ငါမင်းကို ဒီကံကြမ္မာပေးမယ်
Vol. 15 Ch. 163
ကျန်းယန်နှင့်သူ့အဖွဲ့ခံတပ်တစ်ခုပြီးတစ်ခုဖြတ်ကျော်လာခဲ့ပြီးနောက်ဆုံးတွင် ကျောက်တုံးတောအုပ်အပြင်သို့ ရောက်ရှိလာခဲ့သည်။
လမ်းတစ်လျှောက်လုံးတွင် သူတို့ခံတပ်များစွာနှင့်ကြုံခဲ့ရပြီး ထိုထဲမှ ခံတပ်သုံးလေးခုကို သိမ်းသွင်းနိုင်ခဲ့ကာ သူတို့ကြဲခဲ့သော မျိုးစေ့များထဲမှ ဘယ်နှစ်ပင်အညှောင့်ထွက်လာမလဲဆိုတာတော့ ကျန်းယန်လည်း မသိသေးပေ။
ဒါပေါ့ သူတို့ကြွယ်၀မှုကြောင့် သူတို့ကိုသတ်ဖို့ကြိုးစားခဲ့သော ကျင့်ကြံသူများနှင့်လည်း တွေ့ခဲ့ကြရသည်။
ရလဒ်ကအနေဖြင့် သူတို့စုဆောင်းရရှိခဲ့သော တံဆိပ်ပြားများက ၇၀ ကျော်သွားခဲ့၏။
စိတ်ဝိညာဉ်ဆေးပင်များနှင့်ပစ္စည်းအများအပြားလည်း ထပ်မံရရှိခဲ့ပြီး ယခုအခါ သူတို့စုဆောင်းမိထားသော ရတနာများက ကျားမိစ္ဆာကျောပေါ်ရှိ အိတ်ကိုပင် ပြည့်ဖောင်းနေစေခဲ့ချေပြီ။
စိတ်ဝိညာဉ်ဆေးပင်များ အများအပြားစားနေရသောကြောင့် ကျားမိစ္ဆာကလည်း ပစ္စည်းသယ်ရသောတာ၀န်ကို ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နေခဲ့သည်။
နောက်ဆုံးတွင် အတိတ်တုန်းကဆိုလျှင် ထိုကဲ့သို့သောအရာများကိုစားရဖို့ သူကိုယ်တိုင် တိုက်ပွဲ၀င်ခဲ့ရသည် မဟုတ်ပါလား။
အခုတော့ စားစရာက သူ့တံခါးရှေ့သို့ အလိုလိုရောက်လာနေခဲ့ခြင်း ဖြစ်သည်။
တခါတလေတော့လည်း သူများခွေးဖြစ်ရတာ ကောင်းသားး
ကျောက်တုံးတောအုပ်အပြင်ဘက်တွင်ရပ်နေရင်း လူတိုင်း၏အမူအရာများ လေးနက်နေကာ ဘယ်သူမှ အထဲသို့ အလျင်စလို ၀င်မသွားရဲခဲ့ကြပေ။
ကျန်းယန် သူ့ရှေ့က ကျောက်တိုင်ကြီးများကို ကြည့်ရှုနေခဲ့၏။ ထိုထဲရှိ အချို့ကျောက်တိုင်များက ကျန်းဒါဇင်နှင့်ချီ၍မြင့်ကာ အချို့ကတော့ ၁ကျန်း ၂ကျန်းလောက်သာ မြင့်ကြသည်။ ထိုကျောက်တိုင်များက ၁၀လီကျော်သောနယ်မြေထဲတွင်ပုံစံအမျိုးမျိုးဖြင့် ပြန့်ကျဲတည်ရှိနေခဲ့၏။
အတန်ကြာ အကဲခတ်ပြီးသောအခါ ကျန်းယန်နောက်ဆုံးတွင် ချင်းရှုဘက်လှည့်၍ ပြောလိုက်သည်။
“ငါတို့ဒီလိုနေရာမျိုးကို၀င်လို့မရဘူး အရမ်းအန္တရာယ်များလွန်းတယ် ကြည့်ရတာ ငါတို့ ကွေ့ယွမ်ဘုရားကျောင်းနဲ့အပေးအယူလုပ်ဖို့မင်းရဲ့ရှို့ယိဘုရားကျောင်းကဆိုတဲ့ သရုပ်ကိုပဲ သုံးရတော့မယ်ထင်တယ်”
