အခန်း (၂၀၁-၂၀၅)
Vol. 8 Ch. 201-205
အပိုင်း ၂၀၁
"ကျွမ်းမျိုးနွယ်စုနဲ့ ချီမျိုးနွယ်စုက ဒီတစ်ကြိမ်မှာ လက်ဆောင်အကြီးကြီး ပြင်ဆင်ထားခဲ့တာပဲ"
သေတ္တာအတွင်းရှိ ပစ္စည်းများကို အနီးကပ်ကြည့်ရှု့ပြီးနောက် ဝမ်ချောင်အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
သူသည် မျိုးနွယ်စုနှစ်ခု၏လက်ဆောင်များသည် အများဆုံး ဆေးလုံးများသာ ပါရှိမည်ဟု ထင်ခဲ့သည်။ သေတ္တာထဲတွင် ဆေးလုံးများပါရှိသည်မှာမှန်သော်လည်း ဝမ်ချောင်ကို အံ့အားသင့်သွားစေသည်မှာ သေတ္တာအတွင်း၌ ချောစာများလည်း ပါရှိနေခြင်းပင် ဖြစ်သည်။ ထိုစာများ၏ အရေးပါမှုသည် ဆေးလုံးများထက် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်။
သူတို့သည် ဝမ်ချောင်၏ဖခင် ဝမ်ယန်ကို နယ်စားအဖြစ် ခန့်အပ်ရန်အတွက် ထောက်ခံထားသည့် စာများ ဖြစ်ကြသည်။
တော်ဝင်ရုံးတော်တစ်ခုလုံး ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့၏ အဖွဲ့ဝင်များဖြင့် ပြည့်နေသည်။ ဤစာများကို သူတို့မျိုးနွယ်စု၏နာမည်ဖြင့် ပို့လိုက်ခြင်းကို ကြည့်ပါက သူတို့၏ရည်ရွယ်ချက်သည် အလွန်ကြီးမားသည်။
ဤသည်မှာ ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့၏ စေတနာကို ဖော်ပြခြင်းသာမကတော့ပေ။ ထို့ထက်ပို၍ ကျွမ်းမျိုးနွယ်စုတစ်ခုလုံးနှင့် ချီမျိုးနွယ်စုတစ်ခုလုံး၏ ကောင်းမွန်သည့်စေတနာကို ဖော်ပြခြင်းပင် ဖြစ်သည်။
"ဒီလက်ဆောင်က တကယ့်ကို ကြီးမားလွန်းတယ်"
ဝမ်ချောင်ကိုင်ထားသော စာကိုဖတ်ပြီးနောက် ကျောက်ကျင်းတန်သည် တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“တကယ့်ကို သူတို့က ကြီးကြီးမားမားဖြစ်ချင်နေတာပဲ၊ ဒါဆိုလည်း သူတို့လက်ဆောင်ကို လက်ခံပေးလိုက်ပါ့မယ်လေ"
တသောသော ရယ်မောကာ လက်ဆောင်သေတ္တာကို ကိုင်ဆောင်လျက် ဝမ်ချောင်သည် ကျောက်ကျင်းတန်နှင့်အတူ နေစရာနေရာသို့ ဦးဆောင်ထွက်လာလိုက်သည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် နေထိုင်ရာနေရာနှင့် လေ့ကျင့်ရေးကွင်းများကို သက်သက်စီ ခွဲထားသည်။
လေးပစ်လေ့ကျင့်ရေးကွင်း၊ မြင်းစီးလေ့ကျင့်ရေးကွင်း၊ ခြေလျင်တပ်သားလေ့ကျင့်ရေးကွင်းနှင့် ကျင့်ကြံခြင်းအခန်းငယ်များအားလုံးတို့သည် အလံကြီးစိုက်ထူထားသော အလယ်တောင်ထိပ်ပေါ်တွင် တည်ရှိကြသည်။
ထို့နောက် အရွယ်အစား တူညီသော တောင်ထွတ်လေးလုံးတို့သည် အလယ်တောင်ထွတ်ကို ပွေ့ဖက်ထားသကဲ့သို့ ဝန်းရံထားကြသည်။
ထိုတောင်ထွတ်လေးလုံးတို့သည် အဓိကစစ်တန်းလျားလေးခုတည်ရှိရာနေရာဖြစ်သည်။
မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက် နှင့် အနက်ရောင်လိပ်တို့သည် ထိုနေရာတွင် တည်ရှိကြသည်။
တောင်ထွတ်လေးခုပေါ်တွင် အလံကိုခမ်းနားထည်ဝါစွာ လွင့်ထူထားသည်။ ထိုနေရာတွင် အဆောက်အဦအမျိုးမျိုးဖြင့် ပြည့်နေသည်။ တောင်ထွတ်လေးခုပေါ်တွင် မိုးပြာရောင်နဂါး၊ အဖြူရောင်ကျား၊ အနီရောင်ငှက်နှင့် အနက်ရောင်လိပ်တို့၏ ကြီးမားသည့်ရုပ်ထုကို အသီးသီး ထုလုပ်ထားသည်။ ထိုသည်က တောင်ထွက်တစ်ခုချင်းစီကို တလွယ်တကူခွဲခြားမှတ်မိစေသည်။
"ငါမသွားဘူး၊ ငါအဲဒီကို လုံးဝမသွားဘူး၊ အဲခွေးမသားနဲ့ အတူတူနေချင်တဲ့ဘယ်သူမဆို သွားနေနိုင်တယ်"
စစ်တန်းလျားမှအကွာအဝေးတစ်ခုသို့အရောက်တွင် ဒေါသထွက်နေသောအသံတစ်ခုကို သူကြားလိုက်ရသည်။
လမ်းလျှောက်သွားလိုက်ပြီး ဝမ်ချောင်သည် အိမ်တစ်လုံးရှေ့တွင် နီမြန်းသော မျက်နှာဖြင့် အော်ဟစ်နေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူ၏နံဘေးတွင် လူနှစ်ယောက်သည် သူ့ကို စကားပြောနေသည်။ ကြည့်ရသည်မှာ သူ့ဒေါသကို ပြေစေရန် ကြိုးစားနေပုံရသည်။
ဝမ်ချောင်သည် ဒေါသတကြီးအော်ဟစ်နေသာ လူငယ်ကို မသိပေ။ သို့သော် ဒေါသကို ဖြေဖျောက်ပေးနေသည့် လူနှစ်ဦးကိုတော့ သူသိသည်။
"ကျွမ်းကျန့်ဖျင်..ချီဝေ့စီ"
ကျောက်ကျင်းတန် အံ့အားသင့်သွားခဲ့သည်။
"အဲဒီကိုသွားပြီး ကြည့်ကြစို့"
မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ ဝမ်ချောင်သည် ကျောက်ကျင်းတန်းနှင့်အတူ သွားကြည့်လိုက်သည်။
"ဝမ်သခင်လေး"
ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် အံ့ဩသွားကြပြီး ဝမ်ချောင်ကို ချက်ချင်းမှတ်မိလိုက်သည်။ သူတို့သည် အလျင်အမြန် လှည့်လာပြီး ဦးညွတ်လိုက်ကြသည်။
"ဘာဖြစ်နေကြတာလဲ"
ဝမ်ချောင်မေးလိုက်သည်။
"ဒါက..."
ထိုနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး တုံ့ဆိုင်းစွာ ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ကျွမ်းကျန့်ဖျင်သည် အဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြလိုက်သည်။
"သခင်လေး တကယ်တော့ အဖြူရောင်ကျားစစ်တန်းလျားက နှစ်နေရာပဲကျန်တော့တယ်၊ ဒါကြောင့် ကျွန်တော်တို့က သူ့ကို စုဟန်ရှန်းနဲ့အတူနေဖို့ ဖျောင်းဖျနေတာပါ ဒီလိုဆို သခင်လေးနဲ့ သခင်လေးသူငယ်ချင်းက အတူနေလို့ရသွားမယ်၊ ဒါပေမဲ့ဒီလူက အဲဒါကို လက်ခံဖို့ ငြင်းဆန်နေတယ်လေ"
"ခွေးမသား ဒါဆို မင်းတို့နှစ်ယောက်က ဘာလို့ အဲကို မသွားကြတာလဲ၊ စုဟန်ရှန်းက ဘာတွေဒီလောက်တော်နေလို့ လူတိုင်းကို အေးစက်စက် ဆက်ဆံနေရတာလဲ၊ ငါအဲဒီရေခဲမျက်နှာနဲ့ တစ်ခန်းတည်းအတူနေဖို့ ငြင်းဆန်တယ်၊ ဘယ်သူပဲဖြစ်ဖြစ် သူနဲ့အတူ လွတ်လွတ်လပ်လပ် သွားနေနိုင်တယ်၊ ဘယ်လိုပဲဖြစ်ပါစေ ငါကတော့ ဒီကိစ္စမှာဝင်ပါဖို့ လုံးဝငြင်းတယ်"
ထိုလူသည် အလွန်ဒေါသထွက်နေပုံရသည်။ တုံ့ဆိုင်းမနေဘဲ သူ့လက်ကိုခါလိုက်ကာ လှည့်လိုက်လိုက်ပြီး သူ့နောက်က အခန်းတစ်ခုထဲသို့ ဝင်သွားသည်။
ထိုခဏတွင် ဝမ်ချောင်သည် ထိုလူ၏ ဘယ်ဘက်မျက်နှာပေါ်၌ ခရမ်းရောင်ဖိနပ်ရာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ဖိနပ်ကောက်ကြောင်းကိုပင် ထိုပေါ်၌ ရှင်းလင်းစွာ မြင်နေရသည်။
ဘယ်သူကမှတော့ သူ့ပါးသူ ဖိနပ်ဖြင့် ရိုက်လိမ့်မည်မဟုတ်ပေ။ ဝမ်ချောင်သည် အခြေအနေ အကြမ်းဖျင်းကို ချက်ချင်း နားလည်လိုက်သည်။
"ကြည့်ရတာ သူက စုဟန်ရှန်းကြောင့် ဒဏ်ရာအချို့ရခဲ့ပုံရတယ်"
ဝမ်ချောင်သည် တည်ငြိမ်စွာ ပိုင်းခြားစိတ်ဖြာလိုက်သည်။
"ဒါက...သူ့ဒေါသက နည်းနည်းဆိုးတယ်၊ သခင်လေး မစိုးရိမ်ပါနဲ့ ကျွန်တော် သူ့နောက်လိုက်သွားပြီး ဖျောင်းဖျလိုက်ပါ့မယ်"
ချီဝေ့စီ ပြောသည်။ သူသည် တစ်ဖက်လူကို မဖျောင်းဖျလိုက်နိုင်သည့်အပြင် သူ့မျက်နှာကိုပါ အရိုက်ခံလိုက်ရသည်။ ထိုသည်မှာ သူ့ကို ကိုးရိုကားယားဖြစ်စေသည်။
"အဲလိုလုပ်ဖို့ မလိုဘူး"
ဝမ်ချောင် သူ့ခေါင်းကို ခါလိုက်သည်။ သူသည်လှည့်လိုက်ကာ
"ကျင်းတန် မင်းသူနဲ့အတူသွားနေလိုက်၊ ငါအဲဒီကိုသွားလိုက်မယ်"
"သခင်လေး အဲအစား ကျွန်တော်ပဲ အဲဒီကိုသွားလိုက်ပါ့မယ်"
ကျောက်ကျင်းတန်သည် ပူပန်စွာပြောလိုက်သည်။ သူသည် စုဟန်ရှန်း၏ စစ်ဆေးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုလူ၏ကျင့်ကြံဆင့်နှင့် ကျွမ်းကျင်မှုတို့သည် သာမန်ထက်ထူးကဲသည်ကို သူသိသည်။ ထို့အပြင် စုဟန်ရှန်းသည် ပေါင်းသင်းရန် လွယ်ကူသောလူမဟုတ်ပေ။
ကျောက်ကျင်းတန်သည် ဝမ်ချောင်ထိခိုက်မည်ကို စိတ်ပူသည်။
"စိတ်ပူနေစရာ မလိုပါဘူး"
ဝမ်ချောင်သည် ကျောက်ကျင်းတန် စိုးရိမ်နေသည်မှာ မလိုအပ်ဟုခံစားရသည်။ စုဟန်ရှန်း၏ အေးစက်သည့် သဘောသဘာဝသည် သူ့ကို ပေါင်းသင်းရခက်ခဲသည့်လူ ဖြစ်စေခဲ့သည်။ ခုနကလူ၏ ဒေါသကြီးသောစရိုက်သည် ပိုကောင်းမလာစေပေ။
ဖြစ်နိုင်သည်မှာ ခုနကလူသည် စုဟန်ရှန်းကို ရန်စလိုက်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူ့မျက်နှာပေါ်တွင် ဖိနပ်ရာကြီး လက်ဆောင်ပေးခံရခြင်းဖြစ်ပေမည်။
"စိတ်မပူပါနဲ့၊ ငါဘာလုပ်နေမှန်း ငါသိပါတယ် ဒါကြောင့် အဲဒီအတွက် စိတ်ပူမနေနဲ့"
ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့သည် အံ့အားသင့်သွားခဲ့ကြသည်။ ဝမ်ချောင်နှင့် ကျောက်ကျန်းတန်တို့သည် အလွန်ရင်းနှီးသောကြောင့် သူတို့နှစ်ယောက်ကို တစ်ခန်းတည်း အတူဖြစ်စေရန် သူတို့ အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ သို့သော် သူ့တို့၏စေတနာကို ဝမ်ချောင်က ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အချိန်တစ်ခဏလောက် ထိုနှစ်ယောက်သည် ပြောစရာစကားလုံးများ ပျောက်ဆုံးသွားခဲ့သည်။
ဝမ်ချောင်က များများစားစား မပြောပေ။ သူသည် သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး သိပ်မဝေးသည့် အခန်းသို့ လျှောက်သွားလိုက်သည်။ စုဟန်ရှန်းနှင့်ပတ်သက်၍ ဝမ်ချောင်တွင် သူ့အစီအစဉ်နှင့်သူရှိသည်။
ဤအနာဂတ်စစ်သူကြီး၏အကျင့်စရိုက်တွင် ကြီးမားသောပြဿနာရှိသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့ကို ဘယ်လိုပြောင်းလဲနိုင်မလဲ တွေးနေခဲ့သည်။
လက်ရှိအခြေအနေသည် ဝမ်ချောင်ဖြစ်စေချင်သည့်အတိုင်းဖြစ်လာခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ခန်းတည်း အတူနေရမည်ဖြစ်သည်။ ထိုသည်က ဝမ်ချောင်ကို ထိုလူ့အနား ချဉ်းကပ်ရမည့် အကြောင်းပြချက်ကို ဖာထေးပေးသည်။
.........
အခန်းသည် အတိ တိတ်ဆိတ်နေခဲ့သည်။ ဝမ်ချောင်ဝင်လာသည်တွင် ထိုနေရာ၌ မည်သည့်အသံမျှ မကြားရပေ။ သို့သော်လည်း အခန်းထဲသို့ ဝေ့ကြည့်လိုက်သည်တွင် အေးစက်သည့်အမူအရာဖြင့် ရှည်လျားသွယ်လျသော လူတစ်ဦး တရားထိုင်နေသည်ကို သူတွေ့လိုက်ရသည်။
ထိုလူ၏ အရှိန်အဝါသည် မြောက်ပိုင်းရေခဲမြစ်ကဲ့သို့ ခံစားရစေသည်။ တခြားသူများကို သူ့အနားသို့ ချဉ်းကပ်မလာစေချင်သည့်ပုံပေါ်သည်။ သူ့ရှေ့ရှိအခန်းတစ်ခုလုံးသည် ဆောင်းလယ်သို့ ရောက်နေသကဲ့သို့ ခံစားရစေသည်။
"စုဟန်ရှန်း"
အတွေးတစ်ခုသည် ဝမ်ချောင်ခေါင်းထဲတွင် ဖြတ်သွားသည်။
တစ်ချက်ကြည့်လိုက်သည်တွင် ဝမ်ချောင်သည် ဘာကြောင့် ခုနကလူသည် စုဟန်ရှန်းနှင့် တစ်ခန်းတည်း အတူမနေချင်သည်ကို ချက်ချင်းနားလည်သွားခဲ့သည်။ စုဟန်ရှန်းသည် ကြီးမားသော ဖိအားအရှိန်အဝါကို ပတ်ဝန်းကျင်တွင် ထုတ်လွှတ်ထားသည်။
လူတစ်ဦးသည် သူနှင့်အဆင့်တူသို့ မရောက်သေးလျှင် သူတို့အတွက် ဤနေရာ၌နေထိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
ထို့အပြင် သူ့ဘေးရှိ အေးစက်စက်လေထုသည်လည်း ကျင့်သားရရန် ခက်ခဲသည်။
"ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှာ စုဟန်ရှန်းနဲ့ ပေါင်းသင်းနိုင်သူ တစ်ယောက်မှ မရှိတာ အံ့ဩစရာ မဟုတ်တော့ဘူး"
ဝမ်ချောင်သည် စုဟန်ရှန်းကို အကဲခတ်လိုက်ရင်း တွေးလိုက်သည်။
ဝမြးးး
ဝမ်ချောင်အခန်းထဲသို့ ဝင်ခါနီးတွင် အေးစက်စက် ကျောက်ရုပ်စုဟန်ရှန်းသည် တစ်စုံနစ်ခုကို သတိပြုမိလိုက်သည့်အလား သူ့မျက်လုံးကို ရုတ်ခြည်းဖွင့်လိုက်သည်။
အချိန်တစ်ခဏအတွင်း လေထုသည် ပို၍အေးစက်သွားပုံရသည်။
ရွှီး ရွှီး ရွှီး
မည်သည့်သတိပေးချက်မျှမရှိဘဲ စုဟန်ရှန်းသည် သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်စမှ စာရွက်အပိုင်းအစအချို့ကို ရုတ်ခြည်း ပစ်လွှတ်လိုက်သည်။
အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုစာရွက်များသည် ဓားများလေထဲသို့ ဖြတ်သွားသည်နှင့်ဆင်တူသည့် အသံများကို ထုတ်လွှတ်နေသည်။
"ဟမ်"
ဝမ်ချောင်မျက်နှောင်ကြုတ်လိုက်သော်လည်း သူ၏လှုပ်ရှားမှုသည် နှေးကွေးမနေပေ။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စာရွက်အပိုင်းအစသုံးခုကို သာမန်သာ ဖမ်းယူလိုက်သည်။ ထို့နောက် ထိုသည်ကို ကြည့်လိုက်သည်တွင် သူတို့တစ်ခုစီ၌ စာကြောင်းတစ်ခုစီကို တွေ့လိုက်ရသည်။
"အလယ်က နယ်နိမတ်မျဉ်းကို မဖြတ်ကျော်ရ"
"ငါ့ကိုမနှောင့်ယှက်ရ"
"ဆူညံတာကို ငါမုန်းတယ်"
......
