← Chapters

အခန်း (၁၈၆-၁၉၀)

Vol. 7 Ch. 186-190

အခန်း (၁၈၆-၁၉၀)

Vol. 7 Ch. 186-190

အခန်း ၁၈၆ ဒုတိယအစ်ကို ဝမ်ပိုင်။

ကျန်းမုနျန်၏ ကိစ္စများကို ဖြေရှင်းပြီးနောက် ဝမ်ချောင်သည် သင်္ဘောတည်ဆောက်ခြင်းနှင့် ရေလုပ်သားများ၊ အစောင့်များ ငှားယမ်းခြင်းကဲ့သို့သော ကိစ္စများအတွက် ဝမ်းကွဲအစ်ကို ဝမ်လျန့်အား သိန်းချီသော ရွှေတုံးများကို ပေးခဲ့သည်။

ကျန့်ကလန်နှင့်သူ၏ စာချုပ်ကြောင့် ဝမ်ချောင်သည် ဤကဲ့သို့ များပြားသော အသုံးစရိတ်ကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။

“ကောင်းပြီ.. ဒါက တော်ဝင်နန်းတော်ဆီ သွားကြည့်ရမယ့် အချိန်ပဲ”

ဝမ်ချောင်သည် ရထားပေါ်သို့တက်လိုက်ပြီး တော်ဝင်နန်းတော်ဆီသို့ ထွက်လာရင်း သက်ပြင်းချလိုက်သည်။ တံခါးတွင် တော်ဝင်စစ်တပ်အစောင့်တစ်ဦးသည် သူ့ကို စောင့်နေပြီဖြစ်သည်။

“ကျွန်တော့်နောက်လိုက်ခဲ့ပါ”

တော်ဝင်စစ်တပ်အစောင့်သည် နှောင့်နှေးမနေဘဲ ဝမ်ချောင်ကို နန်းတော်၏ရှုပ်ထွေးလှသော ဝင်္ကပါထဲသို့ ခေါ်ဆောင်သွားသည်။

မရေမတွက်နိုင်သော အလှည့်အပြောင်းများကို ကျော်ဖြတ်ပြီးနောက် မြေအောက်တံခါးတစ်ခုသည် ဝမ်ချောင်ရှေ့တွင် ပေါ်လာသည်။

တံခါး၏ ရှေ့တွင် စကားလုံးနှစ်လုံးသာရှိသည်။

“သေမင်းအကျဉ်းထောင်”

သက်တမ်းကြောင့် ပန်းချီကားများ မှေးမှိန်သွားပြီ ဖြစ်ကာ စကားလုံးနှစ်လုံးသည် ထင်သာမြင်သာ မရှိတော့ပေ။ တော်ဝင်အဆောင်အယောင်များဖြင့် ကောင်းမွန်စွာ ဝတ်ဆင်ထားသော တော်ဝင်အစောင့်အရှောက် ဆယ်ယောက်ကျော်သည် ငရဲသို့ သွားသောတံခါးဝတွင် နတ်ဆိုးများစောင့်ကြပ်နေသကဲ့သို့ ဝင်ပေါက်အနီးတွင် စောင့်ကြပ်နေကြသည်။

ယင်းကား သေမင်းအကျဉ်းထောင်ဖြစ်သည်။

တော်ဝင်နန်းတော်တွင် ‘တော်ဝင်အကျဉ်းထောင်’ နှင့် ‘သေမင်းအကျဉ်းထောင်’ ဟူ၍ အကျဉ်းထောင်နှစ်ခုရှိသည်။ ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ထားသည့် ရာဇဝတ်သားများကို သူတို့၏သေဆုံးမှုသာ စောင့်မျှော်နေသည့် တော်ဝင်အကျဉ်းထောင်တွင် အကျဉ်းချထားသည်။

တော်ဝင်အကျဉ်းထောင်မှ အရှင်လတ်လတ် လွတ်မြောက်ရန်ဖြစ်နိုင်ခြေသည် သုညဖြစ်သည်။

တစ်ဖက်တွင်မူ သေမင်းအကျဉ်းထောင်သည် သေးငယ်သောပြစ်မှုများကိုကျူးလွန်ထားသည့် လူများအတွက် ဖြစ်သည်။ ဝမ်ချောင်၏ဒုတိယအစ်ကိုဝမ်ပိုင်သည် သေမင်းထောင်တွင် အကျဉ်းချခံထားရသည်။

ဝမ်ချောင်သည် ရထားပြတင်းပေါက်များမှ လှမ်းကြည့်နေစဉ် ထူးဆန်းသည့် လေပြင်းတစ်ခု တိုက်ခတ်သွားသည်။ ဝင်ပေါက်ကို စောင့်ကြပ်နေသော နက်မှောင်သည့်သံချပ်ကို ဝတ်ဆင်ထားသည့် တော်ဝင်အစောင့်အရှောက် ဆယ့်နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် သူသည် လေးနက်စွာ သက်ပြင်းချလိုက်မိသည်။

ဝမ်မိသားစုတွင် မွေးချင်းလေးယောက်ရှိပြီး ဝမ်ချောင်နှင့် အရင်းနှီးဆုံးမှာ အစ်ကိုကြီးဝမ်ဖုနှင့် ညီမလေးဝမ်ရှောင်ယန် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသည်မှာ အမှန်တကယ်တွင် ဒုတိယညီအစ်ကိုဝမ်ပိုင် ဖြစ်သည်။

အစ်ကိုကြီးဝမ်ဖုသည် သူ့ထက် အသက်များစွာကြီးပြီး ဝမ်ချောင်မွေးဖွားပြီးနောက် သိပ်မကြာခင်မှာပင် သူသည် တပ်ထဲဝင်ခဲ့သည်။ သူ ကြီးပြင်းလာသည့်အချိန်အတွင်း ဝမ်ချောင်နှင့်အတူရှိခဲ့သည်မှာ ဒုတိယညီအစ်ကိုဝမ်ပိုင် ဖြစ်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် တဖြည်းဖြည်းချင်း ပျက်ပြားသွားခဲ့ရသည်။ ဤသည်မှာ ဝမ်ချောင်၏ နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး နောင်တတစ်ခုပင် ဖြစ်သည်။

ဝမ်ချောင်သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ဝင်ရောက်တော့မည်ဖြစ်ကာ စစ်မှုမထမ်းဆောင်မီ သူအတွေ့ချင်ဆုံးလူ၏ အမည်ကို ပြောရမည်ဆိုပါက ဒုတိယအစ်ကိုဖြစ်သူ ဝမ်ပိုင်ပင်ဖြစ်သည်။

“ဂိတ်ကို ဖွင့်လိုက်..”

ဝမ်ချောင်သည် ရထားပေါ်မှဆင်းလာကာ ဝင်ပေါက်ကို စောင့်ကြပ်နေသည့် တော်ဝင်အစောင့်အရှောက် ဆယ့်နှစ်ယောက်ရှေ့တွင် တံဆိပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ဤသည်မှာ စုန့်ဘုရင်က သူ့ကို မကြာသေးမီက ပေးခဲ့သော တံဆိပ်ဖြစ်သည်။

ဤတံဆိပ်ဖြင့် ဝမ်ချောင်သည် တော်ဝင်နန်းတော်အတွင်းရှိ နေရာအတော်များများသို့ လည်ပတ်ရန် အခွင့်ထူးကို ရရှိခဲ့သည်။

ဟူး.. လား လား..

ဝမ်ချောင် ကိုင်ဆောင်ထားသည့် တံဆိပ်ကို မြင်သောအခါတွင် အေးစက်သော မျက်နှာထားဖြင့် တော်ဝင်အစောင့်အရှောက်တစ်ဦးသည် ရှေ့သို့ တိုးလာပြီး တံခါးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဝှမ်း..

အေးစက်သောလေများသည် တံခါးအပြင်ဘက်သို့ ချက်ချင်း ထွက်လာသည်။ ထို့နောက် အနက်ရောင်အေးစက်သော မြူခိုးများက အောက်မှနေ၍ တဖြည်းဖြည်းချင်း ပျံ့လွင့်လာ၏။ ဝမ်ချောင်သည် အထဲသို့ မလှမ်းမီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လျှောက်လမ်းသည် တိတ်ဆိတ်နေသဖြင့် ဝမ်ချောင်၏ခြေသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

နောက်ဆုံးတွင် တခြားအခန်းများနှင့်မတူသော အခန်းတစ်ခုထဲ၌ ဝမ်ချောင်သည် သူ၏ဒုတိယအစ်ကိုကို တွေ့လိုက်ရသည်။

ထိုအခန်းသည် သေမင်းထောင်ရှိ အခြားသူများထက် များစွာကျယ်ဝန်းကာ အထူးပြုလုပ်ထားသည့် အခန်းတစ်ခုဖြစ်သည်။ အခန်းသံတိုင် တစ်ခုချင်းစီသည် ပန်းကန်လုံးအထူခန့်ရှိပြီး သူတို့ကို ခိုင်ခံ့စေရန် သမုဒ္ဒရာအောက်ရှိ သတ္တုတစ်မျိုးဖြင့် ထုလုပ်ထားသည်။

အချုပ်ခန်း၏အလယ်တွင် မလှုပ်မယှက် ပိန်လှီသောအသွင်ဖြင့် လူတစ်ဦး ထိုင်နေသည်။ သူ၏ဆံပင်များသည် ညစ်ပတ်နေပြီး ခေါင်းငိုက်စိုက်ကျနေသည်။ သူ၏ခြေလက်လေးချောင်းနှင့် ခါးကို ပင့်ကူမျှင်ကဲ့သို့ ရှုပ်ထွေးသော ထူထဲသည့် သံကြိုးငါးခုဖြင့် ချုပ်နှောင်ထားသည်။

ထိုလူမှာ သူ၏ဒုတိယအစ်ကိုဖြစ်သူ ဝမ်ပိုင် ဖြစ်သည်။

မျက်မြင်ကိုယ်တွေ့သာ မဟုတ်ခဲ့လျှင် ဝမ်ချောင်သည် သူ၏မာနကြီးသော ဒုတိယအစ်ကိုသည် ဤကဲ့သို့ အခြေအနေတွင် ရှိနေသည်ဟု လာပြောလျှင် သူလုံးဝယုံမည် မဟုတ်ပေ။

“ဒုတိယအစ်ကို ကျွန်တော်ဒီမှာ.. အခုမှလာတွေ့နိုင်တဲ့အတွက် တောင်းပန်ပါတယ်”

အကျဉ်းခန်းအတွင်း ညစ်ပတ်ပေရေနေကာ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ပုံရိပ်ကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်၏နှလုံးသည် စူးနစ်သွားခဲ့ရသည်။

သူ၏ ဒုတိယအစ်ကိုသည် ဤကဲ့သို့ မဖြစ်သင့်ပေ။

ဤစိုစွတ်ပြီး အမှောင်မဲသည့်အခန်းသည် သူရှိနေသင့်သည့်ကမ္ဘာ မဟုတ်ပေ။

အချုပ်ခန်းသည် လုံးဝ တိတ်ဆိတ်နေသည်။ ဝမ်ချောင်၏ အသံမှလွဲ၍ အခြားမည်သည့်အသံမှ မကြားရပေ။ အချုပ်ခန်းအတွင်းရှိ ပုံရိပ်သည် ကမ္လာပေါ်ရှိအရာများက သူ့အပေါ် မသက်ရောက်နိုင်သကဲ့သို့ ငြိမ်သက်စွာရှိနေသည်။

“ဒုတိယအစ်ကို ငါတို့အားလုံး မင်းကိုလွမ်းတယ်.. အစ်ကိုကြီးလည်း လွမ်းတယ်၊ ညီမလေးလည်း လွမ်းတယ်၊ အမေလည်း လွမ်းတယ်.. ထွက်လာပါ.. ဒုတိယအစ်ကို မင်းဒီထဲမှာ မရှိသင့်ဘူး”

ဝမ်ချောင် သက်ပြင်းချလိုက်သည်။

သေမင်းထောင်သည် ရာဇ၀တ်သားများကို ချုပ်နှောင်ထားရာ နေရာဖြစ်သည်။ သို့သော် ဒုတိယအစ်ကို၏ အခြေအနေမှာ အခြားအကျဉ်းသားများနှင့် အနည်းငယ် ကွာခြားကြောင်း ဝမ်ချောင်သိသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ဒုတိယအစ်ကိုဖြစ်သူသည် ဤအကျဉ်းချခြင်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

‘စိတ္တဇရူးသွပ်ရောဂါ’ ခံစားနေရသော ဝမ်ကလန်အဖွဲ့ဝင်များအားလုံးသည် သေမင်းအကျဉ်းထောင်တွင် မိမိတို့ကိုယ်တိုင် အကျဉ်းကျရန် ရွေးချယ်ခွင့်ရှိသည်။ ဤသည်မှာ ပညာရှင်ဧကရာဇ်သည် ထိုအချိန်က အဘိုးကို ပေးအပ်ခဲ့သော သဘောထားကြီးမြတ်မှု ဖြစ်သည်။

အဖိုးသည် ပညာရှင်ဧကရာဇ်၏ထီးနန်းကို ကူညီရာတွင် ပံ့ပိုးကူညီမှု၏ တန်ဖိုးအဖြစ် ဤအထူး တည်ဆောက်ထားသော အကျဉ်းခန်းကို တောင်းဆိုခဲ့သည်။

ယခုမျိုးဆက်တွင် ဒုတိယညီအစ်ကိုဝမ်ပိုင်သည် ‘စိတ္တဇရူးသွပ်ရောဂါ’ကြောင့် ဒုက္ခရောက်ခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ဆန္ဒဖြင့် သူ့ကိုယ်သူ ထောင်ချရန် ရွေးချယ်ခဲ့ပြီး သူ၏လွတ်လပ်ခွင့်ကို မည်သူမျှမတားဆီးနိုင်ခဲ့ကြပေ။

အချုပ်ခန်းသည် လုံးဝတိတ်ဆိတ်နေပြီး မည်သည့်အသံမျှ မကြားရပေ။ ဝမ်ချောင် သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒုတိယအစ်ကို မင်းက ကျန်းမြို့စားမင်းရဲ့ အကြီးဆုံးသားကြောင့် ဒီလိုလုပ်တယ်ဆိုရင် ဒါက မလိုအပ်တော့ပါဘူး.. သူက အဲတုန်းက ဒဏ်ရာကနေ သက်သာလာပြီ”

“ငါ ဒါကို မြို့စားကျန်းကြောင့် လုပ်ခဲ့တယ်လို့ မင်းထင်နေတာလား”

ထောင်ထဲမှ အေးစက်သော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ဝမ်ချောင်၏စကားများကို နှောင့်ယှက်လိုက်သည်။ တစ်ချိန်တည်းတွင် ဝမ်ပိုင်သည် သူ၏ခေါင်းကို မော့လိုက်ပြီး ဝမ်ချောင်ကို ကြက်သွေးရောင် မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ဒုတိယအစ္ကို”

ဝမ်ချောင် သည် သူ့ရင်တွင်း၌ အပျော်များ ရောက်မလာမီ တစ်ခဏမျှ မှင်သက်သွားပြီး။

“နောက်ဆုံးတော့ မင်းငါ့ကို စကားပြန်ပြောဖို့ ဆန္ဒရှိပြီပေါ့”

“သူ့ကြောင့် ငါ ဒီလိုလုပ်တယ်လို့ မင်းတကယ်ကြီး ထင်နေတာလား”

ဝမ်ပိုင်သည် ဝမ်ချောင်၏စကားများကို ဂရုမစိုက်ဘဲ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

“ထွက်သွား.. အခုထွက်သွား.. မင်းငါ့ကို လာတွေ့ဖို့မလိုဘူး.. ငါ့ဆီ လာဖို့ ဘယ်သူမှမလိုဘူး.. ထွက်သွား..”

သူ၏နောက်ဆုံးစကားကို အော်ဟစ်လိုက်သောအခါတွင် ပြင်းထန်သောအရိပ်တစ်ခုက သေမင်းအကျဉ်းထောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဝမ်ချောင်၏မူလစွမ်းအင်အဆင့်၇ ကျင့်ကြံခြင်းနယ်ပယ်၊ ရိုင်းစိုင်းသောနတ်ဘုရားနှင့် နဂါးအရိုးဖြင့်ပင်လျှင် သူသည် နောက်ဆုတ်သွားရ၏။

‘စိတ္တဇရူးသွပ်ရောဂါ’ စတင်သည့်အခါ ဒုတိယညီအစ်ကိုဝမ်ပိုင်သည် သူ၏ဆင်ခြင်တုံတရားများကို ဆုံးရှုံးခဲ့ရသွားသော်လည်း ထိုအရာသည် သူ့ကို မြို့တော်အတွင်းမှ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်လာရန် မဟန့်တားနိုင်ပေ။

ထိုအရာသည် ပေါ်လာပြီး လျင်မြန်စွာ ပြန်မှိန်သွားခဲ့သည်။

ခဏလေးအတွင်းမှာပင် တိတ်ဆိတ်မှုသည် သေမင်းထောင်သို့ ပြန်ရောက်လာသည်။

“ဒုတိယအစ်ကို အဲ့ဒါက ကျန်းမြို့စားမင်းကြောင့်မဟုတ်ရင် မင်းဘာလို့ အပြင်ထွက်ဖို့ ငြင်းဆန်ရတာလဲ”

တစ်ဖက်လူမှာ ဒေါသထွက်နေသော်လည်း ဝမ်ချောင်သည် နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။

နောက်ဆုံး၌ သူဤနေရာသို့လာရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ အနည်းဆုံး တစ်ခုခုကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ထားခြင်းကြောင့် ဖြစ်သည်။ ဤကိစ္စ မဖြေရှင်းနိုင်သရွေ့ သူသည် လုံးဝထွက်သွားမည် မဟုတ်ပေ။

ဝမ်ပိုင်သည် ဝမ်ချောင်၏စကားများကို ဂရုမစိုက်တော့ဘဲ မလှုပ်မယှက် ရှိနေသည်။

သို့သော် ဝမ်ချောင်သည် လက်မလျှော့ခဲ့ပေ။

“မင်းရဲ့ခွန်အားနဲ့ဆိုရင် ဒီသံတိုင်က မင်းကို ထိန်းဖို့ မလုံလောက်ဘူး.. မင်းဒီကိုရောက်လာတာ တစ်နှစ်ခွဲကျော်ရှိနေပြီ.. မင်းတစ်သက်လုံး ဒီမှာနေဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား”

ဝမ်ချောင်သည် အကျဉ်းခန်းသံတိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ပြောလိုက်သည်။

“မင်းကို ငါ့ကို လှုပ်ရှားဖို့ တွန်းအားမပေးနဲ့.. အခုချက်ချင်းထွက်သွား..”

ဝမ်ပိုင်သည် နောက်ဆုံးတွင် တစ်ကြိမ် ထပ်မံတုံ့ပြန်လိုက်သည်။ သူသည် လက်တစ်ဖက်ကို မြှောက်ကာ အေးစက်စက်အသံဖြင့် သေမင်းအကျဉ်းထောင်၏ အပေါက်ဝဆီသို့ ညွှန်ပြလိုက်သည်။

“ဒုတိယအစ်ကို စိတ္တဇရူးသွပ်ရောဂါကို မင်းမဖိနှိပ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူး.. မင်းရဲ့ခွန်အားနဲ့…”

“စိတ္တဇရူးသွပ်ရောဂါ.. ဟားဟား မင်းငါ့ကို စိတ္တဇရူးသွပ်ရောဂါ အကြောင်းပြောနေတာလား.. အဲဒါဘာလဲဆိုတာတောင် မင်းသိလို့လား..”

