ကောင်းကင်ဘုံအားဖြည့်ကျောက်စိမ်း
Vol. 16 Ch. 160
ဘုန်း
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုသည် ကောင်းကင်ယံမှ ဝုန်းခနဲကျဆင်းလာလေ၏။
အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသော သောင်းကျန်းလှသည့် နတ်ဆိုးလှိုင်းလုံးကြီးမှာ ထိုဓားချက်တစ်ချက်တည်းဖြင့်ပင် လွင့်စင်ပျက်စီးသွားရတော့သည်။
လူတစ်ယောက်တည်းက ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ဓားအလင်းမျိုးကို ထုတ်ဖော်နိုင်သည်မှာ ယုံကြည်ရန်ပင် ခက်ခဲလှသည်။
၎င်းသည် အနှိုင်းမဲ့စွမ်းအားများ ပြည့်နှက်နေသည့် တောက်ပသော ကြယ်တာရာဂလက်ဆီကြီးတစ်ခု ကျဆင်းလာသကဲ့သို့ပင်။
ခြွမ်..
ရှူး...
ထိုဓားချက်ကြောင့် မြေပြင်တစ်ခုလုံး သွေးချင်းချင်းနီသွားပြီး ကမ္ဘာမြေပင် တုန်ဟည်းထသွားရသည်။
လူပေါင်းများစွာမှာ ထိုပုံရိပ်ကို ကြည့်ရင်း ဆွံ့အလျက် ရှိနေကြ၏။
ထိုသူမှာ...
"အမှောင်ဧကရာဇ်၊အမှောင်ဧကရာဇ် တကယ် ရောက်လာပြီ"
"သူ ငါတို့ကို ကယ်ဖို့ ရောက်လာတာလား၊ကြည့်စမ်း... သူက ရှေးခေတ်က အနှိုင်းမဲ့ဓားအင်မော်တယ်တစ်ယောက်အတိုင်းပဲ။ သူရဲ့ အရှိန်အဝါက ဒီလောကနဲ့ မဆိုင်သလိုပဲ၊ ဓားအလင်းကလည်း အရမ်းတောက်ပတာပဲ။ အဲဒီဓားချက်က မရေမတွက်နိုင်တဲ့ နတ်ဆိုးကပ်ဘေးဒုက္ခတွေကို ငြိမ်သက်သွားစေခဲ့ပြီ"
"ပြိုင်စံရှား နတ်ဓားအင်မော်တယ်... မြူသမုဒ္ဒရာအဖွဲ့အစည်းက ပြောတာတွေက ငါတို့ကို နှစ်သိမ့်ဖို့ လိမ်ညာနေတာ မဟုတ်ဘူးပဲ။ သူက ဓားနတ်ဘုရားဧကရာဇ်ကိုတောင် ဓားတစ်ချက်တည်းနဲ့ ဆုတ်ခွာသွားအောင် လုပ်ခဲ့တယ်ဆိုတာ တကယ်ပဲလား"
တစ်ခဏအတွင်းမှာပင် မျှော်လင့်ချက်ကင်းမဲ့နေသည့် လူအများ၏မျက်နှာထက်တွင် အသက်ဝင်သော မျှော်လင့်ချက်အလင်းရောင်များ ပြန်လည်ထွန်းတောက်လာသည်။
အချို့သော ပုဂ္ဂိုလ်များမှာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် လူအများကို ယုံကြည်မှုအပြည့် ပေးနိုင်စွမ်း ရှိကြသည်။
ရှန်းချန်ကောသည် မြူခိုးသမုဒ္ဒရာကမ္ဘာတွင် တစ်ခါမျှ မထွက်ပေါ်ဖူးသည့် နေမင်းကြီးအလား တောက်ပခန့်ညားလျက် ရှိနေသည်။
"ဒီကိစ္စနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ကောင်တွေ ရှိနေသေးတာပဲ"
ရှန်းချန်ကောက ပြုံးလိုက်ရင်း ဟင်းလင်းပြင်ထဲသို့ လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသည့် ပုံရိပ်အချို့ကို အတင်းအဓမ္မ ဆွဲထုတ်လိုက်တော့သည်။
၎င်းတို့မှာ ရှေးဟောင်းနတ်ဘုရားမျိုးဆက် ငါးဦးပင် ဖြစ်သည်။
သူတို့သည် နောက်ကွယ်မှ ပုန်းအောင်းကာ နတ်ဆိုးများကို စေခိုင်းပြီး ဤနေရာရှိ ပညာရှင်အားလုံးကို သတ်ဖြတ်ရန် ကြံစည်နေကြသူများ ဖြစ်သည်။
