စိတ်ဝိဉာဉ် တည်မြဲခြင်းအတတ်၊ ချီမန်လက်နက်သေတ္တာအား ပြုလုပ်မှု အောင်မြင်ခြင်း
Vol. 32 Ch. 478
ဖန်းဟောင်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဖြစ်ရာ ဆရာတစ်ယောက်အနေနှင့် လီရွှမ်ကလည်း တပည့်ဖြစ်သူအား အဖွဲ့အတွင်းတွင် လူယုံများကို မည်ကဲ့သို့ပျိုးထောင်ရန်နှင့် မိမိ၏ ရာထူးနောက်ခံအား မည်ကဲ့သို့ ထိန်းသိမ်းရန်တို့အတွက် ညွှန်ကြားချက်အချို့ ပေးမည်ဖြစ်သည်။
နတ်ဆိုးအရှင်သခင်ကြီးမှာ မည်မျှပင် စွမ်းအားကြီးမားကာ ရည်ရွယ်ချက်တို့ မြင့်မားလျှင်တောင် အဆုံးသတ်တွင် သူသည် သစ္စာဖောက်ခံခဲ့ရပြီး နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့ရ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသာမက လေလွင့်သိုင်းသမားများအားလုံးကိုလည်း သွေးအဖြစ် သန့်စင်ခဲ့လေသည်။
သူသည် ဖန်းဟောင်ကို ခေါ်လိုက်၏။ ပြီးခဲ့သည့် ဘဝတုန်းက အတွေ့အကြုံအချို့ကို ပြောပြသည်။ ဥပမာအားဖြင့် သင်ကြားခဲ့ရဖူးသည့် အသိပညာများနှင့် မြင်ခဲ့တွေ့ခဲ့ဖူးသည့် အကြောင်းအရာများ ဖြစ်သည်။
၎င်းတို့ကို မည်ကဲ့သို့ အသုံးချနိုင်မည် ဟူသည်မှာတော့ ဖန်းဟောင်၏ အပေါ်၌သာ မူတည်နေ၏။ သို့ပေမယ့် တပည့်ဖြစ်သူ၏ ပါးနပ်မှုနှင့် ကောင်းမွန်စွာအသုံးချနိုင်မည်ဟု လီရွှမ် ယုံကြည်ပါသည်။
ဖန်းဟောင်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ ဆရာဖြစ်သူ၏ ဉာဏ်ပညာကြီးမားမှုအတွက် သက်ပြင်းချမိသည်။ စကားလုံးအနည်းငယ်က သူ့အတွက် ပြဿနာဖြစ်စေမည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်၏။
အတွေ့အကြုံ အချို့အား ဖန်းဟောင်ကို သင်ကြားပေးပြီးနောက် လီရွှမ်သည် ချီမန်သိုင်းပညာအား စတင်ညွှန်ကြားမှုပေးသည်။
"အခု မင်းက ဆက်သွယ်ရေးအဆောင်ကို ပြုလုပ်ပြီးခဲ့ပြီ။ အဲ့ဒီ့ကနေ ဘာအတွေ့အကြုံတွေ ရခဲ့လဲ.."
လီရွှမ်က အပြုံးတစ်ခုဖြင့် မေးသည်။
ဖန်းဟောင်က ခဏတာ ဆိုင်းငံ့သွားပြီးနောက် ဖြေကြား၏။
"တပည့် နေရာကူးပြောင်းခြင်းနဲ့ ပတ်သက်ပြီး အတွေးအမြင်အချို့ ရခဲ့ပါတယ်။ အခုဆိုရင် မိုင်ပေါင်းထောင်ချီအကြားမှာ တယ်လီပို့အခင်းအကျင်း တစ်ခုကို တည်ဆောက်ဖို့အတွက် ယုံကြည်မှုရှိနေပါပြီ.."
လီရွှမ်က ပြုံး၏။
"ငါပြောတာက အခင်းအကျင်းအကြောင်းကို မဟုတ်ဘူး... အဆောင်အကြောင်းကို ပြောတာ.."
ချီမန်သိုင်းပညာတွင် အခင်းအကျင်း၊ လက်နက်ကိရိယာထုလုပ်ခြင်းနှင့် ချိတ်တံဆိပ်တို့ ပါရှိ၏။ ထို့ကြောင့် အဆောင်ပညာရပ်လည်း ပါဝင်ရပေမည်။
ဖန်းဟောင်က ဆက်သွယ်ရေးအဆောင်ကို ပြုလုပ်ပြီးနောက် လီရွှမ်တွင် စိတ်ကူးတစ်ခု ရလာခဲ့သည်။ သူ၏တပည့်သည် အဆောင်လမ်းစဉ်ကို နားလည်သဘောပေါက်လာနိုင်ရန် အခွင့်အရေး အလွန်များ၏။
"အဆောင်လား..."
