← Chapters

မင်းဘယ်သူ့ကို ငကြောက်လို့ခေါ်နေတာလဲ

Vol. 15 Ch. 159

မင်းဘယ်သူ့ကို ငကြောက်လို့ခေါ်နေတာလဲ

Vol. 15 Ch. 159

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင်ရှိနေသော ကာလတစ်လျှောက်လုံး ကျန်းယန် အကျိုးအမြတ်ကြီးကြီးမားမား ဘယ်လိုရအောင် လုပ်ရမလဲဆိုတာကိုသာ တွေးနေခဲ့ခြင်း ဖြစ်သည်။

ဤနေရာရှိ အဓိကအခွင့်အလမ်းကြီးများမှာ နှစ်နေရာတွင်သာ ရှိနေခြင်း ဖြစ်၏။ တစ်နေရာသည် ဗဟိုရှိ ဖန်ဆင်းခြင်းဝိညာဉ်ခန်းမဖြစ်ပြီး နောက်တစ်နေရာက ဂိုဏ်းကြီးများသိမ်းပိုက်ထားသောခံတပ်ကြီးများ ဖြစ်ပေသည်။

သို့သော်လည်း ထိုနေရာများကို များစွာသောဂိုဏ်းကြီးများက သိမ်းယူကာ အခိုင်အမာတပ်စွဲထားခဲ့ကြ၏။

နှစ်ထောင်ချီအောင် ပြင်ဆင်ထားပြီးနောက်တွင် ထိုခံတပ်ကြီးများက အနားကပ်ဖို့ မလွယ်အောင်ပင် အားကောင်းလာခဲ့ကြသည်။

ဗဟိုရှိ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကလည်း ဂိုဏ်းကြီးများက အစောင့်အကြပ်များရှိနေသောကြောင့် ၀င်ရန် မလွယ်လှပေ။

သူ့ကျင့်ကြံခြင်းကိုလျင်မြန်စွာ တိုးတက်စေဖို့နည်းလမ်းကလည်း မရှ်ိသေးလေရာ ထိုမေးခွန်းအတွက် တစ်ခုတည်းသောအဖြေက မဟာမိတ်များဖွဲ့ကာ ပူးပေါင်းတိုက်ခိုက်ဖို့သာ ဖြစ်လာခဲ့၏။

ဂိုဏ်းကြီးများအပြင် တိုက်ပွဲကွင်းပြင်ထဲတွင် ပြန့်ကျဲနေသော ဂိုဏ်းငယ်လေးများက ကျင့်ကြံသူများလည်း အများအပြားရှိနေသေးလေရာ ထိုလူများအားလုံးကိုသာ စုဖွဲ့နိုင်ခဲ့လျှင် ထိုအင်အားစုက ကြောက်စရာအင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။

နှင်းနယ်မြေမှ ကျင့်ကြံသူငါးယောက် ကျန်းယန်ကိုစိုက်ကြည့်ကာ ဒီကောင်ရူးနေတာ သေချာသည်ဟု တွေးနေခဲ့ကြသည်။

ဂိုဏ်းကြီးတွေရဲ့ခံတပ်တွေကို တိုက်ခိုက်ဖို့လား!

အကယ်၍ သူတို့ကံကောင်းထောက်မ၍ အောင်မြင်သွားခဲ့လျှင်တောင် ထိုဂိုဏ်းကြီးများကို အပြစ်ပြုမိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် တိုက်ပွဲကွင်းပြင်ကထွက်သောအခါ သူတို့မည်သို့ အသက်ရှင်နိုင်ပါတော့မည်နည်း။

“ငါတို့မသွားဘူး” ကျင့်ကြံသူငါးယောက်လုံး ခေါင်းယမ်းကာ ငြင်းလိုက်ကြ၏။

ကျန်းယန်သူတို့ကိုပြုံးပြလိုက်ကာ ပြောလိုက်သည်။

“မင်းတို့ဘာကိုစိတ်ပူနေလဲ ငါသိပါတယ်မင်းတို့က ဂိုဏ်းကြီးတွေကို အပြစ်ပြုမိမှာ ကြောက်နေတာမဟုတ်လား ဒါပေမယ့် ဂိုဏ်းကြီးတွေက မင်းတို့သရုပ်မှန်ကို မသိရင်ရော”

