ကိုယ်ပျောက်နိုင်တာလား
Vol. 15 Ch. 160
“အဲ့ဒီ နှင်းနယ်မြေက ဝိညာဉ်အခြေတည်အဆင့်တွေအားလုံး နင့်နောက်လိုက်မယ်ဆိုတာ နင်သေချာလို့လား” ကျိယန် ကျန်းယန်ကိုရှုပ်ထွေးနေဟန်ဖြင့်ကြည့်ကာ မေးလိုက်သည်။
“အဲ့ဒီတံဆိပ်ပြားတွေကို နင်လွယ်လွယ်ရလာတာတော့ မဖြစ်နိုင်ဘူး တကယ်လို့သာ သူတို့ကနင့်တံဆိပ်ပြားတွေကိုယူပြီး ထွက်ပြေးသွားမယ်ဆိုရင် နင်နောင်တရမှာလား”
ကျန်းယန် အဘယ်ကြောင့်ထိုကဲ့သို့သောလုပ်ရပ်မျိုးလုပ်လိုက်လဲဆိုတာ သူလုံး၀နားမလည်နိုင်ခဲ့ပေ။
ထိုကံကြမ္မာကိုကိုယ်စားပြုသော တံဆိပ်ပြားများကို အဘယ်ကြောင့် ကျန်းယန်က အခုမှသိသောလူများဆီ ရက်ရက်ရောရော ပေးခဲ့ရပါသနည်း။
ကျန်းယန် ကျိယန်ကိုတစ်ချက်ကြည့်လိုက်ကာ ရှင်းပြလိုက်၏။
“ငါမျိုးစေ့တစ်ခုချလိုက်ရုံပဲ အမြစ်ထွက်လာမလား သေသွားမလားငါမသိဘူး”
အကယ်၍ နှင်းနယ်မြေကလူများသာ အဖွဲ့တစ်ခုရအောင်စုစည်းပြီး ပြန်လာနိုင်ခဲ့လျှင် သူရရှိသော အကျိုးအမြတ်က ကြီးမားနေပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ ထိုကျင့်ကြံသူများက တံဆိပ်ပြားများကိုယူကာ ထွက်ပြေးသွားလျှင်လည်း သူ့အတွက် နစ်နာစရာသိပ်မရှိလှပေ။ ထိုအရာက သူ့အတွက် တံဆိပ်ပြားလေးများ သက်သက်သာ ဖြစ်ပေသည်။
တံဆိပ်ပြားများကို ရရှိအောင်လုပ်ဖို့က လွယ်လည်းမလွယ်သလို ခက်လည်းမနေပေ။ ပြန်ရရှိနိုင်သော အကျိုးအမြတ်နှင့်ယှဉ်လာပါက ထိုအရာများကို စွန့်လွှတ်လိုက်ရသည်က တန်သည်ဟု ပြော၍ ရ၏။
“ဒါဆို ငါတို့က လူဘယ်နှစ်ယောက်လောက်ရအောင်စုဆောင်းမှာလဲ”
ကျိယန် ထပ်မေးလိုက်ပြန်သည်။
“ခန့်မှန်းကြည့်လေ” ကျန်းယန်ပြန်ပြောလိုက်ပြီး အဖြေတော့ မပေးခဲ့ပေ။
“နင်ခုနကသူတို့ပြောတာကြားတယ်မဟုတ်လား အဲ့ဒီ နှင်းနယ်မြေကကျင့်ကြံသူတွေက သူတို့သရုပ်မှန်ဖော်ထုတ်ခံလိုက်ရမှာကို ကြောက်ကြတာ အဲ့တော့ ငါတို့က သူတို့ပူပန်မှုကို ငြိမ်းအေးသွားအောင်လုပ်ပေးဖို့ လိုတယ်
အဲ့ဒီနေရာမှာ နင့်ရဲ့ နတ်အာရုံထောက်လှမ်းတာကို ရှောင်နိုင်တဲ့ လျှို့ဝှက်ပညာရပ်က အရေးပါလာပြီ
တကယ်လို့ နင်သာအဲ့ဒီပညာရပ်ကို လက်လွှဲပေးဖို့ ဆန္ဒရှိရင် ငါအဲ့တာကို အကျိုးဆောင်မှုကြီးတစ်ခုအဖြစ်သတ်မှတ်ပေးမယ် နောက်ကျရင် ငါတို့ အကျိုးအမြတ်ကြီးကြီးမားမားရလာတဲ့အခါ နင်လည်းဝေစုတစ်ပုံရလိမ့်မယ်”
