အခန်း (၁၈၁-၁၈၅)
Vol. 7 Ch. 181-185
အခန်း ၁၈၁ ရေပေါ်ရှပ်ပြေး၊ တံလျှပ်ဖြူ
“ဟူး.. လုထင် မင်းက ငါ့အကြံကို ဖျက်ဆီးလိုက်တာပဲ”
စုကျန်းချန် ထွက်ခွာသွားသောအခါ နောက်ဆုံးတွင် ဝမ်ချောင်က သူ့ခြေထောက်များကို ချလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဤလျှို့ဝှက်ချက်ကို ကာကွယ်ရန် သူ့အတွက် မလွယ်ကူခဲ့ပေ။
ရှန့်ဟိုင်နှင့် မုန့်လုံတို့သည် စုကျန်းချန် နှင့်တွေ့ခဲ့ဖူးသော်လည်း စုကျန်းချန်၏နောက်ခံ အစစ်အမှန်ကို မသိခဲ့ပေ။
နောက်ဆုံးတွင် လုထင် ပေါ်လာသည်နှင့် အရာအားလုံး ပျက်စီးသွားခဲ့ရသည်။
“အစီအစဉ်လား.. ဘာအစီအစဉ်လဲ.. ဝမ်ချောင် ငါ့ကို အရင်ပြောပါ.. စုအကြီးအကဲ စုကျန်းချန်နဲ့ ဘယ်လိုဆုံခဲ့တာလဲ.. ပြီးတော့ သူနဲ့ စစ်တုရင်တောင် အတူ ကစားခဲ့တယ်”
လုထင်က မတ်တပ်ထရပ်လိုက်ပြီး ဝမ်ချောင်ကို အထိတ်တလန့် ဆုပ်ကိုင်လိုက်၏။
လုထင်သည် စစ်နတ်ဘုရားစုကျန်းချန်၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရပြီး လုထင်၏ နေအိမ်တွင် သူ၏ပုံတူပန်းချီကားတစ်ချပ်ပင် ရှိခဲ့သည်။
အကြီးအကဲစု ကွယ်လွန်သွားပြီဖြစ်ကြောင်း ကောလာဟလများစွာ ထွက်ပေါ်နေခဲ့သဖြင့် လုထင်သည် စုကျန်းချန်ကို ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု မထင်ခဲ့ပေ။
စစ်ပွဲနတ်ဘုရားစုကျန်းချန်သည် အသက်ရှင်လျက် ရှိနေသေးသည့်အပြင် ယခင်ကကဲ့သို့ ကြံ့ခိုင်သန်စွမ်းလျက် ရှိနေသေးသည်ဟူသော ဤအရာသည် လုထင်၏စိတ်ထဲတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးသော အရာဖြစ်သည်။
ထိုအရာသည် အံ့ဖွယ်တစ်ခုဖြစ်သည်။
စုကျန်းချန်သည် တွေ့ဆုံမှုတစ်လျှောက်လုံး၌ လုထင်ကို မျက်စိဖြင့်ပင် လှည့်မကြည့်ခဲ့သော်လည်း လုထင်သည်သည် သူ့အပေါ် တစ်စုံတစ်ရာ နာကြည်းမုန်းတီးခြင်း မရှိခဲ့ပေ။ ထို့အစား ထိုသည်မှာ လုံးဝသဘာဝကျသည်ဟု သူထင်လေသည်။
အားလုံးပြီးနောက် တစ်ဖက်လူသည် စစ်မြေပြင်ကို အစိုးရသော မော်ကြွားသည့် စစ်နတ်ဘုရားဖြစ်သည်။ ထို့အစား အကြီးအကဲစုသည် သူ့ကို လိမ္မာယဉ်ကျေးချိုသာအေးလေသံဖြင့် စကားပြောခဲ့လျှင် လုထင်သည် ထိုသည်မှာ သူအမြင်မှားနေခြင်း ဟုတ်မဟုတ်ကို သံသယ ဖြစ်မိပေလိမ့်မည်။
ဝမ်ချောင် သက်ပြင်းချလိုက်သည်။ လုထင်သည် စုကျန်းချန်၏ အမာခံပရိသတ်တစ်ဦး ဖြစ်ပုံရသည်။ သူ့အစီအစဉ်များသည် တစ်ဖက်လူကြောင့် ပျက်စီးသွားခဲ့ရသော်လည်း ထိုသည်မှာ သူ တားဆီး၍မရပေ။
“လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက မင်း ဒီနေရာကို လာနေခဲ့တာလား”
နှစ်ယောက်သား ငြိမ်သက်သွားပြီးနောက် ဝမ်ချောင်သည် လုထင်အား အဖြစ်အပျက် အကြမ်းဖျဉ်းကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။
“အမ်.. မင်းကြောင့်သာမဟုတ်ခဲ့ရင်.. ငါတို့ ဒီပုံစံအတိုင်း နောက်ထပ်လအနည်းငယ်ကြာအောင် ဆက်တွေ့နိုင်ဦးမယ်”
ဝမ်ချောင် ပြောလိုက်၏။ ယနေ့ ဤနေရာသို့ လုထင်၏ရောက်ရှိလာမှုသည် အမှန်တကယ်ပင် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
“ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော်က ခင်ဗျားကို အကြီးအကဲစုနဲ့ တွေ့နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လုထင်သည် တောင်းပန်စကား ပြောလိုက်သည်။
စုကျန်းချန်သည် စုအိမ်တော်၏တံခါးများကို ပိတ်ခဲ့ပြီး ဧည့်သည်များနှင့် လာရောက်လည်ပတ်သူများအားလုံးကို ငြင်းပယ်ခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်ကြာခဲ့ပြီ ဖြစ်သည်။ ဒါသည် အားလုံးသိပြီးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
အကြီးအကဲစု ကွယ်လွန်သည့်သတင်း မပြန့်ပွားမီအချိန်တွင် အိမ်တော်ဂုဏ်သိက္ခာကျဆင်းမည်ကို စိုးရိမ်၍ တော်ဝင်အရာရှိကြီးများပင်လျှင် စုအိမ်တော်သို့ ဝင်ခွင့်ငြင်းပယ်ခံခဲ့ရသည်။
အကယ်၍ ဝမ်ချောင်သည် အကြီးအကဲစု၏ မျက်နှာသာပေးမှုကို ရရှိပြီး ဤနေရာတွင် သူနှင့်အတူ နေ့တိုင်း စစ်တုရင် ကစားနိုင်ခဲ့ကြောင်း အခြားသူများကြားသိပါက ထိတ်လန့်သွားကြပေလိမ့်မည်။ အရူးတစ်ယောက်ပင်လျှင် ထိုသည်မှာ ကြီးမားသည့်အခွင့်အရေးဟု ပြောနိုင်သည်။
သို့သော် လုထင်၏ မထင်မှတ်ဘဲ ရောက်ရှိလာခြင်းသည် ဝမ်ချောင်၏ဤအခွင့်အရေးကို ဆုံးရှုံးသွားစေပုံရသည်။
ထို့အတွက် လုထင်သည် အလွန်အားတုံ့အားနာ ဖြစ်နေသည်။
“မေ့လိုက်တော့ ဒီအကြောင်းကို မပြောနဲ့.. အဲဒီအစား ငါ ဒီမှာရှိတယ်ဆိုတာ မင်းဘယ်လိုလုပ် သိသလဲဆိုတာကို ငါ ပိုစိတ်ဝင်စားတယ်”
ဝမ်ချောင် ပြောလိုက်သည်။
လုထင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ အမှန်အတိုင်း ထုတ်ပြောလိုက်သည်။
စုန့်ဘုရင်သည် ယခင်ရာထူးများကို ပြန်လည် ပေးအပ်ခြင်းခံခဲ့ရပြီး သူသည် ချီဘုရင်ကြောင့် စစ်မှုထမ်းစီရင်ဌာနနှင့် ပြစ်ဒဏ်စီရင်ဌာနတွင် ဖြစ်ပေါ်ခဲ့သော အရှုပ်အထွေးမျိုးစုံကို ကိုင်တွယ် ဖြေရှင်းနေရသောကြောင့် ဝမ်ချောင်ကို နန်းတော်တံခါးဝ၌ လာရောက် မတွေ့ဆုံနိုင်ခဲ့ပေ။
စုကျန်းချန် ပြောခဲ့သကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့၏ ကံကြမ္မာသည် ရိုးရှင်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ သူတို့ လပေါင်းများစွာ ကစားခဲ့သော ကစားပွဲများသည် ယနေ့ ဤနေရာတွင် အဆုံးသတ်ရန် ကြိုတင်သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။
“လုထင် ငါက သရဲစီရင်စုမှာ ဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ”
ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။
“ဟဲဟဲ အဲဒါက လွယ်တယ်မဟုတ်လား.. ငါမြို့တော်က လူဆိုးဂိုဏ်းတွေကို ဆက်သွယ်လိုက်ရုံပဲ.. မင်းကို လူတစ်ထောင်နီးပါးနဲ့ မြို့တော်ကို လှည့်ပတ်ရှာလိုက်ရင် ငါ မင်းကို ဘာလို့ မရှာတွေ့နိုင်ရမှာလဲ”
လုထင် ပြုံးလိုက်သည်။ သို့သော်လည်း သူ့စကားအဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး သူ၏အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
“နောက်ဆုံးတော့ မင်းနားလည်သွားပုံရတယ်.. အကြီးအကဲစု ဒီနှစ်တစ်လျှောက်လုံးမှာ သူ့ကိုယ်သူ နိမ့်ချစွာ နေထိုင်ခဲ့ရတဲ့အကြောင်းရင်းက သူ့ရဲ့တည်ရှိနေမှုကို ဘယ်သူ့ကိုမှ မသိစေချင်တာကြောင့်ပဲ.. ဒီကိစ္စအတွက် မင်းစည်းရုံးထားတဲ့ လူဆိုးဂိုဏ်းဝင် လူအရေအတွက်အရ မနက်ဖြန်လောက်မှာ အကြီးအကဲစု အသက်ရှင် နေသေးတယ်ဆိုတဲ့ သတင်းက မြို့တော်အနှံ့ကို ပျံ့နှံ့သွားနိုင်တယ်.. မရေမတွက် နိုင်တဲ့လူတွေကလည်း စုအိမ်တော်ကို လာရောက်လည်ပတ်ကြလိမ့်မယ်”
ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာကို ကြည့်လိုက်ပြီးနောက် လုထင်၏မျက်နှာသည် သွေးဆုပ်ဖြူရော်သွားခဲ့သည်။
အကြီးအကဲစုသည် သူ၊ သူ့ဖခင်နှင့် အရင်မျိုးဆက်များက လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုအချိန်က ထိုက်ကျုံးခေတ်ကာလတွင် တစ်ဖက်လူသည် အလယ်ပိုင်းလွင်ပြင်ဒေသတစ်ခုလုံး၏ နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။ ထိုခေတ်ကာလတွင် နေထိုင်ခဲ့သူများ သို့မဟုတ် သူ၏စွန့်စားခန်းများ အကြောင်းကြားသိခဲ့ရသူများ အားလုံးသည် သူတို့၏နှလုံးသားထဲတွင် သူ့အတွက် အထူးနေရာတစ်ခု ရှိခဲ့ကြသည်။
သူ့အပေါ် သူတို့၏ နှလုံးသားထဲမှလေးစားမှုသည် သူ့အတွက် အကောင်းဆုံးများစေရန် တွန်းအားပေးခဲ့ကြသည်။ ထို့ကြောင့် သူ၏အနှောင့်အယှက်ကင်းမှုကို မည်သူမျှ မနှောင့်ယှက်လိုကြပေ။
“အချိန်ခဏလောက်စောင့်ပါ”
ညအမှောင်ထုအောက်တွင် လုထင်သည် ရုတ်တရက် လှည့်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် လူဆိုးများဆီသို့ လျှောက်သွားလိုက်သည်။ ဝမ်ချောင်သည် သူ ဘာလုပ်မည်ဆိုသည်ကို သိထားပြီး သူ့ကိုတားရန် ရည်ရွယ်ချက် မရှိပေ။
ဆိုရလျှင် ထိုသည်မှာ အလွန်နောက်ကျနေပြီဟု ဆိုနိုင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာ၌ လုထင်သည် အရှုံးသမားတစ်ယောက်ပုံစံဖြင့် ပြန်လာသည်။ သူသည် ဝမ်ချောင်နှင့်အတူ ရထားပေါ်သို့ တက်လိုက်ပြီး သူတို့နှစ်ဦးစလုံး စုကျန်းချန်အကြောင်းကို မပြောရန် တိတ်တဆိတ် ရွေးချယ်ခဲ့ကြသည်။
“ဟား ဟား ဟား ဝမ်ချောင် ပြန်လာတာကို ကြိုဆိုပါတယ်”
ဝမ်ချောင်သည် ဝမ်မိသားစုဂေဟာတွင် စုန့်ဘုရင်ကို တွေ့လိုက်ရသည်။ သူ ထိုနေရာတွင် ထိုင်နေသည်မှာ အတော်ကြာပြီဟု ထင်ရပြီး ဝမ်ချောင်ကို တွေ့သည်နှင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပွေ့ဖက်လိုက်သည်။
ဝမ်ချောင်အပေါ် စုန့်ဘုရင်၏ သဘောကျနှစ်ခြိုက်မှုသည် သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စုန့်ဘုရင်၏ စိတ်အားထက်သန်စွာ ကြိုဆိုမှုကို လက်ခံလိုက်ရသောအခါ ဝမ်ချောင်၏ စိတ်ဓာတ်များသည် သိသာစွာ မြင့်တက်သွားခဲ့သည်။
“အရှင် တော်ဝင်တရားရုံးသို့ ပြန်လည်ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ပြုပါတယ်”
သူ၏လက်သီးများကို ဆုပ်လိုက်ရင်း ဝမ်ချောင်ရယ်မောလိုက်သည်။
စုန့်ဘုရင်ရာထူးအနေဖြင့် ရာထူးထပ်တိုးရန် နေရာမရှိတော့ပေ။ ဘုရင်တစ်ဦး၏ရာထူးသည် တစ်ယောက်၏ ရောက်ရှိနိုင်သည့် အမြင့်ဆုံးနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ်ရာထူးထပ်တိုးလိုလျှင် အာဏာသိမ်းရန်သာ ကျန်တော့မည်ဖြစ်သည်။
ထို့ကြောင့် ရာထူးပြန်လည်ခန့်အပ်ခံရခြင်းသည် သာမန်အရပ်သားတစ်ဦးက မြင့်မြတ်ရာထူး သို့မဟုတ် ဝန်ကြီးရာထူးသို့ တိုးမြှင့်လာသည်နှင့် ညီမျှပြီး ဝမ်းမြောက်စရာကိစ္စဖြစ်သည်။
“ဟားဟားဟား မင်းကြောင့်သာ မဟုတ်ရင် ငါက အမှုထမ်းစီရင်ဌာနနဲ့ ပြစ်ဒဏ်စီရင်ဌာနမှာ ပြန်လည် မခန့်အပ်ခံရမှာကို စိုးရိမ်ရပြီး တော်ဝင်တရားရုံးကို ပြန်မလာနိုင်မှာတောင် ဖြစ်နိုင်တယ်”
စုန့်ဘုရင်သည် သူ၏အကြည့်ထဲတွင် ချစ်ခင်မှုနှင့် လေးစားမှုကို ဖုံးကွယ်မထားခဲ့ပေ။
ကြင်ရာတော်ထိုက်ကျန်း၏ကိစ္စအတွင်းမှ ထူးခြားချက်ကို သတိပြုမိစေရန် ဝမ်ချောင်၏ သတိပေးချက်သာ အချိန်မီရောက်မလာခဲ့ပါက တော်ဝင်နန်းတော်တွင်းရှိ အရာရှိများစွာတို့အကြား သူသည် ရာထူးမှ လျှော့ချခံရနိုင်ပြီး ပြစ်ဒဏ်ပေးခံရနိုင်ဖွယ် ရှိသည်။
ဝမ်ချောင်သည် အသက်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း သူ့ကို ဤအကျပ်အတည်းမှ လွတ်မြောက်ရန်နှင့် ပြန်လည်ခန့်အပ်ခြင်း ခံရရန်အတွက် စုန့်ဘုရင်၏နောက်ကွယ်မှ အမှန်တကယ် အကျိုးဆောင်ခဲ့သူဖြစ်သည်။
ပြီးနောက် ဤအကျိုးဆောင်မှုအပေါ်တွင် စုန့်ဘုရင်အနေဖြင့် ပြန်လည်ပေးဆပ်ရန် မည်သည့်အခါကမျှ တွန့်တိုမည် မဟုတ်ချေ။
“ဝမ်ချောင် မင်း ဒီတစ်ခေါက် ငါ့ကို ကောင်းကောင်းကြီး အကူအညီ ပေးခဲ့တယ်.. ဘယ်လိုဆုလာဘ်မျိုးကို မင်းလိုချင်သလဲ ပြောပါ.. မင်းရဲ့တောင်းဆိုမှုကို ငါလိုက်လျောပေးမယ်”
စုန့်ဘုရင်သည် ပျော်ရွှင်စွာ အကျယ်ကြီးပြောလိုက်သည်။
“အရှင် အရှင့်ရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် အခုကျွန်တော့်မှာ လိုချင်တာ ဘာမှမရှိပါဘူး”
ဝမ်ချောင် ခေါင်းယမ်းလိုက်သည်။ သူ၏အကျိုးဆောင်မှုအတွက် ဆုလာဘ်များကို တောင်းဆိုရန်မှာ သူ၏စရိုက် မဟုတ်ပေ။
“ဟား ဟား.. မင်းမလိုချင်ပေမယ့် ဒီကိစ္စကို ငါအလိုရှိတယ်.. လာကြစမ်း.. ငါ့ဆီ တံလျှပ်ဖြူ ကို ခေါ်လာခဲ့ကြစမ်း”
စုန့်ဘုရင်က ရုတ်တရက် အော်လိုက်သည်။
“တံလျှပ်ဖြူလား”
ဝမ်ချောင် ပြောလိုက်သည့်စကားကို အသိအမှတ် မပြုခင်မှာပင် ခြံဝင်းထဲရှိ မြင်းစောင်းထံမှ မြင်းလန့်သံကို ကြားလိုက်ရသည်။ ယင်းသည် အနည်းငယ် ငယ်ရွယ်ပုံပေါ်ပြီး သတ္ထုသံတချို့ပါ ပါနေ၏။ ထိုအသံကို ကြားသည်နှင့် ထိုမြင်းသည် သာမန်မဟုတ်ကြောင်း ပြောနိုင်လေသည်။
“မြင်းပေါက်တစ်ကောင်” (ဒီမှာသုံးထားတာက အရွယ်မရောက်သေးတဲ့မြင်း ဆိုတဲ့အသုံးအနှုန်းမျိုးပါ။ ပြောရရင် ဝမ်ချောင်နဲ့အသက်အတူတူလောက် ဖြစ်ပါတယ်)
ဝမ်ချောင် အံ့အားသင့် ဝမ်းသာသွား၏။
သူသည် စုန့်ဘုရင် သူ့အားမည်သို့သော လက်ဆောင် ပေးမှန်း ရုတ်ခြည်းသတိထားလိုက်မိသည်။ ယင်းမှာ မြင်းပေါက်တစ်ကောင် ဖြစ်နိုင်ပြီး စစ်ပွဲသုံးစစ်မြင်းအမျိုးအစား ဖြစ်နိုင်သည်။
စစ်မြေပြင်တွင် အကောင်းဆုံးတိုက်ခိုက်ရေးမြင်းတစ်ကောင်၏ အရေးပါမှုသည် ကျောက်စိမ်းရိုင်းသံမဏိဓားထက် နိမ့်ကျမည် မဟုတ်ပေ။
ဟီး.. ဟီး..
