အခန်း (၁၅၄၂-၁၅၄၄)
Vol. 79 Ch. 1542-1544
အခန်း (၁၅၄၂) - ကျန်းကော မြေအောက်ဘုရင်မရဲ့ နောက်ကြောင်းရာဇဝင်
~"ချန်ဇီ... သူတို့မှာ သေနတ်တွေ ပါတယ်..."
ယဲ့ဖန်သည် လိုက်ကျီချန်းကို လှမ်းသတိပေးလိုက်၏။
တစ်ချိန်တည်းမှာပင် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော တိုက်ကွက်ဖြင့် လှုပ်ရှားလိုက်၏။
ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် လူ (၃) ယောက် သေနတ်ထုတ်ရန် ပြင်လိုက်စဉ်မှာပင်၊ သူသည် လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်နှင့် 'သံမဏိတောင် ဖဝါး' တို့ကို တပြိုင်နက်တည်း အသုံးပြုလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူ (၂) ယောက်၏ လက်ထဲမှ သေနတ်များသည် လွင့်စင်ထွက်သွားပြီး၊ နောက်ဆုံး တစ်ယောက်၏ သေနတ်မှာမူ လက်ထဲမှ လွတ်ကျသွားတော့၏။
"ဖြောင်း..."
လက်သီးနှင့် ခြေကန်ချက်ကြောင့် လွင့်စင်သွားသော သေနတ် (၂) လက်သည် မြေကြီးနှင့် ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ကျည်အိမ်များ ပြုတ်ထွက်သွားပြီး ကျည်ဆံများ ပြန့်ကျဲသွားသည်ကို မှုန်ဝါးဝါး မြင်လိုက်ရသည်။
ယဲ့ဖန်၏ 'သံမဏိတောင် တွန်းကန်ချက်' နှင့် ထိမိသော ရွှေရောင်ဆံပင်နှင့် လူမှာမူ လွင့်စင်ထွက်သွားလေသည်။
ထိုလူ၏ လက်ထဲမှ သေနတ်ကျသွားသည်နှင့် ယဲ့ဖန်သည် အလိုက်သင့် လှမ်းဖမ်းယူလိုက်၏။
ထိုအချိန်တွင်မှ လိုက်ကျီချန်းသည် ရုတ်တရက် လှုပ်ရှားပြီး နောက်သို့ လှည့်ကြည့်လိုက်၏။
သူ့မျက်နှာထားသည် အလွန် သတိကြီးစွာ ရှိနေ၏။
ယဲ့ဖန်၏ ဘေးပတ်ဝန်းကျင် အခြေအနေကို မြင်လိုက်ရသောအခါမှ သူသည် သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်မိသည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
ယဲ့ဖန်သည် သူ့အကြောက်တရားကို ခံစားမိလိုက်၏။
သူသည် လက်ထဲမှ သေနတ်ကို ကစားလိုက်ပြီး၊ လွင့်စင်သွားသော သေနတ် (၂) လက်၏ နေရာကို အကဲခတ်လိုက်၏။
လုံခြုံသော အကွာအဝေးတွင် ရှိနေကြောင်း သေချာသွားမှ လိုက်ကျီချန်းကို ခေါင်းညိတ်ပြလိုက်၏။
"ဒီကောင်တွေ ပုံစံမကျဘူး..."
"ရိုးရိုး ဓားပြတိုက်ရုံ သက်သက် မဟုတ်လောက်ဘူး..."
"ကျန်တဲ့ကောင်တွေကို အရင် စစ်ဆေးလိုက်ဦး..."
"ကျွန်တော် သူတို့ကို မေးစရာ ရှိသေးတယ်..."
လိုက်ကျီချန်းသည် ယဲ့ဖန်ကို ယုံကြည်သည်။
သူ ဘာမှ မငြင်းဆန်တော့ပေ။ ယွီဖုန်းရှန်းကို တစ်ချက်လှမ်းကြည့်ပြီး မျက်လုံးဖြင့် ခွင့်တောင်းလိုက်၏။
ယွီဖုန်းရှန်း ခေါင်းညိတ်လိုက်သောအခါ၊ သူသည် ဒွန်ဟာဗီးယားနှင့် သူ့လူများ၏ ခန္ဓာကိုယ်များကို သေသေချာချာ ရှာဖွေစစ်ဆေးလိုက်လေသည်။
ထိုအခါမှ သူ့နဖူးပေါ်တွင် ချွေးစေးများ ပြန်လာရတော့၏။
ယဲ့ဖန်၏ သတိရှိမှုကြောင့်သာ တော်သေးသည်။
ဒီ ရွှေရောင်ဆံပင်ကောင်တွေရဲ့ ကိုယ်ပေါ်မှာ နောက်ထပ် သေနတ် (၃) လက်ကို ထပ်တွေ့လိုက်ရသည် မဟုတ်ပါလော။
အားလုံးက ကျည်အပြည့် ဖြည့်ထားသော သေနတ်များ ဖြစ်ကြသည်။
"သေစမ်း... ဒီနိုင်ငံခြားသားတွေက တော်တော် မိုက်ရိုင်းပါလား..."
"ငါတို့ နယ်မြေထဲမှာ ဓားပြတိုက်တာတင် မကဘူး... ဒီလို ပစ္စည်းတွေပါ ယူလာရဲကြသေးတယ်..."
“သူတို့ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ…”
လိုက်ကျီချန်းသည် ထိုလူများထံမှ လက်နက်များကို သိမ်းဆည်းပြီး ကြိုးတုပ်ကာ နဖူးမှ ချွေးများကို သုတ်လိုက်လေသည်။
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဆက်လက် စစ်မေးရန် ပြင်လိုက်၏။
ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေသော ယွီဖုန်းရှန်း၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာပြီး ရုတ်တရက် စကားပြောလာလေသည်။
"မစ္စတာယဲ့..."
"ဒီအချိန်မှာ ဒီလို ပြောတာ သိပ်မသင့်တော်မှန်း သိပါတယ်..."
"ဒါပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်လို့ပါ..."
ယဲ့ဖန် နားမလည်ပေ။
ယွီဖုန်းရှန်းသည် သူ့အကြည့်ကို ရင်ဆိုင်ပြီး လေးနက်စွာ ပြောလိုက်၏။
"ကျွန်မမှာ လွန်ကဲတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်..."
"ဒီလူတွေကို ကျွန်မ လက်ထဲ အပ်ပေးဖို့ မျှော်လင့်ပါတယ်..."
"အစားပြန်ပေးတဲ့ အနေနဲ့... ရှင် ကြိုက်တဲ့ အရာတစ်ခုကို တောင်းဆိုနိုင်ပါတယ်..."
