← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 6 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 6 Ch. 161-165

အခန်း-၁၆၁ ဝမ်ချောင်နှင့်ဧကရာဇ်တွေ့ဆုံခြင်း။

တော်ဝင်နန်းတော်သို့ သွားသော ရထားလုံးသည် အလွန်ကျယ်ဝန်းပြီး ကြမ်းပြင်ကို ရွှေရောင်နှင့် အနီရောင် ယှက်သန်းနေသော ပိုးချည်ဖြင့် ခင်းထားသည်။ ၎င်းသည် အက်ဘဆက်ကယ်လီဖိတ်၏ တော်ဝင်မိသားစုမှ ဧကရာဇ်ထိုက်ကျုံးအား ပေးခဲ့သည့် လက်ဆောင်ဟု ဆိုကြသည်။

နံရံများကို အဖိုးတန်သော အထည်များဖြင့် ဖုံးလွှမ်းထား၏။

အတွင်းခန်းမှာ ထူးခြားလှပပြီး သက်တောင့်သက်သာ ရှိလှသည်။

ကံဆိုးသည်မှာ ဝမ်ချောင်သည် ယင်းကို ခံစားလိုစိတ် မရှိနေပေ။

ရထားလုံးပေါ်တွင် ထိုင်နေရင်း ဝမ်ချောင်၏စိတ်နှလုံးသည် အလွန်အမင်း လှိုက်ခုန်နေ၏။

ပညာရှင်ဧကရာဇ်သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ဒဏ္ဍာရီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် အလယ်ပိုင်းဒေသ၏ သမိုင်းတွင် အကြီးမြတ်ဆုံးသော ဧကရာဇ်လည်း ဖြစ်၏။

မဟာထန်မင်းဆက်သည် နယ်မြေများကို ချဲ့ထွင်ခဲ့ပြီး အရည်အချင်းရှိသူများအား နန်းတော်အတွင်းသို့ ခေါ်ဆောင်လာသည့်အတွက် သာယာဝပြောသော ခေတ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ မဟာထန်နိုင်ငံတော်သည် တခြားသော နိုင်ငံများထက် ချမ်းသာပြီး တစ်လောကလုံးရှိ နိုင်ငံများသည် မဟာထန်နိုင်ငံတော်အား လေးစားကြသည်။

မဟာထန်မင်းဆက်၏ လွှမ်းမိုးမှုသည့် ပိုမိုအဆင့်မြင့်သော အခြေအနေသို့ ရောက်သွားပြီး သမိုင်းတစ်လျှောက် သြဇာအရှိဆုံး ဖြစ်လာ၏။

တစ်ချိန်တည်းမှာပင် သူသည် သေရည်ယစ်မူးရင်း တိုင်းပြည်ရေးကို လျစ်လျူရှုကာ အကျင့်ပျက်အရာရှိများကို မျက်နှာသာပေးရင်း ကျင့်ဝတ်ကောင်းသော အမှုထမ်းများကို ဖယ်ကျဉ်ကာ အင်ပါယာတစ်ခုလုံးအား ဇောက်ထိုးဖြစ်အောင် တွန်းပို့ခဲ့သူလည်း ဖြစ်သည်။

လူတစ်ဦးတည်းကပင် အဘယ်ကြောင့် ခြားနားချက် ဤမျှ ကြီးမားသနည်း။ အတိခြားနားသော တခြားသူတစ်ယောက်ဖြင့် အစားထိုးလိုက်သည့်နှယ်။

ယင်းမှာ ဝမ်ချောင်၏ စိတ်နှလုံးအတွင်း အကြီးမားဆုံးသော သံသယဖြစ်ကာ ထိုစဉ်က လူတိုင်း၏ စိတ်ထဲတွင် ဖြေရှင်းမရနိုင်သော ပုစ္ဆာတစ်ခုလည် ဖြစ်ခဲ့သည်။

ဝမ်ချောင်၏ ယခင်ဘဝတွင် ဆိုးသွမ်းမိုက်မဲသူတစ်ဦးမျှသာ ဖြစ်၏။ ဧကရာဇ်နှင့် တွေ့ဆုံရန် မဆိုထားဘိ နန်းတော်တံခါးသို့ပင် မသီဖူးပေ။

ဝမ်ချောင်သည် အသိဝင်လာပြီးနောက် အလုပ်ကြိုးစားခဲ့ပြီးသောအခါ ဝမ်ကလန်သည် မျက်နှာသာမရတော့ပေ။ ဧကရာဇ် ခေါ်ခံရမည်ကိုပင် စိုးရိမ်ခဲ့ရပြီး သြဇာကြီးမားသော အမှုထမ်းများနှင့်ပင် ဆုံတွေ့ခွင့် မရနိုင်ခဲ့တော့ပေ။

အဆုံးတွင် ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်ဒေသ (ပင်မကျွန်း)၏ စစ်သေနာပတိ ဖြစ်လာသောအခါ…

မဟာထန်၏ ကြီးမြတ်သော ပညာရှင်ဧကရာဇ်သည် မည်သည့်နေရာတွင်မှ မရှိခဲ့သည့်အလား သမိုင်းထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

ဝမ်ချောင်သည် သူ့ဘဝတစ်လျှောက်လုံးတွင် မဟာထန်မင်းဆက်၏ အမြင့်မြတ်ဆုံး ပညာရှင်ဧကရာဇ်ကို မတွေ့ခဲ့ဖူးပေ။

ယင်းသည် သူ၏ အကြီးမားဆုံးသော နောင်တဖြစ်ခု ဖြစ်ခဲ့သည်။

သို့သော် သူ ပြန်ရှင်သန်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။

ဝမ်ချောင်သည် ပညာရှင်ဧကရာဇ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတော့မည်။

“အရှင်မင်းမြတ်က ငါ့ကို ဘာလို့ ခေါ်တာလဲ”

ဝမ်ချောင်သည် စိတ်မသက်မသာ ခံစားနေရသည်။ သူ့စိတ်အတွင်း မရေမတွက်နိုင်သော အတွေးများ ဖြစ်ပေါ်နေပြီး ထင်မြင်ချက်များစွာ ဖြစ်ပေါ်လာသော်လည်း မည်သည့်အရာကိုမျှ အတည်မပြုနိုင်ချေ။

အမိန့်စာသည် ရုတ်တရက် ရောက်လာခြင်း ဖြစ်၏။

ဝမ်ချောင်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်နေချိန်တွင် ရထားလုံးက ရုတ်တရက် ရပ်တန့်သွား၏။ အပြင်ဘက်မှ စကားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။

“ဟိုင်ကုန်းကုန်း ခွင့်လွှတ်ပေးပါ”

“လူကြီးမင်းဝမ်..”

…

တစ်ယောက်ယောက်သည် ရထားလုံးကို တားလိုက်ပုံရ၏။ တော်ဝင်ရထားလုံးကို ရပ်တန့်စေရန် သတ္တိရှိသူသည် အလွန်မြင့်မားသော အဆင့်အတန်း ရှိရပေမည်။

“အကြီးဆုံးဦးလေး..”

ထိုအသံကို ကြားသည်နှင့် ဝမ်ချောင်က ကိုယ်ကို မတ်လိုက်မိသည်။ အသံများအနက် တစ်ခုမှာ မိန်းမစိုး၏ အသံဖြစ်ပြီး နောက်တစ်ခုမှာ ဝမ်ချောင်၏အကြီးဆုံးဦးလေး ဝမ်ကန်း၏အသံ ဖြစ်သည်။

ဝမ်ကန်းသည် တော်ဝင်တရားရုံး၏ သြဇာရှိသော အရာရှိတစ်ဦး ဖြစ်၏။ သူသည် တိုင်းပြည်ရေးတွင် ပါဝင်ခွင့် ရှိပြီး သူ၏အဆင့်အတန်းကလည်း မြင့်မားသည်။ သူ၏ မြင့်မြတ်သော အဆင့်အတန်းသည် တော်ဝင်မိသားစုနှင့် သက်ဆိုင်ရုံသာမက နန်းတွင်းရေးရာများတွင်လည်း ပါဝင်နိုင်ပေသည်။

နှစ်ယောက်သားက အသံတိုးတိုးဖြင့် ညှိနှိုင်းနေကြပြီး ဝမ်ချောင်သည် မိန်းမစိုးအကြီးအကဲ၏ နောက်ဆုံးစကားကိုသာ ကြားလိုက်ရ၏။

“လူကြီးမင်းဝမ် သွားပါ ဒါပေမဲ့ အကြာကြီးတော့ မရဘူး”

ဟူး..

မိန်းမစိုးအကြီးအကဲ ပြောပြီးသည်နှင့် ရထားလုံးတံခါးက ပွင့်သွား၏။ အကြီးဆုံးဦးလေးဝမ်ကန်းသည် ရထားလုံးပေါ် တက်လာပြီးနောက် လေးနက်စွာ ကြည့်လာသည်။

“ချောင်အာ ငါတို့မှာ အချိန်မရဘူး။ မင်း ဒါတွေကို မှတ်ထားရမယ်”

ဝမ်ကန်းသည် ညီလာခံဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး ဝမ်ချောင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဝမ်ချောင်သည် သူ့ဦးလေးကို သိနေသည်မှာ ကြာလှပြီ ဖြစ်သော်လည်း သူ့ဦးလေး၏ လေးနက်သော အမူအရာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ယောင်ကလန်သည် သူ့သားကို လုပ်ကြံရန် ကြံစည်သည်ကို သိစဉ်ကထက်ပင် ပိုနေ၏။

“ဒေသခံတပ်မှုးတွေရဲ့ မူဝါဒနဲ့ ဟူလူမျိုးရဲ့အရည်အချင်းတွေကို အသုံးချဖို့ မူဝါဒကို ဝန်ကြီးနဲ့ သူ့လူတွေက ဘုရင်မင်းမြတ်ရှေ့မှာ တောင်းဆိုခဲ့ပေမဲ့ မင်းအဘိုးက ငြင်းပယ်ခဲ့တယ်”

ဝမ်ကန်းသည် ဗုံးကို တည့်တိုးပင် ပစ်ချလိုက်ချေသည်။

“အာ..”

ဝမ်ချောင်၏ ခန္ဓာကိုယ်သည် ထိတ်လန့်မှုကြောင့် တုန်လှုပ်သွား၏။ ယင်းမှာ ဒေသခံတပ်မှုးများနှင့် သက်ဆိုင်သော မူဝါဒဖြစ်၏။ ဝမ်ချောင်သည် ထိုကိစ္စကို မစိုးရိမ်သော်လည်း မင်းအဘိုးက ငြင်းပယ်လိုက်သည်ဆိုသော စကားကတော့ မတူချေ။

ဝမ်ချောင်သည် တိုင်းရေးပြည်ရေးအကြောင်း များများစားစား မသိသော်လည်း ဝမ်မိသားစုတွင် ထိုသို့သော အရာများကို မကြာခဏ ကြုံတွေ့ရပြီးနောက် သူသည်လည်း များစွာ သင်ယူနိုင်ခဲ့သည်။

ဒေသခံတပ်မှုးများ၏ မူဝါဒနှင့် ဟူလူမျိုးတို့၏ အရည်အချင်းများကို အသုံးချရန် မူဝါဒကို ဝန်ကြီးက တောင်းဆိုခဲ့သည်။ အဘိုး၏ ငြင်းဆိုမှုကြောင့် ဝမ်မိသားစုနှင့် ဝန်ကြီးအကြား ဆက်ဆံရေး ပြတ်တောက်သွားလိမ့်မည်ဟု ဆိုလိုနေသည်။

ယင်းက ထိုနေရာတွင်ပင် အဆုံးမသတ်သွားချေ။ မဟာထန်မင်းဆက်အတါင်း အဘိုးသည် ထူးကဲသော ရပ်တည်မှု တစ်ခု ရှိသည်။ သူ့တွင် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိစေသည့် များပြားလှသော ကျောင်းသားများနှင့် လက်အောက်ငယ်သား အများအပြား ရှိ၏။

သူသည် နိုင်ငံရေးတွင် ဝင်ပါရန် ခဲယဉ်းသော်လည်း တော်ဝင်မိသားစုအပေါ် သြဇာလွှမ်းမိုးမှု ရှိသူ ဖြစ်သည်။

မကြုံစဖူးသော မူဝါဒကို ဆန့်ကျင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ဒီအဖြစ်အပျက်က အင်ပါယာတရားရုံးအပေါ် လွှမ်းမိုးမှုဟာ ဦးလေးပြောသလို မရိုးရှင်းဘူးဆိုတာ Wang Chong သိတယ်။

မကြုံစဖူးသော မူဝါဒကို ဆန့်ကျင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ဒီအဖြစ်အပျက်က အင်ပါယာတရားရုံးအပေါ် လွှမ်းမိုးမှုဟာ ဦးလေးပြောသလို မရိုးရှင်းဘူးဆိုတာ Wang Chong သိတယ်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ အရှင်မင်းမြတ်ရဲ့အမြင်က ဘယ်လိုလဲ”

ဝမ်ချောင်က ချက်ချင်း မေးလိုက်သည်။

“မင်းက ပြဿနာရဲ့အဓိကအချက်ကို ချက်ချင်း တွေးနိုင်တာပဲ မင်းက ဉာဏ်ကောင်းလိုက်တာ”

ဝမ်ကန်းက ချီးကျူးလိုက်သည်။ သူ၏တူလေးသည် ထက်မြက်ပြီး အရာတိုင်းကို သိနားလည်သည်။ တစ်ခါတစ်ရံ သူကိုယ်တိုင်ပင် အံ့အားသင့်ရပေ၏။

“အဲဒါက ပြဿနာပဲ။ အရာထမ်းတွေက မင်းအဘိုးရဲ့တုံ့ပြန်မှုကို မမျှော်လင့်ထားဘူး။ ဒါကြောင့် ဒီမနက် ညီလာခံမှာ ပြင်းထန်တဲ့ အငြင်းပွားမှု ဖြစ်သွားတယ်။ ဒါပေမဲ့ အကြီးမားဆုံး ပြဿနာကတော့ မြင့်မြတ်တဲ့ဧကရာဇ်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရှင်းလင်းတဲ့ သဘောထားကို မဖော်ပြဘူး သူ ဘာတွေးနေတယ်ဆိုတာ ဘယ်သူမှ မသိဘူး”

“အာ..”