ထိုစကားလုံးများသည် ဓားသွားကဲ့သို့ အားမာန်ပြည့်ဝပြီး ပြင်းထန်လှသည်။ သူတို့သည် အေးစက်ပြီး အကြင်နာမဲ့သည့် ခံစားချက်ကို ထုတ်လွှတ်နေသည်။
"ဒီအပြုအမူက လုံးဝစုဟန်ရှန်းရဲ့ပုံစံပဲ"
ဝမ်ချောင်ခေါင်းယမ်းလိုက်သည်။
စကားလုံးများသည် လုံးဝခြောက်သွေ့နေပြီဖြစ်သည်။ ထိုသည်က ဤစာကို စုဟန်ရှန်းသည် တောင်ပေါ်သို့ တက်မလာခင်ကတည်းက ရေးခဲ့ခြင်းဖြစ်သည်ကို ညွှန်ပြနေသည်။
သူသည် လူမှုဆက်ဆံရေးကို လုံးဝရှောင်ရှားရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
ဒီထဲသို့ ဘယ်သူပဲဝင်လာပါစေ သူတို့သည် ဒီစာရွက်သုံးခုကို လက်ခံရရှိမည်မှာ သေချာသလောက် ရှိသည်။
ဟူးးး
တစ်ဖက်တွင်မူ ဝမ်ချောင်က စာရွက်လက်ခံရရှိသွားသည်ကို မြင်လိုက်ရသောအခါ စုဟန်ရှန်းသည် သူ၏အင်္ကျီလက်စကို ခါလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ဝမ်ချောင်ကို မကြည့်တော့ဘဲ တံခါးကို ဖွင့်ကာ ထွက်သွားလိုက်သည်။
ဤတစ်လျှောက်လုံးတွင် သူသည် ဝမ်ချောင်ကို စကားတစ်လုံးမျှပင် မပြောခဲ့ပေ။ သူ၏အေးစက်ပြီး မာနကြီးသည့် စိတ်နေသဘောထားကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
"လူတစ်ယောက်ရဲ့ စရိုက်ထက် ကံကြမ္မာကို ပြောင်းလဲတာကမှ လွယ်ကူဦးမယ်၊ ကြည့်ရတာအချိန်တစ်ခဏအတွင်း ဒါကိုအောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်"
ဝမ်ချောင် ခေါင်းယမ်းလိုက်ပြီး ထိုကိစ္စကို လျစ်လျူရှု့လိုက်သည်။ သူသည် စာရွက်အချို့ကို ထုတ်ယူလိုက်ပြီး စာစရေးလိုက်သည်။
စွန်းကျီမင်နှင့် တိန့်မင်ရှင်းတို့ကြားရှိ ဆက်ဆံရေးသည် ရန်လိုသည့် ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တိန့်မင်ရှင်းသည် သေချာပေါက်ပြဿနာရှာပေလိမ့်မည်။ထို့ကြောင့် ဝမ်ချောင်သည် ဤပြဿနာကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းရပေဦးမည်။ သို့မှသာ ဖြစ်နိုင်သည့် ခြိမ်းခြောက်မှုများ အားလုံးကို သေးငယ်သွားစေမည်ဖြစ်သည်။
အချိန်တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဝမ်ချောင်သည် စာနှစ်စောင်ကို ချရေးလိုက်သည်။ တစ်စောင်မှာ ဦးကြီးဝမ်ကန်းဆီသို့ ဖြစ်ပြီး နောက်တစ်စောင်က စုန့်ဘုရင်ဆီသို့ဖြစ်သည်။
ထို့နောက် တစ်စုံတစ်ယောက်ဖြင့် သူတို့ကို ပို့စေလိုက်သည်။
ဤကိစ္စကို ဖြေရှင်းပြီးနောက် ဝမ်ချောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းမောကြီး ချလိုက်သည်။
"နောက်တစ်ခုအနေနဲ့ ငါ့ခွန်အားကို တိုးတက်စေဖို့ နည်းလမ်းရှာရမယ်"
ဝမ်ချောင် တွေးလိုက်သည်။
မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုသည် ပညာရှင်ဧကရာဇ်က မြင့်မားသော တန်ဖိုးဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော ပါရမီရှင်များကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ နယ်စားလေးရီသည်ပင် ဤဆွဲဆောင်မှုကို မတောင့်ခံနိုင်ခဲ့ပေ။
တစ်နေ့တာအတွင်း ကိစ္စများသည် ဝမ်ချောင်ကို သူ၏ကျင့်ကြံမှုသည် ထိပ်ဆုံး၌ ရပ်တည်နေစေရန် မလုံလောက်သေးကြောင်း နားလည်သွားစေသည်။ အားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် စုဟန်ရှန်းသည် ဥပမာတစ်ခုဖြစ်သည်။
ပြောစရာမလိုအောင်ပင် မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုတွင် ပုန်းအောင်းနေသော ကျောက်စိမ်းတုံးများ အများအပြား ရှိသေးသည်။
ကျောင်းကျူး၏ တည်ရှိမှုသည်လည်း ဝမ်ချောင်ကို သတိပေးနေသည်။
ထိုသူသည် သူ၏ဒုတိယအစ်ကိုဝမ်ပေ့နှင့် ဘေးချင်းယှဉ်၍ ရပ်တည်နိုင်သူ ဖြစ်သည်။ ဒုတိယအစ်ကိုသာ ဤနေရာ၌ ရှိနေပါက ဝမ်ချောင်သည် အများကြီး စိုးရိမ်နေစရာမလိုပေ။ သို့သော်လည်း သနားစရာကောင်းသည်မှာ သူ၏ ဒုတိယအစ်ကိုသည် သေမင်းအကျဉ်းထောင်တွင် အကျဉ်း ကျနေခဲ့သည်။
ထို့ကြောင့် ဝမ်ချောင်သည် သူကိုယ်တိုင်သာ ရင်ဆိုင်ရပေမည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဝမ်ချောင်သည် အခြားသိုင်းပညာရပ်တစ်ခုကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
"လက်နက်ခြောက်ခု နည်းစနစ်ကို ကျင့်ကြံရမယ်"
ဝမ်ချောင်သည် သူ့အရင်ဘဝ၌ သိခဲ့ဖူးသော အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်သည့် နည်းစနစ်တစ်ခုကို ပြန်လည်တွေးတောလိုက်သည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ကောင်းမွန်သည့်နည်းစနစ်များကို လွတ်လပ်စွာ လေ့လာခွင့် ပေးထားသော်လည်း ဝမ်ချောင်တွင် ထိုထက်ပိုကောင်းသည့် ရွေးချယ်စရာများ ရှိသေးသည်။
'လက်နက်ခြောက်ခုနည်းစနစ်'သည် ထိုထဲမှာတစ်ခုဖြစ်သည်။
ဤနည်းစနစ်သည် လက်ကျွမ်းကျင်မှု အမျိုးအစား လျှို့ဝှက်ပညာရပ်ဖြစ်သည်။ ဤသည်မှာ ဝမ်ချောင် ပထမဆုံးရွေးချယ်သည့် လက်ကျွမ်းကျင်မှုအမျိုးအစား လျှို့ဝှက်ပညာရပ် ဖြစ်ပေလိမ့်မည်။
ထိုသည်မှာ ကျင့်ကြံရန် မလွယ်ကူသော်လည်း၊ သူ၏ခွန်အားကို တိုးမြှင့်မပေးနိုင်သော်လည်း သူ၏ 'တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ပိုင်းခြင်း' နှင့် လုံးဝလိုက်ဖက်ညီပေသည်။
သူသာ ထိုနှစ်ခုကို လုံးဝလိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်လိုက်နိုင်ပါက 'တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ပိုင်းခြင်း'၏ခွန်အားသည် အဆင့်တစ်ခုသို့ တိုးတက်သွားပေလိမ့်မည်။ လက်ရှိတွင် သူသည် ဓားချက်တစ်ချက်ကိုသာ ထုတ်ဖော်နိုင်သည်။ လက်နက်ခြောက်ခုနည်းစနစ်ကို သူသာ ကျွမ်းကျင်သွားလျှင် သူသည် ဓားချက်ခြောက်ခုကို ဆက်တိုက် ထုတ်ဖော်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူ၏တိုက်ခိုက်ခြင်းစွမ်းအားကို အများကြီး တိုးတက်သွားစေနိုင်သည်။
အရေးအကြီးဆုံးမှာ 'လက်နက်ခြောက်ခုနည်းစနစ်' သည် အခြေခံအကျဆုံးအဆင့်လျှို့ဝှက်ပညာရပ်သာ ရှိသေးသည်။ ထို့ထက်ပို၍ 'လက်နက်ဆယ်နှစ်ခုနည်းစနစ်'၊ 'လက်နက်နှစ်ဆယ်လေးခုနည်းစနစ်'၊ နှင့် နောက်ဆုံး 'လက်နက်သုံးဆယ့်ခြောက်ခုနည်းစနစ်' ဟူ၍ ရှိသေးသည်။
ဝမ်ချောင်၏ကျင့်ကြံမှုနယ်ပယ်သည် ရပ်နေသည့်အခြေအနေအောက်တွင်ပင် ဤလျှို့ဝှက်နည်းစနစ်သည် ဝမ်ချောင်၏ခွန်အားကို စိတ်ကူးမရနိုင်သည့်အဆင့်တစ်ခုအထိ တိုးမြှင့်ပေးနိုင်သည်။
'လက်နက်ခြောက်ခု' ကျင့်စဉ်ကို ပြန်တွေးပြီးနောက် ဝမ်ချောင်သည် တင်ပျဉ်ခွေထိုင်ချလိုက်ကာ မကြာမီပင် ငြိမ်သက်တိတ်ဆိတ်သော အခြေအနေသို့ ဝင်ရောက်သွားသည်။
-------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၀၂။ အနာဂတ်စစ်သေနာပတိချုပ်
"သေစမ်း"
"အဲဒီခွေးမသားက ငါ့လူကို ဘယ်လိုလုပ် ခိုးယူရဲရတာလဲ"
အနက်ရောင်လိပ်တောင်ထွတ်ပေါ်တွင် တိန့်မင်ရှင်းသည် ဒေါသကြောင့် မျက်နှာနီရဲလျက်ရှိသည်။ သူသည် အခန်းထဲရှိ စာပွဲပေါ်သို့ ရုတ်တရက်လက်သီးထိုးချလိုက်ကာ အပိုင်းအစများအဖြစ်သို့ ပြောင်းလဲလိုက်သည်။
သူသည်နောက်ဆုံးတွင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။
သို့သော်လည်း စွန်းကျီမင်၏ အကူအညီမပါသောကြောင့် သူ့ကိုလမ်းခင်းပေးရန် အခြားလက်ပါးစေ တစ်ယောက်ကို အသုံးပြုလိုက်ရသည်။ နောက်ဆုံးတွင် ထိုတစ်ယောက်သည် ဖယ်ရှားခံရခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
သူ၏လက်နက်နှစ်ခုစလုံးကို တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ သူ မည်ကဲ့သို့ ဒေါသမထွက်ဘဲ ရှိမည်နည်း။
"သခင်လေး..ဝမ်ချောင် ရောက်လာပြီး စွန်းကျီမင်ကို ခိုးယူသွားတဲ့အကြောင်းကို ကျွန်တော်တို့ ကျန်းသခင်လေးဆီကို သတင်းပို့သင့်လား၊ ကျွန်တော်တို့ သူ့ကို ရှေ့ထွက်စေပြီး ကျွန်တော်တို့အတွက် ဝမ်ချောင်ကို ရင်ဆိုင်ခိုင်းလို့ရတယ်"
ကျန်နေသည့် လက်ပါးစေတစ်ယောက်သည် ဒေါသထွက်စွာ ပြောလိုက်သည်။
"အဲဒါ မလိုအပ်ဘူး"
တိန့်မင်ရှင်းသည် တစ်ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။
"ကျန်းသခင်လေးကို ငါတို့ဆက်သွယ်ခဲ့တာ သိပ်မကြာသေးဘူး၊ နောက်ပြီး စွန်းကျီမင်က ငါတို့မျိုးနွယ်စုရဲ့ လက်အောက်ငယ်သားပဲ၊ လက်အောက်ငယ်သားတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်တဲ့ ငါတို့ကို သူအထင်သေးသွားနိုင်တယ်"
တိန့်မင်ရှင်းတို့အဖွဲ့သည် ကျန်းရွှမ်ဟု အမည်ရသော လူတစ်ဦးနှင့် မဟာမိတ်ပြုရန် ရွေးချယ်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် ရှီဘုရင်လက်အောက်မှ ဖြစ်ကြသော်လည်း ထိုလူ၏ မျိုးနွယ်စုသည် သူ့မျိုးနွယ်စုထက်ပို၍သန်မာသည်။
ကျန်းရွှမ်မပါဘဲ သူ့အဆင့်အတန်းဖြင့် ရှီဘုရင်နှင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ပေ။
ကျန်းရွှမ်သည် အံ့ဩစရာကောင်းလောက်သည့် သိုင်းကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားပြီး လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် ရှီဘုရင်အတွက် တန်ဖိုးရှိသူတစ်ဦးလည်း ဖြစ်သည်။ တိန့်မင်ရှင်းသည် ထိုကဲ့သို့သော သြဇာကြီးသူတစ်ဦးကို လျှော့တွက်ရန် ဆန္ဒမရှိပေ။
"ဒါပေမဲ့ ဒီလိုမှမလုပ်ရင် ကျွန်တော်တို့ဘာလုပ်နိုင်ဦးမှာလဲ..ကျွန်တော်တို့ မျက်ကွယ်ပြုလိုက်သင့်လား၊ လူအများကြီးက ဝမ်ချောင်ကျွန်တော်တို့လူကို ဘယ်လိုခေါ်သွားတယ်ဆိုတာ သူတို့မျက်စိနဲ့ မြင်ခဲ့ကြတာနော်၊ သခင်လေးက ဒီအရှက်ရမှုကို သည်းခံနိုင်ပေမဲ့ ကျွန်တော်ကတော့မရဘူး"
အစေအပါးသည် တိန့်မင်ရှင်းအစား ပေါက်ကွဲနေလေသည်။
"သေချာပေါက် ငါတို့ဒီကိစ္စကို ဒီအတိုင်းမထားလိုက်နိုင်ဘူး"
တိန့်မင်ရှင်းသည် ခံစားချက်ပြင်းထန်လာခဲ့ကာ သူ့မျက်လုံးများက တဖြည်းဖြည်းအေးစက်လာခဲ့သည်။
"ငါက ဝမ်ချောင်နဲ့ ဝမ်မျိုးနွယ်စုကို ရန်မစရဲဘူး၊ ဒါပေမဲ့ စွန်းကျီမင်...ဟီးဟီး ဒီကမ္ဘာမှာ ငါးသေးသေးလေးတွေက ငါးအကြီးကြီးတွေရဲ့ အစာပဲ၊ စွန်းကျီမင်က ပုစွန်ဆိတ်သာသာပဲ ဒါတောင်ငါ့ကို သစ္စာဖောက်ရဲသေးတယ်..ဒီလိုတွေဖြစ်လာပြီဆိုမှတော့ ငါကိုရက်စက်တဲ့အတွက် သူအပြစ်မတင်သင့်ဘူး၊ သူ့အပြုအမူအတွက် စွန်းမျိုးနွယ်စုတစ်ခုလုံး ပြန်ပေးဆပ်စေရမယ်"
တိန့်မင်ရှင်း၏မျက်လုံးထဲတွင် ဒေါသထွက်နေသည့်အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူသည် စာတစ်စောင်ကို လျင်မြန်စွာချရေးလိုက်ပြီး မကြာမီပင် အနက်ရောင်စွန်ရဲတစ်ကောင်သည် မြို့တော်သို့ ပျံသန်းသွားခဲ့သည်။
"စွန်းကျီမင် မင်းငါ့ကို သစ္စာဖောက်ရဲတဲ့အတွက် မင်းရဲ့အဖေ အလုပ်ဆက်လုပ်စရာမလိုတော့ဘူး၊ မင်းနဲ့ မင်းအဖေ ရွာကိုပြန်ပြီး အဲမှာပဲ တစ်သက်လုံး နေလိုက်တော့"
ညအမှောင်ထုအတွင်း ပျောက်ကွယ်သွားသော စွန်ရဲကို ကြည့်လိုက်ကာ တိန့်မင်ရှင်း၏မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ခုဖြတ်ပြေးသွားသည်။
.....
