွက်များကို လှန်လှောကြည့်ရှုရင်း တပ်မှူး၏ တင်ပြချက်ကို လုချန်း နားထောင်နေလိုက်သည်။
စာများထဲမှ အကြောင်းအရာကို မြင်သောအခါ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ ရှနိုင်ငံတော်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဤဂိုဏ်းအင်အားစုများက စိတ်မငြိမ်ချင် ဖြစ်နေဆဲပင်။ ချန်ဟိုင်ဂိုဏ်း ဖရိုဖရဲ ကြယ်ပင်လယ်သို့ မဝင်ရောက်မီကပင် ထိုအင်အားစုများက ချန်ဟိုင်ဂိုဏ်းနှင့် ကြိုတင်ဆက်သွယ်ရန် စဉ်းစားနေကြပြီ ဖြစ်သည်။
ချန်ဟိုင်ဂိုဏ်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် ချန်ရန်ကမ္ဘာတွင် ဂိုဏ်းသားများနှင့် အကြီးအကဲများကိုပင် သူတို့ တာဝန်ချထားခဲ့ကြသည်။
ဂိုဏ်းအင်အားစုများ၏ ဤလှည့်ကွက်လေးများကြောင့် လုချန်း ဒေါသထွက်ခြင်း မရှိပေ။ ထိုကဲ့သို့သော အဖြစ်အပျက်များ ဖြစ်လာမည်ကို အစောကတည်းကကတည်းက သူ မျှော်လင့်ထားပြီး ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက အထူးကိုယ်ရံတော် တပ်မှူးအား
“လောလောဆယ် သူတို့ကို ဘာမှမလုပ်နဲ့ဦး.....သေချာ စောင့်ကြည့်ထားလိုက်”
“အမိန့်တော်အတိုင်းပါ မင်းကြီး”
“သွားလို့ရပါပြီ”
“ခွင့်ပြုပါ”
ထို့နောက် အထူးကိုယ်ရံတော် တပ်မှူး စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည်။ ထိုအချိန်တွင် စိတ်ဝင်စားစရာကောင်းသော ထောက်လှမ်းရေးသတင်းတစ်ခုကို လုချန်း တွေ့လိုက်ရသည်။
လေထိန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက အထူးကိုယ်ရံတော်များကို တက်ကြွစွာ ရှာဖွေနေပုံရပြီး အထူးကိုယ်ရံတော်မှတစ်ဆင့် သတင်းပို့လိုသော ကိစ္စအချို့ ရှိနေပုံရကြောင်း သတင်းက ဖော်ပြနေသည်။
ဤသတင်းကို မြင်သောအခါ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ လေထိန်းဂိုဏ်းတွင်လည်း ဉာဏ်ပညာရှိသူများ ရှိနေပုံရသည်။
ထိုစဉ် ပိုင်ချင်းချင်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“မင်းကြီး... လေထိန်းဂိုဏ်းက ဂိုဏ်းသားတစ်ယောက် ဝင်ခွင့် တောင်းနေပါတယ်။”
လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဤသတင်းကို သူ ယခုလေးတင် ဖတ်ပြီးဖြစ်သော်လည်း လေထိန်းဂိုဏ်းမှ အကြီးအကဲက လူတစ်ယောက်ကို ဤမျှမြန်မြန် စေလွှတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ လုချန်းက တိုက်ရိုက်ပင်
“ဝင်ခဲ့ပါ”
လေထိန်းဂိုဏ်းမှ ဂိုဏ်းသားသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး ချက်ချင်း ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
“ထုံးစံတွေ ထားလိုက်ပါ... ပြောပါ... ခင်ဗျားရဲ့ အကြီးအကဲက ဘာကိစ္စနဲ့ လွှတ်လိုက်တာလဲ။”
လုချန်း၏ အသံကို ကြားသောအခါ လေထိန်းဂိုဏ်းမှ ဂိုဏ်းသားလည်း ကြောက်ရွံ့မှုကြောင့် ချက်ချင်း တုန်လှုပ်သွားသည်။ သူသည် ကျန်းရီတုန်း၏ တပည့်ရင်းဖြစ်ပြီး ကျန်းရီတုန်းက သူတို့ဂိုဏ်း၏ ကိစ္စရပ်များကို သူနှင့် ဆွေးနွေးထားပြီး ဖြစ်သည်။
လေထိန်းဂိုဏ်းက ရှနိုင်ငံတော်ကို သစ္စာဖောက်တော့မည်ဖြစ်ပြီး ဘေးအန္တရာယ် ကျရောက်တော့မည်ဟု တွေးမိရုံဖြင့် သူ့ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ထရပ်ရန် လုချန်း ပြောပြီးဖြစ်သော်လည်း တုရန်မုကျိက မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး မတ်တတ်မရပ်ရဲသလိုသို့ ခေါင်းလည်းမမော့ရဲပေ။
“မင်းကြီး... လေထိန်းဂိုဏ်းချုပ်က ဖရိုဖရဲ ကြယ်ပင်လယ်ကို ကျူးကျော်သူတွေနဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ ခေါင်းမာမာနဲ့ ဆုံးဖြတ်ထားကြောင်း မင်းကြီးကို လျှောက်တင်ဖို့ ဆရာက ကျွန်တော့်ကို စေလွှတ်လိုက်တာပါ။”
ထိုအရာကို ကြားသောအခါ လုချန်း ပေါ့ပါးစွာ ရယ်မောလိုက်ပြီးနောက်
“ခေါင်းမာမာနဲ့ ဆုံးဖြတ်ထားရုံတင် မဟုတ်လောက်ဘူး..... ကျွန်တော် နားလည်သလောက်ဆိုရင် ခင်ဗျားတို့ဂိုဏ်းက အကြီးအကဲ အားလုံးနီးပါးက ချန်ဟိုင်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ထောက်ခံထားကြတာ။”