ခြံဝင်းထဲတွင် ဖုန်လုံးကြီးများ တိမ်တိုက်ကဲ့သို့ ဖြစ်ပေါ်လာသည်။ ဖုန်မှုန့်များကြားတွင် စိုပြေသောမဲနယ်ရောင်ရှိ မြင်းတစ်ကောင်သည် ဖျတ်လတ်တက်ကြွစွာ ကဆုန်ပေါက် ပြေးလွှားနေသည်။
ထိုအရာ ခုန်လိုက်သောအခါ သူ၏ခွာဖြူများသည် ဝမ်ချောင်၏မျက်လုံးများကို ဖမ်းစားသွားသည်။ ထိုမြင်ကွင်းသည် မြင့်မြတ်သည့် မြင်းတစ်ကောင် လေထဲတွင် ကဆုန်ပေါက် ပြေးလွှားနေသကဲ့သို့ပင် ဖြစ်သည်။
ဝမ်ချောင်သည် ထိုမြင်းကို ချက်ချင်းပင် နှစ်ခြိုက်သွားမိသည်။
မြင်းသည် ခြံဝင်းထဲတွင် ရပ်လိုက်သည်။ သူ့ကို မျက်လုံးသာမြင်ရသော ခေါင်းမှ ခြေဖျားအထိ ဖုံးကွယ်ထားသည့် ထိန်းကျောင်းသူတစ်ဦးက ခေါ်ဆောင်လာသည်။
“ဒါက နန်းတော်မှာ မွေးမြူထားတဲ့ စစ်ပွဲသုံးအာဇာနည်မြင်းတစ်ကောင်ပါ.. သူဟာ နှင်းတောင်တန်းကြီးမှာရှိတဲ့ ငွေနှင်းဖြူ တိုက်ခိုက်ရေးမြင်းနဲ့ အလယ်ပိုင်းလွင်ပြင်ဒေသမှာရှိတဲ့ ခွာဖြူမြင်းတွေကနေ ဆင်းသက်လာတဲ့ မျိုးကွဲတစ်ကောင် ဖြစ်တယ်.. အရေအတွက် အကန့်အသတ်ရှိပြီး တော်ဝင်နန်းတော်မှ ကျွမ်းကျင်ပညာရှင်တွေက သူတို့ကို ဂရုတစိုက် ပြုစုပျိုးထောင်ပေးရတယ်.. မြင်းတစ်ကောင်ကို အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့ရတယ်”
“ဒီစစ်ပွဲသုံးအာဇာနည်မြင်းတွေက အသိဉာဏ်ရှိတာကြောင့် ပုံမှန်မြင်းတွေနဲ့ ကွဲပြားတယ်.. သူ့ကို တစ်လလုံး ကျွေးမွေးစောင့်ရှောက်သူ ဘယ်သူကိုမဆို သူ့ရဲ့ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှာဖြစ်ပြီး သူတို့က တစ်သက်လုံး သစ္စာရှိရှိ ပြန်ပြီးတော့ အလုပ်အကျွေးပြုမှာပါ.. ဒါကြောင့် နန်းတော်မှာရှိတဲ့ မြင်းစောင်းတွေမှာ သူတို့ကို အစာကျွေးတဲ့အခါ မြင်းတွေက အစာကျွေးသူရဲ့ အသွင်အပြင်ကို မမြင်ရအောင် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာတွေကို ဂရုတစိုက် ဖုံးကွယ်ထားရတယ်”
စုန့်ဘုရင်က ရှင်းပြလိုက်သည်။
“ခွာဖြူမြင်းကြီးတွေက အရွယ်ရောက်လာတာနဲ့အမျှ လျှပ်စီးလက်သလို မြန်ဆန်တဲ့ ခွန်အားတွေ ရရှိလာမှာပါ.. ဒါပေမဲ့ ဒီတိုက်ခိုက်ရေးမြင်းက သာမန်ခွာဖြူတစ်ကောင်မဟုတ်ဘူး.. အစေခံတို့..”
စုန့်ဘုရင်သည် အပြင်ကလူများကို လက်ယပ်ခေါ်လိုက်သည်။
မကြာခင်မှာပင် စုန့်ဘုရင်အိမ်တော်၏ အစောင့်နှစ်ယောက်သည် သတ္တုပန်းကန်လုံးကြီးကို သယ်ဆောင်လာကြသည်။ ထိုသတ္တုလုံးသည် ရေအပြည့် ဖြည့်ထား၏။
ဤသည်ကို သူတို့ ကြိုတင်ပြင်ဆင်ထားကြသည်မှာ ထင်ရှားပေသည်။
မြင်းထိန်းက မြင်းကို ရေဇလုံကြီးဆီသို့ ခေါ်ဆောင်သွားပြီး နောက်တခဏတွင် ဝမ်ချောင်၏ ထိတ်လန့်တုန်လှုပ်သည့် အကြည့်များ ပေါ်ထွက်မလာမီ မြင်းလေးသည် ရှေ့သို့ လှမ်းတက်သွားပြီး ရေမျက်နှာပြင်ပေါ်တွင် ရပ်လိုက်သည်။
သေးငယ်သော လှိုင်းလုံးများသည် သူ၏ ခွာပတ်ပတ်လည်တွင် ဖြစ်ပေါ်လာပြီး သူ့ကို ရေပေါ်တွင် ရပ်တည်စေနိုင်သည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဝမ်ချောင် ထိတ်လန့်သွားသည်။
“ဒါက တော်ဝင်နန်းတော်က ချီးမြှောက်ထားတဲ့ ခွာဖြူတိုက်ခိုက်ရေးမြင်းပါ.. မြစ်တွေကို ဖြတ်ကူးဖို့ ရေပေါ်ခြေချနိုင်တယ်.. တော်ဝင်နန်းတော်အတွင်း ကျွမ်းကျင်သူတွေရဲ့ မျိုးဆက်ပေါင်းများစွာ ဆင့်ပွားမွေးမြူ ပြီးနောက်မှသာ ဒီစွမ်းရည်ကို ရရှိခဲ့တာဖြစ်တယ်.. ဖြစ်ကောင်းဖြစ်နိုင်တာက မင်းဟာ အနာဂတ်မှာ သူ့ရဲ့အံ့သြဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ရှာဖွေတွေ့ရှိနိုင်တယ်.. မင်း ငါ့လက်ဆောင်ကို ကြိုက်ရဲ့လား”
စုန့်ဘုရင်က သူ၏လက်များကို အားပါးတရ ပွတ်သပ်လိုက်သည်။
“ကြိုက်တယ်.. ငါ တကယ်ကြိုက်တယ်”
ဝမ်ချောင် အဆောတလျင် ခေါင်းညိတ်လိုက်သည်။ ခင်ဗျား လာနောက်နေတာလား။ ထိုကဲ့သို့သော အရည်အသွေးမြင့် တိုက်ခိုက်ရေးမြင်းကို ငြင်းပယ်လိုက်လျှင် သူသည် လူမိုက် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော တိုက်ခိုက်ရေးမြင်းကောင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လက်တစ်ဆုပ်စာမျှသာ ရှိသည်။
ဟိုးတုန်းက ဝမ်ချောင်သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ စစ်သူကြီးချုပ် ဖြစ်လာသောအခါတွင် အဆိုပါ အာဇာနည်မြင်းများ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် မြင့်မြတ်သောရာထူးကို ပိုင်ဆိုင်ထားလင့်ကစား ဝမ်ချောင်သည် ဤကဲ့သို့ အရည်အသွေးကောင်းသည့် တိုက်ခိုက်ရေးမြင်းကောင်းများနှင့် ရေစက်မရှိခဲ့ချေ။
ထို့ကြောင့် ဝမ်ချောင်သည် သူ၏လက်ဆောင်ကြောင့် အမှန်တကယ်ပင် ဝမ်းသာသွားခဲ့ရသည်။
[ခွာဖြူ ဆိုတာက သမိုင်းမှာ တကယ်ရှိတဲ့ မြင်းအမျိုးအစား ဖြစ်ပါတယ်။ ထိုက်ကျုံးဧကရာဇ်ရဲ့ စီးတော်မြင်းထဲမှာ တစ်ကောင် ရှိပါတယ်။ ရေပေါ်လျှောက်နိုင်တာ မလျှောက်နိုင်တာကတော့ အတိအကျ မသိနိုင်ပါဘူး။]
ဘာသာပြန်သူမှတ်စု-(ဘုရင်ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သတ်ပြီးတော့ နည်းနည်း ရှင်းပြချင်ပါတယ်။ တရုတ်ပြည်ရဲ့ သမိုင်းမှာ ဧကရာဇ်ရဲ့လက်အောက်မှာ ဘုရင်ဆိုတဲ့ အခေါ်အဝေါ် နှစ်မျိုးနှစ်စား ရှိပါတယ်။ တစ်ခုကတော့ လက်အောက်ခံတိုင်းပြည် တစ်နည်းအားဖြင့် ပဏ္ဍာဆက်တိုင်းပြည်က ရှင်ဘုရင်ကို ဘုရင်လို့ သုံးပါတယ်။ ဧကရာဇ်သည် အဲဒီပဏ္ဍာဆက်တိုင်းပြည်က ဘုရင်ကိုလည်း အုပ်ချုပ်ပါတယ်။ နောက်တစ်မျိုးကတော့ တိုင်းပြည်အတွက် တစ်နည်းအားဖြင့် ဧကရာဇ်အတွက် အသုံးဝင်ပြီးတော့ ဖယ်ထုတ်ပစ်လို့ မရနိုင်တဲ့သူမျိုး အမှုထမ်း အရာထမ်းကို တော်ဝင်မျိုးနွယ်အဖြစ် သတ်မှတ်စေပြီးတော့ ဘုရင်ဘွဲ့ကို ပေးပါတယ်။ အမြင့်ဆုံးဘွဲ့ပါ။ ပြီးရင်တော့ ဧကရာဇ်က မသင်္ကာတာနဲ့ ပြန်ရှင်းထုတ်တတ်ပါတယ်။ ဧကရာဇ်ရဲ့ လက်အောက်မှာ အဲဒီပုံစံနဲ့ ဘုရင်နှစ်မျိုး ရှိပါတယ်။ ပြီးရင် မြို့စားကြီး၊ နယ်စားကြီးပါ၊ ဥပမာအားဖြင့် ဝမ်ချောင်ရဲ့အဘိုးလိုမျိုး ခရိုင်လေးခုကို အုပ်ချုပ်ရတဲ့ ရာထူးပါ။ ပြီးရင်တော့.. တော်ဝင်ရုံးတော်၊ စစ်ရေးစီမံရုံးတော်၊ ပြီးတော့ တရားရေးရုံးတော် ခရိုင်ရုံးတော် စသဖြင့် ရုံးတော်တွေရဲ့ အရာရှိတွေပါ။ အဲထဲမှာ ညီလာခံတက်ရတဲ့ အမတ်တွေပါ ပါပါတယ်။ ဒါက အုပ်ချုပ်ရေးပိုင်းကပါ။ စစ်ရေးပိုင်းမှာ ဆိုရင်တော့ သေနာပတိချုပ် အရင်ဘဝတုန်းက ဝမ်ချောင်ရရှိခဲ့ဖူးတဲ့ ရာထူးပါ။ ဒါက အမြင့်ဆုံးပါပဲ။ ဒါပေမဲ့ သေနာပတိချုပ်တွေမှာ ကိုယ်ပိုင်တပ်အင်အား တစ်ခုစီ ရှိပါတယ်။ သေနာပတိချုပ်တွေထဲမှာ ဧကရာဇ်က ဘွဲ့တစ်ခု အပ်နှင်းထားပေးတဲ့ သေနာပတိချုပ်က ပိုပြီးတော့ အာဏာသက်ရောက်မှု ပိုပြင်းထန်ပါတယ်။ ဧကရာဇ်က စစ်ရေးပိုင်းမှာ တစ်ယောက်တည်းကိုပဲ ပုံအပ်ဖို့အထိ မယုံပါဘူး ဒါကြောင့် ကျားတံဆိတ်တွေ ခွဲထားပြီးတော့ တပ်တစ်ခုစီကို ပေးဝေထားပါတယ်။ ပြီးတော့ တစ်တပ်နဲ့တစ်တပ် မတည့်နေတာကို ဧကရာဇ်က ပိုကြိုက်ပါတယ်။ ကြားဝင်ဖြန်ဖြေရေး လုပ်ပေးတာ ရှိပေမဲ့ အမှန်တကယ် တည့်သွားတာမျိုးကို လိုချင်နေတာ မဟုတ်ပါဘူး။ ဒါက တရုတ်သမိုင်းကို ကိုယ်လေ့လာမိသလောက်ကို နည်းနည်း ရှင်းပြပေးတာပါ။ မဟုတ်ရင် ဖတ်နေရင်း လည်နေမှာ စိုးလို့ပါ။ ဝမ်ချောင်ကတော့ ကျင့်ကြံခြင်းနဲ့ ရောထားတဲ့အတွက် ပုံမှန်မဟုတ်တာတွေကတော့ ပါနေမှာပါပဲ။
သေနာပတိတစ်ယောက်မှာ စစ်သည်အင်အား အနည်းဆုံး ဘယ်လောက် ရှိမလဲ ဆိုတာကို တွက်ပြပေးပါတယ်။ ဒီမှာ ဧကရာဇ်က စစ်သည်တော်က ဟူလူမျိုးများနေခဲ့ရင် ဟန်လူမျိုးတပ်မှုး နှစ်ဆယ်ထက် မနည်းစေရလို့ ပြောထားပါတယ်။ ဒေသတပ်မှုး တစ်ယောက်လက်ထဲမှာ စစ်သည်တော် အနိမ့်ဆုံး အယောက်သုံးဆယ် ရှိပါတယ်။ စစ်သူကြီးတစ်ယောက်လက်ထဲမှာ ဒေသတပ်မှုး နှစ်ဆယ်က အနိမ့်ဆုံးပါပဲ။ လူအင်အားက ခြောက်ရာအနိမ့်ဆုံးပါပဲ။ စစ်သူကြီးတစ်ယောက်ရဲ့အထက်မှာ စစ်သူကြီးချုပ် ဆိုတာ ရှိပါတယ်။ အောက်မှာ လက်ထောက်စစ်သူကြီး ရှိပါတယ်။ လက်ထောက်စစ်သူကြီး ဆိုက စစ်သူကြီးရဲ့ကိုယ်စားပြုတာ ဖြစ်ပြီးတော့ ကိုယ်ပိုင်တပ်သားအရေအတွက် ထည့်တွက်လို့ မရပါဘူး။ စစ်သူကြီးချုပ်တစ်ယောက် လက်ထဲမှာ စစ်သူကြီး ရှစ်ယောက်ကနေ ၁၀ယောက် အနည်းဆုံး ရှိပါတယ်။ အများဆုံး အယောက်သုံးဆယ် ရှိပါတယ်။ စစ်သူကြီးချုပ် အနိမ့်ဆုံး လေးယောက်ကနေ အမြင့်ဆုံး အယောက် နှစ်ဆယ် သုံးဆယ်အထိ သေနာပတိလက်ထဲမှာ ရှိပါတယ်။ သေနာပတိကတော့ နှစ်ယောက်ကနေ ဆယ်ယောက်လောက်အထိ ထားပါတယ်။ သေနာပတိကနေမှ သေနာပတိချုပ်က နောက်ဆုံးအဆင့်ပါ။ ဒါကြောင့် သေနာပတိတစ်ယောက်ရဲ့ လက်ထဲမှာ စစ်သည်အင်အား ငါးသောင်း ရှိတယ် ဆိုရင် သေနာပတိချုပ်က အနည်းဆုံး စစ်သည်အင်အား တစ်သိန်းကို ကိုင်တွယ်ပါတယ်။ ဝမ်ချောင်ကို ထောက်ခံတဲ့ သေနာပတိချုပ်တွေ နေရာအနှံ့ ဖြစ်နေတဲ့အချိန်မှာဆိုရင် ဝမ်ချောင်နောက်က အင်အားကို ထည့်တွက်ကြည့်ကြပါကုန်။ ဒါက ဆွန်ဇုရဲ့ကျမ်းနဲ့သမိုင်းကို တိုက်ပြီးတော့ ဝမ်ချောင်ကို ထောက်ခံထားတဲ့အင်အားကို ခန့်မှန်းပြပေးလိုက်တာပါ။)
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း ၁၈၂ ပင်လယ်ကျွန်းစုများရှိ ဥက္ကာခဲများ။
“ဟား ဟား မြင်းကောင်းပဲ မြင်းကောင်းပဲ”
ဝမ်ချောင် ဝမ်းမြောက်ဝမ်းသာ မှတ်ချက်ပေးလိုက်သည်။
စုန့်ဘုရင်သည် ထိုသည်ကို သူ့အတွက် လက်ဆောင်အဖြစ် ပေးလိုက်သည်မို့ ဝမ်ချောင်သည် အခမ်းအနားတွင် ဆက်မနေတော့ပေ။ သူသည် လမ်းလျှောက်သွားလိုက်ပြီး မြင်းထိန်းလက်ထဲမှ တံလျှပ်ဖြူ၏ ဇက်ကြိုးကို ယူလိုက်သည်။
ဝမ်ချောင်သည် ယခင်က မြင်းမမွေးခဲ့ဖူးသော်လည်း မြင်းကောင်းများကို ငယ်ငယ်ကတည်းက မွေးမြူရမည်ဟု သိထားပြီး သူတို့ကို ဂရုတစိုက်နှင့် အလေးထား ဆက်ဆံရမည်ဟု သူသိထားသည်။
သို့မှသာ တစ်ယောက်သည် သူ၏မြင်းနှင့် လိုက်လျောညီထွေဖြစ်ကာ နားလည်မှုရနိုင်မည် ဖြစ်သည်။ ထိုအရာသည် စစ်မြေပြင်တွင် အဖိုးမဖြတ်နိုင်သော လိုအပ်ချက်တစ်ခုဖြစ်ပြီး ရန်သူတစ်ဦးကို သတ်ဖြတ်နိုင်သည့်အပြင် ခက်ခဲသော အခြေအနေမှလည်း လွတ်မြောက်ရန် ကူညီပေးမည်ဖြစ်သည်။
ဝမ်ချောင်သည် မြင်းလေးကို ရေဇလုံဖြင့် လောင်းချလိုက်ပြီး ပွတ်သပ်ပေးလိုက်သည်။ တံလျှပ်ဖြူ ၏ခန္ဓာကိုယ်အောက်သို့ စီးဆင်းသွားသောရေကို သူခံစားလိုက်ရသည်။ ထိုသည်ကို ရေတစ်စက်မျှ မကပ်သွားသည်ကို သိရှိလိုက်ရပြီး တံမြက်လှည်းလိုက်သကဲ့သို့ ရေများအားလုံး ချက်ချင်းအောက်သို့ လျှောကျသွားသည်။
“သခင်လေး ဒီပဲတွေကို ကျွေးလိုက်ပါ.. မင်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုလိမ့်မယ်”