တစ်ချိန်တည်းမှာပင် ဝမ်ချောင်နှင့် တခြားသူများမသိလိုက်ဘဲ သူတို့၏ နည်းပြဆရာသည် လက်ရှိတွင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏အဓိကခန်းမသို့ ဦးတည်သွားခဲ့သည်။
အဓိကခန်းမ၏ တည်နေရာကို အခြားသူများမသိကြပေ။ တော်ဝင်စစ်သည်တပ်အဖွဲ့ဝင်များသည်ပင် ဤနေရာသို့ လွတ်လွတ်လပ်လပ်ဝင်ခွင့်မပြုထားပေ။
"ရှန်းကျူ မင်းရောက်လာပြီပေါ့"
အဓိကခန်းမဆောင်သည် မဲမှောင်နေသည်။ ထိုနေရာတွင် ပတ်ဝန်းကျင်ကို လင်းထိန်စေရန် ဖယောင်းတိုင်မီး သို့မဟုတ် ရေနံဆီမီးတစ်ခုမျှပင် မရှိပေ။ အမှောင်ထုထဲမှ ဩဇာလွှမ်းမိုးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခန်းမ၏အမြင့်နားတွင် နတ်သားနှင့်ဆင်တူသော ခမ်းနားထည်ဝါသည့် သံချပ်ကာဝတ် လူတစ်ဦးထိုင်နေသည်။
သမုဒ္ဒရာနှင့်တောင်တန်းကဲ့သို့ဆင်တူသော စွမ်းအားကြီးမားပြီး ပြင်းထန်သည့် အရှိန်အဝါတစ်ခုသည် ထိုလူ့ဝန်းကျင်တွင် ဝန်းရံထားသည်။ ထိုသည်မှာ သူ့ရှေ့၌ရပ်နေသည့် လူများကို သူအား ရိုသေလေးစားစေသည်။
"ရှန်းကျူက အရှင့်ကို အရိုအသေပေးပါတယ်"
ကျောက်ရှန်းကျူသည် ခန်းမထဲသို့ လမ်းလျှောက်ဝင်လာခဲ့ပြီး အပေါ်၌ထိုင်နေသည့်လူကို လေးစားစွာ အရိုအသေပေးလိုက်သည်။ အပေါ်၌ထိုင်နေသည့် ပုဂ္ဂိုလ်ကို သူ အလွန် ရိုသေလေးစားသည်မှာ ထင်ရှားသည်။
အမှန်တကယ်တွင် ခွန်းဝူလေ့ကျင့်ရေးစစ်စခန်း၏ အစစ်အမှန်ခေါင်းဆောင်မှာ ယခု သူ၏အထက်၌ ထိုင်နေသည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။ ထိုသူသည် သူ၏အထက်လူကြီးလည်းဖြစ်သည်။
"ဘယ်လိုလဲ..မင်းတစ်ခုခု ရယူနိုင်ခဲ့လား"
အပေါ်၌ ထိုင်နေသည့် ပုဂ္ဂိုလ်က သာမန်ကာလျှံကာ မေးလိုက်သည်။
"ဟားဟား သေချာပေါက်ပဲ ကျွန်တော်တစ်စုံတစ်ခုကို ရယူနိုင်ခဲ့တယ်၊ ဒါ့အပြင် ဒီတစ်ကြိမ်မှာ ကောင်းမွန်တဲ့ တက်သစ် စအညွန့်အဖူးနည်းနည်းရှိတယ်"
တစ်ဖက်လူ၏စကားကို ကြားပြီးနောက် ကျောက်ရှန်းကျူသည် တသောသော ရယ်မောလိုက်သည်။ သူသည် ဤတစ်နေ့လုံးတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို စတင်ရှင်းပြလိုက်သည်။
"ပညာရှင်ဧကရာဇ်ရဲ့အမိန့်ကြောင့် ကျွန်တော်သွားပြီး တစ်ကြိမ် ကြိုးစားခွင့်ပေးခဲ့တယ်၊ ဒီတစ်ကြိမ်မှာ ကျောင်းသားကောင်းတွေအများကြီး တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ သူတို့ထဲက စုဟန်ရှန်းဆိုတဲ့ တစ်ယောက်က ငယ်ရွယ်ပြီး မယုံနိုင်စရာကောင်းတဲ့ တိုက်ခိုက်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်"
"ကျွန်တော့်ရဲ့ လားရာဆယ်ခု မိုးကြိုးလက်ချောင်းကို ချိုးဖောက်နိုင်တဲ့လူ အနည်းငယ်ပဲရှိတာ၊ ဒါပေမဲ့ သူက တိုက်စစ်ဆင်ရင်း အားမာန်ပြည့်ပြည့်၀၀နဲ ချိုးဖောက်နိုင်ခဲ့တယ်၊ သူ့ရဲ့တိုက်ခိုက်ခြင်းစွမ်းရည်က အရမ်းကို ရက်စက်ပြီး ကျွန်တော်တောင်မှ ခုခံနိုင်ဖို့ခက်ခဲတယ်၊ သူကလကျွန်တော်ရဲ့ခံစစ်ကိုချိုးဖောက်ပြီး ဒဏ်ရာတစ်ခုတောင် ချန်ထားနိုင်ခဲ့တယ်"
"သူ့ရဲ့ကျင့်ကြံဆင့်က အားနည်းပေမဲ့ ကျွန်တော့်ကို ချောင်ပိတ်အောင် တွန်းအားပေးနိုင်ခဲ့တယ်၊ သူသာ ကြီးပြင်းလာခဲ့ရင် သူဘယ်လောက် ဝေးဝေးသွားနိုင်မလဲဆိုတာ ခန့်မှန်းဖို့ခက်တယ်"
ကျောက်ရှန်းကျူသည် အထင်ကြီး လေးစားသည့် အမူအရာဖြင့် ပြောလိုက်သည်။ စုဟန်ရှန်း၏ အပြုအမူသည် သူ့ကိုစကားအများကြီးပြောစေရန် နက်ရှိုင်းသည့်ခံစားချက်တစ်ခု အမှန်တကယ် ချန်ထားနိုင်ခဲ့သည်မှာ ထင်ရှားသည်။
"မင်းရဲ့ လားရာဆယ်ခုမိုးကြိုးလက်ချောင်းကို ကျော်လွှားဖို့နဲ့ မင်းကိုဒဏ်ရာရစေတယ်ဆိုတော့ သူ့ရဲ့စွမ်းရည်က တကယ့်ကို အံ့မခမ်းပဲ၊ ဒါဆို ဒီတစ်ကြိမ်မင်းရှာတွေ့ခဲ့တဲ့ တန်ဖိုးအရှိဆုံးကျောက်စိမ်းတုံးက သူပဲဖြစ်ရမယ်၊ ဒီလိုဆိုမှတော့ သူ့ကိုအစွမ်းကုန်ပြုစုပျိုးထောင်ဖို့ ငါတို့အာရုံစိုက်သင့်တယ်"
ဩဇာလွှမ်းမိုးသည့်ပုဂ္ဂိုလ် ပြောလိုက်သည်။
သို့သော် မထင်ထားသည်က ထိုစကားများကို ကြားရာတွင် ကျောက်ရှန်းကျူသည် တိတ်ဆိတ်သွားခဲ့သည်။
"ဘာလို့လဲ..ဘာမှားနေလို့လဲ"
ကျောက်ရှန်းကျူ၏ ထူးဆန်းသည့်အမူအရာကို မြင်သည်တွင် ဩဇာလွှမ်းမိုးသည့်ပုဂ္ဂိုလ်က သံသယဖြင့် မေးလိုက်သည်။
ကျောက်ရှန်းကျူသည် တည့်တိုးဆန်ပြီး ဖြောင့်မတ်သည့် လူတစ်ယောက်ဖြစ်သည်။ ထိုသို့ သူတုံ့ဆိုင်းနေသည်ကို မြင်ရသည်မှာ ရှားပေသည်။
"အဲဒါက ပြောဖို့နည်းနည်းခက်တယ်၊ စုဟန်ရှန်းရဲ့အမူအကျင့်မှာ အားနည်းချက်ကြီးတစ်ခုကို ကျွန်တော် အာရုံခံစားနိုင်ခဲ့တယ်၊ သူ့ဘေးမှာကျွန်တော်ရပ်ရင်တောင် သူ့ရဲ့အေးစက်ပြီး ခပ်တန်းတန်းဖြစ်စေတဲ့ အရှိန်အဝါတစ်ခုကို ကျွန်တော်ခံစားရတယ်၊ တခြားလူသစ်တွေလည်း သူ့ကို အလိုလို ရှောင်ရှားကြတယ်၊ ဒါကကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ဘူး"
"ကျွန်တော်တို့ရှာနေတာက စစ်မြေပြင်မှာ အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်ဖြစ်တယ်၊ ရက်စက်တဲ့ စစ်သူကြီးတွေ ဒါမှမဟုတ် အိမ်တွင်းပုန်းကျွမ်းကျင်သူတွေ မဟုတ်ဘူး၊ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်ဖို့ အရည်အချင်းရှိသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိရမယ် နောက်ပြီး လက်အောက်ငယ်သားတွေဆိုတာ အရေးအကြီးဆုံးဖြစ်တယ်၊ စည်းလုံးညီညွှတ်တဲ့ စစ်တပ်ကို ဦးဆောင်နိုင်မှသာ လူတစ်ယောက်ဟာ ရန်သူတွေကို ချေမှုန်းနိုင်မှာဖြစ်တယ်"
"ဒါပေမဲ့လည်း စုဟန်ရှန်းရဲ့အကျင့်စရိုက်က အရမ်းကို အေးစက်လွန်းတယ်၊ အဲဒါက တခြားလူတွေ သူ့ကို ချဉ်းကပ်ဖို့ ခက်ခဲစေတယ်၊ သူက စစ်မြေပြင်မှာ စစ်တပ်တစ်ခုလုံးကို အမိန့်ပေးနိုင်တဲ့ စွမ်းရည်မရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်"
ကျောက်ရှန်းကျူသည် တုံ့ဆိုင်းစွာပြောလိုက်သည်။
ဝမ်ချောင်သာ ဤနေရာ၌ရှိပါက အလွန်အံ့အားသင့်သွာပေမည်။ ကျောက်ရှန်းကျူသည် စုဟန်ရှန်းနှင့် စစ်ဆေးသည့် အချိန်အတွင်း တစ်ခဏသာ ထိတွေ့ဆက်ဆံခဲ့ရသည်။ သို့တိုင် သူသည် စုဟန်ရှန်း၏ အနာဂတ်ကို ကောက်ချက်ချနိုင်နေပြီဖြစ်သည်။
"တစ်ကိုယ်တည်းသမားတွေက ပေါင်းသင်းရမလွယ်ကူဘူး၊ အဲဒါက တစ်ကယ့်ပြဿနာပဲ"
ထိုပုဂ္ဂိုလ်က တိတ်ဆိတ်သွားခဲ့သည်။ သူသည်အလွန်ရှားရှားပါးပါး သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ သူကငယ်ရွယ်သေးတယ်၊ လာမဲ့နေ့တွေမှာ သူ့ကိုပြောင်းလဲလိုက်လို့ရတယ်၊ မင်းအဲဒါကြောင့် ချီတုံချတုံဖြစ်နေတာလား"
"အဲလိုမဟုတ်ပါဘူး"
ကျောက်ရှန်းကျူ ခေါင်းယမ်းလိုက်သည်။
"အိုး"
ဤတစ်ကြိမ်တွင် ထိုပုဂ္ဂိုလ်သည် အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။
"သခင် ဝမ်မျိုးနွယ်စုက လူတစ်ယောက်ကို မှတ်မိသေးလား၊ ဒေသဆိုင်ရာတပ်မှူးများမူဝါဒနဲ့ စပ်လျဉ်းပြီး မုန်တိုင်းထန်စေခဲ့တဲ့တစ်ယောက်လေ၊ ပြီးတော့ ပညာရှင်ဧကရာဇ်က တော်ဝင်အကျဉ်းထောင်မှာ အကျဉ်းချခြင်းနဲ့အဆုံးသတ်သွားခဲ့တဲ့ ဝမ်ချောင်ဆိုတဲ့လူလေ"
ကျောက်ရှန်းကျူမေးလိုက်သည်။
"ငါသိတာပေါ့၊ အဲလိုတိုင်းပြည်ချစ်တဲ့လူတစ်ယောက်၊ စစ်သူကြီးမျိုးရိုးဆိုတဲ့ သူ့နာမည်ကို အပျက်မခံခဲ့တဲ့လူ၊ မြို့စားကြီးကျူးရဲ့မျိုးဆက်"
ကြည့်ရသည်မှာ အပေါ်၌ထိုင်နေသည့် ပုဂ္ဂိုလ်သည် ဝမ်ချောင်အပေါ် ကောင်းမွန်သည့် ထင်မြင်ချက်ရှိပုံရသည်။
"သူက လက်ရှိမှာ ကျွန်တော့်လက်အောက်ကပဲ"
ကျောက်ရှန်းကျူသည် လိုတိုရှင်း ပြောလိုက်သည်။ သူသည် သူနှင့် ဝမ်ချောင်၏တိုက်ပွဲကို အသေးစိတ်ဖော်ပြလိုက်သည်။ တွေ့ဆုံမှု တစ်လျှောက်လုံးတွင် ဝမ်ချောင်သည် သူ၏နာမည်ကို ဖုံးကွယ်ထားနိုင်သည်ဟု ထင်ထားကာ သူ၏နာမည်ကို မပြောပြခဲ့ပေ။ သို့သော်လည်း သူသည် ဒေသဆိုင်ရာတပ်မှူးများ အဖြစ်အပျက်၏ ကျော်ကြားမှုကို လျှော့တွက်ထားခဲ့သည်။ ကျောက်ရှန်းကျူသည် သူ့ကို ပထမဆုံးတွေ့ဆုံခြင်း၌ပင် မှတ်မိသွားခဲ့သည်။
သို့သော် ကျောက်ရှန်းကျူသည် ထိုသည်ကို မဖော်ပြခဲ့ပေ။
"သူ့အတွက်ကတော့ သာလွန်ကောင်းမွန်တဲ့ သိုင်းပညာရပ်ကို ပိုင်ဆိုင်ထားတဲ့အပြင် တိုင်းပြည်အပေါ်လည်း သစ္စာစောင့်သိသေးတယ် အဲဒါက ဝမ်းသာစရာတစ်ခုပဲ၊ သူက စုဟန်ရှန်းကို မယှဉ်နိုင်ပေမဲ့ သူက တကယ့်ကို ကောင်းမွန်တဲ့တက်သစ်စတစ်ယောက်ဖြစ်တယ်"
ဩဇာရှိပုဂ္ဂိုလ် ပြောသည်။ ရှင်းလင်းစွာပင် သူသည်လည်း ဝမ်ချောင်ကို မြင့်မားသည့် အကဲဖြတ်မှုတစ်ခုရှိသည်။
"အရှင် ကျွန်တော့်ရဲ့အကဲဖြတ်မှုက အရှင်နဲ့ခြားနားတယ်"
ကျောက်ရှန်းကျူ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်ဖက်လူထံသို့ ဝမ်ချောင်က သူ့ကျောင်းသားဖြစ်ကြောင်း တင်ပြသည်ကလွဲ၍ ဤကိစ္စကို မဖွင့်ဟခဲ့ပေ။
"ဒီကလေးရဲ့ တိုက်ခိုက်မှုအရည်အချင်းက သူ့ရဲ့ပင်ကိုယ်သိစိတ်က လာတယ်ဆိုပေမဲ့ အဲထက်ပိုတယ်လို့ ကျွန်တော်ခံစားနေရတယ်၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်သိစိတ်က အဲလောက်အဆင့်ထိရောက်နိုင်မယ်လို့ ကျွန်တော် ယုံဖို့ခက်တယ်"
"ပင်ကိုယ်သိစိတ်က လူတစ်ယောက်ကို မမြင်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုထဲက အားနည်းချက်တွေကို သိမြင်စေနိုင်တယ်၊ စူးရှတဲ့သိစိတ်က အခွင့်အရေးအများကြီးကို ဖြစ်စေနိုင်တယ်၊ ဒါပေမဲ့ အဲဒါက ပြိုင်ဘက်ရဲ့ မူလစွမ်းအင်ကို ပြန်လမ်းညွှန်ပြီး ကစဉ်ကလျား ဖြစ်အောင်တော့ မလုပ်နိုင်ဘူး"
"အရှင် အရှင်လည်း ကျွန်တော့်စွမ်းရည်ကို သိတာပဲ၊ ကျွန်တော် လားရာဆယ်ခုမိုးကြိုးလက်ချောင်းကို ကျင့်ကြံခဲ့တာ အချိန်အတော်ကြာခဲ့ပြီ၊ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့မူလစွမ်းအင်နဲ့ ကျွန်တော့်ကို ပထမဆုံးအကြိမ် ပြန်တိုက်ခိုက်ခံရတာပဲ၊ ဒါက သာမန်စမ်းသပ်မှုတစ်ခုမှာမို့ တော်သေးတယ် စစ်မြေပြင်မှာသာဆို အဲလိုအားနည်းချက်က ကျွန်တော့်ကို သေဆုံးသွားစေနိုင်တယ်"
ကျောက်ရှန်းကျူသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
ထိုသည်ကို ဝမ်ချောင်က ပင်ကိုယ်သိစိတ်ဟု ပြောခဲ့သော်လည်း ကျောက်ရှန်းကျူ မယုံခဲ့ပေ။ သူသည် ထိုအကြောင်းပြချက်ကို လက်ခံချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပညာရှင်ဧကရာဇ်မှ အလားအလာရှိသည့် စစ်သေနာပတိချုပ်များကို ရွေးချယ်ရန် စေလွှတ်လိုက်သောသူသည် မည်သို့ လွယ်လွယ်နှင့် အရူးလုပ်၍ရမည်နည်း။
ဝမ်ချောင်သည် သူ့ကို လျှော့တွက်ခဲ့ခြင်းပင်။
ခန်းမကြီးသည် တိတ်ဆိတ်သွားခဲ့သည်။ ခန်းမကြီးထဲ၌ ပထမဆုံးအကြိမ် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်းသို့ ရောက်သွားခြင်းပင်ဖြစ်သည်။
လားရာဆယ်ခုမိုးကြိုးလက်ချောင်းသည် အားကောင်းသည့် အလယ်အလတ်အဆင့် တိုက်ခိုက်ခြင်း လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည်။ ကျောက်ရှန်းကျူသည် သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခဲ့သော်လည်း ဝမ်ချောင်၏ ပြန်လည်တိုက်ခိုက်မှုသည် ဘာမျှမဟုတ်ဟု မဆိုလိုပေ။
အားလုံးပြီးနောက် ထိုပြဿနာသည် ကျောက်ရှန်းကျူ၏ခွန်အားနှင့်ဘာမျှမဆိုင်ပေ။
ကျောက်ရှန်းကျူသည် သူ၏ခွန်အားပြည့်ကို အသုံးပြုခဲ့လျှင်ပင် ဝမ်ချောင်သည် ထိုနည်းလမ်းကိုသာ အသုံးပြုခဲ့ပါက ပြဿနာ ကြုံလာရဦးမည်ဖြစ်သည်။ အဖြေသည် သူ၏ခုခံမှုတွင် အားနည်းချက် ရှိနေခြင်းပင်ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံမှုနယ်ပယ်ထက် ကျွမ်းကျင်မှုနှင့်သာ သက်ဆိုင်သည်။
ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းတွင် ဤအရာသည် အဆင်ပြေသေးသည်။ အားလုံးပြီးနောက် ဤနေရာသည် သင်ယူလေ့လာရသည့်နေရာ ဖြစ်သည်။ အဆိုးဆုံးမှ သူသည် ဒဏ်ရာအနည်းငယ်သာ ရရှိနိုင်သည်။
သို့သော် စစ်မြေပြင်မှာသာဆိုလျှင် သူသည် ချက်ချင်းသေဆုံးသွားရပေလိမ့်မည်။
"အဲဒါက တိုက်ဆိုင်မှုသက်သက် မဟုတ်တာ မင်းသေချာရဲ့လား"
အချိန်အတော်ကြာပြီးနောက် ခမ်းနားထည်ဝါသည့်အသံသည် အပေါ်မှထွက်လာသည်။
"ကျွန်တော်သေချာပါတယ်"
ကျောက်ရှန်းကျူသည် လေးနက်စွာပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ လားရာဆယ်ခုမိုးကြိုးလက်ချောင်းကို အသုံးပြုတဲ့အခါ မင်းရဲ့မူလစွမ်းအင်ကို ဖရိုဖရဲဖြစ်စေဖို့ဆိုတာ.. မင်းထက်အဆင့်နှစ်ဆင့် ပိုမြင့်တဲ့ သက်ကြီးမျိုးဆက် စစ်သူကြီးတွေတောင် ဒီလိုမလုပ်နိုင်ဘူး၊ သူကအခုမှ ဆယ့်ငါးနှစ်သာသာ ကလေးပဲရှိသေးတယ် သူက အဲလို ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ၊ အားလုံးပြီးတော့ သိုင်းပညာရပ်မှာ တိုက်ဆိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး"
