စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားကို သတ်ဖြတ်ရန် အခင်းအကျင်းအားတည်ဆောက်ခြင်း
Vol. 32 Ch. 466
ချီမန်အခင်းအကျင်းက ထွက်ပေါ်လာပြီး ဒီဗိုင်းဝိဉာဉ်၏ ကြီးမြတ်မှုကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားနှင့် ကာလိုက်သည်။
ဒီအချိန်၌ အခင်းအကျင်းကြီးမှာ အသက်ဝင်လာပြီး ထူထဲသည့်မြူတို့ ထွက်ပေါ်လာခဲ့၏။ အရပ်မျက်နှာများမှာ နေရာပြောင်းလဲသွားပြီး ဖီးနစ်မီးတောက်များလည်း ထွက်ပေါ်လာခဲ့သည်။
"မကောင်းတော့ဘူး..."
ခဲ့လင်းဖင်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် နောက်သို့ဆုတ်ခွာရန် ကြိုးစား၏။ သို့ပေမယ့် သူ၏နောက်တွင် ကြောက်စရာကောင်းသည့် ဖီးနစ်မီးတောက်များ ရှိနေပါသည်။
ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားနှင့် တွေ့မြင်နိုင်သမျှ အရာအားလုံးမှာလည်း ထူထဲသည့် မြူများသာဖြစ်၏။ သူသည် လားရာကို ပျောက်ဆုံးသွားခဲ့လေသည်။
ဒီအချိန်၌ လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေတစ်ခုအတွင်းသို့ ကျဆင်းသွားသည့်နှယ် ခံစားလိုက်ရသည်။
"ဘုန်း.."
ခဲ့လင်းဖင်သည် ကြီးမားသည့် ပုစိန်ကြီးကို ကိုင်စွဲကာ ကြမ်းကြုတ်စွာ အော်ဟစ်ရင်းက ဖီးနစ်မီးတောက်များဆီသို့ ခုတ်ပိုင်းချလိုက်သည်။
ဖီးနစ်မီးတောက်များမှာ လွင့်ပြယ်သွားခဲ့၏။ ပုစိန်၏ စွမ်းအားမှာ အံ့သြစရာကောင်းလှသည်။
ဖန်းဟောင်၏ပုံစံက အနည်းငယ်ပြောင်းလဲသွား၏။
သို့ပေမယ့် သူသည် တည်ငြိမ်စွာသာ ရှိနေပါသည်။ ခြေထောက်ကို အနည်းငယ် နေရာရွေ့လိုက်ပြီးနောက် ချီမန် ကောင်းကင်အခင်းအကျင်းမှာ ပြောင်းလဲလာခဲ့သည်။
အခင်းအကျင်းကြီး၏ စွမ်းအားက မြင့်တက်လာပြီး ခဲ့လင်းဖင်၏ ခွန်အားကို လျှပ်တပြတ်အတွင်း တယ်လီပို့ခြင်း ချီမန်အခင်းအကျင်းနှင့် အခြားနေရာသို့ ပြောင်းလဲလိုက်သည်။ ထိုနေရာသည် စုလျန်ချန် တည်ရှိသည့် နေရာဖြစ်၏။
စုလျန်ချန်သည် အခင်းအကျင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် သူလည်း တစ်ခုခုမှားယွင်းကြောင်းကို နားလည်လိုက်ပြီး သတိကြီးသွားခဲ့သည်။ တိုတောင်းသည့် လှံနှစ်ချောင်းကို ကိုင်ဆွဲရင်းက ဂရုတစိုက်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှု့နေ၏။
"အကိုခဲ့..."
သူသည် ခဲ့လင်းဖင်ဆီမှ မည်သည့်တုံ့ပြန်မှုကိုမှ ရရှိခြင်းမရှိပေ။ ရုတ်တရက် ပုစိန်အားတစ်ခုက မြူအတွင်းမှ ထွက်ပေါ်လာခဲ့၏။
"မကောင်းတော့ဘူး..."
စုလျန်ချန်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် လှံနှစ်ချောင်းဖြင့် ထိုးစိုက်ကာ ကျယ်လောင်သော အသံနှင့်အတူ တိုက်ခိုက်မှုကို ကာစီးနိုင်လိုက်၏။ နောက်သို့ ခြေနှစ်လှမ်း ယိုင်ကြသွားခဲ့သည်။
"အကိုခဲ့... ကျွန်တော်ပါဗျ.."
