မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
Vol. 15 Ch. 161
ချပ်၀တ်၏ အချပ်များကိုဆက်သည့်နေရာတွင် ပြဿနာရှိနေမှန်း သိသွားသောအခါ ကျန်းယန်တို့ ထိုသုတေသနကိုရပ်တန့်လိုက်ကြသည်။
တိုက်ပွဲကွင်းပြင်ထဲတွင် အချိန်က အကန့်အသတ်ရှိသောကြောင့် သူတို့မရေရာသော သုတေသနအတွက် အချိန်ဖြုန်းမနေနိုင်ပေ။
ထို့နောက် သူတို့ကွေ့ယွမ်ဘုရားကျောင်း၏ ကျောက်တုံးတောအုပ်ရှိသောအရပ်ဆီ ဆက်ဦးတည်လာခဲ့ကြ၏။
မကြာခင်တွင် သူတို့ ခံတပ်လေးတစ်ခုကို တွေ့လိုက်ကြရပြန်သည်။
ကျန်းယန်နှင့်သူ့လူများ ချဉ်းကပ်လာသောအခါ ထိုနေရာတွင် စတည်းချနေကြသော လူများ သတိအနေအထား ဖြစ်သွားကြ၏။
“အားလုံးပဲ မင်္ဂလာပါ” ကျန်းယန်ထိုခံတပ်မှဝိညာဉ်အခြေတည်အဆင့်များကို ပြုံး၍ နှုတ်ဆက်လိုက်ေလသည်။
“မင်းတို့က ဘယ်ကလဲ”
ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့် အေးစက်စက်ပြန်ပြောလိုက်၏။
“ငါတို့က လန်ကျားကုန်းမြေတိုက်ကြီးက…မင်းဘယ်သူလဲဆိုတာ ငါတို့သိတယ် မင်းကအဇူရာတိမ်ဂိုဏ်းက လူပဲ”
“အို့ ဒါဆိုငါတို့က အိမ်နီးချင်းတွေပဲ” ကျန်းယန် ထိုအဖွဲ့ကိုတစ်ချက်ကြည့်ကာ ပြုံးပြလိုက်ပြီး
“ဆိုတော့ ဒီတစ်ခေါက်တိုက်ပွဲကွင်းပြင်ထဲကနေ မင်းတို့ဘာတွေ ရပြီးပြီလဲ စကားမစပ် မင်းတို့က လန်ကျားကုန်းမြေကဆိုရင် ဘာလို့ လန်ကျားအထွတ်အမြတ်မြေက အဖွဲ့နောက်မလိုက်ကြတာလဲ ငါကြားတာတော့ သူတို့ခံတပ်မှာ ကောင်းကင်နဲ့မြေပြင်ရတနာတွေနဲ့ ပြည့်နေတာတဲ့ အတော်ချမ်းသာတယ်ဆိုပဲ”
“လိုက်လိုက်မလိုက်လိုက် မင်းနဲ့ဘာဆိုင်လို့လဲ” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်၏။
သူတို့သည် လန်ကျားအထွတ်အမြတ်မြေကို မျက်နှာလုပ်ကာ ထိုအဖွဲ့နောက်လိုက်ချင်ကြသော်လည်း လန်ကျားအထွတ်အမြတ်မြေက သူတို့ကို လက်မခံခဲ့ခြင်းသာ ဖြစ်ပေသည်။
မဟုတ်လျှင် သူတို့ဒီလိုနေရာလေးတွင် အဘယ်ကြောင့် ခံတပ်လာလုပ်နေရပါမည်နည်း။
ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“တကယ်လို့ မင်းတို့ဘာကောင်းကင်နဲ့မြေပြင်ရတနာမှ ရှာမတွေ့သေးရင် ငါတို့အဖွဲ့နဲ့မဟာမိတ်ဖွဲ့ပြီး ဂိုဏ်းကြီးတွေကိုတိုက်ခိုက်တဲ့နေရာမှာ ပါ၀င်လို့ရတယ် ငါတို့က မင်းတို့သရုပ်မှန်လုံး၀ပေါ်မသွားအောင် ဖုံးကွယ်ထားပေးလို့ရတယ် တကယ်လို့ တစ်ခုခုမှားသွားရင်လည်း အဇူရာတိမ်ဂိုဏ်းက ရှေ့ဆုံးကရပ်တည်ပေးမယ် မင်းတို့လုပ်ဖို့လိုတာက ငါတို့နဲ့အတူတူတိုက်ခိုက်ပြီး အကျိုးအမြတ်တွေကို ခွဲယူဖို့ပဲ”
ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့် လှောင်ပြောင်လိုက်လေသည်။
“မင်းတို့လူနည်းနည်းလေးနဲ့ ခံတပ်ကြီးတွေကို တိုက်ခိုက်ချင်တာလား”
“ဒါပေါ့ ငါတို့တင်ဘယ်ဟုတ်မလဲ” ကျန်းယန် အသာအယာပြုံးကာပြောလိုက်၏။
“ငါတို့လူတွေအများကြီးနဲ့ ဆက်သွယ်ပြီးပြီ ငါသူတို့သရုပ်မှန်တွေကိုတော့ ထုတ်ပြောလို့မရဘူး ဒါပေမယ့် မင်းတို့သိထားရမှာက တကယ်လို့မင်းတို့သာ ငါတို့အဖွဲ့နဲ့ပူးပေါင်းမယ်ဆိုရင် ငါတို့မှာ လူ၂၀၀ကျော်ရှိနေပြီဆိုတာပဲ”
သူတမင်တကာ လူဦးရေကိုချဲ့ကားပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကြွားမယ့်ကြွားတော့ များလေ ကောင်းလေပင်။
“မင်းမှာ လူနှစ်ရာနီးနီးရှိပြီးသားလား” ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့်၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့၏။ သူဘေးဘီသို့ တစ်ချက်ကြည့်လိုက်ပြီး သတိအနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းယန် လက်ကာပြလိုက်ကာ
“ကြောက်နေဖို့မလိုပါဘူး သူတို့အားလုံးက ကိုယ့်နေရာမှာကိုယ်ကျင့်ကြံနေကြတာ တိုက်ခိုက်ဖို့အချိန်ကျလာတဲ့အခါမှသာ ထွက်လာပြီး ဂိုဏ်းကြီးတွေကို အတူတူတိုက်ခိုက်ကြမှာ တကယ်လို့ မင်းငါတို့နဲ့ပူးပေါင်းချင်တယ်ဆိုရင် မင်းရဲ့စစ်မှန်မှုကို သက်သေပြတဲ့အနေနဲ့ အထောက်အထားတံဆိပ်ပြားတစ်ခု ငါ့ကိုပေးရမယ်”
“မင်းက ငါတို့တံဆိပ်ပြားကိုလိုချင်လို့ လာလှည့်စားနေတာလား” နောက်ထပ်အခြားဝိညာဉ်အခြေတည်အဆင့်တစ်ယောက် လှောင်ပြောင်လိုက်ပြန်၏။
ထိုအခါ ကျန်းယန် တံဆိပ်ပြားအခု ၂၀ကျော်ကို ထိုလူများမြင်အောင် ထုတ်ပြလိုက်လေသည်။
“ငါကမင်းတို့ကိုလှည့်စားဖို့လိုလို့လား ဒါတွေက ငါတို့နဲ့ပူးပေါင်းထားတဲ့မဟာမိတ်တွေရဲ့ တံဆိပ်ပြားတွေပဲ”
ဝိညာဉ်အခြေတည်အဆင့်များ တုန်လှုပ်ကုန်ကြ၏။
များလိုက်တဲ့တံဆိပ်ပြားတွေ!
သူကတကယ်ကြီးလူတွေအများကြီးနဲ့ ဆက်သွယ်ထားပြီးပြီလား!
ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျန်းယန်ကို ပြောလိုက်သည်။
“ငါတို့ဒီကိစ္စကို ဆွေးနွေးဖို့လိုသေးတယ်”
ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“ပြဿနာမရှိပါဘူး အချိန်ယူဆွေးနွေးလိုက်ပါ”
ထို့နောက် ခံတပ်ထဲက ဝိညာဉ်အခြေတည်အဆင့်များ သူတို့အချင်းချင်း စတင်ဆွေးနွေးကြတော့သည်။
ထိုသူများသည် ဆွေးနွေးနေရင်း တစ်ချက်တစ်ချက် သူတို့ဘက်သို့ လှည့်လှည့်ကြည့်နေတာကို ကျန်းယန်သတိထားမိသွားပြီး သူတို့အမူအရာက ထူးဆန်းသည်ဟု သူခံစားလိုက်ရ၏။ သူကျားမိစ္ဆာဘက်သို့ လှည့်သွားခဲ့ကာ သူ့ကိုယ်ပေါ်က အဆောင်သစ်သားအတုံးများကို ယူလိုက်ပြီး ထိုအဆောင်များကို ချင်းရှုနှင့်စစ်ထူမင်ယွဲ့ကို ပေးလိုက်လေသည်။ သူကျိယန်ကိုပင် အဆောင်အနည်းငယ်ပေးလိုက်သေး၏။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားဖြင့် ကျိယန်အား ပြောလိုက်သည်။
“ဒါက အဆောင်တွေ စိတ်ဝိညာဉ်စွမ်းအားထည့်ပြီး အသက်သွင်းထား”
ကျိယန်သူမလက်ထဲက သစ်သားအတုံးလေးများကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့၏။ အခုလောက်ထူကာ အကြမ်းဖျင်းဆန်လှသော အဆောင်မျိုးသူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ထိုထဲမှထွက်လာသော စိတ်ဝိညာဉ်လှိုင်းများအရ သူ့စွမ်းအားကတော့ မသေးလောက်ပေ။
သူမပဟေဠိဖြစ်နေသည်မှာ ကျန်းယန်သည် ထိုအဖွဲ့ကို စည်းရုံးနေခြင်း မဟုတ်ပါလော။ အဘယ်ကြောင့် ရုတ်တရက် အဆောင်များထုတ်၍ တိုက်ခိုက်ရန် ပြင်နေပါသနည်း။
ကျန်းယန်နှင့်အတူတိုက်ခိုက်လာတာကြာပြီဖြစ်သော စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ကတော့ အခြေအနေကိုနားလည်ပြီး အဆောင်များကိုအသင့်ပြင်ကာ ထိုအဖွဲ့ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။
ကျန်းယန်လည်း လက်ထဲတွင် အဆောင်နှစ်တုံးကိုကိုင်ကာ ဘားရတ်ရိုင်ဖယ်နှင့်လေးကို လက်လှမ်းမီှသောနေရာတွင်ထား၍ ထိုအဖွဲ့ကို ကြည့်ရှုနေခဲ့၏။
ခံတပ်ထဲတွင် ဝိညာဉ်အခြေတည်အဆင့် ၁၂ယောက် စိတ်ဝိညာဉ်စွမ်းအားဖြင့် အချင်းချင်းဆက်သွယ်ပြောဆိုနေခဲ့ကြသည်။
“အဇူရာတိမ်ဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေကြားထဲမှာ ပြဿနာကြီးတစ်ခုရှိတယ် တကယ်လို့ ငါတို့သူတို့နဲ့ပူးပေါင်းလိုက်ရင် လန်ကျားအထွတ်အမြတ်မြေကို အပြစ်ပြုမိမှာသေချာတယ်”
“သူတို့က ငါတို့သရုပ်မှန်ကိုဖုံးကွယ်ပေးထားနိုင်တယ်လို့ ပြောတယ်မဟုတ်လား”
“ဘယ်လိုလုပ်အလုပ်ဖြစ်နိုင်မှာပဲ ဂိုဏ်းကြီးကလူတွေအားလုံးကို သတ်လိုက်မှပဲရမယ် ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းကအဖွဲ့ကိုကြည့်လိုက် သူတို့ကဘယ်လိုလုပ် လန်ကျားအထွတ်အမြတ်မြေရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ သူတို့ထဲမှာ ရွှေအမြုတေအဆင့်တောင်ပါနေသေးတယ်”
“ဒါဆို ငါတို့ဒီအခွင့်အရေးကို လက်လွှတ်ခံတော့မှာလား”
“တကယ်တော့ ဒီဟာကအခွင့်အလမ်းကြီးတစ်ခုလို့ ငါထင်တယ် သူတို့မှာ လူလေးယောက်ပဲရှိတာ တစ်ယောက်က ရွှေအမြုတေအဆင့် သိပ်မသန်မာတဲ့သားရဲတစ်ကောင်လည်းရှိသေးတယ် အခုက သူတို့နဲ့ရင်ဆိုင်ဖို့အကောင်းဆုံးအချိန်ပဲ တကယ်လို့ ငါတို့သာ သူတို့ကိုရှင်းပစ်လိုက်နိုင်ပြီး သူတို့ကံကြမ္မာတွေကို လန်ကျားအထွတ်အမြတ်မြေဆီ လွှဲပေးလိုက်နိုင်ရင် ငါတို့မျက်နှာသာပေးခံရမှာပဲ ပြီးတော့ သူတို့က လူစုပြီး လန်ကျားအထွတ်အမြတ်မြေကိုတိုက်ခိုက်ဖို့ ကြိုးစားနေမှန်း သတင်းပေးလိုက်ရင် လန်ကျားအထွတ်အမြတ်ေမြက ငါတို့ကိုလက်ခံမှာသေချာတယ်”
ဆွေးနွေးပြီးနောက် လန်ကျားအထွတ်အမြတ်မြေကိုတိုက်ခိုက်ဖို့ထက် သူတို့ရှေ့က လူများကို သတ်ဖြတ်လိုက်ဖို့က ပိုလွယ်သည်ဟု သူတို့ဆုံးဖြတ်လိုက်ကြလေသည်။
ဆုံးဖြတ်ပြီးသောအခါ ဝိညာဉ်အခြေတည်အဆင့် ၁၂ယောက် တုန့်ဆိုင်းမနေဘဲ ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။
သူတို့သည် အချိန်အတန်ကြာကြိုးစား၍ တည်ဆောက်ထားသော ခံတပ်တစ်ခုဖြစ်သောကြောင့်အတော်လေးသန်မာကြပြီး သူတို့ဆီတွင် အဆင့် ၉ မှော်လက်နက် နှစ်ခုပင် ရှိနေခဲ့သည်။
ထိုကျင့်ကြံသူ၁၂ယောက် ကျန်းယန်တို့ဆီပြေး၀င်လာသည်နှင့် ကျန်းယန်တို့လက်ထဲက အဆောင်များ ရုတ်တရက် အသက်၀င်လာခဲ့ကြ၏။
ထိုသူများ ကြောင်ကုန်ကြသည်။ ထိုအဆောင်များက ဘယ်နေရာက ပေါ်လာပါသနည်း။
ထို့နောက် သစ်သားတုံးများ ရုတ်တရက်ပေါက်ကွဲသွားပြီး အချို့က မိုးကြိုးများထုတ်လွှတ်ကာ အချို့ကတော့ မီးတောက်များ ထုတ်လွှတ်နေခဲ့၏။
အဆောင်များကိုသုံး၍ တာအိုနည်းစနစ်များကို အသုံးပြုခြင်းသည် ကျင့်ကြံသူများ စိတ်ဝိညာဉ်စွမ်းအင်သုံးကာ ကောင်းကင်နှင့်မြေပြင်နိယာမများကို ထိန်းချုပ်ခြင်းထက် များစွာ ပိုမြန်ပေသည်။
လူလေးယောက်ထံမှ တစ်ဒါဇင်ကျော်သော အဆောင်များက အသက်တစ်ရှိုက်စာ အတွင်းထွက်ပေါ်လာခဲ့၏။
ထိုစွမ်းအားက ပြင်ဆင်ထားသော ဝိညာဉ်အခြေတည်အဆင့် ၁၂ယောက် တစ်ပြိုက်နက်တည်းတိုက်ခိုက်ခြင်းနှင့် တူညီပေသည်။ မီးလှိုင်းများနှင့်မိုးကြိုးများ သူတို့ဆီပြေး၀င်လာသောအခါ ဝိညာဉ်အခြေတည်အဆင့် ၁၂ယောက် ကြောင်အကုန်ကြ၏။
သူတို့သည် အငိုက်ဖမ်း၍ တိုက်ခိုက်ဖို့ကြံထားပါသော်လည်း တကယ်တော့ သူတို့သာအငိုက်ဖမ်း၍ တိုက်ခိုက်ခံလိုက်ရသည်။
ထို့နောက် ဝိညာဉ်အခြေတည်အဆင့်များ ကြောက်လန့်တကြားဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် မှော်သိုင်းများ ထုတ်သုံးလိုက်ကြ၏။
ထိုစဉ် ကျန်းယန် ဘားရတ်ရိုင်ဖယ်ကို မြှောက်ကာ အကာအကွယ်မရှိသေးသော ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို ပစ်ခတ်လိုက်လေသည်။
ထိုမျှနီးကပ်သော အကွာအဝေးမှပစ်ခတ်ခြင်းဖြစ်သောကြောင့် သေနတ်ကိုချိန်နေစရာပင် မလိုပေ။ တစ်ချက်ပစ်လိုက်ရုံဖြင့် ထိုဝိညာဉ်အခြေတည်အဆင့်၏ ခန္ဓာကိုယ်တစ်ခြမ်းပြတ်ထွက်သွားပြီး သူ့အလောင်းက လွင့်ထွက်သွားခဲ့၏။ အကာအကွယ်အလွှာက အဆောင်များ၏ စွမ်းအားကြောင့် ပျက်ဆီးသွားသော နောက်ထပ်ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်လည်း ပစ်ခတ်ခံလိုက်ရပြန်သည်။
ထို့နောက် အဆောင်နှစ်ခု၏စွမ်းအားကို တစ်ပြိုင်နက်တည်းခုခံနေသော ဝိညာဉ်အခြေတည်အဆင့်ကို ပစ်လိုက်၏။ ပထမပစ်ချက်က ထိုလူ့အကာအကွယ်အလွှာကို မဖောက်နိုင်ပါသော်လည်း ကျန်းယန် နောက်နှစ်ချက်ထပ်ပစ်လိုက်သောအခါ ထိုကျင့်ကြံသူ သေဆုံးသွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အဆောင်များကို ပစ်ပြီးသည်နှင့် စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ မှော်လက်နက်များကိုကိုင်ဆွဲကာ ရှေ့တက်ပြီး တစ်ယောက်ကို ရန်သူတစ်ယောက်စီ တာ၀န်ယူလိုက်ကြ၏။
ရန်သူများသည် ၁၂ယောက်ဖြစ်သော်လည်း ထို၁၂ယောက်ထဲတွင် နှစ်ယောက်၌သာ မှော်ရတနာများ ရှိနေခဲ့ခြင်းဖြစ်သည်။ကျန်သူများ၌ မရှိပေ။
အဆောင်များက မိုးလိုရွာကျနေချိန်တွင် စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့က မှော်ရတနာများကိုင်၍ ၀င်လာသောအခါ ထိုကျင့်ကြံသူနှစ်ယောက်လုံး၀ ပြန်မတိုက်ခိုက်ရဲတော့ဘဲ ကြောက်လန့်တကြားသာ ထွက်ပြေးကုန်ကြ၏။
ကျားမိစ္ဆာလည်း ပြေးထွက်သွားကာ ရန်သူတစ်ယောက်ကို တိုက်ခိုက်လိုက်လေသည်။
ထိုနေရာတွင် ကျိယန်တစ်ယောက်သာ ရပ်ကျန်ခဲ့ပြီး သူမငေးကြောင်နေခဲ့၏။
ဤအဖွဲ့သည် အခုလောက်ကြမ်းကြုတ်နေလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။ သူတို့သည် တစ်ဖက်တွင် ပြုံးကာဖော်ဖော်ရွေရွေဖြင့် မဟာမိတ်ဖွဲ့ရန်စည်းရုံးနေချိန်တွင် တစ်ဖက်၌လည်း တစ်ချက်ကလေးမှ တွန့်ဆုတ်မနေဘဲ သတ်ဖြတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြသည်။