ထိုပုဂ္ဂိုလ်သည်လည်း အံ့အားသင့်နေသည်။
ကျောက်ရှန်းကျူပြောသည့်ကိစ္စမှာ သေးငယ်သည့်ကိစ္စမဟုတ်တော့ပေ။ သဘောတရားအရ ထိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ ဤသည်မှာ စုဟန်ရှန်း၏စွမ်းဆောင်ချက်ထက် ပိုသာသည်။
"အရှင် အခုကျွန်တော်ဘာလို့ ချီတုံချတုံဖြစ်နေရသလဲ နားလည်ပြီ မဟုတ်လား၊ စုဟန်ရှန်းရဲ့ တိုက်ခိုက်မှုစွမ်းရည်က မယုံနိုင်စရာ ကောင်းပေမဲ့ သူ့ထက် သန်မာတဲ့ပြိုင်ဘက်နဲ့တွေ့ရင် အားနည်းချက်ဆိုတာ ပေါ်လာမှာပဲ၊ တစ်ဖက်မှာတော့ ဝမ်ချောင်ရဲ့ စေ့စပ်သေချာမှုနဲ့ ဉာဏ်ရည်တစ်ဝက်လောက်ကိုသာ စစ်ရေးဗျူဟာတွေမှာ ထည့်သုံးနိုင်ခဲ့ရင် ကျွန်တော်တောင် သူ့ကို ဘာမှ သင်ပေးစရာလိုမှာမဟုတ်ဘူး"
"ဒီလိုလူမျိုးဟာ ကျွန်တော်တို့ရဲ့ အနာဂတ်စစ်သေနာပတိချုပ်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ၊ အဲဒီအတွက် ဘာသံသယမှ ရှိစရာမလိုဘူး"
ကျောက်ရှန်းကျူ အကဲဖြတ်လိုက်သည်။
-------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၀၃
"ဆိုတော့ မင်းဆိုလိုချင်တာက"
အထက်မှလူသည် ကျောက်ရှန်းကျူကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ နည်းပြဆရာတစ်ယောက်အနေဖြင့် ကျောက်ရှန်းကျူသည် ဤကိစ္စအပေါ် ပြောဆိုခွင့်ကြီးကြီးမားမားရှိသည်။
"ဟဲဟဲ ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီအကြောင်းအများကြီးတွေးမထားဘူး၊ ဒါတွေအားလုံးက နောက်ဆုံးမှာ ကျွန်တော့်ရဲ့မှန်းဆချက်သက်သက်ပဲ ပြီးတော့ ဒါက ပထမနေ့ပဲ ရှိသေးတယ်၊ ကျွန်တော်တို့ဆက်သွားရင်း ဘာလုပ်ရမလဲဆိုတာ သိလာပါလိမ့်မယ်"
ကျောက်ရှန်းကျူသည် ပူပင်ကြောင့်ကြမဲ့စွာ ပြောလိုက်သည်။
"ဟားဟား အဲဒါကလည်း အဆင်ပြေပါတယ်ကွ၊ တကယ် ပထမနေ့ပဲရှိပါသေးတယ်၊ မကြာခင်မှာ ဒီကိစ္စကို အရှင်မင်းကြီးထံ လျှောက်တင်ဖို့ တော်ဝင်နန်းတော်ဆီ ပြန်ရဦးမယ်၊ အရှင်မင်းကြီးက မဟာလေ့ကျင့်ရေးစစ်စခန်းသုံးခုကို အနီးကပ်စောင့်ကြည့်နေတယ်"
အပေါ်မှလူသည် ရယ်မောလိုက်သည်။
"ဟဲဟဲ ဒီလိုဆိုရင်တော့ နှုတ်ဆက်စကားဆိုရတော့မှာပဲ၊ အများကြီးဖြစ်ပျက်သွားတာမို့ ဒီည ကျွန်တော် ဒီအုပ်စုအတွက် တချို့အရာလေးတွေ ပြင်ဆင်ပေးရဦးမယ်၊ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းက ပျော်ပါးဖို့အတွက် နေရာတစ်ခု မဟုတ်ဘူး၊ ကျွန်တော့်ရဲ့တပည့်တွေအနေနဲ့ အနည်းဆုံး ဒါကို နားလည်ထားသင့်တယ်"
ကျောက်ရှန်းကျူသည်လည်း ရယ်မောလိုက်သည်။
"ဟားဟား ကောင်းပြီလေ၊ ဒါပေမဲ့ အရမ်းကြီးမြှောက်လွန်းမနေနဲ့ဦး"
ကျောက်ရှန်းကျူ၏စကားများကို ကြားပြီးနောက် အပေါ်မှလူသည်လည်း ရယ်မောလိုက်သည်။ သူသည် ကျောက်ရှန်းကျူ ထိုကဲ့သို့ဖြစ်မည်ကို သိနေပုံရသည်။
"ကျွန်တော် နားလည်ပါပြီ"
လက်သီးဆုပ်လိုက်ကာ ကျောက်ရှန်းကျူသည် လှည့်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။
ကျောက်ရှန်းကျူထွက်ခွာသွားပြီး သိပ်မကြာမီ ထိုလူသည်လည်း ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းမှ ထွက်ခွာသွားခဲ့သည်။
.........
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ မကြာမီ ကောင်းကင်ကြီးတစ်ခုလုံးကို အမှောင်ထုက ဝါးမျိုသွားတော့သည်။
ကြမ်းပြင်ပေါ်တွင် တရားထိုင်နေရင်း မူလစွမ်းအင်လှိုင်းလုံး တစ်လုံးပြီးတစ်လုံး ဝမ်ချောင်၏ လက်မောင်း၊ ပခုံး၊ ခါးနှင့်ခွကြားရှိ မရီဒန်နှင့် သွေးကြောဆုံမှတ်များသို့ စီးဆင်းသွားခဲ့သည်။
လက်ကျွမ်းကျင်မှုအမျိုးအစားလျှို့ဝှက်ပညာရပ်သည် လူတစ်ဦး၏ လက်မောင်း၊ ခါးနှင့် ပေါင်ခြံ(ခွကြား)ကို အဓိကပစ်မှတ်ထားရသည်။ ထိုနေရာရှိ များပြားလှသော မရီဒန်နှင့် သွေးကြောဆုံမှတ်များကို ဖွင့်ရသည်။ အလွန်ဆိုးဝါးသည့်အရာမှာ သူတို့အများစုသည် ခွန်အားအမျိုးအစား လျှို့ဝှက်ပညာရပ်၏ လမ်းကြောင်းများနှင့် တစ်ထပ်တည်းကျ မနေခြင်းဖြစ်သည်။
'လက်ခြောက်ဖက်(လက်နက်ခြောက်ခု)နည်းစနစ်' သည် အမြင့်ဆုံးအဆင့်လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးဖွင့်ရမည့် ပုန်းကွယ်နေသော မရီဒန်နှင့် လမ်းကြောင်းအရေအတွက်သည် သာမန်လက်ကျွမ်းကျင်မှုနည်းစနစ်ထက် အဆပေါင်းများစွာ ပိုများသည်။ ထို့ကြောင့် ဤဖြစ်စဉ်သည် အလွန်ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းလှသည်။
ထို့အပြင် ဝမ်ချောင်သည် လျင်မြန်မှုအမျိုးအစားလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံလိုပါက ပိုများသော ပုန်းကွယ်နေသည့် မရီဒန်နှင့် သွေးကြောဆုံမှတ်ကို ဖွင့်ရန်လိုအပ်သည်။ ထိုအချိန်တွင် ဖွင့်ရန် လိုအပ်သည့် သွေးကြောဆုံမှတ်ပမာဏသည် ရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
လူတစ်ဦးသည် လျှို့ဝှက်ပညာရပ်အမျိုးအစား သုံးမျိုးစလုံးကိုကျင့်ကြံရန် အချိန်နှင့်စွမ်းအားများကို ရင်းနှီးမြုပ်နှံထားပါက သူ၏ကျင့်ကြံဆင့်သည် နှောင့်နှေးကြန့်ကြာ သွားပေလိမ့်မည်။ ထို့ကြောင့် သိုင်းပညာရပ်လမ်းစဉ်တွင် လူတစ်ဦး၏ နောက်ဆုံးအောင်မြင်မှုသည် ကန့်သတ်ခံရပေမည်။
ဤသည်မှာ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်မီ လျှို့ဝှက်ပညာရပ်အမျိုးအစား သုံးမျိုးစလုံးကို မကျင့်ကြံရန် ကျောက်ရှန်းကျူအကြံပေးရခြင်း၏ အကြောင်းအရင်းပင် ဖြစ်သည်။
သို့သော်လည်း ဝမ်ချောင်သည်တော့ မတူပေ။ တော်ဝင်အကျဉ်းထောင်မှာတုန်းက သူ့ကို ပညာရှင်ဧကရာဇ်သည် ဆေးလုံးနှစ်လုံးချီးမြှင့်ခဲ့သည်။ ကျွမ်းမျိုးနွယ်စုနှင့် ချီမျိုးနွယ်စုတို့သည်လည်း သူ့ကို ဆေးလုံးတစ်လုံးစီ လက်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သူ့ဆီမှာ စုစုပေါင်းဆေးလေးလုံး ရှိနေပြီဖြစ်သည်။
ထို့အပြင် သူသည် လက်ခြောက်ဖက်ကျန်းထံမှ တော်ဝင်ရုံးတော်ရှိ အဂ္ဂိရတ်ဆရာများမှ ထိုဆေးလုံးအနည်းငယ်ကိုလည်း လစဉ်လတိုင်း ရယူနိုင်သေးသည်။
ထိုကဲ့သို့ကြီးမားသည့် ထောက်ပံ့မှုများကြောင့် ဝမ်ချောင်သည် လျှို့ဝှက်သိုင်းပညာရပ် အမျိုးအစား နှစ်မျိုး သို့မဟုတ် သုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်း လေ့လာရန် မတွန့်ဆုတ်ပေ။
'လက်ခြောက်ဖက်နည်းစနစ်'(လက်နက်ခြောက်ခုကို ပြောင်း၍ပြန်မည်) သည် ကျင့်ကြံရန် ခက်ခဲသော်လည်း အကျိုးအမြတ်မှာကြီးမားလှသည်။ တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ပိုင်းခြင်းနှင့် တွဲသုံးလိုက်လျှင် သူ၏ တိုက်ခိုက်ခြင်းစွမ်းအားသည် အဆင့်များစွာခုန်တက်သွားနိုင်သည်။
အမှန်တကယ်တွင် ပညာရှင်ဧကရာဇ် သူ့ကိုချီးမြှင့်လိုက်သည့် ဆေးလုံးများမှာ သူလွန်မြောက်ပြီးနောက် လက်ခြောက်ဖက်နည်းစနစ်ကို ကျင့်ကြံသည်နှင့် အချိန်ကိုက်ပင်ဖြစ်သည်။
"ငါ ဒီဆေးလုံးတွေကို မသုံးခင် အနည်းဆုံးလက်ခြောက်ဖက်နည်းစနစ်မှာ သေးငယ်တဲ့ အောင်မြင်မှုအဆင့်ထိ အရင်ရောက်ထားသင့်တယ်၊ ဒီနည်းလမ်းနဲ့ လက်မောင်းမှာရှိတဲ့ မရီဒန်နဲ့ သွေးကြောဆုံမှတ်တွေကို ဖွင့်ဖို့ ဆေးလုံးတွေကို အကျိုးရှိရှိအသုံးပြုနိုင်မယ၊ ဒါဆို ကျွမ်းကျင့်မှုအဆင့်ကို အချိန်တိုအတွင်း ရောက်နိုင်လိမ့်မယ်"
ဝမ်ချောင်တွေးလိုက်သည်။
မူလစွမ်းအင်နယ်ပယ်တွင် လက်ခြောက်ဖက်နည်းစနစ်သည် အထွတ်အထိပ်၌ရပ်တည်နေသည်။ အစစ်အမှန်သိုင်းပညာနယ်ပယ်ရှိ အစွမ်းထက်လှသည့် နည်းစနစ်များနှင့်ယှဉ်လျှင်ပင် ထိုအရာသည် မှေးမှိန်မသွားပေ။
ည၏ထွေးပွေ့မှုအောက်တွင် အဖြူရောင်ကျားတောင်ထွတ်တစ်ခုလုံး လုံးဝတိတ်ဆိတ်နေသည်။ လက်ခြောက်ဖက်နည်းစနစ်ကို ကျင့်ကြံခြင်းတွင် နစ်မြုပ်နေရင်းဖြင့် ဝမ်ချောင်သည် အချိန်ကိုပင် မေ့လျော့နေခဲ့သည်။
ခရက်
မခန့်မှန်းနိုင်သည့် အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်သည် ကြွပ်ဆတ်ဆတ်အသံတစ်ခုကို ကြားလိုက်သည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က သစ်ကိုင်းပေါ် နင်းမိသွားပုံပေါ်သည်။
သူသည် ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။
"ဟမ်"
ရှုပ်ထွေးသည့်အမူအရာဖြင့် သူ့မျက်လုံးကိုဖွင့်လိုက်သည်။ ထိုကဲ့သို့ ကြွပ်ဆတ်ဆတ်အသံသည် ည၏ တိတ်ဆိတ်မှုအောက်တွင် ပို၍ထိတ်လန့်ဖွယ်ကောင်းနေသည်။
ထို့အပြင် ထိုအသံသည် သူ့အခန်းနှင့် အလွန်နီးကပ်လှသည်။
ဝမ်ချောင်သည် ထိုအသံပေါ်သို့ လုံးဝအာရုံစိုက်ထားလိုက်သည်။ သို့သော်ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက် ရှိသည်။ ထိုသည်မှာ သူစိတ်ထင်နေသကဲ့သို့ပင် ဖြစ်သည်။
"ထူးဆန်းတယ်၊ ငါများမှားနေတာလား"
ဝမ်ချောင် စိတ်ရှုပ်ထွေးသွားသည်။
အခန်းသည် အလွန်မည်းမှောင်ပြီး မီးအလင်းရောင်တစ်ခုမျှပင်မရှိပေ။ သူ့ကိုယ်ပိုင်မှလွဲ၍ ဝမ်ချောင်သည် အခြားနှလုံးခုန်သံတစ်ခုကိုလည်း တိုးလျစွာ ကြားလိုက်ရသည်။ ထိုအသံသည် မကြားနိုင်လုနီးပါးဖြစ်ပြီး အလွန်နှေးကွေးလှသည်။ စုဟန်ရှန်း၏ နှလုံးခုန်သံပင်ဖြစ်သည်။
မသိလိုက်ဘဲ သူသည်လည်း အခန်းသို့ ပြန်ရောက်နေသည်။ တစ်ဖက်လူသည်လည်း အသံကို ကြားလိုက်ပုံရကာ အပြင်ဖက်မှ လှုပ်ရှားမှုများကိုနားထောင်ရန် ကြိုးစားနေသည်။
ဘန်းးး
ရုတ်တရက် လေထဲတွင် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာသည်။ လေးလံသည့်အရာတစ်ခုသည် အခန်းကို တိုက်မိသွားသကဲ့သို့ပင် ဖြစ်သည်။ ထိုအသံသည်အလွန်နီးကပ်ပုံရကာ ဘေးအခန်းမှ ထွက်လာပုံ ရသည်။
ထို့နောက် ကျယ်လောင်သည့် ကြောက်ရွံ့ထိတ်လန့်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် ညအလယ်၏တိတ်ဆိတ်မှုအောက်တွင် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
"ကျင်းတန်"
ဝမ်ချောင်၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ယင်လာခဲ့ပြီး သူ့မျက်နှာသည်လည်း ရှုံ့မဲ့သွားခဲ့သည်။ ထိုအသံသည် ကျင်းတန်အသံမဟုတ်ဘဲ ကျင်းတန်၏အခန်းဖော်ဆီမှအသံဖြစ်သည်။
သို့သော် ကျောက်ကျင်းတန်သည် ထိုလူနှင့်အခန်းတစ်ခန်းထဲတွင် အတူရှိသည်။ ဆိုလိုသည်မှာ သူတို့နှစ်ဦးသည် ဒုက္ခရောက်နေပြီဖြစ်သည်။
ဝမြးးး
ဝမ်ချောင်သည် ချက်ချင်းရှေ့သို့ ပြေးထွက်သွားပြီး တံခါးဆီသို့ တည့်တည့်ဦးတည်လိုက်သည်။
ဝေါင်းးး
အရာအားလုံးသည် လျင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။ ဝမ်ချောင်တံခါးသို့ ရောက်ခါနီးတွင် ကျားတစ်ကောင်၏ ဟိန်းသံသည် လေထုကိုရုတ်တရက် တုန်ခါသွားစေသည်။ အရိပ်များကြားတွင် ကြီးမားသောပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် တံခါးအပြင်ဘက်မှ ခုန်ထွက်လာကာ သူ့လှုပ်ရှားမှုမှ စူးရှသည့်လေတိုးသံထွက်ပေါ်လာသည်။
"ကျားတစ်ကောင်လား"
ဝမ်ချောင်အံ့အားသင့်သွားသည်။ ည၏မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ဝမ်ချောင်သည် ကျားတစ်ကောင်၏ပုံရိပ်ကို ဝိုးတဝါးမြင်နိုင်သည်။ ထိုအရာသည် နှစ်မီတာရှည်လျားကာ လူတစ်ဦး၏ခေါင်းထက် လေးဆခန့် ကြီးမားသည့် ဦးခေါင်းကိုပိုင်ဆိုင်ထားသည်။ သူ၏ခန္ဓာကိုယ်သည် ဝက်ဝံတစ်ကောင်ထက် ပို၍ကြီးမားသေးသည်။
ဘုန်းးး
မျက်စိတစ်မှိတ်အတွင်း အရာအားလုံးဖြစ်ပျက်သွားခဲ့ကာ ဝမ်ချောင်သည် တွေးချိန်ပင် မရလိုက်ပေ။ သူ့ညာဖက်လက်ကို ရှေ့သို့ ထိုးလိုက်ပြီး ကျားတစ်ကောင်၏ လက်သည်းနှင့် ရင်ဆိုင်လိုက်သည်။
ဘန်းး
ဝမ်ချောင်၏ လက်မောင်းမှ စူးရှသည့် နာကျင်မှုတစ်ခု ခံစားလိုက်ရကာ နောက်သို့ဆုတ်အောင် ဖိအားပေးခံလိုက်ရသည်။ ထိုအရှိန်ကို အသုံးပြုကာဝမ်ချောင်သည် သူနှင့်ကျားကြီးကြားရှိ အကွာအဝေးကို ခြားစေလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျားကြီးသည်လည်း ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ့မျက်လုံးထဲမှ သွေးနီရောင်မှိန်ဖျော့ဖျော့ကို မြင်နိုင်သည်။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ကျားကြီး၏ဗိုက်သည် ချိုင့်ဝင်နေပြီး အရိုးအများစုကိုပင် မြင်နိုင်သည်။
ဆာလောင်နေသော ကျားတစ်ကောင်...