ဟူး လား.. အချုပ်ခန်းအတွင်းရှိ သံကြိုးများသည် ပြင်းထန်စွာ လှုပ်ရှားသွားသည်။ အန္တရာယ်တစ်ခုကို အာရုံခံမိပြီး ဝမ်ချောင်၏နှလုံးသားတစ်ခုလုံး တင်းကြပ်သွားသည်။ ဟွမ်း.. သံကြိုးသံများ ကြားတွင် နီရဲသောမျက်ဝန်းအစုံ ပါးလွှာပြီး ဖျော့တော့သော မျက်နှာသည် သတ်ဖြတ်ပစ်လိုသော အရှိန်အဝါနှင့်အတူ ဝမ်ချောင်၏ ရှေ့သို့ ရုတ်တရက် ထွက်ပေါ်လာ၏။

ရုတ်ခြည်း ဝရုန်းသုန်းကား ဖြစ်ရပ်က ဖြစ်သွားသည်။ ထိုအေးစက်သော အကြည့်ဖြင့် လူသတ်လိုစိတ် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံသည် အိပ်မက်ဆိုးနှယ် ခံစားရစေသည်။

ကြီးမားသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသူများသည်ပင် ဤမျက်လုံးများဖြင့် စိုက်ကြည့်ခြင်းကို ခံခဲ့ရပါက တုန်လှုပ်သွားကြမည် ဖြစ်သော်လည်း ဝမ်ချောင်သည် တည်ငြိမ်နေခဲ့သည်။

သူသည် ဆုတ်ခွာရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ အေးစက်သော နတ်ဆိုးမျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။

“ဒီတစ်ခါတော့ ဘယ်တော့မှ နောက်ပြန်မဆုတ်ဘူး”

သွေးကြောများဖြင့် ပြည့်နှက်နေသော မျက်လုံးနှင့်နေရောင်ကို မမြင်ရတာ ကြာပြီဖြစ်သောကြောင့် ဖြူဖျော့နေသောမျက်နှာ ကြည့်လိုက်ရင်း ဝမ်ချောင်၏ မျက်လုံးများတွင် ဝမ်းနည်းမှု ပေါ်လာသည်။

ဝမ်ချောင်သည် သူ့အပြစ်များကို ဝန်ခံရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ဝမ်ချောင်သည် ဒုတိယအစ်ကိုဝမ်ပိုင်၏ သူ့ကိုယ်သူ အကျဉ်းချထားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိထားသည်။ ‘စိတ္တဇရူးသွပ်ရောဂါ’သည် ဝမ်ကလန် အတွင်း ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခုဖြစ်သည်။ ထိုရောဂါထလာသည်နှင့် တစ်ယောက်သည် ကိုယ့်ဆွေမျိုးကိုတောင် မမှတ်မိနိုင်တော့ပေ။

ဒုတိယအစ်ကိုသည် သူ၏မိသားစုဝင်များကို ထိခိုက်မှာစိုး၍ သူ့နှလုံးသားကို ဖုံးကွယ်ကာ အေးစက်သည့်မျက်နှာဖုံးဖြင့် ဖုံးကွယ်ရန် ရွေးချယ်ခဲ့သည်။

သူ ဂရုစိုက်သော မည်သူမျှ သူ့အနား မကပ်နိုင်စေရန် သူသည် ကြီးမားသောစည်းတစ်ခုကို ဖန်တီးချင်ခဲ့သည်။

‘စိတ္တဇရူးသွပ်ရောဂါ’ကြောင့် ထိခိုက်နာကျင်မှုသည် ကြောက်စရာမဟုတ်ပေ၊ အထီးကျန်ခြင်းသည်လည်း ကြောက်စရာ မဟုတ်ပေ။ ဒုတိယအစ်ကိုဖြစ်သူကို အမှန်တကယ် ထိခိုက်နာကျင်စေသည့်အရာသည် သူ၏မိသားစုပင် ဖြစ်သည်။

သို့တိုင် ဝမ်ချောင်သည် ထိုသည်ကို သတိမထားမိခဲ့ပေ။

ဝမ်ချောင်သည် သူ့ကို ပထမဆုံးမြင်လိုက်ရသည့် အချိန်တွင် ကြောက်စိတ်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ ထိုအချိန်တွင် ဝမ်ပိုင်သည် သူ့နှလုံးသားကို ပိတ်လှောင်လိုက်ကာ သူနှင့်ဝေးကွာရန် ရွေးချယ်ခဲ့သည်မှာ အတိအကျပင်ဖြစ်သည်။

ထိုနေ့မှစ၍ သူ့ကို ပုခုံးပေါ်ထမ်း၍ နှင်းထူထပ်သော ကွင်းပြင်၌ ပျော်ရွှင်စွာလှည့်ပတ်မည့် ဒုတိယအစ်ကိုဖြစ်သူသည် ပျောက်ကွယ်သွားခဲ့သည်။

သူ့နေရာ၌ အစားထိုးလိုက်သည့်အရာမှာ လူတိုင်းနှင့် ဝေးကွာနေသည့် အေးစက်သည့်မျက်နှာထားဖြင့် ဝမ်ပိုင်ဖြစ်သည်။

ဖြူဖျော့ဖျော့မျက်နှာနှင့် နီရဲနေသော မျက်လုံးများကို စိုက်ကြည့်ကာ ဝမ်ချောင်သည် မတတ်နိုင်စွာ သူသည် တစ်ဖက်လူကို ချောက်ထဲသို့ မည်သို့ တွန်းချခဲ့သည်ကို ပြန်စဉ်းစားလိုက်သည်။

သူ၏တုံ့ပြန်မှုသည် သူ ချစ်ရသော ဒုတိယအစ်ကိုကို ဆုံးရှုံးရစေခဲ့သည်။

ထိုခြေလှမ်းတစ်လှမ်းသည် သူတို့နှစ်ဦးကြားရှိ ညီအစ်ကိုဆက်ဆံရေးကို အပြီးတိုင်ဖြတ်တောက်ခဲ့ပြီး ထိုအရာသည် ဝမ်ချောင်၏ အကြီးမားဆုံးနောင်တတစ်ခု ဖြစ်လာခဲ့သည်။ ဆုံးရှုံးသွားသည့်အခါမှသာ ထိုအရာ၏တန်ဖိုးကို နားလည်နိုင်မည့် အရာများစွာ ရှိသည်။

သူ့အရင်ဘဝ၌ သူ့အမှားများကို ပြင်ဆင်ရန် အလွန်နောက်ကျခဲ့ရသည်။ ထို့ကြောင့် ဤဘဝတွင် ဝမ်ချောင်သည် အရာအားလုံးကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။

“မင်းကို ငါသတ်မှာ မကြောက်ဘူးလား”

ဝမ်ပိုင်သည် ငြိမ်သက်နေသော ဝမ်ချောင်ကို အံ့ဩစွာ စိုက်ကြည့်နေသည်။

“ဘာလို့ ကြောက်ရမှာလဲ.. မင်းက ငါ့ရဲ့ဒုတိယအစ်ကို.. မင်းက အမြဲတမ်း ငါ့ရဲ့ဒုတိယအစ်ကိုအဖြစ် ထာဝရရှိနေမှာ.. ငါဘယ်သူ့ကို ကြောက်နေပါစေ ငါ မင်းကိုဘယ်တော့မှ မကြောက်ဘူး”

ဝမ်ချောင်သည် တစ်ဖက်လူ၏မျက်လုံးများကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလိုက်သည်။

ဤစကားများသည် ဝမ်ချောင်၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ထွက်လာသော လေးနက်သည့် စကားလုံးများ ဖြစ်သည်။

ဤဘဝ၌ ဒုတိယအစ်ကိုသည် သူ့ကို ထားမသွားစေရန် ဆုံးဖြတ်ထားသည်။ ‘စိတ္တဇရူးသွပ်ရောဂါ’ သည် ကုသ၍ မရနိုင်သော်လည်း ဝမ်ချောင်သည် ဤပြဿနာကို ဖြေရှင်းနိုင်ရန် သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားရန် ဆန္ဒရှိသည်။

ဝမ်ပိုင် အံ့အားသင့်သွားသည်။ နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့သည် နီရဲနေသော မျက်လုံးများပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ သူသည် သံတိုင်များပေါ်မှ ဆုပ်ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး နောက်သို့ ဆုတ်သွားသည်။

“ထားခဲ့လိုက်.. ထားခဲ့လိုက်ပါ ငါ မင်းကို မတွေ့ချင်ဘူး.. ဒီကနေ ထွက်သွား.. ဒါ မင်းရှိသင့်တဲ့နေရာ မဟုတ်ဘူး”

ဝမ်ပိုင် လှည့်လိုက်ကာ ဝမ်ချောင်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အသံထဲမှ ပြင်းထန်သည့်နာကျင်မှုက ရောယှက်နေကြောင်း ကြားနိုင်၏။

သူ၏ဒုတိယအစ်ကိုကို ဆိုးရွားသော အခြေအနေ၌ မြင်လိုက်ရသည်တွင် ဝမ်ချောင်၏ နှလုံးသားများ နာကျင်လာရသည်။ သို့သော် ထိုအရာကို သူ့မျက်နှာတွင် မဖော်ပြခဲ့ပေ။

“ဒုတိယအစ်ကို မကျော်လွှားနိုင်တဲ့အရာ ဘာမှမရှိဘူး.. စိတ္တဇရူးသွပ်ရောဂါဟာ စိတ်ရောဂါမဟုတ်ဘဲ မျိုးရိုးလိုက်သော သွေးကြောရောဂါဖြစ်တယ်.. ‘မင်းရဲ့စိတ်ဝိညာဉ်ကို မင်းရဲ့ပုံစံအတွက် နာကျင်အောင်မလုပ်ပါနဲ့’ ဒီစကားတွေကို မင်းမှတ်မိနိုင်မယ်လို့ ငါမျှော်လင့်တယ်.. မင်းရဲ့သွေးသားထဲမှာရှိတဲ့ စိတ္တဇရူးသွပ်ရောဂါကို တိုက်ထုတ်ဖို့ မင်းရဲ့ခွန်အားနဲ့ ဆန္ဒကို သုံးပါ”

“ငါတို့ ဝမ်ကလန်က ဘယ်တော့မှမရှုံးဘူး.. မင်း စိတ္တဇရူးသွပ်ရောကို နောက်ဆုံးမှာ ကျော်လွှားနိုင်မယ်လို့ ငါယုံကြည်တယ်”

ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။

အကျဉ်းခန်းအတွင်း၌ ‘မင်းရဲ့စိတ်ဝိညာဉ်ကို မင်းရဲ့ပုံစံအတွက် နာကျင်အောင် မလုပ်ပါနဲ့’ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဝမ်ပိုင်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ သို့သော်လည်း တခဏအတွင်း ပြန်လည်တည်ငြိမ်သွား၏။

“ထားခဲ့ပါ.. ငါ့ကိုမနှောင့်ယှက်နဲ့”

ဝမ်ပိုင်သည် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

ဝမ်ပိုင်၏နောက်ကျောကို စိုက်ကြည့်ရင်း ဝမ်ချောင်၏ မျက်လုံးများ မှိန်သွားသည်။

“ဒုတိယအစ်ကို ငါမင်းကိုနှုတ်ဆက်ဖို့ ဒီကိုလာတာ.. မကြာခင်မှာ ငါ ခွန်းဝူစစ်စခန်းကို ဝင်တော့မယ်.. ငါ့လက်ထဲမှာ လုံလောက်တဲ့ အချိန်မရှိဘူး မဟာထန်က အရမ်းအန္တရာယ်ကြီးနေပြီမို့ မကြာခင် စစ်မြေပြင်ကို ရောက်သွားနိုင်တယ်.. တခြားသူတွေကို ငါမပြောနိုင်တဲ့ စကားတွေရှိပေမယ့် မင်းကို ပြောပြမယ်”

“အနာဂတ်မှာ မဟာထန်ဟာ ကပ်ဆိုးကြီးကြောင့် သုတ်သင်ခံရလိမ့်မယ်.. ငါ့အစီအစဉ် အောင်မြင်မလား မအောင်မြင်ဘူးလား ငါမသိဘူး.. ဒါပေမယ့် ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ငါနောင်တရစရာ မရှိဘူး”

ဝမ်ချောင် ဤစကားများပြောနေသည့်အချိန်တွင် ကံကြမ္မာကျောက်စာ၏ အသံထွက်လာသည်။

[သတိပေးချက်။ အသုံးပြုသူသည် သူ၏စည်းမျဉ်းများကို ဖောက်ဖျက်ရန် ကြိုးစားနေပါသည်။ ကံကြမ္မာမှတ်ဆယ်မှတ်ကို နုတ်ယူလိုက်သည်။ ထိုသို့ထပ်ဖြစ်လျှင် အသုံးပြုသူ အသတ်ခံရမည်။]

..

ပြင်းထန်သော နာကျင်မှုတစ်ခုသည် ဝမ်ချောင်၏ ခန္ဓာကိုယ်အနှံ့ ရုတ်ခြည်းပျံ့နှံ့လာပြီး သူ၏မျက်နှာကို ဖျော့သွားစေသည်။ သူ၏လက်များ ပြင်းထန်စွာ တုန်ရီလာသော်လည်း ထိုအရာကို သူ၏အသံထဲ၌ ပေါ်လာရန် ခွင့်မပြုပေ။

“ဒုတိယအစ်ကို ငါ မင်းရဲ့အကူအညီ လိုအပ်တယ်.. မင်းရဲ့ သတ္တိကို စုဆောင်းနိုင်ရင် ဒီသံတိုင်ကနေ ထွက်လာပြီး ငါ့ကို ကူညီပေးပါ.. စိတ္တဇရူးသွပ်ရောဂါဟာ မြို့တော်မှာ ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်ပေမယ့် စစ်မြေပြင်မှာတော့ ပြဿနာ လုံးဝမဟုတ်ဘူး -- ဒီကိစ္စကို မင်းစဉ်းစားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ဤစကားများကိုပြောပြီးသည်နှင့် ဝမ်ချောင် လှည့်ထွက်သွားသည်။

အနောက်တွင်တော့ ဝမ်ပိုင်သည် ငြိမ်သက်နေသည်။ ဝမ်ချောင် ဝင်ပေါက်တွင် ပျောက်ကွယ်သွားပြီးနောက် နောက်ဆုံးတွင် ဝမ်ချောင်၏နောက်ကျောကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ပေါ်လာသည်။

“ညီငယ်လေး”

လေတိုက်သံများ တိတ်ဆိတ်နေသကဲ့သို့ သူ့အသံက လျှောက်လမ်းထဲတွင် တိုးညှင်းစွာ ပဲ့တင်ထပ်နေသည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၈၇။ မဟာလေ့ကျင့်ရေးစခန်းသုံးခုသို့ဝင်ခြင်း။

တိတ်ဆိတ်ငြိမ်သက်နေသော နံနက်ခင်းတွင် ဝမ်ချောင်သည် အိပ်ခန်းကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်နေ၏။ သူ၏ဝမ်းဗိုက်အတွင်း လူသားတို့၏ အလင်းလုံးနှစ်ခု၊ အကြီးတစ်ခု.. အသေးတစ်ခု၊ ရွှေရောင်တစ်ခု ငွေရောင်တစ်ခု..၊ ၎င်းတို့သည် နေနှင့်လ တို့၏ အသေးစားလေးကဲ့သို့ ဖြစ်နေ၏။

‘နေ’ နှင့် ‘လ’ နှစ်ခုစလုံးသည် အနည်းငယ်တုန်ခါကာ တစ်ခုကိုတစ်ခု ဆွဲငင်နေသည်။ အဆိုပါ အလင်းတန်းနှစ်ခု၏ လွှမ်းမိုးမှုအောက်တွင် လေထဲရှိ မူလစွမ်းအင်သည် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဆင်းလာသည်။

ဤသည်မှာ ဝမ်ချောင် မကြာသေးမီက ကျွမ်းကျင်ခဲ့သော ‘ယင်ယန်ငယ်ပညာရပ်’ နည်းစနစ်ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကို ဘေးဖယ်ထားလိုက်လျှင် ပတ်ဝန်းကျင်မှ မူလစွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနိုင်သည့် စွမ်းရည်သည်ပင် သူ့အား အဖိုးတန်သော ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်လာစေခဲ့သည်။

ရိုင်းစိုင်းသောနတ်ဘုရားနှင့် ယင်ယန်ငယ်ပညာရပ် နှစ်ခုစလုံး၌ အဆင့်တစ်ခုထိ ကျွမ်းကျင်လာပြီးနောက် ဝမ်ချောင်၏ ကျင့်ကြံမှုနှုန်းသည် သိသိသာသာ တိုးတက်လာခဲ့သည်။

ဝမ်ချောင်သည် မြေပြင်ပေါ်တွင် ကျင့်ကြံရင်း အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ သူ၏အရှိန်အဝါသည် တဖြည်းဖြည်း အားကောင်းလာပြီး ခန့်မှန်း၍မရသည့် အချိန်ကာလတစ်ခုအကြာတွင်..

ဝှမ်း..

ကြီးမားသော လေပြင်းကြီးတစ်ခု ရုတ်တရက် တိုက်ခတ်လာသည်။ ထိုအရာသည် နေရာလွတ်ကိုပင် ကွဲအက်သွားစေနိုင်သည့် ကြီးမားသည့်စွမ်းအားကို သယ်ဆောင်ထားသည်။

တခဏတာအတွင်း ဝမ်ချောင်၏ပုံသဏ္ဍာန်သည် လေထဲတွင် အနည်းငယ်တုန်ခါလာပုံ ရသည်။

[ဒုတိယအကြိမ်လောကအကန့်အသတ် ကို အောင်မြင်စွာကျော်ဖြတ်နိုင်သည့်အတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်။ ကံကြမ္မာစွမ်းအင် ၃၀ ကို သုံးစွဲခဲ့ပါသည်။ လက်ကျန်စွမ်းအင်- ၁၅ ]

[နောက်ထပ် လောကအကန့်အသတ် ကြာချိန်- ၆ လ]

[ကံကြမ္မာစွမ်းအင် လိုအပ်ချက်- ၄၀ မှတ်]

..

ဝမ်ချောင်၏အခန်းထဲမှ ကြီးမားသော စွမ်းအားများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ကံကြမ္မာကျောက်စာ၏ အသံထွက်ပေါ်လာသည်။

ဟူး..

