အသိအကျွမ်းဟောင်းတစ်ယောက်နှင့်တွေ့ဆုံခြင်း
Vol. 15 Ch. 157
ကျန်းယန် ရုတ်တရက် ဤ၀င်္ကပါက လွန်ခဲ့သောနှစ်၆၀၀က တည်ဆောက်ထားေသာ၀င်္ကပါဆိုတာ သတိရသွားခဲ့သည်။ လွန်ခဲ့သောနှစ် ၆၀၀က လီဖန်ကျိုးသည် ၀င်္ကပါပါရမီရှင်တစ်ယောက်သက်သက်သာ ဖြစ်သေး၏ အခုလို ၀င်္ကပါပါရမီရှင်တစ်ယောက်ဖြစ်ဦးမည် မဟုတ်ပေ။
“ငါလည်း ဝင်္ကပါပညာကို လေ့လာဖူးတယ် အရင်ဆုံးဒီ၀င်္ကပါက ဘယ်လောက်အားကောင်းသလဲ ကြည့်ကြတာပေါ့ ပြီးမှ ငါတို့ဖြတ်သင့်မဖြတ်သင့် ဆုံးဖြတ်ကြတာပေါ့”
ကျန်းယန် တောအုပ်အနားသို့ သတိအပြည့်နှင့် ချဉ်းကပ်လာခဲ့သည်။ တကယ်တော့ ဤ၀င်္ကပါက အလွန်စွမ်းအားကြီးနေကာ သူဒီတောအုပ်ထဲတွင် ပိတ်မိသွားမှာကို သူကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတွင် ထို၀င်္ကပါပညာရှင် လီဖန်ကျိုးဆိုသည်မှာ အလွန်ကျော်ကြားသူတစ်ယောက် မဟုတ်ပါလော။
အစပိုင်းတွင် ကျန်းယန် ၀င်္ကပါ၏တည်ရှိမှုကို လုံး၀ အာရုံမခံနိုင်ခဲ့ပေ။
လီဖန်ကျိုး၏ ၀င်္ကပါပညာက အလွန်အဆင့်မြင့်လွန်း၍ သူမထောက်လှမ်းနိုင်မှာကိုပင် သူကြောက်ရွံ့သွားခဲ့မိသည်။
သူရောက်နေသောနေရာတွင် ၀င်္ကပါမရှိသေးတာ အတည်ပြုနိုင်သွားမှသာ သူဖြည်းဖြည်းချင်း ရှေ့သို့ ဆက်တိုးသွားခဲ့၏။
မကြာခင်တွင် သူ၀င်္ကပါတစ်ခု၏ အရိပ်အယောင်ကို အာရုံခံလိုက်မိသည်။
“ဆိုတော့ အရိုးရှင်းဆုံး ပုံရိပ်ယောင်၀င်္ကပါလေးပဲပေါ့ ငါကဘာမှမဟုတ်တာကို ကြောက်သွားမိတာပဲ” ကျန်းယန် တစ်ယောက်တည်းပြောလိုက်ပြီး ဆွံ့အသွားသလို ခံစားလိုက်ရ၏။
ဤတောအုပ်ပျောက်ကြီး၏အတွင်းပိုင်းထဲတွင် ပိုအားကောင်းသော၀င်္ကပါမျိုးတော့ ရှိနေနိုင်သေးပေသည်။
သို့သော် သူတို့က အတွင်းပိုင်းထဲထိ၀င်သွားဖို့ ရည်ရွယ်ထားခြင်းမဟုတ်ပေ။ နယ်စပ်မှသာ ဖြတ်သွားဖို့ စီစဉ်ထားခြင်းဖြစ်သောကြောင့် ထိုအရာကို ကြောက်နေစရာမလိုပေ။
တောအုပ်ထဲမှပြန်လာပြီးနောက် ကျန်းယန် စောင့်နေသောသူများကို ပြောလိုက်၏။
“သွားကြစို့ တောအုပ်ကိုဖြတ်ဖို့ ပြဿနာကြီးကြီးမားမားမရှိဘူး ငါ့ေခြလှမ်းအတုိင်းသာလိုက်ခဲ့ လျှောက်တော့မသွားနဲ့”
ထို့နောက်လူနှစ်ယောက်နှင့်ကျားတစ်ကောင် ကျန်းယန်နောက်မှလိုက်၍ တောအုပ်ထဲသို့ စတင်၀င်ရောက်လာခဲ့လေသည်။