ဝမ်ချောင်သည် မရှင်းမလင်းဖြစ်စွာဖြင့် အော်ညည်းလိုက်သည်။

“အခု အရှင်မင်းမြတ်က ဘာဖြစ်လို့ မင်းကို ဆင့်ခေါ်တာလဲ ဆိုတာကို မင်းနားလည်ပြီလား”

ဝမ်ကန်းက မေး၏။

မနက်ခင်း ညီလာခံပြီးနောက် ဝမ်ချောင်အား ဆင့်ခေါ်သည့် သတင်းကို ရရှိခဲ့သည်။ သူ ထွက်သွားပြီးသည်နှင့် မိန်းမစိုးအကြီးအကဲသည် ဝမ်အိမ်တော်သို့ သွားနေကြောင်း ကြားသိရကာ ဝမ်ချောင်အား ဧကရာဇ်နှင့် တွေ့ဆုံစေဖို့ နန်းတော်သို့ ခေါ်ဆောင်ရန် အမိန့်စာထုတ်ခဲ့သည်။

ထိုသတင်းသည် ဝမ်ကန်းအား အံ့အားသင့်စေပြီး ယင်းအတွက် မသက်မသာ ခံစားခဲ့ရသည်။ သူသည် အန္တရာယ်တစ်ခုခုကို အလိုလို ခံစားမိလာသည်။

ဧကရာဇ်နှင့် တွေ့ဆုံခြင်းသည် မိသားစုကြီးတိုင်းအတွက် ကြီးမားသော ကိစ္စတစ်ခုဖြစ်၏။ ကောင်းကင်သားတော်သည် အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို တွေ့ဆုံမည် မဟုတ်၊ တွေ့ဆုံမှု ကောင်းမွန်ပါက အရာအားလုံး အဆင်ပြေနိုင်သော်လည်း အခြေအနေ မကောင်းပါက မိသားစုတစ်ခုလုံးအတွက် ကြီးမားသော ဘေးဒုက္ခ ဖြစ်လာစေနိုင်သည်။

ယခင်မင်းဆက်များတွင် ဧကရာဇ်ထံမှ မျက်နှာသာပေးမှု ဆုံးရှုံးခဲ့ရပြီး ပျက်စီးသွားသော မိသားစုများ ရှိခဲ့ဖူး၏။

ဝမ်ချောင်သည် ဤနယ်ပယ်တွင် အတွေ့အကြုံ မရှိသည်ဖြစ်ရာ ဝမ်ကန်းက မစိုးရိမ်ဘဲ မနေနိုင်ချေ။ ဝမ်ကန်းသည် ရထားလုံးအား အချိန်အကန့်အသတ်တစ်ခုစာ လမ်းတွင် ရပ်တန့်ရန် ကြိုးစားနိုင်၏။

“ဝမ်ချောင် ဒီကိစ္စက ငါတို့ ဝမ်ကလန်တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။ မင်းကိုပဲ ထိခိုက်စေမှာ မဟုတ်ဘူး။ မင်းအဖေ၊ ငါ၊ မင်းအဒေါ်၊ မင်းဦးလေးနဲ့ တခြားသူတွေပါ ဒုက္ခရောက်သွားလိမ့်မယ်”

ဝမ်းကန်းက လေးနက်စွာ ရှင်းပြသည်။ ဝမ်ချောင်သည် ဧကရာဇ်နှင့် တွေ့ဆုံခြင်းမှာ ကောင်းချီးပေးခြင်းလား၊ သို့မဟုတ် ကျိန်စာတစ်ခုလား ဆိုသည်အား သူ အမှန်ပင် မသိနိုင်ချေ။ ဘေးဒုက္ခမဖြစ်လာစေရန် ဆုတောင်းပေးရုံမျှသာ သူ တတ်နိုင်တော့မည်။

“မင်း သေသေချာချာ နားထောင်။ မင်းက အရှင်မင်းမြတ် မေးသမျှကို ဖြေရမယ်။ မင်း မသိရင်တောင် မသိဘူးလို့ ဖြေရမယ်။ မင်းကို အရှင်မင်းမြတ်က ဘာမှမမေးရင် မင်း စကားမပြောရဘူး။ မလိုအပ်တဲ့အရာတွေကို ပြောပြီး မင်းရဲ့အရည်အချင်းကို ထုတ်ပြဖို့ မလုပ်နဲ့”

ဝမ်ကန်းသည် ဝမ်ချောင်ကို ကြည့်လိုက်ပြီး လေထုတစ်ခုလုံးက လေးလံလာသည်။

ဝမ်ချောင်သည် သူ့ဦးလေး၏ စိုးရိမ်မှုကို ခံစားနိုင်သည်။ မျက်လုံးမှိတ်ထားလျှင်တောင် တစ်ဖက်လူ၏ ပြင်းထန်သာ နှလုံးခုန်သံကို ကြားနိုင်၏။ ကောင်းကင်သားတော်သည် အရေးမကြီးပါက တစ်ယောက်ယောက်ကို ခေါ်မည် မဟုတ်ချေ။ ထို့အပြင် ဝန်ကြီး၊ အဘိုး၊ တရားရုံးအရာရှိများ၊ ဟန်လူမျိုး၊ ဟူလူမျိုး.. ထိုအားလုံးထက် အရေးကြီးသည်မှာ မဟာထန်မင်းဆက်၏ အနာဂတ်ကံကြမ္မာဖြစ်သည်။ ၎င်းတို့အားလုံးသည် ဟန်ချက်ညီနေမှ ဖြစ်ပေမည်။

“ဦးလေး စိတ်မပူနဲ့ ငါ ဘာလုပ်ရမလဲ ဆိုတာကို သိတယ်”

ဝမ်ချောင်သည် မျက်လုံးမှိတ်၍ အတန်ကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ သူ့အမူအရာက တည်ငြိမ်နေပြီး သူ့တည်ငြိမ်မှုက ဝမ်ကန်းကို စိတ်သက်သာရာ ရစေသည်။

“ကောင်းပြီ”

ဝမ်ကန်းက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ဧကရာဇ်နှင့် ဆုံတွေ့ရာတွင် သတိထားရမည့် အချက်အလက်များကို အလျင်အမြန် ရှင်းပြလိုက်ပြီး ဝမ်ချောင်ကလည်း ဂရုတစိုက် နားထောင်နေခဲ့သည်။

“လူကြီးမင်းဝမ် အချိန်ကျပြီ”

ရထားအပြင်ဘက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး မိန်းမစိုးက ရထားလုံးကို ခေါက်လိုက်သည်။

ဝမ်ကန်းသည် နှောင့်နှေးမနေဝံ့ပေ။ ရထားပေါ်မှ မခုန်ဆင်းမီ အရေးကြီးသော အချက်တချို့ကို ပြန်လည် အလေးပေး ပြောဆိုခဲ့သေး၏။

ထို့နောက် တော်ဝင်အစောင့်အကြပ် တစ်ဒါဇင်ကျော်ခန့်၏ စောင့်ကြပ်မှုအောက်တွင် ရထားလုံးသည် နန်းတော်၏ အတွင်းပိုင်းသို့ တည့်မတ်စွာ မောင်းနှင်သွားတော့သည်။

“ဒီကလေးကြောင့် တစ်ခုခု မဖြစ်အောင်ဘဲ ငါ ဆုတောင်းနိုင်တော့တယ်”

ဝမ်ကန်းသည် ရထားလုံးနောက်သို့ စိုးရိမ်တကြီး စိုက်ကြည့်နေမိတော့၏။

…

မဟာထန်နန်းတော်သည် ခမ်းနားထည်ဝါလှသည်။ ၎င်း၏ ထူထဲသော နံရံများသည် တောက်ပသော နေရောင်အောက်တွင် တံလျှပ်ကဲ့သို့ လက်နေပြီး လေထဲတွင် ပေရာချီ တိုးထွက်နေ၏။ ဝမ်ချောင်သည် ရထားလုံးပေါ်တွင် ထိုင်ကာ လိုက်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ ခမ်းနားထည်ဝါသော နန်းတော်နှင့် ဘုရင့်နန်းစောင့်တပ်သားများ နေရာအနှံ့ ကင်းလှည့်နေသည်ကိုသာ မြင်တွေ့ရသည်။

ကြီးကျယ်ခမ်းနားမှုတို့တွင် တင်းကျပ်သော အုပ်ချုပ်မှု ရှိသည်။

မြင့်မားသော နန်းတော်အား ကြည့်လိုက်ရာ ဝမ်ချောင်သည် လွမ်းဆွတ်မှု အနည်းငယ်ကို ခံစားလိုက်ရသည်။ တကယ်တမ်းတွင် ဝမ်ချောင်သည် တော်ဝင်နန်းတော်သို့ ရောက်ဖူးသော်လည်း ထိုစဉ်က အပျက်အစီးများ၊ လူသူကင်းမဲ့ တိတ်ဆိတ်နေမှုနှင့် အပျက်အစီးများသာ ကျန်ရှိတော့သည်။

ထိုစဉ်က သူမြင်ခဲ့ရသောအရာနှင့် သူ့ရှေ့ရှိ ခမ်းနားထည်ဝါသော ဧကရာဇ်နန်းတော်အကြား ကြီးမားသော ခြားနားမှုသည် ယခုအခါ ဖော်မပြနိုင်သော နာကျင်မှုတချို့အား ဝမ်ချောင်၏ နှလုံသားအတွင်း ကိန်းဝပ်လာစေသည်။

“မိုးမရွာခင် ဗေဒါငယ်လို ရပ်နေတဲ့လူတစ်ယောက်၊ မုန်တိုင်းမိတဲ့ကြောင်လို လဲပြိုနေတဲ့ အင်ပါယာ” ထိုအချိန်က ဝမ်ချောင်သည် နန်းတော်၏ အပျက်အစီးများရှေ့တွင် ရပ်လျက် ထိုစာနှစ်ကြောင်းကို ရွတ်ဆိုခဲ့သည်။

အင်ပါယနန်းတော်သည် မဟာထန်၏ နှလုံးသည်းပွတ်ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်၏ ပြိုင်ဘက်ကင်းသန်မာမှုကို ကိုယ်စားပြု၏။ တော်ဝင်နန်းတော်သည် အာဏာကို ကိုယ်စားပြုရုံသာမက ပြည်သူတို့၏ ကံတရာကိုလည်း ဖော်ညွှန်းသေးသည်။

“ပြီးသွားတာက ပြီးသွားပြီ ဒီဘဝမှာတော့ အရင်လို သမိုင်းမျိုးကို ပြန်မဖြစ်စေရဘူး”

ဝမ်ချောင်သည် လက်သည်းများက သူ့အသားထဲသို့ စိုက်ဝင်စေတော့မတတ် လက်သီးကို တင်းတင်း ဆုပ်ထားလိုက်မိသည်။

“သခင်လေးဝမ် ထိုက်ကျီနန်းဆောင်ကို ရောက်ပါပြီ။ မြင့်မြတ်တဲ့ဧကရာဇ်က မင်းကို အထဲမှာ စောင့်နေပါတယ်။ အရှင်မင်းကြီးကို မစော်ကားမိစေဖို့ မင်းရဲ့ကျင့်ဝတ်တွေကို အမှတ်ရ..”

ရထားလုံးအပြင်ဘက်မှ မိန်းမစိုးအကြီးအကဲ၏ အသံ ထွက်ပေါ်လာ၏။

“ကျေးဇူးတင်ပါတယ် ကုန်းကုန်း..၊ ကျွန်တော် နားလည်ပါပြီ”

ဝမ်ချောင်သည် ငေးငိုင်နေရာမှ ခေါင်းညိတ်လိုက်သည်။

ဝှမ်း..

ဝမ်ချောင်သည် ရုတ်တရက် သတိမထားလိုက်မိခင်တွင် အတွင်း၌ ထူးဆန်းသော ခံစားမှုတစ်မျိုး ထွက်ပေါ်လာသည်။ တစ်မုဟုတ်ချင်း သူ့ရှေ့မှ ကမ္ဘာကြီးသည် မှောင်အတိ ကျသွားပြီးနောက် ကြီးမားသည့် စွမ်းအားလှိုင်းတစ်ခုက သူ့ဆီသို့ ဦးတည်လာကာ ယင်းက ကောင်းကင်ကိုပင် ကြောက်ရွံ့တုန်လှုပ်စေနိုင်လေ၏။

ကမ္ဘာတစ်ခုမှ အခြားကမ္ဘာတစ်ခုသို့ ခြေချမိသည့်အလား ခံစားလိုက်ရသည်။

ယင်းမမြင်နိုင်သော စွမ်းအားသည် ဝမ်ချောင်၏ ခန္ဓာကိုယ်ကို နှစ်မြှုပ်သွားစေမည့်အလား ဖိထားတော့၏။ တောင်ကြီးတစ်ခုက သူ့အား ဖိချလိုက်သည့်နှယ် သူ့မျက်နှာသည်ပင် ဖြူရော်သွား၏။

…

ကဗျာရှင်းလင်းချက်။

“မိုးမရွာခင် ဗေဒါငယ်လို ရပ်နေတဲ့လူတစ်ယောက်၊ မုန်တိုင်းမိတဲ့ကြောင်လို လဲပြိုနေတဲ့ အင်ပါယာ”

ဆိုလိုတာက အင်ပါယာလဲပြိုကျသွားရင် မုန်တိုင်းမိတဲ့ ကြောင်လိုမျိုးပဲ ပြန်ထူထောင်ဖို့ ခက်ခဲပါတယ်တဲ့။ အဲလိုမျိုးပဲ မုန်တိုင်းထဲမှာ လူတစ်ယောက်ရဲ့ ရပ်တည်ချက်က မိုးရွာတဲ့အချိန် ဗေဒါငယ်လေးလိုပဲ ရေဝေ့ရာကို ရွေ့လျားပါတယ်တဲ့။

(ဒီနေရာမှာ ကိုယ်က လှအောင်လို့ ဗေဒါငယ်လို့ သုံးထားပေမဲ့ အဲဒါက ဘဲစာပင်ကို ပြောထားတာပါ။)

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း-၁၆၂ ထိုက်ကျီနန်းတော်

ဖိအားသည် ကြီးမားလွန်းသောကြောင့် လေထုသည် ရွှံ့နွံအတိုင်း လေးလံသည့်နှယ် ခံစားနေရ၏။

ဝမ်ချောင်သည် ဆက်သွားလေလေ ဖိအားသည် ပို၍ ကြီးမားလေလေ ဖြစ်ပြီး မိနစ်အနည်းငယ်အတွင်း ဝမ်ချောင်၏ ပခုံးပေါ်တွင် ဖိအားသည် အဆများစွာ တိုးလာလေ၏။

“သခင်လေးဝမ် မင်း ရထားလုံးပေါ်က ဆင်းလုိ့ ရပါပြီ ကျွန်တော်တို့ ထိုက်ကျီနန်းဆောင်ကို ရောက်ပါပြီ”

ထိုအခိုက်အတန့်တွင် မိန်းမစိုး၏ စိတ်မရှည်တော့သည့်အသံ ထွက်ပေါ်လာသည်။ ဒေါက်.. လက်တစ်ချောင်းက ရထားလုံးကို အသာအယာ ခေါက်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် တောက်ပသော နေရောင်ခြည်သည် ဝမ်ချောင်ပေါ်သို့ ကျရောက်လာ၏။ သို့သော် ပြင်ပကမ္ဘာသည် အလွန်တိတ်ဆိတ်နေပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက လေထဲတွင် ပုံသဏ္ဌာန်မဲ့ ရောယှက်နေသည့်နှယ်။

ဝမ်ချောင်သည် တံခါးဘောင်အစွန်းကို ဆုပ်ကိုင်ရင်း ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ဂလုပ် ဂလုပ်.. ဝမ်ချောင် ရထားလုံးပေါ်မှ ဆင်းသည်နှင့် မိန်းမစိုးအကြီးအကဲက ရထားလုံးကို အဝေးသို့ သွားစေလိုက်၏။

ဝမ်ချောင် ရှေ့သို့ ကြည့်လိုက်သောအခါတွင် တိမ်ဆိုင်များအကြား တည်ရှိနေသည့်အလား ရွှေနန်းတော်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ယင်းရွှေနန်းတောင်ကြီးကို အလယ်ဗဟိုတွင် ထားပြီး စောင့်ကြပ်နေသော ရွှေရောင်သံချပ်ကာများနှင့် နတ်ဘုရားကဲ့သို့ စစ်သူကြီးလေးဦး ရှိနေ၏။

ရွှေသံချပ်ကာ စစ်သူကြီးလေးဦးသည် ဧရာမမုန်တိုင်းအကြား ခိုကိုးရာမဲ့ ရပ်နေသည့်ခံစားချက်မျိုး ပေးစွမ်းနိုင်သည့် ရောင်ဝါများ ဖြာထွက်နေ၏။ သူတို့၏ ခြေဖဝါးအောက်တွင် တောက်ပသည့် စက်ဝန်းတစ်ခု ဖြာထွက်နေစေပြီး သူတို့စောင့်ကြပ်နေသည်မှာ နတ်ဘုရားနန်းတော်ဟု မှတ်ထင်စေသည်။

“ကောင်းကင်သားတော်ရဲ့ နဂါးကိုယ်ရံတော်တွေ..”

ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။ နဂါးပင်လျှင် ပင်ကိုအကာအကွယ်များ ရှိပြီး ဧကရာဇ်တွင်လည်း ကိုယ်ရံတော်များ ရှိသည်။ ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ထိုစစ်သူကြီးလေးဦးသည် ကောင်းကင်သားတော်၏ လျှို့ဝှက်ဆန်းကြယ်သော နဂါးသက်တောင်စောင့်များ ဖြစ်လေသည်။

ဧကရာဇ်၏ ကိုယ်ရံတော်တိုင်းသည် သူတော်စင်အဆင့်မှ ကျွမ်းကျင်သူများ ဖြစ်ကြပြီး သူတို့တစ်ဦးစီသည် တော်ဝင်မိသားစုမှ ပေးအပ်ထားသော ထိပ်တန်းအတတ်ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်သည်ဟု ဆိုနိုင်သည်။

သူတို့သည် ဧကရာဇ်၏ သစ္စာအရှိဆုံး လက်အောက်ခံများ ဖြစ်၏။

ဝမ်ချောင် အစောပိုင်းက ခံစားခဲ့ရသော ကြီးမားသည့် ဖိအားသည် သူတော်စင်အဆင့်ရှိ ဤဧကရာဇ်၏နဂါးတပ်ဖွဲ့ဝင်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝမ်ချောင်သည် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် တည်ငြိမ်သွားသည်။ ခေါင်းမော့ကြည့်လိုက်သည်တွင် ရွှေနန်တော်၏ အဝင်တံခါးဆီသို့ ဦးတည်နေသော ကျောက်စိမ်းဖြူလှေကားကို တွေ့လိုက်ရ၏။

ဝမ်ချောင်သည် မလှမ်းမကမ်း နန်းတော်ဝင်ပေါက်ဆီမှ ကမ္ဗည်းထိုးထားသော လေးနက်သည့် ရွှေရောင်စာလုံးများကို တွေ့မြင်လိုက်ရသည်။

“ထိုက်ကျီနန်းတော်”

ဝမ်ချောင် ရေရွတ်လိုက်မိသည်။

ထိုစာလုံးများသည် အဝေးကကြည့်လျှင်ပင် တစ်စုံတစ်ယောက်အား တောင်အောက်တွင် ဖိချလိုက်သည့်အလား နှလုံးသားကို ကြီးမားသော လေးလံမှု ဖြစ်ပေါ်စေသည်။

ဧကရာဇ်၏ စံတော်ရာ..။ မြင့်မြတ်သော ထိုက်ကျီနန်းတော်။

ဝမ်ချောင်သည် ထိုက်ကျီနန်းဆောင်ကို ကိုယ်ပိုင်မျက်စိဖြင့် ယခုမှ ပထမဆုံးတစ်ကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

မဟာထန်၏ နှလုံးသည်းပွတ်မှာ သူ့မျက်စိရှေ့တွင် ရှိနေပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် မဟာထန်မင်းဆက်၏။ အကျော်ကြားဆုံးနှင့် သြဇာအရှိဆုံးသော ပုဂ္ဂိုလ်သည်လည်း သူနှင့် နီးနေပြီ ဖြစ်သည်။

ဝမ်ချောင်သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

မည်သည့်အချိန်ကမှန်း မသိဘဲ ဝမ်ချောင်၏ အကြီးမားဆုံး ဆန္ဒမှာ မြင့်မြတ်သောဧကရာဇ်နှင့် တွေ့ဆုံရန် ဖြစ်လာသည်။ သို့သော် သူ့ဆန္ဒကို ယခင်ဘဝတွင် မဖြည့်ဆည်းနိုင်ခဲ့ချေ။

သို့သော် သူသည် အစမှ စတင်၍ သူ့ဆန္ဒကို အကောင်အထည်ဖော်ခွင့် ရလာခဲ့သည်။

လောကအတွင်း နေထိုင်သူများသည် သူတို့၏ အုပ်ချုပ်သူကို မသိရန်မှာ မဖြစ်နိုင်ပေ။ ချမ်းသာဖြစ်စေ ပျက်စီးဖြစ်သည်စေ သူသည် အင်ပါယာ၏ အထွတ်အထိပ်တွင် ရှိသည်။

ဝမ်ချောင်သည် သူ၏ တာဝန်ကို ပြီးပြောက်လိုပြီး ဤလောကရှိ ကံတရားကို ပြောင်းလဲလိုပါက မဟာထန်မင်းဆက်၏ ဧကရာဇ်ကို လျစ်လျူရှုထား၍ မရနိုင်ချေ။

“သတင်းပို့ပါတယ် ဝမ်ချောင် နန်းတော်ထဲကို အခစားဝင်စေ..”

ဝမ်ချောင်သည် ထိုနေရာတွင် မှင်တက်စွာ ရပ်နေချိန်တွင် ကျယ်လောင် ရှင်းလင်းသောအသံသည် ဧရိယာတစ်ခုလုံး ရုတ်တရက် ပျံ့နှံ့သွား၏။

“သတင်းပို့ပါတယ် ဝမ်ချောင် နန်းတော်ထဲကို အခစားဝင်စေ..”

“သတင်းပို့ပါတယ် ဝမ်ချောင် နန်းတော်ထဲကို အခစားဝင်စေ..”

“သတင်းပို့ပါတယ် ဝမ်ချောင် နန်းတော်ထဲကို အခစားဝင်စေ..”

…

အသံသည် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခတ်သွားစေ၏။

ဝမ်ချောင်၏ နှလုံးသည်လည်း လှုပ်ခတ်သွားပြီးနောက် လက်ရှိအချိန်ကာလသို့ ပြန်ရောက်လာ၏။ ကျောက်စိမ်းဖြူလှေကားထစ်များကို ဖြတ်သန်းရင်း မြင့်မားသော ထိုက်ကျီနန်းတော်သို့ ဦးတည်လိုက်တော့၏။

ဝမ်ချောင် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ့ပခုံးပေါ်သို့ ဖိအားက တစ်ဆတိုးလာသည်။ ကြီးမားသော ကျောက်တုံးကြီးများဖြင့် သူ့အား ချည်နှောင်ထားသည့်နှယ် လှုပ်ရှားမှုတိုင်းက လေးလံပြီး မောပန်းစေသည်။

ကောင်းကင်သားတော်၏နဂါးစောင့်တပ်..

ထိုအစောင့်တပ်များကို မဖြတ်သန်းဘဲ မြင့်မြတ်သော ဧကရာဇ်ထံသို့ ရောက်လိမ့်မည် မဟုတ်ချေ။

ကျောက်စိမ်းဖြူလှေကားထစ်များသည် ကောင်းကင်သားတော်ထံသို့ ဦးတည်ထားသည်။ လူတစ်ယောက်သည် ထူးခြားသော စိတ်ဆန္ဒ၊ သို့မဟုတ် မယုံနိုင်လောက်သော ကျင့်ကြံမှုမျိုးသာ မရှိပါက ကောင်းကင်သားတော်နှင့် တွေ့ဆုံရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။

မရေမတွက်နိုင်သော လူများသည် ကျောက်စိမ်းလှေကားထစ်များရှေ့တွင် ရပ်တန့်ခဲ့ကြရသည်။

ဝမ်ချောင်သည် သူ၏ ယခင်ဘဝတွင် ဧကရာဇ်နှင့် တွေ့ဆုံရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ယင်းအခွင့်အရေးကို နောက်ထပ်တစ်ကြိမ် လက်လွှတ်လိမ့်မည် မဟုတ်ပေ။

ထပ်.. ထပ်.. ထပ်..

တိတ်ဆိတ်သော ထိုက်ကျီနန်းတော်တွင် ဝမ်ချောင်၏ ခြေသံများမှာလျှင် တစ်ခုတည်းသော အသံအလား ထွက်ပေါ်နေ၏။

အချိန်က ဖြည်းညှင်းစွာ ကုန်ဆုံးနေသည်။

ဝမ်ချောင်၏ အမြင်တွင် သူ့ရှေ့မှ ထိုက်ကျီနန်းတော်သည် ကြီးမားသော မုန်တိုင်းတစ်ခုအလား ခံစားနေရသည်။ ပိုနီးလာလေလေ ဖိအားပိုများလေလေ ဖြစ်နေ၏။

ဝမ်ချောင်၏ နဖူးမှ ချွေးစီးအေးများသည် စိုရွဲလာပြီ ဖြစ်သော်လည်း သူသည် သတိမထားမိသေးချေ။

ကျောက်စိမ်းဖြူလှေကားထစ်များသည် ထောင်ချီမြင့်နေသည့်အလား ရှိနေ၏။

ဝမ်ချောင်သည် ထိုမျှ ရှည်လျားသော လှေကားကို မည်သည့်အခါကမျှ မတက်ခဲ့ဖူးပေ။ အပေါ်သို့ မော့ကြည့်လိုက်ပါက ကမ္ဘာတစ်ဆုံးထိ အကန့်အသတ်မရှိ လှေကားထစ်များက တိုးသည့်သလိုပင် ခံစားနေရ၏။ ချွေးများကလည်း အလွန်အကျွံ စီးကျလာပြီး သူ့ဝတ်ရုံဖြူတစ်ခုလုံး ရွဲရွဲစိုသွားတော့သည်။

တစ်ယောက်ယောက်သည် သူ့ပေါ်သို့ တောင်တစ်လုံးပြီး တစ်လုံး ဆင့်ကဲဆင့်ကဲ တင်နေသည့်နှယ် ဖိအားများက ဆက်တိုက်တိုးနေ၏။

အထက်သို့ လှမ်းလေလေ သူ၏ မူလစွမ်းအင်နှင့် သက်လုံအားတို့က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သူ၏ခြေလက်များအား ကျောက်ခဲများဖြင့် တွဲချည်ထားသည့်အလား သူ့ခန္ဓာကိုယ်သည် နှေးကွေးပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရ၏။ ဝမ်ချောင်၏ အမြင်အရ ထိုသို့ တက်နေရခြင်းသည် မပြီးဆုံးနိုင်တော့သည့်နှယ်။

ဝှမ်း…

အချိန်မည်မျှကြာသွားမှန်း မသိ၊ ဝမ်ချောင်၏ နှလုံးသာသည် တုန်ခါသွား၏။ ရုတ်တရက်တွင် သူရှေ့မှ ကမ္ဘာတစ်ခုလုံးက ပြောင်းလဲသွားလေသည်။ တုနှိုင်းမဲ့သော မြင့်မြတ်သော စွမ်းအားကြီးသော ရောင်ဝါတစ်ခုသည် သူ့ထံသို့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ဝမ်ချောင်၏ စိတ်နှလုံးက လှိုက်ခုန်သွား၏။ အနီးကပ်ကြည့်လိုက်သည်တွင် သူသည် ကျောက်စိမ်းဖြူလှေကားအဆုံးသို့ ရောက်နေမှန်း သိလိုက်ရသည်။

ပြီးနောက် သူရပ်နေသည်မှာ ကြီးကျယ်ခမ်းနား မြင့်မြတ်သော ရွှေနန်းတော်ကြီးရှေ့တါင် ဖြစ်သည်။

ဝမ်ချောင်သည် နန်းတော်မှ မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ရောင်ဝါကို ခံစားလိုက်ရသည်။ တစ်ဖက်လူသည် သူ၏ရောင်ဝါကို ဖိနှိပ်ထားရန် ကြိုးစားသော်လည်း သူ၏ကြီးမားသော စွမ်းအားသည် သူ့ကို တုန်လှုပ်သွားစေနိုင်ရန် လုံလောက်ပေ၏။

ဝမ်ချောင်သည် ယခင်ဘဝတွင် များပြားလှသော စစ်ပွဲများကို တွေ့ကြုံခဲ့ရပြီး သေရေးရှင်ရေး အခြေအနေများစွာကို တွေ့ကြုံခဲ့ဖူး၏။ သူ့ ကို တုန်လှုပ်စေနိုင်သည့်အရာက ရှားပါးလှပေသည်။

သို့သော် ထိုအရောင်ဝါ မပေါ်လာမီတွင် ဝမ်ချောင်သည် လေးနက်သော လေးစားမှုကို မခံစားဖူးတော့ပေ။ ယင်းက ကောင်းကင်နှင့် မြေပြင်အကြားမှာ ကွာခြားချက်ကဲ့သို့ပင်။ ထိုရောင်ဝါ၏ ရှေ့တွင် သေမျိုးအားလုံးသည် သိမ်ငယ်မှုကို ခံစားရရုံမှတစ်ပါး အခြားမရှိသည့်အလားပင်။

တစ်မုဟုတ်ချင်း ဝမ်ချောင်သည် လွှင့်သွားတော့၏။

ကြာရှည်စွာ မေ့ပျောက်ထားသော မှတ်ဉာဏ်တချို့က ပြန်ရလာသည်။ ဝမ်ချောင်သည် ယခင်ဘဝက ကြားခဲ့ရဖူးသော ယှဉ်ပြိုင်ပြောဆိုမှု အချို့ကို အမှတ်ရသွားသည်။

မဟာထန်ရဲ့ထိပ်ဆုံးအဆင့်က ဘယ်သူလဲ။

အလယ်ပိုင်းလွင်ပြင်၏ သေနာပတိဖြစ်မည်လား။ ကပ်ဘေးခေတ်တုန်းက ကမ္ဘာကြီး၏ ကံတရားကို ပခုံးထမ်းထားခဲ့ပြီး လက်ကျန်တပ်စုငယ်ဖြင့် တိုင်းခြားမှ သံမဏိတပ်သားများကို ဆယ်စုနှစ်တစ်ခုအကြာ တွန်းလှန်နိုင်ခဲ့ပြီး သူ မသေခင်တွင် ကန်းရလောင်စန်းကို သတ်ပစ်ခဲ့သူ ဖြစ်သည်။