နတ်အာရုံကိုရှောင်ရှားနိုင်သော ၀င်္ကပါအချို့နှင့်မှော်ရတနာအချို့လည်း ရှိပေသည်။
သို့သော် ၀င်္ကပါတည်ဆောက်ဖို့က ခက်ခဲလှပြီး အထူးသဖြင့် မျက်နှာဖုံးသေးသေးလေးပေါ်တွင် တည်ဆောက်ဖို့ ဖြစ်၏။
ရတနာသန့်စင်ဖို့အတွက်ကတော့ ထိုကဲ့သို့သောရတနာမျိုးက အဆင့်မြင့်ရတနာဆိုတာသေချာပြီး ကျန်းယန် မျက်နှာဖုံးလောက်အတွက်တော့ သူ့တန်ဖိုးကြီးကောင်းကင်နှင့်မြေပြင်ရတနာများကို မသုံးနိုင်ပေ။
ထို့ကြောင့် နတ်အာရုံကိုရှောင်ရှားနိုင်ဖို့က ကျိယန်၏ လျှို့ဝှက်ပညာရပ်အပေါ် မူတည်နေခြင်း ဖြစ်သည်။
ကျိယန် အတန်ကြာသည်အထိ အဖြေမပေးဘဲ တုန့်ဆိုင်းနေခဲ့၏။
ကျန်းယန်လည်း သူမကိုတွန်းအားမပေးခဲ့ဘဲ ရှေ့သို့သာ ဆက်သွားနေခဲ့သည်။
အကျိုးအပြစ်များကို အတန်ကြာအောင် စဉ်းစားပြီးမှ နောက်ဆုံးတွင် ကျိယန်ပြောလိုက်၏။
“ငါနင့်ကို လျှို့ဝှက်ပညာရပ်ပေးနိုင်တယ်”
“နင့် အခြေအနေကိုပြော” ကျန်းယန်မေးလိုက်သည်။
ကျိယန် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါ့ကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းဆီ ပြန်ခေါ်သွားပေး”
တိုက်ပွဲကွင်းပြင်ထဲတွင် သူမ ၀မ်လင်းဂိုဏ်းလက်ထဲမှ လွတ်နိုင်သော်လည်း အပြင်သို့ပြန်ရောက်သွားရင်တော့ စုမင်းယန်နှင့်အခြားသူများက သူမကို ၀မ်လင်းဂိုဏ်းလက်ထဲအပ်မှာ သေချာပေသည်။ ထိုအချိန်သို့ ရောက်သွားလျှင် သူမအမှန်တကယ် ဒုက္ခတွေ့သွားရပေလိမ့်မည်။
တိုက်ပွဲကွင်းပြင်အပြင်ဘက်တွင် သူ့ဆရာဖိုးဖိုးရှိသော်လည်း သူ့ဆရာဖိုးဖိုးတစ်ယောက်တည်းဖြင့် ၀မ်လင်းဂိုဏ်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
၀မ်လင်းဂိုဏ်းကို ဆန့်ကျင်ဖို့ သူ့အတွက် အဇူရာတိမ်ဂိုဏ်းလို ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်း၏ အကူအညီလိုအပ်ပေသည်။
အဇူရာတိမ်ဂိုဏ်းတွင် သူလိုအပ်သော ခွန်အားမျိုး ရှိနေသည်ဟုလည်း သူယုံ၏။ မဟုတ်လျှင် သူတို့သည် ကျန်းယန်နှင့်စစ်ထူမင်ယွဲ့ကို တိုက်ပွဲကွင်းပြင်ဆီ ပို့ခဲ့လိမ့်မည် မဟုတ်ပေ။