ယဲ့ဖန် သူမ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်နေ၏။
သူတို့၏ ဆက်ဆံရေးအရဆိုလျှင် ပုံမှန်အခြေအနေတွင် ယွီဖုန်းရှန်းသည် သူ့တောင်းဆိုမှုမှန်သမျှကို ဖြည့်ဆည်းပေးမည့်သူ ဖြစ်သည်။
အခုချိန်မှာ ဒါကို အပေးအယူ အနေနှင့် သုံးနေတာက သူ့အတွက် ဘာမှ ဆွဲဆောင်မှု မရှိသလို ဖြစ်နေ၏။
ယွီဖုန်းရှန်းသည် သူ့သံသယကို သတိထားမိပုံ ရသည်။ ခဏမျှ တွန့်ဆုတ်ပြီးနောက် သူမသည် ရုတ်တရက် ယဲ့ဖန်အနားသို့ တိုးကပ်လာပြီး သူတို့ နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်၏။
"ကြိုက်တဲ့ အရာနော်..."
"ကျွန်မ သေရမယ့် ကိစ္စ၊ ကျွန်မ ဂုဏ်သိက္ခာကျမယ့် ကိစ္စ မဟုတ်ရင် ပြီးရော... ကြိုက်တာ တောင်းဆိုနိုင်ပါတယ်..."
"ကျွန်မ ဘယ်တော့မှ မငြင်းပါဘူး..."
ယဲ့ဖန် တုန်လှုပ်သွားမိသည်။
သူမကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
နားကြားမှားတာများလား။
ယွီဖုန်းရှန်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
"ရှင် နားကြားမမှားပါဘူး... ကျွန်မ အတည်ပြောနေတာပါ..."
ယဲ့ဖန်သည် ယွီဖုန်းရှန်းနှင့် ထိတွေ့ဆက်ဆံမှု သိပ်မရှိသော်လည်း...
ဒီ ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆောင်မလေးရဲ့ အကြောင်းကို သူ အနည်းအကျဉ်းတော့ နားလည်ထားသည်။
ဒီအမျိုးသမီးက သူရဲကောင်း တစ်ယောက်၊ သူရဲကောင်းမလေး တစ်ယောက်၊ ကျန်းကော မြေအောက်လောက၏ ဘုရင်မ ဆိုသည့် ဂုဏ်ပုဒ်တွေနှင့် ထိုက်တန်သူ ဖြစ်သည်။
သူမ၏ လက်ရှိ အဆင့်အတန်းနှင့် အာဏာအရ ဆိုလျှင် မရေမတွက်နိုင်သော အရင်းအမြစ်များက သူမ လက်တစ်ကမ်းမှာ ရှိနေ၏။
လတ်တလော မရနိုင်သေးသည့် အရာများ ဆိုလျှင်တောင်၊ အချိန်ပေးလိုက်လျှင် မရနိုင်စရာ အကြောင်း မရှိပေ။
ယုတ္တိနည်းအရ တွေးကြည့်လျှင် ဒီကမ္ဘာပေါ်မှာ သူမ အရာအားလုံးကို ရင်းပြီး တိုက်ယူရလောက်သည့် အရာမျိုး မရှိသလောက် ရှားပါးသည်။
သို့သော်၊ ယခုချိန်မှာ သူမက ဒီ အရင်းအမြစ် မသိရသော နိုင်ငံခြားသားတွေအတွက်နှင့် ဒီလောက် ကြီးမားသော ကတိကို ပေးလိုက်သည်တဲ့လား။
ယဲ့ဖန် အလိုလို မေးလိုက်မိ၏။
"အကြောင်းပြချက်ကို ပြောပြလို့ ရမလား..."
"ပြောပြရင်... ဒီလူတွေကို ကျွန်မ လက်ထဲ အပ်မှာလား..."
"ဒီအပေးအယူက ကျွန်တော့်အတွက် အမြတ်ချည်းပဲလေ... ခင်ဗျား အကြောင်းပြချက်က ကျွန်တော့်ကို လှုပ်ရှားစေနိုင်ရင်... ဘာလို့ ငြင်းရမှာလဲ..."
ယဲ့ဖန် ပြုံးလိုက်၏။
ထိုစကားကို ကြားသောအခါ ယွီဖုန်းရှန်း စိတ်သက်သာရာ ရသွားပုံ ရသည်။
ခဏမျှ စဉ်းစားပြီးနောက် သူမ လေးနက်စွာ ပြောပြလိုက်၏။
"ကျွန်မ ဝမ်းဗိုက် အောက်ပိုင်းက အမာရွတ် အကြောင်း ပြောပြထားတာ မှတ်မိသေးတယ် မလား..."
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ငယ်ငယ်တုန်းက ရန်သူတွေ လိုက်သတ်လို့ ကီလိုမီတာ ထောင်ချီအောင် ထွက်ပြေးခဲ့ရတယ်... အသက်ဘေးနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရတယ်... နောက်ဆုံးတော့ လွတ်မြောက်လာခဲ့တယ် ဆိုတာလေ..."
"တကယ်တော့... အဲဒီ ဇာတ်လမ်းက အရမ်း ရှည်တယ်..."
ယွီဖုန်းရှန်း၏ မျက်နှာထား တည်ငြိမ်နေသော်လည်း မျက်လုံးများထဲတွင် မုန်တိုင်းထန်နေ၏။
"အငခး…အဲဒီ အဖြစ်အပျက်ရဲ့ အစစ်အမှန် ဇာစ်မြစ်ကို သိချင်ရင်... အဲဒီထက် စောတဲ့ အချိန်ကနေ ပြန်ပြောရလိမ့်မယ်..."
"အဲဒီတုန်းက ကျွန်မ မိသားစုက နေမဝင်အင်ပါယာမှာ နေကြတာ ပေါ့... မိဘတွေက ချစ်ချစ်ခင်ခင်နဲ့ စီးပွားရေး လုပ်ငန်းတချို့ လုပ်ကိုင်ကြတယ်... ပုံမှန်အတိုင်း ဆိုရင်တော့ ကျွန်မ ဘဝက ပျော်ရွှင်စရာ ကောင်းနေမှာပေါ့..."
"ဒါပေမဲ့ ကျွန်မ (၆) နှစ်သမီး အရွယ်မှာ အပြောင်းအလဲ စဖြစ်ခဲ့တယ်..."
"ကျွန်မမှာ ဦးလေး တစ်ယောက် ရှိတယ်... သူက နေမဝင်အင်ပါယာက တရုတ်ဂိုဏ်း ရဲ့ ခေါင်းဆောင်လေ..."
