ဖန်းဟောင်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်လာခြင်း(၂)
Vol. 32 Ch. 475
"ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ ဒီနေရာကနေ အပြင်ထွက်ခွင့်မပြုဘူး။ မဟာမိတ်ခေါင်းဆောင်ရဲ့ ပြန်လာမှုကို စောင့်ရမယ်။ ဒါမှမဟုတ်လည်း ဌာနချုပ်ရဲ့ ညွှန်ကြားချက်ကို စောင့်ရမယ်.."
ညာစောင့်ရှောက်သူက လူအုပ်ကို လေးနက်စွာဖြင့် ပြောသည်။
"စိတ်ချပါစောင့်ရှောက်သူ... ဒီအချိန်မှာ အပြင်ထွက်ရင် သေချာပေါက် အန္တရာယ်များမှာ.. ကျွန်တော်တို့တွေ စုစည်းနေတာကမှ တိုက်ခိုက်ခံရရင်တောင် ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိဦးမယ်.."
"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ အဓိကပစ်မှတ်က ကျွန်တော်တို့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေပဲ... ပေါ်သွားတာနဲ့ သေချာပေါက် အဝိုင်းခံရပြီး အသတ်ခံရမှာ... ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို နားလည်ပါတယ်.."
"မဟာမိတ်ခေါင်းဆောင် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ဖို့ပဲ မျှော်လင့်မိတယ်.."
လူတိုင်း၏ မျက်နှာများက စိုးရိမ်မှုတို့ဖြင့် ပြည့်နက်နေ၏။
ဒီတစ်ကြိမ်တွင် မဟာမိတ်ခေါင်းဆောင်၏ ကံကြမ္မာမှာ အသက်ရှင်သည်ထက် ကျဆုံးမည်က ပိုများသည့်ဟန်ရသည်။
ညာစောင့်ရှောက်သူမှာ ခေါင်းခဲနေ၏။ သူသည် ယွီကျိုး၏ ဒေသခံတစ်ယောက် ဖြစ်သည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို တည်ထောင်ချိန်၌ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင် မဖြစ်သေးပေ။ ကောင်းကင်လူသားငယ် တစ်ယောက်သာ ဖြစ်ခဲ့၏။
ပြီးခဲ့တုန်းက ယွီကျိုး၏ မဟာမိတ်ခေါင်းဆောင်သည် ဒေသခံ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်၏။
သူသည် တည်ငြိမ်ရင့်ကျက်ကာ သတိကြီးသည်။ စေ့စပ်စွာ စဉ်းစားပြီးမှသာလျှင် လှုပ်ရှားလေ့ရှိ၏။
အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားတစ်ယောက် ဖြစ်ပြီး ဌာနချုပ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ညွှန်ကြားပြသမှုနှင့် ရတနာများ၏ အကူအညီတို့ဖြင့် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဖြစ်သို့ ချိုးဖျက်နိုင်ခဲ့သည်။
သို့ရာတွင် ဌာနချုပ်သို့ ခရီးတစ်ခုတွင် မတော်တဆဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ပြီး ကျဆုံးခဲ့ရ၏။ မဟာမိတ်ခေါင်းဆောင်ယွိကို ထိုအချိန်မှ ဌာနချုပ်က ယွီကျိုးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ အကျင့်စရိုက်နှင့် ခွန်အားသည် လေးစားဖွယ်ကောင်း၏။ လုပ်ဆောင်ချက်များမှာ ပြတ်သားကာ လူအများ၏ လေးစားမှုကို ရရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။