ကျန်းယန် ကျိယန်ကိုကြည့်ကာတခဏတွေးတောလိုက်ပြီးသည့်နောက်တွင် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
“ဒီလျှို့ဝှက်ပညာရပ်ကို ငါလိပ်ခွံတစ်ခုပေါ်ကနေ ရလာတာ” ကျိယန် ပြောလိုက်ကာ ကျန်းယန်ကို ထိုလိပ်ခွံပေးလိုက်သည်။
“အဲ့ဒီလိပ်ခွံပေါ်မှာ နတ်အာရုံဖြတ်သွားလည်း သူ့တည်ရှိမှုကို သိမသွားအောင် ကာကွယ်ပေးထားနိုင်တဲ့ ပုံစံကွက်တစ်ခုရှိတယ် နောက်တော့ ငါစိတ်ဝိညာဉ်စွမ်းအားသုံးပြီး အဲ့ဒီပုံစံကွက်ကို ပုံဖော်နိုင်ရင် ငါလည်းနတ်အာရုံထောက်လှမ်းမှုတွေကနေ ရှောင်နိုင်တယ်ဆိုတာ ငါသိသွားခဲ့တယ် လျှို့ဝှက်ပညာရပ်ရဲ့ ဇစ်မြစ်ကတော့ ဒါပဲ”
“တာအိုပညာရှင် မင်းတစ်ချက်လောက်စမ်းကြည့်” ကျန်းယန် ချင်းရှုကို ပြောလိုက်သည်။
ချင်းရှုလည်း ချက်ချင်းဆိုသလို မျက်နှာဖုံးတစ်ခု စတင်သန့်စင်ခဲ့ကာ ထိုမျက်နှာဖုံးပေါ်တွင် ထိုပုံစံကွက်ကိုပါ ခတ်နှိပ်လိုက်၏။
မျက်နှာဖုံးကိုတပ်လိုက်ပြီး မျက်နှာဖုံးပေါ်က ပုံစံကွက်ကိုလည်း အသက်သွင်းပြီးသောအခါ ကျန်းယန်တို့၏ နတ်အာရုံက ချင်းရှုမျက်နှာဆီဖြတ်သန်းသွားရာတွင် သူ့မျက်နှာ၏ တည်ရှိမှုကို လုံး၀မခံစားမိတော့ပေ။
ကျန်းယန် ထိုပုံစံကွက်ကအတော်လေးဆန်းကြယ်သည်ဟု ခံစားလိုက်ရပြီး ချင်းရှုကို စိတ်၀င်တစားမေးလိုက်သည်။
“နတ်အာရုံက မင်းမျက်နှာဖုံးပေါ်က ပုံစံကွက်ကိုဖြတ်သွားတဲ့အချိန် မင်းတစ်ခုခုခံစားလိုက်မိလား”
“အင်း” ချင်းရှု ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် သူမျက်နှာဖုံးကိုချွတ်ကာ အပေါ်က ပုံစံကွက်ကို သေချာကြည့်ရှုနေခဲ့လေသည်။
ထိုအရာထဲတွင်ပါ၀င်နေသော ဆန်းကြယ်မှုများကို သူစိတ်၀င်စားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းယန်ကတော့ ထိုအရာနောက်က လျှို့ဝှက်ချက်များကို စိတ်မ၀င်စားပေ။ သူ့ကို စိတ်၀င်စားသွားစေသည်က ထိုပုံစံကွက်လေးကိုယ်တိုင်သာ ဖြစ်၏။ ပုံစံကွက်လေးကို ဘယ်လိုသုံးလို့ရနိုင်မလဲ သူစဉ်းစားလို့ ရသွားခဲ့ချေပြီ။
ထိုစဉ် ချင်းရှုစိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ ဒီပုံစံကွက်ကိုသာ သန့်စင်ထားတဲ့ ချပ်၀တ်ပေါ် ဆွဲလိုက်ပြီး ကျင့်ကြံသူက ၀တ်လိုက်ရင် အဲ့ဒီကျင့်ကြံသူက သာမန်ကျင့်ကြံသူတွေရဲ့ အမြင်မှာ ကိုယ်ပျောက်သလို ဖြစ်မသွားဘူးလား မျက်စိနဲ့မှမကြည့်ရင် သူ့ကိုဘယ်သူမှမြင်ရတော့မှာမဟုတ်ဘူး”
