← Chapters

ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံး

Vol. 1 Ch. 362

ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံး

Vol. 1 Ch. 362

ရှန်မိမြို့သည် ရှန်မိနိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ စစ်တပ်ချီတက်နှုန်းနှင့်သွားလျှင် ရှားနိုင်ငံနယ်စပ်မှ ရှန်မိမြို့သို့ရောက်ရန် အနည်းဆုံး လဝက်ခန့်ကြာမြင့်သည်။ ကျန်းရီနှင့် ဟဲလောင်သည် နေ့မနားညမနား ခရီးဆက်ခဲ့သည်။ ကျုံးဝူသားရဲ၏ ပြေးနှုန်းမှာ မမြန်လွန်းသော်လည်း စစ်တပ်ချီတက်နှုန်း၏ နှစ်ဆခန့်မြန်ဆန်သည်။ ထို့ပြင် ကျုံးဝူသားရဲသည် မြေအောက်တွင် မျဉ်းဖြောင့်အတိုင်း သွားနိုင်သည်။ လွဲမှားမှု တစ်စုံတစ်ရာ မရှိပါက ရှစ်ရက်၊ကိုးရက်အတွင်း ရှန်မိမြို့၏ အစွန်အဖျားနေရာသို့ သူတို့ရောက်သွားလိမ့်မည်။

ကျန်းရီသည် ကျုံးဝူသားရဲကို မြေအောက်ကီလိုမီတာ သုံးဆယ်ခန့်အကွာတွင် သွားစေရာ ထိုမျှ မြေအောက်အနက်တွင် ဘေးကင်းလေသည်။ နတ်ဆိုးသားရဲများလည်း မရှိသလို လူသားများ သတိပြုမိသွားမည်ကိုလည်း စိုးရိမ်နေစရာမလို။ ထို့ကြောင့် သူတို့သွားသောနည်းလမ်းသည် အလွန်ဘေးကင်းလေသည်။ လမ်းတစ်လျှောက်တွင် ဟဲလောင်သည် မျက်လုံးများမှိတ်၍ ဒဏ်ရာများကို ကုစားနေခဲ့ပြီး ကျန်းရီမှာ ကျင့်ကြံရင်း လိုက်ပါလာခဲ့သည်။

ကျန်းရီ၏ စိတ်ဝိဉာဉ်ကို ဝန်းရံထားသည့် အစိမ်းရောင်စွမ်းအင်၏ တစ်ဝက်ခန့်သည် စိတ်ဝိဉာဉ်ထဲစိမ့်ဝင်သွားပြီဖြစ်ပြီး သူ၏စိတ်ဝိဉာဉ်မှာ ပိုမိုကြီးထွားလာနေခဲ့သည်။ ကျန်းရီသည် စိတ်ဝိဉာဉ်ကို မကျင့်ကြံသောကြောင့် စိတ်ဝိဉာဉ်နှင့်ပတ်သက်သည့် စွမ်းရည်များကို မသိချေ။ ထို့ကြောင့် သူသည် စိတ်ဝိဉာဉ်ကို အားကောင်းအောင် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မည်သို့မှ မခံစားမိသလို စိတ်ထဲတွင်လည်း မရှိချေ။ နှစ်ရက်သုံးရက်ကြာ ကျင့်ကြံပြီးနောက် သူ့ကျင့်ကြံနှုန်းမှာ အလွန်နှေးကွေးနေသည်ကို သတိပြုမိလိုက်သဖြင့် ကျင့်ကြံခြင်းအား ကျန်းရီရပ်တန့်လိုက်သည်။ မြေအောက်တွင် လေကောင်းလေသန့်မရသည့်အပြင် နေရာတိုင်းတွင် မည်းမှောင်နေ၍ ကျန်းရီမှာ ပျင်းရိလာခဲ့သည်။

"အိုး...ဟုတ်သားပဲ"

သူသည် စကြဝဠာနန်းတော်၏ ရတနာခန်းထဲမှ ရတနာအချို့ သူယူလာခဲ့သည်ကို သတိရသွားခဲ့သည်။ ထိုအထဲတွင် ထူးခြားသည့် ကောင်းကင်အဆင့် ရတနာအချို့ ပါလာခဲ့သည်။ ဤအချိန်သည် ၎င်းတို့ကို လေ့လာ၍ အသုံးဝင်သည့်အရာ ရှိမရှိ ကြည့်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