ယွီကျိုးမှ ဝမ်းယုံကို ထွက်ပြေးလွတ်မြှောက်နိုင်စေရန်အတွက် လူများစီစဉ်ကာ ကူညီပေးခဲ့သကဲ့သို့ ဖြစ်သည်။ ယွီကျိုး မဟာမိတ်အဖွဲ့ခွဲ၏ ပါရမီရှင်ကို ထိန်းသိမ်းနိုင်ခဲ့၏။
သို့ရာတွင် ရာထူးကို လွှဲပြောင်းယူပြီး မကြာခင်တွင် ယခုကဲ့သို့ အဖြစ်အပျက် ဖြစ်ပွားခဲ့လေသည်။
သူသည် သေဆုံးတော့မည့်ဟန်ပင် ပေါ်၏။ ကံတရားက ယွီကျိုး မဟာမိတ်အဖွဲ့ကို မျက်နှာသာ မပေးခဲ့ပေ။
ညာစောင့်ရှောက်သူ၏ နှလုံးသားထဲ၌ သက်ပြင်းချမိ၏။ ဒီတစ်ကြိမ်တွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ပြီး မထိုက်တန်သည့် ဘေးဆိုးတစ်ခုကို ရင်ဆိုင်နေရသည်။
ယွီကျိုးတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက နောက်ထပ်ကြီးမားသည့် ရှာဖွေမှုကို ပြုခဲ့၏။ ဤသည်က လေလွင့်သိုင်းသမား များစွာတို့ကို အကြောက်တရားဖြင့် ထိတ်လန့်နေရစေပြီး သူတို့အပေါ်သို့ သေစေနိုင်သည့် ကပ်ဘေးတစ်ခု ရုတ်တရက် ကျရောက်လာမည်အား ကြောက်ရွံ့နေကြသည်။
လေလွင့်သိုင်းသမားအချို့ ဆိုလျှင် မျိုးဆက်စုံ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များအပေါ်ပင် အပြစ်တင်နေကြ၏။ ထိုလူများကြောင့်သာ မဟုတ်ပါက သူတို့လည်း ကြားချောင်ခံရမည် မဟုတ်ဟု ပြောဆိုကြသည်။
ထိုအချိန်၌ စံအိမ်အတွင်းတွင် မဟာမိတ်ခေါင်းဆောင်ယွိ၏ ဒဏ်ရာများမှာ တော်တော်များများ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်၏။ သူသည် အနည်းငယ် ပဟေဠိဖြစ်နေပါသည်။
ပြောရလျှင် ကျု့လျန်နှင့် စုကျိန်တို့သည် နေရာအနှံ့ရှာဖွေခဲ့၏။ သူတို့သည် အဘယ်ကြောင့် စံအိမ်ကို ရှာတွေ့နိုင်ခြင်း မရှိရသနည်း။
ဖန်းဟောင်က လေပူများကို မှုတ်ထုတ်သည်။ သူသည် ဆက်သွယ်ရေးအဆောင်ကို မွမ်းမံကာ ထပ်မံပြုလုပ်ခဲ့၏။ ယခုအချိန်၌ ကွန်းတက်များစွာတို့ကို မှတ်သားနိုင်စွမ်း ရှိနေပြီဖြစ်သည်။
အဆောင်တစ်ခုနှင့် လူများစွာတို့ကို ဆက်သွယ်နိုင်ပြီး အဆောင်အများအပြားနှင့် အပြန်အလှန် ဆက်သွယ်မှုကွန်ရက်ကို တည်ထောင်နိုင်မှာ ဖြစ်သည်။
"ဂျူနီယာညီလေး... ဒီဆက်သွယ်ရေးအဆောင်က အကွာအဝေးဘယ်လောက်အထိ ဆက်သွယ်နိုင်လဲ.."
ရွှီယန်က ဆက်သွယ်ရေးအဆောင်ကို ကောက်ယူရင်းက သိလိုစွာမေးသည်။
"တိကျတဲ့ အကွာအဝေးကိုတော့ ကျွန်တော်လည်း မဆုံးဖြတ်နိုင်သေးဘူး။ ဒါပေမယ့် မိုင်တစ်သောင်းအတွင်းမှာတော့ ပြဿနာမရှိလောက်ဘူး.."