ယခုမူ သူတို့၏မျက်နှာများမှာ တရုတ်မသာကဲ့သို့ ဖြူလျော့သွားကြလေပြီ။
ဒီလူက ဘယ်သူလဲ။သူတို့ကို ဟင်းလင်းပြင်ထဲကနေ တစ်ခဏအတွင်း ဘယ်လိုများ ဆွဲထုတ်နိုင်ရတာလဲ။
ရှန်းချန်ကော၏အေးစက်သော မျက်လုံးများက သူတို့ကို တုန်လှုပ်ခြောက်ခြားသွားစေ၏။
'ဒါ မဖြစ်နိုင်ဘူး ငါတို့ အစီအစဉ်က ဒီလိုမှ မဟုတ်တာ။အဓိကတိုက်ပွဲဘက်မှာ ဓားနတ်ဘုရားဧကရာဇ် ရှိနေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို ဖြစ်နေရတာလဲ'။
ထိုစဉ် သူတို့၏ဝိညာဉ်ကျောက်စိမ်း များမှာ ပူနွေးလာပြီး သတင်းစကားများ ရောက်ရှိလာသည်။
ကျောက်စိမ်းပေါ်ရှိ စာသားများကို ကြည့်လိုက်မိသောအခါ သူတို့ ပို၍ပင် ထိတ်လန့်သွားကြသည်။
"ဓားနတ်ဘုရားဧကရာဇ်က ဆုတ်ခွာသွားပြီ ဟုတ်လား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မြူခိုးသမုဒ္ဒရာကမ္ဘာမှာ ထူးကဲတဲ့ပညာရှင်တစ်ယောက် ပေါ်လာတယ်၊ ပြီးတော့ ဓားနတ်ဘုရားဧကရာဇ်ကို ထိန်းချုပ်ထားတဲ့ ပုဂ္ဂိုလ်လည်း ပျောက်ချင်းမလှ ပျောက်သွားတယ်တဲ့..."
ဝိညာဉ်ကျောက်စိမ်းထဲမှ သတင်းများအရ ၎င်းမှာ ဓားနတ်ဘုရားဧကရာဇ်ကို ယှဉ်နိုင်သည့် 'ဝတ်စုံဖြူဝတ် ဓားသမား' တစ်ဦးဟု ဆိုသည်။
ထိုခဏ၌ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်လာပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
'ဒါဆို... အခု ငါတို့ရှေ့က လူငယ်ကပဲ အဲဒီလူပေါ့...'
ရှန်းချန်ကောသည် သူတို့ကို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်သည်။
သူ၏နတ်ဘုရားစိတ်အာရုံကို စုစည်းပြီးကတည်းက ဤရှေးဟောင်းနတ်ဘုရားမျိုးဆက်ဆိုသူများကို သူ အလိုအလျောက် ရွံရှာနေမိခြင်းဖြစ်သည်။
သူက ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းအောက်တွင် ထိုမျိုးဆက် ငါးဦးလုံး ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။
ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိနေသောသူတစ်ဦးက ဤမျှ ကြောက်စရာကောင်းသော စွမ်းအားမျိုး ရှိနေသည်ကို သူတို့ မည်သို့မျှ မတွေးတောနိုင်ခဲ့ကြပေ။
ထိုဓားချက်သည် သူတို့၏စိတ်ကူးထက်ပင် ကျော်လွန်နေပြီး ဓားနတ်ဘုရားဧကရာဇ်၏ ဓားအလင်းနှင့်ပင် ဆင်တူနေတော့သည်။
ထိုသူငါးဦး သေဆုံးသွားသည်နှင့် စုဝေးနေသော နတ်ဆိုးအုပ်ကြီးမှာလည်း ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြလေသည်။
ယခုမှသာလျှင် လူတိုင်း သက်ပြင်းချနိုင်သွားကြလေ၏။
ဤ အမှောင်ဧကရာဇ်၏ ဓားချက်မှာ လူတိုင်း၏ ရင်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးများ၏ကျူးကျော်မှုကို ခုခံရင်း ပုံရိပ်အချို့သည် ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ ဦးတည်ပြေးလွှားနေကြသည်။