ဝမ်ချောင်သည် သက်ပြင်းရှည်ချလိုက်မိသည်။ မျက်လုံးများကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သောအခါ နဖူးမှ ချွေးသီးများ တဟုန်ထိုး စီးကျလာသည်ကို သူသိလိုက်သည်။

“ငါနောက်ဆုံးတော့ ဒီအခက်အခဲကို ကျော်လွှားလိုက်နိုင်ပြီပေါ့”

လောကအကန့်အသတ်သည် သုံးလဟု ဆိုသော်လည်း အမှန်တကယ် ဖြစ်ပွားသည့်အချိန်သည် သုံးလမှ လေးလကြား ဖြစ်သည်။ ဝမ်ချောင်သည် ယခင်က ထိုသည်ကို တစ်ကြိမ် ဖြတ်သန်းခဲ့ဖူးသော်လည်း ထိုသည်မှာ သူ့အတွက် ယခုအချိန်ထိ အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားနေရစေသည်။

သို့သော် သူ၏ခန္ဓာကိုယ်သည် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသော်လည်း ထိုသည်မှာ အကျိုးမရှိသည်တော့ မဟုတ်ပေ။ လောကအကန့်အသတ်ကို ကျော်ဖြတ်ပြီးနောက် ဝမ်ချောင်သည် သူ၏အရိုးအဆစ်များ ပိုမိုကျစ်လျစ် သိပ်သည်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ကြွက်သားများနှင့်အရွတ်များသည်လည်း ပိုမိုကြံ့ခိုင်လာပြီး အားကောင်းလာခဲ့သည်။

ထိုသည်သာမက ဝမ်ချောင်သည် သူ၏မူလစွမ်းအင်အဖြစ် သူ၏ဝိညာဉ်ပင်လယ်အတွင်းသို့ စိမ့်ဝင်လာသော စွမ်းအင် အစိတ်အပိုင်းတစ်ခုကို ခံစားလိုက်ရသည်။

ဤစွမ်းအင်ပမာဏသည် သူ၏ကျင့်ကြံမှု သုံးလစာနှင့် ညီမျှသည်။ လောကအကန့်အသတ်ကို ကျော်လွှားနိုင်ရုံမျှဖြင့် ထိုအရာသည် သူ၏ခွန်အားကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

“ဒါပေမယ့် လောကအကန့်အသတ်အတွက် ကျော်ဖြတ်ဖို့လိုအပ်တဲ့ ကံကြမ္မာမှတ်က ပိုပြီးများလာတယ်.. ပထမတုန်းက ၂၀မှတ်.. အခုက ၃၀ ပြီးတော့ နောက်တစ်ကြိမ်ကျရင် ၄၀..”

ထိုအကြောင်းကို တွေးလိုက်သည်တွင် ဝမ်ချောင်သည် ကူကယ်ရာမဲ့စွာ ကြောက်လန့်သွားမိသည်။ အကယ်၍ သူသည်သာ ကြင်ယာတော်ထိုက်ကျန်းနှင့် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက် ကိစ္စတွင် ကံကြမ္မာမှတ် ၅၀ ကို မရရှိခဲ့ပါက သူသည် လောကအကန့်အသတ်၏ သတ်ဖြတ်ခြင်းကို ခံရမည်မှာ အသေအချာပင်။

ဖြတ်ကျော်မှုတိုင်းတွင် လောကအကန့်အသတ်၏ ခွန်အားသည် သိသိသာသာ အားကောင်းလာသည်။ ထိုသည်ကို တားဆီးဖို့ ဆိုသည်မှာ သူ့အတွက် မလွယ်ကူပေ။

“သတ်မှတ်ချိန်တိုးလာတာ ကံကောင်းတယ်.. ပထမတစ်ခေါက်က တစ်လ၊ ဒုတိယအခေါက်က သုံးလ၊ တတိယအခေါက်အတွက် ခြောက်လ.. ကုန်ကျမယ့်တန်ဖိုးကို ငါ တကယ် မတတ်နိုင်တော့ဘူး”

ဝမ်ချောင်သည် ဖိအားတစ်ခုကို ခံစားလိုက်မိသည်။

လွန်ခဲ့သည့်သုံးလအတွင်း သူသည် လောကအကန့်အသတ်ကို မေ့လုနီးပါးဖြစ်ခဲ့သည်။ ယခုကိစ္စသည် ဝမ်ချောင်အား အချိန်တိုင်း သတိရှိစေရန် သတိပေးခဲ့သည်။

လုံလောက်သော ကြမ္မာမှတ်ကို မရှာနိုင်ခဲ့လျှင် သူသည် သေဆုံးသွားရမည်မှာ သေချာသည်။

“ဒါပေမယ့် ဒီခြောက်လဟာ ကိစ္စတွေ အများကြီး ပြီးမြောက်ဖို့ ငါ့အတွက် လုံလောက်တယ်”

ဝမ်ချောင် တွေးလိုက်သည်။

ကြမ္မာမှတ်ကို ရရှိရန်မှာ မလွယ်ကူပေ။ ပြောင်းလဲမှု အတိုင်းအတာကြီးမားလေ လောကအကန့်အသတ် အားကောင်းလေ ဖြစ်သည်။

ဝမ်ချောင်သည် ဤရလဒ်ကြောင့် အံ့ဩခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ လက်ရှိလောကအကန့်အသတ်ကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ထို့အစား သူသည် နောက်ခြောက်လတွင် သူ ဘာလုပ်သင့်သည်ကို အာရုံစိုက်သင့်လေသည်။

ချွမ်း..

ခွန်အားအချို့ ပြန်လည်ရရှိပြီးနောက် ဝမ်ချောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ ‘ချွမ်း..’ ဟူသော သတ္တုသံနှင့် သူ့ဘေးတွင်ချထားသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဤဓားသည် ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားမဟုတ်ဘဲ ချီသုံးခုရှည်လျားသည့် ကြက်သွေးရောင် ဓားတစ်ချောင်းဖြစ်သည်။ ထိုဓားတွင် မြွေတစ်ကောင်၏ အကြေးခွံများကို သတိရစေသော အမှတ်အသားအချို့ ပါရှိသည်။

ဓားသည် ကျောက်စိမ်းရိုင်းသံမဏိဓားကဲ့သို့ ထက်မြခြင်း မရှိသော်လည်း ထူးခြားသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသည်။

“ဒါက ယင်ယန်ငယ်ဓားလား”

သူ့လက်ထဲရှိ ဓားကို ကြည့်လိုက်ပြီး ဝမ်ချောင်၏ မျက်လုံးထဲတွင် ထူးခြားသည့် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ဤဓားသည် သူ၏ ယင်ယန်ငယ် ကျင့်ကြံအောင်မြင်မှုကို စမ်းသပ်သိရှိရန် သူ၏ဆရာ မကောင်းဆိုးဝါးအဘိုးအိုက တစ်စုံတစ်ယောက်ကို စေလွှတ်ကာ သူ့ဆီပို့လိုက်ခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးအဘိုးအို၏ သိုင်းပညာရပ်သည် သမာရိုးကျမဟုတ်သော လမ်းကြောင်းကို လျှောက်လှမ်းရခြင်း ဖြစ်သည်။ သာမာန်သိုင်းပညာရပ်များသည် လုံ့လစိုက်ထုတ် လေ့ကျင့်ခြင်းဖြင့် ပိုမိုမြင့်မားသည့်နယ်ပယ်များကို ရောက်ရှိအောင်မြင်နိုင်မည် ဖြစ်သည်။

‘ယင်ယန်ငယ်ပညာရပ်’ သည် ဤသမာရိုးကျလမ်းအကြောင်းအတိုင်း မလိုက်နာပေ။ ဤပညာရပ်သည် ပိုမိုမြင့်မားသော နယ်ပယ်များသို့ ရောက်ရှိရန် တခြားသူများထံမှ မူလစွမ်းအင်ကို စုပ်ယူရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ဝမ်ချောင်သည် အခြားသူများကို သတ်ရမည် ဖြစ်သည်။

မကောင်းဆိုးဝါးအဖိုးအိုကို ‘သမာရိုးကျမဟုတ်သောလမ်းစဉ်’ ကျင့်ကြံသူတစ်ဦးအဖြစ် ယူဆနိုင်ပြီး ထိုသည်မှာ သိုင်းလောက၌ သူသည် ရန်သူများစွာ ရှိနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

ဝမ်ချောင်၏ ‘ယင်ယန်ငယ်ပညာရပ်’ အပေါ် ကျွမ်းကျင်မှုသည် အလွန်နိမ့်ကျသောကြောင့် သူသည် သူ့ထက် အလွန်အဆင့်နိမ့်သော သူများထံမှ မူလစွမ်းအင်ကိုသာ စုပ်ယူနိုင်သည်။ ယခုအချိန်၌ သူသည် တိရစ္ဆာန်များနှင့် သစ်ပင်များထံမှ မူလစွမ်းအင်များကိုသာ စုပ်ယူနိုင်သည်။

ဤသည်မှာ မကောင်းဆိုးဝါးအဖိုးအိုသည် ‘ယင်းယန်ငယ်ဓား’ကို ဖန်တီးခဲ့ရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။

“တစ်ယောက်ရဲ့ရန်သူဟာ သေခါနီး သို့မဟုတ် အလွန်အားနည်းတဲ့အခြေအနေမှာရှိနေသရွေ့ ‘ယင်ယန်ငယ်ပညာရပ်’က တစ်ဖက်လူရဲ့ မူလစွမ်းအင်ကို စုပ်ယူနိုင်လိမ့်မယ်”

“မင်းပြောသလိုပဲ.. ယင်ယန်ငယ်ဓားက ဖြောင့်မတ်သလား ရက်စက်သလား ဆိုတာ အသုံးပြုတဲ့သူအပေါ် မူတည်တယ်.. မင်းဟာ မြင့်မြတ်တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်တာကြောင့် မင်းမှာ ကိုယ်ပိုင်လမ်းစဉ်ရှိနိုင်တယ်.. ဒါကြောင့် ဆုံးဖြတ်ချက်တွေကို ငါ မင်းလက်ထဲ ထားခဲ့မယ်”

..

ဤစကားများသည် ဓားဆီမှ လာခြင်း ဖြစ်သည်။ သမာရိုးကျမဟုတ်သော လမ်းစဉ်များ၏ ကျင့်ကြံမှုနည်းစနစ်သည် မနှစ်မြို့ဖွယ်ကောင်းပြီး လက်ခံနိုင်ရန် ခက်ခဲသည်။ အထူးသဖြင့် ဤကဲ့သို့ အခြားသော ကျင့်ကြံသူများကို သတ်ဖြတ်ရသည့် ကျင့်ကြံမှုနည်းစနစ် ဖြစ်သည်။

မကောင်းဆိုးဝါးအဘိုးအို၏ အမြင်အရဆိုလျှင် ဝမ်ချောင်သည် ဂုဏ်သိက္ခာရှိသော စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသဖြင့် သူသည် အခြားသူများကို သတ်ဖြတ်ရန် သင့်လျော်မည်မဟုတ်ပေ။ သို့သော် ဝမ်ချောင်သည် မကောင်းဆိုးဝါးအဘိုးအိုသည် မလိုအပ်ဘဲ စိုးရိမ်ပူပန်နေသည်ဟု တွေးထင်ခဲ့သည်။

“ယင်ယန်ငယ်ပညာရပ်အတွက် အသင့်တော်ဆုံးနေရာက သိုင်းလောကမဟုတ်ဘူး.. ဒါပေမယ့် စစ်မြေပြင်.. စစ်မြေပြင်မှာသာ ဒီပညာရပ်ဟာ အဆုံးစွန်တောက်ပနိုင်လိမ့်မယ်.. စစ်မြေပြင်မှာ အဆုံးမရှိတဲ့ရန်သူတွေနဲ့ တစ်ယောက်ဟာ အချိန်တိုအတွင်း မြင့်မားတဲ့အဆင့်ထိ ပြီးမြောက်အောင်မြင်နိုင်လိမ့်မယ်.. ဆရာ ခင်ဗျားက မလိုအပ်ဘဲ စိုးရိမ်နေတာပဲ”

ဝမ်ချောင်သည် ကြက်သွေးရောင်ဓားတစ်လျှောက် လက်ညှိုးကို လျှောချရင်း ရေရွတ်လိုက်သည်။ ကြည်လင်ပြတ်သားသော အသံသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။

‘ယင်ယန်ငယ်ပညာရပ်’ နှင့် ‘မဟာယင်ယန်ကောင်းကင်ဘုံဖန်ဆင်းခြင်းပညာရပ်’ တို့သည် သံသယဖြစ်စရာမလိုဘဲ နတ်ဆိုးလမ်းစဉ်များ ဖြစ်ကြသည်။ သို့သော်လည်း ဝမ်ချောင်သည် ထိုသည်ကို စတင်ခဲ့ကတည်းက စစ်မြေပြင်ကလွဲ၍ တခြားနေရာများတွင် အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။

မကောင်းဆိုးဝါးအဘိုးအို စိုးရိမ်ပူပန်နေသည့် ပြဿနာများသည် ဝမ်ချောင်တွင် မရှိခဲ့ပေ။

ဒီး.. ထပ် ထပ်..

ဝမ်ချောင်သည် အတွေးထဲ နစ်မျောနေရင်းနှင့်ပင် မြင်းတစ်ကောင်၏ ကဆုန်ပေါက်သံများ ထွက်ပေါ်လာကာ အဝေးမှပင် တိုက်မြင်းတစ်ကောင်၏ ဟီသံများကို ကြားနိုင်သည်။

“ဟား ဟား ဟား ဝမ်ချောင် မင်းပြင်ဆင်လို့ပြီးပြီလား.. လေ့ကျင့်ရေးစစ်စခန်းတွေက ဖွင့်တော့မှာ”

ဝေ့ဟိုသည် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်ပြီး သူ့အသံသည် ဝမ်မိသားစုဂေဟာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ငါလာပြီ”

ဝမ်ချောင်သည် ယင်ယန်ငယ်ဓားကို သူ့နောက်ကျောရှိ ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး ရယ်မောလိုက်သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင် သူ မျှော်လင့်နေသည့် ကိစ္စသည် နောက်ဆုံးတွင် ရောက်လာတော့မည် ဖြစ်သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုဖြစ်သည့် ကွမ်းဝူ၊ ရှန်းဝေ၊ လုံဝေ တို့သည် နောက်ဆုံးတွင့် ဖွင့်လှစ်တော့မည် ဖြစ်သည်။

ယနေ့သည် သူတို့ကို တရားဝင်ဖွင့်လှစ်မည့်နေ့ ဖြစ်သည်။

သူ့လက်ထဲရှိ ကိစ္စအားလုံးကို စီစဉ်ပြီးသည်နှင့် ဝေ့ဟိုကို ယနေ့တွင် အတူထွက်ခွာရန် ပြောလိုက်သည်။ ရေချိုးပြီးသည့်နောက် သပ်ရပ်သော အဝတ်အစားသို့ ပြောင်းဝတ်ကာ ခေါင်းဆောင်းကို ဆောင်းလိုက်ပြီးနောက် ဝမ်ချောင်သည် တက်ကြွစွာ သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ လက်ရှိ၀တ်ဆင်ထားပုံမှာ အလွန်မိမိုက်နေပုံ ပေါ်သည်။

ဟီး ဟီး

သူ့အခန်းထဲမှ ထွက်လာစဉ်တွင် အနီးနားမှ မြင်းလေး၏ အသံထွက်လာသည်။ ရုတ်တရက် အလင်းတန်းတစ်ခုနှင့်အတူ ကြီးမားသော အရိပ်တစ်ခုသည် ဝမ်ချောင်၏ ရင်ခွင်ထဲသို့ ဝင်လာသည်။

ခြံဝင်းထဲရှိ သစ်ပင်များမှ စုတ်ပြဲနေသော သစ်ရွက်များကို မြုံနေရင်း မဲနယ်ရောင်မြင်းကလေးသည် ဝမ်ချောင်ကို သဘောကျစွာ နမ်းလိုက်သည်။

ဝမ်ချောင်သည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ ခါးမှ အိတ်တစ်လုံးကို အမြန်ဆွဲယူလိုက်ပြီး အဝါရောင်ပဲစေ့အနည်းငယ်ကို ထုတ်ယူကာ လက်ထဲသို့ ထည့်လိုက်ပြီး မဲနယ်ရောင်မြင်းကလေးကို ကျွေးလိုက်သည်။

မျော်လင့်ထားသည့်အတိုင်း ဝိညာဉ်သားရဲမြင်းကလေး ဖြစ်သည်။

တိုတောင်းလှသော ဤနှစ်ရက်အတွင်း တံလျှပ်ဖြူသည် ဝမ်ချောင်ကို သူ၏ပိုင်ရှင်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည်လည်း သူ့ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်။ မြင်းစောင်းထဲ၌ သော့ခတ်ထားရမည့်အစား သူ သွားချင်သည့် နေရာတိုင်းသို့ လွတ်လွတ်လပ်လပ် သွားခွင့်ပေးခဲ့သည်။

ထိုသည်မှာ ဝိညဉ်မြင်းကလေး၏ ရင့်ကျက်မှုအတွက် အကျိုးရှိသည်။

“အရိပ်လေး.. သွားကြစို့.. ဒီနေ့ မင်းကို ငါနေရာတစ်ခုကို ခေါ်သွားမယ်”

မဲနယ်ရောင်မြင်းကလေးသည် အဝါရောင်ပဲစေ့များကို စားပြီးသောအခါ ဝမ်ချောင်သည် သူ၏လည်ပင်းကို လက်ဖြင့် ပုတ်လိုက်ပြီး ရှေ့သို့ ပို့လိုက်သည်။ ဝမ်မိသားစုဂေဟာမှ ထွက်လာသည့်အခါတွင် လူအများအပြားသည် တန်းစီပြီး ဝင်ပေါက်၌ ရှိနေကြသည်။

“လူငယ်သခင်လေး”

ရှန့်ဟိုင်၊ မုန့်လုံ၊ ထောင်ပါးကွေးယွမ်နှင့် မီယာဆာမိတို့သည် ဝမ်ချောင်ကို တွေ့လိုက်သည်နှင့်ခေါင်းငုံ့ကာ အရိုအသေ ပြုလိုက်ကြသည်။ လီကျူရှင်းသာ ခေါင်းမငုံ့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

“အမ်.. ထွက်ခွာဖို့ အချိန်ကျပြီ”

ဝမ်ချောင် ပြုံးလိုက်သည်။

တံခါးအပြင်ဘက်၌ စစ်မြင်းများပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ထိုင်နေကြသော ဝေ့ဟိုနှင့် သူ့နောက်လိုက် အုပ်စုများသည် သူ့ကို စောင့်ဆိုင်းနေကြသည်။

တစ်ဖက်တွင် ကျောက်ကျင်းတျန်သည် စစ်မြင်းကို ထိန်းကျောင်းလျက် သူ့ကို စောင့်နေသည်။ သူ့ဘေးတွင် အကြီးအကဲဟူ၊ ဟူးမြို့စားကြီးနှင့် တခြားသူများ ရပ်နေကြသည်။

ယနေ့သည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုကို ဖွင့်လှစ်မည့်နေ့ဖြစ်သကဲ့သို့ ဝမ်ချောင်စစ်မှုထမ်းရမည့်နေ့လည်း ဖြစ်သည်။ ထိုသည်ကို သိရှိသူများသည် သူ့ကိုနှုတ်ဆက်ရန် လာခဲ့ကြသည်။

“ချောင်အာ သား ဒါက စစ်တပ်ထဲကို မင်းပထမဆုံးဝင်ရောက်တဲ့အချိန်ပဲ.. မေမေ အနားမှာ မရှိတော့တာမို့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ သင်ယူရမယ်နော်”

အမျိုးသမီးသည် ဝမ်းနည်းနေသော နီရဲနေသည့် မျက်လုံးများဖြင့် အိမ်တံခါးဝတွင် ရပ်နေသည်။

ထိုအရာသည် စစ်မှုထမ်းခြင်းဟု မယူဆနိုင်သော်လည်း အမှန်တွင် ထိုသည်မှာ လေ့ကျင့်ရေးစခန်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ဝမ်ချောင်က သူမအနားမှ ထွက်သွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