ဖန်းဟောင်က ခဏတာစဉ်းစားပြီးနောက် ဖြေကြားသည်။ ဆက်သွယ်ရေးအဆောင်သည် ဖွံ့ဖြိုးရန်အတွက် အခန်းကဏ္ဍများစွာ ရှိနေပါသေးသည်။ သို့ပေမယ့် သူ၏လက်ရှိ ခွန်အားအဆင့်က ကန့်သတ်ထား၏။ ပိုမိုအဆင့်မြင့်မားသည့် ဆက်သွယ်ရေးအဆောင် တစ်ခုကို ဖန်တီးနိုင်ခြင်း မရှိပေ။
အဆင့်ပိုမိုမြင့်မားလေလေ ပြုလုပ်ရန်အတွက် ဒီဗိုင်းအသိကို လိုအပ်လေဖြစ်၏။ ထိုအခါမှသာလျှင် ဆက်သွယ်ရေးအဆောင် အတွင်းသို့ နက်ရှိုင်းသည့် ချိတ်တံဆိပ်အချို့နှင့် အခင်းအကျင်း သင်္ကေတများကို ထည့်သွင်းနိုင်မည် ဖြစ်သည်။
"လက်ရှိအဆောင်က လူ၉ယောက်နဲ့ ဆက်သွယ်မှုတည်ဆောက်နိုင်တယ်။ ဒီမှာကြည့်လိုက်... ဒါတွေက အခင်းအကျင်းငယ် သင်္ကေတ၉ခုပဲ... သင်္ကေတ တစ်ခုချင်းစီတိုင်းက လူတစ်ယောက်ကို ကိုယ်စားပြုတယ်။ အပြန်အလှန် ဆက်သွယ်လို့ရစေတယ်.."
ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်တစ်ခုကို ကောက်ယူကာ ကျောက်စိမ်းအဆောင်ပေါ်တွင် ရေးဆွဲထားသည့် အခင်းအကျင်းသင်္ကေတငယ် ၉ခုတို့ကို ထောက်ပြသည်။
ရွှီယန်က သူ၏လက်ထဲရှိ ဆက်သွယ်ရေးအဆောင်ကိုကြည့်ကာ ခဏတာစဉ်းစားသည်။
"ဂျူနီယာညီလေး... ဒီလိုမျိုး ဖန်တီးထားတာက လုံးဝအတိအကျပဲရတယ်... ဒီအဆောင်ထဲမှာ ကွန်းတက်မှတ်ထားတဲ့လူတွေကိုပဲ အချင်းချင်းဆက်သွယ်လို့ ရစေတယ်.."
"အဲ့လိုက အကန့်အသတ် များလွန်းတယ်... ကွန်းတက်အသစ်တွေကို ဘယ်လိုမှတ်ရမယ်ဆိုတာကိုရော စဉ်းစားပြီးပြီလား.."
"ဥပမာအားဖြင့် တစ်ခြားလူတစ်ယောက်ကို အဆောင်တစ်ခုပေးပြီး အဲ့ဒီ့အဆောင်ရဲ့ သင်္ကေတကို မင်းရဲ့အဆောင်ထဲမှာ မှတ်လိုက်လို့ရတယ်။ အဲ့ဒီ့နည်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရမယ်။ အဲ့ဒါဆိုရင် ပုံသေကြီး ဖြစ်မနေတော့ဘူး.."
ဖန်းဟောင်က ခဏတာစဉ်းစားပြီးနောက် ခေါင်းကိုကုပ်သည်။
"အဲ့ဒါက သီအိုရီအားဖြင့်တော့ ဖြစ်နိုင်တယ်... ဒါပေမယ့် လက်ရှိအချိန်မှာ ကျွန်တော်က လုံလုံလောက်လောက် မသန်မာသေးဘူး။ အဆင့်မြင့်တဲ့ အဆောင်တွေကို ပြုလုပ်ဖို့အတွက် ဒီဗိုင်းအသိကို လိုအပ်တယ်။ အစစ်အမှန်ယွမ်တစ်ခုတည်းနဲ့ လုပ်ဖို့မဖြစ်နိုင်ဘူး.."
"နည်းလမ်းရလာပြီ ဆိုရင် ကိစ္စမရှိပါဘူး... ဂျူနီယာညီလေးရဲ့ ကျင့်ကြံမှုအမြန်နှုန်းနဲ့ အဆင့်ချိုးဖျက်ဖို့က ကြာမှာမှ မဟုတ်လောက်ပဲ.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"အဲ့ဒါတော့ ဟုတ်တယ်.."
