← Chapters

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမဆီသို့ ရောက်ရှိခြင်း

Vol. 15 Ch. 165

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမဆီသို့ ရောက်ရှိခြင်း

Vol. 15 Ch. 165

သူသည် ကျန်းယန်တို့အဖွဲ့နှင့် ပြီးပြည့်စုံအောင်ပေါင်းစပ်နိုင်စွမ်း မရှိသေးတာကို ကျိယန်သိပေသည်။

ဤအဖွဲ့၏ အဓိကပုဂ္ဂိုလ်က ကျန်းယန်ဖြစ်မှန်းလည်း သံသယရှိစရာပင်မလိုပေ။

စစ်ထူမင်ယွဲ့ဖြစ်ဖြစ် ချင်းရှုဖြစ်ဖြစ် ကျားမိစ္ဆာဖြစ်ဖြစ် ထိုသူများအားလုံးက ကျန်းယန်ကို ဝိုင်းရံနေကြသူများသာ ဖြစ်ကြ၏။

ထို့ကြောင့် ဤအဖွဲ့နှင့်ပေါင်းစပ်လိုလျှင် ကျန်းယန်ယုံကြည်လာအောင် ကြိုးစားရပေလိမ့်မည်။

သို့သော် သူမသည် စစ်ထူမင်ယွဲ့လို ကျန်းယန်စီစဉ်သမျှ ဘာတစ်ခွန်းမှမမေးဘဲ လိုက်မလုပ်နိုင်သလို ကျားမိစ္ဆာလိုလည်း သွေးထုတ်မပေးနိုင်ပေ။ ချင်းရှုလိုလည်း ကျန်းယန်နှင့်တူညီသော ရည်မှန်းချက်ပန်းတိုင်မျိုး ရှိမနေပေ။

သူမအများကြီးတွေးလိုက်မိသောအခါ သူမနှလုံးသားပင် ရှုပ်ထွေးလာခဲ့ရသည်။

ထိုရှုပ်ထွေးမှုကို ဖြေရှင်းနိုင်မည့် ဉာဏ်ပညာမျိုးလည်း သူမတွင် ရှိမနေပေ။

ထို့ကြောင့်လည်း အခုချိန်ထိ သူမနှင့်ကျန်းယန်တို့အဖွဲ့ကြားတွင် စည်းတစ်ခုခြားထားသလို ဖြစ်နေခဲ့ရခြင်း ဖြစ်၏။

တိုက်ပွဲကွင်းပြင်၏ဗဟိုတွင် ခန်းမကြီးတစ်ခုရှိမှန်း သူမ ကြားဖူးပေသည်။

သို့သော် ကြားဖူးရုံသာဖြစ်ပြီး ဘာမှန်းပင် မသိပေ။

ထို့ကြောင့် ထိုထဲတွင် ဘာကောင်းတာတွေရှိနေတယ်ဆိုတာကိုလည်း သူမသိပေ။

ဒါပေါ့ လူတိုင်းလိုချင်နေသော အရာတစ်ခုက သာမန်အရာတစ်ခုတော့လည်း မဟုတ်နိုင်ပေ။ သူမလည်း ထိုအရာကိုလိုချင်မိသော်လည်း ကျန်းယန်စကားကိုလုံး၀နာခံကာ သူ့ရှေ့တွင် ရိုကျိုးပြဖို့ကလည်း သူမအတွက် ခက်ခဲ‌နေခဲ့ပြန်၏။

သူမအမြင်တွင် ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်း၏ ဆက်ဆံသူဖြစ်သော်လည်း ရွှေအမြုတေအဆင့်လေးတစ်ယောက်သာ မဟုတ်ပါလော။

ထူးခြားသောအကြံဉာဏ်အချို့နှင့် နည်းလမ်းအချို့ရှိနေတာကလွဲရင် သူသည် ဘာဟုတ်ပါသနည်း။

ဤကျင့်ကြံခြင်းကမ္ဘာတွင် ခွန်အားကသာ အရာရာဖြစ်ပြီး ခွန်အားကလည်း လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်နေသော အရာဖြစ်သည်။

ထို့အပြင် အဇူရာတိမ်ဂိုဏ်းသည် အကြပ်အတည်းအတွင်းကျရောက်နေပြီး အချိန်မရွေး ဖျက်ဆီးခံလိုက်ရနိုင်သေး၏။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သူမအတွက် ကျန်းယန်၏စကားကိုနာခံဖို့က အတော်လေးခက်ခဲနေခဲ့သည်။

ကျန်းယန်ကတော့ ကျိယန်အတွေးများကို စိတ်မ၀င်စားပေ။ သူ သူမကို အစစ်မှန်ဆုံးဆက်ဆံပေးခဲ့ပြီး ဖြစ်၏။

