အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း (၄၃၆) - နှစ်ဖက် အထိနာခြင်း
~"ဝုန်း... ဝုန်း..."
ကောင်းကင်ယံထက်တွင် ပျက်စီးခြင်း စွမ်းအင်တို့က ဟင်းလင်းပြင်ကို မွှေနှောက်ဖျက်ဆီးနေကြပြီး၊ မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းများကလည်း မရပ်မနား ပေါ်ထွက်နေ၏။
ထိုပေါက်ကွဲမှု၏ ဗဟိုချက်မဆီသို့ သေချာကြည့်လိုက်မည်ဆိုပါက၊ ဟင်းလင်းပြင်တစ်ခုလုံး အက်ကွဲသွားသကဲ့သို့ မည်းနက်သော အက်ကြောင်းငယ်လေးများ စတင်ပေါ်လာသည်ကို မြင်တွေ့ရပေလိမ့်မည်။
"ဂိုဏ်းချုပ်လေး..."
အိုးယန်၏ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး၊ ဖုန်းဝူချန်၏ ဓားသိုင်းကွက်ကြောင့် မှင်သက်မိနေလေသည်။
'ဒီကောင်စုတ်... ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းမျိုးကို ထုတ်သုံးနိုင်တယ်ပေါ့...'
မြောင်ချင်းချင်းနှင့် ပေတိုယန်တို့မှာလည်း ဖုန်းဝူချန်အတွက် အလွန်အမင်း စိတ်ပူသွားကြသည်။ ဖုန်းဝူချန်က သာမန်ထက်ထူးကဲသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး 'ချီလင်' သံချပ်ကာကို ဝတ်ဆင်ထားသော်လည်း၊ ယခု ပေါက်ကွဲသွားသော စွမ်းအားက အတိုင်းအဆမရှိ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလား။
အားလှိုင်းများက ငါးမိနစ်ခန့် ကြာအောင် ဆက်တိုက် တိုက်ခတ်နေပြီးနောက်... ကောင်းကင်ပေါ်မှ ရစ်သိုင်းနေသော ထူထဲသည့် မီးခိုးလုံးကြီးများမှာ လေတိုက်ရာသို့ လွင့်ပါးပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်ငြိမ်သက်သွား၏။
ကောင်းကင်ယံထက်တွင်... ဖုန်းဝူချန်နှင့် ဖန်ရှောင်ယွင်တို့၏ ဝေဝါးနေသော ပုံရိပ်များက သူတို့၏ မြင်ကွင်းထဲသို့ တဖြည်းဖြည်း ပြန်လည် ပေါ်လာတော့၏။
"အစ်ကိုဖုန်း.."
"ဆရာ..."
မြောင်ချင်းချင်း၊ ချီဟွမ်နှင့် အခြားသူများမှာ စိတ်ပူလွန်း၍ လက်ဖဝါးများပင် ချွေးစို့လာကြသည်။
ဖုန်းဝူချန်ကို ဦးစွာကြည့်လိုက်သောအခါ... သူ၏ ဒဏ်ရာများက ပြင်းထန်လွန်းလှသည်။ မျက်နှာတစ်ခုလုံး သွေးဆုတ်ကာ ဖြူလျော်နေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများဖြင့် ရဲရဲတောက်နေလေ၏။ သူက လေကို အငမ်းမရ ရှူရှိုက်နေရပြီး ပါးစပ်ထောင့်စွန်းများမှ သွေးများ တောက်ခနဲ တောက်ခနဲ စီးကျနေပုံမှာ အလွန်ပင် အားနည်းနွမ်းနယ်နေပုံ ရလေ၏။
အကယ်၍ ဖုန်းဝူချန်၏ ကျင့်ကြံမှုသာ 'ထျန်းယွမ်ဘုံ' နဝမအလွှာသို့ မရောက်ရှိသေးပါက၊ ယခု တိုက်ခိုက်မှုတွင် သူ ကျိန်းသေပေါက် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
ဖန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်လည်း... သူ့ဒဏ်ရာများက မသက်သာလှပေ။ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာကြီး အများအပြား ရရှိထားပြီး၊ ဝတ်ရုံတစ်ခုလုံး သွေးချင်းချင်းနီကာ ဖရိုဖရဲ ဖြစ်နေ၏။
ဤတိုက်ပွဲကို နှစ်ဦးနှစ်ဖက် အထိနာသွားကြသည်ဟု ဆိုရပေမည်။
"ဂိုဏ်းချုပ်လေး... အဆင်ပြေရဲ့လား"
အိုးယန်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဖန်ရှောင်ယွင်၏ ဘေးနားသို့ ရောက်ရှိသွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်..."
ဖန်ရှောင်ယွင်က မနည်း အားယူပြောလိုက်ရပြီး သူ၏ စူးရှသော မျက်လုံးများကမူ ဖုန်းဝူချန်ကို အငြိုးတကြီး စိုက်ကြည့်နေဆဲပင်။
'ဒီလူ... ဒီလောက်ထိ စွမ်းမယ်လို့ ငါ ထင်မထားခဲ့ဘူး။ ကောင်းကင်ဘုံ နယ်မြေရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်တဲ့ ငါ့ကိုတောင် ဒီလောက်ထိ ဒဏ်ရာပြင်းထန်အောင် လုပ်နိုင်တယ်ပေါ့...'
ကံကောင်းသည်မှာ ဖန်ရှောင်ယွင်၏ ဒဏ်ရာများက ဖုန်းဝူချန်လောက် မပြင်းထန်ဘဲ၊ တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ကျန်ရှိနေသေးခြင်း ဖြစ်သည်။
ဤတိုက်ပွဲတွင် ဖုန်းဝူချန်က ဖန်ရှောင်ယွင်ကို ရှုံးနိမ့်သွားသည့်ပုံ ပေါက်နေသော်လည်း၊ တကယ်တမ်းတွင်မူ သူ မရှုံးနိမ့်သေးပေ။ ဖုန်းဝူချန်၏ သွေးမျိုးဆက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို သူ အပြည့်အဝ ထုတ်မသုံးရသေးပေ။
"အစ်ကိုဖုန်း.."
မြောင်ချင်းချင်းနှင့် အခြားသူများက အလျင်အမြန် ပျံသန်းရောက်ရှိလာကြပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ကြည့်နေကြသည်။
"ဆရာ... ဆရာ့ဒဏ်ရာတွေက အရမ်းပြင်းထန်နေပါလား"
ရွှယ်ဖုန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဖန်ရှောင်ယွင် ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း၊ သူ့ဘေးတွင် 'ကောင်းကင်ဘုံလူသား' တတိယအလွှာ အဆင့်ရှိသော ကျွမ်းကျင်ပညာရှင် အိုးယန် ရှိနေသေးရာ၊ ချီဟွမ်နှင့် အခြားသူများမှာ မည်သို့မျှ စိတ်မအေးနိုင်ကြပေ။
အကယ်၍ အိုးယန်သာ ဝင်ရောက်တိုက်ခိုက်လာပါက၊ သူတို့ထဲမှ မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ချေ။
ဖန်ရှောင်ယွင်က အားယူရင်း"ဖုန်းဝူချန်... မင်းရဲ့ အစွမ်းက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ကံဆိုးတာက... မင်း ငါ့ကို ရှုံးနေတုန်းပဲ"
ဟု မဲ့ပြုံးပြုံးကာ ပြောလိုက်၏။
ဖုန်းဝူချန် ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားများက ဖန်ရှောင်ယွင်ကို အန္တရာယ်အငွေ့အသက်များ ခံစားမိစေခဲ့သည်။ ဤလူကိုသာ မသတ်ဖြတ်ပစ်နိုင်ပါက နောင်တစ်ချိန်တွင် အဆုံးမဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။
'ထျန်းယွမ်ဘုံ' နဝမအလွှာနှင့်ပင် ဤမျှ စွမ်းအားကြီးမားနေပြီ ဆိုလျှင်၊ ဖုန်းဝူချန်သာ 'ကောင်းကင်ဘုံလူသား'ဘုံသို့ ချိုးဖြတ်တက်ရောက်သွားပါက ဖန်ရှောင်ယွင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး ..
