← Chapters

ငါအကူအညီမလိုဘူး

Vol. 1 Ch. 363

ငါအကူအညီမလိုဘူး

Vol. 1 Ch. 363

ယင်းမာမြို့သည် နယ်မြို့လေးတစ်မြို့သာ ဖြစ်သော်လည်း ရှန်မိမြို့နှင့် နီးသောကြောင့် မြို့ကြီး အသေးစားလေးပမာ စည်ကားလေသည်။

နံနက်ခင်း နေမြင့်နေပြီဖြစ်၍ မြို့ငယ်လေးမှာ လူများ၊ မြင်းများဖြင့် အသက်ဝင်နေခဲ့သည်။ တန်ဖိုးကြီးဝတ်ရုံနှင့် ခါးတွင်အဖိုးတန်ဓားတစ်လက် ချိတ်ဆွဲထားသည့် ခန့်ညားသော လူငယ်လေးတစ်ဦးသည် မြို့၏တောင်ဘက်တံခါးမှ မြို့ထဲသို့ ဝင်လာခဲ့သည်။ သူ့နောက်တွင် ဆံပင်များဖြူနေသည့် အစေခံအဘိုးကြီးတစ်ဦး ပါလာခဲ့သည်။ တစ်ချက်မြင်ရုံနှင့် မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက် ခရီးထွက်လာသည့် မြင်ကွင်းကို တွေ့နိုင်လေသည်။

"ဝိုး...အဲ့ဒီသခင်လေးက အရမ်းစွဲဆောင်မှုရှိတာပဲ အကြည့်တစ်ချက်နဲ့တင် ငါရင်ခုန်သွားပြီ"

"ဟုတ်တယ်...သူ့လက်ထဲက ဓားကိုတွေ့တယ်မလား။ သူက သေချာပေါက် မျိုးရိုးကြီးမိသားစုက သခင်လေးတစ်ယောက်ပဲ ဖြစ်ရမယ် "

"မပြောဘဲတောင် သိသာနေတာကို၊ သူ့အစေခံကတောင် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်မှာ...မိသားစု ခပ်သေးသေးက သခင်လေးက ဒီလိုမျိုး တတ်နိုင်ပါ့မလား"

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် လမ်းပေါ်မှ မိန်းမငယ် အသီးသီးသည် လူငယ်လေးအား လှည့်ကြည့်လှည့်ကြည့် ဖြစ်ကုန်ကြသည်။ သူတို့၏မျက်လုံးများမှာ တပ်မက်မှုများ ဖုံးလွှမ်းနေလေ၏။ အချို့သည် သူ့အကြောင်းကို ပေါ်ပေါ်ထင်ထင် ဆွေးနွေးနေကြပြီး သူ့အား မြူဆွယ်သည့်အကြည့်များ ပစ်နေကြသည်။

ဒီက မိန်းကလေးတွေက အရမ်းလန်းပြီး အရမ်းတည့်တိုးဆန်တာပဲ..

ကျန်းရီသည် နှာခေါင်းအား ရှက်ရွံ့စွာ ပွတ်လိုက်မိသည်။ သူ့ပတ်လည်မှ မိန်းကလေးများသည် မလုံ့တလုံ ဝတ်ဆင်ထားကြသည်။ အချို့ဆိုလျှင် တင်ပါးတစ်ခြမ်းပင်ပေါ်နေသည့် စကပ်တိုများကို ဝတ်ဆင်ထားကြသည်။ သူတို့လမ်းလျှောက်လိုက်လျှင် တင်ပါးများမှာ ယမ်းခါနေတော့သည်။ ကျန်းရီမှာ ထိုသို့သောမြင်ကွင်းမျိုးကို အသားမကျနိုင်သေးပေ။

"သခင်လေး...စိတ်အေးအေးထား၊ ရှန်မိနိုင်ငံက အမြဲဒီလိုပွင့်ပွင့်လင်းလင်းပဲ။ မိန်းကလေးတစ်ယောက်က သူမကြိုက်တဲ့ ကောင်လေးတစ်ယောက်တွေ့ရင် တည်းခိုခန်းမှာ အခန်းတစ်ခု ယူပြီးနှင့်ပြီ။ သခင်လေး သဘာဝကျအောင် သရုပ်ဆောင်ရမယ်။ မဟုတ်ရင် လူတွေရိပ်မိ ကုန်ကြလိမ့်မယ်"

