← Chapters

ရန်သူကို စက်ဆုပ်အောင် ပြုလုပ်ရခြင်းသည် ပျော်စရာဖြစ်၏(၂)

Vol. 32 Ch. 473

ရန်သူကို စက်ဆုပ်အောင် ပြုလုပ်ရခြင်းသည် ပျော်စရာဖြစ်၏(၂)

Vol. 32 Ch. 473

"ကျွန်တော်ပါ... ဘာဖြစ်လို့လဲ.."

စကားပြောရင်းနှင့် သူတို့သည် စံအိမ်ဆီသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်၏။

"ဒါဆိုမင်းတို့က ဒီနေရာမှာ ပုန်းနေကြတာပေါ့... မင်းတို့လုပ်တာ ငါ့ကိုတကယ်ပဲ ပြဿနာအကြီးကြီး ဖြစ်စေခဲ့တယ်.."

မဟာမိတ်ခေါင်းဆောင်က စံအိမ်ကို ဝှေ့ဝဲကြည့်ရှု့ပြီးနောက် အံ့သြစရာကောင်းလှသည့် မြင်ကွင်းကြောင့် သွေးအန်လုမတက် ဖြစ်သွားခဲ့သည်။

ယခုမျှ ကြီးမားလှသော စံအိမ်ကြီးကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် ကန်းနေ၍ ရှာမတွေ့ကြသည်လား။ ရွှီယန်ကို ဘယ်လိုလုပ်ပြီး မတွေ့နိုင်ဘဲ ရှိနေရသနည်း။

"ကျွန်တော်က ခင်ဗျားကို ဘာများ ခက်ခဲစေခဲ့လို့လဲ.."

ရွှီယန်၏ မျက်နှာပေါ်၌ အံ့သြမှုတစ်ခု ပေါ်လာပြီးမေးသည်။

"ကျုပ်ကို စွပ်စွဲဖို့မကြိုးစားနဲ့။ ကျုပ်က ကျုပ်အပေါ် အခွင့်အရေးယူတဲ့ ဘယ်သူမဆိုကို ပြာအဖြစ် ပြောင်းလဲပေးလေ့ရှိတယ်.."

ရွှီယန်က သတိပေးသည်။ ဒီလူသာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ရန်သူတစ်ယောက် မဟုတ်ပါက သူသည်တစ်ဖက်လူအား ကယ်တင်ရန် လုပ်ဆောင်နေမည် မဟုတ်ပေ။

ဖန်းဟောင်က မဟာမိတ်ခေါင်းဆောင်ကို ချလိုက်ပြီးနောက် မုန့်ချုံ၊ စုလင်းရှုံနှင့် အခြားလူများလည်း စုစည်းလာကြသည်။ သူတို့သည် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် တစ်ဖက်လူကို သိလိုစွာ ကြည့်နေကြ၏။ အံ့သြစရာကောင်းလောက်အောင် ဒီလူသည် အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ပေ။

ကြောင်နီနှင့် အခြားနှစ်ကောင်တို့လည်း ရောက်ရှိလာကြသည်။ မဟာမိတ်ခေါင်းဆောင်ကို ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

ပြီးနောက် ကြောင်နီက လက်ဝါးကိုမြှောက်ကာ မဟာမိတ်ခေါင်းဆောင်၏ ခေါင်းကိုပုတ်လိုက်သည်။

မဟာမိတ်ခေါင်းဆောင် "..."

သူ့ကိုဝန်းရံနေသည့် လူအုပ်တွင် ဗလာတောင့်တောင့်နှင့် ကတုံးပြောင်လူငယ်မှာ မုန့်ချုံဖြစ်မည်ဟု သိလိုက်သည်။

ထိုသို့ဆိုပါက ဒီနှစ်ယောက်သည် တစ်ချိန်လုံး ဒီစံအိမ်ကြီးအတွင်း၌ ပုန်းအောင်းနေပြီး ဘယ်တုန်းကမှ ထွက်ပြေးမှု မပြုခဲ့ပေ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် သူတို့ကို ရှာမတွေ့နိုင်ကြသည်မှာ ရူးနေကြ၍လား။

"အဟွတ်.. အဟွတ်..."

