မင်း...ငါ့ထောင်ချောက်ထဲ ရောက်လာခဲ့တာပါပဲ
Vol. 1 Ch. 370
ညသည် တိတ်ဆိတ်ငြိမ်းချမ်းနေခဲ့သည်။ စုန်းဧကရီ၏ နန်းဆောင်တွင် ရောင်နီမလာခင် အချိန်ထိ ဘာအနှောင့်အယှက်မှ မရှိခဲ့ပေ။ နန်းတော်သည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ စုန်းဧကရီသည်လည်း ဘာမှမဖြစ်ခဲ့သည့်အလား အေးအေးလူလူ အိပ်စက်နေလေသည်။
ကျန်းရီသည် ညအား ထိုင်၍ ကုန်ဆုံးခဲ့သည်။ သူသည် အိပ်လည်းမအိပ်သလို၊ ကျင့်ကြံခြင်းလည်းမပြုဘဲ စုန်းဧကရီအိပ်နေသည်အား စောင့်ကြည့်နေခဲ့သည်။ သူမ၏ အိပ်ဆောင်ထဲတွင် မွှေးရနံ့ဖျော့ဖျော့တစ်ခု ထွက်ပေါ်နေခဲ့သည်။ စုန်းဧကရီ၏ကိုယ်မှလည်း နူးညံ့သည့် ရနံ့သင်းသင်းတစ်ခုကို ထုတ်လွှတ်နေလေ၏။ ထိုရနံ့သည် ကျန်းရီ၏ စိတ်ဝိဉာဉ်ကို တိုက်ခိုက်လာခြင်း မရှိသောကြောင့် အန္တရာယ်ရှိပုံ မရချေ။
အသက်ဆယ့်ခုနှစ်နှစ်သာ ရှိသေးသော ကျန်းရီသည်လည်း သွေးဆူလွယ်သော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ လွန်ခဲ့သည့်ညက သူ၏ မကောင်းဆိုးဝါး မီးလျှံကို လျှိုမိန်းကလေးက မွှေနှောက်သွားခဲ့၏။ ထို့နောက် သူသည် နိုင်ငံတစ်ခု၏ ဧကရီ သူရှေ့တွင် ရေချိုး၊ အဝတ်အစားလဲ၍ အိပ်စက်သည်ကို စောင့်ကြည့်နေရပြန်သည်။ ထိုအလှလေးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၍ သူ့စိတ်ကြိုက် ဘာမဆိုလုပ်နိုင်သည်။
သာမန်လူတစ်ယောက်ဆိုပါက သူ၏ စိတ်ရိုင်းကို အကြိမ်သုံးရာလောက်ပင် အရှုံးပေးပြီး နေလောက်ပေပြီ။ ကျန်းရီသည် သူ့ကိုယ်သူ လူကောင်း သို့မဟုတ် သူရဲဘောကြောင်သူ သို့မဟုတ် စည်းမျဉ်းများကို လိုက်နာသူဟု သတ်မှတ်မထားခဲ့ပေ။ ယနေ့ညတွင် သူသည် သူ့စိတ်ရိုင်းများ သူ့အားအနိုင်ရမသွားအောင် အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်နေခဲ့သည်။ သူသည် စုလောရွှယ်အပေါ် သစ္စာမဖောက်ချင်သလို စည်းလွတ်ကမ်းလွတ် မနေထိုင်ချင်ပေ။ သူသာ ထောင်ချောက်မိသွားပါက နောက်ဆက်တွဲ အကျိုးဆက်တို့သည် သေရာပါလောက်သည်။
နောက်ဆုံးတွင် မိုးလင်းသွားခဲ့ပြီး ကျန်းရီ၏ ဆင်းရဲဒုက္ခမှာလည်း အဆုံးသတ်သွားခဲ့သည်။ နန်းတွင်းထဲတွင် လှုပ်လှုပ်ရှားရှား အသံများလည်း ထွက်ပေါ်လာခဲ့သည်။ လူများသည် မင်းကြီး စုန်းနတ်ဘုရားတောင်သို့ သွားရောက်ရန် ပြင်ဆင်နေကြရင်း အလုပ်ရှုပ်နေကြသည်။
ကျန်းရီ၏ စိတ်နှလုံးမှာ လေးလံလာခဲ့ပြန်သည်။ သူသည် မတော်တဆမှုများ ဖြစ်ပွားမည့် အန္တရာယ်မှ ကာကွယ်ရန် နန်းတော်ထဲတွင်သာ ရှိနေသေးသည်။
