ရန်သူကို စက်ဆုပ်အောင် ပြုလုပ်ရခြင်းသည် ပျော်စရာဖြစ်၏
Vol. 32 Ch. 472
ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်ကို ပြုလုပ်ပြီးသည့်အချိန်တွင် တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့၏။
"သင်၏တပည့် ဖန်းဟောင်သည် ဆက်သွယ်ရေးအဆောင်ကို ဖန်တီးခဲ့သည်။ သင်သည် ကိရိယာပြုလုပ်ခြင်း အညွှန်းကို ရရှိခဲ့သည်.."
ကိရိယာပြုလုပ်ခြင်း အညွှန်းတွင် လက်နက်ကိရိယာပြုလုပ်ခြင်း၌ အသုံးပြုသည့် ကုန်ကြမ်းမျိုးစုံနှင့် ပြုလုပ်ခြင်း အတတ်တို့ကို မှတ်တမ်းတင်ထား၏။
'အခင်းအကျင်း... လက်နက်ကိရိယာထုလုပ်ခြင်းနှင့် ချိတ်တံဆိပ်တွေကတော့ အားလုံးနီးပါး နှံ့စပ်လာနိုင်ပြီ..'
လီရွှမ်သည် သူ၏ စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိအောင် ဖြစ်နေ၏။ လက်ရှိအချိန်၌ သူတတ်မြောက်ထားသည့် သိုင်းပညာများသည် လုံးဝ ထူးကဲလှပါသည်။
'ဆက်သွယ်ခြင်းအဆောင်ရဲ့ အချို့နေရာတွေမှာ ပြုလုပ်ပုံက အကြမ်းထည်နိုင်ပြီး အကွာအဝေးကလည်း အကန့်အသတ်ရှိနေတယ်..'
လီရွှမ်က ဖန်းဟောင်၏လက်ထဲရှိ အဆောင်ကို ကြည့်ပြီးနောက် ပြောသည်။ သူသည် ၎င်းကို မည်ကဲ့သို့ ပြုလုပ်ရမည်အား ညွှန်ကြားချက်အချို့ ပေးကာ အကွာအဝေးအား မည်ကဲ့သို့ ချဲ့ထွင်နိုင်မည်ကို ရှင်းလင်းပြသည်။
လက်ရှိဖန်းဟောင်၏ ခွန်အားအဆင့်နှင့် ဆက်သွယ်နိုင်သည့် အကွာအဝေးမှာတော့ သေချာပေါက် အကန့်အသတ် ရှိနေဦးမှာဖြစ်သည်။
ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်တစ်ခုကို အောင်မြင်စွာ ပြုလုပ်ခဲ့သည်ဟု သတင်းကြားပြီးနောက် ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့လည်း သိလိုစွာဖြင့် ရောက်ရှိလာကြသည်။
"ဒါက ဆက်သွယ်ရေးအဆောင်လား..."
"အဆောင်တစ်ခုအပေါ်မှာ စာရေးလိုက်ရင် နောက်ထပ်အဆောင်တစ်ခုပေါ်မှာ ပေါ်လာတယ်... တကယ့်ကို အံ့သြဖို့ကောင်းတာပဲ.."
"ဒါက ဘယ်အကွာဝေးအထိ ဆက်သွယ်စာပို့နိုင်လဲ.."
မုန့်ချုံက သိလိုစွာမေးသည်။
"အဲ့ဒါက မသေချာသေးဘူး... ကျွန်တော်လည်း သေသေချာချာ သိရဖို့အတွက် ကျိန်နိုင်ငံရဲ့ မြို့တော်ကို ခရီးတစ်ထောက် သွားကြည့်ပြီး စမ်းသပ်ဦးမယ်.."
ဖန်းဟောင်က ဖြေကြားသည်။ သူသည် သခင်လေးရှန်တစ်ယောက် သူ့ကို ရှာဖွေနေသည်လား။ လက်ဆောင်ချန်ထားခဲ့သည့်မှန်ကို လာယူသွားပြီလား ဟူသည်အား သေချာခြင်း မရှိပေ။
"အကွာအဝေးအပြင်... လူတွေအများကြီးနဲ့ ဆက်သွယ်နိုင်ဖို့ ကိစ္စကလည်း ပြဿနာတစ်ခုပဲ.."
