ကောင်းကင်ဘုံမှ အကူအညီ
Vol. 1 Ch. 368
"ကျွီ"
တစ်နာရီ မကြာလိုက်သော အချိန်တွင် လျှို့ဝှက်အခန်းတံခါးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး ပွင့်သွားခဲ့သည်။ ကျန်းရီ၏ကိုယ်မှာ တောင့်တင်းသွားခဲ့သည်။ သူသည် အသက်ရှူသံနှင့် နှလုံးခုန်သံကို လျှော့ချ၍ သေချင်ယောင်ဆောင်နေသော်လည်း အကြားအာရုံကို အနက်ရောင်အတွင်းအားဖြင့် တိုးမြှင့်ထားသောကြောင့် အရာအားလုံးကို ကြားနေရသည်။
ရှပ်..ရှပ်..ရှပ်...
လူနှစ်ယောက်သည် လျှောက်လာခဲ့ပြီး တံခါးဝတွင် ရပ်လိုက်ကြသည်။ နှစ်ယောက်လုံးသည် အာမေဋိတ်သံ ခပ်တိုးတိုးပြုလိုက်ကြပြီး တစ်ယောက်သည် အလန့်တကြား ရေရွတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ...ဘာလို့ အရှင်ချောင်နဲ့ လျှိုမိန်းကလေးက သေသွားတာလဲ"
"ဘာ"
သြဇာလွှမ်းပြီး ချိုမြိန်သော အသံတစ်ခုသည် အပြင်ဘက်မှ လွင့်ပျံ့လာခဲ့သည်။ ထိုအသံပိုင်ရှင်သည် တစ်လောကလုံးကို မှင်တက်သွားစေနိုင်လောက်အောင်လှသည့် စုန်းဧကရီသာဖြစ်ရမည်။ ကျန်းရီသည် ချက်ချင်း သူမ၏ခြေသံကို နားစွင့်ကာ လျှို့ဝှက်အခန်းနှင့် သူမ၏အကွာအဝေးကို တွက်ချက်နေလိုက်သည်။
ရှပ်...ရှပ်...ရှပ်
အကြီးအကဲနှစ်ဦးသည် အရင်ဝင်လာခဲ့သည်။ ကျန်းရီသည် စစ်သူကြီးချောင်နှင့် လျှိုမိန်းကလေး၏ကိုယ်များကို တံခါးရှိရာဘက်သို့ မျက်နှာမူ၍ အခန်းဘယ်ဘက်ခြမ်းတွင် ရွှေ့ထားခဲ့သည်။ သူကမူ အခန်း၏ ညာဘက်ခြမ်းတွင် ရှိနေခဲ့သည်။
သူ၏ အစီအစဉ်သည် ပြည့်စုံသွားခဲ့သည်။ အကြီးအကဲနှစ်ယောက် ဝင်လာသည့်အခါ ထိုသူနှစ်ယောက်သည် အရှင်ချောင်နှင့် လျှိုမိန်းကလေးကို အရင်စစ်ဆေးကြလေသည်။ လျှိုမိန်းကဘေး၏ အဝတ်များသည် စုတ်ပြဲနေပြီး အရှင်ချောင်၏ လက်ထဲမှဓားသည် သွေးများရွှဲနေရာ မြင်ကွင်းသည် သူတို့အား ထင်မြင်ချက် အမျိုးမျိုးကို ဖြစ်စေနိုင်စွမ်းသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ထိုသွေးအိုင်ထဲမှ လူနှစ်ယောက်ထံတွင်သာ အာရုံစိုက်မိနေကြပြီး ကျန်းရီအား တစ်ချက်သာ လှမ်းကြည့်လိုက်ကြသည်။ ကျန်းရီမှာ သွေးများစိုရွှဲနေသည်ကို မြင်လျှင် သူတို့မှာ ကျန်းရီအား အဖက်မလုပ်ကြတော့ပေ။
ကျန်းရီသည် အကြီးအကဲနှစ်ယောက်အား အာရုံမထားဘဲ အပြင်ဘက်မှ စုန်းဧကရီ ဝင်ရောက်လာမည်အား စောင့်ဆိုင်းနေလိုက်သည်။ သူမသည် အလွန်သတိရှိသည့်အလား တံခါးဝတွင်သာ ရပ်နေခဲ့ပြီး ဝင်မလာခဲ့ချေ။ သူမအား စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့် နှစ်ယောက်က ခြံရံ၍ စောင့်ရှောက်နေခဲ့သည်။
ကျန်းရီ၏ စိတ်နှလုံးမှာ ပူလောင်လာခဲ့သည်။ သူ စတင်လှုပ်ရှားပါက လူတိုင်းနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ သူထိုသို့လုပ်နိုင်ရန်အတွက် သတ်ဖြတ်ခြင်းအင်အားကို ထုတ်သုံးမှ ရလိမ့်မည်။ သို့သော်လည်း သတ်ဖြတ်ခြင်းအင်အားသည် အားပြင်းလွန်း၍ နန်းတော်တစ်ခုလုံးမှ လူများ သတိပြုမိသွားနိုင်သည်။ အထူးသဖြင့် ဗာဂျရာအဆင့်ရှိ ငွေပန်းပွင့်အဘွားအိုဖြစ်သည်။ အခြေအနေများ အဆိုးဘက်သို့ ပြောင်းလဲကုန်ပေလိမ့်မည်။
လာစမ်းပါ...