မဟာမိတ်ခေါင်းဆောင်မှာ ချောင်းဆိုးပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကြလာခဲ့၏။ သူ၏ အခြေအနေမှာ ဆိုးရွားလှသည်။

"ကျု့လျန် ငါ့ကိုလိုက်သတ်နေတယ်။ မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်။ မင်းတို့အားလုံး ပုန်းနေကြတာ ပိုကောင်းလိမ့်မယ်။ သူသာ တွေ့သွားရင် လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်.."

မဟာမိတ်ခေါင်းဆောင်က အသက်ကို နက်ရှိုင်းစွာရှူပြီးပြောသည်။

"အဲ့ကိစ္စအတွက် ခင်ဗျားစိုးရိမ်နေစရာ မလိုပါဘူး... ကျုပ်ကိုပြော... ကျုပ်ကခင်ဗျားကို ဘာတွေများ ထိခိုက်စေခဲ့လို့လဲ.."

ရွှီယန်က အလိုမကျသည့် မျက်နှာဖြင့် မေးသည်။

မဟာမိတ်ခေါင်းဆောင်က ခါးသက်စွာပြုံး၏။

"မင်းနဲ့ မုန့်ချုံတို့အတွက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ယွီကျိုးတစ်ခုလုံးကို ပိတ်နှောင်ပြီး ရှာဖွေခဲ့ကြတယ်။ ပြီးလည်းပြီးရော မင်းတို့ကို ရှာမတွေ့ဘဲ ငါတို့က ပေါ်သွားခဲ့ရတယ်.."

လက်စသတ်တော့ ထိုကဲ့သို့ ဖြစ်လေသည်။ ရွှီယန်က သူ့ကိုသနားစွာ ကြည့်၏။

"ခင်ဗျားမှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုတို့နဲ့ ရန်ငြိုးရှိလို့လား.."

ရန်သူ၏ရန်သူမှာ မိတ်ဆွေမဟုတ်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ရန်သူ၏ရန်သူကို အသုံးပြုကာ ရန်သူအား စိတ်အနှောင့်အယှက် ဖြစ်စေခြင်းမှာ ပျော်ရွှင်စရာကိစ္စဖြစ်၏။

"ရန်ငြိုးလို့လဲ ပြောလို့မရပါဘူး... ဒါပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက ငါတို့လို လူမျိုးတွေကို ကောင်းကောင်းရှင်သန်ခွင့် မပေးလိုကြဘူး.."

မဟာမိတ်ခေါင်းဆောင်က အားတင်းကာ ထိုင်ဖို့ကြိုးစားသည်။ သူ၏ဒဏ်ရာများမှာ ပြင်းထန်လှပြီးသူသည် အခြေခံအားဖြင့် ဒုက္ခိတတစ်ယောက် ဖြစ်သွားတော့မည် ဖြစ်၏။ ခွန်အားမှာ သေချာပေါက် လျော့ကျသွားမှာပါ။

"အိုး... ရှင်းပြပါဦး.."

ရွှီယန်က သိလိုစွာမေးသည်။

မဟာမိတ်ခေါင်းဆောင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် လေးနက်စွာပြော၏။

"အမှန်အတိုင်းပြောရရင် ငါက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ယွီကျိုးအဖွဲ့ခွဲက ခေါင်းဆောင်ပဲ။ အဲ့ဒီ့အဖွဲ့က လေလွင့်သိုင်းသမားတွေနဲ့ ဖွဲ့စည်းထားတာ။ ငါတို့ရဲ့ပန်းတိုင်က လင်းနယ်မြေမှာ လေလွင့်သိုင်းသမားတွေအတွက် နေရာတစ်ခုကို ခက်ခိုင်မာမာ ရရှိလာနိုင်စေဖို့ပဲ.."

ရွှီယန်က အံ့သြသွားသည်။

"ခင်ဗျားက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့..."

"မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို မင်းသိတာလား.."

