← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀) - အပျော်မပျက်ရအောင်

~နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ ပါးစပ်ကြီး ပွင့်ဟလာသောအခါ မြောင်ချင်းချင်း၊ ပေတိုယန်နှင့် ကျန်လူ (၁၀) ယောက်ကျော်တို့သည် ခရမ်းရောင် အလင်းတန်းဖျော့ဖျော့လေးဖြင့် ကာကွယ်လျက် အပြင်သို့ ပျံထွက်လာကြလေသည်။

"ချင်းချင်း ချီဟွမ် ရွှယ်ဖုန်း"

ရင်းနှီးသော မျက်နှာလေးများကို မြင်လိုက်ရသည်နှင့် ဖုန်းဝူချန်၏ ဒေါသများ အရည်ပျော်ကျသွားပြီး ဝမ်းသာပီတိ ဖြစ်သွားလေ၏။

"အစ်ကိုဖုန်း" မြောင်ချင်းချင်းက ပျော်ရွှင်စွာ လက်လှမ်းပြလိုက်သည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး လိမ်မပြောခဲ့ပေ။ သူတို့အားလုံး အသက်ရှင်နေကြ၏။

သို့သော် ဖုန်းဝူချန် နားမလည်သည်မှာ နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ဘာရည်ရွယ်ချက်ဖြင့် ဤသို့ ပြုလုပ်ခဲ့သနည်း ဆိုတာပင်။

"ကောင်လေး... ငါက စနောက်လိုက်ရုံလေးကို... မင်းက အတည်ကြီး လုပ်နေတယ်"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက ဖုန်းဝူချန်ကို မျက်စောင်းထိုးကာ ညည်းညူလိုက်၏။

"ချင်းချင်း... အားလုံး ဘာမှ မဖြစ်ကြဘူးမလား..."

ဖုန်းဝူချန် သက်ပြင်းချလိုက်သည်။ ခုနက သူ တကယ် ကြောက်လန့်သွားခဲ့လေ၏။

မည်သူမဆို ၊ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဒေါသကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ပေတိုယန်တို့ကို သူ့မျက်စိရှေ့မှာတင် ဝါးစားလိုက်သည်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲတွင် ဒေါသမီးများ တောက်လောင်ခဲ့ရသည် မဟုတ်ပါလော။

"ဘာမှ မဖြစ်ပါဘူး... သစ်ပင်နတ်ဘုရားကြီးက ကျွန်မတို့ကို ဒုက္ခမပေးပါဘူး..." မြောင်ချင်းချင်းက ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို ဘာတွေ ဖြစ်ခဲ့တာလဲ..."

ဖုန်းဝူချန် အံ့ဩတကြီးဖြင့် နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကို လှမ်းကြည့်လိုက်၏။

"ဟွန့် ဒီလောက်တော့ ငါ ဝင်ပါလို့ မရဘူးလား..." နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက စိတ်မရှည်စွာ ပြောလိုက်သည်။

"ဒါက..." ဖုန်းဝူချန် ခေါင်းကုတ်လိုက်မိသည်။

ထိုအခါ၊ မြောင်ချင်းချင်းက ရှင်းပြလိုက်၏။

"ဒီလိုပါ အစ်ကိုဖုန်းရယ်... ကျွန်မတို့ ဝိညာဉ်ပြတ် တောင်ကြားထဲ ဝင်လာကတည်းက သစ်ပင်နတ်ဘုရားကြီးက သိနေပြီးသားတဲ့... အစ်ကိုဖုန်းရဲ့ ကိုယ်ထဲမှာ တစ်ဝက်နိုး တစ်ဝက်အိပ် ဖြစ်နေတဲ့ ဆန်းကြယ်တဲ့ စွမ်းအား တစ်ခု ရှိနေတာကို သူ မြင်လို့ ကူညီပေးချင်တာပါတဲ့..."

"ဆန်းကြယ်တဲ့ စွမ်းအား.."

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့သွေးကြောထဲက လျှို့ဝှက်စွမ်းအားကို နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး မြင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။

"ဟုတ်တယ်... ခုနက အစ်ကိုဖုန်း ဒေါသထွက်သွားတော့ အဲ့ဒီစွမ်းအားက နိုးထလာတယ် မဟုတ်လား..."

ဖုန်းဝူချန် မျက်လုံးမှိတ်ပြီး သူ့သွေးကြောထဲက စွမ်းအားကို အာရုံခံကြည့်လိုက်၏။

'တကယ်ပဲ နိုးထလာပြီ နဂါးသွေးမျိုးဆက် စွမ်းအားထက်တောင် ပိုအားကောင်းနေတယ်... ဒါပေမဲ့ အခုထိတော့ အားနည်းနေသေးတယ်...'

ဖုန်းဝူချန် စိတ်ထဲတွင် ဝမ်းသာသွားသည်။ သို့သော် ဤစွမ်းအားက ဘာလဲဆိုတာ သူ မသိပေ။ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်ထဲတွင်လည်း မပါရှိချေ။

"ကျေးဇူးတင်ပါတယ် သစ်ပင်နတ်ဘုရားကြီး... ခုနက ကျွန်တော်လည်း စနောက်လိုက်တာပါ..."

ဖုန်းဝူချန်က လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

‘စနောက်လိုက်တာ.. ဝိညာဉ်ပြတ် တောင်ကြား တစ်ခုလုံးက သားရဲတွေကို ဆင့်ခေါ်လိုက်တာက စနောက်တာတဲ့လား..’

"ဟွန့်"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက မျက်လုံးမှိတ်ထားရင်း နှာမှုတ်လိုက်သည်။

ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး သားရဲအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဒါ ငါ့မိတ်ဆွေပါ... နောက်တစ်ခါ တွေ့ရင် သူ့ကို အနိုင်မကျင့်ကြနဲ့... ကဲ... အားလုံး ပြန်လို့ရပြီ..."