စုန်းဧကရီသည် မင်းကြီးကို အဖော်ပြုစရာ မလိုသည့်အတွင် ယခင်နေ့ညက သူမအား မည်သူမှ လာရောက်နှောင့်ယှက်ခြင်း မပြုကြရန် အမိန့်ပေးထားခဲ့သည်။ အပြင်တွင် ဆူညံဆူညံ ဖြစ်နေကြသော်လည်း အိပ်ခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။ ကျန်းရီသည် တစ်ညလုံးအား စုန်းဧကရီ၏ နန်းဆောင်တွင် ကုန်ဆုံးခဲ့သော်လည်း အံ့အားသင့်စရာကောင်းစွာ မည်သူကမှ သံသယမဝင်ခဲ့ကြပေ။ မောင်းမဆောင်အတွင်း စုန်းဧကရီ၏ အဆင့်အတန်းသည် မေးခွန်းထုတ်စရာမလိုအောင် မြင့်မားလှသည်။
နှစ်နာရီခန့်ကြာသော် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ရှန်မိနိုင်ငံ၏ ဘုရင်သည် နန်းတော်ထဲမှ မြို့အနောက်ဘက်ရှိ စုန်းနတ်ဘုရားတောင်ထံ ထွက်ခွာသွားပြီဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည်လည်း စိတ်အေးသွားကာ စုန်းဧကရီအနီးသွား၍ ခပ်တိုးတိုး ပြောလိုက်သည်။
"ထတော့...ခင်ဗျားရဲ့ မင်းကြီး ထွက်သွားပြီထင်တယ်"
"ဝါး..."
စုန်းဧကရီ၏ နူးညံ့သော ကိုယ်လုံးမှာ လှုပ်ရှားသွားခဲ့ပြီး ညင်သာစွာ ထထိုင်လာခဲ့သည်။ သူမသည် အကြောများပင် ဆန့်လိုက်ပြီး သမ်းလိုက်သေးသည်။ သူမမှာ ကောင်းကောင်းအိပ်စက်ခဲ့ရပုံပေါ်သည်။ သူမ၏ လက်များ မြှောက်လိုက်သောအခါခဏတွင် ရင်အစုံမှာ လှပစွာ မြင့်တက်သွားခဲ့ပြီး ဆံပင်များအနည်းငယ် ပွနေသော သူမသည် အိပ်ချင်မပြေသေးသည့် ပုံစံနှင့် လှချင်တိုင်းလှနေသည်။ မြင်ကွင်းကြောင့် ကျန်းရီမှာ အသက်ရှူမှားမတတ်ပင်။
သူမ၏ မျက်ဆံလေးများသည် ကျန်းရီရှိရာဘက် ရွေ့လာခဲ့ပြီး ပြောလာခဲ့သည်။
"မင်း ဒီကားချပ်နောက်မှာ အရင်ပုန်းလိုက်...ငါ လက်ရှိအခြေအနေကို မေးကြည့်ဦးမယ်"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး အိပ်ရာဘေးရှိ ကားချပ်နောက်သို့ ဝင်လိုက်သည်။ စုန်းဧကရီသည် အစေခံလေးတစ်ယောက်ကို ခေါ်၍ ကျန်းရီ၏ရှေ့တွင်ပင် မေးခွန်းထုတ်လိုက်သည်။ မျှော်မှန်းထားသည့်အတိုင်း ဘုရင်သည် မြို့တော်အနောက်ဘက် ဂိတ်တံခါးသို့ ထွက်ခွာသွားနေပြီဖြစ်သည်။
စုန်းဧကရီသည် သူမအား အလှပြင်၍ အဝတ်အစားလဲပေးရန် အစေခံလေးများကို ခိုင်းလိုက်သည်။ သူမ နောက်တစ်ကြိမ် အဝတ်အစားလဲသည်အား ကားချပ်နောက်မှ ကျန်းရီမြင်လိုက်ရပြန်သည်။
စုန်းဧကရီသည် အဝတ်အစား လဲပြီးနောက် တိတ်ဆိတ်စွာ ထိုင်၍ နံနက်စာစားသည်။ ထို့နောက် သူမသည် အစေခံလေးများကို ထွက်သွားခိုင်းလိုက်ပြီး ကျန်းရီဘက်သို့ လှည့်ကြည့်လာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ...အဆိပ်ခတ်ခံရမှာ မကြောက်ရင် နံနက်စာ လာစားလှည့်ပါ...မင်း ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးထင်တယ်"
သေစမ်း...