တုရန်မုကျိ ချွေးစေးများ ထွက်လာသည်။ ဆွမ်ဧကရာဇ်က လေထိန်းဂိုဏ်း၏ ကိစ္စရပ်များကို သိနေပြီးသားဖြစ်လိမ့်မည်ဟု သူ စိတ်ကူးပင် မယဉ်ခဲ့မိပေ။ သူ့ဆရာ စိုးရိမ်ခဲ့သည့်အတိုင်း ဒါက ကောင်းကင်ဧကရာဇ် ဆင်ထားသော ထောင်ချောက်တစ်ခု ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့ဆရာက ကောင်းကင်ဧကရာဇ်၏ ရည်ရွယ်ချက်များကို ကြိုမြင်ခဲ့သည်။ သို့သော် ယခုတော့ လေထိန်းဂိုဏ်းချုပ်က သူ၏ ရွေးချယ်မှု ပြုလုပ်ပြီးပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်က လေထိန်းဂိုဏ်းကို အလွတ်ပေးပါတော့မလား။
သတိပြန်ဝင်လာသောအခါ တုရန်မုကျိက ချက်ချင်းပင်
“မင်းကြီး..... လေထိန်းဂိုဏ်းသား အများစုက မင်းကြီးအပေါ် သစ္စာရှိကြပါတယ်... သူတို့က ကျူးကျော်သူတွေရဲ့ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေကြလို့သာ အမိန့်ကို မလွန်ဆန်နိုင်ကြတာပါ.....ချင့်ချိန်စဉ်းစားပေးပါ မင်းကြီး။”
လုချန်းက
“ကောင်းပြီ... ဒီကိစ္စကို ကျွန်တော် သိပါတယ်..... ဘယ်သူက သစ္စာရှိပြီး ဘယ်သူက သစ္စာဖောက်လဲဆိုတာလဲ ကျွန်တော် ကောင်းကောင်း သိတယ်ဆိုတာ။ ခင်ဗျား ဆရာကို ပြန်ပြောလိုက်ပါ။ ရှနိုင်ငံတော်အပေါ် သစ္စာရှိတဲ့သူတွေက ပိုကောင်းတဲ့နေ့ရက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ရှနိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေကတော့ မကြာခင် ပေးဆပ်ကြရလိမ့်မယ်။”
ဒါက......
လုချန်း၏ သဘောထားကို မည်သို့ ကောက်ချက်ချရမည်မှန်း မသိသော်လည်း ယခု သူလုပ်နိုင်သည်မှာ ပြန်သွားပြီး လုချန်း၏ စကားများကို သူ့ဆရာထံ ပြန်လည်ပြောပြရန်သာ ရှိသည်။
ချက်ချင်းပင် တုရန်မုကျိက
“ကျွန်တော် ကောင်းကင်ဧကရာဇ်ရဲ့ စကားတွေကို မှတ်သားထားပါ့မယ်... အခု ပြန်ခွင့်ပြုပါဦး။”
စကားဆုံးသည်နှင့် တုရန်မုကျိ မတ်တတ်ရပ်လိုက်ပြီး စာကြည့်ခန်းထဲမှ တုန်ယင်စွာဖြင့် ထွက်ခွာသွားသည်။
တုရန်မုကျိ ထွက်ခွာသွားပြီးနောက် စာကြည့်ခန်းအတွင်းရှိ ထောက်လှမ်းရေးသတင်း အားလုံးကို အာကာသလက်စွပ်ထဲသို့ လုချန်း သိမ်းဆည်းလိုက်သည်။ ထို့နောက် ပိုင်ချင်းချင်းနှင့် မုချင်းလန်ထံသို့ စိတ်အာရုံမှတစ်ဆင့် တိုက်ရိုက် အသံလွှင့်ပြောကြားလိုက်သည်။
“ပိုင်... လန်... ကိုယ်တို့ ချန်ရန်ကမ္ဘာကို အခု သွားကြမယ်”
သတင်းပို့ပြီးသည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ဆီသို့ လုချန်း ရွှေ့ပြောင်းသွားလိုက်သည်။ ပိုင်ချင်းချင်းနှင့် မုချင်းလန်တို့လည်း လျင်မြန်စွာ လိုက်ပါလာကြသည်။
အမျိုးသမီးနှစ်ဦး တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်သို့ ရောက်ရှိလာချိန်တွင် ထျန်းဟုန်ဧကရီသည် ထိုနေရာ၌ စောင့်ဆိုင်းနေပြီး ဖြစ်သည်။ သူ ဘယ်သွားမည်ကို ထျန်းဟုန် ဧကရီအား လုချန်း ပြောပြရန် မလိုအပ်ပေ။ သူမက အလိုအလျောက် လိုက်ပါလာမည်သာ ဖြစ်သည်။
အမျိုးသမီးသုံးဦးစလုံး ရောက်ရှိလာသည်ကို မြင်သောအခါ လုချန်း ဘာမှထပ်မပြောတော့ပေ။ တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ကို တိုက်ရိုက် အသက်သွင်းလိုက်ကာ သူတို့လေးဦးသား ချန်ရန်ကမ္ဘာသို့ အတူတကွ သွားရောက်လိုက်ကြသည်။
…………
အခန်း( ၁၂၂၉ )
ရောက်လာတော့မယ့် အန္တရာယ်
ချန်ရန်ကမ္ဘာသို့ ရောက်ရှိပြီးနောက် အပျော်အပါးလိုက်စားရန် နန်းတော်သို့ လုချန်း တန်းမသွားခဲ့ပဲ ရှနိုင်ငံတော်က မကြာသေးမီက ပေါင်းစည်းထားသော နဂါးတပ်ကို စစ်ဆေးရန် ဦးစွာ သွားရောက်ခဲ့သည်။
စစ်တန်းလျားသို့ လုချန်း ရောက်ရှိလာသောအခါ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော သန်မာသည့် လူနှစ်ဦး သူ့ရှေ့မှောက်သို့ ရောက်လာလေသည်။
“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
“ထုံးစံတွေ ထားလိုက်ပါ”
သူ့ရှေ့မှောက်ရှိ စစ်ဗိုလ်ချုပ်နှစ်ဦးကို လုချန်း အကဲခတ်ကြည့်လိုက်သည်။ တစ်ဦးမှာ ကောင်းကင်မီးမျိုးနွယ်မှ ကျင့်ကြံသူဖြစ်ပြီး အခြားတစ်ဦးမှာ လုချန်း၏ ယောက်ဖ ရွှမ်ယွမ်ချန်း ဖြစ်သည်။
