← Chapters

သူတို့ဆီကလည်း လုလို့ရနိုင်တယ်

Vol. 15 Ch. 158

သူတို့ဆီကလည်း လုလို့ရနိုင်တယ်

Vol. 15 Ch. 158

ကျန်းယန်အဖွဲ့တွင် လူတစ်ယောက်တိုးလာပါသော်လည်း ကွာခြားမှု သိပ်ရှိမသွားခဲ့ပေ။

အပိုလူကျိယန်သည် အဖွဲ့နှင့်လိုက်လျောညီထွေမရှိလှဘဲ သူ့အခြေအနေသူသိသောကြောင့် လမ်းခရီးတလျှောက်လုံး တိတ်တဆိတ်သာ လိုက်ပါလာခဲ့သည်။

စစ်ထူမင်ယွဲ့ကသာ သူ့ကိုတိတ်တဆိတ်အကဲခတ်နေခဲ့၏။

ကျိယန်သည် သူ့စီနီယာအစ်ကိုကြီး၏ လက်တွဲဖော် ဖြစ်လုနီးနီး ဖြစ်ခဲ့သူဖြစ်မှန်း သူသိပေသည်။ ထိုမိန်းမက သူမ၏ ပြိုင်ဘက်ပင်ဖြစ်၏။

နှစ်ရက်ကြာပြီးနောက်တွင် သူတို့အဖွဲ့ ၀မ်လင်းဂိုဏ်း၏တောအုပ်ကြီးကိုဖြတ်ကာ တစ်ဖက်ခြမ်းသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာသို့ ရောက်သောအခါ သူတို့ရှေ့တွင်ပိတ်နေသော မြေကွဲကြောင်းတစ်ခုကို တွေ့လိုက်ရပြီး ထိုအကွဲကြောင်းသည် မီတာ ၁၀၀ ၂၀၀လောက် ကျယ်၀န်းကာ သူ့အနက်ကိုတော့ မသိရပေ။

အက်ကွဲကြောင်းကိုတွေ့သောအခါ ချင်းရှုအမူအရာလေးနက်သွားပြီး ပြောလိုက်သည်။

“လူတိုင်းပဲ ဂရုစိုက်ကြပါ ပြုတ်မကျသွားမိစေနဲ့ ဂိုဏ်းကြီးတွေရဲ့ မှတ်တမ်းတွေအရ ဒီအက်ကွဲကြောင်းထဲ ပြုတ်ကျသွားတဲ့လူမှန်သမျှ ပြန်‌တွေ့ရရိုး ထုံးစံ မရှိဘူး”

“ဒီလို အက်ကွဲကြောင်းကြီးတွေက တိုက်ပွဲကွင်းပြင်ထဲမှာ အများကြီးရှိတယ် ဒီအက်ကွဲကြောင်းကြီးတွေနဲ့ပဲ တိုက်ပွဲကွင်းပြင်ကို အကြမ်းဖျင်း နယ်မြေလေးခုအဖြစ် ပိုင်းခြားထားတာ

ဒီအက်ကွဲကြောင်းတွေ ဘယ်ကဘယ်လိုဖြစ်လာလဲဆိုတာတော့ ဘယ်သူမှမသိဘူး ဒါပေမယ့် သူ့အန္ဆရာယ်ကိုတော့ လွန်ခဲ့တဲ့ နှစ်သုံးထောင်ကတည်းက လူတိုင်းအသိအမှတ်ပြုထားကြတယ်”

ကျန်းယန် အက်ကွဲကြောင်းကြီးကို တစ်ချက်ကြည့်လိုက်၏။ သူကတော့ ဤအက်ကွဲကြောင်းကြီးတွေ၏ ဇစ်မြစ်ကို အတိအကျကြီး သိရှိပေသည်။

ဤတိုက်ပွဲကွင်းပြင်သည် ဤကမ္ဘာမှမဟုတ်ဘဲ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်၏ အပိုင်းတစ်ခုသာ ဖြစ်ပြီး ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုသည်မှာ အမတ မိစ္ဆာ သားရဲ နှင့် တစ္ဆေမျိုးနွယ်များ၏ အခွင့်အလမ်းရှာဖွေသော နေရာသာ ဖြစ်၏။

တိုက်တိုက်ဆုိင်ဆိုင်ပင် ထိုမျိုးနွယ်များက လေးခုရှိသလို ဤနေရာကိုလည်း အက်ကွဲကြောင်းကြီးများဖြင့် နယ်မြေလေးခုအဖြစ် ပိုင်းခြားထားခဲ့သည်။