“သေချာလိုက်ခဲ့နော် လျှောက်မသွားကြနဲ့ မဟုတ်ရင် တောအုပ်အနက်ပိုင်းရောက်သွားပြီး ၀မ်လင်းဂိုဏ်းရဲ့ ခံတပ်ထဲတည့်တည့်ကြီး ၀င်မိသွားလိမ့်မယ်” ကျန်းယန် အခြားသူများကို သတိပေးလိုက်ပြီး သူကိုယ်တိုင်လည်း လမ်းကြောင်းအတိုင်း သတိထား၍ ဆက်လျှောက်နေခဲ့၏။
(Translator note: ၀မ်လင်းဂိုဏ်းနဲ့ အနန္တဝိညာဉ်ဂိုဏ်းဆိုတာ အတူတူပါပဲ ၀မ်လင်းကိုဘာသာပြန်လိုက်ရင် အနန္တဝိညာဉ်ပဲမလို့ ၀မ်လင်းဂိုဏ်းလို့ပဲ ပြန်သုံးပါမယ် mtl မှာတော့ နောက်ပိုင်းတွေမှာ အနန္တဝိညာဉ်ဂိုဏ်းလို့ သုံးထားပါတယ်)
သို့သော် ကျန်းယန်ကိုယ်တိုင်လည်း သူသွားနေတာက လမ်းကြောင်းအမှန်လား သေချာတော့ မသိပေ။
သူတို့တောအုပ်ထဲ ပိုတိုး၀င်လာမိသည်နှင့် မိုးထိအောင်ရှည်သောသစ်ပင်ကြီးများက တောအုပ်တစ်ခုလုံးကို အုပ်မိုးထားကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းနေပြီး သူတို့လမ်းကြောင်းကိုပင် သေချာမမြင်နိုင်လောက်အောင် ဖြစ်လာကြသည်။
အချိန်အနည်းငယ်ကြာအောင် တောအုပ်ထဲ၀င်လာပြီးချိန်တွင် ကျားမိစ္ဆာ ကျန်းယန်ကို သူ့လက်သည်းဖြင့် ခပ်သာသာပုတ်လိုက်ပြီး သူတို့အနီးရှိ သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြလိုက်၏။
သူလူအနံ့ရ၍ဖြစ်ပြီး ထိုအနံ့က ထိုသစ်ပင်ကြီးထဲမှလာခြင်းဖြစ်သည်။
ကျန်းယန် အမူအရာ ခက်ထန်သွားခဲ့၏။ သူလက်မြှောက်ကာ ထိုသစ်ပင်ကြီးကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ပစ်ဖို့ ပြင်လိုက်ပါသော်လည်း နောက်ဆုံးတွင် မလုပ်ဖြစ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤအဖြစ်အပျက်က ထူးဆန်းနေသည်ဟု သူခံစားလိုက်ရ၍ ဖြစ်သည်။ ဘယ်လိုလူက ၀မ်လင်းဂိုဏ်းနယ်မြေထဲရှိ သစ်ပင်ကြီးတစ်ပင်ထဲတွင် ပုန်းအောင်းနေပါသနည်း။ သူ့ရည်ရွယ်ချက်က ဘာဖြစ်နိုင်ပါသနည်း။
သူချင်းရှု စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ကို အချက်ပြလိုက်၏။ ထို့နောက် သူတို့လေးယောက် သစ်ပင်ကြီးကို ဝိုင်းထားလိုက်ပြီး ကျန်းယန် နတ်အာရုံသုံးကာ သစ်ပင်ထဲကို တစ်ချက်ထောက်လှမ်းလိုက်လေသည်။ သို့သော် သူ့နတ်အာရုံက သစ်ပင်ထဲတွင် ဘာမှမရှိဘူးဟုသာ ပြသနေခဲ့၏။
ကျားမိစ္ဆာ၏ အာရုံက မှားယွင်းသွားခဲ့ခြင်းပေလော။
သူအေးစက်စက်ပြောလိုက်သည်။
“ထွက်လာခဲ့ မင်းထွက်မလာရင် ငါသစ်ပင်ကြီးတစ်ပင်လုံးကို မီးတိုက်ပစ်မယ်”
“ကျန်းယန်!”