ဖန်းဟောင်မှာ ပဟေဠိ ဖြစ်သွားသည်။
လီရွှမ်က စတင်ရှင်းပြ၏။
"အဆောင်တစ်ခုကို မင်းအနေနဲ့ ချိတ်တံဆိပ်နဲ့ အခင်းအကျင်းတွေ ထွင်းထားတဲ့ ပစ္စည်းတစ်ခုလို့ ယူဆလို့ရတယ်။ အဲ့ဒါက အခင်းအကျင်းနဲ့ ချိတ်တံဆိပ်တွေကို လျှပ်တပြက်အတွင်း အသက်သွင်းနိုင်တယ်.."
"အဆောင်တွေက တစ်ကြိမ်သုံးပစ္စည်းတွေပဲ... ဥပမာအားဖြင့် တယ်လီပို့အခင်းအကျင်းဆိုရင် အဆောင်ထဲကို တယ်လီပို့အခင်းအကျင်းတစ်ခု ထည့်သွင်းထားတဲ့အခါ အသက်သွင်းလိုက်တာနဲ့ ချက်ချင်း လူတစ်ယောက်ကို အဝေးကို တယ်လီပို့သွားစေနိုင်တယ်.."
"ဥပမာအားဖြင့်... အဆောင်ထဲမှာ ဖီးနစ်မီးတောက်ထောင်ချောက် အခင်းအကျင်းကို ထည့်ထားမယ်ဆိုရင် အသက်သွင်းလိုက်တာနဲ့ ဖီးနစ်မီးတောက်ရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ်.."
"အဲ့ဒီ့အခင်းအကျင်းက တစ်ကြိမ်သုံးအတွက်ပဲ ဖြစ်ပြီး ထုတ်လွှတ်တဲ့စွမ်းအားက အသက်သွင်းပြီးရင် ရေရှည်ခံမှာ မဟုတ်ပေမယ့် အရေးပေါ်တိုက်ပွဲတွေမှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်.."
"အဲ့ဒါတွေကို အဆောင်သင်္ကေတ အခင်းအကျင်းလို့လည်း ပြောလို့ရတယ်.."
လီရွှမ်၏ အသေးစိတ်ကျသည့် ရှင်းပြမှုနှင့် ညွှန်ကြားမှုအောက်တွင် ဖန်းဟောင်၏ မျက်လုံးများက လင်းလက်လာခဲ့သည်။ သူ၏စိတ်အစဉ်၌ အလင်းရောင်တစ်ခု လက်လာခဲ့၏။ အခင်းအကျင်းနှင့် ချိတ်တံဆိပ်တို့ကို ထိုနည်းဖြင့် အသုံးပြုနိုင်လေသည်။
"ညွှန်ကြားချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ... ကျွန်တော်နားလည်ပါပြီ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ဖန်းဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် အဆောင်အခင်းအကျင်းကို သွားရောက်လေ့လာ၏။ သူ့အတွက် အဆောင်ပညာကို နားလည်သဘောပေါက်ရန် အချိန်မကြာလောက်ဟု ယုံကြည်သည်။
ကျန်ရှိသည့် ရက်များတွင် ဖန်းဟောင်သည် အဆောင်အခင်းအကျင်းလမ်းစဉ်အား သုတေသနပြုခြင်းဖြင့် အလုပ်ရှုပ်နေ၏။ ကုန်ကြမ်းများစွာတို့ကို အသုံးပြုပြီး ဆက်သွယ်ရေးအဆောင်နှင့် အခြား အခင်းအကျင်းမျိုးစုံ တို့ကိုလည်း မြှင့်တင်ရန် ကြိုးစားနေပါသည်။
လက်ရှိအချိန်၌ သိုက်မိသားစု၏ ရတနာတိုက်များအတွင်းရှိ စိတ်ဝိဉာဉ်ဆေးပင်အားလုံးတို့မှာ စုလင်းရှုံ၏ လက်ထဲ၌ ရှိနေ၏။ လက်နက်ကိရိယာထုလုပ်ခြင်း ကုန်ကြမ်းများကိုတော့ ဖန်းဟောင်အား ပေးထားသည်။ ထိုကဲ့သို့များပြားလှသည့် ရတနာများကို အချိန်တိုအတွင်း ကုန်ဆုံးအောင် အသုံးပြုနိုင်မည် မဟုတ်ပေ။