မြင်းထိန်းသည် သူ့ခါးမှ ပဲဝါလေးတစ်ထုပ်ကို ထုတ်ယူကာ ပြောလိုက်သည်။ ဝမ်ချောင်က ထိုအရာကိုယူကာ တံလျှပ်ဖြူကို ကျွေးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပဲများကိုစားပြီးနောက် ဝမ်ချောင်အား စူးစိုက်ကြည့်နေသော အကြည့်များက ပိုမိုပျော့ပျောင်းလာပြီး ရင်းနှီးဖော်ရွေလာသည်။ သူသည် ဝမ်ချောင်၏ ရင်ဘတ်ကို ခေါင်းဖြင့် တိုးဝေ့လိုက်သည်။
ဆယ်စုနှစ်များစွာကြာ သွေးထဲတွင် ရေချိုးခဲ့ရသည့် ဝမ်ချောင်သည် စစ်ပွဲတိုက်ခိုက်ရေးမြင်းကို သူ့၏အစိတ်အပိုင်းတစ်ခုအဖြစ် တွေးထင်လာခဲ့သည်။ ဤမြင်းကလေးအပေါ် သူသည် ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ပိုးသားကဲ့သို့နူးညံ့သော ခန္ဓာကိုယ်ကို ပွတ်သပ်နေစဉ် ဝမ်ချောင်သည် သူ၏ကိုယ်တွင်း၌ သူ့ယခင်ဘဝမှ စစ်သည်တော်တစ်ဦး၏ ဝိညာဉ်ကို ပြန်လည်တွေ့ရှိလိုက်ရပြီး သူ့ရင်ဘတ်ထဲတွင် အော်ဟစ်ကြုံးဝါးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် အထူးသဖြင့် စုန့်ဘုရင်သည် ဤနေရာတွင် ရှိနေစဉ် ဝမ်ချောင်က မြင်းကို ကိုင်ထားခဲ့သည်မှာ ကံကောင်းသွားသည်။
“ဟား ဟား.. ကောင်းမွန်တဲ့ သားရဲတိုက်ခိုက်ရေးမြင်းကို ပြုစုပျိုးထောင်ရတာ မလွယ်ဘူး.. ယခုကစပြီး သူရဲ့အရိုးနဲ့ ကြွက်သားတွေကို ပြေလျော့သွားစေဖို့ ကောင်းစွာ နှိပ်နယ်ပေးရမယ်.. ဒါ့အပြင် မင်းဟာ သူရဲ့ စွမ်းအင်ပင်လယ်ကို ဖွင့်ဖို့ မူလစွမ်းအင်ကိုလည်း အသုံးပြုပေးရမယ်.. မင်းအတွက် တော်ဝင်နန်းတော်က ဝိညာဉ်သားရဲတွေအတွက် အထူးပြင်ဆင်ထားတဲ့ ကျင့်ကြံခြင်းနည်းစနစ် ငါရထားတယ်..သူ့ရဲ့ ခွန်အား၊ အရှိန်နှင့် ခံနိုင်ရည်ကို မြှင့်တင်ဖို့ ကူညီပေးလိမ့်မယ်.. ယူလိုက်ပါ”
သူ့လက်ချောင်းများကို ပွတ်ဆွဲလိုက်ရင်းဖြင့် လက်ဖဝါးအရွယ်ခန့်ရှိ အဖြူရောင်စာရွက်တစ်ရွက်သည် ဝမ်ချောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် အရှင်”
ဝမ်ချောင်က စာရွက်ကို ကိုင်ရင်း ရယ်မောလိုက်သည်။ စာရွက်လေးတစ်ရွက်မျှသာ ရှိသော်လည်း ၎င်း၏တန်ဖိုးသည် တံလျှပ်ဖြူထက် မည်သို့မျှ မယုတ်လျော့ကြောင်း သူသိသည်။
“ဟုတ်သားပဲ အရှင်.. ငါမင်းကို ပေးစရာရှိတယ်”
ဝမ်ချောင် ရုတ်တရက် တစ်ခုစုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
“အိုး.. အဲဒါဘာများလဲ”
ဘုရင်ဆောင်း၏ စိတ်ဝင်စားမှုများမြင့်တက်လာသည်။
ဝမ်ချောင်သည် ဘာမျှ မပြောခဲ့ပေ။ သူသည် မြင်းကလေးကို စာကြည့်ခန်းထဲသို့ အတူခေါ်သွားကာ အစောပိုင်းက ယန်ကျိုးပေးခဲ့သော သစ်သားသေတ္တာကို ယူထုတ်လိုက်သည်။
“ဒါက.. ချီဘုရင်ရဲ့ စာတွေပဲ.. ဒါဆို ကြင်ရာတော်ထိုက်ကျန်းက ငါ့ကို တကယ်အကူအညီပေးနေတာပေါ့”
သေတ္တာထဲမှ စာလုံးများကို ကြည့်လိုက်ရင်း စုန့်ဘုရင် တွေးတောမိသွားသည်။
ကြင်ရာတော်ထိုက်ကျန်းကြောင့် စုန့်ဘုရင်သည် ယခင်က ‘မျက်နှာသာရသွားခြင်း’ ဖြစ်သည်။ ထို့အပြင် သူ့ကို ပြန်လည်ခန့်အပ်ရသည့် အကြောင်းရင်းမှာလည်း သူမကြောင့် ဖြစ်သည်။ ထိုသည်မှာ စုန့်ဘုရင်၏ ရင်တွင်း၌ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ကျန်ရစ်ခဲ့စေသည်။
“အင်း..ယန်ကျိုးက ဒီစာတွေကို ငါ့ဆီ ပေးခဲ့တယ်.. ဒါက ဒီစာတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်လည်း ဖြစ်နိုင်တယ်”
ဝမ်ချောင် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
တကယ်တော့ ယန်ကျိုးသည် ဝမ်ချောင်ကို ဒီစာတွေပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်သည် သူ့ကို စုန့်ဘုရင်ထံ လွှဲပြောင်းပေးစေရန် ဖြစ်သည်။
“ဟဲဟဲ.. ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကြင်ရာတော်ထိုက်ကျန်းက ချီဘုရင်နဲ့ ရုန်ကလန်အစား ငါတို့နဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့တယ်.. ဒါက ငါတို့အတွက် အကျိုးရှိတယ်မဟုတ်လား”
စုန့်ဘုရင်သည် စာရွက်များကို ခေါက်ပြီး သိမ်းလိုက်ရင်း ရယ်နေသည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာသည်
..
ညသည် တဖြည်းဖြည်း နက်လာသော်လည်း ဝမ်ကလန်၌ ဆူညံနေမှုက မတိတ်သွားခဲ့ပေ။ တစ်ခုခုဆိုလျှင် ပိုတက်ကြွလာပြီး ပိုအသက်ဝင်လာပုံရသည်။
ဝမ်ချောင်၏ဦးငယ်သည် ထန်းရှု့တောင်သို့ ပြန်သွားခဲ့ပြီး သခင်ကြီးနှင့်သခင်မကြီးတို့သည် ခရိုင်လေးခုသံရုံးသို့ ရောက်နေကြသည်မှလွဲ၍ ဝမ်ကလန်၏အဖွဲ့ဝင်အားလုံး ဤနေရာ၌ ရှိနေကြသည်။
စုန့်နှင့်ဝမ်ကလန်တို့၏နောက်တွင် မရေမတွက်နိုင်သော မျိုးဆက်သစ်အဖွဲ့ဝင်များစွာ ရှိနေကြသည်။ သူတို့သည် နေ့ဘက်တွင် တစ်ယောက်နှင့်တစ်ယောက် လွမ်းဆွတ်နေခဲ့ကြရပြီး သဘာဝကျစွာပင် သူတို့သည် ညဘက်၌ ဤမျှကြီးမားသောကိစ္စရပ်ကို လက်မလွတ်နိုင်ကြပေ။
စုန့်ဘုရင်၊ လုထင်၊ ဘဏ္ဍာစိုးတို့နှင့်အတူ လူတစ်အုပ်လုံးက စားပွဲကြီးလေးလုံးတွင် အတူတူထိုင်နေကြပြီး ဟင်းအမျိုးအစားပေါင်း ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိသည်။ လူအပေါင်းများစွာတို့သည် ပျော်ရွှင်စွာ စားသောက်နေကြသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဤသည်မှာ ဝမ်ချောင်အတွက် အပျော်ရွှင်ရဆုံးစားသောက်ပွဲ ဖြစ်သည်။
“အရှင် ကျွန်တော် အကျဉ်းကျနေတုန်းက အရှင် ကတိပေးခဲ့တဲ့ ကိစ္စကို သတိရသေးလား”
ညစာစားပွဲကြီးပြီးသွားသည်နှင့် စုန့်ဘုရင် ထွက်ခွာခါနီးတွင် ဝမ်ချောင်က ရုတ်တရက်မေးလိုက်သည်။
“ဟဲဟဲ မှတ်မိတာပေါ့.. ပြောပါ မင်းရဲ့တောင်းဆိုမှုကို ငါလိုက်လျောပေးမယ်”
စုန့်ဘုရင် ရယ်မောလိုက်သည်။
ဝမ်ချောင်သည် လက်ရှိအချိန်တွင် စုန့်နှင့်ဝမ်ကလန်တို့၏ အထူးချွန်ဆုံး မျိုးဆက်သစ်လူငယ်ဖြစ်ပြီး စုန့်ဘုရင် မြင့်မားစွာ မျှော်မှန်းထားသော အနာဂတ် ‘စစ်ဖက်ဆိုင်ရာအကြံပေး’ ဖြစ်သည်။ ကြင်ရာတော်ထိုက်ကျန်း အဖြစ်အပျက်ပြီးနောက်တွင် စုန့်ဘုရင်သည် ဝမ်ချောင်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ မစိုးရိမ်တော့ပေ။
“အရှင်က ကျွန်တော့်အစ်ကိုကြီး ဝမ်ဖုကို မဟာထန်အနောက်တောင်ဘက်ဆီကို စေလွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဖြစ်နိုင်ရင် သူနဲ့အတူ အဖေ့ကိုလည်း ထည့်လိုက်ပါ”
ဝမ်ချောင်သည် ခေါင်းငုံ့ကာ လေးနက်စွာ တောင်းဆိုလိုက်သည်။
ညဘက်တွင် ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ပုစဉ်းရင်ကွဲအော်သံများပင် ပျောက်ကွယ်သွားပုံ ရသည်။
ဝမ်ချောင်နှင့် စုန့်ဘုရင်မှလွဲ၍ အခြားမည်သူမျှ ဤနေရာတွင် မရှိပေ။
“ဘာလို့လဲ”
စုန့်ဘုရင်သည် အံ့အားသင့်သွားပြီး ဝမ်ချောင်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ ဝမ်ချောင်သည် ထိုသို့သော တောင်းဆိုမှုကို ပြုလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါ မင်းအစ်ကိုကြီးရဲ့ဆန္ဒလား”
စုန့်ဘုရင်၏ပထမဆုံးတုံ့ပြန်မှုသည် ဝမ်ဖုသည် ဝမ်ချောင်ကို အနောက်တောင်ဘက်သို့ စေလွှတ်ရန်တောင်းဆိုခြင်း ဖြစ်နိုင်သည်။
“အဲသလို မဟုတ်ပါဘူး”
ဝမ်ချောင်သည် ခေါင်းယမ်းရင်း လေထဲသို့ မြည်တမ်းလိုက်သည်။
“အရှင်က ဒီကိစ္စကို ကျွန်တော့်အစ်ကိုကြီးဆီကနေ လျှို့ဝှက်ထားပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”
လတ်တလောတွင် ဧကရာဇ်၏မျက်လုံးများသည် မြောက်ပိုင်းယင်တောင်တန်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ တစ်ရက်တည်းတွင် ကြီးထွားလာသော တူရကီခမ်ကနှိတ်၊ ကျန့်ရှို့ကွေနှင့် အရှေ့ပိုင်းကာကွယ်ရေးတပ်ချုပ်၊ ဂိုစုန့်ကျီနှင့် မြောက်ပိုင်းကာကွယ်ရေးတပ်ချုပ်တို့ အပေါ်တွင် အာရုံစိုက်ထားသည်။
လက်ရှိအခြေအနေတွင်ရှိနေသည့် ဧကရာဇ်၏အဓိကစစ်ပွဲများ ဖြစ်သည်။
သို့သော် ဝမ်ချောင်သည် ဧကရာဇ်၏ အပြင်းထန်ဆုံး ရှုံးနိမ့်မှုကို ခံရမည့်နေရာသည် မြောက်ဘက်မဟုတ်ဘဲ အနောက်တောင်ဘက်တွင် ဖြစ်ကြောင်း သိထားသည်။
ထိုတိုက်ပွဲသည် အင်ပါယာတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို တုန်လှုပ်သွားစေလိမ့်မည်ဖြစ်သည်။ သူ၏သက်ရောက်မှုများသည် လာမည့် ဆယ်စုနှစ်အနည်းငယ်အထိ ဆက်လက် တည်ရှိနေဦးမည်ဖြစ်သည်။
ဝမ်ချောင်သည် ဤတိုက်ပွဲကို တားဆီးနိုင်မည်လားမသိပေ။ ထို့ကြောင့် သူ တတ်နိုင်သမျှ အကောင်းဆုံးပြုလုပ်ရန်မှာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုသာဖြစ်သည်။
ဝမ်ချောင်သည် သူ၏ယခင်ဘဝ၌ ဤစစ်ပွဲတွင် မပါဝင်နိုင်ခဲ့ဘဲ မဟာထန်ကို ကာကွယ်ရန် သူ၏ခွန်အားကို ကန့်သတ်၍ မြှုပ်နှံထားခဲ့ရသောကြောင့် နောင်တကြီးစွာ ရနေခဲ့သည်။
ထို့ကြောင့် သူသည် ဤဘဝတွင် ထိုစစ်ပွဲကို လက်မလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
“ဝမ်ချောင် မင်းက ငါ့ကို တကယ်စိတ်ရှုပ်ထွေးစေတယ်”
ဝမ်ချောင် ဆက်မပြောလိုတော့သည်ကို မြင်လိုက်လျှင် စုန့်ဘုရင်သည် ခေါင်းခါရုံသာ တတ်နိုင်သည်။ တခြားတစ်ယောက်ကသာ ဤကဲ့သို့ ထူးထူးဆန်းဆန်း တောင်းဆိုမှုမျိုးကို တောင်းဆိုခဲ့ပါက သူ လျစ်လျူရှု ထားပေလိမ့်မည်။
သို့သော်လည်း ဝမ်ချောင်သည်တော့ မတူပါချေ။
သူနှင့်ဆက်ဆံခဲ့သည့် လအနည်းအငယ်အတွင်း စုန့်ဘုရင် အနက်ရှိုင်းဆုံး သိရှိနားလည်ခဲ့သည့်အရာမှာ ဝမ်ချောင်၏ ထူးကဲသော အတွေးအခေါ်နှင့် အမြော်အမြင်ရှိခြင်းပင် ဖြစ်သည်။ ကြင်ရာတော်ထိုက်ကျန်းသည် သူ့ကို တရားဝင်ပြန်လည် ခန့်အပ်ခြင်းအတွက် ပြောကြားပေးရန် ကြင်ရာတော်ထိုက်ကျန်းကို ဆွဲဆောင်နိုင်သူမှာ မည်သူမျှ ရှိနိုင်မည်မထင်ပေ။
သို့တိုင် ဝမ်ချောင်သည် ထိုသည်ကို တွေးမိပြီး ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ သူသည် ထိုအရာကို အောင်မြင်နိုင်ခဲ့သည်။
စုန့်ဘုရင်သည် ဝမ်ချောင်၏တောင်းဆိုမှုများကို ခန့်မှန်းရန် သာမန်အသိများကို မသုံးဝံ့ပေ။
“စိတ်ချပါ ငါမင်းအတွက်လုပ်ပေးမယ်.. စစ်မှုထမ်းစီရင်ရေးဌာန နာမည်ကို သုံးပြီး သူတို့ကို ပြန်လည်နေရာချထားလိုက်ရင် မင်းရဲ့အစ်ကိုကြီးအတွက် စိတ်ပူစရာမလိုပါဘူး.. ဒါပေမဲ့ မင်းရဲ့အစ်ကိုကြီးက စစ်မြေပြင်မှာ တိုက်ပွဲဝင်ချင်နေခဲ့တာ.. မင်းက သူ့ကို အနောက်တောင်ဘက်ဆီမှာ နေရာချထားပေးတဲ့သူဆိုတာ သူသိသွားတဲ့အခါ သူ ဒေါသထွက်မှာ မကြောက်ဘူးလား”
စုန့်ဘုရင်သည် အရွှန်းဖောက်လိုက်သည်။
သူ့အစ်ကိုကြီးကို တခြားနေရာတွင် ပြန်လည်နေရာချထားရန်မှာ ဝမ်ချောင်သည် တကယ့်ကို သတ္တိရှိသည်။
“အနောက်တောင်ဘက်မှာ စစ်ပွဲတစ်ခု စောင့်နေတယ်”
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
“အိုး..”