သစ်ပင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် သစ်ခေါက်များကွာကျသွားခဲ့ပြီး သစ်ပင်ထဲမှ လူတစ်ယောက် တွားသွား၍ ထွက်လာခဲ့၏။ ကြည့်ရသည်မှာ လူတစ်ယောက်က ထိုသစ်ပင်ကြီးကို အခေါင်းပေါက်ဖြစ်အောင်လုပ်၍ အထဲတွင် ပုန်းအောင်းနေပုံပင်။
“ကျိယန်!”
ကျန်းယန် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“နင်ဘာလို့ ဒီရောက်နေတာလဲ”
သူကျိယန်ကို သတိထားကာ စောင့်ကြည့်နေခဲ့ပြီး သူ့အသိလူတစ်ယောက်ဖြစ်သောကြောင့် သတိပေါ့သွားတာမျိုး မရှိခဲ့ပေ။
ကျိယန် ပြန်မဖြေခဲ့ပေ။ ထိုအစား သူ့အမူအရာက စိတ်ညစ်သွားသော အမူအရာသို့သာ ပြောင်းလဲသွားခဲ့၏။
ကျန်းယန် မလှုပ်ရှားသေးဘဲ သူမကိုကြည့်လိုက်ကာ မေးလိုက်ပြန်သည်။
“နင်ငါ့မေးခွန်းကို မဖြေရသေးဘူးနော် နင်ဘာလို့ ဒီမှာရှိနေတာလဲ”
ကျိယန် အလွန်စိတ်ညစ်သွားခဲ့၏။
“ဒီနေရာက အရင်ထွက်သွားရအောင် ပြီးရင် ငါနင့်ကိုအားလုံးရှင်းပြပေးမယ် အခုတော့ ၀မ်လင်းဂိုဏ်းကလူတွေ ငါ့ကိုလိုက်ရှာနေကြတယ် ငါ့မှာသာ လျှို့ဝှက်နည်းစနစ်တစ်ခုရှိမနေရင် သူတို့င့ါကို အရင်ကတည်းက ရှာတွေ့သွားလောက်ပြီ”
သူမပဟေဠိလည်းဖြစ်နေခဲ့သည်။ သူမလျှို့ဝှက်နည်းစနစ်က ဒီလောက်ပြီးပြည့်စုံနေတာကို ကျန်းယန်က အဘယ်ကြောင့် ရှာတွေ့သွားရပါသနည်း။
ကျန်းယန် နှင့်သူ့အဖွဲ့ပင် သူမကိုရှာတွေ့နိုင်လျှင် ၀မ်လင်းဂိုဏ်းကလူများလည်း သူမကိုမကြာခင်ရှာတွေ့သွားနိုင်သည်ဟု ဆိုလိုနေ၏။
ကျန်းယန် အေးစက်စက်တစ်ချက်ရယ်မောလိုက်ကာ
“နင်က ၀မ်လင်းဂိုဏ်းထဲ၀င်ထားတာ မဟုတ်ဘူးလား”
အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ ထွက်ခွာသွားကာ အခြားကုန်းမြေတိုက်ကြီးအောက်ရောက်သွားသော သူတို့အဖွဲ့ကို ကျန်းယန် သူ့နှလုံးသားအောက်ခြေမှပင် ရွံ့ရှာမိ၏။
အကယ်၍ ကောင်းကင်ဒဏ္ဍာရီကသာ သူ့ကိုအကူအညီတောင်းမထားလျှင် သူကျိယန်ကို စကားပင်ပြောနေမည် မဟုတ်ပေ။
သူမကို ချက်ချင်း မသတ်လုိက်တာကပင် သူ့အတွက် အတော်လေးယဉ်ကျေးပေးရာ ကျနေချေပြီ။
ကျန်းယန် ၀မ်လင်းဂိုဏ်းနှင့်ကျိယန်ကြားက ကိစ္စများအကြောင်းလည်း စိတ်မ၀င်စားပေ။ သူများကိစ္စများတွင် ၀င်ပါချင်စိတ်လည်း သူ့တွင်မရှိပေ။
ကျိယန် ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ကာ အေးစက်စက်တစ်ချက်ပြုံးလိုက်ပြီး စတင် ရှင်းပြလိုက်၏။
