← Chapters

စုန်းဧကရီ

Vol. 1 Ch. 367

စုန်းဧကရီ

Vol. 1 Ch. 367

တစ်နာရီမကြာလိုက်ခင်တွင် ရထားလုံးသည် လှပသော နန်းဆောင်တစ်ခုရှေ့ ရောက်ရှိသွားခဲ့သည်။ ရထားလုံး နန်းတော်အနီး မရောက်ခင်တွင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသခရီးသည်အဆင့် အတော်များများသည် အမှောင်ထဲမှ ပြေးထွက်လာကြသည်။ သူတို့ထဲတွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လေးယောက် ပါဝင်သည်။ သူတို့သည် အရှင်ချောင်ကိုမြင်သော် စိတ်အေးသွားကြသော်လည်း ရထားလုံးအား စူးစူးရဲရဲ စိုက်ကြည့်နေကြဆဲဖြစ်သည်။

"လျှိူမိန်းကလေး ရောက်လာပြီ"

အရှင်ချောင်သည် ခပ်တိုးတိုးသာ ပြောလိုက်သော်လည်း သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းနေခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လေးယောက်သည်လည်း သတင်းကိုကြားသော် ပျော်ရွှင်သွားကြသည်။ ဟဲလောင်သည် ခန်းဆီးစကို အသာဖွင့်၍ လျှိုမိန်းကလေးအား အလင်းရောင်တောက်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ လျှိုမိန်းကလေးသည် ချက်ချင်း အသာအယာ စကားပြောလာခဲ့သည်။

"အကြီးအကဲလေးယောက်ရှင့်...ဒီလျှိုမျိုးနွယ်က စုန်းဧကရီကို စိတ်မပျက်စေခဲ့ပါဘူး။ ပစ်မှတ်က ဝိဉာဉ်ကပ်ပါးကောင်နဲ့ အညှို့ခံထားရပြီးတော့ အခုအိပ်ပျော်နေပါတယ်"

"ငါကြည့်ဦးမယ်"

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လေးယောက်ထဲမှ တစ်ယောက်သည် စိတ်မချသည့်အတွက် ရထားလုံးထံ လျှောက်လာခဲ့သည်။ ကျန်းရီနှင့်ဟဲလောင်မှာ ရင်တဒိန်းဒိန်း ဖြစ်လာခဲ့သည်။ သူတို့သည် စုန်းဧကရီနှင့် မတွေ့ရသေးသလို သူမရှိနေသောနေရာကိုလည်း မသိရသေးပေ။ သူတို့သာ ဤလူများနှင့် တိုက်ခိုက်ရပါက အကုန်ပေါ်ကုန်ပေလိမ့်မည်။

ရှပ်...ရှပ်...ရှပ်...

ထိုအချိန်တွင် ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအရာရှိသည် ရပ်တန့်သွားခဲ့ပြီး ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်ကာ တိုးတိုးပြောလာခဲ့သည်။

"မင်းကြီးလာနေတယ်။ မြန်မြန်သွားကြတော့...စစ်သူကြီးချောင်...သူတို့ကို လျှို့ဝှက်ခန်းမဆီ အရင်ခေါ်သွား...ငါ ပြီးမှ စုန်းဧကရီကို တင်ပြလိုက်မယ်"

"ကောင်းပြီ"

အရှင်ချောင်သည်လည်း ထိတ်လန့်သွားကာ ဟဲလောင်အား အသံအုပ်အုပ်ဖြင့် အော်ဟစ်လိုက်သည်။

"မြန်မြန်...ဟိုဘက်ကိုသွား..."