သို့မဟုတ်ပါက သူ့ဘဝ၏ နေဝင်ချိန်များတွင် ပြည်ပမှ ကျူးကျော်သူ ထောင်ပေါင်းများစွာကို ရဲရင့်စွာ သတ်ပစ်နိုင်ခဲ့သော စစ်နတ်ဘုရား စုကျန်းချန် ဖြစ်မည်လား။

သို့မဟုတ်သေးပါမူ ဝမ်ချောင်၏ ဆရာ နတ်ဆိုးလမ်းစဉ်ဂိုဏ်းများတွင် ကျော်ကြားပြီး အစွမ်းထက်သော မကောင်းဆိုးဝါးအဘိုးအို ဖြစ်မည်လား။

သို့မဟုတ်သေးသော် နှင်းများ ထူထပ်စွာ ကျဆင်းတတ်သည့် ဝူရှန်းတောင်တန်းဒေသတွင် နေထိုင်ပြီး ဖိုသီဖပ်သီ နေတတ်သော ဉာဏ်အလင်းရ ဆရာတော်ဖြစ်မည်လား။

…

မျက်တောင်တစ်ခတ်အတွင်း များပြားလှသော ပါရမီရှင်များသည် ဝမ်ချောင်၏ စိတ်ထဲ ပေါ်လာ၏။ နောက်ဆုံးတွင် ဝမ်ချောင်သည် တစ်ယောက်ပြီးတစ်ယောက် ပယ်ချလိုက်သည်။ အကယ်၍ ထိုပါရမီများစွာကို ကျော်ဖြတ်ပြီးနောက် ထိပ်ဆုံးတွင် ရပ်တည်နိုင်သော ကျွမ်းကျင်သူမှာ တစ်ယောက်သာ ဖြစ်နိုင်သည်ဟု ဝမ်ချောင်က ယုံကြည်၏။

လျှို့ဝှက်ဆန်းကြယ်ပြီး တုနှိုင်းမဲ့သော ပဟာထန်၏ ပညာရှင်ဧကရာဇ်..။

ဝမ်ချောင်အား အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သည်တော် ဖြစ်လာစေရန် ကူညီပေးခဲ့သော အကြီးအကဲများစွာ၏ စကားများသည် သူ့စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်နေခဲ့သည်။ အကယ်၍ မဟာထန်မင်းဆက်၏ ပညာရှင်ဧကရာဇ်သာ အသက်ရှိသေးပါက အလယ်ပိုင်းလွင်ပြင်သည် ကျရှုံးမည် မဟုတ်ဟု ဆိုခဲ့ကြသည်။

သို့သော် အခြေအနေက အတိကွာခြားခဲ့၏။

မဟာထန်မင်းဆက်၏ ရှည်လျားလှသော သမိုင်းကြောင်းတွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သူမှာ မဟာထန်မင်းဆက်၏ ပညာရှင်ဧကရာဇ်တစ်ဦးတည်းသာ ရှိပေသည်။

သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်၏ ကွာခြားချက်သည်မှာ ကောင်းကင်နှင့် မြေပြင်၏ ကွားခြားချက်အလား ရှိနေပြီး သေမျိုးနှင့် နတ်ဘုရားအကြား ကွာဟချက်ကဲ့သို့ပင် ဖြစ်သည်။ ထိုနှစ်ဆင့်က နှိုင်းယှဉ်ရန်ပင် မလိုချေ။

သူတော်စင်အဆင့်မှ ကျင့်ကြံသူများအနက် အတော်များများသည် နတ်ဘုရားအဆင့်သို့ မရောက်နိုင်ကြချေ။ သူတို့သည် နောက်ဆုံးထွက်သက်အထိပင် နတ်ဘုရားအဆင့်ထိ ရောက်ရန် အရည်အချင်း မမီခဲ့ကြပေ။ ဝမ်ချောင်သည်ပင် သေမျိုးနှင့် နတ်ဘုရားအကြား ကွာဟချက်အထိ မရောက်ရှိနိုင်ခဲ့ချေ။

ထိုစဉ်က ပညာရှင်ဧကရာဇ်သည် နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သည်နှင့် ပတ်သတ်၍ အငြင်းပွားမှု များစွာ ရှိခဲ့သည်။

တချို့မှာ မအောင်မြင်ဟု ပြောခဲ့ကြ၏။ သို့သော် အကြီးအကဲများကမူ ပညာရှင်ဧကရာဇ်၏ နတ်ဘုရားအဆင့် ရောင်ဝါကို ခံစားမိကြောင်း ဝမ်ချောင်အား ပြောပြဖူး၏။

အဆုံးတွင်မူ ပညာရှင်ဧကရာဇ်မှ လွဲ၍ မည်သူမျှ သူ၏ အောင်မြင်မှု မအောင်မြင်မှုကို အတိအကျ မသိနိုင်ခဲ့ကြပေ။ တစ်ဝက်အောင်မြင်ခြင်းမျှသာ ဖြစ်နိုင်သော်လည်း မည်သူမျှ အမှန်တရားကို မသိနိုင်။

“အခု အခြေအနေအရ ဆိုရင် ပညာရှင်ဧကရာဇ်က အဆင့််တက်ထားတာ မကြာသေးဘူး ဖြစ်ရမယ်”

ဝမ်ချောင်သည် မော့ကြည့်ရင်း တွေးလိုက်၏။

ဝမ်ချောင်သည် ယခင်က ပညာရှင်ဧကရာဇ်ကို မနာလိုခဲ့သော်လည် ထိုက်ကျီနန်းဆောင်သို့ ဝင်ခါနီး လက်တစ်ကမ်းအလိုတွင် သူ့နှလုံးသားထဲ၌ လေးစားမှုတစ်ခုသာ ကျန်ရှိတော့ကြောင်း သိလိုက်ရ၏။

တစ်ဖက်လူသည် နှောင်းပိုင်းနှစ်များတွင် ကြီးမားသော မှားယွင်းမှုများ ပြုလုပ်ခဲ့ဖူးပြီး ကြီးမားသော အင်ပါယာကို ပြိုလဲစေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ဝမ်ချောင်သည် မဟာထန်မင်းဆက်၏ ကြိုးစားမှုကြောင့် တုနှိုင်းမဲ့ သာယာဝပြောသော တိုင်းပြည် ဖြစ်လာပုံကိုလည်း မှတ်မိနိုင်၏။

ထိုလူသည် အလယ်ပိုင်းလွင်ပြင်၏ တိုးတက်လာမှုကို အပြည့်အဝ အထောက်အပံ့ပေးသူ ဖြစ်သည်။

ထိုက်ကျီနန်းတော်တံခါး ပွင့်လာသည်။ ဝမ်ချောင်သည် အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် ပြင်းထန်သော ဖိအားအောက်တွင် ထိုက်ကျီနန်းတော်ထဲသို့ ဝင်သွားတော့၏။

ဘုန်း…

တံခါးကို ဖြတ်ကျော်ပြီးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခါသွားသည်။ ခြေတစ်လှမ်းသာ ရှိသေးသော်လည်း သူသည် ကမ္ဘာအသစ်တစ်ခုကို ဝင်လာမိပုံရ၏။

ရုတ်ခြည်းပင် ဝမ်ချောင်သည် သူ၏ယခင်ဘဝ အထွတ်အထိပ်တွင် ရှိစဉ်ကထက် သာလွန်သော ရောင်ဝါကို ခံစားမိလိုက်သည်။

စုကျန်းချန်နှင့် မကောင်းဆိုးဝါးဧကရာဇ်တို့ပင် မနှိုင်းယှဉ်နိုင်သော တည်ရှိမှု ဖြစ်သည်။

တစ်ခဏအတွင်း တစ်လောကလုံး တိတ်ကျသွားသည့်နှယ်။

ဝမ်ချောင်၏ ရှေ့တွင် တုနှိုင်းမဲ့သည့် အသွင်အပြင်သာ ကျန်ရှိခဲ့တော့သည်။

“ဝမ်ချောင်က အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်”

ထိုက်ကျီနန်းတော်၏ အဆုံးတစ်နေရာတွင် ဝမ်ချောင်သည် ရိုသေလေးစားစွာဖြင့် ဒူးထောက်လျက် သူ့အသံသည် နန်းဆောင်တစ်ခုလုံး ပျံ့လွှင့်သွားတော့သည်။

*****

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

Paid Docsဖြင့်လည်း ဝယ်ယူဖတ်ရှုလို့ရပါပြီ

အခန်း ၁၆၃။ အတွင်းရုံးတော် ရုန်းရင်းဆန်ခတ်ဖြစ်

ထိုက်ကျီနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ဝမ်ချောင်သည် သူ့အား အပေါ်စီးမှ ငုံ့ကြည့်နေသည့် စူးရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရ၏။

ထိုသို့ အကြည့်ခံရခြင်းမှ ခံစားချက်ကို ဖော်ပြရန် စကားတစ်လုံးတည်းသာ ရှိသည်။ နက်နဲလွန်းတယ်..။

ရှေးယခင်တည်းက လူများသည် ‘မင်းခယောက်ျား ကမ်းနားသစ်ပင်’ ‘ကောင်းကင်ကမြင့်ပြီး မြေကြီးနဲ့ဝေးလွန်းတယ်’ စသဖြင့် အဆိုရှိကြ၏။ ဝမ်ချောင်သည် သူ့အကြည့်မှ ခံစားချက်ကို မဖော်ညွှန်းနိုင်သလို မြင့်မြတ်အရှင်၏ စိတ်ကိုလည်း အကဲမခတ်နိုင်ချေ။

ဝမ်ချောင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်ထိုင်နေပြီး နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေကာ သူ၏နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။

အချိန်ကာလများစွာ သို့တည်းမဟုတ် တင်္ဒဂအချိန်အတွင်း ဆိုသည်ကိုပင် မပြောနိုင်ပေ။ သို့သော် ဝမ်ချောင်သည် နောက်ဆုံးတွင် နန်းတော်အတွင်း ကျယ်လောင်ပြီး ပြတ်သားသည့် မိုးခြိမ်းသံကဲ့သို့သော အသံကို ကြားလိုက်ရ၏။

“ဝမ်ချောင် မင်း ငါကိုယ်တော်ရဲ့ ဒေသခံတပ်မှုးတွေနဲ့ ဟူမျိုးနွယ်ရဲ့ စွမ်းရည်ကို အသုံးပြုဖို့ မူဝါဒကို ဆန့်ကျင်တယ်လို့ ကြားတယ်”

အသံသည် သိပ်မထူးခြားဟန် ရှိပြီး ထိုစကားလုံးများအတွင်း ခံစားချက်ကို မဖမ်းမိနိုင်ချေ။

ဝမ်ချောင်၏ စိတ်နှလုံးသည် တုန်လှုပ်သွား၏။ ဧကရာဇ်၏ မေးခွန်းကို ဖြေရမည် ဖြစ်သော်လည်း ဤမေးခွန်းသည် မရိုးရှင်းပေ။ သိမ်မွေ့စွာ ဆိုရလျှင် ပညာရှင်ဧကရာဇ်၏ ရည်ရွယ်ချက်နှင့် ပတ်သတ်၍ သူ့အမြင်ကို ဖော်ထုတ်နိုင်သော်လည်း တစ်ချိန်တည်းတွင် သူသည် ပညာရှင်ဧကရာဇ်ကို ငြင်းဆိုနိုင်ပေသည်။

“ဟုတ်ပါတယ်”

ဝမ်ချောင်သည် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။

“ပြော..”

သြဇာရှိသောအသံက ထွက်ပေါ်လာ၏။

“ဟုတ်ကဲ့ပါ..”

ဝမ်ချောင်သည် ခေါင်းငုံ့လျက် တလေးတစား ပြန်ဖြေလိုက်သည်။ နန်းတော်အတွင်း လေပြင်းတစ်ခုက ဝမ်ချောင်ထံသို့ တည့်မတ်စွာ ဦးတည်လာ၏။ ဝမ်ချောင်၏ နှလုံးသားသည်ပင် ထိုလေပြင်းနှင့်အတူ လွှင့်စင်သွားမတတ်ပင်။

ဝမ်ချောင်၏ ဦးလေးဖြစ်သူ ဝမ်ကန်း၏စကားကို ရုတ်တရက် ကြားယောင်လိုက်မိသည်။

“နည်းနည်းပြောလေလေ အမှားနည်းလေလေ၊ ဘာမှမပြောရင် မမှားနိုင်ဘူး”

“အရှင်မင်းမြတ်မေးတာကို ဖြေရမယ်။ မသိရင်တောင် မသိဘူးလို့ ဖြေရမယ်။ ဒါပေမဲ့ မင်းရဲ့စကားကို သတိထားပါ”

“မင်းက တိုင်းရေးပြည်ရေးကို နားမလည်ဘူး ဒါကြောင့် မင်းက အရှင်မင်းမြတ်နဲ့ ဆုံတဲ့အခါ အောင်မြင်ဖို့ မတွေးထားနဲ့ အမှားမလုပ်မိဖို့ပဲ တွေးထား”

“ဒီကိစ္စက ငါတို့ ဝမ်မိသားစုတစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ မင်းကိုပဲ ထိခိုက်စေမှာ မဟုတ်ဘူး။ မင်းအဖေ၊ ငါ၊ မင်းအဒေါ်၊ မင်းဦးလေးနဲ့ တခြားသူတွေပါ ပါဝင်ပတ်သတ်နေလိမ့်မယ်။ ဒါကြောင့် မင်းဘာပဲဖြစ်ဖြစ် မဆင်မခြင် မလုပ်ရဘူး အဲဒါကို သတိရ”

…

ထိုအကြံသည် ဝမ်ကန်းကဲ့သို့ နှစ်များစွာ တိုင်းရေးပြည်ရေးတွင် ပါဝင်ပတ်သတ်ခဲ့သူ အနေဖြင့် အကောင်းဆုံး သိနားလည်ထားမှု ဖြစ်ပြီး သူရဲဘောကြောင်သလို ဖြစ်နေသော်လည်း ယင်းကား အတွေ့အကြုံမရှိသော ဝမ်ချောင်ကဲ့သို့ အငယ်တစ်ဦးအတွက်မူ ပိုကောင်းသော အကြံဉာဏ်မရှိချေ။

‘နည်းနည်းပြောတာက အမှားနည်းမယ်။ ဘာမှမပြောရင် မမှားနိုင်ဘူး’ ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်ရခြင်းက မလွယ်ကူပေ။ ဝမ်မိသားစု၏ အနေအထားအရ ဝမ်ချောင်သည် ဤကိစ္စရပ်တွင် ပါဝင်ကူညီခိုင်းရန် မဖြစ်နိုင်ချေ။