သူပထမဆုံး ထုတ်ယူလိုက်သည်မှာ လင်းလက်တောက်ပနေသည့် သူတော်စင်အဆင့် လေးဖြစ်သည်။ သူ့အတွင်းအားများကို လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သို့မှ တုံ့ပြန်မှုမပြပေ။ သူတော်စင်အဆင့်လက်နက်ကို အချိန်တိုအတွင်း အမှတ်အသားပြုရန် မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ ထို့နောက်တွင် ဓားရှည်တစ်ချောင်း ထုတ်ယူလိုက်ပြီး သူကစားကြည့်လိုက်သည်။ သူသည် မီးနဂါးဓားကို အသုံးပြုရခြင်းအား နေသားကျနေရာ ဤသူတော်စင်အဆင့်ဓားရှည်သည် ကိုင်ချင်စရာ မကောင်းတော့ပေ။

ဂလု...

အနောက်တွင် ရှိနေသော ဟဲလောင်သည် သူတော်စင်အဆင့် လက်နက်များကို မြင်လိုက်သောကြောင့် တံတွေးမြိုချမိလိုက်သည်။ ကျန်းရီပိုင်ဆိုင်ထားသည့် သူတော်စင်အဆင့်လက်နက်များကို မြင်လိုက်သော် မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။ ကျန့်ဂိုဏ်းသည် နယ်မြေတွင် နှစ်ပေါင်းတစ်သောင်းကျော် ဝံ့ကြွားစွာ ရပ်တည်နိုင်ခဲ့သော်လည်း ဂိုဏ်းချုပ်သာ ကိုင်ဆောင်ခွင့်ရှိသည့် သူတော်စင်အဆင့်လက်နက်တစ်ခုသာ ရှိခဲ့သည်။ ကျန်းရီသည် ဆယ့်ခုနှစ်နှစ်သာ ရှိသေးသော်လည်း သူပိုင်ဆိုင်သည့်ချမ်းသာမှုသည် အင်အားကြီးဂိုဏ်းတစ်ခု နှစ်တစ်သောင်းကျော် စုဆောင်းခဲ့သည့် ပမာဏထက် ကျော်လွန်သွားခဲ့ချေပြီ။

သို့သော် ထိုအရာကို သူမတောင့်တရဲပါချေ။ ထို့ပြင် ကျန်းရီထံတွင် သူတောင်းဆိုမည်မဟုတ်။ ထိုကဲ့သို့ အဖိုးတန်လက်နက်အား ကျန်းရီ၏ညီအစ်ကို ကျန့်ဝူရွှမ်းတောင် တောင်းဆိုမည်မဟုတ်ချေ။

ကျန်းရီသည် ဟဲလောင်၏ အားကျသည့် အပြုအမူကို သတိပြုမိလိုက်သော်လည်း ဟဲလောင်ကြည့်နေခြင်းအား စိတ်ထဲမထားပေ။ သူသည် ခြုံထည်အား ထုတ်၍ ဟိုဖြန့်သည်ဖြန့် လုပ်ကြည့်လိုက်သည်။ ထိုခြုံထည်သည် ရှားပါးသည့် အကာအကွယ်ပစ္စည်း ဖြစ်သော်လည်း အမျိုးသမီးသုံးရန်သာဖြစ်သည်။ သူသာဝတ်လိုက်ပါက မတော်တရော်ပုံ ထွက်လာလိမ့်မည်။

ထို့နောက် သူသည် မျက်နှာဖုံးတစ်ခုအား ထုတ်လိုက်သည်။ ကောင်းကင်တောင်ပံမြို့တွင် သူနေခဲ့စဉ်က သိုင်းလေ့ကျင့်ဖက်လုပ်ရာတွင် အမြဲတမ်း မျက်နှာဖုံးတပ်ခဲ့ရသည်။ ထို့ကြောင့် သူသည် မျက်နှာဖုံးများအား သဘောကျလာခဲ့သည်။ သို့နှင့် ရတနာခန်းထဲတွင် ရွှေရောင် မျက်နှာဖုံးတစ်ခုကို တွေ့သောအခါ သူချက်ချင်းကောက်ထည့်လာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်အဆင့် မျက်နှာဖုံး...ဘယ်လိုအသုံးဝင်တာလဲ။ ဒါကို စိတ်ဝိဉာဉ် အမှတ်အသားပြုလိုက်ရင် ကိုယ့်မျက်နှာကို ကာကွယ်နိုင်မှာလား။ တခြားလူတွေ ကိုယ့်မျက်နှာ ချောချောကို ဖျက်ဆီးမှာကနေ ကာကွယ်ပေးတာလား...