“ပြီးတော့ ငါတို့တွေအားလုံးပူးပေါင်းပြီး ဂိုဏ်းကြီးကလူတွေအားလုံးကို သတ်ပစ်လိုက်ရင် ပြဿနာအားလံုးကိုဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား”

နှင်းနယ်မြေမှ ငါးယောက် ကျန်းယန်အား ငတုံးတစ်ယောက်ကိုကြည့်သလို ကြည့်ရှုနေခဲ့ကြသည်။ ဂိုဏ်းကြီးမှလူများအားလုံးကိုသတ်ပစ်ဖို့ ထိုကောင်က ဘယ်လိုသတ္တိမျိုးဖြင့် ပြောရဲနေပါသနည်း။

ကျန်းယန် ဂုဏ်ယူစွာ ပြုံးလိုက်ကာ

“အရိုးသားဆုံးပြောရရင် မင်းတို့ကို ငါတို့အဖွဲ့ထဲ၀င်ခွင့်ပေးတယ်ဆိုတာ မင်းတို့ကို အခွင့်အလမ်းတစ်ခု ပေးနေတာပါပဲ”

“တိုက်ပွဲကွင်းပြင်ထဲ ၀င်လာပြီးကတည်းက ငါတို့လုပ်နေတဲ့တစ်ခုတည်းသောအရာက မဟာမိတ်တွေလိုက်ဖွဲ့ပြီး အဖွဲ့ကြီးတစ်ခုတည်ထောင်တာပဲ”

“အခုဆို ငါတို့အဖွဲ့ ၂၀ကျော်နဲ့ ချိတ်ဆက်ပြီးသွားပြီ အဲ့ဒီထဲက အကြီးဆုံးအဖွဲ့ဆို လူ၁၀ယောက်ကျော်ပါတယ် အားနည်းတဲ့အဖွဲ့တွေကတော့ မင်းတို့လို ၄ယောက် ၅ယောက်ပါပဲ

ပြောရရင် ငါတို့အဖွဲ့မှာရှ်ိတဲ့ ဝိညာဉ်အခြေတည်အဆင့်အရေအတွက်က ၁၀၀ကျော်သွားပြီ”

ဝိညာဉ်အခြေတည်အဆင့် ငါးယောက် ကျန်းယန်ကို မသင်္ကာဖြစ်နေဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

ကျန်းယန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့ကာ

“ဒါက ဘယ်လိုအကြည့်မျိုးလဲ ငါမင်းတို့ကိုလိမ်နေတယ်ထင်လို့လား ငါတို့မှာ အထောက်အထားတံဆိပ်ပြားဘယ်‌ေလာက်ရှိ‌ေနပြီလဲ တစ်ချက်ကြည့်လိုက်လေ”

“ဒီတံဆိပ်ပြားတွေကို အဖွဲ့တွေက မဟာမိတ်ဖွဲ့တဲ့ သင်္ကေတအနေနဲ့ ငါ့ဆီ‌ေပးထားကြတာ”

“မင်းတို့အတွက်လည်း အတူတူပဲ မင်းတို့မဟာမိတ်ထဲပါချင်ရင် မင်းတို့တံဆိပ်ပြားတွေကို ငါ့ဆီအပ်ရမယ်”

“မဟုတ်ရင် ငါမင်းတို့ကို ဘယ်လိုယုံလို့ရမှာလဲ”

ကျန်းယန်လက်ထဲက တံဆိပ်ပြားအထပ်လိုက်ကြီးကို မြင်သောအခါ ကျင့်ကြံသူငါးယောက် ဦးခေါင်းများထုံကျင်သွားသလို ခံစားလိုက်ရ၏။

အကယ်၍ ကျန်းယန်ပြောတာသာအမှန်ဆိုလျှင် ထိုလူသည် အဖွဲ့ပေါင်း ၂၀ကျော်ကိုအောင်မြင်စွာ စုစည်းခဲ့ပြီးပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

ထိုတံဆိပ်ပြားများကို သတ်ဖြတ်ပြီးယူလာတာလို့တော့ သူတို့လုံး၀ မထင်ကြပေ။ ကျန်းယန်တို့အဖွဲ့တွင် ဝိညာဉ်အခြေတည်အဆင့် ၃ယောက် ရွှေအမြုတေအဆင့်တစ်ယောက်နှင့် ကျားမိစ္ဆာတစ်ကောင်သာ ပါလေရာ ထိုမျှများသော ကျင့်ကြံသူများကို မည်သို့ သတ်ဖြတ်နိုင်ပါမည်နည်း။

