← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁) - ငါက မင်းရဲ့ အစ်ကိုကြီးပါ

~"ဝှစ်"

လျိုချင်းယန်၏ ပုံရိပ်သည် မည်သူမျှ သတိမထားလိုက်မိသော အခြေအနေတွင် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

သူ ပြန်ပေါ်လာသည့်အခါ... တပ်မှူးကြီး၏ ရှေ့တည့်တည့်တွင် ဖြစ်၏။

လျိုချင်းယန်၏ အကြည့်များသည် ရေခဲတမျှ အေးစက်နေပြီး၊ လူသားတစ်ဦး၏ ခံစားမှုမျိုး လုံးဝ မရှိတော့။ သတ်ဖြတ်လိုစိတ်များဖြင့်သာ ခြုံလွှမ်းနေလေသည်။

သူ သတိရလာပြီးနောက်ပိုင်း ဤမျှအထိ ဒေါသထွက်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

လျိုချင်းယန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ တပ်မှူးကြီး၏ စိတ်ထဲတွင် လျိုချင်းယန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာမိသည်။ ထိုစဉ်ကလည်း လျိုချင်းယန်သည် ယခုကဲ့သို့ပင် တိတ်တဆိတ် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပါလော။

သို့သော်... ယခုတစ်ကြိမ်တွင် လျိုချင်းယန်၏ မျက်လုံးများက ပြောင်းလဲသွားလေ၏။

"နန်းတော်သခင်... ကယ်ပါဦး"

တပ်မှူးကြီးသည် ကြောက်လွန်းသဖြင့် ထွက်ပြေးရန်ပင် သတိမရတော့ဘဲ အော်ဟစ် အကူအညီ တောင်းလိုက်မိသည်။

"ဒါ ဘယ်လို ကိုယ်ဖော့သိုင်းမျိုးလဲ... ငါတောင် အာရုံမခံမိလိုက်ဘူး"

တိမ်ပြာ နန်းတော်သခင် မျက်နှာပျက်သွားသည်။ လျိုချင်းယန်နှင့် တိုက်ခိုက်စဉ်ကသာ လျိုချင်းယန်က ဒီပညာကို ထုတ်သုံးခဲ့လျှင်... သူ ဘယ်လို သေသွားမှန်းတောင် သိလိုက်မည် မဟုတ်ပေ။

‘တကယ့်ကို မရိုးရှင်းဘူး’

လီယွင်ရှန်လည်း မျက်မှောင်ကြုတ်ကာ အံ့ဩတုန်လှုပ်နေမိသည်။ သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ ဆန်းကြယ်သော ကိုယ်ဖော့သိုင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"ဝှစ်"

လျိုချင်းယန်၏ လက်ထဲတွင် ဘယ်အချိန်က ရောက်နေမှန်း မသိသော ဓားရှည် တစ်ချောင်းဖြင့် တပ်မှူးကြီး၏ လည်ပင်းကို ရက်ရက်စက်စက် လှီးဖြတ်လိုက်လေသည်။ ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး သွေးများ ပန်းထွက်လာသည်။

တပ်မှူးကြီးသည် လည်ပင်းကို လက်ဖြင့် အုပ်ကိုင်ရင်း လျိုချင်းယန်ကို မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ကြည့်ကာ လဲကျသေဆုံးသွားလေတော့သည်။

"မိုက်ရိုင်းလိုက်တာ ငါ့တပ်မှူးကြီးကို သတ်ရဲတယ်ပေါ့"

နန်းတော်သခင် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

"ကျောက်စိမ်းမြို့က လူတွေက သာမန် ကျင့်ကြံသူတွေပါ... သူတို့က ရိုးသားတယ်... ဘယ်သူနဲ့မှလည်း ရန်မဖြစ်ချင်ကြဘူး... ခင်ဗျားတို့က ဘာလို့ ဒီလောက် ရက်စက်ရတာလဲ... တိမ်ပြာ နန်းတော်က လူတွေ အကုန်လုံးက အားနည်းသူကို အနိုင်ကျင့်တဲ့ ကောင်တွေချည်းပဲလား"

လျိုချင်းယန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အကြည့်များက နန်းတော်သခင်ဆီသို့ ရောက်ရှိသွား၏။

"အင်အားကြီးသူက အမှန်တရားပဲ... အသက်ရှင်ချင်ရင် အားနည်းသူက ခေါင်းငုံ့ခံရမှာပဲ..."

လီယွင်ရှန်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာလေသည်။

"ဝှစ်"

စကားဆုံးသည်နှင့် လီယွင်ရှန် ပျောက်ကွယ်သွားသည်။ အမြန်နှုန်းက မျက်စိဖြင့်ပင် မလိုက်နိုင်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လျိုချင်းယန်၏ အနားသို့ ရောက်ရှိလာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။

လက်ဝါးမှ ထွက်ပေါ်လာသော လေတိုးသံသည် မုန်တိုင်းတစ်ခုအလား ပြင်းထန်လှပြီး၊ ထိုတိုက်ခိုက်မှု မည်မျှ စွမ်းအားကြီးကြောင်း ပြသနေသည်။

လီယွင်ရှန် လှုပ်ရှားလိုက်သည်နှင့် လျိုချင်းယန် ချက်ချင်း သိလိုက်သည်။ သူသည် 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ကို သုံးပြီး ရှောင်တိမ်းလိုက်သည်။

"မင်းရဲ့ ကိုယ်ဖော့ပညာ ဘယ်လောက်ကောင်းကောင်း... ငါ့လက်ကနေ မလွတ်နိုင်ပါဘူး"

လီယွင်ရှန်၏ အသံအေးအေးကြီးက လျိုချင်းယန်၏ နားနားကပ်ပြီး ထွက်ပေါ်လာ၏။

'သွားပြီ'

လျိုချင်းယန် မျက်နှာပျက်သွားသည်။

"ဘုန်း"

"အဟွတ်"

လီယွင်ရှန်၏ လက်ဝါးချက်က လျိုချင်းယန်၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားသည်။ ပြင်းထန်သော စွမ်းအားကြောင့် လျိုချင်းယန် သွေးအန်ကာ အမည်းရောင် မျဉ်းတန်းတစ်ခုအလား လွင့်စင်ထွက်သွားတော့သည်။

'ကောင်းကင်ဘုံ လူသား' အဆင့်၏ အမြန်နှုန်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

လီယွင်ရှန်၏ စွမ်းအားက ကြီးမားလွန်းသဖြင့် လျိုချင်းယန်၏ သန်မာသော ခန္ဓာကိုယ်ပင် ခံနိုင်ရည် မရှိခဲ့ချေ။

"အစ်ကိုထျန်းယီ"

ဇီချင်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ဇီချင်း... ပြေး"

ဦးလေးချင်းကလည်း စိုးရိမ်တကြီး အော်ပြောလာ၏။

ကျောက်စိမ်းမြို့သူ မြို့သားများ ကူညီချင်သော်လည်း ဘာမှ မတတ်နိုင်ကြ။ လျိုချင်းယန် ဒဏ်ရာရသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမရှိ။

"ဂိုဏ်းချုပ်လေး... တိမ်ပြာ နန်းတော်က လူတွေပါ..."