ကျန်းရီသည် စိတ်အချဉ်ပေါက်၍ ကြံကြံဖန်ဖန်တွေးလိုက်မိသည်။ သူ့ခေါင်းသူ ကာကွယ်ချင်ပါလျှင် ခမောက်ကိုသာ စိတ်ဝိဉာဉ်အမှတ်အသား ပြုလိုက်မည်။ မျက်နှာဖုံးသုံး၍ မည်သို့အသုံးဝင်ပါမည်နည်း။

စိတ်ဝိဉာဉ်အမှတ်အသား ပြုကြည့်မယ်...

သူ့ရင်ထဲမှ သိလိုစိတ်သည် သူ့အား ဤမျက်နှာဖုံး၏ အသုံးဝင်ပုံကို စမ်းသပ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။ သူသည် အတွင်းအားများကို မျက်နှာဖုံးပတ်လည်တွင် လှည့်ပတ်စေလိုက်သည်။ ခဏကြာသော် မျက်နှာဖုံးမှ အလင်းရောင်အချို့ ထွက်စပြုလာခဲ့သည်။ မျက်နှာဖုံးကို စိတ်ဝိဉာဉ်အမှတ်အသား ပြုရန် သိပ်မခက်ခဲကြောင်း ထင်ရှားသည်။

ကျုံးဝူသားရဲသည် ထိန်းချုပ်ပေးရန်မလိုဘဲ မျဉ်းဖြောင့်အတိုင်း တည့်တည့်သွားနေရာ ကျန်းရီသည် မျက်နှာဖုံးကို အမှတ်အသားပြုရာတွင်သာ အာရုံစိုက်ထားလိုက်သည်။ သူသည် မျက်နှာဖုံးအတွင်းအားများ ပို၍ပို့လွှတ်နေခဲ့ရာ မျက်နှာဖုံးမှ အလင်းရောင်မှာလည်း ပိုမိုသိပ်သည်းလာခဲ့သည်။

သုံးရက်ကြာပြီးနောက် ရွှေရောင်မျက်နှာဖုံးသည် အလင်းတစ်ချက် လက်သွားခဲ့သည်။ ကျန်းရီသည် သူနှင့်မျက်နှာဖုံးကြားမှ ဆက်သွယ်မှုကို ခံစားမိလိုက်ပြီး မျက်နှာဖုံးထံမှ အချက်အလက်တစ်ခုသည် သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံး...

သူသည် နားမလည်နိုင်စွာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ ထို့နောက် မျက်နှာဖုံးထံ အတွင်းအားများ ထည့်သွင်းလိုက်ပြီး မျက်နှာပေါ် တပ်ဆင်လိုက်သည်။

"အမ်"

ဟဲလောင်၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားပြီဖြစ်သည်။ သူသည် ကျန်းရီ၏ ထူးထူးဆန်းဆန်း အပြုအမူကို အကဲခတ်နေခဲ့သည်။ ကျန်းရီမျက်နှာဖုံးတပ်လိုက်သည့် ခဏတွင် သူ့မျက်လုံးများမှာ သရဲမြင်ရသည့်အလား ပြူးကျယ်သွားခဲ့သည်။

ကျန်းရီ၏ မျက်နှာပေါ် မျက်နှာဖုံးရောက်သွားသည့်ခဏတွင် မျက်နှာဖုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး ကျန်းရီ၏ မျက်နှာမှာ စတင်အသွင်ပြောင်းလာခဲ့သည်။ ကျန်းရီ၏မျက်နှာသည် မိန်းမလှလေး တစ်ယောက်၏ မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်းရီသည် သူ့ထံလှည့်ကြည့်၍ ချိုမြိန်စွာ ပြုံးပြလာသည့်အခါ ဟဲလောင်မှာ ကြက်သီးတဖြန်းဖြန်းထ၍ ကျုံးဝူသားရဲပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

ကျန်းရီ၏ မျက်နှာပေါ်တွင် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး အလှလေး၏မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် လေးထောင့်ဆန်ဆန် သာမန်မျက်နှာဖြစ်၍ ဟဲလောင်မှာ အိုးတိုးအမ်းတမ်း အခြေအနေမျိုး မခံစားရပေ။