အကယ်၍ ထိုကဲ့သို့သာ လုပ်လို့ရခဲ့လျှင်တော့ ထိုပုံစံကွက်၏ အလားအလာက အလွန်ကြီးမားသွားနိုင်ပေလိမ့်မည်။
ကျင့်ကြံသူများသည် နတ်အာရုံနိုးထလာသည်နှင့် အချိန်အများစုတွင် ထိုနတ်အာရုံကိုသာ အားကိုးကြသူများ ဖြစ်ကြသည်။
အထူးသဖြင့် သူတို့မျက်လုံးဖြင့် သေချာမမြင်ရသော မမြင်နိုင်သော နေရာများတွင် နတ်အာရုံကိုသုံးပြီးသာ စစ်ဆေးတတ်ကြ၏။
ချင်းရှုပြောသောချပ်၀တ်ကသာ နတ်အာရုံကိုကာကွယ်ထားနိုင်လျှင် ထိုကျင့်ကြံသူက ကိုယ်ပျောက်နေသလို ဖြစ်နေမှာ သေချာပေသည်။
ညအချိန်လို သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်သောအခါမျိုးတွင်သာ တစ်ယောက်ယောက်က ထိုချပ်၀တ်၀တ်ဆင်၍ ပေါ်လာခဲ့လျှင် သူ့တည်ရှိမှုက ကျင့်ကြံသူအများစုအမြင်တွင် ပျောက်နေမှာ သေချာ၏။
ထိုအရာက ညအချိန် လုပ်ကြံသတ်ဖြတ်ရေးများအတွက် ကောင်းကင်ကိုဆန့်ကျင်နိုင်သော လက်နက်ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ချင်းရှုမျက်လုံးများတောက်ပသွားခဲ့လေသည်။ ကျန်းယန်သူ့ကိုဘာကြောင့် ခုနကမေးခွန်း မေးခဲ့သလဲဆိုတာကိုလည်း သူနားလည်သွားခဲ့၏။
ထိုကောင်သည် အမှန်တကယ် လက်တွေ့ကျသော လူတစ်ယောက်သာ ဖြစ်ပေသည်။
သူကထိုအရာ၏ဆန်းကြယ်မှုများအကြောင်းစဉ်းစားနေချိန်တွင် ကျန်းယန်က ထိုအရာကို ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားပြီး အဖြေကိုချက်ချင်း ရှာတွေ့သွားခဲ့၏။
“ငါကြိုးစားကြည့်ရမယ်” ချင်းရှု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“တကယ်လို့ ငါတို့စမ်းသပ်ချက်သာအောင်မြင်သွားရင် ငါတို့ ဂိုဏ်းကြီးတွေရဲ့ခံတပ်တွေထဲ၀င်ပြီး သူတို့ကို တစ်ယောက်ချင်းစီ စိတ်ကြိုက်သတ်ပစ်လိုက်လို့ရပြီ”
ချက်ချင်းဆိုသလို ချင်းရှု ကျားမိစ္ဆာကျောပေါ်က ပစ္စည်းများကိုချကာ စတင်သန့်စင်လေတော့သည်။
ကျန်းယန် ကျိယန်ဘက်လှည့်လိုက်ပြီး ပြောလိုက်၏။
“တကယ်လို့ ငါတို့စမ်းသပ်ချက်အောင်မြင်သွားရင် နင့်ကိုအဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ မရောက်ရောက်အောင် ပြန်ခေါ်သွားပေးမယ် ပြီးတော့ အဓိကအကျိုးအမြတ်ကြီးတေရရင်လည်း နင့်ကိုနှစ်ကြိမ်ခံစားခွင့်ပေးမယ်”