ကောင်းကင်ယံထက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဖန်ရှောင်ယွင်နှင့် အိုးယန်တို့ ရောက်ရှိနေကြပြီ ဖြစ်၏။

"တကယ်ပဲ လျိုချင်းယန် ဖြစ်နေတာကိုး..."

ဖန်ရှောင်ယွင်၏ အကြည့်က ဒဏ်ရာရနေသော လျိုချင်းယန်ဆီသို့ ရောက်သွားသည်။

လီယွင်ရှန် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင်... ဖန်ရှောင်ယွင် လှုပ်ရှားလိုက်၏။

"ဝှစ်"

လီယွင်ရှန်သည် လျိုချင်းယန်ကို လက်သီးဖြင့် ထိုးရန် ရွယ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် လူရိပ်တစ်ခု ဘွားခနဲ ပေါ်လာပြီး လီယွင်ရှန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်သည်။

"ဘယ်သူလဲ"

လီယွင်ရှန် အော်မေးလိုက်သည်။

ထိုလူ ပေါ်လာသည့် ခဏမှာပင်... သူသည်လည်း 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ အဆင့်ရှိသူ ဖြစ်ကြောင်း လီယွင်ရှန် သိလိုက်ရသည်။

ဒဏ်ရာရနေသော လျိုချင်းယန်သည် ဝင်ရောက် ကူညီပေးသူကို အံ့ဩစွာ ကြည့်နေမိသည်။ သူ ဘာမှ မမှတ်မိတော့သဖြင့် ထိုလူကို မသိချေ။

ဝင်ကယ်လိုက်သူမှာ... ဖန်ရှောင်ယွင်ပင် ဖြစ်၏။

"မင်းတို့က တော်တော် သတ္တိကောင်းနေပါလား"

ဖန်ရှောင်ယွင်က အေးတိအေးစက်.. ပြောလိုက်ပြီး လီယွင်ရှန်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။

လီယွင်ရှန် မော့ကြည့်လိုက်မိသည်နှင့် မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။ မျက်လုံးများထဲတွင် အကြောက်တရားများ ခြုံလွှမ်းသွားပြီး တစ်ကိုယ်လုံး တုန်ရီလာ၏။

"သ... သခင်လေးဖန်"

လီယွင်ရှန် ချက်ချင်း မှတ်မိလိုက်သည်။

"သခင်လေးဖန်"

တိမ်ပြာ နန်းတော်သခင်နှင့် အကြီးအကဲ သုံးဦးလည်း မှတ်မိလိုက်ကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

အထူးသဖြင့် ဖန်ရှောင်ယွင် ပြောလိုက်သော စကားကြောင့် သူတို့ ပို၍ ကြောက်ရွံ့သွားကြသည်။

ဖန်ရှောင်ယွင်သည် 'ကောင်းကင်ဘုံ'နယ်မြေ၏ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သော 'ထျန်းယွဲ့' ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ဖြစ်သဖြင့် မည်သူမဆို သိကြလေသည်။

'သခင်လေးဖန်.. ဒီလူရဲ့ စွမ်းအားက တော်တော် ကြီးမားတာပဲ... သာမန် ကောင်းကင်ဘုံ လူသား အဆင့် မဟုတ်ဘူး...'

လျိုချင်းယန် မျက်မှောင်ကြုတ်ကာ တွေးနေမိ၏။

ဖန်ရှောင်ယွင်က လက်ကို လွှတ်ပေးလိုက်ရာ လီယွင်ရှန် အမြန် ဒူးထောက် အရိုအသေ ပေးလိုက်သည်။

"သခင်လေးဖန်ကို ဂါရဝပြုပါတယ်"

"သခင်လေးဖန်ကို ဂါရဝပြုပါတယ်"

နန်းတော်သခင်နှင့် အကြီးအကဲများလည်း ပျာပျာသလဲ ဒူးထောက်လိုက်ကြသည်။

တိမ်ပြာ နန်းတော်မှ လူများ ဤမျှ ကြောက်ရွံ့ရိုသေနေကြသည်ကို မြင်သောအခါ၊ မပြေးနိုင်သေးသော ရွာသားများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

"ထျန်းယွဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးတဲ့လား"

ရွာသားများ မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။

ဖန်ရှောင်ယွင်သည် လျိုချင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး ဒဏ်ရာကုဆေး တစ်လုံး ထုတ်ပေးလိုက်သည်။

"ချင်းယန်... အဆင်ပြေရဲ့လား... ရော့... ဒီဆေးကို မြန်မြန် သောက်လိုက်..."

"ချင်းယန်... နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီကွ မင်း ဘယ်တွေ သွားပုန်းနေတာလဲ"

အိုးယန်က ပျော်ရွှင်စွာ ရယ်မောရင်း လျိုချင်းယန်၏ ပခုံးကို ရင်းရင်းနှီးနှီး ပုတ်လိုက်သည်။

"ချင်းယန်..... အဲ့ဒါ ကျွန်တော့် နာမည်လား... ခင်ဗျားတို့က ဘယ်သူတွေလဲ..."

လျိုချင်းယန် အံ့ဩတကြီး မေးလိုက်သည်။ သူ ဘာမှ မမှတ်မိပေ။

"မင်း ငါတို့ကို မမှတ်မိဘူးလား... ငါက မင်းရဲ့ အစ်ကိုကြီးလေ"

ဟု ဖန်ရှောင်ယွင်က အံ့ဩဟန်ဆောင်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ ညီလေး... ပျောက်သွားတာ တစ်လတောင် ရှိပြီ... ဘာတွေ ဖြစ်ခဲ့တာလဲ..."

"အစ်ကိုကြီး....."

ဖန်ရှောင်ယွင်၏ စကားကြောင့် လျိုချင်းယန် အကြီးအကျယ် တုန်လှုပ်သွားသည်။

လီယွင်ရှန်နှင့် တိမ်ပြာ နန်းတော်မှ လူများမှာမူ သွေးပျက်မတတ် ဖြစ်သွားကြ၏။

ထျန်းယွဲ့ဂိုဏ်း ဂိုဏ်းချုပ်လေးရဲ့ ညီကို သွားထိမိတယ် ဆိုတာ... သေလမ်း ရှာတာနဲ့ ဘာထူးလို့လဲ

"အစ်ကိုထျန်းယီက... သခင်လေးဖန်ရဲ့ ညီတဲ့လား"

ဇီချင်း မျက်လုံးကလေး ပြူးသွားသည်။

ရွာသားများလည်း လန့်ဖျတ်ကုန်ကြသည်။

"ချင်းယန်... မင်း နောက်မနေပါနဲ့ကွာ... ငါ့ကို တကယ် မမှတ်မိဘူးလား..."