ရာပေါင်းများစွာသော သားရဲများသည် တောနက်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။

"သစ်ပင်နတ်ဘုရားကြီး... ခင်ဗျားက လူစားတယ်လို့ ကြားဖူးတယ်... ကျွန်တော်တို့က တစ်ခါမှ မသိကျွမ်းဖူးဘဲနဲ့ ဘာလို့ ကူညီပေးရတာလဲ..." ဖုန်းဝူချန် ရုတ်တရက် မေးလိုက်သည်။

သူ့အား နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက စိတ်မရှည်စွာ ညည်းညူလိုက်သည်။

"ငါ ကူညီချင်လို့ ကူညီတာကွ၊ မင်းက ဘာဝင်စွက်ဖက်စရာ ရှိလို့လဲ သွားတော့... မြန်မြန်သွားတော့ အဲ..နေဦး... ငါကမှ သွားရမှာ"

ဖုန်းဝူချန် ပြုံးလိုက်မိသည်။

"ဂရုစိုက်ပါ သစ်ပင်နတ်ဘုရားကြီး..."

"ဂရုစိုက်ပါနော်" မြောင်ချင်းချင်းကလည်း လက်ပြ နှုတ်ဆက်လိုက်သည်။

"ဟွန့်"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။ ကြီးမားသော သစ်ပင်ကြီးသည် တဖြည်းဖြည်း ဝိုးတဝါး ဖြစ်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ဘာကြောင့် ကူညီပေးခဲ့သည်ကို မသိရသော်လည်း ဖုန်းဝူချန် ရင်ထဲတွင် ကျေးဇူးတင်နေမိ၏။

သူ့သွေးကြောထဲက လျှို့ဝှက်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သော်လည်း၊ ယခုအခါ နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ အကူအညီဖြင့် နိုးထလာခဲ့ပြီ ဖြစ်၏။

ဝိညာဉ်ပြတ် တောင်ကြား ခရီးစဉ်သည် အလွန် အကျိုးရှိခဲ့လေသည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ထွက်ခွာသွားပြီးနောက် ဖုန်းဝူချန်တို့အဖွဲ့သည် သွေးကန်တွင် ဆက်လက် ကျင့်ကြံခဲ့ကြသည်။

ရက်အနည်းငယ် ကြာသောအခါ လိန်မူချန်နှင့် အခြားသူများသည် ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ အောင်မြင်စွာ ရောက်ရှိသွားကြသဖြင့် ဝိညာဉ်ပြတ် တောင်ကြားမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြ၏။

ထို့အပြင် ဖန်ရှောင်ယွင်နှင့် ယှဉ်ပြိုင်ရန် ချိန်းဆိုထားသော ရက်ကလည်း နီးကပ်လာပြီ ဖြစ်ပါ၏။

'ကောင်းကင်ဘုံ'နယ်မြေရှိ အင်အားစုအားလုံးက ဖုန်းဝူချန်နှင့် ဖန်ရှောင်ယွင်တို့၏ တိုက်ပွဲကို စောင့်မျှော်နေကြသည်။

ဖုန်းဝူချန်က ကတိပေးထားသည့်အတိုင်း သုံးလပြည့်လျှင် ဖန်ရှောင်ယွင်ကို သေချာပေါက် စိန်ခေါ်မည် ဖြစ်လေ၏။

ဖုန်းဝူချန်တို့အဖွဲ့သည် လာလမ်းအတိုင်း ပြန်ထွက်လာကြရာ တောင်ကြား အဝသို့ ရောက်သောအခါ စောင့်ကြပ်နေသော ဂိုဏ်းသား ဒါဇင်ပေါင်းများစွာနှင့် ပက်ပင်းတိုးလေ၏။

"ဖုန်းဝူချန်.."

ဖုန်းဝူချန်တို့အဖွဲ့ကို မြင်လိုက်ရသောအခါ ဂိုဏ်းသားများအားလုံး ကြက်သေသေသွားကြသည်။

‘ဖုန်းဝူချန်တို့အဖွဲ့က ဝိညာဉ်ပြတ် တောင်ကြားထဲမှာ နှစ်လလုံးလုံး အသက်ရှင်နေခဲ့တယ်တဲ့လား’

"ငါ မျက်စိမှားနေတာလား... တကယ်ကြီး ဖုန်းဝူချန်လား"

"သူတို့ အသက်ရှင်နေသေးတယ်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တစ်ယောက်မှ မသေဘူးတဲ့လား ပြီးတော့ မိန်းမ တစ်ယောက်တောင် အပိုပါလာသေးတယ်"

ဂိုဏ်းသားများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဝိညာဉ်ပြတ် တောင်ကြားဆိုတာ 'ကောင်းကင်ဘုံ'နယ်မြေ ကျင့်ကြံသူတွေ၏ အိပ်မက်ဆိုး ဖြစ်ပါသည်။ ဝင်သွားသည့် သူ အများစုက သေလမ်းပဲ ရှိ၏။ သို့ရာတွင်၊ ဖုန်းဝူချန်တို့က အကုန်လုံး အသက်ရှင်လျက် ပြန်ထွက်လာကြသည်လား။

"အံ့ဩစရာပဲ... ဖုန်းဝူချန်... မင်း မသေသေးဘူးလို့ ထင်မထားဘူး..."