သားပေါက်လေးသည် နောက်ဆုံးတွင် ကြီးပြင်းလာခဲ့ပြီး ကျယ်ပြောလှသော လောကကြီးဆီသို့ ပျံသန်းကြည့်ရမည့် အချိန်ရောက်လာပေပြီ။

“အမေ စိတ်မပူပါနဲ့.. မေမေလည်း ဂရုစိုက်နော်”

ဝမ်ချောင် ပြုံးလိုက်သည်။

“ဟမ် တတိယအစ်ကို.. အဲဒီမှာ လူတွေက တော်တော်ကြောက်ဖို့ကောင်းတယ်လို့ ငါကြားထားတယ်.. ဒါပေမယ့် မင်းကို အနိုင်ကျင့်ရဲတဲ့သူရှိရင် ငါ့ကိုပြော.. သူတို့ကို မင်းအတွက် ခံစားသွားရအောင် လုပ်ပစ်မယ်”

ဝမ်မိသားစု၏ ညီမလေးသည် အမျိုးသမီးဝမ်၏ ရင်ခွင်ထဲတွင် နှုတ်ခမ်းစူနေလေသည်။ သူမသည် သူမ၏တတိယအစ်ကိုကို အနိုင်ကျင့်သည့်သူများကို ပညာပြန်ပေးလိုက်သကဲ့သို့ သူမ၏ လက်သီးသေးသေးလေးများကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။

ဝမ်ချောင် ရယ်မောလိုက်သည်။ သူ၏ ညီမလေးသည် သူ့ကို အတိတ်ကကဲ့သို့ အားနည်းသည့် တတိယအစ်ကိုအဖြစ် တွေးထင်နေပုံရသည်။

“ညီမလေး.. အစ်ကိုသိပါပြီ”

“ဟမ်.. ငါ့နှာခေါင်းကို မညှစ်နဲ့.. အဲလိုဆိုရင် ငါစိတ်တိုလာမှာနော်”

သူ၏ညီမလေး ဒေါသထွက်သွားသည်ကို ကြည့်ရင်း ဝမ်ချောင် သဘောကျစွာ ရယ်လိုက်သည်။ ထို့နောက် သူသည် အနည်းငယ် နောက်ဆုတ်လိုက်ကာ ဦးညွှတ်လိုက်သည်။

“အမေ၊ ညီမလေးနဲ့ ဒီမှာရောက်နေတဲ့ အကြီးအကဲများအားလုံး.. ကျွန်တော်သွားတော့မယ်”

ဝမ်ချောင်သည် မြင်းပေါ်မတက်မီ ဤနေရာမှ လူအားလုံးကို နှုတ်ဆက်စကားပြောခဲ့သည်။ ထို့နောက် လီကျူရှင်း၊ မီယာဆာမိ၊ ဝေ့ဟို၊ ကျောက်ကျင်းတျန်နှင့် အခြားလူအနည်းငယ်နှင့်အတူ အဝေးသို့ ထွက်ခွာလိုက်သည်။

“ခရီးသစ်တစ်ခုကို စတင်ခဲ့လေပြီ.."

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အခန်း ၁၈၈ ခွန်းဝူလေ့ကျင့်ရေးစခန်း။

ထပ် ထပ် ထပ်..

မြို့တော်အတွင်း၌ လူစည်ကားလျက်ရှိသည်။ များပြားလှသော စစ်မြင်းများသည် အဖွဲ့လိုက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြို့တော်၏အရှေ့၊ အနောက်နှင့် မြောက်ဘက် တံခါးများမှ ဒုန်းဆိုင်း ထွက်ခွာသွားကြသည်။ ထိုစစ်မြင်းများပေါ်၌ လိုက်ပါစီးနင်းလာသူများသည် တော်ဝင်စစ်သည်များမဟုတ်သကဲ့သို့ နယ်ခြားစောင့်တပ်များလည်း မဟုတ်ပေ။ ထို့အစား မဟာထန်၏ မောက်မာလှသော မျိုးဆက်သစ်လူငယ်များ ဖြစ်ကြသည်။

မှူးမတ်များ၊ ချမ်းသာသော ကုန်သည်များ၊ ဩဇာကြီးမားသော စစ်သူကြီးများ၊ ဂုဏ်သိက္ခာရှိသော ကလန်များစသဖြင့်... ကွဲပြားခြားနားသော အင်အားကြီးမျိုးနွယ်စုများမှ ဆင်းသက်လာသည့် လူငယ်များကို မြင်းများ၏ နောက်ကျောပြင်ပေါ်၌ မြင်တွေ့နိုင်သည်။

“ဟား ဟား ဟား ဘယ်လောင်တောင် စည်ကားလိုက်သလဲ”

ဝေ့ဟိုသည် မြင်း၏ နောက်ကျောပေါ်တွင် ထိုင်နေရင်းဖြင့် ထိုမြင်ကွင်းကို ကြည့်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဝမ်ချောင် ကြည့်လိုက်ဦး.. ဟိုမှာ လူတွေအများကြီးပဲ”

“အမ်း”

ဝမ်ချောင် ခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤကမ္ဘာကြီးကို များစွာ ပြောင်းလဲစေခဲ့သည်မှာ ဖြစ်နိုင်သော်လည်း မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် သူသိခဲ့သည့်ပုံစံနှင့် အလွန်ကွာခြားသွားသည်ကို သူနားလည်လိုက်သည်။

ထိုအချိန် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခု စတင်ဖွင့်လှစ်စဉ်က လူများစွာ၏ အာရုံစိုက်မှုကို မခံခဲ့ရဘဲ စာရင်းသွင်းသူ လက်တစ်ဆုပ်စာမျှသာ ရှိခဲ့သည်။

ထို့အပြင် လက်ခံထားသည့်ဦးရေသည်လည်း သူ၏ယခင်ဘဝကထက် ပိုများသည်။

“ကြည့်ရတာ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပဲ”

ဝမ်ချောင် တွေးလိုက်သည်။ သူ၏လုပ်ဆောင်ချက်များသည် နစ်နာမှုများကို ဖြစ်မလာစေပုံရပြီး ယင်းက “လောကအကန့်အသတ်”တွင် ပါဝင်ခြင်း မရှိချေ။

ယခုအချိန်တွင် ထိုအပြောင်းအလဲသည် ကောင်းသလော၊ ဆိုးသလော ပြောဖို့ရန် ခက်ခဲသည်။

သို့သော် ထိုအရာနှင့်ပတ်သက်၍ သူ့တွင် ရွေးချယ်စရာမရှိပေ။

“... ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး မဟာလေ့ကျင့်ရေးစခန်းသုံးခုကိစ္စကတော့ မပြောင်းလဲသွားဘူး”

ထိုအတွေးများသည် ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်လာချိန်၌ သူတို့အုပ်စုသည် အရှေ့ဘက်တံခါးမှ အဝေးသို့ စတင်ထွက်ခွာလိုက်ကြသည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုနှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များသည် များစွာ ထွက်ပေါ်လာခဲ့သည်။

လေ့ကျင့်ရေးစစ်စခန်းများ ဖွင့်လှစ်ခြင်းသည် ပညာရှင်ဧကရာဇ်မှ အဆိုပြုလက်ခံခဲ့သည့် ကိစ္စဖြစ်ပြီး စစ်မှုထမ်းစိစစ်ရေးဌာန၊ ပြစ်ဒဏ်စီရင်ရေးဌာန၊ အလုပ်အကိုင်စိစစ်ရေးဌာန၊ အခွန်စိစစ်ရေးဌာနနှင့် လူမှုဝန်ထမ်းစိစစ်ရေးဌာန တို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တော်ဝင်စစ်တပ်၏ အကူအညီဖြင့် လုံဝေ၊ ရှန်းဝေနှင့် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းများကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လေ့ကျင့်ရေးကွင်းသည် မြို့တော်၏အရှေ့၊ အနောက်နှင့် မြောက်ဘက် လီနှစ်ဆယ် ကွာဝေးသော တောင်တန်းများတွင် တည်ရှိသည်။ အမှန်တကယ်တွင် မြို့တော်မှ စစ်စခန်းများ၏ အကွာအဝေးထားရှိမှုအပေါ် ဆွေးနွေးငြင်းခုံမှုများ ပြင်းထန်ခဲ့သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းများကို အလွန်ဝေးကွာသောနေရာတွင် ထားရှိခဲ့ပါက ၎င်းသည် သူ၏ကာကွယ်မှုများကို ဆုံးရှုံးသွားမည်ဖြစ်ကာ ထိုအရာသည် မလုံခြုံပေ။ အလွန်နီးသော နေရာတွင် ထားရှိလျှင်လည်း လူတိုင်းသည် မြို့တော်သို့ ပြန်ရန်သာ စဉ်းစားနေကြမည် ဖြစ်သည်။ ထိုအရာသည် သူတို့၏ လေ့ကျင့်မှုအပေါ် အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။

ဝမ်ချောင်နှင့် အခြားသူများ ဦးတည်သွားနေသော ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် မြို့တော်၏ အရှေ့ဘက် တောင်ပေါ်တွင် တည်ရှိသည်။

သူတို့သည် အစပိုင်းတွင် လမ်းမကြီးအတိုင်း လျှောက်လာရင်း လမ်းချိုးကို ကွေ့လိုက်ကြကာ ခြောက်နာရီအကြာတွင် သူတို့သည် နောက်ဆုံး၌ တိမ်ထဲသို့ တည့်တည့်တိုးဝင်သွားသည့် ဧရာမတောင်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုတောင်သည် သူ၏ပတ်ပတ်လည်ရှိ တောင်တန်းများနှင့် နှိုင်းယှဉ်ပါက အလွန် ကြီးမားလှသည်။

တောင်ထိပ်တွင် စိမ်းလန်းစိုပြေသော သစ်ပင်များမရှိသော်လည်း သစ်သားဖြင့်ပြုလုပ်ထားသော ခန်းမများ၊ အခြေခံအဆောက်အဦများနှင့် လေ့ကျင့်ရေးကွင်းများ ရှိနေသည်။

ရာနှင့်ချီသော မဟာထန်၏စစ်အလံများကို တောင်တပြင်လုံးတွင် လွှင့်ထူထားခဲ့ကာ အလံများက လေထဲတွင် ကခုန်နေပြီး ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။ အထူဆုံးနှင့် အမြင့်ဆုံးတစ်ခုမှာ အဝါရောင်တစ်ခုဖြစ်ပြီး မီတာတစ်ရာနီးပါး ရှည်လျားသည်။ ရှည်လျားလှသော်လည်း ထိုအပေါ်တွင် ရေးသားထားသည့် ရွှေနီရောင်စကားလုံးများက ရှင်းလင်းလှသည်...

“ခွန်းဝူ”

“ဘယ်လိုတောင် ခမ်းနားထည်ဝါလိုက်သလဲ”

ဝေ့ဟိုသည် အဝေးသို့ မျှော်ကြည့်ရင်း ပုံကြီးချဲ့ကာ ပြောလိုက်သည်။

တခြားသူများသည် ဘာမျှမပြောကြသော်လည်း စိတ်ထဲတွင် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် တုန်လှုပ်အံ့ဩ နေကြသည်။ မဟာထန်၏လေ့ကျင့်ရေးစစ်စခန်းသုံးခုတွင် ခွန်းဝူသည် သာမန်ပြည်သူများအတွက် ရည်ရွယ်သည်။ ခွန်းဝူသည်ပင် ဤမျှလောက် ခမ်းနားနေလျှင် ရှန်းဝေနှင့် လုံဝေတို့သည် မည်မျှအထိ ခမ်းနားကြီးကျယ်လိမ့်မည်နည်း။

“တော်ဝင်တရားရုံးရဲ့ ဌာနအသီးသီးက တော်ဝင်စစ်တပ်နဲ့အတူ ဒီကိစ္စအတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အကျိုးရလဒ်ကတော့ တကယ့်ကို ပြောင်မြောက်လှပါပေတယ်”

ဝမ်ချောင် အဝေးတစ်နေရာမှနေ၍ စစ်စခန်းသို့ လှမ်းကြည့်ကာ တွေးလိုက်သည်။

သူသည် ယခင်ဘဝက၌ မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုနှင့် ရေစက်မပါခဲ့ပေ။ ထို့အပြင် လေ့ကျင့်ရေး စခန်းကြီးသုံးခုသည် ဖြတ်သန်းသွားလာသူတိုင်း အလွယ်တကူ ချဉ်းကပ်နိုင်သည့်နေရာများ မဟုတ်ခဲ့ပေ။ ထို့ကြောင့် ဤအရာသည် ဝမ်ချောင် ခွန်းဝူစစ်စခန်းကို ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။

ဝိဉာဉ်သွေးကြောပေါ်တွင် ဆောက်လုပ်ထားသော သူ၏ လေ့ကျင့်ရေးကွင်းသည် မဟာလေ့ကျင့်ရေး စစ်စခန်းသုံးထက် စောသော်လည်း ဆောက်လုပ်ပြီးစီးမှု အတိုင်းအတာ ပမာဏသည် ခွန်းဝူ လေ့ကျင့်ရေးစခန်းနှင့် အဝေးတွင် ကျန်နေခဲ့သည်။

“ဝေ့ဟို ခဏနေကျရင် တောင်ပေါ်မှာ ဂရုမစိုက်မလုပ်နဲ့... ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက မဟာလေ့ကျင့်ရေး စစ်စခန်းသုံးခုမှာ ဝင်ရောက်ဖို့ အလွယ်ကူဆုံးဆိုပေမယ့် တကယ်လို့ မင်းအထဲမှာ မကျော်ဖြတ်နိုင်ရင် မင်းအတွက် သေချာတဲ့နေရာတစ်ခုကတော့ အိမ်ပြန်ပို့ခံရခြင်းပဲ”

ဝမ်ချောင် ရုတ်တရက် ဝေ့ဟိုဘက် လှည့်ကာ ပြောလိုက်သည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းဆီ မရောက်မီ မတ်တပ်ရပ်လိုက်ပြီး သူ၏ညီအစ်ကိုများကို တချို့အရာများပြင်ဆင်ထားရန် သတိပေးလိုက်သည်။

“မင်း လာနောက်နေတာလား... ငါက အခုမူလစွမ်းအင်အဆင့် ၇ ကို ရောက်နေပြီး ကောင်းကင်တောင်သို့ တက်လှမ်းခြင်း ခွန်အားကိုတောင် ကျွမ်းကျွမ်းကျင်ကျင် ထုတ်ဖော်နိုင်နေပြီ... ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက လူတိုင်းကတော့ မူလစွမ်းအင်အဆင့် ၈ ကို ရောက်မနေနိုင်ဘူး ဟုတ်တယ်မလား”

ဝေ့ဟိုသည် မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။ သူ၏ ကျင့်ကြံမှုသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ဝမ်ချောင် သူ့ကိုပေးခဲ့သော ကောင်းကင်တောင်သို့ တက်လှမ်းခြင်းနည်းစနစ်သည် သူ့အတွက်သာ အထူးဖန်တီးထားသကဲ့သို့ သူနှင့် သဟဇာတ ဖြစ်နေသည်။

ထိုအကြောင်းကြောင့် သူသည် အလွန်ယုံကြည်မှုရှိနေခြင်းပင် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း လူငယ်မျိုးဆက် အများအပြားသည် သူ့နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းပင် ဖြစ်သည်။

သို့တိုင် သူသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ ဝင်ခွင့်စမ်းသပ်စစ်ဆေးမှုကို ကျရှုံးနိုင်သည်ဟု ဝမ်ချောင်ပြောခဲ့သည်။ ဝေ့ဟိုသည် ထိုအရာကို မည်သို့ယုံကြည်ရမည်နည်း။

“ဟမ့် အဲလိုလား.. သိုင်းပညာဆိုတာ ခွန်အားအပေါ်မှာပဲ အရာအားလုံးမူတည်နေတယ် လို့ မင်းထင်နေတာလား... မင်းက ကြီးမားတဲ့ခွန်အားကို ပိုင်ဆိုင်ထားနိုင်တယ် ဒါပေမယ့် သိုင်းပညာကျွမ်းကျင်မှုနဲ့ လိမ္မာပါးနပ်မှုမှာတော့ လိုသေးတယ်... မင်းက သာမန်သိုင်းသမားတွေနဲ့ လက်ရည်တူတိုက်ခိုက်နိုင်ပေမယ့် စစ်မှန်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ရာမှာတော့ သူတို့ဟာ ခနလေးအတွင်းမှာ မင်းရဲ့အားနည်းချက်တွေကို မြင်နိုင်ပြီး ဆုပ်ကိုင်နိုင်လိမ့်မယ်... 'တုံးအသောငှက်များသည် ပျံသန်းခြင်းကို မနက်စောစောတွင် စ၍သင်ယူကြသည်'တဲ့ ဒီလို ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းကို လာရောက်ကြသူတွဟာ နိမ့်ကျတဲ့နောက်ခံတွေကနေ လာခဲ့ကြတာဖြစ်နိုင်တယ် ဒါပေမယ့် အဲဒါကြောင့်ပဲ သူတို့ဟာ ငါတို့ထက် ပိုပြီး အားစိုက်ထုတ်ခဲ့ကြတယ်”

“ဒါ့အပြင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းဟာ သာမန်ပြည်သူတွေအတွက် ဆောက်လုပ်ခဲ့တာဖြစ်လို့ သူ့ရဲ့စမ်းသပ်မှုတွေက မင်းမျှော်လင့်ထားတာနဲ့ အများကြီး ကွာခြားလိမ့်မယ်... ဒီနေ့စီစဉ်ထားတဲ့ ခွန်းဝူလေ့ကျင့်ရေး စစ်စခန်းကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီသူတွေအားလုံးဟာ ပါဝင်သူ အုပ်စုလိုက်ကြီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ပြီး အောင်ပွဲခံကြရမယ်”

“သူတို့အားလုံးဟာလည်း လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေဖြစ်လာလိမ့်မယ်... လူတွေအများကြီးရဲ့အထက်မှာ သူတို့ဟာ ဘယ်လိုရပ်တည်နိုင်ခဲ့သလဲဆိုတာနဲ့တင် သူတို့က မင်းရဲ့ အားနည်းချက်တွေကို ရှာမတွေ့နိုင်ဘူးလို့ မင်းထင်နေသလား”

ဝမ်ချောင်၏ စကားများသည် သူတို့အဖွဲ့ကို ထိတ်လန့်သွားစေခဲ့သည်။ မီယာဆာမိသည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို ဤမျှယှဉ်ပြိုင်မှု ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လီကျူးရှင်း၏ မျက်လုံးများသည်လည်း ထူးခြားသည့် အလင်းတန်းများ တောက်ပနေသည်။

သာမန်ပြည်သူများကြား ပြိုင်ဆိုင်မှုသည် အလွန်ကြီးမားပြင်းထန်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။

စားဝတ်နေရေးအတွက် စိတ်ပူစရာမလိုဘဲ အရှိန်အဝါကြီးမားသည့် စစ်သူကြီးများနှင့် ဝန်ကြီးများမှ ဆင်းသက်လာသည့် ဤလူငယ်များသည် ဤရှားပါး အဖိုးတန်သောအရာများကို နားလည်ထားပါက ဝမ်ချောင် အံ့အားသင့်မိပေမည်။

“မဖြစ်ဘူး”

တစ်ဖက်တွင်မူ ဝေ့ဟိုသည် ဤရှုထောင့်မှ မစဉ်းစားမိခဲ့သဖြင့် သူသည် ဝမ်ချောင်၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။

