အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း (၄၃၉) - တွေ့ဆုံခြင်း
~"ချင်းယန်.."
ဖန်ရှောင်ယွင်နှင့် အိုးယန်တို့က အလျင်အမြန်ပင် သူ့အနောက်သို့ လိုက်သွားကြ၏။
"မြို့တော်ဝန်၊ ဦးလေးချင်း၊ ဇီချင်း၊ ရွှေရှန်း... ခင်ဗျားတို့ ဘာမှ မဖြစ်ကြပါစေနဲ့ဗျာ..."
လျိုချင်းယန်သည် ဖန်ရှောင်ယွင်၏ အော်ခေါ်သံကို မကြားနိုင်လောက်အောင်ပင် အလွန်အမင်း စိတ်ပူပန်နေရှာသည်။
"ချင်းယန်... စိတ်လျှော့ပါဦးကွ.."
ဖန်ရှောင်ယွင်က ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး လျိုချင်းယန်၏ ရှေ့မှ ပိတ်ရပ်ကာ ငေါက်ငမ်းလိုက်သည်။
လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"အစ်ကိုဖန်... ကျွန်တော့်ကို မတားပါနဲ့.."
"ညီလေး ချင်းယန်... ကျောက်စိမ်းမြို့က လူတစ်ယောက်မှ အသက်မရှင်တော့ဘူး..."
ဟု အိုးယန်က ခေါင်းခါလိုက်ပြီး ဝမ်းနည်းနေသော၊ သနားနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာ... တစ်ယောက်မှ အသက်မရှင်တော့ဘူး ဟုတ်လား။ ဒါဆို ဦးလေးချင်းနဲ့ ဇီချင်းတို့က..."
လျိုချင်းယန်မှာ ရုတ်တရက် ထူပူသွားပြီး၊ ရုတ်ချည်း ဖြစ်ပျက်သွားသော အခြေအနေကို လက်မခံနိုင် ဖြစ်နေရှာသည်။
ရုတ်တရက် လျိုချင်းယန်ထံမှ ပြင်းထန်သော လူသတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြီး၊ မျက်လုံးများမှာလည်း ချက်ချင်း သွေးကြောများ ယှက်သန်းလာကာ ဒေါသတကြီး မေးမြန်းလိုက်သည်။
"အစ်ကို အိုးယန်... ဘယ်သူ့လက်ချက်လဲ။ 'တိမ်ပြာနန်းတော်' က လုပ်တာလား"
"တိမ်ပြာနန်းတော်က လုပ်တာဆိုရင် ကောင်းတာပေါ့ကွာ။ ဒါပေမဲ့ သူတို့လည်း အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတယ်။ တစ်ယောက်မှ အသက်မရှင်တော့ဘူး"
အိုးယန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"'တိမ်ပြာနန်းတော်' က လူတွေလည်း အသတ်ခံလိုက်ရတယ် ဟုတ်လား"
လျိုချင်းယန်မှာ နောက်တစ်ကြိမ် ထိတ်လန့်သွားပြီး အိုးယန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။
လျိုချင်းယန်၏ စိတ်ခံစားချက်များမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်လာပြီး ဝမ်းနည်းဒေါသထွက်စွာဖြင့် မေးမြန်းလိုက်သည်။
"အစ်ကို အိုးယန်... ဘယ်သူ လုပ်တာလဲ။ မြန်မြန်ပြောပါ.."
အိုးယန်က သက်ပြင်းချလိုက်ပြီး ပြော၏။
"ဒီမနက်ပဲ ဖြစ်သွားတာ။ ဘာကြောင့်လဲဆိုတာ အတိအကျ မသိရသေးဘူး။ 'ဝိညာဉ်သွေးကြော' နဲ့ သက်ဆိုင်ချင် သက်ဆိုင်လိမ့်မယ်။ ဒါပေမဲ့ ဘယ်သူ့ လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးဘူး"
"အစ်ကိုဖန်... ကျောက်စိမ်းမြို့ကို ကျွန်တော် ကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်။ မတားပါနဲ့"
လျိုချင်းယန်က ဒေါသတကြီး ဖြစ်နေတော့သည်။
ထိုအခါ၊ ဖန်ရှောင်ယွင်က မှန်ကန် ဖြောင့်မတ်သော လေသံဖြင့်"အလယ်ပိုင်းဒေသက လေလံပွဲရုံပိုင်တဲ့ နယ်မြေပဲ။ ညီလေး... မင်း တစ်ခုခု ဖြစ်သွားမှာစိုးလို့ အစ်ကို လိုက်ခဲ့ပေးမယ်"ဟု ပြောလိုက်သည်။
ထို့နောက် အိုးယန်ဘက်သို့ လှည့်ကာ "အိုးယန်... ဒီကိစ္စကို စုံစမ်းဖို့ လူလွှတ်လိုက်။ ဘယ်သူပဲဖြစ်ဖြစ် အရှင်ဖမ်းခဲ့ရမယ်..” ဟု လေးနက်စွာ အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့... ဂိုဏ်းချုပ်လေး.."
အိုးယန်က ရိုသေစွာ ခေါင်းညိတ်လိုက်ပြီး ထျန်းယွဲ့ဂိုဏ်းသို့ ပြန်လည် ပျံသန်းထွက်ခွာသွား၏။
"ညီလေး... သွားကြစို့.."
ဖန်ရှောင်ယွင်နှင့် လျိုချင်းယန်တို့သည် ကျောက်စိမ်းမြို့ရှိရာသို့ အရှိန်ပြင်းစွာဖြင့် ပျံသန်းထွက်ခွာသွားကြ၏။
...
ထိုအချိန်တွင် ဖုန်းဝူချန်နှင့် သူ့အဖွဲ့သားများမှာ ကောင်းကင်မြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျောက်စိမ်းမြို့ဘက်သို့ ဦးတည် ပျံသန်းလာနေကြသည်။
ဖန်ရှောင်ယွင် ဘာလုပ်ချင်နေမှန်း မသိသော်လည်း၊ လျိုချင်းယန်နှင့် ပတ်သက်နေသည့်အတွက် သူတို့ မဖြစ်မနေ သွားရပေမည်။
"နန်းကုန်းကျန့်... မရောက်သေးဘူးလားကွ"
ပေတိုထျန်းယဲ့က မေးလိုက်ခြင်းပါ။
"မကြာခင် ရောက်တော့မှာပါ။ ကောင်းကင်မြစ် မြောက်ဘက်ခြမ်းက ဆင်းရဲတဲ့ မြို့လေးတစ်မြို့လို့ ပြောကြတာပဲ"
နန်းကုန်းကျန့်ကိုယ်တိုင်လည်း ကျောက်စိမ်းမြို့ကို တစ်ခါမှ မရောက်ဖူးဘဲ စုံစမ်းမေးမြန်းပြီး လာခဲ့ရခြင်းဖြစ်၍ နေရာအတိအကျကို မသိပေ။
"မြောက်ဘက်ခြမ်း.."
ပေတိုယန်က တစ်ခုခုကို အာရုံခံမိလိုက်သကဲ့သို့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ.."