ကျန်းရီ၏ ထပ်မံပြောင်းလဲသွားသည့် မျက်နှာသည် ဟဲလောင်အား ဆွံ့အသွားစေခဲ့သည်။ သူ့မျက်နှာသည် ကျန့်ဝူရွှမ်း၏မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ပြီး ထိုမျက်နှာမှာ ချွတ်စွပ်တူနေလေသည်။ ပုံပန်းသွင်ပြင်နှင့် ကြေးညိုရောင် အသားအရေကြောင့်သာ မဟုတ်ပါက ဟဲလောင်မှာ ကျန်းရီအား ကျန့်ဝူရွှမ်းဟု ထင်မိမည်ဖြစ်သည်။

"ဟားဟား"

ကျန်းရီသည် သူ့မျက်နှာအား စမ်းကြည့်လိုက်ပြီး ပျော်ဖို့ကောင်းသည်ဟု ခံစားနေရသည်။ ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးသည် သူ့မျက်နှာအား စိတ်ကြိုက်ပြောင်းလဲနိုင်သည့်အတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းလေသည်။ ၎င်းသည် လူသားအရေပြား မျက်နှာဖုံးကဲ့သို့ တောင့်တောင့်ကြီးဖြစ်မနေပေ။ မျက်နှာဖုံးအား ဝတ်ဆင်လိုက်သည်နှင့် မတူညီသော မျက်နှာကို ပြောင်းပေးလေရာ ကျန်းရီမှာ ဝတ်ဆင်ချိန်၌ မသက်မသာမခံစားရပေ။

"အာ..."

ဟဲလောင်သည် တစ်ခုခုကို တွေးမိသွားခဲ့ပြီး ဝမ်းသာအားရထပြောလာခဲ့သည်။

"သခင်လေးရီ...ဒီမျက်နှာဖုံးနဲ့ နေရာရွှေ့ပြောင်းစွမ်းရည်နဲ့ ပေါင်းလိုက်ရင် ထွက်ပြေးဖို့အကောင်းဆုံးနည်းလမ်း ဖြစ်သွားလိမ့်မယ်။ သခင်လေးသာ ရုပ်ပြောင်းပြီး လူအုပ်ကြားထဲ နေရာရွှေ့ပြောင်းလိုက်ရင်း ဘယ်သူက ရှာနိုင်တော့မှာလဲ"

"အကြံကောင်းပဲ"

ကျန်းရီသည် မူလက ပျော်ဖို့ကောင်းသည်ဟုသာ ခံစားမိခဲ့သည်။ ယခုဟဲလောင် အကြံပေးလာသည့်အခါ သူ စိတ်လှုပ်ရှားသွားခဲ့သည်။ တစ်ခဏစဉ်းစားလိုက်ပြီးနောက် သူမျက်လုံးများ ပြန်မှိန်သွားကာ ခေါင်းယမ်းလိုက်သည်။

"ဗာဂျရာအဆင့်တွေက သူတို့ရဲ့ စိတ်အာရုံကို အသုံးပြုပြီး စစ်ဆေးနိုင်ကြတယ်။ ငါ့မျက်နှာဖုံးက သူတို့ရဲ့ စိတ်အာရုံကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ သူတို့က ငါ့ကို သိနေရင် ဒီမျက်နှာဖုံးက အသုံးမဝင်ဘူး။ ဗာဂျရာအဆင့်ထက် နိမ့်တဲ့သူတွေမှာ ဘယ်သူက ငါ့ကိုလိုက်သတ်ရဲမှာလဲ"

"အမှန်ပဲ"

ဟဲလောင်သည်လည်း သဘောပေါက်သွားခဲ့သည်။ သူသည် မျက်နှာဖုံးမှာ အသုံးဝင်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါတွင် တန်ဖိုးမရှိတော့သလို ခံစားလိုက်ရသည်။

"ဟီးဟီး...ဒီမျက်နှာဖုံးက လုံးဝ အသုံးမဝင်တာတော့ မဟုတ်ပါဘူး"

တစ်ခဏငြိမ်ကျသွားပြီးနောက် သူသည် လုပ်ရယ်ရယ်လိုက်ပြီး မျက်နှာဖုံးအား ခေါင်းထဲမှ ထုတ်လိုက်သည်။ ထို့နောက် ကျန်ရတနာများကို ဆက်လက်စစ်ဆေးနေလိုက်သည်။