သို့သော် ထိုသတင်းအချက်အလက်ကို ချင်းယွင်ကျိ ကျန်းယန်နှင့်မိစ္ဆာများသာ သိရှိကြခြင်းဖြစ်၏။

ကျန်းယန် အက်ကွဲကြောင်းကြီး၏တစ်ဖက်ခြမ်းကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ထိုနေရာသည် ဖုန်းဆိုးမြေတစ်ခုနှင့်တူနေပြီး ဘယ်သူမှရှိပုံမရပေ။ သို့သော် သူမှန်ပြောင်းကိုထုတ်၍ သေချာကြည့်ရှုလိုက်သောအခါတွင်တော့ တစ်ဖက်ကမ်းတွင် ချောင်းမြောင်းနေသည့် ကျင့်ကြံသူများကို တွေ့လိုက်ရ၏။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သည် ဖွင့်လှစ်ခဲ့တာ အချိန်ကာလအတော်ကြာမြင့်သွားပြီ ဖြစ်သောကြောင့် လူတိုင်းတွင် တိုက်ခိုက်ရေးနည်းဗျူဟာများ ရှိနေခဲ့ကြပြီး ဖြစ်သည်။

အားနည်းသောကျင့်ကြံသူများအတွက် ထိုကဲ့သို့သော တစ်ဖက်ကမ်းတွင်စောင့်ဆိုင်းကာ ဟိုဘက်ကမ်းမှကူးလာသူများကို ချောင်းမြောင်းတိုက်ခိုက်ခြင်းက အကောင်းဆုံးသော ဗျူဟာ မဟုတ်ပါလော။

ကျန်းယန် မှန်ပြောင်းကိုသုံးကာ တစ်ဖက်ကမ်းကို သေချာကြည့်ရှုစစ်ဆေးလိုက်သောအခါ ပုန်းအောင်းနေသော ကျင့်ကြံသူ၅ယောက်ကို တွေ့လိုက်ရ၏။

အချိန်တစ်ခုထိ သူစောင့်ကြည့်နေခဲ့သော်လည်း ထိုငါးယောက်မှလွဲပြီး ဘယ်သူ့ကိုမှ ထပ်မတွေ့တော့ပေ။

ထို့နောက် ကျန်းယန် သူ့ဘေးမှလူများကို တစ်ချက်ကြည့်လိုက်သည်။

ကျားမိစ္ဆာသည် မပျံသန်းနိုင်သောကြောင့် တစ်ဖက်ကမ်းသို့ ကူးရာတွင် လူနှစ်ယောက်က သူ့ကိုညှပ်၍ သယ်ဆောင်သွားဖို့ လို၏။

တခဏတွေးတောပြီးနောက် သူကျိယန်ကို ပြောလိုက်သည်။

“နင်အရင်သွား”

“တစ်ဖက်ကမ်းမှာ ပုန်းနေတဲ့ ကျင့်ကြံသူ ငါးယောက်ရှ်ိတယ် သတိထားပြီး ပျံသွား ငါနင့်ကိုနောက်ကနေ ကာကွယ်ပေးထားမယ်”

ကျိယန် နှလုံးသားအေးစက်သွားခဲ့၏။ တစ်ဖက်တွင် ပုန်းအောင်းနေသော ကျင့်ကြံသူငါးယောက်ရှိနေချိန်တွင် သူမသည် တစ်ယောက်တည်း ပျံသန်းသွားရမည်လော။

ထိုအရာက သေကြောင်းကြံခြင်းသာ ဖြစ်သည်။

ကျန်းယန် ကျိယန်ကိုလျစ်လျူရှုလိုက်ပြီး ချင်းရှုကိုပြောလိုက်၏။

“သူထွက်သွားတာနဲ့ မင်းနောက်ကချက်ချင်းလိုက်သွား မင်းတစ်ဖက်ကမ်းကိုရောက်ရင် အခွင့်ကောင်းရှာပြီး ဟိုဘက်ကမ်းကပုန်းနေတဲ့လူတွေဆီကနေ ကာကွယ်လို့ရမယ့် နေရာကောင်းတစ်ခုအရင်ရှာထား ကျန်တာကိုတော့ ငါ့တာ၀န်ထားလိုက်”

“ပြဿနာမရှိဘူး” ချင်းရှု ကျန်းယန်ကို အပြည့်အ၀ ယုံကြည်ပေသည်။

ထို့နောက် ကျန်းယန် ဘားရတ်ရိုင်ဖယ်ကိုထုတ်ကာ တစ်ဖက်ကမ်းဆီ ချိန်ထားရင်း ကျိယန်ကို ပြောလိုက်၏။

“အခုထွက်တော့”

