ညအချိန်၌ နန်းတွင်းထဲသို့ ခိုးဝင်ခြင်း
Vol. 1 Ch. 366
"ဟဲလောင်...လျှိုမိန်းကလေးက ငါတို့ကို လွန်ခဲ့တဲ့ နှစ်လတည်းက သစ္စာဖောက်တာလို့ မင်းပြောတာလား။ ဒါက အဓိပ္ပါယ် မရှိသလိုပဲ။ အဲ့အချိန်တုန်းက ငါတို့ ယွင်လုကို မသတ်ရသေးဘူးလေ။ လျှိုမိန်းကလေးသာ စုန်းဧကရီကို သတင်းပို့ခဲ့ရင် ငါတို့ ယွင်လုကိုသတ်ဖို့ အခွင့်အရေး ရခဲ့မှာ မဟုတ်ဘူး"
"သခင်လေးရီ...လျှိုမိန်းကလေးက ယွင်လုကိုသတ်ဖို့ အထူးတာဝန်ကို သိရလောက်အောင် အရည်အချင်း မမှီဘူး။ ကျွန်တော်တို့သာ ဒီကို မလာခဲ့ရင် အဲ့အကြောင်းကို အခုအချိန်ထိ မိန်းကလေးလျှို သိဦးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကျန့်ဂိုဏ်းက သတင်းပို့ဆောင်ရာမှာလည်း တင်းကြပ်တဲ့စနစ်ရှိတယ်"
"ဒါဆို စုန်းဧကရီက ကျန့်ဂိုဏ်းက လူတွေကို မျှားခေါ်ဖို့ အစီအစဉ်ဆွဲထားတာလို့ မင်းဘာလို့ပြောတာလဲ"
"စုန်းဧကရီက သံသယဝင်နေရုံပဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ယွင်ဖေးနဲ့ ယွင်ရှန်းကို သတ်ဖို့ ကြံစည်အပြီးမှာ ကျန့်ဂိုဏ်းရဲ့ တုံ့ပြန်မှုကို သိချင်လို့ လျှိုမိန်းကလေးကနေတစ်ဆင့် သတင်းဖြန့်လိုက်တာ ဖြစ်မယ်။ ကျန့်ဂိုဏ်းက ယွင်ဖေးတို့မောင်နှမကို သွားကယ်လိုက်ရင် ယွင်လုကို ကျွန်တော်တို့ သတ်လိုက်ကြောင်း သက်သေပြသလို ဖြစ်သွားလိမ့်မယ်။ စုန်းဧကရီက ရက်စက်တယ်။ ကျန့်ဂိုဏ်းက ယွင်လုကို သတ်ခဲ့ကြောင်း သူမ သေချာသွားရင် ကျန့်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ပစ်ဖို့တောင် ကြိုးစားလာလောက်တယ် "
"ဒီလိုကိုး.."