သူတို့၏မျက်နှာများမှာ ဖြူလျော့နေသော်လည်း စိတ်ဓာတ်ကမူ ခိုင်မာနေကြ၏။
"ဒီ ဝိညာဉ်အားဖြည့်ကျောက်စိမ်းက ဟင်းလင်းပြင်စွမ်းရည် နတ်ဘုရားကျောက်စိမ်းပဲ။ ဒါဟာ ငါတို့ဂိုဏ်းက အမှောင်မြူခိုးထဲကို စစချင်း ခြေချတုန်းက ရခဲ့တဲ့ အစစ်မှန်ရတနာပဲ။ ဒါကို ဂိုဏ်းထဲမှာ အကြာကြီး ဝှက်ထားခဲ့တာ၊ ဒီနေ့မှာ အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သူတို့၏တာဝန်မှာ ဤကျောက်စိမ်းကို အသုံးပြု၍ ဂိုဏ်းအနီးရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ပြုပြင်ရန် ဖြစ်သည်။
အမှန်တော့ သူတို့သည် ဤကျောက်စိမ်း၏ အသုံးဝင်ပုံကို စောစောက မသိခဲ့ကြပေ။
ရတနာတစ်ခုအဖြစ်သာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဝတ်ရုံနက်အဖွဲ့မှ ပညာရှင်များ ရောက်လာမှသာ ဤကျောက်စိမ်းသည် ဟင်းလင်းပြင်ကို ပြုပြင်နိုင်ကြောင်းနှင့် ၎င်းတွင် ဟင်းလင်းပြင်စွမ်းရည် နတ်ဘုရားရူန်းများ ပါဝင်ကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ဝတ်ရုံနက်ပညာရှင်များက သူတို့ကို ဤနေရာအထိ လိုက်လံစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် လမ်းခရီးတွင် ပေးဆပ်ခဲ့ရမှုများကလည်း မနည်းလှပေ။
" ရောက်တော့မယ်...ဆရာ"
လူငယ်တစ်ဦးသည် ဓားကို အားပြုကာ အံကြိတ်ပြောလိုက်သည်။
သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည်။
လမ်းတစ်လျှောက်တွင် နတ်ဆိုးပေါင်းများစွာကို သတ်ဖြတ်ခဲ့ရသည်။
အက်ကွဲကြောင်းဆီသို့ ရောက်ခါနီးပြီဖြစ်သဖြင့် သူ၏မျက်လုံးများတွင် စိတ်သက်သာရာရမှုများ ပေါ်လာသည်။
လမ်းခရီးတွင် သူတို့လူတွေ အများကြီး သေဆုံးခဲ့ရလေ၏။
"မတော်တဆတစ်ခုခု မဖြစ်အောင် မြန်မြန်လုပ်ကြစမ်း" အဘိုးအိုက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
သူ၏ကျောပေါ်မှ ဓားမှာလည်း အက်ကြောင်းများ ပြည့်နေပြီ ဖြစ်သည်။
သူတို့သည် သေခြင်းတရားကို မကြောက်ဘဲ အက်ကွဲကြောင်းဆီသို့ အပြေးသွားကြသည်။
အဘိုးအိုသည် အနန္တအမှောင်ထုနယ်ပယ် ပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤအခြေအနေမျိုးတွင် သူပင်လျှင် အတော်လေး ရုန်းကန်နေရသည်။
"ရောက်ပြီ" သူတို့သည် လက်ထဲမှ နတ်ဘုရားကျောက်စိမ်းကို ပင့်မကာ ရှေ့သို့ တိုးလိုက်ကြသည်။
သို့သော် ထိုအချိန်တွင်
" ကောင်းကင်ဘုံအားဖြည့်ကျောက်စိမ်း က ပစ္စည်းကောင်းပဲ။ ဒီမြူခိုးသမုဒ္ဒရာကမ္ဘာမှာ ဒီလိုအရာမျိုး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ငါသာ ဒါကို နားလည်အောင် ကျင့်ကြံနိုင်ရင် ဟင်းလင်းပြင်းစွမ်းရည် နတ်ဘုရားနည်းစနစ်တွေကိုတောင် တတ်မြောက်နိုင်မှာပဲ"