“ကျေးဇူးတင်ပါတယ်” ကျိယန် အမြန်ကျေးဇူးတင်စကား ပြောလိုက်လေသည်။
သူမစိတ်ထဲတွင်တော့ ရှုပ်ထွေးနောက်ကျိနေခဲ့၏။ လူနှစ်ယောက်ကြားရှိ ကွာဟချက်က ထိုမျှကြီးနိုင်ပါသလော။
သူမထိုပုံစံကွက်ကိုပိုင်ဆိုင်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း သူမကိုယ်သူမဖုံးကွယ်ထားဖို့နည်းလမ်းကိုသာ တွေးနိုင်ခဲ့၏။
သို့သော် ကျန်းယန်ကတော့ ချက်ချင်းဆိုသလို ချပ်၀တ်တစ်ခုသန့်စင်ဖို့ တွေးနိုင်ခဲ့ကာ ရန်သူကိုထိုကိုယ်ပျောက်ချပ်၀တ်ဖြင့် ခြုံခိုတိုက်ခိုက်ဖို့အထိပါ တွေးတောနိုင်ခဲ့သည်။
သူထိုအရာကိုမည်သို့တွေးမိခဲ့ပါသနည်း။
ကျန်းယန်က ဆန်းကြယ်မှုများဖြင့် ပြည့်နေသောသူဟု သူခံစားလာခဲ့ရ၏။ ကျန်းယန်ကိုတိတ်တဆိတ်ကြည့်ရှုနေရင်း သူထိုလူ့ကို ရှင်းရှင်းလင်းလင်း မြင်ချင်လာခဲ့မိသည်။
ကျိယန်၏ အမူအရာကိုမြင်သောအခါ စစ်ထူမင်ယွဲ့ သူ့အပေါ်အထင်လွဲသွားပြီး သူမကို ရန်လိုမှုများဖြင့် ပြည့်နေသော မျက်လုံးဖြင့် တစ်ချက်ကြည့်ရှုလိုက်၏။
မသာမတော့ စားခွက်လာလုချင်နေပြီ
ကျန်းယန်ကတော့ ချပ်၀တ်သန့်စင်နေသော ချင်းရှုကိုသာ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခဲ့သည်။
အကယ်၍ ထိုချပ်၀တ်သာ အလုပ်ဖြစ်ခဲ့လျှင် သူတို့သည် ကိုယ်ပျောက်တပ်ဖွဲ့တစ်ခုကို တည်ထောင်နိုင်ပေတော့မည်။
အဇူရာတိမ်ဂိုဏ်းသို့ ပြန်ရောက်လျှင် ထိုကဲ့သို့သောချပ်၀တ်များ များစွာထုတ်လုပ်ပစ်ပြီး ကိုယ်ပျောက်စစ်တပ်ကြီးတစ်ခုပင် တည်ထောင်ပစ်၍ ရနိုင်၏
သူ လှေပျံများပေါ်တွင် ထိုပုံစံကွက်များ ရေးထိုးကာ ကိုယ်ပျောက် သင်္ဘောကြီးများ ဖန်တီးဖို့ပင် စိတ်ကူးမိနေခဲ့သည်။ လှေပျံများသည် အမြင့်မှပျံသန်းလျှင် သာမန်မျက်စိဖြင့် မြင်နိုင်သောအရာများ မဟုတ်ကြဘဲ ထိုအရာကို နတ်အာရုံသုံးပြီးသာ ထောက်လှမ်းရခြင်း ဖြစ်၏။ အကယ်၍ ထိုလှေပျံကိုသာ နတ်အာရုံသုံး၍ ထောက်လှမ်းမရလျှင် ထိုအရာက အမှန်တကယ် ကိုယ်ပျောက်နေသလို ဖြစ်မသွားပေဘူးလော။
သူတို့အခြားဂိုဏ်းများထဲသို့ ၀င်သွားချိန်တွင် ထိုဂိုဏ်းများက သူတို့ကိုလုံး၀သတိမထားမိခဲ့လျှင် ထိုအရာ လုံး၀ မိုက်နေပေလိမ့်မည်။
