အမှောင်ဧကရာဇ် ရောက်ရှိလာခြင်း
Vol. 16 Ch. 159
"ပြိုင်စံရှား နတ်ဓားအင်မော်တယ်"
ဤဘွဲ့အမည်သည် မြူသမုဒ္ဒရာကမ္ဘာတစ်ဝန်းလုံးသို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေသည်။
ယခုကဲ့သို့ မှောင်မိုက်နေသော ခေတ်ဆိုးကြီးတွင် ဤကဲ့သို့သော တည်ရှိမှုမျိုးသည် လူအများ၏ စိတ်နှလုံးထဲ၌ ရုတ်တရက် လင်းလက်လာသော မျှော်လင့်ချက် အလင်းတန်းတစ်ခုသဖွယ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော်လည်း လူအများစုမှာမူ ယုံကြည်ခြင်း မရှိကြသေးပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီး၊ မြူသမုဒ္ဒရာ၏အခြေအနေကို နားလည်ထားသူများမှာ အခြေအနေမှာ မည်မျှအထိ ဆိုးရွားနေသည်ကို သိရှိထားကြသောကြောင့် ဖြစ်သည်။
"ဖြစ်နိုင်တာကတော့... အဲ့ဒီ ပြိုင်စံရှား နတ်ဓားအင်မော်တယ်ဆိုတာ အထက်လူကြီးတွေက လုပ်ကြံဖန်တီးထားတဲ့ လှပတဲ့မုသားစကားတစ်ခုပဲ ဖြစ်မှာပါ..."
"ဟူး... ဒီလို မုသားစကားတွေကြားမှာ သေမယ့်အစားတိုက်ပွဲဝင်ရင်း သေရတာကမှ ပိုကောင်းဦးမယ်။ နုံအတဲ့လူတစ်ယောက်လို အကြောင်းမဲ့ သေမသွားချင်ဘူး။ ဓားနတ်ဘုရားဧကရာဇ်ကို တစ်ချက်တည်းနဲ့ ဆုတ်ခွာသွားအောင် လုပ်နိုင်တယ် ဟုတ်လား၊ ဒါက လုံးဝ မဖြစ်နိုင်တာပဲ။ ဓာနတ်ဘုရားဧကရာဇ်ဆိုတာ ရှေးဟောင်းနတ်ဘုရားခေတ်ရဲ့အင်အားအကြီးဆုံး တည်ရှိမှုလေ၊ ဘယ်သူက သူ့ကို ဆုတ်ခွာအောင် လုပ်နိုင်မှာလဲ"
"အမှောင်ဧကရာဇ်လား အဓိပ္ပာယ်မရှိတာ၊ အလိမ်အညာတွေပဲ။ ဟူး... ဒါပေမဲ့ ဝတ်ရုံနက်အဖွဲ့နဲ့ မြူခိုးလူသားအဖွဲ့တွေ ပေါင်းစည်းတော့မယ်ဆိုတာကတော့ အမှန်ဖြစ်နိုင်တယ်။ အမြဲတမ်း ပဋိပက္ခဖြစ်နေတဲ့ ဒီအဖွဲ့အစည်းကြီးနှစ်ခု ပေါင်းစည်းရတယ်ဆိုကတည်းက လက်ရှိအခြေအနေက တကယ်ကို စိုးရိမ်စရာကောင်းနေပြီပဲ။"
ကမ္ဘာအနှံ့မှကျွမ်းကျင်သူများသည် လေးနက်သော အမူအရာများဖြင့် ဆွေးနွေးနေကြလေသည်။
သူတို့သည် အမှောင်ဧကရာဇ် နှင့် နတ်ဓားအင်မော်တယ်အကြောင်းကို လုံးဝ မယုံကြည်ကြဘဲ မြူခိုးသမုဒ္ဒရာအဖွဲ့အစည်းက လူထုကို နှစ်သိမ့်ရန် လုပ်ကြံထားသော စကားများဟုသာ သတ်မှတ်ထားကြသည်။
ထိုမျှော်လင့်ချက်များ ပျက်သုဉ်းသွားချိန်တွင် လောကကြီးတစ်ခုလုံး ချာချာလည်ကာ ကောင်းကင်ယံကြီး မှောင်မိုက်သွားသကဲ့သို့ လူအများ ခံစားလိုက်ရသည်။