ချီဟွမ်က မေးလိုက်သည်။
ပေတိုယန်က "ဆေးဧကရာဇ်... ကျွန်တော် သွေးညှီနံ့ ရနေသလိုပဲ။ မြောက်ဘက်ခြမ်းက လာတာ။ ကျောက်စိမ်းမြို့ ဖြစ်ဖို့များတယ်။ အဲ့ဒီမှာ တစ်ခုခု ဖြစ်နေပြီ ထင်တယ်"
ဟု သုံးသပ်လိုက်သည်။
ရွှေရောင်အလင်းတန်း တစ်ချက် ဝင်းလက်သွားပြီးနောက်... ဖုန်းဝူချန်သည် 'ကိုးထပ်ချန်ခွန်းမျှော်စင်' ထဲမှ ထွက်လာ၏။ သူ၏ မျက်နှာထားမှာ တည်ကြည် လေးနက်နေသည်။
"တကယ်ပဲ သွေးညှီနံ့ ရနေတာပဲ။ မြန်မြန် သွားကြည့်ရအောင်"
ဖုန်းဝူချန်နှင့် သူ့အဖွဲ့သားများ ကျောက်စိမ်းမြို့ အပေါ်စီးသို့ ရောက်သောအခါ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
ကျောက်စိမ်းမြို့လေးမှာ မြေပြင်ညီ ဖြစ်သွားပြီဖြစ်ပြီး မြို့သူမြို့သား တစ်ယောက်မှ အသက်မရှင်တော့ပေ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်... အားလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီ ဖြစ်၏။
လိန်မူချန်က မယုံကြည်နိုင်စွာ မချိတင်ကဲ.. ရေရွတ်လိုက်သည်။
"ဒါ... ဘယ်သူ့လက်ချက်လဲ။ ဘယ်လောက်တောင် ရက်စက်ပြီး ရူးသွပ်လိုက်သလဲ"
ဖုန်းဝူချန်နှင့် အဖွဲ့သားများ ကျောက်စိမ်းမြို့ အလယ်သို့ ဆင်းသက်လိုက်ကြ၏။ သက်ရှိဟူ၍ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။
ဆိုးဆိုးဝါးဝါး သေဆုံးနေကြသော မြို့သူမြို့သားများကို ကြည့်ရင်း မြောင်ချင်းချင်း၏ မျက်နှာမှာ သနားစိတ်ကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။
"သူတို့ သေနေကြပုံက အရမ်း သနားစရာကောင်းလိုက်တာ... ကလေးတွေကိုတောင် မချန်ဘူး။ ဘယ်သူကများ ဒီလောက်ထိ ရက်စက်ရတာလဲ"
ချီဟွမ်က အံကို ကြိတ်လျက်၊
"ဖန်ရှောင်ယွင် လက်ချက်ပဲ နေမှာပေါ့။ အဲ့ဒီကောင်စုတ်က ငါတို့ကို ကျောက်စိမ်းမြို့ဆီ လာဖို့ မျှားခေါ်ခဲ့တာလေ။ သူ မဟုတ်ရင် ဘယ်သူ ရှိဦးမှာလဲ"
ဖန်ရှောင်ယွင်မှ လွဲ၍ အခြား မည်သူ့ကိုမျှ မသင်္ကာစရာ မရှိပေ။
နန်းကုန်းကျန့်၏ မျက်လုံးများတွင်လည်း ရက်စက်သော လူသတ်လိုစိတ်များ တဖျတ်ဖျတ် လက်နေပြီး ထောက်ခံပြောဆိုလိုက်သည်။
"သူပဲ ဖြစ်ရမယ်.. အဲ့ဒီ တိရစ္ဆာန်ကောင် ဒီနားမှာ ရှိနေလောက်တယ်.."
ဖုန်းဝူချန်က သေဆုံးနေသူများ၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ပြီး အေးစက်စက် ကောက်ချက်ချလိုက်၏။
"လက်သည်က အရမ်း ရက်စက်တယ်။ ချက်ကောင်းတွေကိုချည်း ရွေးပြီး သတ်သွားတာ"
အကယ်၍ သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများသာ မပါဝင်ခဲ့လျှင်၊ ဖုန်းဝူချန်နှင့် အခြားသူများ ဒီလောက်ထိ ဒေါသထွက်မိကြလိမ့်မည် မဟုတ်ပေ။
"ဆေးဧကရာဇ်... လူလာနေပါတယ်"
ပေတိုယန်က ရုတ်တရက် ပြောလိုက်သည်။ အားကောင်းသော အရှိန်အဝါ နှစ်ခု ကျောက်စိမ်းမြို့ဘက်သို့ လျင်မြန်စွာ ဦးတည်လာနေသည်ကို ပေတိုယန် အာရုံခံမိလိုက်သည်။
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ၊
"သွားကြည့်ရအောင်"
"ဝှစ်...ဝှစ်.."
ကျောက်စိမ်းမြို့ အဝင်ဝတွင် လူရိပ်နှစ်ခု လျင်မြန်စွာ ပျံသန်းရောက်ရှိလာသည်။
"ဇီချင်း.. ဇီချင်း.."
လျိုချင်းယန်က ရူးသွပ်မတတ် အော်ဟစ်ရင်း ဇီချင်း၏ နာမည်ကို တကြော်ကြော် ခေါ်ကာ ပြေးဝင်လာ၏။
ကျောက်စိမ်းမြို့ထဲသို့ ရောက်သောအခါ... မြင်လိုက်ရသော မြင်ကွင်းကြောင့် လျိုချင်းယန်မှာ ဝမ်းနည်းဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်သွားရသည်။
ကျောက်စိမ်းမြို့လေး မရှိတော့ပေ။ အိမ်များအားလုံး ကြေမွ ပျက်စီးနေပြီး မြို့သူမြို့သားများ အားလုံး အသတ်ခံလိုက်ရပြီ ဖြစ်၏။
လျိုချင်းယန်က ဦးလေးချင်း၏ အသက်ဝိဉာဉ် ကင်းမဲ့နေသော အလောင်းကို တွေ့လိုက်ရသောအခါ ထိတ်လန့်တကြား ပြေးသွားလိုက်သည်။
"ဦးလေးချင်း.. ဦးလေးချင်း..”
ဦးလေးချင်း၏ လည်ပင်းရိုးမှာ ကျိုးနေပြီး သေဆုံးနေသည်မှာ ကြာပြီ ဖြစ်သည်။
"ရွှေရှန်းရောပဲ.."
လျိုချင်းယန်မှာ အလွန်အမင်း ဝမ်းနည်းကြေကွဲနေပြီး၊ သေဆုံးနေကြသော ကျောက်စိမ်းမြို့သားများကို ကြည့်ရင်း မျက်ရည်များ တားမနိုင်ဆီးမရ စီးကျလာ၏။
"ဘယ်သူလဲ... ဘယ်သူလုပ်တာလဲ.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ဒေါသနှင့် အမုန်းတရားများမှာ အတိုင်းအဆမရှိ ကြီးထွားလာ၏။
ကျောက်စိမ်းမြို့တွင် မနေခဲ့မိသည့်အတွက် လျိုချင်းယန် အလွန် နောင်တရနေမိသည်။ အကယ်၍ သူသာ ရှိနေခဲ့လျှင် မြို့သူမြို့သားများကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည်။
"ချင်းယန်.. သေသွားတဲ့သူတွေက ပြန်မရှင်လာနိုင်တော့ပါဘူး... စိတ်လျှော့ပါဦးကွာ.."
ဖန်ရှောင်ယွင်က သက်ပြင်းချလိုက်ပြီး စာနာသနားဟန်ဖြင့် ပြောလိုက်သော်လည်း၊ သူ၏ မျက်နှာပေါ်တွင် စာနာမှု အရိပ်အယောင်ဟူ၍ တစ်စက်ကလေးမျှ မရှိပေ။
"အား…..ဘာလို့လဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ.."