ဖန်းဟောင်က ခေါင်းငြိမ့်သည်။ မကြာခင်တွင်သူ၏ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်သင်္ကေတမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိမှာဖြစ်၏။ ထို့ကြောင့် နောက်ထပ် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်သင်္ကေတကို စုစည်းနိုင်ရန်မှာ မဝေးတော့ပေ။
မဟာမိတ်ခေါင်းဆောင်ယွိမှာ မှင်သက်နေပြီး ဖြစ်၏။ သူသည် သေးငယ်သော တံဆိပ်ပြားတစ်ခုကဲ့သို့ ရှိသည့် ဆက်သွယ်ရေးအဆောင်ကို ကြည့်လိုက်သည်။
၎င်းသည် မိုင်တစ်သောင်းကို စာပို့ဆက်သွယ်နိုင်သည်လား။ လင်းနယ်မြေတွင် ထိုကဲ့သို့သော ဆက်သွယ်ရေးကိရိယာတစ်ခု ဘယ်တုန်းက ရောက်ရှိလာခဲ့သနည်း။
ထိုပစ္စည်းသာ ရှိပါက စခန်းတစ်ခုချင်းစီတိုင်းအတွက် ဆက်သွယ်ရန် ပိုမိုမြန်ဆန်ပြီး တိကျနေမှာပါ။ စာပို့ငှက်များကဲ့သို့ ကြားမှ လုယူခံရမည်ကိုလည်း စိုးရိမ်စရာ မရှိပေ။ အလွန်လုံခြုံ၏။
"အဲ့ဒါက တကယ်ပဲ မိုင်တစ်သောင်းအတွင်းမှာ ဆက်သွယ်နိုင်တာလား.."
မဟာမိတ်ခေါင်းဆောင်ယွိက စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
"မိုင်တစ်သောင်းဆိုတာ ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတယ်... အဲ့ဒီ့ထက်တောင် ကျော်ဦးမယ်.."
ဖန်းဟောင်က ခေါင်းကိုရမ်းသည်။ ထို့နောက်ပြော၏။
"မိုင်တစ်သောင်းက တကယ်တော့ အရမ်းကြီးဝေးတာ မဟုတ်ဘူး... စစ်မှန်တဲ့ ဆက်သွယ်ရေးကိရိယာဆိုတာ လင်းနယ်မြေရဲ့ ဘယ်နေရာကိုပဲရောက်ရောက် ချက်ချင်းဆက်သွယ်နိုင်နေရမယ်။ ကံဆိုးစွာပဲ ကျွန်တော့်ရဲ့အဆင့်က အရမ်းကိုနိမ့်ပြီး လက်နက်ကိရိယာ ထုလုပ်ခြင်း အတတ်ကလည်း မဖွံ့ဖြိုးသေးဘူး... ဒါ့ကြောင့်မလို့ အဲ့လိုမလုပ်နိုင်သေးဘူး.."
မဟာမိတ်ခေါင်းဆောင်ယွိ၏ မျက်လုံးများက နီရဲနေ၏။ သူသည် ဖန်းဟောင်၏ လက်ကိုကိုင်ကာ စိတ်အားထက်သန်စွာပြောသည်။
"ညီလေးဖန်း... ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ မင်းလိုပါရမီရှင်တွေကို အသဲအသန် လိုအပ်နေတယ်။ လာပြီးတော့ ငါတို့နဲ့ပူးပေါင်းလှည့်။ ငါတို့မှာ စိတ်ဝိဉာဉ်ဆေးပင်နဲ့ လက်နက်ကိရိယာထုလုပ်ခြင်း ကုန်ကြမ်းတွေ အများကြီးရှိတယ်။ မင်းအတွက် ဘာမှ မလိုအပ်ဘူးလို့ အာမခံတယ်.."
"လိုအပ်သမျှကို ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က အသက်ကိုရင်းရရင်တောင် မင်းအတွက် ရှာပေးမယ်ကွာ.."
ဖန်းဟောင်ကဲ့သို့ မကောင်းဆိုးဝါးဆန်သည့် လူတစ်ယောက်သာ မျိုးဆက်စုံမဟာမိတ်အဖွဲ့တွင်ရှိပါက နေရာတစ်နေရာရရန်အတွက် မည်ကဲ့သို့ မတိုက်ခိုက်နိုင်ဘဲ နေမည်နည်း။
"ကျွန်တော့မှာ စိတ်ဝိဉာဉ်ဆေးပင်ပဲဖြစ်ဖြစ်၊ ကုန်ကြမ်းပစ္စည်းတွေပဲဖြစ်ဖြစ် မရှာပါးပါဘူး.."
