← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂) - တိုက်ပွဲကြီး စတင်ခြင်း

~လေးရက်တာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

လေးရက်တိုင်တိုင် ပြင်းထန်စွာ ကျင့်ကြံပြီးနောက်... ဖုန်းဝူချန်သည် သူ၏ ကျင့်ကြံရာနေရာမှ ထွက်လာခဲ့၏။

'ကိုးထပ်ချန်ခွန်းမျှော်စင်' ၏ သတ္တမအလွှာ ဟင်းလင်းပြင်တွင် ကျင့်ကြံခဲ့သဖြင့်၊ ဖုန်းဝူချန်သည် ပြင်ပကမ္ဘာ၏ အချိန် လေးရက်နှင့် ညီမျှသော ရှစ်ရက်တာ ကျင့်ကြံချိန်ကို ရရှိခဲ့သည်။

ရှစ်ရက်တိုင်တိုင် မနားမနေ ကျင့်ကြံခဲ့သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ တိုးတက်လာရုံသာ ရှိပြီး၊ 'ထျန်းယွမ်ဘုံ' နဝမအလွှာ အထွတ်အထိပ်သို့ပင် မရောက်ရှိသေးသလို 'ကောင်းကင်ဘုံလူသား'ဘုံသို့လည်း ချိုးဖြတ်တက်ရောက်နိုင်ခြင်း မရှိသေးပေ။

ဤအချက်က ပေတိုယန်နှင့် အခြားသူများကို အလွန်အမင်း စိုးရိမ်ပူပန်စေသည်။

ဖန်ရှောင်ယွင်သည် 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ၊ 'ကောင်းကင်ဘုံလူသား'ဘုံတွင် တစ်ဆင့်ကွာရုံမျှဖြင့် စွမ်းအားကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ ကြီးမားလှပေသည်။

ဖုန်းဝူချန်သည် သူ၏ သွေးကြောထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို နိုးထစေနိုင်ခဲ့လျှင်ပင်၊ ဖန်ရှောင်ယွင်ကို အနိုင်ရရန် မသေချာသေးပေ။

ထျန်းယွဲ့တောင်သို့ သွားရာလမ်းတွင် ပေတိုယန်က မနေနိုင်တော့ဘဲ မေးလိုက်၏။

"ဆေးဧကရာဇ်... ဘယ်လောက် ယုံကြည်မှု ရှိလဲဟင်”

"ယုံကြည်မှု လုံးဝ မရှိဘူး"

ဖုန်းဝူချန်က ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။

"အာ... ယုံကြည်မှု လုံးဝ မရှိဘူးလား"

ချီဟွမ်နှင့် အခြားသူများ၏ မျက်နှာထားများမှာ တစ်ပြိုင်နက် ပြောင်းလဲသွားကြသည်။

‘ယုံကြည်မှု မရှိဘဲနဲ့ ဘာသွားတိုက်ခိုက်မှာလဲ။ ဒါ သေလမ်းရှာနေတာ မဟုတ်ဘူးလား။’

ဖန်ရှောင်ယွင်က တိုက်ပွဲနေ့တွင် ဖုန်းဝူချန်ကို သတ်ပစ်မည်ဟု လူသိရှင်ကြား ကြေညာထားပြီးသား ဖြစ်သည်။ စကားကို ထုတ်ပြောပြီးပြီဖြစ်၍ ဖန်ရှောင်ယွင်သည် သေချာပေါက် သူပြောသည့်အတိုင်း လုပ်ဆောင်ပေလိမ့်မည်။

ချီဟွမ်နှင့် အခြားသူများ ထိတ်လန့်သွားသည်ကို မြင်လိုက်ရသောအခါ၊ ဖုန်းဝူချန်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပြော၏။

"အဲ့ဒါက အခုလောလောဆယ် အခြေအနေကို ပြောတာပါ"

"အစ်ကိုဖုန်း.. ကျွန်မတို့ အသက်တွေက ရှင့်လက်ထဲမှာနော်... ပြီးတော့ အစ်ကိုလျိုရဲ့ အသက်လည်းပါတယ်.."

မြောင်ချင်းချင်းက ဖုန်းဝူချန်ကို အလေးအနက် စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမ တကယ် ကြောက်လန့်နေပြီ ဖြစ်သည်။

‘ဘာလဲ၊ ဆေးဧကရာဇ်က အဲ့ဒီ လျှို့ဝှက်စွမ်းအားကို ထိန်းချုပ်နိုင်သွားပြီများလား’

နန်းကုန်းကျန့်က မျက်မှောင်အနည်းငယ် ကြုတ်လျက် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

ထျန်းယွဲ့တောင်တွင် ထိုအချိန်၌ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည့်နှက်နေပြီဖြစ်ရာ လူပင်လယ်ကြီး တစ်ခုသဖွယ် ဖြစ်နေ၏။

ထျန်းယွဲ့ဂိုဏ်း၊ ကောင်းကင်မီး တောင်ပေါ်စံအိမ်၊ ယဲ့မိသားစု၊ ပိုင်မိသားစု၊ ခရမ်းရောင်တိမ်တိုက် စံအိမ်၊ မင်ဘုရင်ဂိုဏ်း စသည့် အင်အားစုကြီးများမှ ခေါင်းဆောင်ပိုင်းများနှင့် ပါရမီရှင် တပည့်များသည်လည်း ထျန်းယွဲ့တောင်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသော ထျန်းယွဲ့တောင်သည် ယနေ့တွင်မူ ထူးကဲစွာ စည်ကားသိုက်မြိုက်နေ၏။

ထျန်းယွဲ့တောင်ထိပ်တွင် ကြီးမားသော တိုက်ပွဲစင်မြင့်ကြီးတစ်ခုကို တည်ဆောက်ထားပြီး၊ ဖန်ရှောင်ယွင်သည် စင်မြင့်ထက်တွင် ပျံဝဲနေလျက် ဖုန်းဝူချန် ရောက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

ရောက်ရှိနေသော လူတိုင်းသည် သုံးလအကြာတွင် ဖုန်းဝူချန်တစ်ယောက် ဖန်ရှောင်ယွင်ကို အနိုင်ယူနိုင်မလား ဆိုသည်ကို သိချင်နေကြသည်။

ဖုန်းဝူချန်၏ ရဲရင့်သော စကားများက လူများကို မျှော်လင့်ချက် ကြီးမားစွာ ထားရှိစေခဲ့သည်မှာ အမှန်ပင်။

"ဖန်ရှောင်ယွင်က 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာကို ရောက်နေပြီ။ ဆေးဧကရာဇ်က သူ့ကို နိုင်ပါ့မလား မသိဘူး"

ယီထျန်းချင်းက မျက်မှောင်ကြုတ်လျက် ဖန်ရှောင်ယွင်ကို စိုက်ကြည့်နေသည်။

လပေါင်းများစွာ ကျင့်ကြံပြီးနောက်... ယီထျန်းချင်း၏ စွမ်းအားမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း၊ 'ကောင်းကင်ဘုံလူသား' တတိယအလွှာသို့ ချိုးဖြတ်တက်ရောက်နိုင်ခြင်း မရှိသေးပေ။

သူ၏ လက်ရှိစွမ်းအားဖြင့် ဖန်ရှောင်ယွင်၏ ကျော်တက်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။

ယီထျန်းချင်းအပြင် ပိုင်မိ၊ ယဲ့ကူချန်၊ လေ့ထျန်းကျွယ် နှင့် အခြားသော ပါရမီရှင်များလည်း တိုက်ပွဲရလဒ်ကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