ဂိုဏ်းပေါင်းများစွာ ဖျက်ဆီးခံလိုက်ရပြီး မြူနက်ကြီးများသည် ကမ္ဘာပျက်တော့မည့်အတိုင်း အရပ်ရပ်၌ ဖောက်ထွင်းဝင်ရောက်နေပြီဖြစ်သည်။
"မြူခိုးလူသားနဲ့ ဝတ်ရုံနက်အဖွဲ့က ကျွမ်းကျင်သူတွေ ရောက်လာပြီ။ ငါတို့ကို သူတို့အဖွဲ့ထဲ ဝင်ဖို့ ပြောနေတယ်။ဒါပေမဲ့ ငါတို့ဂိုဏ်းက ရုပ်ထုပျက်စီးသွားပြီဆိုတော့ ငါတို့မှာ ခိုလှုံရာမရှိတော့ဘူး။ ဒါကြောင့် ဂိုဏ်းနယ်မြေကို စွန့်လွှတ်ပြီး တခြားဂိုဏ်းတွေဆီကိုပဲ သွားရတော့မယ်။"
"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား..."
"ငါ မသွားချင်ဘူး..."
လူအများမှာ မချိမဆံ့ ဖြစ်နေကြရသည်။ မိမိတို့၏ နယ်မြေကို စွန့်ခွာကာ တခြားသူ၏လက်အောက်တွင် သွားရောက်ခိုလှုံရမည်ကို တွေးပြီး စိတ်ပျက်နေကြသည်။
သို့သော်လည်း ထိုအချိန်တွင်ပင် သူတို့၏ နောက်ကွယ်မှ မြေကမ္ဘာကြီး တုန်ခဲသွားစေလောက်သော အရှိန်အဟုန်တစ်ခု ပေါ်ပေါက်လာလေသည်။
ဖုန်မှုန့်များ လွင့်စင်ကာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
မရေမတွက်နိုင်သော နတ်ဆိုးကြီးများသည် တောင်တန်းရေလှိုင်းများသဖွယ် တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။
သူတို့၏အရှိန်အဟုန်မှာ မည်သူမျှ တားဆီး၍ မရနိုင်လောက်အောင် ပြင်းထန်လှပေသည်။
"ဒါ... ဒီမှာ... ပြေးကြတော့"
"ဂိုဏ်းက ဘယ်လိုလုပ်မလဲ..."
"ဂိုဏ်းကို ဂရုမစိုက်နဲ့တော့ အမြန်ပြေး၊ မဟုတ်ရင် လွတ်မှာမဟုတ်ဘူး"
လူတိုင်း ထိတ်လန့်တကြားဖြစ်ကာ ကျွမ်းကျင်သူများနောက်သို့ လိုက်၍ အသက်လုကာ ထွက်ပြေးကြရလေသည်။
သူတို့ ထွက်ခွာလာပြီး မကြာမီမှာပင် ဂိုဏ်း၏ အဆောက်အဦးကြီးများသည် နတ်ဆိုးများ၏ ခြေထောက်အောက်တွင် မြေပြန့်သဖွယ် ပြိုလဲပျက်စီးသွားခဲ့ရသည်။
"သခင်... အခု ငါတို့ ဘာလုပ်ကြမလဲ"
"ဒါက ငါ့ရဲ့ အမှတ်(၁၀) စီစဉ်မှုအောက်မှာ ရှိတဲ့နယ်မြေပဲ။ အရင်ဆုံး အင်အားစုတွေနဲ့ သွားပေါင်းကြမယ်။"
လူစုမိလေလေ အင်အားရှိလေလေဟု တွေးကာ သူတို့သည် အသက်လုရင်း ရှေ့သို့ ဆက်လက် တိုးဝင်ခဲ့ကြသည်။
လမ်းခရီးတွင် အဓိက အင်အားစုကြီးနှင့် ဆုံမိသောအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
"အခြေအနေ ဘယ်လိုလဲ"
"လောလောဆယ်တော့ ငါတို့နယ်မြေထဲက ကျန်တဲ့ဂိုဏ်းတွေ အကုန်ရောက်နေပြီ။ ကောင်းကင်ဘုံဓားဂိုဏ်း နားအထိ ရောက်ရင်တော့ ပြဿနာမရှိနိုင်တော့ဘူး။ အဲ့ဒီနေရာက အမှောင်ဧကရာဇ် ဖျက်ဆီးခဲ့တာဆိုတော့ အခုထိ ဘေးကင်းနေသေးတယ်၊ အန္တရာယ် အနည်းဆုံးနေရာပဲ။"