"ပေတိုယန်... ခဏနေရင် မင်း သူတို့ကို ခေါ်ပြီး ထွက်သွားလိုက်တော့။ ငါ ဒီလူ့ကို တားထားလိုက်မယ်"
ဖန်ရှောင်ယွင်နှင့် အိုးယန်တို့က သူတို့ကို အပြတ်ရှင်းပစ်မည်ကို ဖုန်းဝူချန် စိုးရိမ်နေခြင်း ဖြစ်ပြီး၊ သူက တစ်ကိုယ်တည်း ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အစ်ကိုဖုန်း... ရှင်ကရော..."
မြောင်ချင်းချင်းက ဖုန်းဝူချန် ဘာလုပ်မည်ကို ချက်ချင်း ရိပ်မိသွားပြီး သူမ၏ လှပသော မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းတက်လာသည်။
"နန်းကုန်းကျန့်... မင်း သူတို့ကို ခေါ်ပြီး ထွက်သွားလိုက်။ ငါလည်း ဒီမှာ နေခဲ့မယ်"
ပေတိုယန်က ပြတ်သားစွာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို လှမ်းကြည့်ကာ ဆက်ပြော၏။
"ဆေးဧကရာဇ်သာ သေသွားရင်... ငါလည်း အသက်ဆက်ရှင်နေချင်စိတ် မရှိတော့ဘူး"
မြောင်ချင်းချင်းကလည်း ဝမ်းနည်းပက်လက်ဖြင့်..
"အစ်ကိုဖုန်း... သွားမယ်ဆိုရင် အတူတူသွားမယ်။ အစ်ကိုလျိုလည်း မရှိတော့ဘူး... ကျွန်မ အစ်ကို့ကိုပါ ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူး"
သူမအနေဖြင့် တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေရမည့်အစား အတူတူ သေဆုံးသွားရခြင်းကိုသာ ပိုလိုလားနေပုံ ရသည်။
"ဖန်ရှောင်ယွင်လည်း ဒဏ်ရာအပြင်းအထန် ရထားတာပဲ... ငါတို့ ထွက်သွားချင်ရင် သူတို့ တားနိုင်မှာ မဟုတ်ပါဘူး"
နန်းကုန်းကျန့်က ဝင်ပြောလိုက်သည်။
ပေတိုယန်က မျက်နှာထား တင်းမာစွာဖြင့် ခေါင်းခါလိုက်သည်။
"'ကောင်းကင်ဘုံလူသား' တတိယအလွှာကို လျှော့မတွက်နဲ့။ အဲ့ဒီလူရဲ့ အစွမ်းက သေချာပေါက် မသေးလှဘူး။ သူသာ ငါတို့ကို သတ်ချင်ရင်... ငါတို့အားလုံး အကောင်းအတိုင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"မင်းတို့ အရင်ဆုတ်ခွာပြီး အခြေအနေကြည့် လုပ်ကြတာပေါ့"
ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်ရင်း 'ရွုန်ရှဲ့တာဟွမ်ဆေးလုံး' နှင့် 'နတ်ဘုရားခုနစ်ပါး ဘဝသုံးပါးဆေးလုံး' တို့ကို ထုတ်ယူကာ ချက်ချင်း မျိုချလိုက်၏။
'ရွုန်ရှဲ့တာဟွမ်ဆေးလုံး' သည် ဒဏ်ရာကို ကုသပေးနိုင်ပြီး 'နတ်ဘုရားခုနစ်ပါး ဘဝသုံးပါးဆေးလုံး' က 'အစစ်အမှန်ယွမ်' စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည် မဟုတ်ပါလား။
'ကြည့်ရတာ... ငါ့သွေးမျိုးဆက်ထဲက အဲ့ဒီစွမ်းအားကို ထုတ်သုံးဖို့ ကြိုးစားကြည့်မှ ရတော့မယ် ထင်တယ်'
ဖုန်းဝူချန်က စိတ်ထဲတွင် တေးမှတ်လိုက်သည်။ ဖန်ရှောင်ယွင် ဒဏ်ရာပြင်းထန်နေခြင်းကို သူ ဂရုမစိုက်ပေ။ ဖုန်းဝူချန် စိတ်ပူနေသည်က အိုးယန် ဖြစ်သည်။
အိုးယန်သည် 'ကောင်းကင်ဘုံလူသား' တတိယအလွှာ အဆင့်ရှိသည့် စစ်မှန်သော ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်သည်။
ဖုန်းဝူချန်က လေတစ်ချက်ကို ဝဝလင်လင် ရှူသွင်းလိုက်သည်။ ဆေးလုံးများ၏ အစွမ်းထက်သော အာနိသင်များ စီးဆင်းသွားပြီး သူ၏ ဒဏ်ရာများနှင့် ကုန်ဆုံးသွားသော စွမ်းအားများကို လျင်မြန်စွာ ကုစားပေးနေ၏။
"ဒီကောင့်ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ရင်... ငါတို့မှာ အခွင့်အရေး ရှိနိုင်တယ်"
ဖုန်းဝူချန်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားသည်။
"ဂိုဏ်းချုပ်လေး... ကျွန်တော် ဝင်ပါပြီး သူတို့ကို သတ်ပစ်လိုက်ရမလား"
အိုးယန်က မေးလိုက်သည်။ သူ၏ ရက်စက်ပြီး လူသတ်ချင်နေသော အကြည့်များက ဖုန်းဝူချန်နှင့် သူ့အဖွဲ့သားများအပေါ် ဖြတ်သန်းသွား၏။
ဖုန်းဝူချန် ရှိနေခြင်းသည် အိုးယန်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီး၊ ဖုန်းဝူချန်ကို အခုချက်ချင်း သုတ်သင်ပစ်ချင်နေသည်။ ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး၊ ဤအခွင့်အရေးသာ လွတ်သွားပါက နောင်တွင် ဤမျှ ကောင်းသော အခွင့်အရေးမျိုး ရလာနိုင်မည် မဟုတ်ပေ။
အိုးယန်၏ စကားကို ကြားသောအခါ ဖုန်းဝူချန်က အေးစက်စက် ပြန်ပြောလိုက်သည်။
"ငါတို့ကို သတ်ချင်တာလား... စမ်းကြည့်လေ"
"ဖုန်းဝူချန်... မင်းက ဒဏ်ရာအပြင်းအထန် ရထားတာပါ။ ဆေးလုံးတွေ စားထားရင်တောင် မင်းကို သတ်ရတာက ငါ့အတွက် လက်ဖဝါး တစ်ဖက် လှန်လိုက်သလိုပဲ လွယ်ကူလွန်းတယ်"
အိုးယန်က မထီမဲ့မြင် ပြောလိုက်ရင်း မျက်လုံးများကို မှေးစင်းလိုက်ရာ အေးစက်သော အလင်းတန်းများ ဖြာထွက်လာသည်။
"အော်... ဟုတ်လား"
ဖုန်းဝူချန်က တည်ငြိမ်စွာဖြင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ သူ၏ ပုံစံမှာ ဟန်ဆောင်နေသည်နှင့် တူသော်လည်း အန္တရာယ်ရှိသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြန်သည်။