"အဲဒီနှစ်မှာ သူတို့ အသင်းအဖွဲ့က ငွေကြေးလည်ပတ်မှု အခက်အခဲ ဖြစ်လာတော့... ကျွန်မ မိဘတွေကို အကူအညီ တောင်းခဲ့တယ်..."
"ကျွန်မတို့ မိသားစုက ဦးလေးတို့နဲ့ အမြဲ ရင်းနှီးခဲ့တာဆိုတော့... မိဘတွေကလည်း ကူညီဖို့ ပြောလာတာနဲ့ ဘာမှ သိပ်မစဉ်းစားဘဲ ငွေအမြောက်အမြား ထုတ်ချေးပေးလိုက်တယ်..."
"မထင်မှတ်ထားတာက... အဲဒီကိစ္စကြောင့် ကျွန်မတို့ မိသားစုက 'ဈာပန ဂိုဏ်း' ရဲ့ ပစ်မှတ် ဖြစ်သွားခဲ့တာပဲ... အဲဒီအဖွဲ့က တရုတ်ဂိုဏ်းကို မျက်မုန်းကျိုးနေတာ ကြာပြီလေ..."
"အဲဒီနေ့ကို ကျွန်မ ကောင်းကောင်း မှတ်မိနေသေးတယ်..."
"သေနတ်ကိုင်ထားတဲ့ ဝတ်စုံ အမည်းဝတ် (၁၀) ယောက်လောက် အိမ်ထဲကို အတင်း ဝင်လာကြတယ်..."
"ကျွန်မတို့ သက်တော်စောင့်တွေ အကုန်လုံး အသတ်ခံလိုက်ရတယ်..."
"ပြီးတော့... မိဘတွေက သူတို့ တောင်းဆိုချက် (ဦးလေးတို့ အသင်းအဖွဲ့ ငွေကြေးပြဿနာ မပြေလည်ခင် ချေးငွေ ပြန်တောင်းဖို့) ကို ငြင်းဆန်လိုက်တာနဲ့... နှိပ်စက်ပြီး သတ်ပစ်လိုက်ကြတယ်..."
"ကျွန်မကတော့ အိမ်က အမှိုက်ပုံးထဲမှာ ဝင်ပုန်းနေလို့... ယာယီအားဖြင့် လွတ်မြောက်သွားခဲ့တာပေါ့..."
"ဒါပေမဲ့ ဦးလေးတို့ သတင်းကြားပြီး တစ်ဖွဲ့လုံး လာကူညီကြတော့... ကျွန်မကို 'ဈာပန ဂိုဏ်း' က လူတွေ သတိထားမိသွားကြတယ်..."
"ဦးလေးတို့ အသင်းအဖွဲ့ ရှုံးနိမ့်သွားတဲ့အခါ... သူတို့က ကျွန်မကို ရှင်းပစ်ဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ကြတယ်..."
"အဲဒီတုန်းက သူတို့က ကျွန်မကို ချက်ချင်း မသတ်ဘဲ... တမင်သက်သက် စော်ကားပြီး ကစားခဲ့ကြတယ်... မုဆိုးက သားကောင်ကို ကစားသလိုမျိုးပေါ့..."
ယဲ့ဖန် နားထောင်ရင်း စိတ်ထိခိုက်သွားမိသည်။
'ဈာပန ဂိုဏ်း' ဆိုတာ ဘယ်လောက် ရက်စက်မလဲ... ထိုအချိန်တုန်းက ယွီဖုန်းရှန်း ဘယ်လောက် သနားစရာ ကောင်းမလဲ ဆိုတာကို သူ တွေးကြည့်၍ ရပါသည်။
ယွီဖုန်းရှန်း စကားပြောနေရင်း သူမ၏ အကြည့်များကို ထိန်းချုပ်လိုက်ပြီး ဒွန်ဟာဗီးယားတို့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ယဲ့ဖန်၏ အကြည့်လည်း ချက်ချင်း လိုက်ပါသွား၏။
“ဒီလူတွေက... နေမဝင်အင်ပါယာက 'ဈာပန ဂိုဏ်း' က လူတွေလား…”
အခန်း (၁၅၄၃) - မင်းရဲ့ မာကျောနေတဲ့ ပုံစံကြီးကို ကျွန်တော် သဘောမကျဘူး...
~"ဒါမှမဟုတ်... သူတို့ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ 'မာဖီးယား မိသားစု'လို့လည်း ခေါ်ကြတယ်..."
ယွီဖုန်းရှန်း ပြောနေသည့် လေသံမှာ တည်ငြိမ်နေဆဲပင်။
သို့သော် သူမ၏ ခန္ဓာကိုယ်မှ ဖုံးကွယ်၍ မရနိုင်သော သတ်ဖြတ်လိုစိတ်အား ယဲ့ဖန် အာရုံခံမိနေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်၏။
"ကျွန်တော် မေးစရာ ရှိတာလေးတွေ မေးပါရစေဦး... မေးပြီးသွားရင်တော့... သူတို့ကို ခင်ဗျား ကြိုက်သလို စီရင်နိုင်ပါတယ်..."
ထိုအခါမှသာ ယွီဖုန်းရှန်း၏ သတ်ဖြတ်လိုစိတ်များ ပြန်လည် ရုပ်သိမ်းသွားလေသည်။
သူမ၏ အသံသည်လည်း ပိုမို နူးညံ့သွား၏။
"ကျေးဇူးတင်ပါတယ်..."
ယဲ့ဖန် ပြန်ပြုံးပြလိုက်၏။
"အကျိုးရှိတဲ့ စီးပွားရေးပဲလေ... ဘာလို့ ငြင်းရမှာလဲ..."
ပြောပြီးသည်နှင့် သူသည် ယွီဖုန်းရှန်းကို ဆက်အာရုံမစိုက်တော့ဘဲ ဒွန်ဟာဗီးယားထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။
"ကျွန်တော့်မှာလည်း ခင်ဗျားနဲ့ ဆွေးနွေးစရာ စီးပွားရေး တစ်ခု ရှိတယ်... စိတ်ဝင်စားမလား မသိဘူး..."
ဒွန်ဟာဗီးယားသည် ယဲ့ဖန်၏ တိုက်ခိုက်ရေး စွမ်းရည်ကြောင့် သွေးပျက်နေပြီ ဖြစ်သည်။
စာတန် အပြုံးကြီးဖြင့် လျှောက်လာသော ယဲ့ဖန်ကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရနိုင်အောင် တုန်ရီလာလေသည်။
အသံများပင် ပုံမှန် မဟုတ်တော့ပေ။
"ဘာ... ဘာများ ဆွေးနွေးချင်လို့လဲ..."