ဖန်ရှောင်ယွင်က လျိုချင်းယန်၏ ပခုံးကို ကိုင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်လေးဖန်... အစ်ကိုထျန်းယီက အတိတ်မေ့နေတာပါ သူ ဘာမှ မမှတ်မိတော့ပါဘူး"

ဇီချင်းက လှမ်းအော်ပြောလိုက်သည်။

"အတိတ်မေ့နေတယ်.."

ဖန်ရှောင်ယွင် မျက်နှာပျက်သွားဟန် ဆောင်လိုက်သည်။

သူသည် လျိုချင်းယန်ကို တွဲကာ အောက်သို့ ဆင်းလာသည်။ လီယွင်ရှန်တို့အဖွဲ့လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်မှ လိုက်ပါလာကြ၏။

"ညီမလေး... ဘာတွေ ဖြစ်ခဲ့တာလဲ ပြောပြပါဦး..."

ဖန်ရှောင်ယွင်က မေးလိုက်သည်။

ဇီချင်းက ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောပြလိုက်မှ ဖန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။

"ဦးလေးချင်း... ဘယ်သူ လုပ်တာလဲ ဆိုတာ သိလား..."

လျိုချင်းယန်အတွက် လက်စားချေပေးချင်သည့် ပုံစံဖြင့်

အိုးယန်က လက်နှစ်ဖက် ဆုပ်ကာ မေးလိုက်သည်။

"မသိပါဘူး... ဦးလေး တွေ့တုန်းက သူ တစ်ယောက်တည်းပါ..." ဦးလေးချင်းက ဖြေလိုက်သည်။

ထိုစဉ်၊ ဖန်ရှောင်ယွင်သည် 'အစစ်အမှန်ယွမ်' ကို ထုတ်လွှတ်ပြီး လျိုချင်းယန်၏ ခေါင်းပေါ်သို့ လက်တင်ကာ စမ်းသပ်ကြည့်လိုက်သည်။

"သွေးကြောတွေ ရှုပ်ထွေးနေတယ်... တကယ်ပဲ အတိတ်မေ့နေတာပဲ... ဒုက္ခပဲ..."

ဖန်ရှောင်ယွင်၏ မျက်နှာမှာ ဆွေးမြည့်သွားဟန် ဆောင်လိုက်တော့၏။

အခန်း (၄၂၂) - သူတော်ကောင်းယောင်ဆောင်ခြင်း

~"ချင်းယန်... စိတ်မပူနဲ့... ညီလေးရဲ့ အတိတ်ကို ပြန်မှတ်မိဖို့အတွက် အစ်ကိုကြီး အစွမ်းကုန် ကြိုးစားပေးမယ်"

ဖန်ရှောင်ယွင်က လျိုချင်းယန်ကို ကြည့်ကာ လေးနက်စွာ ကတိပြုလိုက်သည်။

အိုးယန်ကလည်း ပြုံးရွှင်စွာ ဖြည့်စွက်ပြောလိုက်သည်။

"ချင်းယန်... ဂိုဏ်းချုပ်လေးက မင်းအတွက် စိတ်ပူလွန်းလို့ တစ်လလုံး အိပ်မပျော် စားမဝင် ဖြစ်ခဲ့ရတာကွ... နေ့တိုင်း လူလွှတ်ပြီး လိုက်ရှာခိုင်းခဲ့တာ..."

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."

လျိုချင်းယန်က ခေါင်းညိတ်လိုက်၏။

"အတိတ်မေ့သွားတာက ပြန်မှတ်မိဖို့ သိပ်မလွယ်ဘူးလို့ ထင်တယ်... ကျွန်တော့်အတွက် အရမ်းကြီး စိတ်မပူပါနဲ့ဗျာ..."

"ဘာစကားပြောတာလဲ ညီလေးရာ... အတိတ်မေ့သွားမှတော့ အသက်ရှင်ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ..."

ဖန်ရှောင်ယွင်က လျိုချင်းယန်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"အိုးယန်... ဂိုဏ်းချုပ်ကြီးဆီ အမြန် သတင်းပို့လိုက်... အဖေ့ကို နည်းလမ်းရှာခိုင်းထားပါ..."

"ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်လေး"

အိုးယန် ရိုသေစွာ ခေါင်းညိတ်လိုက်၏။

"ဦးလေးချင်း... ကျွန်တော့်ညီကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်... ဦးလေးချင်းသာ မကယ်ခဲ့ရင် ဒီတစ်သက် သူ့ကို ပြန်တွေ့ရတော့မှာ မဟုတ်ပါဘူး..."

ပြောပြောဆိုဆိုနှင့်၊ ဖန်ရှောင်ယွင်က လက်နှစ်ဖက်ကို ယှက်ကာ ဦးလေးချင်းကို ဂါရဝပြုလိုက်သည်။

"ရပါတယ်... ရပါတယ်... သခင်လေးဖန်က အားနာစရာကြီး..." ဦးလေးချင်းက ပျာပျာသလဲ ပြောလိုက်၏။

ထို့နောက် ဖန်ရှောင်ယွင်၏ အကြည့်က လီယွင်ရှန်ဆီသို့ ရောက်ရှိသွားပြီး ချက်ချင်း အေးစက်သွားလေသည်။ သတ်ဖြတ်လိုစိတ်များက လေထုကိုပင် အေးခဲသွားစေနိုင်လောက်သည်။

ဖန်ရှောင်ယွင်၏ အကြည့်ကို ခံစားလိုက်ရသည်နှင့် လီယွင်ရှန်၊ နန်းတော်သခင်နှင့် အကြီးအကဲများ အားလုံး ကြောက်လန့်တကြား ဒူးထောက်ချလိုက်ကြ၏။

"ငါ့ညီကို ဒဏ်ရာရအောင် လုပ်တဲ့အတွက်... မင်းတို့ ကျေနပ်လောက်တဲ့ ဖြေရှင်းချက် ပေးနိုင်ရင်ပေး... မပေးနိုင်ရင်တော့ မနက်ဖြန် နေထွက်တာကို မြင်ရမယ် မထင်နဲ့"

ဟု ဖန်ရှောင်ယွင်က အေးစက်စွာဖြင့် ပြောလိုက်သည်။

"သခင်လေးဖန်... ချမ်းသာပေးပါဗျာ သူက သခင်လေးဖန်ရဲ့ ညီမှန်း မသိလို့ပါ"

လီယွင်ရှန်က တုန်တုန်ရီရီဖြင့် တောင်းပန်လေသည်။ 'ကောင်းကင်ဘုံ လူသား' အဆင့် ဖြစ်နေပါလျက်နှင့် ကြောက်လွန်းလို့ သွေးပျက်နေရှာသည်။