သူသည် တစ်ဖက်လူကို အမြန်သတိပေးသည်။
သို့ရာတွင် စကားဆုံးချိန်၌ နောက်ထပ် ပုစိန်အားတစ်ခု ထပ်မံရောက်ရှိလာခဲ့ပြန်၏။
စုလျန်ချန်မှာ အသဲအသန် ထပ်မံကာရပြန်သည်။
"ဘာတွေဖြစ်နေတာလဲ..."
သူသည်နှလုံးသားထဲ၌ ထိတ်လန့်သွား၏။ ဒီနေရာသည် အလွန် ထူးဆန်းလှသည်။ ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားမှာ နှောင့်ယှက်ခြင်းခံထားရပြီး လားရာတို့ ပျောက်ဆုံးနေ၏။
"ဘုန်း.."
နောက်ထပ် ပုစိန်အလင်းတစ်ခု ရောက်ရှိလာပြန်သည်။ စုလျန်ချန်၏ နှလုံးသားက ထိတ်လန့်သွားသည်။
သူသည် ဒီအတိုင်းဆက်လက်ဖြစ်ပွား၍ မဖြစ်ကြောင်းကို နားလည်လိုက်၏။ ထို့ကြောင့် တိုက်ခိုက်မှုရောက်ရှိလာသည့် လားရာဆီသို့ တစ်ချက် ပြန်လည်တိုက်ခိုက်လိုက်သည်။
ခဲ့လင်းဖင်မှာ တရကြမ်းတိုက်ခိုက်သည့် အခြေအနေအတွင်းသို့ ရောက်ရှိနေပြီး ဒီနေရာမှ လွတ်မြောက်ရန် ရည်ရွယ်ထားသည်။ ရုတ်တရက် ထက်မြသည့် လှံစွယ်တစ်ခု ရောက်ရှိလာပြီး သူ့ဆီသို့ ဝင်ရောက်လာခဲ့၏။
"အကိုစု..."
ခဲ့လင်းဖင်က လက်ကိုမြှောက်ကာ အမြန်ကာသည်။ ဒီအချိန်၌ ဖန်းဟောင်သည် ကြီးစွာမောဟိုက်နေပြီ ဖြစ်၏။
သူသည် ကောင်းကင်ချီမန်အခင်းအကျင်းကို အသုံးပြုပြီး အခင်းအကျင်းကြီးဖြင့် ခဲ့လင်းဖင်နှင့် စုလျန်ချန်တို့၏ တိုက်ခိုက်မှုတို့ကို ရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ် သူ၏ခွန်အားအဆင့်မှာ အလွန် နိမ့်ပါးလွန်းလှသည်။ အကြာကြီးတောင့်ခံနိုင်ခြင်း မရှိသည့်ပုံ ရ၏။
ထိုပုံကို တွေ့ရပြီးနောက် ရွှီယန်က ပြော၏။
"ဒီတစ်ယောက်ကို ငါရင်ဆိုင်မယ်.."
သူက ခဲ့လင်းဖင်ကို ညွှန်ပြသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ ထိုအကြီးအကဲသည် အနည်းငယ် ပိုမိုသန်မာ၏။
"ကောင်းပြီ... စုမိသားစုကတစ်ယောက်ကို ငါရှင်းမယ်.."
မုန့်ချုံက ခေါင်းငြိမ့်သည်။
ခဲ့လင်းဖင်က အသက်ကို နက်ရှိုင်းစွာရှူပြီးနောက် သူ၏ဦးခေါင်းထက်တွင် လှိုင်းတစ်ခု ပေါ်လာခဲ့၏။ ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားက စုစည်းလာပြီး အရှိန်အဝါတို့ မြင့်တက်လာခဲ့သည်။ သူသည် မြူများကို ချိုးဖျက်ပြီး လမ်းကြောင်းတစ်ခုကို ရှာဖွေချင်ဟန်ရ၏။
ရုတ်တရက် သူ၏ပုံစံက ကြီးစွာပြောင်းလဲသွားပြီး တစ်ချက် မာန်ဖီရင်းမှ ပုစိန်ကို လွှဲရမ်းလိုက်သည်။
"ဘုန်း.."
မြူအတွင်းမှ ငယ်ရွယ်သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ လေညှင်းတစ်ခု ဝန်းရံနေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တစ်လွှာပြီးတစ်လွှာဆင့်ကာ သူ၏သွေးများကို အေးစက်လာစေသည်။
"ရွှီယန်...ခွေးကောင်.."
ခဲ့လင်းဖင်က အံကိုကြိတ်သည်။
"ငါ့ကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက တန်ကြေးတစ်ခု ပြန်ပေးရမယ်။ ဒီနေ့မှာ ငါမင်းကိုသတ်မယ်.."
ရွှီယန်က အေးစက်စွာ ပြောသည်။ သူ၏ ခြေတစ်လှမ်းကို လှမ်းလိုက်သည်နှင့် တောင်နှင့်မြစ် ဓားအခင်းအကျင်းက ဖြစ်တည်လာခဲ့၏။
ခဲ့လင်းဖင်၏ ပတ်ဝန်းကျင်အနှံ့တွင် ဓားသဏ္ဍာန်အားတို့ ထူထဲစွာ ဖြစ်ပေါ်လာပြီး တစ်လွှာပြီးတစ်လွှာဆင့်ကာ အထူးသင်္ကေတတစ်ခုအဖြစ် ဆက်သွယ်နေသည်။ ဓားအခင်းအကျင်း၏ကြားတွင် ညင်သာသော လေညှင်းတစ်ခု ကူးလူးနေ၏။
ခဲ့လင်းဖင်မှာ ထိတ်လန့်သွားသည်။ ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်းဖြစ်သနည်း။ ကြားဖူးခြင်းမရှိသလို မြင်ဖူးခြင်းလည်း မရှိပါ။
"ဒုတိယတန်းစားနဲ့ တတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုတွေရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေက ဘယ်လိုလုပ်ပြီး ငါတို့ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ နှိုင်းယှဉ်လို့ရမှာလဲ။ ရွှီယန်.. မင်းကသန်မာပေမယ့် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ခွန်အားကို အထင်သေးမိနေပြီ.."
ခဲ့လင်းဖင်က နှာခေါင်းရှုံ့သည်။
သူတို့နှစ်ယောက်၏ကြားတွင် ဒီဗိုင်းဝိဉာဉ်စွမ်းအားက ထွက်ပေါ်လာပြီး သူ၏ဦးခေါင်းထက်၌ လူသားသဏ္ဍာန်ပုံရိပ်လှိုင်းတစ်ခု ပေါ်လာခဲ့သည်။ စွမ်းအားအမျှင်တို့ စုစည်းလာခဲ့၏။
ခန္ဓာကိုယ်တစ်ဝိုက်တွင် အဖြုရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး လက်ထဲရှိ ပုစိန်က ပိုမိုထက်မြလာကာ ပုစိန်အရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး သူ၏ ပတ်ဝန်းကျင်တွင် လှည့်လည်နေပါသည်။
သူ့ကို ဗဟိုပြုကာ ကြီးမားသည့် အရှိန်အဝါက ပျံ့နှံလာပြီး ဓားအခင်းအကျင်းကို ခုခံနိုင်တော့မည့်ပုံ ပေါ်၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အကြီးအကဲတစ်ယောက်အနေနှင့် တစ်ဖက်လူကို အမှန်တကယ် အထင်သေးလို့ မရပေ။
ဒီဗိုင်းစွမ်းအားဝိဉာဉ် ခွန်အားသာမက ကျင့်ကြံထားသည့် သိုင်းအတတ်တို့မှာလည်း သိုက်ရှန်းထက် သာလွန်၏။
"ဒါဆို ဒါက ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခုက အကြီးအကဲတစ်ယောက်ရဲ့ ခွန်အားပေါ့.."