ဖန်းဟောင်က ခေါင်းကိုရမ်းသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ... လက်နက်ကိရိယာတွေကို ထုလုပ်တာက အရင်းအမြစ်များစွာကုန်တယ်။ မင်းရဲ့ဆရာက ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆိုပေမယ့် တပည့်တစ်ယောက်အနေနဲ့ သူ့အပေါ်ကိုပဲ အမြဲမှီခိုနေလို့ မရဘူးလေ။ ညီလေးဖန်းဟောင်... မင်းမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိဖို့လိုတယ်... ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဝင်ရောက်လာခဲ့။ လိုအပ်သမျှ အားလုံးကို ဖြည့်ဆည်းပေးမယ်.."
မဟာမိတ်ခေါင်းဆောင်ယွိက အလျှင်အမြန် ထပ်မံတိုက်တွန်းစွာပြောသည်။
"ကျွန်တော့မှာ တကယ်ပဲ ဘယ်မှမလိုပါဘူး.."
ဖန်းဟောင်က အနီးအနားရှိ ဘူးငယ်တစ်ခုကို ညွှန်ပြပြီးပြောသည်။
"အဲ့ဒါက ကျွန်တော်ပြုလုပ်ထားတဲ့ သိုလှောင်ဘူးပဲ... အထဲမှာ လက်နက်ကိရိယာထုလုပ်ခြင်း ကုန်ကြမ်းပစ္စည်းတွေ အများကြီးရှိတယ်။ မိသားစုကြီးတစ်ခုရဲ့ ရတနာတိုက်ထဲကနေ လုထားတာ.."
"သိုက်မိသားစုကို ခင်ဗျားသိတယ်မလား... သူတို့ရဲ့ရတနာတွေ အဲ့အထဲမှာလေ.."
မဟာမိတ်ခေါင်းဆောင်ယွိလည်း ထိုအကြောင်းကို သတိရမိလိုက်သည်။ ရွှီယန်နှင့် မုန့်ချုံတို့သည် သိုက်မိသားစုကို သုတ်သင်ဖျက်စီးခဲ့ပြီး ရတနာအားလုံးကိုလည်း အပြောင်ရှင်းခဲ့၏။
ထိုကဲ့သို့သော နာမည်ကြီးမိသားစုတစ်ခု၏ ရတနာများမှာ မည်မျှ များပြားလိုက်မည်နည်း။ သိုက်မိသားစုမှာ ဒုတိယတန်းစား မိသားစုတစ်ခုသာ ဖြစ်လျှင်တောင် ပိုင်ဆိုင်မှုများကို တစ်ချက်ကြည့်လျှင် လက်ရှိမျိုးဆက်စုံမဟာမိတ်အဖွဲ့က ထောက်ပံ့နိုင်သည်ထက် သေချာပေါက် ကျော်လွန်မှာပါ။
မကောင်းဆိုး ဝါးပါရမီရှင်တစ်ယောက် ဖြစ်သည့် ဖန်းဟောင်ကို အဖွဲ့အတွင်းသို့ ဝင်ရောက်လာစေရန်အတွက် မဟာမိတ်ခေါင်းဆောင်ယွိသည် အစွမ်းကုန် ကြိုးစားရန် စဉ်းစားသည်။ သူ၏မျက်လုံးများက သွေးနီရောင်လွှမ်းလာပြီး အံကိုကြိတ်ကာ ပြော၏။
"ဒါဆိုလည်း အတူတူ ပူးပေါင်းကြရအောင်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ဘယ်လိုလုယက်ရမလဲဆိုတာကို အစီအစဉ်ဆွဲကြမယ်။ အရာအားလုံးက မင်းအပိုင်ပဲ ဘယ်လိုလဲ.."
"မင်းသာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဝင်ရောက်မယ်ဆိုရင် ဘယ်ဂိုဏ်းရဲ့ သို့မဟုတ် မိသားစုကြီးရဲ့ ရတနာကိုပဲ မင်းလိုချင်လိုချင် ငါတို့အသက်ကိုစတေးပြီး လုပေးမယ်ကွာ.."
ဖန်းဟောင်မှာ မှင်သက်သွား၏။ သူ့အတွက်နှင့် တစ်ဖက်လူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများနှင့်ပင် စစ်ခင်းလိုသည်လား။
"ဒါပေမယ့်... ကျွန်တော်က လွတ်လပ်မှုနဲ့ အသားကျနေပြီးပြီ... စည်းမျဉ်းစည်းကမ်းတွေရဲ့ ချည်နှောင်မှုကို မခံလိုဘူး။ ပြီးတော့ ရှုပ်ထွေးတဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ်ရဦးမယ်..."