'ထျန်းယွဲ့' ဂိုဏ်း ဆိုတာက ဘယ်သူမှ မထိရဲလောက်အောင် ကြောက်စရာ ကောင်းသည် မဟုတ်ပါလော။ ပြီးတော့ ဖန်ရှောင်ယွင် ဆိုတာကလည်း 'ကောင်းကင်ဘုံ'နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်။

"သခင်လေးဖန်... အသက်ချမ်းသာပေးပါ"

နန်းတော်သခင်နှင့် အကြီးအကဲ သုံးဦးလည်း မြေကြီးနှင့် နဖူး ထိမတတ် ဦးခိုက်ပြီး တောင်းပန်နေကြသည်။

သူတို့ ကြောက်လန့်နေသည်ကို မြင်ရသောအခါ ကျောက်စိမ်းမြို့သူ မြို့သားများမှာ ကျေနပ်အားရနေကြလေသည်။ အနိုင်ကျင့်တတ်သော တိမ်ပြာ နန်းတော်ကို သူတို့ မုန်းတီးနေကြသည်မှာ ကြာပြီ မဟုတ်ပါလော။

"ငါ့ညီကို ထိခိုက်စေတဲ့ အပြစ်က ဘယ်လောက်ကြီးလဲ မင်းတို့ သိရဲ့လား..."

ဖန်ရှောင်ယွင်က ခံစားချက် ကင်းမဲ့စွာ မေးလိုက်သည်။

နန်းတော်သခင်တို့အဖွဲ့ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြပြီး ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားကြသည်။

"အစ်ကိုကြီး... ကျွန်တော့်သဘောကတော့..."

လျိုချင်းယန်က ဝင်ပြောရန် ပြင်လိုက်သော်လည်း ဖန်ရှောင်ယွင်က ဖြတ်ပြောလိုက်သည်။

"ညီလေး... မင်းကို ဘယ်သူမှ အနိုင်ကျင့်ခွင့် မရှိစေရဘူး... ဒီကိစ္စကို အစ်ကိုကြီး ရှင်းမယ်"

"သခင်လေးဖန်... အသက်ချမ်းသာပေးပါဗျာ"

လီယွင်ရှန်တို့အဖွဲ့ သည်းထန်စွာ ငိုကြွေးပြီး တောင်းပန်နေကြတော့သည်။ သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်မဲ့ခြင်းများ အထင်းသား ပေါ်နေလေ၏။

ဖန်ရှောင်ယွင်ကို အပြစ်ပြုမိခြင်း၏ အကျိုးဆက်ကို မည်သူမဆို သိကြလေသည်။

ယခုအခါ ၊ အိုးယန်က ဟိန်းဟောက်လိုက်သည်။

"အမှန်အတိုင်း ပြောစမ်း ၊ ဘာတွေ ဖြစ်ခဲ့တာလဲ ၊ ဂိုဏ်းချုပ်လေးကို လိမ်ဖို့ မစဉ်းစားနဲ့နော်... အပြစ်ပိုကြီးသွားမယ်"

သူ့ခန္ဓာကိုယ်မှ 'ကောင်းကင်ဘုံ လူသား' တတိယအလွှာ အရှိန်အဝါများ တရှိန်ထိုး ပေါက်ကွဲလာရာ လီယွင်ရှန်တို့ ခေါင်းမဖော်ဝံ့အောင် ဖြစ်သွားကြသည်။

"ဟုတ်... ဟုတ်ကဲ့ပါ"

နန်းတော်သခင်သည် ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို တစ်လုံးမကျန် ပြန်ပြောပြလိုက်ရလေသည်။

ပြောပြီးသည်နှင့် သူတို့အားလုံး သေရတော့မည်ဟု တွေးကာ စိတ်ဓာတ်ကျသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဖန်ရှောင်ယွင်၏ မျက်နှာထားက ပို၍ ဆိုးရွားလာသောကြောင့်ပင်။

"ဝိညာဉ်ကျောက်ကြောလေး တစ်ခုအတွက်နဲ့... သာမန်ပြည်သူတွေကို သတ်ချင်နေကြတယ် ဟုတ်လား မင်းတို့က တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ် သတ်ပစ်လိုက်တာက မင်းတို့အတွက် သက်သာလွန်းရာ ကျနေမယ်"

ဖန်ရှောင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သတ်ဖြတ်လိုစိတ်များက ရေဆူမှတ်သို့ ရောက်ရှိနေလေဟန်။

"သခင်လေးဖန်... ချမ်းသာပေးပါ ၊ကျွန်တော်တို့ မှားမှန်း သိပါပြီ"

နန်းတော်သခင်က ငိုယိုကာ တောင်းပန်လေသည်။

"အိုးယန် ၊ သူတို့ကို သတ်ပစ်လိုက်ပါ"

ဖန်ရှောင်ယွင်က ရက်စက်စွာ အမိန့်ပေးလိုက်သည်။

ဖန်ရှောင်ယွင်၏ သရုပ်ဆောင်မှုက ပီပြင်လွန်းလှသည်။ သူ့အကြောင်း မသိသူများ ဆိုလျှင် လုံးဝ ယုံသွားနိုင်လောက်သည်။

"အမိန့်အတိုင်းပါ၊ ဂိုဏ်းချုပ်လေး"

အိုးယန်က ရိုသေစွာ ခေါင်းညိတ်လိုက်ပြီး စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

"နေပါဦး"

လျိုချင်းယန်သည် ရုတ်တရက် ကြားဝင်လိုက်ပြီး အိုးယန်ကို တားဆီးလိုက်သည်။

အိုးယန်ကလည်း ဒေါသထွက်ချင်ယောင်ဆောင်ပြီး၊

"ညီလေးချင်းယန်... သူတို့က မင်းကို ဒီလိုလုပ်ထားတာလေ... ပြီးတော့ ရွာသားတွေကိုလည်း သတ်ဖို့ ကြံစည်ခဲ့တာ... ဘယ်လိုလုပ် လွှတ်ပေးလို့ ဖြစ်မှာလဲ... ဖယ်လိုက်... အစ်ကို ရှင်းပစ်လိုက်မယ်"

လျိုချင်းယန်သည် ဖန်ရှောင်ယွင်ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော် အခုမှ သတိပြန်ရလာတာ... သွေးထွက်သံယို မဖြစ်ချင်ဘူးဗျာ... သူတို့ နောက်တစ်ခါ မလုပ်ရဲလောက်တော့ပါဘူး... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ... နောက်တစ်ခါ ထပ်လုပ်ရင် သတ်လိုက်ပေါ့..."