ထိုအတွေး ခေါင်းထဲပေါ်လာသည်တွင် ဝမ်ချောင်၏အသွင်သည် မဲမှောင်သွားသည်။ ဆာလောင်နေသော ကျားများသည် အခြားအခြေအနေများ၌ထက် ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ရန်လိုကြသည်ဟု သူကြားဖူးသည်။
ပြီးခဲ့သည့် တိုက်ခိုက်မှုတွင် ကျား၏ခွန်အားသည် သူ့အထက်၌ရှိကြောင်း ဝမ်ချောင် သိလိုက်ရသည်။
ထို့အပြင် ထိုအရာ၏အရိုးများသည်လည်း သူ့ထက်ပို၍သန်မာသည်။
လူတစ်ဦး၏ အရိုးအရင်းမြစ်ကျင့်ကြံမှုတွင် ကျားအရိုးဟုခေါ်ဆိုကြသော်လည်း ထိုသည်မှာ ကျင့်ကြံခြင်းနည်းလမ်းကို ကျားတစ်ကောင် နောက်လိုက်ပြီး တုပခဲ့ခြင်းကိုသာ ဆိုလိုသည်။ ထိုသည်မှာ အစစ်အမှန်ကျားတစ်ကောင်ကို ယှဉ်၍ ရမည်ဟု မဆိုလိုပေ။
ဝေါင်းးးး
ကျားသည် မြေပေါ်သို့ ပြန်ကျပြီး မကြာမီပင် လေတိုးသံနှင့်အတူ နောက်ထပ်ကျားကြီးနှစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူတို့သည် ဝမ်ချောင် ယခင်က တိုက်ခိုက်ခဲ့သည့် ကျား၏ဘေးသို့ ရွေ့သွားကြသည်။
အခန်း၏အခြားအစွန်းတစ်ဖက်၌ ကျားသုံးကောင်ကို မြင်လိုက်ရသည်တွင် စုဟန်းချန်သည်လည်း မတ်တတ်ရပ်လိုက်သည်။
အခန်းထဲတွင် မည်သည့်အတားအဆီးမှမရှိသောကြောင့် စုဟန်ရှန်းသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဝမ်ချောင်သည် ကျားတစ်ကောင်နှင့်ရင်ဆိုင်နေချိန်တွင် စုဟန်ရှန်းသည် ကျန်နှစ်ကောင်ကို ရင်ဆိုင်လိုက်သည်။ ကျားတစ်ကောင်၏ ခြိမ်းခြောက်မှုသည် အကန့်အသတ်သာရှိသည်။ သို့သော် တစ်ချိန်တည်းတွင် ကျားသုံးကောင်ဆိုလျှင်မူ အခြေအနေသည် မတူတော့ပေ။
ဝေါင်းးး
တောင်ကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ ကျားတစ်ကောင်၏ဟိန်းသံသည် ကျောက်ကျင်းတန်နှင့် အခြားတစ်ယောက် ရှိနေသည့် ဘေးအခန်းမှ ထွက်ပေါ်လာသည်။ ထိုဟိန်းသံထဲတွင် ရန်လိုမှုများပါ ပါဝင်နေပြီး ကျားသုံးကောင်သည် တိုက်ခိုက်လိုက်သည်။ တစ်ကောင်သည် ဝမ်ချောင်ထံသို့ ပြေးဝင်သွားချိန်တွင် ကျန်နှစ်ကောင်သည် စုဟန်ရှန်းထံသို့ ပြေးဝင်သွားသည်။
နိမိတ်မကောင်းသည် လေထုတစ်ခုသည် အမှောင်ထုထဲတွင် ဖြတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်ချောင်ရှေ့တွင် အရိပ်ကြီးတစ်ခုပေါ်လာသည်။ ထိုအရာ၏ လျင်မြန်မှု၊ ခွန်အား၊ ကျွမ်းကျင်လိမ္မာမှုနှင့် ပေါက်ကွဲနိုင်ခြင်းစွမ်းအားတို့သည် အံ့မခမ်းပင်ဖြစ်သည်။
ဝမ်မျိုးနွယ်စုမှာတုန်းက ဝမ်ချောင်သည် ကျားအရိုး၏ ပေါက်ကွဲခြင်းစွမ်းအားကိုလည်း စမ်းခဲ့ဖူးသည်။ ထိုသည်က သူ့အား ကျန့်ဒါဇင်အကွာအဝေးတစ်ခုအထိ ဖုံးလွှမ်းသွားသည်။ အကွာအဝေးတစ်ခုသည် ငှက်တစ်ကောင်ကို အလွယ်တကူ ဖမ်းရန် သူ့အတွက် လုံလောက်သည်ထက်ပိုပေသည်။ သို့သော်လည်း တကယ့်ကျားအစစ်နှင့် ယှဉ်လျှင် သူသည်...လိုနေသေးသည်။
အားလုံးပြီးနောက် အတုသည် အစစ်ကို မည်သို့ယှဉ်နိုင်မည်နည်း။
ဝမြးးးး
တွေးချိန်ပင်မရလိုက်ဘဲ ဝမ်ချောင်သည် ကောင်းကင်တမျှ ခြေလှမ်းကို လျင်မြန်စွာ ထုတ်ဖော်လိုက်ကာ ဘေးသို့ ရှောင်လိုက်သည်။
ဘုန်းးး
ဝမ်ချောက်နောက်ရှိ စားပွဲသည် ကျားကြီး၏ လက်သည်းချက်အောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။ ထိုအရာက ကြမ်းပြင်ပေါ်တွင် အပေါက်ရာကြီးချန်ခဲ့လေသည်။
ကျားကြီးသည် သူ၏ကုတ်ချက် ကျရှုံးသွားသောအခါ ဝမ်ချောင်ကို နောက်တစ်ကြိမ်ကုတ်ရန် လှည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် ဝမ်ချောင်သည် သူ့အိပ်ရာသို့ ရောက်သွားပြီ ဖြစ်သည်။ သူသည် အရင်က ထိုနေရာတွင် ထားခဲ့သော ဓားကို ဆုပ်ကိုင်လိုက်သည်။
ကလင်
ဓားကို ဓားအိမ်ထဲမှဆွဲထုတ်လိုက်သောအခါ သတ္တုသံသည် လေထဲ၌ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် ဝမ်ချောင်၏ အရှိန်အဝါသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။ တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ကာ သူ၏လှုပ်ရှားမှုသည် မြန်ဆန်သွားပြီး ကျား၏ကုတ်ချက်မှ ရှောင်လိုက်သည်။ ထိုလှုပ်ရှားမှုတစ်ဝက်အရောက်တွင် သူသည် ဓားနှင့်အတူကွေးချလိုက်ပြီး ကျားဆီသို့ပြန်လှည့်လိုက်သည်။
တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း
ဘုန်းးးး
ဓားရှည်လွှဲချက်ထွက်လာသည်နှင့်အမျှ နာကျင်စွာအော်ဟစ်လိုက်သံသည် အခန်းတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ဝမ်ချောင်၏ ဓားရှည်သည် ဆာလောင်နေသောကျား၏ ခန္ဓာကိုယ်အတွင်းသို့ နစ်ဝင်သွားတော့သည်။
သို့သော်လည်း မျှော်လင့်ထားသကဲ့သို့ တိတိရိရိခုတ်ဖြတ်သွားသည့်မြင်ကွင်းသည် ဖြစ်မလာခဲ့ပေ။ အတိအကျဆိုရလျှင် ကျား၏ကိုယ်တွင်းသို့ နစ်ဝင်သွားသည်တွင် တစ်ခုခုက သတ္တုပြားကို ခံထားပုံရသည်။ ဓားကို တွန်းနေသော ဝမ်ချောင်ကို တားဆီးလိုက်သည်။
"ကျားအရိုး"
ဤအတွေးသည် ဝမ်ချောင်စိတ်ထဲ ပေါ်လာသည်။ ကျားတစ်ကောင်၏အရိုးသည် လူသားကျင့်ကြံသူတစ်ဦးထက် ပို၍ သန်မာကြီးသိပ်သည်းကြသည်။ ဓားတစ်ချောင်းသည် သူ၏အသားစများကို ဖြတ်တောက်ရန် လွယ်ကူသော်လည်း အရိုးများကိုမူ ဖြတ်တောက်နိုင်ရန် ခက်ခဲသည်။
ကျားကို သတ်ရန်ကျရှုံးရသည်တွင် ဝမ်ချောင်သည် ပို၍ဒေါသထွက်လာသည်။ အေးစက်သည့် လက်သည်းအလင်းရောင်တစ်ခုသည် လက်ခနဲဖြစ်သွားကာ ဝမ်ချောင်၏ ဦးခေါင်းခွံကို ချေမွပစ်ရန် ကျဆင်းလာသည်။
ကြီးမားသောခွန်အားပါရှိသည့် ထိုကုတ်ချက်သည် သတ္တုကို ကွေးကောက်၍ ချိုးဖောက်ရန် လုံလောက်ပေသည်။
ဝမ်ချောင်သည် ထိုကုတ်ချက်နှင့် ထိပ်တိုက်ရင်မဆိုင်ရဲပေ။ သူသည် လျင်မြန်စွာဆုတ်ခွာလိုက်ကာ နံရံပေါ်ရှိ ဓားတပ်ထားသည့် ဓားအိမ်ကို ဆွဲယူလိုက်သည်။ ဓားကို ဖုံးအုပ်ထားသော ဓားအိမ်သည် သာမန်သာ ဖြစ်ပြီး မထင်ပေါ်ပေ။ အပြင်၌ ကြေးဒင်္ဂါးပြား အနည်းငယ်ဖြင့် ဝယ်ယူလို့ရသည့် အရာတစ်ခုဖြစ်ပုံပေါ်သည်။
လူအများစုသည် အပေါ်ယံသာကြည့်ပြီး လျစ်လျူရှုလိုက်နိုင်သည်။ အမှန်တကယ်တွင် ထိုအရာမှာ သူတို့မည်မျှကမ်းလှမ်းပါစေ ရရှိရန်မသေချာသည့် အရာဖြစ်သည်။
သို့သော် ဝမ်ချောင်အတွက်မူ ထိုသည်မှာ ခွန်းဝူလေ့ကျင့်ရေးစစ်စခန်းသို့ သူယူဆောင်လာသော အကြီးမားဆုံးဝှက်ဖဲဖြစ်သည်။
ကလင်
အေးစက်စက်မှိန်ဖျော့ဖျော့အလင်းရောင်တစ် ခုဖြတ်သွားပြီး လေထဲ၌ သွေးများ ဖြာကနဲ လွင့်စဉ်လာသည်။ ကျားတစ်ကောင်၏ ကြီးမားသည့် ခေါင်းကြီးသည် မြေပြင်ပေါ်သို့ပြုန်ကျသွားခဲ့ပြီး အဝေးသို့လှိမ့်သွားသည်။ ဒဏ်ခံနိုင်ပြီး သန်မာလှသော ကျားအရိုးသည်ပင်လျှင် ဤခုတ်ပိုင်းချက်ကို မခုခံနိုင်ခဲ့ပေ။
ကျောက်စိမ်းသတ္တုရိုင်းသံမဏိဓား ပင်ဖြစ်သည်။
_____________
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၀၄
ဝမ်ချောင်သည် ပထမကျားကို သတ်လိုက်သောအခါ ကျား၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ တစ်ဖက်တွင် စုဟန်ရှန်းသည်လည်း ကျားတစ်ကောင်ကို သတ်လိုက်နိုင်သည်။
ဝမ်ချောင်နှင့်မတူဘဲ စုဟန်ရှန်းသည် မည်သည့်လက်နက်မျှ မသုံးခဲ့ပေ။ လက်ဗလာဖြင့်ပင် သူသည် တောင်ပူစာအရွယ်မျှ ကြီးမားသော အားကောင်းသည့်ကျားကို သတ်လိုက်ခြင်းဖြစ်သည်။
ဘန်းးး
ပထမသတ်ဖြတ်မှုပြီးနောက် ဝမ်ချောင်တစ်ချက်လှည့်ကြည့်လိုက်သည်တွင် စုဟန်ရှန်း၏ လက်သီးက ပေါ်ထွက်လာသည်။ နောက်ထပ် ကျင်းရှစ်ရာအလေးချိန်ရှိသော ကျားတစ်ကောင်းကို သူ၏ ကြီးမားသောခွန်အားဖြင့် လေထဲသို့ လွင့်ပျံသွားစေသည်။
ဘုန်းးး
ကျားသည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။
(၄၀၀ကီလိုဂရမ်)
"ဒီကောင်...ဘယ်လိုတောင်ကြောက်ဖို့ကောင်းလိုက်တဲ့ ခွန်အားလဲ"
ထိုမြင်ကွင်းကို မြင်သည်တွင် ဝမ်ချောင်ဆွံ့အသွားသည်။ သူသည် သူကိုယ်တိုင်ကျားတစ်ကောင်ကို သတ်ဖြတ်ခဲ့သောကြောင့် ထိုကျားများ မည်မျှအားကောင်းသည်ကို သူသိသည်။ သို့တိုင် စုဟန်ရှန်းသည် အမှန်တကယ်ပင် သူတို့ကို လွင့်ထွက်သွားစေနိုင်ခဲ့သည်။
ရှင်းလင်းစွာပင် တစ်ဖက်လူ၏ရက်စက်သည့်ခွန်အားသည် သူ့ထက်ကျော်လွန်နေပေသည်။
ထို့အပြင် သူ၏တိုက်ခိုက်မှုပုံစံအရ စုဟန်ရှန်း၏မူလစွမ်းအင်သည် အလွန်ဖျက်ဆီးစေနိုင်သော သဘာဝကို ပိုင်ဆိုင်ထားပုံပေါ်ပေသည်။ ဤသဘာဝသည် သူ့ခွန်အားကို ရန်သူ၏ကိုယ်ထဲသို့ စိမ့်ဝင်စေကာ သူတို့ကို အတွင်းဖက်မှ ဖျက်ဆီးမည်ဖြစ်သည်။
ထို့ကြောင့် လက်ထဲ၌ မည်သည့်လက်နက်မျှ မပါသော်လည်း စုဟန်ရှန်းသည် ထိုကျားများကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဒုတိယကျားသည် သူ့ခြေထောက်ပေါ်၌ ရပ်တည်နိုင်ပြီးနောက် ဒယီးဒယိုင်ဖြစ်နေရသည့် သက်သေပင်ဖြစ်သည်။ သူသည် အတွင်းဒဏ်ရာ သွားတာ သိသာသည်။
"စစ်မြေပြင်ရဲ့အနာဂတ်ကျားဆိုတဲ့ မျှော်လင့်ချက်အတိုင်းပဲ"
ဤမြင်ကွင်းကို မြင်သည်တွင် စုဟန်ရှန်းသည် ရှေ့တန်းမှ ရန်သူ့ဖွဲ့စည်းပုံကို ဖြိုခွဲခဲ့သည့် ခွန်အားကို ပိုင်ဆိုင်ထားရသည့် အကြောင်းကို ဝမ်ချောင်ရုတ်တရက်သဘောပေါက်သွားသည်။
သို့သော် ထိုအကြောင်းကို တွေးနေရမည့်အချိန်မဟုတ်ပေ။ ဝမ်ချောင်သည် လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိရန် အချိန် သိပ်မယူလိုက်ရပေ။
ဝေါင်း
တံခါးမှ လေများ သည်းကြီးမည်းကြီး တိုက်ခတ်လာကာ အပျက်အစီးများအားလုံးကို လေထဲသို့ လွင့်သွားစေသည်။ လေထဲတွင် သွေးနံ့များကိုလည်း သယ်ဆောင်လာသည်။
နားအူစေသည့် ဟိန်းသံနှင့်အတူ အလွန်ကြီးမားသော ကျားငါးကောင်သည် တံခါးကနေ ရှေ့သို့ ခုန်ထွက်လာသည်။ သူတို့သည် ပထမဆုံးသတ်ဖြတ်နိုင်ရန် တစ်ကောင်နှင့်တစ်ကောင် ယှဉ်ပြိုင်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ..ဒီတောင်မှာ ကျားတွေဘာလို့ဒီလောက်အများကြီးရှိနေရတာလဲ"
ဝမ်ချောင် မှင်သက်သွားသည်။
ခွန်းဝူ၊ ရှန်ဝေ နှင့် လုံ့ဝေတို့သည် တောင်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ တောတောင်ထဲတွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်သားရဲများနှင့် အဆိပ်ရှိမြွေများ နေထိုင်ကြသည်။ ပြီးတော့ မြို့တော်၏မြောက်ဖက်တွင် တော်ဝင်မိသားစု၏အမဲလိုက်ရာနေရာ ဖြစ်ခဲ့သည်။
*အဲနေရာမှာရှိတဲ့ကျားတွေက ဒီနေရာကို ထွက်ပြေးလာတာများဖြစ်နေမလား*
ဝမ်ချောင်သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ပင်ကိုယ်သိစိတ်အရ အာရုံခံနိုင်သည်။
သို့သော် ယခုအချိန်သည် ထိုသည်ကို ဇိမ်ခံ၍ တွေးတောနေရမည့် အချိန်မဟုတ်ပေ။ ကျားငါးကောင်သည် သူ့ဆီသို့ ခုန်အုပ်လာနေပြီဖြစ်သည်။ ဝမ်ချောင်သည် သူ၏ ပြိုင်ဖက်များမှာ သူနှင့်အဆင့်တူ သို့မဟုတ် သူ့ထက်အနည်းငယ်ပင် သန်မာသည်ကို တွေ့ရှိလိုက်ရသည်။
ဘန်းးး
ဤတစ်ကြိမ်တွင် ကျောက်စိမ်းရိုင်းသံမဏိဓားကိုကိုင်စွဲကာ ဝမ်ချောင်သည် ရှောင်တိမ်းမနေတော့ပေ။ တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်ပြီး ကျားအုပ်ကြီးဆီသို့ လွှဲခုတ်လိုက်သည်။
တစ်နေရာတည်းသို့ အဆက်မပြတ် ခုတ်ပိုင်းခြင်းကို လက်ခြောက်ဖက်နည်းစနစ်ဖြင့် အားဖြည့်လိုက်သည်တွင် ကျောက်စိမ်းရိုင်းသံမဏိဓား၏ အမြန်နှုန်းသည် အဆင့်တစ်ခုအထိ တိုးမြှင့်သွားခဲ့သည်။ ဓားသွားရာလမ်းကြောင်းတွင် မရေမတွက်နိုင်သော ပုံရိပ်များ ချန်ထားခဲ့ပြီး ဓားကို မြင်တွေ့ရန်ခက်ခဲစေသည်။
