အခန်း (၁၅၄၅-၁၅၄၇)
Vol. 79 Ch. 1545-1547
အခန်း (၁၅၄၅) - ဒီမိန်းမက တကယ် မရိုးဘူး...
~ချန်းဖေးအယ်၏ အဆိုအရ ဆိုလျှင်၊ သူသည် ဤသတင်း အချက်အလက်ကို လုံခြုံရေးအဖွဲ့ထံသို့ သတင်းပို့လိုက်ရုံဖြင့် ဆုကြေး အမြောက်အမြား ရရှိပေလိမ့်မည်။
သို့သော်၊ အရေးကြီးဆုံး အချက်ကတော့၊ ယဲ့ဖန်သည် ထိုထက် နက်ရှိုင်းသော အရာကို တွေးမိနေခြင်း ဖြစ်သည်။
လန်ရှင်းယွဲ့ ပေးထားသော သတင်းအချက်အလက်များအရ၊ သူ စိတ်ဝင်စားနေသော၊ သူ အခွင့်အရေး ရလျှင် ဆွဲထုတ်ချင်နေသော လျှို့ဝှက်ဂိုဏ်းသည်လည်း နိုင်ငံတော် အဆင့် ရတနာများကို အလွန် စိတ်ဝင်စားကြောင်း သိထားရ၏။
ထို့အပြင် ထိုလျှို့ဝှက်ဂိုဏ်းတွင် အလွန် အစွမ်းထက်သော သတင်းကွန်ရက်နှင့် ကြီးမားသော အာဏာစက်လည်း ရှိနေ၏။
သည်တစ်ခေါက် နေမဝင်အင်ပါယာမှာ 'ကိုးပြည်ထောင် ဖို' ပေါ်လာပြီ ဆိုလျှင်တော့... သူတို့လည်း သေချာပေါက် ရောက်လာကြမှာ အသေအချာပင်။
ဒါက ယဲ့ဖန်အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာနိုင်သည်။
အစီအစဉ် အဆင်ပြေသွားလျှင် အခြေအနေတွေကိုတောင် ပြောင်းပြန်လှန်ပစ်လိုက်၍ ရနိုင်သည်။ အရင်တုန်းက ရန်သူက အမှောင်ထဲမှာ၊ သူက အလင်းထဲမှာ ဖြစ်နေခဲ့သော်လည်း...
အခုတော့ ရန်သူက အလင်းထဲရောက်ပြီး၊ သူက အမှောင်ထဲမှာ ပုန်းအောင်း၍ ရသွားသည်။
သားကောင်ဘဝကနေ မုဆိုးဘဝကို ပြောင်းလဲလိုက်ခြင်းပင်။
ယဲ့ဖန်၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေ၏။ သူသည် အယ်လ် ဝီလျံကို စူးစိုက်ကြည့်လိုက်၏။
"ဒီအကြောင်း ငါ့ကို အသေးစိတ် ပြောပြစမ်း..."
"နေမဝင်အင်ပါယာက သူဌေးကြီး တစ်ယောက်ကို ဒုက္ခသည်အုပ်စုက သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်သွားတယ် ဆို... မိသားစုက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေ၊ စုဆောင်းငွေတွေ အကုန် ပါသွားတယ် ဆို... အခြေအနေ အတိအကျက ဘယ်လိုလဲ..."
အယ်လ် ဝီလျံ တုံ့ဆိုင်းမနေဘဲ ဖြေလိုက်၏။
"ကျွန်တော်တို့ နိုင်ငံမှာ အရမ်း နာမည်ကြီးတဲ့ သူဌေးကြီး မိသားစု တစ်စု ရှိတယ်..."
"သူတို့ မိသားစု ခေါင်းဆောင် ဂျယ်ရီ ဘားရိုး (Jerry Burrows) က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က စစ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်ပေါ့... စစ်ပွဲတွေကနေ သူ အကြီးအကျယ် စီးပွားဖြစ်ခဲ့တာ... တရုတ်နိုင်ငံနဲ့ တခြားဒေသတွေက ရွှေ၊ ငွေ၊ ရတနာ၊ ရှေးဟောင်းပစ္စည်းတွေကို အများကြီး လုယူခဲ့တယ်..."
"နှစ်တွေ ကြာလာတာနဲ့အမျှ... တစ်ဆွေလုံး တစ်မျိုးလုံးက အဲဒီ စုဆောင်းထားတဲ့ စည်းစိမ်တွေနဲ့ပဲ ကြီးပွားချမ်းသာလာကြတာ..."
သူပြောပြသော သမိုင်းကြောင်းသည် နေမဝင်အင်ပါယာတွင် မှတ်တမ်းတင်ထားသော သမိုင်းကြောင်း ဖြစ်နိုင်ပြီး၊ အတော်လေး လျှော့ပေါ့ပြောထားခြင်း ဖြစ်သည်။
သို့သော် ယဲ့ဖန် ကြားလိုက်ရသောအခါ ရင်ထဲတွင် မထီမဲ့မြင် ပြုလိုက်မိသည်။
တရုတ်လူမျိုးတိုင်းသည် ထို အရှက်ရဖွယ် ကောင်းလှသည့် သမိုင်းကြောင်းကို မည်သည့်အခါမျှ မေ့ပျောက်နိုင်ကြမည် မဟုတ်ချေ။
ထို သူဌေးမင်း ဂျယ်ရီ ဘားရိုး ဆိုသူမှာ... ဓားပြဗိုလ်တစ်ဦးသာ ဖြစ်ပေသည်။ တရုတ်ပြည်မှ ရတနာများကို ခိုးယူလုယက်ပြီးမှ ကြွယ်ဝချမ်းသာလာခဲ့သည့် လူစားမျိုးသာ ဖြစ်လေ၏။
အယ်လ် ဝီလျံက ဆက်ပြောပြလာသည်။
"သူတို့ မိသားစု ကြီးပွားလာပုံက အရမ်း လွယ်ကူလွန်းလို့ ထင်ပါရဲ့... ဂျယ်ရီ ဘားရိုး လက်ထက်ကတည်းက သူတို့ ဆွေစဉ်မျိုးဆက်တွေက သူဌေးသစ် စိတ်ဓာတ်တွေ ဝင်နေကြတာ... လုပ်သမျှကို အကြီးကျယ် အခမ်းနားဆုံး ဖြစ်အောင် လုပ်တတ်ကြတယ်..."
"လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ကမ္ဘာကြီး ငြိမ်းချမ်းနေတာဆိုတော့ သူတို့ ကြွားကြွားဝါဝါ နေတာ ပြဿနာ မရှိပါဘူး..."
"ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ နိုင်ငံတကာ အခြေအနေတွေ၊ နိုင်ငံတွင်း အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာတယ်လေ... အောက်ခြေလူတန်းစားတွေရဲ့ ဘဝက ပိုပိုပြီး ကျပ်တည်းလာတယ်... အဲဒီအချိန်မှာ ဘားရိုး မိသားစုက မိုးမမြင် လေမမြင် ကြွားဝါနေတာကို မြင်တော့ သူတို့ သည်းမခံနိုင်ကြတော့ဘူး..."