“ငါ့ဆရာနဲ့ အခြားသူတွေ ၀မ်လင်းကုန်းမြေတိုက်ကြီးဆီထွက်သွားတော့ ငါကလိုက်မသွားချင်ခဲ့ဘူး ဒါပေမယ့် ၀မ်လင်းဂိုဏ်းကကတိတစ်ခုပေးခဲ့တယ် တကယ်လို့ ငါသာလိုက်ခဲ့မယ်ဆိုရင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက် ၀င်ခွင့်တစ်နေရာစာ ပေးမယ်တဲ့
အဲ့တာကြောင့် ငါ့ဆရာဖိုးဖိုးက ငါ့ကိုလိုက်သွားဖို့ တိုက်တွန်းခဲ့တာ
ငါထွက်မသွားခင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က တကယ်ကြီးမားတဲ့ အခွင့်အလမ်းကြီးဖြစ်လို့ ကျိန်းသေပေါက် အရယူရမယ်လို့ ဆရာဖိုးဖိုးက ညွှန်ကြားခဲ့သေးတယ်
ဆရာဖိုးဖိုးရဲ့ တိုက်တွန်းမှုကြောင့်သာ ငါလည်း၀မ်လင်းဂိုဏ်းဆီ ရောက်လာခဲ့ရတာ
တကယ်တော့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှာ ငါ့ကိုတကယ်တန်ဖိုးထားတာက ဆရာဖိုးဖိုးပါ သူကငါ့ကိုနောက်တက်မယ့် ဂိုဏ်းချုပ်လို့သဘောထားပြီး ကောင်းကောင်းပျိုးထောင်ပေးခဲ့တာ”
ကျန်းယန် တခဏတိတ်ဆိတ်သွားပြီး ထပ်မေးလိုက်သည်။
“ဒါဆို ၀မ်လင်းဂိုဏ်းကလူတွေက နင့်ကိုဘာလို့ လိုက်ရှာနေကြတာလဲ”
ကျိယန်အပေါ်သူ့သဘောထား အနည်းငယ်ကောင်းမွန်လာသော်လည်း သူ့စကားများကို ယုံတော့ မယုံရဲသေးပေ။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆိုတာ ဘာမဆိုဖြစ်သွားနိုင်သောနေရာပင် မဟုတ်ပါလော။
“ငါတို့ ဒီနေရာက အရင်ထွက်သွားလို့ရမလား” ကျိယန် ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“နင်တောင်ငါ့ကိုရှာတွေ့ရင် သူတို့အတွက်လည်း ငါ့ကိုရှာတွေ့ဖို့ အချိန်အကြာကြီး ယူရမှာမဟုတ်ဘူး”
“နင့်ကိုငါတို့ရှာတွေ့ခဲ့တာ မဟုတ်ဘူး ၀မ်ချိုက်က အနံ့ခံမိခဲ့တာ” ကျန်းယန် အေးအေးဆေးဆေးပြောလိုက်၏။
“ပြီးတော့ ၀မ်လင်းဂိုဏ်းကကောင်တွေ ငါတို့ကိုရှာတွေ့သွားရင်လည်း ကောင်းတာပဲ အကုန်လုံးကို သတ်ပစ်မယ်”
ကျိယန် ကျန်းယန်ကိုကြည့်ကာ ဆွံ့အသွားခဲ့သည်။ ထိုလူများက ကောင်းကင်ရွေးချယ်ခံ ပါရမီရှင်များ မဟုတ်ပါလော။ နောက်ဆံုးတွင် ဘယ်သူက ဘယ်သူ့ကိုသတ်သွားနိုင်ပါမည်နည်း။ ထို့အပြင် ဤနယ်မြေကလည်း ၀မ်လင်းဂိုဏ်းနယ်မြေ ဖြစ်နေသေးသည်။
သို့သော်လည်း ကျန်းယန်ထံတွင်ရှင်းလင်းသောအဖြေတစ်ခုရှိနေသောအခါ သူဆက်ဖြေဖို့မှလွဲ ရွေးချယ်စရာမရှ်ိတော့ပေ။