အရာရာ ရှင်းလင်းသွားပြီးနောက် ကျန်းရီသည် တစ်ခဏစဉ်းစားလိုက်ပြီး မေးလိုက်သည်။
"မင်း လျှိုမိန်းကလေးကို သတ်လိုက်ပြီလား"
"မသတ်ရသေးဘူး။ ကျန့်ဂိုဏ်းရဲ့ စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်ကို သုံးပြီးတဲ့နောက် သူမက ကျွန်တော့်ရုပ်သေးဖြစ်သွားပြီ...တခြားတစ်ယောက်ကတော့ အသတ်ခံလိုက်ရပြီ"
ဟဲလောင်သည် ရပ်တန့်ပြီးနေပြီးနောက် အလျင်စလို ပြောလာခဲ့သည်။
"သခင်လေးရီ...လျှိုမိန်းကလေးက စုန်းဧကရီကို နှစ်နာရီ၊ သုံးနာရီ ကြာတဲ့အထိ အကြောင်းမပြန်ရင် တစ်ခုခုမှားနေမှန်း သူမသိသွားလိမ့်မယ်။ ကျွန်တော်တို့ အခုထွက်သွားလို့ရသေးတယ်။ ငွေပန်းပွင့်အဘွားအိုသာ သိသွားရင် အခြေအနေတွေ ဆိုးကုန်လိမ့်မယ်"
"အရူး"
ကျန်းရီသည် ဟဲလောင်ကို ဆူပူလိုက်သည်။
"မင်းက အစိုးရိမ်လွန်နေပြီး သေချာတောင် မစဉ်းစားနိုင်တော့ဘူး။ စုန်းဧကရီက ဒီအကြောင်းကို ဘုရင်ဆီ ပေးမသိရဲဘူး။ မဟုတ်ရင် ငါတို့ စစ်တပ်နဲ့ အဝိုင်းခံရတာ ကြာလှပြီ။ ငွေပန်းပွင့်အဘွားအိုလည်း ငါတို့ဆီ ရောက်နေလောက်ပြီ...ပြီးတော့ စုန်းဧကရီက ငါ့ကို လှည့်စားဖို့ လျှိုမိန်းကလေးကို လွှတ်မှာ မဟုတ်ဘူး။ သူမရဲ့ အငယ်ဆုံးသားက ကိုးနှစ်ပဲ ရှိသေးတာ...ယွင်ရှန်းကို သူမ မသတ်ရင် သူမသားက အာဏာရဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး။ သူမက အစီအစဉ်အတိုင်း သေချာပေါက် လုပ်လိမ့်မယ်...ဒါပေမယ့် လျှိုမိန်းကလေးက ငါ့ကို မသတ်ရသေးတာ သူမသိရင် အစီအစဉ် ပြောင်းကုန်လိမ့်မယ်။ ယွင်ဖေးနဲ့ ယွင်ရှန်းရဲ့ သေဆုံးမှုအတွက် ငါတို့ကိုတောင် ချောက်ချလာလောက်တယ်"
"ပြဿနာက သူမက အမှောင်ထဲမှာ ကျွန်တော်တို့က အလင်းထဲမှာပဲ"
ဟဲလောင်သည် ခေါင်းရမ်းရင်း ပြောလာခဲ့သည်။
"စုန်းဧကရီမှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ လူအင်အားရော၊ မှော်ပညာတတ်တာပါ ကျွန်တော်တို့ထက် အသာစီးရနေတယ်။ ကျွန်တော်တို့ ရောက်နေတာ သူမမသိခဲ့ရင် ကျွန်တော်တို့လည်း အမှောင်ထဲမှာ ရှိနေဖို့ အခွင့်အရေး ရလောက်တယ်။ အခု ကျွန်တော်တို့ကို သတ်ဖို့က အရမ်းလွယ်သွားပြီ။ ဥပမာပြောရရင်...ကျွန်တော်တို့ ရောက်မသွားခင် မင်းသမီးယွင်ဖေးနဲ့ မင်းသားယွင်ရှန်းကို သူမသတ်ထားလိုက်တာမျိုး...ကျွန်တော်တို့ သွားတာနဲ့ ကျွန်တော်တို့ကို စွပ်စွဲလိမ့်မယ်။ တစ်ချိန်တည်းမှာ သူမရဲ့လူတွေက မင်းကြီးနဲ့ ငွေပန်းပွင့်အဘွားအိုကို ချက်ချင်းအကြောင်းကြားလိမ့်မယ်။ ကျွန်တော်တို့ သူမထောင်ချောက်ထဲ ရောက်သွားပြီး ကိုယ့်ကိုယ်ကို သက်သေပြဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး "
"ဒီတော့..."