ကျန်းရီသည် စိတ်ထဲတွင် အော်ဟစ်နေခဲ့သည်။ ကံဆိုးစွာဖြင့် စုန်းဧကရီသည် တံခါးဝတွင်သာ ငြိမ်ငြိမ်သက်သက် ရပ်နေခဲ့သည်။ အကြီးအကဲနှစ်ဦးသည် စစ်ဆေးပြီးသည့်အခါ တစ်ယောက်မှ လျှောက်တင်လိုက်သည်။
"ဧကရီ...အရှင်ချောင်နဲ့ လျှိုမိန်းကလေးက သေပါပြီ။ သူတို့သေတာ တစ်နာရီမပြည့်သေးဘူး"
"သူတို့သေရတဲ့ အကြောင်းအရင်းကရော"
စုန်းဧကရီသည် ကျန်းရီအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ပျင်းရိစွာ မေးလိုက်သည်။
"သူရော သေပြီလား"
"ဒီအစေခံ သွားကြည့်လိုက်ပါ့မယ်"
လူတစ်ယောက်သည် တုံ့ဆိုင်းစွာ ပြောလိုက်ပြီး ကျန်းရီထံ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ ကျန်းရီ၏ရင်မှာ တဒိန်းဒိန်း ဖြစ်လာခဲ့သည်။ ထိုအကြီးအကဲ လာရောက်စစ်ဆေးပါက သူဟန်ဆောင်နေကြောင်း ပေါ်သွားလိမ့်မည်။
ငါလုပ်ရမယ်...
အကြီးအကဲသည် ကျန်းရီထံမှ တစ်မီတာခန့်သာ ဝေးတော့သည့်အချိန်တွင် ကျန်းရီသည် အံကြိတ်၍ တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်သည်။ ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံတိုးတိုးတစ်ခု ပျံ့လွင့်လာခဲ့ရာ စုန်းဧကရီသည် အလျင်အမြန် ပြောလာခဲ့သည်။
"အားလုံး လျှို့ဝှက်အခန်းထဲကို ဝင်ကြတော့...မင်းကြီးက လီဖေးနန်းဆောင်ကို လာနေပြီ။ ငါတို့ကို သူတွေ့သွားလို့ မဖြစ်ဘူး"
ဝှစ်...
ပုံရိပ်သုံးခုသည် အခန်းတွင်းသို့ ဝင်လာခဲ့သည်။ အကြီးအကဲတစ်ယောက်သည် လျှို့ဝှက်အခန်းမှ တားမြစ်အစီအရင်များကို ချက်ချင်းဖွင့်လိုက်သည်။
ကောင်းကင်ဘုံက အကူအညီပဲ!