ထျန်းချန်ကမ္ဘာ၌ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာချိန်မှစ၍ ရွှမ်ယွမ်ချန်း၏ အင်အား အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ရွှမ်ယွမ်ချန်း၏ တိုးတက်နှုန်းသည် လုချန်း၏ ဇနီးမယားများ၏ တိုးတက်မှုထက်ပင် ပို မြန်နေခဲ့၏။ သူသည် ယင်ယန်အဆင့် ကိုးသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ရွှမ်ယွမ်ချန်းတွင်လည်း စနစ်တစ်ခု ရှိနေနိုင်သည်ဟုပင် လုချန်း သံသယဝင်မိသည်။ ရွှမ်ယွမ်ချန်း၏ ဦးခေါင်းထက်ရှိ ကံတရားစွမ်းအားကို ကြည့်ခြင်းအားဖြင့် ရွှမ်ယွမ်ချန်းသည် သာမန်လူမဟုတ်ကြောင်း သိသာထင်ရှား၏။ သူ၏ကံတရားစွမ်းအားက သာမန်လူများထက် ပို၍သိပ်သည်းနေသည်။
ထိုအချိန်တွင် ရွှမ်ယွမ်ချန်းက
“မင်းကြီး။ အဲ့ဒီဂိုဏ်းတွေက ဂိုဏ်းသားတွေက စည်းကမ်းမရှိကြဘူး... အင်းလက်နက်တွေကို အမြဲတမ်း လိုချင်နေကြတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။ မီးနတ်ဘုရား သေနတ်နှင့် မီးနတ်ဘုရား အမြောက်တို့ကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ဤအခွင့်အရေးကို ထိုအင်အားစုများ အသုံးပြုလိုကြမည်ကို သူ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့ကြောင့် အစကတည်းက ထိုအင်းလက်နက်များကို ချန်ရန်ကမ္ဘာသို့ ယူဆောင်လာခွင့်မပြုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လုချန်းက
“သူတို့ကို လိုချင်ခိုင်းထားလိုက်... သူတို့ အပြည့်အဝ သစ္စာမခံမလာမချင်း အင်းလက်နက်တွေကို ထိခွင့်မပေးနဲ့။”
ရွှမ်ယွမ်ချန်းက
“အမိန့်အတိုင်းပါ မင်းကြီး”
လုချန်းက ဆက်လက်၍
“သွားကြစို့..... ခင်ဗျားရဲ့ တပ်ဖွဲ့သစ်တွေ ဘယ်လောက်လေ့ကျင့်ထားလဲဆိုတာ ကျွန် တော့်ကို လိုက်ပြပါဦး။”
ရွှမ်ယွမ်ချန်းက ဘေးသို့ အလျင်အမြန် ဖယ်ပေးလိုက်သည်။
“ကျွန်တော့်နောက် လိုက်ခဲ့ပါ မင်းကြီး”
ထို့နောက် တပ်သားသစ်များ၏ စစ်တန်းလျားဆီသို့ လုချန်းကို ရွှမ်ယွမ်ချန်း ခေါ်ဆောင်သွားသည်။ ကောင်းကင်ဧကရာဇ်ကို မြင်လိုက်သည်နှင့် တပ်သားသစ်များ လေ့ကျင့်နေမှု ချက်ချင်း ရပ်တန့်သွားကြပြီး လုချန်းကို ညီညာစွာ ဂါရဝပြုလိုက်ကြလေသည်။
“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
ရှိနေသော စစ်သည်များကို လုချန်း ဝေ့ဝဲကြည့်လိုက်ရာ ဤစစ်သည်အများစု၏ သစ္စာရှိမှုနှုန်းမှာ လေးဆယ်နှင့် ငါးဆယ်ကြားသာ ရှိကြသည်။ နည်းသည်ဟု မဆိုနိုင်သော်လည်း မြင့်မားခြင်းလည်း မရှိချေ။
ထိုဂိုဏ်းသားများစိတ်ထဲ ရှနိုင်ငံ နဂါးတပ်တွင် အမြဲတမ်း နေထိုင်ရန် ရည်ရွယ်ချက် မရှိကြတာ ထင်ရှားသည်။ သို့သော် သူတို့အားလုံး ဆက်နေလိမ့်မည်ဟုလည်း လုချန်း အစကတည်းက မမျှော်လင့်ထားပေ။
အင်အားစုအသီးသီးမှ ဂိုဏ်းသားများကို နဂါးတပ်အတွင်း ပေါင်းစည်းလိုက်ရသည့် အကြောင်းရင်းမှာ ရှစစ်သည်များ ဖြစ်လာလိုသူများကို စစ်ထုတ်ရန်သာ ဖြစ်သည်။
အချိန်တစ်ခု ကြာပြီးနောက် နဂါးတပ်သို့ မဝင်ရောက်လိုသူများကို ထွက်ခွာခွင့်ပြုရန် လုချန်း စဉ်းစားထားသည်။
သို့သော် ထိုအချိန်ရောက်လျှင် ကျင့်ကြံသူအများအပြား ထွက်ခွာလိုစိတ် ရှိကြတော့မည်မဟုတ်ဟုလည်း လုချန်း ယုံကြည်ထားသည်။ ထိုဂိုဏ်းအင်အားစုများနှင့် နှိုင်းယှဉ်လျှင် နဂါးတပ်မှ စစ်သည်များသည် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုရကြ၏။ ထို့ပြင် နဂါးတပ်တွင် ပို၍ ပြည့်စုံသော ရာထူးတိုးမြှင့်ရေး စနစ်လည်း ရှိသည်။
ထိုဂိုဏ်းအင်အားစုများတွင် နေထိုင်ခြင်းထက် နဂါးတပ်တွင် နေထိုင်ခြင်းက အနာဂါတ် အလားအလာ ပိုကောင်း၏။ အဆုံးတွင် ဤဂိုဏ်းသားများ ဘာကိုရွေးချယ်ရမလဲ ဆိုတာကို သိကြလိမ့်မည်ဟု လုချန်း ယုံကြည်ထား၏။
လှည့်လည်ကြည့်ရှုပြီးနောက် စစ်တန်းလျားမှ လုချန်း ထွက်ခွာသွားသည်။ လုချန်း ထွက်သွားသည်နှင့် ထိုဂိုဏ်းသားများ အချင်းချင်း တီးတိုးပြောဆိုလာကြသည်။
“ဒါ ကောင်းကင်ဧကရာဇ်ပဲ... သူ့အရှိန်အဝါက တော်တော်ပြင်းထန်တာပဲ”
“ကောင်းကင်ဧကရာဇ်က သူတော်စင်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ပြောကြတယ်... ရန်သူကျူးကျော်မှုသာ မရှိရင် ဆယ်စုနှစ်တစ်ခုလောက် တံခါးပိတ် ကျင့်စဉ်စခန်းဝင်ပြီးရင် ကောင်းကင်ဧကရာဇ် သူတော်စင် ဖြစ်လာနိုင်လောက်တယ်။”
“ကောင်းကင်ဧကရာဇ်ရဲ့ ပါရမီက တကယ်ပဲ ကြောက်စရာကောင်းတယ်... သူက ကျုပ်တို့အားလုံးထက် ငယ်တယ်လို့ ကြားတယ်။”
……..