ချင်းရှုလည်း ခေါင်းညိတ်ပြလိုက်၏။ အခုလိုကျောက်တုံးတောအုပ်မျိုးထဲကို ၀င်ဖို့က အတော်လေးအန္တရာယ်များသည်ဟု သူလည်း ခံစားနေခဲ့ရသည်။
အထဲတွင် ဘာတွေရှိနေသလဲ ဘယ်သူမှမသိနိုင်သလို ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးများ ဘယ်နေရာမှာ ရှိနေကြမလဲဆိုတာကိုလည်း ဘယ်သူမှမသိနိုင်ပေ။
“ငါမင်းကို တံဆိပ်ပြားအခု ၄၀ ပေးလိုက်မယ်” ကျန်းယန် ချင်းရှုကိုတံဆိပ်ပြားများ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
“အဲ့တာတွေကို ရှို့ယိဘုရားကျောင်းက အဖွဲ့၀င် ၄၀ ရဲ့ ကံကြမ္မာတွေလို့ မှတ်ထားလိုက် အဲ့ဒီနည်းနဲ့ဆို ငါတို့လဲလှယ်လို့ရကောင်းရနိုင်လိမ့်မယ်
ဒါပေါ့ ကျောက်တုံးတောအုပ်ထဲကိုတော့ မ၀င်နဲ့ ထင်ထင်ရှားရှား လဲလှယ်လို့ရမယ့် နေရာတစ်ခုရွေးလိုက်
ငါကမနီးမဝေးနေရာတစ်ခုမှာ မင်းကိုကာကွယ်ပေးဖို့ ကင်းပုန်း၀ပ်နေမယ်
တကယ်လို့ ပဋိပက္ခတစ်ခုခုဖြစ်လာရင် ငါရှိတဲ့လမ်းကြောင်းအတိုင်းသာ ပြန်ဆုတ်ခဲ့”
ထို့နောက် သူစစ်ထူမင်ယွဲ့နှင့်ကျိယန်တို့ဘက်လှည့်ကာ ပြောလိုက်၏။
“နင်တို့နှစ်ယောက်က ၀မ်ချိုက်ကိုခေါ်ပြီး ၂လီ ၃လီအထိနောက်ဆုတ်ထားလိုက် အနားကိုကပ်မလာနဲ့ သတိနဲ့နေကြ တကယ်လို့ တိုက်ပွဲတစ်ခုခုဖြစ်လာရင် နင်တို့က နောက်ကနေငါတို့ကိုထောက်ပံ့ပေးဖို့ တာ၀န်ရှိတယ် အဆောင်အခု၃၀ယူသွား ငါက လက်ကျန်၁၅ခုယူထားလိုက်မယ်”
“စီနီယာအစ်ကိုကြီး ဂရုစိုက်ပါ” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုစိတ်ပူနေဟန်ဖြင့် ကြည့်ကာ ပြောလိုက်ပြီး ၀မ်ချိုက်တို့ကိုခေါ်၍ ထွက်ခွာသွားခဲ့လေသည်။
ထို့နောက် ကျန်းယန်နှင့်ချင်းရှုတို့ ကျောက်တုံးတောအုပ်တစ်ဝိုက်လှည့်ပတ်ကြည့်ရှုလိုက်ပြီး အလဲအလှယ်လုပ်ဖို့ သင့်တော့်မည့်နေရာတစ်ခုကို ရှာဖွေနေခဲ့ကြ၏။
နေရာသတ်မှတ်ပြီးသွားသောအခါ ကျန်းယန် ချင်းရှုကို ကွေ့ယွမ်ဘုရားကျောင်းမှလူများနှင့်သွားဆက်သွယ်၍ ရပြီဟု အချက်ပြလိုက်သည်။
သူကတော့ သူ့ပတ်ပတ်လည်တွင် သတိပေးစည်းတစ်ခုဆွဲလိုက်ပြီး ကျောက်တုံးတောအုပ်နား ချဉ်းကပ်သွားသော ချင်းရှုကို မှန်ပြောင်းနှင့်ကြည့်ရှုနေခဲ့၏။