"ကျွန်တော် သိချင်တာလေးတွေ ခင်ဗျား ဖြေပေးစေချင်တယ်..."
ယဲ့ဖန်သည် ဒွန်ဟာဗီးယား၏ လူကြီးလူကောင်း ဟန်ပန်ကို အတုခိုးလိုက်ပြီး မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်လေသည်။
"ခင်ဗျားသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်... ခုနက ဖြစ်ပျက်ခဲ့တာတွေကို မေ့လိုက်လို့ ရပါတယ်..."
"ဒါပေမဲ့... ခင်ဗျားက အကောင်းပြောလို့ မရဘူး ဆိုရင်တော့... ဝမ်းနည်းပါတယ်..."
"ကျွန်တော့် စိတ်က သိပ်ရှည်တာ မဟုတ်ဘူး... ဒေါသထွက်လာရင် ဘာတွေ လုပ်မိမလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိဘူး..."
ဒွန်ဟာဗီးယားသည် သူ့ဆေးကို သူ့ပြန်တိုက်နေကြောင်း သိလိုက်၏။
ကြောက်လန့်မှုများ ခဏတာ ဖြစ်ပေါ်ပြီးနောက် သူ ခေါင်းခါလိုက်၏။
"ခင်ဗျား ဘာမေးချင်လဲဆိုတာ ကျွန်တော် သိပါတယ်..."
"ဒါပေမဲ့ ကျွန်တော် ပြောပြလို့ မဖြစ်ဘူး..."
"ပြောလိုက်ရင်... ကျွန်တော့် ဘဝနိဂုံးက သေချာပေါက် သနားစရာ ကောင်းသွားလိမ့်မယ်..."
ယဲ့ဖန် စိတ်မဆိုးပေ။
သူ့မျက်နှာပေါ်တွင် အပြုံးကျယ်ကြီး ရှိနေဆဲပင်။
"ကျွန်တော်က ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး ညှိနှိုင်းနေတာပါ..."
"ဒါကြောင့်... အဖြေမပေးခင် သေသေချာချာ စဉ်းစားစေချင်တယ်..."
"မဟုတ်ရင်... ကျွန်တော် တကယ် စိတ်ဆိုးသွားတဲ့အခါကျမှ နောင်တရနေရင် နောက်ကျသွားလိမ့်မယ်..."
ဒွန်ဟာဗီးယားက ဘာမှ မစဉ်းစားဘဲ ခေါင်းခါလိုက်ပြန်သည်။
"အများဆုံး ဖြစ်လှ သေရုံပဲ ရှိမှာပါ..."
"မိသားစု စည်းမျဉ်းကို ချိုးဖောက်လို့ ခံရမယ့် ပြစ်ဒဏ်နဲ့ ယှဉ်လိုက်ရင်... သေရတာက ဘာမှ မဟုတ်ပါဘူး..."
"ဒါကြောင့်... လက်လျော့လိုက်ပါ... ကျွန်တော် ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး..."
ထိုအခါမှ ယဲ့ဖန်၏ အပြုံး ပျောက်ကွယ်သွားတော့၏။
"မဆိုးဘူး... ခင်ဗျားက ခွံမာသီးပဲ..."
["ခွံမာသီး" (Hard Nut / Tough Nut to crack) ဆိုတာက တင်စားပြီး ပြောထားတာဗျ။
ဒီနေရာမှာ ဒွန်ဟာဗီးယားက ဘာမေးမေး မဖြေဘူး၊ လျှို့ဝှက်ချက်ကို ထုတ်မပြောဘူး၊ ခေါင်းမာနေတယ်ပေါ့။ အဲ့ဒါကို ယဲ့ဖန်က "မင်းက ခွဲရခက်တဲ့ ခွံမာသီးလိုပဲ" ဆိုပြီး တင်စားလိုက်တာပါ။
ခွံမာသီး (ဥပမာ- သစ်ကြားသီး၊ အုန်းသီး) တွေက အခွံအရမ်းမာတော့ အထဲက အဆန်ကို စားရဖို့ တူနဲ့ထုမှ၊ ခွဲမှ ရတတ်တယ်လေ။
ဆိုလိုရင်းကတော့ -
"မင်းက ပါးစပ်အရမ်းလုံပြီး ခေါင်းမာတဲ့ကောင်ပဲ... အေးဆေးမေးလို့ မရရင်တော့ ငါက အခွံခွဲသလိုမျိုး (နှိပ်စက်ပြီး) မင်းပါးစပ်ဟအောင် လုပ်ရတော့မှာပေါ့" ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။]
"ဒါပေမဲ့... ခင်ဗျားရဲ့ မာကျောနေတဲ့ ပုံစံကြီးကို ကျွန်တော် သိပ်ဘဝင်မကျဘူး..."
ပြောပြောဆိုဆိုနှင့် သူသည် လက်ထဲမှ သေနတ်မောင်းကို ဆွဲတင်လိုက်ပြီး ဒွန်ဟာဗီးယား၏ ပေါင်ကို ချိန်ကာ ပစ်ထည့်လိုက်တော့၏။
"ဒိုင်း..."
ဒွန်ဟာဗီးယား နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်တက်သွား၏။
"ငါ ပြောသားပဲ... မင်း လုပ်နိုင်တာက ငါ့ကို သတ်ရုံပဲ ရှိတာပါလို့..."
"ဒီလောက် ခြိမ်းခြောက်မှုလေးနဲ့ ငါ့ကို ကြောက်သွားအောင် လုပ်လို့ မရဘူးကွ..."
ယဲ့ဖန် ပြန်မပြောပေ။
ဒဏ်ရာကို ချိန်ရွယ်ပြီး နှစ်ချက် ဆက်တိုက် ထပ်ပစ်လိုက်၏။
"ဒိုင်း... ဒိုင်း..."