“ဒါက ချဲ့ကားပြောနေသလိုပဲ”

သို့သော် ဝမ်ချောင်သည် ထိုထက်ပို၍ ရှင်းပြရန် စိတ်မ၀င်စားတော့ပေ။

ဝမ်ချောင်၏ အရည်အချင်းနှင့် ထူးချွန်မှုများကြောင့် သူသည် မဟာလေ့ကျင့်ရေး စစ်စခန်းသုံးခုထဲမှ မည်သည်ကိုမဆို အလွယ်တကူ ရွေးချယ်နိုင်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို သူရွေးချယ်ခဲ့ရသည်မှာ ရုတ်တရက် စိတ်ကူးပေါက်၍ သို့မဟုတ် အခြားတစ်စုံတခုကြောင့် မဟုတ်ပေ။ ထို့အစား သူသည် ထိုကိစ္စကို သေချာစဉ်းစား သုံးသပ်ခဲ့ပြီး အကောင်းဆုံး ရွေးချယ်မှုလမ်းကြောင်းဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရှန်းဝေနှင့်လုံဝေတို့သည် သုံးခုတွင် ပိုမိုကျော်ကြားကြပြီး သူတို့တွင် မှူးမတ်များ သို့မဟုတ် ဂုဏ်သိက္ခာရှိသော မျိုးနွယ်စုများ၏ လူငယ်မျိုးဆက်များသည်သာ ပါဝင်ကြသည်။ သို့သော်လည်း စစ်မှန်သော အရည်အချင်းများနှင့် ကျွမ်းကျင်သူများ အားလုံးကို ခွန်းဝူတွင် စုစည်းထားကြောင်း အချိန်က သက်သေပြပေလိမ့်မည်။

မဟာထန်၏ နောင်တက်လာမည့် စစ်သူကြီး ကိုးဆယ်ရာခိုင်နှုန်းခန့်သည် ခွန်းဝူမှ ထွက်ပေါ်လာမည်ဖြစ်သည်။

ထို့အပြင် ဝမ်ချောင်သည် ယခင်က သူ၏အပြုအမူများကြောင့် ဤအမှန်တရားသည် ပြောင်းလဲသွားမည်ဟု သူ မထင်ပေ။

'ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးများသည် ရင့်ကျက်မှုပိုမြန်သည်' ဆိုသည့်အတိုင်း သဘာဝကျစွာပင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုတွင် အထူးချွန်အပြောင်မြောက်ဆုံး ဖြစ်လာမည်မှာ ဧကန်မုချပင် ဖြစ်သည်။ ဝမ်ချောင် ဝေ့ဟိုကို ပြောခဲ့သည့် စကားများသည် အလိမ်အညာ မဟုတ်သလို ထိုအရာသည် သူ့ယခင်ဘဝ၌ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ သင်တန်းသားများအပေါ် အခြေခံ၍ အကဲဖြတ်ထားခြင်းဖြစ်သည်။

ဤလူများသည် နောက်ခံမရှိသောကြောင့် သူတို့၏ လေ့ကျင့်ရေး အရင်းအမြစ်များသည် အကန့်အသတ် ရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် ထိုမလုံလောက်မှုကို ဖြည့်ဆည်းရန် ကြိုးစား၍သာ ကျင့်ကြံကြရသည်။

ဝေ့ဟို၏ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုသည် သူ၏ အပေါင်းအသင်းများကြားတွင် တကယ်ပင် အထင်ကြီးစရာ ကောင်းသော်လည်း ဤလူများနှင့် ယှဉ်လျှင်တော့ ဘာမှမဟုတ်သေးပေ။

သူ့ထက် ပိုရူးသွပ်စွာ ကြိုးစားကျင့်ကြံသည့်သူများ အများအပြား ဤနေရာသို့ လေ့ကျင့်ရန် လာခဲ့ကြသည်။

ထိုလူများသည် ပါရမီ၊ စဉ်းစားတွေးခေါ်မှု သို့မဟုတ် လုံ့လဝီရိယ မရှိ၍ မဟုတ်ပေ။ သူတို့သည် ကျင့်ကြံခြင်း အရင်းအမြစ်များ ချို့တဲ့ခဲ့ကြ၍ ဖြစ်သည်။ သူတို့သည် လေ့ကျင့်ရေးစစ်စခန်းမှ လုံလောက်သည့် အရင်းအမြစ်များကိုသာ ရရှိခဲ့ပါက သူတို့၏ အရည်အချင်းများသည် ပေါက်ကွဲ ထွက်လာပေလိမ့်မည်။

သစ်တစ်ပင်သည် သစ်တောဖြစ်မလာနိုင်ဟု ပြောကြသကဲ့သို့ပင်ဖြစ်သည်။

အကယ်၍ ဝမ်ချောင်သည် တိုင်းပြည်၏ကံကြမ္မာကို ပြောင်းလဲလိုပါက သူနှင့်တူညီသော အမြင်ရှိသည့် အပေါင်းအသင်းများနှင့် လက်အောက်ငယ်သားများကို ရှာဖွေရမည်ဖြစ်ပြီး ခွန်းဝူသည် ထိုသို့လုပ်ဆောင်ရန် အကောင်းဆုံးနေရာဖြစ်သည်။

“...ဘယ်လိုပဲဖြစ်ဖြစ် ဒါကို မှတ်ထား... တစ်စုံတစ်ယောက်က မင်းရဲ့ညာပေါင်နောက်ကျောကို တိုက်ခိုက်ခဲ့ရင် တုံ့ပြန်ဖို့အတွက် ကောင်းကင်တောင်သို့ တက်လှမ်းခြင်းနည်းစနစ်ရဲ့ 'ကျားသည် ကောင်းကင်တောင်သို့ တက်လှမ်းခြင်း' နဲ့ 'နဂါးသည်ကောင်းကင်တောင်သို့တက်လှမ်းခြင်း' ကို သုံး.. မင်းဒီလိုလုပ်နေသရွေ့ စမ်းသပ်မှုကို မကျရှုံးစေရဘူး”

တခဏအကြာ အတွေးထဲ နစ်မျောနေခဲ့ပြီးနောက် ဝမ်ချောင် ပြောလိုက်သည်။

“သိပါပြီ”

ဝေ့ဟိုသည် အနည်းငယ် ကြောက်ရွံ့နေသောပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤကိစ္စမှာ ယုံကြည်ရန် ခက်ခဲသည်ကို တွေ့လိုက်ရသော်လည်း ဝမ်ချောင်သည် သူ့ကို လိမ်မည်ဟု မထင်ပေ။

သူတို့သည် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းနှင့် အနည်းငယ် ဝေးကွာနေသေးသော်လည်း ဝင်ခွင့်စမ်းသပ်စစ်ဆေးမှုသည် ရှန်းဝေနှင့် လုံဝေတို့ထက် ပိုခက်ခဲမည်ကို ဝေ့ဟိုကြိုတင်သိရှိခဲ့ရသည်။

ဝမ်ချောင်သည် သူ့ကို ရှင်းရှင်းလင်းလင်း လမ်းညွှန်ခဲ့ပြီး ဖြစ်သည်။ သူသည် သူ၏ကစားပွဲကို ကောင်းမွန်စွာ မကစားနိုင်ပါက သူသည် တကယ့်ကို မိုက်မဲရာကျပေလိမ့်မည်။

“ဒါ့အပြင် မင်းတောင်ပေါ်ကိုရောက်ရင် မင်းရဲ့စမ်းသပ်မှုအတွက် ဝဝကစ်ကစ် မုတ်ဆိတ်နဲ့ နည်းပြဆရာတစ်ယောက်ကိုရှာ... တခြားနည်းပြဆရာတွေကို အနှောက်အယှက်မပေးနဲ့... သူ့ဆီပဲ တည့်တည့်သွား.. အဲဒါက မင်းအတွက် သေချာပေါက် အကျိုးရှိလိမ့်မယ်”

ဝမ်ချောင် ပြောလိုက်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ သင်တန်းသားများကို အပိုင်းများစွာ ခွဲထားကာ အပိုင်းတစ်ခုချင်းစီအား မတူညီသည့် နည်းပြဆရာများက ဦးဆောင်မည်ဖြစ်သည်။ သင်တန်းဆရာတစ်ဦးစီသည် အခြေခံအချက်များအား သင်တန်းသားများအား ဖြန့်ဝေပေးပြီး သူတို့၏လေ့ကျင့်မှုများကို လမ်းညွှန်ပေးမည် ဖြစ်သည်။

ဝမ်ချောင် ဖော်ပြခဲ့သည့် ဆရာသည် ဝေ့ဟို၏ ကောင်းကင်တောင်သို့ တက်လှမ်းခြင်းနည်းစနစ်နှင့် အလွန်အမင်း လိုက်ဖက်သော ခွန်းဝူရှိ ဟန်လင်တွင်(သိုင်းပညာရပ်တစ်မျိုး) အကျွမ်းကျင်ဆုံးသော နည်းပြဆရာဖြစ်သည်။ ဤဆရာမှ သင်ကြားပေးသည့် ကျောင်းသားအများစုသည် နောက်ဆုံးတွင် ဖွဲ့စည်းတည်ဆောက်ပုံ၏ ရှေ့တန်းမျက်နှာစာတွင် ဦးဆောင်ကာ ရဲရင့်သော စစ်သူကြီးများ ဖြစ်လာခဲ့ကြသည်။

အနာဂတ်စစ်မြေပြင်တွင် ဤနည်းပြဆရာနှင့် သူ၏တပည့်များသည် အလွန်ကျော်ကြားကြပေလိမ့်မည်။ သို့သော် ယခုအချိန်၌... နည်းပြဆရာ၏ ဝဝကစ်ကစ်ခန္ဓာကိုယ်ကြောင့် သူ့အား အထင်ကြီးသူ အများအပြား မရှိခဲ့ပေ။

လူတော်တော်များများသည် သူ့လက်အောက်သို့ မဝင်ရောက်လိုကြသောကြောင့် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။

မည်သည့်အရာမျှမပြောင်းလဲခဲ့ပါကက ယခုအချိန်မှစ၍ နောက်သုံးနှစ်အကြာတွင် ဤနည်းပြဆရာကို အဆင့်မြင့်တပ်မှူးအဖြစ် ရာထူးတိုးပေးမည်ဖြစ်၍ ထိုအချိန်ကျလျှင် သူသည် သင်တန်းသားအသစ်များအား လက်ခံတော့မည် မဟုတ်ချေ။ ဝေ့ဟိုသည် ယခုထက်ပို၍ တိုးတက်ချင်သည်ဆိုပါက ထိုသည်မှာ သူ၏ အခွင့်အရေးကောင်းပင်ဖြစ်သည်။

အနာဂတ်သည် ပြောင်းလဲနေပြီ ဖြစ်သောကြောင့် ဝမ်ချောင်သည် ထိုဝဝကစ်ကစ်နည်းပြဆရာ ရှိ၊ မရှိ ကို အတိအကျ မပြောနိုင်ပေ။ သို့တိုင် သူသည် ဤအခွင့်အရေးကို ဝေ့ဟိုအား လက်လွတ်အဆုံးရှုံး မခံစေလိုပေ။

“ကောင်းပြီ.. ဝမ်ချောင် စိတ်မပူပါနဲ့ ငါနားလည်ပြီ”

ဝမ်ချောင်၏ လေးနက်သည့်အမူအရာကို မြင်သဖြင့် ဝေ့ဟိုသည် မှုန်ကုပ်ကုပ်လေး ခေါင်းညိတ်လိုက်သည်။ သူတို့၏ ခိုင်မာသော ဆက်ဆံရေးများကြောင့် ဝေ့ဟိုသည် ဝမ်ချောင်၏စကားများကို မသိစိတ်မှ ယုံကြည်နေမိသည်။

“ကျောက်ကျင်းတျန် ခနနေ ငါ့နောက်လိုက်ခဲ့ပါ”

ဝမ်ချောင်လှည့်လိုက်ပြီး ကျောက်ကျင်းတျန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူတို့သည် ယခင်ဘဝ၌ ညီအစ်ကိုကောင်းများ ဖြစ်ခဲ့ကြသောကြောင့် ကျောက်ကျင်းတျန်သည် အခြားမည်သည့်ဆရာကိုမျှ ရှာရန်မလိုအပ်ပေ။

သူသည် သူ့အတွက်အကောင်းဆုံးဖြစ်ခဲ့သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

ကျောက်ကျင်းတျန်သည် တုံ့ဆိုင်းမနေဘဲ လေးစားစွာ ပြန်ပြောလိုက်သည်။

ဝမ်ချောင်သည် မြို့စားကြီးကျူး၏မျိုးဆက်ဖြစ်ပြီး ဝမ်ကလန်အနာဂတ်၏ မီးအိမ်ရှင်ဖြစ်သည်။ ကျောက်ကလန်သည် သူ့အဖိုး လက်ထပ်ကတည်းက ဝမ်ကလန်အနောက်သို့ လိုက်ပါခဲ့ပြီး သူ၏နှလုံးသားထဲတွင်လည်း ဝမ်ချောင်ကို သူ့အနာဂတ်၏ မီးအိမ်ရှင်အဖြစ် ရှု့မြင်ထားခဲ့ပြီးဖြစ်သည်။

ဒီး.. ဒါ

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းဆီသို့ ဦးတည်၍ အုပ်စုလိုက် ဒုန်းဆိုင်းပြေးလွှားနေသည့် အသံများ ထွက်ပေါ်လာခဲ့ပြီး ဖုန်လုံးကြီးများကို သူတို့အနောက်တွင် ချန်ထားခဲ့လေသည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၈၉

လီအတော်ဝေး‌ဝေးရောက်လာခဲ့ပြီးနောက် လီကျုးရှင်နှင့် မီယာဆာမိတို့သည် ရပ်တန့်လိုက်ကြသည်။

သူတို့၏ ပုံသဏ္ဍာန်များမှာ သိပ်အဆင်ပြေနေပုံမရပေ။

လီကျူးရှင်သည် အနည်းငယ်အဆင်ပြေနေသေးပုံရသော်လည်း မီယာဆာမိ၏ မျက်နှာသည် ဖြူဖျော့နေပြီဖြစ်သည်။

“တောင်ပေါ်မှာ ကျွမ်းကျင်သူတွေအများကြီးရှိတာပဲ..

စစ်မှန်တဲ့သိုင်းပညာရပ်နယ်ပယ်က ကျွမ်းကျင်သူတွေကို ဘေးဖယ်ထားလိုက်ရင် နက်နဲသိမ်မွေ့တဲ့သိုင်းပညာရပ်နယ်ပယ်က ကျွမ်းကျင်သူတွေလည်း ဒီနေရာမှာ အနည်းငယ်ရှိတယ်...အာယာကာ နဲ့ ငါက မင်းကို ဒီမှာပဲ နှုတ်ဆက်ရတော့မယ်”

သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်သည် ဝမ်ချောင်၊ ဝေ့ဟို၊ ကျောက်ကျင်းတန်နှင့် အခြားသူများထက် ပို၍မြင့်မား‌သောကြောင့် တောင်ပေါ်ရှိ ကျွမ်းကျင်သူများ၏ ဖိအားများကို သူတို့ထက် အဆပေါင်းများစွာ ခံစားနိုင်သည်။ ထို့အပြင် ထိုဖိအားများသည် သူတို့ကို ပို၍ပစ်မှတ်ထားပုံရသည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတစ်ဝိုက်ရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများထံမှ ပြင်းထန်သော ရန်လိုမှုကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

ဤဖိအားများအားလုံးသည် လီကျူးရှင်နှင့် မီယာဆာမိကို မသက်မသာခံစားရစေသည်။

“ဟမ် ငါကျတော့ ဘာလို့ ဘာမှမခံစားရ‌တာလဲ”

ဝေ့ဟိုသည် အံ့အားသင့်စွာ ဝေ့ကြည့်လိုက်သည်။

“ကောင်းပြီ ခင်ဗျားတို့နှစ်ယောက် အရင်ပြန်နှင့်ပါ”

ဝမ်ချောင်သည် ထိုနှစ်ယောက်ကို ပြန်ခိုင်းလိုက်ပြီး ဝေ့ဟိုကို ရပ်တန့်ရန် လက်မြှောက်ပြလိုက်သည်။ သူတို့၏ စကားများသည် ဝမ်ချောင်ကို တစ်စုံတစ်ခုအား သတိရမိစေသည်။

မဟာ‌လေ့ကျင့်ရေးစစ်စခန်းသုံးခုစလုံးသည် သင်တန်းသားများ၏ လေ့ကျင့်ရေးကွင်းသို့ သက်တော်စောင့်များ သို့မဟုတ် အစေခံများအား ခေါ်ဆောင်လာခြင်းကို ရည်ရွယ်ချက်ရှိရှိဟန့်တားထားသည်။ ဤရည်ရွယ်ချက်အတွက် ကျွမ်းကျင်ပညာရှင်များသည် စစ်စခန်းအသီးသီးတွင် စောင့်ကြပ်နေကြပြီး အဝေးမှပင် အစေခံဟုတ်မဟုတ် အလွယ်တကူ ခွဲခြားသိရှိနိုင်ကြသည်။

သံသယရှိစရာမလိုပင် လီကျူးရှင်နှင့် မီယာဆာမိတို့ ခံစားနေရသော ဖိအားများသည် ထိုလူများမှ လာခြင်းဖြစ်သည်။

တစ်ဖက်လူများသည် ဖိတ်ခေါ်ထားခြင်းမရှိသည့် မည်သည့်ဧည့်သည်ကိုမဆို တော်ဝင်စစ်တပ်အဖွဲ့ဝင်များကဲ့သို့ အရှိန်အဝါများကိုစုပေါင်းကာ တောင်ကဲ့သို့ကြီးမားသည့် ဖိအားများပေးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုလူများထဲတွင် တော်ဝင်မိသားစုမှ ကျွမ်းကျင်သူပညာရှင်များလည်း ပါရှိနေမည်ဆိုသည်ကို ဝမ်ချောင် သေချာသည်။

ထိုကဲ့သို့ အရည်အချင်းရှိသည့် ကျွမ်းကျင်သူများက စောင့်ကြပ်နေသောကြောင့် လီကျူးရှင်နှင့် မီယာဆာမိသည် ဝင်ရောက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

“မီယာဆာမိ ဝမ်းကွဲကို ကျွန်တော့်ကိုယ်စားကူညီပြီးစောင့်ရှောက်ပေးပါ...အမှောင်ထဲကနေ သူ့ကိုအန္တရာယ်ပြုချင်တဲ့ဘယ်သူကိုမဆို ရှင်းလင်းပေးပါ ပြီးတော့ ပင်လယ်ကိုသွားတဲ့ခရီးမှာ သူ့ရဲ့ကိုယ်ရံတော်အဖြစ် လိုက်ပါစောင့်ရှောက်ပေးပါ”

“ဆရာကြီးလီ ကျန့်မုနျန်ကို ကျွန်တော့်ကိုယ်စားဂရုစိုက်ပေးပါ”

ဝမ်ချောင်သည် ယခုအချိန်တွင် ထိုအဆင့်မြင့်ကျွမ်းကျင်သူနှစ်ဦး၏အကူအညီကို မလိုအပ်တော့သောကြောင့် အခြားရည်ရွယ်ချက်များအတွက် သူတို့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