စုန့်ဘုရင်သည် ဝမ်ချောင်ကို လေးနက်စွာ စိုက်ကြည့်လိုက်သော်လည်း မကြာမီ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လုထင်နှင့် ထွက်မသွားမီ ဝမ်ချောင်၏ပုခုံးကို ပုတ်လိုက်သည်။
သူတို့နှစ်ဦးသည် ဝမ်မိသားစုဂေဟာမှ ဖြည်းညှင်းစွာ ထွက်ခွာသွားကြပြီး အရိပ်များအောက်တွင် တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့ကြသည်။
စုန့်ဘုရင် ထွက်ခွာသွားသောအခါ ဧရိယာထဲတွင် ဝမ်ကလန်၏ အဖွဲ့ဝင်များသာ ကျန်နေခဲ့သည်။ ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သောအခါ ဝမ်းကွဲဝမ်လျန်သည် မဏ္ဍပ်အောက်တွင် တစ်ယောက်တည်းထိုင်နေပြီး ငြီးငွေ့သည့် အမူအရာဖြင့် မြက်ပင်ကို ကိုက်ဝါးနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ချောင်သည် အဒေါ်ကြီးနှင့်ဦးလေးတို့၏ တောင်းဆိုမှုကို ရုတ်တရက် သတိရသွားသဖြင့် သူ့ဆီသို့ လျှောက်သွားလိုက်သည်။
“ဝမ်းကွဲ”
ဝမ်ချောင်သည် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဘာတုန်း”
ဝမ်လျန်သည် ဝမ်ချောင်ကို သိပ်ဂရုမစိုက်ဘဲ အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။ ဤကဲ့သို့ သတိမရှိသူများသည် စကားစမြည် ပြောဆိုခြင်းကို စိတ်မဝင်စားကြဟု ထင်ကောင်းထင်ရသော်လည်း ဤအရာသည် သူတို့၏ ပင်ကိုယ်စရိုက်သာဖြစ်ကြောင်း ဝမ်ချောင် သိသည်။ ထိုအရာသည် လူတိုင်းအပေါ် သူတို့ဆက်ဆံပုံပင် ဖြစ်သည်။
“ဝမ်းကွဲ ငါ့ကို အဒေါ်ကြီးနဲ့ ဦးလေးတို့က မင်းကို ရှာခိုင်းလိုက်တယ်”
ဝမ်ချောင် ပြုံးလိုက်သည်။
“ဟမ် အဲဒါကို ငါသိတယ်”
ဝမ်လျန် ပြန်ဖြေလိုက်သည်။ သူသည် အရူးတစ်ယောက်မဟုတ်ပေ။ ဝမ်ချောင် သူ့ကို စကားလာပြောသည့် အချိန်အတည်းက သူခန့်မှန်းပြီး ဖြစ်သည်။
“မင်းရဲ့သစ်သားပန်းပုလုပ်ငန်းက မအောင်မြင်လို့ ရွှေတုံးတစ်ရာလောက် ဆုံးရှုံးသွားရတယ်လို့ ငါကြားခဲ့တယ်”
ဝမ်ချောင် မေးလိုက်သည်။
ဝမ်းကွဲဝမ်လျန်ကို ပွင့်ပွင့်လင်းလင်း ပြောသည်မှာ အကောင်းဆုံးပင်။ ဝမ်ချောင်သည် သူ့ကို နှစ်ဘဝစာ သိလာခဲ့သောကြောင့် ဝမ်းကွဲသည် အပေါ်ယံတွင် မြင်ရသကဲ့သို့ မဟုတ်ကြောင်း သူသိသည်။
“ဟမ် အဲဒါအတွက် ကျေးဇူးတင်ပါတယ်.. ငါ့အဖေက မင်းနဲ့အလုပ်တွဲလုပ်လို့ ပိုက်ဆံနည်းနည်းရခဲ့တယ်လို့ ငါကြားတယ်.. သူက ငါ့ရဲ့ဆုံးရှုံးမှုတွေကို ပြန်ဆပ်ဖို့ ကူညီပေးခဲ့တယ်”
ဝမ်လျန်သည် ထိုစကားကို ပြောနေစဉ် စိတ်ဓာတ်ကျသော ပုံရိပ်တစ်ခု သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက ချမ်းသာသည့် ကုန်သည်တစ်ဦး ဖြစ်ချင်ခဲ့သည်။ သို့သော်လည်း သူ၏ရည်မှန်းချက်များသည် သူ၏အရည်အချင်းထက် ပိုနေပုံရသည်မှာ သနားစရာ ဖြစ်ပြီး သူ ပါဝင်လုပ်ကိုင်ခဲ့သော လုပ်ငန်းအများစုမှာ ကျရှုံးသွားခဲ့သည်။
“အဲဒါအတွက် မင်းငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး.. မင်း တိုင်းခြားကို ခရီးထွက်ဖို့ စိတ်ဝင်စားလားလို့ မေးဖို့ ငါဒီကို ရောက်လာတာပဲ”
ဝမ်ချောင် မေးလိုက်သည်။
“ငါ့အဖေက မင်းကို အဲဒါပြောခိုင်း လိုက်တာလား”
ဝမ်လျန် မေးလိုက်သည်။ သူ့အနာဂတ်အတွက် သူ့မိဘများက စီစဉ်ပေးတာသည်ကို သူ မကြိုက်ပေ။
“အဲဒီလို မဟုတ်ဘူး.. ဒါက ငါ့အတွက် တိုင်းခြားမှာ တချို့အရာတွေကို ပြန်ယူလာပေးမယ့်သူလိုနေလို့ပဲ”
ဝမ်ချောင်သည် တိုင်းခြားကျွန်းများပေါ်တွင် သူတွေ့ရှိခဲ့သည့် အဖိုးတန်ရတနာများကို ပြန်ယူလိုကြောင်း ပြောလိုက်သည်။
ကမ္ဘာပေါ်တွင် မဟာဓားသုံးချောင်း ရှိသည်။ ဝုသံမဏိဓား (ဒမတ်စကတ်ဓား)၊ မလေးခရစ်ဓားနှင့် ဂျပန်နိုင်ငံမှ နီဟွန်တိုတို့ဖြစ်သည်။ အချိန်ကာလ ခြားနားမှုကြောင့် များစွာသောအရာများ ပြောင်းလဲသွားခဲ့သော်လည်း အချို့သော အရာများသည် ယခင်အတိုင်းပင် ရှိနေသေးသည်။
ဝမ်ချောင်သည် ကျောက်စိမ်းရိုင်းသံမဏိဓားကို ရရှိထားပြီးဖြစ်သောကြောင့် မလေးခရစ်ဓားကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဤလက်နက်ကို လူသိများရခြင်း အကြောင်းရင်းမှာ ဓားကိုင်ဆောင်သူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဓားသမားဖြစ်သည်ဆိုသည့် အချက်ကြောင့် မဟုတ်ပေ။ သူ့ကို ထုတ်လုပ်ရန် အဆင့်မြင့်နည်းနစ်များကို အသုံးပြုခဲ့ခြင်းကြောင့်လည်း မဟုတ်ပေ။ ယင်းအစား သူ့ကို ဖန်တီးရာတွင် အသုံးပြုသည့် ပစ္စည်းများကြောင့် ဖြစ်သည်။
ဝုသံမဏိဓားကဲ့သို့ပင် မလေးခရစ်ဓားသည်လည်း သူ့ကို ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ပစ္စည်းများကြောင့် လူသိများသည်။
ဝုသံမဏိဓားသည် ဟိုက်ဒရာဘတ်သတ္တုရိုင်း၏ ဂုဏ်သတ္တိကြောင့် ကမ္ဘာပေါ်တွင် အချွန်ထက်ဆုံး ထက်ရှမှု ရှိခြင်းကြောင့် လူသိများသည်။
တစ်ဖက်တွင်မူ မလေးခရစ်ဓားသည် သူ၏ မာကျောမှုအတွက် လူသိများသည်။ သို့ရာတွင် ထိုအရာသည် ဟိုက်ဒရာဘတ်သတ္တုရိုင်းများနှင့် ကွဲပြားသည်။ ဤအရာ၏ ပိုင်ဆိုင်မှုသည် ကောင်းကင်ဘုံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
--မလေးခရစ်ဓားသည် ပြိုင်ဘက်ကင်းအဖိုးတန် ဥက္ကာခဲဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်မှသည် အိန္ဒိယအထိ ကျွန်းများတစ်လျှောက်တွင် သံဥက္ကာခဲများ အများအပြား ပြန့်ကျဲနေခဲ့သည်။ ထိုအရာများသည် ထိုနေရာ မည်သည့်အချိန်က ပေါ်လာသည်ကို မည်သူမျှ မသိကြပေ။
အချိန်အတော်ကြာသည်အထိ ထိုအရာများကို သာမန်ကျောက်တုံးများကဲ့သို့ သဘောထားပြီး မည်သူကမျှ ဂရုမစိုက်ကြပေ။ သို့သော် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် အဆိုပါကျောက်တုံးများကို လက်နက်ပြုလုပ်ရာတွင် အသုံးပြုနိုင်ကြောင်း နယ်ခံများက မတော်တဆ တွေ့ရှိခဲ့သည်။
ဤကမ္ဘာကြီးတွင် ဖိလစ်ပိုင်မရှိပေ။ ဝမ်ချောင်သည် ယခုဘ၀တွင်ဖြစ်စေ၊ အရင်ဘဝတွင်ဖြစ်စေ သူသည် တိုင်းခြားသို့ ခရီးမသွားခဲ့ဖူးပေ။
သို့ရာတွင် ဟိုက်ဒရာဘတ်သတ္တုရိုင်းများသည် ဤကမ္ဘာပေါ်တွင် တည်ရှိနေသောကြောင့် ထိုဥက္ကာခဲများသည်လည်း ရှိနိုင်သည်။ ဤကဲ့သို့ဖြစ်နိုင်ချေမှာ အမှန်ဖြစ်လာပါက ထိုအရာသည် ကြီးမားသော ကံကောင်းမှုကြီးပင်ဖြစ်သည်။
ထိုဝေးလံခေါင်သီသောကျွန်းများပေါ်တွင် ပြန့်ကျဲနေသော ထောင်ပေါင်းများစွာသော သံဥက္ကာခဲကြီးများအကြောင်း တွေးကြည့်ပြီးနောက် ထိုသည်ကို သူမှလွဲ၍ အခြားမည်သူမျှ မသိသေးသည်ကို တွေးကြည့်ရုံမျှဖြင့် ဝမ်ချောင်သည် မတတ်နိုင်စွာ စိတ်လှုပ်ရှားသွားသည်။
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း ၁၈၃ ဝမ်ချောင်၏အနာဂတ်နောက်လိုက်များ။
ဤသည်မှာ စစ်မှန်သောပိုင်ရှင်မဲ့ ရတနာများဖြစ်ပေသည်။
ဝမ်ချောင်သည် ထိုသည်ကိုမည်သူနှင့်မျှ ယှဉ်ပြိုင်ရန် မလိုအပ်၊ ထို့အတွက် မည်သည့်စာချုပ်တွင်မျှ လက်မှတ်ရေးထိုးရန်လည်း မလိုအပ်ပေ။ သူ လုပ်ရန် လိုအပ်သည့်အရာအားလုံးမှာ သူတို့ကို ရှာဖွေပြီး သင်္ဘောဖြင့် ပြန်ယူခဲ့ရန်ပင် ဖြစ်သည်။
ဝုသံမဏိကို အချွန်ထက်ဆုံးလက်နက်အဖြစ် ထုလုပ်နိုင်သကဲ့သို့ ဤကောင်းကင်ယံဥက္ကာခဲများကိုလည်း ခိုင်ခံ့သော ချပ်ဝတ်တန်ဆာများအဖြစ် ထုလုပ်နိုင်သည်။
ထိုကျွန်းများပေါ်ရှိ သံမဏိဥက္ကာခဲများ၏ပမာဏမှာ ထောင်နှင့်ချီ၍ ရှိပြီး ခံနိုင်ရည်အားကောင်းသော သတ္တုသံချပ်ကာများကို ထုလုပ်ရန် လုံလောက်သည်ထက် ပိုပေသည်။
မဟာထန်စစ်တပ်သည် ထိုကဲ့သို့ ခိုင်ခံ့သည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ပြီး ချွန်ထက်သည့် ဝုသံမဏိဓားများကို ကိုင်စွဲလိုက်ပါက ထိုအရာသည် ရပ်တန့်၍ မရနိုင်သော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤအရာသည် အစကတည်းက ဝမ်ချောင်၏ စိတ်ထဲတွင် ဆွဲထားသည့် အစီအစဉ်ဖြစ်ပြီး သူသည် ဤပန်းတိုင်သို့ ရောက်နိုင်ရန် အလုပ်လုပ်နေရခြင်းပင် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ သမုဒ္ဒရာသည် အလွန်အန္တရာယ်များသော နေရာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းတွင် အခြေအနေများ လုံးဝပြောင်းလဲသွားနိုင်သည်။ ပင်လယ်ပြင်ရှိ အခြေအနေများသည် ကျော်လွှားရန် ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။
ထို့အပြင် ဝမ်ချောင်၌ ပင်လယ်အကြောင်းကို နားလည်သဘောပေါက်သူ သို့မဟုတ် အနည်းဆုံး ဤစိန်ခေါ်မှုကို ကျေကျေနပ်နပ် ခံယူလိုသူ ရှိရန် လိုအပ်ပေမည်။
ဝမ်ချောင်ကိုယ်တိုင် ထိုနေရာကို သွားရန် မဖြစ်နိုင်ပေ။ ဤနေရာတွင် သူကိုင်တွယ်ရမည့် ကိစ္စများရှိနေပြီး သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲ၍ မရပေ။ ထို့ကြောင့် ဝမ်ချောင်သည် ဝမ်လျန်ဘက်သို့ လှည့်လိုက်ခြင်းဖြစ်သည်။
“ဒါဆို မင်းက ဒီတိုင်းတစ်ပါးက ကျောက်တုံးတွေကို မင်းအတွက် ပြန်ယူလာစေချင်တာလား”
ဝမ်ချောင်၏ အကျဉ်းချုံးပြောကြားချက်ကို ကြားလိုက်ရသောအခါ ဝမ်လျန်သည် သံသယဖြင့် မေးလိုက်သည်။
“ဒါအမှန်ပဲ.. သမုဒ္ဒရာထဲမှာ စွန့်စားခန်းနဲ့အတူ ကြီးမားတဲ့အန္တရာယ်တွေက ကပ်ပါလာနိုင်တယ်.. ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ၊ ပင်လယ်အတွင်းမှာရှိတဲ့ သားရဲတွေ၊ ရေကြောင်းသွားလာမှုတွေ.. ဒါတွေ အားလုံးဟာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်တယ်ဆိုတာ မင်းကို သက်သေပြလိမ့်မယ်.. မင်းဆန္ဒမရှိရင် ငါ မင်းကို အတင်းအကျပ် တိုက်တွန်းမှာမဟုတ်ဘူး.. ဒါပေမဲ့ လက်ခံဖို့ရွေးချယ်ခဲ့ရင် မင်းအတွက် လိုအပ်မယ်ထင်တဲ့ လမ်းညွှန်တစ်ယောက်၊ သင်္ဘောတစ်စီး၊ ကျွမ်းကျင်သူတွေနဲ့ ခရီးအတွက် လိုအပ်တဲ့ ရိက္ခာပစ္စည်း စတဲ့ အရင်းအမြစ်အားလုံးကို ငါပြင်ဆင်ပေးမယ်..”
ဝမ်ချောင် ပြောလိုက်သည်။
“ဒါက ငွေဘယ်လောက်ကုန်မယ်ဆိုတာ မင်းသိရဲ့လား”
ဝမ်လျန် မေးလိုက်သည်။
“ငါသိတယ်”
ဝမ်ချောင် ရယ်မောလိုက်သည်။ ဤခရီးသည် အလွန်ကြာမြင့်မည်ဖြစ်ပြီး ဝမ်ချောင်၏ အကောင်းဆုံး ခန့်မှန်းတွက်ချက်မှု၌ပင် အသွားအပြန်ခရီးတစ်ခုကို အနည်းဆုံး တစ်နှစ်ခွဲကြာမြင့်မည် ဖြစ်သည်။
သုံးစွဲရသည့် အရင်းအမြစ်များသည် ခရီးစဉ်၏ကြာချိန်နှင့် တိုက်ရိုက်အချိုးကျနေမည်ဖြစ်ကာ ထို့အပြင် သင်္ဘောစရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များစွာကိုလည်း ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ စုစုပေါင်း ကုန်ကျစရိတ်ကို ပေါင်းလိုက်လျှင် ရွှေတုံး သုံးသိန်း၊ လေးသိန်းဖြင့်ပင်လျှင် မလုံလောက်နိုင်သေးပေ။
တစ်ဦးသည် ရေကြောင်းကုန်သွယ်ရေးကိုသာ အဓိကကုန်သွယ်သည့် ကလန်မှ မဟုတ်ပါက အခြားသောကလန်အများစုသည် ဤမျှ အရင်းအနှီးကြီးမားသည့် အန္တရာယ်ထဲသို့ မစွန့်စားလိုကြပေ။
“ဒါပေမယ့် အဲဒါက ငါ့အတွက် အဆင်ပြေပါတယ်”
ဝမ်ချောင် ပြောလိုက်သည်။
“မင်း တကယ်ကြီးလား”
ဝမ်ချောင်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး။
“ငါတို့က ဆွေမျိုးတွေပါ.. ငါ မင်းကို ဒီလိုကိစ္စလေးနဲ့ လိမ်မှာမဟုတ်ဘူး”
“ခဏလောက် စဉ်းစားခွင့်ပေးပါ”
ဝမ်လျန်၏ အတွေးများသည် ဝရုန်းသုန်းကား ဖြစ်သွားသည်။ သူသည် မြို့တော်တွင် တစ်သက်လုံးနေခဲ့ရပြီး တိုင်းခြားသို့ စွန့်စားရန် တစ်ခါမျှမတွေးခဲ့ဖူးချေ။
ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာများဆီသို့ ဦးတည်ကာ စိုက်ပျိုး၍ မရသောကျွန်းများဆီသို့ ခရီးထွက်ခြင်းသည် သူ ယခင်က တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးသောအရာ ဖြစ်သည်။
ဝမ်ချောင်၏ အဆိုပြုချက်သည် ရုတ်ချည်းပင်။
“ရတာပေါ့”
ဝမ်ချောင် ရယ်မောလိုက်သည်။
“ဒါပေမယ့် မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းဆုံးဖြတ်ချက်မချမီ ဒီကိစ္စကို အကြီးဆုံးဦးလေးနဲ့ ဒေါ်လေးတို့ကို တွေ့ဆုံဆွေးနွေးဖို့ ငါမျှော်လင့်တယ်”
ထိုစကားများကို ပြောပြီးနောက် ဝမ်ချောင်သည် သူ့အခန်းထဲသို့ ဝင်သွားခဲ့သည်။
“ဝမ်ချောင်”
သို့သော်လည်း ဝမ်ချောင်မတ်တပ်ထရပ်ကာ ထွက်ခွာသွားစဉ်မှာပင် ဝမ်းကွဲဝမ်လျန်၏ အသံသည် အနောက်မှ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ဝမ်ချောင်သည် တအံ့တသြဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ကို အလွန်တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ့ဘဝကို ပိုကောင်းသည်ဖြစ်စေ ပိုဆိုးသည်ဖြစ်စေ ပြောင်းလဲသွားစေမည့် ဆုံးဖြတ်ချက်တစ်ခုကို ချရန် သူ၏စိတ်ပိုင်းဖြတ်မှုများအားလုံးကို စုစည်းလိုက်ကာ သူ့နှုတ်ခမ်းသည် အပေါ်သို့ တွန့်ကွေးသွားခဲ့သည်။
“ငါ့စိတ်ကို ပြင်ဆင်ပြီးပြီ.. ဒီကိစ္စမှာ ငါ မင်းကို ကူညီမယ်.. မင်းက အဲဒီ သံဥက္ကာခဲအပိုင်းအစတွေကို သွားယူခိုင်းစေချင်တာမလား”
ဝမ်လျန်သည် ပထမဆုံးပြောတုန်းက သူ့အသံသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။ သို့သော် သူဆက်ပြောသည်နှင့်အမျှ လိပ်ပြာတစ်ကောင်သည် သူ၏ပိုးအိမ်မှလွတ်မြောက်ရန် ရုန်းကန်နေသကဲ့သို့ သူ၏အသံသည် တဖြည်းဖြည်း ခိုင်မာလာသည်။
အဆုံးတွင်တော့ ဝမ်လျန်သည် ထူးထူးခြားခြားဖြစ်ဖို့ မျှော်လင့်နေသေးသည်။ စွန့်စားမှုများ၊ ရည်မှန်းချက်များနှင့် ထူးခြားသောအတွေ့အကြုံများ၊ ဤအရာများသည် သူ၏စိတ်ဝိညာဉ်ကို နိုးထစေခဲ့သည်။
ဝမ်လျန်ကို ငေးကြည့်ရင်း ဝမ်ချောင်၏ နှုတ်ခမ်းပါးများသည် ဖြည်းညှင်းစွာ ကွေးသွားခဲ့၏။
..