မဟာမိတ်ခေါင်းဆောင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် လျှို့ဝှက်စွာ စီစဉ်နေသည့် အဆင့်၌သာ ရှိနေသေးပြီး ခွန်အားကို စုစည်းနေခဲ့၏။

အခွင့်အရေးကိုရှာဖွေပြီး တစ်ခါတည်း မြင့်တက်ကာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများတွင် နေရာတစ်ခုကို တည်ဆောက်မည် ဖြစ်သည်။

ဒီတစ်ကြိမ်တွင် ယွီကျိုးအဖွဲ့ခွဲ၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ ပေါ်သွားခဲ့ပေမယ့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အမည်ကို သိရှိခြင်းမရှိပေ။ လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခုဟုသာ သိထားကြ၏။ သို့ပေမယ့် ရွှီယန်ကတော့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို သိနေလေသည်။

ဖြစ်နိုင်သည်မှာ သူနှင့်မုန့်ချုံတို့သည် မဟာမိတ်အဖွဲ့က ပျိုးထောင်ထားသည့် ပါရမီရှင်များ ဖြစ်ကြသည်လား။

"သိတယ်လေ..."

ရွှီယန်က ခေါင်းငြိမ့်သည်။ ဝမ်းယုံမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ယွီကျိုးအဖွဲ့ခွဲ၏ ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်၏။

မဟာမိတ်ခေါင်းဆောင်မှာ သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ သစ္စာဖောက်ခံရသည့် ခံစားချက်တစ်ခု ရရှိလာ၏။

သူ၏အကြည့်က ကျန်သူများအားလုံး အပေါ်သို့ ကျရောက်သွားသည်။ စိတ်ထဲတွင် တွေးမိ၏။ ဒီလူများအားလုံးသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ဖြစ်ကြသည်လား။

"ချီး..."

သူသည် ယွီကျိုးအဖွဲ့ခွဲ၏ ခေါင်းဆောင်ဖြစ်လျှက်နှင့် ဒီနေရာတွင် အဖွဲ့ဝင်များစွာ ရှိနေသည်ကို လုံးဝ သိရှိခြင်းမရှိပေ။

"ရှင်ကတကယ့်ကို အားနည်းတာပဲ။ ဒီလောက်ဒဏ်ရာလေးကတောင် ပုံပျက်ပန်းပျက် ဖြစ်စေခဲ့တယ်.."

စုလင်းရှုံက သက်ပြင်းချသည်။ ဒီလူမှာ ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး အလွန် ချည့်နဲ့ရသနည်း။

"ဒဏ်ရာလေး..."

မဟာမိတ်ခေါင်းဆောင်မှာ ပိုမိုကာပင် သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။ သူသည် ကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ သိုင်းပညာ လျှို့ဝှက်အတတ်ကို အသုံးပြုခဲ့ရသည်။

ဤသည်က ကြီးမားသည့်ဒဏ်ရာကို ဖြစ်ပေါ်စေပြီး အခြေခံကိုပင် ထိခိုက်ခဲ့၏။ ထိုအရာကို ဒဏ်ရာလေးဟု ခေါ်သည်လား။

"ဒါပေါ့..."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ ရွှီယန်ကိုကြည့်ကာ မေး၏။

"အစ်ကိုကြီး... ကျွန်မတို့တွေ သူ့ကိုကယ်ကြမှာလား.."

"ကယ်တာပေါ့.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။ တဖက်လူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့ခွဲခေါင်းဆောင် ဖြစ်ကတည်းက ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၊ စုမိသားစုတို့နှင့် ပဋိပက္ခ ဖြစ်မှာပါ။

ရန်သူအပေါ် ထိခိုက်စေရန်ပဲဖြစ်ဖြစ် ဝမ်းယုံအတွက် စဉ်းစားပြီးတော့ပဲဖြစ်ဖြစ် တစ်ဖက်လူအား ကယ်တင်ပေးသင့်ပေသည်။ ဘာပဲဖြစ်ဖြစ် ဒန်ဆေးလုံးတစ်လုံးနှစ်လုံးသာ သုံးရမှာဖြစ်၏။

စုလင်းရှုံက လက်ကိုဝှေ့ရမ်းကာ ရွှေအပ်များက လှည့်လည်ပြီး မဟာမိတ်ခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွား၏။ ထာဝရ အစစ်အမှန်ယွမ် စွမ်းအင်က ရွှေအပ်များမှတစ်ဆင့် ဝင်ရောက်သွားပြီး ထိခိုက်သွားသည့် မရီတျန်များကို ကုသပေးသည်။