ဒွန်ဟာဗီးယား အချိန်အတော်ကြာအောင် တက်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်လာလေသည်။
ယဲ့ဖန်သည် ထိုဒဏ်ရာကိုပင် ဆက်လက် ချိန်ရွယ်ထားပြီး နောက်ထပ် (၃) ချက် ထပ်ပစ်လိုက်ပြန်သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ပေါင်ကို ဖောက်ထွက်သွားပြီ ဖြစ်လေ၏။
ထို့နောက် ဒွန်ဟာဗီးယား သတိလစ်တော့မည့် ဆဲဆဲတွင်၊ ယဲ့ဖန်သည် ဒဏ်ရာ၏ နှုတ်ခမ်းသားများကို တစ်ချက်ချင်းစီ လိုက်ပစ်နေပြန်သည်။
ဒီတစ်ခေါက်တော့ ဒွန်ဟာဗီးယား တစ်ယောက်တည်း မဟုတ်တော့။
ဘေးမှ သူ့တပည့်များပါ ကြက်သီးမွေးညှင်းများ ထကုန်ကြ၏။
ယဲ့ဖန်က သူတို့ကို ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း၊ ထို ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသားများမှာ ကြောက်လွန်း၍ ဆီးများပင် ထွက်ကျကုန်ကြသည်။
သူတို့သည် ယဲ့ဖန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
"ဘယ်သူက ပြောတာလဲ... တရုတ်လူမျိုးတွေက ယဉ်ကျေးသိမ်မွေ့တဲ့ သိုးငယ်လေးတွေပါ ဆို..."
"ဒီ တရုတ်ကောင်က နတ်ဆိုးပဲ... စာတန်ပဲ..."
"နေမဝင်အင်ပါယာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး နှိပ်စက်နည်းတွေတောင်... ဒီလောက် ရက်စက်မှာ မဟုတ်ဘူး..."
ဒွန်ဟာဗီးယား ပြောစရာ မလိုတော့ဘဲ၊ တစ်စုံတစ်ယောက်က စိတ်ဓာတ်ကျသွားပြီး ရှေ့ထွက်လာလေသည်။
"ကျေးဇူးပြုပြီး... လူကို ဒီလိုကြီး မနှိပ်စက်ပါနဲ့တော့..."
"ခင်ဗျား မေးစရာရှိရင်... ကျွန်တော့်ကို မေးပါ..."
"ကျွန်တော် အကုန် ဖြေပေးပါ့မယ်... မေးပြီးရင်တော့... ကျွန်တော့်ကို မြန်မြန် သတ်ပေးဖို့ပဲ တောင်းဆိုပါတယ်..."
ဒွန်ဟာဗီးယား ထိုစကား.. ကြားလိုက်ရသောအခါ ဒေါသအကြီးအကျယ် ထွက်သွား၏။ သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း၊ သူ့တပည့်ကို လှမ်းဆဲရန် ပြင်လိုက်၏။
သို့သော် သူ ပါးစပ် မဟရသေးခင်မှာပင်၊ ယဲ့ဖန်က နောက်ထပ် ကျည်ဆန် အချို့ ပစ်လွှတ်လိုက်ပြီး သူ့ပေါင်မှ အပေါက်ကို ပိုကျယ်သွားအောင် လုပ်လိုက်ပြန်သည်။
"ခင်ဗျား ခြေထောက်က အပေါက်... ပိုပိုပြီး ကျယ်လာတာကို မလိုချင်ဘူး မလား..."
သေနတ်သံ တိတ်သွားသောအခါ ယဲ့ဖန်သည် သူ့ကို ခံစားချက်မပါသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ဒွန်ဟာဗီးယား ကျောချမ်းသွားမိသည်။
သူ့ လျှာဖျားအထိ ရောက်နေသော စကားလုံးများသည် ချက်ချင်း ပြန်ဝင်သွားကြတော့၏။
ထိုအခြေအနေကို မြင်သောအခါမှ ယဲ့ဖန်သည် သေနတ်ကို ရပ်လိုက်ပြီး၊ အလိုက်သိသော နိုင်ငံခြားသားဘက်သို့ လှည့်လိုက်၏။
"မင်း နာမည် ဘယ်သူလဲ..."
"အယ်လ် ဝီလျံ..."
ယဲ့ဖန်ကို အမြန်သတ်ပေးဖို့ တောင်းဆိုခဲ့သော ရွှေရောင်မုတ်ဆိတ်နှင့် လူသည် တုန်တုန်ရီရီဖြင့် ဖြေလိုက်၏။
"အယ်လ် ဝီလျံ..."
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"ဒီနာမည်က ရှည်လွန်းတယ်... ငါ မင်းကို ဝီလျံလို့ပဲ ခေါ်မယ်..."
"ပထမမေးခွန်း ဖြေစမ်း... မင်းတို့ ဘယ်သူတွေလဲ..."
"နေမဝင်အင်ပါယာ... ဈာပန ဂိုဏ်း... မာဖီးယား မိသားစု ရုံးခွဲကပါ..."
အယ်လ် ဝီလျံ တုံ့ဆိုင်းမနေဘဲ ဖြေလိုက်၏။
နေမဝင်အင်ပါယာမှ ဈာပန ဂိုဏ်း ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယဲ့ဖန်သည် ယွီဖုန်းရှန်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။
ထင်ထားသည့်အတိုင်းပင် ယွီဖုန်းရှန်း၏ မျက်ဝန်းများ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။
"ဒုတိယမေးခွန်း... ဒီတစ်ခေါက် နဂါးနိုင်ငံကို လာတဲ့ ရည်ရွယ်ချက်က ဘာလဲ..."
"မင်းတို့ သူဌေး ပြောပုံအရဆိုရင်... သေနတ်တွေတောင် သုံးဖို့ ပြင်ဆင်ထားတယ် ဆို... ကမ်းခြေမှာ ထွက်ပြေးဖို့ လှေတောင် အဆင်သင့် လုပ်ထားသေးတယ် ဟုတ်လား..."
အယ်လ် ဝီလျံ ဆက်လက် ဖြေကြားသည်။
"ခင်ဗျား မီးခံသေတ္တာထဲကနေ ရလိုက်တဲ့ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကြောင့်ပါ..."
"ဈာပန ဂိုဏ်း၊ မာဖီးယား မိသားစု ရုံးခွဲ ခေါင်းဆောင်က သတင်းရထားတယ်... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' က blind boxထဲမှာ ရောက်နေပြီး... အဲဒီသေတ္တာက ကျန်းကော မှောင်ခိုဈေးထဲကို ရောက်နေတယ် ဆိုတဲ့ သတင်းပါ..."
"ဒါကြောင့်... ခေါင်းဆောင်က ကျွန်တော်တို့ မိသားစုရဲ့ 'ကြေးဝါ တပ်ဖွဲ့' ကို စေလွှတ်ပြီး... ကျန်းကော မှောင်ခိုဈေးထဲ ဝင်ရောက်ကာ... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို ခိုးယူခိုင်းလိုက်တာပါ..."