“နင်၀မ်လင်းဂိုဏ်းက ကျိုးချင်အကြောင်းကြားဖူးမလားမသိဘူး”
ကျန်းယန် မဖြေရသေးခင်တွင် သူ့ဘေးက ချင်းရှု ၀င်ဖြေလိုက်၏။
“ငါကြားဖူးတယ် သူကအမျိုးသမီးကျင့်ကြံသူတွေကို ပစ်မှတ်ထားတဲ့ နှာဘူးတစ်ယောက်ပဲ”
ကျိယန် ချင်းရှုကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းယန်ဘက်ပြန်လှည့်လိုက်ပြီး
“ချင်းရှုက ယင်ယန်လိုက်ဖက်ညီမှုပညာရပ်ကိုကျင့်ကြံတာ အဲ့ဒီကျင့်စဉ်က ၀မ်လင်းဂိုဏ်းရဲ့ အနှိုင်းမဲ့ကျင့်စဉ်တစ်မျိုးပဲ အဲ့ဒီကျင့်စဉ်ကို ကျင့်ကြံဖို့က အမျိုးသမီးကျင့်ကြံသူတွေနဲ့ နှစ်မွှာကျင့်ကြံဖို့ လိုတယ်”
ကျန်းယန် မျက်မှောင်ကြုံ့လိုက်ကာ ဘာမှတော့ပြန်မပြောခဲ့ပေ။
သူ့ဘေးမှ ချင်းရှုသာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ငါလည်း ယင်ယန်လိုက်ဖက်ညီမှုပညာရပ်အကြောင်းကြားဖူးတယ် သူတို့ပြောတာတော့ အဲ့ဒီကျင့်စဉ်က အတူတူကျင့်ကြံတဲ့ အမျိုးသမီးကျင့်ကြံသူအပေါ်လည်း အကျိုးရှိစေတယ်တဲ့ မှန်လားမှားလားတော့ ငါလည်းမသိဘူး”
ကျိယန် မမေးဘဲ မနေနိုင်တော့ပေ။
“ဒီတာအိုမိတ်ဆွေက ဘယ်သူများလဲ”
“ငါက…”
ချင်းရှု ပြောမပြီးသေးခင်တွင် ကျန်းယန် စကားဖြတ်ပြောလိုက်လေသည်။
“သူကတောင်စောင့်တာအိုပညာရှင်တစ်ယောက်ပါပဲ ဆိုတော့ ချင်းရှုက နင့်ကိုမျက်စိကျလာလို့ နင်ထွက်ပြေးလာရတာလား”
အခြေအနေတစ်ရပ်လုံးက သံသယရှိစရာတော့ ကောင်းသည်ဟု ကျန်းယန်ခံစားနေရ၏။
ကျိယန်ဖြေလိုက်သည်။
“ငါတို့ ၀မ်လင်းကုန်းမြေတိုက်ကြီးကို ရောက်လာတော့ ၀မ်လင်းကုန်းမြေတိုက်ကြီးက ငါတို့ကို လုံး၀တန်ဖိုးမထားတော့ဘူး တစ်ဖက်မှာ ငါ့ဆရာနဲ့အခြားသူတွေက သူတို့ဆီက မျက်နှာရဖို့အသည်းအသန်ကြိုးစားနေခဲ့ကြတယ် ကျိုးချင်အကြောင်းကြားပြီးတဲ့နောက်မှာ ငါ့ဆရာက ၀မ်လင်းဂိုဏ်းနဲ့အရင်သွားဆက်သွယ်ခဲ့တာ
ဒီတစ်ခေါက် တိုက်ပွဲကွင်းပြင်ကို၀င်တော့ ကျိုးချင်မှာလည်း ငါနဲ့ပတ်သက်ပြီးမကောင်းတဲ့အကြံအစည်တွေ ရှိလာခဲ့တယ်
အဲ့ဒီမှာပဲ ၀မ်လင်းဂိုဏ်းကလူတွေ ဘယ်လောက်ရွံစရာကောင်းလဲ ငါသိလာခဲ့ရတာ အဲ့တာနဲ့ ငါလည်းအခွင့်အရေးရှာပြီး အခွင့်အရေးရတာနဲ့ သူတို့လက်ထဲက ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်