ကျန်းရီသည် ပျော်လွန်း၍ ထအော်မိမတတ်ပင်။ သူ့မျက်လုံးများသည် ချက်ချင်း ပွင့်လာခဲ့ပြီး သွေးနီရောင် ပြောင်းသွားခဲ့သည်။ မီးဝိဉာဉ်ပုလဲသည်လည်း အလင်းရောင်များ တောက်ပလာကာ မီးနဂါးဓား ပေါ်ထွက်လာခဲ့သည်။ ထို့နောက် မီးနဂါးဓားသည် သူနှင့်မဝေးသော နေရာမှ အကြီးအကဲ၏ လည်တိုင်အား ဖြတ်သန်းသွားခဲ့သည်။
မီးနဂါးဓား ဖြတ်သန်းသွားခဲ့သည်နှင့် အကြီးအကဲ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်ကို ချန်ရစ်၍ ကြမ်းပြင်ပေါ် လိမ့်ကျသွားခဲ့သည်။ အခြားအကြီးအကဲ သုံးယောက်နှင့် စုန်းဧကရီ၏မျက်နှာမှာ သွေးဆုတ်သွားခဲ့သည်။ သတ်ဖြတ်ခြင်းအင်အား၏ ဖိအားအောက်တွင် သူတို့ မလှုပ်ရှားနိုင်ခဲ့ကြပေ။
"သေစမ်း"
ကျန်းရီ၏ မျက်လုံးများသည် စုန်းဧကရီ၏ ဘေးမှ အကြီးအကဲနှစ်ဦးထံ အကြည့်ရောက်သွားခဲ့ပြီး မီးနဂါးဓားအား လွှဲလိုက်ပြန်သည်။ လေနဂါးလေးများသည် တဝှီးဝှီးအော်မြည်၍ အကြီးအကဲနှစ်ယောက်အား သွားရောက်ချုပ်နှောင်လိုက်ကြသည်။ ထို့နောက် မီးနဂါးနှစ်ကောင်သည် နောက်မှလိုက်ပါသွားကာ အကြီးအကဲ နှစ်ယောက်ထံ ကျဆင်းသွားခဲ့သည်။ လူနှစ်ယောက်သည် အသားစများအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူတို့ဘေးမှ စုန်းဧကရီသည်လည်း နံရံထက် လွင့်စင်သွားခဲ့ပြီး ပြန်ကျလာခဲ့သည်။ သွေးများ၊ အသားစများမှာ သူမကိုယ်ပေါ်တွင် ပေကျံနေခဲ့သည်။
"ကျန်းရီ...သေစမ်း"
ထိုအချိန်တွင် မလှမ်းမကမ်းမှ အကြီးအကဲ၏ကိုယ်သည် အစိမ်းရောင်အလင်းများ တောက်ပလာသည်။ အစိမ်းရောင်အလင်းတန်းနှစ်ခုသည် သူ့မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့သည်။ သူသည် သူ၏ အသက်စွမ်းအားကို လောင်စာအဖြစ် အသုံးချကာ မှော်ပညာအား သုံးလိုက်ခြင်းဖြစ်သည်။
လျှို့ဝှက်အခန်းသည် သေးငယ်လွန်းနေပြီး အလင်းတန်းနှစ်ခုမှာလည်း လျင်မြန်လွန်းနေသည်။ ကျန်းရီသည် စုန်းဧကရီ၏ဘေးမှ အကြီးအကဲနှစ်ယောက်ကို တိုက်ခိုက်ရင်း အလုပ်ရှုပ်နေခဲ့ပြီး ထိုတစ်ယောက်အား အာရုံမစိုက်မိခဲ့ပေ။ အစိမ်းရောင်အလင်းနှစ်ခု သူ့ခေါင်းတွင်း တိုးဝင်လာခဲ့သော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူသည် အံကြိတ်၍ မီးနဂါးဓားကို ဆက်လက်ဝှေ့ယမ်းလိုက်သည်။ မီးနဂါးနှစ်ကောင်သည် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး ထိုသူအား အသားစများဖြင့် ပြောင်းလဲသွားစေကာ မှော်ပညာထပ်မသုံးနိုင်အောင် ပြုလုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏မီးဝိဉာဉ်ပုလဲသည် တောက်ပလာခဲ့ပြီး အမည်မသိသော စွမ်းအင်သည် သူ့ခေါင်းထဲ တိုးဝင်လာခဲ့သည်။ သူ့စိတ်ဝိဉာဉ်သည် ရွှေရောင်အလင်းများ တောက်ပလာခဲ့ပြီး သူ့စိတ်ဝိဉာဉ်အတွင်း တိုးဝင်လာသော အစိမ်းရောင်စွမ်းအင်များကို ဖယ်ရှားပစ်လိုက်သည်။
ဟူး...ပွတ်ကာသီကာလေးပဲ...
ကျန်းရီသည် စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်မိသည်။ ထိုအစိမ်းရောင်အလင်းသည် စိတ်ဝိဉာဉ်တိုက်ခိုက်မှု ဖြစ်ရမည်။ မဟုတ်ပါက မီးဝိဉာဉ်ပုလဲသည် သခင်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်။ ၎င်းသာ အသားကိုလှိုက်စားနိုင်သည့် အဆိပ်တစ်မျိုးဆိုပါက သူယခုသေနေလောက်ပေပြီ။
သူသည် စုန်းဧကရီကို အကဲခတ်ကြည့်လိုက်ရာ သူမ၏အရှိန်အဝါမှာ အားနည်းပြီး ခရမ်းရောင်နန်းတော်ရှင်အဆင့်၌သာရှိကြောင်း တွေ့လိုက်ရသည်။ ကျန်းရီသည် အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းတွင် စိတ်သက်သာရာရသွားခဲ့သည်။ စုန်းဧကရီသည် သူမ၏ မှော်ပညာကြောင့် ကျော်ကြားပြီး သူမလက်အောက်တွင် စွမ်းအားမြင့်သူများ အမြောက်အများ အမှုထမ်းနေကြသည်။ ထို့ကြောင့်ပင် သူမ၏အင်အားမှာ နိမ့်ကျသော်လည်း သူမစိတ်မပူခြင်း ဖြစ်လောက်သည်။
စုန်းဧကရီအား အနီးကပ်ကြည့်ပြီးနောက် ကျန်းရီ၏မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူမသည် သွေးများ၊ အသားစများ ပေကျံနေပြီး ဖရိုဖရဲဖြစ်နေသော်လည်း အသက်ရှူမှားလောက်အောင် လှပနေဆဲပင်ဖြစ်သည်။ အထူးသဖြင့် သူမ၏ ရွှန်းလဲ့တောက်ပနေသော မျက်ဝန်းဝိုင်းများသည် အလွန်နူးညံ့၍ ချစ်စဖွယ် ကောင်းနေလေသည်။ ယွင်ဟဲသည် ကျန်းရီနှင့် အသက်အတူတူခန့်ပင်ဖြစ်သည်။ စုန်းဧကရီသည် အသက်ဆယ့်ငါးနှစ်အရွယ်တွင် ကလေးယူခဲ့လျှင်တောင် သူမအသက်သည် သုံးဆယ်ခန့် ရှိနေပြီဖြစ်သည်။ သူမသည် နုနုငယ်ငယ် မိန်းမပျိုလေးတစ်ယောက်ပုံသာပေါက်ပြီး ကလေးသုံးယောက်အမေဟု ထင်ရက်စရာ မရှိပေ။
ဝှစ်...
ကျန်းရီသည် စုန်းဧကရီထံ ပြေးသွားလိုက်ပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်သီးဖြင့်ထိုးကာ ဒန်တျန်းအား ဖျက်ဆီးလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် သူမ၏ လက်မှ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကိုဖြုတ်၍ သူမအား မီးဝိဉာဉ်ပုလဲထဲမှ ကြိုးတစ်ချောင်းဖြင့် ချည်လိုက်သည်။ ထို့နောက် သူသည် သတ်ဖြတ်ခြင်းအင်အားကို အသုံးပြုခြင်းအား ရပ်တန့်လိုက်ပြီး စုန်းဧကရီအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မဆိုးဘူး။ နာမည်ကြီးနေတာနဲ့ ကိုက်ညီပါပေတယ်။ ကျန်းရီ...မင်းကငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"
ဒန်တျန်းအတွင်းမှ ခရမ်းရောင်နန်းတော် ဖျက်ဆီးခံလိုက်ရသဖြင့် စုန်းဧကရီ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့သည်။ သွေးများသည် သူမ၏ နှုတ်ခမ်းထောင့်မှ စီးကျနေခဲ့သော်လည်း သူမ၏အသံမှာ တည်ငြိမ်နေဆဲပင်။
"အနိုင်ရတဲ့သူက အကုန်ရတာပဲ။ ငါ ညှိနှိုင်းနေတာနဲ့ အချိန်မဖြုန်းချင်ဘူး...မင်းလိုချင်တာကို ပြောလိုက်"
"ဉာဏ်ကောင်းတဲ့ သူတွေကို စကားပြောရတာ တကယ်ကောင်းတယ်"
ကျန်းရီသည် သူ့မျက်နှာထက်မှ သွေးများကို သုတ်ရင်း ပြုံးလိုက်သည်။
"ကျုပ် ရှန်မိနိုင်ငံနဲ့ရော၊ စုန်းဧကရီနဲ့ရော ရန်သူမဖြစ်ချင်ဘူး။ ယွင်ဖေးနဲ့ ယွင်ရှန်းကို ကျုပ်နဲ့အတူ ခေါ်သွားချင်ရုံပဲ။ စီစဉ်ပေးဖို့ စုန်းဧကရီကို ဒုက္ခပေးရတော့မှာပဲ...ကျုပ်တို့ ရှန်မိနိုင်ငံက ထွက်သွားပြီးရင် ခင်ဗျားကို ဘေးမသီရန်မခ ပြန်လိုက်ပို့ပေးမှာပါ...ခင်ဗျား ဧကရီဆက်လုပ်နေလို့ရတယ်"
"ရယ်ချင်စရာပဲ"
စုန်းဧကရီသည် လှောင်လိုက်သည်။
"မင်းရဲ့ တောင်းဆိုချက်ကို ငါသဘောတူမယ်လို့ ထင်နေတာလား။ မင်း၊ ယွင်ဖေးနဲ့ ယွင်ရှန်းကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ လုအာနဲ့ ဟဲအာ အသက်ရှင်နေဦးမှာပဲ။ မင်းတို့ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေထိုင်သွားမှာကို ငါက အကူအညီမဲ့စွာနဲ့ ထိုင်ကြည့်နေမယ်လို့ မင်းထင်တယ်ပေါ့။ ပြီးတော့ မင်းတို့ကို ဘေးကင်းကင်းနဲ့ အဝေးကို ပို့နိုင်တဲ့ အစွမ်းအစ ငါ့မှာမရှိဘူး။ မင်းကြီးနဲ့ ငွေပန်းပွင့်အဘွားအိုသာ သိသွားရင် မင်း ဒီကနေထွက်သွားနိုင်မှာ မဟုတ်တော့ဘူး...ငါ့ကိုသတ်ချင်တယ်ဆိုရင် သတ်လိုက်"
"ဟားဟား"
ကျန်းရီသည် ရယ်ချရင်း ပြောလိုက်သည်။
"ယွင်ဖေးနဲ့ ယွင်ရှန်း သွားရင် အိမ်ရှေ့စံရာထူးကို ခင်ဗျားရဲ့ အငယ်ဆုံးသားနဲ့ ဘယ်သူက ပြိုင်လုဦးမှာလဲ။ ခင်ဗျားရဲ့ အငယ်ဆုံးသားက ကိုးနှစ်ပဲရှိသေးတာနော်...ခင်ဗျားကလည်း လူတွေအများကြီးကို ဆန့်ကျင်ခဲ့ဖူးတယ်။ ခင်ဗျားသေသွားရင် ဘယ်သူက ခင်ဗျားသားကို ကာကွယ်ပေးမှာလဲ။ ကျုပ်တို့ကို မင်းကြီးနဲ့ ငွေပန်းပွင့်အဘွားအို မသိအောင် ဝေးရာကို ဘယ်လိုပို့ပေးမလဲဆိုတာ ခင်ဗျားအလုပ်...အိုး...ပြောဖို့မေ့နေတာ...ကျုပ်လူတွေက လျှိုမိန်းကလေးအပေါ် စိတ်ဝိဉာဉ်ရှာဖွေခြင်းပညာရပ် သုံးထားတယ်။ မဟုတ်ရင် ကျုပ်တို့ နန်းတော်ထဲကို ဘယ်လိုဝင်လာနိုင်ပါ့မလဲ။ ခင်ဗျား ပူးပေါင်းဆောင်ရွက်မပေးရင် ခင်ဗျားကိုလည်း စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်သုံးပြီး ကျုပ်ရဲ့ ရုပ်သေးအဖြစ် ပြောင်းပေးမယ်"
"မင်း..."
ကျန်းရီ၏ စကားလုံးများသည် စုန်းဧကရီ၏ အရှိုက်ကို ထိသွားဟန်တူသည်။ သူမ၏ လှပသောမျက်နှာသည် သွေးရောင်မရှိအောင် ဖြူဖျော့သွားခဲ့သည်။ သူမသည် မျက်ရည်များဝိုင်းနေသည့် မျက်လုံးလေးများကို မျက်တောင်တဖျတ်ဖျတ်ခတ်၍ ဖုံးကွယ်ရင်း ပြောလာခဲ့သည်။
"ကောင်းပြီ...ငါမင်းတို့ကို အပြင်ရောက်အောင် ပို့ပေးမယ်။ ဒါပေမယ့် အလွန်ဆုံးမှ ရှန်မိမြို့ရဲ့ ငါးဆယ်ကီလိုမီတာအကွာထိပဲ ပို့ပေးနိုင်မယ်...ပြီးရင် မင်းငါ့ကို လွှတ်ပေးရမယ်။ မဟုတ်ရင် မင်းကြီး သတိပြုမိသွားလိမ့်မယ်...မင်းတို့လည်း ထွက်သွားလို့ရမှာ မဟုတ်တော့ဘူး"
"သဘောတူတယ်"
ကျန်းရီ ပြုံးလိုက်သည်။ သို့သော် သူ့မျက်နှာတွင် သွေးများ ပေကျံနေသည့်အတွက် သူ့အပြုံးမှာ အလွန်ရက်စက်ပြီး မကောင်းဆိုးဝါးဆန်သည့်ပုံ ပေါက်နေသည်။
*****