ယဲ့ဖန်သည် ထိုအချက်အလက်များမှ မမျှော်လင့်ထားသော အရာများစွာကို ကြားလိုက်ရသဖြင့် စိတ်ဝင်စားသွား၏။
သို့သော် သူသည် ထိုမေးခွန်းများကို ချက်ချင်း မမေးသေးဘဲ ဆက်လက် မေးမြန်းလိုက်၏။
"မင်းတို့ရဲ့ 'ကြေးဝါ တပ်ဖွဲ့' ဆိုတာ... ဈာပန ဂိုဏ်း နဲ့ မာဖီးယား မိသားစု ရုံးခွဲမှာ ဘယ်လို အဆင့်အတန်းမျိုး ရှိလဲ..."
မထင်မှတ်ထားသည်မှာ၊ အယ်လ် ဝီလျံသည် ထိုမေးခွန်းကို ကြားသောအခါ မျက်နှာပျက်သွားပြီး အခက်တွေ့နေသည့်ပုံ ပေါက်နေ၏။
ခဏလောက် အောင့်ထားပြီးမှ သူ ပြန်မေးလိုက်၏။
"ဒါကို မဖြေလို့ မရဘူးလား..."
ယဲ့ဖန် နားမလည်နိုင် ဖြစ်သွား၏။ သူသည် အခြား နိုင်ငံခြားသားများနှင့် ဒွန်ဟာဗီးယားကို လှည့်ကြည့်လိုက်၏။
ထူးဆန်းသည်မှာ... ထိုလူများ၏ မျက်နှာထားများလည်း အလွန် အရုပ်ဆိုးနေကြသည်။
တစ်ယောက်ချင်းစီက ပြောရခက်နေသည့် ပုံစံမျိုး ဖြစ်နေကြ၏...။
"ဘာဖြစ်ကြတာလဲ…”
အခန်း (၁၅၄၄) - ဒီတစ်ခေါက်တော့ ပွပေါက်တိုးသွားပြီပဲ...
~ကြည့်ရတာ ယွီဖုန်းရှန်း၏ နိုင်ငံခြားစကား ပြောနိုင်စွမ်းရည်ကလည်း အတော်လေး ကောင်းမွန်သည့်ပုံပင်။
လိုက်ကျီချန်း နားမလည် ဖြစ်နေတုန်းမှာပင်၊ သူမက ယဲ့ဖန်၏ စကားကို ဝင်ဆက်လိုက်၏။
"တကယ်တော့ အကြောင်းပြချက်က ရှုပ်ထွေးမနေပါဘူး..."
"ဈာပန ဂိုဏ်းထဲမှာဆိုရင်... 'ကြေးဝါ တပ်ဖွဲ့' ဆိုတာ ကျွန်မတို့ ဇာမဏီသုံးကောင်ဂိုဏ်းက သာမန် အဖွဲ့ဝင်တွေနဲ့ အဆင့်အတန်း တူတူပဲ..."
"ဒီလူတွေက အဆင့်နိမ့်လွန်းလို့... သူတို့ကိုယ်တိုင် ပြောရမှာ ရှက်နေကြတာပါ..."
ယဲ့ဖန် သူမဘက်သို့ လှည့်ကြည့်လိုက်၏။
ယွီဖုန်းရှန်း ခေါင်းညိတ်ပြပြီး ဆက်လက် ရှင်းပြလိုက်၏။
"ကျွန်မက ဈာပန ဂိုဏ်း အကြောင်း နည်းနည်းတော့ သိထားတယ်..."
"အထူးသဖြင့် နေမဝင်အင်ပါယာက ဈာပန ဂိုဏ်း နဲ့ မာဖီးယား မိသားစု ရုံးခွဲ အကြောင်းပေါ့..."
"သူတို့ရဲ့ ဖွဲ့စည်းပုံတွေ၊ အဆင့်သတ်မှတ်ချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်မ တော်တော်လေး အားစိုက်ပြီး စုဆောင်းထားခဲ့ဖူးတယ်..."
ယဲ့ဖန် ဘာမှ ပြန်မပြောဘဲ သူမ ဆက်ပြောမည့် စကားကိုသာ နားထောင်နေလိုက်၏။
ယွီဖုန်းရှန်း ဆက်ပြောလိုက်၏။
"ဈာပန ဂိုဏ်း ဆိုတာ အနောက်တိုင်း နိုင်ငံအများအပြားမှာ ခြေကုပ်ယူထားတဲ့ ဂိုဏ်းကြီး တစ်ခုပဲ..."
"သူတို့ ဘယ်လောက် အင်အားကြီးလဲ ဆိုတာကိုတော့ ကျွန်မ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်... ရှင်လည်း ကြားဖူးမှာပါ..."
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
ဈာပန ဂိုဏ်း... ဒါမှမဟုတ် မာဖီးယား။
လောကအတွေ့အကြုံ အနည်းငယ် ရှိသူဆိုလျှင် ဒီဂိုဏ်းအကြောင်း မကြားဖူးသူ မရှိသလောက်ပင်။
သူတို့ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေလို့ တင်စားမည် ဆိုလျှင်တောင် လွန်မည်.. မထင်ပေ။
"ဒီ ဂိုဏ်းကြီးကို အဓိကအားဖြင့် မိသားစု အများအပြားရဲ့ ရုံးခွဲတွေနဲ့ ဖွဲ့စည်းထားတာ..."
"ဥပမာ - အမေရိကန်မှာဆိုရင် ဘိုနို (Buono)၊ ကလိုဘို (Klobo)၊ ဂမ်ဘီနို (Gambino)၊ ဂျီနိုဗီးစ် (Genovese) နဲ့ လူချီးစ် (Lucchese) ဆိုတဲ့ မိသားစုကြီး (၅) ခုက ဦးဆောင်တယ်... ပြီးတော့မှ အဲဒီ မိသားစုကြီး (၅) ခုအောက်မှာ မိသားစု ငယ်လေးတွေက မဟာမိတ်ဖွဲ့ပြီး လှုပ်ရှားကြတာ..."
"နောက်ထပ် ဥပမာ တစ်ခုအနေနဲ့... ဈာပန ဂိုဏ်းရဲ့ မွေးရပ်မြေ အီတလီမှာ ဆိုရင်... စစ္စလီ (Sicilian)၊ ကာမိုရာ (Camora)၊ ကာလာဘရီယန် (Calabrian) နဲ့ ဆာကရာ ကိုရိုနာယူနီတာ (Sacra Coronaunita) ဆိုတဲ့ ဂိုဏ်းတွေက ဦးဆောင်ကြတယ်..."
"အထူးသဖြင့် စစ္စလီ ဂိုဏ်းက အကျော်ကြားဆုံးပဲ... ၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက လူ့ဂိုဏ်း အလွှာအသီးသီးကို ထိုးဖောက်ဝင်ရောက်ခဲ့ကြတာ... သူတို့ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်သမိုင်းဝင် ဂန္တဝင် ဇာတ်လမ်းတွဲ 'The Godfather' (ခေါင်းကိုင်ဖခင်ကြီး) ဆိုတာတောင် ရှိသေးတယ်လေ..."