ဖုန်းဝူချန်က သူ၏ လျှို့ဝှက်စွမ်းအားကို ထုတ်သုံးရန် ပြင်ဆင်လိုက်ချိန်တွင်ပင်... ဖန်ရှောင်ယွင်က ရုတ်တရက် ဝင်ပြောလိုက်၏။
"အခု အချိန်မကျသေးဘူး"
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်မှာ အံ့အားသင့်သွားပြီး ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
ဖန်ရှောင်ယွင်က အချိန်မကျသေးဘူးလို့ ပြောလိုက်တာလား။ ဒီလို အခွင့်ကောင်းအချိန်မှာ လက်မပါတာက ကျားကို တောပြန်လွှတ်ပေးလိုက်တာနဲ့ မတူဘူးလား။
ပေတိုယန်နှင့် နန်းကုန်းကျန့်တို့လည်း ကြောင်အသွားကြသည်။ အရူးမဟုတ်လျှင် ဖုန်းဝူချန်ကို သတ်ဖြတ်ရန် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
"ဒီကောင် နောက်ပြောင်နေတာလား"
ချီဟွမ်က မျက်မှောင်ကြီးကျုံ့ကာ ပြောလိုက်သည်။ ဖန်ရှောင်ယွင်၏ စကားကို သူ လုံးဝ မယုံကြည်ပေ။
"သူ့စကားကို ယုံလို့ မရဘူး"
လိန်မူချန်ကလည်း ရန်သူ၏ စကားကို လွယ်လွယ်နှင့် မယုံရဲပေ။
ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်ပြီး မေးလိုက်သည်။
"ဖန်ရှောင်ယွင်... မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ ယုံမယ်လို့ ထင်နေတာလား"
ဖန်ရှောင်ယွင်က ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး ပခုံးတွန့်ပြရင်း အေးစက်စွာ ပြောလိုက်၏။
"နောက်ထပ် ကိုးရက်နေရင် ငါတို့ ချိန်းထားတဲ့ တိုက်ပွဲရက် ရောက်လာလိမ့်မယ်။ အဲ့ဒီကျမှ 'ကောင်းကင်ဘုံ နယ်မြေ' က လူအများကြီးရဲ့ ရှေ့မှောက်မှာ မင်းကို ငါ သတ်ပြမယ်။ ဖုန်းဝူချန်ရဲ့ စိန်ခေါ်မှုကို လက်ခံထားပြီးမှတော့... သေချာပေါက် ငါ မင်းကို အခု မသတ်ဘူးပေါ့ကွ။ မဟုတ်ရင် ကောင်းကင်ဘုံ နယ်မြေက လူတွေက ငါ ဖုန်းဝူချန်ကို ကြောက်တယ်လို့ ထင်သွားကြလိမ့်မယ်"
"မင်း တော်တော် ယုံကြည်မှု ရှိနေပါလား"
ပေတိုယန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ဖုန်းဝူချန်ကို တစ်ခါ အနိုင်ယူနိုင်ရင်... ဒုတိယအကြိမ်လည်း ငါ နိုင်မှာပဲ"
ဖန်ရှောင်ယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထို့နောက် ဖုန်းဝူချန်ဘက်သို့ လှည့်ကာ မဲ့ပြုံးတစ်ချက် ပြုံးရင်း ဆက်ပြော၏။
"စိတ်မပူပါနဲ့... ငါ မင်းတို့ကို အခု မသတ်ပါဘူး။ မင်းတို့အတွက် လက်ဆောင်ကြီးတစ်ခု ငါ ပြင်ဆင်ထားတယ်။ ဒီနေ့ ငါလာခဲ့တာက မင်းတို့ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပဲ။ မဟုတ်ရင် မင်းတို့အားလုံးကို ငါ သတ်လိုက်လို့ ရတယ်... ဘယ်သူမှ လွတ်သွားမှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ဖန်ရှောင်ယွင် ဘာကို ဆိုလိုချင်မှန်း မသိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဖုန်းဝူချန်... လျိုချင်းယန်ကို မင်း မှတ်မိသေးတယ် မဟုတ်လား။ သူ့ကို မင်း ရှာမတွေ့သေးဘူးလား"
ဖန်ရှောင်ယွင်က လှောင်ပြောင်သရော်လိုသော အပြုံးဖြင့် မေးလိုက်၏။ သူ၏ မျက်နှာတွင် အောင်နိုင်သူတစ်ယောက်၏ အမူအရာများ အထင်းသား ပေါ်လွင်နေသည်။
"ချင်းယန်.."
ဖုန်းဝူချန်၏ မျက်နှာ ရုတ်ချည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"အစ်ကိုလျို.."
မြောင်ချင်းချင်းမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
နန်းကုန်းကျန့်၏ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
"ချင်းယန်ကို မင်း ဖမ်းထားတာလား... ပြောစမ်း"
"ဟွန့်... သိချင်ရင် နောက်ငါးရက်နေရင် အလယ်ပိုင်းဒေသက 'ကျောက်စိမ်းမြို့' ကို လာခဲ့ကြ..."
ဖန်ရှောင်ယွင်က လှောင်ပြောင်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီးနောက်... သူနှင့် အိုးယန်တို့သည် ကောင်းကင်ယံထက်သို့ ပျံသန်းထွက်ခွာသွားကြလေတော့သည်။
အခန်း (၄၃၇) - 'ထျန်းယွဲ့' ဂိုဏ်း၏ ထိတ်လန့်တုန်လှုပ်မှု
~"ခွေးကောင်.. မင်း ထွက်ပြေးလို့ လွတ်မယ်ထင်နေလား"
နန်းကုန်းကျန့်မှာ ဒေါသထွက်လွန်း၍ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက မိုးကောင်းကင်သို့တိုင် ထိုးတက်နေပြီး ဖန်ရှောင်ယွင်ကို အော်ဟစ်လိုက်၏။
"မင်းက ငါတို့ကို တားနိုင်လို့လား"
အိုးယန်က မထီမဲ့မြင် ပြန်လည်လှောင်ပြောင်လိုက်ပြီး သူ၏ ရက်စက်သော အကြည့်များဖြင့် နန်းကုန်းကျန့်ကို တစ်ချက်လှမ်းကြည့်ကာ ထွက်ခွာသွား၏။
"နန်းကုန်းကျန့်... မလိုက်နဲ့တော့.."
ဖုန်းဝူချန်က နန်းကုန်းကျန့်ကို အလျင်အမြန် တားဆီးလိုက်သည်။
"ဆေးဧကရာဇ်.. ကျွန်တော်တို့ ကောင်းကင်မြစ်တစ်ခုလုံးကို ရှာနေတာ ဒီလောက်ကြာပြီ။ အခုထိ သူ့အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ ချင်းယန်ကို အဲ့ဒီခွေးကောင် ဖမ်းသွားတာ သေချာတယ်ဗျ.."
နန်းကုန်းကျန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
လျိုချင်းယန် သေဆုံးသွားရခြင်းအတွက် နန်းကုန်းကျန့်မှာ ကြီးမားသော အပြစ်ရှိစိတ်ကို ခံစားနေရပြီး၊ ကိုယ့်ကိုယ်ကို အမြဲတစေ အပြစ်တင်နေမိသည်။
"စိတ်အရင်လျှော့ပါဦးကွာ။ ဒါက ထောင်ချောက် ဖြစ်နိုင်တယ်။ ငါတို့ ဒီလောက်အကြာကြီး ရှာနေတာတောင် ချင်းယန်ကို မတွေ့သေးဘူး။ ဖန်ရှောင်ယွင်က သူ့ကို တွေ့ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး"
ချီဟွမ်က နန်းကုန်းကျန့်၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ပေတိုယန်၏ မျက်နှာထားမှာ လေးနက်နေပြီး ခေါင်းကို ခါယမ်းလိုက်သည်။
"ထောင်ချောက်တော့ မဖြစ်နိုင်ဘူး။ ဖန်ရှောင်ယွင်က ဒီနေ့ ငါတို့ကိုတောင် မသတ်ခဲ့ဘူးလေ။ ငါတို့အတွက် သက်သက်မဲ့ ထောင်ချောက်ဆင်နေစရာ အကြောင်းမရှိဘူး။ အဲ့ဒါက ပိုတောင် အလုပ်ရှုပ်မနေဘူးလား။ ဖန်ရှောင်ယွင်က အဲ့လောက်ထိတော့ မအဘူး ထင်ပါတယ်"
"ပေတိုယန်ပြောတာ မှန်တယ်။ သူက ရုတ်တရက်ကြီး ချင်းယန်အကြောင်းကို ထည့်ပြောသွားတာ။ သူ့ရည်ရွယ်ချက်ကို မသိရသေးပေမဲ့... ချင်းချင်းတောင် ချင်းယန်ရဲ့ အငွေ့အသက်ကို မခံစားမိဘူးဆိုတော့... ငါတို့ရှာနေတာ ဒီလောက်ကြာပြီ... ချင်းယန်က..."
ဖုန်းဝူချန်က လေးလေးနက်နက် ပြောနေရင်း... နာကျင်စရာကောင်းသော အပိုင်းသို့ ရောက်သောအခါ ဝမ်းနည်းရိပ်သမ်းနေသော မျက်လုံးများဖြင့် စကားကို ရပ်လိုက်သည်။
ဖုန်းဝူချန်ကိုယ်တိုင်လည်း လျိုချင်းယန်တစ်ယောက် ဖန်ရှောင်ယွင်လက်ထဲတွင် အသက်ရှင်နေနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ထိုအချိန်တွင် မြောင်ချင်းချင်း၏ မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီး၊ ပြန်လည်ပွင့်ဟလာသော ဒဏ်ရာဟောင်းကြောင့် သည်းမခံနိုင်လောက်အောင် နာကျင်ခံစားနေရရှာသည်။
"ဖန်ရှောင်ယွင်က ဘာလုပ်ချင်နေတာလဲ။ ဘာဖြစ်လို့ ငါတို့ကို အလယ်ပိုင်းဒေသက 'ကျောက်စိမ်းမြို့' ကို သွားခိုင်းရတာလဲ"
ပေတိုထျန်းယဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။ ဖန်ရှောင်ယွင်၏ လုပ်ရပ်နောက်ကွယ်က ရည်ရွယ်ချက်ကို သူလည်း စဉ်းစား၍မရပေ။
"အစ်ကိုဖုန်း... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ကျောက်စိမ်းမြို့ကို သွားရမယ်။ အစ်ကိုလျိုနဲ့ ပတ်သက်နေမယ်လို့ ကျွန်မ စိတ်ထဲမှာ ခံစားနေရတယ်။ သူ့အလောင်းကို ပြန်ရနိုင်ကောင်းပါရဲ့..."
မြောင်ချင်းချင်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။
ဝမ်းနည်းပက်လက် ဖြစ်နေသော မြောင်ချင်းချင်းကို ကြည့်ရင်း ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ရင်ထဲတွင်လည်း အမုန်းတရားမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
'ဖန်ရှောင်ယွင်... ငါတို့ ချိန်းထားတဲ့ နေ့ရောက်တာနဲ့... ချင်းယန်အတွက် လက်စားချေတဲ့အနေနဲ့ မင်းကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်။ ပြီးတော့ ထျန်းယွဲ့ဂိုဏ်းတစ်ခုလုံးကိုလည်း ပေးဆပ်စေရမယ်...'
ဖုန်းဝူချန်က စိတ်ထဲတွင် ကြုံးဝါးလိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။
...
အပြန်လမ်းတွင် အိုးယန်က စိုးရိမ်တကြီး တိုက်တွန်းပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်လေး... ဖုန်းဝူချန်ရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ နှစ်လအတွင်းမှာပဲ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာကနေ နဝမအလွှာအထိ ချိုးဖြတ်တက်ရောက်နိုင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ စွမ်းအားကလည်း ဒီလောက် ကြောက်စရာကောင်းနေသေးတယ်။ အခုသာ သူ့ကို မသတ်ရင်... နောင်ကျရင် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"
ထိုအခါ၊ ဖန်ရှောင်ယွင်က အေးစက်စက် ပြန်ပြောလိုက်သည်။
"ဖုန်းဝူချန်ကို သေချာပေါက် ရှင်းပစ်ရမှာပေါ့။ ထျန်းယွဲ့ဂိုဏ်းကို ခြိမ်းခြောက်လာတဲ့ ဘယ်ရန်သူမဆို သေကို သေရမယ်"
"အဲ့ဒါဆိုရင် ဂိုဏ်းချုပ်လေးက ဘာလို့ သူ့ကို မသတ်ခဲ့တာလဲ။ ဖုန်းဝူချန်သာ ကျင့်ကြံဖို့ အချိန်ပိုရသွားပြီး... 'ကောင်းကင်ဘုံလူသား'ဘုံကို ရောက်သွားခဲ့ရင်... ဂိုဏ်းချုပ်လေးတောင်..."
အိုးယန်က စကားပြောရင်း ပို၍ စိတ်လှုပ်ရှားလာကာ စိုးရိမ်ပူပန်လာ၏။
ဖန်ရှောင်ယွင်က အိုးယန်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး ငေါက်ငမ်းလိုက်သည်။
"ဘာတွေ လန့်နေတာလဲ။ နောက်ထပ် ကိုးရက်တောင် လိုသေးတယ်။ ဖုန်းဝူချန်က 'ကောင်းကင်ဘုံလူသား'ဘုံကို ရောက်ချင်မှ ရောက်မှာ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒုတိယအလွှာကို ရောက်နေလောက်ပြီ။ အဲ့ဒီအချိန်ကျရင် သူ့ကို သတ်ရတာ လက်ဖဝါး တစ်ဖက် လှန်လိုက်သလိုပဲ လွယ်မှာပဲဟာ"
"ဂိုဏ်းချုပ်လေးက ဖုန်းဝူချန်တို့ကို ကျောက်စိမ်းမြို့ကို လွှတ်လိုက်တာက... ဖုန်းဝူချန်ရဲ့ မျက်စိရှေ့မှာတင် လျိုချင်းယန်ကို သတ်ပြချင်လို့လား"
အိုးယန်က ခန့်မှန်းကြည့်လိုက်သည်။
"ငတုံး.."
ဖန်ရှောင်ယွင်က ဆဲရေးလိုက်ပြီးနောက်... အိုးယန် ဘာဆက်လုပ်ရမည်ကို ညွှန်ကြားလိုက်၏။
"ဂိုဏ်းချုပ်လေးက တကယ် ဉာဏ်ကြီးတာပဲ"
အိုးယန်က ပြုံးစိစိဖြင့် မြှောက်ပင့် ပြောလိုက်သည်။
ဖန်ရှောင်ယွင်နှင့် အိုးယန်တို့ ထျန်းယွဲ့ဂိုဏ်းသို့ ပြန်ရောက်လာပြီး ဖန်ရှောင်ယွင် ဒဏ်ရာအပြင်းအထန် ရလာသည်ကို တွေ့သောအခါ၊ လျိုချင်းယန် (ယခု ထျန်းယီ) က ချက်ချင်း ပြေးလာ၏။
"အစ်ကိုဖန်... ဘယ်သူက အစ်ကို့ကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ"
လျိုချင်းယန်က မေးလိုက်သည်။
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက ခန်းမဆောင်ထဲတွင် မျက်မှောင်ကြုတ်လျက် "မင်းကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတော့... ဒီလူရဲ့ စွမ်းအားက မသေးလှဘူးပဲ"
ဟု ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကြီး... ဖုန်းဝူချန် လက်ချက်ပါ"
အိုးယန်က ရိုသေစွာ ပြောလိုက်သည်။
"ဟေ... ဖုန်းဝူချန် ဟုတ်လား"
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးမှာ ရုတ်တရက် အံ့အားသင့်သွားပြီး၊ အကြီးအကဲများနှင့် ခန်းမဆောင်ထဲရှိ အဆင့်မြင့် ပုဂ္ဂိုလ်များလည်း အလွန်အမင်း တုန်လှုပ်သွားကြသည်။
"ဖုန်းဝူချန်.."
လျိုချင်းယန်မှာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ထိုနာမည်က သူ့အတွက် အလွန် စိမ်းသက်နေပြီး တစ်ခါမှ မကြားဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"အစ်ကိုဖန်... ဖုန်းဝူချန်ဆိုတာ ဘယ်သူလဲ"
"ရန်သူပဲ"
ဖန်ရှောင်ယွင်က ပြောလိုက်သည်။
"မင်းကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့တာလည်း... အဲ့ဒီကောင် ဖြစ်ဖို့များတယ်။ ဒီလူက ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးတဲ့လူပဲ။ လူသတ်ရင် မျက်တောင်တောင် မခတ်ဘူး။ ငါတို့ ထျန်းယွဲ့ဂိုဏ်း လက်အောက်ခံ အင်အားစု (၈) ခုလုံး သူ့လက်ချက်နဲ့ ပျက်စီးသွားရပြီ"
"ဒီလောကကြီးထဲမှာ အဲ့ဒီလို တိရစ္ဆာန်မျိုး ရှိသေးတာလား။ အခွင့်အရေးရရင် သူ့ကို သေချာပေါက် ရှင်းပစ်ရမယ်"
လျိုချင်းယန်က အံကိုကြိတ်လျက် ဒေါသတကြီး ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော လူသတ်လိုစိတ်များ ဖြတ်သန်းသွား၏။
"ဖုန်းဝူချန်က ဂိုဏ်းချုပ်လေးကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား။ မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်တာ"
အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အကြီးအကဲ 'ရန်' ကလည်း ခေါင်းကို ခါယမ်းလိုက်ပြီး ၊
"ဖုန်းဝူချန်က ပါရမီရှင်တစ်ယောက် ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆေးပညာရှင်တစ်ယောက်က ဒီလောက် အံ့မခန်း ကျင့်ကြံမှု အရှိန်အဟုန်မျိုး ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ နှစ်လအတွင်း လေးဆင့် တက်သွားတယ်ဆိုတာ... လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
"အိုးယန်... ဘာဖြစ်ခဲ့တာလဲ မှန်မှန် ပြောစမ်း"
ဟု ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက မေးလိုက်တော့သည်။
အိုးယန်က ရိုသေစွာ ပြန်ဖြေလိုက်၏။
"ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်လေးက ဖုန်းဝူချန်နဲ့ လက်ရည်ယှဉ်ကြည့်ရုံ သက်သက်ပါ။ ဖုန်းဝူချန် ရှုံးနိမ့်သွားပြီး ဂိုဏ်းချုပ်လေးကလည်း ဒဏ်ရာပြင်းထန်သွားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့... ဖုန်းဝူချန်က အရမ်း ကြောက်စရာကောင်းပါတယ်။ သူက 'ထျန်းယွမ်ဘုံ' နဝမအလွှာ အဆင့်ကို ရောက်နေပါပြီ"
"ထျန်းယွမ်ဘုံ နဝမအလွှာ.."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲများမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားကြသည်။
အကြီးအကဲများ မယုံကြည်သည်မှာ ထားပါတော့၊ ယခုတစ်ကြိမ်တွင် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေ၏။
'ထျန်းယွမ်ဘုံ' နဝမအလွှာက ဖန်ရှောင်ယွင်ကို ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား။
ဖန်ရှောင်ယွင်ဆိုသည်မှာ မူလ စွမ်းအား ပါရှိသော ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ သူ၏ အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းမှာ 'ကောင်းကင်ဘုံလူသား' တတိယအလွှာနှင့် ညီမျှကြောင်း သိထားရမည်။ 'ယီထျန်းချင်း' တောင်မှ ဖန်ရှောင်ယွင်ကို မယှဉ်နိုင်ခဲ့လျှင်... 'ကောင်းကင်ဘုံလူသား'ဘုံသို့ မရောက်သေးသော ဖုန်းဝူချန်က ပို၍ပင် မဖြစ်နိုင်သေးပေ။
"ဂိုဏ်းချုပ်ကြီး... ဒါ အမှန်ပါပဲ။ ကျွန်တော်တို့ ဖုန်းဝူချန်ကို သတ်လို့ရပေမဲ့... ဂိုဏ်းချုပ်လေးက ဖုန်းဝူချန်နဲ့ တိုက်ပွဲ ချိန်းထားတာ ရှိနေလို့... ဂိုဏ်းချုပ်လေးက လက်မစခဲ့တာပါ"
အိုးယန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
"အစ်ကိုဖန်... အဲ့ဒီလို လူသတ်ကောင်မျိုးကို ချက်ချင်း သတ်ပစ်လိုက်သင့်တာ"
လျိုချင်းယန်က ဖန်ရှောင်ယွင် သဘောထားကြီးလွန်းသည်ဟု ထင်မှတ်ကာ ပြောလိုက်သည်။
"'ထျန်းယွမ်ဘုံ' နဝမအလွှာရဲ့ ကျင့်ကြံမှုက တကယ်ပဲ အဲ့လောက် စွမ်းအားကြီးတာလား"
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက နက်နက်ရှိုင်းရှိုင်း တွေးတောလျက် မေးလိုက်သည်။ သူ စိတ်ကူး၍ပင် မရနိုင်အောင် ဖြစ်နေသည်။
အကြီးအကဲ 'ရန်' ၏ မျက်နှာအိုကြီးမှာ မည်းမှောင်သွားပြီး ပြော၏။
"ဒီကလေးကို ဆက်ပြီး ကြီးထွားခွင့် ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် သူက အဆုံးမဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"
"ကိုးရက် လိုသေးတာပဲ... ကျွန်တော် 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာကို ရောက်ဖို့ လုံလောက်ပါတယ်။ အဲ့ဒီကျရင် ဖုန်းဝူချန်ကို သတ်ရတာ လက်ဖဝါး တစ်ဖက် လှန်လိုက်သလို လွယ်ကူသွားမှာပါ"
ဖန်ရှောင်ယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ဖန်ရှောင်ယွင်အနေဖြင့် ဖုန်းဝူချန်တစ်ယောက် ကိုးရက်အတွင်း 'ကောင်းကင်ဘုံလူသား'ဘုံကို ချိုးဖြတ်တက်ရောက်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။
"ချင်းယန်... မင်း အစ်ကိုကို ပြန်ခေါ်သွားပြီး ဒဏ်ရာကို သေချာ ကုပေးလိုက်ပါဦး"
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
လျိုချင်းယန်က ခေါင်းညိတ်လိုက်ပြီး ဖန်ရှောင်ယွင်ကို တွဲကာ ခန်းမဆောင်ထဲမှ ထွက်ခွာသွား၏။
ဖန်ရှောင်ယွင်နှင့် လျိုချင်းယန်တို့ ထွက်သွားပြီးနောက်... ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဖုန်းဝူချန်က တကယ်ပဲ အဲ့လောက် စွမ်းအားကြီးတာလား"
