လူ့အထက်ကလူ
Vol. 15 Ch. 162
“ပြေး ပြေးကြတော့!”
ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့် အဆုတ်ကွဲအောင် အော်ဟစ်လိုက်လေသည်။
ရွှေအမြုတေအဆင့်တစ်ယောက်ပင်ပါနေသော လူလေးယောက်နှင့် ကျားတစ်ကောင်က အားနည်းနေလိမ့်မည်ဟု သူထင်ထားခဲ့ပါသော်လည်း သူ့အထင်အမြင်လွဲမှားသွားခဲ့ရ၏။
ထိုအဖွဲ့တွင် အတောင်တစ်ဒါဇင်ကျော်ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထို့အပြင် သူတို့တွင် မှော်ရတနာ ၆ခု ၇ခုရှိနေလိမ့်မည်လို့ရော ဘယ်သူက ထင်ထားပါမည်နည်း။
ကြောက်စရာအကောင်းဆုံးမှော်ရတနာမှာ ကျန်းယန်လက်ထဲက ရွှေရောင်လက်နက်ဖြစ်ပြီး ထိုအရာ၏သတ်ဖြတ်ခြင်းစွမ်းအားက အလွန်ပြင်းထန်ကာ လူတစ်ယောက်၏ကိုယ်ကို နှစ်ပိုင်းပိုင်းပစ်နိုင်ပေသည်။ ပို၍မုန်းစရာကောင်းသည်မှာ ထိုမျှစွမ်းအားကြီးသော လက်နက်မျိုးက စိတ်ဝိညာဉ်စွမ်းအင်လှိုင်းဖြာထွက်မှု လုံး၀ ရှိမနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ထိုအရာကို ကြိုတင်ပြင်ဆင်မထားလျှင် ဘယ်လိုမှမခုခံနိုင်ခြင်း ဖြစ်သည်။
တိုက်ပွဲစစချင်းပင် သူတို့ဘက်က လူပေါင်းများစွာသေဆုံးသွားရသောအခါ ဝိညာဉ်အခြေတည်အဆင့်များ မည်သို့ မကြောက်ဘဲ နေနိုင်ပါတော့မည်နည်း။
ခေါင်းဆောင်ဆီမှ ပြေး ဟူသော အမိန့်ရသောအခါတွင်မူ လူတိုင်း ဖရိုဖရဲထွက်ပြေးကုန်ကြတော့သည်။ ဘယ်သူမှ ပြန်မတိုက်ခိုက်ရဲတော့ဘဲ လူတိုင်း ခံတပ်ထဲမှ ထွက်ပြေးကုန်ကြ၏။
သူတို့အမြင်တွင် သူတို့သာ ခံတပ်ကို စွန့်ခွာသွား့ခဲလျှင်ကျန်းယန်တို့က သူတို့ကိုမလိုက်တော့ဘဲ ခံတပ်ထဲက အရင်းအမြစ်များကိုသာ သိမ်းယူလိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။
သို့သော် သူတို့မှားသွားခဲ့၏။
ကျန်းယန် စစ်ထူမင်ယွဲ့ ကျားမိစ္ဆာနှင့်ချင်းရှုတို့သည် သူတို့နောက် ချက်ချင်းလိုက်လာခဲ့ကြသည်။
ကျိယန် ကျန်ခဲ့သော ခံတပ်ကိုကြည့်ကာ တစ်ချက်တွန့်ဆုတ်သွားပြီးနောက် သူလည်း ကျန်းယန်တို့နောက် လိုက်လာခဲ့၏။
ကျန်းယန် ဘားရတ်ရိုင်ဖယ်ကို ကျောတွင်ပြန်လွယ်ကာ လေးကိုကိုင်၍ မြှားများတစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေခဲ့သည်။ ချင်းရှုနှင့် စစ်ထူမင်ယွဲ့လည်း မှော်ရတနာများသုံးကာထွက်ပြေးနေသောရန်သူများဆီ တိုက်ကွက်များ ဆက်တိုက်ထုတ်လွှတ်နေခဲ့၏။ ကျားမိစ္ဆာပင် လေအမြှောက်ဆံများကိုသုံး၍ အဝေးမှ တိုက်ခိုက်နေခဲ့သည်။
ထွက်ပြေးနေသော ဝိညာဉ်အခြေတည်အဆင့်များ သွေးပျက်နေခဲ့ကြ၏။