လျိုချင်းယန်က ခဏနားပြီး ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ သေဒဏ် ကင်းလွတ်ခွင့် ပေးလိုက်ပေမဲ့... အပြစ်ဒဏ်တော့ ပေးရမယ်... တိမ်ပြာ နန်းတော်က ကျောက်စိမ်းမြို့ကို ဖျက်ဆီးချင်ခဲ့တာဆိုတော့... အခုချိန်ကစပြီး ကျောက်စိမ်းမြို့ရဲ့ လုံခြုံရေးကို သူတို့ တာဝန်ယူခိုင်းလိုက်ရင်ရော... ရွာသားတွေ ကျင့်ကြံဖို့အတွက်လည်း သူတို့ ကူညီပေးရမယ်... ဘယ်လိုလဲ အစ်ကိုကြီး..."

"အင်း..."

ဖန်ရှောင်ယွင်က စဉ်းစားဟန် ပြုလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ညီလေး ပြောတာလည်း ဟုတ်တာပဲ..."

လျိုချင်းယန် သက်ပြင်းချလိုက်မိသည်။

"ဟွန့် မင်းတို့ ကံကောင်းသွားတယ် မှတ်... ငါ့ညီလေးက သဘောထားကြီးလို့သာ အသက်ချမ်းသာရာ ရသွားတာ... မဟုတ်ရင် ဒီနေ့ မင်းတို့ အကုန်သေပြီ မှတ်ထား... နောက်တစ်ခါ ထပ်လုပ်ရင်တော့ အလောင်းတောင် ရှာမရအောင် လုပ်ပစ်မယ်"

ဖန်ရှောင်ယွင်က ခြိမ်းခြောက်လိုက်သည်။

"နောက်တစ်ခါ လုံးဝ မလုပ်ရဲတော့ပါဘူးခင်ဗျာ"

လီယွင်ရှန်က အမြန် ပြန်ဖြေလိုက်သည်။ ဖန်ရှောင်ယွင် စိတ်ပြောင်းသွားမည်ကို သူ စိုးရိမ်နေလေသည်။

"ကျေးဇူးတင်ပါတယ် ၊ ညီလေးချင်းယန်.. ကျေးဇူးကြီးမားလှပါတယ်"

နန်းတော်သခင်နှင့် အကြီးအကဲများလည်း ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုကြသည်။

ထိုအခါ၊ လျိုချင်းယန်က ထပ်မံ သတိပေးလိုက်သည်။

"ဒါ နောက်ဆုံး အခွင့်အရေးပဲ... နောက်တစ်ခါ ဆိုရင်တော့ ခင်ဗျားတို့ နောင်တရသွားစေရမယ်"

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

"ငါ စိတ်မပြောင်းခင် အခုချက်ချင်း ထွက်သွားကြ"

ဖန်ရှောင်ယွင်၏ အော်သံကြောင့် လီယွင်ရှန်တို့အဖွဲ့ အသက်လုကာ ထွက်ပြေးသွားကြလေတော့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."

လျိုချင်းယန်က ဖန်ရှောင်ယွင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။ ဖန်ရှောင်ယွင်ကို သူတော်ကောင်း တစ်ယောက်ဟု ယုံကြည်နေရှာသည်။

ဖန်ရှောင်ယွင်က လျိုချင်းယန်၏ ပခုံးကို ပုတ်လိုက်ပြီး ရယ်မောလိုက်သည်။

"ညီအစ်ကိုတွေပဲကွာ... ဘာတွေ ကျေးဇူးတင်နေတာလဲ... အဓိက က မင်း အသက်ရှင်နေတာပဲ..."

ထိုစကားကြောင့် လျိုချင်းယန်၏ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းသွားလေသည်။

"မြို့တော်ဝန်... ဦးလေးချင်း... ချင်းယန်ကို ဒီကာလအတွင်း စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..."

ဖန်ရှောင်ယွင်က မြို့တော်ဝန်နှင့် ဦးလေးချင်းကို အရိုအသေပေးလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူပြီး မြို့တော်ဝန်အား ပေးအပ်လိုက်လေသည်။

"ဟာ... မဖြစ်ပါဘူး... မယူပါရစေနဲ့"

မြို့တော်ဝန်က အားနာစွာဖြင့် ငြင်းဆန်လိုက်သည်။

"ယူလိုက်ပါ၊ မြို့တော်ဝန်... ဒါက ကျွန်တော့်ရဲ့ စေတနာပါ... လက်မခံရင် ကျွန်တော် စိတ်မကောင်း ဖြစ်မိလိမ့်မယ်... ညီလေးချင်းယန်က ကျွန်တော့်အတွက် အရမ်း အရေးကြီးတယ်... နောက်နောင် အခက်အခဲရှိရင်လည်း ထျန်းယွဲ့ဂိုဏ်းကို လာခဲ့ပါဗျာ... ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်..."

"ဒါက..."

မြို့တော်ဝန် တွေဝေသွားသည်။ တကယ်တော့ သူတို့က ဘာမှ လုပ်ပေးခဲ့တာ မဟုတ်ပါလေ။ လျိုချင်းယန်ကို ဒုက္ခတောင် ပေးမိမလို ဖြစ်သွားခဲ့သေးသည်။

"ယူလိုက်ပါ မြို့တော်ဝန်..." လျိုချင်းယန်က တိုက်တွန်းလိုက်ခြင်းပါ။

နောက်ဆုံးတော့ မြို့တော်ဝန်လည်း ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ရလေသည်။

"ညီလေးရဲ့ အတိတ်ကို ပြန်မှတ်မိအောင် ကူညီပေးဖို့အတွက်... သူ့ကို ထျန်းယွဲ့ဂိုဏ်းဆီ ချက်ချင်း ခေါ်သွားမှ ဖြစ်မယ်... အဖေက ကူညီပေးနိုင်လောက်တယ်..."

ဟု ဖန်ရှောင်ယွင်က ပြောလိုက်သည်။

"ထျန်းယွဲ့ဂိုဏ်းက နံပါတ်တစ် ဂိုဏ်းပဲ... သေချာပေါက် ကူညီပေးနိုင်မှာပါ..."

ဦးလေးချင်းလည်း သဘောတူလိုက်သည်။

ဇီချင်းက မျက်ရည်ကလေးများ ဝဲကာ …

"အစ်ကိုထျန်းယီ... ပြန်လာလည်ဦးမှာလားဟင်..."

ထိုအခါ၊ လျိုချင်းယန်က စစ်မှန်စွာ..ကတိပေးလိုက်သည်။

"သေချာတာပေါ့... အစ်ကို အချိန်ရတာနဲ့ ကျောက်စိမ်းမြို့ကို ပြန်လာခဲ့ပါ့မယ်..."

"ဝမ်းသာလိုက်တာ... အစ်ကိုထျန်းယီ အမြန်ဆုံး သတိပြန်ရပါစေလို့ ဆုတောင်းပေးပါတယ်..."

