မင်း ငါ့ကို ရှာနေတာလား
Vol. 16 Ch. 151
မော့ဝမ်ကွေ့ သည် သူ၏တပည့်က ရှေ့ထွက်လာပြီး ကျန်းစန်းကျန့်၏ တပည့်ကို အနိုင်ယူပစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ယခင်က ကျန်းစန်းကျန့်၏ဖိနှိပ်ခြင်းကို ခံခဲ့ရသမျှအတွက် သူက ကလဲ့စားချေချင်ခဲ့ပြီး ခေါင်းပြန်မော့ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ၏တပည့်ဖြစ်သူက ရှုံးနိမ့်သွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
မမှားပေ ရှုံးနိမ့်သွားခဲ့ခြင်းပင်။
ထိုကလေးသည် 'မြူခိုးသမုဒ္ဒရာကျမ်း' ကို နားလည်သဘောပေါက်ထားပြီး လွတ်မြောက်ခြင်းအဆင့်သာ ရှိသေးသော်လည်း နတ်တံတားအဆင့် ရှိ သူ့တပည့်ကို ဖိနှိပ်နိုင်စွမ်း ရှိနေသည်။
ဤလူငယ်သည် အလွန်ပင် ပါရမီထူးချွန်လှသည်။
အဘိုးကြီး ကျန်းစန်းကျန့်က ယခုလိုမျိုး ပါရမီရှင်လူငယ်ကို မည်သည့်နေရာမှ သွားရှာလာခဲ့သနည်း။
"သတ်ဖြတ်ခြင်းဓားသိုင်း - ရှင်းလင်းခြင်း"
မိုချင်းချန်၏ဓားချက်က ထိုလူငယ်ကို နောက်သို့ ဆုတ်သွားစေပြီး သူ၏ကျောပေါ်မှ သတ်ဖြတ်ခြင်းဓားသည် ဓားအိမ်ထဲမှထွက်ပေါ်လာတော့သည်။
သူ အနိုင်ရတော့မည်။
ထိုခဏ၌ တစ်ဖက်တပည့်၏မျက်နှာထားမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။
မိုချင်းချန်၏ဓားအလင်းမှာ ကြယ်တာရာမြစ်တစ်ခုကဲ့သို့ တောက်ပနေပြီး လူများကို ကြက်သီးထသွားစေလောက်အောင် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
သူ၏သတ်ဖြတ်ခြင်းဆန္ဒမှာလည်း အလွန်ပြင်းထန်လှသည်။
အကယ်၍ ဤဓားချက် ထိမှန်သွားပါက ထိုလူငယ်မှာ သေချာပေါက် သေဆုံးပေလိမ့်မည်။
သို့သော် ရုတ်တရက်...
မိုချင်းချန်၏မျက်နှာထား ပြောင်းလဲသွားသည်။
ရှေ့မှလူငယ် ဘာဖြစ်သွားသည်ကို သူ မသိလိုက်ပေ။ အလွန်အစွမ်းထက်သော စိတ်ဆန္ဒတစ်ခုသည် ထိုလူငယ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
မိုချင်းချန်၏ သတ်ဖြတ်ခြင်းဓားသိုင်းမှာ လေထဲတွင်ပင် ပျက်စီးသွားပြီး မိုချင်းချန်၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားတော့သည်။
"ချင်းချန်" ကျန်းစန်းကျန့်၏မျက်နှာထား ပျက်ယွင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အောက်တန်းကျလိုက်တာ"
မော့ဝမ်ကွေ့ လှုပ်ရှားလိုက်ခြင်းပင်။
သူ သေချာပေါက် ကြားဖြတ်နှောင့်ယှက်လိုက်ခြင်း ဖြစ်သည်။
ထိုလူငယ် ရှုံးနိမ့်တော့မည်မှာ ထင်ရှားနေသော်လည်း အခြေအနေကို ရုတ်တရက် ပြောင်းပြန်လှန်ပစ်လိုက်သည်ကို မည်သူက ယုံကြည်မည်နည်း။
ဤ မော့ဝမ်ကွေ့သည် အရင်အတိုင်းပင်၊အောက်တန်းကျပြီး အရှက်မရှိပေ။
ထိုအချိန်တွင် မော့ဝမ်ကွေ့၏အကြည့်ထဲ၌ အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