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင် လွတ်မြောက်လာပြီးနောက် တစ်ရက်တာက ကုန်ဆုံးသွားခဲ့သည်။ သို့သော် ထိုကိစ္စ၏ သက်ရောက်မှုသည် မပြီးသေးပေ။
“သခင်လေးကို အရိုအသေပေးပါတယ်”
ဒုတိယနေ့နံနက်တွင် ဝမ်ချောင်ရပ်နေသော လှေကားထိပ်ဆီသို့ ရိုသေစွာ ဦးညွှတ်နေကြသည့် ဝမ်မိသားစုဂေဟာ၏ ခြံဝင်းထဲ၌ တစ်ရာ သို့မဟုတ် တစ်ရာထက်ပိုသော ယောက်ျားပျိုနှင့် မိန်းမပျိုများ ရပ်နေကြသည်။
“လူတွေအများကြီးပဲ”
သူနှင့်သက်တူရွယ်တူ သို့မဟုတ် အသက်ပိုကြီးသော လူငယ်အများအပြားသည် သူ့အောက်တွင် ရပ်နေကြသည်ကို မြင်လိုက်ရသောအခါ ဝမ်ချောင်အံ့အားသင့်သွားခဲ့သည်။
“ဟဲဟဲ မင်းက နောက်လိုက်တချို့ကို စုဆောင်းနေတယ်လို့ မပြောခဲ့ဘူးလား..ဒီကောင်လေးတွေက သူတို့သဘောနဲ့သူတို့မင်းနောက်လိုက်ဖို့ရောက်လာကြတာပါ”
ခြံဝင်းထဲတွင် အကြီးအကဲရီ၊ ဟုမြို့စားနှင့် အခြားအကြီးအကဲအချို့သည် ရယ်မောပျော်ရွှင်စွာ ပြောဆိုရင်း မုတ်ဆိတ်မွေးများကို လက်ဖြင့်သပ်နေကြသည်။
“သခင်လေး ငါတို့က ကိုယ့်သဘောနဲ့ကိုယ် လာခဲ့ကြတာပါ”
“သခင်လေးကို ငါတို့က အကူအညီပေးချင်ပါတယ်”
“သခင်လေးအတွက် အလုပ်လုပ်ပေးရတာ ဂုဏ်ယူပါတယ်”
..
ယောက်ျားပျိုနှင့် မိန်းမပျိုတို့သည် လေးစားမှုဖြင့် ပြည့်နေသည့် လေသံဖြင့် ပြောလိုက်ကြသည်။ လှေခါးအထက်တွင် ရပ်နေသည့်လူကို ရံဖန်ရံခါ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေသည့် သူတို့မျက်လုံးများ၌ ပြည့်နှက်နေသည့်အရာမှာ လေးစားအားကျခြင်းပင်။ သူတို့သည် ဝမ်ချောင်ကို သူတို့၏ စံပြပုဂ္ဂိုလ်ဟု မှတ်ယူထားကြသည်။
“ဟဲဟဲ ဒီမှာငါတို့ကလန်ခုနှစ်ခုတင်ဘူး တခြားကလန်ကလူတွေလည်း လူအုပ်ထဲမှာပါဝင်တယ်.. ဒီလူငယ်တွေကြားထဲမှာ မင်းရဲ့အဆင့်အတန်းက ဘယ်လောက်မြင့်မားတယ်ဆိုတာ မင်းတွေးကြည့်လို့တောင် မရဘူး.. သူတို့က မင်းကို သူရဲကောင်းတစ်ဦးလို မှတ်ယူထားကြတယ်.. မင်း သူတို့ကို ဒီအချိန်မှာ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချခိုင်းရင်တောင် သူတို့မတွေဝေဘဲ လုပ်ကြလိမ့်မယ်”
ဝမ်ချောင်တစ်ဦးသာ ကြားနိုင်သည့် တိတ်တဆိတ် လေသံဖြင့် အကြီးအကဲလူအိုကြီးရီက ပြောလိုက်သည်။
အမှန်တော့ သူဤကဲ့သို့ပြောရန် မလိုအပ်ပေ။
ဝမ်ချောင်သည် ထိုသည်ကို ထိုလူငယ်များ၏ ပြတ်သားသော မျက်ဝန်းထဲ၌ မြင်နိုင်သည်။ ဝမ်ချောင်သည် သူ၏ အကျဉ်းချခံရခြင်းကိစ္စသည် သူ့အဘိုးလက်အောက်ငယ်သားဟောင်းများ၏ မျိုးဆက်သစ်များကို သိမ်းပိုက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် ဝမ်ချောင်၏ ရည်မှန်းချက်များနှင့် ကိုက်ညီနေသည်။
တော်ဝင်နန်းတော်ရှိ အဖိုး၏ဂုဏ်ကျက်သရေနှင့် ဩဇာအာဏာသည် သူ့အပေါ် မမြင်နိုင်သော ထီးတလက် ဆောင်းထားသကဲ့သို့ဖြစ်စေသည်ကို ဝမ်ချောင်သိနားလည်ခဲ့ပြီး၊ ဤထီးဆောင်းခြင်း၏အကျိုးသက်ရောက်မှုများသည်လည်း လျင်မြန်စွာဖြင့်ပြသေနေသည်။
ဤသည်မှာ ပထမအသုတ်သာ ဖြစ်ဖွယ်ရှိသည်။ နောင်တွင် သူ၏အမိန့်ပေးမှုအောက်သို့ နောက်ထပ်များစွာ ရောက်ရှိလာနိုင်ဖွယ် ရှိသည်။ ဤသည်မှာ ဂုဏ်သိက္ခာရှိသော ကလန်တစ်ခု၏ သြဇာလွှမ်းမိုးမှုနှင့် စုစည်းမှုစွမ်းရည်ဖြစ်သည်။
ဝမ်ချောင်သည် ဝမ်ကလန်၏ သြဇာအာဏာကို တဖြည်းဖြည်းနှင့် အမွေဆက်ခံလာခဲ့သည်။
နောင်တွင် ဤလူများသည် သူ၏သစ္စာအရှိဆုံး လူယုံများ ဖြစ်လာပေလိမ့်မည်။
ဤအတွေးဝင်လာသည်နှင့် ဝမ်ချောင်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ဤအနည်းငယ်သော အရေးမပါသည့် အပြုအမူသည် ခြံဝင်းအတွင်းရှိ လူတိုင်းကို ချက်ခြင်း ဖမ်းစားလိုက်နိုင်သည်။
အကြီးအကဲရီ၊ ဟုမြို့စားမင်းနှင့် အခြားသူများသည်လည်း စူးစူးစိုက်စိုက် ကြည့်လာကြသည်။
“ကျွန်တော်ကို တော်ဝင်အကျဉ်းထောင်မှာ ဘာလို့ အကျဉ်းချထားတယ်ဆိုတာ အားလုံးက သိချင်နေကြမယ်လို့ ယုံကြည်ပါတယ်”
သူ့ရှေ့ရှိ လူစိမ်းအယောက်တစ်ရာကို ကြည့်လိုက်ပြီး ဝမ်ချောင်သည် သူ့နောက်လိုက်များအတွက် ပထမဆုံး မိန့်ခွန်းစကားကို စတင်လိုက်သည်။
ဤလူများသည် သူ့အကြောင်းကို တော်တော်များများ ကြားဖူးကြသော်လည်း သူ့ကို သိသည်ဟု ဆိုရန်အတွက်မူ ဝေးကွာနေသေးသည်။
ဝမ်ချောင်သည် သူ၏အတွေးအမြင်ကို သူတို့အား ကိုယ်တိုင်ကိုယ်ကျ အသိပေးရန် လိုအပ်သည်။
“ငါတို့ဟာ ငယ်ရွယ်သေးပြီး စွမ်းဆောင်နိုင်စွမ်းလည်း မရှိသေးဘူး.. ဒီနေရာမှာ ရှိနေကြတဲ့ ငါတို့တစ်ဦးချင်းစီဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်စေဖို့ ဆန္ဒရှိပေမယ့် အဲလိုလုပ်ဆောင်ဖို့ ငါတို့မှာ ခွန်အားမရှိကြသေးဘူး.. ဒါကြောင့် ငါတို့ဟာ ငါတို့ရဲ့ ကိုယ်ကျင့်တရားအပေါ်မှာသာ မှီခိုနိုင်ပြီး ငါတို့ ယုံကြည်တဲ့အရာတွေ မမှားယွင်းစေဖို့ ငါတို့ဟာ မှန်ကန်တဲ့စကားလုံးတွေကို အသုံးပြုကြရမယ်.. ဒါပေမဲ့ ငါဟာ အနာဂတ်မှာ မင်းတို့အားလုံးကို စစ်မြေပြင်ကို ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ပြီး ငါတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်နဲ့အတူ ငါတို့ဟာ မဟာထန်ကို ခြိမ်းခြောက်မှု အားလုံးကနေ ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“တိုင်းပြည်ကြီးဟာ ကြီးမားတဲ့အန္တရာယ်ထဲ ကျရောက်နေပြီး ဟန်နဲ့ဟူတို့ရဲ့ ရန်ပွဲဟာ ရေခဲတောင်ရဲ့ အစွန်အဖျားသာ ရှိပါသေးတယ်.. ငြိမ်သက်နေတဲ့ ရေမျက်နှာပြင်အောက်မှာ ပုန်းအောင်းနေတဲ့ စိတ်ကူးမယဉ်နိုင်လောက်တဲ့ အန္တရာယ်တွေဟာ နက်ရှိုင်းစွာ ဖြစ်ပွားနေပါတယ်”
“ငါတို့ မြင်နိုင်တာထက် ကျော်လွန်နေတာကြောင့် အဲဒါတွေဟာ တည်ရှိနေတာ မဟုတ်ဘူးလို့ မဆိုလိုဘူး.. ငါတို့ဟာ အေးချမ်းပြီး သာယာဝပြောတဲ့ခေတ်မှာ နေထိုင်နေတာကြောင့် ငါတို့ဟာ လုံခြုံဘေးကင်းနေတယ်လို့ မဆိုလိုဘူး.. ဒီအချိန်မှာ မင်းတို့ရွေးချယ်စရာနှစ်ခုရှိတယ်.. မင်းတို့ ဘာမှမလုပ်ဘဲနဲ့ ဖြစ်လာမယ့်အရာတွေကို ထိုင်စောင့်နေနိုင်သလို ကံကြမ္မာကို ဆုပ်ကိုင်ပြီး ကိုယ့်လူမျိုးကို ကိုယ့်အစွမ်းအစနဲ့ ကာကွယ်ဖို့ ရွေးချယ်နိုင်တယ်”
“ဒီအကြောင်းပြချက်ကြောင့် ဒီနေ့ ဒီနေရာမှာ မင်းတို့အားလုံးကို ဖိတ်ခေါ်လိုက်ရတာပဲ”
“မင်းတို့ ငါ့နောက်ကို လိုက်ရင် မင်းတို့ကို ချမ်းသာခြင်းနဲ့ မြင့်မြတ်မှုတွေရရှိဖို့အတွက် ငါအာမမခံနိုင်ဘူး.. ဒါပေမယ့် မင်းတို့ကို မျိုးချစ်တွေအဖြစ် အသိအမှတ်ပြုခံရဖို့ ငါအာမခံနိုင်တယ်.. မင်းတို့ကို ဘယ်သူမှ သတိမရရင်တောင် ဒီမြေကြီးက မင်းတို့ကို ထာဝရသတိရနေမှာပါ”
ဝမ်ချောင်၏ အသံသည် ကျယ်လောင်ပြီး ပြတ်သားလှသည်။ အယောက်တစ်ရာရှိသော လူငယ်များအားလုံးကို ဘေးဖယ်ထားလိုက်လျှင် အကြီးအကဲရီ၊ ဟူမြို့စားကြီးနှင့် အခြားသူများ အားလုံး ကြက်သေသေသွားကြသည်။
ဝမ်ချောင် မိန့်ခွန်းပြောတော့မှန်း သူတို့သိသော်လည်း သူ့စကားများသည် ထိုလောက် ထိရှလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ တခဏတာ အံ့အားသင့်သွားပြီးနောက်တွင် လူအုပ်ကြီး၏ နှလုံးသားထဲ၌ လေးစားမှုများ ပို၍တိုးလာသည်။
လူငယ်များ၏ ဝမ်ချောင်ကို ကြည့်နေသော အကြည့်များသည် ပို၍လေးစားလာကြပြီး ပို၍ချစ်ခင်လာကြသည်။ သူတို့အမြင်၌ ဝမ်ချောင်သည် အစစ်အမှန် သူရဲကောင်းတစ်ယောက် ဖြစ်လာသည်။
အပ်နှင်းခံရသော ဗိုလ်ချုပ်အယောက်တစ်ရာကို သူ့အတွက် အသက်ပေးဆပ်ရန် စွမ်းဆောင်နိုင်ခဲ့ပြီး အရာရှိများနှင့် ဟန်ဗိုလ်ချုပ်များကို သူ့အတွက် အပြင်းအထန် တိုက်ခိုက်ရန် စွမ်းဆောင်နိုင်သူ မည်သူမဆို စစ်မှန်သော သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုထိုက်သည်။
ဝမ်ချောင်၏မိန့်ခွန်း၊ သူ၏စွမ်းဆောင်ရည်နှင့် ယခင်က အောင်မြင်မှုများနှင့်အတူ လူစုလူဝေးကြီး၏ ယုံကြည်မှုနှင့် အသိအမှတ်ပြု ချီးကျူးမှုကို သိမ်းပိုက်လိုက်နိုင်သည်။
“ချောင်သခင်လေး.. ငါ မင်းအတွက် တကယ်ပေးဆပ်ချင်ပါတယ်”
“မြို့စားကြီးကျူးရဲ့ မျိုးဆက်အနေနဲ့ လူတိုင်းရဲ့နှလုံးသားကို စည်းလုံးစေနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ ဩဇာတိက္ကမကို ပိုင်ဆိုင်ထားပါပေတယ်”
“ငါ့ရဲ့ငွေနှစ်ထဲကို ရောက်ပြီးနောက်မှာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်ကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး.. သူ့ရဲ့တည်ရှိနေမှုက တိုင်းပြည်ရဲ့ကံကြမ္မာဖြစ်သလို ငါတို့အားလုံးရဲ့ ကံကြမ္မာလည်း ဖြစ်တယ်”
..
အကြီးအကဲများသည် ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည်။ ဝမ်ချောင်၏ စကားနောက်ကွယ်ရှိ ဝမ်းနည်းပူဆွေးမှုကို နားမလည်နိုင်သော်လည်း သူ၏ အားမာန်ပြည့်ဝသော စကားလုံးများသည် သူတို့၏ နှလုံးသားထဲသို့ နစ်မြုပ်သွားခဲ့သည်။
မသိလိုက်ဘဲ လူတိုင်းသည် ဝမ်ချောင်ကို ရင်းနှီးချစ်ခင်လာခဲ့ကြပြီး သူ့ကို ကာကွယ်ကူညီရန် စိတ်ဆန္ဒများ ပေါက်ဖွားလာခဲ့ကြသည်။
မကြာမီပင် ဝမ်ချောင်၏ စီစဉ်မှုအောက်၌ လူငယ်တစ်ရာကို ဝမ်မိသားစုဂေဟာ၏ အစောင့်တစ်ယောက်က ဝိညာဉ်သွေးကြောဆီသို့ ခေါ်ဆောင်သွားလိုက်တယ်။
သူတို့နောက်ကျောကို ကြည့်လိုက်ရင်း ဝမ်ချောင်သည် မတတ်နိုင်ဘဲ အနည်းငယ် စိတ်ကူးယဉ်လိုက်မိသည်။
အကြီးအကဲရီ၊ ဟုမြို့စားကြီးနှင့် အခြားသူများသည် ဝမ်ချောင်ကို အဆိုးမြင်လွန်းသည်ဟု ထင်ကြသော်လည်း လူငယ်များသည် သူ့စကားများကို အပြည့်အဝ နားမလည်ကြသော်လည်း ဝမ်ချောင်သည်တော့ သူ၏စကားများအတိုင်း နောက်ဆုံးတွင် ဖြစ်လာမည်ကို သိနေသည်။ ရက်စက်ကြမ်းကြုတ်သည့် အမှန်တရားတစ်ခုကို လူတိုင်းသည် နောက်ဆုံးတွင် ရင်ဆိုင်ကြရပေလိမ့်မည်။
မဟာထန် တွေ့ကြုံရမည့် အန္တရာယ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် များစွာကျော်လွန်နေသည်။ အများဆုံး ဖြစ်နိုင်သည်မှာ ယခုထွက်ခွာသွားကြသူများ၏ ထက်ဝက်သည် နောက်ဆုံးတွင် အင်ပါယာ၏ နယ်နိမိတ်၌ ထာဝရအိပ်စက်ခြင်းသို့ ကျရောက်သွားဖွယ် ရှိသည်။
‘တိုင်းပြည် ရှင်သန်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မည်သို့ လျစ်လျူရှုနိုင်မည်နည်း’ ဟု သူတို့ စိတ်ကြိုက် ရွေးချယ်ခဲ့ကြသည်၊ ထို့ကြောင့် ဤလမ်းကို ဆက်လျှောက်ရန်ကလွဲ၍ သူတို့၌ အခြားရွေးချယ်စရာ မရှိတော့ပေ။
ယင်းသည် ဝမ်ချောင်အတွက်လည်း မှန်သည်။
ဝမ်ချောင်သည် ထိုအတွေးများကို သူ့ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
“သူ့ကို ဝင်ခိုင်းလိုက်ပါ”
ဝမ်ချောင် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး အပြင်ဘက်ရှိ အစောင့်များကို လက်ပြလိုက်သည်။
ခဏအကြာတွင် အနည်းငယ် ပိန်ပါးသည့် အသွင်သဏ္ဌာန်သည် အထဲဝင်လာသည်။
ဝမ်ချောင်သည် အနီးကပ်ကြည့်သောအခါတွင် တစ်ဖက်လူသည် တော်ဝင်အကျဉ်းထောင်မှ သူကယ်တင်ခဲ့သော ကျန်းမုနျန် ဖြစ်သည်ကို သူသိလိုက်ရသည်။
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း ၁၈၄ ကျန်းမုနျန်၏လျှို့ဝှက်ချက်။
“ကျန်းမုနျန်က သခင်လေးဝမ်ကို ဂါရဝပြုပါတယ်။ အသက်ကယ်ပေးလို့ ကျေးဇူးတင်ရှိပါတယ်”
ဝမ်ချောင်ကို တွေ့လိုက်ရသောအခါ ကျန်းမုနျန်သည် လေးစားစွာ အရိုအသေပြုလိုက်သည်။
“ခင်ဗျားပဲ..”