"ပြီးခဲ့တဲ့ အပတ်က... အောက်ခြေလူတန်းစားတွေ စုဖွဲ့ထားတဲ့ 'သူဌေးဆန့်ကျင်ရေး မဟာမိတ်' (Alliance of the Anti-Rich) ဆိုတဲ့ အစွန်းရောက် ဂိုဏ်းတစ်ခုက... သူတို့အိမ်က အစေခံတွေနဲ့ ပူးပေါင်းပြီး အိမ်ထဲကို အတင်း ဝင်စီးလိုက်ကြတယ်..."
"အစိုးရ တာဝန်ရှိသူတွေ အမြန် ရောက်လာကြပေမယ့်... ဘားရိုး မိသားစုဝင် အယောက် (၁၀) ကျော်လောက် အသတ်ခံလိုက်ရတယ်... ပြီးတော့ ဓားပြတွေက ဘားရိုး မိသားစုရဲ့ ရတနာ အများစုကို သိမ်းသွားကြတယ်..."
"သတင်းပျံ့သွားတဲ့ နေ့မှာပဲ... နေမဝင်အင်ပါယာ ခေါင်းဆောင်ပိုင်းတွေ ဒေါသအကြီးအကျယ် ထွက်သွားကြတယ်... အမြင့်ဆုံးအဆင့် ဖမ်းဝရမ်းကို ချက်ချင်း ထုတ်ပြန်လိုက်ကြတယ်... တခြား ဂိုဏ်းကြီးတွေကလည်း သွေးနံ့ရတဲ့ ငါးမန်းတွေလိုပဲ တညီတညွတ်တည်း လှုပ်ရှားလာကြတယ်..."
"ကျွန်တော် ကြားတာတော့... ဒီတစ်ခေါက် အခိုးခံလိုက်ရတဲ့ ဘားရိုး မိသားစုရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ မကဘူးတဲ့..."
"ခင်ဗျားတို့ ငွေကြေးနဲ့ တွက်မယ်ဆိုရင်... ယွမ် (၇၀) ဘီလီယံလောက် ရှိမယ်..."
"ဒါကြောင့်... နေမဝင်အင်ပါယာက နယ်ပယ်အသီးသီးက သတင်းအချက်အလက်သမားတွေ ရူးမတတ် ဖြစ်ကုန်ကြတာ... 'သူဌေးဆန့်ကျင်ရေး မဟာမိတ်' အဖွဲ့ဝင်တွေရဲ့ ခြေရာတွေနဲ့... ပျံ့နှံ့သွားတဲ့ ရတနာတွေကို အသည်းအသန် လိုက်ရှာနေကြတယ်..."
ယဲ့ဖန် တိတ်ဆိတ်စွာ နားထောင်နေလိုက်၏။
ထိုလူ သိသမျှ အချက်အလက်များကို ပြောပြပြီးနောက်၊ ယဲ့ဖန် သိချင်သော မေးခွန်းအချို့ကို မေးပြီးသည့်အခါ၊ သူသည် ယွီဖုန်းရှန်းဘက်သို့ လှည့်ကြည့်လိုက်၏။
ယွီဖုန်းရှန်း သဘောပေါက်လိုက်၏။
"မေးလို့ ပြီးပြီလား..."
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"သတင်းအချက်အလက် ပမာဏက နည်းနည်း များလွန်းနေတယ်... ကျွန်တော် မျှော်မှန်းထားတာထက် ပိုရလိုက်တယ်..."
ယွီဖုန်းရှန်း တစ်စုံတစ်ရာကို သတိထားမိသွားပုံ ရသည်။ ခဏမျှ စဉ်းစားပြီးနောက် သူမ ရုတ်တရက် မေးလိုက်၏။
"ရှင်က ဘားရိုး မိသားစုရဲ့ ပျောက်ဆုံးသွားတဲ့ ရတနာတွေကို စိတ်ဝင်စားနေတာလား..."
‘ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆောင် ပီသပါပေတယ်။ လူကဲခတ် တော်လိုက်တာ။’
ယဲ့ဖန် စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။
သူ မေးခွန်းနည်းနည်း ပိုမေးလိုက်ရုံနှင့် သူမက သူ စိတ်ဝင်စားနေမှန်း ရိပ်မိသွားသည်ပင်။
ယွီဖုန်းရှန်း၏ အတိတ်ကို ပြန်တွေးမိလိုက်သဖြင့် ယဲ့ဖန် သိပ်အများကြီး ဖုံးကွယ်မထားတော့ပေ။
"အကြောင်းရင်း အတိအကျကို ရှင်းပြရရင်တော့ ရှုပ်ထွေးတယ်... ဒါပေမဲ့ ကျွန်တော်က လက်ရှိ နေမဝင်အင်ပါယာရဲ့ အခြေအနေကို စိတ်ဝင်စားနေတာတော့ အမှန်ပဲ..."
"ဒါဆိုရင် ကျွန်မတို့ နေမဝင်အင်ပါယာမှာ ပြန်ဆုံကောင်း ဆုံနိုင်တာပေါ့..."
ယွီဖုန်းရှန်း ပြောရင်း ပြုံးလိုက်၏။
"အဲဒီအချိန်ကျရင်... ကျွန်မက မစ္စတာယဲ့ရဲ့ အကူအညီကိုတောင် လိုအပ်လာနိုင်သေးတယ်..."
ယဲ့ဖန် ချက်ချင်း ပြန်မပြောဘဲ သူမ ဆက်ပြောမည့် စကားကို စောင့်နေလိုက်၏။
သူ မေးစရာ မလိုဘဲ ယွီဖုန်းရှန်း ကိုယ်တိုင် ဆက်ပြောလာ၏။
"ဈာပန ဂိုဏ်းရဲ့ လုပ်ရပ်တွေကို ကျွန်မ ဘယ်တော့မှ မမေ့ဘူး..."
"ဒီနှစ်တွေတစ်လျှောက်လုံး... ကျွန်မ နေရာအနှံ့က ကျွမ်းကျင်သူတွေကို လိုက်ရှာပြီး မိတ်ဆွေဖွဲ့တယ်... သိုင်းကျမ်းစာအုပ်တွေ စုဆောင်းတယ်... ကိုယ့်ကိုယ်ကို သန်မာအောင် လုပ်တယ်... အားလုံးက တစ်နေ့ကျရင် နေမဝင်အင်ပါယာကို ပြန်သွားပြီး အတိတ်က သွေးကြွေးကို ပြန်ဆပ်ဖို့အတွက်ပဲ..."