ယင်းကိစ္စသည် အရေးကြီးသော်လည်း သူသည် အမှားမလုပ်မိစေရန်သာ ဖြစ်သည်။

ဝမ်ချောင်သည် သူ၏ယခင်ဘဝမှ အဖြစ်အပျက်များကို သတိရလိုက်မိသည်တွင် နှုတ်ဆိတ်နေရန် မတတ်နိုင်ပေ။ မဟာထန်မင်းဆက်အတွင်း ကပ်ဘေး၏ အရင်းအမြစ်မှာ ဟူလူမျိုးများ၏ စွမ်းရည်ကို အသုံးပြုခြင်းနှင့် ဒေသဆိုင်ရာ တပ်မှုးများ၏မူဝါဒ အကြောင်းအရင်း ဖြစ်သည်။

ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်ခြင်းကို ခက်ခဲစွာ ရရှိထားခြင်း ဖြစ်၏။ ယင်းသည် ဝမ်ချောင်အား ပေးခဲ့သော ရွှေအခွင့်အရေးဖြစ်သည်။ သူသာ လက်လွှတ်လိုက်ပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဝမ်ချောင်သည် ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်ပြီး တုန်လှုပ်ချောက်ချားနေမှုကို နောက်သို့ ပို့လိုက်၏။

“အရှင်မင်းမြတ် ဒေသဆိုင်ရာတပ်မှုးတွေရဲ့ မူဝါဒနဲ့ ဟူလူမျိုးတွေကို အသုံးပြုမှုက ထန်မင်းဆက်အတွက် အတားအဆီး ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် ဒီမူဝါဒတွေကို ကျော်လွန်လို့ မရနိုင်ပါဘူး”

ဝမ်ချောင်သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီးနောက် သူ့အတွေးများ၏ အသေးစိတ်ကို ထုတ်ဖော်လိုက်သည်။ ၎င်းတွင် ထိုစဉ်က စတုတ္ထခရိုင်မှ အကြီးအကဲများအား စည်းရုံးပြောဆိုမှုများကိုပါ ထည့်လိုက်သည်။

အနာဂတ်မြို့တော်ဝန်၏ မူဝါဒသည် မည်မျှ အန္တရာယ်များကြောင်း ဝမ်ချောင်ထက် သိနိုင်မည့်သူ မည်သူမျှ မရှိပေ။ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးက ဝမ်ချောင်ထံတွင် ရှိနေပြီဖြစ်ရာ သူသည် ဆုပ်ကိုင်ထားသင့်ပေ၏။

“အရှင်မင်းမြတ် ဟူလူမျိုးတွေက လွတ်လပ်တဲ့ ရပ်တည်မှုကိုယ်စီနဲ့ ဖြစ်တယ်။ သူတို့က သူတို့အဖွဲ့ဝင်တွေကိုပဲ ကာကွယ်လေ့ ရှိတယ်။ ဒါက မဟာထန်မင်းဆက်ကို အကျိုးသက်ရောက်မှု ရှိစေလိမ်မယ်။ ဒီကိစ္စကို ပြန်လည်စဉ်းစားပေးတော်မူပါ”

ဝမ်ချောင်သည် သူ့အပိုင်းကို ပြောပြီးသည်နှင့် ကြမ်းခင်းပေါ်တွင် ဒူးထောက်နေလိုက်တော့၏။

ထိုစကားများသည် ဝမ်ချောင်၏ နှလုံးသားမှ ထွက်အံလာခြင်း ဖြစ်ပြီး ထိုကိစ္စနှင့် ပတ်သတ်၍ သူ၏ စိတ်ရင်းမှန်ဖြင့် တင်ပြချက်ဖြစ်လေသည်။ ထိုစဉ်က ထိုသို့သော မငြိမ်သက်ခြင်းကို ကြုံဖူးသူများသည် ပြဿနာ၏ အတိုင်းအတာကို စိတ်ကူးကြည့်နိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်ချောင်အတွက်တော့ သူ့အဘိုးနှင့် ပညာရှင်ဧကရာဇ်အား ပြောခဲ့သည့်က ဖြစ်နိုင်သည်ထက် ပိုနေသေး၏။ ၎င်းတို့မှာ အနာဂတ်တွင် မုချ ဖြစ်လာနိုင်သော အရာများ ဖြစ်ပေသည်။

နန်းဆောင်သည် အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။

အချိန်တစ်ခု ကြာပြီးနောက် အဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာ၏။

“ငါ ကိုယ်တော် နားလည်ပြီ။ မင်း အခု သွားလို့ ရပြီ.. မင်း ပြန်ရောက်တဲ့အခါ မင်း ပြောထားတာတွေကို စာလွှာ ရေးပြီးတော့ တော်ဝင်နန်းတော်ဆီကို တင်ပြချက်တစ်ခု တင်လိုက်ပါ”

ဧကရာဇ်သည် ဝမ်ချောင် နန်းတော်သို့ ဝင်ပြီးသည်မှ စ၍ ယခုတစ်ကြိမ်မှာ တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် နှုတ်မြွတ်ဟခြင်း ဖြစ်ပေသည်။

“ကောင်းပါပြီ”

ဝမ်ချောင်သည် အံ့အားသင့် တုန်လှုပ်သွား၏။ လျင်မြန်စွာ အရိုအသေပြုပြီးနောက် နန်းတော်မှ ထွက်သွားတော့သည်။

ဟူး..

ကျောက်စိမ်းဖြူလှေကားအတိုင်း ဆင်းလာပြီးနောက် လေပြင်းတိုက်ခတ်လာရာ ဝမ်ချောင်သည် မသိမသာ တုန်ယင်သွားမိ၏။ ထိုမှသာ တစ်ကိုယ်လုံး ဝတ်ရုံမှ ဖိနပ်အထိ စိုစွတ်နေမှန်း သူ သိလိုက်တော့သည်။

…

‘ဧကရာဇ်နဲ့အတူရှိတာက ကျားနဲ့အတူရှိတာနဲ့ မခြားဘူး’ ထိုက်ကျီနန်းတော်အတွင်း ခဏတာ ခံစားခဲ့ရသည့် ဖိအားက အလွန်တရာ ကြီးမားလေး၏။ ထိုဖိအားအောက်တွင် စကားတစ်လုံး ပြောရန်မှာ တိုက်ပွဲတစ်ခု ရင်ဆိုင်နေရသည့်နှယ်။

သို့သော် ယင်းက ဝမ်ချောင် စိုးရိမ်နေသည့်အရာ မဟုတ်ချေ။

“အရှင်မင်းမြတ်က ငါ့စကားကို လက်ခံပါ့မလား”

သူ့စိတ်အတွင်း ဖြတ်ကျော်ခဲ့ပြီးသည်ကို ပြန်တွေးမိသောအခါ ဝမ်ချောင်သည် စိတ်ပူပန်သွား၏။ လက်ရှိအချိန်တွင် ဖြစ်ပျက်ခဲ့သမျှကို အတိအကျ နားမလည်နိုင်သေးသလို အောင်မြင်မလား ကျရှုံးမလားကို သူ မသိချေ။ သူ၏ စကားများသည် ဧကရာဇ်၏ စိတ်ထဲ ရောက်မရောက်ကိုလည်း သူ မဆုံးဖြတ်နိုင်ချေ။

တွေ့ဆုံမှု အစမှအဆုံးတိုင် ဝမ်ချောင်သည် အနာဂတ်တွင် ဖြစ်လာနိုင်သော ဘေးဆိုးများကို ရင်ဆိုင်ဖြေရှင်းရန် သူ့ ထင်မြင်ချက်အားလုံးကို မေးခွန်းများအဖြစ် ထုတ်မေးခဲ့သည်။ သို့သော် ပညာရှင်ဧကရာဇ်က သူ့အား သုံးကြိမ်သာ စကားပြောခဲ့၏။

“ဝမ်ချောင် မင်း ငါကိုယ်တော်ရဲ့ ဒေသခံတပ်မှုးတွေနဲ့ ဟူမျိုးနွယ်ကို အသုံးပြုဖို့ မူဝါဒကို ဆန့်ကျင်တယ်လို့ ငါကိုယ်တော်ကြားတယ်”

“ပြောပါ..”

“ငါကိုယ်တော် နားလည်ပြီ မင်း သွားလို့ရပြီ မင်းပြန်သွားပြီးတဲ့အခါ မင်းရဲ့စကားတွေကို တင်ပြချက်အဖြစ်ပြောင်းပြီး တော်ဝင်နန်းတော်ဆီ တင်ပြပါ”

ထိုစကားသုံးခွန်းတွင် ဝမ်ချောင်သည် ပညာရှင်ဧကရာဇ် စိတ်ဆိုးသည်လား၊ ပျော်ရွှင်သည်လားကို မဆုံးဖြတ်နိုင်သလို တစ်ဖက်လူသည် သူ့စကားကို နားထောင်ခြင်း ရှိမရှိအား သူ မသိပေ။

ထို့အပြင် ပညာရှင်ဧကရာဇ်သည် သူ့အား တင်ပြလွှာ ပြုလုပ်ရန် ညွှန်ကြားခြင်းက မည်သည်ကို ဆိုလိုသနည်း။

“သခင်လေး.. ဒီလမ်းကို လာပါ”

ရင်းနှီးသော အသံတစ်ခုက ပေါ်ထွက်လာ၏။ ဝမ်ချောင်သည် အတွေးနက်နေရာမှ ပြန်လည် အသိဝင်လာပြီး မလှမ်းမကမ်းမှ ရွှေရောင်ရထားလုံးကို တွေ့လိုက်ရသည်။ သူ့နံဘေးတွင် ရွှေရောင် ပန်းထိုးဝတ်စုံဖြင့် မိန်းမစိုးတစ်ယောက် ရပ်နေသည်။ ထိုသူသည် ခေါ်ဆောင်လာသော မိန်းမစိုးပင် ဖြစ်၏။

“ဧကရာဇ်မင်းရဲ့စိတ်ကို နားလည်ဖို့ ခက်ခဲတယ်”

ဝမ်ချောင်သည် ရထားလုံးဆီသို့ လျှောက်သွားပြီးနောက် သက်ပြင်းချလိုက်၏။

ရထားလုံး၏ မြည်သံနှင့်အတူ ဝမ်ချောင်သည် နန်းတော်မှ ပြန်လည်ထွက်ခွာလာပြီး ဝမ်မိသားစုသို့ ပြန်လာခဲ့တော့၏။

….

‘မင်းတို့စကား မိုးကြိုးသွား’ (ဒီလိုနေရာတွေမှာ သူ သုံးထားတာက တရုတ်စကားပုံတွေ တရုတ်ပေါသာရစကားတွေပါ ကိုယ်က မြန်မာလို လိုက်ဖက်အောင် ပြင်လိုက်ပါတယ်) ဝမ်ချောင်သည် ပြန်ရောက်သည်နှင့် သူ့အတွေးအမြင်နှင့် တိုင်းပြည်၏ ငွေးကြေးဆိုင်ရာ ထင်မြင်ချက်များကို တင်ပြလွှာအဖြစ် ရေးရတော့သည်။

ထိုညတွင် ဝမ်ချောင်သည် ထိုတင်ပြလွှာကို မိန်းမစိုးအကြီးအကဲမှတစ်ဆင့် နန်းတော်ထဲသို့ ပေးပို့ခဲ့သည်။

ထို့နောက် ဝမ်ချောင်သည် ထိုအရာအားလုံးကို မေ့ထားလိုက်ပြီး ယင်ယန်ငယ်အတတ်ပညာ၏ အပြည့်အစုံကို စတင် လေ့ကျင့်တော့၏။

ဟူး.. လား..

လိပ်ပြာငယ်လေး၏ အတောင်ပံတစ်ချက်သည် တိုင်ဖွန်းမုန်တိုင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဝမ်ချောင်သည် သူ၏တင်ပြချက် မည်မျှ ထိရောက်ကြောင်း စိတ်ကူးမယဉ်နိုင်ပေ။ နောက်တစ်နေ့တွင် နန်းတော်ညီလာခံ၌ ထိုတင်ပြချက်ကြောင့် အမှုထမ်းများ ရုတ်ရုတ်သဲသဲ ဖြစ်ကြတော့၏။

“ရယ်စရာပဲ ဝမ်ကန်း ဒါက မင်းတို့ ဝမ်ကလန်ရဲ့ ရပ်တည်ချက်လား.. အရှင်မင်းကြီး အရှင့်လက်အောက်ငယ်သားက ဝမ်ကန်းနဲ့ ဝမ်ချောင်ကို သံသယရှိပါတယ်”

မနက်ခင်းညီလာခံတွင် စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကျိုးကျန့်သည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီးနောက် ဝမ်ကန်း၏ မုတ်ဆိတ်မွေးကို ဖမ်ဆုပ်ရန် ခုန်အုပ်လိုက်၏။

ဟူး…

တော်ဝင်နန်းတော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကျိုးကျန့်သည် လူရှေ့သူရှေ့တွင် ထိုသို့ ပြုလုပ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။

“လူကြီးမင်းကျိုး ကျွန်တော့်ကို လွှတ်ပေးပါ”

“ကျိုးကျန့် မင်း ဘာလုပ်နေတယ် ထင်လဲ”

“ကောင်းကင်သားတော်ရှေ့မှာ မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

…

နန်းတော်က ရှုပ်ထွေးသွားသည်။ အမှုထမ်းများအားလုံးသည် ဝမ်ကန်းနှင့် ကျိုးကျန့်တို့၏ မပြေလည်မှုကို ဖြေရှင်းပေးရန် ကြိုးစားရတော့၏။ သို့သော်လည်း ထိုကိစ္စ မပြီးသေးခင် နောက်တစ်ခုက ထပ်မံ ဖြစ်လာတော့သည်။

ဖူထုံး…

ထိုက်ကျီနန်းဆောင်၏ မြေပြင်သည် ရုတ်တရက် တုန်ခါသွား၏။ ဥက္ကာခဲများ ပြုတ်ကျလာသည့်နှယ်။ အမှုထမ်းများရှေ့တွင် သန်မာထွားကျိုင်းသောသဏ္ဌာန်တစ်ခုသည် အလွန်အမင်း ရိုကျိုးနေဟန်ဖြင့် ဒူးထောက်နေသည်။

“အရှင်မင်းကြီး အရှင့်လက်အောက်ငယ်သား ကျွန်တော်မျိုး အားပုစိုင်က ထန်မင်းဆက်အတွက် ကြီးမားတဲ့ ပံ့ပိုးမှုကို ပေးခဲ့ပါတယ်။ ကောင်းကင်ဘုံက ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြနိုင်ပါတယ်။ အရှင်မင်းကြီး ကျွန်တော်တို့ကို တရားမျှတမှု ပေးတော်မူပါ”

ထို့နောက်..။ ဒုန်း.. ဒုန်း.. ဒုန်း.. နန်းတော်အတွင်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြ၏။ မဟာထန်မင်းဆက် တည်ထောင်ပြီး ရာစုနှစ်နှစ်ခုတိုင်အောင် ဟူလူမျိုးများသည် တော်ဝင်မိသားစု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

ဝမ်ချောင်၏ တင်ပြချက်သည် နန်းတော်အတွင်းရှိ ဟူလူမျိုးများအားလုံးကို ဒူးထောက်ကာ ပညာရှင်ဧကရာဇ်ထံ တရားမျှတမှုကို ဒူးထောက်တောင်းဆိုမှု ပြုလုပ်စေခဲ့သည်။

တစ်ခဏအတွင်း နန်းတော်မှ ဆူညံသံများက ပျောက်ကွယ်သွား၏။

ထိုဟူလူမျိအမှုထမ်းများ မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်ကြပြီးနောက် မည်သူမျှ စကားမဆိုရဲကြတော့ချေ။ စစ်ဆေးရေးမှုးနှင့် အငြင်းပွားမှုကြောင့် ဝမ်ကန်း၏ ဝတ်ရုံမှာ ပျက်ယွင်းနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဟူလူမျိုးများကို စိုက်ကြည့်ရင်း သူ့အမူအရာသည် ပြောင်းလဲသွားတော့၏။

ပြီးတော့ ထိုကိစ္စသည် အဆုံးသတ်သို့ ရောက်တော့မည် မဟုတ်ပေ။

ဟူး လား.. လား..