သူတို့နှစ်ဦးနှင့်အတူ ရှန့်ဟိုင်၊ မုန့်လုံနှင့် အခြားလိုက်ပါစောင့်ရှောက်သူများသည် ဝမ်ချောင်၊ ဝေ့ဟို၊ ကျောက်ကျင်းတန်နှင့် အခြားလူငယ်မျိုးဆက်များကို နောက်တွင်ချန်ထားခဲ့ကာ အလျင်အမြန်ထွက်ခွာသွားကြသည်။

တောင်ခြေရင်းတွင် ဧရာမရွက်ဖျင်တဲများစွာကို ဆောက်လုပ်ထားပြီး တဲတစ်လုံးစီ၏ထိပ်တွင် 'ခွန်းဝူ' ဟူသော စာလုံးပါရှိသည့် စစ်အလံတစ်ခုချင်းစီသည် လေထဲတွင် တလူလူလွင့်နေကြသည်။ ဤရှု့‌ထောင့်မှကြည့်လျှင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် သာမန်စစ်တန်းလျားနှင့် မည်သည့်နေရာမျှ မကွာခြားတော့သည့်ပုံပေါ်နေသည်။

ဝမ်ချောင်၊ ဝေ့ဟို၊ ကျောက်ကျင်းတန်နှင့် အခြားလူငယ်မျိုးဆက်များသည် သူတို့၏ တံဆိပ်များကို ထုတ်ပြလိုက်ကြကာ အစောင့်ရဲမတ်များကို မည်သည့်ပြဿနာမျှမရှိဘဲ ဖြတ်ကျော်လိုက်ကြပြီး တောင်ပေါ်သို့ စတင်တက်လိုက်ကြသည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းအတွက် ရွေးချယ်ထားသောတောင်သည် လီငါးဆယ်ပတ်ပတ်လယ်အတွင်း အမြင့်ဆုံးတောင်ဖြစ်သည်။ ဤဧရာမတောင်ပေါ်သို့ တက်လိုက်ပါက တစ်ယောက်သည် မိမိကိုယ်ကိုပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်ဟု ခံစားရပေမည်။

တောင်ခြေမှတောင်ထိပ်အထိ တောင်တစ်ဝိုက်တွင် ရွက်ဖျင်တဲများစိုက်ထူထားပြီး ထိုတဲတစ်ဝိုက်တွင် သန်မာသောအနက်ရောင်သံချပ်ကာဝတ် အစောင့်များက စောင့်ကြပ်နေကြသည်။

ဝမ်ချောင်နှင့်အဖွဲ့သည် တောင်ပေါ်သို့စတက်ချိန်၌ တောင်ပေါ်တွင် လူများစွာ‌ရောက်ရှိနေကြပြီးဖြစ်သည်။

“ထူးဆန်းတယ်..ဘာလို့ အထက်တန်းလွှာကလူငယ်မျိုးဆက်တွေအများကြီး ဒီကိုရောက်နေကြတာလဲ”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ဝမ်ချောင်သည် မျက်မှောင်ကြုတ်လိုက်ကာ ရေရွတ်လိုက်သည်။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ လာရောက်ကြသူများတွင် သာမန်ပြည်သူများကသာ အဓိကပါဝင်နေသင့်သော်လည်း အချို့အကြောင်းပြချက်များကြောင့် ဝမ်ချောင်သည် လူအုပ်ကြားထဲတွင် အထက်တန်းလွှာမှလူငယ်မျိုးဆက်ရာဂဏန်းခန့်ကို တွေ့နေရသည်။ ဈေးကြီးသည့်အဝတ်အစားများကိုဝတ်ဆင်ထားခြင်း ထိုလူများသည် ချမ်းသာသည့် အထက်တန်းလွှာမှ လူငယ်မျိုးဆက်များဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ထင်ထင်ရှားရှားသိနိုင်သည်။

ထို့အပြင် ထိုကဲ့သို့သော လူများသည် အတော်များများရှိနေကြသည်။

အထက်တန်းလွှာမှလူငယ်မျိုးဆက်အများစုသည် ရှန်းဝေနှင့် လုံဝေတို့၌ ရှိနေသင့်သည်။ ထို့အစားအဘယ်ကြောင့် ထိုလူများသည် ဤနေရာ၌ ပေါ်လာရသနည်း။ ထိုအရာများသည် သူ ကြားဝင်စွတ်ဖက်ခြင်း၏ ရလဒ်ဖြစ်နိုင်သည်လော။

ဝမ်ချောင် အံ့ဩသွားသည်။

ဝေ့ဟိုနောက်၌ရပ်နေကြသော လူငယ်မျိုးဆက်များသည် တစ်ဦးကိုတစ်ဦး မဝံ့မရဲဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့်အမူအရာများပေါ်လာကြသည်။

“သခင်လေး ခင်ဗျားတယ်ပဲ မသိဘူးလား”

လူငယ်မျိုးဆက်များထဲမှ တစ်ယောက်သည် နောက်ဆုံးတွင် မေးလိုက်သည်။

“သိရမယ်..ဘာကိုလဲ”

ဝမ်ချောင်သည် ယခုပို၍ စိတ်ဝင်စားသွားသည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းရှိ အခြေအနေများသည် သူသိခဲ့သည်နှင့် အတော်လေးခြားနားနေသည်။ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသည် သူ၏အစီအစဉ်များတွင် အဓိကကျသည်နေရာ၌ပါဝင်သောကြောင့် သူသည် ဤကိစ္စကို အရေးကြီးသည်ဟု ရှုမြင်သည်။

ဝမ်ချောင်သည် ဤမေးခွန်းကို အမှတ်တမဲ့မေးလိုက်ခြင်းသာဖြစ်ပြီး လူတိုင်းက ပြန်ဖြေလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကြည့်ရသည်မှာ ဝေ့ဟိုနှင့် အပေါင်းအပါများအားလုံးသည် သူ၏မေးခွန်းအတွက် အဖြေကို သိနေပုံရသည်။

“ဟားဟား ဝမ်ချောင် မင်းတကယ်ပဲ မသိသေးဘူးပဲ..ဒါဆို ငါမင်းကိုမေးပါရစေ...မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ ဘယ်တစ်ခုက အကျော်ကြားဆုံးလို့ မင်းထင်သလဲ”

ဝမ်ချောင်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဝေ့ဟိုသည် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။

“သေချာပေါက် ရှန်းဝေနဲ့ လုံဝေပဲပေါ့...အဲဒါနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိလို့လား”

ဝမ်ချောင်သည် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။

“ဟားဟား မင်းအဲဒါကို တကယ်ပဲ သတိမထားမိဘူးပဲ..ငါမင်းကိုပြောပြပါရစေ အခုရှန်းဝေနဲ့ လုံဝေကအကျော်ကြားဆုံးမဟုတ်တော့ဘူး အဲဒီအစား ခွန်းဝူကအကျော်ကြားဆုံးဖြစ်နေပြီ”

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

ဝမ်ချောင်တစ်ယောက် လုံးဝကြက်သေသေသွားခဲ့ရသည်။ ဤသည်မှာ မည်သို့သော အခြေအနေနည်း။ သို့သော်လည်း ဝေ့ဟိုကိုကြည့်ရသည်မှာ သူ့ကို နောက်နေသည့်ပုံမပေါ်ပေ။ ဤသည်က သူ့ကို ပို၍ စိတ်ရှုပ်ထွေးသွားစေသည်။

“ဘာကြောင့်လဲ”

ဝမ်ချောင်မေးလိုက်သည်။ သူ ယခင်က လုပ်ဆောင်ခဲ့သည်များကြောင့် ဤကမ္ဘာ၏ တစ်ချို့အဖြစ်အပျက်များ ပြောင်းလဲသွားခဲ့သည်မှာ ဖြစ်နိုင်သလော။

“သခင်လေး ခင်ဗျားတကယ်ပဲ ဒါကိုသတိမထားမိဘူးလား..ဒါတွေအားလုံးက ခင်ဗျားကြောင့်ပဲ”

လူငယ်မျိုးဆက်တစ်ယောက်သည် မနေနိုင်စွာဖြင့် နောက်ဆုံးတွင် ထပြောလိုက်သည်။

“ငါ့ကြောင့်လား”

ဝမ်ချောင်သည် ဘာမျှမသိသည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။ သူထိုစကားလုံးများကို တခဏမျှ လက်မခံနိုင်သေးချေ။

“ဟီးဟီး ကြည့်ရတာ သူတကယ်ပဲ အဲဒါကို မသိဘူးပဲ”

ဝေ့ဟိုသည် ဝမ်ချောင်ဖက်သို့ လှည့်လိုက်ပြီး ထူးဆန်းစွာပြုံးလိုက်သည်။(အရူးတစ်ယောက်ကိုမြင်လိုက်ရတဲ့အပြုံး)

“ဝမ်ချောင် မင်းတစ်ယောက်ပဲ ဒါကိုမသိသေးတာဖြစ်မယ်...မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ ဘယ်သူ့ရဲ့လှုပ်ရှားမှုတွေကို လူတွေကအာရုံစိုက်နေကြတယ်လို့ မင်းထင်သလဲ...ဟီးဟီး အဲဒါက မင်းပဲလေ”

“မင်း တော်ဝင်အကျဉ်းထောင်မှာ အကျဉ်းကျနေကတည်းက မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုထဲမှာ ဘယ်တစ်ခုကို မင်းရွေးချယ်မှာလဲဆိုတာ လူတိုင်းက စောင့်ကြည့်နေခဲ့ကြတာပဲ..ဒါက အဲဒါနဲ့ပတ်သက်ပြီး ငါသိခဲ့သမျှတွေထဲက တချို့ကို မင်းကိုကူညီပြီးပြောပြတာပဲရှိသေးတယ်..”

“မဟာထန်တစ်ခုလုံးမှာ ဟန်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့လူဆိုလို့ မင်းပဲရှိတာ...လူတိုင်းပြောနေကြတာကတော့ တစ်ယောက်ဟာ မင်းနောက်လိုက်နေသရွေ့ ဘယ်စစ်စခန်းကိုပဲဝင်ခဲ့ပါစေ ကိစ္စမရှိဘူး သေချာပေါက် ချောမွေ့တဲ့ သက်မွေးဝမ်းကြောင်းကို ရရှိလိမ့်မယ်တဲ့...အဲဒါက ကိုယ် မင်းနောက်ဘာကြောင့် ခွန်းဝူကို လိုက်ခဲ့ရသလဲ ဆိုတဲ့အကြောင်းပြချက်ပဲလေ ဘေးဘေ အခုချိန်ထိရှင်းရှင်းလင်းလင်းမသိသေးဘူးလား”

ဝေ့ဟို ပျော်ရွှင်စွာပြုံးလိုက်သည်။

“ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းကို မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုမှာ အညံ့ဆုံးလို့ သိခဲ့ကြတယ်..ဒါပေမယ့် သခင်လေးရဲ့တောက်ပမှုကြောင့် အခုချိန်မှာ ခွန်းဝူဟာ ‌အကျော်ကြားဆုံးဖြစ်လာခဲ့တယ်...ကျွန်တော်တို့ဒီကိုဘာကြောင့်ရောက်နေရသလဲ ဆိုတာရဲ့ အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းက ဝေ့သခင်လေးကြောင့်ဆိုရင် ကျန်တဲ့အပိုင်းတွေက တကယ်‌တော့ ခင်ဗျားကြောင့်ပဲ...ပြောရရင် ကျွန်တော်တို့ဟာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ တက်ချင်ရင်တောင်မှ ကျွန်တော်တို့မျိုးနွယ်စုတွေက ဒါကို သေချာပေါက်ဆန့်ကျင်လိမ့်မယ်”

လူငယ်မျိုးဆက်တစ်ယောက်သည် ထပ်ပေါင်းပြောလိုက်သည်။

“ဒါဆို ဒါက ဒေသဆိုင်ရာတပ်မှုးများ အဖြစ်အပျက်ကြောင့်ပေါ့”

ဝမ်ချောင် တိတ်ဆိတ်သွားခဲ့သည်။ ယခုမှပင် သူသည် ထိုကိစ္စ၏ သက်ရောက်မှုကို အများကြီး လျှော့တွက်ထားကြောင်း နားလည်လိုက်သည်။ အားလုံးပြီးနောက် သူသည် တော်ဝင်အကျဉ်းထောင်မှ လွှတ်လာခဲ့သည်မှာ နှစ်ရက်မျှသာရှိသေးသည်။ ယခုအခြေအနေများနှင့်ပတ်သက်၍ နားလည်သဘောက်ပေါက်ရန် သူ့တွင် အချိန်အလုံအလောက်မရှိခဲ့ပေ။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခု အကောင်အထည်ဖော်ရန်ကိစ္စနှင့် အချိန်ကိုက် နီးကပ်နေခြင်းကြောင့် သူသည် အထက်တန်းလွှာလူငယ်မျိုးဆက်များ၏ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

ဝမ်ချောင်သည် ဤရုတ်တရက်ဖြစ်ပွားခဲ့သောအပြောင်းအလဲများကြောင့် မှင်သက်သွားခဲ့ရသော်လည်း ထိုသည်မှာ သူ၏အကြံအစည်အတွက် အကျိုးရှိနိုင်သည်။

“ဟမ်..ထူးဆန်းတယ်..လေ့ကျင့်ရေးစစ်စခန်းမှာ ဘာလို့မိန်းကလေးတွေရှိနေရတာလဲ”

ရုတ်တရက်ပင် မီတာရာကျော်အကွာအဝေးရှိ တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး ဝေ့ဟိုသည် ရုတ်တရက်ပြောလိုက်သည်။

“မဟုတ်မှလွဲရော..လေ့ကျင့်ရေးစစ်စခန်းကို မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနက်ရောင်လိပ် နဲ့ အနီရောင်ငှက်(vermilion bird-ဟင်္သာပဒါးရောင်ငှက်...ဒီထဲမှာတော့ အနီရောင်ငှက်ဟု သုံးမည်) ဆိုပြီး စစ်စခန်းငယ် လေးခုအဖြစ်ခွဲထားခဲ့တယ်... ဒီနေရာမှာ မိန်းကလေးတစ်‌ယောက်ရှိနေတာက တကယ်တော့မထူးဆန်းပါဘူး...တကယ်လို့ ငါမမှားရင် သူမက အနီရောင်ငှက် စစ်စခန်းကနေမယ်”

ဝမ်ချောင် ရယ်မောလိုက်သည်။ သူသည် ထိုသည်ကို တကူးတကမလေ့လာလျှင်ပင် သူသည် ရှန်းဝေ၊ လုံ့ဝေနှင့် ခွန်းဝူ လေ့ကျင့်ရေးစစ်စခန်းသုံးခု၏ အခြေခံတည်ဆောက်ပုံကို အကြမ်းဖျင်းသိရှိပြီးဖြစ်သည်။

မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုနှင့် ပတ်သက်၍

အရင်နှင့်မတူဘဲ လုံးဝပြောင်းလဲထားခဲ့သည်မှာ အမျိုးသမီးများကိုလည်း လက်ခံခြင်းပင်ဖြစ်သည်။

ဤအရာသည် အရင်ကမဖြစ်ခဲ့ဖူးပေ။ ထိုသည်ကလေ့ကျင့်ရေးစစ်စခန်းများကို လူအများ အာရုံစိုက်လာစေရန် ကြီးမားစွာအထောက်အကူဖြစ်စေခဲ့သည်။

ထို့ကြောင့် ဝမ်ချောင်သည် ဝေ့ဟို၏ စကားများကြောင့် လုံးဝမအံ့သြခဲ့ပေ။

ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတစ်ဝိုက်တွင် စိုက်ထူထားသောတဲများသည် တစ်ယောက်၏မြင်ကွင်းကို ကွယ်နေသောကြောင့် ဝမ်ချောင်သည် ဝေ့ဟိုပြောသည့် မိန်းကလေးကို မြင်ရရန် ဘေးဘက်သို့ရွေ့လိုက်သည်။ သို့သော်လည်း တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ဝမ်ချောင်၏ မျက်လုံးများသည် အပ်ဖြင့်ထိုးဖောက်ခံလိုက်ရသကဲ့သို့ ရုတ်တရက်ကျဉ်းမြောင်းသွားခဲ့ပြီး သူ့မျက်နှာသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

“ဝေ့ဟို၊ ကျောက်ကျင်းတန် စကားမပြောနဲ့...မင်းတို့ခေါင်းတွေကို ငုံ့လိုက်ပြီး လမ်းရဲ့ဘေးဖက်ကို အမြန်ရွေ့ကြ”

ဝမ်ချောင်သည် သူ၏ခေါင်းကို အလျင်အမြန်ငုံ့လိုက်၍ ကျောက်ကျင်းတန်ကို ဘေးဖက်သို့ဆွဲခေါ်သွားလိုက်သည်။

ကျောက်ကျင်းတန်သည် ဝမ်ချောင်ကို လုံးဝယုံကြည်သောကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ သူပြောသည့်အတိုင်း လိုက်လုပ်လိုက်သည်။ သို့သော်လည်း ဝေ့ဟိုသည်တော့ မတူပေ။ သူ၏ကျင့်ကြံမှု မြင့်တက်လာခြင်းကြောင့် သူ၏ယုံကြည်ချက်များသည် အဆင့်သစ်သို့ရောက်ရှိနေသည်။ ထို့အပြင် လေ့ကျင့်ရေးကွင်းတွင် မည်သည့်ခြိမ်းခြောက်မှုမျှ ရှိလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

“ဝမ်ချောင် မင်းဘာအတွက် ထွက်ပြေးနေတာလဲ”

ဝေ့ဟိုသည် လမ်းပေါ်ရှိ မိန်းကလေးများဆီသို့ လျှောက်သွားလိုက်ရင်း ရေရွတ်လိုက်သည်။

“ကြည့်လိုက် သူတို့က တစ်စုံတစ်ယောက်ကို စောင့်နေတဲ့ပုံပဲ”

ဝမျးးးး

ထိုအချိန်တွင် အုပ်စုထဲရှိအမျိုးသမီးတစ်ယောက်သည် သူမ၏နားရွက်ဖြူဖြူများက တစ်စုံတစ်ခုကို ကြားလိုက်ပုံရပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ဝမ်ချောင် အဝေးသို့ မရောက်ခင်မှာပင် မိန်းကလေး၏အသံစူးစူးက ထွက်ပေါ်လာခဲ့သည်။

“ဝမ်ချောင် ရှင်ထွက်ပြေးရဲတယ်ပေါ့လေ”

“ဟမ်..ဝမ်ချောင် မင်းသူတို့ကို သိတယ်ပေါ့”

ဝေ့ဟို၏ မျက်လုံးများတောက်ပလာသည်။ သူသည် အသားအရေဖြူဖွေးကာ ဝတ်စုံဖြူဝတ်ဆင်ထား‌သော လှပသည့် မိန်းကလေးဆီသို့ သူ့အဖော်နှစ်ယောက်ကို ချန်ထားခဲ့ကာ လျှောက်သွားလိုက်သည်။

“အဲဒီမျိုးမစစ်ကောင်ဝေ့ဟို...သူ ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ကြောင့် လွယ်လွယ်နဲ့ကန်းသွားရတာလဲ”

သူ့နောက်၌ ရုန်းရင်းဆန်ခတ်သံကိုကြားလိုက်ရသောအခါ ဝမ်ချောင်သည် ကြိတ်၍ကျိန်ဆဲလိုက်သည်။ ထိုအရူးကောင်ဝေ့ဟိုသည် အလွန်ဆိုးဝါးသည့် ဝါဒနာတစ်ခုရှိသည်။ သူ၏ ဆင်ခြင်တုံတရားသည် လှပသည့်အမျိုးသမီးတစ်ယောက်ကြောင့် အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။