ထိုအချိန်တွင် ယီထျန်းချင်းနှင့် လေ့ထျန်းကျွယ်တို့သည် အခြားတစ်ယောက်ကိုပါ သတိပြုမိလိုက်ကြသည်။ ထိုသူမှာ လျိုချင်းယန် ဖြစ်သည်။

လျိုချင်းယန်က ဘာကြောင့် ထျန်းယွဲ့ဂိုဏ်းနှင့် အတူရှိနေပြီး၊ ဖန်ရှောင်ယွင်၏ ဘေးတွင် ရှိနေရသနည်း ဟူသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။

တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ လျိုချင်းယန်က ဖုန်းဝူချန်ကို သစ္စာဖောက်သွားတာများလား။

လျိုချင်းယန်သည်လည်း သူ့ကို စိုက်ကြည့်နေသော ပုံမှန်မဟုတ်သည့် အကြည့်များစွာကို သတိထားမိလိုက်သည်။ သို့သော် သူ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ သိပ်ပြီး ဂရုမစိုက်တော့ပေ။

"လွန်ခဲ့တဲ့ သုံးလတုန်းက ဖုန်းဝူချန်က ပိုင်မိကို အနိုင်ယူနိုင်တဲ့ စွမ်းရည် ရှိခဲ့တယ်။ အခုတော့ ဖုန်းဝူချန်ရဲ့ စွမ်းအား ဘယ်လောက် တိုးတက်လာမလဲ မသိဘူး"

လူအများက မနားတမ်း ဆွေးနွေးငြင်းခုံနေကြသည်။

"ရွှစ်... ရွှစ်... ရွှစ်.."

လူအများ ပြောဆိုနေကြစဉ်မှာပင်... ကောင်းကင်ယံထက်မှ လေကိုခွင်းသော အသံများ ထွက်ပေါ်လာပြီး ကြည့်ရှုသူအများ၏ အာရုံကို ဖမ်းစားသွား၏။

"ဖုန်းဝူချန် ရောက်လာပြီ.."

တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

မူလက စည်ကားနေသော ပွဲခင်းကြီးသည် ထိုအော်ဟစ်သံကြောင့် ချက်ချင်းဆိုသလို ပေါက်ကွဲသွားတော့မတတ် ဆူညံသွား၏။

စင်မြင့်ထက်တွင် ပျံဝဲနေသော ဖန်ရှောင်ယွင်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ဖုန်းဝူချန်နှင့် အဖွဲ့သားများ ရှိရာသို့ လှမ်းကြည့်လိုက်၏။

"နောက်ဆုံးတော့... မင်း ရောက်လာပြီပေါ့.."

လျိုချင်းယန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး၊ ရက်စက်သော လူသတ်လိုစိတ်များ လက်ခနဲ ဖြတ်သန်းသွား၏။

လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းရောက်ရှိလာကြသည်။ ပေတိုယန်နှင့် အခြားသူများက အောက်သို့ ဆင်းသက်လိုက်ကြပြီး၊ ဖုန်းဝူချန်ကမူ ကောင်းကင်ယံထက်တွင် ကျန်ရစ်နေခဲ့သည်။

"ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှု အနက်အရှိုင်းကို ခန့်မှန်းဖို့ ခက်နေပေမဲ့... သူက အရမ်း စွမ်းအားကြီးပုံ ရတယ်.."

"ဖုန်းဝူချန်နဲ့ သူ့အဖွဲ့သားတွေ အားလုံး ကျင့်ကြံမှု အဆင့်တွေ အများကြီး တက်လာကြတာပဲ.. သခင်လေးဖန်ရဲ့ ပါရမီနဲ့တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး"

"ဟုတ်တယ်... ငါလည်း သတိထားမိတယ်"

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး၊ ပေတိုယန်နှင့် အခြားသူများ၏ ကျင့်ကြံမှု အဆင့်များစွာ တိုးတက်လာသည်ကို သတိထားမိလိုက်ကြသဖြင့် အားလုံး၏ မျက်နှာများတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေ၏။

ထျန်းယွဲ့ဂိုဏ်းမှ အဆင့်မြင့် အရာရှိများ၏ မျက်နှာထားများမှာလည်း လေးနက်သွားကြသည်။

ဖုန်းဝူချန် ပေါ်လာခြင်းသည် ကောင်းကင်မီး တောင်ပေါ်စံအိမ်၊ ပိုင်မိသားစု၊ ယဲ့မိသားစု၊ ခရမ်းရောင်တိမ်တိုက် စံအိမ်၊ မင်ဘုရင်ဂိုဏ်း စသည့် အင်အားစုကြီးများမှ ခေါင်းဆောင်များ၏ လေးစားမှုကို ရရှိစေခဲ့သည်။

ဖုန်းဝူချန်၏ နောက်လိုက်ရန် ဆန္ဒရှိကြသော ပါရမီရှင်များစွာမှာလည်း မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြ၏။

"အစ်ကိုလျို..."

မြောင်ချင်းချင်း၏ အကြည့်များက လျိုချင်းယန်၏ ပုံရိပ်ကို ရှာတွေ့သွားသည်။

လျိုချင်းယန်၏ အကြည့်နှင့် မြောင်ချင်းချင်း၏ အကြည့်တို့ ဆုံတွေ့သွားကြသည်။ လျိုချင်းယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။

'ဘာလို့ ဒီမိန်းကလေးကို ရင်းနှီးနေသလို ခံစားနေရတာပါလိမ့်...'

လျိုချင်းယန်က တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်သော်လည်း၊ ခေါင်းကိုက်လာသဖြင့် ဆက်မစဉ်းစားတော့ပေ။

"ဖုန်းဝူချန်... မင်း တကယ် လာရဲတာပဲ.."

ဖန်ရှောင်ယွင်က လှောင်ပြောင်သရော်လိုက်ပြီး၊ သူ၏ မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွား၏။

"ငါ ဘာလို့ မလာရဲရမှာလဲ"

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ဒါဆိုရင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့.. လာစမ်း.."

ဖန်ရှောင်ယွင်က ခေါင်းကို အနည်းငယ် မော့လိုက်ပြီး၊ လက်ညှိုးကွေးကာ ဖုန်းဝူချန်ကို မောက်မာစွာ စိန်ခေါ်လိုက်၏။

"ဝုန်း.."

ဖုန်းဝူချန်က သူ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး 'ချီလင်' သံချပ်ကာနှင့် 'နဂါးနတ်ဘုရားဓား' ကို ဆင့်ခေါ်လိုက်၏။ မျက်စိကျိန်းမတတ် စူးရှသော သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူ၏ အရှိန်အဝါက ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် မြင့်တက်လာရာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင်... ဖုန်းဝူချန်၏ အရှိန်အဝါသည် 'ထျန်းယွမ်ဘုံ' နဝမအလွှာမှနေ၍ 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာ အဆင့်သို့ ရောက်ရှိသွားသည်။

"သူ့ကျင့်ကြံမှုက နည်းနည်းပဲ တိုးတက်လာတာပဲ... ငါ ထင်ထားတဲ့အတိုင်းပါလား"

ဟု ဖန်ရှောင်ယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ပြော၏။

"ရှီး..."

ဖုန်းဝူချန်၏ အလွန်အမင်း အားပြင်းသော ခွန်အားကို ခံစားလိုက်ရသဖြင့်၊ ပွဲခင်းထဲရှိ လူတိုင်း မှင်သက်သွားကြပြီး မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်ကာ ခန္ဓာကိုယ်များ တုန်ရီလာကြ၏။

"ထျန်းယွမ်ဘုံ နဝမအလွှာ.."