"ဂိုဏ်းချုပ်ကြီး... ကျွန်တော်လည်း ယုံရခက်ပေမဲ့... ဒါ အမှန်တရားပါပဲ။ သူသုံးလိုက်တဲ့ ဓားသိုင်းကွက်က အလွန်အမင်း ကြောက်စရာကောင်းပါတယ်။ ဂိုဏ်းချုပ်လေးက သူ့ရဲ့ ဓားသိုင်းကွက်ကြောင့် ဒဏ်ရာရသွားတာပါ။ ဒါပေမဲ့ ဂိုဏ်းချုပ်လေးမှာ တခြား အစီအစဉ်တွေ ရှိပါသေးတယ်။ ဂိုဏ်းချုပ်ကြီး စိတ်ချပါ"
ဟု အိုးယန်က ရိုသေစွာ ပြန်ဖြေလိုက်၏။
"တခြား အစီအစဉ်တွေ.."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ထပ်မမေးတော့ပေ။
နန်းတော်ဆောင်သို့ ပြန်ရောက်သောအခါ... လျိုချင်းယန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အစ်ကိုဖန်... ဒီ ဖုန်းဝူချန်ဆိုတာ ဘယ်ကလဲ။ 'ထျန်းယွမ်ဘုံ' နဝမအလွှာ ရှိတဲ့သူက အစ်ကိုကို ဘယ်လိုလုပ် ဒီလောက်ထိ ဒဏ်ရာရအောင် လုပ်နိုင်တာလဲ။ သူက တကယ်ပဲ အဲ့လောက် သန်မာတာလား"
သူ့မေးခွန်းအား ဖန်ရှောင်ယွင်က အနည်းငယ် ပြုံးလိုက်ပြီး ၊
"ဖုန်းဝူချန်က တကယ်ပဲ သန်မာပါတယ်။ မင်း ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။ သူ့ရဲ့ ဇာစ်မြစ်ကိုတော့... ငါတို့ စုံစမ်းလို့ မရသေးဘူး"
လျိုချင်းယန်က ပြုံးလျက်၊
"အစ်ကိုဖန်... ကောင်းကောင်း အနားယူပြီး ကုသလိုက်ပါဦး။ ပြီးတော့ 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာကို အမြန်ဆုံး ရောက်အောင် ကြိုးစားနော်။ ကျွန်တော်လည်း ပြန်ပြီး ကျင့်ကြံလိုက်ဦးမယ်"
ထိုသို့ ပြောလိုက်ပြီး သူက ခန်းမဆောင်ထဲမှ ထွက်ခွာသွားတော့၏။
လျိုချင်းယန် ထွက်သွားပြီးနောက်... ဖန်ရှောင်ယွင်၏ မျက်နှာပေါ်တွင် ရက်စက်ယုတ်မာသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ဖုန်းဝူချန်... ရင်ကွဲပက်လက် ဖြစ်ရတဲ့ ခံစားချက်ကို မင်း မကြာခင် ခံစားရတော့မှာပါ…”
အခန်း (၄၃၈) - သွေးစွန်းသော လူသတ်ပွဲ
~အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး... နှစ်ရက် ကြာမြင့်ပြီးနောက်...
ဖုန်းဝူချန်၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
ဖန်ရှောင်ယွင်နှင့် တိုက်ပွဲအပြီးတွင် ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့သော်လည်း၊ 'ကောင်းကင်ဘုံလူသား'ဘုံကို
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများ ရှိနေလျှင်ပင်၊ ဖုန်းဝူချန်အနေဖြင့် မည်သည့်အချိန်မဆို အဆင့်တက်နိုင်သည်ဟု အာမခံချက် မပေးရဲပေ။
"ဝှစ်..."
နန်းကုန်းကျန့် ပျံသန်းရောက်ရှိလာပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
"ဆေးဧကရာဇ်... အလယ်ပိုင်းဒေသက 'ကျောက်စိမ်းမြို့' ရဲ့ တည်နေရာကို ကျွန်တော် စုံစမ်းပြီးပါပြီ။ ကောင်းကင်မြစ်နဲ့ နီးတဲ့နေရာမှာ ရှိပါတယ်။ ကျောက်စိမ်းမြို့နဲ့ မလှမ်းမကမ်းမှာ 'တိမ်ပြာနန်းတော်' လည်း ရှိပါတယ်"
နန်းကုန်းကျန့်က ရိုသေစွာ သတင်းပို့လိုက်သည်။
ဖုန်းဝူချန်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်၏။
"သွားကြစို့... ဖန်ရှောင်ယွင် ဘာလုပ်ချင်နေတာလဲဆိုတာ သွားကြည့်ကြတာပေါ့"
'ဝိညာဉ်ပြတ်တောင်ကြား' တွင် နှစ်လကြာ နေထိုင်ပြီးနောက်... ဖုန်းဝူချန်နှင့် သူ့အဖွဲ့သားများ နောက်ဆုံးတွင် ထွက်ခွာခဲ့ကြပြီ ဖြစ်၏။
'ဝိညာဉ်ပြတ်တောင်ကြား' အတွင်းရှိ ကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်မှ ဧရာမမျက်လုံးကြီးများ ပေါ်ထွက်လာပြီး၊ ဖုန်းဝူချန်တို့ ထွက်ခွာသွားရာ အရပ်မျက်နှာသို့ ငေးကြည့်နေ၏။
"အဲ့ဒါ သူလား... တော်တော် တူတာပဲ။ ငါ့ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ပန်းချီကားထဲက ပုံစံနဲ့... ဒီလူငယ်လေးရဲ့ ပုံစံက တစ်ပုံစံတည်းပဲ..."
နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကြီးက တီးတိုးရေရွတ်လိုက်သည်။ သူ၏ ရှေ့တွင် ပန်းချီကားတစ်ချပ် လေပေါ်တွင် ပျံဝဲနေပြီး၊ ထိုပန်းချီကားထဲရှိ လူပုံစံမှာ ဖုန်းဝူချန်နှင့် ချွတ်စွပ်တူနေ၏။
နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကြီးက ဖုန်းဝူချန်ကို ကူညီခဲ့သည်မှာ... ဖုန်းဝူချန်သည် ပန်းချီကားထဲမှ လူနှင့် တူနေသောကြောင့် ဖြစ်ပေလိမ့်မည်။
...
မျက်တောင်တစ်ခတ်အတွင်း... နောက်ထပ် သုံးရက် ကုန်လွန်သွားခဲ့ပြန်သည်။
'တိမ်ပြာနန်းတော်' သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်ဦး ရှိနေ၏။ ထိုသူမှာ 'ကောင်းကင်ဘုံလူသား' တတိယအလွှာ အဆင့်ရှိသည့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။
ထိုဧည့်သည်သည် တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း အနက်ရောင် မျက်နှာဖုံးကို တပ်ဆင်ထားရာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။
သို့သော် သူသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသည်မှာ သေချာသည်။ သို့မဟုတ်ပါက ညအမှောင်တွင် ဝတ်ဆင်လေ့ရှိသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လာစရာ အကြောင်းမရှိပေ။
'ကောင်းကင်ဘုံလူသား' တတိယအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် 'တိမ်ပြာနန်းတော်' မှ တပည့်များမှာ ကြောက်လန့်တကြား ဖြစ်နေကြသည်။
"မင်း ဘယ်သူလဲ... ဘာကိစ္စနဲ့ ငါတို့ ဂိုဏ်းသားတွေကို သတ်နေရတာလဲ"
'တိမ်ပြာနန်းတော်' ဂိုဏ်းချုပ်ကြီးက လေးနက်စွာ မေးမြန်းလိုက်သည်။
"တိမ်ပြာနန်းတော်က လူတိုင်း သေရမယ်.."