ဟဲလောင်သည် ရင်တဒိုင်းဒိုင်း ဖြစ်နေဆဲဖြစ်သည်။ သူသည် တံတွေးမြိုချလိုက်ပြီး ရထားလုံးအား တစ်ဖက်သို့ အမြန်မောင်းနှင်လိုက်သည်။ ဤနန်းဆောင်သည် စုန်းဧကရီ၏နန်းဆောင်သာ ဖြစ်ရမည်။ ရှန်မိနိုင်ငံ၏ဘုရင်သည် ရုတ်ချည်းရောက်ချလာရာ ကျန်းရီတို့အတွက် အစီအစဉ်ကို လုပ်ဆောင်ရန် ခက်ခဲသွားခဲ့သည်။ ယခု သူတို့သည် လျှို့ဝှက်အခန်းတစ်ခုသို့ သွားရတော့မည်ဖြစ်သည်။ သူတို့၏ ပရိယာယ်သာ ပေါ်ပေါက်သွားပါက အကြောင်းအရာများ ပိုရှုပ်ကုန်မည်ဖြစ်ပြီး စုန်းဧကရီကိုသတ်ရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ကျန်းရီသည် စဉ်းစားနေခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ရှိတိုင်းမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသာ ယခုတည်းက လှုပ်ရှားလိုက်လျှင် အဆိုးဆုံးအခြေအနေများ ဖြစ်ပွားလာနိုင်သည်။ ငွေပန်းပွင့်အဘွားအိုလည်း ရောက်ချလာလိမ့်မည်။ သူသည် နောက်ဆုံးအချိန် မတိုင်ခင်အထိ အရဲစွန့်၍ မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

အရှင်ချောင်သည် ဟဲလောင်အား နန်းဆောင်ကို ပတ်၍ အနီးရှိ နန်းဆောင်ခပ်သေးသေးတစ်ခုရှေ့သို့ သွားခိုင်းလိုက်သည်။ ရထားလုံးသည် နန်းဆောင်ခြံဝန်းထဲအထိ တည့်တည့်ဝင်သွားခဲ့သည်။ အရှင်ချောင်သည် လက်ကိုယမ်း၍ ပြောလိုက်သည်။

"လာပြီး ကူကြဦး"

နန်းတွင်းအစေခံအချို့ ထွက်လာကြသော် ကျန်းရီနှင့်ဟဲလောင်မှာ တောင့်တင်းသွားကြသည်။ ဟဲလောင်သည် ရုတ်ချည်းအကြံတစ်ခုရသွားကာ ပြောလိုက်သည်။

"ကျွန်တော်လုပ်လိုက်ပါ့မယ်အရှင်"

ဟဲလောင်သည် ပြောပြီးသည်နှင့် ရထားလုံးအတွင်းသို့ ဝင်သွားကာ ကျန်းရီအား သယ်ထုတ်လာခဲ့သည်။ ကျန်းရီသည် မေ့မျောချင်ယောင်ဆောင်နေသည်ဖြစ်ရာ သူ့ကိုယ်မှာ ပျော့ခွေနေခဲ့သည်။ သူသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန်လည်း အဆင်သင့်ပြင်ထားခဲ့သည်။

အရှင်ချောင်သည် ကျန်းရီအား တစ်ချက်ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

"ဘာလို့ သူ့ရုပ်က ပုံတူပန်းချီထဲက ရုပ်နဲ့ မတူတာလဲ"

ဟဲလောင်သည် ခေါင်းငြိမ့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ဟီးဟီး...အရှင်ချောင်၊ သူ့မှာ ရုပ်ရည်ကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ကောင်းကင်အဆင့် မျက်နှာဖုံးရှိတယ်လို့ ကြားမိတယ်။ ပြီးရင် တစ်ချက်ကြည့်ကြည့်မလား"

"ကောင်းကင်အဆင့် ရတနာ"

အရှင်ချောင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူသည် ကျန်းရီအကြောင်းကို တော်တော်များများ သိထားသဖြင့် ကျန်းရီတွင် ရတနာများစွာ ရှိကြောင်းကိုလည်း သိထားခဲ့သည်။ ထို့ကြောင့် ဤလိုအခြေအနေမျိုးတွင် သူသည် ကျန်းရီထံမှ အခွင့်အရေး အနည်းငယ် ယူလိုသည်။ အပြင်လူများလည်း ရှိမနေရာ သူတစ်ခုခု ယူလျှင်တောင် မည်သူမှ သိမည်မဟုတ်ပေ။

သူသည် နန်းတွင်းအစေခံလေးများဘက်လှည့်ကာ ပြောလိုက်သည်။

"ငါတို့ကို ထားခဲ့တော့။ မင်း ငါနဲ့လိုက်လာခဲ့"

ဟဲလောင်သည် အရှင်ချောင်နောက်မှ အတွင်းခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။ နန်းဆောင်သည် သိပ်မကြီးသော်လည်း အတွင်းခန်းတစ်ခု ပါရှိလေသည်။ အရှင်ချောင်သည် အတွင်းခန်းထဲသို့ ဝင်သွားလိုက်ပြီး နံရံတစ်ခုအား အချိန်အတော်ကြာအောက် ထိလိုက်သည်။ မကြာခင်တွင် အလင်းရောင်တစ်ချက် လက်သွားခဲ့ပြီး နံရံပေါ်တွင် လျှို့ဝှက်တံခါးတစ်ခု ပေါ်ထွက်လာခဲ့သည်။ အရှင်ချောင်သည် အခန်းအတွင်းသို့ အရင်ဝင်သွားလိုက်ပြီး ကျန်းရီကို သယ်လာသော ဟဲလောင်ပါ ဝင်ပြီးနောက်တွင် ယန္တရားအား ပိတ်လိုက်သည်။

ဝှစ်...

အရှင်ချောင် နောက်ပြန်လှည့်လာအခါ ဟဲလောင်သည် အရိပ်တစ်ခုပမာ ပြောင်းလဲသွားခဲ့ပြီး အရှင်ချောင်၏ ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးကာ ဒန်တျန်းအား ဖျက်ဆီးလိုက်သည်။ တစ်ဆက်တည်းတွင် အရှင်ချောင်သည် လွင့်ထွက်သွားကာ ပါးစပ်ဖွင့်၍ သွေးများ အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာ ရှိနေခဲ့သည်။

"မင်း...မင်း.."

ဝှစ်...

ဟဲလောင်သည် အရှင်ချောင်ထံ ပြေးသွားလိုက်ပြီး ကုတ်ပိုးမှ ဆွဲမလိုက်သည်။ ထို့နောက် ဟဲလောင်၏မျက်ဝန်းများတွင် မကောင်းဆိုးဝါးဆန်သည့် အလင်းရောင်တစ်ချက် တောက်ပသွားခဲ့သည်။ ချက်ချင်းပင် အရှင်ချောင်၏ မျက်လုံးများမှာ မည်းမှောင်သွားခဲ့ပြီး အသက်မရှိတော့အလား ဖြစ်သွားကာ သတိလစ်မေ့မျောသွားခဲ့သည်။

"ဟူး...ဟူး..."

တစ်ခဏကြာသော် ဟဲလောင်သည် အရှင်ချောင်အား လွှတ်ပေးလိုက်သည်။ သူသည် မျက်လုံးများမှိတ်ရင်း နံရံကို လက်တစ်ဖက်နှင့်ထောက်ကာ အသက်ပြင်းပြင်း ရှူနေခဲ့သည်။ သူသည် မူးဝေလာခဲ့ပြီး သူ့ကိုယ်မှာ မတည်ငြိမ်တော့ပေ။

"ဟဲလောင်...မင်းအဆင်ပြေရဲ့လား"

ကျန်းရီသည် သရုပ်ဆောင်နေခြင်းကို ရပ်လိုက်ပြီး အလန့်တကြား မေးလိုက်မိသည်။ အရှင်ချောင်သည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်တွင်သာ ရှိသေးပြီး ဟဲလောင်၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဟဲလောင်၏ အင်အားဖြင့် ပြဿနာမရှိလောက်သောကြောင့် သူမကူညီခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် အဆင်ပြေပါတယ်။ စိတ်ဝိဉာဉ်ရှာဖွေခြင်း လျှို့ဝှက်ပညာရပ်ကို သုံးတာများသွားလို့ ဝိဉာဉ်စွမ်းအားတွေ အားနည်းသွားတာ"

ဟဲလောင်သည် ခဏနားပြီးမှ လက်ကာပြရင်း ဆက်ပြောလာခဲ့သည်။

"သခင်လေးရီ...နောက်ခြေလှမ်းကဘာလဲ။ ရှေ့က နန်းဆောင်က စုန်းဧကရီပိုင်တာ သေချာတယ်။ ကျွန်တော်တို့ ဖောက်ဝင်လိုက်ကြမလား။ ဘုရင်လည်း အဲ့ဒီမှာရှိနေတယ်။ ကျွန်တော်တို့ ဘုရင်ကိုပါ ပြန်ပေးဆွဲလို့ရတယ်"

"အလျင်စလို မလုပ်နဲ့"

ကျန်းရီသည် လက်ကာပြ၍ တွေးတောနေလိုက်သည်။

"ဘုရင်ထွက်သွားရင် စုန်းဧကရီ ငါတို့ဆီ သေချာပေါက်လာမှာပဲ။ ဘုရင်မသိစေဘဲ သူမကို ဖမ်းဆီးနိုင်ရင် အစီအစဉ် ပြီးပြည့်စုံသွားပြီ"

"ကောင်းပါပြီ"

ဟဲလောင်သည် အနားယူပြီးနောက် ပြန်၍ အားပြည့်လာခဲ့သည်။ ဟဲလောင်၏ မျက်လုံးမှ အဖြူရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး အရှင်ချောင်အား စိတ်ဝိဉာဉ် ရှာဖွေလိုက်သည်။ တစ်ခဏကြာသော် သူပြောလာခဲ့သည်။

"သခင်လေးရီ...စုန်းဧကရီက သေချာပေါက် လာလိမ့်မယ်။ လူတစ်ယောက်က ဝိဉာဉ်ကပ်ပါးကောင်နဲ့ အညှို့ခံရပြီးရင် သူမက အဲ့လူရဲ့ စိတ်ဝိဉာဉ်မှာ ဝိဉာဉ်ကပ်ပါးကောင်ကို ပျိုးပေးရဦးမယ်။ အဲ့ဒါလုပ်ပြီးမှ အဲ့လူက သူမရဲ့ အစေခံဖြစ်လာပြီး သူမကို ဘယ်တော့မှ ပုန်မကန်တော့မှာ "

"ဟုတ်ပြီ"

ကျန်းရီ ပြုံးလိုက်သည်။ ဤလျှို့ဝှက်အခန်းသည် အစီအရင်များဖြင့် ကာကွယ်ခံထားရသည်။ ထို့ကြောင့် စုန်းဧကရီဝင်လာသည်နှင့် သူမအား အလွယ်တကူ ဖမ်းချုပ်နိုင်လိမ့်မည်။ သူသည် လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ဟဲလောင်...လျှိုမိန်းကလေးကို ဒီခေါ်လာခဲ့။ မင်းလုံခြုံအောင် ငါမင်းကို မြစိမ်းကြည်လင်ပန်းအိုးထဲမှာ ဝှက်ထားပေးမယ်။ စုန်းဧကရီ ဝင်လာတာမလာတာက ကောင်းကင်ဘုံရဲ့ အလိုအတိုင်းပဲ"

"ဒါ..."

ဟဲလောင်သည် တွန့်ဆုတ်နေခဲ့သည်။ သူသည် အံကြိတ်ရင်း ပြောလိုက်သည်။

"ကျွန်တော် အပြင်မှာနေရင်ရော...စုန်းဧကရီရဲ့ လူတွေ လာပြီးမေးရင် အရှင်ချောင်က သခင်လေးရီနဲ့အတူ လျှို့ဝှက်ခန်းထဲ ဝင်သွားတယ်လို့ ကျွန်တော် ပြောလိုက်မယ်။ ဒါဆို စုန်းဧကရီ ဒီအခန်းထဲကို ဝင်လာနိုင်ချေ ပိုမြင့်သွားလိမ့်မယ်"

"ဟင့်အင်း"

ကျန်းရီသည် ဆုံးဖြတ်ချက် ချလိုက်ပုံနှင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဘယ်သူမဆို လျှိုမိန်းကလေးရဲ့ မျက်လုံးတွေက အသက်မဲ့နေတာကို သတိထားမိပြီး တစ်ခုခုမှားနေမှန်း သိသွားနိုင်တယ်။ လျှိုမိန်းကလေးက ရထားလုံးထဲမှာရှိနေပြီး စုန်းဧကရီကို နှုတ်မဆက်ခဲ့ဘူးဆိုရင် ပိုပြီးသံသယဝင်စရာ ကောင်းနေလိမ့်မယ်။ ငါတို့ရဲ့ အလိမ်တွေ ပေါ်သွားတာနဲ့ မင်းသေရလိမ့်မယ်။ စုန်းဧကရီလည်း ဝင်လာမှာ မဟုတ်တော့ဘူး။ ကြီးကြီးမားမား စွန်းစားလိုက်မှာထက်စာရင် ငါတို့ ဒီမှာနေပြီး ကံစမ်းကြည့်တာ အကောင်းဆုံးပဲ"

"နားလည်ပါပြီ"

ဟဲလောင်သည် စဉ်းစားကြည့်လိုက်ပြီး ကျန်းရီ၏ စကားများမှာ ကျိုးကြောင်းသင့်သည်ဟု တွေးလိုက်မိသည်။ သူသည် တံခါးအား လက်ဖြင့်ထိလိုက်ပြီး အရှင်ချောင်နှင့်အတူ အပြင်ထွက်သွားလိုက်သည်။ ဟဲလောင်သည် အရှင်ချောင်အား အမိန့်ပေး၍ စကားပြောစေလိုက်သည်။

"လျှိုမိန်းကလေးကို ဒီခေါ်လာခဲ့။ ငါသူမကို မေးစရာရှိတယ်။ အပြင်ကလူတွေ သေချာနားထောင်...ဒီအခန်းထဲကို မင်းတို့ဝင်လာခွင့်မရှိဘူး။ အကြီးအကဲလေးယောက် ရောက်လာရင်လည်း ငါလျှို့ဝှက်အခန်းထဲမှာ ရှိနေတယ်လို့သာ ပြောလိုက်"

"နားလည်ပါပြီ"

ဟဲလောင်သည် အရှင်ချောင်၏ စကားကို လိုက်နာသယောင်ဖြင့် ရထားလုံးဆီ လျှောက်သွားလိုက်သည်။ အချိန်ခဏလေးအတွင်း ဟဲလောင်ပြန်ထွက်လာခဲ့ပြီး သူမ၏မျက်နှာကို တခြားသူ မမြင်ရစေရန် မျက်နှာဖုံးဝတ်ထားသည့် လျှိုမိန်းကလေးအား တွဲ၍ ထွက်လာခဲ့သည်။

နန်းတွင်းအစေခံမိန်းကလေး ငါးယောက်၊ ခြောက်ယောက်ခန့်သည် ခန်းမအပြင်ဘက်တွင် ဒူးထောက်နေကြသည်။ အရှင်ချောင်သည် ရာထူးမြင့်သော လူတစ်ယောက်ဖြစ်၍ သူတို့မှာ တုံ့ပြန်မပြောရဲသလို မော့လည်းမကြည့်ရဲကြပေ။ ဟဲလောင်သည် လျှိုမိန်းကလေးနှင့်အတူ ခန်းမအတွင်း ဝင်လာသည့်အခါ နန်းတွင်းအစေခံလေးများမှာ သူ့အား ကြည့်မနေကြကြောင်း တွေ့လိုက်ရသည်။

ဟဲလောင်သည် လျှို့ဝှက်ခန်းအတွင်းသို့ အရှင်ချောင်၊ မိန်းကလေးလျှိုတို့နဲ့အတူ ပြန်ဝင်လာခဲ့သည်။ သူတို့ထွက်သွားချိန်တွင် တံခါးကို မပိတ်ခဲ့ရာ အခန်းတွင်းရှိ ကျန်းရီမှာ စကားအားလုံးကို ကြားလိုက်ရသည်။ သူသည် အရေးပေါ်အခြေအနေများတွင် ဟဲလောင်၏ လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လေးစားသွားခဲ့သည်။ လျှို့ဝှက်ခန်းတံခါး ပြန်ပိတ်သွားသည်နှင့် သူသည် မြစိမ်းကြည်လင်ပန်းအိုးကို ထုတ်လိုက်သည်။

"ဟဲလောင်...မင်းကို ခံစားရစေတဲ့အတွက် တောင်းပန်တယ်"

အိုးထဲတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့် နတ်ဆိုးသားရဲဘုရင်တစ်ကောင် ရှိသည်။ ၎င်း၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းရာ သူမည်မျှပင် ထိန်းချုပ်ပါစေ၊ ဟဲလောင်အတွက် ထိုနေရာတွင်နေရသည်မှာ အလွန်မသက်မသာ ဖြစ်ပေလိမ့်မည်။ ထိုနေရာတွင် ကြာကြာနေပါက နတ်ဆိုးသားရဲဘုရင်၏ အရှိန်အဝါတို့ကြောင့် ဟဲလောင်မှာ မွန်းကြပ်၍တောင် သေသွားနိုင်သည်။

ဟဲလောင်သည် ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

"ကျွန်တော် တောင့်ခံထားပါ့မယ်။ သခင်လေးရီ...အားလုံးက သခင်လေးအပေါ် မူတည်နေတယ်။ တစ်ခုခု လွဲချော်သွားခဲ့ရင် ထွက်ပြေးဖို့ နည်းလမ်းရှာပါ"

မြစိမ်းကြည်လင်ပန်းအိုးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး ဟဲလောင်မှာ ပန်းအိုးထဲ ဝင်ရောက်သွားခဲ့သည်။ ကျန်းရီသည် စဉ်းစားကြည့်လိုက်ပြီးနောက် လျှို့ဝှက်အခန်းအား စတင် ပြင်ဆင်လိုက်သည်။

အခန်းသည် မကျဉ်းလွန်း၊ မကျယ်လွန်းပေ။ အခန်းထဲတွင် စားပွဲအချို့နှင့် ထိုင်ခုံအချို့သာ ရှိနေခဲ့သည်။ ကျန်းရီသည် အရှင်ချောင်၏ ခါးမှ ဓားကိုဖြုတ်၍ အရှင်ချောင်နှင့် လျှိုမိန်းကလေးအား လျှပ်စီးအလျင်နှင့် ဓားဖြင့် စိုက်ချလိုက်သည်။ ထိုနှစ်ယောက်သည် သူတို့၏ သွေးအိုင်အတွင်း လဲကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ကျန်းရီသည် လျှိုမိန်းကလေး၏ အဝတ်တို့ကို စုတ်ဖြဲလိုက်သည်။ ထို့နောက် ဓားအား အရှင်ချောင်၏ လက်အတွင်း ထည့်ပေးလိုက်သည်။

"ငါတော့ အကောင်းဆုံး လုပ်ပြီးပြီ။ ကျန်တာက နတ်ဘုရားတွေရဲ့ အလိုအတိုင်းပဲ။ စုန်းဧကရီ ဒီအခန်းထဲကို ဝင်လာမလာကလည်း နတ်ဘုရားတွေနဲ့ ဆန္ဒပေါ် မူတည်တယ်"

အရာရာကို စီစဉ်ပြီးနောက် သူသည် သူ့ကိုယ်အား ထိုနှစ်ယောက်၏ သွေးများဖြင့် သုတ်ကာ ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး သေချင်ယောင် ဆောင်နေလိုက်သည်။ သူသည် စုန်းဧကရီ ရောက်လာမည့်အချိန်အား တိတ်ဆိတိငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

*****

All Chapters