ကောင်းကင်ဧကရာဇ်၏ ပါရမီကို တွေးမိတိုင်း ထိုဂိုဏ်းသားများ မယုံနိုင်လောက်အောင် အားကျမိကြသည်။ ချန်ရန်ကမ္ဘာကို စောင့်ကြပ်ရန် တာဝန်ကျသော ဂိုဏ်းသားအားလုံးနီးပါးမှာ လုချန်းထက် များစွာ အသက်ကြီးကြသည်။
ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုကြာ ကျင့်ကြံခဲ့သော်လည်း သူတို့၏ ကျင့်စဉ်အဆင့်မှာ ကောင်းကင်ဧကရာဇ်၏ တစ်ဝက်မျှပင် မရှိသေးချေ။
စစ်သည်များ၏ တီးတိုးပြောဆိုသံများကို ကြားသောအခါ ရွှမ်ယွမ်ချန်းက အသံကျယ်ကျယ်ဖြင့် ချက်ချင်း ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်က ခင်ဗျားတို့ အကဲခတ်လို့ရတဲ့သူ မဟုတ်ဘူး။”
ရွှမ်ယွမ်ချန်း၏ ပြစ်တင်ဆုံးမမှုကို ခံလိုက်ရသဖြင့် စစ်သည်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ရွှမ်ယွမ်ချန်းက ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့သာ ကောင်းကင်ဧကရာဇ်ရဲ့နောက်ကို စိတ်ရင်းမှန်မှန်နဲ့ လိုက်မယ်ဆိုရင် နဂါးတပ်က ထောက်ပံ့ပေးတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကြောင့် အနာဂတ်မှာမင်းကြီးရဲ့ လက်ရှိအဆင့်ကို ခင်ဗျားတို့ ရောက်နိုင်တယ်။”
“ဒါပေမဲ့ ခင်ဗျားတို့ ကောင်းကင်ဧကရာဇ် အပေါ် တကယ်သစ္စာရှိဖို့တော့ လိုအပ်တယ်။”
“ကိုယ်ကျိုးအတွက်နဲ့ နဂါးတပ်ထဲ ဝင်လာတဲ့သူတွေကိုတော့ ကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ သတိပေးလိုက်မယ်။”
ရွှမ်ယွမ်ချန်းက ထိုပုံစံဖြင့် သတိပေးလိုက်သောအခါ ဂိုဏ်းသားအချို့ စတင်၍ တွေဝေလာကြသည်။ ကောင်းကင်ဧကရာဇ်၏ ကြောက်မက်ဖွယ် ပါရမီကြောင့် ရန်သူမကျူးကျော်မီ အဆင့်တက်သွားပြီး ဖရိုဖရဲ ကြယ်ပင်လယ်မှ ကျူးကျော်လာသော အင်အားစုများကို နှိမ်နင်းလိုက်ပါက ပထမဆုံး လုပ်ဆောင်မည့်အရာမှာ သစ္စာဖောက်များကို ရှင်းလင်းခြင်း ဖြစ်မည် မဟုတ်ပါလား။
လုချန်းသည် နဂါးတပ် စစ်တန်းလျားကို ခဏခန့် ဝင်ရောက်စစ်ဆေးရုံသာ ဖြစ်သော်လည်း ကိုယ်ကျိုးရှာလိုသော ဂိုဏ်းသားအမြောက်အမြားကို ကြောက်ရွံ့စေခဲ့သည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ ပါရမီ မည်မျှမြင့်မားစေကာမူ တိုတောင်းသော ကာလအတွင်း သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်းနှင့် ရှနိုင်ငံတော် ကျဆုံးရန် အချိန်တစ်ခုသာ လိုတော့ကြောင်း အများစုက ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်ကို ကြောက်ရွံ့စရာ အကြောင်းမရှိဟူသော အတွေးကိုသာ ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။
ဂိုဏ်းသားများ၏ အတွေးကို လုချန်း ဂရုမစိုက်ပေ။ ဤအဆင့်တွင် သူက ထိုဂိုဏ်းအင်အားစုများကို စုစည်းနေခြင်းသာ ဖြစ်သည်။ အင်းလက်နက်များနှင့် ထိတွေ့ခွင့် ပေးမည်မဟုတ်သကဲ့သို့ တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခွင့်လည်း ပေးမည် မဟုတ်ချေ။
ချန်ရန်ကမ္ဘာတွင် သူတို့ကို နေထိုင်ခွင့်ပြုရသည့် အကြောင်းရင်းမှာ ကျူးကျော်သူများကို ရှနိုင်ငံတော်က မည်သို့နှိမ်နင်းသည်ကို သူတို့အား မြင်တွေ့စေလိုသောကြောင့် ဖြစ်သည်။
ရှနိုင်ငံတော်၏ အင်အားကို ကိုယ်တိုင်မျက်မြင် မြင်တွေ့မှသာ ထိုဂိုဏ်းသားများ ရှနိုင်ငံတော်အပေါ် လုံးဝ သစ္စာရှိလာကြမည် ဖြစ်သည်။
……
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ နောက်ထပ် လဝက်ခန့် ကြာသွားခဲ့သည်။
ဂိုဏ်း၏ အခမ်းအနားသို့ တက်ရောက်လာသော အင်အားစုများကို ချန်ဟိုင်ဂိုဏ်းက ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထိုအခွင့်အရေးကို အသုံးပြု၍ သူတို့၏ နတ်လှေများကို ထွက်ခွာသွားသော နတ်လှေများနှင့်အတူ ရောနှောလိုက်လေသည်။