ထို့နောက် သူမသည် ကျောက်စိမ်းပုလင်းငယ် တစ်ခုကို ထုတ်ပြီး ဆေးလုံးတစ်လုံးကိုသွန်ကာ မဟာမိတ်ခေါင်းဆောင်အား တိုက်လိုက်သည်။

"ကောင်းပြီ... ရက်အနည်းငယ်လောက် အနားယူပြီးရင် လူသစ်လို ပြန်ကောင်းလာလိမ့်မယ်.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

မဟာမိတ်ခေါင်းဆောင်မှာ ကြီးစွာ အံ့သြနေ၏။ သူသည် ထိခိုက်နေသည့် အခြေခံတို့ ပြန်လည် ကောင်းမွန်လာပြီး သွေးအဆီအနှစ်များလည်း ပြန်လည် ပြည့်တင်းလာသည်ကို ခံစားရသည်။ အချိန်တိုအတွင်းတွင် သူ၏ဒဏ်ရာများသည် ၅၀၊ ၆၀%လောက် ပြန်ကောင်းလာပြီး ဖြစ်၏။

"ဒါ... ဒါက ဘယ်လိုဆေးလုံးမျိုးလဲ.."

သူသည် စကားပြောရန်ပင် အလွန်အံ့ဩနေပါသည်။

"ပုံမှန်သွေးအားဖြည့်ခြင်းနဲ့ ခန္ဓာကိုယ်အားဖြည့်ခြင်း ဆေးလုံးပါပဲ... ဒုတိယတန်းစားနဲ့ တတိယတန်းစား စိတ်ဝိဉာဉ်ဆေးပင်တွေနဲ့ လုပ်ထားတာ။ ဒီဗိုင်းဆေးမျိုးမဟုတ်ဘူး.."

စုလင်းရှုံက ရွှေအပ်များကို ပြန်နုတ်လိုက်သည်။ ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားပြီး မဟာမိတ်ခေါင်းဆောင်နှင့် ပတ်သက်သည့် စိတ်ဝင်စားစရာများ မရှိတော့သည့်ဟန် ရသည်။

"မြှောင်..."

ကြောင်နီက သူမနောက်မှလိုက်ကာ ချစ်ဖို့ကောင်းအောင် လုပ်ပြရင်းမှ ဆေးလုံးများကို တောင်း၏။ မုန့်ချုံလည်း သူ၏ ကတုံးပြောင်ကိုကုပ်ကာ ထွက်ခွာသွားပြီး သိုင်းပညာကို ဆက်လက်ကျင့်ကြံနေပါသည်။

မဟာမိတ်ခေါင်းဆောင်၏ ကိစ္စကို စီနီယာအစ်ကိုကြီး ကိုင်တွယ်ရန်သာ ထားခဲ့လိုက်၏။ ရှီအာ၊ ကျိုးယင်၊ မုန့်ရှူရှူတို့လည်း အသီးသီး ထွက်ခွာသွားကြသည်။ ဖန်းဟောင်သာလျှင် အလွန်စိတ်ဝင်စားနေပြီး ကျန်ရစ်ခဲ့၏။

ဘာပဲဖြစ်ဖြစ် သူသည် လင်းနယ်မြေမှဖြစ်ကာ ရည်ရွယ်ချက်တို့ ကြီးမားသည့် လေလွင့်သိုင်းသမားတစ်ယောက်လည်း ဖြစ်သည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ လေလွင့်သိုင်းသမားများအတွက် နေရာတစ်ခုကို ဖန်တီးလိုသည့် ရည်ရွယ်ချက်မှာ သူ့အား စိတ်ဝင်စားမှုတို့ မြင့်တက်လာစေသည်။

"မဟာမိတ်ခေါင်းဆောင်... မျိုးဆက်စုံမဟာမိတ်အဖွဲ့ အကြောင်းကို ကျွန်တော်ကိုပြောပါဦး... ခင်ဗျားတို့ အစီအစဉ်တွေက ဘာတွေလဲ... စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနဲ့ ဘယ်လိုမျိုး ယှဥ်ပြိုင်မှာလဲ.."

ဖန်းဟောင်က မဟာမိတ်ခေါင်းဆောင်၏ ရှေ့တွင် ထိုင်ကာ သိလိုစွာမေးသည်။

"မင်းတို့က မျိုးဆက်စုံမဟာမိတ်အဖွဲ့က မဟုတ်ဘူးလား.."