ကျန်းရီသည် အမူအရာမဲ့စွာ ထွက်လာခဲ့သော်လည်း စိတ်ထဲတွင် ထပ်ကာထပ်ကာ ကျိန်ဆဲနေခဲ့သည်။ ကောင်းကောင်းမအိပ်ခဲ့ရသည်ထက် ပိုဆိုးလှသည်။ လွန်ခဲ့သည့်ညက သူတရေးမှ မအိပ်ခဲ့ရပေ။ သူ့မှာ ထိုင်နေခဲ့ရသည်ထက် ဒုက္ခခံခဲ့ရသည်ဟု ပြောရလျှင် မမှားပေ။
သူသည် ဘာမှမစားဘဲ ခပ်တိုးတိုး မေးလိုက်သည်။
"မင်းသားယွင်ရှန်းရဲ့ အိမ်တော်ကို ဘယ်တော့သွားကြမှာလဲ"
စုန်းဧကရီသည် ပျင်းရိစွာ ပြန်ဖြေလာခဲ့သည်။
"နှစ်နာရီလောက်ကြာရင်...မင်းကြီး အဲ့အချိန်ကျ စုန်းနတ်ဘုရားတောင်ကို ရောက်သွားလောက်ပြီ။ ငါတို့ မင်းသားယွင်ရှန်းအိမ်တော်ကို ရောက်ဖို့က တစ်နာရီတောင် မကြာဘူး။ မင်းကြီး ဂါရဝပြုပွဲ စတဲ့အချိန်က မင်းတို့ ထွက်ပြေးဖို့ အကောင်းဆုံးပဲ"
"ကောင်းပြီ"
ကျန်းရီသည် မြေပုံကို လေ့လာထားခဲ့သဖြင့် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ စုန်းဧကရီ သူ့ကို လိမ်နေခြင်းမဟုတ်ပေ။ ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ချိတ်ထိုင်နေရင်း မည်သည့်စကားမှမဆိုဘဲ စုန်းဧကရီအား စိုက်ကြည့်နေလိုက်သည်။ စုန်းဧကရီသည် ပြုံးလိုက်ကာ စကားစလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူက ပါရမီရှင်ဖြစ်ကြောင်း ကျော်ကြားတယ်။ မင်းမျက်နှာ အစစ်အမှန်ကို ငါကြည့်ခွင့်ရနိုင်မလား။ ဘယ်လို အမျိုးသားက ငါ့ကို အနိုင်ယူနိုင်သွားတာလဲ သိချင်လို့ပါ"
ကျန်းရီသည် တွန့်ဆုတ်နေသေးသော်လည်း နောက်ဆုံးတွင် သူ့မျက်နှာဖုံးမှာ တောက်ပသွားခဲ့သည်။ သူသည် မျက်နှာဖုံးအား ဖယ်ရှားလိုက်ပြီး သူ့မျက်နှာအား ပြသလိုက်သည်။ သူ့မျက်နှာသည် အလွန်အကျွံ ခန့်ညားနေခြင်း မဟုတ်သော်လည်း ထွင်းထုထားသည့်ပမာ အချိုးအစား ကျနသော မျက်နှာသွင်ပြင်ရှိသည်။ သူ့မျက်လုံးများမှာ စူးရှ၍ တုပခြင်းငှါ မစွမ်းနိုင်သော အရှိန်အဝါတစ်မျိုး ကိန်းအောင်းနေသည်။ သူ့ကိုယ်တွင် ကြွက်သားများလည်း ရှိနေသေးသည်။
"ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဇာမဏီလိုပဲ"
စုန်းဧကရီသည် ခေါင်းငြိမ့်ရင်း ပြောလာခဲ့သည်။