စုလင်းရှုံမှာ သူမကိုယ်သူမ ဆေးဖော်မြူလာ မည်မျှကို သုတေသနပြုခဲ့လဲပင် မသိတော့ပေ။ သူမသည် ဒီဗိုင်းဝိဉာဉ်ကိုပင် ပျော်ဝင်စေသည့် ဆေးလုံးတစ်မျိုးကို ဖန်တီးခဲ့၏။ ထိုဆေးမှာ အဆိပ်ဖြစ်သည်။
ရွှီယန်နှင့်မုန့်ချုံတို့လည်း ဒန်ဆေးလုံးများ လစ်ဟင်းခြင်းမရှိပေ။ သို့ရာတွင် သူတို့သည် ဒန်ဆေးလုံးများကို အသုံးပြုပြီး ကျင့်ကြံမှု ပြုလုပ်လေ့မရှိပါ။ အဲ့ဒီ့အစား ကြောင်နီ၊ ယွီရှောင်လုံနှင့် ဟကလေးတို့သာလျှင် ပိုမိုစိတ်လှုပ်ရှားနေ၏။
ဘုရင်အနေနှင့် ကြောင်နီမှာ ယွီရှောင်လုံနှင့် ဟကလေးအတွက် ပေးထားသည့် ဆေးလုံး၃၀%တို့ကို ခွဲတန်းယူသည်။ ထို့ကြောင့် ဒီအတောအတွင်းတွင် သူသည် အလေးချိန်တို့ တက်လာပြီး အဆင့်ချိုးဖျက်ရန် ဝေးကွာခြင်း မရှိတော့ပေ။
မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ လျှို့ဝှက်စခန်းတွင် ဘယ်နှင့်ညာစောင့်ရှောက်သူအပါအဝင် အခြားသိုင်းသမားများမှာ ထိုနေရာတွင် ပုန်းအောင်းနေကြ၏။ သူတို့သည် ပြင်ပသို့ ထွက်ခွာခြင်း လုံးဝမရှိကြပေ။ သူတို့ကိုယ်သူတို့ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အခြားအဖွဲ့သားများ၏ အခြေအနေကိုပင် သွားရောက်စစ်ဆေးကြည့်ခြင်း မရှိပေ။
တစ်နေ့တွင် လျှို့ဝှက်နေရာ၏ ကျောက်တံခါးက လှုပ်ရှားကာ ပွင့်လာခဲ့၏။ သိုင်းသမားများအားလုံးချက်ချင်းပင် သတိကြီးသွားကြပြီး အသင့်ပြင်ကာ စောင့်စားနေကြသည်။
ဒီနေရာမှာ လျှို့ဝှက်ပေမယ့် ပေါ်သွားနိုင်ခြင်း မရှိဟု အာမခံနိုင်ခြင်း မရှိပေ။ ပုံရိပ်တစ်ခု လျှောက်ဝင်လာခဲ့သည်။
"မဟာမိတ်ခေါင်းဆောင်... မဟာမိတ်ခေါင်းဆောင် မသေဘူးလား.."
ညာစောင့်ရှောက်သူက အံ့ဩစွာမေး၏။
မဟာမိတ်ခေါင်းဆောင်၏ ရှည်လျားစွာ ပျောက်ဆုံးနေမှုကြောင့် သူတို့အားလုံးက တစ်ဖက်လူကို သေသွားပြီဟု ထင်ထားခဲ့ကြတာပါ။ သို့ပေမယ့် သူတို့ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် မဟာမိတ်ခေါင်းဆောင်သည် အသက်ရှင်နေရုံမက အလွန်လည်း လန်းဆန်းစွာ ရှိနေ၏။
မည်သည့် ဒဏ်ရာရရှိထားသည့် လက္ခဏာရပ်မှ ပြသခြင်း မရှိပေ။ ညာစောင့်ရှောက်သူ ကောင်းကောင်းသိသည်။ သူနှင့် ဘယ်စောင့်ရှောက်သူတို့ ထွက်ပြေးသွားခဲ့စဉ်တွင် မဟာမိတ်ခေါင်းဆောင်သည် ဒဏ်ရာအပြင်းအထန် ရရှိပြီးဖြစ်၏။ ယခုအချိန်၌ အဘယ်ကြောင့် မည်သည့်ဒဏ်ရာမှ မရှိရတော့သနည်း။
ဘယ်စောင့်ရှောက်သူ၏ ဒဏ်ရာများပင်လျှင် ယခုအချိန်၌ သုံးပုံနှစ်ပုံသာလျှင် ပြန်ကောင်းသေးသည်။
"မင်းက ဘာမဟုတ်တာတွေ ပြောနေတာလဲ... ငါ့ကိုသေစေချင်နေတာလား.."