"ဂိုဏ်းချုပ်ကြီး... ကျုပ် ဒီနေ့ ကျန်းစန်းကျန့်ရဲ့ အသက်ကို ယူတော့မယ်။ ခင်ဗျားမှာ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား"
"ရိုင်းစိုင်းလိုက်တာ" ဟွမ်ချင်းဝမ်၏ မျက်နှာမှာ အေးစက်သွားပြီး သူမ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။
သူမသည် ဓားကိုဆွဲကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ဟွမ်ကျိထျန်းက တားဆီးလိုက်သည်။
အမှန်တကယ်တော့ ဟွမ်ကျိထျန်း ကိုယ်တိုင်လည်း ဤလူသည် ယနေ့ ဘာကြောင့် ဒီလောက်အထိ ရဲတင်းနေရသလဲဆိုသည်ကို ဇဝေဇဝါ ဖြစ်နေသည်။
သူတို့ နှစ်ယောက်စလုံးက ကျန်းစန်းကျန့်ကို အသတ်ခံလိမ့်မည် မဟုတ်သည်ကို မော့ဝမ်ကွေ့ သိထားသည်။
ကျန်းဖုန်း နှင့် သူ ပေါင်းလိုက်ရုံဖြင့် ဟွမ်ချင်းဝမ်နှင့် သူ့ကို ခြိမ်းခြောက်နိုင်မည်ဟု ထင်နေသည်လော။
ကျန်းဖုန်းမှာ သူ၏ ပြိုင်ဘက် မဟုတ်ပေ။
ဤသို့ဆိုလျှင် သူ၏ယုံကြည်မှုက ဘယ်ကလာသနည်း။
"ဝတ်ရုံနက်အဖွဲ့အစည်းက ကျွမ်းကျင်သူတွေ ကောင်းကင်မှောက်လှန်ဓားဂိုဏ်းကို ခုလေးတင် ရောက်လာကြတယ်"
ဘာ
ရုတ်တရက် ထိုစကားတစ်ခွန်းကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။
ဝတ်ရုံနက်အဖွဲ့အစည်း
ဤဂိုဏ်းများ၏မျက်လုံးထဲတွင် ဝတ်ရုံနက်အဖွဲ့အစည်းမှ ကျွမ်းကျင်သူများသည် အလွန် ကြောက်စရာကောင်းလှသည်။ သူတို့ထဲတွင် အနန္တအမှောင်ထုနယ်ပယ် ကျွမ်းကျင်သူများစွာ ရှိသော်လည်း အမှန်အတိုင်းပြောရလျှင် 'မြူခိုးသမုဒ္ဒရာကျမ်း' ကို နားလည်ထားသူနှင့် နားမလည်သူကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ထို့ကြောင့် ဝတ်ရုံနက်အဖွဲ့အစည်း၏တည်ရှိမှုကို သူတို့ သိလိုက်ရသောအခါ နည်းလမ်းပေါင်းစုံဖြင့် ထိုကျမ်းကို ရရှိရန်နှင့် အကာအကွယ်ရရန် ကြိုးစားခဲ့ကြသည်။
သို့သော် ၎င်းမှာ ညှိနှိုင်းရန် အချိန်လိုအပ်သည်။
ကောင်းကင်မှောက်လှန်ဓားဂိုဏ်းက အောင်မြင်သွားပြီလော။
အကယ်၍ သူတို့ထဲမှ တစ်ယောက်ကသာ ထိုကျမ်းကို နားလည်သွားပါက ဓားဂိုဏ်းနှစ်ခုကြားရှိ ဟန်ချက်မှာ ပျက်စီးသွားပေလိမ့်မည်။
"လက်ရှိမှာ ငါတို့ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကြီးက မြူခိုးသမုဒ္ဒရာကျမ်းကို စတင်လေ့လာနေပြီ။ ဒီတစ်ခေါက် ကောင်းကင်မှောက်လှန်ဓားဂိုဏ်းကို လာတဲ့ ဝတ်ရုံနက်ကျွမ်းကျင်သူက အဆင့်မြင့်တဲ့ အမှတ်စဉ်အင်အားစု တစ်ယောက်ပဲ"
ကျန်းဖုန်းပင် မျက်တောင်များ တုန်ခါသွားသည်။
အဆင့်မြှင့်အမှတ်စဉ် အင်အားစုကသူ ဆိုသည်မှာ မြူခိုးသမုဒ္ဒရာကျမ်းကို နားလည်ထားပြီး အနန္တအမှောင်ထုနယ်ပယ် ကို ရောက်ရှိနေကာ သတ်ဖြတ်ခြင်းနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ထားသည့် ကြောက်စရာကောင်းသော ဖြစ်တည်မှုများကို ဆိုလိုခြင်းဖြစ်သည်။