"ငါမွေးလာတဲ့အချိန်တုန်းက မင်းက ဒီကမ္ဘာပေါ်မှာ မရှိသေးဘူး။ မင်းမွေးလာတဲ့အချိန်ကျ ငါကအသက်ကြီးနေပြီ။ မင်းနဲ့ သက်တူရွယ်တူတောင် ဖြစ်ချင်လာပြီ။ ဒါဆို ငါမင်းနောက်ကို ရူးရူးမူးမူး လိုက်မိလောက်တယ်...မင်းက နယ်မြေမှာရှိတဲ့ မိန်းကလေးတွေအားလုံးရဲ့ အိပ်မက်မင်းသားဖြစ်ဖို့ ထိုက်တန်ပါပေတယ်"
ကျန်းရီသည် မပီမပြင်ပြုံး၍ လက်ကာပြလိုက်သည်။
"ဒီလို ပေါက်ကရတွေ လာပြောမနေပါနဲ့...ခင်ဗျား ကျုပ်ကို ရူးလောက်အောင် အမှုန့်ချေပစ်ချင်နေလောက်တယ်"
"ဟား...ဟား.."
စုန်းဧကရီသည် ပြတင်းအပြင်သို့ အကြည့်ပို့လိုက်သည်။
"ကိုယ်စားအုပ်ချုပ်သူက မိန်းမတွေကို လုံးဝနားမလည်ဘူးပဲ။ အမှန်က မိန်းမတွေက ဧကရီဖြစ်ရမှာထက်စာရင် ပြိုင်ဘက်ကင်းတဲ့ ယောက်ျားတစ်ယောက်နဲ့ တစ်သက်လုံး အတူဖြတ်သန်းသွားဖို့ကို ပိုပြီး လိုလားကြတယ်။ နန်းတော်ဆိုတာက လှောင်အိမ်တစ်လုံးလိုပဲ...နန်းတော်ထဲမှာ နေရတာက ကိုယ်စားအုပ်ချုပ်သူနဲ့အတူ လောကအနှံ့ ခြေဆန့်ရမှာနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်ပါ့မလဲ"
ကျန်းရီသည် သူမ၏ စကားများကြောင့် အတွေးထဲ နစ်မျောသွားခဲ့သည်။ သူသည် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ စုန်းဧကရီသည်လည်း သက်ပြင်းဖွဖွချ၍ ဘာမှဆက်မပြောတော့ပေ။ သူမသည် အပြင်မှ နန်းဆောင်များ၊ ရေကန်အလယ်မှ နားနေဆောင်များကိုသာ ငေးကြည့်နေခဲ့သည်။ သူမဘာတွေးနေသည်ကို ကျန်းရီမသိပေ။
နှစ်နာရီခန့်ကြာသော် စုန်းဧကရီသည် ထရပ်၍ အစေခံလေးများကို ဆင့်ခေါ်လိုက်ပြီး နန်းတော်အပြင်ထွက်ရန် ပြင်ဆင်ခိုင်းလိုက်သည်။ ကျန်းရီသည် သတိထား၍ အကဲခတ်နေသော်လည်း မူမမှန်သည့်အရာ မတွေ့ခဲ့ပေ။
မကြာခင်တွင် သူမ၏ အစောင့်အကြပ်စစ်သည်များမှာ အဆင်သင့်ဖြစ်သွားခဲ့ကြသည်။ ကျန်းရီသည် သူ့မျက်နှာအား အရှင်ချောင်၏ မျက်နှာအဖြစ် ပြောင်းလဲ၍ စုန်းဧကရီနှင့်အတူ ရထားလုံးအတွင်း ဝင်ထိုင်လိုက်သည်။ သူသည် အစောင့်စစ်သည်များကို အကဲခတ်ကြည့်လိုက်သော်လည်း စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်မှာ ပဉ္စမအဆင့်အောက် လူဆယ်ယောက်သာရှိကြောင်း တွေ့လိုက်ရသည်။ ကျန်းရီသည် ချက်ချင်းစိတ်သက်သာရာရသွားခဲ့သည်။
ရထားလုံးသည် နန်းတော်ထဲမှ ငြိမ်းချမ်းစွာ ထွက်လာနိုင်ခဲ့သည်။ စုန်းဧကရီ၏ အကူအညီဖြင့် ခရီးမှာ ချောမွေ့နေပြီး နှောင့်နှေးမှု မရှိခဲ့ပေ။ ကျန်းရီသည် မြေပုံကို မြင်ဖူးထား၍ ရထားလုံးမှာ မင်းသားယွင်ရှန်း၏ အိမ်တော်ကို သွားနေမှန်း သေချာလေသည်။
စုန်းဧကရီသည် ကျန်းရီ ရထားလုံးအပြင်ဘက်သို့ ခဏခဏကြည့်၍ သတိအနေအထားဖြစ်နေမှန်း မြင်သည့်အခါ ခပ်တိုးတိုး ရယ်လိုက်ပြီး ပြောလာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ စိုးရိမ်နေဖို့ မလိုပါဘူး။ ငါမသေချင်သေးဘူး။ မင်းပြောသလိုပဲ ငါသေရင် ချီအာက နောက်ထပ်သုံးနှစ်အပြင် ပိုပြီးအသက်ရှည်နိုင်မှာ မဟုတ်ဘူး။ ကိုယ်စားအုပ်ချုပ်သူက ကိုယ့်စကားကိုယ်တည်ပြီး ငါ့လို အားနည်းတဲ့ မိန်းမသားကို အနိုင်မကျင့်ဖို့ဘဲ မျှော်လင့်ပါတယ်"
"အားနည်းတဲ့ မိန်းမသား"
ကျန်းရီသည် မထီတရီ ပြုံးလိုက်မိသည်။
"ကျန်းရီက သူ့စကားသူ တည်ပါတယ်။ ခင်ဗျား ဉာဏ်များပြီး တစ်ခုခုမကြံစည်သရွေ့ ကျုပ်ကလည်း ခင်ဗျားကို အန္တရာယ် မပြုဘူး"
"ကျွန်တော်မျိုးတို့ မင်းသားယွင်ရှန်းအိမ်တော်ကို ရောက်ပါပြီ"
မကြာခင်တွင် ကုန်းကုန်းတစ်ဦး၏ လျှောက်တင်သံ ထွက်လာခဲ့သည်။ ကျန်းရီသည် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သူတို့ရောက်နေသည်မှာ မင်းသားယွင်ရှန်းအိမ်တော်ဖြစ်ကြောင်း သေချာသွားခဲ့သည်။ သူသည် နန်းတွင်းစစ်သည် အမြောက်အများကိုလည်း တွေ့လိုက်ရသည်။
စုန်းဧကရီသည် ထရပ်လိုက်ပြီး တီးတိုးပြောလာခဲ့သည်။
"သွားစို့...ငါမင်းနဲ့ လိုက်ဝင်ခဲ့မယ်။ မဟုတ်ရင် မင်းဝင်လို့ရမှာ မဟုတ်ဘူး။ ပြီးရင် မင်းက ဧကရီကို ဓားစာခံထားပြီး ယွင်ဖေး၊ ယွင်ရှန်းတို့နဲ့အတူ မြေအောက်ကနေ ထွက်သွားမှာ မဟုတ်လား။ ကိုယ်စားအုပ်ချုပ်မှာ ကျုံးဝူသားရဲတစ်ကောင်ရှိကြောင်း ငါကြားထားတယ်"
"အင်း"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး သူမအနီး တိုးသွားလိုက်သည်။
"စုန်းဧကရီက ကျုပ်တို့ကို မြို့ပြင်မိုင်တစ်ရာအကွာထိ လိုက်ပို့ပေးသရွေ့ ကျန်းရီက ခင်ဗျားဘေးကင်းစေရမယ်လို့ အာမခံတယ်"
စုန်းဧကရီသည် ခေါင်းငြိမ့်လိုက်ပြီး ကျန်းရီနှင့်အတူ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ မင်းသားယွင်ရှန်းအိမ်တော်အား ဝန်းရံထားသော စစ်သည်များသည် စုန်းဧကရီအား ရိုကျိုးစွာ အရိုအသေပေးလာကြသည်။ သူမအား မည်သူကမှ မတားဆီးရဲပေ။
စုန်းဧကရီသည် အစေခံလေးတစ်စုကို ဦးဆောင်၍ ကျန်းရီနှင့်အတူ အိမ်တော်အတွင်း တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။ စစ်သည်များသည် သူမ၏နောက်မှ လိုက်ဝင်လာကြသည်။ ယွင်ဖေးနှင့်ယွင်ရှန်းကို အကျယ်ချုပ်ချထားရန် မင်းကြီးက သူတို့အား အမိန့်ပေးထားခဲ့သည်။ ထိုနှစ်ယောက်၏ လုံခြုံမှုကို သူတို့ကာကွယ်ရပေမည်။
စုန်းဧကရီသည် ရှေ့မှဦးဆောင်သွားနေခဲ့သည်။ မကြာခင်တွင် ခန်းမကျယ်ကြီးတစ်ခုထံ သူတို့ ရောက်သွားကြသည်။ ကျန်းရီ ခန်းမအတွင်း ဝင်သွားလိုက်သော ခဏတွင် ယွင်ဖေးနှင့် ခန့်ညားသည့် လူငယ်လေးတစ်ဦး ထိုင်နေကြောင်း မြင်လိုက်ရသည့်အတွက် သူ့မျက်ဝန်းများ တောက်ပသွားခဲ့သည်။
အရာရာသည် စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။ ကျန်းရီသည် အလွန်ချောမွေ့နေသည့် အခြေအနေကြောင့် စိတ်လေးလာခဲ့သည်။
စုန်းဧကရီသည် ရှေ့ရှိသူမှာ ယွင်ဖေးဖြစ်ကြောင်း သေချာနေသည်။ အစောင့်စစ်သည်များသည် အပြင်တွင်သာ ရှိနေကြပြီး အတွင်းသို့ ဝင်မလာရဲကြပေ။ ခန်းမအတွင်းတွင် သိုင်းသမား အနည်းငယ်သာ ရှိနေပြီး မည်သည့် မတော်တဆမှုမှ ဖြစ်မလာနိုင်ပေ။
"ဘာကမှားနေတာလဲ"
ကျန်းရီ၏ အတွင်းစိတ်ထဲမှ သတိပေးချက်သည် ပိုမိုပြင်းထန်လာခဲ့သည်။ ပြဿနာရှိနေသည့်နေရာကို သူစဉ်းစားမရခဲ့ပေ။
ဝှစ်...
ထိုခဏတွင် နန်းဆောင်တစ်ခုလုံးသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး အကြည်ရောင် အလွှာတစ်ခုသည် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
စုန်းဧကရီသည် ကျန်းရီဘက်သို့လှည့်ကာ အောင်နိုင်သူ၏ အပြုံးမျိုး ပြုံးပြလာခဲ့သည်။ သူမသည် မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
"ရှက်စရာပဲ...ကိုယ်စားအုပ်ချုပ်သူအရှင်၊ မင်း...ငါ့ထောင်ချောက်ထဲ ရောက်လာခဲ့တာပါပဲ"
*****