ဟု ဇီချင်းက ပြုံးပြီး ဆုတောင်းပေးလိုက်တော့သည်။

"မြို့တော်ဝန်... ဦးလေးချင်း... ရွှေစိမ်း... အားလုံးကို ကျေးဇူးတင်ပါတယ်... ဂရုစိုက်ကြနော်..."

လျိုချင်းယန်သည် အားလုံးကို နှုတ်ဆက်ပြီး ဖန်ရှောင်ယွင်တို့နှင့်အတူ ထွက်ခွာသွားလေတော့၏။

အခန်း (၄၂၃) - ကောက်ကျစ်ယုတ်မာသော ဖန်ရှောင်ယွင်

~လျိုချင်းယန်သည် ဖန်ရှောင်ယွင် နောက်သို့ လိုက်ပါသွားပြီးနောက် ကျောက်စိမ်းမြို့သူ မြို့သားများ၏ စိတ်ထဲတွင် ဖန်ရှောင်ယွင်အပေါ် အလွန် ကောင်းမွန်သော အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်ကျန်ရစ်ခဲ့လေသည်။

"သခင်လေးဖန်က တကယ့် သူတော်ကောင်းပဲ"

"ဟုတ်ပါ့ဗျာ... ကျွန်တော်တို့ကို ကယ်တင်ရုံတင် မကဘူး... တိမ်ပြာ နန်းတော်ကိုလည်း နှိမ်နင်းပေးသွားသေးတယ်။ နောက်ဆိုရင် တိမ်ပြာ နန်းတော်ရဲ့ ရန်ကို ကြောက်စရာ မလိုတော့ဘူးပေါ့။ 'ထျန်းယွဲ့' ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး ဖြစ်ရတာ တန်ပါပေတယ်။ တကယ့်ကို လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲ... ချင်းယန်လေးရဲ့ အတိတ်မေ့ ရောဂါလည်း မကြာခင် ပျောက်ကင်းသွားမှာပါ..."

"ချင်းယန်လေး ..ဘာလို့ ဒီလောက် စွမ်းအားကြီးနေတာလဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်... သူ့အစ်ကိုက သခင်လေးဖန် ဖြစ်နေတာကိုး... 'ထျန်းယွဲ့' ဂိုဏ်းဆိုတာ 'ကောင်းကင်ဘုံ'နယ်မြေရဲ့ အင်အားအကြီးဆုံး ဂိုဏ်းကြီးပဲလေ..."

ကျောက်စိမ်းမြို့သူ မြို့သားများသည် ဖန်ရှောင်ယွင်ကို အလွန်အမင်း ကျေနပ်အားရနေကြပြီး၊ ဖြောင့်မတ်တည်ကြည်သော သူတော်ကောင်း တစ်ယောက်အဖြစ် လုံးဝ ယုံကြည်ထားကြလေသည်။

သို့သော်... ထိုအရာ အားလုံးသည် ဖန်ရှောင်ယွင်နှင့် အိုးယန်တို့၏ ဟန်ဆောင်မှု သက်သက်သာ ဖြစ်ကြောင်း သူတို့ မသိခဲ့ကြရှာပေ။

ရိုးသားဖြူစင်သော ကျောက်စိမ်းမြို့သူ မြို့သားများ အနေဖြင့် 'ထျန်းယွဲ့' ဂိုဏ်း၏ တကယ့် ရုပ်သွင်ကို မည်သို့ သိနိုင်ပါမည်နည်း။

လျိုချင်းယန်တစ်ယောက် ဖန်ရှောင်ယွင် နောက်သို့ လိုက်ပါသွားခြင်းသည် ကျားသစ် ပါးစပ်ထဲသို့ သိုးတစ်ကောင် ဝင်သွားခြင်းနှင့် တူနေလေ၏။ သို့သော် လျိုချင်းယန်ကမူ ထိုအန္တရာယ်ကို လုံးဝ သတိမထားမိချေ။

'ထျန်းယွဲ့' ဂိုဏ်းသို့ ရောက်ရှိသောအခါ၊ ဖန်ရှောင်ယွင်သည် လျိုချင်းယန်အတွက် နေရာထိုင်ခင်းများ စီစဉ်ပေးပြီး ရက်အနည်းငယ် အနားယူစေလိုက်သည်။

"ဂိုဏ်းချုပ်လေး... ရှေ့ဆက် ဘယ်လို လုပ်မလဲ... လျိုချင်းယန်ကို မသတ်တော့ဘူးလား..."

ခန်းမဆောင်အတွင်း၌ အိုးယန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ဖန်ရှောင်ယွင်က ခေါင်းခါလိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"မူလကတော့ သူ့ကို သတ်ပြီး ဖုန်းဝူချန်ကို ရန်စချင်တာပေါ့... ဒါပေမဲ့ ကျောက်စိမ်းမြို့ ရောက်မှ ကျွန်တော် စိတ်ပြောင်းသွားတယ်..."

"စိတ်ပြောင်းသွားတယ်.."

အိုးယန် အံ့ဩသွားသည်။

ဖန်ရှောင်ယွင်က ကောက်ကျစ်စွာ ရယ်မောရင်း …

"ဟုတ်တယ်... ဖုန်းဝူချန်က ဝိညာဉ်ပြတ် တောင်ကြားထဲမှာ ပျောက်နေတာ ကြာပြီဆိုတော့... သေလား ရှင်လား မသေချာဘူး။ လျိုချင်းယန်ကို သတ်လိုက်တာထက်စာရင်... သူ့ကို အသုံးချတာက ပိုကောင်းမယ်။ ဖုန်းဝူချန် သေသေ ရှင်ရှင်... ကျွန်တော်တို့အတွက် အကျိုးမယုတ်တော့ဘူး..."

သူ့စကားကို ကြားလိုက်ရသောအခါ အိုးယန် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဒါဆိုရင်တော့... သတင်းမပေါက်ကြားရအောင် တိမ်ပြာ နန်းတော်ရော၊ ကျောက်စိမ်းမြို့ကိုပါ ဖျောက်ဖျက်ပစ်မှ ဖြစ်မယ်..."

ဖန်ရှောင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းတွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး၊ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ယှက်သန်းသွားလေ၏။

"ကျောက်စိမ်းမြို့နဲ့ တိမ်ပြာ နန်းတော်က ပျောက်ကွယ်သွားရမှာ အမှန်ပဲ... ဒါပေမဲ့ အခုအချိန် မဟုတ်သေးဘူး။ လျိုချင်းယန် သံသယ ဝင်သွားလို့ မဖြစ်ဘူး... သူတို့ကို ခဏလောက်တော့ အသက်ရှင်ခွင့် ပေးထားလိုက်ပါဦး..."

"ဂိုဏ်းချုပ်လေးက တကယ်ပဲ ဉာဏ်ကြီးရှင်ပါပဲ..."