ကျန်ကောင်းကင်အဆင့် ရတနာများမှာ အသုံးသိပ်မဝင်ခြင်းမဟုတ်လျှင် စိတ်ဝိဉာဉ်အမှတ်အသားပြုရန် ခက်ခဲနေသည်သာ ဖြစ်နေသည်။ ရက်အနည်းငယ်ကြာ သွားလာပြီးနောက် ရှန်မိမြို့သို့ ရောက်လုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းရီသည် ဆက်လက်ကစားမနေရဲတော့ပေ။ သူသည် ကျုံးဝူသားရဲအား မြေအောက်တွင် ရပ်တန့်ခိုင်းလိုက်ပြီး အခြေအနေကို ထောက်လှမ်းရန် မြေပြင်ပေါ် ခိုးကြောင်ခိုးဝှက် တက်သွားလိုက်သည်။

သူသည် မျက်နှာဖုံးကိုသုံး၍ ပုဆိန်ကိုင်သည့် လူရိုင်းကြီးသဖွယ် ရုပ်ဖျက်လိုက်သည်။ သူမြေပေါ်ရောက်သည်နှင့် နေရာကို အလျင်အမြန် စစ်ဆေးကာ သူတို့ရောက်နေသည့်နေရာကို အတည်ပြုလိုက်သည်။

မြေအောက်သို့ ပြန်ဆင်းပြီးနောက် ကျန်းရီသည် ဟွမ်ကြီးကိုပြန်သိမ်းကာ ဟဲလောင်အား အသိပေးလိုက်သည်။

"ငါတို့ မြေအောက်ကနေ ဆက်သွားလို့ မရတော့ဘူး။ ရှန်မိမြို့နဲ့ မိုင်နည်းနည်းပဲ ဝေးတော့တယ်။ နေ့ဝက်လောက်အတွင်း ရောက်လိမ့်မယ်။ မြေပေါ်ကဘဲ သွားကြရအောင်"

"ကောင်းပြီ"

ဟဲလောင်သည် လူသားအရေပြားမျက်နှာဖုံးတစ်ခု တပ်လိုက်ပြီး ဆေးတစ်လုံးစားကာ သူ့အရှိန်အဝါကို အားနည်းစေလိုက်သည်။ ထိုခဏတွင် ကျန်းရီကိုယ်တိုင်တောင် ဟဲလောင်မှာ ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်ဟုသာ ခံစားလိုက်ရသည်။

"သခင်လေးရီ...ဒါက ကျန့်ဂိုဏ်းက လျှို့ဝှက်ဆေးညွှန်းနဲ့ ဖော်စပ်ထားတဲ့ဆေးလုံးပဲ။ သခင်လေးလည်း တစ်လုံးစားသင့်တယ်။ ဒီနည်းနဲ့ဆို ကျွန်တော်တို့တွေ ဘယ်သူ့အာရုံကိုမှ မစွဲဆောင်မိဘဲ အေးအေးဆေးဆေး ခရီးသွားနိုင်လိမ့်မယ်"

ဟဲလောင်သည် ကျန်းရီအား အနက်ရောင်ဆေးတစ်လုံး ပစ်ပေးလိုက်ပြီး မြေပုံတစ်ခုကို ထုတ်ကြည့်ကာ ပြောလိုက်သည်။

"အခု ကိုးရက်ကြာသွားပြီ။ ကျွန်တော်တို့မှာ ပြင်ဆင်ဖို့ သုံးရက်အချိန်ရတယ်။ အရင်ဆုံး ဒီနားက ယင်းမာမြို့ကို အရင်သွားရအောင်...အဲ့မှာ ကျန့်ဂိုဏ်းရဲ့ စခန်းတစ်ခုရှိတယ်။ ကျွန်တော်တို့ အဲ့မှာ သတင်းတစ်ချို့ စုံစမ်းပြီး အစီအစဉ် ဆွဲလို့ရတယ်"

"သွားစို့"

ကျန်းရီသည် ပြုံးလိုက်ပြီး သူ့မျက်နှာမှာ ပုံစံပြောင်းသွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့မျက်နှာမှာ ချောမောသည့် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ သူသည် လူယုတ်မာဆန်ဆန် ရယ်သံတစ်ချက်ပြုရင်း ပြောလိုက်သည်။

"လိုအပ်လာခဲ့ရင် တစ်နေရာလုံးကို ပြောင်းပြန်လှန် ပစ်ကြတာပေါ့"

*****

All Chapters