သူတို့မျက်ခုံးများ ခပ်တင်းတင်းကွေးသွားပြီး ဖြစ်နိုင်ချေများကို စဉ်းစားနေခဲ့ကြသည်။

ထိုစဉ် ကျန်းယန် ဆန်းကြယ်စွာ ပြုံးလိုက်ကာ

“အဲ့တာအပြင် ဂိုဏ်းကြီးတွေရဲ့ ခံတပ်တွေထဲမှာတောင် ငါတို့အတွင်းလူတွေရှိနေသေးတယ်”

“ဥပမာပြရရင် ငါ့ဘေးကတစ်ယောက်က ၀မ်လင်းဂိုဏ်းကပဲ သူက သူတို့အစီအစဉ်တွေအကုန်လုံးကိုလည်း သိနေသေးတယ်

ဒီဘေးကတာအိုပညာရှင်ကတော့ ရှို့ယိဘုရားကျောင်းက

ငါတို့က အဲ့ဒီခံတပ်ကြီးတွေထဲက တစ်ခုကိုတိုက်ခိုက်ဖို့ စီစဉ်နေတာ ငါတို့သာ ခံတပ်တစ်ခုခုကို သိမ်းပိုက်နိုင်သွားရင် တည်ငြိမ်တဲ့ ကောင်းကင်နဲ့မြေပြင်ရတနာ၀င်လမ်းကြောင်းတစ်ခု ရရှိလာနိုင်လိမ့်မယ် အဲ့ဒီကရမယ့် မင်းတို့ဝေစုနဲ့ဆိုရင် မင်းတို့လည်း နတ်ဝိညာဉ်အဆင့်ကို မကြာခင်တက်လှမ်းနိုင်သွားမှာပဲ မဟုတ်လား”

ဝိညာဉ်အခြေတည်အဆင့်ငါးယောက်၏မျက်ခုံးများ တင်းသွားလိုက် ပြေသွားလိုက်ဖြစ်နေပြီး သူတို့စိတ်ထဲလွန်ဆွဲနေသည်မှာ ထင်ရှားနေခဲ့သည်။

အကယ်၍ ကောင်းကင်နှင့်မြေပြင်ရတနာများရရှိနိုင်မည့် အခွင့်အလမ်းတစ်ခုခုသာ ရှိနေခဲ့လျှင် ဘယ်သူက ထိုအခွင့်အလမ်းကို လွှင့်ပစ်ချင်ပါမည်နည်း။

သို့သော်လည်း ဂိုဏ်းကြီးများကို အပြစ်ပြုမိခြင်း၏နောက်ဆက်ဆွဲ ပြဿနာများကလည်း သူတို့တာ၀န်ယူနိုင်သော အရာမဟုတ်ပေ။

ထိုငါးယောက်တွန့်ဆုတ်နေသည်ကိုမြင်သောအခါ ကျန်းယန် အေးစက်စက်ရယ်မောလိုက်ပြီး

“ငကြောက်ငါးကောင် မင်းတို့မလုပ်ချင်ရင်လည်း မေ့လိုက်တော့”

“အခြားသူတွေက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကို ကောင်းကင်နဲ့မြေပြင်ရတနာတွေ သိမ်းဖို့ရောက်လာကြတာ

ဒါပေမယ့် မင်းတို့ကတော့ တိုက်ပွဲကွင်းပြင်ထဲပုန်းနေပြီး အမှိုက်တွေပဲ ကောက်နေကြတယ်”

“မင်းတို့ဂိုဏ်းတွေက မင်းတို့ကို သူတို့တတ်နိုင်သလောက်အရင်းအမြစ်တွေသုံးပြီး တိုက်ပွဲကွင်းပြင်အတွက် ပြုစု‌ပျိုးထောင်ပေးခဲ့ကြတာ အဲ့တာကို မင်းတို့က‌ဒီနေရာမှာ အမှိုက်ပဲကောက်နေဖို့လား”

ထို့နောက် သူချင်းရှုတို့ဘက်လှည့်လိုက်ကာ

“သွားရအောင် တကယ့်သတ္တိခဲတွေကို သွားရှာကြစို့ ဒီအမှိုက်ကောက်သမားတွေနဲ့ အချိန်ဖြုန်းမနေတော့ဘူး”