သူသည် မည်မျှဆိုးဝါးသည့်အခြေအနေတွင်မဆို မတုန်လှုပ်တတ်သည်မှာ ကံကောင်းခြင်းဖြစ်သော်လည်း ထိုကဲ့သို့သောအခြေအနေတွင် သူ၏စဉ်းစားတွေးခေါ်နိုင်သည့်ဉာဏ်ရည်မှာ ဗလာနတ္ထိ သုညအဖြစ်သို့ ကျဆင်းသွားတတ်သည်။

*လူလေး မင်း အခြေအနေကို ပိုင်းခြားသိမြင်တတ်အောင် အနည်းဆုံး သင်ယူသင့်တယ်။ သူမ ထုတ်လွှင့်နေတဲ့ ဘုရင်မတစ်ယောက်လို လွှမ်းမိုးလိုတဲ့ အရှိန်အဝါကို မင်းအာရုံမခံနိုင်ဘူးလား။

မင်းကတော့ သူတို့ဆီကို ပြေးသွားနေတယ်။*

“ဝမ်ချောင် ရှင်ထွက်ပြေးဝံ့တုန်းလား...ပြီးတော့မှ ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

မြောက်ပိုင်းရေခဲမြစ်များကဲ့သို့ အေးစက်သည့်အသံက ဒုတိယအကြိမ်ထွက်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် ချိန်းခြောက်မှုများပါလာသည်။ ဟိုးအဝေးမှ အရူးတစ်ကောင်၏အသံသည် ထွက်ပေါ်လာခဲ့သည်။

“အိုး မင်းတို့အားလုံး ဝမ်ချောင်ကိုစောင့်နေကြတာလား...မင်းတို့ငါ့ကို ဝေ့ဟိုလို့ခေါ် နိုင်..နိုင်..အားရိုး”

ဘုန်းးးး

လေထဲတွင် နာကျင်စွာအော်ငိုလိုက်သံထွက်ပေါ်လာခဲ့သည်။ တခဏအကြာတွင် တောင်တစ်ခုလုံးသည် တုန်ခါသွားပုံရပြီး ဖုန်မှုန့်တိမ်စိုင်ကြီးတစ်ခုသည် လေထဲတွင်ပေါ်လာသည်။

တောင်၏အလယ်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေမှုသည် လူများစွာ၏အာရုံကို လျင်မြန်စွာဆွဲဆောင်သွားခဲ့ပြီး မရေမတွက်နိုင်သည့် အကြည့်များသည် ဘက်ပေါင်းစုံမှ ဤနေရာသို့ရောက်ခဲ့လာသည်။

ဝမ်ချောင် လှည့်ကြည့်လိုက်သည်တွင် ရဲစွမ်းသတ္တိရှိသော အသွင်အပြင်တစ်ခုသည် အေးစက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ ဆံနွယ်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသော်လည်း သူမ၏ မျက်လုံးများသည် ခြိမ်း‌‌ခြောက်လိုမှုများဖြင့် ပြည့်နှက်နေသည်။

ဝေ့ဟိုသည် ကောင်းကင်တောင်သို့တက်လှမ်းခြင်း နည်းစနစ်ကို ကျင့်ကြံနိုင်ခဲ့ပြီး မူလစွမ်းအင်အဆင့် ၇ သို့ ရောက်ရှိခဲ့သောကြောင့် ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။ သို့သော်လည်း ဤအချိန်တွင် ထန်းလက်ဖြင့်မိုးကြိုးကာလိုက်သကဲ့သို့ တစ်ဖက်သား၏ ခြေဖဝါးအောက်တွင် လဲလျောင်းနေခဲ့သည်။

'ကောင်းကင်တောင်သို့တက်လှမ်းခြင်းနည်းစနစ်' သည် သူ့ကို တူညီသည့်ကျင့်ကြံမှုနယ်ပယ်ရှိသည့် လူများအကြားတွင် ပြိုင်ဘက်ကင်းဖြစ်စေသည်။

သို့တိုင် သူသည် ဤသေးသွယ်သောမိန်းမလှလေး၏ ကန်ချက်တစ်ခုကိုပင် မခုခံနိုင်ခဲ့ပေ။

“မှူးမတ်၏ကြင်ရာတော်ရီ....”

တောင်တက်လမ်း၏ အလယ်တွင်ရပ်နေသော လှပသည့်အမျိုးသမီးကို ကြည့်၍ ဝမ်ချောင်ရေရွတ်လိုက်သည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

အပိုင်း ၁၉၀

ရဲစွမ်းသတ္တိရှိသော မိန်းမပျိုသည် သူမ၏ခြေထောက်ကို အနည်းငယ်ပို၍အားစိုက်ထည့်လိုက်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။ ကြောက်အားကြီးနေသောဝေ့ဟိုသည် ချက်ချင်းပင် နွားအော်သံကဲ့သို့ စ၍အော်လိုက်သည်။

“ဝမ်ချောင်ရေ ငါ့ကိုကယ်ပါဦးးး...”

ဝေ့ဟိုသည် မည်မျှပင် မြက်စားနွားကဲ့သို့ တုံးအနေပါစေ ထိုသည်မှာ ဤရဲရင့်ပြီး လှပသော အမျိုးသမီးအုပ်စုသည် ဝမ်ချောင်အတွက် ဤနေရာ၌ ရှိနေကြောင်း ထင်ရှားလေသည်။

သူတို့တစ်ဦးချင်းစီတိုင်းသည် သေးသွယ်ပြီး လှပကြသော်လည်း သူတို့မည်မျှအထိသန်မာသည်ကို မိုးကောင်းကင်ကသာ သိနိုင်ပေလိမ့်မည်။ ဝေ့ဟိုသည် ခွန်အားဗလဖြင့်ပြည့်စုံသောနွားသိုးကြီးကဲ့သို့ မူလစွမ်းအင် အဆင့် ၇ ကျင့်ကြံခြင်းအဆင့်နှင့် ကောင်းကင်တောင်သို့တက်လှမ်းခြင်းနည်းစနစ်ကို ကျွမ်းကျင်အဆင့်ထိပိုင်နိုင်စွာ ပိုင်ဆိုင်ထားနိုင်ခဲ့သော်လည်း သူသည် လုံးဝလှုပ်ရှားနိုင်ခဲ့ခြင်းမရှိပေ။

သူသည် အကြိမ်ပေါင်းများစွာ နောက်ပြန်ဆုတ်ရန်ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ကန်ချက်တစ်ချက်အောက်၌သာ နောက်ပြန်လဲကျသွားခဲ့ရလေသည်။ ထိုသည်မှာ သူသည် မြေကြီးပေါ်ရှိမြက်ခင်းပြင်ပေါ်တွင် နွားတစ်ကောင်ကို ကြိုးတစ်ချောင်းဖြင့် အသေတုတ်နှောင်ခံထားရသကဲ့သို့ပင် ဖြစ်သည်။

ကြီးမားသည့်ခွန်အားကွာဟမှုကြောင့် သူသည် တစ်ဖက်လူများ၏အရှေ့တွင် လုံးဝခိုကိုးရာမဲ့ဖြစ်နေခဲ့သည်။

ဤအရာသည် အဘယ့်ကြောင့် ဝမ်ချောင်သည် ဤလှပသောအမျိုးသမီးကို မြင်သည်နှင့် အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်ကို ရှင်းပြနေလေသည်။ ဝမ်ချောင်၏စကားကို နားမထောင်ခဲ့မိခြင်းအတွက် ဝေ့ဟိုသည် ရေဆာနေသော နွားတစ်ကောင်သည် ရေအိုင်ထဲသို့မတော်တဆပြုတ်ကျသွားခဲ့သကဲ့သို့ လုံးဝနောင်တရနေခဲ့လေသည်။

မိမိ၏နွားသိုး ကြိုးပြတ်၍ မုဆိုးလက်ထဲကျရောက်သွားရသကဲ့သို့ ဝေ့ဟိုအဖမ်းခံထားရခြင်းကြောင့် ဝမ်ချောင်သည် အပေါ်စီးသို့ရောက်နေသော ထိုအမျိုးသမီးဆီသို့ စိတ်မပါလက်မပါလမ်းလျှောက်သွားရန်သာ တတ်နိုင်လေတော့သည်။

ထိုတိုတောင်းသောအကွာအဝေးသည် ခရီးရှည်ကြီးတစ်ခုကဲ့သို့ ဝမ်ချောင်ခံစားလိုက်ရသည်။

လျိုလျိုလျို

ဝမ်ချောင် စကားမပြောမီတွင် ဘေးနားရှိအခြားလှပသော အမျိုးသမီးနှစ်ယောက်သည် သူ၏လူသေကောင်ကဲ့သို့သော မျက်နှာကို မြင်လိုက်ရသည်နှင့် မရယ်မောဘဲ မနေနိုင်တော့ပေ။ ထိုခဏသည် ပန်းများပွင့်လန်းလာသကဲ့သို့ပင် ဖြစ်သည်။

“အမတ်ရီ”

အသက်ဆယ့်ရှစ်နှစ်၊ ဆယ်ကိုးနှစ်ဝန်းကျင်ခန့်သာရှိပုံပေါ်သော ထိုအမျိုးသမီးငယ်၏ အေးစက်စက်မျက်နှာကို ကြည့်လိုက်ကာ ဝမ်ချောင်နှုတ်ဆက်စကားဆိုလိုက်သည်။

ဝမျးးးးး

ဝေ့ဟိုသည် လွန်ခဲ့သည့်အချိန်အနည်းငယ်ခန့်က ရုန်းကန်လှုပ်ရှားနေခဲ့သေးသော်လည်း သားသတ်ဓားသည် သူ့အပေါ်ကျရောက်လာသကဲ့သို့ သူ့မျက်နှာသည် ရုတ်တရက်လုံးဝသွေးဆုပ်ဖြူရော်သွားခဲ့ရသည်။ သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုများသည် နက်ရှိုင်းစွာဖြင့် အလျင်အမြန်ထွက်ပေါ်လာခဲ့သည်။

“အမတ်ရီလား...မင်းပြောတာ သူမက မင်းဝမ်းကွဲနဲ့ မကြာခဏတွေ့နေရတဲ့ အမတ်ရီ လို့ပြောလိုက်တာလား..”

(ဝမ်ကျူးရန်)

ဝေ့ဟို ရုတ်တရက် စိတ်မသက်သာစွာဖြင့် အော်ပြောလိုက်သည်။

“မင်းကို မသွားနဲ့လို့ ငါပြောခဲ့တယ် မဟုတ်လား... မင်းငါ့အကြံကို လျစ်လျူရှုထားခဲ့တယ်”

ဝမ်ချောင် မကျေမနပ် ပြောလိုက်သည်။

“ငါဘယ်လိုလုပ်သိမှာလဲ သူမက အဲလောက်ထိနတ်ဆိုး..ဆိုး..”

“အယုတ်တမာကောင် နင်ဘာပြောလိုက်တာလဲ... နတ်ဆိုး ဆိုတာက ဘယ်သူ့ကိုရည်ညွှန်းတာလဲ...နင်မသိဘူးလား တစ်ယောက်ရဲ့လျှာကပိုရှည်လေ တစ်ယောက်ရဲ့သက်တမ်းကပိုတိုလေဆိုတာ...

နင် မြက်စား(အသက်ရှင်)ရတာ ငြီးငွေ့နေပြီလား”

ကြောက်မက်ဖွယ်ကောင်းသည့် အသံတစ်ခုသည် အပေါ်မှ ထွက်ပေါ်လာသည်။

“မဟုတ်ပါဘူး အစ်မကြီး..အဲလိုပြောတာမဟုတ်ပါဘူး...အဲဒါက ငါ မင်းကိုရည်ညွှန်းတာမဟုတ်...မဟုတ်...အားရိုး”

ဝေ့ဟို သူ၏စကားများကို ဆုံးအောင်မပြောလိုက်နိုင်ခင်မှာပင် ရုတ်တရက်နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်လိုက်သည်။ သူသည် မြေကြီးပေါ်မှကြွတက်လာခဲ့ပြီး အမြှောက်ဆံတစ်ခုကဲ့သို့ သူသည်အဝေးသို့ လွှင့်ထွက်သွားခဲ့လေသည်။

“ဝေ့သခင်လေး...ဝေ့သခင်လေး”

ဝေ့ဟို၏နောက်လိုက်များသည် ချက်ချင်းပင်စိုးရိမ်တကြီး ပြေးလိုက်သွားကြသည်။

“နင်တို့ ဘာလုပ်နေကြတာလဲ”

သူတို့ရှေ့ရှိ မိန်းမပျို၏ ရန်လိုသည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောအခါ ကျောက်ကျင်းတန်သည် ဝမ်ချောင်ကိုကာကွယ်ရန် ရှေ့သို့အလျင်အမြန်ပြေးထွက်လိုက်သည်။ ရန်လိုသည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောအခါ ကျောက်ကျင်းတန်သည် ဝမ်ချောင်ကိုကာကွယ်ရန် ရှေ့သို့အလျင်အမြန်ပြေးထွက်လိုက်သည်။

“ဟမ် ဒါက နင်စကားပြောလို့ရတဲ့နေရာလား”

ဝမ်ချောင် ကြားဝင်မစွက်ဖက်နိုင်ခင်မှာပင် အရိပ်တစ်ခုသည် ဖြတ်သန်းလာခဲ့ပြီး

ဘန်းးးး

ကျောက်ကျင်းတန်သည် ကျန့်တစ်ဒါဇင်ခန့်အဝေးသို့ မယုံနိုင်စရာကောင်းလောက်သည့် အမြန်နှုန်းဖြင့် လွှင့်ထွက်သွားခဲ့သည်။

(၁ ကျန့်= ၃၆ မီတာ)

ဤအေးစက်စက်မျက်နှာဖြင့် မိန်းမပျို၏ရှေ့တွင် ကျောက်ကျင်းတန်သည် လုံးဝကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် ဂုဏ်သိက္ခာရှိသော စစ်ဘက်မျိုးနွယ်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ကျင့်ကြံခြင်းသည် အားနည်းချက်များဖြင့် ပြည့်နေသော်လည်း သူ၏ အလိုအလျောက်တုံ့ပြန်မှုသည် အံ့မခမ်းပင်ဖြစ်သည်။ သူသည် လေထဲတွင် သူ့ခန္ဓာကိုယ်ကို အားသုံးကာ ကွေးစေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်ခဲ့ရသော်လည်း သူ၏ဟန်ချက်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

“အိုး ကြည့်ရတာ နင်က ငါထင်ထားသလို အားနည်းမနေဘူးပဲ”

အေးစက်စက်မျက်နှာဖြင့် မိန်းမပျိုသည် နောက်ဆုံးတွင် ကျောက်ကျင်းတန်ကို အကဲခတ်ရန် လှည့်ကြည့်လိုက်သည်။

“ခင်ဗျား”

ကျောက်ကျင်းတန်သည် လွယ်လွယ်နှင့် လက်လျှော့တတ်သူမဟုတ်ပေ။ သူသည် ရှေ့သို့ အလျင်အမြန်ပြေးထွက်လိုက်သော်လည်း ခြေနှစ်လှမ်းခန့် လှမ်းအပြီးတွင် ရုတ်တရက်ရပ်တန့်လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခုစီးကျလာခဲ့သည်။

ကြည့်ရသည်မှာ ယခင်က လက်ဖဝါးရိုက်ချက်သည် သူ့ကို ဒဏ်ရာရစေခဲ့ပုံပေါ်သည်။

“ကျင်းတန် ရပ်လိုက်”

ကျောက်ကျင်းတန်နောက်ထပ်လှုပ်ရှားမည်အပြုတွင် ဝမ်ချောင်သည် အလျင်အမြန်တားလိုက်သည်။

သူ့ရှေ့ရှိ မိန်းမပျိုလေးသည် ငယ်ရွယ်ပုံရသော်လည်း သူမ၏ခွန်အားသည် သူ၏ဒုတိယအစ်မဝမ်ကျူးယန်နှင့် အဆင့်တူပင်ဖြစ်သည်။

တကယ်၍ တစ်စုံတစ်ယောက်သည် သူမကို မိန်းမပျိုလေးတစ်လောက်ဟုသာ တွေးထင်ပြီး သူမ၏တိုက်ခိုက်ခြင်းစွမ်းအားကို လျှော့တွက်မိပါက ထိုလူသည် လုံးဝမှားသွားပေလိမ့်မည်။

အမှန်တကယ်တွင် သူမသည် အလျှော့ပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမသည် ယခင်က သူမ၏ခွန်အားအပြည့်ကိုသာ အသုံးပြုခဲ့ပါက ဝေ့ဟိုနှင့် ကျောက်ကျင်းတန်တို့သည် ယခုအချိန်တွင် မတ်တပ်ပင်ရပ်နိုင်လိမ့်မည်မဟုတ်သည်မှာ သေချာသည်။

“...ဝေ့ဟို ဒဏ်ရာမရခဲ့ဘူး”

ဝမ်ချောင်ပြောလိုက်သည်။

“ဘာ”

ကျောက်ကျင်းတန်သည် ဝမ်ချောင်၏စကားကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် အလျင်အမြန်ပင် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ ကျားဆွဲ၍ထွက်ပြေးနေသောနွားများကဲ့သို့ တောင်ပေါ်သို့ တက်ပြေးနေသော လူသုံးယောက်ကို တွေ့လိုက်ရသည်။

“ဝမ်ချောင် လေ့ကျင့်ရေးစစ်စခန်းအတွက် စမ်းသပ်စစ်ဆေးမှုကို တတ်နိုင်သမျှ မြန်မြန်ရှင်းသင့်တယ်လို့ ငါထင်တယ် ဒါကြောင့် အခုလောလောဆယ်တော့ မင်းကို ငါမကူညီနိုင်သေးဘူး...စကားကောင်းလေးဘာလေးပြောဖို့ အချိန်ယူလိုက်ပါဦး...”