အလွန်တရာများပြားလှသော ခိုများ၊ စွန်ရဲနက်များ၊ သိမ်းငှက်နှင့် လင်းယုန်များသည် မြို့တော်မှ မဟာထန်တိုင်းပြည်အနှံ့သို့ ပျံသန်းသွားကြ၏။ ထိုမျှများပြားလှသော ငှက်များသည် မြို့တော်မှ တစ်ရက်တည်းဖြင့် မထွက်ခွာခဲ့ဖူးပေ။

ငှက်များသည် ကောင်းကင်အား ဖုံးလွှမ်းလုလုပင်။

ထိုမြင်ကွင်းကြောင့် မြို့တော်တွင် နှစ်များစွာ နေထိုင်လာသူပင် အံ့သြကြရလေသည်။

“ရယ်ဖို့ကောင်းလိုက်တာ မယုံနိုင်စရာပဲ ရယ်စရာပဲ”

အနောက်ဘက်ဒေသမှ ကျူးကျော်လာသူများကို ကာကွယ်ရန် တာဝန်ရှိသည့် မျက်လုံးစိမ်းနှင့် မုတ်ဆိတ်မွေးများ ပြည့်နေသော တပ်မှုးသည် ဒေါသတကြီး အော်လိုက်၏။

“ငါက ထန်နိုင်ငံတော်အတွက် အနောက်အရပ်ကို စောင့်ကြည့်ပြီးတော့ ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တယ်။ ဒါပေမဲ့ ကလေးငယ်လေးက ငါ့ကို ဒီလို စော်ကားရဲတယ်။ သူ သေရမယ်”

ဟူး.. လား..

မျက်လုံးစိမ်းဖြင့် ဟူလူမျိုးသည် လက်ကို မြောက်ကာ သူ့ရှေ့ရှိ သတ္ထုစားပွဲကို ရိုက်ချလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၎င်းသည် ပျက်စီးသွားတော့သည်။ ထိုစွမ်းအားကြောင့် မြေပြင်ပင် တုန်လှုပ်သွားပြီး ကျန့်တစ်ရာအထက်သို့ ဖုန်မှုန့်လှိုင်းများက တက်လာခဲ့သည်။

“ဟူဆိုတာက အဖွဲ့ခွဲတစ်ခုပဲ။ ဟန်လူမျိုးတွေက ဟူတွေကို တိုးတက်စေတယ်။ ဟူတွေကတော့ ဟူတွေကိုပဲ တိုးတက်စေတယ်။ ဖုန်းချန်ချင်း.. မင်းက ဟန်လူမျိုး မဟုတ်ဘူးလား။ အလိမ်အညာစကားကိုတောင် ပြောရဲတယ်။ သူ အသက်ရှင်ရတာ ပင်ပန်းနေတာပဲ ဖြစ်ရမယ်”

အနောက်ဘက်သဲကန္တာရတွင် သဲမုန်တိုင်း တိုက်ခတ်နေ၏။ သံချပ်ကာဝတ် တပ်သားငါးထောင်သည် ဖြည်းညှင်းစွာ ချီတပ်လာသည်။ ဦးဆောင်လာသူမှာ သပ်ရပ်သော မုတ်ဆိတ်မွေးနှင့် ကျက်သရေ ရှိသော စစ်သူကြီးတစ်ဦး ဖြစ်၏။ သူသည် ကြီးမားသော တောင်တန်းနှင့် ကျယ်ပြန့်သော ပင်လယ်များနှယ် စိတ်ထားရှိသူ ဖြစ်သည်။

သူ့ထံတွင် ဟန်လူမျိုးနှင့် သက်ဆိုင်သော လက္ခဏာရပ်များ မပိုင်ဆိုင်ထားသော်လည်း သူ့ခါးတွင် ရှိသော ရှီလာကျောက်စိမ်းအမှတ်တံဆိတ်သည် သူ့က ပင်ကိုပုံစံကို ထုတ်ဖော်ပြသနေ၏။

ထိုသူသည် မဟာထန်ရှိ အနောက်အရပ်ကာကွယ်ရေးမှုးများအနက် သြဇာညောင်းသော ရှီလာလက်ထောက်ကာကွယ်ရေးတပ်မှုး ဖြစ်သည်။ သူသည် ထန်မင်းဆက်၏ အနောက်ဘက် တပ်စွဲထားသော တပ်မဟာတွင် ပြိုင်ဘက်ကင်းသော အခွင့်အာဏာရှိသူလည်း ဖြစ်၏။

ဂိုစုန့်ကျီသည် ဒေါသဖြစ်ချိန်တွင်ပင် သိမ်မွေ့သည်ဟု နာမည်ကြီးသည်။ သို့သော်လည်း လက်ရှိတွင်မူ ဂိုစုန့်ကျီသည် ညာလက်ကို တင်းတင်းဆုပ်ထားပြီး သူစီးနေသော စစ်မြင်း၏ ကျောရိုးမှာ ရုတ်တရက် ကျိုးသွားပြီး မြေပြင်သို့ လဲကျသွားပြီး မလှုပ်ရှားတော့ချေ။

သူ့နောက်တွင် ရပ်နေသော ဟန်လူမျိုးသည် ထိုမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေ၏။ ဤသည်မှာ စစ်သူကြီး၏ ဒေါသတကြီးပုံစံကို ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်လေသည်။

“သူက မြန်မြန်ပြန်ဖြေပြီးတော့ တရိုတသေ ဦးညွှတ်ပြီး နန်းတော်ထဲကနေ ထွက်သွားပါတယ်”

ထိုကိစ္စနှင့် ဆက်လျဉ်းပြီးတော့ ပြောရလျှင် လေးစားမှုအပြည့်ပေးရမည့်သူကို ကျောမခိုင်းခြင်းက ထုံးစံဓလေ့ ဖြစ်၏။ ဧကရာဇင်မင်းအား နောက်ကျောပေး ထွက်ခွာခြင်းသည် အလွန်မယဉ်ကျေးခြင်းဖြစ်သည်။ ထို့ကြောင့် အမှုထမ်းများသည် အခန်းအပြင်သို့ ထွက်ရာတွင် ခါးညွှတ်လျက် ထွက်လေ့ ရှိကြ၏။ အခန်းအပြင်သို့ ရောက်မှသာ နဂိုအတိုင်း ပြန်သွားကြမည် ဖြစ်သည်။

(ဘာသာပြန်သူမှတ်ချက်။ ဂိုစုန့်ကျီက တကယ်ရှိခဲ့တဲ့ စစ်သူကြီးပါ။ တရုတ်နာမည်က ကောင်းရှင်းကျီပါ။ သူက တကယ်လည်း ထန်တိုင်းပြည်ရဲ့ အနောက်ဘက်ဒေသ ဂိုဂူလျောကို အုပ်စိုးခဲ့ပါတယ်။ သူက ဖုန့်ချန်ချင်းရဲ့လက်ထောက်ဖြစ်တယ် ဆိုတာကလည်း တကယ်ပါပဲ။ ၆၆၈ADမှာ ဂိုဂူလျောတွေ စစ်ရှုံးပြီး ထန်တိုင်းအတွက် ဂိုဂူလျောက အနောက်ဘက်ဒေသ ဖြစ်လာပါတယ်။ အဲကနေစပြီးတော့ သူက ဖုန့်ချန်ချင်းနောက်ကို လိုက်ခဲ့ပြီးတော့ ထန်တိုင်းပြည်ရဲ့ဘုရင် ရွှမ်ကျုံးလက်ထက်မှာ ဖုမင်ရဲ့လက်ထောက်အဖြစ်နဲ့ တာဝန်ထမ်းခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဝမ်ကလန်ကလွဲလို့ သမိုင်းမှာ ပါတဲ့ လူတွေ များပါတယ်)

အခန်း-၁၆၄ (မရှိပါဘူး။ မူရင်းရေးသူက အပိုင်းနံပါတ်ကျော်ရေးသွားပါတယ်)

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Groupမှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

Paid Docsဖြင့်လည်း ဝယ်ယူဖတ်ရှုလို့ရပါပြီ

အခန်း-၁၆၅။

“ဟမျ့..”

လျို့ဖန်းတောင်တန်းနှင့် ဝူရှန့်အကြား မြို့သစ်လေးတစ်မြို့တွင် စူးရှသောမျက်လုံး၊ နှာတံချွန်ချွန် စစ်သူကြီးတစ်ဦးသည် အေးစက်စွာ သန်းဝေးလိုက်ပြီး အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် လင်းလက်သွားတော့၏။

‘ခုနှစ်စင်ကြယ်လင်းတဲ့ညမှာ ဂျီရှုဟန်က သူ့ဓားနဲ့အတူ လာလည်တယ်’ မဟာထန်၏ အနောက်ပိုင်းဒေသမှ ပေတုန်းစစ်သူကြီး ကော်ရှုဟန်ကို မသိသောသူ မရှိပေ။

(Big Dipper - ဆိုတာက ဘွဲ့နာမည် ပေးထားတာပါ။ ပြောချင်တာက ခုနှစ်ဆင့်ကြယ်စစ်သူကြီးတဲ့ တအားရှည်လို့ ပေတုန်းလို့ပဲ တရုတ်ဖျင်းရင်းအသံနဲ့ ဆက်ပြောသွားမယ်နော်။ တိုက်ရိုက်ပြန်ရင်တော့ ပေတုန်းဆိုတာက မြောက်အရပ်ကြယ်စုပါ။ မြန်မာတွေက ခုနှစ်ဆင့်ကြယ်လို့ ခေါ်ပါတယ်)

ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားရှည်တစ်ချောင်းကို ဆင်မြန်းထားတတ်သူကတော့ ပေတုန်းစစ်သူကြီး ကော်ရှုဟန်သာ ဖြစ်သည်။

ထန်မင်းဆက်အတွင်း စစ်သူကြီးများစွာ ရှိခဲ့သော်လည်း ဘွဲ့ထူးချီးမြင့်ခံရပြီး အခြားသော စစ်သူကြီးများထက် ရာထူးမြင့်သူ အနည်းငယ်သာ ရှိ၏။

မြောက်ပိုင်းကြယ်စစ်တပ်၏ လက်ထောက်စစ်သူကြီးတစ်ဦးအနေဖြင့် ကော်ရှုဟန်သည် စိတ်ကူးမယဉ်နိုင်သော သြဇာအာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

….

အသက်(၁၅)နှစ်အရွယ် ကလေးငယ်က ပေးပို့ခဲ့သော တင်ပြလွှာကြောင့် တော်ဝင်နန်းတော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ ထိုအဖြစ်အပျက်အား ကော်ရှုဟန်က သတိမထားမိဖို့ မဖြစ်နိုင်ပေ။

သူ့လက်အတွင်း ခိုတစ်ကောင်ရှိနေပြီး ထိုခိုသည် သူ့အားစာတစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်ကာ မြို့တံတိုင်းထိပ်တွင် အေးစက်သော လေကို အချိန်အတန်ကြာ ကြုံတွေ့ခဲ့ရပြီးဖြစ်၏။

“ဒါက ထပ်ပြီး ချန်အန်းရဲ့အရင်ကဘေးဆိုးပဲလား.. ဝမ်ချောင် ဟမ့်.. သူက နောက်ထပ် လူယုတ်မာပဲ သေစမ်း”

ကော်ရှုဟန်သည် သူ့လက်ထဲမှ စာရွက်ကို ပြင်းပြင်းထန်ထန် စုတ်ဖြဲလိုက်ပြီး မျက်နှာထားက တင်းမာသွား၏။

ယခင်ဧကရာဇ်လက်အောက်တွင် ကော်ရှုဟန်သည် မဟာထန်တိုင်းပြည်အတွင်း နှစ်များစွာ နေထိုင်ခဲ့ပြီး ထန်တိုင်းပြည်၏ ယဉ်ကျေးမှုကို လေးစားမှု အပြည့်ပေးခဲ့သည်။ ကော်ရှုဟန်၏မိခင် သေဆုံးပြီးနောက်တွင်ပင် သူသည် ဝမ်းနည်းခြင်း ယဉ်ကျေးမှုကို ဟန်ဓလေ့အတိုင်း သုံးနှစ်ကြာ လိုက်နာခဲ့၏။ သို့သော် ချန်အန်းအရာရှိငယ်လေးတစ်ဦးသည် သူ့အား ထိုသို့ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုကို သင်ယူခြင်းအား ရယ်ဖွယ်ဟု လှောင်ပြောင်ခဲ့လေ၏။

ကော်ရှုဟန်သည် ထိုအဖြစ်အပျက်အား သူ့မာနအပေါ် ကြီးမားသော ရိုက်ချက်အဖြစ် ထင်မြင်လေသည်။

ထို့ကြောင့်ပင် ကော်ရှုဟန်သည် စုတ်တံကို ပစ်ချကာ ဓားကိုဆွဲကိုင်လျက် စစ်မြေပြင်သို့ ရောက်လာရခြင်း ဖြစ်ပေသည်။

ယနေ့တွင် ဝမ်ချောင်၏ တင်ပြလွှာသည် ယင်းချန်အန်းမှအရာရှိငယ်လေးကို အမှတ်ရစေ၏။

ဘုန်း..