"အခုဆိုရင် ကျွန်မက ကျန်းကောရဲ့ ထိပ်ဆုံးနေရာကို ရောက်နေပြီ... ကျွန်မ လက်အောက်မှာ အစွမ်းထက်တဲ့ လူတွေ ပိုပိုများလာပြီ... ကျွန်မကိုယ်တိုင် နည်းနည်းလောက် ထပ်ပြီး သန်မာလာရင်... အားလုံး အဆင်သင့် ဖြစ်ပြီလို့ ပြောလို့ ရတယ်..."
ယဲ့ဖန်၏ မျက်နှာထား ထူးဆန်းသွား၏။
အရင်တုန်းက သူ တွေးမိဖူးသည်။ ယွီဖုန်းရှန်းလို လက်ရုံးတွေ မရှားပါးသည့် မိန်းမ တစ်ယောက်က ဘာဖြစ်လို့ သိုင်းကျမ်းတွေကို စိတ်ဝင်စားနေရတာလဲ ဆိုသည်ကိုပေါ့။
ယခုမှ အဖြေပေါ်သွား၏။
စကားမစပ်... အရင်တုန်းက သူ ယွီဖုန်းရှန်းနှင့် ခဏလောက် ထိပ်တိုက်တွေ့ဖူးသော်လည်း၊ သူမရဲ့ စွမ်းရည် ဘယ်လောက်ရှိလဲ ဆိုတာကိုတော့ သတိမထားမိခဲ့ပါ။
သူ မေးမည်ပြင်နေစဉ်မှာပင်...
ဘေးနားတွင် ရပ်နေသော လိုက်ကျီချန်းက အံ့သြတကြီး ဝင်ပြောလိုက်၏။
"သူဌေး... သူဌေးက ဒီလောက် သန်မာနေတာတောင် ထပ်ပြီး သန်မာချင်နေသေးတာလား..."
"ကျွန်တော် သိသလောက် လူတွေထဲမှာ... မစ္စတာယဲ့ကလွဲရင် ဘယ်သူမှ သူဌေးကို ယှဉ်နိုင်မယ် မထင်ဘူး..."
"သိုင်းပညာတင် မဟုတ်ဘူး... သူဌေးရဲ့ ကားမောင်းကျွမ်းကျင်မှု၊ သေနတ်ပစ်စွမ်းရည်၊ လုပ်ကြံသတ်ဖြတ်မှု၊ ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေက... နှစ်ပေါင်းများစွာ ရူးသွပ်မတတ် လေ့ကျင့်ခဲ့လို့ ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီလေ..."
"ကျွန်တော် သိတဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတွေတောင် သူဌေးလောက် မစွမ်းဘူး... ဒါကို မလောက်သေးဘူးလို့ ထင်နေတုန်းလား..."
ယွီဖုန်းရှန်း ခေါင်းခါလိုက်၏။
"ဈာပန ဂိုဏ်းကို လျှော့တွက်လို့ မရဘူး..."
"သူတို့ရဲ့ ကြေးဝါ တပ်ဖွဲ့၊ ရွှေရောင် တပ်ဖွဲ့နဲ့ ပုံဆောင်ခဲ တပ်ဖွဲ့တွေကို အထင်မသေးနဲ့... အားလုံးက ကျွမ်းကျင်သူတွေချည်းပဲ..."
"အထူးသဖြင့် ရွှေရောင် တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ပုံဆောင်ခဲ တပ်ဖွဲ့ ခေါင်းဆောင်တွေဆိုရင်... ပိုလို့တောင် ခန့်မှန်းရခက်သေးတယ်..."
"ကိုယ်က အားမကောင်းဘဲနဲ့ စွတ်တိုက်မယ်ဆိုရင်... ကျားသေနတ် ဖြစ်သွားလိမ့်မယ်..."
ယဲ့ဖန် ဘာမှ ဝင်မပြောသော်လည်း လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့၏ စကားဝိုင်းကို နားထောင်ရင်း အံ့သြသွားမိသည်။
‘ကျန်းကော မြေအောက်လောကရဲ့ ဘုရင်မက တကယ် မရိုးဘူးပဲ။
ပုံမှန်ဆို သူမက စွမ်းရည်ကို ထုတ်မပြတတ်ပေမယ့်... တကယ်တမ်းကျတော့ ဒီလောက်ထိ သန်မာနေတာကိုး။
လိုက်ကျီချန်းလို ခေါင်းမာပြီး သန်မာတဲ့ လူမိုက်တွေကို ငြိမ်ကုပ်နေအောင် ထိန်းထားနိုင်တာ မဆန်းတော့ပါဘူးလေ။’
ဇာမဏီသုံးကောင်ဂိုဏ်း၏ စစ်ကူများ ရောက်လာတော့မည် ဖြစ်သဖြင့် ယဲ့ဖန်လည်း သူသိချင်သော သတင်းအချက်အလက်များ ထပ်ရနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်၏။
ထို့ကြောင့် ယွီဖုန်းရှန်းကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ချန်းဖေးအယ် ထံသို့ ဖုန်းခေါ်လိုက်လေသည်။
အခန်း (၁၅၄၆) - ခင်ဗျားရဲ့ တန်ခိုးစွမ်းအားတွေကို ပြန်ရုပ်သိမ်းလိုက်ပါတော့...
~ကြည့်ရတာ ချန်းဖေးအယ် သိပ်အလုပ်မရှုပ်ဘူး ထင်သည်။ ဖုန်းမြည်ပြီး တစ်စက္ကန့်အတွင်းမှာပင် ကိုင်လိုက်၏။
သူမ၏ လေသံထဲတွင် စနောက်လိုသော အရိပ်အယောင်များ ပါဝင်နေ၏။
"အထူးကျွမ်းကျင်သူ ယဲ့... ပြောပါဦး... ဒီတစ်ခေါက် ဘာအမိန့်ပေးစရာ ရှိလို့လဲ..."
ယဲ့ဖန် မျက်နှာရဲသွား၏။
"ခေါင်းဆောင်ကလည်း ဘာတွေ ပြောနေတာလဲ..."
"ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ် အမိန့်ပေးရဲမှာလဲဗျာ..."
"သတင်းပို့တယ်လို့ သုံးရမှာပါ..."
"ကဲပါ... ဖားမနေပါနဲ့တော့..."
ချန်းဖေးအယ် စကားမပြောနိုင်တော့ပေ။
"ရှင့်ရဲ့ အကွက်တွေကို ကျွန်မ နားမလည်တာ ကျနေတာပဲ..."
"ဒါ့အပြင် ကျွန်မ အရင်ကတည်းက ပြောဖူးတယ်လေ... ရှင်က လုံခြုံရေးအဖွဲ့ရဲ့ အထူးငှားရမ်းထားတဲ့ ကျွမ်းကျင်သူပါလို့... ပြီးတော့ ရှင်က စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ရယူထားတာ..."
"လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ပိုင်းတွေတောင် ရှင့်ကို လေးစားရသေးတာ... ဘယ်သူက ရှင့်ကို အမိန့်ပေးရဲမှာလဲ..."