မဟာမိတ်ခေါင်းဆောင်က အံ့သြသွား၏။

"ဘယ်ဟုတ်မလဲ.."

ဖန်းဟောင်က ခေါင်းကိုရမ်းကာ တစ်ဖက်လူကို ကြောင်တောင်စွာကြည့်သည်။

"ငါတို့ကို မျိုးဆက်စုံမဟာမိတ်အဖွဲ့ကလို့ ဘယ်လိုလုပ်ပြီးတော့ တွေးလိုက်တာလဲ.."

"ဒါဆိုရင် ရွှီယန်က ဘယ်လိုလုပ်ပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို သိနေတာလဲ.."

မဟာမိတ်ခေါင်းဆောင်က ကြောင်တောင်စွာမေးသည်။ မည်သည့်အချိန်တုန်းက မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ သတင်းသည် ပေါက်ကြားသွားရသနည်း။

ရွှီယန်က ရှင်းပြခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် ထိုကိစ္စများကို ဝမ်းယုံက သူ့အား ပြောပြခဲ့ခြင်းဖြစ်၏။ ထုတ်ဖော်လိုက်ပါက ဝမ်းယုံသည် လျှို့ဝှက်ချက်များကို ပေါက်ကြားစေခဲ့သည့်အတွက် အပြစ်ပေးခံရမည်လား မသိပေ။

"မျိုးဆက်စုံ မဟာမိတ်အဖွဲ့အကြောင်းကို ကျွန်တော်သိပေမယ့် တကယ်ပဲ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပါဘူး.."

ရွှီယန်က ခေါင်းကိုရမ်းသည်။

ပြီးနောက် ဒီနေရာတွင် ဖန်းဟောင်ကိုသာ ချန်ရစ်ခဲ့၏။ သူသည် တစ်ဖက်လူ၏ ဒဏ်ရာများ ပျောက်ကင်းသွားမှသာလျှင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့နှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးကြည့်ရန် စီစဉ်ထားသည်။

"ဆရာ... သူ့ရဲ့ခွန်အားအဆင့်က ဘာလဲ.."

ရွှီယန်က သိလိုစွာမေးသည်။ ဒီမဟာမိတ်ခေါင်းဆောင်သည် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ပေ။

ပြင်းထန်သော ဒဏ်ရာများကြောင့်သာ အရှိန်အဝါတို့ အားနည်းနေခြင်း ဖြစ်၏။

ရွှီယန်အနေနှင့် တစ်ဖက်လူမှာ အလယ်အလတ် သို့မဟုတ် နှောင်းပိုင်းအဆင့် ဖြစ်သည်လားဟူ၍ အတိအကျ ခန့်မှန်းနိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။

"နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ပဲ... ဒါပေမယ့် သူ့ရဲ့ခွန်အားက အားနည်းလွန်းတယ်.."

လီရွှမ်က ပြုံးသည်။

မဟာမိတ်ခေါင်းဆောင်သည် နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး အလွန်အားနည်းလှ၏။

သို့ပေမယ့် ရွှီယန်နှင့် မုန့်ချုံတို့မှာတော့ လက်ရှိအချိန်၌ တစ်ဖက်လူ၏ ပြိုင်ဖက် မဟုတ်သေးပေ။ လီရွှမ်၏ မျက်လုံးထဲတွင်သာ အလွယ်တကူ သတ်ဖြတ်နိုင်သည့် ပုရွဲဆိတ်တစ်ကောင် ဖြစ်နေခြင်းဖြစ်၏။

'နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်လား... မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှာ စွမ်းရည်အချို့ရှိတာပဲ..'

ရွှီယန်က အတွေးနက်သွားပုံပေါ်သည်။

ယွီကျိုးတွင် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဟူ၍ ကျု့လျန်တစ်ယောက်တည်းသာ ရှိပါသည်။

သို့ပေမယ့် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့ခွဲခေါင်းဆောင်မှာ ထိုအဆင့်၌ ရှိနေ၏။ ဒေသတစ်ခု၏ ခေါင်းဆောင်သည် ထိုဒေသ၏ အသန်မာဆုံးလူနှင့် ခွန်အားအဆင့် တူညီနေ၏။ ဤသည်က မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခွန်အားမှာ အထင်သေးလို့ မရကြောင်းကို ပြသနေပါသည်။