ပြောပြီးသည့်နောက် လူလေးယောက်နှင့်ကျားတစ်ကောင်ထွက်ခွာဖို့ ပြင်ခဲ့ကြလေသည်။

နှင်းနယ်မြေက ကျင့်ကြံသူယောက်သည် ဝိညာဉ်အခြေတည်အဆင့်များဖြစ်ကြသော်လည်း မရင့်ကျက်‌ေသးသော နှလုံးသားများသာ ရှိကြသူများ ဖြစ်ကြ၏။

ကျန်းယန်၏ စိတ်ဆွပေးမှုကို ခံလိုက်ရသောအခါ သူတို့နှလုံးသားထဲ ဒေါသများ လျှံတက်လာခဲ့လေသည်။

မည်သူက ငကြောက်လို့ခေါ်ခြင်းကိုခံချင်ပါမည်နည်း။

မည်သူက အမှိုက်ကောက်သမားသို့ ခေါ်ခြင်းကို ခံချင်ပါမည်နည်း။

သူတို့ ဂိုဏ်းများက သူတို့အပေါ်ထားထားသော မျှော်လင့်ချက်ကြီးများအကြောင်းတွေးမိသောအခါ ထိုလူများ ဒေါသကြောင့် ဒီတိုင်းရပ်မနေနိုင်ကြတော့ပေ။

“မင်းဘယ်သူ့ကို ငကြောက်လို့ခေါ်နေတာလဲကွ”

“မင်းတို့ပဲ သတ္တိရှိတယ်ထင်လို့လား”

“ဂိုဏ်းကြီးတွေကို ငါတို့မတိုက်ခိုက်ရဲဘူးလို့ ဘယ်သူပြောလဲ”

ကျန်းယန် ထိုကျင့်ကြံသူငါးယောက်ကို မျက်လုံးထောင့်စွန်းမှ တစ်ချက်ကြည့်ရှုလိုက်၏။ သူတစ်ခွန်းမှထပ်မပြောခဲ့သော်လည်း သူ့အပြုအမူက စကားများထက်ပင် သိသာနေခဲ့သည်။

ထိုအကြည့်ကြောင့် ထိုငါးယောက်ပိုစိတ်တိုသွားခဲ့ပြီး သူတို့ထဲမှတစ်ယောက် ခုန်ထွက်လာခဲ့ကာ ကျန်းယန်ကိုလက်ညှိုးထိုး၍ အော်ပြောလိုက်၏။

“မင်းငါတို့ကို အထင်သေးရဲတယ်လား ငါတို့-မင်းတို့နဲပူးပေါင်းမယ် ဒါပေမယ့် အရင်ဆုံး မင်းငါတို့နဲ့ တိုက်ခိုက်ပေးရမယ် ငါတို့ငါးယောက်ရှိတယ် မင်းကြိုက်‌တဲ့တစ်ယောက်ကိုရွေး”

ကျန်းယန် သဘောတူလို‌က်‌ေလသည်။

တခဏအကြာတွင် ကျင့်ကြံသူငါးယောက် ကျန်းယန်ရှေ့တွင်ရပ်ကာ ဆွံ့‌အနေပြီး ဒေါသများကိုလည်း မျိုသိပ်ထားလိုက်ရ၏။

ရွှေအမြုအဆင့်တစ်ယောက်တွင် အဘယ်ကြောင့် ထိုမျှများပြားသော စိတ်ဝိညာဉ်စွမ်းအားများ ရှိနေသလဲ သူတို့နားမလည်နိုင်ကြပေ။

ကျန်းယန်လက်ထဲက မှော်ရတနာများကိုမြင်လိုက်ရသောအခါ ထိုအဖွဲ့က မြင်ရသလောက်မရိုးရှင်းဘူးဆိုတာကိုလည်း သူတို့သိသွားခဲ့ကြသည်။

သူတို့အမြင်တွင် လူသုံးလေးယောက်သာပါ‌ေသာ အဖွဲ့ငယ်လေးတစ်ခုတွင် ပုံမှန်အားဖြင့် မှော်ရတနာများ ရှိနေနိုင်မည် မဟုတ်ပေ။