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ ပျော်ရွှင်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ မုန့်လုံသည် သူ့ကို သူနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူတစ်ဦး အပြင်ဖက်၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေသည်ဟုသာ တင်ပြထားခဲ့သည်။
“လူကြီးမင်း လာ ထိုင်ပါဦး”
ကျန်းမုနျန်သည် သူ့ကိုလာမရှာခဲ့လျှင်သော်မှ သူသည် ကျန်းမုနျန်ကို ရှာဖွေရပေလိမ့်မည်။ ထိုသည်မှာ သူ့ကျေးဇူးကို ပြန်ဆပ်ရန် တောင်းဆိုချင်၍ မဟုတ်ဘဲ တခြားကိစ္စကြောင့်ဖြစ်သည်။
ကျန်းမုနျန် ရောက်လာခြင်းသည် ဝမ်ချောင်ကို ဒုက္ခများစွာ သက်သာစေသည်။
ဝမ်ချောင်သည် ကျန်းမုနျန်ကို ဧည့်ခန်းထဲသို့ ခေါ်ဆောင်လာကာ ထိုင်ခုံ၌မထိုင်မီ အစေခံကို လက်ဖက်ရည်တစ်ခွက် ဖျော်ခဲ့ရန် ညွှန်ကြားလိုက်သည်။
“သခင်လေး မနေ့က မင်းလွတ်မြောက်မှုအပေါ် ဂုဏ်မပြုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်.. မနေ့က မင်းဆီကို လာလည်ဖို့ ရည်ရွယ်ထားပေမယ့် တံခါးခေါက်နေကြတဲ့ အထက်တန်းလွှာကလူတွေကို တွေ့လိုက်ရတော့ မနှောက်ယှက်ရဲခဲ့ဘူး.. ဒါကြောင့် ဒီနေ့ကို အစားထိုးပြီး မင်းဆီကို လာလည်ဖို့ ရွေးချယ်လိုက်တာ”
ကျန်းမုနျန်က ပြောသည်။
“ဟားဟား ဒါဆို လူကြီးမင်းက မနေ့ကတည်း ဒီကို ရောက်နေတာပေါ့.. ခင်ဗျား ရောက်လာတာကို အစီရင်ခံလိုက်ရင် ကျွန်တော်က ခင်ဗျားကို လူကိုယ်တိုင် ကြိုဆိုမှာပေါ့”
ဝမ်ချောင်သည် ကျန်းမုနျန်၏စကားကို ကြားပြီး မျက်ခုံးပင့်လိုက်မိသည်။
“ခင်ဗျား အခုဘယ်မှာ နေနေသလဲဆိုတာ ကျွန်တော် သိလို့ရမလား”
“ဒါက..မြို့အနောက်ဘက် တောအုပ်တစ်ခုနားက လှိုဏ်ဂူတစ်ခုမှာပါ”
ကျန်းမုနျန်သည် ဝမ်ချန်ထိုကဲ့သို့ မေးခွန်းမျိုး မေးလာမည်ဟု မထင်ထားချေ။ ထို့ကြောင့် သူသည် ခဏတာ တွန့်ဆုတ်နေခဲ့ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“ဘာ..”
ဝမ်ချောင် တွေဝေသွားခဲ့သည်။ ဧကရာဇ်၏ယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိထားသောကြောင့် ဂိုကုန်းကုန်းသည်လည်း အလွန်ဩဇာညောင်းသည်။ ဝမ်ချောင်သည် တစ်ဖက်လူက ကျန်းမုနျန် လွတ်မြောက်ပြီးနောက် ရှင်သန်ရပ်တည်နိုင်ရန် ငွေတုံးအနည်းငယ် ထောက်ပံ့ပေးမည်ဟူ၍ တွေးထင်ခဲ့သည်။
“သူ့လို အလုပ်များတဲ့လူတစ်ယောက်က အာရုံစိုက်စရာတွေ အရမ်းများတာဖြစ်နိုင်တယ်.. အဲဒီလူရဲ့အဆင့်အတန်းအရ ဒီလိုသေးငယ်တဲ့ကိစ္စကို သတိမထားမိတာဟာ အံ့ဩစရာတော့မဟုတ်ဘူး.. သူက ကျန်းမုနျန်ဟာ ငါနဲ့သိတဲ့ လူအိုတစ်ယောက်သာဖြစ်ပြီး အဲဒါကြောင့် ငါက သူ့အတွက် စီစဉ်ပေးခဲ့တယ်လို့ တွေးထင်နေတာဖြစ်မယ်--- ငါ အဲဒါကို လျစ်လျူရှုလိုက်မိတာပဲ”
ထိုသည်ကို သဘောပေါက်ရန် ဝမ်ချောင်သည် အချိန်သိပ်မယူလိုက်ရပေ။
တစ်ဖက်လူ၏နောက်ခံ၊ အဆင့်အတန်းနှင့် အရှိန်အဝါအရ ရွှေတုံးအနည်းငယ်ကို ရေကြီးခွင်ကျယ် လုပ်နေမည် မဟုတ်ပေ။ အဖြစ်နိုင်ဆုံးအရာမှာ သူသည် ထိုကိစ္စကို သတိမထားမိခြင်း သို့မဟုတ် နားမလည်ခြင်း ဖြစ်နိုင်သည်။
“ဒါဆို လူကြီးမင်းက အနာဂတ်မှာ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”
ဝမ်ချောင်မေးလိုက်သည်။
ကျန်းမုနျန် တိတ်ဆိတ်သွားသည်။ သူသည် ဝမ်ချောင်၏မေးခွန်းမှာ ဖြေဆိုရန် အလွန်ခက်ခဲမှန်း တွေ့လိုက်ရသည်။ အားလုံးပြီးနောက် တော်ဝင်အကျဉ်းထောင်မှ အခုလေးတင်ထွက်လာသော အကျဉ်းသားတစ်ယောက်အတွက် မည်သို့သော အနာဂတ် ရှိနိုင်မည်နည်း။
အစတွင် ကျန်းမုနျန်သည် သူ၏မွေးရပ်မြေသို့ ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ဝေးကွာလှသည့် အကွာအဝေးနှင့် သူ့တွင် ပိုက်ဆံပြတ်နေသည်ကို ဘေးဖယ်ထားလိုက်လျှင် သူသာပြန်ခဲ့ပါက သူ၏လက်ရှိဂုဏ်သတင်းအရ ရွာသားများက သူ့ကို လက်ခံနိုင်မည် မထင်ပေ။
ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် သူမည်သို့ဆက်လုပ်ရမည်နည်း။
“အဲလောက်ထိ မတွေးထားသေးဘူး.. ငါ့ခြေလှမ်းတွေကို ငါပြန်ရေတွက်လိုက်ဦးမယ်”
ကျန်းမုနျန် သက်ပြင်းချလိုက်သည်။ ထောင်၌ပင်လျှင် သူသည် ဤမျှလောက်ထိ မထိတ်လန့်ခဲ့ပေ။ သူဘယ်နေရာသို့ သွားရမည်နည်း၊ သူဘာလုပ်ရမည်နည်း၊ ဘာကိုမျှော်လင့်ရမည်နည်း သူ့တွင် အကြံဉာဏ်မရှိပေ။
“လူကြီးမင်း ခင်ဗျား ဘယ်မှသွားစရာမရှိရင် ကျွန်တော့်နောက် ဘာလို့မလိုက်ရမှာလဲ”
ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။
“သခင်လေး ကျွန်တော့်ကို နောက်နေတာလား”
ကျန်းမုနျန် အံ့အားသင့်သွားခဲ့သည်။ သူသည် သူကိုယ်သူ လှောင်ပြောင်ကာ ပြောလိုက်သည်။
“ကျွန်တော်က အခုလူအိုကြီးတစ်ယောက်သက်သက်ပါပဲ.. ကျွန်တော်က ဘယ်လိုတန်ဖိုးမျိုးကို ပိုင်ဆိုင်ထားနိုင်မှာလဲ..”
ဝမ်ချောင် ရယ်မောလိုက်သည်။ သူ့ကမ်းလှမ်းချက်သည် ကျန်းမုနျန်အတွက် အလေးအနက်ထားရန် မြန်လွန်းနေသည်ကို သူ နားလည်သော်လည်း သူသည် လက်လျှော့လိုက်ရန် ရည်ရွယ်ချက်မရှိပေ။
သူသည် သူ့ဘေးစားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို မလိုက်ကာ မော့ချလိုက်သည်။
“လူကြီးမင်းက စိုက်ပျိုးရေးဌာနမှာ အလုပ်လုပ်ခဲ့ပြီး ရွှေတုံးနှစ်သောင်း အလွဲသုံးစားလုပ်မှုနဲ့ ထောင်ကျခဲ့တယ်လို့ ကြားခဲ့တယ်”
လက်ဖက်ရည်ခွက်ကိုချလိုက်ရင်း ဝမ်ချောင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဝှမ်..
ထိုစကားများကို ကြားလိုက်ရသည်နှင့် ကျန်းမုနျန်၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး သူ၏ခေါင်းသည် တုန်ခါလာသည်။ ဤအရာသည် သူ၏စိတ်ထဲရှိ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
တစ်ချိန်တုန်းက သူသည် ပြင်းပြင်းထန်ထန် အရိုက်ခံရသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ထုတ်မပြောခဲ့ချေ။
“မင်း.. မင်း.. ဒါကို မင်း ဘယ်လိုသိတာလဲ”
ကျန်းမုနျန်သည် သူ့နဖူးမှ ချွေးများစီးကျလာကာ ဝမ်ချောင်အား ကြောက်ရွံ့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်တော် ခင်ဗျားကို ဘာမှအတင်းအကြပ်လုပ်ခိုင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး”
ဝမ်ချောင် တည်ငြိမ်စွာပြောလိုက်သည်။
စိုက်ပျိုးရေးအရာရှိငယ်တစ်ဦး ဖြစ်သော်ငြားလည်း ရွှေတုံးနှစ်သောင်းကို အလွဲသုံးစားလုပ်ရန် သတ္တိရှိခဲ့သည်။ ထိုပမာဏသည် ဝမ်ချောင် မချမ်းသာသေးသည့်အချိန် ဝမ်ကလန်အတွက်ပင်လျှင် ကြီးမားသည့်ပမာဏ ဖြစ်သည်။
အဆိုပါကိစ္စရပ်၏ အသေးစိတ်ကို နားမလည်သော သူများအတွက်မူ ကျန်းမုနျန်သည် ဥပဒေကို လေးစားလိုက်နာခြင်းမရှိဟု ထင်နေပေလိမ့်မည်။ သို့သော်လည်း ဝမ်ချောင်သည်တော့ သူ့လုပ်ရပ်နောက်ကွယ်ရှိ အဓိပ္ပာယ်သည် လုံးဝကွဲပြားသည်ကို သိရှိထားသည်။
“ကျွန်တော် မမှားရင် ရွှေတုံးနှစ်သောင်းကို လယ်သမားတွေကို လျော်ကြေးပေးဖို့ သုံးခဲ့တယ် ဟုတ်တယ်မလား”
ဝမ်ချောင်သည် ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူ့စကားများသည် ကျန်းမုနျန်ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ထိမှန်သွားသည်။
“မင်း ဘယ်လိုသိတာလဲ”
ထိုစကားများသည် ကျန်းမုနျန်၏ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။ ဤအခိုက်အတန့်တွင် သူသည် သူ၏နှလုံးသားအတွင်းမှ ဖုံးကွယ်ထားသော အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို တစ်စုံတစ်ဦးမှ တူးဖော်လိုက်သကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေမိသည်။
အကယ်၍ ဝမ်ချောင်သည် ရွှေတုံးနှစ်သောင်း အလွဲသုံးစားလုပ်မှုကြောင့် အကျဉ်းချခံရသည်ဟူသောအမှန်တရားကို ထုတ်ဖော်လိုက်ပါက သူ့ကို ရှက်ရွံ့စေသည်ဆိုလျှင် လက်ရှိအခြေအနေသည် သူ့အား မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။
အပြစ်ဒဏ်စီရင်ဌာနကပင် ငွေများ၏တည်နေရာကို ခြေရာခံနိုင်ခြင်းမရှိပေ။
သို့သော် သူ့ရှေ့ရှိ လူငယ်သည်တော့ အတိအကျ ထောက်ပြနိုင်ခဲ့သည်။
အကယ်၍ ဤသည်မှာညဘက်ဆိုလျှင် ကျန်းမုနျန်သည် ဆိုးရွားပြီး သဘာဝလွန်အရာတစ်ခု ဖြစ်ပွားနေသည်ဟု ကျန်းမုနျန်က ထင်ကောင်းထင်နေပေမည်။
“ဒါက တကယ့်ကိုပဲ”
ဝမ်ချောင်သည် အံ့အားသင့်နေသော ကျန်းမုနျန်ကို လျစ်လျူရှုလိုက်ပြီး ထိုအစား သက်ပြင်းမောကြီးချလိုက်သည်။ ကျန်းမုနျန်သည် သူကိုယ်တိုင်အတွက် ပိုက်ဆံအများကြီးသုံးရန် မဖြစ်နိုင်ပေ။
အမှန်တကယ်တွင် ဝမ်ချောင်သည် သူ၏ရာဇ၀တ်မှု အစီရင်ခံစာကို ကြည့်ရှုပြီးသည်နှင့် အမှုတစ်ခုလုံးကို ကောက်ချက်ချပြီး ဖြစ်သည်။ ခြေရာမကျန်ခဲ့ဘဲ ငွေကြေးများစွာ အလွဲသုံးစားလုပ်ရန်မှာ မဖြစ်နိုင်ပေ။
နောက်အကယ်၍ သဲလွန်စများကျန်ခဲ့လျှင် ပြစ်ဒဏ်စီရင်ရေးဌာနမှ ပညာရှင်များက ထိုသည်ကို ချက်ချင်း သိမ်းဆည်းသွားမည် ဖြစ်သည်။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ.. ဤလူသည် မည်သည့်ငွေကိုမျှ အလွဲသုံးစားမပြုခဲ့ပေ။
မည်သည့်နယ်ပယ်တွင်မဆို ပြောင်းလဲမှုကြီးများဖြစ်ပေါ်လာစေရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံထားရမည် ဖြစ်သည်။
ပြောင်းလဲရန်လမ်းကြောင်းများသည် ကွေ့ကောက်နေပြီး မှန်ကန်သောလမ်းကြောင်းကိုရှာဖွေရာတွင် အဆက်မပြတ်ကျရှုံးမှုများမှာ ရှောင်လွှဲ၍မရပေ။ ထို့ကြောင့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပေသည်။
ဤကမ္ဘာတွင် ဝမ်ချောင်မှလွဲ၍ ကျန်းမုနျန်ကိုယ်တိုင်အပါအဝင် မည်သူကမျှ ကျန်းမုနျန်၏ ဆယ်စုနှစ်များစွာ လျှို့ဝှက်စမ်းသပ်မှုများ၏ နောက်ကွယ်ရှိ အရေးပါမှုကို မသိခဲ့ကြပေ။
ဝမ်ချောင်၏ အစီအစဉ်တွင် ကျန်းမုနျန်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူ့အခန်းကဏ္ဍ၏ အရေးပါမှုသည် ဟိုက်ဒရာဘတ်သတ္တုရိုင်းများနှင့် ပင်လယ်ရပ်ခြားရှိ သံဥက္ကာခဲများထက် များစွာသာလွန်နေပါသည်။
‘မဟာယင်ယန်ကောင်းကင်ဘုံဖန်တီးခြင်းနည်းစနစ်’ နှင့် ‘နတ်ဘုရားများနှင့်နတ်ဆိုးများကိုပျက်သုန်းစေခြင်းနည်းစနစ်’ တို့ပင်လျှင် နှိုင်းယှဉ်၍မရနိုင်ပေ။
အစားအစာသည် ယဉ်ကျေးမှုအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကျင့်ကြံခြင်းသည်သာ အုပ်စိုးသော ဤကမ္ဘာတွင် လူတိုင်းသည် ခွန်အား၊ ရပ်တည်မှု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်သိက္ခာနှင့် စွမ်းအားတို့ကို လိုက်လံရှာဖွေရင်း အလွန်အလုပ်ရှုပ်နေကြသည်။ ထိုသို့ရှာဖွေနေစဉ်တွင် ၎င်းတို့အားလုံးထက် များစွာကျော်လွန်သော တန်ဖိုးရှိသည့် အခြေခံအုတ်မြစ်တစ်ခုတည်းကိုသာ သူတို့လျစ်လျူရှုခဲ့ကြသည်။
၎င်းသည် အထင်ကြီးစရာမကောင်းသော်လည်း ဒါသည် ဤကမ္ဘာကြီး၏အခြေခံအုတ်မြစ်ကို လုံးဝပေါ်လွင်စေခဲ့သည်။
ရိက်ခာ..