"လိုချင်တာရှိရင် ပြောသာပြောပါ..."
ယဲ့ဖန်သည် အရင်က အမှားများကို သင်ခန်းစာ ယူထားပြီး ဖြစ်သည်။ ထို့ကြောင့် ကိုးပြည်ထောင် ဖို သတင်းရထားသည်ဟု တန်းမပြောသေးဘဲ စကားလမ်းကြောင်း ခင်းလိုက်၏။
"ခေါင်းဆောင်... အရင်တုန်းက ခင်ဗျား ပြောဖူးတယ်လေ... ကိုးပြည်ထောင် ဖို သတင်းရရင် ဆုကြေး ယွမ်သန်းဆယ်ချီ ရမယ်ဆိုတာ... အဲဒါ အခုထိ အကျုံးဝင်သေးလား..."
"ဝင်တာပေါ့..."
ချန်းဖေးအယ်သည် ထိုကိစ္စကို ကြားလိုက်ရသောအခါ ချက်ချင်း တည်ငြိမ်လေးနက်သွား၏။
"ဒါက နိုင်ငံတော်အဆင့် ရတနာလေ..."
"လုံခြုံရေးအဖွဲ့တင် မဟုတ်ဘူး... အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေတောင် ဒီကိစ္စကို အာရုံစိုက်နေကြတာ..."
"ရှင် ကိုးပြည်ထောင် ဖို သတင်း အသစ်ရထားလို့လား..."
ယဲ့ဖန် တိုက်ရိုက် မဖြေသေးဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဒီည ကျွန်တော် စိတ်ပြေလက်ပျောက် လျှောက်သွားရင်းနဲ့... blind box တစ်လုံးကို အပျော်သဘော ဝယ်လိုက်တာ... မထင်မှတ်ဘဲ အထဲကနေ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ဆိုတဲ့ စာအုပ်တစ်အုပ် ရလိုက်တယ်..."
"ရှင် ကျွန်မကို လာနောက်နေတာလား..."
ဖုန်းတစ်ဖက်ခြမ်းမှ ချန်းဖေးအယ်သည် ဇဝေဇဝါ ဖြစ်သွားပုံရသည်။
"အပျော်သဘော ဝယ်လိုက်တာနဲ့ ရတနာ ရသွားတယ် ဟုတ်လား... ဒီလို စကားမျိုး လျှောက်ပြောရင် အပြင်မှာ အရိုက်ခံရတတ်တယ်နော်..."
"ပြီးတော့... အဲဒါက ကျွန်မ မေးခွန်းနဲ့ ဘာဆိုင်လို့လဲ..."
ယဲ့ဖန်သည် သူမ၏ ပထမဝါကျကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။
"စိတ်မလောပါနဲ့... ကျွန်တော် ပြောတာကို ဆုံးအောင် နားထောင်ပါဦး..."
"အင်းပါ... ပြောပါ... နားထောင်နေပါတယ်..."
ချန်းဖေးအယ် ပါးစပ်ပိတ်ပြီး နားထောင်နေလိုက်၏။
ယဲ့ဖန်က ဇာတ်လမ်း ဆက်ဆင်လိုက်၏။
"'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို ပွဲခင်းထဲက ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူ အဘိုးအိုတစ်ယောက်က အစစ်ဖြစ်ကြောင်း အတည်ပြုပေးလိုက်တယ်... သူက အံ့သြတကြီးနဲ့ ပြောတယ်... ဒီပစ္စည်းက အနည်းဆုံး သန်း (၂၀၀) တန်တယ်တဲ့..."
"အဲဒီနောက်မှာ... ကျွန်တော်က နိုင်ငံခြားသား တစ်အုပ်စုရဲ့ ပစ်မှတ်ထားခြင်း ခံလိုက်ရတယ်..."
"အပြန်လမ်းမှာ... သူတို့ ကျွန်တော့်ဆီကနေ ဝင်လုကြတယ်..."
"ဒါဆို သူတို့ရဲ့ ဇာတ်သိမ်းက သေချာပေါက် သနားစရာ ကောင်းသွားမှာပေါ့..."
ချန်းဖေးအယ် ဝင်ထောက်လိုက်၏။
"သူတို့မှာ သေနတ်တွေ ပါတယ်..."
ယဲ့ဖန် ပြောရင်းဆိုရင်းနှင့် သူ မည်မျှ အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ခဲ့ရပုံ၊ ထိုဓားပြများကို နှိမ်နင်းရာတွင် မည်မျှ ခက်ခဲခဲ့ပုံများကို ပုံကြီးချဲ့ ပြောပြလိုက်၏။
ပြီးမှ သူ ဆက်ပြောလိုက်၏။
"အဲဒီ ဓားပြတွေကို နှိမ်နင်းပြီးတော့မှ... သူတို့ဆီကနေ မထင်မှတ်ထားတဲ့ သတင်းတစ်ခု ရလိုက်တယ်ဗျ..."
"နေမဝင်အင်ပါယာမှာ... ကိုးပြည်ထောင် ဖို အသစ်တစ်လုံး ထပ်ပေါ်လာတယ်တဲ့..."
"တကယ်လား... သတင်းက သေချာရဲ့လား..."
ချန်းဖေးအယ်၏ လေသံမှာ သိသိသာသာ စိတ်လှုပ်ရှားသွား၏။
ယဲ့ဖန် ခေါင်းခါလိုက်၏။
"ကျွန်တော်တို့ ဒီလောက် ရင်းနှီးနေတာတောင်... ခင်ဗျား ကျွန်တော့်ကို မယုံသေးဘူးလား..."
"လုံးဝ (၁၀၀) ရာခိုင်နှုန်း သေချာတယ်..."
ဖုန်းတစ်ဖက်ခြမ်းမှ ချန်းဖေးအယ် ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်၏။
"အရင်တုန်းကတော့ ကျွန်မ ရှင့်ကို ယုံပါတယ်..."
"ဒါပေမဲ့ ရန်ကျိုး ဖိုကို လုယူခဲ့တဲ့ ဇာတ်လမ်းက အရမ်းကို ဖြစ်နိုင်ချေ မရှိလွန်းဘူး... ရှင်က ကျွန်မကို ဗြောင်လိမ်နေတာလေ..."
"အဲဒါကြောင့်... အခု တစ်ခါ ထပ်ပြောပြန်တော့... ကျွန်မ စိတ်ထဲမှာ အလိုလို သံသယ ဝင်လာမိတယ်..."
"ခင်ဗျား ကျွန်တော့် နှလုံးသားကို နာကျင်အောင် လုပ်လိုက်တာပဲ..."
ယဲ့ဖန် ချက်ချင်းပင် ဝမ်းနည်းပက်လက် လေသံဖြင့် ပြောလိုက်၏။
"ကျွန်တော် ယဲ့ဖန်က ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ ရိုးသားဖြောင့်မတ်တဲ့ လူငယ်လေးအဖြစ် နာမည်ကြီးတာနော်... အဲဒါကို ခင်ဗျားက ကျွန်တော် ဇာတ်လမ်းဆင်ပြီး လိမ်တယ်လို့ စွပ်စွဲရက်တယ်..."
"ကျွန်တော်ကတော့ ခင်ဗျားကို သဘောထားကြီးတဲ့ ခေါင်းဆောင်၊ ယုံကြည်ရတဲ့ မိတ်ဖက်၊ ကျောချင်းကပ် တိုက်ပွဲဝင်နိုင်တဲ့ ရဲဘော်ရဲဘက်၊ ပြီးတော့ နှစ်ပေါင်းများစွာ အတူအိပ်... အဲ... အတူလက်တွဲလာတဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်လို့ သဘောထားခဲ့တာနော်..."
"ခစ်ခစ်..."
ချန်းဖေးအယ် အောင့်မထားနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
"တော်ပါတော့... တော်ပါတော့..."
"ရှင့်ရဲ့ တန်ခိုးစွမ်းအားတွေကို ပြန်ရုပ်သိမ်းလိုက်ပါတော့..."
"ဒီအတိုင်း ဆက်သွားရင်... ကျွန်မက အမှားအမှန် မခွဲခြားတတ်တဲ့၊ သစ္စာမရှိတဲ့၊ ယုံကြည်လို့ မရတဲ့၊ ကျေးဇူးကန်းတဲ့ မိန်းမယုတ်ကြီး ဖြစ်သွားတော့မယ်..."
"ရှင် ဒီစကားလုံးတွေကို ဘယ်ကများ သင်လာလဲ မသိဘူး... ကျွန်မ ယုံပါ့မယ်... ဟုတ်ပြီလား..."
ယဲ့ဖန် လက်မလျော့သေးပေ။
"ယုံရုံနဲ့ မရဘူးလေ... ကျွန်တော့် နှလုံးသားက ခင်ဗျားကြောင့် ဒဏ်ရာရသွားပြီ..."
"ကျွန်မ အခုချက်ချင်း ကျန်းကောကို လာပြီး ရန်ကျိုး ဖိုကို လက်ခံလိုက်မယ်... ပြီးတော့ နေမဝင်အင်ပါယာမှာ ပေါ်နေတဲ့ ကိုးပြည်ထောင် ဖို အကြောင်း အသေးစိတ် မေးမယ်... သတင်းအချက်အလက်သာ မှန်ကန်တယ်ဆိုရင်... ရှင့်အတွက် ဆုကြေး ပိုရအောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်... ဟုတ်ပြီလား..."
ချန်းဖေးအယ်သည် ယဲ့ဖန်၏ စိတ်ဓာတ်ကို ကောင်းကောင်း နားလည်သဖြင့် လက်လျော့လိုက်ရသည်။
"အနည်းဆုံး ယွမ် (၁၀) သန်း ပိုရအောင် လုပ်ပေးမယ်လို့ အာမခံပါတယ်..."
"အဲဒါမှ ပေါ့..."
ထိုအခါမှ ယဲ့ဖန် ပုံမှန် ပြန်ဖြစ်သွားတော့၏။
ချန်းဖေးအယ်နှင့် ဖုန်းပြောပြီးနောက် သူသည် ကားပေါ်တက်ကာ ဂိုဒေါင်သို့ ပြန်မောင်းလာခဲ့လိုက်၏။
လင်းချန်ချန်နှင့် ချန်းချုံရှန်းတို့ ရတနာများ သယ်ယူရန် ရောက်လာမည် ဖြစ်သော်လည်း၊ ဖူမာကျန်းဝူက တာဝန်ယူ စီမံခန့်ခွဲပေးမည် ဖြစ်သည်။
သို့သော် အဝေးကြီးကနေ လာရတဲ့ မိတ်ဆွေဟောင်း နှစ်ယောက်ကို မျက်နှာလေးတောင် မပြရင် သိပ်မကောင်းဘူး မဟုတ်လား။
ဂိုဒေါင်သို့ ပြန်လာစဉ် လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်ဟောင်း တစ်ဆိုင်မှ ဒုန်ဖိုဝက်သားပေါင်း (Dongpo Pork)၊ ရှာလကာရည် ငါးဟင်း (West Lake Vinegar Fish)၊ သူတောင်းစားကြက်ကင် (Beggar's Chicken)၊ လုံကျင်း ပုဇွန်ဟင်း (Longjing Shrimp) စသည့် ဒေသထွက် အစားအစာများကို ပါဆယ် ဆွဲလာခဲ့သေးသည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ၊ ဂိုဒေါင်ရှေ့သို့ ရောက်သောအခါ လင်းချန်ချန်နှင့် ချန်းချုံရှန်းကို မတွေ့ရဘဲ၊ မျက်နှာမကောင်း ဖြစ်နေသော ဖုန်းရှောက်ခွန် ကိုသာ တွေ့လိုက်ရခြင်း ဖြစ်သည်။
"ဘာဖြစ်တာလဲ..."
ယဲ့ဖန်သည် ဖုန်းရှောက်ခွန်ကို တန်းမမေးဘဲ၊ ဂိုဒေါင်စောင့်နေသော ဖူမာကျန်းဝူကို လှမ်းကြည့်လိုက်၏။
ဖူမာကျန်းဝူ အနည်းငယ် ပျာယာခတ်သွား၏။
“သခင့်ကို သတင်းပို့မလို့ပါပဲ…”
"ရာသီဥတု ရုတ်တရက် ဆိုးရွားလာလို့... ကျန်းကောကို ဆင်းမယ့် လေယာဉ်တွေ အကုန်လုံး ကမ်းရိုးတန်းနဲ့ ဝေးတဲ့ မြို့တွေကို လမ်းကြောင်း ပြောင်းသွားကြတယ်..."
"မမလင်း နဲ့ မစ္စတာချန်း တို့ လေယာဉ်လည်း လမ်းတစ်ဝက်မှာ လမ်းကြောင်းပြောင်းပြီး ကုန်းတွင်းပိုင်းက ကျင်းလင်မှာ သွားဆင်းလိုက်ရတယ်..."
"လေယာဉ်ပေါ်မှာတုန်းက သူတို့ ဆက်သွယ်လို့ မရဘူး... လေယာဉ်ဆင်းမှ ကျွန်မဆီ သတင်းရောက်လာတာ..."
"ဪ... အဲဒီလိုလား..."
ရာသီဥတု အခြေအနေကြောင့် လင်းချန်ချန်နှင့် ချန်းချုံရှန်းတို့ အချိန်မီ မရောက်နိုင်ခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယဲ့ဖန် အပြစ်မတင်တော့ပေ။ သူ ခေါင်းခါလိုက်၏။
"ဒါဆို သူတို့ စားရကံ မပါဘူးပေါ့..."
"ငါ လမ်းမှာ ဝယ်လာတဲ့ အစားအသောက် ကောင်းတွေ အကုန်လုံး... ငါတို့ (၃) ယောက်ပဲ စားကြတာပေါ့..."
ပြောပြောဆိုဆိုနှင့် သူသည် ဖူမာကျန်းဝူ၏ ခေါင်းကို ပုတ်လိုက်ပြီး စားပွဲနှင့် ကုလားထိုင်များ ပြင်ဆင်ရန် အချက်ပြလိုက်၏။
တစ်ချိန်တည်းမှာပင် လက်ထဲမှ အစားအသောက်များကို သူမလက်ထဲ ထည့်ပေးလိုက်၏။
ထို့နောက် ဖုန်းရှောက်ခွန် ဘက်သို့ လှည့်လိုက်၏။
"ခင်ဗျားဘက်က ဘာအခြေအနေလဲ..."
"ဘာလို့ သန်းခေါင်ယံကြီး ဘာမှ ကြိုမပြောဘဲ ရောက်လာရတာလဲ..."
ဖုန်းရှောက်ခွန် မျက်နှာတွင် အားနာစိတ်များ အထင်းသား ပေါ်လွင်နေ၏။ သူ ခဏမျှ တွန့်ဆုတ်ပြီးမှ ပြောလိုက်၏။
"တကယ်တော့... ကျွန်တော်လည်း မလာချင်ပါဘူးဗျာ..."
"ဒါပေမဲ့ အဖေက အထူးတလည် မှာလိုက်လို့ပါ... ကျွန်တော့်ကို လူကိုယ်တိုင် လာပြီး မစ္စတာယဲ့ကို အခြေအနေ ရှင်းပြခိုင်းလိုက်လို့..."
"မတတ်သာလို့ သန်းခေါင်ယံကြီး လာနှောင့်ယှက်ရတာပါ..."
"ခင်ဗျားအဖေ..."
ယဲ့ဖန် အဓိက အချက်ကို ဖမ်းမိလိုက်၏။
“သူက ခင်ဗျားကို လွှတ်လိုက်တာလား…”
အခန်း (၁၅၄၇) - ဒီလူက တကယ်ကြီး ဆရာကြီး ဖြစ်နေတာလား...
~ဖုန်းရှောက်ခွန်၏ ဖခင်ကို လူချင်း မမြင်ဖူးသော်လည်း၊ ယဲ့ဖန်သည် ကျန်းကောတွင် နေထိုင်စဉ်အတွင်း ဖုန်းမိသားစု၏ အာဏာနှင့် သြဇာကြီးမားပုံကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရဖူးသည်။
ဖုန်းမိသားစုသည် ကျန်းကော၏ အထွတ်အထိပ်တွင် ရပ်တည်နေသည်ဟု ပြောလျှင် လွန်မည် မထင်ပေ။
ဖုန်းရှောက်ခွန်၏ ဖခင် ဖုန်းကျိန်းယွမ် ဆိုလျှင် ဖုန်းမိသားစု၏ ကျောရိုး ဖြစ်သလို၊ ကျန်းကော စစ်ဒေသ၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်သည်။ သူ့အာဏာနှင့် ဂုဏ်သိက္ခာက ပို၍ပင် ထင်ရှားပေလိမ့်မည်။
ထို လူကြီးက အခုချိန်မှာ ဖုန်းရှောက်ခွန်ကို လွှတ်ပြီး သူ့ကို လာတွေ့ခိုင်းသည်တဲ့။ ပြီးတော့ ကိုယ်တိုင် ရှင်းပြခိုင်းလိုက်သေးသည်။
"မင်းအဖေက ဘာများ မှာလိုက်လို့လဲ..."
ဖုန်းရှောက်ခွန် ခေါင်းကုတ်လိုက်၏။
"ထွေထွေထူးထူးတော့ မရှိပါဘူး... ကျွန်တော်တို့အိမ်မှာ ထမင်းလာစားဖို့ ဖိတ်ခိုင်းလိုက်တာပါ..."
"ထမင်းစားမယ်..."
ယဲ့ဖန် သူ့ကို အကဲခတ်လိုက်၏။
"ဒါဆို မင်းမျက်နှာက ဘာလို့ မကောင်းရတာလဲ..."
"အဖေက ရိုးရိုးသားသား ဖိတ်တာ မဟုတ်ဘူးလို့ သံသယ ဝင်နေမိလို့ပါ..."
ဖုန်းရှောက်ခွန် ခေါင်းထပ်ကုတ်လိုက်ပြန်သည်။ မျက်နှာတွင် အားနာရိပ်များ ယှက်သန်းနေ၏။
"လွန်ခဲ့တဲ့ (၂) ညက ကျွန်တော် စနိုက်ပါတွေ လွှတ်လိုက်တဲ့ ကိစ္စကို သူ သိသွားပုံရတယ်..."
"အဖေက အမှန်တရားကို မြတ်နိုးတယ်၊ ကျေးဇူးသိတတ်တယ် ဆိုပေမယ့်... စည်းကမ်းတော့ အရမ်းကြီးတယ်..."
"ကျွန်တော်က တိတ်တဆိတ် စနိုက်ပါတွေ လွှတ်လိုက်တာကို သူ သည်းခံနိုင်မှာ မဟုတ်ဘူးဗျ..."
"အော်..ဒါကြောင့်... ဒါကြောင့်..."
ယဲ့ဖန် သဘောပေါက်သွား၏။
"ဆိုတော့... မင်း ဆိုလိုတာက... မင်းအဖေက အခြေအနေမှန်ကို ရိပ်မိနေပြီး... ငါ့ကို ထမင်းကျွေးမယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ ပြဿနာရှာမှာကို စိုးရိမ်နေတာပေါ့..."
ထိုအခါ၊ ယဲ့ဖန်စကားကို ဖုန်းရှောက်ခွန် အားနာစွာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
တစ်ဖက်က သူ့အဖေ၊ တစ်ဖက်က သူ့ဆရာ။ သူ ဘာပြောပြော ကောင်းမည် မဟုတ်ပေ။
ယဲ့ဖန် ဂရုမစိုက်ပေ။
"ငါက ဘာများလဲလို့... အဲဒါလေးလား..."
ဖုန်းရှောက်ခွန် အံ့သြသွား၏။
"ဆရာ... ကျွန်တော့်အဖေက ကိုင်တွယ်ရ လွယ်တာ မဟုတ်ဘူးနော်..."
"သူ့ကို ‘’ကျန်းကောရဲ့ လီယွမ်လုံ’လို့တောင် တင်စားခေါ်ဝေါ်ကြတာ... ကျန်းကောက အဆိုးဆုံး လူမိုက်တွေတောင် သူ့ကို မြင်ရင် ယမမင်းကို မြင်တဲ့ ကလေးတွေလို ငြိမ်ကုပ်သွားကြတာ..."
[ဒီနေရာမှာ သုံးနှုန်းထားတဲ့ 'လီယွမ်လုံ' (Li Yunlong) ဆိုတာက တရုတ်ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားတဲ့ ဇာတ်ကောင်တစ်ခုကို ရည်ညွှန်းထားတာဗျ။
"လီယွမ်လုံ ဆိုတာက တရုတ်စစ်ကား ဇာတ်လမ်းတွဲဟောင်း 'Drawing Sword' (Liang Jian) ထဲက ဇာတ်လိုက် စစ်ဗိုလ်ချုပ်ကြီးရဲ့ နာမည်ပါ။
ဒီဇာတ်ကောင်က ဘာလို့ နာမည်ကြီးလဲဆိုတော့... သူက သာမန် စစ်ဗိုလ်ချုပ်တွေလို တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံမျိုး မဟုတ်ဘူးဗျ။ သူက ပညာသိပ်မတတ်ဘူး၊ စကားပြောရင် ရိုင်းပျပျ ပြောတတ်တယ်၊ စည်းကမ်းဖောက်ဖျက်ဖို့ ဝန်မလေးဘူး၊ ဒေါသလည်း အရမ်းကြီးတယ်။ ဒါပေမဲ့ စစ်တိုက်တဲ့နေရာမှာတော့ ဘယ်သူမှ ယှဉ်လို့မရအောင် ရက်စက်ပြတ်သားပြီး ရန်သူကို အသေအကြေ ချေမှုန်းတတ်တဲ့ 'စစ်ဘုရင်' ပုံစံမျိုးပေါ့။
ဒါကြောင့် ဖုန်းရှောက်ခွန်းရဲ့ အဖေကို 'ကျန်းနယ်မြေရဲ့ လီယွမ်လုံ' လို့ တင်စားလိုက်တာက... သူ့အဖေဟာ ဒီနယ်ပယ်မှာတော့ အာဏာအရှိဆုံး၊ အကြမ်းတမ်းဆုံးနဲ့ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားတတ်တဲ့ 'ဗိုလ်ချုပ်ကြီး / အာဏာရှင်' တစ်ယောက် ဖြစ်တယ်ဆိုတဲ့ သဘောကို သက်ရောက်စေတာပါ။ လူမိုက်တွေတောင် သူ့ကိုမြင်ရင် ကြောက်ဒူးတုန်ရတယ် ဆိုတာ အဲဒါကြောင့်ပေါ့ဗျာ။”]
"ဆရာ... ပေါ့ပေါ့ဆဆ မတွေးပါနဲ့..."
ယဲ့ဖန် လက်ကာပြလိုက်၏။
"စိတ်မပူပါနဲ့..."
"မင်းဆရာက မနိုင်မယ့် စစ်ပွဲကို တိုက်တာ မြင်ဖူးလို့လား..."
"အချိန်သာ ပြော... မင်းအဖေက ဘယ်တော့ စားချင်တာလဲ..."
ဖုန်းရှောက်ခွန်လည်း ဟုတ်နိုးနိုး ဖြစ်သွား၏။ ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"မနက်ဖြန် နေ့လည် (၁၁) နာရီခွဲ... ကျွန်တော်တို့ အိမ်မှာပါ..."
"လိပ်စာက ကျန်းကော စစ်ဒေသ၊ စစ်ဒေသ ဝင်း၊ အမှတ် A01..."
"မနက်ဖြန် ကျန်းကော စစ်ဒေသ ဂိတ်ဝ ရောက်ရင် ဖုန်းဆက်လိုက်ပါ... ကျွန်တော် လာကြိုပါ့မယ်..."
ယဲ့ဖန်က OK ဟု လက်ဟန် လုပ်ပြလိုက်၏။
"ငါ လမ်းမှာ ညစာ ဝယ်လာတယ်... အတူတူ စားမလား..."
ဖုန်းရှောက်ခွန် လက်ကာပြလိုက်၏။
"ကျေးဇူးပါ ဆရာ... မစားတော့ပါဘူး..."
"အဖေက ကျွန်တော့် သတင်းပို့တာကို စောင့်နေတာဗျ..."
"နောက်ကျမှ ပြန်ရောက်ရင် အဆူခံရလိမ့်မယ်..."
ယဲ့ဖန် သူ့ကို ဆွဲမထားတော့ပေ။ လမ်းမှာ ဂရုစိုက်ဖို့ မှာကြားပြီးနောက် လက်ပြနှုတ်ဆက်ကာ ဂိုဒေါင်ထဲသို့ ဝင်သွားလိုက်၏။
***
နောက်တစ်နေ့ နံနက် (၁၁) နာရီ။
ယဲ့ဖန်သည် သပ်ရပ်သော ဝတ်စုံတစ်စုံကို ဝတ်ဆင်ပြီး ကျန်းကော စစ်ဒေသသို့ ထွက်ခွာလာခဲ့လေသည်။
ဘာပဲဖြစ်ဖြစ် ကျန်းကော စစ်ဒေသက လူကြီးတစ်ယောက်ကို သွားတွေ့ရမှာလေ။
ထို့အပြင် ယဲ့ဖန်သည် မနေ့ညက ဖုန်းကျိန်းယွမ်အကြောင်း စုံစမ်းကြည့်ခဲ့သေးသည်။
ထိုလူကြီးသည် လေးစားထိုက်သူ တစ်ဦး ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။
ကျန်းကော စစ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဖုန်းကျိန်းယွမ်သည် ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခဲ့ရုံသာမက၊ နာမည်ကောင်းလည်း ရရှိထားသူ ဖြစ်သည်။
တစ်ခုတည်းသော ဝေဖန်ခံရသည့် အချက်မှာ သူ့သား ဖုန်းရှောက်ခွန်ပင် ဖြစ်သည်။ သားဖြစ်သူက အနည်းငယ် ဆော့ကစားပြီး မောက်မာသည် ဆိုသည့် အချက်လေး တစ်ခုသာ ရှိသည်။
ထို့ကြောင့် လေးစားသောအားဖြင့် ယဲ့ဖန်သည် သပ်ရပ်စွာ ဝတ်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ကျန်းကောသို့ ရောက်ခါနီးတွင် ဖုန်းရှောက်ခွန်ကို ဖုန်းဆက် အကြောင်းကြားလိုက်၏။
ဖုန်းရှောက်ခွန်ကတော့ ထုံးစံအတိုင်း အလုပ်မြန်သည်။ ဖုန်းချပြီးသည်နှင့် စစ်ဒေသ ဂိတ်ပေါက်ဝတွင် စောင့်နေကြောင်း စာပြန်ပို့လာ၏။
ယဲ့ဖန် အသာအယာ ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပေ။
သူသည် အဝေးမှ ကျန်းကော စစ်ဒေသရှိရာ ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
ခမ်းနားထည်ဝါသော ကျန်းကော စစ်ဒေသ ဂိတ်တံခါးကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။
ဂိတ်တံခါး အပြင်ဘက်တွင် လုံခြုံရေးစည်းများ တားဆီးထားသည်။ ထိုစည်းအပြင်ဘက်တွင် "စစ်မြေပြင် ဧရိယာ၊ ဖြတ်သန်းခွင့် မပြု" ဟူသော ဆိုင်းဘုတ်ကြီးကို ထင်ရှားစွာ တွေ့မြင်ရသည်။
ဆိုင်းဘုတ် နောက်ဘက်တွင် ဂိတ်တံခါးနှင့် ကင်းမျှော်စင်၌ စောင့်ကြပ်နေသော စစ်သားအချို့ ရှိနေ၏။ သူတို့သည် ခါးမတ်မတ်ဖြင့် ရပ်နေကြပြီး ကျောတွင် သေနတ်ရှည်များကို လွယ်ထားကြသည်။
ယဲ့ဖန် စီးလာသော တက္ကစီ ရောက်လာသောအခါ သူတို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
တက္ကစီ ဆရာမှာ ကြောက်လန့်နေသည်မှာ သိသာလှသည်။ သတိပေး ဆိုင်းဘုတ်ရှေ့တွင် ကားကို အမြန် ထိုးရပ်လိုက်၏။
"ညီလေး... ရှေ့က နေရာက စစ်ဒေသရဲ့ အရေးကြီး နေရာကွ... ကားမောင်းဝင်လို့ မရဘူး..."