"ဂိုဏ်းချုပ်ကြီးအနေနဲ့ ဒီလိုဖြစ်တည်မှုမျိုးကို မစော်ကားချင်ဘူး မဟုတ်လား၊ နောက်ဆုံးတော့ ချင်းဝမ်နဲ့ ကျွန်တော်က လင်မယား ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတာဆိုတော့ ခင်ဗျားတို့ ဒုက္ခရောက်မှာကို ကျွန်တော် မမြင်ချင်ပါဘူး"
"ဘာ" ကျန်းဖုန်း၏မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ "ကျန်းစန်းကျန့်ကို ချက်ချင်းသတ်လိုက်"
"ကျိထျန်း... ကျန်းစန်းကျန့်အတွက်နဲ့ ဒီလိုဖြစ်တည်မှုကို စော်ကားစရာ မလိုဘူး။ ဝတ်ရုံနက်က ကျွမ်းကျင်သူတွေက အနည်းဆုံး ကူးပြောင်းခြင်းအဆင့် တွေပဲ။ တကယ်လို့ သူကသာ ကူးပြောင်းခြင်းအဆင့် အထွတ်အထိပ်ဆိုရင် မင်းနဲ့ငါတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
"ကျန်းစန်းကျန့်ကို အခုချက်ချင်းသတ်၊မဟုတ်ရင် ကောင်းကင်ဘုံဓားဂိုဏ်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လိမ့်မယ်"
လူတိုင်း၏မျက်နှာထားများ ပြောင်းလဲသွားပြီး လူအများအပြားက ကျန်းစန်းကျန့်ကို အပြစ်တင်စပြုလာကြသည်။
အရေးမပါသော ကျန်းစန်းကျန့် တစ်ယောက်အတွက်နှင့် ထိုကဲ့သို့သော အရှိန်အဝါကြီးမားသူကို မစော်ကားနိုင်ပေ။
" ကျန်းစန်းကျန့်၊ မင်းရဲ့ လက်ရှိအခြေအနေက ရေထဲကျနေတဲ့ ခွေးတစ်ကောင်လိုတကယ်ကို သနားဖို့ကောင်းပါတယ်။ အမှန်တော့ မြူခိုးတွေမဖုံးလွှမ်းခင်က မင်းရဲ့သတင်းကို ငါ စုံစမ်းခဲ့သေးတယ်။ မင်းရဲ့ ပထမတပည့်က သေသွားတယ်၊ ဒုတိယတပည့်က ပျောက်ဆုံးနေတယ်၊ တတိယတပည့်က ရူးသွားတယ်၊ ပြီးတော့ မင်းက ဘယ်ကမှန်းမသိတဲ့ သာမန်ကလေးတစ်ယောက်ကို ရှာပြီး ဂိုဏ်းရဲ့ အဓိကတပည့် လုပ်ထားတယ်လို့ ငါ ကြားတယ်"
"မင်းရဲ့ မျိုးဆက်မှာ ဂုဏ်ယူစရာဆိုလို့ ဒီတစ်ယောက်ပဲ ကျန်တော့တာ မဟုတ်လား"
"ငါသာ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရင်ကော"
မော့ဝမ်ကွေ့သည် ကျန်းစန်းကျန့်၏ ပူဆွေးနေသော မျက်နှာကို မြင်ချင်နေသည်။
ကျန်းစန်းကျန့်ကို မျှော်လင့်ချက်မဲ့စွာ သေဆုံးသွားစေချင်သည်။ သူ၏ မျက်နှာမှာ အေးစက်နေပြီး ပါးစပ်ထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။
သူက မိုချင်းချန်ကို စိုက်ကြည့်လိုက်၏။
"ခင်ဗျား... ကျုပ်ရဲ့စီနီယာအစ်ကိုကြီး ပြန်လာတဲ့အချိန်ကြရင် ခင်ဗျားကို အပြစ်ပေးမှာကို မကြောက်ဘူးလား"
"စီနီယာအစ်ကိုကြီး"
"အော်... အဲဒီ ရှန်းမိသားစုက ကောင်လေးလား။ သူက ပါရမီမရှိတဲ့ သာမန်လူတစ်ယောက်လို့ ငါ ကြားထားတယ်။ ဘာလဲ... သူ မသေသေးဘူးလား?မြူခိုးတွေကျပြီးကတည်းက အဲဒီကောင် သေသွားပြီလို့ ငါ ထင်နေတာ"