အာဝူးးး
အေးစက်မှိန်ဖျော့သော အလင်းရောင်တစ်ခုဖြတ်သွားခဲ့ကာ လေထဲ၌နီစွေးသောအရောင်တစ်ခု ဖြာကျလာသည်။ အဆက်မပြတ်ဓားခုတ်ချက်နှစ်ခုနှင့်အတူ ကျားနှစ်ကောင်ကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် အခြားကျားသုံးကောင်သည် ဝမ်ချောင်အနားသို့ ရောက်လာပြီဖြစ်သည်။ သူတို့တစ်ကောင်ချင်းစီသည် သန်မာအားကောင်းသော ကုတ်ချက်များကို မတူညီသော နေရာများမှ ထုတ်ဖော်တိုက်ခိုက်လိုက်ကြသည်။ မည်သည့်ကုတ်ချက် ကျရောက်လာသည်ဖြစ်စေ သူ့ဦးခေါင်းခွံ ချက်ချင်းကွဲကြေသွားနိုင်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်သည် အားလုံးကို ရှောင်တိမ်းလိုက်နိုင်သည်။ တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်း တိုက်ကွက်သည် သိမ်မွေ့နက်နဲလှပြီး လူတစ်ဦးကို ရှေ့သို့ခုတ်ပိုင်းနေသည်လား သို့မဟုတ် နောက်သို့ခုတ်ပိုင်းနေသည်လား ခွဲခြားရန် ခက်ခဲစေသည်။
ဝမ်ချောင်သည် အကွာအဝေးအနည်းငယ်စီမျှပင် သူတို့၏တိုက်ခိုက်မှုသုံးခုစလုံးကို ရှောင်တိမ်းလိုက်နိုင်သည်။
ဝေါင်းး
တိုက်ခိုက်မှုသုံးခုစလုံး လွဲချော်သွားသည်တွင် ကျားသုံးကောင်သည် ဒေါသထွက်သွားခဲ့သည်။ သို့သော် ထိုအချိန်တွင် သူတို့သည် ဝမ်ချောင်ကို မလိုက်တော့ဘဲ ထိုအစား စုဟန်ရှန်းဆီသို့ ဦးတည်လိုက်သည်။
"ငါ့ရဲ့တိုက်ပွဲထဲမှာ တခြားသူဝင်ပါတာကို ငါမကြိုက်ဘူး"
ဝမ်ချောင်ဘာလုပ်မည်ကို သိနေသည့်အလား စုဟန်ရှန်း အေးစက်စွာ ရွေရွတ်လိုက်သည်။ လေထုသည် အေးစက်သွားခဲ့သည်။ တစ်ဖက်လူ၏ အေးစက်စက်စကားလုံးများ ထွက်ပေါ်လာပြီးနောက် ဝမ်ချောင်သည် မည်သို့သူ့ကိုကူညီရန်ရှေ့ထွက်ရတော့မည်နည်း။
ဘန်းဘန်းး
သို့သော်လည်း ဝမ်ချောင်အသက်ရှူချိန်ပင် မရလိုက်ပေ။ အခြားကျားသုံးကောင်သည် သူဆီသို့ ပျံသန်းကာဝင်ရောက်လာလေသည်။ မှန်ပေသည်။ ပျံသန်းလာခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် ကျားများသည် သူတို့၏ကိုယ်ပိုင်ခြေထောက်များဖြင့် ခုန်ဝင်လာခြင်း မဟုတ်သည်ကို ဝမ်ချောင် ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။ ထို့အပြင် သူတို့သည် ပြင်ပမှအားအင်တစ်ခုဖြင့် အတင်းအကျပ် ပစ်ပေါက်ခံရခြင်းဖြစ်သည်။
ကလင်ကလင်
အခြားအကောင်များနှင့် မတူဘဲ ဤသုံးကောင်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသောအခါ သတ္တုသံများ ထွက်ပေါ်လာသည်။
ကြယ်များ၏ မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ထိုကျားများသည် ပါးလွှာသောသံချပ်ကာများကို ဝတ်ဆင်ထားကြောင်း ဝမ်ချောင်တွေ့လိုက်ရသည်။
ကျားများသည် မည်ကဲ့သို့သံချပ်ကာဝတ်ဆင်နိုင်သည်နည်း။
ဝမ်ချောင်မည်မျှ တုံးအစေကာမူ ယနေ့တောင်ပေါ်၌ပေါ်လာသော ဆာလောင်နေသည့်ကျားများသည် သဘာဝအတိုင်းပေါ်လာခြင်း မဟုတ်ကြောင်း မြင်သာနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိ သူတို့နေထိုင်ရာနေရာသို့ ထိုအကောင်များကို လွှတ်လိုက်ခြင်းဖြစ်သည်။
"နည်းပြဆရာကျောက်"
ဝမ်ချောင်သည် သွားကြားထဲမှ ထွက်လာသော လေသံဖြင့် အော်ဟစ်လိုက်သည်။ သူ့အသံသည် ညကောင်းကင်ယံထက် ဟိန်းထွက်သွားခဲ့သည်။ ထိုကဲ့သို့ပြုလုပ်နိုင်သူ ဤနေရာ၌ တစ်ဦးတည်းသာ ရှိသည်။ အမှန်တွင် တစ်ဖက်လူသည် သူ့ကိုထိန်းချုပ်ရန် ကျားများကိုပင် သံချပ်ကာဝတ်ဆင်ပေးခဲ့သည်။
ထိုသည်မှာ ကျောက်ရှန်းကျူလက်ချက်မဟုတ်ဟု ဆိုလျှင် ဝမ်ချောင်လုံးဝယုံမည်မဟုတ်ပေ။
"ဟားဟားဟား..."
မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ချောင်အော်သံ ထွက်ပေါ်လာပြီး မကြာမီ အခန်း၏ အလွန်မှ ရင်းနှီးသည့် ဟက်ဟက်ပက်ပက် ရယ်မောသံထွက်ပေါ်လာခဲ့သည်။
"ကောင်လေး မင်းရဲ့အမြင်ကတကယ်စူးရှတာပဲ၊ ဒါပေမဲ့လဲ မင်းငါ့ကိုသတိထားမိရင်တောင် ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးနော..ငါမင်းတို့ကိုပြောခဲ့ပြီးပြီ မင်းတို့ ငါ့ကျောင်းသားဖြစ်လာကတည်းက မင်းတို့က တခြားသူတွေနဲ့ မတူတော့ဘူး"
"ငါ့တပည့်တွေအနေနဲ့ မင်းတို့ဘယ်လိုပတ်ဝန်းကျင်မှာပဲ ရောက်နေပါစေ မင်းတို့ရဲ့ လမ်းကြောင်းမှာ ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ မင်းတို့ရဲ့သတ္တိတွေကို အမြင့်ဆုံးအဆင့်မှာ ထားရမယ်၊ အဲဒီအန္တရာယ်တွေက မင်းရဲ့ရန်သူဆီက ဖြစ်ဖြစ် ဒါမှမဟုတ် မင်းရဲ့အသင်းသားတွေဆီက ဖြစ်ဖြစ်ပေါ့၊ ဒါက မင်းတို့ကို ငါသင်ပေးတဲ့ ပထမဆုံးသင်ခန်းစာပဲ"
ညအမှောင်ထုကြားတွင် လေပြင်းတစ်ချက်တိုက်ခတ်သွားသည်။ ကျောက်ရှန်းကျူ၏ အထက်စီးဆန်သည့် ဟက်ဟက်ပက်ပက် ရယ်မောသံ ထွက်ပေါ်လာသည်။ သူသည် ဖော်ထုတ်ခံလိုက်ရသော်လည်း ရှက်သွားခြင်း၊ သို့မဟုတ် အနေရခက်သွားခြင်း မရှိပေ။
သူသည် သူတို့ကို ဝင်လာပြီး ကယ်တင်မည်လားဆိုသည်မှာ သူ၏တုံ့ပြန်မှုအရ သူသည် ရပ်တန့်ရန် သို့မဟုတ် ကြားဝင်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားပေသည်။
"လေ့ကျင့်ရေးစစ်စခန်းဟာ အနာဂတ်စစ်မြေပြင်မှာ မင်းတို့ရဲ့ကြိုးပမ်းအားထုတ်မှုအတွက် ပြင်ဆင်မှုတစ်ခုပဲ၊ ငါမင်းတို့ကို အန္တရာယ်တွေ ဝိုင်းနေတဲ့ ခံစားချက်တွေနဲ့ အကျွမ်းဝင်နေစေဖို့ တိုက်တွန်းချင်တယ်၊ ပြီးတော့ မင်းတို့ရဲ့ဘဝက အပ်ချည်ကြိုးတစ်ခုနဲ့ ချည်နှောင်ခံထားရရုံပဲ၊ ဟုတ်သား... ငါမင်းတို့အားလုံးကို သတိပေးဖို့ မေ့နေတယ်၊ လေ့ကျင့်ရေးစစ်စခန်းမှာလည်း လူသေခွင့်ပြုထားတယ်၊ ဒါက ပညာရှင်ဧကရာဇ်ဆီက အမိန့်ပြန်တမ်းပဲ"
ထိုစကားလုံးများသည် ဝမ်ချောင်အတွက်သာ ရည်ရွယ်ခြင်းမဟုတ်ပေ။ သံသယရှိစရာမလိုဘဲ ဝမ်ချောင်နှင့်စုဟန်ရှန်းသာ ဤရုတ်ခြည်းတိုက်ခိုက်မှုကို ခံစားနေရသည့်သူများမဟုတ်ပေ။
ဝေါင်းးး
ကျောက်ရှန်းကျူ စကားဆုံးပြီး မကြာမီ ဝမ်ချောင်ရှေ့ရှိ သံချပ်ကာဝတ် ကျားသုံးကောင်သည် သူတို့၏ခေါင်းများကို တစ်ပြိုင်နက် မော့လိုက်ကြသည်။ ဤနေရာရှိ ကျားသုံးကောင်နှင့်အတူ သူတို့သည် ဝမ်ချောင်နှင့် စုဟန်ရှန်းကို စားမတတ်ဝါးမတတ် စိုက်ကြည့်လိုက်ကြသည်။
ရှူးးး
ဤကျားခြောက်ကောင်သည် တစ်ချိန်တည်းခုန်အုပ်လိုက်ကြသည်။ ထို့နောက် သူတို့မြေပြင်မှ ခုန်ထွက်လိုက်သည့်ခနတွင် ဝမ်ချောင်သည် ထိုကျားများမှာ လှုပ်ရှားမှု(ရွေ့လျားမှု)နည်းစနစ်ကို ထုတ်ဖော်လိုက်ကြောင်း သတိပြုမိလိုက်သည်။
ကျားများသည် သိုင်းပညာရပ်ကို ထုတ်ဖော်နိုင်သည်လော။ သူတို့သည် သံချပ်ကာလည်း ဝတ်ဆင်ထားသေးသည်။
ထိုအချိန်တွင် ဝမ်ချောင်သည် တုန်လှုပ်သွားသည်။ ကျောက်ရှန်းကျူ၏ နည်းလမ်းသည် အလွန်ရက်စက်သည်။ တွေးရလျှင် သူသည် ဝမ်ချောင်နှင့် စုဟန်ရှန်းကို ရင်ဆိုင်စေရန် ထိုကဲ့သို့ အတိုင်းအတာထိ သွားထားသည်။
ဝမ်ချောင်သည် ထိုကျားများကို ကျွမ်းကျင်သူတချို့က ဉာဏ်အလင်းမပြခဲ့ဘူး ဟု ဘယ်တော့မှ ယုံမည်မဟုတ်ပေ။
ဤကြီးမားသောကျားများသည် ချွန်ထက်သော သွားစွယ်များနှင့် သန်မာသောလက်သည်းများ ရှိကြသည်။ တစ်စုံတစ်ယောက်သာ ထိုအရာများနှင့် ထိခိုက်မိလျှင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ ကျောက်ရှန်းကျူပြောခဲ့သည့် သေနိုင်သည် ဟူသောစကားမှာ ဟာသဟုတ်ပုံမရပေ။
ဘုန်းးးး
တွေးချိန်ပင် မရလိုက်ဘဲ ဝမ်ချောင်သည် သူ့ဓားကိုမြှောက်လိုက်ကာ တစ်နေရာတည်းသို့ အဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်ဖော်လိုက်သည်။ ထိုအချိန်တွင် သူသည် ကျားနှင့် ထိပ်တိုက် ရင်မဆိုင်ဘဲ နောက်သို့ ဆုတ်လိုက်သည်။
*နောက်ထပ်ရောက်လာတဲ့ ကျားခြောက်ကောင်ရယ်၊ စုဟန်ရှန်းရင်ဆိုင်နေတဲ့သုံးကောင်ရယ်၊ ဆိုတော့ ဒီအချိန် ဒီအခန်းထဲမှာ ကျားကိုးကောင်ရှိတယ်၊ ကျောက်ရှန်းကျူက တကယ့်ကိုစိတ္တဇကောင်ပဲ*
ထိုအခြေအနေအောက်တွင် ဝမ်ချောင်သည် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလျှင်ပင် ဂရုမစိုက်ဘဲ သူတို့နှင့် ထိပ်တိုက်ရင်မဆိုင်ရဲပေ။
ဝေါင်းးး
ဝမ်ချောင်က နောက်ဆုတ်လိုက်ရာ သံချပ်ကာမပါသော ကျားနှစ်ကောင်သည် ချက်ချင်းစုဟန်ရှန်းရှိရာ တိုက်ပွဲသို့ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် ကျန်လေးကောင်သည် ဝမ်ချောင်ကို ဆက်လက် တိုက်ခိုက်နေခဲ့သည်။
ဝေါင်းးး
ကျားဟိန်းသံသည် အဖြူရောင်ကျား တောင်ထွတ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ လူသစ်အားလုံး ဝမ်ချောင်၊ စုဟန်ရှန်း၊ ကျောက်ကျင်းတန်၊ ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီနှင့် အခြားသူများသည် ခါးသီးသည့် တိုက်ပွဲအတွင်း ပိတ်မိနေကြသည်။
"ဟီးဟီး မင်းတို့ရဲ့ရှင်သန်မှုက မင်းတို့အပေါ်မှာပဲ မူတည်တယ်၊ မင်းတို့တကယ်ကြီး ကျားစာဖြစ်ခဲ့ရင် ငါ့ကို အပြစ်မတင်ကြနဲ့ပေါ့"
ထိုအချိန်တွင် သံချပ်ကာပြည့်ဝတ်ဆင်ထားသော ကျောက်ရှန်းကျူသည် ကြီးမားသည့် တရုတ်ပညာရှိ သစ်ပင်အောက်တွင် မတ်တတ်ရပ်နေသည်။ ထိုသစ်ပင်၏ပင်စည်သည် လူအများစုပေါင်း၍ စက်ဝိုင်းပုံစံဝိုင်းဖက်ထားလို့ရသည်အထိကြီးသည်။
သူသည် ကြီးမားသည့် သစ်ကိုင်းကြီးတစ်ကိုင်းအောက်တွင် ရပ်နေပြီး ထိုသစ်ကိုင်းကို သစ်ရွက်များ ထူထပ်စွာ ဖုံးနေသည်။
နောက်သူ့ရှေ့တွင် သံလှောင်အိမ်အတန်းလိုက်ကိုလည်း တွေ့မြင်နိုင်သည်။
ဤသံလှောင်အိမ်ကို ရွှမ်သတ္တုဖြင့် ပြုလုပ်ထားပြီး သူ့ကို ကြံ့ခိုင်မှုကြောင့် လူသိများသည်။ သို့သော်လည်း ထိုဒါဇင်ခန့်ရှိသည့် သံလှောင်အိမ်များ၏တံခါးများသည် ပွင့်လျက်ရှိသည်။ အတွင်းရှိသားရဲများကို ကျောက်ရှန်းကျူက ကျောင်းသားသစ်များ နေထိုင်ရာနေရာသို့ လွှတ်ပေးလိုက်ပြီးဖြစ်သည်။
အခန်းသုံးခန်းမှ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေသည့် အသံများကို ကြားရသည်တွင် ကျောက်ရှန်းကျူ၏ မျက်နှာ၌ ကျေနပ်ပျော်ရွှင်နေသည့်အမူအရာ ပေါ်လာသည်။
သူသည် ထိုကျားများကို ပညာရှင်ဧကရာဇ်၏ သီးသန့်ဥယျာဉ်နှင့် စစ်တပ်မှ ရရှိခဲ့ခြင်းဖြစ်သည်။
သူ၏ကျောင်းသားများကို 'ပညာပေး' ရန်အတွက် ကျောက်ရှန်းကျူသည် မည်သည့် ကြိုးစားအားထုတ်မှုကိုမျှ မလုပ်လိုပေ။
"လူတစ်ယောက်အတွက် တခြားသူတွေကို သတ်တဲ့အခါ ပထမဆုံးလုပ်ရမှာက ကိုယ်တိုင် အသတ်မခံရဖို့ပဲ၊ မင်းကိုယ်တိုင်က မရှင်သန်နိုင်ခဲ့ရင် ကွပ်ကဲခြင်းပညာရပ်နဲ့ပတ်သက်ပြီး မင်းကို သင်ပေးဖို့ မလိုတော့ဘူး၊ ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆက်လက်ရှင်သန်ဖို့ နည်းလမ်းရှာ၊ ဒါက အသေးအမွှား စမ်းသပ်မှုတစ်ခု မဟုတ်ဘူး"
ကျောက်ရှန်းကျူသည် အခန်းသုံးခုရှိ ကျားဟိန်းသံများနှင့် တိုက်ခိုက်နေသံများကို နားထောင်ရင်း အားရကျေနပ်လျက် ရှိသည်။
သူပြုစုပျိုးထောင်ချင်သည်မှာ ကျွမ်းကျင်သူများကို မဟုတ်ဘဲ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ရှင်သန်နိုင်သူများကို ဖြစ်သည်။
၀ူရှန်း၊ အရှေ့အနောက်တာ့ဂီခါကာနိတ်၊ ဂိုဂူလျော၊ အာဘတ်စစ်စော်ဘွား၊ ခဲရပ်စပါစီနူ၊ မန်ချီကျိုး...
