အမှောင်ဧကရာဇ်၊ထင်ရှားကျော်ကြားသော နတ်ဓားအင်မော်တယ်
Vol. 16 Ch. 158
ဟင်းလင်းပြင် နောက်ကွယ်ရှိ ဓားနတ်ဘုရားဧကရာဇ်၏ဓားစိတ်ဝိညာဉ်မှာ ဆုတ်ခွာသွားခဲ့လေပြီ။
မူလက လွင့်မျောနေသော စွမ်းအင်ကိုယ်ထည်တစ်ခုသာ ဖြစ်သော်လည်း ယခုမူ ဝေးရာသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဖိနှိပ်ထားသော လေးလံသည့် အရှိန်အဝါများ နောက်ဆုံးတွင် ရပ်တန့်သွား၏။
ချင်းရွှမ် တစ်ယောက် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
သို့သော် ဖြစ်ပျက်သမျှမှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ရှန်းချန်ကော သည် ဓားနတ်ဘုရားဧကရာဇ်ကိုပင် ဆုတ်ခွာသွားအောင် အတင်းအကျပ်ဖိအားပေးနိုင်ခဲ့သည်။
ရှန်းချန်ကောသည် ယခုထိ ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးပြီး အနန္တအမှောင်ထုနယ်ပယ်သို့ပင် မဝင်ရောက်သေးသည်ကို သတိပြုသင့်သည်။
ချင်းရွှမ်မှာ ရင်ထဲမှပင် ချီးကျူးမိတော့သည်။ ဤလူငယ်သည် မြူခိုးသမုဒ္ဒရာကမ္ဘာကြီး၏ အစစ်အမှန်ကယ်တင်ရှင်ပင်။
"ဓားဧကရာဇ် ဆုတ်ခွာသွားပြီဆိုပေမဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေက ရှိနေတုန်းပဲ၊ နတ်ဆိုးတွေကလည်း မြူခိုးသမုဒ္ဒရာထဲကို အဆက်မပြတ် ဝင်လာနေဦးမှာပဲ"
"အခုချက်ချင်း 'မြူခိုးလူသားတွေရဲ့ အမှတ်စဉ် ၁၀ ခု နဲ့ 'ဝတ်ရုံနက်အဖွဲ့ရဲ့ အမှတ်စဉ် ၉ ခုလုံးကို စုစည်းရမယ်။မြူခိုးသမုဒ္ဒရာပြင်ပက ဂိုဏ်းကြီးတွေအားလုံးကိုလည်း ခေါ်ယူရမယ်။ တချို့နေရာတွေကို စွန့်လွှတ်ရရင်တောင် အင်အားစုစည်းဖို့ လိုတယ်"
ချင်းရွှမ်၏မျက်လုံးများက ရှန်းချန်ကောထံသို့ ရောက်သွားသည်။
ထို့နောက် သူတို့အားလုံး ရှန်းချန်ကောရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်ကြ၏။
"မြူခိုးလူသားတွေနဲ့ ဝတ်ရုံနက်အဖွဲ့ကိုယ်စား... ကျွန်ုပ်တို့ မင်းကိုအရှင်သခင်အဖြစ် အမှုထမ်းဖို့ အသင့်ပါပဲ"
ရုတ်တရက်ဆန်လွန်းလှသဖြင့် ရှန်းချန်ကောမှာ အံ့အားသင့်သွားရသည်။ ဤလူစုက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဤသို့ လုပ်ကြသနည်း။
"ငါတို့က မဟာအပျက်စီးနယ်မြေနဲ့ အဆက်သွယ်ဖြတ်လိုက်ပြီဆိုတော့ ဝတ်ရုံနက်နဲ့ မြူခိုးနေထိုင်သူတွေ ရှင်သန်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက စည်းလုံးဖို့ပဲ။ ဒါပေမဲ့ ဒီအဖွဲ့အစည်း နှစ်ခုက ရန်ငြိုးတွေ ရှိခဲ့ကြတာဆိုတော့ တကယ့်ကို အစွမ်းထက်တဲ့ အရှင်သခင်တစ်ယောက်ရဲ့ ဖိနှိပ်မှု မရှိရင် ပေါင်းစည်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"
မြူခိုးလူသားများက ဝတ်ရုံနက်အဖွဲ့ကို အထင်သေးကြပြီး ဝတ်ရုံနက်များကလည်း မြူခိုးလူသားများကို အမြင်မကြည်ကြပေ။
ပုံမှန်ဆိုလျှင် ဟန်ချက်ညီအောင် ထိန်းထားနိုင်သော်လည်း အတင်းအဓမ္မ ပေါင်းစည်းခိုင်းပါက ပြဿနာတက်နိုင်သည်မှာ အမှန်ပင်။
ထို့ကြောင့် သူတို့အားလုံးကို ထိန်းချုပ်နိုင်မည့်သူတစ်ဦး လိုအပ်နေသည်။