ကော်ရှုဟန်၏ မျက်လုံးများသည် သွေးအေးလူသတ်လိုသော ရည်ရွယ်ချက်များ ဖြာထွက်လာ၏။ ဟူး.. လား.. တောက်လောက်နေသော မီးတောက်သည် ထွက်ပေါ်လာပြီး ကော်ရှုဟန်၏ လက်အတွင်းမှာ စာရွက်အပိုင်းများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လွန်ခဲ့သော ရာစုနှစ်နှစ်ခုအတွင်း ထန်တိုင်းပြည်အတွင်း ဟူမျိုးနွယ်များသည် အဆမတန် တိုးပွားလာ၏။

ဝမ်ချောင်၏ တင်ပြလွှာသည် မရေမတွက်နိုင်သော ဟူမျိုးနွယ်စုများကို ဒေါသတကြီး ဖြစ်စေခဲ့ပြီး ဝမ်ချောင်ကို ဆန့်ကျင်သော များပြားလှသည့် အသနားခံစာများက အရပ်မျက်နှာအနှံ့မှ ချွန်ထက်သော ဓားသွားများနှယ်။

ထိုကိစ္စက ထိုအတိုင်းသာ ဆက်ရှိနေခဲ့သည်။ သို့သော်လည်း ဝမ်ချောင်၏ တင်ပြလွှာအား စိတ်အနှောင့်အယှက်ဖြစ်သူမှာ တစ်ယောက်တည်း မကပေ။ အနောက်ဘက်ဒေသ ကာကွယ်သူ စစ်သူကြီးနှင့် လက်ထောက်စစ်သူကြီးများ၊ ဖုမင်လင်းချာနှင့် ဂိုစုန့်ကျီ၊ ပေတုန်စစ်သူကြီးကော်ရှုဟန်၊ ပေထင်တပ်မ၏ စစ်သူကြီးနှင့် လက်ထောက်စစ်သူကြီး၊ အန်းစီဟန်၏ လက်အောက်မှလူများ.. ထိုဟူများသည် ထန်မင်းဆက်အတွက် အရေးကြီးပေ၏။

ယင်း ကာကွယ်ရေးစစ်သူကြီးများသည် သူတို့၏ စိတ်ခံစားမှုဆိုင်ရာများအား တင်ပြချက်အဖြစ် တော်ဝင်ရုံးတော်သို့ ပေးပို့လာသောအခါ ဖြစ်ရပ်တစ်ခုလုံး၏ သဘောသဘာဝမှာ ပြောင်းလဲသွားတော့သည်။

ဝမ်ကန်းသည်ပင် အံ့သြသွားရပေ၏။

ထိုကိစ္စ၏ အတိုင်းအတာသည် သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့ပြီး ထန်းသိမ်းမရ ဖြစ်နေလေသည်။

သို့သော် ယင်းက အဆုံးထိ မဟုတ်သေးပေ။ ဟူလူမျိုးများနှင့် ထန်တိုင်းပြည်အကြား ဆက်ဆံရေးကြောင့် ဟူလူမျိုးများသည်သည် ပြင်းထန်သော တုံ့ပြန်မှု ရှိခဲ့သည် မဟုတ်ချေ။ ဟန်လူမျိုးများ၏ တော်ဝင်တရားရုံးမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပေ၏။

စစ်ဆေးရေးအမှုထမ်းများသည် မြို့စားကျူးကို မထိခိုက်ဝံ့သောကြောင့် အသက်(၁၅)နှစ်သာ ရှိသေးသော ဝမ်ချောင်အား ဂရုစိုက်လာကြတော့သည်။ ဝမ်ချောင်သည် တရားရုံးကိစ္စများကို မျက်ကန်းသဖွယ် စွက်ဖက်နေသည်ဟု စွပ်စွဲကြတော့၏။

ဝမ်ချောင်နှင့် ဝမ်မိသားစုသည် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ဟုပင် အချို့သော အမှုထမ်းများက အပြင်းအထန် ပြောဆိုနေကြပြီး ဟန်နှင့်ဟူကြား အငြင်းပွားမှုဖြစ်စေကာ ယင်းလုပ်ရပ်များမှ ထန်မင်းဆက်ကို အားနည်းစေသည်ဟုပင် ဆိုကြသည်။ ဝမ်ချောင်ကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုခဲ့ကြပြီး ဝမ်ကန်းကိုပင် ရေဆိုးများထဲ ဆွဲနှစ်ကြတော့သည်။ (ရေဆိုး- ဆိုတာက တရုတ်ကဗန်းစကားပါ။ မကောင်းတာတွေ ပြစ်တင်ပြောဆိုတယ်လို့ ဆိုပါတယ်)

လူအများစုက ထိုအချက်ကို ထိုမျှအထိ ကြီးကျယ်ပြန့်ကားလာလိမ့်မည်ဟု မထင်မှတ်ထားကြချေ။

ကြင်ရာတော်ထိုက်ကျုံး၏ မတော်တဆမှုတွင် တရားရုံးတော်အရာရှိများနှင့် အခြားပြည်နယ်အုပ်ချုပ်သူများ အချို့သာ ပါဝင်ပြီး ယင်းသြဇာသက်ရောက်မှုကို ဟန်လူမျိုးများအပေါ်တွင် ကန့်သတ်ထားခဲ့၏။ သို့သော်လည်း ယခုတွင်မူ ဝမ်ချောင်၏ ဒေသဆိုင်ရာတပ်မှုးများနှင့် ဟူလူမျိုးများအား ငြင်းဆိုခြင်း မူဝါဒ တင်ပြချက်တွင် နယ်စပ်ဒေသရှိ ဟူစစ်သူကြီးများ အပါအဝင် ဟူလူမျိုးများစွာ ပါဝင်ပတ်သတ်ခဲ့ကြလေသည်။

ယင်းအဖြစ်အပျက်သည် ကြင်ရာတော်ထိုက်ကျုံး မတော်တဆမှုထက်ပင် များစွာ ကျော်လွန်သွားပြီ ဖြစ်၏။

မြို့တော်တစ်ခုလုံး တိတ်ဆိတ်နေသည့် အချိန်တွင် ဝမ်ကလန်၏ အိမ်တော်အတွင်းဆုံးအခန်းတစ်ခု၌ ဆီမီးတိုင်မှိန်ဖျော့ဖျော့ကို ထွန်းညှိထား၏။

“ချောင်အာ ဒီလို လုပ်လို့ မရဘူး မင်း ပုန်းနေမှ ရမယ်”

ဝမ်ချောင် ကျင့်ကြံနေစဉ် ဦးလေးဖြစ်သူ ဝမ်ကန်းသည် လက်နှစ်ဖေက် နောက်ပစ်လျက် စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားနေ၏။ သူ၏မျက်လုံးအောက်နားတွင် အမည်းရောင် မျက်အိတ်များက သူ အနားမယူထားကြောင်း ထင်ရှားစေသည်။

“ဒေသခံတပ်မှုးတွေနဲ့ ဟူလူမျိုးတွေရဲ့ အရည်အချင်း အသုံးချဖို့ မူဝါဒက မင်းထင်ထားတာထက် ကျော်လွန်သွားပြီ ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက အားကြီးလွန်းလို့ စစ်ဆေးရေးရုံးတော်ကလူတွေက မင်းနဲ့ငါ့ကို စွပ်စွဲရုံတင်မကဘူး အိမ်တော်သခင်ကိုပါ ဆွဲချနေပြီ”

ဝမ်ကန်း၏ စိုးရိမ်မှုသည် ပုံကြီးချဲ့ခြင်း မဟုတ်ပေ။

ဝမ်မိသားစု မည်မျှ အပြစ်ပေးခံရသည်ကို သူ ကောင်းကောင်း သိသည်။ စုန့်ကျီ၊ ဖုန်မင်လင်းချာ၊ ကော်ရှုဟန်နှင့် အန်းစစ်ဟန်တို့သည် တော်ဝင်နန်းတော်သို့ တင်ပြလွှာများ ဆက်တိုက် ပေးပို့ခဲ့ကြပြီး သူတို့အား ခြွင်းချက်မရှိ စုံစမ်းရန် ဖိအားပေးခဲ့ကြသည်။

တော်ဝင်ရုံးတော်အတွင်း ဝမ်ကန်း၏ အဆင့်အတန်းက မနိမ့်သော်လည်း ထိုသူများသည်လည်း သူ့ထက် မနိမ့်ကြပေ။

ထန်မင်းဆက်၏ အနယ်နယ် အရပ်ရပ်မှ စစ်သူကြီးများသည် သူ့အား အပြစ်ပေးရန် နေအိမ်သို့တိုင် စာများရေးသား ပေးပို့ကြပြီး ဝမ်ကန်းမည်မျှ ဖိအားပေးနေရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

ယင်းသည် ရေခဲတောင်၏အစွန်းအဖျားသို့ ရောက်နေသည့်နှယ်။

နေ့စဉ်တိုင်း ညီလာခံ၌ စစ်ဆေးရေးအမှုထမ်းများ၊ ဟန်စစ်သူကြီးများနှင့် တော်ဝင်ရုံးတော်အရာရှိများသည် ဟူလူမျိုးများ၏ အမှုများကို စာနာထောက်ထားပြီး သူ့ကိုသာ စော်ကားစွပ်စွဲ ပြစ်တင်ကြသည်။ ဝမ်ကန်း၏ ဝတ်ရုံသည် အကြိမ်မည်မျှ စုတ်ပြဲခဲ့သည်ပင် မမှတ်မိတော့ချေ။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဝမ်ကန်းသည် တော်ဝင်ရုံးတော်တွင် ပြဿနာမျိုးစုံကို တွေ့ကြုံဖူးသော်လည်း ဤအမှုသည် အတိကွာခြားလေသည်။ ဝမ်ကန်းသည် လက်ရှိတွင် ခြိမ်းခြောက်ခံရသည်ဟုပင် ခံစားနေရပြီ ဖြစ်၏။

“ဟမ့်.. သူတို့က လုပ်ရဲသေးတယ်”

ဝမ်ချောင်သည် စားပွဲအောက်တွင် လက်သီးကို ကျစ်နေအောင် ဆုပ်ထား၏။ မဟာထန်တိုင်းပြည်၏ ထောင့်ပေါင်းစုံမှ ဟူလူမျိုးများ၏ စော်ကားမှုများနှင့် တရားရုံးတော်အတွင်း မျက်ကန်းဝင်စွက်ဖက်ခြင်းအတွက် သူ့ကို စစ်ဆေးရန် ကိစ္စအားလုံးကို သူ သိထားပြီး ဖြစ်၏။

ဝမ်ချောင်သည် တင်ပြလွှာကို ပေးအပ်ခဲ့သည်မှ စ၍ မဟာထန်တိုင်းပြည်အတွင်း ဟူလူမျိုးများအားလုံးသည် ဝမ်မိသားစုအား မဟာရန်သူအဖြစ် မြင်လာကြတော့သည်။

မဟာထန်မင်းဆက် စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ်နှစ်ခု ကျော်ဖြတ်ပြီးနောက် ဟူလူမျိုးများသည် တိုင်းပြည်အတွင်း နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ပြီး ဖြစ်၏။ ဝမ်ချောင်သည် ထိုလူများအားလုံးကို ထိပ်ပုတ်မိပြီးနောက် သူ၏အနာဂတ်သည် အခက်အခဲများနှင့် ပြည့်နေပေလိမ့်မည်။

ဝမ်ချောင်သည် သူ့အား ဟူစစ်သူကြီးများမှ ဖြစ်စေ စစ်ဆေးရေးအဖွဲ့မှဖြစ်စေ ပြစ်တင်ခြင်းကို မကြောက်ပေ။

သူသည် ဒေါသထွက်ခြင်းသာလျှင် ရှိပေသည်။

ဟုတ်မှန်ပေ၏။

သူသည် အမှန်ပင် ဟူလူမျိုးများကို စွပ်စွဲပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။

ဒေသဆိုင်ရာတပ်မှုးများနှင့် ဟူလူမျိုးများကို အသုံးချရေးမူဝါဒတွင် ဟူမျိုးနွယ်များကို မျက်နှာသာပေးခဲ့သည်။ ထိုမူဝါဒနှစ်ခုကို ဆန့်ကျင်ခြင်းသည် ဟူလူမျိုးများ၏ အကျိုးစီးပွားကို ဆန့်ကျင်ခြင်း ဖြစ်ပေသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ဟူများ၏ စော်ကားမှုကို ခံရမည်ဖြစ်ကြောင်း ဝမ်ချောင်က သိရှိပြီးသား ဖြစ်ပေသည်။ သို့သော် ဝမ်ချောင်၏ စိတ်နှလုံးကို အေးစက်သွားစေသူများမှာ ဟန်လူမျိုး အမှုထမ်းများသာ ဖြစ်ပေ၏။

‘မျက်စိက သစ်ရွက်နဲ့ဖုံးနေတော့ ထိုက်ရှန်းတောင်ကို မမြင်နိုင်ဘူး။ နားရွက်က ပဲစေ့တွေ ပြည့်နေသော မိုးခြိမ်းသံကို မကြားနိုင်ဘူး’ တကယ်တမ်းတွင် ချီပိဟယ်လီက တကယ့်ကို သစ္စာရှိတဲ့အစေခံပဲ။ အာရှီနရှီအာကလည်း မဟာထန်တည်ထောင်ထို့ ကူညီပေးခဲ့တာ မှန်တယ်။

သူတို့ နှစ်ယေက်လုံးက မဟာထန်ထိုက်ကျုံးဘုရင်ရဲ့ သစ္စာခံစစ်သူကြီးတွေပဲ။ ဒါပေမဲ့ မဟာထန် ထိုက်ကျုံးဘုရင်ကို ဘယ်သူတွေ တိုက်ခိုက်ခဲ့တာလဲ။

ဟန်လူမျိုးလား..

မဟုတ်ဘူးလေ.. ဟူလူမျိုးတွေ..

လက်ရှိ ယင်တောင်ရဲ့မြောက်ဘက် ဖော်မာတောင် အနောက်ဘက်မှာ ဘယ်သူတွေက တိုက်ခိုက်တောလဲ။

ဟန်လူမျိုးလား..

မဟုတ်ဘူး.. ဟူတွေပဲ။

အဲဒါ ဝူရှန်းတွေ..

ဘယ်ခေတ် ဘယ်အခြေအနေမျိုးမှာ မဆို ကိုယ်က ဘယ်သူလဲ ဆိုတာကို မေ့ပြီးတော့ ကိုယ့်ရန်သူကို ကိုယ်ချင်းစာပေးချင်တဲ့သူတွေက ရှိစမြဲပဲ။

သူတို့သည် ရန်သူ၏ ဖိနပ်အတွင်း အလွယ်ကူ လျိုဝင်နိုင်၏။ ရန်သူ့ကိုယ်စား တွေးခေါ်နိုင်ကြကာ သူတို့၏ ကောင်းကျိုးချမ်းသာကို ဆင်ခြင်ပေးနိုင်ကြသည်။ သို့တိုင် ကိုယ်ပိုင်လူမျိုးအပေါ်တွင် အထူးတင်းကျပ်ကာ အပြစ်တင်ဝေဖန်လျက် ယဉ်ကျေးမှုနှင့် ဂုဏ်သရေကင်းမဲ့သည်ဟု ဆိုနိုင်ကြပေသည်။

ဟန်နှင့် ဟူအကြားရှိ ဆက်ဆံရေးကို ပြိုကွဲအောင် လုပ်နေသည်လော။ ထိုနှစ်ခုကြား ပြဿနာတက်အောင် လုပ်နေသလော။

ဝမ်ချောင်သည် ထိုသို့ ဖြစ်အောင် ကြားဝင်ရန်ပင် လိုအပ်ပါမည်လော။ ယင်းမှာ ခိုင်လုံသော အကြောင်းတစ်ခုပင် မဟုတ်ပါလော။

ဟူလူမျိုးများသည် မဟာထန်ကို ပုန်ကန်ပြီး ဖြိုခွဲခဲ့သူများပင် မဟုတ်ပါလော။ ဟူလူမျိုးများသည် မဟာထန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများကို တည်ထောင်ခဲ့သူများပင် မဟုတ်ပါလော။

ဟူလူမျိုးများ၏ သစ္စာစောင့်သိမှုကို စောင့်ကြည့်ဖို့ ဘယ်လော့မှ မမေ့ပါနဲ့။

ယင်းမှာ ဝမ်ချောင်၏ ယခင်ဘဝက သင်ယူခဲ့ရသော သင်ခန်းစာ ဖြစ်ပေသည်။

မဟာထန်သည် အင်အားကောင်းပြီး တိုင်းပြည်သာယာနေသောအခါတွင် သူတို့သည် တိုင်းပြည်တွင် တာဝန်ထမ်းဆောင်လိုကြသည်။ သို့သော် မဟာထန် ဆုတ်ယုတ်သွားသောအခါ သူတို့သည် ဟန်လူမျိုးများကဲ့သို့ တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်ရန် မမျှော်လင့်ထားသင့်ပေ။

တစ်ဖက်သားကို အခွင့်အာဏာများစွာ ပေးအပ်ပြီးနောက် စစ်မြေပြင်တွင် အကူအညီရရန်မှာ..