တိုင်းပြည်သည် အန္တရာယ်များဖြင့် ဝိုင်းရံနေသည်ကို စစ်မှန်သည့်လက်ရွေးစင်စစ်သည်များသာ အာရုံခံစားနိုင်သည်။
ကျားတစ်အုပ်၏တိုက်ခိုက်မှုကနေ မရှင်သန်နိုင်လျှင် လူတစ်ယောက်သည် ဘာမဆိုဖြစ်လာနိုင်သည့် စစ်မြေပြင်တွင်လည်း ရှင်သန်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျောက်ရှန်းကျူသည် မည့်သည့်သေဆုံးမှု ဖြစ်ပွားစေပါမူ လုံးဝ မစိုးရိမ်ပေ။
'အောင်မြင်သောစစ်သူကြီးတစ်ဦးအောက်တွင် အလောင်းများ တောင်ပုံယာပုံ လဲလျောင်းနေသည်'
စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်လာရန် လမ်းကြောင်းမှာ တကယ်တော့ သေခြင်းတရားကို အာခံရခြင်းပင် ဖြစ်သည်။
အချိန်သည် တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ အပြင်ဘက်တွင် ကျောက်ရှန်းကျူသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
"အား"
နာကျင်စွာအော်ဟစ်သံသည် ကျောက်ကျင်းတန်အခန်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ကျောက်ကျင်းတန်ဆီမှ မဟုတ်ဘဲ စုဟန်ရှန်းနှင့်တစ်ခန်းတည်းအတူနေရန်ငြင်းဆိုခဲ့သည့် သူ့အခန်းဖော်ဆီမှ ဖြစ်သည်။ သူသည် ကျားများ၏ပထမဆုံးသားကောင် ဖြစ်လာခဲ့သည်။
ထို့နောက် ချီဝေ့စီနှင့် ကျွမ်းကျန့်ဖျင်အခန်းဆီမှလည်း နာကျင်စွာအော်ဟစ်သံများထွက်ပေါ်လာခဲ့သည်။ ကံကောင်းစွာဖြင့် ထိုသည်မှာ သေဆုံးသွားသည့်အသံ မဟုတ်ပေ။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်သည် ဒဏ်ရာအပြင်းအထန် ရသွားပုံပေါ်သည်။
သိပ်မကြာခင်မှာပင် ညည်းညူသံတချို့သည်လည်း ဝမ်ချောင်နှင့်စုဟန်ရှန်းအခန်းမှ ထွက်ပေါ်လာသည်။
ထိုအသံများကို ကြားသည်တွင် ကျောက်ရှန်းကျူသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူခက်ခက်ခဲခဲ ဖမ်းယူလာရသည့်ကျားများသည် လက်စွမ်းပြနေပေပြီး။ သူ၏ကျောင်းသားများ ဤညတွင် ရှင်သန်နိုင်မည်လော၊ သို့မဟုတ် သေဆုံးမည်လောဆိုသည်မှာ သူတို့၏ စွမ်းရည်များအပေါ်တွင်သာ မူတည်လေသည်။
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်
အပိုင်း ၂၀၅
ထိုသို့ဖြင့် ကျောက်ကျင်းတန်အခန်းသည် ကျားအနည်းဆုံးဖြစ်သောကြောင့် တိုက်ပွဲကို ပထမဆုံးအဆုံးသတ်သူ ဖြစ်လာခဲ့သည်။
"သခင်လေး"
လတ်ဆတ်သည့်သွေးများသည် ကျောက်ကျင်းတန်ခန္ဓာကိုယ်ပေါ်မှ စီးကျနေသည်။ ထိုသည်မှာ လူသားတစ်ယောက်၏သွေးလား၊ သို့မဟုတ် ကျားတစ်ကောင်၏သွေးလား ခန့်မှန်းမရပေ။ တိုက်ပွဲပြီးဆုံးသည်နှင့် ကျောက်ကျင်းတန်သည် သူ့အခန်းမှ အလျင်အမြန် ပြေးထွက်သွားကာ ဝမ်ချောင်အခန်းဆီသို့ ဦးတည်လိုက်သည်။
လမ်းတစ်ဝက်အရောက်တွင် 'ဝေါင်း' ကျွမ်းကန့်ဖျင်နှင့် ချီဝေ့စီအခန်းဆီမှ ကျားတစ်ကောင်၏ သေဆုံးခါနီး နာကျင်စွာ အော်ဟစ်လိုက်သံထွက်ပေါ်လာသည်။ ဧရာမကျားကြီးသည် ပြင်းထန်စွာ လှုပ်ခါသွားသည်။ ဧရာမကျားကြီးသည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားကာ လုံးဝ ငြိမ်သက်မသွားမီ တခဏတာမျှ တဆက်ဆက် လှုပ်ခါနေခဲ့သည်။
"သွားမယ်..သွားကြည့်ကြစို့"
ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီ၏အသံ ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်သည် လျင်မြန်စွာ ပြေးထွက်လာကာ ကျောက်ကျင်းတန်နောက် လိုက်သွားလိုက်ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ညအမှောင်ထုက ဖုံးလွှမ်းနေသော်လည်း တရုတ်ပညာရှိသစ်ပင်အောက်တွင် ကျောက်ရှန်းကျူသည် ထိုနှစ်ယောက်၏ ဖရိုဖရဲအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ သူတို့၏မျက်နှာများသည် ဖြူရော်နေခဲ့ကာ သူတို့၏ အဝတ်အစား၊ လက်မောင်း၊ ရင်ဘက်၊ ဝမ်းဗိုက် စသည်တို့တွင် ကုတ်ချက်များ ကျန်ရှိနေသည်။ အမှန်တကယ်တွင် လူတစ်ယောက်သည် သေချာကြည့်ရှုလိုက်ပါက သူတို့၏ အရိုးများကိုပင် ဝိုးတဝါး မြင်တွေ့နိုင်သည်။
ဝမ်ချောင်နှင့် စုဟန်ရှန်းတို့အတွက် သူပြင်ပေးခဲ့သည့်အတိုင်း ရက်ရောမှု မရှိသော်လည်း ကျောက်ရှန်းကျူသည် သူတို့အတွက် အထူးလက်ဆောင် ပြင်ဆင်ပေးခဲ့ပေသည်။
"မဆိုးဘူး၊ ဂုဏ်သရေရှိမျိုးနွယ်စုတွေရဲ့ မျှော်လင့်ချက်ဆိုတဲ့အတိုင်းပဲ သူတို့ရဲ့ သိုင်းပညာရပ်က တကယ့်ကို အံ့မခမ်းပဲ"
ကျောက်ရှန်းကျူသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ထိုနှစ်ယောက်၏ ထိခိုက်ဒဏ်ရာသည် သူထင်ထားသည်ထက် နည်းသည်။ သူသည် ထိုနှစ်ယောက်ထဲမှ အနည်းဆုံးတစ်ယောက်သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့၏ထိခိုက်ဒဏ်ရာသည် အပေါ်ယံမျှသာဖြစ်သည်။ ကျောက်ရှန်းကျူသည် ဤရလဒ်အတွက် ကျေနပ်နေလေသည်။
သူသည် သူ့မျှော်လင့်ချက်ထက်ပို၍ လူသစ်များကို ခေါ်ယူခဲ့သော်လည်း ထိုလူတစ်ယောက်ချင်းစီသည် သာမန်ထက် လွန်ကဲကြသည်။
"အခု ဒီနှစ်ယောက်ပဲ ကျန်တော့တယ်"
ကျောက်ရှန်းကျူသည် ဝမ်ချောင်နှင့် စုဟန်ရှန်းအခန်းဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏အကဲဖြတ်မှု အမြင့်ဆုံးထားသော ထိုကျောင်းသားနှစ်ယောက်အား သူ၏ 'ချစ်ခင်ကြင်နာမှု' ကို သေချာစွာ ဖော်ပြရန် သူတို့ကို 'အပိုဆောင်းဝန်ဆောင်မှု' ထည့်ပေးခဲ့သည်။
အမှန်တွင် ဝမ်ချောင်နှင့်ရင်ဆိုင်စေရန် သိုင်းပညာကျွမ်းကျင်သူတစ်ယောက်က ဉာဏ်အလင်းဖွင့်ပေးခဲ့သော သိုင်းပညာအသုံးပြုနိုင်သည့် သံချပ်ကာဝတ် ဧရာမကျားကြီး သုံးကောင်ကိုပင် စေလွှတ်ခဲ့သည်။
ဆိုရလျှင် ကျောင်းသားကောင်းများသည် 'ဂရုစိုက်' ရန် ထိုက်တန်ပေသည်။
အစပိုင်းတွင် သူသည် သူ၏ထိပ်တန်းကျောင်းသားနှစ်ယောက်ဖြစ်သည့် ဝမ်ချောင်နှင့် စုဟန်ရှန်းကို အခန်းတစ်ခုတည်းတွင် ရှိနေသည်ကို ရှာတွေ့လိုက်သောအခါ သူသည် အကြီးအကျယ် ခေါင်းစားသွားရသည်။ ထိုကျွမ်းကျင်သူနှစ်ဦးသာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့လျှင် သူ၏ပရိယာယ်သည် အလဟဿဖြစ်သွားနိုင်သည်။
သို့သော်လည်း ကျောက်ရှန်းကျူသည် ထိုသည်မှာ စိုးရိမ်စရာမလိုကြောင်း ရှာတွေ့လိုက်သည်။
ထိုနှစ်ယောက် အတူတကွ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ချောင်က ပူးပေါင်းချင်လျှင်ပင် စုဟန်းရှန်၏ အကျင့်စရိုက်အရ သေခြင်းတရားနှင့် မျက်နှာချင်းဆိုရလျှင်တောင် ပူးပေါင်းမည် မဟုတ်ပေ။
လက်ရှိအခြေအနေအရ ကျားကိုးကောင်သည် သူတို့ စိတ်တိုင်းကျ ပစ်မှတ်များ ပြောင်းနိုင်သောကြောင့် ပိုကြီးသည့် စိန်ခေါ်မှုဖြစ်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် စမ်းသပ်မှု၏ ထိရောက်မှုကို တိုးစေသည်။
"အခု ဘယ်သူကဒဏ်ရာအနည်းဆုံးရမလဲ ဆိုတာ သွားကြည့်ရမယ်"
ကျောက်ရှန်းကျူသည် အနီးကပ်အာရုံခံရန် နားစွင့်လိုက်သည်။ ဝမ်ချောင်နှင့် စုဟန်ရှန်း၏အခန်းမှ အသံသည် တဖြည်းဖြည်းတိုး လျသွားသည်ကို သူသတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ တိုက်ပွဲသည် ပြီးဆုံးခါနီးပုံ ပေါ်သည်။
"အဲဒါက ပြီးဆုံးသင့်နေပြီ"
ထိုသို့တွေးလိုက်ပြီး ကျောက်ရှန်းကျူသည် ဝမ်ချောင်နှင့်စုဟန်ရှန်း၏ အခန်းသို့ လမ်းလျှောက်သွားလိုက်သည်။ ဝေါင်းးး ကျားတစ်ကောင်သည် ရက်စက်စွာဟိန်းလိုက်ကာ လေထုကို တုန်ခါသွားစေသည်။ အခန်းသည် တခဏတာမျှ တုန်ခါသွားပြီး အရာအားလုံး ငြိမ်ကျသွားသည်။
ညအမှောင်ထုကြားတွင် မှိန်ဖျော့ဖျော့ အလင်းက ရုတ်တရက် ပေါ်လာရာ ပြတင်းပေါက်ပိုတွေ အရိပ်များ ထင်လျက် အထဲရှိ လူငယ်ရိပ်များ ပေါ်နေသည်။
ကျောက်ရှန်းကျူသည် သူ့ခြေလှမ်းကို အရှိန်မြှင့်ပြီး အမြန် သွားလိုက်သည်။
ကျောက်ရှန်းကျူဝင်လာသည်တွင် တိုက်ပွဲသည်ပြီးဆုံးခဲ့ပြီးဖြစ်သည်။ အခန်း၏ စိတ်မချမ်းသာစရာအခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ စားပွဲများ၊ ထိုင်ခုံများ၊ အိပ်ယာများ၊ ခန်းဆီးများ၊ တံခါး...တစ်ခုမျှအကောင်း မကျန်ပေ။ ကြမ်းပြင်နှင့်နံရံများသည်ပင် အပေါက်ကြီး ဖြစ်ကျန်နေသည်။ ဓားရာများ၊ လက်သည်းကုတ်ရာများသည် အခန်းတစ်ခုလုံး ပြည့်နှက်နေခဲ့ကာ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို ပြသနေသည်။
သွေးများသည် နေရာအနှံ့ပက်ဖြန်းနေကာ ကြမ်းပြင်သည် အနီရောင်သို့ပြောင်းလဲနေခဲ့သည်။ ဧရာမကျားဆယ်ကောင်ကျော်က တောင်ကုန်းငယ်သဖွယ် အခန်းထဲတွင် ပုံလျက်သား ရှိနေသည်။ ထိုကျားတစ်ကောင်ချင်းစီသည် လူကြီးလေးယောက်ပေါင်း အရွယ်အစားနှင့် ညီမျှသောကြောင့် ထိုမြင်ကွင်းမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဝမ်ချောင်အတွက် ကျောက်ရှန်းကျူ အထူးပြင်ဆင်ခဲ့သော သံချပ်ကာဝတ်ကျားသုံးကောင်သည် အလယ်တွင် စုပြုံနေသည်။ သံချပ်ကာနှင့် ထိုကျားများ၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲထွက်နေသည်။ ထိုနေရာသို့ အနီးကပ်ကြည့်လိုက်လျှင် သတ္တုသည် မှန်ကဲ့သို့ချောမွေစွာ ပိုင်းဖြတ်ခံထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအရာသည် ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ခံထားရကြောင်း ညွှန်ပြနေသည်။
"ထက်ရှတယ်"
ကျောက်ရှန်းကျူသည် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။ သူသည် ဝမ်ချောင်လက်ထဲရှိဓားကို လျှော့တွက်ထားကြောင်း နားလည်လိုက်သည်။ ကျောက်စိမ်းရိုင်းသံမဏိဓားသည် သူထင်ထားသည်ထက် ပို၍ထက်ရှနေသည်။
ထိုကျားများအတွက် သူပြင်ဆင်ခဲ့သော သံချပ်ကာများကို ရွှမ်သတ္တုဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် သူ၏မာကျောမှုကြောင့်ကျော်ကြားသည်။ စစ်မြေပြင်တွင် လက်ရွေးစင်စစ်သည်များသာ ထိုအရာကို ဝတ်ဆင်ကြရသည်။ သို့တိုင် ထိုအရာမှာ ဝမ်ချောင်၏ ကျောက်သိမ်းရိုင်းသံမဏ်ဓားကို မခုခံနိုင်ခဲ့ပေ။
အခန်းသို့ဝေ့ကြည့်လိုက်ပြီး မကြာမီပင် ကျောက်ရှန်းကျူသည် ဝမ်ချောင်နှင့်စုဟန်ရှန်းအတွက် 'အထူးဂရုစိုက်'ခဲ့သော်လည်း သူတို့သည် အုပ်စုတွင် ဒဏ်ရာအနည်းဆုံးဖြစ်ကြောင်း နားလည်လိုက်သည်။
သို့မဟုတ် ပို၍သိကျစွာဆိုရလျှင် သူတို့သည် ဖြူဖျော့နေသည့်မျက်နှာနှင့် မူလစွမ်းအင် ကုန်ခမ်းသွားသည်က လွဲ၍ မည်သည့်ဒဏ်ရာမျှမရသလောက်ပင် ဖြစ်သည်။