ကျန်းရီ၏ မျက်လုံးများသည် အခိုင်အမာ ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ကြည့်ရတာ ငါတို့ ဒီည နန်းတွင်းထဲကို ခိုးဝင်ပြီးတော့ တစ်လောကလုံးကို မှင်တက်သွားစေလောက်အောင် လှတဲ့ စုန်းဧကရီကို သွားတွေ့ရမယ်နဲ့ တူတယ်"
"ဘယ်လို"
ဟဲလောင်သည် ထိတ်လန့်လွန်း၍ ကြက်သီးများပါ ထသွားခဲ့သည်။
"နန်းတွင်းထဲကို ခိုးဝင်မယ်ဟုတ်လား။ နန်းတွင်းက စွမ်းအားမြင့်လူတွေနဲ့ ပြည့်နေတယ်။ ငွေပန်းပွင့်အဘွားအိုက နန်းတော်ထဲမှာ မနေပေမယ့် နန်းတော်နားက အိမ်တော်တစ်ခုမှာနေတာ...နန်းတော်ထဲမှာ နည်းနည်းလေး ရုတ်ရုတ်သဲသဲ ဖြစ်တာနဲ့ ငွေပန်းပွင့်အဘွားအို ချက်ချင်းသတိပြုမိသွားလိမ့်မယ်။ အဲ့ဒါဆို အားလုံးရှုပ်ကုန်လိမ့်မယ်"
"အဲ့ဒါ ဘာဖြစ်လို့လဲ...မင်း သေရမှာ ကြောက်လို့လား"
ကျန်းရီသည် ပြုံးရင်း ဟဲလောင်အား ကြည့်လိုက်သည်။
"သခင်လေး"
ဟဲလောင်မှာ ငိုရမည်လော၊ ရယ်ရမည်လော မသိတော့ပေ။ သူသည် သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျွန်တော်က ဒီအသက်အရွယ်မှာ သေသွားတာက ဘာမှမဖြစ်ဘူး။ ရှန်မိနိုင်ငံက ကျန့်ဂိုဏ်းသားတွေအားလုံး အသက်ဆုံးရှုံးရမယ်ဆိုရင်လည်း ဖြစ်သေးတယ်။ ဒါပေမယ့် သခင်လေးရီက မတူဘူး...သခင်လေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်က ကျန့်ဂိုဏ်းရဲ့ အပြစ်သား ဖြစ်သွားပါလိမ့်မယ်"
"မင်း အစိုးရိမ်လွန်နေပြန်ပြီ"
ကျန်းရီသည် ပြုံး၍ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"ငါတို့ ငွေပန်းပွင့်အဘွားအိုနဲ့ ထိပ်တိုက်တွေ့မယ်ဆိုရင်တောင် ငါဘေးကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်မယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်။ ဒါပေမယ့် မင်းက ဒီတစ်ကြိမ် ပြန်ဆုတ်နိုင်ချင်မှ ဆုတ်နိုင်လိမ့်မယ်...ငါ မင်းကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ငါတို့ နန်းတွင်းထဲသွားမှာက လူသွားသတ်ဖို့ မဟုတ်ဘဲ အခြေအနေကို သွားကြည့်ဖို့ပဲ။ လျှိုမိန်းကလေးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်လား။ ငါ ဝိဉာဉ်ကပ်ပါးကောင်အဆိပ် မိထားသလို ဟန်ဆောင်နိုင်တယ်။ မင်းက ငါ့ကို နန်းတော်ထဲ ခေါ်သွားဖို့ လျှိုမိန်းကလေးကို အယုံသွင်း...စုန်းဧကရီက လျှိုမိန်းကလေးကို လူကိုယ်တိုင် ထွက်တွေ့လိမ့်မယ်။ သူမရဲ့ လူတွေက ငါတို့နန်းတော်ထဲကို လွယ်လွယ်ကူကူ ဝင်နိုင်အောင် လမ်းကြိုဖွင့်ပေးထားလိမ့်မယ်။ ငါစုန်းဧကရီကို တွေ့နိုင်သရွေ့ သူမကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ ဒါဆို ငါတို့တာဝန်ပြီးမြောက်ပြီ"
ကျန်းရီသည် ခဏရပ်တန့်သွားပြီးနောက် ဆက်ပြောလာခဲ့သည်။
"ပြီးတော့...အကုန်လုံး ပေါ်သွားရင်လည်း ငါတို့ အကျိုးမရှိဘဲ မနေဘူး။ အနည်းဆုံးတော့ ရှန်မိနိုင်ငံရဲ့ ဘုရင်က စုန်းဧကရီ ယွင်ဖေးတို့မောင်နှမကို သတ်ဖို့ကြံနေတာ သိသွားတာပေါ့...ဒါဆို ဘုရင်က သူတို့ကို ကာကွယ်ပေးရင် ယွင်ရှန်း အိမ်ရှေ့စံဖြစ်လာလိမ့်မယ်"
"ဒါ..."