ကျိယန် ကျန်းယန်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်ကမ်းသို့ ပျံသန်းသွားခဲ့လေသည်။

သူမတွင် ရွေးချယ်စရာမရှိပေ။

တစ်ဖက်ကမ်းတွင် ပုန်းအောင်းနေသူများ သူတို့ဆီ ကျင့်ကြံသူတစ်ယောက်ပျံသန်းလာနေသည်ကို မြင်လိုက်သည်နှင့် ထိုကျင့်ကြံသူ မြေပေါ်ဆင်းတာနဲ့ ချက်ချင်း တိုက်ခိုက်၍ရအောင် မှော်သိုင်းများကို ပြင်ဆင်ကာ အသင့်စောင့်နေခဲ့ကြ၏။

ထို့နောက် ပျံသန်း‌လာနေသည်က တစ်ယောက်တည်းမဟုတ်ဘဲ ထိုတစ်ယောက်နောက်တွင် နောက်တစ်ယောက်ပါ ကပ်ပါလာသည်ကို မြင်လိုက်ကြရသည်။

ပုန်းအောင်းနေသော ကျင့်ကြံသူများ အလွန်ပျော်သွားခဲ့ကြ၏။ ကြည့်ရသည်မှာ ဒီနေ့တော့ သူတို့ချမ်းသာဖို့ ကံပါလာပုံပင်။

အတန်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်တွင် သူတို့သားကောင်က နောက်ဆုံး၌ငါးစားကို ဟက်လိုက်လေသည်။

သူတို့အားလုံး၏ အာရုံများက ကျိယန်နှင့်ချင်းရှုတို့အပေါ်တွင်သာ ရောက်ရှိနေကြချိန်တွင် မီတာရာချီအဝေး၌ သူတို့ကို ဘာအသံမှမထွက်ဘဲ သတ်ဖြတ်ပစ်နိုင်သော အရာတစ်ခုရှိနေတာကို သတိမထားမိခဲ့ကြပေ။

စိတ်ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ကျိယန်ဆင်းသက်တော့မှာကို မြင်ပြီး ချက်ချင်းလှုပ်ရှားဖို့ပြင်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်သို့ နောက်သို့လန်ကျသွားခဲ့ပြီး ရုတ်ချည်းဆိုသလို သေဆုံးသွားခဲ့ရ၏။

ထို့နောက် လှုပ်ရှားဖို့ပြင်လိုက်သောနောက်ထပ်ကျင့်ကြံသူတစ်ယောက်လည်း သေဆုံးသွားခဲ့ရပြန်သည်။

မီတာ ၁၀၀ ၂၀၀ ဝေးသော ကမ်းပါးများကို ဖြတ်သန်းရန် ကျိယန်နှင့်ချင်းရှုတို့အတွက် အချိန် ၁၀ စက္ကန့်သာ လိုခဲ့ပြီး ထို၁၀စက္ကန့်အတွင်းတွင် သူတို့ကို အာရုံအပြည့်စိုက်ထားသော ပုန်း‌ေအာင်း‌ေနသည့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရ၏။ ထိုသူများ သူတို့ဘယ်လိုသေသွားခဲ့ရလဲဆိုတာကိုပင် မသိရှိခဲ့ကြပေ။

တိုက်ခိုက်ဖို့ စိတ်ကိုပြင်ဆင်ကာ ကြမ်းတမ်းသောတိုက်ပွဲတစ်ခု ဖြစ်တော့မည်ဟု တွေးထားသော ကျိယန်ကတော့ တစ်ဖက်ကမ်းသို့ သူမဘေးကင်းကင်းဖြင့် ရောက်သွားသောအခါ ကြောင်သွားခဲ့လေသည်။

ထိုကျင့်ကြံသူများ ဘယ်ရောက်သွားကြပါသနည်း။

“ဘာကြောင်ရပ်နေတာလဲ သတိနဲ့နေလေ” ချင်းရှု ကျိယန်ကို ပြောလိုက်၏။

“ကောင်းကင်က နင့်ကိုအဲ့ဒီလိုလှပမှုမျိုး ပေးသနားခဲ့ပြီး ဦးနှောက်ကျဘာလို့ ထည့်မပေးခဲ့တာလဲ”

ထိုစကားကိုကြားမှသာ ထိုတာအိုပညာရှင်၏နှုတ်ဘယ်လောက်ထက်မှန်း ကျိယန် သိရှိသွားခဲ့ရသည်။