ထိုသည်မှာ ကျောက်ရှန်းကျူမျှော်လင့်ထားသည့် မြင်ကွင်းမဟုတ်ပေ။
"ဒီလောက် ကျဉ်းမြောင်းတဲ့ နေရာထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျားဆယ်ကောင်… ဒါတောင် သူတို့ ဒဏ်ရာ လုံး၀မရခဲ့ဘူး”
သူ၏မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူကျယ်သွားသည်။
ဝမ်ချောင်နှင့် စုဟန်ရှန်းတို့သည် သူခန့်မှန်းထားသည်ထက် ပို၍ကောင်းနေသည်။ ရက်စက်သည့် ခွန်အားနှင့် အနည်းငယ်သော အရေအတွက်သည် သူတို့အပေါ်သက်ရောက်ပုံမပေါ်ပေ။
"နည်းပြဆရာကျောက်"
ကျောက်ရှန်းကျူအခန်းသို့ ကြည့်နေဆဲမှာပင် အသံတစ်ခုသည် တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။ အားဖြည့်နေသောဝမ်ချောင်သည် တံခါး၌ ရပ်နေသည့် ကျောက်ရှန်းကျူကို ပထမဆုံး သတိပြုမိလိုက်သည်။ ထို့နောက် လူတိုင်း လှည့်လာကာ ကျောက်ရှန်းကျူကို ရန်လိုမုန်းတီးသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
အခန်းတွင်းရှိလေထုသည် ရုတ်တရက် အေးခဲသွားပုံပေါ်သည်။
စုဟန်ရှန်းသည်ပင် သူ့ခေါင်းကို မော့လိုက်ကာ ကျောက်ရှန်းကျူကို ကြည့်လိုက်သည်။ သူ့မျက်နှာသည် မပြောင်းလဲခဲ့သော်လည်း သူသည်လည်း ကောင်းမွန်သည့်အခြေအနေ၌ ရှိမနေသည်ကို မြင်တွေ့နိုင်သည်။
ကျားများကို ညသန်ခေါင်ယံအချိန်တွင် ပို့လွှတ်လိုက်ခြင်းမှာ သာမန်စစ်ဆေးမှုထက် ကျောက်လွန်နေသည်။ ကျောက်ကျင်းတန်၏အခန်းဖော်သေဆုံးသွားခြင်းက ထိုကိစ္စမှာ မသေးငယ်ကြောင်း ထင်ဟပ်ပြသနေပေသည်။
ကျောက်ရှန်းကျူအရင်ကပြောခဲ့သည့် သေဆုံးနိုင်သည် ဆိုသောစကားမှာ ဟာသဟုတ်ပုံမရပေ။ သူတို့သာ ဤခက်ခဲသောစမ်းသပ်မှုတွင် ကျရှုံးခဲ့ပါက ဘာမှမဟုတ်ဘဲ သေဆုံးသွားနိုင်သည်။
ဝမ်ချောင်နှင့် တခြားသူများသည် ကျောက်ရှန်းကျူကို ဒေါသထွက်စွာ ကြည့်လိုက်ကြသည်။ သို့သော် စကားတစ်ခွန်းမှတော့ မပြောပေ။
အခန်းတစ်ခုလုံး အချိန်တခဏမျှ ထူးခြားစွာ တိတ်ဆိတ်နေသည်။ လေထုထဲတွင် ဖိအားများ စုဝေးလာခဲ့သည်။
"ဘာလဲ..မင်းတို့အားလုံး ပုန်ကန်ဖို့ကြံရွယ်နေကြတာလား"
ကျောက်ရှန်းကျူသည် လူတိုင်း၏ မျက်လုံးထဲမှ ဒေါသကို မြင်နေရသော်လည်း ထိုသည်ကို ဂရုမစိုက်ခဲ့ပေ။
"မင်းတို့သည်းမခံရင် အခုထွက်သွားဖို့ နောက်မကျသေးဘူး"
ဝမ်ချောင်သည် သူ့ဓားကို တိတ်တဆိတ် သပ်ချလိုက်ကာ မည်သည့်စကားမျှမပြောပေ။
ဤလူစုထဲတွင် ဝမ်ချောင်သည်သာ ကျောက်ရှန်းကျူ၏နောက်ခံကို အများဆုံးသိထားသူ ဟုဆိုနိုင်သည်။ တစ်ဖက်လူသည် 'ကွပ်ကဲခြင်းပညာ' ကို သင်ကြားပေးသည်ကို ဝမ်ချောင်သိသည်။ ထို့ကြောင့် ထိုသူသည် တခြားနည်းပြများနှင့် ခြားနားသည်။
သို့ဆိုလျှင်ပင် ဝမ်ချောင်သည် ကျောက်ရှန်းကျူ၏သင်ကြားမှုပုံစံမှာ ဤကဲ့သို့ ဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ညသန်းခေါင်ယံတွင် သူတို့အခန်းထဲသို့ ဆယ်ကောင်ထက်ပိုသော ကျားများကို ပသ်လိုက်ခြင်း၊ ဝမ်ချောင်၏ လျင်မြန်သောတုံ့ပြန်မှုနှင့် ကျောက်စိမ်းသံမဏိဓားကြောင့်သာ မဟုတ်လျှင် ဤကပ်ဘေးမှ သူရှင်သန်နိုင်ရန်မှာ မသေချာပေ။
ထိုကျားကြီးများ၏ ကြံ့ခိုင်မှုခံ၊ ခွန်အား၊ ခံနိုင်ရည်နှင့် ပေါက်ကွဲစွမ်းအားတို့သည် သူ့အထက်တွင်ရှိသည်။ ဝမ်ချောင်သည် သေခါနီးအခြေအနေသို့ အကြိမ်များစွာ ကျရောက်ခဲ့ရသည်။
ဝမ်ချောင်သာ တစ်ကြိမ်မျှရှောင်တိမ်းရန်ကျရှုံးခဲ့ပါက ထိုသည်မှာ အဆုံးသတ်ဖြစ်သွားနိုင်သည်။
ထို့အပြင် ကျောက်ရှန်းကျူသည် သူတို့ကို သန်းခေါင်ယံအချိန်တွင် လွှတ်လိုက်ခြင်း ဖြစ်သည်။သိုင်းပညာရှင်တစ်ဦး၏ အမြင်အာရုံသည် ထိုကဲ့သို့အခြေအနေတွင် အားနည်းသွားမည်ဖြစ်ပြီး ကျားများသည်တော့ လုံးဝသက်ရောက်ခံရမည်မဟုတ်ပေ။ ထိုသည်မှာမလုံလောက်သေးလျှင် သံချပ်ကာဝတ်ကျားသုံးကောင်ကို ဝမ်ချောင်အတွက် အထူးပြင်ဆင်ပေးခဲ့သေးသည်။
ဤသည်မှာ စမ်းသပ်မှုတစ်ခုထက် များစွာကျော်လွန်နေသည်။ ဤသည်ကို လူသတ်မှုအဖြစ် ယူဆ၍ရသည်။
သူသည် ထိုကဲ့သို့သင်ကြားမှု နည်းလမ်းကြောင့် တကယ်ပင်သေသွားနိုင်သည်။
"ဟီးဟီး မင်းတို့အားလုံး ငါလုပ်တာလွန်တယ် လို့ခံစားနေရတာလား"
ကျောက်ရှန်းကျူသည် မဲမှောင်သည့်အမူအရာဖြင့် အေးစက်စွာ လှောင်ရယ်လိုက်သည်။
"မင်းတို့အားလုံးကို ပြောလိုက်မယ် ငါမင်းတို့ကို သနားညှာတာခဲ့တာပဲ၊ ငါသာ ငါရဲ့မူလရည်ရွယ်ချက်အတိုင်း သွားခဲ့ရင် မင်းတို့ထဲက သုံးယောက်တောင်မှ အခုငါ့အရှေ့မှာ ရပ်နေရမှာမဟုတ်ဘူး"
"မင်းတို့ခွန်းဝူ(ရှည်လို့အမြီးဖြုတ်ပါရစေ)ကို ဘာလာလုပ်တာလဲ၊ ဒီနေရာက မင်းတို့ မြူးထူးဆော့ကစားစရာနေရာလို့ ထင်နေတာလား၊ ဒီနေရာက မင်းတို့ကျင့်ကြံခြင်းသူငယ်ချင်းနဲ့ မိတ်ဆွေတွေ ဖွဲ့ဖို့နေရာလို့ ထင်နေတာလား၊ ဒါမှမဟုတ် ဒါက မင်းတို့လိုချင်တဲ့ ထိပ်တန်းအဆင့်သိုင်းပညာရပ်တွေကို ယူပြီးလေ့လာနိုင်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုလို့ ထင်နေတာလား"
"ဟမ် ငါ မင်းတို့အားလုံးကို ပြောလိုက်မယ်၊ ဒီအတွေးတွေပဲ မင်းတို့မှာရှိနေရင် မင်းတို့ အခုချက်ချင်း ထွက်သွားလိုက်တာ ပိုကောင်းမယ်၊ ဒါက စစ်တန်းလျားပဲ စစ်မြေပြင်တစ်ခုပဲ၊ ဒါက တိုင်းပြည်ရဲ့အသန်မာဆုံးစစ်သည်တွေကို လေ့ကျင့်ပေးတဲ့နေရာပဲ"
"စစ်မြေပြင်မှာ ငါကသာ ညသန်ခေါင်အချိန် မင်းတို့စစ်စခန်းထဲ ခိုးကြောင်ခိုးဝှက်ဝင်မဲ့ တစ်ဦးတည်းသောသူလို့ မင်းတို့ထင်နေတာလား၊ ညှိနိုင်းခြင်းမရှိဘဲ သူတို့အသိစိတ်နဲ့သူတို့ တိုက်ခိုက်တာ ကျားနည်းနည်းပဲဖြစ်မယ်လို့ မင်းတို့ထင်နေတာလား"
"စစ်မြေပြင်မှာ မင်းတို့ကို ရွေးချယ်ခွင့်ပေးမှာမဟုတ်ဘူး၊ မင်းတို့ရန်သူကလည်း လက်တစ်ဆုပ်စာကျားတွေပဲ ဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ သူတို့ရဲ့ခွန်အားကလည်း မင်းတို့နဲ့ အဆင့်တူနေမှာ မဟုတ်ဘူး၊ အစစ်အမှန်သိုင်းပညာနယ်ပယ်၊ နက်နဲသိမ်မွေ့သောသိုင်းပညာနယ်ပယ် နဲ့ ဧကရာဇ်သိုင်းပညာနယ်ပယ်တောင်မှ မင်းတို့ကို တိုက်ခိုက်ဖို့ မင်းတို့ရှေ့ပေါ်လာနိုင်တယ်၊ အဲဒီမှာ မင်းတို့အပြစ်တင်လို့ရတဲ့ နည်းပြဆရာတွေ မင်းတို့ရှေ့ပေါ်လာမယ်လို့ ထင်နေတာလား"
ကျောက်ရှန်းကျူသည် အခန်းတွင်းရှိ တစ်ယောက်ချင်းစီကို သေချာစွာကြည့်လိုက်ကာ ပြောလိုက်သည်။
ကျားများဆီမှ ချုံခိုတိုက်ခိုက်မှုသည် စိတ်ကူးပေါက်၍ သို့မဟုတ် ပျင်းနေ၍ လျှောက်လုပ်နေခြင်းမဟုတ်ပေ။ ကျောင်းသားများ၏ အသက်နှင့် ကစားနေခြင်းလည်း မဟုတ်ပေ။ ထိုသည်မှာ သူသည် ကျောင်းသားများ အနာဂတ်စစ်မြေပြင်တွင် ကျွမ်းကျင်စွာရှင်သန်နေထိုင်နိုင်စေရန် သင်ပေးနေခြင်းဖြစ်သည်။
"စစ်မြေပြင်က ကစားစရာနေရာ မဟုတ်ဘူး၊ စစ်မြေပြင်မှာ ဘယ်အချိန်မဆို လူတိုင်းက သေဆုံးနိုင်တယ် ငါတောင်မှပေါ့၊ မင်းတို့ ဒါကို သဘောမပေါက်ဘူးဆိုရင် အဲဒီနေရာမှာ ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်ဘူး"
အခန်းသည် တိတ်ဆိတ်သွားခဲ့သည်။
ဤလူစုသည် ကျောက်ရှန်းကျူ၏ လုပ်ရပ်ကို ဒေါသထွက်နေကြသည်။ သို့သော် ထိုလူ၏စကားများကို ကြားပြီးနောက် သူတို့၏ ဒေါသသည် လုံးဝပျောက်ကွယ်သွားကြသည်။
ကျောက်ရှန်းကျူ မှန်သည်။
စစ်မြေပြင်တွင် သူတို့ရင်ဆိုင်ရမည့်အရာမှာ ဤကျားလက်တစ်ဆုပ်စာထက်ပိုပေသည်။ ပြီးတော့ သူတို့နှင့်အဆင့်တူသူများနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။ စစ်မြေပြင်တွင် သူတို့တွေ့ရမည့် ဘေးအန္တရာယ်နှင့်ယှဉ်လျှင် ကျောက်ရှန်းကျူ၏စမ်းသပ်မှုက ဘာမျှမဟုတ်ပေ။
"နည်းပြဆရာကျောက်..."
ဝမ်ချောင်စကားစပြောမည်အပြုတွင် ပြောင်းလဲမှုတစ်ခု ရုတ်ခြည်း ဖြစ်ပွားသွားသည်။
ရွှီးး
စူးရှသော အသံတစ်ခုသည် ညကောင်းကင်ယံတွင် ဖြတ်သန်းသွားသည်။ ထိုသည်မှာ အဝေးမှ လာပုံရသည်။ သို့သော် ထိုခဏတွင် လူတိုင်းသည် သူတို့သေလောက်အောင် မှားသွားကြောင်း သိလိုက်ကြသည်။
"အား"
ချီဝေ့စီ၏ပခုံးသို့ ရက်စက်ပုံပေါ်သည့် မြားတစ်ချောင်း စိုက်ဝင်သွားသောအခါ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုမြား၏ ဧရာမခွန်အားသည် သူ့ကို နောက်သို့ လွင့်ထွက်သွားစေကာ ခုနစ်ကျန့် ရှစ်ကျန့်ခန့် အကွာအဝေးရှိ နံရံပေါ်သို့ ချိတ်သွားစေသည်။
(၂၇မီတာ)
ချီဝေ့စီပခုံးမှ သွေးများဖြာကျလာကာ သူ့မျက်နှာသည် ချက်ချင်းဖြူရော်သွားခဲ့သည်။ သူ့လက်သည် သူ့ဘေး၌ တွဲလောင်းကျသွားခဲ့သည်။ ခဏအတွင်း သူသည် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်။
ရွှီးးး
အချိန်မဆိုင်းဘဲ အခြားမြားတစ်ချောင်းသည် အခန်းထဲသို့ ပျံဝင်လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် ထိုအရာက ချီဝေ့စီ၏ပခုံးသို့ ဦးတည်ခြင်း မဟုတ်ဘဲ သူ့နှလုံးသို့ ဦးတည်ခြင်းဖြစ်သည်။
လူတိုင်း၏မျက်နှာသည် ချက်ချင်းဖြူရော်သွားခဲ့သည်။
ဘုန်းးး
လျှပ်စီးကဲ့သို့ လျင်မြန်သော သံမဏိလက်သီးသည် ရုတ်ခြည်းပေါ်ထွက်လာကာ သေစေနိုင်သော ထိုမြားကို အဝေးသို့ လွင့်ထွက်သွားစေသည်။
"ဝပ်ကြ"
ကျောက်ရှန်းကျူက ကျယ်လောင်စွာအော်လိုက်သည်။ ဒုတိယမြားကို ပုန်ထုတ်ပြီးနောက် သူသည် ချီဝေ့စီထံသို့ ချက်ချင်း ပြေးထွက်သွားခဲ့သည်။
"ရန်သူတိုက်ခိုက်နေပြီ..."
ကျောက်ရှန်းကျူ ခုန်ထွက်လာသည့်ခဏတွင် ကျယ်လောင်သောအော်ဟစ်သံက ညကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထိုသည်မှာ တော်ဝင်စစ်သည်အစောင့်ထံမှလာခဲ့ခြင်းဖြစ်သည်။ သို့သော် လမ်းတစ်ဝက်တွင် သတိပေးချက်သည် ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။ ထိုလူ၏ လည်ချောင်းကို ချိုးခံပစ်ရသကဲ့သို့ပင်ဖြစ်သည်။
တိုးလျစွာ လူတစ်ယောက်သည် ခန္ဓာကိုယ်မြေပေါ်သို့လဲကျသွားသံကို ကြားနိုင်သည်။
ထိုခဏတွင် လူတိုင်းသည် ထိတ်လန့်စွာမျက်နှာပျက်သွားကြသည်။
ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ခုသည် တောင်ထိပ်တစ်ခုလုံးကို ရုတ်တရက် ဖြတ်ကျော်ဝင်ရောက်လာကာ ထိုနယ်မြေရှိလူအားလုံးကို အသက်ရှူရကြပ်သွားစေသည်။
-------------
******
pageမှာ တစ်ရက်ခြား ၁ပိုင်းတင်ပေးပါတယ်
Paid Group နဲ့ Paid Docs မှာ တစ်ရက် ၂ပိုင်းတင်ပေးနေပါတယ်