ရွှီယန်၏ပုံစံက အနည်းငယ် လေးနက်လာခဲ့သည်။
သိုက်ရှန်းနှင့် သိုက်မိသားစုရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား နှစ်ယောက်စလုံးသည် အဆင့်တူများအကြားတွင် အားနည်းသူများ ဖြစ်ကြ၏။
လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထက် ပိုမိုသန်မာပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ အကြားတွင်တော့ သံသယဝင်စရာ မကောင်းလောက်အောင် အဆင့်နိမ့်လှသည်။
ဒီခဲ့လင်းဖင်မှာလည်း စွမ်းအားကြီးမားသည့် သူများအကြားတွင် ပါဝင်မည် မဟုတ်လောက်ပါ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ ယွီကျိုးတွင် နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်ပေမယ့် လင်းနယ်မြေရှိ ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းများအကြား ပါရုံလောက်သာရှိသည်ဟု ပြောနိုင်သည်။
"ဒီနေ့မှာ... ခင်ဗျားကို အသုံးပြုပြီး ကျုပ်ရဲ့ဓားကို စမ်းသပ်ကြည့်မယ်.."
ရွှီယန်က လက်ကို ညွှန်လိုက်ပြီးနောက် ဓားအခင်းအကျင်းက အသက်ဝင်လာခဲ့သည်။
ဓားအလင်းတို့ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပြင်းထန်လာကာ မြူများပင် စတင်ပျောက်ကွယ်လာခဲ့၏။
"ညီလေး... ဒီအခင်းအကျင်းကို ငါတာဝန်ယူလိုက်မယ်.."
သူက စကားဆိုလိုက်သည်။
"ကောင်းပြီ.."
မြူအတွင်းမှ ဖန်းဟောင်၏အသံက ပေါ်လာ၏။
ခဲ့လင်းဖင်၏ မျက်နှာက ညှို့မှိုင်းသွားသည်။ ဒီနေရာသည် လူသားတစ်ဦး၏ အထူး စီမံထားမှုလေလား။
ဤသည်မှာ မည်ကဲ့သို့သော နည်းလမ်းဖြစ်သနည်း။
သူ၏နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်လာခဲ့သည်။
သူသည် ရွှီယန်ကို သတ်ဖြတ်ရပေမည်။ ဒီအန္တရာယ်မှ လွတ်မြောက်ရပေမည်။ မဟုတ်ပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ပြဿနာအတွင်းသို့ ကျရောက်မှာဖြစ်၏။ တစ်ဖက်လူကို ဆက်လက်ကြီးထွားခွင့် ပြုလို့မဖြစ်ပေ။
"အုန်း.."
ဖန်းဟောင်က အခင်းအကျင်းကြီးအား ထိန်းချုပ်မှုကို လက်လျှော့လိုက်သည်နှင့် လျှပ်တပြက်အတွင်း ထိုအခင်းအကျင်းသည် ဓားအခင်းအကျင်း အဖြစ်သို့ ပြောင်းလဲသွား၏။
မြူများသည် လျှပ်တပြက်လေ ဓားဆန္ဒဖြင့် ပြည့်နက်နေပြီး ဖီးနစ်မီးတောက်များက တောင်နှင့်မြစ်အဖြစ် ပြောင်းလဲလာခဲ့သည်။
"သတ်.."
ခဲ့လင်းဖင်က ဒေါသတကြီးအော်၏။ ပုစိန်အရိပ်က ပြင်းထန်သည့် လေးပွေတစ်ခုနှယ် ရှိနေပြီး ဦးခေါင်းထက်ရှိ လူသားသဏ္ဍာန်လှိုင်းမှ ဒီဗိုင်းဖိအားတစ်ခုထွက်ပေါ်လာကာ ပုစိန်အရိပ်များအတွင်းသို့ ပေါင်းစပ်သွားသည်။
ရွှီယန်မှာ မတ်တတ်ရပ်ကာသာ ရှိနေသေးပြီး သူ၏လက်ချောင်းကို ညွှန်လိုက်သည်။ ဓားအခင်းအကျင်းက လှည့်လည်ပြီး တောင်နှင့်မြစ်တို့ပေါ်လာကာ တိုက်ခိုက်မှုအားလုံးတို့ကို လွှမ်းခြုံသွား၏။
ဖီးနစ်မီးတောက်က မရေမတွက်နိုင်အောင် ထက်မြသည့် ဓားများအဖြစ် ပြောင်းလဲကာ ကြီးမားသည့် လှိုင်းတစ်ခုနှယ် ပြေးဝင်သွားသည်။
သူသည် သူ၏ ဓားအခင်းအကျင်းအား အရည်သွေးကာ မြှင့်တင်ရန်အတွက် ဒီတိုက်ပွဲဆီသို့ လာခဲ့ခြင်းဖြစ်သည်။