သူပြောသင့်တာ သတိပေးသင့်တာမှန်သမျှကို ပြောပြီး သတိပေးခဲ့ပြီးဖြစ်ပြီး တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီ၏စကားကြောင့် သူမကိုပင် ကြည့်ရှုစောင့်ရှောက်ပေးခဲ့သေးသည်။

သို့သော် သူမသူတို့အဖွဲ့ဝင်ဖြစ်မလာရင်တော့ သူမကို ခန်းမထဲခေါ်မသွားနိုင်ပေ။

သူတို့အဖွဲ့၀င်မဟုတ်လျှင် အပြင်တွင်ကျန်ခဲ့ပြီးသာ သူတို့၀င်သွားတာကို ကြည့်နေရပေလိမ့်မည်။

ထိုကိစ္စက အဲ့လောက်အထိရိုးရှင်း၏။

သူတို့ ခန်းမနှင့်နီးလာလေလေ ကျန်းယန် ထိတ်လန့်လာမိလေလေပင်။

သူတို့ခန်းမကို မဖွင့်နိုင်မှာကို သူစိတ်ပူနေခဲ့ခြင်း ဖြစ်သည်။

အမတနှင့်သားရဲ….ဤနှစ်ခုက သေချာသော်လည်း မိစ္ဆာကတော့ မသေချာပေ။

သူ့လက်ထဲက အနက်ရောင်မိစ္ဆာစွမ်းအင်အလုံးက သော့ချက်ဖြစ်လာပါမည်လော။

ဖ္ငင့်မရလျှင်တော့ သူသည် မိစ္ဆာမဟုတ်ဘူးဟု ဆိုလိုနေခြင်းဖြစ်ပြီး ဖွင့်လို့ရသွားလျှင်လည်း သူကမိစ္ဆာအစစ်တစ်ကောင်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

မိစ္ဆာများ၏စကားကို တကယ်ပဲယုံလို့ ရနိုင်ပါမည်လော။

သူ့စိတ်ထဲ လောပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

အကယ်၍သူသာ မိစ္ဆာတစ်ကောင်ဖြစ်နေခဲ့လျှင် သူအဇူရာတိမ်ဂိုဏ်းသို့ပြန်သွားပါက တကယ့် ပြဿနာအကြီးကြီးတက်သွားနိုင်၏။

ထိုအခိုက်တွင် သူ့စိတ်ထဲ၌ မိစ္ဆာသန္ဓေသားသူ့ဆီပေးပို့ခဲ့သော အချက်အလက်များဖြင့်သာ ပြည့်နေခဲ့သည်။

ထိုအချက်အလက်များအရ အဇူရာတိမ်ဂိုဏ်းထဲတွင် မိစ္ဆာ ၁၇ကောင်ကို ဖိနှိပ်ထားမှန်း သူသိရှိသွားခဲ့ရ၏။ ထိုမိစ္ဆာများ၏ အမည်နှင့်ဇာတ်မြစ်များကိုပင် သူသိရှိခဲ့ရသည်။

မိစ္ဆာများအသုံးပြုသည့် မိစ္ဆာလမ်းစဉ်က နည်းစနစ်များကိုလည်း သူသိလာခဲ့ရ၏။

ရှုပ်ထွေးနေသော ခံစားချက်များနှင့် ကျန်းယန် တိုက်ပွဲကွင်းပြင်၏ဗဟိုသို့ ရောက်ရှ်ိလာခဲ့သည်။ အဝေးမှပင် သူတို့ ခမ်းနားထည်ဝါလှကာ ရှေးကျသော အဆောက်အဦးကြီးတစ်ခုကို မြင်တွေ့နေခဲ့ရ၏။

“အဲ့တာက မဟာခန်းမပဲ” ချင်းရှု အဆောက်အဦးကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“အဲ့တာကို မဖွင့်နိုင်တာ နှစ်ပေါင်းသုံးထောင်ရှိသွားပြီ ဒီတစ်ခေါက် ငါတို့မှာ နတ်ဝိညာဉ်အဆင့်စွမ်းအားထုတ်နိုင်တဲ့ လက်နက်ရှ်ိနေတော့ အခွင့်အရေး ရှိလောက်တယ်”

ကျန်းယန်အသာအယာခေါင်းညိတ်ပြလိုက်ကာ

“ငါတို့ ကြိုးစားကြည့်ရမယ်”