"သုံးလအတွင်း လေးဆင့်တောင် ခုန်ပျံတက်နိုင်ခဲ့တယ်.."

"ကောင်းကင်ဘုံလူသား ဒုတိယအလွှာရဲ့ စွမ်းအားပါလား.. ကြောက်စရာကောင်းလိုက်တာ.."

ပွဲခင်းတစ်ခုလုံး ပွက်ပွက်ဆူသွားပြီး အာမေဋိတ်သံများ မိုးကောင်းကင်သို့တိုင် ညံသွား၏။

"ဆေးဧကရာဇ်ရဲ့ တိုးတက်မှုက တကယ်ကို အံ့မခန်းပါပဲလား.."

ကောင်းကင်ဘုံ နယ်မြေရှိ အင်အားစုကြီးများမှ ခေါင်းဆောင်များနှင့် ပါရမီရှင်များမှာ အလွန်အမင်း တုန်လှုပ်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြရသည်။

‘ပါရမီရှင်ဆိုတာ ဘာလဲ။

သုံးလအတွင်း လေးဆင့် ခုန်ပျံတက်နိုင်ခြင်း... ဒါမှ ပါရမီရှင် အစစ်ကွ..။’

ဖုန်းဝူချန်၏ ရှေ့တွင် ဖန်ရှောင်ယွင်၏ ပါရမီဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။

သို့သော် တုန်လှုပ်မှုသည် တုန်လှုပ်မှုသာ ဖြစ်သည်။

ဖုန်းဝူချန် ပိုင်ဆိုင်ထားသော စွမ်းအားဖြင့် ဖန်ရှောင်ယွင်ကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်သေးပေ။

ထိုအချက်ကို ရောက်ရှိနေသော လူတိုင်း ရှင်းရှင်းလင်းလင်း သိထားကြ၏။

"ဝုန်း.."

ဖုန်းဝူချန်က စကားကို အပိုကုန်မခံတော့ဘဲ၊ အတောင်ပံများကို ခတ်လိုက်ကာ စူးရှသော အသံဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ ပုံရိပ်သည် သွေးရောင်အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားပြီး၊ မူလနေရာတွင် အားပြင်းသော လေပွေတစ်ခုကို ချန်ထားရစ်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်... ဖုန်းဝူချန်သည် ပစ်မှတ်ဆီသို့ ရောက်ရှိသွားပြီး၊ 'နဂါးနတ်ဘုရားဓား' ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အထက်စီးမှနေ၍ ပြင်းထန်ပြီး ထက်မြက်သော တိုက်ခိုက်မှုဖြင့် ခုတ်ပိုင်းချလိုက်၏။

"ချွင်.."

"ဝုန်း.."

ဖန်ရှောင်ယွင်က ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ပို၍ပင် မထီမဲ့မြင် ပြုလိုက်ပြီး၊ လက်မောင်းကို မြှောက်ကာ ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို လွယ်လွယ်ကူကူပင် ခုခံလိုက်၏။ ကြည်လင်ပြတ်သားသော သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာသည်။

"အလကား အပင်ပန်းမခံပါနဲ့ကွာ.."

ဖန်ရှောင်ယွင်က မထီမဲ့မြင် ပြောလိုက်သည်။

"ကိုးထပ်ချန်ခွန်းမျှော်စင်.."

ဖုန်းဝူချန်က ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး၊ ပေပေါင်းများစွာ မြင့်မားသော မျှော်စင်ကြီးကို ဆင့်ခေါ်လိုက်၏။ ရွှေရောင် အခင်းအကျင်း တစ်ခုက အပေါ်မှ လွှမ်းခြုံထားပြီး၊ လွှမ်းမိုးကြီးစိုးသော ဖိနှိပ်မှု စွမ်းအား တစ်ခု သက်ဆင်းလာရာ ဖန်ရှောင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို အလွှာဝက်ခန့် သို့မဟုတ် ထို့ထက်ပို၍ လျော့ကျသွားစေသည်။

"ဟွန့်.."

ဖန်ရှောင်ယွင်က 'ကိုးထပ်ချန်ခွန်းမျှော်စင်' ၏ ဖိနှိပ်မှုကို လုံးဝ ဂရုမစိုက်ဘဲ မောက်မာစွာ လှောင်ပြောင်လိုက်၏။

"မင်းရဲ့ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို ထုတ်သုံးလိုက်စမ်းပါ.. မဟုတ်ရင် မင်းကို နေရာတင် သတ်ပစ်လိုက်မယ်..”

အခန်း (၄၄၃) - ပါရမီရှင်များ၏ တိုက်ပွဲ

~'ဝိညာဉ်ပြတ်တောင်ကြား' က တိုက်ပွဲတုန်းက ဖုန်းဝူချန်၏ ဓားသိုင်းကွက်တွေကြောင့် အထိနာခဲ့ရသော အဖြစ်အပျက်ကို ဖန်ရှောင်ယွင်က ယခုထိ စိတ်နာနေတုန်းပင်။

သို့ကြောင့်၊ ဒီတစ်ခါမှာတော့... ဖန်ရှောင်ယွင်က ကောင်းကင်ဘုံနယ်မြေက လူတွေအားလုံး၏ ရှေ့မှောက်မှာ အနိုင်ယူပြပြီး သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်နေသည်။ ဖုန်းဝူချန်ကို အစွမ်းကုန် ချေမှုန်းပစ်ဖို့ စိတ်ပိုင်းဖြတ်ထားလေ၏။

"ဝီ... ဝီ..."

မူလ စွမ်းအားတွေက တဟုန်ထိုး ထွက်ပေါ်လာပြီး၊ ဖန်ရှောင်ယွင်၏ တစ်ကိုယ်လုံးကနေ ရွှေရောင် အလင်းတန်းတွေ ဖြာထွက်လာလေ၏။ ရှေးဦးခေတ်က အရှိန်အဝါမျိုးနှင့် တူသည့် ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ရုန်းကြွလာပေတော့သည်။

‘ဖန်ရှောင်ယွင်ရဲ့ အရှိန်အဝါက 'ကောင်းကင်ဘုံလူသား' ဒုတိယအလွှာကနေ စတုတ္ထအလွှာအထိ ရုတ်ချည်း မြင့်တက်သွားတာပဲ..’

"ဖန်ရှောင်ယွင်ရဲ့ စွမ်းအားက တော်တော်လေးကို ကြောက်စရာကောင်းလာပါလား"

ကောင်းကင်မီး တောင်ပေါ်စံအိမ် သခင်ကြီး၏ မျက်နှာက တင်းမာသွားပြီး၊ မျက်လုံးထဲမှာ ကြောက်ရွံ့သော အရိပ်အယောင်လေး ဖြတ်သန်းသွား‌၏။

ဖန်ရှောင်ယွင်၏ ပါရမီက အရမ်းကို ထူးကဲလွန်းလှ၏။ မကြာခင်မှာ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို ကျော်တက်သွားတော့မှာ သေချာသလို၊ နောက်နှစ်နည်းနည်းလောက် ကြာလျှင် သည်နေရာက သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေကိုပါ ကျော်တက်သွားနိုင်လောက်ပေသည်။

အင်အားစုကြီးတွေက ခေါင်းဆောင်ပိုင်းတွေလည်း တော်တော်လေး တုန်လှုပ်သွားကြ‌၏။ ဖုန်းဝူချန်က ဖန်ရှောင်ယွင်ကို နိုင်ပါ့မလား ဟူ၍တောင် စိုးရိမ်လာကြလေ၏။

ဖုန်းဝူချန်က အားနည်းလွန်း၍တော့ မဟုတ်ပေ။

ဖန်ရှောင်ယွင်၏ စွမ်းအားက သာမန်ထက် ထူးကဲလွန်းနေခြင်းသာ ဖြစ်‌ပါ၏။

"ဝုန်း.."