အခုလိုကိစ္စမျိုးကို ချင်းရှုကိုတာ၀န်ပေးလိုက်ရတာကို သူစိတ်ပူနေခဲ့မိ၏။
ထိုကောင်သည် တော်သော်လည်း လူတွေနှင့်မဆက်ဆံတတ်ပေ။ ထို့ကြောင့် အောင်မြင်စွာလဲလှယ်လာရမည့်အစား ကွေ့ယွမ်ဘုရားကျောင်းမှဘုန်းကြီးများကို ဒေါသထွက်အောင် လုပ်လာခဲ့မှာကို သူစိတ်ပူနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရှို့ယိဘုရားကျောင်းမှလူဟူ၍ ချင်းရှုသာရှ်ိသောကြောင့် သူ့တွင်ရွေးချယ်စရာမရှိခဲ့ပေ။
တံဆိပ်ပြားလေးဆယ်ကိုကိုင်ဆောင်ထားသော ချင်းရှု ကျောက်တုံးတောအုပ်ထောင့်စွန်းတစ်နေရာတွင်ရပ်ကာ အကျယ်ကြီး အော်ပြောလိုက်၏။
“ရှို့ယိဘုရားကျောင်းက ချင်းရှု ကွေ့ယမ်ဘုရားကျောင်းရဲ့ ဂုဏ်သရေရှ်ိအဖွဲ့၀င်တွေဆီ အလည်အပတ်ရောက်ရှိလာပါတယ်”
သူ့နှလုံးသားထဲတွင်တော့ စိတ်လှုပ်ရှားမှုများ လေးလံမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ စိတ်လှုပ်ရှားမှုက သူသာ မိုးကြိုးကျောက်တုံးသလင်းကျောက်ကို လဲလှယ်နိုင်ခဲ့လျှင် သူ့လက်နက်ကိုသန့်စင်နိုင်တော့မည်ဖြစ်သောကြောင့်ဖြစ်ပြီး လေးလံမှုကတော့ ကွေ့ယွမ်ဘုရားကျောင်းက မလဲဘဲ ငြင်းဆန်လိုက်မှာစိုးရိမ်၍ ဖြစ်၏။
ချင်းရှု အကြိမ်များစွာ အကျယ်ကြီးအော်ပြောခဲ့ပြီး တောအုပ်ထဲသို့ပင် မှော်သိုင်းတစ်ကွက်ပစ်လွှတ်လိုက်သောအခါ တောအုပ်ထဲမှ ဗလတောင့်တောင့်ဘုန်းကြီးတစ်ပါး ထွက်လာခဲ့လေသည်။ သူချင်းရှုကို ကြည့်လိုက်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“ဘာကိစ္စရှိလို့များလဲ ဒကာလေး”
“ကျွန်တော် တံဆိပ်ပြား၄၀နဲ့ မိုးကြိုးကျောက်တုံးတစ်တုံးကို လဲလှယ်ချင်လို့ပါ”
ချင်းရှု ဘာမှဖုံးကွယ်မနေတော့ဘဲ သူလိုချင်တာကိုသာ တိုက်ရိုက်ပြောချလိုက်လေသည်။ ပြောနေရင်း တံဆိပ်ပြားများကိုလည်း ထုတ်ပြလိုက်၏။
ကွေ့ယွမ်ဘုရားကျောင်းမှ ဘုန်းကြီး ချင်းရှုကို ထူးဆန်းစွာကြည့်လိုက်ပြီး သူ့လက်ထဲမှ တံဆိပ်ပြားများကိုကြည့်ကာ မေးလိုက်သည်။
“ဒကာလေးက မိုးကြိုးကျောက်တုံးကိုဘာအတွက်လိုချင်တာလဲ”