အင်အားကြီးပြီး သာယာဝပြောသော ဤတိုင်းပြည်တွင် တိုင်းပြည်သားများကို အစားအစာတွင်သာ အာရုံစိုက်စားခိုင်းစေပြီး အပြည့်ဖြည့်ထားသော စပါးကျီများ လွတ်သွားစေရန် အချိန်မည်မျှကြာမည်နည်း။
ဆယ်နှစ်လော။ အနှစ်နှစ်ဆယ်လော။ အနှစ်ငါးဆယ်လော။ အနှစ်တစ်ရာလော။
အဖြေမှန်မှာ ‘နှစ်နှစ်’ဖြစ်သည်။
ဤအမှန်တရားကို ဝမ်ချောင်သည် သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ရသည်။ သူသည် မဟာထန်ကို သူ၏ အကြီးကျယ်ဆုံး ဂုဏ်ကျက်သရေများဖြင့် မြင်တွေ့ခဲ့ရသကဲ့သို့ သူသည် သူ၏ ဆုတ်ယုတ်ပြီး ပြိုလဲနေသည့် အခြေအနေတွင်လည်း မြင်တွေ့ခဲ့ရသည်။
ထိုအခြေအနေနှစ်ခုကြား ကြီးမားသော ခြားနားမှုကို မြင်တွေ့ဖူးသည့် မဟာထန်၏ နိုင်ငံသားမည်သူမဆို ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းတို့ကို ခံစားကြရမည်မှာ အသေအချာပင်ဖြစ်သည်။
ဝမ်ကလန်သည် သူ၏ဂုဏ်ကျက်သရေများ ဆုံးရှုံးသွားပြီးနောက် ဝမ်ကလန်၏ အဖွဲ့ဝင်များသည် အချိန်အတိုင်းအတာ တစ်ခုအထိ ဦးတည်ချက်မဲ့ လှည့်လည်သွားလာခဲ့ရသည်။ ထိုစဉ်က ဝမ်ချောင်သည် နှစ်ရက်သုံးရက်ကြာ အစားမစားရဘဲ နေခဲ့ရပြီး တစ်ခါတစ်ရံတွင် ထို့ထက်ပိုကြာသည်။
ထိုသို့လှည့်လည်သွားလာနေစဉ် ဝမ်ချောင်သည် မရေမတွက်နိုင်သော ပိန်ပိန်ပါးပါး အလောင်းများကို နေရာတိုင်းတွင် စုပုံထားသည်ကို တွေ့ခဲ့ရသည်။ နောက်ဆုံးတွင် ဝမ်ချောင်၏မိခင်ပင်လျှင် အစာငတ်မွတ်ပြီး လဲကျသွားခဲ့ရသည်။ ဝမ်ချောင်သည် သူမ၏နောက်ဆုံးအချိန်တွင် သူမကို လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့ပြီး ယခုအချိန်ထိတိုင် သူမ၏ စိုစွတ်နေသော ပါးပြင်များနှင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို မြင်ယောင်နေသေးသည်။ ထိုမြင်ကွင်းသည် သူ့စိတ်ထဲ၌ ဘယ်တော့မှ ဖျောက်ဖျက်မရနိုင်သည့် မြင်ကွင်းတစ်ခုဖြစ်သည်။
အစားအစာသည် လူသားအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအရာသည် မည်သည့်အချိန် အာကာသတွင် ရှိနေသည်ဖြစ်စေ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်သည့်အချက် ဖြစ်သည်။
ဝမ်ရှီချောင်သည် လီရှီမင်နှင့် တိုက်ခိုက်သောအခါ လျိုယန်နန်းတော်သည် ပိုးထည်များကို တောင်တစ်လုံးထဲတွင် စုပုံထားခဲ့သည်။ သို့သော်လည်း မြို့ထဲတွင် စားနပ်ရိက္ခာမရှိသောကြောင့် သူ့စစ်တပ်သည် လီရှီမင်ကို နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့ရသည်။
ဝမ်ချောင်၏ အခြားအချိန်ကာလမှ မှတ်ဉာဏ်များအရ ၇၇၅ ခုနှစ်တွင် မဟာထန်သည် ငြိမ်သက်နေဆဲ ဖြစ်သည်။ ထန်တိုင်းပြည်၏ ဧကရာဇ်မင်သည် ထိုအချိန်တွင် သိုလှောင်ရုံများကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ရတနာများ၊ လက်နက်များနှင့် ရိက္ခာများကို တောင်တန်းများကြားတွင် စုပုံထားခဲ့သောကြောင့် သူ၏ အလုံးစုံကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။
(ထန်တိုင်းပြည်၏ ဧကရာဇ်မင်သည် ပညာရှင်ဧကရာဇ်၏ အခြားနာမည် ဖြစ်သည်။)
ထို့နောက် တုဖူသည် အရာရှိသုံးပါးနှုတ်ဆက်ခြင်းစာတမ်းကို ရေါ်သားခဲ့သည်။
‘အရက်ကြမ်းအတွက် ခါးခါးသီးသီး တောင်းပန်ပြီး လုပ်ကိုင်သူမဲ့ ပြောင်းဆန်ခင်းတွေကို ညွှန်ပြရင်း စိတ်မကောင်းဖြစ်မိပါတယ်’။ စစ်ပွဲကြီးရောက်လာပြီး လယ်လုပ်သူ မရှိသောအခါ ရိက္ခာသည် ပြဿနာတစ်ခု ဖြစ်လာသည်။ ဟန်လူမျိုးဧကရာဇ်ဝူသည် သူ့လက်ထက်တွင် အရာများစွာ ပြီးမြောက်အောင်မြင်ခဲ့သည်။ ချောင်းနူကို ဖျက်ဆီးပြီး အနောက်တိုင်းဒေသများကို တည်ငြိမ်စေကာ အလယ်ပိုင်းလွင်ပြင် နယ်မြေများကို ကျိုးရှီအထိ တိုးချဲ့ခဲ့သည်။ သို့သော်လည်း စစ်ပွဲတွင် လူသေဆုံးမှု များပြားလှသောကြောင့် လယ်ကွင်းများတွင် လူတစ်ဦးတစ်ယောက်မျှ မကျန်တော့ဘဲ မဟာဟန်သည် ဆုတ်ယုတ်သွားခဲ့ရသည်။
ထို့ကြောင့် သမိုင်းမှတ်တမ်းများတွင် သူ့ကို ‘စစ်ပွဲဆင်နွဲရန် စစ်သားများကို မဆင်မခြင် အသုံးပြုခြင်း’ ဟူသော ပြစ်မှုဖြင့် စွပ်စွဲခဲ့ကြသည်။
စစ်ပွဲသည် နှစ်ဘက်စလုံး၏ စစ်အင်အား၊ စက်ကိရိယာများနှင့် ဖွဲ့စည်းမှုများကြားတွင် ပြိုင်ဆိုင်မှုတစ်ခုမျှသာ မဟုတ်ဘဲ—ရိက္ခာသည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဝမ်ချောင်သည် ဟန်ဧကရာဇ်ဝူ၏ အကြီးမားဆုံးအမှားမှာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သော လူအင်အားကို ထိန်းသိမ်းထားရန် ကြိုတင် တွေးထားခြင်းမရှိဟု ခံစားခဲ့ရသည်။
လုံလောက်သော ရိက္ခာများဖြင့်သာ တိုင်းပြည်၏ စစ်အင်အားကို ထိန်းသိမ်းရန် သို့မဟုတ် တိုးမြင့်ရန် လူဦးရေ တိုးလာနိုင်ပေသည်။
ဟန်၏ဧကရာဇ်ဝူသည် ယင်းကို မမြင်နိုင်သဖြင့် “စစ်တိုက်ရန် စစ်သားများကို မဆင်မခြင်အသုံးပြုခြင်း” ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
ထန်မင်းဆက်သည် နေရာအနှံ့ရန်သူများနှင့် ရင်ဆိုင်နေ၏။ အရှေ့အနောက် တာကီကန်ကနှိတ်၊ ဝူရှန်းအင်ပါယာ၊ ဂိုဂူလျောအင်ပါယာ၊ အက်ဆက်ကယ်လီဖိတ်၊ အာ့ဟိုင်၏ မုန်ရှီကျိုး ဤရန်သူများအားလုံးသည် နှစ်များတစ်လျှောက်လုံး ပိုမိုအားကောင်းလာခဲ့ခြင်း ဖြစ်သည်။
မဟာထန်အတွက် အနာဂတ်တွင် စစ်ပွဲများ မည်သို့ဖြစ်လာမည်ကို မည်သူမျှ မသိခဲ့ကြပေ။
ဤရှည်လျားလှသောစစ်ပွဲတွင် လုံလောက်သော ‘ရိက္ခာ’ ရှိသည့် အဖွဲ့များသာလျှင် ‘အနာဂတ်’ ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
‘ရိက္ခာ’ ဟူသောခေါင်းစဉ်ဖြင့် ပြောရလျှင် ကျန်းမုနျန်ထက် မည်သူမျှ ဤနေရာတွင် ပိုမသိနိုင်ပေ။ ကျန်းမုနျန်ကဲ့သို့ အင်ပါယာကို ကြီးကြီးမားမား ပံ့ပိုးပေးနိုင်သူ မည့်သူမျှ မရှိနိုင်ပေ။
“ဒီလူက အင်ပါယာအတွက် အများကြီး အကျိုးပြုလိမ့်မယ်” ဂိုလီရှီ ရှေ့၌ ဝမ်ချောင်ပြောခဲ့သည့် စကားလုံးများသည် ဗလုံးဗထွေး ပြောခဲ့ခြင်းမဟုတ်ပေ။
ထိုလူသည် အင်ပါယာ၏ ‘အနာဂတ်’ကို သူ့လက်ထဲ၌ ကိုင်ထားသည်။
ဤအတွေးများသည် ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်လာပြီး မကြာမီပင် သူသည် ငြိမ်သက်သွားသည်။
“လူကြီးမင်းကျန့် မင်းရဲ့ စမ်းသပ်မှုတွေအတွက် လုံလောက်တဲ့ ရန်ပုံငွေတွေနဲ့ ထောက်ပံ့မှုတွေ ပေးနိုင်တယ်လို့ ကျွန်တော်ပြောရင် ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ”
ကျန့်မုနျန်ကို စေ့စေ့ကြည့်လိုက်ရင်း ဝမ်ချောင်သည် ရုတ်တရက် ပြောလိုက်သည်။
သူ့စကားကြောင့် ကျန်းမုနျန်သည် ရုတ်ချည်း တုန်လှုပ်သွား၏။
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အခန်း ၁၈၅။ သူ့ဘဝ၏ အကြီးမားဆုံး အစီအစဉ်။
“သခင်လေး.. သခင်လေးက ဒီကိစ္စကို အလေးအနက် ပြောနေတာလား”
ကျန်းမုနျန်သည် သူ့၏တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။
သူသည် နောက်ဆုံးတွင် ထောင်ကျသည်အထိ ဖြစ်စေခဲ့သည့် ရွှေတုံးနှစ်သောင်းကို အလွဲသုံးစားလုပ်ရခြင်း အကြောင်းရင်းမှာ ငွေကြေးထောက်ပံ့မှု မရှိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူသည် အာဏာပိုင်များထံမှ လုံလောက်သော ငွေကြေးနှင့် ကူညီပံ့ပိုးမှုများကိုသာ ရရှိခဲ့ပါက ထိုကဲ့သို့သော အခြေအနေသို့ မည်သို့ ဆင်းသက်နိုင်မည်နည်း။
ထို့ကြောင့် ဝမ်ချောင်၏ အကြံပြုချက်သည် သူ့အား လှုပ်ရှားသွားစေခဲ့သည်။ တခဏအတွင်းမှာပင် သူ့၏စိတ်လှုပ်ရှားမှုက သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်းမှ ဖြစ်ပေါ်လာသော စိုးရိမ်မှုကို ကင်းဝေးသွားစေသည်။
“သေချာတာပေါ့.. ကျွန်တော်သာ ခင်ဗျားကို ကူညီဖို့ ရည်ရွယ်ချက်မရှိရင် ကျွန်တော်ခင်ဗျားကို ကယ်တင်ခဲ့မှာ မဟုတ်ဘူး”
ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ယခင်ဘဝ၌ ဖြစ်စေ၊ လက်ရှိဘဝ၌ဖြစ်စေ ကျန်းမုနျန်သည် အမြဲတမ်း မထင်မရှားသာဖြစ်နေခဲ့ပြီး သူနှင့်ပတ်သက်သည့် သတင်းများ သိပ်မရှိပေ။ တကယ်တော့ သူ့အကြောင်း ဝမ်ချောင်သိသမျှ အရာအားလုံးမှာ သူ သေဆုံးပြီးနောက်တွင် သူ ဖန်တီးထားခဲ့သော ကောက်ပဲသီးနှံများသည် မဟာထန်တစ်ခုလုံး၌ တဖြည်းဖြည်း ပေါ်လာခဲ့ကြောင်းသာ။
သူ၏ ကောက်ပဲသီးနှံများသည် အခြားသီးနှံများထက် အရည်အသွေး မြင့်မားသည်။ အလယ်ပိုင်းလွင်ပြင်ဒေသနှင့် မဟာထန်တို့၏ နောက်ဆုံးကံကြမ္မာကို ပြောင်းပြန်လှန်ရန် မအောင်မြင်ခဲ့သော်လည်း နောက်ဆုံး၌ ဝမ်ချောင်သည် အင်ပါယာအတွက် သူ၏ခွန်အားများကို တိတ်တဆိတ် မြှုပ်နှံထားခဲ့သော ကျန်းမုနျန်ဟု အမည်ရသည့် အာဇာနည်တစ်ဦး ရှိကြောင်းကို သိခဲ့ရသည်။
သူသည် သူ့တစ်သက်တာ၌ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်များကို မခံစားခဲ့ရဘဲ သေဆုံးပြီးသည့်တိုင် သူ၏အောင်မြင်မှုများသည် အသိအမှတ်ပြုခံခဲ့ရခြင်း မရှိချေ။
သို့တိုင် အင်ပါယာအတွက် သူ၏ပံ့ပိုးကူညီမှုသည် အလွန်ကြီးမား၏။
ရှန်မှရှသို့တိုင်၊ ထို့နောက် ကျိုးမှဟန်သို့တိုင် နောက်ဆုံး၌ ချူနှင့်ထန်သို့တိုင် လူသားများသည် အမဲလိုက်ခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ရပ်တည်နိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမုနျန် ကဲ့သို့သော အာဇာနည်များ၏ ပံ့ပိုးကူညီမှုကြောင့် ဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်ဒေသ၏ လက်ရှိသာယာဝပြောမှုသည် သူတို့၏ အသံတိတ် ပံ့ပိုးမှုများကြောင့်သာ ဖြစ်သည်။
ရိက္ခာအရည်အသွေးကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှသည် ရှန် ထက်သာလွန်ပြီး၊ ကျိုးသည် ရှ ထက်သာလွန်ကာ ဟန် သည် ကျိုးထက် သာလွန်သည်။ နောက်ဆုံးတွင် မဟာထန်သို့ ရောက်လာသောအခါ အရည်အသွေးသည် ယခင်မင်းဆက်များထက် ကျော်လွန်နေပြီ ဖြစ်သည်။
သို့တိုင် လက်ရှိစားနပ်ရိက္ခာ ထောက်ပံ့မှုသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ များပြားလှသော လူဦးရေကို လုံလောက်စွာ ထောက်ပံ့နိုင်ရန် ဝေးကွာနေသေးသည်။
ဝမ်ချောင်၏ရည်ရွယ်ချက်မှာ လက်ရှိအခြေခံအုတ်မြစ်ကို ခိုင်မာစွာတည်ဆောက်ပြီး အလယ်ပိုင်းလွင်ပြင်ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ကြီးစွာတိုးတက်နိုင်စေရန် ဖြစ်သည်။
သို့သော်လည်း ယခုလက်ရှိကမ္ဘာတွင် ဤကဲ့သို့ စွမ်းဆောင်နိုင်သူမရှိပေ။
ဝမ်ချောင်၏ မျှော်လင့်မှာ အခြားသော အချိန်ကာလတစ်ခုမှ သူ၏အသိပညာများအပေါ်တွင် မူတည်နေသည်။ ထိုအတိုင်းဆိုရလျှင် ဝမ်ချောင်သည် ဤနယ်ပယ်၌ အထူးမကျွမ်းကျင်ခဲ့သောကြောင့် တစ်ယောက်တည်း သီးသန့်အနေဖြင့် သူသည် မစွမ်းဆောင်နိုင်ပေ။
“ကောင်းလိုက်တာ.. သခင်လေးဝမ်.. မင်း ငါ့ကို လုံလောက်တဲ့ ထောက်ပံ့မှုပေးနေသရွေ့.. ငါ.. ငါ.. ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီး လက်ရှိထက် အထွက်နှုန်း ပိုကောင်းစေရမယ်”
ကျန်းမုနျန်သည် ထိုကိစ္စကို အလေးအနက်တွေးမနေဘဲ ဝမ်ချောင်သည် မည်သည့်အရာကို ရရှိရန် မျှော်လင့်နေသည်ကိုလည်း သူမသိပေ။
ဤအခိုက်အတန့်၌ တစ်စုံတစ်ယောက်သည် သူ့ကို ပံ့ပိုးကူညီလိုစိတ်ရှိကြောင်း သိလိုက်ရပြီးနောက် သူ ခံစားရသမျှမှာ ကြည်နူးမှုတစ်ခုသာ ဖြစ်သည်။
“လူကြီးမင်းကျန်း”
ဝမ်ချောင်သည် အတွေးများကို စုစည်းရင်း ကျန်းမုနျန်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“… စိုက်ပျိုးရေးလုပ်ငန်းမှာ အကြာကြီး လုပ်ကိုင်ခဲ့ပြီးနောက် တခြားသီးနှံတွေထက် အထွက်နှုန်း သိသိသာသာ ပိုကောင်းတဲ့ သီးနှံတွေ ရှိနေတာကို သတိထားမိပါသလား”
“ဒါပေါ့”
ကျန်းမုနျန် အံ့သြသွားသည်။ ဝမ်ချောင်ကဲ့သို့ ချမ်းသာသော လူတစ်ဦးသည် စိုက်ပျိုးရေးအကြောင်းလည်း သိမည်ဟု မမျှော်လင့်ထားပေ။
သို့သော်လည်း ဝမ်ချောင်သည် သူ့ကို ငွေကြေးပံ့ပိုးပေးမည်ဟု ကမ်းလှမ်းနေသည်ကို ကြည့်လိုက်ပါက သူသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက် သိမည်မှာ နားလည်ပေး၍ ရသည်။
“ကျွန်တော်တို့ စိုက်ပျိုးရေးဌာနရဲ့အလုပ်က အထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို ရှာဖွေဖို့ ဖြစ်ပြီး သူတို့ရဲ့မျိုးစေ့တွေကို ရယူပြီး သူတို့ရဲ့အထွက်နှုန်း တိုးတက်စေဖို့ နည်းလမ်းရှာဖွေဖို့ဖြစ်တယ်.. ဒါပေမယ့် ဒီဟာက အချည်းနှီး ဖြစ်သွားခဲ့တယ်.. ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ မျိုးစေ့အတော်များများဟာ ပထမရှာတွေ့တုန်းက အထွက်နှုန်းကောင်းပေမယ့် ပြန်စိုက်လိုက်တဲ့အခါမှာ သူတို့ရဲ့အထွက်နှုန်းက သာမန်အပင်တွေနဲ့ မခြားနားဘူး.. တကယ်တော့ တချို့က အပင်တောင် ပေါက်မလာခဲ့ကြဘူး”