ဖုန်းဝူချန်က အရင်ဆုံး စတင်တိုက်ခိုက်လိုက်‌၏။ သူ့ပုံရိပ်က မြှား တစ်စင်းလို ပစ်ခွင်းသွားပြီး၊ အတောင်ပံတွေကို ခတ်လိုက်တိုင်း မိုးခြိမ်းသံလို အသံကြီးတွေ ထွက်ပေါ်လာကာ အရှိန်က ပိုပို မြန်လာလေ၏။

"နဂါးနတ်ဘုရားအရိပ်.."

လမ်းတစ်ဝက်မှာတင် ဖုန်းဝူချန်က သူ၏ ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်‌၏။ အသံထက် ပိုမြန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားလိုက်တာကြောင့် သူ့ပုံရိပ်က ပျောက်ကွယ်သွားသလိုပင် ဖြစ်နေလေတော့သည်။

ကျင့်ကြံမှု နိမ့်ကျသူတွေဆိုလျှင် ဖုန်းဝူချန် ဘယ်ရောက်သွားမှန်းတောင် မြင်ရမှာ မဟုတ်ပေ။

"ဒီကောင်လေးရဲ့ အမြန်နှုန်းက ဘယ်လိုလုပ် ဒီအဆင့်ထိ ရောက်နိုင်ရတာလဲ။ ဘယ်လို ကိုယ်ဖော့ပညာမျိုးကို သုံးနေတာလဲ"

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးတောင် အံ့ဩတကြီး ရေရွတ်လိုက်မိ‌၏။

"သူ့အမြန်နှုန်းက 'ကောင်းကင်ဘုံလူသား' တတိယအလွှာလောက် ရှိနေပြီ.."

ရောက်ရှိနေကြသော ကျွမ်းကျင်ပညာရှင် တော်တော်များများလည်း ဖုန်းဝူချန်၏ အမြန်နှုန်းကို ကြည့်ပြီး အံ့အားသင့်ကာ မှတ်ချက်ပြုကြလေ၏။

ဖုန်းဝူချန်က 'ထျန်းယွမ်ဘုံ' နဝမ အလွှာသာ ရှိသေးသည်လေ။ သို့သော်၊ ပိုင်ဆိုင်ထားသော အမြန်နှုန်းက 'ကောင်းကင်ဘုံလူသား' တတိယအလွှာနှင့် ညီမျှနေတာ ဖြစ်‌၏။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ... ဖုန်းဝူချန်က သရဲတစ္ဆေတစ်ကောင်လို ဖန်ရှောင်ယွင်၏ အပေါ်ဘက်သို့ ရောက်ရှိသွားပြီး၊ ဇောက်ထိုးအနေအထားဖြင့် 'နဂါးနတ်ဘုရားဓား' အား ရက်ရက်စက်စက် ထိုးစိုက်ချလိုက်လေတော့သည်။

အကယ်၍ ဖန်ရှောင်ယွင်သာ မရှောင်နိုင်ခဲ့လျှင်... သေချာပေါက် ခေါင်း ပေါက်ထွက်သွားမှာပဲ ဖြစ်‌၏။

"မင်း အမြန်နှုန်းက နှေးလွန်းတယ်.."

ဖန်ရှောင်ယွင်က အေးစက်စက် ရယ်မောလိုက်ပြီး၊ ဖုန်းဝူချန် ဘယ်နားရောက်နေလဲဆိုတာကို ကြိုသိနေပုံရလေ၏။

"ဝုန်း.."

စကားဆုံးသည်နှင့် ဖန်ရှောင်ယွင်၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်းဝူချန်ရဲ့ ဗိုက်ကို လက်သီးဖြင့် ထိုးနှက်လိုက်‌၏။ ဖုန်းဝူချန်ခမျာ မီတာတစ်ထောင်လောက်အထိ လွင့်ထွက်သွားရရှာ‌၏။

"မြန်လိုက်တာ.."

ဖုန်းဝူချန် တော်တော်လေး လန့်သွားမိ‌၏။

"ဖန်ရှောင်ယွင်ရဲ့ အမြန်နှုန်းက ဆေးဧကရာဇ်ထက် ပိုသာနေပါလား.."

ပေတိုယန်နှင့် အဖွဲ့သားတွေ စိတ်ပူသွားကြလေ၏။

"ဖုန်းဝူချန်က သခင်လေးဖန်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူးကွာ"

"ဒီလောက် အဆင့်မြင့်တဲ့ ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားပြီးမှ ဒုတိယအဆင့်ပဲ ရှိသေးတာ နှမြောစရာပဲ။ ဖုန်းဝူချန် ရှုံးမှာ သေချာသလောက်ပဲ"

တိုက်ပွဲက အခုမှ စသေးသော်ငြား၊ ဖုန်းဝူချန်က အထိနာနေပြီဆိုတော့ ကြည့်ရှုသူတွေ အားလုံးက ခေါင်းခါကာ ဝေဖန်နေကြ‌၏။

"ဝုန်း.."

ဖန်ရှောင်ယွင်က ဒူးကို နည်းနည်းကွေးလိုက်ပြီး၊ ရုတ်တရက် အားကုန်သုံးကာ ကောင်းကင်ပေါ်ကို ပျံတက်သွား‌၏။ ရွှေရောင် အလင်းတန်း တစ်ခုလို ဖြစ်သွားပြီး ဖုန်းဝူချန်ထက်တောင် ပိုမြန်နေသေးလေ၏။

ဖုန်းဝူချန်၏ မျက်နှာထား ပြောင်းလဲသွား‌၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မျှော်စင်ကြီးတစ်ခုကို ဆင့်ခေါ်လိုက်‌၏။

ဖုန်းဝူချန်၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ 'ကိုးထပ်ချန်ခွန်းမျှော်စင်' ၏ စွမ်းအားကလည်း ပိုမို ကြီးမားလာပြီး ခံစစ်စွမ်းအားကလည်း ပိုကောင်းလာ‌၏။

"ဝုန်း.."

ဖန်ရှောင်ယွင်က လက်ဝါးတစ်ချက်နှင့် မျှော်စင်ကြီးကို ရိုက်ချလိုက်လေ၏။ ကြေးစည်တီးသံလို ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး မျှော်စင်ကြီး တစ်ခုလုံး တုန်ခါသွားကာ ကောင်းကင်ယံထက်ကို လွင့်ထွက်သွားလေတော့သည်။

"မင်းရဲ့ မျှော်စင်ကို ငါ ရိုက်ခွဲပြမယ်.. နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ.. ရေခဲဝိညာဉ် လက်သီး သုံးထောင်.."

ဖန်ရှောင်ယွင်က ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး၊ သူ့ လက်၌ အလွန် ပြင်းထန်သည့် ရေခဲစွမ်းအားများ စုစည်းကာ မျှော်စင်ကြီးကို ထိုးနှက်လိုက်‌၏။

"ရွှစ်.."

"ဝီ... ဝီ..."