ဟဲလောင်သည် ကျန်းရီအား စိတ်ချင်းဆက်သွယ်၍ စကားပြောလာခဲ့သည်။ ကျန်းရီသည် လူပျိုစစ်စစ်သာ ဖြစ်သည့်အတွက် ရှက်သွားခဲ့သည်။ သူသည် မိန်းမလှလေးများစွာ မြင်ဖူးခဲ့သော်လည်း သူ့ချစ်သူသည် နယ်မြေ၏ အလှဆုံးမိန်းကလေးဖြစ်သည်။ ဟဲလောင်သည် လမ်းပေါ်တွင် ထိုသို့သောအကြောင်းအရာများကို ပြောလာသည့်အခါ သူမနေတတ်တော့ပေ။

သူသည် စိတ်ခိုင်မာ၍ ပျက်နေသည့် အမူအရာကို ချက်ချင်းပြန်ထိန်းလိုက်နိုင်သည်။ သူသည် သူ့အားစိုက်ကြည့်နေကြသော မိန်းကလေးများကို ခပ်တည်တည် ပြန်ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် သူ့အား အံ့အားသင့်စေသည်။ ၎င်းသည် သာမန်ဓားလေးတစ်ချောင်းသာ ဖြစ်ပါလျက်နှင့်။ သူသာ စွမ်းအားမြင့်လက်နက် တစ်ခုခု သယ်ထားခဲ့ပါလျှင် ထိုမိန်းကလေးများ သူ့အား ချက်ချင်းခုန်အုပ်လာကြလောက်သည်။

ဟဲလောင်နောက်လိုက်၍ မကြီးလွန်းမသေးလွန်းသည့် တည်းခိုခန်းတစ်ခုထံ သူဝင်သွားခဲ့သည်။ တည်းခိုခန်း၏ တာဝန်ရှိသူသည် စွဲဆောင်မှုရှိသော မိန်းမငယ်တစ်ဦးဖြစ်သည်။ သူမသည် ကြည့်ကောင်း၍ ကောက်ကြောင်းလည်း အလွန်လှလေသည်။ သူမ၏ရင်သားများမှာ အင်္ကျီပေါ်တွင် ထင်းထွက်နေခဲ့သည်။ သူမ၏ ဖြူဖွေးနေသည့် အသားအရေနှင့် ထင်ရှားသည့် ကောက်ကြောင်းများမှာ တိုလွန်းသည့် ဝတ်စုံမှ ထင်ထင်ရှားရှား မြင်နေရလေသည်။ မြင်ကွင်းသည် လူတစ်ယောက်အား အမှားကျူးလွန်မိစေရန် စွဲဆောင်နေသည့်နှယ်။

"ရို...ကြည့်ကောင်းတဲ့ သခင်လေး၊ အခန်းငှါးမှာလား...စားပွဲပဲလား"

မိန်းကလေးသည် ဟဲလောင်နှင့်အတူ ဝင်လာသည့် ကျန်းရီအား မြင်သည့်အခါ ချက်ချင်းပြုံးလိုက်သည်။ သူမသည် ကျန်းရီ၏ လက်မောင်းအား လာချိတ်လိုက်ပြီး ခုန်လှုပ်နေသည့်ရင်သားများနှင့် သူတို့အား ကြိုဆိုလာခဲ့သည်။ ကျန်းရီမှာ သူမထံမှ ရေမွှေးနံ့ ပြင်းပြင်းကြောင့် အသက်ရှူမဝပင် ဖြစ်သွားခဲ့သည်။ တည်းခိုခန်းအစား သူရောက်လာသည်မှာ ဆောင်ကြာမြိုင်လေလားဟုပင် သူတွေးမိသွားခဲ့သည်။

"ငါတို့ကို ဈေးအကြီးဆုံး နံပါတ်တစ် ကောင်းကင်အခန်းပေး...ငါတို့မှာ ပိုက်ဆံရှိတယ်"

ဟဲလောင်သည် အသံကိုနှိမ့်၍ ပြောလိုက်သည်။

မိန်းမငယ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူမသည် ပို၍ တောက်ပသွားအောင်ပြုံး၍ ဟဲလောင်အား ကြည့်လာခဲ့သည်။