နွားတွန်သံကဲ့သို့သော ဝေ့ဟို၏အသံသည် အဝေးမှလွင့်ပျံလာခဲ့သည်။

*မင်းလာနောက်နေတာပဲဖြစ်ရမယ်*

ထိုမိန်းမပျိုသည် အမတ်ရီဖြစ်ပြီး ဝမ်ချောင်၏ဒုတိယအစ်မနှင့် မကြာခဏတွေ့နေရသည့် မကောင်းဆိုးဝါးမဖြစ်သည်။ ဤမိန်းမပျိုသည် အမှန်တကယ်ပင် 'နှလုံးသားကင်းမဲ့' သူဖြစ်သည်။ ဝေ့ဟိုသည် သူမနှင့် ယခင်က မဆုံခဲ့ဖူးသော်လည်း သူမ၏ 'ခမ်းနားကြီးကျယ်သောဆောင်ရွက်ချက်' များကို ဝမ်ချောင်ဆီမှ များစွာကြားခဲ့ရသည်။

အကယ်၍ သူသည် ထိုမိန်းမပျိုမှာ သူမဖြစ်ကြောင်းသိခဲ့လျှင် သူသည် တခြားသောစစ်စခန်းဆီသို့ ပြောင်းရန်ပင် တွေးမိပေလိမ့်မည်။ သူမဆီသို့ လမ်းလျှောက်သွားသည်အထိ သူသည် မည်မျှအထိ မိုက်ရူးရဲဆန်လိုက်ပါသနည်း။ သူသည် ကန်းနေခြင်းသာဖြစ်ပေလိမ့်မည်။

“သခင်လေး သူမကို ဒီလောက်ထိ ကြောက်နေဖို့ လိုလို့လား”

ဝေ့ဟို၏ ဘေး၌ရပ်နေသော နောက်လိုက်နှစ်ယောက်သည် မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်။

“ဟီးဟီး..မင်းတို့နှစ်ယောက် ဘာမှမသိသေးဘူး...အဲဒါက ငါသစ္စာဖောက်ချင်လို့မဟုတ်ဘူး...ဒါပေမယ့် မြို့တော်ထဲမှာ လုံးဝသွားမရှုပ်သင့်တဲ့ လူအနည်းငယ်ရှိတယ်ကွ...သူရဲ့ဒုတိယအစ်မက အဲဒီလိုလူအနည်းငယ်ထဲကတစ်ယောက်ပဲ ပြီးတော့ အမတ်ရီကတော့ နောက်တစ်ယောက်ပေါ့...ငါတို့က ဘယ်နေရာကိုပဲရောက်နေပါစေ သူတို့ရဲ့နာမည်ကြားရုံနဲ့ ငါကတော့သေချာပေါက်ဖြစ်နိုင်သမျှအမြန်ဆုံးထွက်ပြေးနေဦးမှာပဲ”

ဝေ့ဟိုသည် လွတ်မြောက်သွားသောအခါတွင် ဂုဏ်ယူစွာဖြင့် ကြေငြာလိုက်သည်။

ဝေ့ဟိုသည် ဝမ်ချောင်ဒုတိယအစ်မ၏ ခွန်အားကို သူကိုယ်တိုင် ခံစားခဲ့ဖူးသည်။ ထိုအချိန်က သူမသည် ဝမ်ချောင်ကို သင်ခန်းစာတစ်ခုပေးသည့်အချိန်၌ သူသည် ဝမ်ချောင်အပေါ် သူ၏သစ္စာရှိမှုကို ပြသရန်အတွက် ရှေ့ထွက်ရပ်ခဲ့သည်။

ထိုမှတ်ဥာဏ်သည် နောက်ဆုံးတွင် သူ့အတွက် အချိန်အတော်ကြာအောင် ဖျောက်ဖျက်မရသော အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့သည်။

ထိုပုဂ္ဂိုလ်၏ ရှေ့တွင် မြိုစားကြီးဝေ့၏ နာမည်သည်ပင် အသုံးမဝင်ပေ။

'တူညီသောအမွေးအတောင်ရှိသည့်ငှက်များသည် အတူတကွစုဝေးကြသည်။' ဝမ်ချောင်၏ ဒုတိယအစ်မနှင့် တွဲ၍ တွေ့ရသည့်မည်သူမဆို မည်ကဲ့သို့ သာမန်ဖြစ်နိုင်မည်နည်း။ ဤပုဂ္ဂိုလ်သည် ထိုလူအနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး ဝမ်ချောင်၏ဒုတိယအစ်မနှင့် အတူတူပင်ဖြစ်ကာ ဝမ်ချောင်ကို ထိန်းကျောင်းခဲ့သူဖြစ်သည်။

အခွင့်အရေးပေါ်လာချိန်၌ သူသည် ထွက်မပြေးခဲ့ပါက ရူးမိုက်ရာကျပေလိမ့်မည်။

“ဝမ်ချောင်ရေ ငါမင်းနဲ့အတူ တခြားကိစ္စတွေမှာ ငရဲအဆုံးထိခရီးသွားဖို့ ဆန္ဒရှိပါတယ်..ဒါပေမယ့် ဒီကိစ္စကတော့...မင်ကံကောင်းဖို့ပဲ ငါဆုတောင်းပေးပါတယ်ကွာ”

ဝေ့ဟိုသည် သူ့ခြေလှမ်းများကို မြှင့်တင်လိုက်ရင်း ဝမ်ချောင်အတွက် လေးနက်စွာဆန္ဒပြုလိုက်သည်။

“နင့်ကိုကြည့်ရတာ သူငယ်ချင်းရှာရာမှာ အကျိုးမပေးတဲ့မျက်လုံးတစ်စုံရှိပုံရတယ်”

မှူးမတ်ရီသည် အေးစက်စွာပြောလိုက်သည်။ သူ့ဘေးနားရှိ သူ့သူငယ်ချင်းနှစ်ယောက်သည် ပို၍ပင် ရယ်မောလိုက်ကြသည်။

ဝမ်ချောင်၏ ဒုတိယအစ်မနှင့်အတူ သူတို့သည် သူကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကြသည်။

သူမတို့သည် ဝမ်ချောင်၏ ချီးထုပ်ကျသောသူငယ်ချင်းကို မြင်လိုက်ရသည်တွင် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ကြသည်။

“တကယ့်ကို သစ္စာမရှိတဲ့ အယုတ်တမာကောင်တွေ”

ဝမ်ချောင် သဘောတူစွာခေါင်းညိတ်လိုက်သည်။ ထိုမျိုးမစစ်ကောင်ဝေ့ဟိုသည် သူ့ကိုလုံးဝမကယ်တင်ခဲ့ပေ။

“ဟမ်”

ဝမ်ချောင်၏ သဘောထားကကောင်းသည်ကို မြင်လိုက်ရသည်တွင် မှူးမတ်ရီသည် သူမ၏ကိစ္စကို ထုတ်ပြောရန်ဆုံးဖြတ်လိုက်သည်။

“ဝမ်ချောင် ကြည့်ရတာ နင့်ရဲ့အတောင်ပံတွေက မာကျောလာပုံရတယ်...အခုတော့ငါတို့ကို မခေါ်ချင်တော့ဘူးပေါ့”

မှူးမတ်ရီသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ မကျေမနပ်ပြောလိုက်သည်။

“အစ်မကြီး တစ်နေရာရာမှာ နားလည်မှုလွဲနေတာပဲဖြစ်ရမယ်”

ဝမ်ချောင်သည် နာကျည်းစွာ အော်ပြောလိုက်သည်။

သူသည် ယခုနှစ်မှပင် ဆယ့်ငါးနှစ်သာရှိသေးကာ သူ့ရှေ့ရှိငယ်ရွယ်ပုံရသော အမျိုးသမီးသည်တော့ ဆယ့်ကိုးနှစ်ရှိပြီဖြစ်သည်။ အသက်အရွယ်ကွာဟမှုအရ ထိုအစ်မကြီးများကို ခေါ်ယူရန်မှာ သူ့အတွက် မသင့်လျော်ပေ။

“ဟမ်..နင်အဲဒါကို ငြင်းရဲသေးတယ်ပေါ့...ကောင်းပြီလေ ဒါဆိုငါမေးပါရစေ...နင့်ကိုငါခေါ်တုန်းက နင်ဘာလို့မလာခဲ့တာလဲ”

မှူးမတ်ရီ၏မျက်နှာသည် အေးစက်သွားခဲ့သည်။

“ငါအခုဒီမှာရောက်နေပြီမဟုတ်လား”

“လျိုလျိုလျို မင်းရဲ့အစ်ကြီးရီက အဲဒီအကြောင်းပြောနေတာမဟုတ်ဘူး”

“ပြန်တွေးကြည့်လိုက်ဦး အစ်မကြီးရီက မကြာသေးခင်က နင့်ကိုတွေ့ဖို့တောင်းဆိုတုန်းက နင်အဲဒါကို ငြင်းခဲ့သေးလား”

ဝမ်ချောင်၏ 囧 မျက်နှာကို မြင်လိုက်ရသည်တွင် ဘေးနားရှိ ရဲတင်းသော မိန်းမပျိုနှစ်ယောက်က ရယ်မောလိုက်ကြသည်။

“သူမကို မကြာသေးခင်ကငြင်းခဲ့တာလား”

ဝမ်ချောင် မှင်သက်သွားသည်။ သူ ထိုကဲ့သို့သော ကိစ္စမျိုးကို အမှတ်မရပေ။ သူသည် တစ်ဖက်လူထံမှ ရည်ရွယ်ချက်ရှိရှိ တစ်ချိန်လုံးပုန်းအောင်းနေခဲ့သောကြောင့် သူမ၏ဖိတ်ကြားချက်ကို လက်ခံတွေ့ဆုံရန်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

ထို့အပြင် ထိုကဲ့သို့သော ကိစ္စမျိုးအမှန်တကယ်ရှိခဲ့ပါက သူသည် မည်သို့မမှတ်မိဘဲ နေလိမ့်မည်နည်း။

“သဲလွန်စလိုသေးလား...လွန်ခဲ့တဲ့သုံးလက နင့်ကိုဖိတ်ဖို့ နင့်ရဲ့ဒုတိယအစ်မကိုငါပြောခဲ့တယ်”

မှူးမတ်ရီသည် သူမ၏လက်ကို တင်ပါးနောက်သို့ပို့လိုက်ရင်း ပြောလိုက်သည်။

“ဘာ...ဒါဆို ဒုတိယအစ်မပြောခဲ့တဲ့ ငါ့ကို တစ်စုံတစ်ယောက်နဲ့တွေ့ဆုံဖို့ခေါ်သွားမယ်ဆိုတာက ခင်ဗျားတို့လား”

ဝမ်ချောင်သည် နောက်ဆုံးတွင် ဘာတွေဖြစ်ပျက်နေသည်လဲ နားလည်သွားခဲ့သည်။ သို့သော်လည်း အမှန်အတိုင်းဝန်ခံရလျှင် ဤအချက်ကြောင့် သူ ပို၍ပင် အံ့သြသွားမိသည်။

သူ နောက်ဆုံးတွင် မှူးမတ်ရီက ဘာကြောင့် သူ့ကိုစောင့်နေသည်လဲဆိုသည်ကို နားလည်သွားခဲ့သည်။

လေးရပ်ကွက်သံရုံးတွင် လွန်ခဲ့သည့်သုံးလက အဖိုး၏မွေးနေ့၌ သူ၏ဒုတိယအစ်မသည် စုဝေးပွဲအပြီးတွင် တစ်စုံတစ်ယောက်နှင့်တွေ့ဆုံစေရန် သူ့ကိုခေါ်သွားမည်ဟု ထူးထူးဆန်းဆန်းပြောလာခဲ့သည်။

သို့သော်လည်း အလွန်များပြားလှသည့် ဧည့်သည်များကြောင့် သူမသည် နောက်ဆုံးတွင် ထိုကိစ္စကို ခေါက်ထားရန်ရွေးချယ်ခဲ့သည်။

ထိုအချိန်တုန်းက ဝမ်ချောင်သည် ထိုကိစ္စအတွက် အချိန်အတော်ကြာ ဒွိဟဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် မှူးမတ်ရီနှင့် သူမ၏အဖွဲ့သည် သူ့ကိုတွေ့ဆုံရန် ဖိတ်ကြားခဲ့ပုံရသည်။

ဒုတိယအစ်မသည် သူ့ကို ထိုကိစ္စအကြောင်း သတိပေးရန် မေ့သွားခြင်းဖြစ်ပေမည်။ ထို့ကြောင့်လည်း မှူးမတ်ရီက သူသည် သူ့မကို လျစ်လျူရှု့ခဲ့သည်ဟု ထင်သွားခဲ့သည်။ ဤသည်မှာ သူမသည်သူ့ကို ဤနေရာတွင် စောင့်နေရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။

ကိစ္စများကို ဝမ်ချောင်နားလည်သွားပြီးနောက် သူသည် ခါးသီးစွာပြုံးလိုက်မိသည်။

“ငါဘာကိစ္စဒီလိုလုပ်ရဲရမှာလဲ...အဲနေ့က ငါ့အဖိုးမွေးနေ့ပဲ...”

ဝမ်ချောင်သည် တစ်ဖက်လူကို အကြောင်းအရာအားလုံးရှင်းပြခဲ့သည်။ ဝမ်ချောင်၏ အမူအရာကို မြင်လိုက်ရသည်တွင် ဘေးဖက်၌ရပ်နေသော အစ်မတော်နှစ်ယောက်က ထပ်မံ၍ ရယ်မောလိုက်ကြသည်။

“ကောင်းပြီ အစ်မရီ နင်သူ့ကိုစနေတာတော်သင့်ပြီ”

“နင်ဘာတွေပြောနေတာလဲ...ငါထင်တာကတော့ ဒါကပျော်ဖို့ကောင်းမယ့်ပုံပဲ...ကျူးယန်ဆိုတဲ့ဟာမက တကယ်ကို သစ္စာမရှိဘူး...အိမ်မှာ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ မောင်လေးတစ်ယောက်ရှိနေတာကို... သူမက သူ့ကို အပြင်ခဏခဏခေါ်ထုတ်သင့်တယ် ဒါဆို ငါတို့သူနဲ့ကစားလို့ရမှာ...”

“.....”

ဝမ်ချောင်တိတ်ဆိတ်သွားခဲ့သည်။ တကယ်ကိုပင် ဒုတိယအစ်မ၏သူငယ်ချင်းများသည် ပုံမှန်မဟုတ်ပေ။

သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။ သူမတို့ကို ဖိနှိပ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။ ဤမိန်းမပျိုတစ်ယောက်ချင်းစီသည် အလွယ်တကူအနိုင်ယူ၍မရပေ။ သူတို့အားလုံးသည် အနိမ့်ဆုံး အစစ်အမှန်သိုင်းပညာနယ်ပယ်တွင် ရှိကြသည်။ အကယ်၍ ဝမ်ချောင်သည်သာ ပြန်လည်တိုက်ခိုက်ပါက သူသည် ဝေ့ဟိုနှင့် ကျောက်ကျင်းတန်ကဲ့သို့ အဆုံးသတ်သွားရပေမည်။

ထို့အပြင် 'အမျိုးကောင်းသားတို့သည် မိန်းကလေးများနှင့်မငြင်းခုံတတ်ကြပေ'။ ထိုသည်မှာ သူ့အတွက် ပုံရိပ်ကောင်းကို ရရှိစေလိမ့်မည်မဟုတ်ပေ။

ဝမ်ချောင်နောက်၌ ရပ်နေသည့် ကျောက်ကျင်းတန်သည် အပြန်အလှန်ပြောစကားများကို ကြားပြီးသည့်အခါ သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာခဲ့သည်။

ဝမ်ချောင်သည် တော်ဝင်ရုံးတော်တွင် မွှေနောက်ခဲ့ပြီးနောက် သူသည် တိုင်းပြည်တစ်ခုလုံးတွင် အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော်လည်း ဤမိန်းမပျိုများ၏ရှေ့တွင် သူယခင်ကပြသခဲ့သည့် ခွန်အားများသည် လုံးလုံးလျားလျား ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ကွယ်ပျောက်သွားခဲ့ပုံရသည်။

ဤအရာသည် ဝမ်ချောင်၏ဘဝတွင် အပြောင်းအလဲမြန်သော အမျိုးသမီးများကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်ဖြစ်သည်။

“ဟမ်...ဒါဆိုလည်း ငါအခုတော့နင့်ကိုလွှတ်ပေးလိုက်မယ်”

မှုးမတ်ရီသည် သူမ၏ သေးသွယ်ပြီး ရှည်လျားသော ညာဖက်ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်ကာ လက်ထဲရှိ ကြာပွတ်ကို သူမ၏ခါးပေါ်သို့ပြန်တင်လိုက်သည်။ သူမ၏ ရဲရင့်သော ပုံသဏ္ဍာန်သည် မျိုးချစ်သူရဲကောင်းများကို အမှတ်ရစေသည်။

“ငါဒီကိုရောက်နေတာ နင့်ကိုတစ်ခုသတိပေးဖို့ပဲ..အနက်ရောင်ဆာမူရိုင်း(black kirin) ကျောင်းကျူးက ကြေငြာထားတယ် နင်ဘယ်စစ်ခန်းကိုပဲဝင်လာပါစေ သူက နင့်ကို သေချာပေါက် သင်ခန်းစာတစ်ခုပေးမယ်တဲ့”

“ကျောင်းကျူးကဘယ်လိုလူလဲ ဆိုတာ နင်သိထားသင့်တယ် ဒါကြောင့် ဂရုစိုက်ဦး...သူက နင့်ကို လေ့ကျင့်ရေးကွင်းပြင်မှာ ဘာမှလုပ်ရဲမှာမဟုတ်ဘူး ဒါပေမယ့် အပြင်ဖက်မှာတော့ သူကဘာတစ်ခုမှမလှုပ်ရှားဘူး ဆိုတာ ခန့်မှန်းဖို့ခက်တယ်”

မှူးမတ်ရီသည် သတိပေးလိုက်သည်။

“ကျောင်းကျူးလား”

ထိုနာမည်ကိုကြားလိုက်သောအခါ ဝမ်ချောင်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။

“ကျောင်းကျူးလား..ကျောင်းကျူးကဘယ်သူလဲ”

ကျောက်ကျင်းတန်သည် ရှေ့သို့တိုးလိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ တစ်ဖက်လူများ၏ အမူအရာကိုကြည့်၍ ဆုံးဖြတ်ရလျှင် ထိုကျောင်းကျူးသည် ရှိန်လောက်သည့်လူဖြစ်ပေမည်။ သို့သော်လည်း သူသည် ယခင်က ထိုလူကို မကြားခဲ့ဖူးပေ။

“မင်းကိုနောက်မှပြောပြမယ်”

ဝမ်ချောင်သည် မှူးမတ်ရီဆီ လှည့်ကာ မေးမည်ပြုနေသည့် တင်းမာသည့်မျက်နှာထားနှင့် ကျောက်ကျင်းတန်ကို တားလိုက်သည်။

“ဘာလို့ကျောင်းကျူးက ငါနဲ့ ဖလှယ်ချင်ရတာလဲ...ငါတို့ကြားက စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စလည်း မရှိခဲ့ပါဘူး”

“ကြည့်ရတာ နင်က အဲဒါကိုမေ့နေပုံပဲ...အမှုစစ်ကျောင်းကျန့်က သူ့ဦးလေးပဲ ပြီးတော့ မင်းကြောင့် ကျောင်းကျန့်က တော်ဝင်တရားရုံးမှာ အမှုစစ်လူအိုကြီးဟီဂန်ရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်...သြဇာကြီးတဲ့ အရာရှိတွေအများကြီးရှေ့မှာ အရှက်တကွဲဖြစ်ခဲ့ရပြီး အဲဒီနေ့ အိမ်ပြန်ရောက်ပြီးနောက် သူ့ကိုယ်သူ ကြိုးဆွဲချလုနီးပါးဖြစ်ခဲ့တယ်”

“ကျောင်းကျူးရဲ့အဖေက စောစောသေခဲ့တော့ ကျောင်းကျန့်က သူ့ကို ငယ်ငယ်လေးကတည်းက အလိုလိုက်ခဲ့တယ်... ဒီလိုကိစ္စမျိုးကြုံလာခဲ့ရင် နင်သာ ကျောင်းကျူးရဲ့နေရာမှာဆို တစ်ဖက်လူကို သင်ခန်းစာပေးချင်မှာမဟုတ်ဘူးလား”

မှူးမတ်ရီပြောသည်။

('ကြည့်ရတာနင့်ရဲ့အတောင်ပံတွေက သန်မာလာပုံရတယ်' ဆိုတာက ဂျူနီယာတွေက စီနီယာတွေကို မလေးမစားပြုမူတဲ့အခါတွေမှာသုံးပါသည်။

*******

pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်

Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်

All Chapters