ဤနည်းအားဖြင့် ချန်ဟိုင်ဂိုဏ်းမှ နတ်လှေအများအပြား ထွက်ခွာသွားသည်ကို အခြားအင်အားစုများ မြင်တွေ့လျှင်ပင် ထိုနတ်လှေများပေါ်မှ လူများအား ချန်ဟိုင်ဂိုဏ်း၏ အခမ်းအနားသို့ လာရောက်တက်ရောက်သူများဟုသာ ထင်မှတ်ကြမည် ဖြစ်သည်။
ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်အပါအဝင် အထွတ်အထိပ် အကြီးအကဲတစ်စုသည် ဤအခွင့်အရေးကို အသုံးပြု၍ ဖရိုဖရဲ ကြယ်ပင်လယ်သို့ တိုက်ရိုက် ဦးတည်ထွက်ခွာလာကြသည်။
ချန်ရန်ကမ္ဘာတွင် ရှိနေစဉ်အတွင်း လုချန်းသည် ပုံမှန်အတိုင်း သူ၏ဇနီးမယားများနှင့်အတူ ကျင့်ကြံရင်း အချိန်အများစုကို ကုန်ဆုံးလေ့ရှိ၏။ ယခု မုချင်းလန်လည်း ပါဝင်လာပြီ ဖြစ်သည်။
လုချန်း လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးမည့် အကြံအစည်ကို မုချင်းလန် လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ ယခု သူမကိုယ်တိုင် နက်ရှိုင်းစွာ နစ်မြောနေပြီဖြစ်ရာ လုချန်း လမ်းကြောင်းမှန်ပေါ်ရောက်အောင် သူမ မည်သို့ စည်းရုံးနိုင်တော့မည်နည်း။
သူမ နက်ရှိုင်းစွာ ချစ်မြတ်နိုးရသူ၏ ထိန်းချုပ်မရသော ရင်းနှီးသည့် ဆက်ဆံမှုကို ခံရသဖြင့် မုချင်းလန် ရပ်တန့်နိုင်ခြင်း မရှိတော့ပေ။ အထူးသဖြင့် လုချန်းကို ချုပ်နှောင်ထားရန် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် ကို အသုံးပြုသည့်အချိန်တိုင်း ကောင်းကင်ဧကရာဇ်ကို အနိုင်ယူလိုက်နိုင်သကဲ့သို့ စိတ်လှုပ်ရှားဖွယ် ခံစားမှုကို သူမ ရရှိနေသည်။ ဤသာယာမှုကို သူမ ပို၍ပို၍ နှစ်သက်လာမိသည်။
…….
ချန်ရန်ကမ္ဘာ။
နန်းတော်။
လုချန်းသည် မုချင်းလန်၏ အခန်းထဲတွင် သူမကို ကျင့်ကြံရာ၌ ကူညီပေးနေစဉ် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့သည် ဘေးကပ်လျက် ခြံဝင်းထဲတွင် ရှိနေပြီး ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာအချို့နှင့် ပတ်သက်ပြီး ထျန်းဟုန်ဧကရီထံမှ အကြံဉာဏ်များ တောင်းခံနေကြသည်။
ထျန်းဟုန်ဧကရီ ရောက်ရှိနေခြင်းနှင့်ပတ်သက်၍ နန်းကုန်းညီအစ်မနှစ်ယောက် အလွန် သိချင်နေကြသည်။ ယခင်က ဖေးဟုန်နတ်လှေပေါ်တွင်သာ ထျန်းဟုန်ဧကရီ ပေါ်လာတာ သူတို့ မြင်ဖူးကြ၏။ ပစ္စည်းကပ် ဝိညာဉ်ဖြစ်ကြောင်း သိသာထင်ရှားသော ဤအမျိုးသမီးသည် ယခု လူသားအစစ်တစ်ဦး ဖြစ်လာခဲ့သည်။
ထျန်းဟုန်ဧကရီ ဘယ်လိုလုပ် လူသားတစ် ယောက်ဖြစ်လာတာလဲ ဆိုတာကို လုချန်းက သူတို့ကို မပြောပြခဲ့သော်လည်း ကျင့်ကြံခြင်းနှင့်ပတ်သက်၍ နားမလည်သော မေးခွန်းများ ရှိပါက ထျန်းဟုန်ဧကရီကို မေးမြန်းနိုင်ကြောင်း သူတို့ကို ပြောပြထားသည်။
ကျင့်ကြံနေစဉ် အနှောင့်အယှက်ပေးခံရခြင်းကို ထျန်းဟုန်ဧကရီ မနှစ်သက်သော်လည်း ဤနည်းဖြင့် ကံတရားအကြွေးအချို့ကို ပြန်ဆပ်နိုင်လျှင် တန်သည်ဟု နောက်ပိုင်းတွင် သူမ တွေးမိလိုက်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအကြောင်း နန်းကုန်းညီအစ်မနှစ်ယောက် မေးမြန်းသည့်အခါတိုင်း သူမက အလေးအနက် ပြန်လည်ဖြေကြားပေးလေ့ရှိသည်။
မေးခွန်းမေးပြီးနောက် နန်းကုန်းယွဲ့ဟွာက လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြုလိုက်ပြီး
“အလင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ။”
ထျန်းဟုန်ဧကရီက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့်
“ရှင်တို့လည်း ကံတရား အကြွေးနဲ့ ငြိစွန်းနေပြီ။ ရှင်ဆို့ ဘယ်လောက်ပဲ ကျင့်ကြံ ကျင့်ကြံ...... ဒီကံကြွေးကို မဆပ်မချင်း အဲ့ဒီလူဆီကနေ ထွက်သွားလို့ရမှာ မဟုတ်ဘူး။”
…………….