ထိုအရာက သူတို့နောက်တွင် နောက်ခံကြီးတစ်ခုခုရှိနေသည်ဟု ဆိုလိုနေ၏။

ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသော နှင်းနယ်မြေမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ရှေ့ထွက်လာကာ သူ့တံဆိပ်ပြားကို ကျန်းယန်ဆီပေးလိုက်လေသည်။

“ငါတို့ ပူးပေါင်းဖို့ သဘောတူတယ် ဒါပေမယ့် မင်းခုနက ပြောထားတဲ့ ငါတို့သရုပ်မှန်ကိုဖုံးကွယ်လို့ရတယ်ဆိုတဲ့ အချက်ကိုတော့ သက်သေပြပေးရမယ် ငါတို့က အဲ့ဒီဂိုဏ်းကြီးတွေကို ကြောက်တာမဟုတ်ဘူးနော် အဲ့ဒီဂိုဏ်းကြီးတွေက ငါတို့ ဂိုဏ်းတွေကို ဒုက္ခပေးမှာကြောက်တာ မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်”

“ငါနားလည်ပါတယ်” ကျန်းယန် ပုံမှန်အတိုင်းပြောလိုက်ကာ တံဆိပ်ပြားများကို လက်ခံလိုက်၏။

ထို့နောက်သူချင်းရှုကိုညွှန်ကြားလိုက်သည်။

“တာအိုမိတ်ဆွေမင်းသူတို့ကို မင်းရဲ့ လက်နက်သန့်စင်ပညာပြပေးလိုက် ကျိယန် နင်ကနင့်ရဲ့ နတ်အာရုံ‌ေထာက်လှမ်းမှုကိုရှောင်လို့ရတဲ့ လျှို့ဝှက်ပညာကို သရုပ်ပြလိုက်”

ချင်းရှု သူ့မှော်လက်နက်သန့်စင်ပညာကို သရုပ်ပြခဲ့ပြီး ကျိယန်ကတော့ တခဏတွန့်ဆုတ်နေပြီးနောက်မှ သူ့လျှို့ဝှက်ပညာရပ်ကို ပြသ‌ခဲ့၏။

ထို့နောက် ကျန်းယန်လေးလေးနက်နက်ပြောလိုက်သည်။

“အချိန်ကျလာရင် ငါတို့က မျက်နှာဖုံးတွေအများကြီးသန့်စင်ကြမယ် မျက်နှာဖုံးတစ်ခုချင်းစီတိုင်းက မင်းတို့ရဲ့သရုပ်မှန်ကို အပြည့်အ၀ ဖုံးကွယ်ပေးနိုင်လိမ့်မယ် အဲ့ဒီအချိန်ကျ လူတိုင်းပဲ ဂိုဏ်းကြီးတွေကို ဘာပူပန်မှုမှမရှ်ိဘဲ အေးဆေးတိုက်ခိုက်နိုင်သွားမှာ

ဘာပဲဖြစ်လာလာ မင်းတို့ကြောက်စရာမလိုဘူး အဇူရာတိမ်ဂိုဏ်းက အမြဲရှေ့ဆုံးမှာ ရပ်တည်ပေးမယ်

မင်းတို့ဂိုဏ်းကြီးတွေကိုကြောက်လား ငါကတော့လုံး၀မကြောက်ဘူး ဒီတစ်ခေါက် ငါအဲ့ဒီကောင်တွေရဲ့ ခံတပ်တွေအကုန်လုံးကိုရှင်းပစ်မယ် ပြီးရင်တော့ အထဲကကောင်းကင်နဲ့မြေပြင်ရတနာတွေအားလုံးကို ငါတို့အတူတူခွဲယူကြမယ်”

“ကောင်းတယ်” နှင်း‌နယ်မြေမှ ကျင့်ကြံသူငါးယောက်စိတ်လှုပ်ရှားလာကြကာ

“ငါတို့ဘယ်အချိန်စလှုပ်ရှားကြမှာလဲ”

ကျန်းယန် လေးလေးနက်နက်ဖြေလိုက်သည်။

“ငါတို့ အရင်ဆုံး လူထပ်ပြီးစုရဦးမယ် အဓိကပြဿနာကဂိုဏ်းကြီးတွေမှာ မှော်ရတနာတွေအများကြီးရှိပြီး ငါတို့မှာ နည်းနည်းပဲရှ်ိတာပဲ အပြည့်အ၀‌ပြင်ဆင်မထားရင် ငါတို့သူတို့ကိုထိပ်တိုက်ရင်ဆိုင်လို့ရမှာမဟုတ်ဘူး”