ဟဲလောင်သည် တွေဝေနေခဲ့သည်။ ဆယ့်ငါးမိနစ်ခန့် ကုန်လွန်သွားမှ ခေါင်းမော့၍ သူပြောလာခဲ့သည်။
"သခင်လေးရီ...ခဏလောက် စောင့်ပါဦး။ ကျွန်တော် စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်နဲ့ ထပ်ပြီးရှာကြည့်လိုက်ဦးမယ်"
တစ်ခဏကြာသော် လျှိုမိန်းကလေး အခန်းတွင်းသို့ ရောက်လာခဲ့သည် ဟဲလောင်သည် လူခေါ်၍ သူမအား အဝတ်အစားအချို့ ဝတ်ဆင်ပေးခိုင်းခဲ့ပုံရသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစများ ရှိနေသေးသည်။ သူမ၏မျက်ဝန်းများမှာ ဗလာဖြစ်နေပြီး သူမသည် ဆွံ့အနားမကြားသည့် ကလေးငယ်တစ်ယောက်နှင့် ပမာတူသည်။
ဟဲလောင်သည်လည်း ဝင်လာခဲ့ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။
"သခင်လေးရီ...ကျွန်တော် စိတ်ဝိဉာဉ်ရှာဖွေခြင်းနဲ့ ထပ်ရှာကြည့်ပြီးပြီ။ စုန်းဧကရီရဲ့ အမိန့်က လျှိုမိန်းကလေး သခင်လေးကို ထိန်းချုပ်နိုင်ခဲ့ရင် နန်းတွင်းထဲကို ခေါ်လာဖို့နဲ့ မထိန်းချုပ်နိုင်ရင် သတ်ပစ်ဖို့ပါ။ သခင်လေးရဲ့ အစီအစဉ်ကို လုပ်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်စိုးရိမ်တာက စုန်းဧကရီအနား မရောက်ခင် အယောင်ဆောင်တာ ပေါ်သွားမှာကိုပါ။ သူမရဲ့ မှော်ပညာက တော်တော်မြင့်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ"
"ဟားဟား"
ကျန်းရီသည် ယုံုကြည်ချက်ရှိစွာ ရယ်မောလိုက်သည်။
"ငါနန်းတော်ထဲကို ဝင်နိုင်သရွေ့ စုန်းဧကရီကို ထိန်းချုပ်ဖို့ အခွင့်အရေး ရလာနိုင်တယ်။ မရရင်လည်း ငါသူမကို သတ်လိုက်မယ်။ ဒီမိန်းမက တော်တော်လေး ရက်စက်တယ်။ သူမအသက်ကို ချမ်းသာပေးတာက မင်းတို့ကျန့်ဂိုဏ်းနဲ့ ငါ့အတွက် ပြဿနာတွေ ပိုများလာစေဖို့ပဲ ရှိတယ်။ ဘယ်လိုပဲပြောပြော ယွင်ဟဲနဲ့ ယွင်လု နှစ်ယောက်လုံးကို သတ်လိုက်တာက ငါလေ။ ကောင်းပြီ...အပိုတွေတော်ပြီ။ နန်းတော်ထဲကို သံသယအဝင်မခံရအောင် မင်းဘယ်လိုခိုးဝင်မလဲ "
"ရိုးရိုးလေးပဲ"
ဟဲလောင်သည် အေးစက်စွာ ပြုံးလိုက်ရင်း ပြောလာခဲ့သည်။
"ကျွန်တော် အဖွဲ့ခွဲတာဝန်ခံကို သတ်ထားတယ်လေ။ သူ့အရေပြားနဲ့ သူအဖြစ် ဟန်ဆောင်လိုက်မယ်"
ကျန်းရီသည် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
"ဒါဆိုလည်း မြန်မြန် သွားကြစို့...မဟုတ်ရင် စုန်းဧကရီ သံသယဝင်လာလိမ့်မယ်"