"နံပါတ်တစ် ကောင်းကင်အခန်း...အဲ့ဒီအခန်းက ယူပြီးသားဖြစ်နေပြီလို့ ပြောရတာ စိတ်မကောင်းပါဘူး။ လူကြီးမင်းတို့...နံပါတ်သုံးကောင်းကင်အခန်းကို ကျွန်မစီစဉ်ပေးရမလား"

"နှစ်ခုလုပ်လိုက်...နံပါတ်နှစ်ရော၊ သုံးကိုရော ငါတို့ယူမယ်"

ဟဲလောင်သည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"သဘောပါပဲရှင်"

မိန်းမငယ်သည် နောက်လှည့်၍ စားပွဲထိုးတစ်ယောက်ကိုခေါ်ကာ ကျန်းရီနှင့်ဟဲလောင်အား အပေါ်ထပ်သို့ လိုက်ပို့ခိုင်းလိုက်သည်။ ကျန်းရီသည် တည်းခိုခန်း၏ တာဝန်ရှိသူအား တစ်ချက်ကြည့်လိုက်သည်။ ဧည့်သည်များအားလုံးသည် သူမ၏အလှတွင် နစ်မျောနေကြသည်။ သူသည် ကျန့်ဂိုဏ်းအား ဤအစီအစဉ်အတွက် တိတ်တဆိတ် ချီးကျူးမိသည်။ မိန်းမငယ်သည် သတင်းများ စုဆောင်းရာတွင် တော်သည်မှာ ထင်ရှားသည်။ သာမန်ယောက်ျားတိုင်းသည် သူမနှင့် အိပ်ရာဝင်သည်နှင့် ကိစ္စမှန်သမျှကို မချွင်းမချန် အကုန်ပြောပြကြလိမ့်မည်ဖြစ်သည်။

ကျန်းရီနှင့် ဟဲလောင်သည် အပေါ်ထပ်သို့ တက်သွားလိုက်သည်။ သူတို့အခန်းထဲရောက်သော် စားပွဲထိုးမှာ ချက်ချင်းဒူးထောက်၍ ပြောလာခဲ့သည်။

"အကြီးအကဲနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ ကျွန်တော့်နောက် လိုက်ခဲ့ပါ"

စားပွဲထိုးသည် လျှို့ဝှက်ယန္တရားတစ်ခုကို လှည့်လိုက်သည်။ အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး လျှို့ဝှက်တံခါးတစ်ချပ် ပေါ်ထွက်လာခဲ့သည်။ ဟဲလောင်နှင့် ကျန်းရီမှာ ဝင်သွားလိုက်သည်။ မြေအောက်လှိုဏ်ဂူတစ်ခုသည် ခပ်သေးသေး အဆောက်အဦတစ်ခုထံ ဆက်သွယ်ထားခဲ့သည်။

"မိန်းကလေးလျှိုက အကြီးအကဲဟဲနဲ့ ဒီက ကိုယ်စားအုပ်ချုပ်သူအရှင်ကို ဂါရဝပြုပါတယ်"

တာဝန်ရှိသူ မိန်းမငယ်သည် သူတို့အား ထိုနေရာတွင် ကြိုစောင့်နေခဲ့သည်။ သူမသည် သူတို့နှစ်ယောက် အဆောက်အဦအတွင်း ဝင်သွားသည်နှင့် ဒူးထောက်ကာ အရိုအသေပေးလာခဲ့သည်။ သူမ၏ 'ကျောက်စိမ်းဖရဲသီး'တစ်ဝက်ကျော်သည် ရှေ့နည်းနည်းထပ်ငုံ့လိုက်သည်နှင့် ပေါ်သွားလိုက်သည်။

"ထတော့"

ဟဲလောင်မှာ ထိုအရာများကို နေသားကျပြီဖြစ်ကြောင်း ထင်ရှားသည်။

"ဒါက ကိုယ်စားအုပ်ချုပ်သူအရှင်ပဲ။ အခြေအနေတွေ ပြောင်းလဲသွားသေးလား"

"ဟင့်အင်း"