အဲ့တာကြောင့် ရက်ပေါင်းများစွာသူတို့အဖွဲ့နောက်လိုက်ခဲ့ပြီးတဲ့နောက် အခွင့်အရေးရတဲ့အချိန်မှာ ငါသူတို့ရဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတစ်ခုကို ခိုးပြီး ထွက်ပြေးလာခဲ့တာ
ငါ့လျှို့ဝှက်နည်းစနစ်နဲ့ဆိုရင် ငါဒီသစ်ပင်ထဲမှာ တိုက်ပွဲကွင်းပြင်ပြန်ဖွင့်တဲ့အချိန်ထိ ပုန်းနေလို့ရမယ်လို့ ထင်ထားခဲ့တာ”
သူခိုးယူခဲ့သော ရတနာကဘယ်လိုရတနာလဲဆိုတာ သူပြောမပြခဲ့ပေ။
ကျန်းယန် ကျိယန်ကို လေးလေးနက်နက်စိုက်ကြည့်နေခဲ့သည်။ ဤအဖြစ်အပျက်က ထိုမျှမရိုးရှင်းနိုင်ဘူးဆိုတာ သူသိ၏။
“ငါနင့်ကို အဲ့ဒီရတနာပေးနိုင်တယ်” ကျိယန် ကျန်းယန်ကိုကြည့်လိုက်ကာ
“ငါ့ကိုေခါ်သွားပြီး ဒီနေရာကထွက်သွားဖို့ ကူညီပေးနိုင်မယ်ဆိုရင်ပေါ့”
စစ်ထူမင်ယွဲ့ ကျိယန်ကိုသတိထားေနဟန်ဖြင့် တစ်ချက်ကြည့်လိုက်ကာ ကျန်းယန်ဘက်လှည့်၍ ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး သူ့ကိုခေါ်သွားဖို့က မသင့်ေလျာ်ေလာက်ဘူးနော်”
ကျန်းယန် တခဏတွေးတောပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နင်ငါတို့နဲ့ လိုက်ခဲ့လို့ရပါတယ် ဒါပေမယ့် နင်လည်းအလုပ်လုပ်ရမယ် နောက်ပြီး နင့်အသက်ကိုလည်း အာမမခံနိုင်ဘူး ပြီးတော့ ငါတို့လမ်းတစ်လျှောက်ကြုံရတဲ့ အခွင့်အလမ်းတွေကလည်း နင်နဲ့ဘာမှမဆိုင်ဘူး”
ကျိယန်က ပြန်ပြောဖို့ပြင်လိုက်စဉ်တွင် ကျန်းယန် လေသံကအေးစက်သွားခဲ့ပြီး
“နင်အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ထွက်သွားပြီးကတည်းက ငါနင့်လိုလူတွေအပေါ် အယုံအကြည်မရှိတော့ဘူး နင့်ဆရာဖိုးဖိုးရဲ့မျက်နှာကြောင့်သာ ငါနင့်ကိုအသက်ရှင်လျက်ခေါ်ထုတ်သွားနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတာ ဒါပေါ့ နင်ကနင့်အတွက်ဘာကကောင်းလဲဆိုးလဲဆိုတာမသိဘဲ သေသွားရင်လည်း ငါဂရုမစိုက်ဘူး ပြီးတော့ နင်ငါ့စည်းမျဉ်းတွေကိုချိုးဖောက်ရင် ငါနင့်ကို မသတ်ဘဲနေမှာမဟုတ်ဘူး”
ကျိယန် အသာအယာခေါင်းညိတ်ပြလိုက်ကာ ကျန်းယန်၏အခြေအနေများကို လက်ခံလိုက်သည်။
စစ်ထူမင်ယွဲ့လည်း ဘာမှဆက်မပြောတော့ပေ။
ထို့နောက် သူတို့အဖွဲ့တောအုပ်ပျောက်ကြီးကို ဖြတ်သန်းသွားခဲ့ကြပြီး ဤတစ်ခေါက်တွင်တော့ ကျိယန် ဟူသော လူပိုတစ်ယောက် ပါလာခဲ့လေသည်။
အစမှအဆုံးအထိ ကျိယန် ၀မ်လင်းဂိုဏ်းမှခိုးလာသော ရတနာကဘယ်လိုရတနာလဲဆိုတာ ကျန်းယန် တစ်ခွန်းမှမမေးခဲ့ပေ။