“ငါတို့ခန်းမကိုမဖွင့်ခင် ခန်းမအနားမှာ စောင့်ကြပ်နေတဲ့ ဂိုဏ်းကြီး‌ေတွက လူတွေနဲ့ အရင်ဆုံး ရင်ဆိုင်ရမယ် ဂိုဏ်းကြီးတစ်ဂိုဏ်းကို စောင့်ကြပ်ဖို့ လူလေးယောက် ပို့ကြတယ် ဂိုဏ်းကြီးက ၉ဂိုဏ်းဆိုတော့ အားလုံးပေါင်း လူ၃၆ယောက်ရှိနေလိမ့်မယ်” ချင်းရှုလေးလေးနက်နက်ပြောလိုက်သည်။

ထိုလူသုံးဆယ့်ခြောက်ယောက်သည် တိုက်ပွဲကွင်းပြင်ထဲရောက်သည်နှင့် တိုက်ရိုက်ပင် ဤခန်းမကြီးရှိရာသို့ ရောက်လာ၍ စောင့်ကြပ်နေခဲ့ကြသူများ ဖြစ်ကြ၏။

ကျန်းယန် ခန်းမကြီးကိုအတန်ကြာစိုက်ကြည့်နေခဲ့ပြီးနောက် ကျိယန်ဘက်လှည့်ကာ ပြောလိုက်သည်။

“နင်အပြင်မှာ စောင့်နေခဲ့ နင့်ရဲ့လျှို့ဝှက်နည်းစနစ်နဲ့ဆိုရင် သစ်ပင်ထဲမှာ ဘယ်သူမှမသိအောင် ပုန်းနေလို့ရမှာပါ ဒါပေမယ့် ဂိုဏ်းကြီးတွေကလူတွေ ဒီနားကိုချဉ်းကပ်လာရင်တော့ နင်ချက်ချင်း ငါတို့ကိုသတိပေးရမယ် ငါတို့တံခါးကိုဖွင့်နိုင်ပြီး ရတနာတွေရလာခဲ့ရင် နင့်ကိုဝေစုခွဲပေးမယ်”

ကျိယန် တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် တုန့်ဆိုင်းမနေတော့ဘဲ ကျန်းယန် စစ်ထူမင်ယွဲ့တို့ကိုခေါ်ကာ ခန်းမကြီးဆီ ဦးတည်သွားခဲ့လေသည်။

လမ်းတစ်လျှောက်လုံးတွင် ကျိယန်ဆီက စိတ်အားထက်သန်နေသော အမူအရာမျိုး ထွက်ပေါ်မလာခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယန်ကလည်း သူမကို ခန်းမထဲခေါ်သွားမည် မဟုတ်ပေ။

ကျန်းယန်တို့ ခန်းမဆီဆက်သွားနေသည်ကို ကြည့်နေရင်း ကျိယန် အလျင်အမြန် သစ်ပင်တစ်ပင်ထဲ ၀င်ပုန်းလိုက်၏။ သူမသည် ထိုအဖွဲ့နှင့်ပြီးပြည့်စုံအောင် မပေါင်းစပ်နိုင်သေးမှန်း သူမသိပေသည်။

သို့သော် အရိုးသားဆုံးပြောရလျှင် သူမကလည်း ခန်းမထဲအရမ်းကြီး၀င်ချင်နေတာတော့ မဟုတ်ပေ။

ခန်းမကိုဖွင့်နိုင်မဖွင့်နိုင်ပင် မသေချာသေးခင်တွင် ဂိုဏ်းကြီးကိုးဂိုဏ်းနှင့်ရင်ဆိုင်ရခြင်းက ကောင်းမွန်သော ရွေးချယ်မှုတော့ မဟုတ်ပေ။ ထိုအကျိုးဆက်က သူမတာ၀န်ယူနိုင်သော အရာလည်း မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စထဲ၀င်မပါခြင်းကသာ သူ့အတွက် အကောင်းဆုံး ဖြစ်၏။

ထိုစဉ် ကျန်းယန်တို့ကတော့ ခန်းမနှင့် ၄ ၅ လီသာ ဝေးသောနေရာသို့ ရောက်ရှ်ိလာခဲ့သည်။

ခန်းမပတ်ပတ်လည်က အခြေအနေကိုမြင်လိုက်ရသောအခါ ကျန်းယန် ဆွံ့အသွားခဲ့၏။

ခန်းမပတ်ပတ်လည်သည် ရင်ပြင်ကြီးတစ်ခုဖြစ်နေပြီး ရုပ်တုအနည်းငယ်မှလွဲပြီး ထိုနေရာတွင် ဘာမှမရှိပေ။

အစောင့်ကျင့်ကြံသူများကို ဘားရတ်ရိုင်ဖယ်ဖြင့် ပစ်ဖို့ ကြံစည်ထားသော သူ့အစီအစဉ်က အသုံးမ၀င်တော့ပေ။