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။
ဖန်းဟောင်က ခေါင်းငြိမ့်သည်။
"အဲ့ဒီ့ပြဿနာကို ကျွန်တော်ဖြေရှင်းဖို့ ကြိုးစားပါမယ်... မြို့တော်ကိုရောက်ပြီးရင် စာရေးပြီးတော့ ဒီဘက်ကိုပို့ကြည့်မယ်.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့သူများထဲတွင် ဖန်းဟောင် ပါဝင်နေမည်ဟု မည်သူမှ မသိကြပါ။
သူနှင့် ရွှီယန်၊ မုန့်ချုံတို့မှာ သိုင်းညီအကိုများ ဖြစ်သည်ကိုလည်း မည်သူမှ မသိကြပါ။ ထို့အပြင် ဖန်းဟောင်သည် ကျိန်နိုင်ငံ၏ မြို့တော်တွင် ငယ်စဉ်ကတည်းက ကြီးပြင်းလာသူ ဖြစ်ပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ပစ်မှတ်ထားခြင်း ခံရမှုကို စိုးရိမ်စရာ မလိုပေ။
စံအိမ်မှထွက်ခွာပြီးနောက် သူသည် မြို့တော်ဆီသို့ ဦးတည်ရွေ့လျားသွား၏။ ပျံသန်းမည့်အစား တောကိုဖြတ်သန်းကာ လမ်းလျှောက်ပြီး စံအိမ်ရှိ သိုင်းညီအကိုများနှင့် စာပို့ကာ စကားများပြောဆိုခဲ့သည်။
ဆက်သွယ်ရေးအဆောင်မှာ အမှန်တကယ်ကို စိတ်ကူးယဉ်ဆန်လှ၏။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် စကားများ ဆက်တိုက်ပြောခဲ့ကြသည်။
ရွှီယန်တို့အုပ်စုမှာ အဆောင်၏ ပတ်ဝန်းကျင်တွင် စုရုန်းနေရင်းက တစ်ယောက်ချင်းစီတိုင်းက စာများကို ရေးကြည့်ကာ ဖန်းဟောင်နှင့် အပြန်အလှန်ပို့ကြသည်။
ဖန်းဟောင်မှာ လမ်းလျှောက်ရင်းက တဖြည်းဖြည်းနှင့် စံအိမ်၏မိုင်၂၀ကျော်အကွာသို့ ရောက်ရှိလာခဲ့သည်။ ဆက်သွယ်ရေးအဆောင်သည် ဆက်လက် အလုပ်လုပ်နေဆဲရှိပြီး မည်သည့် ပျက်လပ်မှုမှမရှိပေ။
"ကြည့်ရတာ မိုင် ရာဂဏန်း၊ ထောင်ဂဏန်းလောက်အထိတော့ အလုပ်လုပ်မယ်ထင်တယ်... ဒါပေမယ့် သောင်းဂဏန်းဆိုရင်တော့ အရမ်းဝေးသွားလောက်ပြီ.."
ဖန်းဟောင်က သူ၏စိတ်ထဲတွင် ခန့်မှန်းချက်ပြု၏။
ရုတ်တရက် သူ၏ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ ဘေးသို့လျှင်မြန်စွာ တိမ်းရှောင်လိုက်၏။
ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ကျဆင်းလာခဲ့သည်။ မဟာမိတ်ခေါင်းဆောင်၏ မျက်နှာက ဖြူရော်နေပြီး သွေးရောင်တို့ ကင်းမဲ့ကာ သူ၏အရှိန်အဝါမှာ ရှုပ်ထွေးနေပါသည်။ သူသည် အနည်းငယ်ပင် အိုမင်းလာခဲ့၏။
နောက်ဆုံးတွင် သူသည် ကျိန်နိုင်ငံ၏ မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ထိန်းချုပ်နိုင်မှုတို့ ကင်းမဲ့ကာ လေထဲမှ ကျဆင်းလာခဲ့၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်း... ကျု့လျန်... ခွေးကောင်.."