အိုးယန်က မြှောက်ပင့်လိုက်လေသည်။

"ဂိုဏ်းချုပ်လေး... ကျွန်တော် အခုပဲ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေကို သွားပြီး သတင်းပို့လိုက်ပါဦးမယ်။ သတင်း လုံးဝ မပေါက်ကြားစေရပါဘူး..."

အိုးယန်သည် ခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။

"ဖုန်းဝူချန်... မင်း အသက်ရှင်နေရင် ကောင်းမယ်... တစ်နေ့ ငါ စိတ်မကြည်တဲ့အခါကျရင် သုံးလ ပြည့်အောင်တောင် စောင့်မှာ မဟုတ်ဘူး... မင်း ပေါ်လာတာနဲ့ ငါ့ကို ပြစ်မှားမိတဲ့ အကျိုးဆက်ကို ကောင်းကောင်း သိစေရမယ်"

ဖန်ရှောင်ယွင်သည် တစ်ကိုယ်တည်း ရေရွတ်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ရက်စက်ခြင်း၊ ကောက်ကျစ်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်း၊ သွေးအေးခြင်း၊ မောက်မာခြင်း... ဤအရာများ အားလုံးသည် ဖန်ရှောင်ယွင် ဆိုသည့် လူတစ်ယောက်တည်း၌ စုစည်းနေလေသည်။

ဖန်ရှောင်ယွင်နှင့် ရန်သူဖြစ်ခြင်းသည် သေလမ်းကို ရွေးချယ်ခြင်းနှင့် အတူတူပင်။

မကြာမီမှာပင် အိုးယန် ပြန်ရောက်လာလေသည်။

"ဂိုဏ်းချုပ်လေး... ဂိုဏ်းချုပ်ကြီးက ‘ယဲ့’ မိသားစုကို နောက်တစ်လနေရင် ရှင်းပစ်မယ်လို့ အမိန့်ထုတ်လိုက်ပါတယ်..."

"တစ်လနေရင်.." ဖန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ ရက်ရွှေ့လိုက်ရတာလဲ..."

"ဂိုဏ်းချုပ်ကြီး ပြောတာကတော့... 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' က ဒီရက်ပိုင်း အတွင်းမှာ အင်အားကြီးလာတယ်တဲ့... သူတို့က 'ယဲ့' မိသားစုနဲ့ ဆက်ဆံရေး ကောင်းတယ်။ တကယ်လို့ ကျွန်တော်တို့က 'ယဲ့' မိသားစုကို တိုက်ရင်... 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးတဲ့... ဒါကြောင့် ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေက ဒီအခွင့်အရေးကို သုံးပြီး 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' ကိုပါ တစ်ခါတည်း ရှင်းပစ်ဖို့ စီစဉ်နေကြတာပါ..."

အိုးယန်က ရှင်းပြလိုက်သည်။

"ဪ... သဘောပေါက်ပြီ... 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' သာ ပျက်စီးသွားရင်... 'ကောင်းကင်ဘုံ'နယ်မြေမှာ ကျွန်တော်တို့ 'ထျန်းယွဲ့' ဂိုဏ်းကို ယှဉ်နိုင်တဲ့ အင်အားစု မရှိတော့ဘူး... အားလုံး ကျွန်တော်တို့ခြေအောက်မှာ ဒူးထောက်ရတော့မယ်... ဂျင်းအိုက ပိုစပ်တယ် ဆိုတာ ဒါမျိုးကိုး... အဖေ့အကြံက တော်တော် ပိုင်နိုင်တာပဲ..."

ဖန်ရှောင်ယွင် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ကျွန်တော်လည်း ခဏလောက် တံခါးပိတ် ကျင့်ကြံဖို့ လိုပြီ... အကြီးအကဲချုပ်ဆီက ဆေးလုံးတချို့ တောင်းရမယ်။ 'ကောင်းကင်ဘုံ လူသား' ပထမအလွှာကို ရောက်တာ နှစ်နှစ်နီးပါး ရှိနေပြီ... အဆင့်တက်ဖို့ အချိန်တန်ပြီ။ တစ်လအတွင်း ဒုတိယအလွှာကို ရောက်အောင် ကြိုးစားရမယ်..."

"သခင်လေးရဲ့ ပါရမီနဲ့ဆိုရင် သေချာပေါက် အောင်မြင်မှာပါ"

အိုးယန်က ဖားယားလိုက်တော့သည်။

...

အခန်းတစ်ခန်းထဲတွင် အနားယူနေသော လျိုချင်းယန်မှာမူ ဖန်ရှောင်ယွင်၏ ယုတ်မာသော အကြံအစည်များကို မည်သို့မျှ မသိရှိဘဲ၊ ကျေးဇူးတင်စိတ်များဖြင့်သာ ခြုံလွှမ်းနေလေသည်။

သူသည် အတိတ်ကို ပြန်လည် သတိရအောင် ကြိုးစားသော်လည်း၊ ခေါင်းကိုက်လာရုံမှတစ်ပါး ဘာမျှ ထူးမလာခဲ့ချေ။

"ထားလိုက်ပါတော့... ငါ ဘယ်လိုမှ မမှတ်မိနိုင်မှတော့... အစ်ကိုဖန်ရဲ့ အဖေက ကူညီပေးနိုင်မလား စောင့်ကြည့်ရမှာပဲ..."

လျိုချင်းယန် ခေါင်းခါလိုက်သည်။ အစ်ကိုကြီး တစ်ယောက် ရှိနေမှန်း သိလိုက်ရသည့်အတွက် သူ၏ အတိတ်ကို ပို၍ သိချင်လာမိသည်။

ကျောက်စိမ်းမြို့တွင် ဖန်ရှောင်ယွင် ပြုမူခဲ့ပုံများက လျိုချင်းယန်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိစေခဲ့သည်။

"အစ်ကိုဖန်ရဲ့ ကျေးဇူးတွေ ငါ့အပေါ်မှာ အများကြီး ရှိနေပြီ... သူက 'ကောင်းကင်ဘုံ'နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီးတော့... 'ထျန်းယွဲ့' ဂိုဏ်းကလည်း အင်အားအကြီးဆုံး ဂိုဏ်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ငါ့ကံက သိပ်မဆိုးပါဘူး..."

လျိုချင်းယန် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူသည် 'ထျန်းယွဲ့' ဂိုဏ်းအကြောင်း သိပ်မသိသော်လည်း၊ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်ကြောင်းကိုတော့ ကျောက်စိမ်းမြို့သူ မြို့သားများ ပြောပြ၍ သိထားလေသည်။

လျိုချင်းယန်သည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ဆက်လက် တွေးတောမနေတော့ဘဲ ကျင့်ကြံခြင်း စတင်လိုက်တော့၏။

...

"ဖုန်းဝူချန် ဟုတ်လား... သူ့စွမ်းအားက တကယ်ပဲ အဲ့ဒီလောက်ထိ ကြောက်စရာ ကောင်းတာလား..."