ဖန်းဟောင်မှာ အနည်းငယ်စိတ်ဝင်စားနေပုံ ပေါ်၏။ သို့ပေမယ့် တုံ့ဆိုင်းနေပါသည်။
"မင်းကို မဟာမိတ်ခေါင်းဆောင်ရာထူး ပေးမယ်ကွာ။ ငါတို့ယွီကျိုးအဖွဲ့ခွဲရဲ့ ခေါင်းဆောင်သစ်ပေါ့။ အဲ့ဒါဆိုရင် ဘာစည်းမျဉ်းစည်းကမ်းမှ ချည်နှောင်ထားမှာ မဟုတ်ဘူး။ ငါတို့ ယွီကျိုးအဖွဲ့ခွဲက လူတွေက မင်းကို စိတ်ရောလူရော ခစားကြလိမ့်မယ်.."
မဟာမိတ်ခေါင်းဆောင်ယွိက ခေါင်းမော့စွာဖြင့် ဆက်လက်ပြောသည်။
"ဟမ်.."
ဖန်းဟောင်မှာ မှင်သက်သွား၏။
တစ်ဖက်လူသည် သူ့ကို မဟာမိတ်ခေါင်းဆောင် ရာထူးပင် ပေးနေသည်လား။
"ဒါပေမယ့်... ကျွန်တော်က လုံလောက်အောင် စွမ်းအားမကြီးသေးဘူး..."
မဟာမိတ်ခေါင်းဆောင်ယွိက ကြေးတံဆိပ်တစ်ခုကို လျှင်မြန်စွာ ဆွဲထုတ်ပြီး ဖန်းဟောင်၏ လက်အတွင်းသို့ ထည့်ပေးသည်။
"ငါရှိနေသ၍... အဆင်ပြေတယ်... ငါကမဟာမိတ်ခေါင်းဆောင်ပဲ။ ဒီဆုံးဖြတ်ချက်ကို ငါချလိုက်ပြီဆိုရင် ဘယ်သူက ဆန့်ကျင်ရဲမှာလဲ။ ပြီးတော့ ငါကယွီကျိုးမှာ ကျု့လျန်ကလွဲပြီး ဒုတိယမြောက်အသန်မာဆုံးလည်းဖြစ်တယ်.."
ဖန်းဟောင်က ကြေးတံဆိပ်ပြားကို ကြည့်သည်။
"ဒါကဘာလဲ..."
"ဒါက ယွီကျိုးအဖွဲ့ခွဲရဲ့ မဟာမိတ်ခေါင်းဆောင် တံဆိပ်ပြားပဲ.."
မဟာမိတ်ခေါင်းဆောင်ယွိက လေးနက်စွာဖြင့်ပြော၏။
"အစ်ကိုကြီး... ဒါကသင့်တော်တယ်လို့ ကျွန်တော်မထင်ဘူးနော်... ကျွန်တော့်ရဲ့ခွန်အားက အရမ်းကိုအားနည်းတယ်... အခင်းအကျင်း၊ ချိတ်တံဆိပ်နဲ့ ဆက်သွယ်ရေးအဆောင်တွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ နားလည်ပေမယ့် ကျွန်တော့ရဲ့ စီနီယာအမက ဒန်ဆေးလုံးတွေကို သန့်စင်နိုင်ပေမယ့် စီနီယာအစ်ကိုနှစ်ယောက်က စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေကို သတ်ဖြတ်နိုင်ပေမယ့် ကျွန်တော့်ရဲ့ခွန်အားက အားနည်းလွန်းတယ်။ တာဝန်ကို ကောင်းကောင်း မလုပ်ဆောင်နိုင်မှာ စိုးရတယ်.."