မော့ဝမ်ကွေ့၏အကြည့်မှာ မထီမဲ့မြင်မှုများပြည့်နှက်နေသည်။ မိုချင်းချန် ပြောနေသော စီနီယာအစ်ကိုကြီးကို သူ လုံးဝ အထင်မကြီးပေ။
သူသည် ကျန်းစန်းကျန့်၏မျိုးနွယ်အကြောင်းကို ကောင်းကောင်း သိထားသဖြင့် လုံးဝ မကြောက်ပေ။
"အဲဒီတုန်းက မင်းကို ငါ့လက်နဲ့ မသတ်လိုက်ရဘဲ မြူခိုးတွေထဲမှာ သေသွားမှာကို ငါ စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ ဒီနေ့မှာတော့ မင်းကို သတ်ဖို့ အခွင့်အရေး ရလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
ယခင်က သူသည် ဟွမ်ချင်းဝမ်နှင့် လက်ထပ်လုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍သာ လက်ထပ်ခဲ့လျှင် ကြီးမြတ်သော ဓားဂိုဏ်းနှစ်ခုစလုံးသည် သူ၏လက်အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော် ကျန်းစန်းကျန့်ကြောင့် အရာအားလုံး ပျက်စီးခဲ့ရသည်။ ထို့ကြောင့် ကျန်းစန်းကျန့်အပေါ် သူ၏အမုန်းတရားမှာ အရိုးထဲအထိ စွဲနေခြင်း ဖြစ်သည်။
"မင်းရဲ့ စီနီယာအစ်ကိုကြီးက တကယ်ပဲ သန်မာလို့လား" မော့ဝမ်ကွေ့က လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
"ဓားချက်တစ်ချက်တည်းနဲ့ ခင်ဗျားကို သတ်နိုင်တယ်"
"ဟားဟားဟားဟား" သူသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အားရပါးရ ရယ်မောလိုက်လေ၏။
"သူ ဘယ်မှာလဲ သူ့ကို အပြင်ထွက်ခိုင်းလိုက်စမ်းပါ၊ ငါ့ကို ဓားချက်တစ်ချက်နဲ့ အနိုင်ယူခိုင်းလိုက်စမ်း၊အဲဒီ ရှန်းမိသားစုက အသုံးမကျတဲ့ကောင်က ငါ့ကို ဘယ်လိုများ အနိုင်ယူမလဲဆိုတာ ငါ မြင်ချင်လှပြီ"
"မင်း ဒီလို လိမ်ပြောနေရုံနဲ့ အသက်ရှင်မယ် ထင်နေလား၊ကျန်းစန်းကျန့်... မင်းရဲ့တပည့်က အရမ်းကို ရိုးသားလွန်းတာပဲ။ဒါပေမဲ့ သူက အသက် ၁၅ နှစ်ပဲ ရှိသေးတော့လည်း ဟုတ်ပါတယ်လေ။ ကဲ... မင်းရဲ့ စီနီယာအစ်ကိုကြီးကို အပြင်ထွက်ခိုင်းလိုက်စမ်း"
ထိုအချိန်တွင် မော့ဝမ်ကွေ့သည် ကောင်းကင်ဘုံဓားဂိုဏ်း၏ကောင်းကင်ယံတွင် ရပ်နေရင်း ရူးသွပ်စွာ ရယ်မောနေသည်။ အနန္တအမှောင်ထုနယ်ပယ် အလယ်အလတ်အဆင့်၏အရှိန်အဝါမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်း၏ မျက်နှာထားများ ပျက်ယွင်းသွားစေသည်။
ရုတ်တရက်
အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ မြေပြင်မှ လေတိုးသံများ ထွက်ပေါ်လာသည်။
ထိုအတူ အလွန် အေးစက်လှသော အသံတစ်သံ လည်း ကပ်ပါလာလေ၏။
"မင်း ငါ့ကို ရှာနေတာလား"
ရုတ်တရက်ပင်
မော့ဝမ်ကွေ့၏အရှိန်အဝါမှာ ရပ်တန့်သွားပြီး ပိုမို ကြောက်စရာကောင်းသော အရှိန်အဝါကြီးတစ်ခုက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။