အခန်း( ၁၂၃၀ )
နားလည်မှုလွဲခြင်း
နန်ကုန်းညီအစ်မနှစ်ဦးသည် လုချန်းနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနေတတ်သည်ဟုသာ ထျန်းဟုန်ဧကရီ မြင်ခဲ့သည်။ သို့သော် ကျင့်ကြံသည့်အခါတွင်လည်း သူတို့ အထူးကြိုးစားကြသည်ကို တွေ့လာခဲ့ရသည်။
သူတို့သည် တစ်နေ့တွင် လုချန်းထံမှ လွတ်မြောက်ရန် ရည်ရွယ်ပြီး ထိုမျှ ပြင်းပြင်းထန်ထန် ကျင့်ကြံနေခြင်း ဖြစ်သည်ဟု အစက ထျန်းဟုန်ဧကရီ ထင်ခဲ့သေးသည်။
ထို့ကြောင့် သူတို့ မည်မျှ ကျင့်ကြံသည်ဖြစ်စေ သူတို့၏ ကံကြွေးကို မဆပ်ပါက ကျင့်စဉ်အဆင့် တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ဆက်လက် တိုးတက်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။
သူတို့ ပို၍အစွမ်းထက်လာရန် သို့မဟုတ် ဧကရာဇ်အဆင့်သို့ ရောက်ရှိလိုပါက သူတို့၏ ကံကြွေးကို ဆပ်ရန် လိုအပ်ပေလိမ့်မည်။
ထိုအချိန်တွင် အမျိုးသမီးနှစ်ဦးကို ထျန်းဟုန်ဧကရီ ထပ်ကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် လေးလံသော ကံကြွေးများဖြင့် ရစ်ပတ်နေကြပြီး ဤကံကြမ္မာကြိုးများသည် အလွန်ထူနေသောကြောင့် ရုန်းထွက်ရန် သို့မဟုတ် ပြန်ဆပ်ရန် အလွန်ခက်ခဲလိမ့်မည်။
ထျန်းဟုန်ဧကရီ၏ သတိပေးချက်ကို ကြားသောအခါ ထျန်းဟုန်ဧကရီက သူတို့ကို အထင်လွဲနေပြီ ဖြစ်ကြောင်း အမျိုးသမီးနှစ်ဦး ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့ ပြင်းပြင်းထန်ထန် ကျင့်ကြံနေခြင်းက လုချန်းထံမှ ထွက်ခွာရန် မဟုတ်ပေ။ သူ့ရှေ့တွင် ယုံကြည်မှုရှိစွာ ရပ်တည်နိုင်ရန် ဖြစ်သည်။
နန်ကုန်းယွဲ့ဟွာက
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ။ ဒါပေမဲ့ ကျွန်မ ကောင်းကင်ဧကရာဇ်ကို ထားခဲ့ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။”
ထျန်းဟုန်ဧကရီ အနည်းငယ် အံ့အားသင့်သွားသည်။ နန်ကုန်းယွဲ့ဟွာ ထိုသို့ ပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက် ထျန်းဟုန်ဧကရီက အေးစက်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“ရှင်တို့က အဲ့ဒီလူဆီကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားကျင့်ကြံနေကြတာ မဟုတ်ဘူးလား။”
နန်ကုန်းချင်ရက တုံ့ပြန်လိုက်သည်။
“ကျွန်မတို့ ဒီလောက် ကြိုးစားပြီး ကျင့်ကြံနေရတဲ့ အကြောင်းရင်းက ကောင်းကင်ဧကရာဇ်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်လို့ပါ။ မင်းကြီးရဲ့ ကျင့်စဉ်အဆင့်က ဒီလောက် မြန်မြန် တိုးတက်နေတာဆိုတော့ ကျွန်မတို့ မကြိုးစားရင် နောက်ဆုံး သူ့ဘေးမှာ ရပ်တည်နိုင်မယ့် အရည်အချင်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။”
ဒီလိုလား...
အမျိုးသမီးနှစ်ဦးကို ထျန်းဟုန်ဧကရီ နောက်တစ်ကြိမ် ကြည့်လိုက်၏။ သူမ၏ အကြည့်က ကံကြွေးကြိုးမျှင်များပေါ်တွင် ဝေ့ဝဲသွားသည်။ ထို့နောက် သူမ မလိုအပ်ပဲ စကား မပြောခဲ့သင့်ပါဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဒီလောက် ထူတဲ့ ကံကြွေးတွေ...