"စုန်းဧကရီက ဆုံးဖြတ်ပြီးသွားရင် ဘယ်သူကမှ မပြောင်းလဲနိုင်ဘူး။ ပြီးတော့ ဒီကိစ္စကို လူနည်းနည်းပဲ သိထားကြတာ။ ကျွန်မအလှကိုသုံးပြီး အောက်လမ်းမှော်မျိုးနွယ်စုရဲ့ သခင်တစ်ယောက်ဆီကနေ ဒီသတင်းအမှန်ဟုတ်မဟုတ် စစ်ဆေးအတည်ပြုပြီးပါပြီ။ သခင်လေးဟော်ရှုရဲ့ အဖေက မင်းသမီးယွင်ဖေးဆီမှာ သူ့သားရဲ့ ဝိဉာဉ်စည်းတံဆိပ်ရှိတာ သိမထားဘူး။ စုန်းဧကရီနဲ့ ဟော်ဂိုဏ်းက ဆွေမျိုးတွေဆိုတော့ ဒီတစ်ခေါက်မှာ မင်းသမီးယွင်ဖေးကို တိုက်ခိုက်ဖို့ လူလွှတ်လိမ့်မယ်။ ဒါ ကျွန်မတို့ ရထားတဲ့သတင်းပါပဲ"

"အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးပဲ"

ဟဲလောင်သည် မိန်းကလေးလျှို၏ စကားများကို အပြည့်အဝ ယုံကြည်သည်။ သူမသည် မိဘမဲ့ဖြစ်ပြီး ကျန့်ဂိုဏ်းက ပျိုးထောင်ပေးခဲ့သည်။ သူမ သစ္စာရှိမရှိ သံသယဝင်ရန်မလိုပေ။

ကျန်းရီသည် စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"ငါတို့ လူတွေ ဘယ်နှစ်ယောက် စုစည်းထားပြီးပြီလဲ။ မင်းသမီးယွင်ဖေးတို့ မောင်နှမနှစ်ယောက်အနားမှာ စွမ်းအားမြင့်လူ ဘယ်နှစ်ယောက်ရှိလဲ။ အစောင့်ဘယ်နှစ်ယောက်က သူတို့ကို စောင့်ကြည့်နေကြလဲ။ သူတို့ကို ဆက်သွယ်ဖို့ ဖြစ်နိုင်လား။ စုန်းဧကရီက လူဘယ်နှစ်ယောက် လွှတ်မှာလဲ"

မိန်းကလေးလျှိုသည် ခေါင်းငုံ့၍ တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကျွန်မတို့မှာ လူအများကြီး မရှိဘူး။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်အောက် လူဆယ်ယောက်နဲ့ ခရမ်းရောင်နန်းတော်ရှင် အယောက်သုံးရာကိုပဲ ကျွန်မစုစည်းထားနိုင်တယ်။ မင်းသမီးတို့ မောင်နှမက မင်းသားရဲ့အိမ်တော်မှာ အကျယ်ချုပ် ချခံထားရတယ်။ သူတို့ကို စောင့်ရှောက်နေကြတဲ့သူတွေ အတော်များများရှိပေမယ့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်  သတ္တမအဆင့်နဲ့ အဋ္ဌမအဆင့် လူနှစ်ယောက်ကိုပဲ ယုံကြည်လို့ရတယ်။ သူတို့ကို စောင့်ကြည့်နေတာက တော်ဝင်စစ်သား အယောက်တစ်ထောင်ရှိတယ်။ ခေါင်းဆောင်က စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ပဲ။ စစ်သည်တွေက အနီးကပ်စောင့်ကြည့်နေကြတာဖြစ်လို့ ကျွန်မတို့လူတွေ ရောဝင်ဖို့ မလွယ်ဘူး။ သံသယအဝင်ခံရမှာစိုးလို့ ကျွန်မဘာမှလုပ်မကြည့်ရသေးဘူး"

"စုန်းဧကရီလွှတ်မယ့် လူအရေအတွက် အတိအကျကိုတော့ ကျွန်မမသိရသေးဘူး။ ခန့်မှန်းခြေအရ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူငါးယောက်၊ ပဉ္စမအဆင့်နဲ့အထက် လူသုံးဆယ်ရှိတယ်။ စုန်းဧကရီက သူတို့ကို သတ်ဖို့ ဆုံးဖြတ်ထားမှတော့ အမှားအယွင်း အဖြစ်ခံမှာမဟုတ်ဘူး"

မိန်းကလေးလျှိုသည် သူမ၏အလုပ်တွင် စေ့စပ်သေချာပြီး အရာရာကို အသေးစိတ် စုံစမ်းထားခဲ့သည်။ ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။ ဟဲလောင်မှ ဆက်လက်မေးလာလေသည်။

"မင်းမှာ အကြံပေးစရာ အစီအစဉ်များ ရှိမလား။ ငါတို့ သူတို့ကိုကယ်ပြီးရင် ပြန်ဆုတ်ဖို့ လမ်းကြောင်းရှိလား"

"အစီအစဉ်..."