ရယ်ဖို့ကောင်းပြီး နုံအလိုက်လေခြင်း..။

‘အာဏာလက်ထဲ ရှိသူသည်သာ ဥပဒေ’ဟူသော အချက်သည် မည်သည့်ခေတ်၌မဆို ဤအရာကို နားမလည်သော လူမျိုးသည်သာ အမြစ်ပြတ်ချေမှုန်းခြင်းကို ခံရလေမည်။

“ချောင်အာ အခုချိန်က ဒေါသထွက်နေရမဲ့အချိန် မဟုတ်ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ရှင်းရှင်းလင်းလင်း ရှာမှ ဖြစ်မယ်။ ဒီကာလအတွင်း မင်း ရိုးရိုးကုပ်ကုပ် နေသင့်တယ်”

ဝမ်ကန်းက စိုးရိမ်တကြီး အကြံပေး၏။

“ရှင်းရှင်းလင်းလင်း ဘယ်လို ရှင်းလင်းရမှာလဲ။ စစ်ဆေးရေးအမှုထမ်းတွေရဲ့ အပြစ်တင်မှုကြောင့် တော်ဝင်ရုံးတော်က ကျွန်တော့်ကို ဆင့်ခေါ်ခဲ့ရင် ကျွန်တော်က ဖုံးကွယ်လို့ ရအုံးမှာတဲ့လား”

ဝမ်ချောင်သည် စားပွဲနောက်တွင် တည်ငြိမ်စွာ ထိုင်နေပြီး မကြောက်မရွံ့ပြန်ဖြေ၏။ အရာအားလုံးကို ကြိုတင်တွေးဆထားပြီး ဖြစ်ပုံရကာ ပြင်ထားပုံရသည်။

ဝမ်ကန်းသည် ဝမ်ချောင်အား စူးစူးနစ်နစ် စိုက်ကြည့်လိုက်မိသည်။ ဖော်မပြနိုင်သော ခံစားချက်တစ်ခုက သူ့ရင်ထဲသို့ တိုးဝင်လာတော့၏။

သူသည် ဝမ်ချောင်အား ဆယ့်ငါးနှစ်အရွယ် မရင့်ကျက်သေးသော လူငယ်လေးအဖြစ်သာ မြင်ထားပြီး ကြိမ်ဖန်များစွာ အော်ဟစ်ကြိမ်းမောင်းခဲ့သည်။

ဝမ်ချောင်သည် ယောင်ကလန်အား အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သော်လည်း ဝမ်ကန်းသည် ကြီးလေးသောတာဝန်ကို ထမ်းဆောင်ရန် အလွန်ငယ်သေးသည်ဟု တွေးထားမိသည်။

သို့သော် လက်ရှိတစ်ခဏမှာပင် ဝမ်ချောင်သည် ရုပ်ပိုင်းဆိုင်ရာအရ ငယ်သေးသော်လည်း လူကြီးတစ်ဦးဖြစ်ရန် ရင့်ကျက်နေကြောင်း ဝမ်ကန်း နားလည်လိုက်သည်။

သူကဲသို့ တိုင်းပြည်ရေးတွင် ပါဝင်ပတ်သတ်နေသောသူပင် ဒေသခံတပ်များကိစ္စနှင့် ဟူလူမျိုး မူဝါဒ ပြဿနာရှေ့တွင် တည်ငြိမ်မှုကို မထိန်းထားနိုင်ပေ။ သို့သော် ထိုသို့ မုန်တိုင်းထန်စေခဲ့သော သူ့တူ ဝမ်ချောင်သည် တည်ငြိမ်အေးဆေးစွာဖြင့် ထိုကိစ္စကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

ဝမ်ကန်းသည် သူသည်ပင် ဘယ်တော့အခါမှ ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ဝန်ခံရပေမည်။

“နောက်ဆုံးတော့ ချောင်အာက ရင့်ကျက်လာပြီပဲ”

ဝမ်ကန်းသည် တုန်လှုပ်သွားမှုကို မခံစားဘဲ မနေနိုင်ချေ။ ဝမ်ချောင်၏ သဘောထားသည် အချိန်မရွေး ပြောင်းလဲနိုင်ကြောင်း သူ သတိမထားမိခဲ့ပေ။

တစ်နည်းအားဖြင့် ဝမ်ကန်းအား အရေးကြီးသော အရာများကို ဆွေးနွေးနိုင်သော ယုံကြည်စိတ်ချရသည့် သူငယ်ချင်းအဖြစ်သာ မြင်တော့သည်။

“ချောင်အာ ပြောတာ မှန်တယ်။ သူတို့ကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

အနားတွင် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝမ်ချောင်၏ ဦးလေး ဝမ်မိသည် ယမန်နေ့က မြို့တော်သို့ အပြေးအလွှာ ပြန်လာခဲ့ခြင်းဖြစ်ကာ လေးလေးနက်နက် တွေးတောရင်း နံဘေးတွင် ဝင်ထိုင်လိုက်သည်။

ဝမ်မိသားစု၏ လက်ရှိရင်ဆိုင်နေရသော ကြီးမားသည့် ဘေးဒုက္ခကို တွေးကြည့်မိလျှင် ပြန်လာရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိချေ။ တခြားတစ်ဖက်တွင်မူ ထိုသို့သော အန္တရာယ်ဖြစ်ပေါ်နေသည့် အချိန်မျိုးတွင် ထိုကိစ္စအကြောင်း ဆွေးနွေးခြင်းက ပိုကောင်းပေသည်။

သို့သော်လည်း ဝမ်မိသည် တော်ဝင်ရုံးတော်ကိစ္စရပ်များကို နားမလည်ချေ။ ထို့ကြောင့် ဝမ်ချောင်နှင့် ဝမ်ကန်းတို့အကြား ဆွေးနွေးမှုတွင် သူက ဝင်မပါနိုင်ပေ။ သို့တိုင် ဝမ်ချောင်၏ စကားက မှန်သည်ဟု အလိုအလျောက် ခံစားမိနေသေး၏။

“ချောင်အာ.. မင်း ဒီကိစ္စမှာ သိပ်မြန်လွန်းတယ်လို့ ငါထင်တယ်။ မင်း ဒီလို တင်ပြလွှာကို ဒီလို ရေးဖို့ မလိုဘူး..”

“မဟုတ်ဘူး တင်ပြလွှာကို ဒီပုံစံအတိုင်း ရေးကို ရေးမှရမယ်”

ဝမ်ချောင်က သူ့ဦးလေးစကား မဆုံးမီ ဖြတ်ပြောလိုက်၏။ တကယ်တမ်းတွင် ဝမ်ချောင်သည် သူ၏ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။ ရှေ့ဆက်ရမည့်လမ်းက ခက်ခဲမည် ဆိုလျှင်တောင် တချို့ကိစ္စရပ်များက လုပ်ကို လုပ်ရမည် ဖြစ်သည်။

ဝမ်ချောင် သေဆုံးရမည် ဆိုလျှင်တောင် သူက နောင်တရမည် မဟုတ်ချေ။

“ဟင်း..”

ဝမ်မိနှင့် ဝမ်ကန်းက လေးနက်စွာ သက်ပြင်းချလိုက်မိကြသည်။ ဝမ်ချောင်သည် ဧကရာဇ်ထံ သွားတွေ့မည်ဟု ဝမ်ကန်းကြားခဲ့စဉ်က သူနှင့်စကားပြောရန် တမင်တကာ တားခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင် ဝမ်ချောင်သည် သူလိုချင်သည့်တိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပေသည်။

အဆုံးတွင်တော့ ဖိတ်ကျလာသော နွားနို့အတွက် ငိုနေဖို့မလိုပေ။ သခင်အိုကြီးပင် သူ၏အပြုအမူကို လက်ခံထားပြီး ဖြစ်၍ ဝမ်ကန်းမှ ပြောစရာ သိပ်မလိုတော့ပေ။

ဖန်း..

ထိုအချိန်တွင် အိမ်တော်ထဲသို့ တစ်ယောက်ယောက် ဖောက်ထွင်းဝင်ရောက်လာသကဲ့သို့ ကျယ်လောင်သော တိုက်ခိုက်မှုအသံက ဖြစ်ပေါ်လာ၏။ အခန်းတွင်းမှ လူသုံးယောက်က မျက်လုံးများ ပြူးကျယ်သွားကြသည်။

သုံးယောက်လုံး မတ်တပ်မရပ်နိုင်သေးခင်..

ဘုန်း..

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ဝမ်ချောင်၏ စာကြည့်ခန်းတံခါးကို ကြီးမားသော အင်အားဖြင့် လွင့်စင်သွားစေသည်။ ထို့နောက် သုံးယောက်သား၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အားကောင်းသန်မာသော အစောင့်များ ပြေးဝင်လာကြတော့၏။

“မင်းက ဝမ်ချောင်လား..”

လက်နက်ကိုင်လူအုပ်စုက ဝမ်ချောင်ကို အေးစက်စွာ စိုက်ကြည့်လာ၏။

“မှန်တယ်”

ဝမ်ချောင်သည် ထိတ်လန့်သွားပြီး ပြန်ဖြေလိုက်၏။

“ကောင်းပြီ ဝမ်ချောင် မင်း အဖမ်းခံလိုက်ရပြီ မင်း ငါတို့နဲ့ လိုက်လာဖို့ ပြောရလိမ့်မယ်”

အစောင့်က အေးစက်စွာ အနားသို့ ရောက်လာပြီး ဝမ်ချောင်၏ တစ်ဖက်တစ်ချက်တွင် လူနှစ်ယောက်စီ ရပ်၍ သူ့အား စာကြည့်ခန်းမှ ဆွဲထုတ်တော့သည်။

“ဘာလဲ..”

ဝမ်ကန်းနှင့် ဝမ်မိက အံ့သြသင့်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ကန်းသည် ထိုသူတို့၏ ခါးမှ ‘အကျဉ်းထောင်’ဟူသော စာသားပါသည့် အမှတ်တံဆိတ်ကို သတိပြုမိလိုက်သည်။

သူတို့သည် တော်ဝင်မိသားစု၏ အကျဉ်းထောင်မှလူများ ဖြစ်ပေသည်။

“ခဏလေး.. သူ့ကို ဘာပြစ်မှုနဲ့ ဖမ်းတာလဲ။ မဟာထန်မင်းဆက်ရဲ့ဥပဒေတွေအရ အပြစ်မဲ့သူကို ဖမ်းလို့မရဘူး”

ဝမ်ကန်းက အော်လိုက်သည်။

“တရားရုံးတော်ကိစ္စတွေမှာ မျက်ကန်းဝင်ရောက်စွက်ဖက်ခြင်း”

အစောင့်တစ်ယောက်က ရွှေရောင်စာလိပ်ကို ဆွဲထုတ်လိုက်၏။

“ဒါက တော်ဝင်တရားရုံးတော်က ဖမ်းဝရမ်းထုတ်လိုက်တာ။ စစ်မက်ရေးရာဝန်ကြီး၊ တရားရေးဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ စစ်သူကြီးတွေရဲ့ လက်ဗွေရာတွေ ပါတယ်။ ဒါတင်မကဘူး အရှင်မင်းမြတ်ကပါ တော်ဝင်တံဆိတ်တုံးထုထားတယ်”

“ဘာ..”

ထိုစာလိပ်မှ နဂါးတံဆိတ်သည် ဝမ်ကန်း၏ ခေါင်းအား မိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သည့်နှယ် ဖြတ်ပြေးသွား၏။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး မယုံနိုင်လောက်အောင် ဖြစ်နေသည်။

“လူကြီးမင်းဝမ် မင်းက တော်ဝင်တရားရုံးတော်က အမှုထမ်တစ်ယောက်၊ မင်းက တရားရုံးတော်ရဲ့ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ မဟုတ်ရင်တော့ မင်းကိုပါ ခေါ်ထုတ်ပြီးတော့ တော်ဝင်အကျဉ်းောင်ထဲ ထည့်ထားရလိမ့်မယ်”

အစောင့်က သူတို့ကို ပြောလိုက်သည့် နောက်ဆုံးစကားကြောင့် ဝမ်မိက အံ့အားသင့်သွားရသည်။

တော်ဝင်အကျဉ်းထောင်..

ပြစ်ဒဏ်စီရင်ရေးအကျဉ်းထောင်၊ တရားရေးအကျဉ်းထောင် မဟုတ်ဘဲနဲ့ နန်းတော်က တော်ဝင်အကျဉ်းထောင်လား..။

ကြိုးပေးတဲ့ အကျဉ်းသားတွေကိုပဲ ထားတဲ့နေရာ မဟုတ်ဘူးလား..။

…

ဝမ်မိသည် အတိဆွံ့အသွား၏။

သို့သော် အစောင့််များကမူ တုံ့ဆိုင်းမနေချေ။ သူတို့သည် ဝမ်ချောင်၏ စာကြည့်ခန်းအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်လာပြီးနောက် ပြန်ထွက်သွားကြသည်။ တစ်ခဏအကြာတွင် သူတို့သည် မျက်စိတစ်မှိတ်အတွင်း ပြန်ပျောက်ကွယ်သွားပြီဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ဝမ်မိသားစုအိမ်တော်အတွင်း ငိုသံများ ထွက်ပေါ်လာတော့သည်။

ထိုအချိန်တွင် မိုးလင်းလာပြီဖြစ်၏။

ဝမ်ချောင်အား တော်ဝင်အကျဉ်းထောင်အတွင်း အကျဉ်းချလိုက်သည့် သတင်းက ပျံ့နှံ့သွားကာ တစ်လောကလုံး ဗြောင်းဆန်သွားတော့လေသည်။ ထိုသတင်းသည် ဟန်လူမျိုးအမှုထမ်းများအကြားတွင် မမျှော်လင့်ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရလေတော့သည်။

******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters