← Chapters

အခန်း (၁၅၄၈-၁၅၅၀)

Vol. 79 Ch. 1548-1550

အခန်း (၁၅၄၈-၁၅၅၀)

Vol. 79 Ch. 1548-1550

အခန်း (၁၅၄၈) - ဒီနေရာက စည်းကမ်းတွေ နည်းနည်း များတယ်...

~တက္ကစီဆရာကတော့ နှစ်ပေါင်းများစွာ ကားမောင်းလာသည့် အတွေ့အကြုံအရ ဖုန်းရှောက်ခွန်သည် သာမန်လူ မဟုတ်မှန်း ရိပ်မိထားပြီး ဖြစ်သည်။

ထို့ကြောင့် ဖုန်းရှောက်ခွန်က လေးစားသမှု ပြနေသည့် ယဲ့ဖန်ကိုလည်း သူက အလိုလို ဆရာကြီးတစ်ယောက်အဖြစ် သတ်မှတ်လိုက်လေသည်။

သို့သော် ကျန်းကော စစ်ဒေသ ဂိတ်ပေါက်ဝမှ အစောင့်များကတော့ မတူပေ။

သူတို့တစ်ယောက်ချင်းစီတိုင်းသည် ဖုန်းရှောက်ခွန်နှင့် အလွန် ရင်းနှီးကြသည်။

ဖုန်းရှောက်ခွန်သည် ကျန်းကော စစ်ဒေသမှ ထိပ်တန်း သူဌေးသား (Second-generation heir) ဖြစ်သည်ဟု ပြောလျှင် လွန်မည် မထင်ပေ။

အရင်တုန်းကတော့ ကျန်းကော စစ်ဒေသမှ နာမည်ကြီး ပုဂ္ဂိုလ်များက ဖုန်းရှောက်ခွန်ကို မျက်နှာလိုမျက်နှာရ လုပ်နေသည်ကိုသာ သူတို့ မြင်ဖူးခဲ့သည်။ ဒီသခင်လေးက သူများကို ဒီလောက် လေးစားသမှု ပြတာကိုတော့ ဒါ ပထမဆုံး မြင်ဖူးခြင်းပင်။

အလိုအလျောက်ပင် တာဝန်ကျ အစောင့်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

"ဟေ့ကောင်တွေ... သခင်လေးဖုန်း ရှေ့က ဆရာကြီးကို သိတဲ့လူ ရှိလား..."

"ကြောက်စရာကြီးကွာ... သခင်လေးဖုန်းကတောင် ဒီလောက် လေးစားနေရတယ် ဆိုတော့..."

"ဒီသတင်းသာ ပေါက်ကြားသွားရင်... သေချာပေါက် ဟိုးလေးတကျော် ဖြစ်တော့မှာ..."

"သခင်လေးဖုန်းနဲ့ ရွယ်တူလောက်ပဲ ရှိမယ့် ဒီဆရာကြီးက... နောက်ခံ တော်တော် တောင့်ပုံရတယ်..."

"သူနဲ့ သခင်လေးဖုန်း ဒီဘက် လျှောက်လာနေပြီဟေ့... အားလုံး ကိုယ်နေဟန်ထား ပြင်လိုက်ကြ... အမှားမတွေ့စေနဲ့..."

ယဲ့ဖန်ကတော့ ဖုန်းရှောက်ခွန်၏ လေးစားမှုကြောင့် ကျန်းကော စစ်ဒေသ အစောင့်များ၏ မျက်လုံးထဲတွင် ဆရာကြီးတစ်ဆူ ဖြစ်နေမှန်း မသိရှာပေ။

ဖုန်းရှောက်ခွန်နှင့်အတူ စစ်ဒေသထဲသို့ ဝင်ရောက်လာသောအခါ၊ သူသည် တင်းကြပ်စွာ စစ်ဆေးမေးမြန်းခံရမည်ဟု ထင်မှတ်ထားခဲ့သည်။

မထင်မှတ်ထားသည်မှာ၊ ရိုးရှင်းသော လုပ်ရိုးလုပ်စဉ် မေးမြန်းမှု အနည်းငယ် ပြုလုပ်ပြီးနောက် အစောင့်များက သူ့ကို ဖြတ်သန်းခွင့် ပြုလိုက်ခြင်းပင်။

လွှတ်မပေးခင် သူတို့က လေးလေးစားစား ဦးညွှတ်လိုက်ကြသေးသည်။

ယဲ့ဖန် ရယ်မောလိုက်မိသည်။ ကျန်းကော စစ်ဒေသထဲသို့ ရောက်သောအခါ သူသည် ဖုန်းရှောက်ခွန်ဘက်သို့ လှည့်ကြည့်လိုက်၏။

"ပြင်ပလောကမှာ ပြောကြတာတော့... စစ်ဒေသ ဆိုတာ တားမြစ်နယ်မြေတဲ့... လုံခြုံရေး အစောင့်တွေကလည်း ကြောက်စရာ ကောင်းတယ်တဲ့... ငါ့ကျတော့ ဘာလို့ အဲဒီလို မခံစားရပါလိမ့်..."

"ကျန်းကော စစ်ဒေသက အစောင့်တွေက တော်တော် ဖော်ရွေတာပဲ..."

"လုပ်ရိုးလုပ်စဉ် မေးမြန်းတာလောက်ပဲ ရှိတယ်... ကောလာဟလတွေထဲကလောက် ကြောက်စရာ မကောင်းပါဘူး..."

ဖုန်းရှောက်ခွန်လည်း အစောင့်များက အလွယ်တကူ လွှတ်ပေးလိုက်သည်ကို ကျင့်သားရနေပြီ ဖြစ်သည်။ သူ အလိုလို ခေါင်းခါလိုက်မိ၏။

"ကောလာဟလတွေက ပုံကြီးချဲ့လွန်းတာ ဖြစ်မှာပါ..."

"ဘာပဲဖြစ်ဖြစ်... ကျွန်တော်လည်း ကျန်းကော စစ်ဒေသက အစောင့်တွေ သဘောကောင်းတယ်လို့ ခံစားမိတယ်..."

"ဘာမှ ကြောက်စရာ မရှိပါဘူး..."

ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

ယဲ့ဖန်.. ဖုန်းရှောက်ခွန်နှင့် စကားပြောပြီးနောက် သူသည် စစ်ဒေသတွင်း အခြေအနေကို စတင် လေ့လာလိုက်၏။

ရိုးရိုးသားသား ပြောရလျှင် ခေတ်သစ် လူငယ်လေး တစ်ယောက်အနေနှင့် ဒီလို နေရာမျိုးကို သူ တော်တော် စိတ်ဝင်စားမိသည်။

ဒီလို တားမြစ်နယ်မြေမျိုးကို ပထမဆုံးအကြိမ် ခြေချဖူးခြင်း ဖြစ်သဖြင့် ထူးဆန်းသော ခံစားမှုမျိုး ရနေ၏။

သို့သော် ပတ်ဝန်းကျင်ကို လေ့လာပြီးနောက်၊ ဘာကြောင့် 'စစ်ဒေသ တားမြစ်နယ်မြေ' ဟု ခေါ်ဝေါ်ကြမှန်း ယဲ့ဖန် နားလည်လိုက်၏။

နေရာအချို့ကို ခဏလောက် စိုက်ကြည့်လိုက်ရုံဖြင့် မျက်လုံးအစုံက သူ့ဆီသို့ စုပြုံရောက်ရှိလာကြောင်း ယဲ့ဖန် အာရုံခံမိလိုက်၏။

အချို့ အကြည့်များဆိုလျှင် အန္တရာယ် အငွေ့အသက်များပင် ပါဝင်နေ၏။

အထူးသဖြင့် ဖုန်းရှောက်ခွန်၏ အိမ်ဝန်းနှင့် နီးကပ်လာလေ အခြေအနေက ပိုမို သိသာလာလေ ဖြစ်သည်။

ဒဏ္ဍာရီလာ စစ်ဒေသ ဝင်းအတွင်းရှိ အဆင့်မြင့် အရာရှိကြီးများ၏ လူနေအိမ်ရာသို့ ရောက်သောအခါ၊ ဖုန်းရှောက်ခွန်၏ အိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် လုံခြုံရေး အလွန် တင်းကြပ်လွန်းကြောင်း ယဲ့ဖန် ခံစားမိလိုက်၏။

ရူးသွပ်လောက်သည့် အဆင့်ပင် ဖြစ်သည်။

စောင့်ကြည့် ကင်မရာများ နေရာအနှံ့ ရှိနေပြီး၊ လူနေအိမ်ရာ၏ မီတာ (၅၀) ပတ်လည် အရပ်မျက်နှာတိုင်းတွင် ကင်းလှည့်အဖွဲ့များ ရှိနေ၏။

လူနေအိမ်ရာ အဝင်ဝတွင်လည်း ထွားကျိုင်းသော စစ်သည် (၄) ဦး စောင့်ကြပ်နေ၏။

ထို (၄) ယောက်သည် နဖူးပြင်ကျယ်ကျယ်၊ ခိုင်မာသော ရပ်တည်မှု၊ ပြည့်ဝသော စိတ်ဓာတ်ခွန်အားတို့ဖြင့် အဝင်ဝကို စောင့်ကြပ်နေသော တောင်ကြီး (၃) လုံးပမာ ဖြစ်နေ၏။

သူတို့သည် ကျည်အစစ်များ တပ်ဆင်ထားသော လက်နက်များကို ကိုင်ဆောင်ထားသဖြင့် အလွန် ဖိစီးသော ခံစားမှုကို ပေးစွမ်းနေ၏။

ဖုန်းရှောက်ခွန်ပင်လျှင် ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ရောက်နေသဖြင့် သူ့၏ ထက်မြက်မှုကို အလိုလို လျှော့ချထားလိုက်ပုံရသည်။

"ဆရာ... ဒီနေရာက အခြေအနေ နည်းနည်း ထူးခြားလို့... စည်းကမ်းတွေ နည်းနည်း များတယ်... နေရထိုင်ရ ခက်တာရှိရင် ခွင့်လွှတ်ပါ..."

ယဲ့ဖန် ဂရုမစိုက်ပေ။ သူသည် လက်ကာပြလိုက်ပြီး ရှေ့ဆက်သွားရန် အချက်ပြလိုက်၏။

ဖုန်းရှောက်ခွန်လည်း ဘာမှ ဆက်မပြောတော့ပေ။

သူသည် ယဲ့ဖန်ကို လူနေအိမ်ရာ၏ အလယ်ဗဟိုရှိ အိမ်လေးတစ်လုံးဆီသို့ ခေါ်သွားလိုက်၏။

ထိုအချိန်တွင် ကြည်လင်ပြတ်သားသော ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။

"ဖုန်းကြီးရေ... ဒီတစ်ခေါက်တော့ ငါတို့ ကျေပြီနော်..."

"ဟိုချူပင်း သုံးခဲ့တဲ့ ကျားတံဆိပ်တော် တစ်ဝက်ကို ရဖို့ ငါ တော်တော် ကြိုးစားခဲ့ရတာကွ..."

"အခု ငါ ဒါကို မင်းလက်ထဲ အပ်လိုက်ပြီဆိုတော့... နောက်ကျရင် ပူးပေါင်းစစ်ဆင်ရေးတုန်းက အကြွေးကို ပြန်မပြောနဲ့တော့..."

ထိုစကားကို ကြားသောအခါ ယဲ့ဖန်သည် ဖုန်းရှောက်ခွန်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။

"အဲဒါ ဦးလေးကျူးလေ... အဖေရဲ့ ရဲဘော်ဟောင်းပါဗျ..."

ဖုန်းရှောက်ခွန် ချက်ချင်း ရှင်းပြလိုက်၏။

"သူက ကျွန်တော်တို့ အိမ်နီးချင်း..."

"သူက အဖေ့ကို အကူအညီ အကြီးကြီး တစ်ခု အကြွေးတင်နေတာ... အဖေက ဟိုချူပင်း ကို စိတ်ဝင်စားမှန်း သိတော့... ဘယ်လိုလုပ်လိုက်လဲ မသိပါဘူး... ဟိုချူပင်းရဲ့ ကျားတံဆိပ်တော် တစ်ဝက်ကို ရအောင် ယူလာတယ်..."

"ကျေးဇူးဆပ်တယ် ဆိုပါတော့..."

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ မမေးတော့ပေ။

သို့သော် သူသည် 'အနက်ရှိုင်းဆုံး စကင်န်ဖတ်ခြင်း' (Deep Scanning) ကို အလိုလို ဖွင့်လိုက်ပြီး အခြေအနေကို စစ်ဆေးလိုက်၏။

ထို့နောက် သူ့မျက်ဝန်းများ လှုပ်ရှားသွားလေသည်။

"ရှောက်ခွန်... ငါ ရှေးဟောင်းပစ္စည်း အကဲခတ်တာ နည်းနည်းပါးပါး တတ်မှန်း မင်း သိတယ်မလား..."

"နည်းနည်းပါးပါး တတ်တာ မဟုတ်ပါဘူး... ဆရာက သိန်းတစ်သောင်းလောက် တတ်တာပါ..."

ဖုန်းရှောက်ခွန်၏ လေသံက အနည်းငယ် ပုံကြီးချဲ့လိုက်၏။

"ဆရာသာ နည်းနည်းပါးပါးပဲ တတ်တယ် ဆိုရင်... ဒီလောကကြီးမှာ ဘယ်သူကမှ ရှေးဟောင်းပစ္စည်း အကဲခတ်တတ်တယ်လို့ ပြောရဲမှာ မဟုတ်တော့ဘူး..."

ပြောရင်းဆိုရင်းနှင့် သူ့မျက်လုံးများ အရောင်တောက်လာ၏။ တစ်စုံတစ်ရာကို စဉ်းစားမိသွားသည့်ပုံပင်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ... အဖေကလည်း ဟိုချူပင်းရဲ့ ကျားတံဆိပ်တော် အစစ် ဟုတ်မဟုတ် မသေချာ ဖြစ်နေတာ... ဆရာ ဝင်ကြည့်ပေးလိုက်ပါလား..."

ယဲ့ဖန် သူ့ကို သဘောကျသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ကောင်လေး... မင်းက သဘောပေါက် လွယ်သားပဲ..."

ဖုန်းရှောက်ခွန် တခစ်ခစ် ရယ်လိုက်၏။

"ခင်ဗျားတို့နှစ်ယောက် တွေ့ရင် တင်းမာနေမှာ စိုးရိမ်နေတာ..."

"ဒါ အခွင့်အရေးကောင်းပဲ..."

"အခြေအနေကို လျှော့ချလို့ ရမယ့် နည်းလမ်းပဲ..."

ပြောပြောဆိုဆိုနှင့် သူသည် ခြံဝင်းထဲသို့ ဦးစွာ ဝင်သွားပြီး၊ ခြံထဲတွင် ထိုင်နေသော လူကြီးနှစ်ယောက်ကို နှုတ်ဆက်လိုက်၏။

"အဖေ... ဦးလေးကျူး..."

"ကျွန်တော့် ဆရာ ရောက်ပါပြီ..."

ခြံဝင်းအလယ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် စူးရှသော မျက်ခုံး၊ တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသော်လည်း သူ့အရှိန်အဝါကို ထိန်းချုပ်ထားသည်။ သူသည် ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"မစ္စတာယဲ့... ခင်ဗျားအကြောင်း ကြားနေရတာ ကြာပါပြီ..."

ပြောရင်း သူ ထရပ်လိုက်ပြီး လက်ကမ်းပေးလိုက်၏။

ယဲ့ဖန်သည် သူ့ထိုင်ခုံနေရာနှင့် ဖုန်းရှောက်ခွန်နှင့် တူညီသော မျက်လုံးများကို ကြည့်ပြီး သူ့အထောက်အထားကို ချက်ချင်း အတည်ပြုလိုက်၏။

ထိုလူကြီးက စတင် လက်ကမ်းပေးသည်ကို မြင်သောအခါ၊ သူလည်း လက်လှမ်းလိုက်ပြီး ထိုလူ၏လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင် နှုတ်ဆက်လိုက်၏။

"ဦးလေးဖုန်း... ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ..."

"ကျွန်တော်က ကံကောင်းတဲ့ သာမန်လူတစ်ယောက်ပါဗျာ..."

"ခင်ဗျား နာမည်ကမှ တကယ့် နာမည်ကြီး..."

ဖုန်းကျိန်းယွမ် ကြားလိုက်ရသောအခါ သိပ်သဘောကျပုံ မရပေ။ သူ့မျက်နှာထားက လုံးဝ မပြောင်းလဲပေ။

တစ်ဖက်တွင်မူ သူ့ဘေးမှ ထရပ်လိုက်သော ခပ်ဝဝ လူကြီးက စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်နေ၏။

"ရှောက်ခွန်... ဒါ မင်း..ပြောပြောနေတဲ့ ဒဏ္ဍာရီလာ ဆရာကြီး ဆိုတာလား..."

"ကြည့်ရတာ အရမ်း ငယ်သေးတာပဲ..."

"မင်းနဲ့ ရွယ်တူလောက်ပဲ ရှိမယ် ထင်တယ်..."

ဖုန်းရှောက်ခွန် အလျင်အမြန် ဝင်ပြောလိုက်၏။

"ဟုတ်တယ်..ဦးလေးကျူး... ဒါ ကျွန်တော့် ဆရာ ယဲ့ဖန် လေ..."

"ကျွန်တော့် ဆရာက ပညာရပ် အများကြီးကို ကျွမ်းကျင်တယ်..."

"အဲဒီအထဲမှာ... ရှေးဟောင်းပစ္စည်း အကဲခတ်တာလည်း ပါတယ်..."

ပြောရင်းဆိုရင်း သူသည် ဖုန်းကျိန်းယွမ်နှင့် သူ့လက်ထဲမှ ကျားတံဆိပ်တော် တစ်ဝက်ကို မသိမသာ လှမ်းကြည့်လိုက်လေသည်။

အပိုင်း (၁၅၄၉) - ဒါလေးက တော်တော်လေး လက်ရာမြောက်ပါတယ်

~“ဟား… ဟုတ်ပြီဟေ့…”

ဦးလေးကျူးက လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောလိုက်၏။

“မင်းအဖေက ဒီကျားတံဆိပ်တော်က အစစ် ဟုတ်၊ မဟုတ်ဆိုတာကို စိုးရိမ်နေတာကွ… ငါက အစစ်ပါလို့ အာမခံပါတယ် ပြောတာတောင် မယုံရဲဖြစ်နေတာလေ…”

“ရှောက်ခွန်… မင်းဆရာကိုပဲ ကူကြည့်ပေးဖို့ ပြောလိုက်ပါလား…”

ဖုန်းရှောက်ခွန်က ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။

“ဆရာ… ကျွန်တော့် အဖေနဲ့ ဦးလေးကျူးကို တစ်ချက်လောက် ကူကြည့်ပေးပါလား…”

ဖုန်းရှောက်ခွန်က သူ့ဆရာ စွမ်းရည်ပြနိုင်ဖို့ အခွင့်အရေး ဖန်တီးပေးနေမှန်း ယဲ့ဖန် ရိပ်မိလိုက်၏။

ယဲ့ဖန်သည် ဖုန်းကျိန်းယွမ်နှင့် ဦးလေးကျူးကို တစ်ချက်ကြည့်လိုက်၏။

“ဒါဆိုရင်တော့ ကျွန်တော် မငြင်းတော့ဘူး…”

ဖုန်းကျိန်းယွမ်သည်လည်း ယဲ့ဖန်ကို စိတ်ဝင်စားနေပုံရသည်။

သူက ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်၏။

“ကျေးဇူးပြုပြီး ကြည့်ပေးပါဦး…”

ယဲ့ဖန်သည် ဟန်ဆောင်ငြင်းဆန်မနေတော့ဘဲ ဦးလေးကျူး ကမ်းပေးလာသော လက်အိတ်ဖြူကို စွပ်လိုက်၏။

ထို့နောက် ကျားတံဆိပ်တော် တစ်ဝက်ကို ကောက်ယူကာ သေချာ

စစ်ဆေးကြည့်ရှုလိုက်၏။

ခဏအကြာတွင် သူသည် ကျားတံဆိပ်တော်ကို ပြန်ချလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ဦးလေးကျူးဘက်သို့ လှည့်လိုက်၏။

“ကြည့်ပြီးပါပြီ…”

“လက်ရာကတော့ တော်တော်လေး ကောင်းပါတယ်…”

ဦးလေးကျူးက ယဲ့ဖန်၏ စကားကို အထင်လွဲသွားပုံရသည်။ သူသည် ဖုန်းကျိန်းယွမ်ကို ဝမ်းသာအားရ လှမ်းပြောလိုက်၏။

“ကြားလား ဖုန်းကြီး… ရှောက်ခွန်ရဲ့ ဆရာတောင်မှ လက်ရာမဆိုးဘူးလို့ ပြောနေပြီ… အခုတော့ စိတ်မပူနဲ့တော့နော်… အတုဖြစ်မှာ မကြောက်နဲ့တော့…”

“ဦးလေးကျူး… စိတ်မလောပါနဲ့ဦး… ကျွန်တော့်စကား ဆုံးအောင် နားထောင်ပါဦး…”

ယဲ့ဖန် ဖြတ်ပြောလိုက်၏။

ထို့နောက် သူတို့နှစ်ယောက် ပြန်လှည့်မကြည့်ခင်မှာပင် ဆက်ပြောလိုက်၏။

“ကျွန်တော် ဆိုလိုတာက… ဒီပစ္စည်းရဲ့ လက်ရာက မဆိုးဘူးလို့ ပြောတာပါ…”

“အတုလုပ်တဲ့လူက တော်တော်လေး ကျွမ်းကျင်တယ်လို့ ဆိုလိုတာပါ…”

“မဖြစ်နိုင်တာဗျာ…”

ဦးလေးကျူး ပါးစပ်အဟောင်းသားဖြင့် ပြန်ပြောလိုက်မိသည်။

ယဲ့ဖန် စိတ်မလောပေ။ သူ့ကို အကဲခတ်နေသော ဖုန်းကျိန်းယွမ်ကို ကြည့်လိုက်၏။

“ဦးလေးဖုန်း… အိမ်မှာ မှန်ဘီလူး ဒါမှမဟုတ် မိုက်ခရိုစကုပ် (Microscope) ရှိလား…”

“ရေနွေးပူပူ တစ်အိုးလောက်လည်း ယူလာပေးပါ…”

“ရှောက်ခွန်…”

ဖုန်းကျိန်းယွမ် ခေါင်းညိတ်လိုက်ပြီး ဖုန်းရှောက်ခွန်ကို မျက်ရိပ်ပြလိုက်၏။

ဖုန်းရှောက်ခွန် ချက်ချင်းပင် ခြံဝင်းထဲမှ ထွက်ခွာသွားပြီး ဖုန်းဆက်လိုက်၏။

ယဲ့ဖန်က ဖုန်းကျိန်းယွမ်တို့ကို ဆက်လက် ရှင်းပြလိုက်၏။

“သံပျော့ပြောင်းနည်းပညာက စစ်မက်ဖြစ်ပွားရာခေတ် မှာ စတင် တီထွင်ခဲ့တာ ဖြစ်ပေမယ့်… အနောက်ဟန်မင်းဆက် လက်ထက်ကျမှ အထွတ်အထိပ်ကို ရောက်ခဲ့တာပါ…”

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်… အဲဒီခေတ်က နည်းပညာတွေက လက်မှုပညာအပေါ်မှာပဲ အများကြီး မှီခိုနေရတုန်းပဲ…”

“ဒါကြောင့်… သတ္တုပုံသွင်းတဲ့ လက်မှုပညာ အနုစိတ်မှုနဲ့ ခေတ်မီ စက်မှုလုပ်ငန်းတွေရဲ့ လက်ရာ ကွာခြားချက်ကို ရှာတွေ့ဖို့ လွယ်ကူပါတယ်…”

“သာမန်မျက်စိနဲ့ ကြည့်ရင်တော့ ဒီကွာခြားချက်တွေကို မမြင်နိုင်ပေမယ့်… အပေါ်ယံ အလွှာကို ဖယ်ရှားပြီး အကြီးချဲ့ကြည့်လိုက်ရင်တော့ ဘာမှ ဖုံးကွယ်ထားလို့ မရတော့ပါဘူး…”

ယဲ့ဖန်၏ ရှင်းပြချက်ကို ကြားသောအခါ ဖုန်းကျိန်းယွမ် စိတ်ဝင်စားသွားပြီး မျက်ဝန်းများ အရောင်တောက်လာ၏။

သို့သော် ဦးလေးကျူးမှာမူ ယုံကြည်မှု ပျောက်ဆုံးသွားပုံရသည်။ သူ့အသံက တော်တော်လေး တိုးသွား၏။

“ဒီပစ္စည်းကို မပို့ခင်တုန်းက… ငါ့မိတ်ဆွေ ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူတွေကို အကူအညီတောင်းပြီး စစ်ဆေးခိုင်းခဲ့ပါသေးတယ်…”

“ဥပမာ… ကျန်းကောက နာမည်ကြီး ရတနာတစ်ရာ ခန်းမ က ကျွမ်းကျင်သူပညာရှင် အဘိုးကြီး ဝူ… ရတနာ ပြခန်းဆောင်က အဘိုးကြီး ကျင်း… ရတနာလေးပါး အိမ်တော်က အဘိုးကြီး လျန် …”

“သူတို့အားလုံး ကြည့်ပြီးသွားပြီ… ဘာပြဿနာမှ မရှိဘူးလို့ ပြောကြတယ်…”

“သူတို့က ကျန်းကော ရှေးဟောင်းပစ္စည်းလောကမှာ ထိပ်တန်း ပညာရှင်တွေလေ… သူတို့အားလုံး တညီတညွတ်တည်း အကဲဖြတ်မှားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား…”

ယဲ့ဖန် တိုက်ရိုက် မဖြေဘဲ အေးဆေးစွာ ပြောလိုက်၏။

“ကျွန်တော် ပြောခဲ့တယ်လေ… လက်ရာက တော်တော် ကောင်းပါတယ်လို့… အဲဒါ အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး…”

“ဒီ ကျားတံဆိပ်တော် တစ်ဝက်ကို အတုလုပ်တဲ့လူက ရှေးဟောင်းပစ္စည်း အကဲခတ်တဲ့နေရာမှာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်မှာ သေချာတယ်… ကျွမ်းကျင်သူ အများစုက ရှေးဟောင်းပစ္စည်းတွေကို စစ်ဆေးတဲ့အခါ ဘယ်အချက်တွေကို အဓိကထား ကြည့်တတ်လဲ ဆိုတာ သူ ကောင်းကောင်း သိနေတယ်… ဒါကြောင့် သူက အဲဒီအချက်တွေကို အပြစ်ပြောစရာ မရှိအောင် ဖန်တီးထားတာပေါ့…”

“နောက်ပြီးတော့… ကျားတံဆိပ်တော် ဆိုတာ အခုခေတ် ဈေးကွက်ထဲမှာ ရှားပါးလွန်းတဲ့ ပစ္စည်းလေ… အစစ်ကို မြင်ဖူးတဲ့လူက မရှိသလောက် ရှားတယ်… ဒါကြောင့် သာမန် ကျွမ်းကျင်သူတွေ မှားသွားတာ မဆန်းပါဘူး…”

ဖုန်းကျိန်းယွမ် ဘာမှ ဝင်မပြောဘဲ ပွဲကြည့်ပရိသတ် တစ်ယောက်လို ငြိမ်နေလိုက်၏။

ဦးလေးကျူးကတော့ တီးတိုး ရေရွတ်နေ၏။

“တကယ်လား… မင်းပြောတာက နည်းနည်းတော့ ဆန်းကြယ်နေသလိုပဲ…”

ယဲ့ဖန် ဘာမှ ဆက်မရှင်းပြတော့ပေ။ လက်တွေ့ပြမှ ယုံကြမည့်သဘော ရှိသည်။

ဖုန်းရှောက်ခွန်သည် တိကျမှု

မြင့်မားသော မိုက်ခရိုစကုပ် တစ်လုံးနှင့် ရေနွေးပူပူ တစ်အိုးကို ယူဆောင်လာသောအခါ၊ ယဲ့ဖန်သည် ကျားတံဆိပ်တော် တစ်ဝက်ကို ရေနွေးအိုးထဲသို့ ချက်ချင်း ပစ်ထည့်လိုက်သည်။

ထို့နောက် မျက်နှာပြင်ပေါ်မှ ကြေးညှိများ ကုန်သလောက် ဖြစ်သွားသောအခါ၊ ဝါဂွမ်းစဖြင့် သုတ်လိုက်ပြီး မိုက်ခရိုစကုပ်အောက်တွင် ထားလိုက်လေသည်။

“ကျားတံဆိပ်တော် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးပါတယ်… အခုခေတ်မှာ ကျန်ရှိနေတဲ့ ကျားတံဆိပ်တော် အနည်းငယ်ကို ကြည့်မယ်ဆိုရင်… တစ်ခုချင်းစီမှာ သေသပ်လှပတဲ့ အကွက်အဆင်တွေ၊ ရှုပ်ထွေးတဲ့ ပုံသဏ္ဍာန်တွေ ပါဝင်နေတာ တွေ့ရလိမ့်မယ်… အထူးသဖြင့် တပ်မှူးတံဆိပ်ပေါ်က ရွှေချထားတဲ့ စာလုံးတွေပေါ့… အရင်ဆုံး တံဆိပ်ပေါ်မှာ စာလုံးရာတွေကို ထွင်းတယ်… ပြီးမှ အဲဒီအရာတွေထဲကို ရွှေမျှင်တွေ ထည့်သွင်းပြီး နောက်ဆုံးမှာ အရောင်တင်တာပါ…”

“သမိုင်းမှတ်တမ်းတွေအရ… ကျားတံဆိပ်တော် တိုင်းမှာ ထူးခြားတဲ့ အတုအပ ကာကွယ်ရေး အမှတ်အသားတွေ ပါဝင်တတ်တယ်… ဥပမာ - ကျားတံဆိပ်တော် နှစ်ခြမ်း ဆက်တဲ့နေရာမှာ အထူးစာလုံးတွေ ပါလေ့ရှိတယ်… နောက်ထပ် ဥပမာ တစ်ခုကတော့… ချင်ရှီဟွမ်ရဲ့ ကျားတံဆိပ်တော်ပေါ့… နှစ်ခြမ်း ဆက်တဲ့နေရာမှာ စာတစ်ကြောင်း ပါတယ်… အဲဒီစာကြောင်းကို နှစ်ခြမ်းခွဲထားတာ… ပြီးတော့ အလယ်က ‘ကောင်းကင်’ ဆိုတဲ့ စာလုံးကို တမင်သက်သက် ညာဘက်ကို စောင်းထားပြီး… ဘယ်ဘက်မှာ နောက်ဆုံး ဆွဲချက်ဖြစ်တဲ့ ‘နာ’ ဆိုတဲ့ အစိတ်အပိုင်းလေးပဲ ကျန်ခဲ့အောင် လုပ်ထားတာ…”

“ဒီလောက် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ၊ အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ပြီးပြည့်စုံအောင် လုပ်ဖို့ဆိုတာ… ဒီနေ့ခေတ် စက်မှုနည်းပညာနဲ့ ဆိုရင်တောင်… အသုံးပြုရမယ့် စက်ကိရိယာ အရေအတွက်နဲ့ ပမာဏက မနည်းလှဘူး…”

“ရိုးရိုးရှင်းရှင်း ပြောရရင်… ဟိုချူပင်း ခေတ်က ကျားတံဆိပ်တော်ကို ပြီးပြည့်စုံအောင် အတုခိုးဖို့ဆိုတာ… ကုန်ကျစရိတ် အရမ်း ကြီးမားပါတယ်…”

“ဒါပေမဲ့ အတုလုပ်တဲ့လူတွေက… အရင်းအနှီး အနည်းဆုံးနဲ့ အမြတ်အများဆုံး ရဖို့အတွက်ပဲ အတုလုပ်ကြတာလေ…”

“ကုန်ကျစရိတ် အရမ်းများနေရင်… သူတို့ လုပ်မှာ မဟုတ်တော့ဘူး…”

“မင်း ဘာကို ဆိုလိုတာလဲ…”

ဒီအချိန်မှာတော့ ဦးလေးကျူး ယုံကြည်မှု ပျောက်ဆုံးသွားပုံ ရသည်။

သူ့မျက်နှာထားက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေ၏။

“လူတိုင်း ဂရုစိုက်တတ်တဲ့ အသေးစိတ် အချက်အလက်တွေမှာ ငွေပုံအော သုံးထားတယ် ဆိုရင်… လူတွေ သတိမထားမိတတ်တဲ့ နေရာတွေမှာတော့ ကုန်ကျစရိတ် လျှော့တာ၊ ဒါမှမဟုတ် လက်ပေါက်ကပ်တာတွေ လုပ်ထားမှာ သေချာတယ်…”

ယဲ့ဖန် ပြုံးလိုက်ပြီး မိုက်ခရိုစကုပ်၏ အကြီးချဲ့နှုန်းကို ချိန်ညှိလိုက်၏။

စနစ်၏ အနက်ရှိုင်းဆုံး စကင်န်ဖတ်ခြင်းဖြင့် အားနည်းချက် အချို့ကို ရှာဖွေတွေ့ရှိပြီးနောက်၊ သူသည် ဖုန်းကျိန်းယွမ်နှင့် ဦးလေးကျူးကို ကြည့်ရှုရန် ဖယ်ပေးလိုက်လေသည်။

ဖုန်းကျိန်းယွမ် သိချင်စိတ် ပြင်းပြနေပြီ ဖြစ်သည်။

ယဲ့ဖန်၏ အချက်ပြမှုကို မြင်သောအခါ သူ ချက်ချင်း လျှောက်လာပြီး မိုက်ခရိုစကုပ်ကို ကြည့်လိုက်၏။

ခဏအကြာတွင် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး အသက်ပြင်းပြင်း ရှူကာ ဘေးသို့ ဖယ်ပေးလိုက်၏။

ဦးလေးကျူး မြင်သောအခါ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

ဖုန်းကျိန်းယွမ် ဖယ်လိုက်သည်နှင့် သူ အမြန်ဝင်ကြည့်လိုက်၏။

ယဲ့ဖန် ချိန်ညှိပေးထားသော နေရာကို ကြည့်ရှုပြီး အခြား အသေးစိတ် အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ၊ ဦးလေးကျူး ခေါင်းမော့လာပြီး တွေဝေငေးငိုင်စွာ ပြောလိုက်၏။

“ကြေးညှိတွေကို ဖယ်ရှားလိုက်ပြီးတဲ့နောက်… ကျားတံဆိပ်တော် ပေါ်မှာ ခေတ်သစ် စက်ကိရိယာတွေနဲ့ သွေးထားတဲ့ အရာတွေ အထင်းသား ပေါ်နေပါလား…”

“အတုကြီးပါလား…”

“ငါက ဒီ ကျားတံဆိပ်တော် ရဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာ… မိတ်ဆွေဟောင်းတွေကိုတောင် အကူအညီတောင်းပြီး စစ်ဆေးခိုင်းခဲ့တာ… ဒါတောင် အတု ဖြစ်နေသေးတာလား…”

“ရှေးဟောင်းပစ္စည်းလောကက ဒီလောက်တောင် ရှုပ်ထွေးတာလား…”

ယဲ့ဖန်သည် ဦးလေးကျူး၏ တုံ့ပြန်မှုကို သိပ်ဂရုမစိုက်ဘဲ မိုက်ခရိုစကုပ်အောက်မှ ကျားတံဆိပ်တော် တစ်ဝက်ကိုသာ ကြည့်နေလိုက်၏။

သူ့မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ဖြစ်ပေါ်နေလေသည်။

"ဘယ်လိုလဲ... အခုတော့ ယုံပြီလား…”

အပိုင်း (၁၅၅၀) - ကျွန်တော် လောကထဲ စဝင်ကတည်းက ဘယ်တုန်းကမှ မရှုံးဖူးဘူး

~ဦးလေးကျူး မျက်နှာပျက်နေ၏။

ယဲ့ဖန်က ကျားတံဆိပ်တော် တစ်ဝက်ကို ကောက်ယူလိုက်၏။

“ပုံမှန် ကျွမ်းကျင်သူတွေက ဒီလိုပစ္စည်းတွေကို စစ်ဆေးတဲ့အခါ အဓိက အချက် (၃) ချက်ကို ကြည့်တတ်ကြတယ်…”

“ပထမအချက်က လျှပ်ကူးနိုင်စွမ်း စမ်းသပ်မှု လုပ်ပြီး ကျားတံဆိပ်တော်ရဲ့ သတ္တုအမျိုးအစားကို စစ်ဆေးတာပါ…”

“ဒုတိယအချက်က သမိုင်းအထောက်အထားတွေအရ ကျားတံဆိပ်တော်ပေါ်က ‘အတုအပ ကာကွယ်ရေး အမှတ်အသား’ ကို ရှာဖွေတာပါ…”

“တတိယအချက်ကတော့… ခေတ်သစ် လက်ရာနဲ့ ရှေးခေတ် လက်ရာတွေရဲ့ သိမ်မွေ့တဲ့ ကွာခြားချက်တွေကို ခွဲခြားတာပါ… ဥပမာ - အထင်ရှားဆုံးကတော့ ကျားတံဆိပ်တော်ပေါ်က စာလုံးတွေပေါ့…”

“အဲဒီခေတ်တုန်းက သတ္တုပုံသွင်းတဲ့ နည်းပညာ မဖွံ့ဖြိုးသေးတဲ့အတွက်… ကျားတံဆိပ်တော်ပေါ်က အချိုင့်အခွက်တွေက (၁၀၀) ရာခိုင်နှုန်း ချောမွေ့နေဖို့ မဖြစ်နိုင်ပါဘူး… ဒါကြောင့် စာလုံးတွေက သပ်ရပ်ပြီး ချောမွေ့နေမယ်… အဖုအထစ်လေးတွေ မရှိဘူးဆိုရင်… အဲဒါ သေချာပေါက် အတုပါပဲ…”

“ကျွန်တော် ခုနက ပြောခဲ့တယ်လေ… ဒီ ကျားတံဆိပ်တော်ကို အတုလုပ်တဲ့လူက ရှေးဟောင်းပစ္စည်းလောကမှာ ကျွမ်းကျင်သူ တစ်ယောက်ပါလို့… ပြီးတော့ သူ့လက်ရာက အရမ်းကောင်းတယ်လို့လည်း ပြောခဲ့တယ်… ဘာလို့လဲဆိုတော့ သူက ဒီအချက်တွေ အားလုံးကို ပြီးပြည့်စုံအောင် ဖန်တီးထားလို့ပါပဲ…”

“နောက်ပြီးတော့… ကြေးညှိတွေ ဖုံးအုပ်ထားပုံကလည်း အပြစ်ပြောစရာ မရှိဘူး…”

“သာမန် ကျွမ်းကျင်သူတွေက သူတို့ရဲ့ ပုံသေနည်းတွေအတိုင်း စစ်ဆေးမယ်ဆိုရင်… သေချာပေါက် မှားသွားနိုင်ပါတယ်…”

ဦးလေးကျူး စကားမပြောနိုင်တော့ပေ။

ခဏလောက် နေရခက်နေပြီးမှ ယဲ့ဖန်ကို ပြောလိုက်၏။

“ငါ အရင်တုန်းက သတိလက်လွတ် ဖြစ်သွားမိတယ်…”

“မစ္စတာယဲ့က တကယ်ပဲ နာမည်နဲ့လိုက်အောင် တော်တာပဲ…”

“ငါ မင်းကို တောင်းပန်ပါတယ်…”

ပြောပြောဆိုဆိုနှင့် သူသည် ယဲ့ဖန်ကို လက်ကမ်းပေးလိုက်၏။

“ပြီးတော့… မင်းရဲ့ အကြံဉာဏ်အတွက်လည်း ကျေးဇူးတင်ပါတယ်…”

“အခွင့်အရေးရရင်… တောင်းပန်တဲ့အနေနဲ့ အရက်တိုက်ပါရစေ…”

“ရပါတယ်ဗျာ… ကိစ္စမရှိပါဘူး…”

ယဲ့ဖန်လည်း လက်လှမ်းပြီး နှုတ်ဆက်လိုက်၏။

ဦးလေးကျူးသည် ယဲ့ဖန်၏ ခိုင်မာသော လက်ဆွဲနှုတ်ဆက်မှုကို သတိထားမိလိုက်ပုံရသည်။ နှုတ်ဆက်ပြီးနောက် သူ့မျက်လုံးများထဲတွင် လေးစားမှုများ ပိုမို ကြီးထွားလာ၏။

ဖုန်းကျိန်းယွမ်ကို တောင်းပန်ပြီးနောက် သူသည် လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“ရှောက်ခွန်က ဆရာကောင်းတစ်ယောက် ရထားတာပဲ…”

“သူ တကယ် တတ်တယ်ကွ…”

“ရှောက်ခွန် အရင်တုန်းက ပေါင်းခဲ့တဲ့ လူတွေနဲ့ လုံးဝ မတူဘူး…”

ပြောရင်းဆိုရင်း ဦးလေးကျူးသည် ကျားတံဆိပ်တော် တစ်ဝက်ကို ကောက်ယူလိုက်၏။

“မင်းတို့ ဆက်ပြောကြဦးလေ…”

“ငါ.. ဒီ ကျားတံဆိပ်တော် ရောင်းတဲ့ကောင်နဲ့ အရင် သွားစာရင်းရှင်းလိုက်ဦးမယ်…”

ဖုန်းကျိန်းယွမ်နှင့် ဖုန်းရှောက်ခွန်တို့သည် သူနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသဖြင့် စကားအများကြီး ပြောမနေတော့ပေ။

သူထွက်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ဖန်ဘက်သို့ ပြန်လှည့်လိုက်ကြသည်။

“ဆရာ… မိုက်တယ်ဗျာ…”

ဖုန်းရှောက်ခွန်သည် ဖုန်းကျိန်းယွမ်၏ နောက်တွင် ရပ်လျက် ယဲ့ဖန်ကို လက်မထောင်ပြလိုက်၏။

ဖုန်းကျိန်းယွမ်ကတော့ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည့်အခါ… သူ့မျက်လုံးများထဲတွင် စီးပွားရေးဆန်သော အကြည့်များ လျော့နည်းသွားပြီး ခင်မင်ရင်းနှီးမှုများ ပိုမို များပြားလာ၏။

“မစ္စတာယဲ့ရဲ့ ခုနက စွမ်းဆောင်ရည်ကို ကြည့်ရတာ… ရှေးဟောင်းပစ္စည်း အကဲခတ်တဲ့ နေရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ…”

“ဦးလေးကျူးကို ကူညီပေးခဲ့တဲ့ ပညာရှင်တွေက ကျန်းကောမှာ တော်တော် နာမည်ကြီးတဲ့ လူတွေပါ…”

“ဒါပေမဲ့ အဲဒီလို လူအုပ်စုကြီးကိုတောင် လှည့်စားနိုင်တဲ့ အရာကို… မောင်ရင်က အမှန်အတိုင်း မြင်နိုင်ခဲ့တယ် ဆိုတော့…”

ပြောရင်းဆိုရင်း သူသည် ယဲ့ဖန်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

ယဲ့ဖန် အားနာမနေတော့ဘဲ ဝင်ထိုင်လိုက်၏။

ဖုန်းရှောက်ခွန်က ချက်ချင်းပင် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

ယဲ့ဖန် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဖုန်းကျိန်းယွမ်ဘက်သို့ ပြန်လှည့်လိုက်၏။

“ကျွန်တော်က ပညာရပ်တွေ အများကြီး တတ်တယ်လို့တော့ မပြောရဲပါဘူး… ဒါပေမဲ့ ရှေးဟောင်းပစ္စည်း လောကထဲ စဝင်ကတည်းက… ကျွန်တော် ဘယ်တုန်းကမှ မရှုံးဖူးသေးဘူး…”

ယဲ့ဖန်၏ အဖြေကြောင့် ဖုန်းကျိန်းယွမ် အံ့သြသွားပြီး လက်ဖက်ရည်ခွက် မြှောက်ထားသော လက် ရပ်တန့်သွား၏။

သို့သော် ခဏအကြာတွင် သူ ပြန်လည် တည်ငြိမ်သွားပြီး ယဲ့ဖန်ကို ကြည့်ကာ ပြုံးလိုက်၏။

“ရှောက်ခွန်က ခင်ဗျားကို ဘာလို့ ဒီလောက် လေးစားနေလဲ ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး…”

“ဒီလို ယုံကြည်မှု ရှိတာ တစ်ခုတည်းနဲ့တင်… ခင်ဗျားက သူ အရင်တုန်းက ပေါင်းခဲ့တဲ့ မိတ်ဆွေတွေထက် အဆင့်အတန်း အများကြီး မြင့်နေပါပြီ…”

ယဲ့ဖန်သည် ဖုန်းကျိန်းယွမ်၏ သဘောထား အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။

သူ ချက်ချင်း ပြန်ပြုံးပြလိုက်၏။

“ဦးလေးဖုန်းက မြှောက်လွန်းနေပါပြီ…”

“ငါက အမှန်အတိုင်း ပြောတာပါ…”

“ရှောက်ခွန်မှာ တခြား မိတ်ဆွေကောင်းတွေလည်း မနည်းပါဘူး…”

ဖုန်းကျိန်းယွမ်က သူ့နောက်ဆုံး စကားကို သဘောမတူသည့် ပုံပင်။

“ဒီကောင်လေး အရင်တုန်းက ဘယ်လို နေခဲ့လဲ ဆိုတာ ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ…”

“သူ့ရဲ့ အရင်တုန်းက မိတ်ဆွေတွေက… မိတ်ဆွေဆိုးတွေလို့ ပြောရလောက်တဲ့အထိ မဟုတ်ပေမယ့်… သူ့အတွက် အကျိုးရှိမယ့် လူတွေတော့ မဟုတ်ဘူး…”

“မဟုတ်ရင် သူ နှစ်ပေါင်းများစွာ ဒီလောက် ဆိုးသွမ်းပြီး ကိုယ်ထင်ရာကိုယ် လုပ်နေမှာ မဟုတ်ဘူး…”

ထို့နောက် သူသည် ဖုန်းရှောက်ခွန်ကို ကြည့်လိုက်သည်။

“ပြီးတော့ ဒီကောင်လေးရဲ့ စိတ်နေစိတ်ထား စပြီး ပြောင်းလဲလာတာက… ကျုံးဟိုင် မှာ မင်းနဲ့ တွေ့ပြီးကတည်းက ဖြစ်လောက်တယ်…”

“ငါ လူလွှတ်ပြီး စုံစမ်းခိုင်းပြီးပါပြီ…”

“သူ ကျုံးဟိုင်မှာ တောင်ကြီး တစ်လုံးကို တွေ့ခဲ့လို့… သူ့စိတ်ဓာတ်တွေ ပြောင်းလဲသွားတာတဲ့…”

ဖုန်းရှောက်ခွန် ရှက်သွားပုံ ရသည်။

“တိတိကျကျ ပြောရရင်… ကျွန်တော့်ကို ကဏ္ဍပေါင်းစုံမှာ ယုံကြည်လက်ခံလာအောင် လုပ်နိုင်တဲ့သူကို ဒါ ပထမဆုံး တွေ့ဖူးတာပါ…”

ဖုန်းကျိန်းယွမ် အကြည့်လွှဲလိုက်ပြီး ယဲ့ဖန်ကို လက်ဖက်ရည်ခွက် မြှောက်ကာ လေးလေးနက်နက် ပြောလိုက်၏။

“မစ္စတာယဲ့… ရှောက်ခွန် ကိစ္စနဲ့ ပတ်သက်ပြီး…မောင်ရင့်ကို ဂုဏ်ပြုရပါလိမ့်မယ်…”

ယဲ့ဖန် အလျင်အမြန် ခွက်မြှောက်လိုက်ပြီး အနည်းငယ် နှိမ့်ကာ ဖုန်းကျိန်းယွမ်၏ ခွက်နှင့် တိုက်လိုက်၏။

“ဦးလေးဖုန်း… ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ…”

“ငါကသာ မင်းကို ဂုဏ်ပြုရမှာပါ…”

ဖုန်းကျိန်းယွမ်က သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ လက်ကာပြလိုက်၏။

“ငါ့စကား ဆုံးအောင် နားထောင်ပါဦး…”

“ငါ အတည်ပြောနေတာပါ…”

“ဒီကောင်လေးက လူဆိုး မဟုတ်ပေမယ့်… အရမ်း ဆော့ကစားပြီး ကိုယ်ထင်ရာကိုယ် လုပ်တတ်တယ်… ဘယ်တော့မှ ငြိမ်ငြိမ်မနေဘူး… ငါတို့ ရှေ့မှာဆိုရင်တော့ နည်းနည်း လိမ္မာချင်ယောင် ဆောင်နေပေမယ့်… ငါတို့ မျက်ကွယ်ရာ ရောက်တာနဲ့ ထိန်းမနိုင်၊ သိမ်းမရတဲ့ မြင်းရိုင်း တစ်ကောင်လို ဖြစ်သွားရော…”

“ပြီးတော့ ငါတို့ ဖုန်းမိသားစုမှာ သားက သူတစ်ယောက်တည်း ရှိတာ…”

“ငါတင် စိတ်ပူတာ မဟုတ်ဘူး… ငါ့အဖေ… ရှောက်ခွန်ရဲ့ အဘိုးဆိုရင်လည်း သူ့အနာဂတ်အတွက် အမြဲ စိတ်ပူနေခဲ့ရတာ…”

ယဲ့ဖန် ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဖုန်းကျိန်းယွမ် ဆက်ပြောလာ၏။

“ဒါပေမဲ့ မင်းနဲ့ တွေ့ပြီးကတည်းက… ဒီကလေး လုံးဝ ပြောင်းလဲသွားတယ်…”

“သူက နှိမ့်ချတတ်လာတယ်… တည်ငြိမ်လာတယ်… စာသင်ချင်စိတ် ရှိလာတယ်… နေ့တိုင်းလိုလို ကောင်းတဲ့ဘက်ကို တိုးတက်နေတယ်…”

“အိမ်နီးချင်း ဦးလေးကျူး နဲ့… ဒီကောင်လေး ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တဲ့ ဦးလေးတွေ… အရင်တုန်းက ဒီကောင်လေးအတွက် စိတ်ပူခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေ အကုန်လုံးက… အခုဆို သူ့ကို ချီးကျူးနေကြပြီ…”

“အဖေ… လျှော့ပါဦး… လျှော့ပါဦး…”

ဖုန်းရှောက်ခွန် ကြားရတာ သဘောကျပြီး ရယ်မောလိုက်မိသည်။

ဖုန်းကျိန်းယွမ် မျက်စောင်းထိုးလိုက်၏။

“ငါ မင်းဆရာနဲ့ စကားပြောနေတာလေ… မင်းက ဘာဝင်ပြောတာလဲ…”

“ငါ နည်းနည်းလေး ချီးကျူးလိုက်တာနဲ့… မင်းက ပြန်ပြီး မာန်တက်ချင်လာပြီလား…”

“မ… မဟုတ်ပါဘူး…”

ဖုန်းရှောက်ခွန် သူ့အဖေကို တော်တော် ကြောက်ပုံရသည်။ ချောင်းဟန့်လိုက်ပြီး ငြိမ်ငြိမ်လေး ပြန်ထိုင်နေလိုက်၏။

ဖုန်းကျိန်းယွမ် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး ယဲ့ဖန်ကို နောက်ထပ် တစ်ကြိမ် ဂုဏ်ပြုလိုက်ပြန်သည်။

“ရှောက်ခွန် ကိစ္စနဲ့ ပတ်သက်ပြီး… ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်… ပြောရရင် ဖုန်းမိသားစု တစ်ခုလုံးက မင်းကို ကျေးဇူးတင်နေတာပါ…”

“ဒီ ကျေးဇူးတရား တစ်ခုတည်းနဲ့တင်… နောက်ကျရင် မင်း ငါတို့ အကူအညီ လိုအပ်လာရင်… ပြောသာပြောပါ…”

“မူဝါဒနဲ့ မငြိစွန်းသရွေ့… ငါ့ ဖုန်းမိသားစုက ငြင်းမှာ မဟုတ်ပါဘူး…”

“ဦးလေးက အရမ်း ယဉ်ကျေးလွန်းနေပါပြီ…”

ယဲ့ဖန် အလိုလို ခွက်ကို နှိမ့်လိုက်ပြီး ပြန်လည် ဂုဏ်ပြုရန် ပြင်လိုက်၏။

မထင်မှတ်ထားသည်မှာ၊ ဖုန်းကျိန်းယွမ်က ခွက်အောက်ခြေကို မြှောက်လိုက်ပြီး သူ့ခွက်နှင့် တိုက်လိုက်ခြင်းပင်။

လက်ဖက်ရည်ကို မော့သောက်လိုက်ပြီးနောက်၊ သူ ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

“ဒါပေမဲ့… မူဝါဒနဲ့ ငြိစွန်းတဲ့ ကိစ္စမျိုး ဆိုရင်တော့… ငါ တောင်းပန်ရပါလိမ့်မယ်…”

“ဥပမာ… မင်း..ရှောက်ခွန်ကို စနိုက်ပါတွေ တိတ်တဆိတ် စုဆောင်းပြီး အပြင်ထွက်ခိုင်းတဲ့ ကိစ္စမျိုးပေါ့…”

All Chapters