"ကောင်းပါပြီ"
ကျန်းရီ ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်လျှင် ဟဲလောင်မှာ ရွေးချယ်စရာ မရှိတော့ဘဲ သေချာစီစဉ်ရတော့သည်။ လျှိုမိန်းကလေးသည် တစ်နေရာတည်းတွင် မျက်နှာသေနှင့် ရပ်နေခဲ့သည်။ သူမ၏မျက်ဝန်းများမှာ ဗလာဖြစ်နေပြီး အသက်ရှိနေသည့် အရိပ်အယောင် တစ်စွန်းတစ်စတောင် မရှိချေ။
တစ်နာရီကြာပြီးနောက် ဟဲလောင်သည် အရာရာအား ပြင်ဆင်ပြီးသွားခဲ့သည်။ ကျန်းရီနှင့် လျှိုမိန်းကလေးသည် ရထားလုံးတစ်ခုပေါ်တက်လိုက်သည်။ ဟဲလောင်သည် ရထားလုံးကို တည်းခိုခန်း အပြင်သို့ မောင်းနှင်ထွက်လာ၍ ရှန်မိမြို့ထံ ဦးတည်လိုက်သည်။
လက်ရှိကာလသည် ဆောင်းဝင်စပြုနေသည့် အချိန်ဖြစ်သည်။ ရှန်မိနိုင်ငံသည် တောင်ဘက်ပိုင်းတွင် တည်ရှိသော်လည်း ညဘက်အပူချိန်မှာ အလွန်နိမ့်လေသည်။ လမ်းများထက်တွင် လူအနည်းငယ် ရှိသည်မှတစ်ပါး အရာရာသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။
ယင်းမာမြို့သည် ရှန်မိမြို့နှင့် အတော်နီးလေသည်။ မြို့တော်အရှေ့ဘက်ဂိတ်တံခါးသို့ ရောက်ရန် တစ်နာရီခန့်သာ ကြာမြင့်ခဲ့သည်။ ဂိတ်တံခါးသည် ပိတ်မထားသော်လည်း တာဝန်ကျစစ်သည်များသည် ကင်းလှည့်၍ အရာရာကို သေသေချာချာ စစ်ဆေးနေကြသည်။
ဟဲလောင်သည် လူသားအရေပြား မျက်နှာဖုံးကို ဝတ်ဆင်ထားရာ အခြားလူတစ်ယောက်အဖြစ် ပြောင်းသွားခဲ့သည်။ သူ၏ ဆံပင်များကိုလည်း အနက်ရောင် ဆိုးထားခဲ့သည်။ သူသည် ဝတ်ရုံထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သော် စစ်သည်များမှာ ချက်ချင်းရိုရိုကျိုးကျိုး ဖြစ်သွားကြပြီး သူတို့အား ဖြတ်သန်းခွင့် ပေးလိုက်သည်။ ရထားလုံးသည် ဖုန်တထောင်းထောင်းဖြင့် နန်းတော်ရှိရာသို့ ဦးတည်ပြေးသွားခဲ့သည်။
စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်ကို အသုံးပြုခြင်းဖြင့် ဟဲလောင်သည် လျှိုမိန်းကလေး၏ မှတ်ဉာဏ်များအားလုံးကို သိရှိခဲ့သည်။ လျှိုမိန်းကလေးသည် စုန်းဧကရီနှင့် နန်းတော်ထဲတွင် ယခင်က တွေ့ခဲ့ဖူးသည်။ ဟဲလောင်သည် နန်းတော်၏ အနောက်ဘက်ဂိတ်တံခါးထံ တည့်တည့်သွားလိုက်ပြီး အထူးသီးသန့် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။ အစောင့်များသည် သူ့အား မေးခွန်းမထုတ်ဘဲ တိုက်ရိုက်ဝင်သွားခွင့် ပေးလိုက်သည်။
ဝှစ်...