“အပင်တစ်သောင်းကြားက အထွက်နှုန်းကောင်းတဲ့ မှန်ကန်တဲ့အပင်တစ်မျိုးကို ရှာဖွေတွေ့ရှိဖို့ဆိုတာ ကံတရားပေါ်မှာလည်း မူတည်နေသေးတယ်”
ယခင်မင်းဆက်အနည်းငယ်တွင် စိုက်ပျိုးရေးအရာရှိများ၏ တာဝန်မှာ လယ်ကွင်းများသို့ သွားရောက်ကြည့်ရှုပြီး အထွက်နှုန်းကောင်းသည့် သီးနှံများကို ရှာဖွေရန်ဖြစ်သည်။
သို့ရာတွင် ကောက်ပဲသီးနှံများ၏ မျိုးရိုးလိုက်သော လက္ခဏာများသည် ယေဘုယျအားဖြင့် တည်ငြိမ်ပုံမပေါ်ပေ။ တစ်ခါတစ်ရံတွင် ပထမမျိုးဆက်တွင် သီးနှံအထွက်နှုန်းကောင်းခြင်း၊ ဒုတိယမျိုးဆက်တွင် ပုံမှန်အထွက်နှုန်း၊ တတိယမျိုးဆက်တွင် အထွက်နှုန်းပျမ်းမျှအောက်နှင့် စတုတ္ထမျိုးဆက်တွင် အခြားအထွက်နှုန်းကောင်းများ ဖြစ်နိုင်သည်။
ထိုကဲ့သို့သာဖြစ်ခဲ့လျှင် ထိုအရာသည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။ ပထမရိတ်သိမ်းချိန်နှင့် စတုတ္ထရိတ်သိမ်းချိန် ကြားတွင် လူများသည် အစာငတ်ပြီး သေသွားနိုင်သည်။
ထို့အပြင် စတုတ္ထမျိုးဆက်တွင် အထွက်နှုန်းကောင်းများကို ရနိုင်မည်၊ မရနိုင်မည် ဆိုသည်မှာလည်း မသေချာ မရေရာမှုကြီးတစ်ခုဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေးဌာန၏ မျိုးစေ့ရွေးချယ်ခြင်း လုပ်ငန်းစဉ်သည် အခက်အခဲများနှင့် ပြည့်နှက်နေပေသည်။
ကျန်းမုနျန်သည် လယ်ကွင်းများတွင် ကြီးပြင်းခဲ့ရပြီး သူ့မိသားစု၏ အရိပ်အောက်တွင် စားနပ်ရိက္ခာ လုံလောက်မှု၏ အရေးပါမှုကို သူ နားလည်ခဲ့သည်။ ထို့ကြောင့် အထွက်နှုန်းကောင်းသည့် သီးနှံများကို ရှာဖွေရန် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့သည်။
ထို့အတွက်ကြောင့် သူသည် ထောင်ကျခဲ့ရပြီး သေလုနီးပါးပင် ဖြစ်ခဲ့သည်။
“ဒါဆို ပျောက်သွားတဲ့ ရွှေတွေက အထွက်နှုန်းနည်းတဲ့ လယ်သမားတွေကို လျော်ကြေးပေးဖို့ သုံးခဲ့တယ် မဟုတ်လား”
ဝမ်ချောင် မေးလိုက်သည်။
“ဒါအမှန်ပဲ”
ကျန်းမုနျန်သည် ဝမ်ချောင်ကို မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။
မျိုးစေ့ရွေးချယ်ခြင်းသည် အလွန်အန္တရာယ်များသော ကိစ္စဖြစ်သည်။ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်လိုပါက သူသည် စိုက်ပျိုးရာသီတွင် အထွက်နှုန်း နည်းခဲ့သော လယ်သမားများကို ကုန်ကျစရိတ်ကို ပြန်ပေးရမည်ဖြစ်သည်။
ကျန်းမုနျန်သည် တစ်ကြိမ်တည်းဖြင့် ရွှေတုံးနှစ်သောင်းကို အသုံးမပြုခဲ့ပေ။ ဆယ်စုနှစ် နှစ်ခုကျော် တဖြည်းဖြည်းချင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ရွှေတုံးနှစ်သောင်းသည် နောက်ဆုံး ကြေးဒင်္ဂါး ဖြစ်သွားသည်အထိ လယ်သမားများကို ပြန်ပေးခဲ့သည်။
“လူကြီးမင်းကျန့် ခင်ဗျားအထွက်နှုန်းကောင်းတဲ့ သီးနှံတွေနဲ့ ပတ်သက်ပြီး တချို့သီးနှံတွေက ဘာကြောင့် သူတို့အထွက်နှုန်းကို ထိန်းသိမ်းထားနိုင်သလဲ စူးစမ်းခဲ့ဖူးလား”
ထိုကိစ္စကို စဉ်းစားလိုက်ပြီးနောက် သင့်လျော်သော စကားလုံးများကို ရွေးထုတ်ကာ ဝမ်ချောင်သည် မတူညီသော ရှုထောင့်ဖြင့် ကျန်းမုနျန်အား ဂရုတစိုက် တင်ပြလိုက်သည်။
“အာ”
ကျန်းမုနျန် အံ့အားသင့်သွားသည်။ ဤကိစ္စကို အရင်က တစ်ခါမျှ မစဉ်းစားဖူးသည့်အတွက် သူ၏ရွေးချယ်မှု လုပ်ငန်းစဉ်သည် တခြားစိုက်ပျိုးရေးအရာရှိများနှင့် မခြားနားပေ။ ဟိုးရှေးခေတ်ကတည်းက သီးနှံအထွက်နှုန်းများသည် မတည်မငြိမ်ဖြစ်ပြီး သူသည် ထိုမြင်ကွင်းမျိုးကို ကျင့်သားရနေပြီဖြစ်သည်။
ထို့ကြောင့် သူသည် ထိုကိစ္စ၏နောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းကိုမျှ မစဉ်းစားခဲ့ပေ။
“ဒါက… ဒီပြဿနာကို ငါတကယ် မစဉ်းစားခဲ့ဖူးဘူး”
ကျန်းမုနျန် ခေါင်းယမ်းလိုက်သည်။ ဤမေးခွန်းကို တစ်စုံတစ်ဦးမှ ပထမဦးဆုံးအကြိမ် သူ့ထံ တင်ပြလာခဲ့ခြင်း ဖြစ်သည်။
“ဒါဆို ကောက်ပဲသီးနှံတွေက လူတွေနဲ့အတူတူပဲဆိုတဲ့ ယူဆချက်ကို လူကြီးမင်းကျန်း တွေးခဲ့ဖူးလား.. ကောက်ပဲသီးနှံတွေမှာ အဖိုအမကွဲပြားနိုင်ကြပြီး သူတို့ကို မဖြစ်ထွန်းနိုင်တဲ့အဖိုမျိုးနဲ့ ဖြစ်ထွန်းနိုင်တဲ့အမမျိုးဆိုပြီး ခွဲခြားနိုင်တယ်.. အဲဒီလိုဆိုရင် အရင်က ရိတ်သိမ်းချိန်တွေမှာ တွေ့ကြုံခဲ့ရတဲ့ အထွက်နှုန်းညံ့တဲ့သီးနှံတွေရဲ့ ဖြစ်စဉ်ကို ရှင်းပြနိုင်လိမ့်မယ်”
ဝမ်ချောင်သည် နောက်ဆုံးတွင် သူ၏ယူဆချက်ကို ထုတ်ပြောလိုက်သည်။
ကျန်းမုနျန်သည် သူ့ရှေ့ရှိ လူငယ်လေးကို တစ္ဆေမြင်လိုက်ရသကဲ့သို့ စိုက်ကြည့်လိုက်သည်။ ဤကဲ့သို့ယူဆချက်မျိုးကို သူ တစ်ခါမျှ မကြားဖူးပေ။ အပင်များကို အဖိုနှင့် အမအဖြစ် မည်သို့ခွဲခြားနိုင်သနည်း။
သို့သော်လည်း ဝမ်ချောင်၏ စကားများသည် သူ့စိတ်ထဲတွင် အတွေးအမြင်တချို့ကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ယူဆချက်သည် သမားရိုးကျ မဟုတ်သော်လည်း လုံး၀ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ဤသည်မှာ မျိုးစေ့ရွေးချယ်ခြင်းအတွက် မှန်ကန်သောနည်းလမ်း ဖြစ်နိုင်သည်။
“ကျွန်တော် ဒီယူဆချက်ကို တစ်ခါမှ မစဉ်းစားဖူးဘူး”
ကျန်းမုနျန်သည် ခဏလောက် တွေးတောလိုက်ပြီး နောက်ဆုံးတွင် ဝမ်ချောင်၏ ယူဆချက်ကို လက်ခံရန် ရွေးချယ်လိုက်သည်။
ဟူး..
ဝမ်ချောင်သည် ကျန်းမုနျန်၏ အမူအရာကို စောင့်ကြည့်နေပြီး သူက မငြင်းပယ်သည်ကို မြင်လိုက်ရသည်တွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ယူဆချက်အသစ်များ၏ အဓိကပြဿနာမှာ လက်ခံရန်ခက်ခဲခြင်းပင်ဖြစ်သည်။
သို့သော်လည်း ကျန်းမုနျန်သည် ခေါင်းမာသူ မဟုတ်ကြောင်း ထင်ရှားပေသည်။
ဝမ်ချောင်သည် အလုပ်အတွက် သင့်တော်သောလူကို တွေ့ရှိလိုက်ပြီဖြစ်သည်။
“လူကြီးမင်းကျန်း ကျွန်တော်တို့ ကောက်ပဲသီးနှံတွေကို မဖြစ်ထွန်းနိုင်တဲ့အဖိုမျိုးနဲ့ ဖြစ်ထွန်းနိုင်တဲ့အမမျိုးလို့ ခွဲခြားပြုပြင်လိုက်နိုင်ပြီး သူတို့ကို ခွဲထားလိုက်ရင် အဲဒါက အနာဂတ်စမ်းသပ်မှုမှာ ပိုပြီးထိရောက်စေလိမ့်မယ်လို့ ကျွန်တော်တွေးထားတယ်”
“ဒါပေမယ့် အပင်တွေက လူတွေနဲ့ အခြေခံအချက်တွေမှာ ကွဲပြားနေသေးတယ်ဆိုတာ ကျွန်တော်တို့ သတိပြုရမယ်.. လူတွေကို ယောက်ျားနဲ့မိန်းမ ဆိုပြီး ခွဲခြားနိုင်ပေမယ့် အပင်တွေကတော့ အဲဒီသဘောတရားအတိုင်း လိုက်နာနိုင်မှာမဟုတ်ဘူး.. မဖြစ်ထွန်းနိုင်တဲ့အဖိုမျိုးရှိပေမယ့် မျိုးစပ်လိုက်တဲ့အခါ မဖြစ်ထွန်းနိုင်တဲ့အဖိုမျိုးတွေဟာ ပြန်လည်ကောင်းမွန်လာနိုင်ပြီး ဖြစ်ထွန်းနိုင်တဲ့အမမျိုး ဖြစ်လာနိုင်တယ်”
ဝမ်ချောင်သည် နောက်ဆုံးတွင် ‘သုံးမျိုးစပ်စပါး’ ဟူသော အယူအဆကို ထုတ်ပြောလိုက်သည်။
အခြားကမ္ဘာတွင် ‘သုံးမျိုးစပ်စပါး’သည် မျိုးစပ်ဆန်၏ အနှစ်သာရဖြစ်သည်။ ထိုသည်မှာ ယူဆချက်တစ်ခုမျှသာ ဖြစ်သော်လည်း သူ၏အသုံးဝင်မှုသည် အကန့်အသတ် မရှိပေ။
လမ်းကြောင်းမှန်ပေါ်ရောက်မှသာလျှင် ကြိုးစားအားထုတ်မှု အသီးအပွင့်များ ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
အစကတည်းက ဦးတည်ချက် မှားနေလျှင် ပန်းတိုင်ရောက်ရန် မဖြစ်နိုင်ပေ။
ဝမ်ချောင်သည် ကျန်းမုနျန်ကိုပြသရန် ‘သုံးမျိုးစပ်စပါး’လည်း မရှိသကဲ့သို့ မျိုးစေ့ရွေးချယ်ခြင်းအကြောင်းလည်း သူဘာမှမသိပေ။
‘သုံမျိုးစပ်စပါး’ ယူဆချက်သည် သူ့တွင်ရှိသမျှအရာအာလုံး ဖြစ်သည်။
ကျရောက်လာတော့မည့် အကျပ်အတည်းအတွက် တစ်ခုတည်းသော အဖြေမှာ ဤကမ္ဘာပေါ်တွင် အထွက်နှုန်းမြင့်သော မျိုးစပ်စပါးကို စိုက်ပျိုးထုတ်လုပ်ရန်ဖြစ်ပြီး ကျန်းမုနျန်သည် သံသယရှိစရာ မလိုဘဲ အကောင်းဆုံးသင့်လျော်သူဖြစ်သည်မှာ သေချာသည်။
ကျန်းမုနျန်သည် သုံးမျိုးစပ်စပါးကို ပြုပြင်ထုတ်လုပ်နိုင်လျှင် မဟာထန်၏ စိုက်ပျိုးရေးထုတ်လုပ်မှု အရည်အသွေးသည် ခုန်တက်သွားမည် ဖြစ်သည်။ ယင်းက မဟာထန်၏အနာဂတ်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခြင်း ဖြစ်သည်။
ရန်လိုသော အိမ်နီးချင်းဒေသများ သို့မဟုတ် အနာဂတ်တိုင်းပါးကျူးကျော်သူများကို ရင်ဆိုင်ခဲ့ရလျှင် အနည်းဆုံး တည်ငြိမ်၍ ယုံကြည်စိတ်ချရသော စားနပ်ရိက္ခာထောက်ပံ့မှုသည် မဟာထန်အား လက်တုံ့ပြန်ရန် ခွန်အားဖြစ်စေလိမ့်မည် ဖြစ်သည်။
“အဲဒါကို ကျွန်တော်စဉ်းစားကြည့်ဖို့လိုသေးတယ်.. သခင်လေးရဲ့ ယူဆချက်တွေကို လုံးဝမကြားဖူးပေမယ့် ကျွန်တော်စမ်းကြည့်ဖို့ ဆန္ဒရှိပါတယ်”
ကျန်းမုနျန် လေးနက်စွာ ပြန်ဖြေလိုက်သည်။ ဝမ်ချောင်၏ မျိုးစပ်စပါး ယူဆချက်သည် သူ့နှလုံးခုန်နှုန်းကို ရပ်လုမတတ် ဖြစ်စေသည်။ တည်ငြိမ်မှုမရှိသော အထွက်နှုန်းကောင်းသည့် စပါးများ ရိတ်သိမ်းခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းကို သိရှိပြီးမှသာ စစ်မှန်သော အထွက်နှုန်းကောင်းသည့် စပါးကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်သည်။
“သခင်လေး.. ခင်ဗျားကျွန်တော့်ကို မြေကွက်တစ်ကွက်ပေးလို့ရမလား.. သခင်လေးရဲ့ယူဆချက်ကို စမ်းသပ်မှုတစ်ခု လုပ်ချင်လို့ပါ”
ကျန်းမုနျန်သည် ခေါင်းကို မော့လိုက်ပြီး ဝမ်ချောင်အား စိတ်လှုပ်ရှားနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဟားဟား ရတာပေါ့.. ကျွန်တော် လိုအပ်တာတွေ ပြင်ဆင်ပြီးပြီ.. ဒါပေမဲ့ အဲဒီမြေကွက်ဟာ မဟာထန်ရဲ့အလွန်မှာ ရှိတယ်.. အဲဒီနေရာက ခင်ဗျားရဲ့စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ အကောင်းဆုံးနေရာပဲ”
ဝမ်ချောင်ရယ်မောလိုက်သည်။
“အိုး”
ကျန်းမုနျန် အံ့အားသင့်စွာ ခေါင်းငုံ့ကာ
“သခင်လေး ပြောနေတဲ့နေရာကို ကျွန်တော်သိနိုင်မလား”
“ကျိုးရှီ”
(ဗီယက်နမ်မြောက်ပိုင်း)
ဝမ်ချောင်ပြုံးလိုက်သည်။
ကျိုးရှီရှိ ဆန်စပါးသည် တစ်နှစ်လျှင် သုံးကြိမ် ရင့်မှည့်ပြီး ထိုနေရာတွင် လုပ်သားအင်အား ကြီးမားသည်။ ထို့ကြောင့် ထိုနေရာသည် ကျန်းမုနျန်အတွက် စမ်းသပ်မှုပြုလုပ်ရန် အကောင်းဆုံးနေရာပင် ဖြစ်သည်။
ထိုနေရာတွင် ဆန်စပါးများ၏ လျင်မြန်သော ကြီးထွားမှုနှုန်းသည် မျိုးစပ်ဆန်မျိုးစုံကို အောင်မြင်စွာ စိုက်ပျိုးရန် ကျန်းမုနျန်အတွက် လိုအပ်သော အချိန်ကို အလွန်တိုတောင်းစေမည် ဖြစ်သည်။
မကြာခင်မှာပင် ကျန်းမုနျန် ထွက်ခွာသွားသည်။
သူ့နှင့်အတူ ဝမ်ချောင်၏ဦးကြီး၊ အကြီးအကဲရီ၊ ဟုမြို့စားနှင့် အဖွဲ့တို့က ပံ့ပိုးပေးထားသည့် ရွှေတုံးတစ်သိန်းနှင့် အစောင့်အကြပ်ငါးဆယ်တို့ လိုက်ပါသွားခဲ့သည်။
ထိုအဖွဲ့သည် မည်သူ့ကိုမျှ အသိပေးခြင်းမပြုဘဲ တောင်ဘက်သို့ တိတ်တဆိတ် ခရီးထွက်သွားကြသည်။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်ရေးသားခဲ့သော စာနှစ်စောင်သည် သူတို့၏ သက်ဆိုင်ရာလက်ခံသူများဖြစ်သည့် ဦးကြီးဝမ်ကန်းနှင့် စုန့်ဘုရင်လီချန်းချီတို့ထံ ရောက်ရှိသွားခဲ့သည်။
ကျန်းမုနျန် စမ်းသပ်မှုပြုလုပ်ရန် နယ်မြေသတ်မှတ်ခြင်းကိစ္စသည် သေးငယ်သောကိစ္စ ဖြစ်သောကြောင့် သူလုပ်ရန် လိုအပ်သည်မှာ ထိုသည်ကို အသိပေးရန်သာ ဖြစ်ပြီး ထို့အတွက် လိုအပ်သောညွှန်ကြားချက်များ ကျလာမည် ဖြစ်သည်။
ရုန်ကလန်၊ ချီဘုရင်နှင့် အခြားသူများသည် အဝေးက ကျိုးရှီနယ်မြေရှိ အသေးအဖွဲအရာတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည် မဟုတ်ပေ။
“ကျွန်တော် ခင်ဗျားကို ကျွန်တော်တတ်နိုင်သလောက် လုပ်ပေးပြီးပြီ.. မဟာထန်ဟာ လာမယ့် အကျပ်အတည်းကနေ လွတ်မြောက်နိုင်မလား မရှင်သန်နိုင်မလား ဆိုတာ ခင်ဗျားအပေါ်မှာ မူတည်လိမ့်မယ်”
သူ့စာကြည့်ခန်းတွင် ထိုင်နေရင်း ဝမ်ချောင်သည် ကျန်းမုနျန် မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားသည်ကို ကြည့်၍ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
နောင်လာမည့်အကျပ်အတည်းတွင် သူသည် မဟာထန် ရှင်သန်လွတ်မြောက်မှု၏သော့ချက် မဟုတ်ကြောင်း သူသိသည်။
ယင်းအစား ထိုသည်မှာ အသက်ငါးဆယ်ရှိ စိုက်ပျိုးရေးအရာရှိတစ်ဦး အပေါ် မူတည်နေသည်။
ကျန်းမုနျန်သည် မဟာထန်၏မျှော်လင့်ချက်ဖြစ်သည်။
*******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်