ဂိုဏ်းကြီးများက ကျင့်ကြံသူများသည် ရှင်းလင်းနေသော ခန်းမပတ်ပတ်လည်တွင် အဝိုင်းပုံသဏ္ဍာန်နေရာယူထားကြပြီး မည်သည့်အရပ်မျက်နှာမှမဆို ထိုခန်းမဆီသို့ ချဉ်းကပ်ဖို့ မလွယ်လှပေ။

“ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါတို့ အကုန်ထုတ်သုံးရတော့မယ်ထင်တယ်” ကျန်းယန်ပြောလိုက်ကာ သူရေးဆွဲထားသော အဆောင်များကို ထုတ်ယူလိုက်၏။

ချင်းရှု လက်နက်သန့်စင်နေတုန်း သူက အဆောင်များရေးဆွဲနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ သူ့တွင်အဆောင်အရေအတွက် ၉၀ နီးနီးပင် ရှိနေပြီ ဖြစ်သည်။

“အားလုံးပဲ တစ်ယောက်မှ လွတ်မသွားစေနဲ့ ငါတို့အမြန်လုပ်ရမှာ” ကျန်းယန်ပြောလိုက်ကာ ဂိုဏ်းကြီးများက ဝိညာဉ်အခြေတည်အဆင့်များကို စိုက်ကြည့်နေရင်း

“သူတို့ကိုမျှားခေါ်ဖို့ အဆောင်တွေကိုသုံး သူတို့အကုန်စုလာရင် ငါက ချင်းရှုတာဝါနဲ့အကုန်လုံးကို ရှင်းပစ်လိုက်မယ် ပြီးရင် ငါတို့ခန်းမကိုဖွင့်ပြီး ရတနာတွေကိုယူလို့ရပြီ”

“အဲ့လောက်မရိုးရှင်း‌ေလာက်ဘူ‌း” ချင်းရှု ခေါင်းယမ်းကာ စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။

ကျန်းယန် သူ့ကိုလေးလေးနက်နက်ကြည့်လိုက်ပြီး

“တာအိုပညာရှင် ငါတို့ခန်းမထဲ၀င်ပြီးသွားတာနဲ့ အဲ့ဒီအချိန်ကစပြီး မင်းနဲ့ငါက အမြဲတွဲနေရတော့မှာနော်”

“အာ” ချင်းရှု ကျန်းယန်ကိုကြည့်လိုက်သည်။

ထိုကိစ္စကို ဆုံးဖြတ်ပြီးသား မဟုတ်ပါလော။ အဘယ်ကြောင့် အခုမှထပ်ပြောနေရပါသနည်း။

ကျန်းယန်အမူအရာ ထူးဆန်းသွားခဲ့သည်။

“အဲ့ဒီခန်းမထဲမှာ နှစ်သုံးထောင်စုဆောင်းထားတဲ့ ကံကြမ္မာတွေပါတယ် ငါတို့အဲ့တာကိုရလိုက်ရင် ဘယ်လောက်စွမ်းအားကြီးသွားလိုက်မလဲ စဉ်းစားကြည့် အဲ့တာကို ရှို့ယိဘုရား‌ေကျာင်းသိသွားရင် မင်းကိုပြန်ခေါ်ဖို့ အသည်းအသန်ကြိုးစားကြလိမ့်မယ် အဲ့ဒီအခါ မင်းထွက်ပြေးသွားမှာကို ငါကြောက်မိတယ်”

ချင်းရှုရယ်မောလိုက်၏။ “ရှို့ယိဘုရားကျောင်းက အဲ့လောက်စိတ်၀င်စားစရာမကောင်းပါဘူး ငါပြန်သွားမှာမဟုတ်ဘူး”

သူသည် အဇူရာတိမ်ဂိုဏ်းတွင် သူ့ချင်းရှုမျှော်စင်ကို အဆင့်မြှင့်ဖို့ သုတေသနလုပ်ရပေဦးမည်။ ထို့အပြင် ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးမယ့် လက်နက်များကိုလည်း တီထွင်ရဦးမည် ဖြစ်သည်။

ထိုကဲ့သို့သော သုတေသနမျိုးကို ကျန်းယန်ကသာထောက်ပံ့ပေးနိုင်မည်ဖြစ်မှန်း သူသိ၏။

ကျန်းယန် ခေါင်းညိတ်ပြလိုက်က။

“ကောင်းတယ် ငါချင်းရှုတာဝါကိုအသက်သွင်းတော့မယ်မင်းတို့ကအဆောင်တွေထုတ်ပြီး သူတို့ကို ပစ်သတ်ကြပေတော့ အပြင်ထွက်မသွားနဲ့နော် ဒီနေရာကိုပဲ မျှားခေါ်လို့ရအောင် ပစ် အားလုံးစုလာမှ တစ်ချက်တည်းနဲ့ ရှင်းပစ်ကြမယ်”

All Chapters