လျိုချင်းယန်က ဝမ်းနည်းပက်လက် အော်ဟစ်ငိုကြွေးနေရှာသည်။ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားနေရသည်။
ကျောက်စိမ်းမြို့သားများသည် သူ့အသက်သခင် ကျေးဇူးရှင်များ ဖြစ်ကြသည်။ ယခု သူတို့အားလုံး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည်ကို လျိုချင်းယန် လုံးဝ လက်မခံနိုင်ပေ။
"ဖုန်းဝူချန်... မင်း တကယ် ရောက်လာတာပဲ.."
လူတစ်စု လျင်မြန်စွာ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သဖြင့် ဖန်ရှောင်ယွင်၏ နှုတ်ခမ်းများက ကောက်ကျစ်စဉ်းလဲစွာ တွန့်ကွေးသွား၏။
မကြာမီတွင် ဖုန်းဝူချန်နှင့် သူ့အဖွဲ့သားများသည် ကျောက်စိမ်းမြို့၏ တစ်ဖက်ခြမ်းမှ မြို့အဝင်ဝသို့ ရောက်ရှိလာကြသည်။
"ဖန်ရှောင်ယွင်.. အဲ့ဒီကောင်ပဲ.."
ချီဟွမ်၏ အကြည့်များက ဖန်ရှောင်ယွင်အပေါ် ကျရောက်သွားပြီး၊ မျက်နှာထားမှာ ချက်ချင်း မည်းမှောင်သွား၏။
ဖုန်းဝူချန်နှင့် အဖွဲ့သားများကို မြင်လိုက်ရသောအခါ... ဖန်ရှောင်ယွင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသော အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာပြန်သည်။
"ဖုန်းဝူချန်.."
သို့သော် ဖန်ရှောင်ယွင်က အံ့အားသင့်ဟန် ဆောင်လိုက်ပြီး ပြော၏။
"ဖုန်းဝူချန်... မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ထို့နောက် မျက်လုံးများကို ကလည်ကလည် လုပ်လိုက်ပြီး ဒေါသထွက်သည့် လေသံဖြင့် မေးလိုက်၏။
"ကျောက်စိမ်းမြို့က လူတွေကို မင်းတို့ သတ်လိုက်တာလား"
"ပေါက်ကရတွေ မပြောစမ်းနဲ့.. ငါတို့ အခုမှ ရောက်တာ... သူတို့ အသတ်ခံထားရပြီးသားကွ.."
လိန်မူချန် ဒေါသတကြီး ပြန်အော်လိုက်သည်။ သို့သော် စကားဆုံးသည်နှင့် တစ်ပြိုင်နက်... တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ရုတ်ချည်း တောင့်တင်းသွား၏။
"ချင်းယန်.. ဟိုမှာ ချင်းယန်.."
"အစ်ကိုလျို.."
"တကယ်ပဲ ချင်းယန်ပါလား.."
ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ လျိုချင်းယန်၏ ပုံရိပ်ကို သူတို့ တွေ့လိုက်ရသည် မဟုတ်ပါလား။
သူတို့ သေချာပေါက် ပြောရဲသည်။ ဒါ အစ်ကိုလျို အစစ်ပါပဲ။
လျိုချင်းယန်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်နှင့် အခြားသူများ အလွန်အမင်း တုန်လှုပ်သွားကြသည်။ လျိုချင်းယန်က တကယ်ပဲ အသက်ရှင်နေသေးတာကိုး။
"ချင်းယန်.. တကယ်ပဲ မင်းလားကွာ"
နန်းကုန်းကျန့်က မယုံနိုင်စွာဖြင့် တုန်ရီသော အသံနှင့် မေးလိုက်သည်။
လျိုချင်းယန်က သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများကို မော့ကြည့်လိုက်ပြီး ဖုန်းဝူချန်နှင့် အဖွဲ့သားများကို ဝေ့ဝဲကြည့်ကာ... မိုးကောင်းကင်သို့တိုင် ထိုးတက်နေသော လူသတ်လိုစိတ်များဖြင့် မေးလိုက်၏။
"ဖုန်းဝူချန်.. သူတို့ကို မင်း သတ်လိုက်တာလား"
"ချင်းယန်.. စိတ်လျှော့စမ်း.. ကျောက်စိမ်းမြို့က လူတွေကို ငါတို့ မသတ်ဘူး.."
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြန်ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် လျိုချင်းယန်တစ်ယောက် ဘာကြောင့် ဖန်ရှောင်ယွင်နှင့် အတူရှိနေရသနည်း ဟူသည့် မေးခွန်းကိုလည်း စဉ်းစား၍မရ ဖြစ်နေမိသည်။
အခန်း (၄၄၀) - လျိုချင်းယန်၏ ဒေါသမီး
~"ချင်းယန်... သူက ဖုန်းဝူချန်လေ။ အရှေ့ဘက်ခြမ်းက ဂိုဏ်းပေါင်း (၈) ခုက လူတွေကို ရက်ရက်စက်စက် သတ်ခဲ့တာ သူ့လူတွေပဲ။ မင်းကို သေလုမျောပါး ဖြစ်အောင် လုပ်ခဲ့တာလည်း... ဒီကောင်ပဲ ဖြစ်ရမယ်"
ဖန်ရှောင်ယွင်က လေသံပျော့ပျော့လေးနှင့် ပြောလိုက်သော်လည်း၊ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။
"ဖုန်းဝူချန်.. မင်းရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို…ငါ ယုံမယ်လို့ ထင်နေတာလား"
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ လူသတ်လိုစိတ်များမှာ မိုးကောင်းကင်သို့တိုင် ထိုးတက်နေပြီး၊ ဖုန်းဝူချန်နှင့် အဖွဲ့သားများကို လုံးဝ မမှတ်မိတော့ပေ။
လျိုချင်းယန်၏ စကားကို ကြားသောအခါ... ဖုန်းဝူချန်နှင့် အဖွဲ့သားများမှာ လုံးဝကို အံ့ဩတုန်လှုပ်သွားကြရ၏။
ဒါ... သူတို့သိတဲ့ လျိုချင်းယန်မှ ဟုတ်သေးရဲ့လား။
လျိုချင်းယန်က ဖုန်းဝူချန်ကို ဒီလို လေသံမျိုးနဲ့ ဘယ်တုန်းကများ ရဲရဲတင်းတင်း ပြောဖူးလို့လဲ။
"အစ်ကိုလျို... ရှင် ရူးသွားပြီလား။ ဒါ အစ်ကိုဖုန်းလေ.."
မြောင်ချင်းချင်းမှာ အစက လျိုချင်းယန်ကို တွေ့လိုက်ရသဖြင့် အလွန် ဝမ်းသာသွားခဲ့သော်လည်း၊ ယခု လျိုချင်းယန်၏ အပြုအမူကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
သို့သော် ဒေါသထွက်နေသော လျိုချင်းယန်က မြောင်ချင်းချင်းကို ဂရုမစိုက်ပေ။ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများက ဖုန်းဝူချန်တစ်ယောက်တည်းကိုသာ စိုက်ကြည့်နေပြီး အော်ဟစ်လိုက်၏။
"မင်းတို့ကလွဲရင် ကျောက်စိမ်းမြို့မှာ တခြား ဘယ်သူမှ ရှိမနေဘူး။ မင်းတို့ လက်ချက် မဟုတ်ရင် ဘယ်သူ့ လက်ချက် ဖြစ်ရမှာလဲ"
"လျိုချင်းယန်.."
လိန်မူချန်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘာတွေ လာပြောနေတာလဲ။ မင်း သိရဲ့လား..."