ဖန်းဟောင်က တောင်းပန်သည့်မျက်နှာဖြင့် ပြော၏။
"ငါ့ကို မဟာမိတ်ခေါင်းဆောင်ယွိ ဆိုပြီးတော့ မခေါ်နဲ့တော့... ဒီနေ့ကစပြီး ငါက မဟာမိတ်ခေါင်းဆောင် မဟုတ်တော့ဘူး။ ငါ့ကိုယွိကောင်း သို့မဟုတ် အကိုယွိလို့ပဲခေါ်။ မင်းကမှ မဟာမိတ်ခေါင်းဆောင်ပဲ။ မဟာမိတ်ခေါင်းဆောင်ဖန်း.."
ဖန်းဟောင်၏စကားကို ကြားရပြီးနောက် ယွိကောင်းက ပိုမိုကာပင် ပျက်သားလာခဲ့သည်။
'သူ့ရဲ့စီနီယာအမက ဒန်ဆေးတွေကို သန့်စင်နိုင်ပြီး အာနိသင်ကလည်း အံ့သြဖွယ်ကောင်းအောင်ထူကဲလှတယ်။ ငါ့လိုမျိုး ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတောင် လျှင်လျှင်မြန်မြန်နဲ့ ပြန်ကောင်းလာနိုင်ခဲ့တယ်... ရွှီယန်နဲ့မုန့်ချုံတို့ကလည်း အံ့သြစရာကောင်းအောင် စွမ်းအားကြီးပြီး ပါရမီရှိတဲ့ လူတွေပဲ..'
'ဖန်းဟောင်သာ မဟာမိတ်ခေါင်းဆောင်ဖြစ်လာရင် ငါတို့တွေ အခက်အခဲကြုံတွေ့တဲ့အခါ သူ့ရဲ့စီနီယာအစ်ကိုအစ်မတွေက မကူညီဘဲနေမလား..'
'မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ငါတို့ယွီကျိုးအဖွဲ့ခွဲကတော့ သံသယဝင်စရာ မကောင်းလောက်အောင် မြင့်တက်လာတော့မှာပဲ... အဲ့ဒါဆိုရင် အဲ့ဒီ့ခွေးကောင်တွေလည်း ငါယွိကောင်းကို အထင်သေးရဲမှာ မဟုတ်တော့ဘူး..'
လေးနက်သောအသွင်ဖြင့် ယွိကောင်းက လေးစားစွာ ဦးညွှတ်သည်။
"ယွိကောင်းက မဟာမိတ်ခေါင်းဆောင်ဖန်းကို တွေ့ဆုံပါတယ်.."
"ဟူး...ဒါကဘယ်လိုဖြစ်နိုင်မှာလဲ... ဒါကလုံးဝကို မထိုက်တန်ဘူး.."
ဖန်းဟောင်မှာ အရှက်ရနေသည့်ဟန်ရှိပြီး မဟာမိတ်ခေါင်းဆောင်တံဆိပ်ပြားကို သိုလှောင်လက်စွပ်အတွင်းသို့ အမြန်ထည့်လိုက်သည်။
သူ၏မျက်လုံးများက အပြုံးများဖြင့် ပြည့်နက်နေ၏။ သူသည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့၏ ယွီကျိုးအဖွဲ့ခွဲမှ ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။
ဒီအချိန်၌ ယွိကောင်းသည် တစ်ခုခုအား ရေးတေးတေး နားလည်လိုက်ပုံ ပေါ်၏။ သူသည် ပါရမီရှင်ကို အသဲအသန်ရှာဖွေကာ စွမ်းအားကြီးပုဂ္ဂိုလ်အား မှီခိုနိုင်ရန် မျှော်လင့်ချက်ဖြင့် အလွန် စိတ်အားထက်သန်ခဲ့ခြင်းကြောင့် အရူးလုပ်ခံခဲ့ရသည်လား။
သို့ပေမယ့် တွေးကြည့်ပြီးနောက် ဤသည်မှာ ကိစ္စ
ကောင်းတစ်ခုဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။
"အကိုယွိ... လာခဲ့... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ဘယ်လိုလုကြမလဲလို့ အစီအစဉ်ဆွဲရအောင်.."
ဖန်းဟောင်က စိတ်အားထက်သန်စွာဖြင့် ယွိကောင်းကို ဆွဲခေါ်ကာ ရွှီယန်၊ မုန့်ချုံတို့နှင့်အတူ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့အား မည်ကဲ့သို့ ရင်ဆိုင်ရမည့် မဟာဗျူဟာများကို ဆွေးနွေးကြသည်။