ရာသီများအလီလီကုန်လွန်သွားပြီး မျိုးဆက်သစ်တွေ ရောက်လာမှသာ ဒီရန်ငြိုးတွေ ပြေပျောက်နိုင်ပေလိမ့်မည်။
ထိုအချိန်အထိ ရှန်းချန်ကော ကဲ့သို့သော နတ်ဘုရားတစ်ပါးက သူတို့အပေါ်မှ ဖိနှိပ်ထားရန် လိုအပ်သည်။
"အဲ... " ရှန်းချန်ကောသည် ဤအကြောင်းပြချက်မှာ မမှားကြောင်း သိသော်လည်း အရှင်သခင် လုပ်ရန် စိတ်မပါလှသဖြင့် ငြင်းပယ်ရန် ပြင်လိုက်သည်။
သို့သော် ချင်းရွှမ်၏နောက်ထပ်စကားကြောင့် သူ စိတ်ဝင်စားသွားရ၏။
"မင်း အခုလုပ်ရမှာက အရှိန်အဝါတစ်ခု ဖန်တီးဖို့ပဲ။ မြူခိုးသမုဒ္ဒရာကမ္ဘာတစ်ခုလုံးက မင်းကို အရှင်သခင်အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံလာအောင် လုပ်ရမယ်"
"မြူခိုးသမုဒ္ဒရာကမ္ဘာက ကျုံ့သွားတော့မယ်၊ အစွန်အဖျားက အင်အားစုတွေက အတွင်းဘက်ကို စုလာကြလိမ့်မယ်။ အဆုံးမဲ့တဲ့ နတ်ဆိုးအုပ်ကြီးတွေက စုစည်းမိသွားရင် တကယ့်ကို ကမ္ဘာပျက်ကိန်း ဆိုက်လိမ့်မယ်"
"ဒါဟာ ကပ်ဘေးဒုက္ခဖြစ်သလို အခွင့်အရေးလည်း ဖြစ်တယ်။ မင်းက ကောင်းကင်ကို ဖြတ်ကျော်ပြီး နတ်ဆိုးတွေကို ဓားတစ်ချက်တည်းနဲ့ ရှင်းလင်းပြရမယ်"
"အဲဒီနောက် မြူခိုးလူသားတွေနဲ့ ဝတ်ရုံနက်အဖွဲ့က မင်းရဲ့ဖြစ်တည်မှုကို ကြေညာပြီး ရှုပ်ထွေးမှုတွေကို ငြိမ်သက်စေလိမ့်မယ်။ မင်းရဲ့ အစွမ်းနဲ့ဆိုရင် မြူခိုးသမုဒ္ဒရာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာမှာ သေချာတယ်"
ရှန်းချန်ကောက ချင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျားတို့ နတ်ဆိုးတွေ ရှင်းခိုင်းချင်လို့ လှည့်ပတ်ပြောနေတာမလား၊ ကျုပ်က တုံးအတဲ့သူမှ မဟုတ်တာ"
ချင်းရွှမ်က ချောင်းတစ်ချက် ချိုးလိုက်သည်။
ရှန်းချန်ကောက နှာခေါင်းတစ်ချက် ရှုံ့ကာ လှည့်ထွက်သွားသဖြင့် ရွှေရောင်နှင့် ငွေရောင်သင်္ကေတ တမန်တော်များမှာ စိုးရိမ်တကြီး ကြည့်နေကြစဉ်...
"ကောင်းပြီ... ကျုပ် သဘောတူတယ်"
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...
"ဒါနဲ့ ကျုပ်ကို ဘယ်လိုဘွဲ့အမည် ပေးမှာလဲ"
"ရှေးဟောင်းနတ်ဘုရားတွေကို 'နတ်ဘုရားဧကရာဇ်' လို့ ခေါ်ရင် ငါတို့က အင်မော်တယ် အဆင့်နဲ့ ပေးရမယ်"
" သူတော်စင်ဆိုတဲ့ စကားလုံးလေးပါ ထည့်လိုက်ပါဦး။ အဲဒါမှ ပိုပြီး ရှေးကျသလိုရှိမှာ။ အက်ကွဲကြောင်း ပွင့်လာပြီဆိုတော့ ရှေးဟောင်းနတ်ဘုရားမျိုးဆက်တွေနဲ့ စစ်ပွဲစတော့မှာလေ။ အရှိန်အဝါကတော့ သူတို့ထက် မနိမ့်မှ ရမယ်"
"နတ်ဘုရား နဲ့ သူတော်စင် ဆိုတော့... သူတော်စင် အင်မော်တယ် လို့ ခေါ်မလား"
"အဲဒါက မိန်းမဆန်လွန်းတယ်" ချင်းရွှမ်က ကန့်ကွက်လိုက်သည်။
ထိုစဉ် သူတို့သည် လက်ကို နောက်ပစ်ကာ ခန့်ညားစွာ လမ်းလျှောက်သွားသော ရှန်းချန်ကော၏ ကျောပြင်ကို ကြည့်လိုက်ကြသည်။
သူတို့၏စိတ်ထဲတွင် ရှန်းချန်ကောသည် ယခင်က ရှေးဟောင်းကျောက်စာတိုင်ကြီး၏မှတ်တမ်းကို ချိုးဖျက်ခဲ့သည်ကို သတိရသွားကြ၏။