ထိုစကားကို ကြားလိုက်ရသောအခါ ဂိုဏ်းသားများမှာ အံ့အားသင့်သွားကြသည်။
အမှောင်ဧကရာဇ် တကယ်ပဲ အမှောင်ဧကရာဇ်ဆိုတာ ရှိနေတာလား။ နှစ်သိမ့်ဖို့အတွက် ပြောတဲ့ အလိမ်အညာ မဟုတ်ဘူးလား။
သို့သော်လည်း သူတို့ ဆက်လက် မေးမြန်းရန် ပြင်နေစဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြန်သည်။
သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ မျက်နှာများ ဖြူလျော့သွားကြသည်။
"အဲ့ဒါက..."
"မကောင်းတော့ဘူး၊ ငါတို့ ထောင်ချောက်ထဲ မိသွားပြီ။ ဒီမှာ နတ်ဆိုးတွေ မရှိတာမဟုတ်ဘူး၊ သူတို့က ငါတို့ကို ဝိုင်းဖို့ပုန်းနေကြတာပဲ။ နတ်ဆိုးတွေက ဒီလို အကွက်ချစီစဉ်တတ်နေပြီလား"
ကျန်းထုံ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့၏ပတ်ပတ်လည်တွင် လွတ်ပေါက်မရှိအောင် နတ်ဆိုးကြီးများ ဝိုင်းရံထားကြပြီဖြစ်သည်။
"ငါတို့... လွတ်လမ်းမရှိတော့ဘူး..."
"ဒီလောက် နတ်ဆိုးတွေအများကြီး... ငါတို့ အကုန်သေကြရတော့မှာပဲ..."
"အမှောင်ဧကရာဇ် ဘယ်မှာလဲ၊ သူ ငါတို့ကို ကယ်မယ်ဆို... သူ ဘယ်မှာလဲ"
လူအများမှာ စိတ်ဓာတ်များ ပြိုလဲကာ ငိုကြွေးကုန်ကြသည်။
ထိုစဉ်မှာပင်...
ကောင်းကင်ယံ၏တစ်ဖက်ခြမ်းမှ နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
အမှောင်ထုကြီးကို ဓားအလင်းတန်းတစ်ခုက ထိုးခွင်းလိုက်သကဲ့သို့ ဖြစ်သွားပြီး လူရိပ်တစ်ခု ပေါ်လာလေသည်။
ထိုသူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောတွင် ရှည်လျားသော ဓားနှစ်လက်ကို လွယ်ထားသည်။
သူ၏ပတ်ပတ်လည်တွင် တောက်ပသော ဓားအလင်းတန်းများလှုပ်ရှားနေပြီး ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသည်။
သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ ထက်မြက်လှပြီး ဆံပင်ရှည်များကို မြင့်မားစွာ စည်းနှောင်ထားသည်။
"အမှောင်ဧကရာဇ် ရောက်လာပြီ..."
"အမှောင်ဧကရာဇ်"
လူအများမှာ မှင်တက်သွားကြသလို ကျွမ်းကျင်သူများမှာလည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေကြသည်။
မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းကြီးနှစ်ခုလုံး၏တစ်ဦးတည်းသော ဘုရင်ဖြစ်လာသူ...
သူကား ရှန်းချန်ကော ခေါ် ပြိုင်စံရှား နတ်ဓားအင်မော်တယ် ဖြစ်ပေတော့သည်။