အခြေအ‌ေနက အရေးကြီး‌ေန‌ေသာ‌ေကြာင့် သူမဒေါသများကိုဖိနှိပ်ထားလိုက်ပြီး ပတ်၀န်းကျင်ကို သတိအပြည့်ဖြင့် တစ်ချက်အကဲခတ်လိုက်၏။

ထိုအခိုက်တွင် ကျန်းယန်နှင့်စစ်ထူမင်ယွဲ့တို့ ကျားမိစ္ဆာကို တစ်ဖက်တစ်ချက်က ဆွဲကာ အက်ကွဲကြောင်းကိုဖြတ်၍ ပျံသန်းလာခဲ့ကြသည်။

သူတို့ တစ်ဖက်ကမ်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်လိုက်သောအခါ ကျန်းယန် ကျားမိစ္ဆာကိုကြည့်၍ ပြောလိုက်၏။

“၀မ်ချိုက် ဒီကိစ္စကိုမှတ်ထားနော် ငါသာမရှိရင် မင်းကတိုက်ပွဲကွင်းပြင်ထဲမှာ ဘာမှမဟုတ်ဘူး မင်းတစ်ယောက်တည်းသာဆို သေနေတာကြာပေါ့ အပြင်ရောက်လို့ မင်းငါ့ကိုလက်သည်းနဲ့ကုတ်ရဲသေးရင် ငါမင်းကိုအရေခွဲစုတ်ပြီး အမြီးဖြတ်ပစ်မယ်”

ကျားမိစ္ဆာ သူ့ခေါင်းနှင့်ကျန်းယန်ကိုပွတ်လိုက်ပြီး သူနားလည်ကြောင်း အချက်ပြလိုက်လေသည်။

ကျိယန် သတိအပြည့်နှင့် လမ်းလျှောက်နေရင်း ဘေးဘက်ခြမ်းသို့ ရောက်သွားသောအခါ သေဆုံးနေသောအလောင်းများကို တစ်လောင်းပြီးတစ်လောင်း‌တွေ့လိုက်ရ၏။ ထိုအခါမှသာ သူတို့ဘာလို့တိုက်ခိုက်မခံရသလဲဆိုတာ သူနားလည်သွားခဲ့သည်။

သူအလောင်းများကိုစိုက်ကြည့်နေရင်း ဝိညာဉ်အခြေတည်အဆင့်များက အဘယ်ကြောင့် ထိုမျှလွယ်လွယ်သေသွားခဲ့ရသလဲဆိုတာ နားမလည်နိုင်ဖြစ်နေခဲ့၏။

“ဘာတွေရပ်ကြည့်နေတာလဲ သူတို့ဆီက တံဆိပ်ပြားတွေနဲ့ အသုံး၀င်တာတွေယူတော့လေ” ကျန်းယန် ကျိယန်ကိုကြည့်ကာ စိတ်တိုနေဟန်ဖြင့် ပြောလိုက်သည်။

“အခြားသူတွေကိုကြည့်စမ်း ဘယ်လောက်ကြိုးစားနေလိုက်လဲ”

စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့က သူမတွေဝေနေချိန်တွင် တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးသွားခဲ့ချေပြီ။

တိုက်ပွဲမြေပြင်ကိုရှင်းလင်းခြင်းကသာ သူတို့လုပ်ပေးနိုင်သော အကောင်းဆုံးအရာဖြစ်ပြီး အခြားနေရာများတွင် သူတို့က ဘာမှလုပ်ပေး၍ မရမှန်း သူတို့ကောင်းကောင်းကြီး သိကြ၏။

“အို့”

ပျို့အန်ချင်စိတ်ကို ဖိနှိပ်ထားကာ ကျိယန် အလောင်းများထံမှ တံဆိပ်ပြားများနှင့်အသုံး၀င်သော ပစ္စည်းများကို ယူဆောင်လိုက်လေသည်။

ထို့နောက်ပစ္စည်းများကို ကျားမိစ္ဆာကိုယ်ပေါ်တွင်တင်ကာ နယ်မြေအသစ်ဆီသို့ ဆက်လက်ချီတက်လာခဲ့ကြ၏။

ထိုအခိုက်တွင် ဤအဖွဲ့ဘယ်လောက်ထူးဆန်းမှန်း ကျိယန်သိနေခဲ့ချေပြီ။

ထိုအဖွဲ့ထဲတွင် ကျန်းယန်က ရွှေအမြုတေအဆင့်တစ်ယောက်သာဖြစ်သော်လည်း လူတိုင်းက သူ့စကားကို အဘယ်ကြောင့်နားထောင်နေကြပါသနည်း။

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် အဘယ်ကြောင့် သူတို့က တောင့်တင်းမနေဘဲ သက်တောင့်သက်သာရှိနေကြပါသနည်း။