လျှို့ဝှက်လူက အေးစက်စက် ကြေညာလိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်ကာ သတ်ဖြတ်ခြင်း စတင်လေတော့သည်။
လျှို့ဝှက်လူ၏ စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် 'တိမ်ပြာနန်းတော်' မှ မည်သူကမျှ သူ့ကို ယှဉ်နိုင်စွမ်း မရှိကြပေ။ တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြရပြီး၊ အကြီးတန်း ခေါင်းဆောင်များနှင့် အကြီးအကဲများပင် သေဘေးမှ မလွတ်မြောက်နိုင်ကြရှာပေ။
ဂိုဏ်းချုပ်ကြီးမှာ လက်ဝါးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့ရပြီး၊ လီယွင်ရှန်းမှာလည်း ဒဏ်ရာအပြင်းအထန် ရသွား၏။
ငါးမိနစ်ခန့် မကြာမီတွင်ပင်... 'တိမ်ပြာနန်းတော်' တစ်ခုလုံး သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး နေရာတိုင်းတွင် အလောင်းများ ပြန့်ကျဲနေလေတော့သည်။
လီယွင်ရှန်းက ဒေါသတကြီးနှင့် နာကျည်းစွာ ပြောလိုက်သည်။
"မင်း... မင်းဘဲကိုး.."
"မင်းက သိတာများလွန်းနေပြီ.."
လျှို့ဝှက်လူက အေးစက်စက် ပြန်ပြောလိုက်ပြီး မည်သည့် သနားညှာတာမှုမျှ မရှိဘဲ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
လီယွင်ရှန်းမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားရှာသည်။
'တိမ်ပြာနန်းတော်' ပျက်စီးသွားပြီ ဖြစ်၏။
...
"ညီမလေး ဇီချင်း.."
ဆင်းရဲနွမ်းပါးလှသော ကျောက်စိမ်းမြို့လေးတွင် ရွှေရှန်းက ဦးလေးချင်း၏ အိမ်သို့ ရောက်ရှိလာ၏။
"အော်... ရွှေရှန်းပါလား။ မင်းတို့ ပြောထားကြတာ မဟုတ်ဘူးလား။ တောင်နောက်ဘက်မှာ သွားပြီး ကျင့်ကြံမယ်ဆို။ ဇီချင်းတောင် အဲ့ဒီကို ရောက်နေလောက်ပြီ။ သူက ဆေးမြစ်တွေ သွားခူးမယ် ပြောတယ်"
ဦးလေးချင်းက ရိုးသားဖြူစင်စွာ ပြုံးပြရင်း ပြောလိုက်သည်။
"ဘာ... ဇီချင်းက တောင်နောက်ဘက်ကို ရောက်နေပြီ ဟုတ်လား။ ကျွန်တော့်ကို စောင့်နေဖို့ ပြောထားသားပဲ။ တကယ်ပါပဲဗျာ..."
ရွှေရှန်းက ညည်းတွားလိုက်ပြီး တောင်နောက်ဘက်သို့ ပြေးထွက်သွား၏။
"ရွှစ်..."
ကျောက်စိမ်းမြို့ အဝင်ဝတွင် အနက်ရောင် ဝတ်စုံဝတ်ထားပြီး မျက်နှာဖုံး တပ်ဆင်ထားသော လူတစ်ယောက် ပေါ်လာ၏။
ဤသူသည် 'တိမ်ပြာနန်းတော်' တွင် လူသတ်ပွဲ ကျင်းပခဲ့သော လျှို့ဝှက်လူပင် ဖြစ်သည်။
အနက်ရောင်ဝတ် လျှို့ဝှက်လူ ပေါ်လာခြင်းသည် ကျောက်စိမ်းမြို့သားများ၏ အာရုံကို ဖမ်းစားသွား၏။ သူတို့အားလုံး ကြောက်လန့်တကြား ပုန်းအောင်းလိုက်ကြပြီး၊ တံခါးရှိသူများက တံခါးပိတ်၊ ပြတင်းပေါက်ရှိသူများက ပြတင်းပေါက်ပိတ်ကာ ပုန်းနေကြ၏။
သတင်းကြားသောအခါ မြို့တော်ဝန်က အလျင်အမြန် ရောက်ရှိလာပြီး မေးမြန်းလိုက်သည်။
"မင်း ဘယ်သူလဲ"
"ကျောက်စိမ်းမြို့က လူတိုင်း သေရမယ်.."
လျှို့ဝှက်လူက အေးစက်စက် ကြေညာလိုက်သည်။ စကားလုံးတိုင်းတွင် ကြက်သီးထဖွယ် ကောင်းသော လူသတ်လိုစိတ်များ ပြည့်နှက်နေ၏။
"ရွှစ်..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက်... အနက်ရောင်ဝတ် လျှို့ဝှက်လူက ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ မြို့တော်ဝန်၏ လည်ပင်းကို လှီးဖြတ်လိုက်၏။ သွေးများ ဒလဟော ပန်းထွက်လာပြီး မြို့တော်ဝန်မှာ ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားလေတော့သည်။
"မြို့တော်ဝန်.."
"မြို့တော်ဝန်ကို သတ်လိုက်ပြီ.."
"လူသတ်သမား... လူသတ်သမား.."
"ကယ်ကြပါဦး... မြို့တော်ဝန် အသတ်ခံလိုက်ရပြီ.."
လူများစွာက ကြောက်လန့်တကြား အော်ဟစ်ကြပြီး၊ အိမ်ထဲတွင် ပုန်းနေသော မြို့သူမြို့သားများမှာလည်း ကြောက်လန့်လွန်း၍ သွေးပျက်နေကြသည်။
ဦးလေးချင်းနှင့် အခြား သက်လတ်ပိုင်း အမျိုးသားများမှာ သတင်းကြားကြားချင်း အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေ၏။
မြို့အဝင်ဝသို့ ရောက်သောအခါ... သွေးအိုင်ထဲတွင် လဲနေသော မြို့တော်ဝန်နှင့် မြို့သူမြို့သားများကို ရက်ရက်စက်စက် သတ်ဖြတ်နေသော အနက်ရောင်ဝတ် လျှို့ဝှက်လူကို တွေ့လိုက်ရသဖြင့် ဦးလေးချင်းနှင့် အခြားသူများမှာ အတိုင်းအဆမရှိ ထိတ်လန့်သွားကြသည်။
"မလုပ်ပါနဲ့... ကျွန်မ သားလေးကို မသတ်ပါနဲ့..."
သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူမ၏ ကလေးကို ပွေ့ဖက်ထားရင်း ကြောက်လန့်တကြား ငိုကြွေးအော်ဟစ်နေရှာသည်။
"မေမေ... သား ကြောက်တယ်..."
ကလေးငယ်ကလည်း ကြောက်လန့်တကြား ငိုကြွေးနေသည်။
"ရပ်လိုက်စမ်း.."
ဟု ရွှေရှန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ပြေးဝင်လာ၏။
"ကျောက်စိမ်းမြို့က လူတိုင်း သေရမယ်.."
အနက်ရောင်ဝတ် လျှို့ဝှက်လူက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်ပြီးနောက်... ကလေးငယ်၏ မျက်စိရှေ့မှာပင် ထိုအမျိုးသမီးကို လက်ဝါး တစ်ချက်ဖြင့် ရိုက်သတ်လိုက်၏။
"မေမေ.."
မိခင်ဖြစ်သူ လဲကျသွားသည်ကို ကြည့်ရင်း ကလေးငယ်မှာ ဝမ်းနည်းကြေကွဲမှုနှင့် ထိတ်လန့်မှုတို့ ရောထွေးကာ အော်ဟစ်လိုက်သည်။
"ဝုန်း.."
အနက်ရောင်ဝတ် လျှို့ဝှက်လူက မည်သည့် သနားညှာတာမှုမျှ မရှိဘဲ... နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ကလေးငယ်၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်၏။
အနက်ရောင်ဝတ် လျှို့ဝှက်လူသည် အလွန် ရက်စက်ကြမ်းကြုတ်လွန်းပြီး အမျိုးသမီးများနှင့် ကလေးများကိုပင် ချမ်းသာမပေးပေ။
"တိရစ္ဆာန်ကောင်.."
အမျိုးသမီး သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ရွှေရှန်းမှာ ပို၍ ဒေါသထွက်လာပြီး မျက်လုံးများတွင် သွေးကြောများ ယှက်သန်းလာ၏။
ရွှေရှန်းတစ်ယောက် ဒေါသတကြီး ပြေးဝင်သွားသည်ကို မြင်လိုက်ရသော ဦးလေးချင်းမှာ မျက်နှာပျက်သွားပြီး ကြောက်လန့်တကြား အော်ဟစ်တားဆီးလိုက်သည်။
"ရွှေရှန်း.. အဲ့ဒီကို မသွားနဲ့..”
"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ.."
ဟု အနက်ရောင်ဝတ် လျှို့ဝှက်လူက လှောင်ပြောင်သရော်လိုက်သည်။
"ဝုန်း.."
"အဟွတ်.."
အဝေးမှနေ၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ... ရွှေရှန်းမှာ မမြင်ရသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး သွေးများ အန်ထွက်ကာ အမြောက်ဆံတစ်စင်းကဲ့သို့ လွင့်ထွက်သွား၏။ ကျောက်စိမ်းမြို့ လမ်းမပေါ်တွင် သွေးတန်းရှည်ကြီးတစ်ခု ကျန်ရစ်ခဲ့၏။
ရွှေရှန်းမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွား၏။
"ရွှေရှန်း.. ရွှေရှန်း.."
ဦးလေးချင်းမှာ ထိတ်လန့်တကြား ပြေးသွား၏။
"ရွှစ်..."
အနက်ရောင်ဝတ် လျှို့ဝှက်လူက ချက်ချင်း ရောက်ရှိလာပြီး ဦးလေးချင်းကို ဆွဲမလိုက်၏။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ဦးလေးချင်းကို မြှောက်ထားရင်း အေးစက်စက် ပြောလိုက်သည်။
"မဝမ်းနည်းပါနဲ့... ခဏနေရင် မင်း သူနဲ့ တွေ့ရတော့မှာပါ"
"မင်း... မင်းဘဲကိုး.. မင်းဘယ်သူလဲဆိုတာ ငါသိတယ်.."
ဦးလေးချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ အသံများမှာ တုန်ရီနေရှာသည်။
အနက်ရောင်ဝတ် လျှို့ဝှက်လူက ဦးလေးချင်းကို စကားပြောခွင့် မပေးတော့ပေ။ သူ၏ လက်ကို အနည်းငယ် ညှစ်လိုက်ရုံဖြင့် ဦးလေးချင်း၏ လည်ပင်းရိုးမှာ ကျိုးသွားပြီး ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာကာ သေဆုံးသွားလေတော့သည်။
"ဟွန့်.."
အနက်ရောင်ဝတ် လျှို့ဝှက်လူက မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်ပြီး၊ ကျန်ရှိနေသော သူများကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"ရွှစ်... ရွှစ်... ရွှစ်.."
အနက်ရောင်ဝတ် လျှို့ဝှက်လူသည် လူသတ်ပွဲကြီးကို ဆက်လက် ဆင်နွှဲလေတော့သည်။ ကျောက်စိမ်းမြို့သား မည်သူ့ကိုမျှ အလွတ်မပေးပေ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်... အားလုံးကို လူမဆန်စွာ သတ်ဖြတ်ပစ်၏။
ထိုမြင်ကွင်းမှာ ကြည့်ရက်စရာ မရှိအောင် ဆိုးရွားလွန်းပြီး ကြက်သီးထဖွယ် ကောင်းလှပေသည်။
ကျောက်စိမ်းမြို့သား အားလုံးကို သတ်ဖြတ်ပြီးနောက်... အနက်ရောင်ဝတ် လျှို့ဝှက်လူသည် သစ်သားအိမ်များကိုပါ ဖျက်ဆီးပစ်လိုက်ရာ၊ ကျောက်စိမ်းမြို့လေးမှာ မြေပြင်ညီ ဖြစ်သွားရ၏။
ကျောက်စိမ်းမြို့ နောက်ကျောဘက်ရှိ တောင်ကုန်းများပေါ်တွင် ဇီချင်းတစ်ယောက် ဆေးမြစ်အများအပြား ခူးယူပြီးပြီဖြစ်၍၊ တောင်ပေါ်ရှိ အေးမြသော နေရာ တစ်ခုတွင် ရွှေရှန်းကို ထိုင်စောင့်နေ၏။
"အစ်ကို ရွှေရှန်းက ဘာလို့ မလာသေးတာလဲ။ သူ မေ့နေတာများလား"
ဇီချင်းက ကိုယ့်ဘာသာ တီးတိုးရေရွတ်နေမိသည်။
ရွှေရှန်းတစ်ယောက် ဘယ်တော့မှ ရောက်လာတော့မည် မဟုတ်ကြောင်း ဇီချင်း မသိရှာပေ။
ဇီချင်းသည် ကျောက်စိမ်းမြို့တွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မသိဘဲ ရွှေရှန်းကို ဆက်လက် စောင့်မျှော်နေရှာသည်။
—------
ထျန်းယွဲ့ဂိုဏ်း နန်းတော်ဆောင်...
ဖန်ရှောင်ယွင် ရှိနေသော ခန်းမဆောင်ကြီးထဲသို့ အိုးယန်က အလျင်စလို ဝင်ရောက်လာသည်။ ထိုအချိန်တွင် ဖန်ရှောင်ယွင်သည် လျိုချင်းယန်နှင့် စကားလက်ဆုံကျနေပြီး၊ လျိုချင်းယန်က ပြုံးရွှင်နေလေ၏။
"ဂုဏ်ပြုပါတယ် အစ်ကိုဖန်... 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာကို ရောက်သွားပြီပေါ့။ အစ်ကိုရဲ့ ပါရမီနဲ့ဆိုရင် ကောင်းကင်ဘုံ နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်ဗျာ"
ဖန်ရှောင်ယွင်က ရယ်မောလိုက်ပြီး “ညီလေးရဲ့ ပါရမီကလည်း မဆိုးပါဘူးကွာ။ မကြာခင် ငါ့ကို ကျော်တက်သွားမှာပါ”ဟု ပြန်ပြော၏။
"ဂိုဏ်းချုပ်လေး... ကိစ္စကြီး ဖြစ်ပါပြီ.."
အလျင်စလို ပြေးလာသော အိုးယန်က ရိုသေစွာ သတင်းပို့လာသည်။
"ဘာဖြစ်တာလဲ"
ဟု ဖန်ရှောင်ယွင်က မေးလိုက်သည်။
အိုးယန်က လျိုချင်းယန်ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြော၏။
"ကျောက်စိမ်းမြို့မှာ ပြဿနာတက်နေပြီလို့ သတင်းရပါတယ်"
"ကျောက်စိမ်းမြို့.."
လျိုချင်းယန်၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ ဘာမှ ဆက်မမေးတော့ဘဲ ခန်းမဆောင်ကြီးထဲမှ ဒုံးပျံ တစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး၊ ကျောက်စိမ်းမြို့ ရှိရာ အရပ်ဆီသို့ အစွမ်းကုန် ပျံသန်းသွားလေတော့သည်။