" အမှောင်ဧကရာဇ်၊ထင်ရှားသောနတ်ဓားအင်မော်တယ် ဒါပဲ... ဒါက မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းကြီး နှစ်ခုလုံးရဲ့ ပူးတွဲခေါင်းဆောင် ဘွဲ့အမည်ပဲ"
အမှောင်ဧကရာဇ်မှာ ခေါင်းဆောင်မှု ဘွဲ့အမည်ဖြစ်ပြီး ထင်ရှားသော နတ်ဓားအင်မော်တယ်မှာ ရှန်းချန်ကောအတွက် သီးသန့်ပေးထားသော ဘွဲ့အမည် ဖြစ်သည်။
ဤဘွဲ့တွင် ဧကရာဇ်၊ သူတော်စင် နှင့် အင်မော်တယ်ဟူသော ဂုဏ်ပုဒ်များအားလုံး ပါဝင်နေတော့သည်။
သူတို့အားလုံး ကိုယ့်အကြံဉာဏ်ကိုယ် သဘောကျကာ လက်ခုပ်တီး ထောက်ခံလိုက်ကြသည်။ ထိုသို့ဖြင့် မြူခိုးသမုဒ္ဒရာ၏ အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုကြီး စတင်လေတော့သည်။
အဖွဲ့အစည်းနှစ်ခုလုံး၏စဉ်ဆက်အသီးသီးမှ ပညာရှင်များကို အရပ်မျက်နှာအနှံ့ စေလွှတ်ကာ ကျန်ရှိနေသော ဂိုဏ်းငယ်များကို အဓိကနေရာသို့ စုစည်းစေသည်။
ရှန်းချန်ကော၏ မူလဂိုဏ်းဖြစ်သော ကောင်းကင်ဘုံဓားဂိုဏ်း မှာလည်း လက်အောက်ခံဂိုဏ်းများစွာနှင့် ပူးပေါင်းကာ အင်အားကြီးမားလာခဲ့သည်။
ဝတ်ရုံနက်အဖွဲ့၏ အမှတ်စဉ် (၇) မှ လူများမှာလည်း ယခုအခါ အမြီးကုပ်ကာ ငြိမ်သက်နေကြရသည်။ သူတို့ မကျေနပ်သော်လည်း ဘာမှ မပြောရဲကြပေ။
"နတ်ဘုရားတမန်တော်ကြီးရေ... ကျုပ်တို့ သစ္စာမရှိတာ မဟုတ်ပါဘူး၊ အဲဒီကောင်က တကယ့်ကို ထီးနန်းတက်သွားပြီဗျ။ မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်း နှစ်ခုလုံး ပေါင်းစည်းတော့မယ်၊ အဲဒီကောင်က ဘုရင်အသစ်တဲ့... ဘွဲ့အမည်က အမှောင်ဧကရာဇ်တဲ့ဗျာ... တမန်တော်ကြီးလည်း ကောင်းရာသုဂတိလားပါစေ" ဟု တိုးတိုးလေး ဆုတောင်းနေကြရသည်။
သူတို့ စိတ်မကောင်း ဖြစ်မိသည်မှာ အမှန်ပင်။ သူတို့၏နတ်ဘုရားတမန်တော်မှာ သူ၏သားတော်မောင်ဖြစ်သူကြောင့် ကံဆိုးမိုးမှောင်ကျခဲ့ရခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာလည်း ကံတရားပင်။သူတို့၏ သားစဉ်မြေးဆက်များသည် အပြင်လောကတွင် မောက်မာဝင့်ကြွားခဲ့ကြသော်လည်း ယခုမှာမူ မည်သူမျှ မယှဉ်နိုင်သော 'မွန်းစတားတစ်ကောင်' နှင့် သွားတိုးခဲ့ကြသည် မဟုတ်ပါလား။
ထိုစဉ် နတ်ဆိုးအုပ်ကြီးမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး ဂိုဏ်းများကို ဖျက်ဆီးနေကြသည်။သို့သော် တစ်ချိန်တည်းမှာပင် သတင်းစကားတစ်ခုသည် မြူခိုးသမုဒ္ဒရာတစ်ခုလုံးသို့ လျှပ်စီးအလား ပြန့်နှံ့သွားတော့သည်။
"မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းကြီး နှစ်ခု ပေါင်းစည်းပြီး ငါတို့ကို ကယ်တင်တော့မယ်"
"အစစ်အမှန်အရှင်သခင် ပေါ်လာပြီ၊သူက ဓားနတ်ဘုရားဧကရာဇ်ကိုတောင် ဓားတစ်ချက်တည်းနဲ့ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တဲ့ အမှောင်ဧကရာဇ် ပဲ"
"ထင်ရှားသော နတ်ဓားအင်မော်တယ် ရှန်းချန်ကော... သူက ငါတို့ကို တကယ် ကယ်တင်နိုင်မှာလား"
လူအများ၏ရင်ထဲတွင် မျှော်လင့်ချက်နှင့် သံသယများ ရောပြွမ်းနေကြတော့သည်။