မိန်းကလေးလျှိုသည် မျက်မှောင်ကျုံ့၍ စဉ်းစားလိုက်ပြီး အံကြိတ်၍ ဖြေလာခဲ့သည်။

"ကျွန်မတွေးမိတာ တစ်ခုတော့ရှိတယ်။ ပွဲတော်နေ့မှာ ယွင်ချီရဲ့အိမ်တော်ဆီ ခရမ်းရောင်နန်းတော်ရှင်အဆင့် လူသုံးရာလွှတ်ပြီး စုန်းဧကရီကို အာရုံလွှဲထားမယ်။ မင်းသားယွင်ချီက ကိုးနှစ်ပဲရှိသေးတဲ့ စုန်းဧကရီရဲ့ အငယ်ဆုံးသားပဲ။ ယွင်လုသေသွားတော့ စုန်းဧကရီက ယွင်ချီကို ရာထူးတစ်ခုပေးဖို့ မင်းကြီးကို တိုက်တွန်းနေတာ။ သူမက သူ့ကို အိမ်ရှေ့စံဖြစ်လာစေချင်မှန်း ပြောစရာတောင်မလိုဘူး"

"ကျွန်မတို့ ယွင်ချီရဲ့အိမ်တော်ကို တိုက်ခိုက်ရင် စုန်းဧကရီက သူ့ကိုကယ်ဖို့ အင်အားကြီးစစ်တပ် စေလွှတ်လိမ့်မယ်။ သူမ အဲ့လိုလုပ်တဲ့အချိန် မြို့ထဲမှာ လူတစ်ချို့ကို ပွဲဆူအောင်လုပ်ခိုင်းလိုက်မယ်။ တစ်ပြိုင်တည်းမှာ အကြီးအကဲတို့နှစ်ယောက်က စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူဆယ်ယောက်နဲ့အတူ ယွင်ရှန်းအိမ်တော်ကို အလစ်ဝင်တိုက်...အကြီးအကဲတို့ရဲ့ အင်အားနဲ့ဆို မင်းသမီးတို့ကို ကယ်ဖို့ လွယ်လောက်မှာပါ"

"ပြန်ဆုတ်ဖို့ လမ်းကတော့..."

မိန်းကလေးလျှိုသည် ရပ်တန့်သွားပြီး ဆက်ပြောလာခဲ့သည်။

"အကြီးအကဲတို့ ရောက်လာတည်းက ကျွန်မလူတွေကို မြေအောက်ဥမင်တွေ တူးခိုင်းထားတယ်။ ကျုံးဝူသားရဲကို ဆင့်ခေါ်ပြီး မြို့ရဲ့မြောက်ဘက်ခြမ်း ဥမင်ကနေထွက်ပြေးရင် လိုက်လာတဲ့သူတွေကို အရူးလုပ်ပြီး လွယ်လွယ်လွတ်မြောက်သွားနိုင်တယ်။ ငွေပန်းပွင့်အဘွားအို သတိပြုမိသွားရင်တော့ ဒုက္ခများလိမ့်မယ်။ ဗာဂျရာအဆင့်ရဲ့အစွမ်းက တကယ်အင်အားကြီးတာဆိုတော့ "

"ဒါဆို လုံလောက်နေပါပြီ"

ကျန်းရီသည် ဆုံးဖြတ်ချက်ချကာ လက်ဟန်ပြလိုက်သည်။

"ဒီအစီအစဉ်အတိုင်းပဲ လုပ်ကြမယ်။ မိန်းကလေးလျှို အဲ့ဒီစိတ်ဝိဉာဉ်မျောလွင့် ခရီးသည်ဆယ်ယောက်အတွက် မင်းပဲ တခြားလုပ်စရာ ရှာပေးလိုက်ပါ။ ဟဲလောင်နဲ့ငါပဲ သွားလိုက်လို့ရတယ်။ ငါအကူအညီမလိုဘူး။ သူတို့က အားနည်းလွန်းတော့ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာလိမ့်မယ်။ ပြန်ဆုတ်ဖို့ လမ်းကို သေချာစီစဉ်ထားပေး...နှစ်ရက်အတွင်း အစီအစဉ် စကြတာပေါ့"

*****

All Chapters