ပေငါးဆယ်၊ ခြောက်ဆယ်လောက် ကြီးမားသော ရေခဲလက်သီးကြီးက ရေခဲတောင်ကြီး တစ်ခုလို ကောင်းကင်ယံထက်ကို ပျံတက်သွားပြီး၊ ဟင်းလင်းပြင် တစ်ခုလုံးအား တွန့်လိမ်သွားစေ‌၏။

ရုတ်ချည်းပင်၊ မျှော်စင်ကြီးသည် ဖုန်းဝူချန်၏ စိတ်ဆန္ဒအတိုင်း... စတင် လည်ပတ်လာပြီး၊ မျှော်စင်အပေါက်ဝမှ စုပ်ယူမှု စွမ်းအားများ ထွက်ပေါ်လာလေ၏။

ကြည့်ရှုသူတွေ အားလုံး အံ့အားသင့်နေသော မျက်လုံးများ အကြားမှာပင်... ဖန်ရှောင်ယွင်၏ ကြောက်မက်ဖွယ် ရေခဲလက်သီးကြီးက မျှော်စင်ထဲသို့ စုပ်ယူခံလိုက်ရ‌၏။

"ရှီး..."

ဒီမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူတွေ အားလုံး အံ့သြလွန်း၍ အသက်ရှူဖို့တောင် မေ့သွားကြ‌၏။

"စုပ်ယူလိုက်တယ်.."

ဖန်ရှောင်ယွင်လည်း နည်းနည်းတော့ ကြောင်သွားလေ၏။

ဖုန်းဝူချန်၏ 'ကိုးထပ်ချန်ခွန်းမျှော်စင်' က ဖိနှိပ်မှု စွမ်းအား ရှိရုံသာ မကဘဲ၊ စွမ်းအားတွေကိုပါ စုပ်ယူနိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြ‌ပေ။

"မင်းရဲ့ ရတနာက တကယ် မဆိုးဘူးပဲ.."

ဖန်ရှောင်ယွင်က လှောင်ပြောင်သလို ရယ်မောလိုက်ပြီး‌နောက်၊ မျက်လုံးထဲမှာ ရက်စက်သော အရိပ်အယောင်တွေ ဖြတ်သန်းသွား‌၏။

'ဖန်ရှောင်ယွင်က ကောင်းကင်ဘုံလူသား ဒုတိယအလွှာကို ရောက်နေပြီ။ သူ့စွမ်းအားက ငါ့ထက် အများကြီး သာလွန်နေတယ်။ ကိုးထပ်ချန်ခွန်းမျှော်စင်လည်း သူ့ကို ဘာမှ လုပ်လို့ မရဘူး'

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှာ တွက်ချက်နေမိ‌၏။

"ဝုန်း.."

ဖန်ရှောင်ယွင်က နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်လာပြန်လေ၏။

သည်တစ်ခါတော့ မျှော်စင်ကြီးဆီ မဟုတ်ဘဲ ဖုန်းဝူချန်ဆီသို့ တန်းတန်းမတ်မတ် လာခြင်းတည်း။ သူ၏ အရှိန်ကြောင့် ထျန်းယွဲ့တောင် တစ်ခုလုံး တုန်ဟီးသွားမတတ်ပင်။

"လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း.."

ဖုန်းဝူချန်က စိတ်ထဲကနေ အော်ဟစ်လိုက်ပြီး၊ သူ့ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွား‌၏။

"အရှိန်အဝါကို အာရုံခံလို့ မရတော့ဘူး.."

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး မျက်မှောင်ကြုတ်သွားပြီး မျက်နှာထား လေးနက်သွား‌၏။

"သူ တကယ်ကြီး ပျောက်သွားတာပဲ.."

ပရိသတ်တွေ အားလုံး ဆူညံသွားကြပြီး အံ့အားသင့်ကာ အော်ဟစ်လိုက်ကြ‌၏။

ဖန်ရှောင်ယွင် မျက်မှောင် နည်းနည်း ကြုတ်လိုက်ပြီး အရှိန်ကို လျှော့ချလိုက်‌၏။

'ဟိုတုန်းက သူ သုံးခဲ့တဲ့ ကိုယ်ဖော့ပညာပဲ..'

"ရွှစ်.."

ဖုန်းဝူချန် ပြန်ပေါ်လာသော အချိန်မှာ... သူက ဖန်ရှောင်ယွင်၏ နောက်ကျောဘက်ကို ရောက်နေ လေပြီ ဖြစ်၏။ ဘယ်သူမှ မထင်မှတ်ထားသော အချိန်၊ ကာကွယ်ဖို့ အခွင့်အရေး မရှိသည့် အချိန်မှာ... 'နဂါးနတ်ဘုရားဓား' က ရက်ရက်စက်စက် ဝင့်ခုတ်လိုက်‌၏။

"ချွပ်.."

ဖန်ရှောင်ယွင်၏ ခန္ဓာကိုယ်မှ နီစွေးသော သွေးတွေ ပန်းထွက်လာလေ၏။ ဖုန်းဝူချန်၏ ဓားချက် ထိသွားတာ သေချာ‌၏။

‘တောက်..’

ဖန်ရှောင်ယွင် မျက်နှာ ပုပ်သိုးသွားပြီး စိတ်ထဲကနေ ကြိမ်းမောင်းလိုက်‌၏။

"သေစမ်း.."

ဖန်ရှောင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်ကို လက်ဝါးဖြင့် ရိုက်ပစ်လိုက်လေ၏။

"ရွှစ်.."

"ဝုန်း.."

"ဒီလက်ဝါးကို ခံလိုက်စမ်း.."

ဖန်ရှောင်ယွင် တိုက်ခိုက်လိုက်‌သော အချိန်မှာပင် ဖုန်းဝူချန်က ထူးဆန်းစွာ ပျောက်ကွယ်သွားပြန်‌၏။ ရှောင်တိမ်းလိုက်သည့် တခဏလေးအတွင်းမှာပဲ ပြန်ပေါ်လာပြီး ဖန်ရှောင်ယွင်၏ ရင်ဘတ်ကို လက်ဝါးချက် တစ်ခု ရိုက်သွင်းလိုက်ရာ ဖန်ရှောင်ယွင် လွင့်ထွက်သွားရ‌၏။

"ရွှစ်... ရွှစ်... ရွှစ်.."

"ချွပ်... ချွပ်... ချွပ်.."

'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' ကို ဆက်တိုက် ထုတ်ဖော်ပြီး ဖုန်းဝူချန်က ရူးသွပ်မတတ် တိုက်ခိုက်နေ‌၏။ ဖန်ရှောင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ ပိုပို များလာပြီး၊ ဝတ်ရုံတစ်ခုလုံး သွေးတွေနှင့် ရဲရဲတောက်နေရ၏။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တန်ပြန်တိုက်စစ်က ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး အပါအဝင်

ရောက်ရှိနေသော လူတိုင်းကို မှင်သက်သွားစေ‌၏။

"ဂိုဏ်းချုပ်လေးဖန်က ပြန်တိုက်ဖို့ အခွင့်အရေးတောင် မရတော့ဘူး.."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဖုန်းဝူချန်ရဲ့ အမြန်နှုန်းက ဂိုဏ်းချုပ်လေးဖန်ထက်တောင် ပိုမြန်နေပါလား"

"ကြောက်စရာကောင်းလိုက်တာ.. ဖုန်းဝူချန်ရဲ့ ကိုယ်ဖော့ပညာက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်ဟ.."