သူတို့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေခဲ့သည်။ ထိုတိုက်ကွက်များကို ခုခံဖို့ အကာအကွယ်မှော်သိုင်းများ ထုတ်လွှတ်လိုက်လျှင် သူတို့ထွက်ပြေး၍ ရတော့မည် မဟုတ်ပေ။ ထွက်ပြေးဖို့ကိုသာ အာရုံစိုက်ပြီး မကာကွယ်လျှင်လည်း ကျန်းယန်၏ကျည်ဆံများ မြှားများမဟုတ်လျှင် စစ်ထူမင်ယွဲ့တို့၏တိုက်ကွက်များက သူတို့ကို ထိကာ သေဆုံးသွားရပေလိမ့်မည်။
နှစ်လီ သုံးလီ ခန့်ထွက်ပြေးပြီးသောအခါ ထိုအဖွဲ့ထဲတွင် မှော်ရတနာရှိသော ဝိညာဉ်အခြေတည်အဆင့်နှစ်ယောက်သာ အသက်ရှင်လျက်ကျန်ရှိတော့၏။
“မလိုက်နဲ့တော့!” ကျန်းယန် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။
“ခံတပ်ကိုပြန်ပြီး သူတို့စုဆောင်းထားတဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေကိုသိမ်းကြမယ် အို့ သူတို့တံဆိပ်ပြားတွေနဲ့ ကိုယ်ပေါ်ကအသုံး၀င်တာတွေ အကုန်ယူလာခဲ့”
သူထိုသို့ ပြောလိုက်သော်လည်း ဘားရတ်ရိုင်ဖယ်ကို ကိုင်ကာ မြေပေါ်ေမှာက်လိုက်ပြီး ထွက်ပြေးသွားသော ဝိညာဉ်အခြေတည်အဆင့်နှစ်ယောက်ကို ချိန်ထားဆဲပင်။
ကျန်းယန်၏ ရပ်လိုက်ဖို့ပြောသောအသံကို ကြားမှသာ ထွက်ပြေးနေသော ဝိညာဉ်အခြေတည်အဆင့်၂ယောက် စိတ်အေးသွားခဲ့ရသည်။
သူတို့ မီတာ ၄၀၀ ၅၀၀ အထိဆက်ပြေးခဲ့ပြီးမှသာ ရပ်တန့်လိုက်ကြ၏။ ထို့နောက် နောက်ပြန်လှည့်ကြည့်ခဲ့ကြပြီး ကျန်းယန်တို့လိုက်မလာတာသေချာသောအခါမှသာ သက်ပြင်းချ၍ အကာအကွယ်အလွှာများကို ပြန်သိမ်းလိုက်ကြလေသည်။
သူတို့အကာအကွယ်အလွှာကို ရုတ်သိမ်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားခဲ့၏။
လက်ကျန် ကျင့်ကြံသူ တုန်လှုပ်သွားခဲ့သည်။ သူချက်ချင်း မှော်ရတနာကိုအသက်သွင်း၍ အားကုန်သုံးကာ အကာအကွယ်အလွှာကို ဖွင့်ထားလိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
သို့သော် နောက်ဖက်တွင်လည်း ကျန်းယန်၏အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။ ထိတ်လန့်နေသော ထိုကျင့်ကြံသူ ပတ်ပတ်လည်လှည့်၍ သူ့မှော်လက်နက်ကို အရပ်မျက်နှာပေါင်းစုံသို့ ချိန်နေကာ တိုက်ခိုက်ဖို့ အသင်ပြင်ထားခဲ့၏။
လူတစ်ယောက်ကို ဘာစိတ်ဝိညာဉ်စွမ်းအင်လှိုင်းမှဖြာမထွက်ဘဲ မီတာ ၄၀၀ ၅၀၀ အကွာမှ သတ်နိုင်သော လက်နက်မျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ရန်သူက အနီးတွင်သာ ရှ်ိရမည်ဟု သူတွက်ချက်ခဲ့ခြင်းပြီး အခုလို ဟိုလှည့် ဒီလှည့် ချိန်နေခဲ့ခြင်း ဖြစ်သည်။
သူမသိလိုက်သည်ကတော့ သူဘယ်လိုပဲလုပ်လုပ် ကျန်းယန်လက်ထဲက မလွတ်နိုင်တော့ဘူးဆိုတာပင်။
ထို့နောက်တွင်တော့….
ကျန်းယန် ထရပ်လိုက်ကာ ကျားမိစ္ဆာကိုပြောလိုက်၏။
“၀မ်ချိုက် သူတို့မှော်လက်နက်တွေသွားကောက်ချည် အို့ ဟုတ်သားပဲ သူတို့တံဆိပ်ပြားတွေကိုလည်း မမေ့နဲ့ဦး”
အနားရှိကျိယန် လုံး၀ငေးကြောင်နေခဲ့သည်။
ကြောက်စရာအကောင်းဆုံးအရာက ကျန်းယန်ကျောပေါ်က စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံး၀ဖြာထွက်မှုမရှိသော အရာဖြစ်နေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
ပိုပြီးအံ့အားသင့်စရာကောင်းသည်မှာ ဝိညာဉ်အခြေတည်အဆင့် ၁၂ယောက်ပါသောအဖွဲ့က ကျန်းယန်တို့လေးယောက်၏သုတ်သင်ခြင်းကို ခံလိုက်ရခြင်းပင်။
ထို၁၂ယောက်ထဲတွင် သူမ ၁ယောက်ကိုသာ တာ၀န်ယူနိုင်ခဲ့ပြီး ကျန် ၁၁ယောက်ကို ကျန်းယန်တို့ ရှင်းခဲ့ကြခြင်း ဖြစ်သည်။
ထိုလူလေးယောက်သည် အဘယ်ကြောင့် တိုက်ပွဲကွင်းပြင်ထဲတွင် အခုလို ပေါ်ပေါ်ထင်ထင်သွားလာနေရဲသလဲဆိုတာ သူမနောက်ဆုံးတွင် နားလည်သွားခဲ့၏။
ထိုအခိုက်တွင် ၀မ်ချိုက် မှော်လက်နက်တစ်စုံနှင့်တံဆိပ်ပြားနှစ်ပြားကိုချီကာ ပြန်ရောက်လာခဲ့သည်။
ထို့နောက်တွင်တော့ လူတိုင်း ခံတပ်ဆီပြန်လာခဲ့ပြီး ထိုလူများကျန်ရစ်ခဲ့သော အရင်းအမြစ်များကိုသိမ်းဆည်းလိုက်ကြ၏။
“တံဆိပ်ပြား၁၀ခု ပေးလိုက်ရပြီး ၁၂ခုပြန်ရလိုက်တယ်…” ချင်းရှု စိတ်သက်သာရာရသွားဟန်ဖြင့်ပြုံးလိုက်ကာ
“ကွေ့ယွမ်ဘုရားကျောင်းနဲ့လဲလှယ်ဖို့ တံဆိပ်ပြားအလုံအလောက်မရှိမှာကို စိတ်ပူနေတာ အခုတော့ စိတ်ပူနေစရာမရှိတော့တဲ့ပုံပဲ”
သူထိုမှော်လက်နက်ကို သွန်းလုပ်ရန် လိုအပ်သည့် မိုးကြိုးသလင်းကျောက်ကို အတော်လေး လိုချင်နေခဲ့သည်။
ထိုအရာက သူ့အောင်မြင်မှုတစ်ခုဖြစ်သောကြောင့် သူရလဒ်ကို အတည်ပြုချင်နေခဲ့၏။
ထိုလက်နက်ကိုသာ သွန်းလုပ်နိုင်ခဲ့လျှင် အနည်းဆုံးတော့ အချိန်တစ်ခုအတွင်း သူတို့တိုက်ပွဲကွင်းပြင်ထဲတွင် ဘယ်သူ့ကိုမှ ကြောက်စရာလိုတော့မည် မဟုတ်ပေ။
ခံတပ်ထဲရှိ အသုံးမပြုရသေးသော ကောင်းကင်နှင့်မြေပြင်ရတနာများကိုကြည့်ကာ ကျန်းယန် ညွှန်ကြားလိုက်လေသည်။
“တာအိုပညာရှင် မင်းလိုတာအကုန်ယူပြီး ကျိယန်ကိုလည်း မှော်ရတနာတစ်ခု သန့်စင်ပေးလိုက် သူလည်း အစွမ်းပြပါစေ
၀မ်ချိုက် မင်းကတော့ ဆေးသောက်ဖို့အချိန်ရောက်ပြီ
ဒီစိတ်ဝိညာဉ်အရွက်တွေအကုန်လုံးက မင်းအတွက်ပဲ”
ကျားမိစ္ဆာ အလွန်ပျော်သွားခဲ့သည်။ ထိုမျှများပြားသော စိတ်ဝိညာဉ်အရွက်များက သူ့အတွက်တဲ့လား။
သူပျော်ရွှင်စွာ အရွက်များကိုဝါးနေချိန်တွင် ကျန်းယန်ပြုံးကာ သူ့ခေါင်းကိုပုတ်လိုက်ပြီး
“များများစား ပြီးရင်ငါ့ကိုမင်းသွေးနည်းနည်းပေးဦး ငါအဆောင်နည်းနည်းလောက်သန့်စင်ရဦးမယ်”
ကျားမိစ္ဆာချက်ချင်းဆိုသလို စားနေသော စိတ်ဝိညာဉ်အရွက်များက အရသာမရှိေတာ့သလို ခံစားလိုက်ရ၏။
သို့သော် သူမစားလျှင်လည်း သွေးကတော့ ပေးကိုပေးရမှာဟုတွေးမိသောအခါ သူအရသာခံမနေတော့ဘဲ အရွက်များကို သုံးလေးချက်သာ ဝါးပြီး မြိုချပစ်လိုက်ေလသည်။
ချင်းရှု မှော်လက်နက်သန့်စင်နေချိန်တွင် ကျန်းယန် စိတ်ဝိညာဉ်သစ်ပင်တစ်ပင်ကိုခုတ်ကာ အဆောင်များ စတင်သန့်စင်နေခဲ့၏။
သစ်သားတုံးလေးများကို ကြည့်ကာ ကျားမိစ္ဆာမြေပြင်ပေါ်တွင် စိတ်ပျက်အားငယ်နေဟန်ဖြင့် လဲလျောင်းနေခဲ့ပြီး လှုပ်ပင်မလှုပ်ချင်တော့ပေ။
အနားတွင်ရပ်နေသော ကျိယန်ကတော့ နောက်ဆုံးတွင် ထိုအဆောင်များကိုဘယ်လိုပြုလုပ်ထားသလဲ သိရှိသွားခဲ့သည်။
လက်နက်သန့်စင်ပြီးသွားသောအခါချင်းရှု စိတ်ဝိညာဉ်သွေးများထုတ်ယူကာ အဆောင်ရေးဆွဲနေသော ကျန်းယန်ကိုကြည့်ရှုနေရင်း ရုတ်တရက် သူ့စိတ်ထဲအတွေးတစ်ခုပေါ်လာကာ ပြောလိုက်၏။
“ငါ့ကိုလည်း သွေးနည်းနည်းပေး ငါအဲ့တာကိုသုံးပြီး သန့်စင်ရင် လက်နက်ရဲ့စွမ်းအားကို မြှင့်ပေးနိုင်လောက်တယ် ငါကျားရိုးရနိုင်ရင်တော့ အကောင်းဆုံးပဲ…”
ကျားမိစ္ဆာချက်ချင်း သူ့ဘက်လှည့်လာကာ ဟိန်းဟောက်လိုက်လေသည်။ သူ့သွေးကိုထုတ်ယူခြင်းကပင် လွန်လွန်းလှပြီဖြစ်ပြီး အခုသူတို့က သူ့အရိုးကိုပင် လိုချင်နေပြီလော။
ကျန်းယန်ရယ်မောကာ ပြောလိုက်၏။
“သူ့သွေးနဲ့ အဆောင်ဆွဲလို့ရတာနဲ့တင်လုံလောက်နေပါပြီ ကျန်တာကို မေ့ထားလိုက်ရအောင် အခုတစ်ခေါက် ငါအဆောင် ၂၅ခု ဆွဲလို့ပြီးသွားတယ် အားလုံးက မိုးကြိုးနဲ့ မီးတောက်ပေါက်ကွဲ အဆောင်တွေချည်းပဲ အဲ့တာတွေနဲ့ဆိုရင် ငါတို့မှော်ရတနာမရှိတဲ့ ဝိညာဉ်အခြေတည်အဆင့် ၁၀ ၂၀ လောက်ကိုတော့ အေးဆေးရင်ဆိုင်လို့ရပြီ”
သူတို့ အဆောင်များသည် ချက်ချင်းအသက်သွင်း၍ ပစ်လွှတ်၍ရသော အရာများဖြစ်ပြီး မှော်ရတနာမရှိသော ဝိညာဉ်အခြေတည်အဆင့်များအတွက်ကတော့ စိတ်ဝိညာဉ်စွမ်းအင်သုံး၍ ကောင်းကင်နှင့်မြေပြင်နိယာမများကို ထိန်းချုပ်ဖို့က အချိန်အနည်းငယ် လိုအပ်ပေသည်။
ထိုအချက်က သူတို့၏အားသာချက်ဖြစ်၏။
ခံတပ်တစ်ခုလုံးကိုရှင်းခဲ့ပြီးနောက်တွင် ကျန်းယန်တို့ ကျောက်တုံးတောအုပ်ရှိရာသို့ ဆက်လက်ချီတက်လာခဲ့ကြသည်။
ထိုစဉ် ကျိယန် ကျန်းယန်ကိုစိတ်၀င်တစားကြည့်ကာ မေးလိုက်၏။
“သူတို့က တိုက်ခိုက်ချင်တဲ့အရိပ်အယောင်နည်းနည်းမှမပြခဲ့ဘဲနဲ့ နင်ကဘယ်လိုလုပ် သူတို့တိုက်ခိုက်မှာကို ကြိုသိတာလဲ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေထိတွေးပြီး ပြင်ဆင်ထားတာလား”
ကျန်းယန် ပြန်မဖြေခဲ့ပေ။သူသည် အနာဂတ်ကိုတွက်ချက်နိုင်သူမဟုတ်ပေ။ သို့သော် ကာကွယ်မထားဘူးဟု ထင်ရသောအချိန်မျိုးမှာပင် အမြဲအသင့်ပြင်ထားတတ်သူ ဖြစ်သည်။
“နင်ဘာသိလို့လဲ” စစ်ထူမင်ယွဲ့ ၀င်ဟောက်လိုက်၏။
“စီနီယာအစ်ကိုကြီးက အဲ့တာကို ရှေ့ရေးကိုကြိုတွေးပြင်ဆင်ခြင်းလို့ခေါ်တယ် အဆိုးဆုံးအခြေအနေမှာ သူတို့ဘာလုပ်မလဲဆိုတာကို သိပြီး ပြင်ဆင်ထားပြီးတော့ သူတို့လှုပ်ရှားမယ့်အချိန်ကိုစောင့်နေတာ”
ကျိယန် ပိုပြီးပင် အံ့အားသင့်သွားခဲ့သည်။
ကျန်းယန်သည် ထိုမျှကြောက်စရာကောင်းသောလူပေလော။