"တကယ် တောင်းပန်ပါတယ်ကွာ..."
ယဲ့ဖန်လည်း ကားပေါ်က ဆင်းရတော့မည်ကို သိနေ၏။
သူသည် ယာဉ်မောင်းကို ပြုံးပြလိုက်၏။
"ရပါတယ်... နားလည်ပါတယ်..."
ပြောပြောဆိုဆိုနှင့် ကားခရှင်းပြီး တံခါးဖွင့် ဆင်းရန် ပြင်လိုက်၏။
သို့သော် သူ ဘာမှ မလုပ်ရသေးခင်မှာပင်၊ ရင်းနှီးသော ပုံရိပ် တစ်ခု အပြေးရောက်လာပြီး ညာဘက် ကားတံခါးကို ဖွင့်ပေးလိုက်လေသည်။
"ဆရာ..."
ယဲ့ဖန် သေချာကြည့်လိုက်ရာ ဖုန်းရှောက်ခွန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းရှောက်ခွန်က ကားတံခါးဘောင်ကို လက်ဖြင့် ကာပေးထားပြီး သူ့ကို ယဉ်ကျေးစွာ ဖိတ်ခေါ်နေသည်ကို မြင်သောအခါ သူ ပြုံးလိုက်မိသည်။
"ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ..."
"ဆရာက ကျွန်တော့် ဆရာလေ... ယဉ်ကျေးသင့်တာပေါ့..."
ဖုန်းရှောက်ခွန်ကတော့ ဒါ ပုံမှန်ကိစ္စ တစ်ခုလိုပင် ပြောလိုက်၏။
ယဲ့ဖန် ဘာမှ ဆက်မပြောတော့ဘဲ ကားပေါ်မှ ဆင်းလိုက်၏။
ပြင်ပလူများက ဖုန်းကျိန်းယွမ်သည် သားဖြစ်သူ ဖုန်းရှောက်ခွန်ကို မဆုံးမနိုင်ဟု ဝေဖန်ကြသော်လည်း...
ယဲ့ဖန် အမြင်တွင်တော့ ဖုန်းရှောက်ခွန်သည် လူကောင်း တစ်ယောက် ဖြစ်သည်။
ချမ်းသာသော မိသားစုမှ မွေးဖွားလာသော်လည်း မကောင်းမှု ဒုစရိုက်များ မလုပ်၊ အားနည်းသူကို အနိုင်မကျင့်ပေ။ သူ့ အကြီးမားဆုံး အားနည်းချက်မှာ အလုပ်အကိုင် အတည်တကျ မရှိဘဲ ဆော့ကစားခြင်းနှင့် အနည်းငယ် မောက်မာခြင်းသာ ရှိသည်။ သာမန်ပြည်သူများကို ထိခိုက်စေခြင်း မရှိပေ။
အခြား သူဌေးသားများနှင့် ယှဉ်လျှင် တော်တော်လေး ကောင်းမွန်သည်ဟု ပြောရမည်။
အရေးအကြီးဆုံးမှာ ဖုန်းရှောက်ခွန်တွင် တရားမျှတမှုကို မြတ်နိုးသော စိတ်ဓာတ် ရှိပြီး၊ အမှားအမှန် ခွဲခြားတတ်သလို ကျေးဇူးတရားကိုလည်း နားလည်သည်။
သူ့စရိုက်က တော်တော်လေး ကောင်းမွန်ပြီး ဖြောင့်မတ်သည်ဟု ဆိုရမည်။
ယဲ့ဖန် ကားပေါ်မှ ဆင်းလိုက်သောအခါ ဖုန်းရှောက်ခွန်သည် သူ့နောက် ခြေတစ်လှမ်းအကွာမှ ကပ်လိုက်လာ၏။ ဆရာနှင့် တပည့် အကွာအဝေးကို ထိန်းထားခြင်း ဖြစ်သည်။
ယဲ့ဖန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ဒီအချက်လေး တစ်ချက်တည်းနှင့်တင် တခြား သူဌေးသားတွေ သူ့ကို မမီနိုင်တော့ပေ။
ဒါက ကျန်းကော စစ်ဒေသလေ... ဖုန်းရှောက်ခွန်ရဲ့ နယ်မြေ။
ဒီနေရာမှာ သူ့မိတ်ဆွေတွေ အများကြီး ရှိသလို၊ လူတိုင်းက သူ့ကို လေးစားကြသည်။
သို့သော် ၊ ဒီလို ရင်းနှီးသည့် မျက်နှာတွေ ရှေ့မှာတောင် သူက နှိမ့်ချပြီး ဆက်ဆံနေ၏။
"မင်းအဖေက ငါ့ကို အရင် ကျေးဇူးတင်ရလိမ့်မယ် ထင်တယ်..."
ယဲ့ဖန် အလိုလို ချီးကျူးလိုက်မိသည်။
"ဘာပဲဖြစ်ဖြစ်... ဒီကာလအတွင်း မင်း တော်တော် ရင့်ကျက်လာတာပဲ..."
ဖုန်းရှောက်ခွန် ကြားလိုက်ရသောအခါ ရှက်သွားမိသည်။
သို့သော် နောက်မှ တက္ကစီ ဆရာနှင့် ဂိတ်ပေါက်ဝတွင် စောင့်ကြပ်နေသော စစ်သားများမှာမူ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ဖုန်းရှောက်ခွန်နှင့် သူ့ရှေ့မှ လျှောက်သွားသော ယဲ့ဖန်ကို ကြည့်ရင်း သူတို့ ကြက်သေသေနေကြသည်။
“ဘုရားရေ... ဒီလူက တကယ်ကြီး ဆရာကြီး ဖြစ်နေတာလား…”