“အခုတော့ ငါတို့အဓိကအာရုံစိုက်ထားရမှာက ရတနာတွေစုဆောင်းဖို့နဲ့ လူတွေထပ်စုဖို့ပဲ

တကယ်လို့ မင်းတို့ယုံကြည်ရတဲ့လူတွေရှိရင် သူတို့ကိုလည်း အဖွဲ့ထဲခေါ်လာခဲ့လို့ရတယ်

အချိန်ကျလာရင် သူတို့အတွက်လည်း ဝေစုရမှာပါ”

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အမြန်ပြောလိုက်လေသည်။

“ငါတို့မှာ နှင်းနယ်မြေက မ်ိတ်ဖက်ဂိုဏ်းတွေအများကြီးရှိတယ် ငါတို့သူတို့နဲ့ ဆက်သွယ်လို့ရတယ် သူတို့ကလည်းဒီနားမှာပဲ သိပ်မဝေးဘူး”

ကျန်းယန် မျက်ခုံးပင့်လိုက်ကာ

“အဲ့လိုလည်း ရပါတယ် မင်းတို့သူတို့အတွက်‌ေတာ့တာ၀န်ယူရမယ်နော် ငါ့နာမည်ကိုသုံးပြီး ဆက်သွယ်လိုက် ဒါပေမယ့် မင်းတို့လက်ဗလာနဲ့သွားရင် သူတို့မင်းတို့ကိုယုံဖို့ခက်လိမ့်မယ် ငါတို့ခွန်အားကိုသက်သေပြတဲ့အနေနဲ့ ဒီတံဆိပ်ပြားနည်းနည်းယူသွားလိုက်”

ပြောပြီးသည်နှင့် သူတံဆိပ်ပြားအချို့ကို နှင်းနယ်မြေကလူများဆီ လွှဲပေးလိုက်၏။

ကျန်းယန်အတွက် ထိုအရာများက ဘာမှသိပ်အရေးမကြီးပေ။

အကယ်၍သူသာ ကွေ့ယွမ်ဘုရားကျောင်းနှင့် မိုးကြိုးသလင်းကျောက်များ လဲလှယ်၍ရခဲ့လျှင်လည်း ထိုတံဆိပ်ပြားများကို အကုန်သုံးပစ်မည်သာ ဖြစ်သည်။

ထိုအခိုက်တွင် ကျင့်ကြံသူငါးယောက်ကတော့ လုံး၀ ဆွဲဆောင်ခံလိုက်ရ၏။

တံဆိပ်ပြားများ မည်မျှအရေးကြီးမှန်း လူတိုင်းသိပေသည်။

ထိုအရာများသည်ကံတရားနှင့်ကံကြမ္မာကိုကိုယ်စားပြုသောအရာများဖြစ်ပြီး ကျန်းယန်ကတော့ ထိုအရာများကို သာမန်အတိုင်း အလွယ်တကူ လွှဲပေးနေခဲ့၏။

“စိတ်မပူပါနဲ့ ငါတို့သူတို့ကို ကျိန်းသေပေါက် စည်းရုံးလာခဲ့မယ်” ကျင့်ကြံသူငါးယောက်စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို စဆက်သွယ်တော့ ငါတို့လည်းအခြားသူတွေကို ဆက်သွယ်ထားလိုက်မယ် အို့ ဟုတ်သားပဲ စကားပြောရင်းအလုပ်ရှုပ်နေတာနဲ့ မင်းတို့နာမည်ကို မမေးရသေးဘူး”

ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့် နွေးထွေးစွာ ပြုံးလိုက်ကာ

“နှင်းနယ်မြေက ဝိညာဉ်အခြေတည်အဆင့် ပါချင်းယန်က နှုတ်ဆက်ပါတယ်”

“ငါ့နာမည်က ကျန်းယန်ပါ နှုတ်ဆက်ပါတယ်” ကျန်းယန် ပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းယန် လက်ကာပြ၍ နှုတ်ဆက်လိုက်ကာ အခြားလမ်းတစ်ခုဆီသို့ဦးတည်၍ ဆက်သွားခဲ့လေသည်။

All Chapters