ဝေးလံခေါင်သီသော တောင်တန်းတစ်ခုရှိ ကြီးမားသော ဂူကြီးတစ်ဂူ အတွင်း၌... အဘိုးအိုတစ်ဦးက အေးစက်စွာ မေးလိုက်ခြင်း ဖြစ်ပါသည်။

ဂူထဲတွင် စွမ်းအားကြီး ပုဂ္ဂိုလ်အများအပြား ရှိနေကြရာ၊ ဤနေရာသည် သာမန်မဟုတ်သော အင်အားစုကြီးတစ်ခု၏ စခန်းချရာ နေရာဖြစ်ကြောင်း သိသာလှ၏။

ဖန်ရှောင်ယွင် ပြောခဲ့ဖူးသလိုပင်... ကောင်းကင်ဝံပုလွေတို့၏ နောက်ကွယ်တွင် 'ထျန်းယွဲ့' ဂိုဏ်းချုပ်ကြီးပင် သုံးပုံတစ်ပုံလောက် လေးစားရသည့် ပုဂ္ဂိုလ်များ ရှိနေသည် ဆိုတာ အမှန်ပင်။

ကောင်းကင်ဝံပုလွေက ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ် ဆရာသခင်... တကယ်ကို စွမ်းအားကြီးပါတယ်။ ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ အဆင့်နဲ့ ဒီလောက် စွမ်းအားကြီးတဲ့သူမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။ ကိုယ်တိုင် မတွေ့ခဲ့ရင် ယုံတောင် ယုံနိုင်စရာ မရှိပါဘူး။ မတော်တဆမှုသာ မဖြစ်ခဲ့ရင်... ဖုန်းဝူချန်တို့အဖွဲ့ သေနေလောက်ပါပြီ..."

"ဒီကောင်လေးက တော်တော် သတ္တိရှိတာပဲ... ကောင်းကင်ကျားနဲ့ ကောင်းကင်ကျားသစ်ကိုတောင် သတ်ရဲတယ်ပေါ့"

ဟု နောက်ထပ် ခေါင်းဆောင်ပိုင်း တစ်ယောက်က ဒေါသတကြီး ဝင်ပြောလိုက်သည်။

"ဒါတင် မကသေးပါဘူး ဆရာသခင်... ဖုန်းဝူချန်တို့ ကျင့်ကြံနေတဲ့ နေရာကိုလည်း ကျွန်တော် တွေ့ခဲ့ပါတယ်။ အဲ့ဒီ သွေးကန်ကြီးရဲ့ စွမ်းအားက အရမ်းကြမ်းတမ်းပြီး ကြောက်စရာ ကောင်းပါတယ်... 'ကောင်းကင်ဘုံ လူသား' အဆင့်တွေတောင် အဲ့ဒီမှာ ကျင့်ကြံရင် စွမ်းအားတွေ အမြန် တက်လာနိုင်ပါတယ်"

ထိုသို့၊ ကောင်းကင်ဝံပုလွေက မျက်လုံးများ အရောင်လက်နေလျက် ငါးစာချလိုက်သည်။

သူသည် ညီဖြစ်သူများအတွက် လက်စားချေချင်နေပြီ ဖြစ်ရာ တစ်စက္ကန့်မျှပင် အချိန်မဆွဲချင်တော့။

"ဟေ... 'ကောင်းကင်ဘုံ လူသား' အဆင့်တောင် စွမ်းအား တက်နိုင်တယ် ဟုတ်လား..."

အဘိုးအို အံ့ဩသွားသည်။ သူ၏ မျက်လုံးအိုကြီးများတွင် လောဘရိပ်များ ယှက်သန်းလာ၏။

"လုံးဝ မချဲ့ကားပါဘူး ဆရာသခင်... ကျွန်တော့်အသက်နဲ့ ရင်းပြီး အာမခံရဲပါတယ် ပြီးတော့ အဲ့ဒီ ကြမ်းတမ်းတဲ့ စွမ်းအားတွေက သာမန် 'အစစ်အမှန်ယွမ်' စွမ်းအားတွေ မဟုတ်ပါဘူး... ဆဌမအဆင့် ဆေးလုံးတွေတောင် ဒီလောက် စွမ်းအား မပြင်းထန်ပါဘူး..."

ကောင်းကင်ဝံပုလွေက အတိအကျ ပြောလိုက်သည်။

"ဆဌမအဆင့် ဆေးလုံးနဲ့ ယှဉ်နိုင်တယ် ဟုတ်လား..."

နောက်ထပ် အကြီးအကဲတစ်ဦးလည်း စိတ်ဝင်စားသွားသည်။

"ဆရာသခင်... နောက်ထပ် ထူးဆန်းတာ တစ်ခု ရှိပါသေးတယ်။ ကျွန်တော်နဲ့ ကောင်းကင်ကျားတို့ ဝိညာဉ်ပြတ် တောင်ကြား အတွင်းပိုင်းထိ ဝင်သွားတာတောင်... လမ်းတစ်လျှောက်လုံး သားရဲတစ်ကောင်မှ မတွေ့ခဲ့ရပါဘူး။ သားရဲအော်သံ တစ်ချက်တောင် မကြားရဘူး... တိတ်ဆိတ်လွန်းလို့ ကြောက်စရာတောင် ကောင်းနေတယ်။ သားရဲ အငွေ့အသက်တောင် အာရုံခံလို့ မရပါဘူး..."

ကောင်းကင်ဝံပုလွေက ဆက်လက် သတင်းပို့လိုက်သည်။

"ဒီလို ထူးဆန်းတဲ့ ကိစ္စမျိုး ရှိသေးတာလား..."

ပလ္လင်ပေါ်တွင် ထိုင်နေသော အဘိုးအို မျက်မှောင်ကြုတ်လိုက်သည်။

"ဝိညာဉ်ပြတ် တောင်ကြားဆိုတာ သားရဲတွေ ပေါတဲ့နေရာပဲ... ဘယ်လိုလုပ်ပြီး တစ်ကောင်မှ မရှိရတာလဲ..."

ထိုအခါ၊ ကောင်းကင်ဝံပုလွေက တောင်းဆိုလိုက်လေသည်။

"ဟုတ်ပါတယ် ဆရာသခင်... မဟုတ်ရင် ကျွန်တော်တို့ အသက်ရှင်လျက်နဲ့ အတွင်းပိုင်းထိ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဆရာသခင်... အမိန့်ပေးပါ... ဖုန်းဝူချန်တို့ သွေးကန်မှာ ရှိနေတုန်းပါပဲ။ ဒါ ..ရွှေရောင် အခွင့်အရေးပါပဲ... ကောင်းကင်ကျားတို့အတွက် လက်စားချေလို့ ရသလို... အဲ့ဒီ စွမ်းအားတွေကိုပါ ရယူလို့ ရမှာပါ..."

All Chapters