ယွိကောင်းက မာကျောသည့်လေသံဖြင့် ပြော၏။
"မဟုတ်ပါဘူး... ဒါပေမယ့် မဟာမိတ်ခေါင်းဆောင်.. ငါတို့နဲ့ ခွဲခွာခဲ့တုန်းက မင်းရဲ့အခြေနေက အရမ်းကို ဆိုးရွားနေပြီလေ။ လွတ်မြောက်နိုင်ရင်တောင်မှ ဒဏ်ရာအချို့တော့ ရှိနေသင့်တယ်မလား.."
ညာစောင့်ရှောက်သူမှာ သံသယအပြည့်ဖြင့် ရှိနေ၏။
"ဖြစ်နိုင်တာက... မဟာမိတ်ခေါင်းဆောင်... မင်းရဲ့ စစ်မှန်တဲ့ခွန်အားကိုများ ဖုံးကွယ်ထားတာလား.."
ထိုသိုင်းသမားက ပြောလိုက်သည်နှင့် အခြားလူများလည်း တစ်ခုခုကို နားလည်လိုက်ကြသည်။
"ငါသေလုနီးပါး ဖြစ်တော့မလို့။ ဒါပေမယ့်... ကံကောင်းသွားခဲ့တယ်။ ပြီးတော့ ဒီနေ့ကစတင်ပြီး ငါ့ကိုမဟာမိတ်ခေါင်းဆောင်လို့ ခေါ်စရာမလိုတော့ဘူး။ ငါကယွိကျိုးအဖွဲ့ခွဲရဲ့ မဟာမိတ်ခေါင်းဆောင် မဟုတ်တော့ဘူး။ မဟာစောင့်ရှောက်သူလို့ပဲ ခေါ်ကြတော့.."
ယွိကောင်းက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရင်းက လေးနက်စွာပြောသည်။
"မဟာမိတ်ခေါင်းဆောင်... မင်းအမှားမလုပ်ခဲ့သလို မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း မချိုးဖျက်ခဲ့ဘူး။ မဟာမိတ်အဖွဲ့က မင်းရဲ့ရာထူးကို ဖယ်ရှားချင်တယ်ဆိုရင် ငါတို့ကို အကြောင်းကြားဖို့လိုမှာပေါ့။ အဲ့ဒီ့အပြင် ဌာနချုပ်မှာလည်း မင်းရဲ့နောက်ခံတွေရှိတာပဲ။ ဘယ်သူက မင်းရဲ့ရာထူးကို ဖယ်ရှားရဲတာလဲ.."
ညာစောင့်ရှောက်သူက အံ့ဩစွာဖြင့် မေး၏။
ယွိကောင်းက လက်ကိုဝှေ့ရမ်းကာ ပြောသည်။
"ဌာနချုပ်က ငါ့ရဲ့ရာထူးကို ဖယ်ရှားလိုက်တာ မဟုတ်ဘူး... ငါ့ဘာသာငါ လက်လျှော့လိုက်တာ... မဟာမိတ်ခေါင်းဆောင်အသစ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ငါတို့အဖွဲ့က သံသယဝင်စရာမကောင်းလောက်အောင် မြင့်တက်နိုင်လိမ့်မယ်..."
ညာစောင့်ရှောက်သူနှင့် အခြားလူများအားလုံးက သူ့ကိုအံ့ဩစွာနှင့် သံသယဖြင့် ကြည့်ကြသည်။ ကိုယ့်ဘာသာ နှုတ်ထွက်ခဲ့သည်လား။
ယွိကောင်းက မတ်တတ်ရပ်ကာ လူတိုင်းကို လေးနက်စွာကြည့်ပြီးပြော၏။
"မဟာမိတ်ခေါင်းဆောင်ဖန်းက ငယ်ရွယ်ပေမယ့် ဒီနေ့ကစပြီး မင်းတို့သိထားရမှာက မဟာမိတ်ခေါင်းဆောင်ဖန်းရဲ့ အမိန့်တွေကိုပဲ နာခံရမယ်။ အမိန့်ကို မနာခံတဲ့ဘယ်သူမဆို ဆန့်ကျင်ရဲတဲ့ဘယ်သူမဆို ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့.."