ဤအမျိုးသမီးနှစ်ဦး ထိုလူထံမှ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။ သူမ အလကား စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။
ထျန်းဟုန်ဧကရီက မျက်နှာအမူအယာမဲ့စွာဖြင့်
“ကျွန်မ ရှင်တို့ကို နားလည်မှုလွဲနေခဲ့တာ ဖြစ်မယ်။”
“ဒါဆိုရင်လည်း ဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံကြပါ။ ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးတယ်။”
အသံဆုံးသွားသည်နှင့် ထျန်းဟုန်ဧကရီ၏ ပုံရိပ် ထိုနေရာ၌ ပျောက်ကွယ်သွားတော့ သည်။ ထျန်းဟုန်ဧကရီ ထွက်ခွာသွားသည်ကို မြင်သောအခါ နန်ကုန်းချင်ရက ခပ်ဖွဖွပြုံး၍ နန်ကုန်းယွဲ့ဟွာအား
“အစ်မ... သူက မင်းကြီးကို နည်းနည်း မကြိုက်သလို ခံစားရတယ်နော်။”
နန်ကုန်းယွဲ့ဟွာက ဂရုမစိုက်သလို တုံ့ပြန်လိုက်သည်။
“သူ့ကို မကြိုက်တဲ့ မိန်းမတွေက နည်းလို့လား။”
နန်ကုန်းယွဲ့ဟွာ ပြောပြီးသည်နှင့် ဘေးအခန်းမှ နာနာဘာဝ ငိုကြွေးသံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။
နန်ကုန်းယွဲ့ဟွာ၏ အမြင်တွင် လုချန်း၏ အမျိုးသမီးများထဲမှ မည်သူမှ သူ့ကို တကယ် မကြိုက်ကြပေ။
ဟုတ်ပါသည်။ သူတို့၏ မနှစ်သက်မှုသည် ရန်လိုသော အမျိုးအစား မဟုတ်ပဲ အချစ်နှင့် မုန်းတီးမှု ရောထွေးနေသော မနှစ်သက်မှုမျိုး ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤယုံကြည်၍မရသော လူသည် တစ်ခါတစ်ရံ သူတို့၏ ခံစားချက်များကို လုံးဝ ဂရုမစိုက်ပဲ သူတို့ကို အဆုံးမရှိ နှိပ်စက်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။
ထိုအချိန်တွင် ထျန်းဟုန်ဧကရီ၏ အခန်းကို နန်ကုန်းယွဲ့ဟွာ ကြည့်လိုက်၏။ ဝိညာဉ် တစ်ခုအတွက် ခန္ဓာကိုယ်ကို လုချန်း ဘယ်လို ဖန်တီးပေးခဲ့မှန်း သူမ မသိသော်လည်း ဤဝိညာဉ်၏ ရုပ်ရည်ရူပကာအရ သူမ၏ နိဂုံးသည်လည်း သူတို့နှင့် များစွာ ကွာခြားမည် မဟုတ်ပေ။
ယနေ့ သူတို့က သူမကို ‘ဝါစဉ်ကြီးသူ’ ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း မကြာမီ ထျန်းဟုန်ဧကရီကို ‘အစ်မ’ ဟု ခေါ်ဝေါ်ရပေလိမ့်မည်။
နန်ကုန်းယွဲ့ဟွာလည်း ထိုအကြောင်းကို အလေးအနက် မထားတော့ပဲ သူမ၏ အခန်းသို့ ပြန်ရန် လှည့်လိုက်သည်။ ထိုအချိန်တွင် အမျိုးသမီး စစ်သည်တစ်ဦးက ခြံဝင်းထဲသို့ ဝင်လာသည်။
“အခြေအနေ တစ်ခု ဖြစ်နေပါတယ်”
အမျိုးသမီး စစ်သည်သည် စကားဆုံးသည်နှင့် ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုကို နန်ကုန်းယွဲ့ဟွာထံ ကမ်းပေးလိုက်သည်။ သူမ စစ်ဆေးကြည့်ပြီးနောက် မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
နန်ကုန်းချင်ရက ဘေးမှ မေးလိုက်သည်။
“အစ်မ... မျက်နှာ ဘာလို့ မကောင်းတာလဲ။ ရန်သူ ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်လာပြီလား။”
နန်ကုန်းယွဲ့ဟွာက တိုက်ရိုက် မတုံ့ပြန်ပဲ လက်ထဲရှိ စာကို နန်ကုန်းချင်ရအား ပေးလိုက်သည်။ နန်ကုန်းချင်ရလည်း စာကိုဖတ်ကြည့်ပြီးနောက် လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“ဒီလူတွေ တော်တော်မြန်မြန်လေးကို မငြိမ်မသက် ဖြစ်လာတာပဲ။”
အချို့သော ဂိုဏ်းသားများသည် ကင်းလှည့်ခြင်းကို အကြောင်းပြကာ ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားပြီး ပျောက်ကွယ်နေခဲ့ကြောင်း ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြထားခြင်းဖြစ်သည်။
သူတို့ ဘာလုပ်သွားကြတာလဲဆိုတာ တွေးရန် မလိုအပ်ပေ။ ဤလူများသည် ချန်ဟိုင်ဂိုဏ်းကို ရှာဖွေရန် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် အမျိုးသမီးနှစ်ဦး၏ အကြည့်များသည် ဘေးချင်းကပ် အခန်းဆီသို့ ပြိုင်တူ ရောက်သွားပြီး ဤသတင်းကို လုချန်းအား အသိပေးသင့် မပေးသင့် စဉ်းစားနေကြသည်။
လက်ရှိတွင် လုချန်း အလုပ်ရှုပ်နေသည်။ ယခု သူ့ကို နှောင့်ယှက်လိုက်၍ လုချန်း စိတ်ဆိုးသွားပါက သူတို့ပါ အကျိုးဆက် ခံစားရနိုင်သည်။
ထိုအချိန်တွင် ဘေးချင်းကပ် အခန်းမှ အသံများ ရုတ်တရက် ရပ်သွားသည်။ နောက်တစ်ခဏတွင် လုချန်း၏ အသံလှိုင်းက အမျိုးသမီးနှစ်ဦး၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
“ဘာဖြစ်တာလဲ။ အရေးကြီးတဲ့ ကိစ္စ ရှိလို့လား”
လုချန်းသည် ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဤအဆင့်၏ အာရုံခံနိုင်စွမ်းကို သူ ကောင်းစွာ ပိုင်ဆိုင်ထားသည်။ သူ အနားယူလိုက်သည်နှင့် အမျိုးသမီးနှစ်ဦး၏ အကြည့်က သူ့အခန်းပေါ်တွင် ရောက်နေကြောင်း သတိပြုမိခဲ့ပြီး သတင်းတစ်ခု ရှိနေကြောင်း ခန့်မှန်းလိုက်သည်။
နန်ကုန်းချင်ရက သူမ၏ အသံလှိုင်းဖြင့်
“ဂိုဏ်းတွေက တပည့်တချို့ ဖရိုဖရဲကြယ်ပင်လယ်ကနေ ထွက်ခွာသွားကြပြီ။ ချန်ဟိုင်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ဖြစ်နိုင်ခြေများပါတယ်။”
ဤအကြောင်းကို ကြားသောအခါ လုချန်း စိတ်ထဲ ရယ်မောလိုက်ပြီးနောက် အသံလှိုင်း ပြန်ပို့လိုက်သည်။
“ကိုယ် သိတယ်။လွှတ်ပေးထားလိုက်။ သူတို့ကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားပြီးသား။”
လုချန်း၏ တုံ့ပြန်မှုကို ကြားပြီးနောက် အမျိုးသမီးနှစ်ဦး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ လုချန်းသည် အရင်ကလည်း ငါးစာချသည့် နည်းဗျူဟာကို အကောင်အထည် ဖော်ခဲ့ဖူးသည်။ တစ်ကြိမ်သာမက နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်ခဲ့ဖူးသည်။ လုချန်းသည် ဤအကျပ်အတည်းကို အခွင့်ကောင်းယူ၍ ရှနိုင်ငံတော် အတွင်းပိုင်းရှိ မငြိမ်မသက်မှုများကို ရှင်းလင်းလိုပုံ ရသည်။
အမျိုးသမီးနှစ်ဦး ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် မုချင်းလန်၏ အသံ ထပ်မံ ထွက်ပေါ်လာရာ သူတို့ ဆက်နားထောင်နေပါက ကျင့်ကြံရန် အာရုံစူးစိုက်နိုင်မှု ပျောက်ဆုံးသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဝင်းထဲမှ ထွက်ခွာသွားကြတော့သည်။
…..