ပွဲခင်း တစ်ခုလုံး အံ့သြတကြီး အော်ဟစ်သံများနှင့် ဆူညံသွား‌၏။

ထျန်းယွဲ့ဂိုဏ်းက လူတွေ၏ မျက်နှာထားတွေ တင်းမာသွားကြ‌၏။ ဖန်ရှောင်ယွင်၏ စွမ်းအားဖြင့် ဖုန်းဝူချန်ကို လွယ်လွယ်လေး အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားကြသည်လေ။ သို့သော်၊ ဖုန်းဝူချန်မှာ ဒီလောက် ဆန်းကြယ်သော ကိုယ်ဖော့ပညာ ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ။

ပေတိုယန်၊ ယီထျန်းချင်းနှင့် တခြား ပါရမီရှင်တွေ၏ မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှားသော အမူအရာတွေ ပေါ်လာကြ‌၏။

ဒါက ဖုန်းဝူချန်အတွက် ဖန်ရှောင်ယွင်ကို အနိုင်ယူဖို့ အကောင်းဆုံး အခွင့်အရေးပင်။

သည်းကြီးမည်းကြီး တိုက်ပွဲကြောင့် လူတိုင်း ရင်တမမ ဖြစ်နေကြပြီး၊ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြလေ၏။

ကောင်းကင်ပေါ်က မြင်ကွင်းက လူတွေ ထင်ထားတာနှင့် လုံးဝ ကွဲပြားခြားနားနေ‌၏။

အခုအချိန်မှာ ဖန်ရှောင်ယွင်က အရေးနိမ့်နေတာ..

ဖုန်းဝူချန်က သူ၏ ကိုယ်ဖော့ပညာ တစ်ခုတည်းနှင့်ပင် ဖန်ရှောင်ယွင်ကို အကြပ်ရိုက်အောင် လုပ်နိုင်နေလေသည်..။

"အကောင်စုတ်.. မင်းကများ..."

ဖန်ရှောင်ယွင်က ဒေါသအိုး ပေါက်ကွဲသွားပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှတ်လိုက်ကာ သူ့ခန္ဓာကိုယ် ပတ်လည်မှာ ရွှေရောင် စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်‌၏။

"ဒင်... ဒင်... ဒင်.."

ဖုန်းဝူချန်၏တိုက်ခိုက်မှုတွေ အားလုံးက စွမ်းအင် အကာအကွယ် အပြင်ဘက်မှာတင် ရပ်တန့်သွားရ‌၏။

နောက်ဆုံးမှာတော့ ခွန်အားကသာ အဓိကတည်း။ မည်မျှ မြန်ဆန်စေကာမူ... လုံလောက်သည့် စွမ်းအား မရှိလျှင် ပြိုင်ဘက်၏ ခံစစ်ကို ဖောက်နိုင်မှာ မဟုတ်ပေ။

"ဂိုဏ်းချုပ်လေးဖန်က..ပြန်တိုက်တော့မယ်.."

ဒီမြင်ကွင်းကို မြင်လိုက်ရသော ဖန်ရှောင်ယွင်၏ ပရိသတ်များက စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလိုက်ကြလေတော့သည်။

အခန်း (၄၄၄) - ပါရမီရှင်များ၏ တိုက်ပွဲ (၂)

~"ဖုန်းဝူချန်... မင်း အသက်ကို ပေးလိုက်စမ်း.."

ဖန်ရှောင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ သူ၏ အစွမ်းရှိသမျှကို အကုန် ထုတ်သုံးလိုက်‌၏။

ပြင်းထန်လှသော အရှိန်အဝါများက ဝိညာဉ်ကို လှုပ်ခတ်စေလောက်အောင် လွှမ်းမိုးနေပြီး အရပ်လေးမျက်နှာကို တုန်လှုပ်သွားစေသည်။

"ဟား.."

ဖန်ရှောင်ယွင်က ကျားတစ်ကောင်လို ဟိန်းဟောက်လိုက်ပြီး၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအား တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ မုန်တိုင်းတစ်ခုသဖွယ် အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွား‌၏။

"အစစ်အမှန်ယွမ် အကာအကွယ်.."

ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ အနက်ရောင် အတောင်ပံများဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံကာ ခံစစ်ပြင်လိုက်‌၏။

"ဝုန်း.."

"ရှီး.."

"ဂျွတ်.."

ကြောက်မက်ဖွယ် ချီစွမ်းအားက မျက်တောင်တစ်ခတ်အတွင်း ဝင်ရောက်တိုက်ခိုက်လိုက်ရာ၊ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖုန်းဝူချန်ကို မီတာတစ်ထောင် အကွာသို့ လွင့်စင်သွားစေ‌၏။ သွေးရောင် စွမ်းအင် အကာအကွယ်တွင် အက်ကြောင်းများ ပြည့်နှက်သွားပြီး အပိုင်းအစများ တစ်စစီ ကြွေကျကုန်‌၏။

ခံစစ်နှစ်ထပ် ကာကွယ်ထားသည့်တိုင်... ဖန်ရှောင်ယွင်၏ ကြောက်မက်ဖွယ် ချီစွမ်းအားကြောင့် ဖုန်းဝူချန်၏ သွေးများ ဆူပွက်လာရသည်။

"ဒီလောက်ထိ ပြင်းထန်တဲ့ စွမ်းအားပါလား.."

ဖုန်းဝူချန်၏ မျက်နှာထား ပို၍ လေးနက်သွား‌၏။

လက်ရှိ ဖန်ရှောင်ယွင်သည် 'ဝိညာဉ်ပြတ်တောင်ကြား' တုန်းကထက် ပို၍ စွမ်းအားကြီးမားနေသည်။

"ဝုန်း..ဝုန်း..ဝုန်း.."

"ဝီ.."

ဖန်ရှောင်ယွင်က လက်ဝါးရိုက်ချက်များကို ဆက်တိုက် ပစ်လွှတ်လိုက်ရာ၊ ရွှေရောင် လက်ဝါး ပုံရိပ် ဆယ်ခုခန့် လေကိုခွင်း၍ ပြေးဝင်လာ‌၏။ လက်ဝါး ပုံရိပ် တစ်ခုစီတိုင်းတွင် ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ကြည့်ရှုသူများမှာ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြ‌၏။

ဖုန်းဝူချန်က သူ၏ စွမ်းအားကို အကန့်အသတ်အထိ တွန်းတင်လိုက်သည်။ 'နဂါးနတ်ဘုရားဓား' ကို ခြေအောက်ရှိ ဟင်းလင်းပြင်တွင် စိုက်ထူလိုက်ပြီး၊ လက်နှစ်ဖက်ဖြင့် ဓားဟန်ပြုလုပ်လိုက်‌၏။

သွေးရောင် အခင်းအကျင်း တစ်ခု သူ့ခြေအောက်တွင် ပေါ်လာပြီး၊ ထူးဆန်းနက်နဲသော သွေးရောင် အင်းကွက်များ ထွက်ပေါ်လာ၏။ တဆက်တည်း၌၊ လွှမ်းမိုးကြီးစိုးသော ဓားစိတ်ဆန္ဒတစ်ခု ဖွဲ့တည်လာ‌၏။ ရုတ်ချည်းပင် သွေးရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံထက်သို့ ထိုးတက်သွား‌၏။

"ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်းပညာ.. နဝမ ကောင်းကင် ဝင်္ကပါ ဖျက်ဆီးခြင်း.."

ပြင်းထန်သော အော်ဟစ်သံနှင့်အတူ ဖုန်းဝူချန်က လက်ချောင်းဖြင့် ကောင်းကင်သို့ ညွှန်လိုက်ရာ၊ ကြီးမားလှသော သွေးရောင်ဓားကြီးတစ်ချောင်း ပေါက်ကွဲထွက်ပေါ်လာ‌၏။ ၎င်း၏ စွမ်းအားမှာ အရာအားလုံးကို လွှမ်းမိုးနိုင်ပြီး အထွတ်အထိပ်သို့ ရောက်ရှိနေ‌၏။

"မြေကမ္ဘာအဆင့် ဓားသိုင်းပညာပါလား.."

လူအုပ်ကြီးက အံ့ဩတကြီး ရေရွတ်လိုက်ကြ‌၏။

"ဂျုန်း... ဂျုန်း... ဂျုန်း.."