"ဂိုဏ်းချုပ်... လျိုချင်းယန်က ကျွန်တော်တို့ကို မမှတ်မိတော့ဘူး ထင်တယ်။ အဲ့ဒီအစား ဖန်ရှောင်ယွင်ကို ယုံကြည်နေပုံပဲ"
လိန်မူချန်က ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ပေတိုယန်က တားဆီးလိုက်ပြီး၊ ဖုန်းဝူချန်ကို တီးတိုး သတိပေးလိုက်၏။
"ကျွန်မတို့ကို မမှတ်မိဘူး ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အစ်ကိုလျိုက အရင်တုန်းက အကောင်းကြီးပါ"
မြောင်ချင်းချင်းမှာ ဇဝေဇဝါ ဖြစ်သွားရှာသည်။
သို့သော် သေချာစဉ်းစားကြည့်လိုက်သောအခါ... ပေတိုယန်ပြောသည်မှာ ဖြစ်နိုင်ချေ ရှိနေသည်။ လျိုချင်းယန်၏ အပြုအမူက ပုံမှန် မဟုတ်ပေ။ အရင်က လျိုချင်းယန်ဆိုလျှင် ဖုန်းဝူချန်ကို ဘယ်တော့မှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
ဖုန်းဝူချန်က မျက်ခုံးများ တွန့်ချိုးလိုက်ပြီး ဖန်ရှောင်ယွင်ကို အေးစက်စက် အကဲခတ်လိုက်သည်။ လျိုချင်းယန် တစ်ခုခု မှားယွင်းနေသည်ကို သူလည်း ခံစားမိလိုက်သည်။ ဒါ အရင်က လျိုချင်းယန် လုံးဝ မဟုတ်တော့ပေ။
"ဖန်ရှောင်ယွင်က သူ့ကို ထိန်းချုပ်ထားတာများလား။ ဒါမှမဟုတ်... ဒါ လျိုချင်းယန် အတုလား"
နန်းကုန်းကျန့်က ခန့်မှန်းကြည့်လိုက်သည်။ သူ့ရှေ့မှ လျိုချင်းယန်မှာ အရင်ကနှင့် လုံးဝ ကွာခြားနေသည် မဟုတ်ပါလား။
"သူက ချင်းယန် အစစ်ပါ။ သူ့ရဲ့ အရှိန်အဝါက မမှားနိုင်ဘူး။ ပြီးတော့ သူ အထိန်းချုပ်ခံထားရတဲ့ ပုံလည်း မပေါ်ဘူး"
ပေတိုယန်က ခေါင်းခါလိုက်သည်။
ဖုန်းဝူချန်က ဖန်ရှောင်ယွင်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး၊ ကျောချမ်းဖွယ် ကောင်းသော လေသံဖြင့် မေးလိုက်၏။
"ဖန်ရှောင်ယွင်... မင်း ချင်းယန်ကို ဘာလုပ်လိုက်တာလဲ"
ထိုအခါ၊ ဖန်ရှောင်ယွင်က ယုတ်မာကောက်ကျစ်စွာ ပြန်ပြောလိုက်သည်။
"ဖုန်းဝူချန်... မင်း ချင်းယန်ကို ဘာလုပ်ခဲ့သလဲဆိုတာ မင်း အသိဆုံးပါ။ ကျောက်စိမ်းမြို့က လူတွေကို သတ်ခဲ့တာ မင်း မဝန်ခံရဲဘူး မဟုတ်လား။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေက မင်းရဲ့ လူသတ်နေကျ ပုံစံနဲ့ ကွက်တိပဲလေ။ မင်း မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ"
"မင်းက သူများအပေါ် အပြစ်ပုံချပြီး လွှဲချနေတာပဲ.."
ဟု ချီဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"စကားတွေ အများကြီး… ပြောမနေနဲ့တော့.. ကျောက်စိမ်းမြို့က လူတွေအတွက် ငါ လက်စားချေရမယ်.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကို ဆင့်ခေါ်လိုက်၏။ ထျန်းယွမ်ဘုံ ဆဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ၊ သူ၏ အရှိန်အဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွား၏။
"ဝုန်း.."
လျိုချင်းယန်သည် လေကို နင်း၍ ပျံတက်လိုက်ပြီး၊ ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဖုန်းဝူချန်ထံသို့ တဟုန်ထိုး ပြေးဝင်သွား၏။
ထိုအခါ၊ ဖုန်းဝူချန်က ညာလက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားပုံစံ ပြုလုပ်လိုက်ပြီး၊ လျိုချင်းယန်၏ ဓားထိပ်ဖျားကို ဖမ်းယူလိုက်၏။
"ချွင်..”
ကြည်လင်ပြ တ်သားသော သတ္တုချင်း ထိခတ်သံ တစ်သံ ထွက်ပေါ်လာသည်။ လျိုချင်းယန်က အစွမ်းကုန် အားစိုက်ထားသော်လည်း ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ပေ။
လျိုချင်းယန်က သူ၏ ဓားရှည်ကို ပြန်ဆွဲထုတ်ရန် မည်မျှပင် ကြိုးစားသော်လည်း၊ ဓားက ဖုန်းဝူချန်၏ လက်ချောင်းများကြားတွင် သံမှိုစွဲထားသကဲ့သို့ မလှုပ်မယှက် ဖြစ်နေ၏။
ဖုန်းဝူချန်က သုန်မှုန်လျက် မေးလိုက်သည်။
"ချင်းယန်... မင်း ဘာဖြစ်နေတာလဲ။ ငါ့ကို မမှတ်မိတော့ဘူးလား"
"ပါးစပ်ပိတ်ထားစမ်း.."ဟု လျိုချင်းယန်က ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။ ဒေါသကြောင့် အသိစိတ်များ လွတ်ထွက်နေပြီ ဖြစ်၏။
ယခုအချိန်တွင် လျိုချင်းယန်၏ စိတ်ထဲ၌ ကျောက်စိမ်းမြို့သားများအတွက် လက်စားချေလိုစိတ် တစ်ခုတည်းသာ ရှိနေတော့သည်။
"အစ်ကိုလျို.. ကျွန်မတို့ကို မမှတ်မိတော့ဘူးလား။ ဆရာနဲ့ ချင်းချင်းကိုရော မမှတ်မိတော့ဘူးလား"
လိန်မူချန်က လျိုချင်းယန်ကို ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
နန်းကုန်းကျန့်ကလည်း သူ့အား "အဲ့ဒီတုန်းက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ဖန်ရှောင်ယွင်ကွ.. သူ့ရဲ့ အသုံးချခံ အဖြစ်မခံနဲ့.."ဟု စိုးရိမ်တကြီး သတိပေးလိုက်သည်။ အခြေအနေကို ကြည့်ရင်း သူ ပို၍ စိတ်ပူလာမိသည်။
"ဖန်ရှောင်ယွင်.. ဒါ မင်းပြောတဲ့ 'လက်ဆောင်' ဆိုတာလား။ ငါတို့ကို ကျောက်စိမ်းမြို့ဆီ မျှားခေါ်လာပြီးတော့... ချင်းယန်နဲ့ ငါတို့ကို အပြန်အလှန် သတ်ခိုင်းတာလား"
ဖုန်းဝူချန်က အေးစက်စက် မေးလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်မှ ကျောချမ်းဖွယ် လူသတ်လိုစိတ်များ စတင် ထွက်ပေါ်လာ၏။
ဖန်ရှောင်ယွင်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး လေးနက်သော လေသံဖြင့် ၊
"ဖုန်းဝူချန်... ကိုယ်လုပ်တဲ့ မကောင်းမှုအတွက် ကိုယ်ပဲ တာဝန်ယူရမှာပေါ့။ ဘာလို့ အကြောင်းပြချက်တွေ ပေးနေဦးမှာလဲ"
"ယုတ်မာလိုက်တဲ့ကောင်.."
နန်းကုန်းကျန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဖန်ရှောင်ယွင်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။
လျိုချင်းယန်က ဓားကို ပြန်ဆွဲထုတ်မရသဖြင့် လက်လွှတ်လိုက်ပြီး၊ ဖုန်းဝူချန်ထံသို့ ပြင်းထန်သော လက်ဝါးရိုက်ချက် တစ်ခု ပစ်လွှတ်လိုက်၏။ လက်ဝါးလေဟုန်က ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး ပြင်းထန်စွာ တိုက်ခတ်လာသည်။
ဒေါသအိုး ပေါက်ကွဲနေသော လျိုချင်းယန်သည် ထျန်းယွမ်ဘုံ ဆဌမ အလွှာသာ ရှိသော်လည်း၊ ထုတ်လွှတ်လိုက်သော စွမ်းအားက ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ် အဆင့်နှင့်ပင် ယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေ၏။
"ဝုန်း.."
"ဝှီး.."
ဖုန်းဝူချန်က ရှောင်တိမ်းခြင်း မပြုဘဲ ထိုလက်ဝါးရိုက်ချက်ကို တည့်တည့် ရင်ဆိုင်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အရပ်မျက်နှာ အနှံ့သို့ ရူးသွပ်စွာ ပြန့်နှံ့သွား၏။ သို့သော် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ပေ။
ဖုန်းဝူချန်သည် သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအားကိုပင် ထုတ်မသုံးဘဲ၊ သက်သက်မျှသော ရုပ်ခန္ဓာ စွမ်းအားဖြင့်သာ လျိုချင်းယန်၏ လက်ဝါးကို ခုခံလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင်... ဖုန်းဝူချန်က လျိုချင်းယန်၏ လက်ကောက်ဝတ်ကို လျှပ်စီးကဲ့သို့ လှမ်းဖမ်းလိုက်ပြီး၊ သူ၏ စွမ်းအားကို လွှတ်ကာ လျိုချင်းယန်၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်၏။
"သွေးကြောတွေ ရှုပ်ထွေးနေပါလား.."
ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို ရိပ်မိသွားသည်။
"ဟား.."
ထိုအချိန်တွင် လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခြေထောက်ဖြင့် ဖုန်းဝူချန်ကို ပိုင်းကန်လိုက်၏။
အတွေးလွန်နေသော ဖုန်းဝူချန်မှာ တုံ့ပြန်မှု အနည်းငယ် နောက်ကျသွားသဖြင့်၊ လက်ကို လွှတ်လိုက်ပြီး နောက်သို့ ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
ထို့နောက် သူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ချင်းယန်ရဲ့ သွေးကြောတွေ ရှုပ်ထွေးနေတယ်။ ဒဏ်ရာအပြင်းအထန် ရထားလို့ ဖြစ်ရမယ်။ အသက်ဘေးက လွတ်ခဲ့ပေမဲ့... ချင်းယန်က အတိတ်မေ့သွားပြီပဲ.."
"ဟင်... အတိတ်မေ့သွားတာလား"
မြောင်ချင်းချင်း၊ ပေတိုယန်နှင့် အခြားသူများမှာ ပြိုင်တူ အော်ဟစ်လိုက်ကြပြီး၊ လျိုချင်းယန်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။
လျိုချင်းယန် သူတို့ကို မမှတ်မိတော့သည်မှာ မဆန်းတော့ပေ။ သူ အတိတ်မေ့သွားခဲ့ပြီကိုး။
"ဖုန်းဝူချန်.. မင်းအသက်ကို ပေးလိုက်စမ်း.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်လာပြန်သည်။ အသိစိတ်လွတ်နေသော အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် ဖုန်းဝူချန်က လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ပြီး လျိုချင်းယန်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားကာ၊ သူ၏ စွမ်းအားဖြင့် လျိုချင်းယန်၏ လက်မောင်းနှင့် ခြေထောက်များကို ချုပ်ကိုင်လိုက်၏။
"နန်းကုန်းကျန့်... ချင်းယန်ကို ခေါ်သွားလိုက်"
ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အချုပ်ခံထားရသော လျိုချင်းယန်မှာ နန်းကုန်းကျန့်ရှိရာသို့ လွင့်ထွက်သွား၏။
"ငါ့ကို လွှတ်ပေးစမ်း.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်ရုန်းကန်နေရှာသည်။
သို့သော် ဖန်ရှောင်ယွင်က ဖုန်းဝူချန်တို့ကို လွယ်လွယ်နှင့် ခေါ်သွားခွင့် ပေးပါမည်လော။
"ဖုန်းဝူချန်... မင်းက ကျောက်စိမ်းမြို့သားတွေကို သတ်ရုံတင် မကဘူး... အခု ငါ့လူကိုပါ ခေါ်သွားချင်နေသေးတာလား။ ဘာလဲ... ချင်းယန်ကိုပါ သတ်မလို့လား။ ငါ သဘောတူရဲ့လားဆိုတာ မင်း မမေးရသေးဘူး ထင်တယ်"
ဖန်ရှောင်ယွင်က မဲ့ပြုံး တစ်ချက် ပြုံးလျက် ပြောလိုက်သည်။
"အစ်ကိုဖန်.. ဒီတိရစ္ဆာန်ကောင်တွေကို မြန်မြန် သတ်ပစ်လိုက်ပါ.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်ကိုဖန်.."
လျိုချင်းယန်က ဖန်ရှောင်ယွင်ကို ထိုသို့ ခေါ်ဝေါ်လိုက်သည်ကို ကြားသောအခါ၊ မြောင်ချင်းချင်းနှင့် အခြားသူများမှာ ချက်ချင်း မှင်သက်သွားကြ၏။
"ခွေးကောင်.. ဖန်ရှောင်ယွင်က မင်းကို သေလုမျောပါး ဖြစ်အောင် လုပ်ခဲ့တာကွ.. အခု မင်းက သူ့ကို အစ်ကိုလို့ ခေါ်နေတာလား"
လိန်မူချန်၏ ဒေါသမီးများမှာ မိုးကောင်းကင်သို့တိုင် ထိုးတက်သွားပြီး၊ လျိုချင်းယန်ကို ပါးရိုက်ချင်စိတ်များ ပေါက်လာ၏။
"သူ အတိတ်မေ့နေလို့ပါကွာ။ ဖန်ရှောင်ယွင်ရဲ့ အသုံးချတာ ခံနေရတာပါ"
ချီဟွမ်က အလျင်အမြန် ဝင်ရောက်တားဆီးလိုက်သည်။
"ရွှစ်... ရွှစ်... ရွှစ်.."
ထိုအချိန်မှာပင်... လေကိုခွင်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ အလင်းတန်းများ လက်ခနဲ ဖြစ်သွားကာ ထျန်းယွဲ့ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင် ခြောက်ဦး ပေါ်ထွက်လာကြ၏။
ထိုခြောက်ဦးစလုံးမှာ အလွန် စွမ်းအားကြီးမားကြပြီး၊ အားလုံးက 'ကောင်းကင်ဘုံလူသား' အဆင့် ရှိကြသူများ ဖြစ်သည်။
"ဂိုဏ်းချုပ်လေးကို နှုတ်ခွန်းဆက်သပါတယ်.."
အိုးယန် ဦးဆောင်သော ခြောက်ဦးသားက ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
"ဖုန်းဝူချန်... သူ့ကို လွှတ်လိုက်စမ်း။ မဟုတ်ရင် မင်းရဲ့ သူငယ်ချင်းတွေ အားလုံးကို ဒီမှာ သတ်ပစ်လိုက်ဖို့ ငါ ဝန်မလေးဘူးနော်"
ဖန်ရှောင်ယွင်က အေးစက်စက် ခြိမ်းခြောက်လိုက်သည်။
"ကောင်းကင်ဘုံလူသား အဆင့်.."
ထိုခြောက်ဦး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ ပေတိုယန်နှင့် အခြားသူများ၏ မျက်နှာထားများမှာ အလွန်အမင်း ရုပ်ဆိုးသွားကြ၏။
ဖန်ရှောင်ယွင် တစ်ယောက်တည်းနှင့်ပင် သူတို့အတွက် ခက်ခဲနေပြီဖြစ်ရာ၊ ယခု 'ကောင်းကင်ဘုံလူသား' အဆင့် ခြောက်ယောက်ပါ ထပ်မံ ရောက်ရှိလာသဖြင့် အခြေအနေမှာ ပို၍ ဆိုးရွားသွားပြီ ဖြစ်၏။
ဖုန်းဝူချန်၏ မျက်နှာထားမှာ အလွန်အမင်း တင်းမာခက်ထန်သွားသော်လည်း၊ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ လျိုချင်းယန်ကို ပြန်လွှတ်ပေးလိုက်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။
အခန်း (၄၄၁) - ဆိုက်ရောက်လာသော တိုက်ပွဲကြီး
~"အစ်ကိုဖန်... ကျောက်စိမ်းမြို့သားတွေအတွက် သူတို့ကို သတ်ပြီး လက်စားချေပေးပါ.."
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖန်ရှောင်ယွင်က အနည်းငယ် ပြုံးလျက်၊
"ချင်းယန်... ကျောက်စိမ်းမြို့သားတွေကို သတ်ခဲ့တာက ဖုန်းဝူချန်နဲ့ သူ့လူတွေမှန်း ငါတို့ သိလိုက်ရပြီ။ ပြီးတော့ ဖုန်းဝူချန်က ငါ့ကို စိန်ခေါ်ထားတာလည်း ရှိသေးတယ်။ နောက်လေးရက်နေရင် ငါကိုယ်တိုင် သူ့ကို သတ်ပြီး မြို့သူမြို့သားတွေအတွက် လက်စားချေပေးမှာပါ"
ဖန်ရှောင်ယွင်၏ စကားများတွင် မောက်မာမှုနှင့် ယုံကြည်မှုများ အပြည့်ပါဝင်နေပြီး၊ ဖုန်းဝူချန်ကို အချိန်မရွေး သတ်ဖြတ်နိုင်သည်ဟု ယူဆထားပုံ ရသည်။
အိုးယန်ကလည်း ပြုံးစိစိဖြင့် ဝင်ပြောလိုက်သည်။
"ညီလေး ချင်းယန်... လက်စားချေဖို့ အလောတကြီး လုပ်စရာ မလိုပါဘူး။ နောက်လေးရက်နေရင် ထျန်းယွမ်ဘုံက လူအများကြီးရဲ့ ရှေ့မှောက်မှာတင် ဂိုဏ်းချုပ်လေးက ဖုန်းဝူချန်ကို သတ်ပြပါလိမ့်မယ်"
လျိုချင်းယန်က ဒေါသကို မြိုသိပ်ကာ၊
"ကောင်းပြီ.. သူတို့ကို နောက်ထပ် ရက်နည်းနည်းလောက် အသက်ဆက်ရှင်ခွင့် ပေးထားလိုက်မယ်"
ဖုန်းဝူချန်သည် တိတ်ဆိတ်နေသော်လည်း၊ သူ၏ မျက်နှာထားမှာ အလွန်အမင်း အေးစက်နေ၏။
ဖန်ရှောင်ယွင်က လျိုချင်းယန်ကို အသုံးချပြီး သူတို့ကို ရင်ဆိုင်ခိုင်းနေခြင်းက ဖုန်းဝူချန်ကို အလွန် ဒေါသထွက်စေသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဖုန်းဝူချန်သည် ဖန်ရှောင်ယွင်ကို အခုချက်ချင်း သတ်ပစ်လိုက်ချင်သည်။
"ဖုန်းဝူချန်... မင်းရဲ့ နောက်ဆုံး လေးရက်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ပါဦး။ အကယ်၍ မင်းသာ ပေါ်မလာခဲ့ရင်တော့ နောင်တရအောင် ငါ လုပ်ပစ်မယ်"
ဟု ဖန်ရှောင်ယွင်က ယုတ်မာသော အပြုံးဖြင့် ခြိမ်းခြောက်လိုက်သည်။ ဖုန်းဝူချန်ကို သူက လုံးဝ ဂရုမစိုက်သည့် ပုံစံမျိုးပင်။
'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာသို့ ရောက်ရှိနေပြီဖြစ်သော ဖန်ရှောင်ယွင်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် တိုးတက်လာခဲ့ပြီ ဖြစ်ရာ၊ ဖုန်းဝူချန်ကို သူ ဘာကြောင့် ကြောက်ရမည်နည်း။
ထိုသို့ ပြောပြီးနောက်... ဖန်ရှောင်ယွင်နှင့် အဖွဲ့သားများ ပျံသန်းထွက်ခွာသွားကြ၏။
—------
ရွှယ်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"ဆရာ... အခု ဘယ်လိုလုပ်ကြမလဲ။ ချင်းယန်က သူတို့ရဲ့ အသုံးချတာကို ခံနေရတာတောင် မသိရှာဘူး။ ဖန်ရှောင်ယွင် သူ့ကို ဘာတွေ ပြောထားလဲ ဆိုတာလည်း ကျွန်တော်တို့ မသိရဘူး။ ချင်းယန်က ကျွန်တော်တို့ကို လုံးဝ မယုံကြည်ဘူး ဖြစ်နေတယ်"
ထိုအခါ၊ ဖုန်းဝူချန်က လျိုချင်းယန်၏ လုံခြုံရေးအတွက် စိတ်မပူသကဲ့သို့ ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ချင်းယန်က အတိတ် မေ့နေတာပဲ ရှိတာပါ။ သေသွားတာထက် စာရင် အများကြီး တော်ပါသေးတယ်။ ဒါ ကောင်းတဲ့ ကိစ္စ တစ်ခုပါ။ အကယ်၍ ဖန်ရှောင်ယွင်က ချင်းယန်ကို သုံးပြီး ငါတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်... ချင်းယန် သေချာပေါက် အန္တရာယ်ကင်းမှာပါ"
"ဆေးဧကရာဇ်မှာ အတိတ်မေ့တာကို ကုပေးနိုင်တဲ့ နည်းလမ်း ရှိပါသလား"
နန်းကုန်းကျန့်က မေးလိုက်ခြင်းပါ။
ထိုအခါ၊ ဖုန်းဝူချန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူ့အား ရှင်းပြလိုက်လေ၏။
"အတိတ်မေ့တယ် ဆိုတာ ဆေးဝါးနဲ့ ကုသလို့ ရတဲ့ အရာမျိုး မဟုတ်ဘူး။ အချိန်ကို စောင့်ရမယ်... ဒါမှမဟုတ် ချင်းယန်ရဲ့ စိတ်ကို လှုံ့ဆော်နိုင်လောက်တဲ့ အဖြစ်အပျက် တစ်ခုခုနဲ့ ကြုံမှပဲ သူ့မှတ်ဉာဏ်တွေ ပြန်ရလာဖို့ အခွင့်အရေး ရှိလိမ့်မယ်"
"ဒါဆို... အစ်ကိုလျိုက..."
မြောင်ချင်းချင်း၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ဖြတ်သန်းသွားပြီး မျက်ရည်များ ဝဲတက်လာ၏။
လျိုချင်းယန် သူမကို မမှတ်မိခြင်းက သူမအတွက် အလွန် နာကျင်ရသော်လည်း၊ ယခု အတိတ်မေ့ရောဂါကို ကုသရန် ခက်ခဲသည်ဟု သိလိုက်ရသောအခါ သူမ၏ ဝမ်းနည်းမှုများက ပို၍ နက်ရှိုင်းသွားရ၏။
"စိတ်မပူပါနဲ့။ ချင်းယန် တစ်နေ့ ပြန်ကောင်းလာမှာပါ။ သွားကြစို့"
ဖုန်းဝူချန်က နှစ်သိမ့်ပေးလိုက်သည်။
"အဖေ.. အဖေ.."
ဖုန်းဝူချန်နှင့် အဖွဲ့သားများ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်... မြို့အဝင်ဝဆီမှ ကြည်လင်ပြတ်သားပြီး ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
အသက် (၁၅) နှစ်၊ (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူတို့ရှိရာသို့ ငိုယိုအော်ဟစ်ကာ ပြေးလာနေ၏။
ထိုသူမှာ ကျောက်စိမ်းမြို့မှ ဇီချင်းပင် ဖြစ်သည်။
တောင်နောက်ဘက်တွင် အချိန်အကြာကြီး စောင့်နေသော်လည်း မည်သူမျှ ရောက်မလာသဖြင့် ဇီချင်း ပြန်လာခဲ့ရာ၊ ပျက်စီးနေသော ကျောက်စိမ်းမြို့ကို မြင်လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
ကံကောင်းသည်မှာ ဇီချင်း တောင်နောက်ဘက်သို့ ရောက်နေခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမလည်း ရက်ရက်စက်စက် အသတ်ခံလိုက်ရမည်သာ။
"အသက်ရှင်ကျန်တဲ့သူ တစ်ယောက် ရှိသေးတာပဲ"
မြောင်ချင်းချင်းက ပြောလိုက်ပြီး ကြောက်လန့်တကြား ပြေးလာနေသော မိန်းကလေးကို ကြည့်လိုက်မိသည်။
သေဆုံးနေသော ဦးလေးချင်းနှင့် မြို့တော်ဝန်တို့ကို မြင်လိုက်ရသောအခါ ဇီချင်းမှာ ဝိညာဉ်လွင့်ပါးသွားသကဲ့သို့ ဒူးထောက်ကျသွားပြီး၊ သူမ၏ မျက်စိရှေ့မှ မြင်ကွင်းကို ယုံကြည်နိုင်ခြင်း မရှိ ဖြစ်နေရှာသည်။
ဇီချင်း၏ အရွယ်သည် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမည့် အရွယ်ဖြစ်သော်လည်း၊ ယခု ကြုံတွေ့လိုက်ရသော ဆိုးရွားလှသည့် အဖြစ်အပျက်ကြောင့် သူမ၏ ဘဝတစ်ခုလုံး မျှော်လင့်ချက်မဲ့သွားရရှာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိုးသားဖြူစင်သော ကျောက်စိမ်းမြို့သားများသည် လူမဆန်စွာ အစုလိုက်အပြုံလိုက် အသတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။
ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ဝမ်းနည်းပက်လက် ဖြစ်နေသော မိန်းကလေးကို ကြည့်ရင်း အလွန် သနားမိသွားကြသည်။ မြောင်ချင်းချင်းနှင့် လန်ယွဲ့တို့၏ မျက်ဝန်းအိမ်များတွင်လည်း မျက်ရည်များ ဝဲတက်လာကြသည်။
"ဘာဖြစ်တာလဲ... ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ဘယ်သူ သတ်တာလဲ"
ဇီချင်းမှာ အလွန်အမင်း ကြောက်လန့်နေပြီး သေဆုံးနေသော မြို့သူမြို့သားများကို ကြည့်ရင်း အိပ်မက်ဆိုးတစ်ခု မက်နေသကဲ့သို့ ခံစားနေရသည်။ ဤအမှန်တရားကို သူမ လက်မခံနိုင်ပေ။
"အစ်ကို ရွှေရှန်း.. အစ်ကို ရွှေရှန်း.."
အခြားသူများကို ကြည့်ပြီးနောက်... နောက်ဆုံးတွင် သူမသည် ရွှေရှန်းကို တွေ့ရှိသွား၏။ သူမသည် အားတင်းပြီး မတ်တတ်ရပ်ကာ သေဆုံးနေပြီ ဖြစ်သော ရွှေရှန်းထံသို့ ပြေးသွားလိုက်သည်။
သည်မနက်မှာ… တောင်နောက်ဘက်မှာ အတူတူ ကျင့်ကြံကြမည်ဟု ကတိပေးထားခဲ့ကြသော်လည်း၊ နောက်ဆုံး နှုတ်ဆက်ခွင့်ပင် မရလိုက်ဘဲ ဘဝခြားသွားခဲ့ရလေ၏။
ဇီချင်းမှာ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာသည်။ သူမ၏ အားကိုးရာမဲ့မှုနှင့် အထီးကျန်ဆန်မှုများက မြင်သူတိုင်းကို သနားကရုဏာ သက်မိစေ၏။
"ရှင်တို့ သတ်လိုက်တာလား... ကျွန်မအဖေရဲ့ အသက်ကို ပြန်ပေး.. အစ်ကို ရွှေရှန်းရဲ့ အသက်ကို ပြန်ပေး.."
ဇီချင်းက ဖုန်းဝူချန်ထံသို့ ပြေးဝင်လာပြီး လက်နှစ်ဖက်ဖြင့် တဘုန်းဘုန်း ထုရိုက်ကာ အော်ဟစ်ငိုကြွေးနေ၏။
"ရှင်တို့ အားလုံးကို သတ်ပစ်မယ်.. အားလုံးကို သတ်ပစ်မယ်.."
ဖုန်းဝူချန်ကို ရိုက်ပြီးနောက်... သူမက ပေတိုယန်နှင့် အခြားသူများကိုပါ လိုက်လံထုရိုက်နေသည်။ သူမ၏ ငိုကြွေးသံများက ရင်ခွဲမတတ် နာကျင်ဖွယ် ကောင်းလှသည်။
လောကတွင် အကြီးမားဆုံးသော ဝမ်းနည်းပူဆွေးမှုသည် ချစ်ခင်ရသူများနှင့် အသေကွဲ ကွဲရခြင်းပင် မဟုတ်ပါလော။
"ညီမလေး... အစ်ကိုတို့ သတ်တာ မဟုတ်ပါဘူး။ အစ်ကိုတို့ ရောက်လာတော့ သူတို့ သေနေကြပါပြီ။ အစ်မ မုသားမပြောပါဘူးကွယ်"
မြောင်ချင်းချင်းက အသံတိမ်ဝင်စွာဖြင့် ရှင်းပြလိုက်သည်။ ဇီချင်း၏ ဝမ်းနည်းပူဆွေးမှုကို သူမ ကြည့်မနေနိုင်တော့ပေ။
"ရှင်တို့ သတ်တာ မဟုတ်ဘူးလား"
ဇီချင်းမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အမြန် ပြော၏။
"ဒါဆို 'တိမ်ပြာနန်းတော်' ပဲ ဖြစ်ရမယ်.. 'တိမ်ပြာနန်းတော်' ပဲ နေမှာ.."
ဖုန်းဝူချန်က ဝင်ပြောလိုက်သည်။
"'တိမ်ပြာနန်းတော်' မဟုတ်ဘူး။ 'ထျန်းယွဲ့ဂိုဏ်း' က လူတွေ လက်ချက်ပဲ"
ဇီချင်းက ခေါင်းခါလိုက်ကာ..
"ထျန်းယွဲ့ဂိုဏ်း.. မဖြစ်နိုင်တာ... အစ်ကို ထျန်းယီနဲ့ ထျန်းယွဲ့ဂိုဏ်းချုပ်လေးက ညီအစ်ကိုတွေလို ခင်ကြတာ။ ထျန်းယွဲ့ဂိုဏ်းက ကျောက်စိမ်းမြို့ကို ရန်ပြုစရာ အကြောင်းမရှိဘူး"
"ညီမလေး... ညီမလေးတို့ အားလုံး အလိမ်ခံလိုက်ရတာ။ ညီမလေး ပြောတဲ့ အစ်ကို ထျန်းယီက အစ်မတို့ရဲ့ သူငယ်ချင်း လျိုချင်းယန်ပါ။ ဖန်ရှောင်ယွင်ကြောင့် ဒဏ်ရာရပြီး သွေးကြောတွေ ရှုပ်ထွေးသွားရာကနေ အတိတ်မေ့သွားတာ။ အဲ့ဒါကြောင့် ဖန်ရှောင်ယွင်က သူ့ကို အသုံးချပြီး အစ်မတို့ကို အပြစ်ပုံချဖို့အတွက် ကျောက်စိမ်းမြို့ဆီ လှည့်စားခေါ်လာခဲ့တာပါ"
မြောင်ချင်းချင်းက ရှင်းပြလိုက်တော့သည်။
"ဒါ..."
ဇီချင်းမှာ ဘယ်သူ့ကို ယုံရမှန်း မသိတော့ပေ။ ဖုန်းဝူချန်နှင့် အဖွဲ့သားများက လူဆိုးပုံ မပေါက်သော်လည်း၊ သူတို့က အလွန် စွမ်းအားကြီးမားနေသည်။
'လောလောဆယ် သူတို့ကို ယုံကြည်လိုက်ဦးမယ်။ အစ်ကို ထျန်းယီကို ရှာတွေ့ပြီး အကြောင်းစုံ မေးကြည့်မှ အဖြေမှန်ကို သိရမယ်။ အဖေနဲ့ အစ်ကို ရွှေရှန်းကို အလကား အသေမခံနိုင်ဘူး..'
ဇီချင်းက စိတ်ထဲတွင် တွေးလိုက်သည်။ ဖုန်းဝူချန်နှင့် အဖွဲ့သားများကို မယုံတစ်ဝက်ယုံ၊ယုံတစ်ဝက်…ဖြစ်နေသော်လည်း၊ အလွန် သတိထားနေဆဲ ဖြစ်သည်။
အသက်ရှင်သန်လိုစိတ်ကြောင့် ဇီချင်းအနေဖြင့် သူတို့ကို ယာယီ ယုံကြည်လိုက်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။
"သူတို့ကို ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ပါ။ ပြီးရင် ဒီကောင်မလေးကို ဒီနေရာကနေ ခေါ်သွားပေးလိုက်။ ဒီမှာ ဆက်နေရင် သူ့အတွက် အရမ်း အန္တရာယ်များတယ်"
ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်သည်။
အဖွဲ့သားများ ဝိုင်းဝန်းကူညီမှုဖြင့် ကျောက်စိမ်းမြို့သားများကို မြေမြှုပ်သင်္ဂြိုဟ်ပေးပြီးနောက်... ဖုန်းဝူချန်နှင့် အဖွဲ့သားများ ထွက်ခွာခဲ့ကြ၏။
ဖုန်းဝူချန်နှင့် ဖန်ရှောင်ယွင်တို့၏ သေရေးရှင်ရေး တိုက်ပွဲမတိုင်မီ လေးရက် လိုပါသေးသည်။
ထိုအတွက် ဖုန်းဝူချန်သည်လည်း အချိန်တိုင်းကို အသုံးချပြီး ကျင့်ကြံနေ၏။
မကျင့်ကြံမီ ဖုန်းဝူချန်သည် လက်အိတ် လက်နက် တစ်စုံကို ဖန်တီးခဲ့သေးသည်။ 'ရှေးဦး နဂါးနတ်ဘုရား လက်သီး' သိုင်းကွက်သည် အလွန်အမင်း စွမ်းအားကြီးမားပြီး ပြင်းထန်သော်လည်း၊ လက်အိတ် လက်နက်နှင့် တွဲဖက်အသုံးပြုပါက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။
—------
ဖန်ရှောင်ယွင်နှင့် ဖုန်းဝူချန်တို့၏ တိုက်ပွဲသတင်းသည် ထျန်းယွမ်ဘုံ တစ်ခုလုံးရှိ အင်အားစုကြီးငယ်မရွေး အာရုံစိုက်ခြင်းကို ခံနေရသည်။
ယခုအချိန်တွင် ထျန်းယွဲ့တောင်ထိပ်၌ ထျန်းယွဲ့ဂိုဏ်းမှ တည်ဆောက်ထားသော တိုက်ပွဲစင်မြင့်ကြီး ပြီးစီးနေပြီဖြစ်ပြီး၊ ထျန်းယွမ်ဘုံ အနှံ့အပြားမှ အင်အားစုများနှင့် စွမ်းအားရှင်များ ထိုနေရာသို့ ဦးတည်လာနေကြသည်။
"ဟေး... ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ် ထင်လဲ"
"မေးနေစရာ လိုသေးလို့လား။ သေချာပေါက် သခင်လေးဖန် နိုင်မှာပေါ့။ ဖုန်းဝူချန်ရဲ့ အစွမ်းက သာမန် ပါရမီရှင်လောက်ကိုပဲ အနိုင်ကျင့်လို့ ရမှာ။ သခင်လေးဖန်ကို နိုင်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်နေသလိုပဲ"
"ဖုန်းဝူချန်က သုံးလနေရင် သခင်လေးဖန်ကို စိန်ခေါ်မယ်လို့ ပြောထားတာ မဟုတ်လား။ အခု သူ ပေါ်တောင် ပေါ်လာပါ့မလား မသိဘူး။ သူ့အတွက်သူ ထွက်ပေါက်ရှာထားတာပဲ နေမှာပါ"
"ဟုတ်တယ်.. ဖုန်းဝူချန်က ထျန်းယွမ်ဘုံ ပဉ္စမအလွှာပဲ ရှိသေးတာ။ သုံးလနေလို့ သတ္တမအလွှာ ရောက်သွားရင်တောင် သခင်လေးဖန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အကြီးအကဲ 'ရန်' ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက်... သခင်လေးဖန်က ဒီတိုက်ပွဲကို အခွင့်ကောင်းယူပြီး သူ့ကို သေချာပေါက် သတ်ပစ်မှာ"
ဤသို့ဤပုံလျှင်၊ တိုက်ပွဲ မစခင်ကတည်းက စောစီးစွာ ရောက်ရှိနေကြသော ကျင့်ကြံသူများသည် အကြိတ်အနယ် ဆွေးနွေးငြင်းခုံနေကြလေတော့သည်။