နန်းတော်အတွင်း ဝင်ရောက်လာပြီး သိပ်မကြာလိုက်ခင်တွင် အနက်ရောင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရထားလုံးအား ရပ်တန့်စေခဲ့သည်။ သူသည် တည်ငြိမ်သော လေသံနှင့် မေးလာခဲ့သည်။
"လျှိုမိန်းကလေး...ကိစ္စတွေ ဘယ်လိုရှိလဲ"
ကျန်းရီသည် ဟဲလောင်၏ ညွှန်ကြားချက်အတိုင်း အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ သူ၏ အသက်ရှူသံသည် အလွန်တိုးဖျော့နေခဲ့သည်။ ထိုခဏတွင် ကျန်းရီသည် ထိတ်လန့်လွန်း၍ လှုပ်တောင်မလှုပ်ရှားဝံ့ခဲ့ပေ။
ဟဲလောင်သည်လည်း ပြန်မဖြေရဲပေ။ သူသည် ရထားလုံးခန်းစီးစကို မ၍ လျှိုမိန်းကလေး၏ ညွှန်ကြားချက်ကို မေးသယောင် ဟန်ဆောင်လိုက်သည်။ သူ၏မျက်ဝန်းမှ အလင်းရောင် ဖြတ်ခနဲ လက်သွားခဲ့သည်နှင့် လျှိုမိန်းကလေးသည် အသံတိုးတိုးဖြင့် ပြန်ဖြေလာခဲ့သည်။
"အရှင်ချောင်...လုပ်ပြီးပါပြီ။ ကျွန်မကို ဧကရီ့ဆီ ခေါ်သွားပေးပါ"
"ကောင်းပြီ"
အနက်ရောင်ဝတ်စုံနှင့် လူသည် လျှိုမိန်းကလေး၏လေသံကို မှတ်မိနေခဲ့သည်။ သူသည် ရထားလုံးအနောက်ဘက်တွင် အိပ်ပျော်နေသည့် အမျိုးသားအား မြင်ရုံနှင့်ပင် အလွန်ပျော်ရွှင်သွားကာ ဘာကိုမှ သံသယမဝင်ခဲ့ပေ။ လျှိုမိန်းကလေးသည် စုန်းဧကရီ၏ ဝိဉာဉ်ကပ်ပါးကောင်များ လက်ချက်ကြောင့် သူမ၏ ရုပ်သေးဖြစ်လာခဲ့သည်။ သူမသည် စုန်းဧကရီ၏ စကားကို မနာခံဘဲ နေရဲမည် မဟုတ်ပေ။ ၎င်းမှာ သူမ၏ ဝိဉာဉ်စည်းတံဆိပ် အသိမ်းခံထားရခြင်းနှင့် မခြားပေ။
ယခု သူသည် ရထားလုံးပေါ် ခုန်တက်ကာ ဟဲလောင်၏ဘေးတွင် ထိုင်ချကာ လက်ကိုယမ်း၍ ပြောလိုက်သည်။
"သွားစို့"
ဟဲလောင်သည် ရထားလုံးကို ဆက်လက်မောင်းနှင်လိုက်သည်။ နန်းတော်အား အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ သူတို့သည် ကင်းလှည့်အဖွဲ့များ၊ အရိပ်သက်တော်စောင့်များနှင့် မကြာခဏ တည့်တည့်တိုးသော်လည်း အရှင်ချောင်ကြောင့် စစ်ဆေးခံရခြင်း မရှိခဲ့ပေ။
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်အောင် ကောင်းကင်ဘုံက ကောင်းချီးပေးပါစေ...
ဟဲလောင်သည် လမ်းတွင် တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။ သူသည် သူ့အသက်ကို ဆုံးရှုံးရမည်အား မမှုသော်လည်း ကျန်းရီပါ ဤနေရာတွင် သေဆုံးသွားမည်ကို ကြောက်ရွံ့နေမိသည်။
*****