လီရွှမ်က သူ၏တပည့်ကို ကြည့်ကာ ခဏတာစဉ်းစားသည်။

"လူတွေကို မင်းအတွက် ခစားစေချင်တယ်ဆိုရင်... သူတို့ရဲ့ ဒီဗိုင်းဝိဉာဉ်နဲ့ စတင်လို့ရတယ်... မင်းရဲ့ဒီဗိုင်းအသိနဲ့ ချိတ်တံဆိပ် ရိုက်ခတ်လိုက်ပြီး သူတို့ရဲ့ဒီဗိုင်းဝိဉာဉ်ကို ထိန်းချုပ်လိုက်တာနဲ့ သေခြင်းရှင်ခြင်းက ကိုယ့်ရဲ့အတွေးအပေါ် မူတည်လာလိမ့်မယ်.."

ရွှီယန်က မှင်သက်သွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် ပြော၏။

"မဟာမိတ်ခေါင်းဆောင်က ဖြောင့်မတ်တဲ့ စိတ်ကူးအချို့နဲ့ လူတစ်ယောက်ပဲ။ သူ့လိုလူမျိုးအပေါ် အဲ့လိုလုပ်ဖို့ ကျွန်တော်မစဉ်းစားပါဘူး.."

"ဒါဆိုလည်း မင်းရဲ့ စိတ်ကူးအတိုင်းပဲ လုပ်ပေါ့... ဒါပေမယ့် စာအုပ်ကြီးအတိုင်း မဖြစ်စေနဲ့.."

လီရွှမ်က ခေါင်းငြိမ့်သည်။

သူက ရွှီယန်အား အခြားလူများကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်အတတ်တစ်ခုကို စဉ်းစားမိစေရန် ပြောလိုက်ခြင်းသာ ဖြစ်သည်။ မဟာမိတ်ခေါင်းဆောင်မှာ အမှန်တကယ်ကို မကောင်းသည့်လူ မဟုတ်ပေ။ ခုနက သူတို့ကို ထွက်ပြေးရန် သတိပေးခဲ့သေး၏။

တစ်ဖက်တွင် မဟာမိတ်ခေါင်းဆောင်ယွိက မျိုးဆက်စုံ မဟာမိတ်အဖွဲ့အကြောင်းကို ဖန်းဟောင်အား ရှင်းပြနေပါသည်။ သူတို့၏ ရည်ရွယ်ချက်၊ စိတ်ကူးနှင့် ပန်းတိုင်များ အပါအဝင် ဖြစ်၏။ လေလွင့်သိုင်းသမားများအတွက် နေရာတစ်ခုကို တိုက်ယူမည် ဖြစ်သည်။ လင်းနယ်မြေအား တရားမျှတမှု ရှိလာစေပြီး အဆင့်အတန်းခွဲခြားမှု စနစ်ကို ဖျက်ဆီးရန်ဖြစ်၏။

ထိုအိမ်မက်မှာ အလွန်ခက်ခဲလှပြီး အောင်မြင်နိုင်မည်လားဟူသည်မှာ မသိနိုင်သေးပေ။ သို့ရာတွင် ဖန်းဟောင်မှာ နားထောင်ပြီးနောက် အလွန်စိတ်လှုပ်ရှားနေပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့သို့ ဝင်ရောက်လိုလာ၏။ထို့ကြောင့် သူတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်များကို မေးသည်။

ထိုကိစ္စအတွက် လီရွှမ်က တားမြစ်ခြင်းမပြုပါ။

တပည့်များအတွက် အိပ်မက်တို့ ရှိနေသည်မှာ ကိစ္စကောင်း ဖြစ်၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများနှင့် သေချာပေါက် ပဋိပက္ခ ဖြစ်ပွားစေမှာပါ။

မဟာမိတ်အဖွဲ့အတွင်းရှိ ပါရမီရှင်များနှင့်ပင် ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာနိုင်၏။ ဤသည်က ဖန်းဟောင်၏ ကြီးပြင်းမှုအတွက် အကျိုးကျေးဇူးတို့ ရစေကာ ချီမန်သိုင်းပညာ၏ စွမ်းအားကိုလည်း ပြသခွင့် ရရှိမည်ဖြစ်သည်။

All Chapters