ချင်းရှု မျက်မှောင်ကြုံ့လိုက်ကာ စိတ်မရှည်မှုကို ဖိနှိပ်ထားလိုက်ပြီး ပြောလိုက်၏။
“မိုးကြိုးကျောက်တုံးကို လက်နက်သန့်စင်ဖို့ကလွဲ ဘာအတွက်လိုရဦးမှာလဲ ကျွန်တော်က စားဖို့လိုတာလို့ ဖြေမယ်ထင်နေတာလား”
အခုလိုမေးခွန်းမျိုးမေးသောဘုန်းကြီး၏ခေါင်းသည် တစ်ခုခုတော့ မှားနေတာ သေချာပေသည်။
ကွေ့ယွမ်ဘုရားကျောင်းမှဘုန်းကြီးဒေါသထွက်မသွားခဲ့ပေ။ ထိုအစား သူထပ်မေးလိုက်၏။
“ဘာလို့ ကိုယ်တော်တို့က ဒကာလေးနဲ့ လဲလှယ်သင့်တာလဲ”
“ကံကြမ္မာ!” ချင်းရှု သူ့လက်ထဲက တံဆိပ်ပြားများကိုမြှောက်ပြလိုက်ကာ
“ဒီတံဆိပ်ပြားလေးဆယ်က ရှို့ယိဘုရားကျောင်းပိုင်တဲ့ ကံကြမ္မာလေးဆယ်ပဲ ဒီလောက်နဲ့တင် လဲလှယ်ဖို့ လုံလောက်သင့်ပါပြီ”
သူ့နှလုံးခုန်သံ အလိုလိုမြန်လာခဲ့သည်။
လိမ်လည်ခြင်းဟူသည်မှာ သူနှင့်အကျွမ်း၀င်သောအရာမဟုတ်ပေ။
ဘုန်းကြီးမျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
“ရှို့ယိဘုရားကျောင်းက တကယ်ကြီး ကိုယ်တော်တို့ကို ဒီကံကြမ္မာတွေပေးချင်တာလား”
ချင်းရှု ပြန်ဖြေလိုက်သည်။
“ဒါတွေအားလုံးက ယွင်ရှောင်းနန်းတော်ကြောင့်ပဲ…သူတို့ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့လည်း မိုးကြိုးကျောက်တုံးနဲ့လဲလှယ်ဖို့ လိုလာမှာမဟုတ်ဘူး”
ကြောက်ရွံ့မှုကြောင့် သူ့မျက်နှာပင်နီရဲနေသောကြောင့် သူ့စကားလုံးများကလည်း အူကြောင်ကြောင်နိုင်နေခဲ့၏။
သို့သော် ထိုပုံစံကပင် သူသည် ယွင်ရှောင်းနန်းတော်ကို အမှန်တကယ်စိတ်တိုနေပုံ သွားပေါက်နေခဲ့သည်။
ကွေ့ယွမ်ဘုရားကျောင်းကကိုယ်တော်အတွေးနက်သွားကာ ချင်းရှုကိုကြည့်၍ မေးလိုက်၏။
“ဒီမှာစောင့်နေ ကိုယ်တော်တို့ဆွေးနွေးဖို့ လိုသေးတယ်”
ပြောပြီးသည်နှင့် သူကျောက်တုံးတောအုပ်ထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။
ကျောက်တုံးတောအုပ်၏ ဗဟိုတွင် လူတစ်စု ဆွေးနွေးနေခဲ့ကြ၏။
“ရှို့ယိဘုရားကျောင်းက တကယ်ပဲယွင်ရှောင်းနန်းတော်ဘေးမှာရှိနေတာ သူတို့ပဋိပက္ခဖြစ်တာ ဖြစ်နိုင်တယ်”
“အဲ့တာကရိုးရှင်းတဲ့ပဋိပက္ခလေးတော့ မဖြစ်နိုင်ဘူး ကြီးမားတဲ့အာဃာတကြီးတစ်ခုအထိ ရောက်သွားပုံပဲ မဟုတ်ရင် သူတို့ ကံကြမ္မာလေးဆယ်နဲ့တော့ လဲမှာမဟုတ်ဘူး”