လန်ရှင်းယွဲ့ စကားအား ယဲ့ဖန် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။
"ဟုတ်တယ်..."
ယွီဖုန်းရှန်းသည် သူ့ကို မေးခွန်း မေးခွင့် မပေးဘဲ ဆက်ပြောလိုက်၏။
"နေမဝင်အင်ပါယာ မှာကျတော့... ဈာပန ဂိုဏ်းကို မာဖီးယား မိသားစုက အဓိက ဦးဆောင်နေတာ..."
"ဒီမိသားစုကို အပိုင်း (၂) ပိုင်း ခွဲပြီး ဖွဲ့စည်းထားတယ်... တစ်ပိုင်းက မိသားစုဝင်တွေ ဖြစ်ပြီး... နောက်တစ်ပိုင်းကို 'မိတ်ဖက်များ' (Partners) လို့ ခေါ်ကြတယ်..."
"မိသားစုဝင် အယောက် (၄၀၀) လောက် ရှိတယ်... သူတို့ကို သူဌေး (Boss or Don)၊ အကြံပေး (Adviser or Consigliere)၊ ဒုတိယ သူဌေး (Second Boss or Underboss)၊ တပ်မှူး (Commander or Capo) နဲ့ စစ်သည် (Soldier) ဆိုပြီး အဆင့်ဆင့် ခွဲခြားထားတယ်... စစ်သည် အဆင့်ကတင် အယောက် (၃၀၀) နီးပါး ရှိတယ်..."
"သူတို့ရဲ့ 'မိတ်ဖက်' တွေ... ပြောရရင် သူတို့ကို ကူညီပေးနေတဲ့ ဂိုဏ်းတွေ၊ မိသားစုတွေကျတော့ စုစုပေါင်း ထောင်ချီ၊ သောင်းချီ ရှိကြတယ်..."
"ဒီလူတွေက မာဖီးယား မိသားစု ရုံးခွဲကလို့ ပြောနေပေမယ့်... တကယ်တမ်းကျတော့ မာဖီးယား မိသားစုရဲ့ မိတ်ဖက်တွေပဲ ရှိသေးတာ..."
"ဒွန်ဟာဗီးယား တစ်ယောက်တည်းကသာ မာဖီးယား မိသားစုဝင် အစစ် ဖြစ်လောက်တယ်..."
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြန်သည်။
ထိုအခါမှ ယွီဖုန်းရှန်းသည် အရေးအကြီးဆုံး အချက်ကို ပြောပြလေတော့၏။
"ဈာပန ဂိုဏ်းရဲ့ 'မိတ်ဖက်' တွေဟာ စစ်သည်တွေ၊ လူမိုက်တွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်လာရင် ဂိုဏ်းရဲ့ စည်းမျဉ်းကို တိတိကျကျ လိုက်နာကြရတယ်..."
"အနိမ့်ဆုံး အဆင့်... သာမန်လူတွေထက် ခွန်အားအနည်းငယ် သာလွန်တဲ့ တိုက်ခိုက်ရေး အဖွဲ့ကို 'သံမဏိ ကြယ်ပွင့်' (Iron Star) ပေးအပ်ပြီး 'သံမဏိ တပ်ဖွဲ့' (Iron Team) လို့ သတ်မှတ်တယ်..."
"သာမန် အဆင့်... တိုက်ခိုက်ရေးသမား တစ်ယောက်က လူ (၂) ယောက်၊ (၃) ယောက်လောက်ကို ယှဉ်တိုက်နိုင်တဲ့ အဖွဲ့ကို 'ကြေးဝါ ကြယ်ပွင့်' (Bronze Star) ပေးအပ်ပြီး 'ကြေးဝါ တပ်ဖွဲ့' (Bronze Team) လို့ သတ်မှတ်တာ ပေါ့.."
"အထက်တန်းလွှာ အဆင့်... တိုက်ခိုက်ရေးသမား တစ်ယောက်က လူအများအပြားကို ယှဉ်တိုက်နိုင်တဲ့ အထက်တန်းလွှာ တိုက်ခိုက်ရေးသမားတွေ ပါဝင်တဲ့ အဖွဲ့ကို 'ငွေရောင် ကြယ်ပွင့်' (Silver Star) ပေးအပ်ပြီး 'ငွေရောင် တပ်ဖွဲ့' (Silver Team) လို့ သတ်မှတ်တယ်..."
"ထိပ်တန်း အဆင့်... တိုက်ခိုက်ရေးသမား တစ်ယောက်က လူ (၁၀) ယောက်ထက်မက ယှဉ်တိုက်နိုင်တဲ့ စူပါအဖွဲ့ကို 'ရွှေရောင် ကြယ်ပွင့်' (Gold Star) ပေးအပ်ပြီး သူတို့ကတော့..'ရွှေရောင် တပ်ဖွဲ့' (Gold Team) ပါ..."
"အထူးချွန်ဆုံး အဆင့်... တိုက်ခိုက်ရေးသမား တစ်ယောက်က လူအများအပြား (တစ်ရာ၊ တစ်ထောင်) ကို ယှဉ်တိုက်နိုင်တဲ့ ဒဏ္ဍာရီလာ အဖွဲ့ကိုတော့ 'ပုံဆောင်ခဲ ကြယ်ပွင့်' (Crystal Star) ပေးအပ်ပြီး 'ပုံဆောင်ခဲ တပ်ဖွဲ့' (Crystal Team) လို့ သတ်မှတ်တယ်..."
ယဲ့ဖန်သည် သူမ၏ စကားကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် မေးခွန်းထုတ်လိုက်၏။
"ဒါဆိုရင် ကျွန်တော့်မှာ မေးစရာ အသစ်တစ်ခု ရှိလာပြီ..."
"ဘာလဲ..."
ယွီဖုန်းရှန်း နားမလည် ဖြစ်သွား၏။
ယဲ့ဖန်သည် ဒွန်ဟာဗီးယားနှင့် အဖွဲ့ကို လှည့်ကြည့်လိုက်၏။
"နေမဝင်အင်ပါယာက ဈာပန ဂိုဏ်းက... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ပါတဲ့ မီးခံသေတ္တာက ကျန်းကောကို ရောက်နေတယ်ဆိုတဲ့ သတင်း အတိအကျ ရထားတယ်ဆိုရင်... ဘာလို့ ကြေးဝါ တပ်ဖွဲ့ လောက်ကိုပဲ လွှတ်လိုက်ရတာလဲ..."