ချင်းရှု ချပ်၀တ်တစ်ထည် သန့်စင်လိုက်ပြီး ချပ်၀တ်ပေါ်တွင် ထိုပုံစံကွက်ကို ထွင်းလိုက်လေသည်။
ထိုနေရာတွင် ပြဿနာတစ်ခု ပေါ်လာခဲ့၏။
မျက်နှာဖုံးလို ပစ္စည်းသေးသေးလေးပေါ်တွင်ဆိုလျှင် ပုံစံကွက်၏ စွမ်းအားက မျက်နှာဖုံးတစ်ခုလုံးကိုဖုံးအုပ်နိုင်ပါသော်လည်း ဧရိယာကြီးလာသောအခါ သူ့စွမ်းအားက မလိုက်နိုင်ဝောာ့ပေ။
ချင်းရှုခေါင်းယမ်းလိုက်ပြီး
“သူ့စွမ်းအားက ပျံ့သွားတယ် ဒီပုံစံနဲ့ဆို နတ်အာရုံကိုကာကွယ်နိုင်မှာမဟုတ်ဘူး”
“တကယ်လို့ ငါတို့က ချပ်၀တ်ကိုလိပ်ခွံတစ်ခုလို မျက်နှာဖုံးအရွယ်အစား အကွက်တွေအများကြီးနဲ့ ဖန်တီးပြီး အဲ့ဒီအကွက်တစ်ခုချင်းစီတိုင်းမှာ ပုံစံကွက်တစ်ခုဆီ လိုက်ထွင်းမယ်ဆိုရင်ရော” ကျန်းယန် အကြံပေးလိုက်သည်။
ချင်းရှု ချက်ချင်း ချပ်၀တ်ဒီဇိုင်းကို ပြင်ဆင်လိုက်၏။ ဤတစ်ကြိမ်တွင် ပုံစံကွက်အစွမ်းက ပေါ်လာခဲ့သော်လည်း ပြဿနာအသစ်တစ်ခုလည်း ပေါ်လာခဲ့ပြန်သည်။
ထိုပြဿနာမှာ ချပ်၀တ်၏အကွက်များကို ဆက်ထားသောနေရာများက နတ်အာရုံကို မကာကွယ်နိုင်ခြင်း ဖြစ်၏။
“အလုပ်မဖြစ်သေးဘူး ဒီအပြားေတွကိုဆက်ထားတဲ့နေရာတွေကနေ နတ်အာရုံက ၀င်လာလိမ့်မယ် သူတို့ကိုလုံး၀တစ်ဆက်တည်းဖြစ်အောင် မလုပ်နိုင်ရင် နတ်အာရုံကိုကာကွယ်နိုင်မှာ မဟုတ်ဘူး”
ကျန်းယန် မျက်မှောင်ကြုံ့သွားပြီး ကျိယန်ကိုကြည့်ကာ မေးလိုက်လေသည်။
“နင့်မှာရှာတွေ့ထားတဲ့ အခြားလိပ်ခွံတွေရှိသေးလား ဒါမှမဟုတ် လိပ်ခွံတွေကိုတစ်ခုနဲ့တစ်ခုတစ်ဆက်တည်းဖြစ်နေအောင် ဘယ်လိုဆက်ထားလဲဆိုတာ ကြည့်လို့ရတဲ့ဟာမျိုး မဟုတ်ရင်လည်း ပိုကောင်းတဲ့လိပ်ခွံတစ်ခုခုဟာ ငါ့ကိုအဲ့ဒီလိပ်ခွံပေး ငါတို့အဲ့တာကို လေ့လာရမယ်”
ကျိယန် အကူအညီမဲ့စွာ ပြုံးလိုက်၏။
“ငါတို့တိုက်ပွဲကွင်းပြင်က ထွက်သွားမှ ငါနင့်ကိုပေးနိုင်မယ်”
ကျန်းယန် စိတ်လှုပ်ရှားသွားခဲ့သည်။
“အပေးအယူဖြစ်တယ် ငါတို့အပြင်ရောက်ရင် ငါ့ကိုပေး အဲ့တာကိုလည်း နင့်ရဲ့နောက်ထပ်အကျိုးဆောင်မှုကြီးတစ်ခုအဖြစ် ထည့်တွက်ပေးမယ်”
တကယ်၍ သူတို့သာ ထိုပြဿနာကိုဖြေရှင်းနိုင်ခဲ့လျှင် ကိုယ်ပျောက်စစ်တပ်ကြီးတစ်ခု ဤကမ္ဘာပေါ်တွင် အမှန်တကယ် ပေါ်ထွက်လာတော့မည်သာ။