တစ်ချိန်တည်းမှာပင်။
ဖရိုဖရဲကြယ်ပင်လယ်၏ ဟင်းလင်းပြင် အစွန်အဖျားတွင် နတ်လှေ အမြောက်အမြား တိတ်ဆိတ်စွာ ရှေ့သို့ တိုးနေကြသည်။
နတ်လှေ တစ်စင်း၏ ကုန်းပတ်ပေါ်၌ ကျန်းထျန်းယီ ရပ်နေပြီး ရှေ့မှ အဆုံးမဲ့သော ဟင်းလင်းပြင်ကို စူးစိုက်ကြည့်နေသည်။
ယခုအချိန်အထိ သူ မယုံနိုင်သေးပေ။ သူ့ ရှေ့တွင် အဆုံးမရှိသော မှောင်မိုက်မှုသာ ရှိနေသည်။ ထိုအရာသည် မည်သည့် အကြောင်းကြောင့်ဖြစ်စေ အမှောင်နယ်မြေ သာ ဖြစ်သင့်သည်။
ထိုနေရာတွင် တကယ်ပဲ ကြယ်နယ်မြေတစ်ခု တည်ရှိနေတာလား။
ထို့နောက် ကျန်းထျန်းယီက ဘေးမှလူကို မေးလိုက်သည်။
“ကျိုဖေးအန်... ရှေ့မှာ ကြယ်နယ်မြေတစ်ခု တကယ်ရှိတယ်ဆိုတာ သေချာလို့လား။”
ကျိုဖေးအန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်ကို ကျွန်တော်ကိုယ်တိုင် သွားရောက်ခဲ့ဖူးပါတယ်။ ဒီဟင်းလင်းပြင်ကို ကျော်သွားတာနဲ့ သက်ရှိတွေနေတဲ့ ကမ္ဘာကို တွေ့ရပါလိမ့်မယ်။”
ကျန်းထျန်းယီ ဆက်လက် စူးစမ်းရန် ပြင်ဆင်နေစဉ် ရုတ်တရက် အဝေးတွင် မှိန်ဖျော့လှသော အလင်းစက်တစ်ခုကို သတိပြုမိလိုက်သည်။
ကျန်းထျန်းယီ မျက်မှောင်ကြုတ်လိုက်ပြီး နတ်လှေပေါ်မှ ချက်ချင်း ပျံသန်း ထွက်ခွာသွားလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်အာရုံကို အဝေးရှိ ဟင်းလင်းပြင်ထဲသို့ ပို့လိုက်ရာ တစ်စုံတစ်ရာက သူ၏ စိတ်ဝိညာဉ်အာရုံကို ကန့်သတ်ထားကြောင်း ခံစားလိုက်ရသည်။ သူ၏ စူးစမ်းနိုင်သော အကွာအဝေးကို များစွာ ကန့်သတ်ထားခြင်းဖြစ်သည်။
ကျန်းထျန်းယီ စိတ်ထဲတွင် တွေးလိုက်သည်။
အံ့ဩစရာ မရှိတော့ပေ...
ဒီကြယ်နယ်မြေက လျှို့ဝှက်တည်ရှိနေပုံရသည်။ ဖရိုဖရဲကြယ်ပင်လယ် တစ်ခုလုံးအား လွှမ်းခြုံထားသော တားမြစ်ချက်များလည်း ရှိနေပုံရ၏။
ထို့နောက် ကျန်းထျန်းယီ နတ်လှေသို့ ပြန်လာပြီး အမိန့်ပေးလိုက်သည်။
“ရှေ့ကို အရှိန်မြှင့်လိုက်”
ကျန်းထျန်းယီ၏ အမိန့်ဖြင့် ချန်ဟိုင်ဂိုဏ်း၏ နတ်လှေ အားလုံးသည် အဝေးရှိ ဟင်းလင်းပြင်သို့ အမြန်ဆုံးနှုန်းဖြင့် အရှိန်မြှင့်သွားလိုက်ကြသည်။
မကြာမီ ဟင်းလင်းပြင်ထဲတွင် သေးငယ်သော နတ်လှေ တစ်စင်း ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားနေသည်ကို ချန်ဟိုင်ဂိုဏ်းမှလူများ သတိပြုမိလိုက်ကြသည်။ ဤလှေသည် ရှေ့ရှိ ဝိညာဉ်ကျောက်တုံးမှ အလင်း ထုတ်လွှတ်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။
ဖရိုဖရဲကြယ်ပင်လယ်မှ နတ်လှေ တစ်စင်း တကယ် ထွက်ပေါ်လာသည်ကို မြင်သောအခါ ကျန်းထျန်းယီ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် ချန်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် လျိုထင်ကျန်းက ထိုလှေ၏ ဦးပိုင်းသို့ ပျံသန်းသွားနှင့်ပြီ ဖြစ်သည်။
“ခင်ဗျားတို့ ဘယ်သူတွေလဲ”
လျိုထင်ကျန်းသည် စကားပြောရင်း သူ၏ ခန္ဓာကိုယ်မှ သူတော်စင်တစ်ပိုင်း ဖိအားကို ထုတ်လွှတ်လိုက်သည်။
လျိုထင်ကျန်း၏ သူတော်စင်တစ်ပိုင်း ဖိအားကို ခံစားလိုက်ရသောအခါ လှေပေါ်မှလူများ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ဝါစဉ်ကြီးသူ... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ။”
“ကျွန်တော်တို့က ဝါစဉ်ကြီသူကို လာရှာတာပါ။”