“တပည့်ေတာ်တို့မှာလည်း မိုးကြိုးကျောက်တုံးနည်းနည်းရှိနေတယ် လဲလှယ်လိုက်သင့်လား”
“လုပ်သင့်တယ်လို့ထင်တယ် အခြားသူတွေရဲ့ ကံကြမ္မာကို အလွယ်တကူရနိုင်ပေမယ့် ရှို့ယိဘုရားကျောင်းရဲ့ ကံကြမ္မာကိုတော့ လွယ်လွယ်ရနိုင်မှာမဟုတ်ဘူး မိုးကြိုးကျောက်တုံးတစ်တုံးနဲ့ ရှို့ယိဘုရားကျောင်းက လူလေးဆယ်ရဲ့ ကံကြမ္မာနဲ့လဲရတာက တန်တာထက်တောင် ပိုနေသေးတယ်”
“တကယ့်ပြဿနာက အဲ့ဒီတံဆိပ်ပြားတွေက ရှို့ယိဘုရားကျောင်းကလူတွေရဲ့ တံဆိပ်ပြားအစစ်တွေဟုတ်သလားဆိုတာ တပည့်တော်တို့ မသိနိုင်တာပဲ”
“သူတို့ဟာတွေပဲ ဖြစ်ရမယ် တံဆိပ်ပြား ၃၀ ၄၀ ရဖို့က ရှို့ယိဘုရားကျောင်းအနေနဲ့ဆိုရင်တောင် အပြင်ကိုလူနည်းနည်းတော့ ပို့ပြီး ရှာရမှာ လက်ရှိသူတို့ပဋိပက္ခအခြေအနေနဲ့ဆိုရင် အပြင်ကို လူလွှတ်ဖို့က ခက်ခဲလိမ့်မယ် ပြီးတော့ တပည့်တော်ကြားထားတာတော့ တာအိုပညာရှင်ချင်းရှုက သူတို့ဘုရားကျောင်းမှာအဆင့်အတန်းတစ်ခုရှိတယ် ပြီးတော့ အခြားသူတွေနဲ့လည်း အဆင်မပြေလှဘူး အဲ့တော့ သူ့အနေနဲ့ တံဆိပ်ပြားတွေယူလာပြီး လာလဲတာမျိုးက လုံး၀ သာမန်ပဲ”
အတန်ကြာဆွေးနွေးပြီးသောအခါ မိုးကြိုးကျောက်တုံးတစ်တုံးနှင့် တံဆိပ်ပြားလေးဆယ်လဲလှယ်ရခြင်းက အလွန်တန်သည်ဟု ဘုန်းကြီးများ ဆုံးဖြတ်လိုက်ကြလေသည်။
နောက်ဆုံးတွင် ကျောက်တုံးတောအုပ်ထဲ၌ မိုးကြိုးကျောက်တုံးများက မရှားသောကြောင့် သူတို့အတွက်အလွန်တန်ဖိုးရှိသောအရာလည်း ဟုတ်မနေပေ။
ချင်းရှု အပြင်တွင်အတန်ကြာအောင်စောင့်နေခဲ့ရပြီး စိတ်မရှည်တော့ချိန်တွင် ခုနက ထွက်လာသော ဘုန်းကြီးပင် ပြန်ထွက်လာခဲ့၏။
“ကိုယ်ေတာ်တို့လဲလှယ်ဖို့ သဘောတူတယ် တံဆိပ်ပြားလေးဆယ်ကိုပေး ဒီကျောက်တုံးက ဒကာလေးအတွက်ပဲ”
ဘုန်းကြီးလက်ထဲက မိုးကြိုးများ တဖြတ်ဖြတ်ေပြးေနေသာ ကျောက်တုံးကိုတွေ့သောအခါ ချင်းရှု စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ တံဆိပ်ပြားလေးဆယ်ကို ချက်ချင်း ပစ်ပေးလိုက်သည်။
အဝေးမှ ကျန်းယန်ကတော့ ခေါင်းကိုသာတွင်တွင် ခါယမ်းနေမိ၏။
ထိုကဲ့သို့သော လူမျိုးက အခြားသူများကိုဦးနှောက်မရှိဘူးဟု ပြောရဲပါသေးသလော။