"ဝီ.."

ကြောက်မက်ဖွယ် သွေးရောင်ဓားကြီးသည် ရွှေရောင် လက်ဝါး ပုံရိပ်များနှင့် ထိပ်တိုက် တွေ့ဆုံသွား‌၏။ နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ပျက်စီးခြင်း စွမ်းအင်လှိုင်းများက ဒေါသထွက်နေသော လှိုင်းလုံးကြီးများအလား လိမ့်တက်လာ‌၏။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပြန်ကန်ထွက်လာသဖြင့် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာပြန်ပြီး နောက်သို့ လွင့်စင်သွားရပြန်‌၏။

သို့သော် ဖန်ရှောင်ယွင်ကမူ ထိုစွမ်းအင်လှိုင်းများကို ရင်ဆိုင်ရင်း တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရပ်တည်နေ‌၏။ လုံးဝ ထိခိုက်မှု မရှိပေ။

ဖန်ရှောင်ယွင်က လက်ကို ဝှေ့ယမ်းလိုက်ရာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော လေစွမ်းအင်များ ကောင်းကင်ယံထက်သို့ ဖွဲ့တည်လာပြီး၊ စွမ်းအင်လှိုင်းများကို အတင်းအကြပ် ဖြိုခွင်းပစ်လိုက်‌၏။

သန်မာလိုက်တာ.. ယုံနိုင်စရာ မရှိလောက်အောင် သန်မာလွန်းတယ်..

"ဖန်ရှောင်ယွင်ရဲ့ မူလ စွမ်းအားက တော်တော် ကြောက်စရာကောင်းတာပဲ။ ဆေးဧကရာဇ် တောင့်ခံနိုင်ပါ့မလား မသိဘူး.."

ယီထျန်းချင်းက မျက်မှောင်ကြုတ်လျက် တီးတိုးရေရွတ်လိုက်ပြီး စတင် စိုးရိမ်လာ‌၏။

လေ့ထျန်းကျွယ်၊ ပိုင်မိ၊ လော့ယန်နှင့် အခြားသူများ၏ မျက်နှာများတွင်လည်း စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေပြီး လက်ဖဝါးများ ချွေးစို့လာကြ‌၏။

"ဖုန်းဝူချန်... မင်းရဲ့ မြေကမ္ဘာအဆင့် ဓားသိုင်းပညာလောက်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေလား။ ပိုစွမ်းအားကြီးတဲ့ ဓားသိုင်းကွက်ကို ထုတ်သုံးလိုက်စမ်းပါ... မဟုတ်ရင် မင်းမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး.."

ဖန်ရှောင်ယွင်က မောက်မာစွာ လှောင်ပြောင်လိုက်သည်။ သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အရိုးထဲထိ အေးစက်သွားစေနိုင်သော လူသတ်လိုစိတ်များ ထုတ်လွှတ်လိုက်‌၏။

"ဝီ.."

ပြောပြောဆိုဆိုပင် ဖန်ရှောင်ယွင်က လက်ဟန်များ ဖန်တီးလိုက်ရာ ရွှေရောင် အလင်းတန်းများက ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားကာ လူများကို မျက်စိကျိန်းစေ‌၏။

"မြေကမ္ဘာအဆင့် အခြေခံ သိုင်းပညာ.. ကိုး-ချီ ကောင်းကင် အသွင်ပြောင်း လက်ဝါး.."

ဖန်ရှောင်ယွင်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး၊ သူ၏ လက်ဝါးတွင် ပြင်းထန်သော စွမ်းအားများကို စုစည်းကာ မညှာမတာ ရိုက်ထုတ်လိုက်‌၏။

"ဝီ.."

ပေ ခြောက်ဆယ်၊ ခုနစ်ဆယ်လောက် အရွယ်အစား ရှိသော ရွှေရောင် လက်ဝါး ပုံရိပ်ကြီးက လေထုကို ခွင်းလျက် ပြေးဝင်လာ‌၏။ ၎င်းသည် ဗုဒ္ဓ၏ ပြိုင်ဘက်ကင်း လက်ဝါးတော်နှင့် တူပြီး၊ ပြိုင်ဘက်ကင်းသော စွမ်းအားကြောင့် လူများကို အားကိုးရာမဲ့သွားစေကာ အလွန် ခြောက်ခြားသွားစေ‌၏။

"လောကပျက် ကောင်းကင်ဘုံအပြစ်ဒဏ် ဓားချက်.."

ဖန်ရှောင်ယွင်၏ ကြောက်မက်ဖွယ် လက်ဝါး ပုံရိပ်ကို ရင်ဆိုင်ရင်း၊ ဖုန်းဝူချန်သည် နောက်မဆုတ်ဘဲ သူ၏ စွမ်းအား အကုန်လုံးကို 'နဂါးနတ်ဘုရားဓား' ထဲသို့ ထည့်သွင်းလိုက်‌၏။

ဒါကို မြင်တော့ ဖန်ရှောင်ယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး၊

"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ.. အဲ့ဒီသိုင်းကွက်ကို ငါ မြင်ဖူးပြီးသားပါ။ ငါ့ရဲ့ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို မသုံးမချင်း... မင်းက မင်းရဲ့ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို ထုတ်သုံးမှာ မဟုတ်ဘူးနဲ့ တူတယ်.."

"ရွှစ်.."

"ဝီ.."

ဖုန်းဝူချန်က ပြန်မပြောဘဲ 'နဂါးနတ်ဘုရားဓား' ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ ဖြတ်ခုတ်လိုက်‌၏။ ပျက်စီးခြင်း အရှိန်အဟုန်ဖြင့် ပေ ငါးဆယ်၊ ခြောက်ဆယ်ခန့် ကြီးမားသော သွေးရောင် ဓားချီကြီး တစ်ခု ဖြစ်တည်လာ‌၏။

"ဖုန်းဝူချန်မှာ မြေကမ္ဘာအဆင့် သိုင်းပညာ ရှိတာပဲ.."

ပရိသတ်များကြားမှ ကျင့်ကြံသူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြန်‌၏။

"ဝုန်း... ဝုန်း... ဝုန်း.."

"အဟွတ်.."

အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားပြီး ပေါက်ကွဲသွား‌၏။ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြောင့် လူအုပ်ကြီးမှာ နာကျင်စွာဖြင့် နားများကို ပိတ်ထားလိုက်ရ‌၏။ ပျက်စီးခြင်း စွမ်းအင်လှိုင်းများ ဘေးပတ်လည်သို့ ဖွဲ့တည်လာပြီး၊ ဖုန်းဝူချန်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သဖြင့် သွေးအန်ကာ လွင့်စင်သွားရရှာ‌၏။

"ဝီ.."

ဟင်းလင်းပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ ဆင်းသက်လာသော စွမ်းအင်လှိုင်းများက ထျန်းယွဲ့တောင် တစ်ခုလုံးကို တုန်ခါသွားစေရာ၊ လူတိုင်း ငလျင်လှုပ်သကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်များ ယိမ်းထိုးသွားကြ‌၏။

ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် ဖုန်းဝူချန် ဒဏ်ရာရသွား‌၏။

ဖန်ရှောင်ယွင်ကမူ ထိခိုက်မှု မရှိပေ။ သူ၏ စွမ်းအားဖြင့် ဤစွမ်းအင်လှိုင်းများက သူ့ကို နောက်ဆုတ်သွားရုံသာ လုပ်နိုင်ပြီး ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

"အစ်ကိုဖုန်း.."