ထို့အပြင် ကျန်းယန်လွယ်ထားသော မည်သည့်စိတ်ဝိညာဉ်စွမ်းအင်လှိုင်းမှဖြာထွက်မနေသော အရာကြီးက ဘာကြီးဖြစ်နိုင်ပါသနည်း။

ခုနက ကျင့်ကြံသူများသည် ထိုအရာကြီးဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ပေလော။

မေးခွန်းများစွာ ကျိယန်အတွေးထဲ ၀င်လာခဲ့သည်။

၁၀လီခန့်လမ်းလျှောက်ပြီးသောအခါ လူ ၅ယောက် ၆ယောက်လောက်ဖြင့် အဖွဲ့ဖွဲ့ထားသော အဖွဲ့တစ်ဖွဲ့ကို သူတို့တွေ့လိုက်ကြရ၏။

သူတို့အနားသို့ လူများချဉ်းကပ်လာသည်ကိုမြင်သောအခါ ထိုဝိညာဉ်အခြေတည်အဆင့်များ တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြောင်းလဲသွားခဲ့ကြသည်။

တစ်ဖက်က ဝိညာဉ်အခြေတည်အဆင့် ၅ ယောက် ၆ယောက်သာ ဖြစ်နေသောအခါ ကျန်းယန်တို့ မတိုက်ခိုက်တော့ဘဲ ထိုအစား ရှေ့သို့သာတက်သွားခဲ့ပြီး မေးလိုက်၏။

“မင်းတို့က ဘယ်ကလဲ”

“ငါတို့က နှင်းနယ်မြေက” ထိုထဲမှ တစ်ယောက်ဖြေလိုက်သည်။

ကျန်းယန် ပြုံးကာဆက်မေးလိုက်၏။

“ဒီနေရာမှာ ကောင်းကင်နဲ့မြေပြင်ရတနာတစ်ခုခုရှိလား”

ကျင့်ကြံသူငါး‌ယောက်ခေါင်းခါပြလိုက်ကာ ထိုထဲမှတစ်ယောက် ပြောလိုက်သည်။

“ငါတို့က လုံလောက်အောင်မသန်မာတော့ အပြင်မထွက်ရဲကြဘူး ဒီလိုနေရာလေးမှာပဲ ရသမျှရတနာကိုရှာ‌ကြရတာ ဒါပေမယ့် ကံဆိုးတာက ဒီနေရာမှာကလည်း အပြင်မှာရှာလို့ရနိုင်တဲ့ သာမန်ပစ္စည်းတွေကလွဲ ဘာမှမရှိဘူး”

ကျန်းယန်တို့က ပွင့်ပွင်းလင်းလင်းချဉ်းကပ်လာပြီး သူတို့ထံတွင် မှော်ရတနာများပါနေတာလည်း ထင်ရှားနေသောအခါ ထိုကျင့်ကြံသူများ ကလန်ကဆန်မလုပ်ရဲကြတော့ဘဲ ရိုးရိုးသားသားသာ ဖြေနေခဲ့ကြ၏။

ကျန်းယန် အသာအယာပြုံးကာ ပြောလိုက်သည်။

“မင်းတို့က ဒီလောက်နဲ့ကျေနပ်နေပြီလား”

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်အံ့အားသင့်သွားကာ မေးလိုက်၏။

“မင်းဘာကိုဆိုလိုတာလဲ”

ကျန်းယန် ပြုံးကာပြောလိုက်၏။

“လူတိုင်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို အခွင့်အလမ်းရှာဖို့ လာကြတာ အခြားသူတွေက ကောင်းကင်နဲ့မြေပြင်ရတနာတွေရှာနေကြတဲ့အချိန် မင်းတို့က ဒီလိုနေရာမှာ အမှိုက်တွေလာကောက်နေကြတယ် မင်းတို့က အဲ့လောက်နဲ့ကျေနပ်ပြီလား”

ဝိညာဉ်အခြေတည်အဆင့်ငါးယောက်ခါးသက်သက်ပြုံးလိုက်ကြလေသည်။ ကျေနပ်နပ် မနပ်နပ် သူတို့ဘာလုပ်နိုင်ပါမည်နည်း။

“ဘာလို့ သူတို့ဆီကဓားပြသွားမတုိက်လဲ” ကျန်းယန် ထိုသူများကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဘာလို့ ငါတို့အဖွဲ့နဲ့မပေါင်းရမှာလဲ ငါတို့အဲ့ဒီဂိုဏ်းကြီးတွေဆီက အတူတူသွားလုကြရအောင်”

All Chapters