ဒီအချိန်၌ မဟာမိတ်ခေါင်းဆောင်သည် အလွန် ဒေါသထွက်စွာ ခံစားနေရသည်။ မကျေနပ်မှုတို့ စုပြုံနေပြီး သွေးအန်လုမတတ်ပင် ရှိနေ၏။
ပြီးခဲ့တုန်းက သူသည် ရွှီယန်နှင့်မုန့်ချုံတို့အား မည်ကဲ့သို့ ကာကွယ်ရမည်ကို စဉ်းစားနေခဲ့သည်။ သို့ပေမယ့် တစ်ဖက်လူ နှစ်ယောက်မှာတော့ ပြီးပြည့်စုံစွာ ပုန်းအောင်းနေနိုင်ခဲ့ကြ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ယွီကျိုးတစ်လျှောက် ကြီးမားစွာ ရှာဖွေမှုက သူတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကိုသာ ပေါ်သွားစေခဲ့သည်။ အကျိုးဆက်အနေနှင့် လိုက်လံသတ်ဖြတ်ခြင်း ခံရ၏။
"ဒီတစ်ကြိမ်တော့ ငါဘဝဆုံးပြီ..."
မဟာမိတ်ခေါင်းဆောင်က အလိုမရှိစွာဖြင့် စဉ်းစားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းရင်းက ခါးသက်စွာ ပြုံး၏။ သူသည် ရွှီယန်နှင့် မုန့်ချုံတို့၏ လုပ်ကြံခြင်းကို ခံလိုက်ရသည့်အလား ခံစားနေရသည်။
"မင်းတို့နှစ်ယောက်သာ မျိုးဆက်စုံမဟာမိတ်အဖွဲ့က အနှိုင်းမဲ့တဲ့ ပါရမီရှင်တွေဖြစ်မယ်ဆိုရင် ငါ့ကို တကယ်ကြီး ဒုက္ခဖြစ်စေခဲ့တာပဲ.."
မဟာမိတ်ခေါင်းဆောင်သည် ကြီးစွာ စိတ်ပျက်နေ၏။ တစ်ဖက်လူနှစ်ယောက်သာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အနှိုင်းမဲ့သည့် ပါရမီရှင်များဖြစ်ပါက သူ့အနေနှင့် အများကြီး မပြောလိုတော့ပေ။ ကံဆိုးခြင်းကိုသာ အပြစ်တင်ရမည် ဖြစ်၏။
ဒီအချိန်၌ ဖန်းဟောင်သည် အလွန်အံ့ဩနေပါသည်။ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သည် သူ၏အပေါ်သို့ ကျဆင်းလာခဲ့၏။
ထို့အပြင် ကြည့်ရသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ လိုက်လံခြင်းကို ခံနေရသည့်ပုံ ရှိသည်။ တစ်ဖက်လူ၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်ဟန်ရ၏။
"ကျု့လျန်လား..."
ကြည့်လိုက်ပြီးနောက် ဖန်းဟောင်တစ်ယောက် မှင်သက်သွားသည်။ ဤသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲ ယွီကျိုး၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သူ ကျု့လျန်ကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်လား။ ဒီလူသည် ကျု့လျန်၏လက်မှပင် ဒီအထိ ထွက်ပြေးလာနိုင်ခဲ့သည်လား။
"အစ်ကိုအမတို့... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မိုးပေါ်က ပြုတ်ကျလာတယ်။ ကြည့်ရတာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ကျု့လျန်က သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တဲ့ပုံပဲ။ ကျွန်တော် ကယ်တင်လိုက်ရမလား.."
ဖန်းဟောင်မှာ မပြက်သားစွာရှိနေပြီး တစ်ဖက်သို့ အလျှင်အမြန် စာပို့လိုက်သည်။ သူ၏ အတွေးအရ ရန်သူဖြစ်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်၏။ တစ်ဖက်လူကို ကယ်တင်ခြင်းက ရန်သူကိုစက်ဆုပ်စွာ ခံစားရစေပြီး ကြည့်ရတာ ပျော်ဖို့ကောင်းမှာပါ။
"သူ့ကိုခေါ်လာခဲ့လိုက်... သတိတော့ထား.."