ခေါင်းဆောင်ဖြစ်သူ 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာက လှောင်ပြောင်သလို ပြောလိုက်သည်။

ဖုန်းဝူချန် ပခုံးတွန့်လိုက်ပြီး ပြုံးရုံသာ ပြုံးလိုက်သည်။ ဘာမှ ပြန်မပြောပေ။

နောက်ထပ် 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ တစ်ယောက်က ရယ်မောကာ

"ပြီးတော့ 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ အသစ် တစ်ယောက်လည်း ပါလာသေးတယ်... ဒီနေ့တော့ ငါတို့ ကံကောင်းပြီ ထင်တယ်"

"ဂိုဏ်းချုပ်... သူတို့က 'ကောင်းကင်ဘုံ'နယ်မြေ အရှေ့ပိုင်းက လူတွေပဲ... 'ထျန်းယွဲ့' ဂိုဏ်းရဲ့ လက်ပါးစေတွေ..." ပေတိုယန်က အေးစက်စွာ ပြောလိုက်သည်။

"သူတို့ရဲ့ ဇွဲကတော့ ချီးကျူးစရာပဲ... ဒီလောက် ကြာတာတောင် စောင့်နေကြတုန်း..." ချီဟွမ်က အံ့ဩစွာ ပြောလိုက်၏။

"လက်ပါးစေတွေ ဆိုမှတော့ ရန်သူတွေပေါ့... ရန်သူဆိုရင် သနားစရာ မလိုဘူး..." ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။

သွမ့်ထျန်းဖုန်းက ရက်စက်စွာ ရယ်မောလိုက်ရင်း၊

"ထျန်းယွမ်ဘုံ ဆဌမအလွှာရဲ့ စွမ်းအားကို စမ်းကြည့်ရအောင်”

ချီဟွမ်က အော်ဟစ်လိုက်ပြီး ဦးဆောင် တိုက်ခိုက်လိုက်သည်။

"ညီအစ်ကိုတို့ တိုက်ကြ”

ထိုစဥ်၊ ရန်သူ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

"ဂိုဏ်းချုပ်လေးဆီ အမြန် သတင်းပို့လိုက်၊ ကျန်တဲ့ အထွက်ပေါက် နှစ်ခုက လူတွေကိုလည်း အသိပေးလိုက် ၊ ကျန်တဲ့လူတွေ... တစ်ကောင်မကျန် သတ်ရမယ်"

"ကျန်တဲ့ အထွက်ပေါက် နှစ်ခု၊ ဟား.."

ဖုန်းဝူချန် ခဏတာ ကြောင်အမ်းသွားပြီး လှောင်ပြောင်လိုက်သည်။

"ဖန်ရှောင်ယွင်က တော်တော် တွေးခေါ်တတ်တာပဲ... ငါတို့ကို ကြိုဆိုဖို့ လူတွေ ဒီလောက် အများကြီး လွှတ်ထားတယ်ပေါ့... ဒါပေမဲ့ မင်းတို့က ကျန်တဲ့လူတွေ ရောက်လာတာကို မစောင့်ဘဲ တိုက်တော့မလို့လား..."

"သေစမ်း၊ ဝူး ..ဝူး"

ဂိုဏ်းသား ဒါဇင်ပေါင်းများစွာသည် သတ်ဖြတ်လိုစိတ် ပြင်းပြစွာဖြင့် တိုးဝင်လာကြသည်။

"ဝှစ် ဝှစ် ဝှစ်"

ချီဟွမ် ဦးဆောင်သော 'ကောင်းကင်ဗိမာန်' မှ ကျွမ်းကျင်သူ ရှစ်ဦးသည် 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ကို တပြိုင်နက် အသုံးပြုလိုက်ကြသည်။ သူတို့၏ ပုံရိပ်များသည် နေရာအနှံ့တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး၊ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေကြ၏။

"ခွပ် ခွပ် ခွပ်"

ချီဟွမ်တို့ ရှစ်ယောက် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ဂိုဏ်းသားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။ အားလုံး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားကြခြင်း ဖြစ်၏။

ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၊ ဆဌမအလွှာ၊ သတ္တမအလွှာ... မည်သူမျှ မလွတ်မြောက်နိုင်ကြပေ။

ချီဟွမ်တို့ ရှစ်ယောက်သည် သွေးအေး ရက်စက်စွာဖြင့် မျက်တောင် တစ်ချက် မခတ်ဘဲ သတ်ဖြတ်နေကြသည်။

တစ်ခဏအတွင်းမှာပင်... 'ကောင်းကင်ဘုံ လူသား' အဆင့် နှစ်ယောက်မှ လွဲ၍ ကျန်လူများအားလုံး သေဆုံးသွားကြလေ၏။

"အားနည်းလွန်းတယ်၊ လုံးဝ အားမရဘူး"

တောက်ဟွမ်က ခေါင်းခါလိုက်သည်။

"ဟီးဟီး၊ ငါတို့က ပြောသားပဲ... ကျန်တဲ့လူတွေ ရောက်လာမှ တိုက်ပါလို့... မင်းတို့က နားမထောင်တာကိုး... အခုကြည့်... ငါ့ညီက သတ်ရတာ အားမရဘူးတဲ့... ဘယ်လို လုပ်ကြမလဲ..."

ဟူ၍ ချီဟွမ်ကလည်း လှောင်ပြောင်လိုက်၏။

'ကောင်းကင်ဘုံ လူသား' အဆင့် နှစ်ယောက်မှာမူ ကြောက်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြလေတော့သည်။

အခန်း (၄၃၁) - သွေးအေးစွာ သတ်ဖြတ်ခြင်း

~ချီဟွမ်တို့အဖွဲ့၏ စွမ်းအားများနှင့် ကြောက်မက်ဖွယ် ကိုယ်ဖော့သိုင်းသည် 'ကောင်းကင်ဘုံ လူသား' အဆင့် နှစ်ယောက်ကိုပင် အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

"ထျန်းယွမ်ဘုံ ဒုတိယအလွှာ..."

သူတို့နှစ်ယောက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိကြသည်။

နှစ်လလေး အတွင်းမှာ ချီဟွမ်တို့ရှစ်ယောက်၏ စွမ်းအားများသည် အံ့မခန်း မြင့်တက်လာခဲ့ကြသည် မဟုတ်ပါလော။

ဒါက သာမန် ပါရမီရှင်တွေတောင် မလုပ်နိုင်သော ကိစ္စတည်း။

"ပေတိုယန်... ဒီနှစ်ယောက်ကို မင်း တာဝန်ယူလိုက်ပါ..."

ဟု ချီဟွမ်က ပေတိုယန်ကို လှည့်ပြောလိုက်သည်။

ထိုအခါ၊ ပေတိုယန်သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းဆောင်ဖြစ်သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။ သူ၏ ရူးသွပ်လှသော အမြန်နှုန်းကြောင့် တစ်ဖက်လူမှာ လန့်ဖျပ်သွားရသည်။

ပေတိုယန်သည် 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ စွမ်းအားသည် အလွန်အမင်း မြင့်မားနေပြီ ဖြစ်၏။

"မင်း.. ကိုယ့်ဘာသာ သေမလား... ငါ လိုက်ပို့ပေးရမလား..."

ပေတိုယန်က မျက်နှာသေဖြင့် မေးလိုက်သည်။

ထိုစကားကြောင့် ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ သုန်မှုန်သွားပြီး သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။

"မင်းက 'ကောင်းကင်ဘုံ လူသား’ ဒုတိယအလွှာတောင် မရောက်သေးဘဲနဲ့များ"

ခေါင်းဆောင်သည် သူ၏ ဒုတိယအလွှာ စွမ်းအားများကို အကုန် ထုတ်ဖော်လိုက်သည်။

"ဘုန်း"

“အား”

သို့သော် သူ၏ စကားပင် မဆုံးလိုက်... ပေတိုယန်က လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ခေါင်းဆောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး သွေးအန်ကာ အမြောက်ဆံတစ်စင်းအလား လွင့်စင်သွားရရှာသည်။

"မ... မဖြစ်နိုင်ဘူး"

ခေါင်းဆောင် အကြီးအကျယ် တုန်လှုပ်သွားသည်။

"အစ်ကို... အစ်ကိုကျောက်..."

ဘေးနားရှိ ပထမအလွှာ အဆင့် ရှိသူလည်း ကြောက်လွန်း၍ သွေးပျက်မတတ် ဖြစ်သွားသည်။

ကောင်းကင်ဘုံ လူသား ဒုတိယအလွှာ အဆင့်က ဒီလောက် ပျော့ညံ့နေ၍လား။

မဟုတ်ပါ။... ပေတိုယန်က သန်မာလွန်းနေခြင်းပါ။

ပေတိုယန်က 'အစစ်အမှန်ယွမ်' ကိုတောင် ထုတ်မသုံးဘဲ လက်သီးသက်သက်ဖြင့် ဒုတိယအလွှာ အဆင့်ရှိသူကို သွေးအန်သွားအောင် လုပ်နိုင်ခဲ့သည်။ ဒါ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

"ဝှစ်"

"ခွပ်"

ခေါင်းဆောင်ကို လွင့်စင်သွားအောင် လုပ်ပြီးသည်နှင့် ပေတိုယန်သည် ကျန်တစ်ယောက်ဘက်သို့ လှည့်လိုက်သည်။ ညာဘက်လက်ဖြင့် တစ်ဖက်လူ၏ ရင်ဘတ်ကို ရက်စက်စွာ ထိုးဖောက်လိုက်လေသည်။

"မင်းရဲ့ သတ္တိကိုတော့ ငါ လေးစားတယ်... ဒါပေမဲ့ မင်းက အရမ်း အားနည်းလွန်းတယ် ဖန်ရှောင်ယွင်က မင်းတို့ကို ဒီမှာ စောင့်ခိုင်းတာ သေခိုင်းလိုက်တာနဲ့ အတူတူပဲ"

ပေတိုယန်က အေးစက်စွာ ပြောလိုက်ပြီး လက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်သည်။

'ကောင်းကင်ဘုံ လူသား’ ပထမအလွှာ အဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးသွားလေပြီ။

ကျောက်ကွမ်းဟု ခေါ်သော ခေါင်းဆောင်ဖြစ်သူသည် ပေတိုယန်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။ မျက်နှာတစ်ခုလုံး သွေးဆုတ်ပြီး ဖြူလျော်နေ၏။

သူ့အဆင့်လောက်နှင့် ပေတိုယန်၏ လက်သီး တစ်ချက်ကိုတောင် မခံနိုင်ဘူးတဲ့လား။

ကြောက်ရွံ့စိတ်များ လွှမ်းမိုးလာသဖြင့် ကျောက်ကွမ်း နောက်လှည့် ထွက်ပြေးရန် ပြင်လိုက်သည်။ အခု မပြေးရင် သေချာပေါက် သေရတော့မည်။

သို့ရာတွင်၊ ပေတိုယန်က အလွတ်ပေးပါ့မလား။

"ဝှစ်"

'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ဖြင့် ပေတိုယန် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့်အခါ ကျောက်ကွမ်း၏ လည်ပင်းကို ဆွဲကိုင်ထားပြီး ဖြစ်နေလေ၏။

"ဖန်ရှောင်ယွင်ဆီ သတင်းပို့ဖို့ တစ်ယောက် သွားပြီပဲ... မင်း ပြန်စရာ မလိုတော့ဘူး... တစ်ခုခုတော့ ထားခဲ့သင့်တယ် မဟုတ်လား..."

ပေတိုယန်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ထက်ရှနေ၏။

"မ... မသတ်ပါနဲ့... ကျွန်တော်တို့က အမိန့်အရ စောင့်နေရတာပါ... ဂိုဏ်းချုပ်လေး အမိန့်ကို မလွန်ဆန်ရဲလို့ပါ..." ကျောက်ကွမ်း တုန်တုန်ရီရီဖြင့် တောင်းပန်လေသည်။

"ဆောရီး... ငါလည်း အမိန့်အတိုင်း… လုပ်ရမှာမို့လို့"

ပေတိုယန်က သွေးအေးစွာ ပြောလိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ လည်ပင်းရိုးကို ချိုးပစ်လိုက်လေသည်။

ပေတိုယန်က အမိန့်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်၏။ ဖုန်းဝူချန်က တစ်ကောင်မကျန် သတ်ဖို့ မှာထားသည် မဟုတ်ပါလော။

ပေတိုယန်သည် အလောင်းကို အမှိုက်တစ်စအလား လွှင့်ပစ်လိုက်၏။

ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း

"ချီဟွမ်... ဟော့မင်... ဧည့်သည်တွေ ထပ်ရောက်လာပြီ... ကောင်းကောင်း ဧည့်ခံလိုက်ကြ..."

"ဟီးဟီး..."

ချီဟွမ်တို့ ရှစ်ယောက်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်သော အပြုံးများ ပေါ်လာကြသည်။

"ဝီ... ဝီ... ဝီ..."

မကြာမီမှာပင် ကျန်အထွက်ပေါက် နှစ်ခုမှ ဂိုဏ်းသားများ ရောက်ရှိလာကြသည်။

"ဧည့်သည်တွေ တော်တော်များတာပဲ... ကျွန်တော်လည်း ဝင်ကူပါရစေ... ထျန်းယွမ်ဘုံ သတ္တမအလွှာရဲ့ စွမ်းအားကို စမ်းကြည့်ချင်လို့..." ပေတိုထျန်းယဲ့က တောင်းဆိုလိုက်သည်။

"သိပ်လည်း ရက်စက်မနေနဲ့ဦး... သေရုံလောက်ပဲ လုပ်... နန်းကုန်းကျန့်... မင်းလည်း ဝင်ပါလိုက်ပါ... ဒုတိယအလွှာကို မြန်မြန် ရောက်အောင်လို့..."

ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး လေပေါ်သို့ ဖြည်းညှင်းစွာ ပျံတက်သွားလိုက်ဧ။်။

"သူတို့ကို ရှင်းပစ်လိုက်ရင်... 'ကောင်းကင်ဘုံ'နယ်မြေ အရှေ့ပိုင်းမှာ 'ထျန်းယွဲ့' ဂိုဏ်း တစ်ခုတည်း ကျန်တော့မှာပဲ..."

စုစုပေါင်း လူ ၆၀ ကျော် ရောက်ရှိလာကြသည်။ ထိုအထဲတွင် 'ကောင်းကင်ဘုံ လူသား' အဆင့် ငါးယောက်အထိ ပါဝင်လေသည်။

"ကျောက်ကွမ်းတို့ အဖွဲ့.. သေကုန်ပြီ"

ရောက်လာသူများက အလောင်းများကို ကြည့်ပြီး မျက်စိမျက်နှာ ပျက်ကုန်ကြသည်။

စွမ်းအားကြီး ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရလေသည်လား။

'ကောင်းကင်ဘုံ လူသား' အဆင့် တစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျောက်ကွမ်းရဲ့ စွမ်းအားနဲ့ဆိုရင်... သူတို့တွေ သတ်နိုင်စရာ အကြောင်းမရှိဘူး..."

"မင်းတို့ ပြောလို့ ပြီးပြီလား..."

ချီဟွမ်က လှောင်ပြောင်လိုက်သည်။ သူ လက်ယားနေပြီ ဖြစ်၏။

"ဟမ့်၊ မောက်မာလိုက်တာ"

နောက်ထပ် 'ကောင်းကင်ဘုံ လူသား' တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဂိုဏ်းချုပ်လေးက တစ်ကောင်မကျန် သတ်ဖို့ အမိန့်ပေးထားတယ်"

"ဖုန်းဝူချန်ကို သတ်စမ်း"

ဂိုဏ်းသားများ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ဖုန်းဝူချန်က လက်ယပ်ခေါ်လိုက်သည်။

"လာလေ... သတ်နိုင်မလား ကြည့်ရသေးတာပေါ့”

"ညီအစ်ကိုတို့ ..ပွဲစကြစို့"

ချီဟွမ် အော်ဟစ်လိုက်သည်။ ထျန်းယွမ်ဘုံ သတ္တမအလွှာ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး မြေကြီးများ ကွဲအက်ကုန်သည်။ သူသည် ရှေ့ဆုံးမှ တိုးဝင်သွားလေ၏။

ရွှယ်ဖုန်းနှင့် ကျန်လူများလည်း သားကောင်ကို မြင်သော မုဆိုးများအလား သွေးဆာသော အကြည့်များဖြင့် ဝင်ရောက် တိုက်ခိုက်ကြလေသည်။

ပေတိုထျန်းယဲ့နှင့် နန်းကုန်းကျန့်လည်း တွေဝေမနေဘဲ ဝင်ပါလိုက်ကြ၏။

"ဝှစ် ဝှစ် ဝှစ်"

"ဘုန်း ဘုန်း ဘုန်း"

"အား..."

ချီဟွမ်တို့ ရှစ်ယောက်၏ ပုံရိပ်များက နေရာအနှံ့တွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေပြီး၊ လှုပ်ရှားမှုတိုင်းတွင် လူတစ်ယောက် သေဆုံးသွားရသည်။

နန်းကုန်းကျန့်က ပို၍ပင် ရက်စက်လေသည်။ လက်သီး တစ်ချက် ထိုးလိုက်တိုင်း လူတစ်ယောက် သေ၏။

"ဖုန်းဝူချန် သေလိုက်စမ်း"

'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ တစ်ယောက်သည် ဖုန်းဝူချန်ဆီသို့ အရှိန်ပြင်းပြင်း တိုးဝင်လာသည်။

ဖုန်းဝူချန်က သူ့ကို မမြင်သလိုပင် လျစ်လျူရှုထားလိုက်၏။

"ဘုန်း"

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလူ၏ လက်သီးက ဖုန်းဝူချန်၏ ရင်ဘတ်ကို ထိမှန်သွားသည်။ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ထိုလူ၏ မျက်နှာတွင် အောင်နိုင်သူ အပြုံး ပေါ်လာသည်။

"ဟွန့် ၊ ဖုန်းဝူချန်... မင်းက သိပ်မစွမ်းပါလား... ငါ့တိုက်ကွက်ကိုတောင် မမြင်..."

ထိုလူ၏ စကားမဆုံးခင်မှာပင် မျက်နှာထား အေးခဲသွား၏။

ဖုန်းဝူချန်၏ မျက်နှာတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်နေသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ထိုအခါမှ သူ သဘောပေါက်လိုက်သည်။ ဖုန်းဝူချန်က သူ့ကို လုံးဝ အရေးမစိုက်ခဲ့ခြင်း ဖြစ်၏။

'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ၏ အားကုန် လက်သီးချက်က ဖုန်းဝူချန်ကို ခြစ်ရာတစ်ခုပင် မဖြစ်စေခဲ့ပေ။

ဖုန်းဝူချန်သည် နေရာမှ တစ်ရွေ့မရွေ့ဘဲ ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့် ထိုစွမ်းအားကို ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်၏။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ထိုလူ မျက်လုံးပြူးသွားသည်။

ဖုန်းဝူချန်က ထိုလူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းက အရမ်း အားနည်းလွန်းတယ်... ငါ့လက်ချက်နဲ့ သေဖို့တောင် မတန်ဘူး... ဒါပေမဲ့ မင်းက အရင် လာထိမှတော့... သေခွင့် ပေးရတာပေါ့..."

"ဘာ"

"အား..."

ဖုန်းဝူချန်က လက်ကောက်ဝတ်ကို လှည့်ချိုးပစ်လိုက်ရာ အရိုးကျိုးသံနှင့်အတူ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဘုန်း"

"အား"

ထို့နောက် ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မိုးချုန်းသံအလား ပေါက်ကွဲသွားပြီး အတွင်းကလီစာများ ကြေမွကာ သွေးအန်ပြီး သေဆုံးသွားလေတော့သည်။

လက်ဝါး တစ်ချက်တည်းဖြင့်... 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ စွမ်းအားရှင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သတည်း။

အခန်း (၄၃၂) - ဖန်ရှောင်ယွင်၏ လှုပ်ရှားမှု

~"ဂိုဏ်းချုပ်လေး ..ဂိုဏ်းချုပ်လေး"

ထျန်းယွဲ့ဂိုဏ်း အတွင်းသို့ ဂိုဏ်းသားတစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဘာဖြစ်တာလဲ..." အိုးယန် ဘွားခနဲ ပေါ်လာပြီး မေးလိုက်သည်။

"ဖုန်းဝူချန်ကို တွေ့ပါပြီ ၊သူတို့ အသက်ရှင်နေသေးတယ်၊ အခုပဲ ဝိညာဉ်ပြတ် တောင်ကြားကနေ ထွက်လာတာပါ" ဂိုဏ်းသားက ရိုသေစွာ သတင်းပို့လိုက်သည်။

"ဘာ... ဖုန်းဝူချန်တို့ အဖွဲ့ အသက်ရှင်နေသေးတယ် ဟုတ်လား... မင်း မျက်စိမှားတာ မဟုတ်ပါဘူးနော်..." အိုးယန်၏ မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုများ ယှက်သန်းသွားသည်။

"လုံးဝ မမှားပါဘူး ၊အစ်ကိုကြီးကျောက်က ကျွန်တော့်ကို ဂိုဏ်းချုပ်လေးဆီ သတင်းလာပို့ခိုင်းတာပါ" ဂိုဏ်းသားက အတည်ပြုလိုက်သည်။

အိုးယန် မျက်မှောင်ကြုတ်လိုက်သည်။

"မကြာသေးခင်ကမှ ကောင်းကင်ဝံပုလွေက 'ကောင်းကင်ဘုံ လူသား' အဆင့် သုံးယောက် ခေါ်ပြီး တောင်ကြားထဲ ဝင်သွားတာလေ... သူတို့က ဖုန်းဝူချန်ကို သတ်ဖို့ သွားတာ မဟုတ်ဘူးလား... ဖုန်းဝူချန်တို့ အဖွဲ့ ပြန်ထွက်လာတယ် ဆိုမှတော့... ကောင်းကင်ဝံပုလွေတို့ သေသွားပြီပေါ့... ဂိုဏ်းချုပ်လေး ထင်တာ မှန်နေတာပဲ... ဖုန်းဝူချန် တကယ် အသက်ရှင်နေသေးတာပဲ"

"အကြီးအကဲ... ဘယ်လို ဆက်လုပ်မလဲ..."

"ဖုန်းဝူချန်ရဲ့ စွမ်းအားတွေ တော်တော် တိုးတက်လာလောက်ပြီ... လူတွေ ခေါ်ပြီး သွားကူညီလိုက်... ငါ ဂိုဏ်းချုပ်လေးနဲ့ လိုက်လာခဲ့မယ်၊ သူတို့ကို လွတ်မသွားစေနဲ့" အိုးယန်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

သူက ဖန်ရှောင်ယွင် ရှိရာ နန်းဆောင်သို့ ချက်ချင်း သွားရောက်လိုက်သည်။

ဖန်ရှောင်ယွင်က တံခါးပိတ် ကျင့်ကြံနေသော်လည်း၊ အရေးကြီး ကိစ္စဖြစ်သဖြင့် ချက်ချင်း သတင်းပို့ရမည်။

"ဂိုဏ်းချုပ်လေး... ဖုန်းဝူချန် သတင်း ရပါပြီ"

အခန်းထဲမှ ဖန်ရှောင်ယွင် ဖျတ်ခနဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ပြော..."

"ဖုန်းဝူချန်တို့ အသက်ရှင်နေပါတယ်... ကျွန်တော်တို့ လူတွေနဲ့ ရင်ဆိုင်နေကြပါတယ်... ဂိုဏ်းချုပ်လေး လိုက်သွားမလား..."

"နောက်ဆုံးတော့ ထွက်လာပြီပေါ့ ဖုန်းဝူချန် အသက်ရှင်နေသေးမှန်း ကျွန်တော် သိတယ်၊ ကျွန်တော့်ရဲ့ လက်ဆောင်မွန်ကို ပေးဖို့ အခွင့်အရေး ရှိသေးတာပဲ"

ဖန်ရှောင်ယွင် အခန်းထဲမှ ထွက်လာပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ကျွန်တော်တို့ ချိန်းထားတဲ့ ရက်ရောက်ဖို့ ကိုးရက်တောင် လိုသေးတယ်... ဒါပေမဲ့ သူ့စွမ်းအား ဘယ်လောက် တိုးတက်လာလဲ.. သွားစမ်းသပ်ကြည့်တာပေါ့... လာ... ဝိညာဉ်ပြတ် တောင်ကြားကို သွားကြမယ်"

ဖန်ရှောင်ယွင် ဂုဏ်ယူစွာ ပြောလိုက်သည်။

ဖန်ရှောင်ယွင်နှင့် အိုးယန်တို့၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ဆိုလျှင် အရှေ့ပိုင်းမှ တောင်ပိုင်းသို့ သွားရောက်ရန်မှာ အချိန် သိပ်မကြာလှပေ။

ဝိညာဉ်ပြတ် တောင်ကြား...။

ဖုန်းဝူချန်သည် 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ တစ်ယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သဖြင့် ကျန်ရှိနေသော ဂိုဏ်းသားများ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။

"လျိုယီ"

နောက်ထပ် 'ကောင်းကင်ဘုံ လူသား' အဆင့် တစ်ယောက်က အော်ဟစ်လိုက်သည်။

"ပထမအလွှာကို လက်ဝါး တစ်ချက်တည်းနဲ့ သတ်လိုက်တယ် ဟုတ်လား"

"ဖုန်းဝူချန်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလိုက်တာ"

"ဒါကြီးက ... သူက 'အစစ်အမှန်ယွမ်' ကိုတောင် ထုတ်မသုံးဘဲနဲ့... သူ 'ကောင်းကင်ဘုံ လူသား' အဆင့် ရောက်သွားပြီလား..."

ဂိုဏ်းသားများ၏ မျက်နှာများတွင် အကြောက်တရားများ ဖုံးလွှမ်းသွားသည်။

ကျန်ရှိနေသော 'ကောင်းကင်ဘုံ လူသား' အဆင့် လေးယောက်လည်း ဖုန်းဝူချန်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

လက်ဝါးတစ်ချက်တည်းဖြင့် အဆင့်တူ တစ်ယောက်ကို လက်စဖျောက်နိုင်သည် ဆိုကတည်းက... သူတို့လေးယောက်လုံး ဖုန်းဝူချန်ကို မယှဉ်ရဲတော့ပေ။

ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်ကို မည်သူမျှ အတိအကျ မသိကြသော်လည်း၊ 'အစစ်အမှန်ယွမ်' မသုံးဘဲ လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်းက သူ့စွမ်းအား မည်မျှ ကြီးမားကြောင်း သက်သေပြနေသည်။

တစ်ချိန်တည်းမှာပင်... နန်းကုန်းကျန့်နှင့် ချီဟွမ်တို့၏ တိုက်ခိုက်မှုကြောင့် ဂိုဏ်းသား သုံးဆယ်ခန့်သာ ကျန်ရစ်တော့သည်။ ထက်ဝက်ကျော် သေဆုံးသွားလေ၏။

ဤဂိုဏ်းသားများသည် အားနည်းသူများ မဟုတ်ကြပေ။ အနိမ့်ဆုံး ထျန်းယွမ်ဘုံ တတိယအလွှာမှ အမြင့်ဆုံး 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာထိ ပါဝင်ကြသည်။ သို့သော် နန်းကုန်းကျန့်တို့ ရှေ့တွင်မူ ကလေးကစားစရာများအလား ဖြစ်နေကြရှာသည်။

ကျန်ရစ်သူများမှာမူ ချီဟွမ်တို့ကို ဘီလူးသရဲများအလား မြင်ယောင်ကာ သွေးပျက်နေကြသည်။

"မြန်မြန် ရှင်းကြ အချိန်မဖြုန်းနဲ့"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး 'နဂါးနတ်ဘုရား ဓား' ကို ဆင့်ခေါ်ကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားလေသည်။

"ဝှစ် ဝှစ် ဝှစ်"

"ခွပ် ခွပ် ခွပ်"

ဖုန်းဝူချန်၏ ပုံရိပ်သည် သရဲတစ္ဆေတစ်ကောင်အလား လှုပ်ရှားနေပြီး၊ ဓားအလင်းတန်း ဖြတ်သန်းသွားတိုင်း ရန်သူတစ်ယောက် လဲကျသေဆုံးသွားရသည်။

ပေတိုယန်နှင့် လန်ယွဲ့တို့လည်း ဝင်ရောက် တိုက်ခိုက်ကြသည်။

နှစ်မိနစ် အတွင်းမှာပင်... ကျန်ရှိနေသော လူသုံးဆယ်ကျော်နှင့် 'ကောင်းကင်ဘုံ လူသား' အဆင့် လေးယောက်လုံး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရလေ၏။

ဝိညာဉ်ပြတ် တောင်ကြား အဝင်ဝသည် သွေးမြစ်ကြီး တစ်စင်းအလား ဖြစ်သွားခဲ့ရသည်။ သွေးညှီနံ့များက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ အရှေ့ပိုင်းက လူတွေကို ဒီလောက် အများကြီး သတ်ပစ်လိုက်တာ... ဖန်ရှောင်ယွင်တော့ ဒေါသထွက်ပြီး သွေးအန်တော့မှာပဲ..." ရွှယ်ဖုန်းက လှောင်ပြောင်လိုက်သည်။

"ဖြစ်နိုင်တာပဲ..." ဖုန်းဝူချန်က ပခုံးတွန့်လိုက်၏။

"အစ်ကိုဖုန်း... ကျွန်မတို့ မြန်မြန် သွားကြရအောင်... ဖန်ရှောင်ယွင် ရောက်လာတော့မယ် ထင်တယ်..." မြောင်ချင်းချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ သို့သော် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်... သူ မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။

"သရဲကို မချစ်နဲ့ ဆိုတာ ဒါမျိုးပဲ... ငါတို့ သွားလို့ မရတော့ဘူး..."

"ဖန်ရှောင်ယွင်ရဲ့ အရှိန်အဝါပဲ 'ကောင်းကင်ဘုံ လူသား' ပထမအလွှာ အထွတ်အထိပ်"

ပေတိုယန် မျက်မှောင်ကြုတ်လိုက်သည်။

ဖန်ရှောင်ယွင်က ပထမအလွှာ အထွတ်အထိပ် ဆိုသော်လည်း၊ တကယ့် စွမ်းအားက တတိယအလွှာထက် မလျော့နည်းကြောင်း သူတို့ သိထားကြ၏။

မြောင်ချင်းချင်း မျက်နှာပျက်သွားသည်။

"ရောက်လာတာ မြန်လိုက်တာ..."

"ဆေးဧကရာဇ်... ဒီကောင်ရဲ့ စွမ်းအားကလည်း တော်တော် တိုးတက်လာတာပဲ..." နန်းကုန်းကျန့်က လေးနက်စွာ ပြောလိုက်သည်။

ပေတိုယန်က သုံးသပ်လိုက်၏။

"ဖန်ရှောင်ယွင်မှာ မူလ စွမ်းအား ရှိတယ်... သူ့စွမ်းအားက 'ကောင်းကင်ဘုံ လူသား' တတိယအလွှာ အထွတ်အထိပ်နဲ့ ညီမျှလောက်တယ်... ကောင်းကင်ဝံပုလွေ ခေါ်လာတဲ့ လူထက်တောင် ပိုကြမ်းဦးမယ်..."

"အရှင်သခင်က လျှို့ဝှက်စွမ်းအားကို နိုးထလာပြီ ဆိုတော့... ကျွန်မတို့ နိုင်နိုင်မလား..." လန်ယွဲ့က မေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းခါလိုက်ကာ၊

"အဲ့ဒီစွမ်းအားက အရမ်း အားနည်းနေသေးတယ်…”

ဝိညာဉ်ပြတ် တောင်ကြားထဲတွင် နှစ်လကြာ ကျင့်ကြံခဲ့သဖြင့် သူ၏ စွမ်းအားများ အံ့မခန်း တိုးတက်လာခဲ့ပြီး 'ကောင်းကင်ဘုံ လူသား' အဆင့်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် သတ်နိုင်သော်လည်း... ဖန်ရှောင်ယွင်ကို ရင်ဆိုင်ရန်မှာတော့ ယုံကြည်မှု သိပ်မရှိလှပေ။

'နဂါးအသွင်ကို အပြည့်အဝ ပြောင်းလဲနိုင်ရင်တော့ သေချာပေါက် နိုင်မှာပါ... ဒါပေမဲ့ အပြည့်အဝ ပြောင်းလဲဖို့က အချိန်လိုသေးတယ်...'

ဖုန်းဝူချန် စိတ်ထဲတွင် တွေးလိုက်မိသည်။

သူ့ခန္ဓာကိုယ်က နဂါးအသွင် ပြောင်းလဲနေဆဲ ဖြစ်သော်လည်း၊ ချက်ချင်း ပြောင်းလဲ၍ မရပေ။ လူသားခန္ဓာကိုယ်မှ နဂါးခန္ဓာကိုယ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲရခြင်း ဖြစ်၏။

ထိုသို့ ပြောင်းလဲနေခြင်းကြောင့်သာ သူ၏ တိုက်ခိုက်မှု စွမ်းရည်များ တိုးတက်လာခြင်း ဖြစ်၏။

"ဟား..ဖုန်းဝူချန်... နောက်ဆုံးတော့ မင်း ထွက်လာပြီပေါ့... နှစ်လလောက် ပျောက်နေတော့ သေပြီတောင် ထင်နေတာ..."

ဖန်ရှောင်ယွင်၏ လှောင်ပြောင်သံက ကောင်းကင်ယံမှ ကျရောက်လာသည်။

စကားဆုံးသည်နှင့် ဖန်ရှောင်ယွင်နှင့် အိုးယန်တို့ ရောက်ရှိလာကြသည်။ သူတို့၏ အရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။

"အားလုံး သေကုန်ပြီ"

အိုးယန် မျက်နှာပျက်သွားသည်။ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။

လူတစ်ရာနီးပါးကို အပြတ်ရှင်းပစ်လိုက်သည် ဟုတ်လား။

ဖန်ရှောင်ယွင်က လေပေါ်တွင် ရပ်နေရင်း ဖုန်းဝူချန်တို့ကို အသေအချာ အကဲခတ်လိုက်၏။

"နှစ်လလောက် မတွေ့ရတာ... မင်းတို့ စွမ်းအားတွေ တော်တော် တက်လာပါလား... ဝိညာဉ်ပြတ် တောင်ကြားထဲမှာ ရတနာတွေ အများကြီး ရခဲ့ပုံပဲ..."

ဖန်ရှောင်ယွင်က အပေါ်ယံတွင် အေးဆေးပုံ ပေါက်နေသော်လည်း၊ စိတ်ထဲတွင်တော့ အံ့ဩနေမိသည်။ ချီဟွမ်တို့၏ ကျင့်ကြံခြင်း အမြန်နှုန်းက မြန်လွန်းလှသည်။ သူတောင် အဲ့ဒီလောက် မမြန်ခဲ့ဖူးပေ။

"ချိန်းထားတဲ့ရက်တောင် မရောက်သေးဘူး... မင်း ငါ့လက်ထဲမှာ ရှုံးချင်နေပြီလား..."

ဟု ဖုန်းဝူချန်က ခပ်တည်တည်ဖြင့် မေးလိုက်သည်။

"ဟားဟား... မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလှချည်လား... ကောင်းပြီလေ... ဒီနှစ်လ အတွင်း မင်း ဘယ်လောက် တိုးတက်လာလဲ ဆိုတာ ငါ့ကို ပြစမ်းပါဦး..."

ဖန်ရှောင်ယွင်က လှောင်ပြောင်လိုက်သည်။

All Chapters