စိုးရိမ်ပူပန်နေသော မြောင်ချင်းချင်းက မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရှာ‌၏။

"ဒုက္ခပဲ.. ဖန်ရှောင်ယွင်ရဲ့ စွမ်းအားက တော်တော် ကြောက်စရာကောင်းတယ်။ ဆေးဧကရာဇ် ဒဏ်ရာရသွားပြီ"

နန်းကုန်းကျန့်က မီးစဇာတိုက်သကဲ့သို့ ပူလောင်စွာ ပြောလိုက်‌၏။

"မလန့်ပါနဲ့.. ဆေးဧကရာဇ်ရဲ့ လျှို့ဝှက်စွမ်းအားကို ထုတ်မသုံးရသေးပါဘူး.."

ပေတိုယန်က လေးနက်စွာ ပြောလိုက်သည်။ စိုးရိမ်ပုံ မရသော်လည်း၊ ဖုန်းဝူချန်အနေဖြင့် လျှို့ဝှက်စွမ်းအားကို ထုတ်သုံးလိုက်လျှင် ဖန်ရှောင်ယွင်ကို အနိုင်ယူနိုင်မလား ဆိုသည်ကို သူလည်း မသေချာပေ။

"ဖုန်းဝူချန် ရှုံးသွားပြီ... သူက မောက်မာခဲ့ပေမဲ့ သူ့ကျင့်ကြံမှုကတော့ တော်တော် တိုးတက်လာတာပဲ"

"သခင်လေးဖန်က တကယ်ပဲ ငါတို့ ကောင်းကင်ဘုံနယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်တာနဲ့ ထိုက်တန်ပါတယ်။ သူ့စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်.."

"ဖုန်းဝူချန်က ဒီလောက် စွမ်းအားလေးနဲ့ သခင်လေးဖန်ကို လာစိန်ခေါ်တာ... ကိုယ့်သေတွင်း ကိုယ်တူးတာပဲ.."

ရောက်ရှိနေသော ကျင့်ကြံသူ အများစုက ခေါင်းခါလိုက်ကြပြန်‌၏။ မည်သူကမျှ ဖုန်းဝူချန် နိုင်မည်ဟု မထင်ကြပေ။

ဤတိုက်ပွဲတွင် စွမ်းအားကွာခြားချက်က ကြီးမားလွန်းလှပြီး၊ ဖုန်းဝူချန် အနိုင်ရရန် အခွင့်အလမ်း နည်းပါးလွန်းလှပေသည်။

"ဖုန်းဝူချန်... ငါ ပြောသားပဲ... ဒီတိုက်ပွဲမှာ မင်းကို ငါ သတ်မယ်လို့.."

ဖန်ရှောင်ယွင်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူ၏ စိတ်ထဲတွင် အနိုင်ရရှိပြီးသားဟု သတ်မှတ်ထားသဖြင့် ဖုန်းဝူချန်ကို ပို၍ပင် အထင်သေးလာ‌၏။

ဖန်ရှောင်ယွင်က ညာလက်ကို လေထဲသို့ ဆန့်ထုတ်လိုက်ရာ 'သတ်ဖြတ်ခြင်းဓား' သည် လေထဲမှ ရုတ်တရက် ပေါ်လာ‌၏။ ထို့နောက် သူ၏ အရှိန်အဝါက နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်‌၏။

"မင်းရဲ့ အစွမ်းထက်ဆုံး ဓားသိုင်းကွက်ကို မထုတ်သုံးရင်... ငါ အားနာနေမှာ မဟုတ်တော့ဘူးနော်.."

ဖန်ရှောင်ယွင်က လှောင်ပြောင်သရော်လိုက်သည်။ သူက ဖုန်းဝူချန်ကို 'ဝိညာဉ်ချေမှုန်း ဓားသိုင်းပညာ' ထုတ်သုံးလာစေရန် တောက်လျှောက် ဖိအားပေးနေခြင်း ဖြစ်သည်။

"အရိပ်ဝိညာဉ် လိုက်လံချေမှုန်းခြင်း ဓားသိုင်းပညာ.. ဝိညာဉ်လိုက်လံ သေမင်းတမန် ဓားချက်.."

အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို 'သတ်ဖြတ်ခြင်းဓား' ထဲသို့ ထည့်သွင်းလိုက်ရာ၊ ဓားသွားမှ ရွှေရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး၊ လှိုင်းထနေသော ဓားစိတ်ဆန္ဒများ လွှမ်းမိုးသွားကာ ဝိညာဉ်ကို တုန်လှုပ်သွားစေ‌၏။

"ရွှစ်.."

"ဝီ.."

ဖန်ရှောင်ယွင်က မညှာမတာ တိုက်ခိုက်လိုက်‌၏။ 'သတ်ဖြတ်ခြင်းဓား' ကို ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက်၊ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် ဓားအလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာ‌၏။ ၎င်း၏ အရှိန်အဟုန်မှာ ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်တော့မည့်အလား ပြင်းထန်လှပေသည်။

"ဂလု..."

ဖန်ရှောင်ယွင်၏ ဓားအလင်းတန်းမှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသဖြင့်၊ ရောက်ရှိနေသော ကျင့်ကြံသူ အများအပြားမှာ ကြောက်ရွံ့စွာ တံတွေးမြိုချလိုက်ကြပြီး မျက်နှာများ စာရွက်တစ်ရွက်လို ဖြူဖပ်ဖြူရော် ဖြစ်သွားကြ‌၏။

ဤကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးက သူတို့ကို သွေးပျက်သွားစေ‌၏။

ထိုအချိန်တွင် ပွဲခင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ လူတိုင်း၏ မျက်လုံးများက ထိုရွှေရောင် ဓားအလင်းတန်းကြီးဆီသို့သာ ရောက်နေကြ‌၏။

ဖုန်းဝူချန်၏ မျက်နှာထား လေးနက်သွားပြီး၊ သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော သွေးနှင့် ချီစွမ်းအားများကို အတင်းအကြပ် ဖိနှိပ်လိုက်‌၏။

ဖုန်းဝူချန်က မျက်လုံးများကို တင်းတင်းမှိတ်လိုက်ရာ... သွေးထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ထိုအချိန်တွင် နိုးထလာ‌၏။

"ဝူး.."

ဤလောကတွင် ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲမှ ရုန်းကြွလာပြီး၊ မျက်စိကျိန်းမတတ် စူးရှသော သွေးရောင် အလင်းတန်းကြီးတစ်ခုက သူ့ခေါင်းထက်မှ ကောင်းကင်ယံသို့ ထိုးတက်သွား‌၏။ ရှေးဟောင်း အရှိန်အဝါများ ပါဝင်နေပြီး၊ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရစ်ဝဲနေသော သွေးရောင် ချီစွမ်းအားများက ပိုမို ပြင်းထန်လာ‌၏။

ကောင်းကင်ယံ အထက်တွင်... ဤကြီးစိုးသော စွမ်းအားကြောင့် ဟင်းလင်းပြင်၌ ကြီးမားသော တိမ်ဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာ‌၏။ ဟင်းလင်းပြင် တစ်ခုလုံး ချက်ချင်း မှောင်မိုက်သွားပြီး၊ တိမ်ဝဲကတော့ကြီး အတွင်းတွင် လျှပ်စီးနဂါးများ ကခုန်နေကြ၏။

ဤမျှ ပြိုင်ဘက်ကင်း စွမ်းအားက ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်ပြောင်းသွားစေနိုင်သည် ဟုတ်လား။

..ဒါ ဘယ်လို ကြောက်မက်ဖွယ် စွမ်းအားမျိုးပါလိမ့်။..

All Chapters