"ဒီကျမ်းစာရဲ့ တန်ဖိုးကို သူတို့ သေချာပေါက် သိနေမှာပဲ..."
"ဒါက အနည်းဆုံး ယွမ် သန်း (၂၀၀) တန်တဲ့ ပစ္စည်းလေ..."
"ဘာလို့ ပိုအင်အားကြီးတဲ့ အဖွဲ့ကို မလွှတ်လိုက်တာလဲ..."
ယဲ့ဖန် ထောက်ပြလိုက်မှ ယွီဖုန်းရှန်း သတိဝင်လာ၏။ သူမ၏ မျက်နှာထား ထူးဆန်းသွား၏။
"ရှင် ပြောမှပဲ သတိထားမိတော့တယ်... ဟုတ်သားပဲ..."
"ပုံမှန်အားဖြင့် ဆိုရင်... ဈာပန ဂိုဏ်းရဲ့ ကြေးဝါ တပ်ဖွဲ့က... သန်းဂဏန်းလောက်တန်တဲ့ ပြဿနာသေးသေးမွှားမွှားလေးတွေကိုပဲ ဖြေရှင်းဖို့ တာဝန်ယူရတာ..."
"အခုလို သန်းရာချီတန်တဲ့ စီးပွားရေးမျိုး ဆိုရင်... အနည်းဆုံး ရွှေရောင် တပ်ဖွဲ့လောက်တော့ လှုပ်ရှားသင့်တာပေါ့..."
သူမလည်း နားမလည်နိုင် ဖြစ်နေသည်ကို မြင်သောအခါ၊ ယဲ့ဖန်သည် အယ်လ် ဝီလျံဘက်သို့ လှည့်မေးလိုက်၏။
"မင်းတို့ ဂိုဏ်းက ဘာလို့ ကြေးဝါ တပ်ဖွဲ့လောက်ကိုပဲ ကျန်းကောကို လွှတ်လိုက်တာလဲ..."
"သန်း (၂၀၀) ကျော်တန်တဲ့ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းအတွက်နဲ့... ကြေးဝါ တပ်ဖွဲ့ကို လွှတ်လိုက်တယ် ဆိုတော့... မင်းတို့ ခေါင်းဆောင်က တရုတ်နိုင်ငံကို အထင်သေးနေတာလား..."
"ဒါမှမဟုတ်... ကျန်းကောက လူတွေကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေတာလား..."
အယ်လ် ဝီလျံက ယဲ့ဖန် အထင်လွဲသွားမည် စိုးသဖြင့် အလျင်အမြန် ခေါင်းခါပြီး ရှင်းပြလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ရပါဘူးဗျာ..."
"ကျွန်တော်တို့ ခေါင်းဆောင်က တရုတ်နိုင်ငံကို အမြဲတမ်း လေးစားမှု ရှိပါတယ်... ဒါကြောင့်လည်း ကျွန်တော်တို့ မထွက်ခွာခင်မှာ... ပြည်တွင်းထဲကို သေနတ်တွေ သယ်သွားနိုင်မယ့် နည်းလမ်းကို ရှာဖို့ အထူးတလည် မှာကြားခဲ့တာပါ..."
"ဒီတစ်ခေါက် တရုတ်နိုင်ငံကို ကြေးဝါ တပ်ဖွဲ့လောက်ပဲ လွှတ်လိုက်ရတာက... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ..."
"ဟော... ဟုတ်လား..."
ယဲ့ဖန် မှတ်ချက်မပေးဘဲ နားထောင်နေလိုက်၏။
အယ်လ် ဝီလျံက ဆက်ပြောလိုက်၏။
"ခင်ဗျား မသိသေးဘူး ထင်တယ်... နေမဝင်အင်ပါယာမှာ ပြဿနာကြီး တစ်ခု တက်နေတယ်..."
"အရမ်း နာမည်ကြီးတဲ့ သူဌေးကြီး တစ်ယောက်ကို ဒုက္ခသည် အုပ်စု တစ်စုက သေနတ်နဲ့ ပစ်ပြီး ဓားပြတိုက်သွားကြတယ်... မိသားစုက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေ၊ စုဆောင်းငွေတွေ အကုန်လုံး အခိုးခံလိုက်ရပြီး... နေရာအနှံ့ ပျံ့နှံ့ကုန်တယ်..."
"အဲဒီအထဲမှာ... ခင်ဗျားတို့ နိုင်ငံရဲ့ နာမည်ကြီး 'ကိုးပြည်ထောင် ဖို' တောင် ပါသွားတယ်..."
"နေမဝင်အင်ပါယာက ကုမ္ပဏီကြီးတွေ၊ ဂိုဏ်းတွေ အားလုံးနီးပါးက... အဲဒီ ပစ္စည်းတွေအပေါ်မှာ အာရုံစိုက်နေကြတယ်..."
"ဈာပန ဂိုဏ်းနဲ့ မာဖီးယား မိသားစု ရုံးခွဲလည်း မပါမဖြစ်ပေါ့... ကျွန်တော်တို့ လူတွေ အကုန်လုံးနီးပါးကို အဲဒီ ရတနာတွေရဲ့ သတင်းအချက်အလက် စုံစမ်းဖို့ စေလွှတ်ထားရတယ်..."
"ဒါကြောင့်... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' က တရုတ်နိုင်ငံ၊ ကျန်းကောကို ရောက်နေတယ် ဆိုတာ သိပေမယ့်... ခေါင်းဆောင်မှာ သုံးစရာ လူ မရှိတော့ဘူး... ဒါကြောင့် နည်းနည်း အားနေသေးတဲ့ ကျွန်တော်တို့ အဖွဲ့ကိုပဲ အရေးပေါ် ဆွဲထုတ်ပြီး စေလွှတ်လိုက်ရတာပါ..."
ယဲ့ဖန်သည် သူ့ရှင်းပြချက်ကို နားထောင်နေရင်း မျက်နှာထား မပြောင်းလဲသော်လည်း၊ ရင်ထဲတွင်တော့ လှိုင်းတံပိုးများ ထန်နေပြီ ဖြစ်လေ၏။
ကိုးပြည်ထောင် ဖို ဟုတ်လား...
သူက နေမဝင်အင်ပါယာက ဈာပန ဂိုဏ်း အကြောင်းကို စုံစမ်းချင်ရုံ သက်သက်ပါ။ ဒီလို မမျှော်လင့်ထားတဲ့ သတင်းကောင်းကြီး ရလာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ကိုးပြည်ထောင် ဖို သတင်း (၁) ခု ရရှိသွားတော့၏…။