ဆက်သွယ်ရေးအဆောင်မှ စာတစ်ခု ပေါ်လာ၏။ ဖန်းဟောင်က အသက်ကို နက်ရှိုင်းစွာရှူပြီး လျှောက်သွားသည်။
"စီနီယာ... ကျွန်တော်ခင်ဗျားကို ပုန်းအောင်းဖို့ နေရာတစ်ခုကို ခေါ်သွားပေးမယ်.."
မဟာမိတ်ခေါင်းဆောင်က ဖန်းဟောင်ကိုကြည့်ကာ ခါးသက်စွာ ပြောသည်။
"လူငယ်... ငါမင်းကိုဒီကိစ္စမှာ ဝင်ပြီး မပတ်သက်စေချင်ဘူး။ ငါ့ရဲ့ဒဏ်ရာကလည်း အရမ်းပြင်းထန်တယ်။ အခုဆိုရင် ပြိုလဲလုမတတ် ဖြစ်နေပြီ။ စွန့်စားရတာ တန်မှာမဟုတ်ဘူး.."
"စိတ်မပူပါနဲ့... ကျွန်တော့်အတွက် ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကလည်း ကျွန်တော်ရဲ့ရန်သူပဲ.."
ထိုစကားနှင့်အတူ ဖန်းဟောင်က မဟာမိတ်ခေါင်းဆောင်ကို ဆွဲကိုင်ကာ စံအိမ်ဆီသို့ လျှင်မြန်စွာပြန်ခဲ့သည်။
ရွှီယန်မှာ သတင်းရပြီးသည်နှင့် စံအိမ်မှ အမြန်ထွက်ခွာလာပြီး ဖန်းဟောင်အား အန္တရာယ်အတွင်းသို့ ကျရောက်မည်ကို စိုးရိမ်နေပါသည်။
"ဟန်.. ခင်ဗျားက အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ဘူးလား.."
ရွှီယန်က မဟာမိတ်ခေါင်းဆောင်ကို အံ့သြစွာကြည့်သည်။ ဒီလူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သိုင်းပညာ လျှို့ဝှက်အတတ်ကို အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုမျှ အခြေအနေဆိုးရွားနေဟန် ရသည်။
စိတ်ဝိဉာဉ်နယ်မြေတွင် ထိုကဲ့သို့သော ဒဏ်ရာမျိုးသည် တစ်ဝက်တစ်ပြက် ဒုက္ခိတ ဖြစ်သွားသည်ဟု ယူဆနိုင်ပြီး ပြန်လည်ကုသရန် မဖြစ်နိုင်လုနီးပါး ရှိနေ၏။ သို့ရာတွင် ညီမလေး စုလင်းရှုံ၏ မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော ဒဏ်ရာမျိုးမှာ ဘားမှမဟုတ်ပေ။ ဆေးလုံးတစ်လုံးက ၇၀ ၈၀%ကို ပျောက်ကင်းစေနိုင်၏။
ထိုစကားကို ကြားရပြီးနောက် မဟာမိတ်ခေါင်းဆောင်က အားယူကာ ခေါင်းမော့ကြည့်သည်။ စကားပြောသည့်လူကို တွေ့လိုက်ရပြီးနောက် သူ၏မျက်လုံးများက ပြူးကျယ်လာခဲ့၏။
လက်ကိုမြှောက်ကာ မျက်လုံးတစ်ဝိုက်ရှိ သွေးများကိုသုတ်ပြီးနောက် အသံပြု၏။
"ရွှီယန်လား..."
ရွှီယန်မှာ တစ်ဖက်လူ၏ တုံ့ပြန်မှုအတွက် ဂရုစိုက်မနေပါ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် သူ့ကို လိုက်လံဖမ်းဆီးနေ၏။ သူကလည်း မျက်နှာကိုဖုံးကွယ်ထားခြင်း မရှိရာ တစ်ဖက်လူ၏ မှတ်မိခြင်းမှာ အံ့သြစရာမရှိပေ။