"အရမ်းကောင်းတယ်... ဒါ ငါ့အပိုင်ပဲ"
အေးစက်ပြီး မှောင်မိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံနှင့်အတူ နတ်ဘုရားအလင်းတန်းတစ်ခု ဝုန်းခနဲ ပေါ်ထွက်လာရာ အဘိုးအိုမှာ တုန်လှုပ်သွားပြီး သူ၏တပည့်များကို ဘေးကင်းရာသို့ အတင်းတွန်းထုတ်လိုက်ရသည်။
"ဝိညာဉ်အားဖြည့်ကျောက်စိမ်း" သူတို့အားလုံး အော်ဟစ်လိုက်ကြသည်။
ထိုနေရာတွင် လရောင်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရုပ်ဆိုးသော အမျိုးသားတစ်ဦး ပေါ်လာသည်။
သူ၏မျက်နှာတွင် ရူန်းအမှတ်အသားများ ပြည့်နေပြီး အသားအရေမှာ ညိုမည်းနေသည်။
သူသည် ရှေးဟောင်းနတ်ဘုရားမျိုးဆက် တစ်ဦးပင် ဖြစ်သည်။
သူ၏မျက်လုံးများမှာ အေးစက်လှောင်ပြောင်နေပြီး သူ၏လက်ထဲတွင်မူ ထိုကျောက်စိမ်းကို ကိုင်ထားလေသည်။
"ဟင်းလင်းပြင် နတ်ဘုရားရူန်းတွေ၊ငါသာ ဒါကို နားလည်သွားရင် မျိုးနွယ်စုထဲမှာ ငါ့အဆင့်အတန်းက မြင့်တက်လာမှာပဲ"
သူက ယုတ်မာစွာ ပြုံးလိုက်သည်။
"ဟုတ်လား အဲဒီကျောက်စိမ်းက တော်တော်တန်ဖိုးရှိပုံရသားပဲ"
"ကောင်းကင်ဘုံအားဖြည့်ကျောက်စိမ်း၊ ဟင်းလင်းပြင် နတ်ဘုရားကျောက်စိမ်း၊ ဟင်းလင်းပြင်... ဒါတွေက တကယ့်ကို တန်ဖိုးအရှိဆုံး အရာတွေပေါ့"
"ဒါဆိုရင်... အဲဒါကို ငါပဲ ယူလိုက်တော့မယ်"
ရှေးဟောင်းနတ်ဘုရားအနွယ်ဝင်မှာ ဆွံ့အသွားသည်။
သူ၏နောက်ကျောဘက်တွင် ဝတ်စုံဖြူဝတ် ပုံရိပ်တစ်ခု ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ပေါ်လာခြင်းဖြစ်သည်။
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒများ ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားပြီး လေထုပင် နှေးကွေးသွားသလို ခံစားလိုက်ရသည်။
ဧရာမ ဖိအားကြီးက သူ့ကို စကားပင် မပြောနိုင်အောင် ဖိနှိပ်ထားသည်။
သူ့ကို တစ်စုံတစ်ယောက်က လည်ပင်းညှစ်ထားသလို ခံစားနေရသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလူက ဘယ်အချိန်က ရောက်လာတာလဲ။
ထိုဂိုဏ်းမှ ကျွမ်းကျင်သူများလည်း အံ့သြမှင်သက်နေကြသည်။
ဒီလူက ဘယ်သူလဲ၊ ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။
ထိုစဉ် ဝတ်ရုံနက်အဖွဲ့မှ အနန္တအမှောင်ထုနယ်ပယ် ပညာရှင်တစ်ဦးသည် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ပြီး...
"ဝတ်ရုံနက် အမှတ်စဉ် (၄) က ကျန်းဝမ်ကျွင်း က အမှောင်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
အမှောင်ဧကရာဇ် သူက အမှောင်ဧကရာဇ်ပဲ။
စာစဉ်၁၆ပြီး#